← Chapters

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အပိုင်း (၁၆၉)

ရေနွေးပူပူကို ထည့်လိုက်ပြီး ကြက်ဥကြော်ထားသော အိုးထဲသို့ တိုက်ရိုက် လောင်းထည့်လိုက်ရာ မကြာမီ ပွက်ပွက်ဆူလာပြီး ဟင်းရည်သည် နို့နှစ်ရောင် ပြောင်းသွားကာ ကြက်ဥနံ့သင်းသင်းလေး မွှေးပျံ့လာလေသည်။

ထို့နောက် သူသည် ငါးဖယ်လုံးနှင့် ငါးခေါက်ဆွဲများကို ယူလိုက်ပြီး ငါးဖယ်လုံးများကို အိုးထဲသို့ ဦးစွာ ထည့်လိုက်သည်။ ငါးဖယ်လုံးများ ပွလာပြီး ရေပေါ် ပေါလောပေါ်လာမှသာ ငါးခေါက်ဆွဲများကို ထည့်ပြီး ဆက်ပြုတ်သည်။ နောက်ဆုံးတွင် ဆား၊ ပဲငံပြာရည် အနည်းငယ်ထည့်ကာ တရုတ်နံနံပင်နှင့် ကြက်သွန်မြိတ်များ ဖြူးလိုက်ပြီး ကြက်သွန်ဖြူဆီချက် လောင်းထည့်လိုက်သည်။ ပန်းကန်လုံးများထဲသို့ ခွဲထည့်ပြီးနောက် ဟင်းရည်ထဲမှ ဆယ်ယူထားသော ကြက်ဥကြော်များကို ခေါက်ဆွဲပေါ်တွင် တစ်လုံးစီ တင်လိုက်ရာ ခဏအတွင်း ပြီးစီးသွားလေသည်။

မျက်စိရှေ့သို့ ရောက်လာသော ငါးဖယ်လုံး ခေါက်ဆွဲပြုတ်သည် ဟင်းရည်အရောင် ကြည်လင်နေပြီး ကြက်ဥနံ့နှင့် လတ်ဆတ်သော ငါးနံ့တို့ ပေါင်းစပ်နေကာ ငါးညှီနံ့ လုံးဝ မရချေ။ ကြီးမားဝိုင်းစက်သော ငါးဖယ်လုံးများသည် ကြက်ဥကြော်ဘေးတွင် ဝပ်ဆင်းနေပြီး တုတ်ခိုင်သော ခေါက်ဆွဲဖတ်များသည် ဟင်းရည်အောက်ခြေတွင် ခွေနေကြသည်။ ပူနွေးသော အငွေ့များ တလူလူ တက်လာသည်နှင့်အမျှ ဂျုံနံ့နှင့် ငါးနံ့တို့ မွှေးပျံ့နေလေသည်။

နဉ်ယီ ကဲ့သို့ ပြန့်ကျင်းတစ်မြို့လုံး လိုက်စားမည်ဟု သစ္စာဆိုထားသော အစားတစ်လိုင်းအတွက်မူ တူကို လှုပ်စရာမလိုဘဲ အနံ့ရှူကြည့်ရုံဖြင့် အရသာရှိမှန်း သိလိုက်ပြီ ဖြစ်သည်။

"ကျိအာ၊ မင်းက တကယ့်ကို ရှန်ညန်ဇီ ရဲ့ မောင်အရင်းပါပဲကွာ၊ ဒီလက်ရာက ရှယ်ပဲ"

နဉ်ယီ သည် ပန်းကန်လုံးကြီးကို မ ပြီး ဟင်းရည်တစ်ငုံ အရင်သောက်လိုက်ရာ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"လတ်ဆတ်လိုက်တာ"

