အခန်း (၁၆၇-၁၆၈)
Vol. 17 Ch. 167-168
အပိုင်း (၁၆၇)
ရှန်ကျိသည် သူက အရင်ဆုံး အမှားလုပ်မိထားတာကြောင့် အစ်မဖြစ်သူကို ပြဿနာမပေးချင်သဖြင့် သည်းခံလာခဲ့သည်မှာ ကြာပြီဖြစ်သည်။ အခုတော့ ဒါက ထပ်ဖြစ်ပြန်ပြီ။
ဝမ်ရှန့်ဝမ်သည် ရှန်ကျိက ဘာမှပြန်မပြောသည်ကို မြင်လိုက်ရသောအခါ ပိုပြီးရဲတင်းလာခဲ့သည်။ သူ့ရင်ဘတ်ထဲက ပိုက်ဆံအိတ်ထဲမှ ကြေးပြားတစ်တန်းကို ထုတ်ကာ ကြိုးကို ကိုက်ဖြတ်လိုက်ပြီး ကြေးပြားအများအပြားကို ရှန်ကျိခေါင်းပေါ် သွန်ချလိုက်သည်။
"မင်း ပိုက်ဆံကြိုက်တယ်မလား။ ငါ နည်းနည်းပိုပေးလိုက်မယ်၊ ဘယ်လိုလဲ။ ငါ့ဆီမှာ အများကြီးရှိတယ်"
ရှန်ကျိက ကြမ်းပြင်ပေါ် ပြန့်ကျဲနေသော ကြေးပြားများကို ကြည့်ရင်း စိတ်ဝင်စားသွားမိသည်။
ထို့ကြောင့် ပိုပြီး ငြိမ်နေလိုက်၏။
ရှန်ကျိ ပြန်မခုခံသည်ကို တွေ့သောအခါ ဝမ်ရှန့်ဝမ် ပိုပြီး မောက်မာလာကာ ခြေထောက်ဖြင့် ရွှံ့မီးဖိုကို ကန်လိုက်ပြီး ကျိုးပဲ့သွားသော မီးဖိုပေါ်တွင် ဒေါသတကြီး နင်းချေလေသည်။
"ရောင်းဦးလေ။ ရောင်းဦးလေကွာ"
မငြိမ်းသေးသော မီးသွေးများ ကြမ်းပြင်ပေါ် လိမ့်ကျသွားပြီး ပေါင်းပင်များကို လောင်ကျွမ်းစေကာ တရှဲရှဲ မြည်သံ ထွက်ပေါ်လာ၏။
မုန့်ဟုန်ဟော်သည် မြေအိုးကို ပွေ့ပိုက်ကာ တိုင်နောက်တွင် ပုန်းနေလေသည်။ သူသည် စိတ်ပူသလို ကြောက်လန့်နေပြီး မျက်မှန်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် အရှေ့သို့ တိုးမလာရဲပေ။
ရှန်ကျိသည် မုန့်ဟုန်ဟော်က ပူလောင်နေသော ပုရွက်ဆိတ်ကဲ့သို့ ဖြစ်နေသည်ကို အဝေးမှ လှမ်းမြင်လိုက်ရသဖြင့် မလာခဲ့ရန် ခေါင်းခါပြလိုက်သည်။
မုန့်ဟုန်ဟော်က အသက်ဘယ်လောက်ရှိသေးလို့လဲ။ ရှန်းအာထက် နည်းနည်းလေးပဲ ကြီးတာ။ သူ ပုန်းနေတာပဲ ကောင်းပါတယ်။ မဟုတ်ရင် တော်ကြာ ရန်ဖြစ်တဲ့အခါ သူပါ ထိခိုက်နေဦးမယ်။
ဝမ်ရှန့်ဝမ်ကို ကြည့်ရင်း ရှန်ကျိ အသက်ပြင်းပြင်း ရှူလိုက်၏။ အစ်မက ပြောဖူးတယ်၊ ခဏလောက် သည်းခံလိုက်ရင် ပိုပြီး ဒေါသထွက်ရတယ်၊ တစ်လှမ်းဆုတ်လိုက်ရင် ပိုပြီး နစ်နာရတယ်တဲ့။
ဒီကောင်စုတ်က ငါ့မီးဖိုကို ဖျက်ဆီးပစ်တာ၊ ငါ တကယ် ဒေါသထွက်လာပြီ။
ရှန်ကျိ စိတ်ပိုင်းဖြတ်ပြီး မီးညှပ်ကို မြှောက်လိုက်စဉ် ဝါးရွက်များ ပါသေးသော ဝါးတစ်ချောင်းသည် ဝမ်ရှန့်ဝမ်၏ နောက်စေ့သို့ ရုတ်တရက် ရောက်လာပြီး လည်ပင်းကို ရိုက်ချလိုက်လေသည်။
ဝမ်ရှန့်ဝမ် နာကျင်လွန်းသဖြင့် ခုန်လိုက်ပြီး လည်ပင်းကို အုပ်ကာ လှည့်အော်လိုက်သည်။
"ဘယ်ကောင်လဲ။ ဘယ်ကောင်က မင်းအဘိုးကို ရိုက်ရဲတာလဲ"
"မြေးလိမ္မာလေး၊ ရိုက်တာ မင်းကိုပဲ"
ရှင်းလင်းပြတ်သားပြီး အေးစက်သော အသံဖြင့် ရယ်စရာပြောလိုက်ပြီး သူ့လက်မောင်းကို ပြင်းပြင်းထန်ထန် ထပ်ရိုက်လိုက်ပြန်သည်။
ဝမ်ရှန့်ဝမ် အော်ဟစ်ပြီး ခုန်လိုက်သည်။
ထိုဝါးချောင်းသေးသေးလေးသည် လမ်းဘေးမှ ခူးလာခြင်း ဖြစ်ပုံရပြီး ဝါးရွက်များပင် မခြွေရသေးပေ။ ဤဝါးချောင်းမျိုးသည် ကြည့်ရတာ သေးသွယ်သော်လည်း ရိုက်လိုက်လျှင် အလွန်နာကျင်သည်။
ဝမ်ရှန့်ဝမ်သည် ရိုက်နှက်ခံရသဖြင့် ခုန်ဆွခုန်ဆွ ဖြစ်နေပြီး ပါးစပ်မှလည်း ဆဲဆိုနေသဖြင့် ပိုမိုပြင်းထန်စွာ အရိုက်ခံရလေသည်။
"ငါ့ဦးလေးက ဘယ်သူလဲဆိုတာ မင်းသိလား။ မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့"
ဝမ်ရှန့်ဝမ်က လက်သီးဖြင့် ထိုးလိုက်သော်လည်း ထိုလူက အလွယ်တကူ ရှောင်တိမ်းလိုက်ပြီး လက်ကောက်ဝတ် အနုဆုံးနေရာကို ပြန်လည်ရိုက်နှက်လိုက်ရာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။ အော်သံမဆုံးခင် ခြေထောက်ဖြင့် အကန်ခံရပြီး ကြမ်းပြင်ပေါ် လဲကျသွားကာ အော်သံမှာ ညည်းတွားသံအဖြစ် ပြောင်းလဲသွားသည်။
"ဝူး... ဝူး... ဦးလေးရေ၊ လူတစ်ယောက်က ကျွန်တော့်ကို ရိုက်နေတယ်..."
သူသည် ကျောပေါ်တွင် ခြေထောက်ဖြင့် နင်းခံထားရသဖြင့် လှုပ်၍မရတော့ဘဲ ဦးလေးဖြစ်သူ၏ နာမည်ကို အော်ခေါ်နေရသည်။
သို့သော် ထိုလူက သူ့ကို ငုံ့ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
"အဆောင်မှူးဝမ်က မင်းကို ကျောင်းသွင်းပေးတာ အတန်းဖော်တွေကို အနိုင်ကျင့်ဖို့ မဟုတ်ဘူး။ နောက်တစ်ခါ ထပ်တွေ့ရင်တော့..."
