အခန်း (၁၆၅-၁၆၆)
Vol. 17 Ch. 165-166
အပိုင်း (၁၆၅)
လမ်းခရီးသည် ကြမ်းတမ်းပြီး ပင်ပန်းသော်လည်း အရာရှိထုံ၏ ကူညီမှုကြောင့် ကံကောင်းထောက်မစွာဖြင့် ကျင်းလင်မှ စတင်ထွက်ခွာစဉ်က ဘဲအရှင် အကောင် ၇၀၀ ပါရှိရာတွင် လမ်းခရီး၌ အကောင် ၃၀ ခန့်သာ သေဆုံးခဲ့ပြီး ကျန်သည်များမှာ သန်စွမ်းနေဆဲ ဖြစ်သည်။ သူမသည် ဘဲများ ပျောက်ဆုံးမှာ ခိုးယူခံရမှာကို စိုးရိမ်သဖြင့် ဘဲတစ်ကောင်ချင်းစီ၏ ခြေထောက်တွင် အနီရောင်ကြိုးလေးများ ချည်နှောင်ထားသေးသည်။
ကံကောင်းစွာပင် အစိုးရသင်္ဘောပေါ်တွင် မည်သူမျှ ပစ္စည်းမခိုးရဲကြပေ။
နှစ်နာရီခန့် စောင့်ဆိုင်းပြီးနောက် ခြေထောက်များပင် ညောင်းညာလာချိန်တွင် အဒေါ်လီသည် အလျင်စလို ရောက်လာသော အရာရှိထုံကို နောက်ဆုံးတွင် တွေ့လိုက်ရ၏။ သူ့နောက်တွင် မျက်နှာ၌ တက်တူးထိုးထားသော သင်္ဘောသားများ ပါလာပြီး ဘဲများကို ကူညီချပေးကြသည်။
အောက်ရောက်သည်နှင့် ကမ်းနားစီမံရေးဌာနမှ စာရေးသည် သမ်းဝေလျက် စာရွက်စာတမ်း တိုက်ဆိုင်စစ်ဆေးရန် ရှေ့တိုးလာရာ အရာရှိထုံက ကျင်းလင် အခွန်ဌာန၏ တံဆိပ်နီ ခတ်နှိပ်ထားသော ဖြတ်သန်းခွင့်လက်မှတ်ကို အလျင်အမြန် ကမ်းပေးလိုက်ပြီး စာရေး၏ အင်္ကျီလက်ထဲသို့ ကြေးပြားအချို့ ကျွမ်းကျင်စွာ ထိုးထည့်လိုက်သည်။
"စာရေးကြီး အဆင်ပြေသလို လုပ်ပေးပါဗျာ၊ ဒီသက်ရှိသတ္တဝါတွေက အရှင်မင်းကြီး မှာကြားထားတာမို့လို့ ညတွင်းချင်း နေရာချပေးရမှာပါ"
အဒေါ်လီနှင့် လီထျောင်ဇီတို့သည် နောက်မှလိုက်ရင်း အသက်ပင် မရှူရဲကြပေ။
"အထက်က မှာထားပြီးသားပါ" ထိုစာရေးလေးသည် ငွေကို မည်သို့ လက်ခံရဲမည်နည်း။ ကြေးပြားများကို အလျင်အမြန် ပြန်တွန်းပေးလိုက်ပြီး စာရွက်စာတမ်းပေါ်မှ တံဆိပ်ကို စစ်ဆေးပြီးသည်နှင့် ချက်ချင်း လက်ကာပြကာ လွှတ်ပေးလိုက်သည်။ "အရာရှိမင်းရဲ့ အလုပ်ကို ကျွန်တော်မျိုး မနှောင့်နှေးစေရဲပါဘူး"
အရှင်မင်းကြီးသည် ဤဘဲများကို အမှန်တကယ် အလေးထားပုံရသည်။ ဂိတ်ပေါက်မှ စာရေးလေးပင် ဤကိစ္စကို သိရှိထားသည်။ အရာရှိထုံသည် စိတ်ထဲတွင် ဤကိစ္စကို ပိုမိုအလေးထားလိုက်ပြီး ခေါင်းညိတ်ကာ သင်္ဘောသားများကို လှည့်ပြောလိုက်သည်။
"ကဲ... လှည်းပေါ်တင်ကြစို့"
ညသန်းခေါင်ယံ ၃ပုံ၁ပုံအချိန်တွင် နောက်ဆုံးတော့ ဘဲခြင်းတောင်းကို လှည်းပေါ် တင်ပြီးသွားပြီ ဖြစ်သည်။ အဒေါ်လီနှင့် လီထျောင်ဇီတို့သည် အရာရှိထုံကို ကျေးဇူးတင်စကား အထပ်ထပ်ဆိုကာ နှုတ်ဆက်လိုက်ပြီး လှည်းပေါ်တက်လိုက်ကြသည်။ အဒေါ်လီသည် အရာရှိထုံ ရှာပေးထားသော လှည်းဆရာနှင့် တိုင်ပင်ကာ ဘဲများကို မြို့ဆင်ခြေဖုံးရှိ ရှန်သာ့ကျဲအာ၏ လယ်ကွင်းထဲသို့ တိုက်ရိုက် မောင်းနှင်ခိုင်းလိုက်သည်။ မြို့တွင်းသို့ ဝင်မနေတော့ပေ။
နှစ်ကြိမ် အသွားအပြန်လုပ်နေရမည်ကို သက်သာသွားပေးမည်။
လီထျောင်ဇီက စိုးရိမ်စွာဖြင့် "တကယ်လို့ သာ့ကျဲအာရဲ့ ဘဲခြံက အိမ်တွေ မဆောက်ရသေးရင် ဘယ်လိုလုပ်မလဲ"
အဒေါ်လီက မယုံကြည်ပေ။ "သေချာပေါက် ဆောက်ပြီးလောက်ပါပြီ၊ နှစ်သစ်မကူးခင်ကတည်းက တစ်ဝက်လောက် ပြီးနေပြီဟာကို၊ ဒီနေ့ထိ ဘယ်လိုလုပ် ကြာနေမှာလဲ၊ ရှင် သာ့ကျဲအာရဲ့ စိတ်ဓာတ်ကို မသိလို့လား၊ သူက ဒီလို အချိန်ဆွဲမယ့်သူ မဟုတ်ဘူး"
"ဒါဆို ငါတို့ ဘယ်မှာ အိပ်ကြမလဲ"
"ဘဲခြံမှာပဲ တစ်ညလောက် ဖြစ်သလို အိပ်လိုက်ကြတာပေါ့၊ မနက်ဖြန် မိုးလင်းမှ ရှင် ပြန်သွားပြီး သာ့ကျဲအာကို သတင်းသွားပို့လိုက်၊ ကျွန်မက ဘဲတွေကို စောင့်ကျန်နေခဲ့လိုက်မယ်"
ဘဲကိစ္စနှင့် ပတ်သက်လျှင် လီထျောင်ဇီသည် အဒေါ်လီ ပြောစကားကို အများအားဖြင့် နားထောင်လေ့ရှိသဖြင့် အိပ်ချင်မူးတူးဖြင့် ခေါင်းညိတ် သဘောတူလိုက်သည်။ "ကောင်းပြီလေ၊ ဒါဆိုရင် အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့"
နှစ်ယောက်သားသည် ဘဲခြင်းတောင်းများကို ပွေ့ဖက်လျက် ဘဲအကောင် ၆၀၀ ကြားတွင် တိုးဝှေ့နေကာ လှည်းပေါ်တွင် ဘဲများနှင့်အတူ လှုပ်ခါလိုက်ပါသွားရင်း မှေးခနဲ အိပ်ပျော်သွားကြလေသည်။
***
အဒေါ်လီနှင့် လီထျောင်ဇီတို့သည် သင်္ဘောပေါ်တွင် နေခဲ့ရသည်မှာ ကြာပြီဖြစ်သဖြင့် သူတို့ ပြန့်ကျင်းသို့ ရောက်ရှိသည့် ဒုတိယနေ့သည် ၄လပိုင်း ၈ ရက်နေ့ ဗုဒ္ဓမွေးနေ့ ပွဲတော်နေ့ ဖြစ်သည်ကို သတိမထားမိလိုက်ကြပေ။ မနက်စောစော မိုးလင်းသည်နှင့် ပြန့်ကျင်းမြို့ အတွင်းအပြင်တွင် လူစည်ကားပြီး တိုးမပေါက်အောင် ဖြစ်နေလေပြီ။
သူတို့နှစ်ဦးသည် ညတွင်းချင်း ဘဲခြံသို့ ရောက်ရှိခဲ့ပြီး အသစ်ကာရံထားသော ခြံစည်းရိုးကို မြင်လိုက်ရမှ သက်ပြင်းချနိုင်တော့သည်။ တကယ်ပဲ ဆောက်ပြီးသွားပြီ။
အခြားနေရာများကို သော့ခတ်ထားသဖြင့် ဝင်မရသော်လည်း ဘဲခြံကို နှစ်သစ်မကူးမီကတည်းက ဆောက်လုပ်ထားခြင်း ဖြစ်ပြီး အဒေါ်လီ အကြိမ်ကြိမ် လာဖူးသဖြင့် သော့ရှိနေသည်။ ထို့ကြောင့် သူတို့သည် ဘဲများကို ဘဲခြံထဲသို့ အရင်သွင်းလိုက်ပြီး လီထျောင်ဇီနှင့်အတူ အဝတ်မလဲဘဲ ထိုထဲတွင်ပင် တစ်ညတာ ဖြစ်သလို အိပ်လိုက်ကြသည်။
မနက် မိုးလင်းသည်နှင့် သူမသည် လီထျောင်ဇီကို လှည်းမောင်းပြီး မြို့ထဲပြန်ကာ သာ့ကျဲအာကို အမြန်သွားပြောရန် တိုက်တွန်းလိုက်သည်။
သို့သော် သူသည် မြို့ထဲသို့ မဝင်ရသေးခင် လမ်းတစ်ဝက်၌ပင် ပိတ်မိနေတော့သည်။
ရှန်မြောင်လည်း သူတို့နှစ်ယောက် ပြန်ရောက်နေပြီ ဆိုသည်ကို မသိသေးပေ။
မနက် ၃ နာရီ ၄၅ မိနစ်ခန့်တွင် မနက်ခင်း နေရောင်ခြည်သည် ရှန်မိသားစု ခြံဝင်းအိမ်ခေါင်မိုးပေါ်သို့ ဖြာကျလာ၏။ သူမသည် လက်မောင်းတွင် အဝတ်စည်းကြိုးကို စည်းနှောင်လျက် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည်မှာ ကြာပြီ ဖြစ်သည်။ သည်နေ့ ကျိုကော စာသင်ကျောင်းသို့ ပြန်ရတော့မည်။