ရှန်ကျိ က ရှက်ရှက်နှင့် ပြုံးလိုက်ပြီး "အစ်မ လုပ်ပေးလိုက်တဲ့ ငါးဖယ်လုံးနဲ့ ခေါက်ဆွဲက အစကတည်းက ကောင်းပြီးသားပါ၊ ပြီးတော့ လုပ်နည်းကိုလည်း ကြည့်လုပ်ရတာဆိုတော့လေ၊ မဟုတ်ရင် ကျွန်တော်လည်း လုပ်တတ်မှာ မဟုတ်ပါဘူး"

ငါးဖယ်လုံးနှင့် ငါးခေါက်ဆွဲသည် တကယ်ပင် ကောင်းမွန်လှသည်။

ခေါက်ဆွဲနှင့် ငါးဖယ်လုံးထဲမှ ထွက်ပေါ်လာသော ချိုမြိန်လတ်ဆတ်သည့် အရသာသည် ဟင်းရည်ကြည်ထဲသို့ စိမ့်ဝင်နေသည်။ သူသည် ခေါက်ဆွဲအလတ်စားများကို တူဖြင့် အလျင်အမြန် ညှပ်ယူပြီး ပါးစပ်ထဲသို့ တစ်လုတ်တည်း စုပ်ယူလိုက်ရာ ပါးစပ်ထဲတွင် အိစက်ညက်ညောသော ခံစားမှုကို ရရှိလိုက်သည်။ ခေါက်ဆွဲစားနေရသည်နှင့် မတူဘဲ နူးညံ့သော အသားတုံးလေးများကို စားနေရသကဲ့သို့ သွားကြားထဲတွင် ကြွပ်ရွအိစက်နေလေသည်။

ရှန်အန်း ကတော့ ပွလာသဖြင့် လက်သီးဆုပ် တစ်ဝက်ခန့် ရှိနေသော ငါးဖယ်လုံးကို ဦးစွာ စားလိုက်သည်။ သူသည် တူတစ်ချောင်းတည်းဖြင့် ထိုးယူလိုက်ပြီး ကိုက်လိုက်ရာ အတွင်းမှ အရည်များ ပန်းထွက်လာပြီး မကြာမီ ထပ်ဆင့်လွှာနေသော ချိုမြိန်လတ်ဆတ်သည့် အရသာသည် ပါးစပ်ထဲတွင် ပျံ့နှံ့သွားတော့သည်။ သူ့မှာ မရပ်တန့်နိုင်တော့ဘဲ နှစ်ကိုက် သုံးကိုက်ဖြင့် တစ်လုံးလုံးကို မျိုချလိုက်လေသည်။

ဤငါးဖယ်လုံး၏ အတွင်းသားသည် တို့ဟူးပျော့ကဲ့သို့ နူးညံ့သိမ်မွေ့သော်လည်း ကိုက်လိုက်တိုင်း သွားကို ပြန်ကန်ထွက်မတတ် အိစက်နေသေးသည်။ ဤကဲ့သို့ နူးညံ့သော်လည်း ကြွပ်ရွသော အရသာကို မည်သို့ ပြုလုပ်ထားသည်ကို မစဉ်းစားတတ်တော့ချေ။ သူ စားလေလေ ပိုမွှေးလာလေလေ ဖြစ်ပြီး ပါးစပ်တစ်ခုလုံးတွင် ငါးသား၏ ထူးခြားသော လတ်ဆတ်မှုတို့ ပြည့်နှက်နေတော့သည်။

မုန့်စန်း သည်လည်း ဤကဲ့သို့ ပြုလုပ်ပုံမျိုး တစ်ခါမျှ မစားဖူးချေ။ ပါးစပ်ကို ဟ ပြီး ငါးဖယ်လုံး တစ်ဝက်ကို ကိုက်လိုက်ကာ အရသာခံရင်း အလင်းရောင်တွင် စူးစမ်းစွာ ကြည့်လိုက်၏။ ငါးဖယ်လုံးသည် နှင်းကဲ့သို့ ဖြူဖွေးနေပြီး ဟင်းရည်ဆီများဖြင့် တောက်ပနေကာ ကိုက်လိုက်သော အတွင်းပိုင်းတွင် လေခိုပေါက်လေးများကို ဝိုးတဝါး မြင်နေရသည်။