ထိုလူလက်ထဲမှ ဝါးချောင်းသည် လေထဲတွင် ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော လေတိုးသံ ထွက်ပေါ်လာပြီး မဆုံးသေးသော စကားလုံးများသည်လည်း အေးစက်သွားသည်။
ဝမ်ရှန့်ဝမ်၏ နောက်လိုက်နှစ်ယောက်သည် တုန်လှုပ်ချောက်ချားစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ဖက်ကာ ဘေးသို့ ရှောင်နေကြသည်။ သူတို့ ထိုလူ ဘယ်သူလဲဆိုတာ မှတ်မိသွားပြီ။ ဒီလူက အဆောင် (၁) က ကျောင်းသားပဲ။ ဒီနှစ် စာမေးပွဲမှာ ပထမရတဲ့သူ မဟုတ်ဘူးလား။
သူက... သူက ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းက ဆင်းသက်လာပုံရတယ်။ ဒီလိုလူမျိုးက ရှန်ကျိလို အိမ်မွဲသမားမျိုး မဟုတ်ဘူး၊ ရန်သွားစလို့ မဖြစ်ဘူး။
သုံးယောက်သား ငိုယိုပြီး ထွက်ပြေးသွားမှ ရှဲ့ချီမျက်နှာပေါ်ရှိ နှင်းခဲရိုက်ထားသကဲ့သို့ အေးစက်မှု ပျောက်ကွယ်သွားသည်။
ရှန်ကျိသည် မီးညှပ်ကို ကိုင်ထားလျက်သားဖြင့် ရှဲ့ချီ လှည့်လာသည်ကို ကြောင်ငေးကြည့်နေမိသည်။
သစ်ပင်အရိပ်များကြားမှ ဖြတ်သန်းလာသော နေရောင်ခြည်သည် သူ့၏ နူးညံ့သိမ်မွေ့ပြီး အပြုံးရိပ်သမ်းနေသော မျက်နှာပေါ်တွင် ဖြာကျနေသည်။ သူ့မျက်နှာသည် ပုံမှန်အတိုင်း တည်ငြိမ်အေးဆေးနေပြီး နင်းချေခံထားရသော ရွှံ့မီးဖိုကို ထူပေးရင်း ဝမ်းနည်းပက်လက် သက်ပြင်းချလိုက်သည်။
"နှမြောစရာပဲ၊ ဒီမီးဖိုက မင်းအစ်မ အသစ်ဝယ်ပေးထားတာလေ"
ရှန်ကျိတစ်ယောက် သတိပြန်ဝင်လာသည်။
"ကျိုကော၊ ကျိုကော ဘယ်လိုလုပ် ရောက်လာတာလဲ"
မေးပြီးမှ ကိုယ့်ဘာသာ ပြန်စဉ်းစားမိသည်။
"ဒီနေ့ အထက်တန်းကျောင်းသားတွေ ကျောင်းဖွင့်တာပဲ၊ ကျွန်တော် မေ့သွားတယ်"
"မင်းအစ်မက ဘုရားပူဇော်မုန့် လုပ်ထားတယ်၊ ငါ့ကို မင်းဆီ ယူသွားပေးပါလို့ မှာလိုက်တယ်"
ရှဲ့ချီက ပြုံးပြီး ကျန်လက်တစ်ဖက်ကို မြှောက်လိုက်သည်။ သူ့လက်ချောင်းများတွင် ဆီစိမ်စက္ကူဖြင့် ထုပ်ပိုးထားသော မုန့်ထုပ်ကို ချည်နှောင်ထားသည့် ကြိုးများ ရစ်ပတ်ထားပြီး လေးထောင့်စပ်စပ် မုန့်ထုပ်လေးမှာ အကောင်းပကတိ ရှိနေသေးသည်။
"ဒီမုန့်ကို အိမ်ကလူတွေ အားလုံး စားပြီးကြပြီ၊ မင်းပဲ ကျန်တော့တာ"
ရှန်ကျိက မုန့်ထုပ်ကို ယူလိုက်မှ ခုနက သူ လက်တစ်ဖက်တည်းနှင့် ဝမ်ရှန့်ဝမ်ကို ဆုံးမလိုက်သည်ကို သတိရသွားသည်။ ခဏကြာမှ အစ်မဖြစ်သူကို သတိရပြီး စိတ်မကောင်း ဖြစ်သွားသည်။
"မီးဖို ပျက်သွားပြီ၊ အစ်မကို ဒုက္ခပေးမိပြီ"
"မင်းနဲ့ မဆိုင်ပါဘူး၊ နောက်ပိုင်း အဲဒီလူက အဆောင်မှူးဝမ်ကို တိုင်ရင် ငါ့လွှဲချလိုက်၊ ငါလုပ်တာပါလို့ ပြောလိုက်"
ရှဲ့ချီက နူးညံ့သိမ်မွေ့စွာဖြင့် သူ့အဝတ်အစားပေါ်မှ မီးသွေးမှုန့်များကို ခါပေးပြီး မတ်တပ်ရပ်လိုက်သည်။
"မီးဖိုလည်း ကိစ္စမရှိပါဘူး၊ ဒီကြမ်းပြင်ပေါ်က ပိုက်ဆံတွေနဲ့ အသစ်တစ်ခု ဝယ်လိုက်ရင် ပြီးတာပဲ"
ရှန်ကျိလည်း ရယ်လိုက်မိတော့သည်။ သာမန် ဂုဏ်သိက္ခာရှိသော ကျောင်းသားတစ်ယောက်ဆိုလျှင် ငွေကြေးဖြင့် အပေါက်ခံရပါက ဒေါသထွက်နေလောက်ပြီ။ ကျိုကော တစ်ယောက်တည်းသာ အသုံးဝင်တယ်ဟု ပြောထွက်ခြင်း ဖြစ်သည်။
"မုန့်ပို့ပြီးပြီဆိုတော့ ငါ ပြန်တော့မယ်"
ရှဲ့ချီက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူလည်း ကျောင်းကို အခုမှ ရောက်ခြင်းဖြစ်ပြီး ဆရာကြီးဖုန်းကို သွားမနှုတ်ဆက်ရသေးပေ။
"ကျွန်တော် လိုက်ပို့မယ်"
ရှန်ကျိက အမြန်ထပြီး လိုက်ပို့ပေးသည်။ ရှဲ့ချီက လူတွေမေးရင် ဘယ်လိုဖြေရမလဲ ဆိုတာကို ထပ်မံမှာကြားလိုက်သည်။
အဆောင်အပြင်ဘက်သို့ ရောက်မှ ရှန်ကျိသည် ချိုးဟောင် တစ်ယောက် စာအုပ်သေတ္တာကို လွယ်လျက် လမ်းချိုးတွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက် ထွက်လာသည်ကို မြင်သောအခါ ချိုးဟောင်က လက်နှစ်ဖက်ယှက်ပြီး နှုတ်ဆက်လိုက်သည်။
ရှန်ကျိက ပြန်လည်နှုတ်ဆက်လိုက်ပြီး ရှဲ့ချီက သူ့ပခုံးကို ပုတ်လိုက်သည်။
"ပြန်တော့"
သူသည် ခေါင်းညိတ်ပြလိုက်ပြီး ရှဲ့ချီ လှည့်ထွက်သွားသည်ကို ကြည့်ရင်း တစ်ခုခု သတိရသွားကာ လှမ်းခေါ်လိုက်သည်။
"ကျိုကော နေပါဦး"
ရှဲ့ချီ သံသယဖြင့် ရပ်တန့်လိုက်ရာ ရှန်ကျိက သူ့အဆောင်ဘက်သို့ ပြေးဝင်သွားပြီး ခဏအကြာတွင် ပြန်ထွက်လာသည်။ လက်ထဲတွင် ခရမ်းရောင် ဆပ်ပြာခဲတစ်တုံး ကိုင်ထားပြီး ရှဲ့ချီ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် လည်ပင်းကို ညွှန်ပြကာ ပြောလိုက်သည်။