ထို့အပြင် ဗုဒ္ဓမွေးနေ့ပွဲတော်နေ့လည်း ဖြစ်နေသည်။ ဤအချိန်တွင် ကြာပန်းနံ့သာကိတ်ကို စားသုံးသည့် ဓလေ့ရှိသည်။ စားသုံးပြီးလျှင် ဘေးအန္တရာယ် ကင်းရှင်းပြီး အရာရာ အဆင်ပြေချောမွေ့သည်ဟု ဆိုကြသည်။ ထို့ကြောင့် သူမသည် သူ့အတွက် လုပ်ကျွေးပြီးမှ ပြန်လွှတ်ရန် ရည်ရွယ်ထားသဖြင့် စောစောထခဲ့ခြင်း ဖြစ်သည်။
ကြာပန်းနံ့သာကိတ် ပြုလုပ်ပုံက အနည်းငယ် ရှုပ်ထွေးသည်။ ရှန်မြောင်သည် လွန်ခဲ့သည့် နှစ်ရက်ကတည်းက ပါဝင်ပစ္စည်းများကို ဝယ်ယူ ပြင်ဆင်ထားခဲ့သည်။
သူမက ခါးကို ကုန်းပြီး မြေအိုးထဲမှ ညကတည်းက စိမ်ထားသော ကောက်ညှင်းဆန်များကို ခပ်ထုတ်လိုက်သည်။ ဤကောက်ညှင်းဆန်များကို မနေ့ကတည်းက ၁၂ နာရီကြာအောင် ဆက်တိုက် စိမ်ထားခဲ့ခြင်း ဖြစ်သည်။ ယခု လက်ချောင်းဖြင့် ချေလိုက်သည်နှင့် အနှစ်ဖြစ်သွားသည်။ ဤမုန့်လုပ်ရန်အတွက် ဤအဆင့်ထိ ရောက်အောင် စိမ်ထားမှသာ ပြုလုပ်လိုက်သည့်အခါ နူးညံ့အိစက်နေလိမ့်မည်။ ထို့နောက် သူမသည် ကောက်ညှင်းဆန်များကို လောင်းထုတ်လိုက်ပြီး တစ်စချင်းစီ ထောင်းကာ မုန့်နှစ်ရည် ဖြစ်အောင် လုပ်လိုက်သည်။
ကြာပန်းနံ့သာကိတ်သည် ပါဝင်ပစ္စည်း ၃ ပုံ၊ လက်ရာ ၇ ပုံ အရေးကြီးသည်။ ညက်နေအောင် ထောင်းထားသည့် ကောက်ညှင်းနှစ်ကို ဇကာဖြင့် အကြိမ်ကြိမ် စစ်ပြီးနောက် ပျားရည်၊ ဂျုံမှုန့်၊ ရှောက်ခါးမှုန့်တို့နှင့် ရောနယ်ကာ အလုံးလိုက် လုပ်ရသည်။ ထို့နောက် အလုံးသေးလေးများ ခွဲပြီး ကြာပန်းပုံစံခွက်ဖြင့် ဖိကာ ကြာပန်းပုံ ဖော်ရသည်။ နောက်ဆုံးတွင် ကြာဖက်ထဲသို့ ဂရုတစိုက် ထုပ်ပိုးလိုက်သည်။
ဝါးပေါင်းအိုး အောက်ခြေတွင် ပိတ်ပါးစ သုံးထပ် ခင်းရပြီး အလွှာတိုင်းတွင် စန္ဒကူးနံ့သာပြားများ ခံထားရသည်။ သို့မှသာ မုန့်များသည် ရေငွေ့ကြောင့် အောက်ခြေတွင် ပျော့အိပြီး ရေများရွှဲမနေဘဲ ရှိမည်။ မီးပြင်းပြင်းဖြင့် ၁၅ မိနစ်ခန့် ပေါင်းပြီးနောက် ကွေ့ဟွားမှုန့် အနည်းငယ် ဖြူးကာ မီးအေးအေးဖြင့် ခဏ ထပ်ပေါင်းရသည်။
မုန့်ပေါင်းနေစဉ်တွင် ရှန်မြောင် အားမနေပေ။ ကြက်သွန်မြိတ် ပန်ကိတ် ပြုလုပ်ရန် လှည့်လိုက်သည်။ သည်နေ့ မနက်စာသည် ကြက်သွန်မြိတ် ပန်ကိတ်နှင့် လျိုတို့ဟွားအိမ်မှ ဝယ်လာသော လတ်ဆတ်သည့် တို့ဟူးပျော့ ဖြစ်သည်။
မနက် အရုဏ်တက်မှ လုပ်ထားသည်မို့ ပူပူနွေးနွေးလေး ရှိနေသေးသည်။
ပန်ကိတ်လုပ်ပြီးနောက် ရှန်မြောင်သည် တို့ဟူးပျော့အတွက် အရည်ဆော့စ်ကို လုပ်ပြန်သည်။ အငန်အရသာ တို့ဟူးပျော့အတွက် ပုံမှန်အားဖြင့် မှို၊ နံနံပင်၊ မြေပဲဆံ၊ ကြက်သွန်မြိတ်တို့ ထည့်ပြီး ပဲငံပြာရည်၊ ဆား၊ ကော်ရည်တို့ဖြင့် ပျစ်ခဲအောင် ဖျော်ကာ တို့ဟူးပျော့ပေါ် ဆမ်းလိုက်ရသည်။ ပြီးလျှင် ငရုတ်သီးဆီ အနည်းငယ် ထည့်လိုက်ပါက စားရသည်မှာ အလွန်မွှေးကြိုင်လှသည်။
ရှန်မြောင်တွင် ငရုတ်သီးမရှိသဖြင့် ကြက်သွန်မြိတ်ပန်း အနှစ်ကို ထည့်လိုက်သည်။
ထို့အပြင် အချိုအရသာ တို့ဟူးပျော့အတွက် သကာရည်ကိုလည်း ကျိုချက်လိုက်သည်။ ဒါက အလွန်ရိုးရှင်းသည်။ သကြားနီနှင့် ဂျင်းကို ရောပြီး သကာရည်ဖြစ်အောင် ချက်လိုက်ပြီး နောက်ဆုံးတွင် ဂျင်းကို ဖယ်ထုတ်လိုက်ရုံသာ။ သို့သော် စားသည့်အခါ သကြားဖြူ နှစ်ဇွန်းနှင့် သကာရည် တစ်ဇွန်း ထည့်ကာ မွှေစားလိုက်လျှင် ချိုမြိန်ပြီး အလွန်စားကောင်းသည်။
ရာသီလာချိန်တွင် သကာရည်ထည့်ထားသော တို့ဟူးပျော့ တစ်ပန်းကန်ကို ပူပူနွေးနွေး စားလိုက်လျှင် ခြေလက်များ ချက်ချင်း နွေးထွေးလာပြီး ဗိုက်နာခြင်းကိုလည်း သက်သာစေနိုင်သည်။
ရှန်မြောင်သည် အစားအသောက် ဂျီးမများသဖြင့် အငန်ရော အချိုပါ ကြိုက်သည်။ တို့ဟူးပျော့ တောင်နှင့် မြောက် ကွဲပြားမှု စစ်ပွဲတွင် ဘက်မလိုက်သူ ဖြစ်သည်။ သို့သော် အငန်နှင့် အချိုအပြင် အစပ်အရသာ တို့ဟူးပျော့လည်း ရှိသေးသည်ဟု ဆိုကြသည်။ သုံးမျိုးရောနှော တိုက်ခိုက်ခြင်းကမှ တရုတ်ပြည်၏ ကျယ်ပြန့်သော သယံဇာတ ကြွယ်ဝမှုကို ပြသနေခြင်း ဖြစ်သည်။
သူမက တို့ဟူးပျော့အတွက် အရည်ဆော့စ်များ ပြုလုပ်ပြီးချိန်တွင် ကြာပန်းနံ့သာကိတ်လည်း ကျက်သွားပြီ။ ပေါင်းအိုးအဖုံးကို ဖွင့်လိုက်ချိန်တွင် ယနေ့၏ မနက်ခင်း နေရောင်ခြည်သည် ပြတင်းပေါက် သစ်သားပန်းကွက်ကြားမှ ဖြာကျလာပြီး ကျောက်စိမ်းရောင် ရွက်ဖတ်များကြားတွင် ကျောက်စိမ်းပန်းပုကဲ့သို့ မုန့်လုံး ၁၈ ခု ငြိမ်သက်စွာ ရှိနေလေသည်။ နေရောင်ထိလိုက်သည်နှင့် ပန်းပွင့်အဆင်များကြားတွင် ပျားရည်ရောင်များ တောက်ပနေပြီး မွှေးကြိုင်ကာ လှပနေသည်။
နောက်ဆုံးအဆင့် အနေဖြင့် ရှန်မြောင်သည် တူတစ်ချောင်းကို ယူကာ မုန့်တစ်ခုစီ၏ အလယ်ဗဟိုတွင် အနီရောင် ဆေးစက်လေး တစ်စက်စီ အသာအယာ တို့လိုက်သည်။
ထုံးစံအရ ပထမဆုံးရသော နံ့သာကိတ်ကို ဘုရားကျောင်းတွင် လှူဒါန်းရမည် ဖြစ်သဖြင့် ရှန်မြောင်သည် ဒေသဓလေ့အတိုင်း ခြံဝင်းထဲသို့ စားပွဲတစ်လုံး သယ်သွားပြီး အမွှေးတိုင်ထွန်းရန် ပြင်ဆင်လိုက်သည်။
ဦးဦးဖျားဖျား မုန့်ကို ဘုရားလှူပြီးသည်နှင့် တံခါးအပြင်ဘက်မှ ရင်းနှီးသော ခြေသံကို ရုတ်တရက် ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ ရှဲ့ချီ ဖြစ်နေသည်။
သူသည် မြည်းကလေးကို ဆွဲလာပြီး မြည်းပေါ်တွင် အိပ်ရာလိပ်နှင့် စာအုပ်သေတ္တာကို တင်ထားသည်။ ယန့်ရှူးကတော့ သမ်းဝေလျက် ဘေးမှ လိုက်ပါလာသည်။
အိမ်ထဲ မဝင်ရသေးခင်မှာပင် ယန့်ရှူးက နှာခေါင်းရှုံ့လိုက်ပြီး ပြုံးဖြီးဖြီးဖြင့် အိမ်ထဲ ဝင်လာကာ ချွဲလိုက်၏။ "ရှန်ညန်ဇီ... ကျွန်တော် ပန်ကိတ်နဲ့ တို့ဟူးနံ့ ရနေသလိုပဲ"
"ကိုယ့်ဘာသာ သွားယူ၊ မီးဖိုပေါ်မှာ ရှိတယ်" ရှန်မြောင်က ပြုံးလျက် သူ့ခေါင်းလုံးလုံးလေးကို ပွတ်ပေးလိုက်သည်။ "ပန်ကိတ်က ခုမှ လုပ်ပြီးထားတာ၊ ပူနေတယ်နော်၊ ယူတဲ့အခါ သတိထား၊ တို့ဟူးပျော့အတွက် အရည်က နှစ်မျိုး လုပ်ထားတယ်၊ အချိုကြိုက်လား အငန်ကြိုက်လား ကိုယ့်ဘာသာ ရွေးထည့်"
ယန့်ရှူးသည် ပျော်ရွှင်စွာဖြင့် သုံးပေလောက် ခုန်တက်လိုက်ပြီး ရှဲ့ချီကို ပစ်ထားခဲ့ကာ မနက်စာစားရန် မီးဖိုချောင်ထဲသို့ ဝင်သွားတော့သည်။