"အထဲမှာ အပေါက်သေးသေးလေးတွေ အများကြီးပဲ"

ရှန်ကျိ သည်လည်း သဘာဝကျစွာပင် ဒီနေရာတွင်နေပြီး ငါးဖယ်လုံးနှင့် ခေါက်ဆွဲအလတ်ကို စားသောက်လေသည်။ သူသည် ကိုယ့်ဘာသာ တစ်ပန်းကန် ခပ်ထည့်လိုက်သည်။ တကယ်တော့ ဒီငါးဖယ်လုံးကို အစ်မဖြစ်သူ စလုပ်ပြီးကတည်းက ထန်အာကို အဝေးကြီးကနေ လာပို့ခိုင်းဖူးသဖြင့် သူ စားဖူးပြီးသား ဖြစ်သည်။

ထိုစဉ်က ထန်အာသည် ခြံစည်းရိုးကို ကျော်ပြီး သူ့ကို ပြုတ်နည်းသင်ပေးရင်း ဘယ်လိုလုပ်ရတယ် ဆိုတာကိုပါ အကြမ်းဖျင်း ပြောပြခဲ့သည်။ ငါးဖယ်လုံး လုပ်ရသည်မှာ မလွယ်ကူကြောင်း၊ ဒီလောက် လက်ဝင်သော အရာကို အရသာရှိအောင် လုပ်နိုင်သဖြင့် ရှန်မြောင် ၏ စိတ်ရှည်သည်းခံမှုကို ထန်အာ တစ်ယောက် တကယ် လေးစားနေမိသည်။

ထို့ကြောင့် မုန့်စန်း တစ်ယောက်တည်း ရေရွတ်နေသည်ကို ကြားသောအခါ သူက ရှင်းပြလိုက်သည်။

"ဒါက ကျွန်တော့်အစ်မ ကိုယ်တိုင် လက်နဲ့ရိုက်ပြီး လုပ်ထားတာ၊ စဉ်းတီတုံးပေါ်မှာ ငါးအသားမုန့်ကို မနားတမ်း ရိုက်ရတာ၊ အချက် ၃၀၀ လောက် ရိုက်မှ ငါးအသားက စေးပိုင်သွားပြီး ဒီလိုမျိုး စားလို့ကောင်းတဲ့ အနေအထားနဲ့ လေခိုပေါက်တွေ ရလာတာလေ။ ကျောက်ဆုံနဲ့ ထောင်းရင်တော့ တစ်မျိုးပေါ့"

မုန့်စန်းတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"အချက် ၃၀၀ တောင်။ ဒါဆို အချိန် ဘယ်လောက်တောင် ကြာမလဲ"

ရှန်ကျိက ခေါင်းခါလိုက်သည်။ သူလည်း မသိပေ။ သို့သော် လူအများကြီး အလှည့်ကျ ရိုက်ရမည်ကိုတော့ သူ သိသည်။ မဟုတ်လျှင် တစ်ယောက်တည်း လုပ်ပါက လက်ကျိုးသွားလောက်သည်။

"နာရီဝက်လောက် ကြာတယ်"

ရှဲ့ချီ သည် ခေါက်ဆွဲတစ်ပန်းကန်လုံးကို ကုန်စင်အောင် စားလိုက်ပြီး ဟင်းရည်ပါ မကျန် သောက်လိုက်ကာ ရုတ်တရက် ဝင်ပြောလိုက်သည်။

"နာရီဝက်လောက် မနားတမ်း ရိုက်ရတာ၊ ရှန်ညန်ဇီ လက်ညောင်းရင် ဖူရှင်း နဲ့ လဲတယ်၊ ဖူရှင်း လက်ညောင်းရင် ထန်အာ နဲ့ လဲတယ်၊ ပြီးတဲ့အထိ တစ်ယောက်ပြီးတစ်ယောက် လုပ်ကြတာ"