"ကျိုကော လည်ပင်းကို အကောင်ကိုက်ခံရတာမလား။ ဒီနှစ် ရာသီဥတုကလည်း ထူးဆန်းတယ်၊ ဒီလောက်စောစောစီးစီး ခြင်တွေ ထွက်နေပြီ။ ဒါ အစ်မ ပေးထားတဲ့ ခရမ်းရောင် ဆပ်ပြာခဲလေ၊ ဆေးလိုက်ရင် ယားတာ ပျောက်သွားလိမ့်မယ်။ ဒီအသစ်တစ်တုံးကို ယူသွားလိုက်၊ ကျွန်တော့်မှာ နောက်တစ်တုံး ရှိသေးတယ်"
ရှန်ကျိက ရှန်မြောင်နှင့်တူသော မျက်လုံးများဖြင့် ပြုံးပြလိုက်သည်။ ရှဲ့ချီ ကြောင်အနေသည်ကို တွေ့သောအခါ အတင်း ထိုးထည့်ပေးလိုက်သည်။
"ယူသွားပါ၊ ဒါဆို ကျွန်တော် ပြန်တော့မယ်။ ကျွန်တော် စာမကျက်ရသေးဘူး၊ သွားပြီနော်"
ပြောပြီးသည်နှင့် ပြေးထွက်သွားတော့သည်။
ရှဲ့ချီသည် လက်ထဲမှ ခရမ်းရောင် ဆပ်ပြာခဲကို တောင့်တောင့်ကြီး ငုံ့ကြည့်နေမိ၏။
လက်ထဲတွင် ဆပ်ပြာကို ကိုင်ထားသော်လည်း ခရမ်းရောင် ပန်းရနံ့ကို မရဘဲ နှာခေါင်းထဲတွင် စူးရှသော နံ့သာပေါင်းနံ့ကို ပြန်လည် ရရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
ကျဉ်းမြောင်းသော လမ်းကြားလေး၏ ထောင့်တစ်နေရာတွင် လမ်းကြားအပြင်ဘက်မှ ဘုရားပွဲတော် အသံများသည် နီးလိုက်ဝေးလိုက် ဖြစ်နေသည်။ အိမ်ခေါင်မိုးအောက်မှ နေရောင်ခြည်သည် အလင်းစက်များအဖြစ် ကြဲဖြန့်ကျရောက်လာပြီး ထိတ်လန့်နေသော သူနှင့် မော့ကြည့်ကာ ပြုံးနေသော ရှန်မြောင်တို့အပေါ်သို့ ကျရောက်နေသည်။
လက်ချောင်းနှစ်ချောင်းသည် ခါးပတ်ပေါ်ရှိ ကြံ့ချိုခါးပတ်ချိတ်ကို ဖြည်းညှင်းစွာ ချိတ်ယူလိုက်ပြီး ပါးလွှာသော အဝတ်အစားများမှတစ်ဆင့် လက်ချောင်းထိပ်များက ဝမ်းဗိုက်အောက်ပိုင်းကို ဖိကပ်ကာ သူ့ကို ဆွဲယူလိုက်သည်။
သူနှင့် ရှန်မြောင်သည် မျက်နှာချင်းဆိုင် နီးကပ်စွာ ရပ်နေကြသည်။
ရှဲ့ချီ ထိုအချိန်က ပူလောင်နေပြီး ခေါင်းမော့ထားကာ အောက်ကို မငုံ့ကြည့်ရဲဘဲ နှလုံးခုန်သံများ မြန်ဆန်လာသည်။
သူမက အခြားလက်တစ်ဖက်ကို မြှောက်လိုက်ပြီး ကြက်သွန်မြိတ်ကဲ့သို့ ဖြူဖွေးသော လက်ချောင်းထိပ်များက သူ့လည်ပင်းရိုးကို ဦးစွာ ထိတွေ့လိုက်သည်။ ထို့နောက် လက်မက လည်ပင်းအတွင်းပိုင်းရှိ ဖျော့တော့သော သွေးကြောများကို ပြင်းထန်စွာ ဖိပွတ်လိုက်သည်။
သူ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
နောက်တစ်ခဏတွင် အသက်ရှုမြန်သဖြင့် လှုပ်ရှားနေသော လည်စေ့ပေါ်တွင် နွေးထွေးစိုစွတ်သော နာကျင်မှုတစ်ခု ခံစားလိုက်ရ၏။
သွားများက လည်စေ့ကို ဖွဖွလေး ကိုက်လိုက်ခြင်း ဖြစ်သည်။
အသက်ရှုသံများ ရပ်တန့်လုနီးပါး ဖြစ်သွားသည်။
သူ မခံနိုင်တော့ဘဲ ခေါင်းငုံ့လိုက်ရာ ရှန်မြောင်၏ မည်းနက်သော ဆံပင်ထုံးနှင့် ဆံပင်ထုံးထဲမှ ကျောက်စိမ်းဆံထိုးဖြူဖြူကိုသာ မြင်လိုက်ရသည်။
သူမ၏ မျက်နှာက သူ့လည်ပင်းတွင် မြှုပ်နှံထားလေသည်။
သူ့ကျောပြင်မှာ တောင့်တင်းနေပြီး လက်နှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော်လည်း ထိုအချိန်က သူ ကြံ့ခိုင်သေးသဖြင့် အသိစိတ် အနည်းငယ် ကျန်ရှိနေကာ ကောင်းမွန်စွာ ရပ်တည်နိုင်ခဲ့သည်။
"အား..."
သူမကို အလိုအလျောက် ခေါ်လိုက်မိသော်လည်း စကားသံမဆုံးခင် မှဲ့ပေါ်သို့ လျှာဖျားလေး လာရောက်ထိတွေ့လိုက်သဖြင့် အသံတိတ်သွားရသည်။
ထိုတစ်ချက်တည်းနှင့် သူ့တစ်ကိုယ်လုံးရှိ အရိုးများ ဆီအိုးထဲ ထည့်ကြော်လိုက်သကဲ့သို့ ပျော့ခွေသွားတော့သည်။
ရှဲ့ချီတစ်ယောက် တစ်ကိုယ်လုံး ပူလောင်နေပြီး ဦးနှောက်ထဲရှိ နောက်ဆုံးကြိုးတစ်ချောင်း ပြတ်တောက်သွားသကဲ့သို့ ခံစားလိုက်ရကာ နံရံကို မှီလျက် ဖြည်းဖြည်းချင်း လျှောကျသွားတော့သည်။
သူမ ကိုက်ခဲပြီး လျှာနှင့်ရက်ထားသော နေရာသို့ တစ်ကိုယ်လုံးမှ သွေးများ စီးဆင်းသွားသကဲ့သို့ ခံစားရပြီး ခေါင်းမူးဝေကာ လည်စေ့အောက်ရှိ သွေးကြောများ တဒိတ်ဒိတ် ခုန်နေသည်ကိုပင် ခံစားနေရသည်။
နံ့သာပေါင်းနံ့ ပါဝင်သော လေပြေသည် အိမ်ခေါင်မိုးကို ကျော်ဖြတ်လာပြီး ရှန်မြောင်၏ ညစ်ကျယ်ကျယ် အပြုံးကိုလည်း သယ်ဆောင်လာလေသည်။
သူမက နောက်တစ်လှမ်းဆုတ်လိုက်ပြီး ခါးကို ကုန်းကာ လည်စေ့ပေါ်ရှိ စိုစွတ်သော သွားရာကို ကြည့်လိုက်သည်။ အပြုံးကို ထိန်းရင်း နားရွက်နားရှိ ဆံပင်များကို သပ်တင်ပေးလိုက်ကာ
"ငတုံးလေး"
"မှတ်ထား၊ ဒါမှ အနိုင်ကျင့်တာ လို့ ခေါ်တယ်"
........
စာသင်ဆောင်အပြင်ဘက်ရှိ ကျောက်လမ်းလေးပေါ်တွင် ချိုးဟောင်သည် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်နေပြီး ရှဲ့ချီ တစ်ယောက်တည်း အချိန်အကြာကြီး ငေးငိုင်နေပြီးနောက် ရုတ်တရက် မျက်နှာနီရဲကာ ယိုင်နဲ့သွားပြီး ဘေးနားရှိ ဝါးပင်ကို လှမ်းကိုင်လိုက်သည်ကို ထူးဆန်းစွာ ကြည့်နေမိသည်။
ချိုးဟောင် ခေါင်းငဲ့ပြီး စဉ်းစားနေမိသည်။
ဘာဖြစ်တာလဲ။
နွေဦးရာသီမှာလည်း အပူရှပ်တတ်သလား။
.....