ရှန်မြောင်နှင့် ယန့်ရှူး စကားပြောနေစဉ် ရှဲ့ချီသည် တံခါးဝတွင် မြည်းကို ချည်နှောင်နေသည်။ အကြာကြီး ချည်နေပြီး ဝင်မလာသေးပေ။ ယန့်ရှူး အိမ်ထဲဝင်သွားမှ သူသည် မြည်းကြိုးကို လွှတ်လိုက်ပြီး နှုတ်ခမ်းကို စေ့ကာ ခေါင်းငုံ့လျက် အိမ်ထဲသို့ ဝင်လာခဲ့သည်။ စကားတစ်ခွန်းမှ မပြောဘဲ ရှန်မြောင်၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး လမ်းကြားထောင့်သို့ ခေါ်သွားလေသည်။
ရှန်မြောင်က မျက်ခုံးပင့်လိုက်ပြီး သူဆွဲခေါ်ရာ နောက်သို့ လိုက်သွားလိုက်သည်။
ယန်လျိုအရှေ့လမ်းကြားတွင် သေးငယ်သော ထောင့်ချိုးလေးတစ်ခု ရှိပြီး နံရံနှစ်ခုကြားတွင် လူတစ်ကိုယ်စာ ဝင်ဆံ့သော နေရာလပ်လေးဖြစ်ပြီး အုတ်နံရံပေါ်တွင် ရေညှိများ ပေါက်ရောက်နေသည်။
နိမ့်ကျသော အိမ်ခေါင်မိုးစွန်းမှ နေရောင်ခြည် အပိုင်းအစများ ဖြာကျနေပြီး လေထဲတွင် အမွှေးတိုင်နံ့နှင့် ခရုသင်းခရာမှုတ်သံများ ပါလာသည်။ ရှဲ့ချီ၏ လည်ပင်းသည် နီရဲနေပြီး ချွေးစလေးများ ထွက်နေသည်။ လည်ပင်းမှ အလုံးလေး လှုပ်ရှားလိုက်တိုင်း အင်္ကျီကော်လာပေါ်ရှိ ထင်းရှူးနံ့များ ထွက်ပေါ်လာသည်။
ရှန်မြောင်သည် ရေညှိများကြောင့် ချောနေသော အုတ်နံရံကို ကျောမှီထားပြီး မော့ကြည့်လိုက်ချိန်တွင် နှုတ်ခမ်းထောင့်မှ အပြုံးကို အောင့်အီးထားလိုက်သည်။
ကျိုကောလို လူမျိုးက မထူးဇာတ်ခင်းမှ ရမည်။ သူမ တွေးလိုက်၏။
မနေ့က ရေချိုးခန်းထဲတွင် ပုဇွန်ဆီရောင် အနမ်းလေး ပေးလိုက်စဉ်က ရှန်မြောင် ဘာမှ မဖြစ်ခဲ့သော်လည်း သူကတော့ သူမကို သေလူတစ်ယောက်ကဲ့သို့ ပြန်ဆွဲယူလိုက်ပြီးနောက် ခွေးပေါက်လေးကဲ့သို့ သူမကို တစ်ချက် လျက်လိုက်သည်။ ထို့နောက် အပူလောင်ခံလိုက်ရသကဲ့သို့ ပြာပြာသလဲနှင့် ရေကန်ထဲသို့ ပြုတ်ကျသွားခဲ့သည်။
တစ်ကိုယ်လုံး စိုရွှဲလျက် မျက်နှာပေါ်တွင် ရေများပေကျံနေကာ လူက ကြောင်တောင်တောင် ဖြစ်သွားသဖြင့် ရှန်မြောင်မှာ ထိုစဉ်က အားနာသွားမိသည်။ သူမသာ အပြစ်မဲ့ မိန်းကလေးကို အဓမ္မကျင့်သည့် လူဆိုးတစ်ယောက်လို ခံစားလိုက်ရသည်။
ထို့နောက် သူသည် တစ်နေ့လုံး ရောက်မလာတော့ပေ။ ညဘက် ယန့်ရှူး ထမင်းလာစားချိန်တွင် ပါးစပ်အပြည့်ဖြင့် ပြောပြလေသည်။ "ကျိုကော ကုတင်ပေါ်မှာ ငူငူကြီး ထိုင်နေတယ်၊ ကျွန်တော် မေးတော့ သူ မဆာဘူးတဲ့"
ရှန်မြောင်ကတော့ စိတ်မပူတော့ပေ။
သူမသည် ယန့်ရှူးပြောစကားကို ယုံလိုက်ပြီး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်သည်။ ဆိုင်ဖွင့်သည်။ အစားအသောက် ဝန်ဆောင်မှု လုပ်သည်။ အမြန်စားဆိုင်သို့ သွားပြီး ယွီဝူရှစ်ကို သင်ကြားပေးသည်။
ယခုအချိန်အထိပင်။
သူ ဒီနေ့ သွားရတော့မည်။ သူကဲ့သို့ ယဉ်ကျေးသိမ်မွေ့သူ တစ်ယောက်သည် မိုးပြိုကျလျှင်တောင် နှုတ်မဆက်ဘဲ ထွက်သွားမည့်သူ မဟုတ်ပေ။ သူ သူမကို လာတွေ့မည်ဟု ရှန်မြောင် တပ်ပ်အပ် တွက်ထားသည်။ ထို့ကြောင့် မုန့်လုပ်ရန် စောစောထခဲ့ခြင်းပင်။
ထင်သည့်အတိုင်း သူမ၏ ခန့်မှန်းချက် မှန်ကန်ခဲ့သည်။
ထို့ကြောင့် ရှဲ့ချီက သူမကို လမ်းကြားထဲ ဆွဲခေါ်လာပြီး နံရံတွင် ကပ်ထားသော်လည်း သူမမျက်လုံးထဲတွင် ဖုံးဖိမရသော ကျေနပ်မှုလေးများ ရှိနေသည်။
"အားမြောင်... ကျွန်တော်..."
သူ တိုးတိုးလေး ရေရွတ်ရင်း မျက်နှာကို ငုံ့ဆင်းလာသည်။ တုန်ယင်နေသော မျက်တောင်များက သူမ နှာခေါင်းထိပ်ကို လာထိချိန်တွင် အဝေးမှ စည်ကားနေသော ခရုသင်းခရာသံနှင့် ဘုရားစာရွတ်သံများ ရောနှောနေသဖြင့် သူမ၏ နားစည်များ အကြောင်းမဲ့ ပူနွေးလာတော့သည်။
ရှဲ့ချီသည် မျက်လုံးများကို ချထားပြီး ကပ်လာသည်။ နှုတ်ခမ်းပေါ်တွင် သူ့ပူစီနံ သွားတိုက်ဆေး၏ အေးမြသော အနံ့ကို ရလိုက်သည်။ ထိကပ်လိုက်ရုံ ရှိသေးသည်တွင် သူ၏ အသက်ရှူသံသည် မောဟိုက်သကဲ့သို့ မြန်ဆန်လာသည်။ အရိုးအဆစ် ထင်ရှားသော လက်များသည် သူမ ခါးဘေးတွင် ဖွဖွလေး ကိုင်ထားသည်။ သူ၏ လက်မနှင့် လက်ညှိုးကြားမှ အသားမာများသည် သူမ၏ ရိုးရိုးရှင်းရှင်း စကပ်ပေါ်တွင် ပွတ်တိုက်မိပြီး တုန်ယင်နေသည်ကို ရှန်မြောင် ခံစားလိုက်ရသည်။
သို့သော်... သူသည် သူမ၏နှုတ်ခမ်းကို ထိကပ်ထားရုံသာ ထိထားပြီး ငြိမ်သက်နေတော့သည်။ ရှန်မြောင် ရုတ်တရက် အသိဉာဏ် ပွင့်လင်းသွားတော့၏။ ဒီလို နှုတ်ခမ်းချင်း ထိထားရုံကို အနမ်းလို့ သူ ထင်နေတာများလား။
ထိုအချက်ကို သတိပြုမိလိုက်သည်နှင့် ရှန်မြောင် နားထင်ကြောများ တင်းသွားသည်။ သူမက မျက်လုံးမှိတ်လိုက်ပြီး သူ့ကို ကောင်းကောင်း တုံ့ပြန်ရန်၊ အနမ်းဆိုတာ ဘာလဲဆိုတာ လက်တွေ့ပြသရန် ပြင်ဆင်လိုက်သည်။
သူမ မလှုပ်ရှားရသေးခင် နှုတ်ခမ်းပေါ်မှ ပူနွေးနူးညံ့မှုသည် ကမန်းကတန်း ဖယ်ခွာသွားသည်။
"ကျွန်... ကျွန်တော် ကျောင်းသွားရတော့မယ်" ရှဲ့ချီသည် ခြေတစ်လှမ်းဝက်ခန့် နောက်ဆုတ်လိုက်ရာ နားရွက်ဖျားများ သွေးစက်ကျမတတ် နီရဲနေသည်။ ရှန်မြောင် သက်ပြင်းချရင်း မျက်လုံးဖွင့်လိုက်ရာ ဝါးဆစ်ချိတ် ကြယ်သီးတပ်ထားသော ကော်လာအထက်တွင် ပြင်းထန်စွာ လှုပ်ရှားနေသည့် လည်ပင်းမှ အလုံးလေးကို မြင်လိုက်ရသဖြင့် အားကုန်သွားတော့သည်။
ဒီငတုံးလေး။
"တောင်းပန်ပါတယ်နော်" ရှဲ့ချီက သူမ၏ စိတ်ခံစားမှုကို သိရှိသွားပုံရသော်လည်း အဓိပ္ပာယ် ကောက်လွဲသွားသည်။ အပြစ်ရှိစိတ်ဖြင့် ပူလောင်နေသော မျက်နှာကို သူမ၏ လည်ပင်းခွက်ထဲတွင် မြှုပ်နှံထားလိုက်ပြီး သူသည် ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။ "ကျွန်တော် စာတွေပေတွေကို ခွေးအစာကျွေးလိုက်သလို ဖြစ်ကုန်ပြီ... မင်္ဂလာအခမ်းအနားက တစ်ဝက်ပဲ ပြီးသေးတာကို ကျွန်တော် မင်းကို ဒီလို စော်ကားမိလိုက်ပြီ"
ခဏရပ်ပြီး ဆက်လက် သုံးသပ်ပြသည်။
"ကျွန်တော် နောင်တလည်း မရဘဲ နှစ်ခါတောင် စော်ကားမိတယ်..."
ရှန်မြောင်တစ်ယောက် မတ်မတ်လေးရပ်နေပြီး မျက်လုံးများ ဗလာဖြစ်ကာ တွေးလိုက်သည်။
ထိကပ်ရုံလေးနဲ့... စော်ကားတယ် ခေါ်သလား။
"ဒါပေမဲ့ ကျောင်းပြန်တက်ရတော့မယ် ဆိုတော့ ကျွန်တော်..." ရှဲ့ချီ၏ အသံသည် တိုးဝင်သွားပြန်သည်။
ကျောင်းပြန်တက်ရတော့မည်၊ အားမြောင်ကို ရက်အများကြီး မတွေ့ရတော့ဘူး ဟု တွေးမိသည်နှင့် မိုးလင်းလို့ မသွားရသေးခင်မှာပင် သူမကို လွမ်းဆွတ်နေမိပြီ။
ဆက်မပြောနိုင်တော့သည့် စကားများကြောင့် ရှန်မြောင်တစ်ယောက် စိတ်ပျော့သွားပြန်သည်။
သူသည် လူကောင်ကြီးသော်လည်း ကျောကို ကိုင်းထားပြီး နှာခေါင်းထိပ်ကို သူမ၏ ညှပ်ရိုးခွက်ထဲတွင် ထည့်ထားကာ မှုတ်ထုတ်လိုက်သည့် လေငွေ့များကြောင့် သူမ ပခုံးများ ပူနွေးနေသော်လည်း သူကတော့ မထရဲပေ။
ထားလိုက်ပါတော့။ သူက ဒီလိုလူမျိုးပဲဟာ။
သူ့အတွက်တော့ နှစ်ကြိမ် ထိကပ်လိုက်တာက အကြီးမားဆုံးသော စည်းဖောက်မှု ဖြစ်နေမှာပေါ့။ ရှန်မြောင်လည်း မတတ်သာဘဲ လက်ကို မြှောက်လိုက်ကာ သူ့နောက်စေ့ကို ပွတ်သပ်ပေးလိုက်ရတော့သည်။ သူ့ဆံပင်ကို ထိလိုက်ချိန်တွင် အတွေ့အထိက တော်တော်လေး နူးညံ့သည်ကို တွေ့လိုက်ရ၏။
ချီလင်၏ အမွှေးများကို ပွတ်သပ်ရသလိုပင်။
"ကဲပါ... ကျွန်မ စိတ်မဆိုးပါဘူး၊ ရှင့်အတွက် နံ့သာကိတ် ပေါင်းပေးထားတယ်၊ နှစ်ခုလောက် စားပြီးမှ ကျောင်းသွားနော်၊ နောက်ကျရင် ဆရာကြီးဖုန်း ဆူတာ ခံနေရအုံးမယ်" သူမက သူ့လည်ပင်းအနောက်ကို ဘယ်ပြန်ညာပြန် ပွတ်ပေးရင်း ချော့လိုက်သည်။ "ရှင် ၅လပိုင်း ပွဲတော်ရက် ကျောင်းပိတ်လို့ ပြန်လာရင် ကျွန်မ အသားထုပ်ကြီးကြီး လုပ်ကျွေးမယ်"
သူက မလှုပ်သေးပေ။
ရှန်မြောင်လည်း စဉ်းစားလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်တော့သည်။ "ခေါင်းမော့လိုက်၊ ကျွန်မ ပြောစရာရှိတယ်၊ မြန်မြန်လုပ်၊ ခဏနေ ယန့်ရှူး လာရှာနေတော့မယ်"
ထိုအခါမှ သူသည် ဖြည်းဖြည်းချင်း ခေါင်းမော့လာလေသည်။
ရှန်မြောင်က ချက်ချင်းပင် ညစ်ကျယ်ကျယ်လေ’ ပြုံးလိုက်ပြီး သူ့နားနား ကပ်ကာ လေမှုတ်သကဲ့သို့ ပြောလိုက်သည်။ "ရှင်ပြောတဲ့ စော်ကားတယ် ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မမှာ မတူညီတဲ့ အမြင်ရှိတယ်"
ခဏအကြာတွင် ရှန်မြောင်သည် ကိုယ့်အိမ်တံခါးဘောင်ကို မှီလျက် လက်ပိုက်ကာ ရှဲ့ချီနှင့် ယန့်ရှူးတို့ မြည်းဆွဲပြီး ထွက်ခွာသွားသည်ကို ပြုံးပြုံးကြီး ရပ်ကြည့်နေလိုက်တော့သည်။
"ကျိုးတာ့က ပြောတယ် ချိုးဟောင် ကျောင်းရောက်နေပြီတဲ့..." စားသောက်ပြီး ဗိုက်ပြည့်နေသော ယန့်ရှူးသည် လမ်းတလျှောက်လုံး နံ့သာကိတ်ကို ပိုက်လျက် ခြေလက် တစ်ဖက်တည်း ပြိုင်တူ လှုပ်ရှားကာ လမ်းလျှောက်နေသော ရှဲ့ချီကို လှည့်ကြည့်နေလေသည်။ လေထဲမှတဆင့် သူ့အသံ ပြန်လွင့်လာသည်။ "ကျိုကော... ကျိုကောရဲ့လည်ပင်းမှာ ဘာလို့ ကိုက်ရာကြီး ရှိနေတာလဲ"
ထိုမေးခွန်းကြောင့် ရှဲ့ချီ၏ နားရွက်များ ပူကျစ်သွားပြီး လမ်းဘေးက သစ်သီးသည်၏ ဆိုင်ကို တိုက်မိလုနီးပါး ဖြစ်သွားသည်။
ရှန်မြောင်မှာ မနေနိုင်ဘဲ ရယ်လိုက်မိတော့သည်။
သူမ သီချင်းညည်းရင်း နောက်လှည့်ကာ မထသေးသော ရှန်းကျဲအာတို့ စားရန် နံ့သာကိတ် နောက်တစ်ပေါင်း ထပ်ပေါင်းရန် ပြင်လိုက်လေသည်။
အိမ်ထဲ မဝင်ရသေးခင် နောက်ကျောဘက်မှ အံ့သြပျော်ရွှင်စွာ အော်ခေါ်သံကို ရုတ်တရက် ကြားလိုက်ရတော့သည်။ "သာ့ကျဲအာ... သာ့ကျဲအာ... ငါနဲ့ မင်းအဒေါ်တို့ ပြန်ရောက်ပြီ"
...