နန်းတော်အတွင်း ဖူနဉ်ဆောင်တွင် ကျောက်ပေါ်ယွင်သည် ပန်းကန်လုံးသေးတစ်လုံးလောက် ရှိသော ငါးဖယ်လုံးနှင့် ပန်းကန်လုံးထဲရှိ အလွန်တုတ်သော ခေါက်ဆွဲများကို စူးစမ်းစွာ ကြည့်နေ၏။
"ဒါက ရှန်ကျိဆိုင်က အသစ်လုပ်တဲ့ ခေါက်ဆွဲပြုတ်လေ၊ ကျွန်တော်မျိုး အနံ့မွှေးလွန်းလို့ ဝယ်လာခဲ့တာ"
လျန်ချန်က ကျောက်ပေါ်ယွင်၏ လက်နားသို့ တိုးပေးလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"အရှင်မင်းကြီး သွားကိုက်နေတာ မဟုတ်လား။ သမားတော်ကြီးက အပူကန်လို့ ပြောတယ်လေ၊ အစာကြေလွယ်တာလေး စားပြီး ကင်ထားတဲ့ ဘဲသားကို ရက်နည်းနည်းလောက် ရှောင်လိုက်ပါလား"
ရှန်ကျိဆိုင်တွင် ဒီနေ့ ရှန်ညန်ဇီ မရှိသော်လည်း သူမ၏ အလုပ်သမားက ငါးခေါက်ဆွဲနှင့် ငါးဖယ်လုံးကို ရှန်ညန်ဇီ ကိုယ်တိုင် လုပ်ထားတာပါဟု ပြောသည်။ ဖူရှင်းဟု ခေါ်သော အလုပ်သမားကလည်း သွက်လက်ချက်ချာသည်။ သူက ငါးခေါက်ဆွဲကို ပြုတ်ပြီး ပန်းကန်ထဲ ထည့်ကာ ဟင်းရည်ပူပူကို ဝါးကျည်တောက်ထဲ သီးသန့် ထည့်ပေးသည်။ ငါးဖယ်လုံးကိုလည်း ပြုတ်ပြီး သပ်သပ် ထည့်ပေးသည်။
အိမ်ရောက်မှ ခေါက်ဆွဲ၊ ဟင်းရည်နှင့် ငါးဖယ်လုံးကို ရောထည့်လိုက်လျှင် ခေါက်ဆွဲ ပွမသွားဘဲ အရသာ ရှိနေမည်ဟု မှာလိုက်သေးသည်။
နန်းတော်နှင့် ရှန်ကျိဆိုင်က သိပ်မဝေးသဖြင့် လျန်ချန်က စဉ်းစားပြီး ဝယ်လာခဲ့ခြင်း ဖြစ်သည်။ အရှင်မင်းကြီး သွားကိုက်နေကတည်းက ဘာစားစား အရသာ မရှိဖြစ်နေသည် မဟုတ်ပါလား။
မည်းနက်ပြီး ဖော်ရွေသော မျက်နှာကြီးမှာ ပိန်သွားသလိုပင် ထင်ရသည်။
လျန်ချန်တွင် သားသမီး မရှိ၊ ပုံမှန် မိသားစုလည်း မရှိပေ။ သူသည် ဘဝတစ်ဝက်ကို နတ်ရွာစံဘုရင်အား ပြုစုရင်း ကုန်ဆုံးခဲ့ပြီး ကျန်တစ်ဝက်ကို ကျောက်ပေါ်ယွင်အား ပြုစုရင်း ကုန်ဆုံးနေသည်။ ထုတ်မပြောသော်လည်း သူသည် ကျောက်ပေါ်ယွင်အား သားသမီးအရင်းကဲ့သို့ ချစ်ခင်စောင့်ရှောက်လေသည်။
ထို့ကြောင့် ကျောက်ပေါ်ယွင် သွားကိုက်ပြီး အစားအသောက်ပျက်နေသည်ကို တွေ့ရသောအခါ စိတ်ပူမိသည်။ လျန်ချန်က ကျောက်ပေါ်ယွင်ကို သနားစဖွယ် ကြည့်လိုက်သည်။ အရှင်မင်းကြီး အနည်းဆုံး ၂ လျန်လောက် ပိန်သွားပြီ။ ကြည့်ပါဦး၊ သူ့ပါးဖောင်းဖောင်းလေးတွေတောင် မလှုပ်နိုင်တော့ဘူး။
လျန်ချန်က ဘဲကင် ရှောင်ခိုင်းသည်ကို ကြားသောအခါ ကျောက်ပေါ်ယွင်က မည်းနက်သော လက်ဖြင့် ရောင်ရမ်းနေသော ပါးကို အုပ်လိုက်ပြီး စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။
"ဘဲကင် မစားရရင် ငါ့ဘဝက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ"
သူသည် ခေါင်းငုံ့ပြီး မွှေးကြိုင်သော "ငါးဖယ်လုံး ခေါက်ဆွဲပြုတ်" ကို ကြည့်လိုက်သော်လည်း စိတ်မပါပေ။ တူကို ကိုင်လိုက်ပြီး ညည်းတွားလိုက်သည်။
"ငါးဖယ်လုံးက ညှီတယ်၊ ဒါကို စားရမယ့်အစား ဆန်ပြုတ်ပဲ သောက်လိုက်ချင်တော့တယ်..."
သို့သော် လျန်ကုန်းကုန်းက သူ့ကျန်းမာရေးကို စိုးရိမ်ပြီး အပြင်ကနေ သက်သက် ဝယ်လာပေးတာကို တွေးမိပြီး ငါးဖယ်လုံးကို ယူကာ အားနာပါးနာ ကိုက်လိုက်သည်။
"ဟင်"
ငါးဖယ်လုံး အခွံကို ကိုက်လိုက်သည်နှင့် လျှာဖျားပေါ်တွင် နူးညံ့ပြီး ချိုမြိန်သော အသားအရသာကို ခံစားလိုက်ရသည်။ အပြင်သားက ချောမွတ်ပြီး အတွင်းသားက တင်းရင်းနေကာ ငှက်လျှာကဲ့သို့ ခုန်ပေါက်နေသလိုပင်။
"ဟင်"
...
အပိုင်း (၁၆၈) ငါးဖယ်လုံးနှင့် ခေါက်ဆွဲအလတ်
အရှင်မင်းကြီး နည်းတူ ငါးဖယ်လုံး၏ ထူးကဲသော အရသာကို စွဲလမ်းသွားကြသူများမှာ စာသင်ကျောင်းသို့ မပြန်ချင်ပြန်ချင် ပြန်ရောက်လာကြသော နဉ်ယီ တို့တစ်သိုက်ပင်။
ကျုံးကူမျှော်စင်ပေါ်မှ ညနေခင်းစည်သံ တိတ်ဆိတ်သွားသည်နှင့် ဖိယုံးစာသင်ကျောင်းမှ ကျောင်းဆင်းချိန် ကြေးလောင်းသံကို စည်တီးသည့် အဘိုးအိုက တီးခတ်လိုက်လေသည်။
ဒီနေ့သည် နွေဦးရာသီ ကျောင်းပိတ်ရက်ပြီးနောက် ပထမဆုံး ကျောင်းပြန်တက်ရသည့်နေ့ ဖြစ်သဖြင့် လူအများစုမှာ စိတ်မပါကြချေ။ စာချဆရာကြီးဖုန်း သည်ပင် လောင်းသံကြားသည်နှင့် စာအုပ်ကို ဂျိုင်းကြားညှပ်ကာ လစ်ပြေးတော့သည်။
ရှဲ့ချီ သည် လက်ထဲရှိ 《ကျုံးယုံးကျမ်း》 ကို ပိတ်လိုက်၏။ စာသင်ဆောင်အပြင်ဘက်တွင် အခြားစာသင်ခန်းမှ ကျောင်းသားများ ထွက်လာကြပြီး သုံးယောက်တစ်တွဲ၊ နှစ်ယောက်တစ်တွဲဖြင့် ရယ်မောပြောဆိုကာ သူ့ပြတင်းပေါက်ရှေ့မှ ဖြတ်သွားကြသည်။ စာသင်ကျောင်းမှ ကျောင်းသားများသည် နွေဦးရာသီတွင် တူညီသော အပြာရောင်ဝတ်စုံကို ဝတ်ဆင်ကြပြီး ခေါင်းပေါ်တွင် ပိတ်ပါးစ ခေါင်းပေါင်း ပေါင်းထားကြရာ လမ်းလျှောက်လိုက်တိုင်း အဝတ်အစားများ လေတွင် လွင့်ပျံနေသည်မှာ တိမ်တိုက်ပြာများ ရွေ့လျားနေသကဲ့သို့ ကျက်သရေရှိလှသည်။
ရှန်အန်းက ခရမ်းရောင်စုတ်တံကို ကြိမ်စာအုပ်သေတ္တာထဲသို့ ထည့်လိုက်စဉ် ဘေးနားမှ နဉ်ယီ က စာအုပ်များကို သူ့စာသင်သားအကူ ရင်ခွင်ထဲသို့ ကမူးရှူးထိုး ထိုးထည့်လိုက်ပြီး သေချာ မှာကြားနေသည်ကို ကြားလိုက်ရသည်။
"တင်းရှန့်တံခါးအပြင်ဘက်က ကျိချိုင်ကော်ကြော် သွားဝယ်ချေ၊ အခုကြော်ထားတာပဲ လိုချင်တယ်၊ ဆိုင်ရှင်ကို နည်းနည်းကျွမ်းအောင် ကြော်ခိုင်းနော်၊ ဒါမှ ပိုမွှေးမှာ"
စာသင်သားအကူက စာအုပ်သေတ္တာကို ပွေ့ပိုက်လျက် တည်ငြိမ်စွာ ပြောလိုက်သည်။
"သခင်လေး မမှတ်မိဘူးလား။ နှစ်သစ်ကူးပြီးတာနဲ့ တင်းရှန့်တံခါးအပြင်ဘက်မှာ ဈေးဆိုင်ခင်းခွင့် မရှိတော့ဘူးလေ၊ အဲဒီမှာ စစ်တပ်ရိက္ခာဂိုဒေါင် ဆောက်မယ်တဲ့၊ နောက်ဆို စစ်ရိက္ခာသယ်တဲ့ သင်္ဘောတွေ အကုန်လုံး အဲဒီမှာပဲ ရပ်နားတော့မှာ၊ ကော်ပြန့်လိပ်ကြော်တဲ့ အဘိုးကြီး ဘယ်ပြောင်းသွားလဲဆိုတာ ဘယ်သူမှ မသိကြတော့ဘူး"
နဉ်ယီတစ်ယောက် မျက်နှာ ပျက်သွားပြီး ထိတ်လန့်တကြားဖြင့် ရှန်အန်း လက်ကို ဆွဲကိုင်လိုက်သည်။
"သွားပါပြီ ရှန်ကော ရာ၊ ဒါဆို ကျွန်တော် ဒီနေ့ ကျွေးမွေးဆောင်က ဝက်စာကိုပဲ သွားစားရတော့မှာလား"
သူ စာသင်ကျောင်းကို ရောက်သည့် ပထမဆုံးနေ့မှာတင် ကျွေးမွေးဆောင်က ဒုက္ခကို ခံစားရတော့မည်တဲ့လား။
"ဒီလောက်လည်း မဆိုးပါဘူးကွာ၊ မင်း မငြင်းဘူးဆိုရင် ငါ့အမေ လုပ်ပေးလိုက်တဲ့ နှစ်သစ်ကူး ကောက်ညှင်းမုန့် ပါတယ်"
ရှန်အန်း က သနားသဖြင့် သူ့လက်ဖမိုးကို ပုတ်ပေးလိုက်သည်။
"ခဏနေကျရင် မင်းကို နည်းနည်း ခွဲပေးမယ်။ ငါ့အမေ မနှစ်ကတည်းက သိပ်ထားတဲ့ ကွေ့ဟွားယို လည်း ယူလာတယ်၊ ကောက်ညှင်းမုန့်နဲ့ တို့စားရင် အရမ်းမွှေးပြီး ချိုတယ်ကွ"
"ကောက်ညှင်းမုန့်အကြောင်း မပြောပါနဲ့တော့ကွာ"
နဉ်ယီ၏ မျက်နှာသည် ပြာနှမ်းသွားပြီး တုန်ရီစွာ ပြောလိုက်သည်။
"နှစ်သစ်ကူးတုန်းက ငါ့အိမ်မှာ နေ့တိုင်း ကောက်ညှင်းမုန့် ပေါင်းတယ်၊ စားရလွန်းလို့ ငါ့တစ်ကိုယ်လုံးတောင် ကောက်ညှင်းမုန့် ဖြစ်တော့မယ်"
ရှန်အန်းက ပခုံးတွန့်လိုက်ကာ "ဒါဆိုလည်း မတတ်နိုင်တော့ဘူး"
"မင်းတို့ ဘာလို့ ဒီမှာ ရှိနေသေးတာလဲ"
မုန့်စန်း သည် ရုတ်တရက် ငါးပုပ်နံ့ တထောင်းထောင်းဖြင့် ပြတင်းပေါက်မှ ခေါင်းပြူဝင်လာသည်။
"ငါ့အမေက ငါ့ကို ငါးပိသိပ်အိုး တစ်သေတ္တာ ထည့်ပေးလိုက်တယ်၊ မင်းတို့ကို အိုးနည်းနည်းလောက် ခွဲပေးရမလား။ ငါတစ်ယောက်တည်း ဘယ်လိုမှ မကုန်နိုင်ဘူး၊ အိပ်မက်ထဲမှာတောင် ငါးပိအိုးထဲ ရောက်နေသလိုပဲ"
နဉ်ယီက နှာခေါင်းပိတ်လိုက်သည်။
"ကျေးဇူးပါပဲကွာ၊ မင်း... မင်းဘာသာပဲ စားပါတော့"
မုန့်စန်း ၏ မိခင် လက်ရာသည် အလွန်ထူးဆန်းသည်။ ငါးပုပ်၊ ကြက်ဥပုပ်၊ ကျောက်ဖရုံသီးပုပ် တို့ကို သိမ်းဆည်းရသည်ကို အလွန်နှစ်သက်သည်။ ကြက်ဥနှင့် ကျောက်ဖရုံသီးက တော်သေးသော်လည်း ငါးပုပ်ကတော့ အလွန်နံစော်လေသည်။
မုန့်စန်း ပြောပြချက်အရ သူ့အမေ ငါးသိပ်လျှင် ငါးခေါင်းနှင့် ကလီစာများကို ဖယ်ထုတ်ပြီး ဆားကြမ်းဖြင့် ပွတ်ကာ ဆားရည်အိုးထဲ ထည့်သိပ်လိုက်သည်။ ဆားရည် ပျစ်ချွဲလာပြီး အမြှုပ်များ ထွက်လာကာ အိုးဖုံးဖွင့်လိုက်သည်နှင့် တစ်ခန်းလုံးရှိ လူများကို မူးမေ့လဲသွားစေနိုင်သည့် အချိန်ရောက်မှ စားလို့ရပြီဟု သတ်မှတ်သည် ဆို၏။
မုန့်စန်း က အနံ့နံပေမယ့် စားရင် မွှေးတယ်ဟု အမြဲပြောတတ်သည်။ နဉ်ယီ သည် သူ့စကားကို ယုံပြီး တစ်ခါ မြည်းစမ်းကြည့်ဖူးသည်။ ထိုနေ့က သည်းခြေရည်များ အန်ထွက်မတတ် ဖြစ်ခဲ့ရပြီး ဗိုက်ထဲတွင် ဘာမှမရှိတော့သည့်တိုင် ပျို့အန်နေဆဲ ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် ခေါင်းမူးပြီး ကြမ်းပြင်ပေါ် လဲကျသွားရာ မျက်လုံးမှိတ်လိုက်ချိန်တွင် ကွယ်လွန်သွားပြီဖြစ်သော အဘွားကိုပင် ဝိုးတဝါး မြင်ယောင်လိုက်မိသေးသည်။
"ရှန်ကော၊ ရှဲ့ကျို၊ မင်းတို့ရော..."