အပိုင်း (၁၆၆) စာသင်ကျောင်းမှ လှိုင်းဂယက်များ
"ဦးလေးလီ"
ရှန်မြောင်သည် လှည့်ကြည့်လိုက်ရာ လမ်းကြားထိပ်ရှိ မိုးမခပင်အောက်တွင် လီထျောင်ဇီသည် လားလှည်းကို မောင်းနှင်လာပြီး အခုလေးတင် ရပ်တန့်လိုက်သည်ကို တွေ့လိုက်ရသည်။ သူမသည် ဝမ်းသာအားရဖြင့် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူ့ဆီသို့ ချက်ချင်း ပြေးသွားလိုက်လေသည်။
"ကျွန်မ ထန်အာကို ရေတံခါးဆိပ်ကမ်းမှာ သုံးရက်လုံးလုံး စောင့်ခိုင်းထားတာ၊ ဒီနေ့မနက်အစောကြီးလည်း သူသွားစောင့်နေသေးတယ်၊ ရှင် ဘယ်ကနေ ပြန်ရောက်လာတာလဲ"
"ပြန်လာတုန်းက ရေကြောင်းအရာရှိထုန် က ငါတို့ကို စပါးသယ်တဲ့လှေနဲ့ လိုက်ခဲ့ဖို့ စီစဉ်ပေးလိုက်တာ၊ အဲဒါက ပိုမြန်တယ်ဆိုလို့လေ"
လီထျောင်ဇီသည် ရှန်မြောင်ကို တွေ့လိုက်ရသဖြင့် သက်ပြင်းချလိုက်နိုင်ပြီး ဝမ်းသာလွန်းသဖြင့် ပဲနောက်စေ့လောက်သာရှိသည့် မျက်လုံးသေးသေးလေးများမှာ မှေးကျဉ်းသွားသည်အထိ ပြုံးလိုက်လေသည်။
"စပါးသယ်တဲ့လှေက ထုန်ကျင်းတံခါးမှာ ကုန်ချတာလေ၊ စပါးကျီက အဲဒီမှာရှိတာကိုး။ စပါးသယ်တဲ့လှေတွေက ဆိပ်ကမ်းငယ်လေးတွေမှာ ရပ်ခဲတယ်၊ ဖြည့်စွက်စရာလိုမှ ကမ်းကပ်တာ၊ အဲဒါကလည်း အများအားဖြင့် ညဉ့်နက်မှဆိုတော့ မင်းဆီ သတင်းပါးဖို့ အခွင့်မသာခဲ့ဘူး။ ဒီတစ်လကျော်အတွင်း ကိုအာ နေကောင်းရဲ့လား။ မင်းတို့အားလုံးရော နေကောင်းကြရဲ့လား"
"ဟုတ်ပါပြီ ဟုတ်ပါပြီ၊ အသွားအပြန် ရေလမ်းကြောင်း ကွာတာကိုး"
ရှန်မြောင်က သူမ၏ခေါင်းကို ရိုက်လိုက်မိသည်။ သူမ တကယ် တုံးတာပဲ။ ပြန့်ကျင်းမြို့အပြင်ဘက်တွင် ကူးတို့ဆိပ်များစွာရှိပြီး မတူညီသော ရေလမ်းကြောင်းများက မတူညီသော ဆိပ်ကမ်းများတွင် ရပ်နားတတ်သည်ကို သူမ မေ့သွားခဲ့သည်။ အသွားတုန်းက ရေတံခါးကနေ သွားခဲ့ပေမယ့် အပြန်ကျတော့ ဟုတ်ချင်မှ ဟုတ်တော့မည်။ ထန်အာခမျာ သနားစရာကောင်းလိုက်တာ၊ ရက်အနည်းငယ်လောက် အလကား သွားစောင့်နေခဲ့ရရှာသည်။
ရှန်မြောင်သည် လီထျောင်ဇီက လီကိုအာအကြောင်း မေးနေသည်ကို ကြားလိုက်ရသဖြင့် သူ သားဖြစ်သူကို စိတ်ပူနေမှန်း သိလိုက်သည်။ ထို့ကြောင့် သူမက သေချာ ရှင်းပြလိုက်လေသည်။
"အားလုံး အဆင်ပြေပါတယ်၊ ကိုအာက မနက်အစောကြီး ပုဂ္ဂလိကကျောင်းကို သွားတက်နေပြီ၊ ဦးလေးလီ စိတ်ချပါ၊ ဒီရက်ပိုင်း ရှဲ့ကျိုကောရဲ့အဖေက အနောက်ဘက်လမ်းကြားမှာ ယာယီလာနေတယ်၊ ကျွန်မတို့အိမ်တွေက ကလေးတွေကို သူက စာရေးတာနဲ့ စာစီစာကုံး ရေးတာတွေ သင်ပေးနေတယ်၊ ပြောရမယ်ဆိုရင်တော့ ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းကဆိုတော့ အခြေခံကောင်းတွေ ရှိတာပေါ့၊ တကယ့်ကို တော်ပါတယ်၊ ကိုအာက ရက်နည်းနည်းလောက် လိုက်လေ့ကျင့်တာနဲ့ ကျောင်းဆရာက သူ့လက်ရေး တိုးတက်လာတယ်လို့တောင် ချီးမွမ်းနေပြီ"
အားလုံး အဆင်ပြေတယ် ဆိုသည့် စကားထက် ပိုကောင်းသော စကား မရှိတော့ပေ။ လီထျောင်ဇီသည် ချက်ချင်း စိတ်အေးသွားပြီး သွားများ ပေါ်သည်အထိ ပြုံးလိုက်လေသည်။
"သာ့ကျဲအာ၊ ဒါက တကယ့်ကို မင်းရဲ့ကျေးဇူးကြောင့်ပါ၊ မဟုတ်ရင် ကိုအာက ဘယ်လိုလုပ် ဒီလိုကံထူးနိုင်မှာလဲ"
ရှန်မြောင်က လားလှည်းပေါ်တွင် လီထျောင်ဇီ တစ်ယောက်တည်း ပါလာသည်ကို တွေ့လိုက်ရသဖြင့် ထူးဆန်းစွာ မေးလိုက်သည်။
"အဒေါ်ရော"
လီထျောင်ဇီ စကားပြောမည် ပြင်လိုက်စဉ်မှာပင် လမ်းမပေါ်မှ လင်းကွင်းတီးသံများ ထွက်ပေါ်လာသဖြင့် လားကိုပင် လန့်သွားစေပြီး ခေါင်းမော့ကာ အော်မြည်လျက် စိတ်မရှည်စွာဖြင့် ခွာယက်နေတော့သည်။
ရှန်မြောင်သည် လီထျောင်ဇီနှင့်အတူ လှည့်ကြည့်လိုက်ရာ လမ်းထောင့်မှ အဝါရောင်သင်္ကန်း ဝတ်ဆင်ထားသော ကိုရင် ၁၂ ပါးက ရွှေရောင်ဘုရားဆင်းတုတော် တင်ထားသည့် ပေါင်းမိုးဝေါယာဉ်ကို ထမ်းလာသည်ကို တွေ့လိုက်ရသည်။ အခုလေးတင်မှ ဆေးကြောသန့်စင်ထားသော ဘုရားဆင်းတုတော်သည် ရွှေရောင်တောက်ပနေပြီး လောင်းထားသည့် နံ့သာရည်များက လမ်းတစ်လျှောက် ကျောက်ပြားခင်းလမ်းပေါ်သို့ တစက်စက် ကျနေလေသည်။
"ဒုက္ခပဲ၊ ထွက်လာကြပြီဟေ့။ လူတွေများလာရင် ထွက်လို့ရတော့မှာ မဟုတ်ဘူး၊ သာ့ကျဲအာ မင်း ငါနဲ့ မြန်မြန်လိုက်ခဲ့"
လီထျောင်ဇီက ဇက်ကြိုးကို ကိုင်လိုက်ပြီး စိတ်လောကြီးစွာ ပြောလိုက်သည်။ "မင်းအဒေါ်က ဘဲခြံမှာ စောင့်နေတုန်းပဲ၊ ဘဲတွေအများကြီးကို လူမရှိဘဲ ပစ်ထားလို့ မဖြစ်ဘူး"
စကားဆုံးသည်နှင့် အနောက်ဘက်မှ ကြေးစည်တီးသံများ ထွက်ပေါ်လာပြန်သည်။
ဘုန်းကြီးကျောင်းမှ ပဓာနဘုရားဆင်းတုတော်ကို ပင့်ဆောင်ပြီး လှည့်လည်အပူဇော်ခံတော့မည်။
ဒီနေ့သည် ဘုရားရှင် ဖွားမြင်တော်မူသောနေ့ ဖြစ်သောကြောင့် ဘုန်းကြီးကျောင်းအသီးသီးတွင် "ဘုရားရေသပ္ပာယ်ပွဲ" ကျင်းပကြသည်။ နွယ်ချိုနှင့် နံ့သာပေါင်းများဖြင့် ကျိုချက်ထားသော နံ့သာရည်များ ပြုလုပ်ကာ ရွှေ၊ ကြေး ဘုရားဆင်းတုတော်များကို ဇလုံထဲတွင် ထည့်ပြီး ကျောင်းထိုင်ဆရာတော်နှင့် ဒါယကာ၊ ဒါယိကာမများက ဘုရားဆင်းတုတော်ကို နံ့သာရည်ဖြင့် မပြတ်လပ်အောင် ရေသပ္ပာယ်ကြသည်။
ဘုရားဆင်းတုတော်ကို သွန်းလောင်းထားသော ထို "ဘုရားသပ္ပာယ်ရေ" များကို လူအချို့က ထမ်းပိုးဖြင့် လှည့်လည်ရောင်းချကြပြီး နောင်ဘဝအတွက် ကုသိုလ်ထူးရသည်ဟု ဆိုကြသည်။ ရေသပ္ပာယ်ပြီးနောက် သံဃာတော်များက ရွှေဘုရားဆင်းတုတော်ကို ပင့်ဆောင်ပြီး လမ်းလှည့်လည်ကြရာ နံ့သာကိုင်ဆောင်ထားသော ကလေးများကလည်း လမ်းတစ်လျှောက် နံ့သာမှုန့်များ ကြဲဖြန့်ကြသည်။ လမ်းဘေးဝဲယာတွင် အမွှေးတိုင်ကိုင်ဆောင်ထားသော ဒါယကာများစွာက ဦးခိုက်ပူဇော်ကြပြီး ဘုရားဆင်းတုတော်နောက်မှ တကောက်ကောက် လိုက်ပါ ပို့ဆောင်ကြလေသည်။
သာ့ကျဲအာ၏ မှတ်ဉာဏ်ထဲတွင် အစည်ကားဆုံးအချိန်ဆိုလျှင် နန်းတော်၏ အရှေ့တံခါးကိုပင် ဖွင့်မရအောင် အပြင်ဘက်တွင် လူများဖြင့် ပြည့်နှက်နေတတ်သည်။
"ကောင်းပြီ ကောင်းပြီ၊ ကျွန်မ ပြန်ပြီး သူတို့ကို မှာစရာရှိတာ မှာပြီးတာနဲ့ လာခဲ့မယ်"
ရှန်မြောင်က စကပ်ကို မကာ ခြံဝင်းထဲသို့ ပြေးဝင်သွားလိုက်သည်။
"ဖူရှင်း၊ နင် အခုလေးတင်လုပ်ပြီးတဲ့ ငါးခေါက်ဆွဲတွေကို ခြံဝင်းထဲ ထုတ်လှန်းထားလိုက်၊ ပြီးရင် ရေတံခါးကို ပြေးပြီး ထန်အာကို ပြန်ခေါ်လိုက်၊ ဦးလေးလီနဲ့ အဒေါ်လီတို့ ပြန်ရောက်နေပြီ။ အားထောင်၊ နင်က ဆိုင်ကို သေချာစောင့်နေ..."