မုန့်စန်း က အခြားနှစ်ယောက်ဘက်သို့ လှည့်မေးလိုက်သည်။
"မလိုတော့ပါဘူး၊ ကျေးဇူးပဲ"
ရှန်အန်း ကလည်း ချက်ချင်း ငြင်းလိုက်သည်။
ရှဲ့ချီ က ပြုံးပြီး ခေါင်းခါလိုက်သည်။
"ရှန်ညန်ဇီ က ငါ့အတွက် စားစရာတွေ အများကြီး ပြင်ပေးလိုက်တယ်၊ ငါလည်း မလိုတော့ပါဘူး"
ရှန်ညန်ဇီ ဟုတ်လား။
နဉ်ယီ၏ နားရွက်များ လှုပ်သွားပြီး ချက်ချင်း လှည့်လာကာ လက်နှစ်ဖက်ဖြင့် ရှဲ့ချီ ၏ ပခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
"မင်း ဘာလို့ အခုမှ ပြောတာလဲ။ ရှန်ညန်ဇီ က မင်းအတွက် ဘာတွေ ထည့်ပေးလိုက်တာလဲ။ မြန်မြန်ပြောစမ်း"
ရှဲ့ချီက မျက်တောင်ခတ်ပြီး အနည်းငယ် စဉ်းစားကာ လက်ချောင်းများ ထောင်၍ ဟင်းစာရင်း ရွတ်ပြလိုက်သည်။
"အမြည်းအနေနဲ့က မျှစ်ချဉ်စပ်၊ မုန်ညင်းဖြူသနပ်၊ မုန်ညင်းရွက်ချို၊ အသားဟင်းအနေနဲ့ ဝက်လက်၊ ကြက်တောင်ပံ၊ ဘဲခြေထောက်၊ ဘဲလည်ပင်း၊ ဝက်သုံးထပ်သား၊ ပဲပြား၊ ကြက်ဥ၊ အစာပြေအနေနဲ့က ငါးခေါက်ဆွဲ၊ ဟင်းနုနွယ်၊ တောင်ကန်စွန်းဥ နဲ့ နံနံပင်အရသာ အသင့်စားခေါက်ဆွဲပြုတ်တွေ၊ ပြီးတော့ ဝက်အူချောင်း၊ ဝက်သားခြောက် နဲ့ ငါးဖယ်လုံးတွေ၊ မုန့်ပဲသရေစာအနေနဲ့က ကြက်သွန်မြိတ် ဝက်သားမွ ဌာပနာမုန့် နဲ့ ကြက်ဥအလွှာမုန့်၊ အပျင်းပြေစားဖို့က သစ်ကြားသီးသကြားကပ် နဲ့ နေကြာစေ့လှော်..."
ရှဲ့ချီ ပြောလို့မဆုံးခင် နဉ်ယီ က "ဝါး" ခနဲ ထငိုပြီး မျက်ရည်များဖြင့် ရှဲ့ချီ ကို ဖက်လိုက်လေသည်။
"ရှဲ့ကျို ရာ၊ ရှန်ညန်ဇီ က ခင်ပွန်း ထပ်မလိုချင်ဘူးတဲ့လား။ ငါ မယားငယ် လုပ်ပေးမယ်လေ..."
စကားမဆုံးခင် သူ့ခေါင်းကို ရှဲ့ချီ က စာအုပ်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။
"မင်း နောက်တစ်ခါ ပေါက်ကရ ထပ်ပြောရဲရင် တစ်ခုမှ မကျွေးဘူးနော်"
ရှန်အန်း က ရယ်ချင်စိတ်ကို အောင့်ထားပြီး ခေါင်းခါလိုက်သည်။ ထို့နောက် ရှဲ့ချီ ၏ လက်မောင်းကို ပုတ်လိုက်သည်။
"ဂုဏ်ပြုပါတယ်ကွာ၊ မင်းရဲ့သတင်းကောင်းကို ငါ အိမ်မှာတုန်းက ကြားခဲ့တယ်၊ မင်း ဒီလောက်မြန်မြန် မိန်းမလှလေးကို ပိုင်ဆိုင်ရလိမ့်မယ်လို့ ထင်မထားဘူး"
မုန့်စန်းသည်လည်း အံ့ဩသလို အားကျသွားသည်။
"ဟေ... မင်း... မင်း တကယ်..."
"မုန့်စန်း က မသိသေးဘူးလား။ ရှဲ့ကျို မင်္ဂလာစကားပြောနေတဲ့ကိစ္စက အကုန် ပြန့်နေပြီလေ"
ရှန်အန်း က ပြုံးပြီး ပြောလိုက်သည်။
ရှဲ့ချီသည် ရုပ်ရည်ချောမောသည်၊ ဆွေမျိုးဂုဏ်သိန် ကြီးမားသည်၊ ပညာအရည်အချင်း ပြည့်စုံသဖြင့် အိမ်ရှင်မကြီးများက သမက်လောင်းအဖြစ် အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးသူ ဖြစ်သည်။ သူ့ကံဇာတာ မကောင်းဘူးဆိုသည့် ဟောကိန်းနှင့် ငယ်စဉ်ကတည်းက ဝမ်းကွဲနှမနှင့် စေ့စပ်ထားခြင်းသာ မရှိလျှင် ရှဲ့ချီ ၏ လက်ထပ်ပွဲသည် မိမိသဘောအတိုင်း စီစဉ်ခွင့် ရလိမ့်မည် မဟုတ်ပေ။
မနှစ်က ရှဲ့ချီ လက်ထပ်ပွဲ ပျက်သွားပြီးနောက် ရင်းနှီးသည့် မိတ်ဆွေအသိုင်းအဝိုင်းမှ ဦးကြီး၊ အဒေါ်များက အောင်သွယ်ပေးချင်ကြသော်လည်း ရှဲ့မိခင်ကြီးက စေတနာများကို ယဉ်ကျေးစွာ ငြင်းပယ်ခဲ့ပြီး မည်သူ့ကိုမျှ ကတိမပေးခဲ့ပေ။
ယခု သတင်းထွက်လာသည်မှာ ရှဲ့မိသားစုက ဒုတိယသားအတွက် မင်္ဂလာကိစ္စ စီစဉ်နေပြီး မင်္ဂလာအခမ်းအနား ခြောက်ပါးကိုပင် စတင်နေပြီ ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ရှဲ့မိသားစုနှင့် ပတ်သက်သူရော မပတ်သက်သူများကိုပါ စပ်စုချင်စိတ် ဖြစ်ပေါ်စေသည်။
အကြောင်းမှာ သူ့ဇနီးလောင်းသည် လမ်းဘေးတွင် ဈေးရောင်းသော သာမန်အရပ်သူ ဖြစ်နေပြီး မိသားစု အသိုင်းအဝိုင်း ပါလာမည့်အပြင် ဒုတိယအိမ်ထောင်ပြုမည့် အမျိုးသမီး ဖြစ်နေသောကြောင့် ဖြစ်သည်။ ဤကဲ့သို့ နောက်ခံရှိသော အမျိုးသမီးကို ဇနီးအဖြစ် ရွေးချယ်ခြင်းသည် ဆွေကြီးမျိုးကြီးများကြားတွင် ရှားပါးလှသဖြင့် သူ့မင်္ဂလာပွဲသည် ထမင်းစားရေသောက်ချိန် စကားဝိုင်းများတွင် ပြောစမှတ် ဖြစ်လာခဲ့သည်။
ရှန်အန်း ကျောင်းပြန်မလာခင် ညကပင် သူ့အမေက ခေါ်မေးသေးသည်။ ရှဲ့ချီ က ဘာကြောင့် သာမန်အရပ်သူကို ယူရသလဲ ဟု မေးရာ ရှန်အန်း က စာအုပ်သေတ္တာကို သိမ်းဆည်းရင်း ပြန်မေးလိုက်သည်။
"အမေက ဘာလို့ ကျွန်တော့်ကို လာမေးနေတာလဲ"
"မင်းနဲ့ ရှဲ့ကျိုက ရင်းနှီးတာကိုး၊ မင်းကို မေးရမှာပေါ့"