ပြောပြီးသည်နှင့် သူမ မျက်လုံးထောင့်မှ တစ်စုံတစ်ရာကို ရိပ်ခနဲ တွေ့လိုက်ရာ လူကြီးမင်း အားချုံးတစ်ယောက် ပဲပြားချိုပူပူတစ်ပန်းကန်ကို ကိုင်ကာ နှေးကွေးလေးလံစွာဖြင့် လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။ သူသည် ကွေ့ဟွားပင်အောက်တွင် အလွန်ယဉ်ကျေးသိမ်မွေ့စွာ၊ သက်တောင့်သက်သာ ထိုင်နေပြီး ဇွန်းကို ဆန့်ထုတ်ကာ ချီလင် ကို ကျီစယ်နေလေသည်။
ရှန်မြောင်လည်း အားနာမနေတော့ပေ။
"ဦးလေးရှဲ့၊ ဒီနေ့ကိစ္စက အရေးကြီးနေလို့ ကလေးတွေကို ခဏလောက် ကြည့်ပေးပါအုံး၊ ကျွန်မ အရေးတကြီးသွားစရာရှိလို့ပါ၊ ညနေကျမှ ပြန်လာခဲ့ပါမယ်"
ရှန်မြောင်သည် ပြောပြီးသည်နှင့် အနားသို့ ရောက်လာပြီး အမြီးနန့်နေသော လေထင် ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ကာ ဝရန်တာအောက်တွင် မျက်နှာသစ်ပြီး မနက်စာထွက်စားနေကြသော ရှန်းအာနှင့် ချန်ချွမ်း တို့ကို ပြောလိုက်သည်။
"မကြီးက ဘဲခြံဘက်ကို သွားကြည့်ရအုံးမယ်၊ ဒီလောက် မြန်မြန် ပြန်မလာနိုင်လောက်ဘူး၊ နင်တို့ ဒီနေ့ ဦးလေးရှဲ့ စကားကို လိမ္မာစွာ နားထောင်ကြနော်"
ကလေးနှစ်ယောက်မှာ အိပ်မှုန်စုံမွှားဖြင့် ကြောင်တောင်တောင် ခေါင်းညိတ်ပြကြသည်။
ရှန်မြောင်က စိတ်မချသဖြင့် တို့ဟူးဖြူစားနေသော ယိုယွီ ဘက်သို့ လှည့်ကာ နူးညံ့သိမ်မွေ့စွာ ပြောလိုက်ပြန်သည်။
"ယိုယွီရေ၊ နင်က ရှန်းအာတို့ ချန်ချွမ်းတို့နဲ့ အတူတူနေနော်၊ လျှောက်မပြေးနဲ့၊ သိလား"
ယိုယွီသည် ပဲပြားချို နှစ်ပန်းကန် စားပြီးပြီဖြစ်သည်။ သူမက အငန်ကြိုက်သဖြင့် ယခု တတိယမြောက်တစ်ပန်းကန် စားနေခြင်း ဖြစ်သည်။ ရှန်မြောင် ခေါ်လိုက်သည်ကို ကြားသောအခါ ပန်းကန်လုံးကြီးကို ပိုက်လျက် လိမ္မာစွာ ခေါင်းညိတ်ပြလေသည်။ မျက်နှာပေါ်တွင် ပေကျံနေသော တို့ဟူးဖတ်များနှင့် ကျောက်ဖရုံယိုမျှင်များကို တစ်စစီ ဖယ်ရှားကာ ပါးစပ်ထဲ ထည့်စားနေသေးသည်။
'မွှေးလိုက်တာ၊ အရသာရှိလိုက်တာ'
သူမသည် ပန်းကန်လုံးကို ပိုက်ကာ တစ်ယောက်တည်း တခစ်ခစ် ရယ်မောနေတော့၏။
ရှဲ့အဖေမှာ ဘာမှန်းမသိဘဲ ကလေးထိန်းအလုပ် တာဝန်ပေးခံလိုက်ရသဖြင့် ကြွေပန်းကန်အမည်းကို ကိုင်ကာ ကြောင်အသွားတော့သည်။ ဟေ့... သူက ကိုယ့်ဘာသာတောင် ကလေးတစ်ခါမှ မထိန်းဖူးဘူးလေ။ စန်းကော၊ ကျိုကောနဲ့ ရှစ်ယီးညန် တို့တုန်းကလည်း နို့ထိန်းသည်တွေ လက်ထဲမှာ ကြီးပြင်းလာကြတာ...။ သို့သော် ရှန်မြောင်မှာ ဂရုမစိုက်နိုင်တော့ပေ။ သူမသည် တံခါးဘေးတွင် ချိတ်ထားသော လွယ်အိတ်လေးကို ဆွဲယူကာ ခြံဝင်းထဲမှ တရှိန်ထိုး ပြေးထွက်သွားတော့သည်။
"ကျွန်မ သွားပြီနော်၊ အိမ်ကို ရှင်တို့ လက်ထဲ အပ်ခဲ့ပြီ"
ရှဲ့အဖေမှာ မူလနေရာတွင် ပြန်ထိုင်ရုံမှတစ်ပါး မတတ်နိုင်တော့ပေ။ ဇွန်းကို ကိုင်လျက် တိတ်ဆိတ်စွာဖြင့် နှစ်လုပ်လောက် စားလိုက်ပြီး ရုတ်တရက် လက်ကို ရပ်တန့်ကာ ဝရန်တာအောက်သို့ တိတ်ဆိတ်စွာ လှည့်ကြည့်လိုက်သည်။
ရှန်းအာ၊ ချန်ချွမ်းနှင့် ယိုယွီတို့သည်လည်း အပြစ်ကင်းစင်သော မျက်နှာထားများဖြင့် သူ့ကို ငေးကြည့်နေကြလေသည်။
လေးယောက်သား တစ်ယောက်ကိုတစ်ယောက် စကားမပြောဘဲ ကြည့်နေကြရာ ခေါင်မိုးစွန်းအောက်တွင် ခုန်ဆွခုန်ဆွ လုပ်နေသော စာကလေးဝတုတ်လေးသာလျှင် ပေါ့ပါးသွက်လက်စွာဖြင့် "ကျွိ... ကျွိ..." ဟု အော်မြည်နေလေသည်။
အကြည့်ချင်း ဖလှယ်ပြီးနောက် နှစ်ဖက်စလုံးသည် တစ်ဖက်လူ၏ စိတ်ချရမှုအပေါ် သိပ်ပြီး ယုံကြည်ချက်မရှိကြပေ။ ခဏကြာမှ ပခုံးပေါ်တွင် ဆံပင်များ ဖားလျားကျနေသေးသော ရှန်းအာက တိုးညှင်းစွာဖြင့် စမ်းသပ်မေးမြန်းလိုက်သည်။
"ဦးလေးရှဲ့၊ သမီးကို ဆံပင် ပန်းပွင့်ပုံစံလေး ထုံးပေးလို့ရမလားဟင်၊ သမီး ခဏနေကျရင် တို့ဟွားအိမ်ကို သွားပြီး ပိတ်စရုပ်ကလေးတွေနဲ့ ကစားမလို့"
ရှဲ့အဖေ - "..."
ပန်းပွင့်ပုံစံ ဆံပင်ထုံးတယ် ဆိုတာ ဘာကြီးလဲ။
....
ဒီဘက်တွင် ရှန်မြောင်သည် လီထျောင်ဇီ၏ လားလှည်းပေါ်သို့ ရောက်နေပြီဖြစ်သည်။ နှစ်ယောက်သားသည် ပိုမိုရှုပ်ထွေးလာသော လှည်းများ၊ မြင်းများနှင့် လူအုပ်ကြားတွင် မြို့ပြင်ဘက်သို့ အားယူကာ သွားနေကြရသည်။ မြို့ပြင်ထွက်ရာလမ်းတွင် ပွဲစားတန်းကို ဖြတ်သွားရမည်ဖြစ်သဖြင့် ရှန်မြောင်က အလျင်အမြန် ပြောလိုက်သည်။
"ဦးလေးလီ ခဏလောက်စောင့်ပါအုံး၊ ကျွန်မ အရင်တုန်းက ပွဲစားငှားခိုင်းထားတဲ့ လူတွေကို တခါတည်း ခေါ်သွားလိုက်မယ်။ ကျွန်မ မနေ့တနေ့ကမှ အားထောင်ကို ပြောနေတာ၊ ရှင်နဲ့အဒေါ် ပြန်မလာခင် ဒီနေ့ပဲ အဲဒီငှားထားတဲ့ လူသစ်တွေကို ဘဲခြံလွှတ်ပြီး ရှင်းလင်းရေးလုပ်ခိုင်းရမယ်လို့လေ၊ ဒီလောက် တိုက်ဆိုင်မယ်လို့ ထင်မထားဘူး၊ မလုပ်ရသေးခင်မှာပဲ ရှင်နဲ့အဒေါ်က ရောက်လာကြတယ်"
သူမက ပွဲစားပုလေးကို လှမ်းအော်ပြီး လူခေါ်လာပေးရန် ပြောလိုက်သည်။ လမ်းမပေါ်တွင် လူစည်ကားစ ပြုနေပြီဖြစ်ရာ ရှန်မြောင်၏ အော်သံမှာ လမ်းပေါ်တွင် မျက်လှည့်ပြသူများ၏ အော်ဟစ်သံများကြောင့် တစ်ဝက်လောက် ပျောက်ရှသွားသည်။
ကံကောင်းသည်မှာ ပွဲစားပုလေးက သူမကို လှမ်းမြင်လိုက်သဖြင့် ပြေးထွက်လာကာ သူမပြောသည်ကို နားထောင်လိုက်ပြီးနောက် ခေါင်းညိတ်ပြလေသည်။
"ရတယ် ရတယ်၊ ကျွန်တော် အခုပဲ ခေါ်လာပေးမယ်"
ထို့ကြောင့် မကြာမီမှာပင် လားလှည်းပေါ်တွင် လူပြည့်သွားတော့သည်။
ထိုလူများသည် ပွဲစားပုလေး ခေါ်လာပြီး သူမကို ပြသဖူးသော လူများဖြစ်သည်။ စုစုပေါင်း လေးယောက်ရှိပြီး တစ်မိသားစုတည်း ဖြစ်သည်။
သန်စွမ်းကျန်းမာသည့် အရွယ်တွင်ရှိသော အမျိုးသားမှာ ဟုန်ပါး ဖြစ်သည်။ ယခင်က တခြားသူများအတွက် ကြက်၊ ဘဲ မွေးမြူပေးဖူးသူ ဖြစ်သည်။ သူ့သခင်က အလွန် ကပ်စေးနည်းပြီး ငါးနှစ်တာ ကာလအတွင်း လုပ်ခလစာ မတိုးပေးသည့်အပြင် ဒီနှစ်တွင် လစာလျှော့ဦးမည် ဖြစ်သောကြောင့် စိတ်ဆိုးကာ မိသားစုလိုက် အလုပ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
အမျိုးသမီးမှာလည်း အသက် ၃၀ ကျော်အရွယ်ခန့်ရှိပြီး လော်ညန်ဟု ခေါ်သည်။ ဟုန်ပါး၏ ဇနီးဖြစ်ပြီး ကြက်၊ ဘဲ မွေးမြူခြင်းကို အတော်အတန် နားလည်သည်။ လင်မယားနှစ်ယောက်အောက်တွင် ကလေးနှစ်ယောက် ရှိသေးသည်။ အစ်ကိုဖြစ်သူက ဟုန်ရှန်း၊ ညီမဖြစ်သူက ဟုန်ရှီးဟု ခေါ်ပြီး နှစ်ယောက်စလုံး အလွန် အလုပ်လုပ်နိုင်ကြသည်။ ရှန်မြောင်က ဘဲများကို ဘယ်လိုမွေးမြူရမလဲဟု မေးသည့်အခါ သူတို့က စနစ်တကျ ပြန်ဖြေနိုင်ကြသည်။ လုပ်အား တစ်ဝက်လောက် ရှိသည်ဟု ယူဆနိုင်သည်။ ဟုန်ပါး ပြောပြချက်အရ ကလေးနှစ်ယောက်သည် လမ်းလျှောက်တတ်စ အရွယ်ကတည်းက မိဘများနှင့်အတူ ဘဲခြံတွင် ဝိုင်းကူရင်း ကြက်၊ ဘဲ မွေးမြူနည်းကို သင်ယူခဲ့ကြသည်ဟု ဆိုသည်။
အသက်ငယ်သော်လည်း လုပ်ငန်းအတွေ့အကြုံ ဆယ်နှစ်ရှိသည့် သဘောပင်။
ရှန်မြောင်လည်း သူတို့မိသားစုလိုက်ကို ငှားရမ်းလိုက်ပြီး နောက်ပိုင်းတွင် ဘဲခြံ၌ သွားရောက်နေထိုင်ခိုင်းမည်။ လေးယောက်အတွက် တစ်လလျှင် စုစုပေါင်း ၅ ကွမ်း ပေးမည်ဖြစ်ပြီး နေစရိတ်ပါ ငြိမ်းဖြစ်သည်။ ဘဲခြံတွင် သူတို့နေထိုင်ရန်အတွက် အုတ်ကြွပ်မိုး အိမ်သစ် ဆောက်ထားပေးသည်ဟု ကြားသောအခါ ဟုန်ပါးမှာ အံ့ဩဝမ်းသာ ဖြစ်သွားရသည်။ ယခင်သခင်ဆီတွင် အလုပ်လုပ်တုန်းက တစ်မိသားစုလုံး ဘဲများနှင့်အတူတူ နေခဲ့ကြရသည် မဟုတ်ပါလား။
ဟုန်မိသားစု လေးယောက်ကို တင်ဆောင်ပြီးနောက် ခဏအကြာတွင် လားလှည်းသည် အသားမုန့်ဆိုင်နှင့် မျောက်ပြပွဲအဖွဲ့ကြားတွင် ညပ်မိကာ ရှေ့မတိုးနိုင် နောက်မဆုတ်နိုင် ဖြစ်သွားသည်။
ပတ်ဝန်းကျင်တွင် နံ့သာရည်ငွေ့များ ဖုံးလွှမ်းနေပြီး ရှန်မြောင်မှာ မီးခိုးမွှန်သဖြင့် မျက်ရည်များပင် ကျလာ၏။ ကံကောင်းထောက်မစွာဖြင့် မကြာမီတွင် လမ်းရှင်းပေးရန် နယ်မြေအရာရှိများ ရောက်လာသဖြင့် လီထျောင်ဇီ မောင်းနှင်သော လားလှည်းမှာ လိပ်သွားသကဲ့သို့ ရှေ့သို့ တဖြည်းဖြည်း တိုးလာနိုင်ခဲ့သည်။
ရှန်မြောင် သူမ စိတ်စွဲလမ်းနေသော ဘဲပေါက်စလေးများကို သွားကြည့်နေချိန်တွင် ဖိယုံးစာသင်ကျောင်း၌ ရှန်ကျိ၏ အသင့်စားခေါက်ဆွဲပြုတ် လုပ်ငန်းလေးသည်လည်း အလွန် ရောင်းကောင်းနေလေသည်။
ကျောင်းသားများက စာသင်ကျောင်းသို့ ဦးဆုံး ပြန်ရောက်လာပြီး စာလေ့လာကြသည်။ ဤကျောင်းသားများသည် အိမ်တွင် နှစ်သစ်ကူးခဲ့ကြပြီး ကောင်းနိုးရာရာများ စားသောက်ခဲ့ကြသူများ ဖြစ်ရာ ကျွေးမွေးရေးဆောင်မှ ဝက်စာနှင့်တူသော အစားအစာများကို မည်သူကမျှ စားချင်ကြမည် မဟုတ်ပေ။ မကြီးက ထန်အာကို လွှတ်ပြီး ပို့ခိုင်းလိုက်သော ဝက်အူချောင်းများနှင့် အသင့်စားခေါက်ဆွဲပြုတ် သေတ္တာကြီးနှစ်လုံးမှာ ရက်အနည်းငယ်အတွင်း ရောင်းလိုက်ရာ အခုအနည်းငယ်သာ ကျန်တော့သည်။
စီးပွားရေး ကောင်းလွန်းသဖြင့် သူ့မီးဖိုကို ကျောင်းဆောင်အနောက်ဘက် ဝရန်တာအောက်တွင် အသေချထားလိုက်ပြီး နေရာမရွှေ့တော့ဘဲ ထိုနေရာတွင်ပင် ခေါက်ဆွဲပြုတ်လေသည်။
ဒီနေ့သည် ဘုရားရေသပ္ပာယ်ပွဲ ဖြစ်သောကြောင့် ကျောင်းသားအများစုသည် ပွဲကြည့်ရန် တံတိုင်းကို ကျော်ထွက်သွားကြသည်။ ဖျော်ဖြေရေးရုံများမှ မျက်လှည့်အဖွဲ့များနှင့် ရုပ်သေးအဖွဲ့များသည် လမ်းပေါ်တွင် လှည့်လည်ဖျော်ဖြေကြမည် ဖြစ်သလို ပန်းလှည်းများ လှည့်လည်ပွဲလည်း ရှိသဖြင့် အလွန်ပျော်စရာကောင်းသည်ဟု သတင်းကြားထားသည်။
ရှန်ကျိသည် ဒီနေ့ ခေါက်ဆွဲ နှစ်အိုးသာ ပြုတ်ခဲ့ရသည်။ ဒီဒုတိယအိုးကတော့ မုန့်ဟုန်ဟော် သရေကျနေသဖြင့် ပြုတ်ပေးရခြင်းပင်။ နေ့လယ်က သူ့အမေ ပို့လိုက်သည့် မုန့်များကို စားသော်လည်း မဝဘူးဟု အတင်းပြောနေသဖြင့် သူက စာအုပ်ကို စိတ်မရှည်စွာ ချပြီး လာပြုတ်ပေးရခြင်း ဖြစ်သည်။
စင်္ကြံဆောင်၏ တိုင်အောက်တွင် ထိုင်လိုက်ရာ ပြတင်းပေါက်၏ အရိပ်များက ကြမ်းခင်းအုတ်ချပ်များပေါ်တွင် ကျားကွက်ကဲ့သို့ ကျရောက်နေလေသည်။ ရှန်ကျိသည် တူဖြင့် ခေါက်ဆွဲများကို မွှေလိုက်ပြီး ကြက်ဥအစိမ်းတစ်လုံး ဖောက်ထည့်လိုက်ကာ ဝက်အူချောင်း တစ်ဝက်ကို လှီးထည့်လိုက်သည်။ မကြာမီ အိုးထဲတွင် ပွက်ပွက်ဆူလာပြီး အမြှုပ်များ ထွက်လာသဖြင့် သူက မီးအမြန်ပိတ်ကာ မြေအိုးလေးကို မုန့်ဟုန်ဟော် ထံသို့ မ လာပေးလိုက်သည်။
မုန့်ဟုန်ဟော်သည် စင်္ကြံဆောင်ရှိ အလှမှီလက်ရန်းပေါ်တွင် မှောက်လျက် သလင်းကျောက်မျက်မှန်အောက်မှ မျက်လုံးများ အရောင်တောက်နေပြီး လက်သီးပွတ်ကာ စားရန် စောင့်ဆိုင်းနေသည်။
"စားတော့ စားတော့"
ရှန်ကျိက စိတ်မရှည်စွာဖြင့် တူကို ထိုးပေးလိုက်သည်။
"ငါ ရေးလက်စ အိမ်စာတောင် တဝက်ပဲ ပြီးသေးတယ်၊ တကယ်ပါပဲ"
မုန့်ဟုန်ဟော်က တူကို ကိုင်လျက် မျက်နှာချိုသွေးကာ ပြုံးလိုက်သည်။
"ငါ တကယ် ဗိုက်ဆာနေလို့ပါ"
"မြန်မြန်စား၊ စားပြီးရင် ပြန်ပြီး စာကျက်မယ်၊ မနက်ဖြန် ဆရာက 《မုန့်ဇီကျမ်း》 အလွတ်ရွတ်ခိုင်းမယ်လို့ ပြောထားတယ်"
ရှန်ကျိက ပြောရင်း မီးဖိုထဲမှ မီးသွေးများကို ပြန်သိမ်းရန် လှည့်ထွက်သွားသည်။
"ငါ သိပါတယ်၊ ငါ ကျက်ပြီးနေပါပြီ။ ဝါး... မွှေးလိုက်တာ၊ ဒီခေါက်ဆွဲပြုတ်က မင်း လာပြုတ်ပေးမှပဲ ဒီလိုအရသာ ရတာ..."