"ဒါဆိုရင်တော့ အမေလည်း သိမှာပါ၊ သားက ရှဲ့ကျိုရဲ့ သူငယ်ချင်းဆိုတော့ ရှဲ့ကျိုဘက်ကပဲ ကာပြောမှာပေါ့။ အမေ ဘာလို့ မေးနေဦးမှာလဲ"
ရှန်အန်း က ပြုံးပြီး မော့ကြည့်လိုက်သည်။
"အမေက တကယ် သိချင်တယ်ဆိုရင်တော့ ရှဲ့ကျိုက အဲဒီ ရှန်ညန်ဇီ ကို ရင်ထဲကနေ နှစ်သက်လို့ ဖြစ်မှာပါ။ လောကလူသားတွေရဲ့ အချစ်ဆိုတာ ရုပ်ရည်၊ အရည်အချင်း၊ ဆွေမျိုးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာတွေအပေါ်မှာ မူတည်ကြတယ်၊ ဒါပေမဲ့ တစ်နေ့ကျလို့ ရုပ်ရည်ညှိုးနွမ်း၊ အရည်အချင်းကုန်ခမ်း၊ ဆွေမျိုးဂုဏ်သိန်ကျဆင်း၊ စည်းစိမ်ဥစ္စာတွေ ကုန်သွားရင် အဲဒါတွေကို ကြည့်ပြီး ယူထားတဲ့ လင်မယားတွေက ကွဲသွားကြရမှာလား။ ဒါကြောင့် အမေမေးတာကို ကျွန်တော် ဘယ်လိုဖြေရမလဲ မသိဘူး၊ ဒါပေမဲ့ ရှဲ့ကျိုရဲ့ စိတ်ထားက ပြတ်သားတယ် ဆိုတာတော့ ကျွန်တော် ယုံတယ်၊ ရွှေတွေငွေတွေနဲ့ သက်သေပြစရာ မလိုပါဘူး"
ရှန့်အမေက ရယ်မောလိုက်လေသည်။
"ကောင်းပါပြီတော်၊ အမေ နားလည်ပါပြီ၊ နောက်ဆို အပြင်ကလူတွေ ရှဲ့မိသားစုကို လှောင်ပြောင်ရင် အမေ ဝင်မပါပါဘူး၊ ဟုတ်ပြီလား။ မင်းက ကိုယ်တိုင်တောင် သဘောကျတဲ့ မိန်းကလေး မရှိသေးဘဲနဲ့ တရားတွေ ဟောနေလိုက်တာ"
သို့သော် ရှေးရိုးစွဲအိမ်ကြီးအချို့ကတော့ ရှဲ့မိသားစု ရူးသွားပြီဟု ကွယ်ရာရော ရှေ့မှာပါ လှောင်ပြောင်ကြသည်။ ရှဲ့မိသားစုသည် လွန်ခဲ့သော သုံးနှစ်က ဒူးထောက်ခဲ့ရပြီးနောက် ပြန်မထနိုင်တော့ကြောင်း၊ အသက်ဆက်နိုင်ရန်အတွက် သားကြီးကို စွန့်လွှတ်ခဲ့ရပြီး ယခု ဒုတိယသား၏ အိမ်ထောင်ရေးကိုပါ ဖြစ်ကတတ်ဆန်း လုပ်လိုက်ပြီဟု ပြောဆိုကြသည်။ ကျင်းခေတ်က "ဝမ် နှင့် မာ တိုင်းပြည်ကို မျှအုပ်ချုပ်ခြင်း" အိပ်မက်ဟောင်းကို မက်နေသူများကလည်း ယခုမှစ၍ အမြင့်မြတ်ဆုံး ဖြစ်ခဲ့ဖူးသော ဝမ် နှင့် ရှဲ့ မျိုးနွယ်များ ပျောက်ကွယ်သွားပြီ၊ ဆွေကြီးမျိုးကြီး ခေတ်ကုန်သွားပြီဟု ဝမ်းနည်းပက်လက် ညည်းတွားကြလေသည်။
ရှန်အန်း ကတော့ ထိုစကားများကို နားထောင်ချင်စိတ် မရှိပေ။
လွန်ခဲ့တဲ့ နှစ် ၅၀၀ ကျော်က ကိစ္စတွေကို အခုထိ ထုတ်ပြောနေကြတုန်း။
ရယ်စရာ ကောင်းလိုက်တာ။
ရှဲ့မိသားစုသည် ထိုကောလာဟလများကြားတွင် တည်ငြိမ်စွာပင် ရှိနေပြီး မင်္ဂလာအခမ်းအနား ခြောက်ပါးကို ပြင်ဆင်နေသည်။ ရှဲ့မိသားစု၏ တင်တောင်းလက်ဆောင်များသည် အိမ်ကြီးရှင်မကို တင်တောင်းသည့် ဓလေ့ထုံးစံအတိုင်း ပြင်ဆင်ထားသည်ဟု ရှန်အန်း ကြားသိရသည်။ ရွှေငွေလက်ဝတ်ရတနာများ၊ အိမ်ခြံမြေများသာမက သင်္ဘောတစ်စင်းလုံး ငှားရမ်းကာ လင်းအန်း၊ ကျင်းလင်၊ မင်ကျိုး၊ ချွမ်ကျိုး စသည့် ဒေသများမှ ခေတ်ပေါ် နိုင်ငံခြားပစ္စည်းဆန်းများကိုပါ ဝယ်ယူစုဆောင်းနေသည်ဟု ဆိုသည်။
ပုံမှန်အားဖြင့် တင်တောင်းလက်ဆောင် ၁၂ လင်ဗန်း ဆိုလျှင် များလှပြီ ဖြစ်သော်လည်း ရှဲ့မိသားစုက ၃၆ လင်ဗန်း ပြင်ဆင်ထားပြီး ပြည့်စုံအောင် မလုပ်ရသေးဟု ဆိုသည်။
ရှန်အန်း တွေးငေးနေစဉ် နဉ်ယီ တစ်ယောက် ရှဲ့ချီ ကိုယ်ပေါ်သို့ မျောက်တစ်ကောင်လို တွယ်တက်လိုက်သည်။ သူ့ခြေထောက်နှစ်ဖက်က ရှဲ့ချီ ခါးကို ညှပ်ထားပြီး အနောက်မှ သိုင်းဖက်ကာ တရစပ် တောင်းပန်နေသည်။
"ငါ မှားသွားပါတယ်၊ ငါ မှားသွားပါတယ်၊ ငါ့ပါးစပ်က မထိန်းနိုင်လို့ပါ၊ ငါ့ဦးနှောက်က မရှိလို့ပါ၊ ငါက မင်းနဲ့ ရှန်ညန်ဇီ ကို ဘယ်လိုလုပ် လုရဲပါ့မလဲ။ ငါက မင်းတို့အဖွဲ့ထဲ ဝင်ချင်ရုံပါ... ဖီး ဖီး ဖီး၊ ရှဲ့ကျို မင်း ငါ့ကို မျက်စောင်းမထိုးနဲ့တော့၊ ငါ တကယ် နောက်မပြောတော့ဘူး၊ မင်းပြောတာ အကုန်နားထောင်မယ်။ တောင်းပန်ပါတယ် ရှဲ့ကျို ရာ၊ ဒီနေ့ ငါ့ကိုပါ ခေါ်ကျွေးပါနော်။ မင်းပြောတာ ကြားပြီး ငါ ဗိုက်ဆာလာလို့ပါ၊ ငါ ငါးဖယ်လုံးနဲ့ ငါးခေါက်ဆွဲ စားချင်တယ်၊ ဒီငါးဖယ်လုံးက တောင်ပိုင်းနည်းနဲ့ လုပ်ထားတာဆိုတော့ ပြန့်ကျင်းမြို့မှာ ရှားတယ်၊ ငါ တစ်ခါမှ မစားဖူးဘူး၊ ရှန်မိသားစုဆိုင်က အသစ်ထုတ်တာ ဖြစ်မယ်။ ချိုးဟောင် ကို အသားနဲ့ မျှစ်ချဉ်စပ် လှီးခိုင်းလိုက်ကွာ၊ စားပြီးရင် ကြက်ဥအလွှာမုန့်လေး စားမယ်၊ ဒါဆို ညစာ ပြည့်စုံသွားပြီ"
သူက ရှဲ့ချီ၏ လည်ပင်းကို မလွှတ်တမ်း ဖက်ထားပြီး ရှေ့နောက်ဘယ်ညာ လှုပ်ရမ်းနေသည်မှာ ထိုစားကောင်းသောက်ဖွယ်များ သူ့ကိုယ်ပေါ်မှ ပြုတ်ကျလာစေချင်သည့်အလား ဖြစ်နေသည်။