မုန့်ဟုန်ဟော်က အလျင်အမြန် ခေါင်းငုံ့ပြီး တူဖြင့် ဆယ်စားလိုက်သည်။ သို့သော် ခေါင်းငုံ့ပြီး တစ်လုပ်စားလိုက်သည်နှင့် နှာခေါင်းပေါ်တွင် တင်ထားသော မျက်မှန်သည် အပူငွေ့ရိုက်ခတ်မှုကြောင့် အဖြူရောင် မြူနှင်းနှစ်ဖက် ဖုံးလွှမ်းသွားကာ ဘာမှ မမြင်ရတော့ပေ။
သူက တူကို အမြန်ပြန်ချလိုက်ပြီး နားရွက်ပေါ်တွင် ချိတ်ထားသော မျက်မှန်ကြိုးကို ဖြုတ်ကာ အင်္ကျီစကို မ ပြီး ခေါင်းငုံ့လျက် ထပ်ခါထပ်ခါ သုတ်နေရတော့သည်။
ရှန်ကျိက သူ့ကို မျက်စောင်းထိုးကြည့်ပြီး အံကြိတ်ကာ ပြောလိုက်သည်။
"... ငါ မကျက်ရသေးဘူး"
"ငါ စားပြီးတာနဲ့ မင်းနဲ့အတူတူ ပြန်ပြီး စာကျက်ပေးမယ်၊ ငါ မင်းကို စာပြန်မေးပေးမယ်၊ စိတ်ချပါ၊ သေချာပေါက် အချိန်မီပါတယ်"
မုန့်ဟုန်ဟော်က သုတ်ရင်း ပြုံးရင်း ပြောလိုက်သည်။ သို့သော် မျက်မှန်မရှိဘဲနှင့် သူက လက်တကမ်းအကွာတွင် ရှိသော ရှန်ကျိကိုပင် ရေထဲမှ ပန်းပွင့်ကို ကြည့်ရသလို မြူဆိုင်းနေပြီး မျက်နှာပေါက်ကို သေချာမမြင်ရပေ။
မျက်မှန်ကို ပြန်တပ်လိုက်မှ မုန့်ဟုန်ဟော်၏ မျက်စိရှေ့တွင် ပြန်လည် ရှင်းလင်းသွားသည်။ သူသည် ငယ်စဉ်ကတည်းက မျက်စိမှုန်သည်။ ကိုယ်ဝန်ဆောင်စဉ်က စပျစ်သီး မစားမိခဲ့လို့ သူမွေးလာတော့ သူများထက် ညံ့ဖျင်းရတယ် ဆိုပြီး သူ့အမေက အမြဲတမ်း ကိုယ့်ကိုယ်ကို အပြစ်တင်လေ့ရှိသည်။
သို့ပေသိ မုန့်ဟုန်ဟော်ကတော့ ဒါက အမေနဲ့ ဘာဆိုင်လို့လဲဟု တွေးမိသည်။ တချို့လူတွေက မွေးလာကတည်းက လက်မပါဘူး၊ တချို့လူတွေက မွေးလာကတည်းက အသံမထွက်ဘူး၊ သူက ကန်းတာမှ မဟုတ်တာ၊ သူများလောက် သေချာမမြင်ရရုံပဲလေ၊ ကံကောင်းလှပါပြီ။
အမေက သူ့မျက်လုံးအတွက် နေရာအနှံ့ သမားတော် လိုက်ပြသော်လည်း နောက်ဆုံးတွင် သူ၏ အဝေးမှုန်ရောဂါက မပျောက်နိုင်ဟု ပြောကြသည်။ ထို့ကြောင့် ငွေစုပြီး သူ့အတွက် မျက်မှန် ဝယ်ပေးခဲ့သည်။
ဒီမျက်မှန်တစ်လက်ကို ၁၀ ကွမ်း ပေးရသည်။
မုန့်ဟုန်ဟော် ခေါင်းငုံ့ပြီး ခေါက်ဆွဲပြုတ်ကို စားလိုက်ရာ မကြာမီ မျက်မှန်တွင် မြူပြန်ဆိုင်းလာပြန်သည်။ သို့သော် သူ ထပ်မသုတ်ချင်တော့ပေ။ မျက်မှန်တပ်ရတာ ဒုက္ခရောက်သည်မှာ ဒီနေရာတွင် ဖြစ်သည်။ နေ့တိုင်း မျက်လုံးက အပူငွေ့ရိုက်ပြီး ဘာမှမမြင်ရ ဖြစ်လိုက်၊ ဖြုတ်ထားလိုက်ရင်လည်း ရှာမတွေ့တော့ဘဲ ပျောက်သွားလိုက်နှင့်၊ သူကလည်း သေချာမမြင်ရတော့ မျက်လုံးမှေးပြီး လျှောက်စမ်းနေရသည်။
ထို့ကြောင့် ရှန်ကျိက သူ တစ်နေ့ ၁၂ နာရီ ရှိတာ ၁၀ နာရီလောက်က မျက်မှန်ရှာနေရတယ် ဟု ပြောလေ့ရှိသည်။
မုန့်ဟုန်ဟော် ထိုစကားကို တွေးမိပြီး ရယ်ချင်သွားသော်လည်း အေးစက်စက် အသံတစ်သံက ဘေးနားမှ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
"စာပေလေ့လာတဲ့ မြင့်မြတ်တဲ့နေရာမှာ အမြတ်ထုတ်နေတာပဲ၊ မင်းက တကယ် မလွယ်တဲ့ကောင်ပဲ"
ရှန်ကျိနှင့် မုန့်ဟုန်ဟော်တို့ တစ်ပြိုင်နက် လှည့်ကြည့်လိုက်ရာ အဆောင် (၂) မှ ဝမ်ရှန့်ဝမ် နှင့် သူ့နောက်လိုက် နှစ်ယောက် ဖြစ်နေသည်။ သူတို့သုံးယောက် လျှောက်လာသည်ကို မြင်လိုက်ရသောအခါ နှစ်ယောက်စလုံး ခေါင်းနပန်းကြီးသွားတော့သည်။
ဝမ်ရှန့်ဝမ်သည် စာသင်ကျောင်း အဆောင်မှူး၏ တူဖြစ်ပြီး ခေါင်းကြီး၊ လည်ပင်းတို၊ ပခုံးကျယ်၊ ခါးတုတ်၊ ခြေထောက်တုတ်ကာ အရောင်ရင့်ရင့် အဝတ်အစားများကို ဝတ်ဆင်လေ့ရှိသည်။ မုန့်ဟုန်ဟော်ကဲ့သို့ မျက်စိမကောင်းသူ တစ်ယောက်အနေဖြင့် မျက်မှန်မတပ်ထားလျှင် အဝေးမှကြည့်ပါက ကျောက်ဖရုံသီးအကြီးကြီး တစ်လုံးက မောက်မာစွာဖြင့် လျှောက်လာသည်ဟု ထင်ရပေမည်။
ရှန်ကျိ သူ့ကို မြင်လိုက်ရသောအခါ မျက်လုံးကို အပေါ်သို့ လှန်လိုက်ပြီး စိတ်ထဲတွင် ညည်းတွားလိုက်မိသည်။ လာပြန်ပြီ။ တကယ်ကို မပြီးနိုင် မစီးနိုင်ပါလား။
ဝမ်ရှန့်ဝမ်သည် ရှန်ကျိရှေ့သို့ ရောက်လာပြီး လက်ပိုက်ကာ ခါးကို ကုန်း၍ ပါးစပ်ရွဲ့လျက် သူ့ကို စိုက်ကြည့်လေသည်။ ထို့နောက် လက်ထဲမှ ကြေးပြားများကို တစ်ပြားချင်းစီ ရှန်ကျိ၏ ခေါင်းနှင့် ကိုယ်ပေါ်သို့ ပစ်ပေါက်လိုက်သည်။
"မင်းက စာလာသင်တာလား ပိုက်ဆံလာရှာတာလား။ အရှက်မရှိလိုက်တာ။ ပိုက်ဆံမက်လွန်းတော့ ငါ မင်းကို ခေါင်းတလားဖိုး စုဖို့ ပိုက်ဆံနည်းနည်း ဆုချလိုက်မယ်၊ ဘယ်လိုလဲ"
ကြေးပြားများက သူ့ခေါင်းနှင့် မျက်နှာကို လာထိသလို တချို့က ရွှံ့မီးဖိုကို ထိမှန်ပြီး ပြန်ကန်ထွက်သွားသည်။
ရှန်ကျိ မီးညှပ်ကို ကိုင်ထားသော လက်မှာ သွေးကြောများ ထောင်တက်လာသည်အထိ တင်းကျပ်သွားသည်။
အခုခေတ်တွင် အရာရှိဖြစ်စေ၊ ပြည်သူဖြစ်စေ ချူကျူ ကစားနည်း (ဘောလုံးကန်ခြင်း) ကို နှစ်သက်ကြသဖြင့် ဖိယုံးစာသင်ကျောင်းတွင် ချူကျူကွင်း နှစ်ကွင်း ရှိသည်။ နှစ်သစ်မကူးမီက စာသင်ကျောင်းတွင် ချူကျူပွဲစဉ်များ ဆက်တိုက် ကျင်းပခဲ့ပြီး ရှန်ကျိသည် စာသင်ကျောင်းရောက်မှ ချူကျူကန်သည့် ပညာကို တတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ ဂိုးသွင်းသည့် နေရာတွင် သိပ်မတိကျပေ။ ထိုစဉ်က သူသည် ဖဲကြိုးပါသော ဘောလုံးကို ခြေထောက်ဖြင့် ချိတ်ပြီး ကန်လိုက်ရာ ဘောလုံးက တိုင်ကို သွားမှန်ပြီး ပြန်ကန်ထွက်လာကာ ဝမ်ရှန့်ဝမ်၏ မျက်နှာကို တည့်တည့် သွားမှန်ခဲ့သည်။
ဝမ်ရှန့်ဝမ်သည် ဘောလုံးမှန်ပြီး ပက်လက်လန်ကာ ရွှံ့မြေကြီးထဲ လဲကျသွားပြီး နှာခေါင်းသွေးများ ထွက်လာသဖြင့် တစ်ကျောင်းလုံး ဝိုင်းရယ်ခဲ့ကြသည်။
ရှန်ကျိက သူ့ကို အမြန်သွားထူသော်လည်း သူ့ကို ခြေထောက်ဖြင့် ကန်ခဲ့သေးသည်။
ထိုအချိန်မှစပြီး ထိုလူသည် သရဲတစ္ဆေလို သူ့ကို ဖက်တွယ်ထားတော့သည်။ ရှန်ကျိ ဘယ်လိုပဲ တောင်းပန် တောင်းပန် နားမထောင်ဘဲ ရှန်ကျိက ချူကျူကွင်းတွင် သူ့ကို တမင်သက်သက် အရှက်ခွဲသည်ဟု စွဲမှတ်ထားကာ ရှန်ကျိကို မြင်သည်နှင့် ဘာကိစ္စဖြစ်ဖြစ် ပြဿနာရှာလေတော့သည်။
...