ရှဲ့ချီမှာ အသက်ရှုကျပ်ပြီး သေတော့မလို ဖြစ်နေတော့၏။ မူလက လည်ပင်းပေါ်ရှိ အရာကို ဖုံးကွယ်ရန်အတွက် ကျောင်းမလာခင် လည်ပင်းမြင့် ရင်စေ့အင်္ကျီကို တမင်လဲဝတ်လာပြီး ကြယ်သီးများ တင်းကျပ်စွာ တပ်ထားခဲ့ခြင်း ဖြစ်သည်။ နဉ်ယီ က လည်ပင်းကို ဖက်ပြီး လှုပ်ရမ်းနေသဖြင့် ပိုပြီး အသက်ရှုကျပ်လာကာ ဒေါသထွက်အား မရှိတော့ပေ။
"တော်ပြီ တော်ပြီ၊ သွားကြစို့"
"ရှဲ့ကျို၊ မင်းက ငါ့ရဲ့ ဒုတိယမိဘပါပဲကွာ"
နဉ်ယီတစ်ယောက် ဝမ်းသာအားရ ခုန်ဆင်းလိုက်ပြီး သူ့စာသင်သားအကူကို လှမ်းခေါ်လိုက်၏။
ရှဲ့ချီ က သူ့ကို တွန်းထုတ်လိုက်ပြီး ရွံရှာစွာ ပြောလိုက်သည်။
"မင်းလို အူကြောင်ကြောင်သားမျိုး ငါ မလိုချင်ပါဘူး"
မုန့်စန်း က ကပ်ဖားရပ်ဖားဖြင့် အနားရောက်လာပြီး နဉ်ယီ ပခုံးကို ဖက်လိုက်သည်။
"ငါတော့ လိုချင်တယ်၊ မင်း ငါ့ကို အဖေလို့ ခေါ်ရင် ငါးပိ အဝကျွေးမယ်"
"ဖီး၊ မင်း ငါ့ကို အခွင့်အရေး လာမယူနဲ့"
ရှဲ့ချီ ယူလာသော ငါးဖယ်လုံးနှင့် ငါးခေါက်ဆွဲများမှာ အစိမ်းများ ဖြစ်သည်။ ငါးခေါက်ဆွဲက အခြောက်လှန်းထားသဖြင့် အေးမြခြောက်သွေ့သောနေရာတွင် ကြာရှည် အထားခံသည်။ သို့သော် ငါးဖယ်လုံးကတော့ ချက်ချင်း ပြုတ်စားမှ ကောင်းမည် ဖြစ်သဖြင့် ရှန်မြောင် က ရှဲ့ချီ အတွက် အလုံး ၂၀ ခန့်သာ ထည့်ပေးလိုက်သည်။ သူ အဆောင်နေသူငယ်ချင်းများနှင့် မျှဝေစားသောက်မည်ကို သိသဖြင့် တစ်အိုးပြုတ်လိုက်လျှင် တစ်နပ်စာ ကုန်သွားမည့် ပမာဏပင်။
ငါးဖယ်လုံးနှင့်အတူ ကြက်သွန်ဖြူ၊ တရုတ်နံနံ၊ ကြက်ဥအစိမ်းနှင့် ကြက်သွန်မြိတ်များလည်း ပါဝင်သည်။ ထို့ပြင် ရှန်မြောင် ပြောပြသည်ကို ရှဲ့အဖေက လိုက်ရေးပေးထားသော "ငါးဖယ်လုံးနှင့် ငါးခေါက်ဆွဲ ပြုတ်နည်းလမ်းညွှန်" လည်း ပါရှိသည်။
သီးနှံပင် မခွဲခြားတတ်သော လူငယ်တစ်သိုက်သည် မီးဖိုရှေ့တွင် ထိုင်ချလိုက်ကြ၏။ ရှန်အန်း က စာရွက်ကို ကိုင်ပြီး တစ်ခွန်းချင်း ဖတ်ပြရာ ကျန်လူများက တစ်ဆင့်ချင်း လိုက်လုပ်ကြလေသည်။
"ဒါ ဦးလေးရှဲ့ လက်ရေးပဲ၊ ရေးထားတာ လှလိုက်တာ..."
ရှန်အန်း က လက်ရေးကိုပါ ခံစားနေသေးသည်။
နဉ်ယီ က ငါးဖယ်လုံးကို ကိုင်ထားရင်း မျက်လုံးလှန်ကြည့်ကာ သူ့ကို ပုတ်လိုက်၏။
"စာလုံးပဲ ကြည့်မနေနဲ့၊ ဘယ်လိုလုပ်ရမလဲ ဆိုတာ ပြောဦး"
"အခွံခရမ်းရောင် ကြက်သွန်ဖြူဥတစ်လုံးကို ယူ၊ အမှုန့်ဖြစ်အောင် ထောင်း၊ ပြီးရင် ဒယ်အိုးထဲထည့် လှော်..."
"လူလို ပြောစမ်းပါကွာ"
"ကြက်သွန်ဖြူ ဆီသတ်ရမယ်"
နဉ်ယီ က စာသင်သားအကူ လှီးပေးထားသော ကြက်သွန်ဖြူများကို ယူပြီး ဆီပူအိုးထဲ ပစ်ထည့်လိုက်သည်။ ဆီများ ချက်ချင်း စင်ထွက်လာသဖြင့် လူစုကွဲသွားကြပြီး အဝေးကနေ ယောက်မနှင့် လှမ်းမွှေကြသည်။ သို့သော် ခဏအကြာတွင် ကြက်သွန်ဖြူများ မည်းတူးကာ အိုးကပ်ကုန်ကြသည်။
"ပြီးပြီ၊ ပြီးပြီ၊ တူးကုန်ပြီ ဘယ်လိုလုပ်မလဲ"
"အိုးသစ် ပြန်တည်လိုက်ရအောင်"
"မဖြစ်တော့ဘူး၊ ကြက်သွန်ဖြူ မထည့်တော့ဘဲ နေလိုက်ရအောင်၊ နောက်ထပ် ဘာလုပ်ရဦးမလဲ"
"ကြက်ဥကြော်ရမယ်"
နဉ်ယီ က မျှော်လင့်ချက်ဖျော့တော့စွာဖြင့် ကျန်လူများကို ဝေ့ကြည့်လိုက်သည်။
"ဘယ်သူ လုပ်တတ်လဲ"
ရှန်အန်း က ချောင်းဟန့်လိုက်ပြီး မုန့်စန်း က ရှက်ပြုံး ပြုံးနေသည်။
ရှဲ့ချီ လည်း တိတ်ဆိတ်နေပြီးနောက် ချိုးဟောင် ဘက်သို့ ခေါင်းလှည့်ကာ ပြောလိုက်သည်။
"ကျောင်းသားသစ်ဆောင်ကို သွားပြီး ကျိအာ ကို သွားခေါ်ချေ"
ရှန်ကျိ ရောက်လာပြီး စာရွက်ကို ကြည့်လိုက်သည်နှင့် ချက်ချင်း နားလည်သွားသည်။ သူသည် ယုံကြည်မှုရှိစွာဖြင့် မီးသွေးတစ်ဝက်ကို ဖယ်ထုတ်ကာ မီးအေးအေးဖြင့် ကြက်သွန်ဖြူဆီချက် ချက်ပြီး ပန်းကန်လုံးထဲ ထည့်ထားလိုက်သည်။ ထို့နောက် မီးသွေးထပ်ထည့်ကာ မီးပြင်းပြင်းဖြင့် ကြက်ဥကြော်လေသည်။
သူသည် မြေအိုးအစွန်းတွင် လက်တစ်ဖက်တည်းဖြင့် ကြက်ဥခွံကို ခေါက်လိုက်ပြီး လက်ချောင်းနှစ်ချောင်းဖြင့် ဖျစ်လိုက်ရာ အနှစ်ပါသော ကြက်ဥရည်သည် အိုးထဲသို့ ချောမွေ့စွာ ကျဆင်းသွားသည်။ ထို့နောက် ကြက်ဥခွံကို အမှိုက်ပုံးထဲ ပစ်ထည့်ကာ နောက်တစ်လုံး ထပ်ခေါက်လိုက်သည်။
ကျွမ်းကျင်ပြီး သွက်လက်သော လှုပ်ရှားမှုများကို ကြည့်ရင်း နဉ်ယီ မျက်လုံးမှာ ပြူးသွားတော့သည်။ သူက တစ်ခါတည်း ကြက်ဥသုံးလုံး ကြော်လိုက်သေးသည်။ ကြော်ထားသော ကြက်ဥများမှာ အနားသားများ ရွှေညိုရောင်သန်းနေပြီး အလယ်တွင် အနှစ်မကျက်တကျက်ဖြင့် အလွန်မွှေးကြိုင်လှပေသည်။
...