ရှန်မြောင်သည် ငါးအသားမွှာပြီး ငါးဖယ်လုံးလုပ်စဉ်က ပင်ပန်းမှုများနှင့် ရှုပ်ထွေးမှုများကို သူ အကုန်မြင်တွေ့ခဲ့ရသည်။

ရှန်ကျိဆိုင်သည် စီးပွားရေး ကောင်းသော်လည်း တကယ့်ကို ပင်ပင်ပန်းပန်း ရှာရသော ငွေများ ဖြစ်သည်။ ရှဲ့ချီ ရင်ထဲတွင် တစ်ခါတစ်ရံ စိတ်မကောင်း ဖြစ်မိပြီး တွေးမိသည်မှာ... ရှဲ့မိသားစုတွင် သူမကို တစ်သက်လုံး ကောင်းမွန်စွာ ထားနိုင်မည့် ငွေကြေးအလုံအလောက် ရှိနေပြီဖြစ်ရာ သူမအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ဤမျှ ပင်ပန်းခံစရာ မလိုတော့ကြောင်း ပြောချင်မိသည်။ သို့သော် သူမက ဟင်းအသစ်များ ထွင်သည့်အခါ၊ အစားအသောက်များ အများအပြား ချက်ပြုတ်သည့်အခါ မျက်လုံးများ အရောင်တောက်နေသည်ကို မြင်ရပြန်တော့ သူ စကားများကို မျိုသိပ်လိုက်ရပြန်သည်။

သူမ၏ ဘဝကို အထက်စီးကနေ မဝေဖန်ချင်ပေ။

ရှန်မြောင် က သူမ ထမင်းဟင်းချက်ရတာ ကြိုက်တယ်လို့ ပြောဖူးသည်။

သူက မီးမွှေး ပန်းကန်ဆေးရာတွင် ယိုယွီ လောက် မတော်၊ ဟင်းလှီး ဟင်းပြင်ရာတွင် ထန်အာ လောက် မကျွမ်းကျင်၊ ဟင်းရည်တည် ဘဲကင်ရာတွင် ဖူရှင်းကို မမီပေ။ မီးဖိုချောင်ကိစ္စများကို သူ ဝင်မကူနိုင်ဘဲနှင့် ဘယ်လိုရပ်တည်ချက်မျိုးနဲ့ ဒီစကားကို ပြောရမလဲ။ သူ လုပ်ပေးနိုင်သည်မှာ သူမအတွက် အခြားကိစ္စများကို ခွဲဝေတာဝန်ယူပေးခြင်းသာ ဖြစ်သည်။ စာရင်းအင်း တွက်ချက်ပေးခြင်း၊ သို့မဟုတ် ရှန်းအာ၊ ချန်ချွမ်း နှင့် ကြောင်များ ခွေးများကို ကြည့်ရှုပေးခြင်း စသည်တို့ ဖြစ်သည်။

သို့မဟုတ် မနက်စောစောထပြီး သူမနှင့်အတူ မနက်ခင်းဈေးကို လိုက်ပါကာ ဟင်းသီးဟင်းရွက်ခြင်းတောင်းကြီးကို ကူဆွဲပေးရင်း မလင်းတလင်း မိုးကုပ်စက်ဝိုင်းအောက်တွင် ယှဉ်တွဲလျှောက်လှမ်းခြင်း၊ လူရှုပ်ပြီး ဆူညံကာ အငွေ့တထောင်းထောင်း ထနေသော ဈေးတန်းထဲတွင် တိုးဝှေ့သွားလာခြင်းတို့သာ လုပ်ပေးနိုင်သည်။

ဒီလိုမျိုး ဖြည်းဖြည်းချင်း လျှောက်သွားရတာလည်း ကောင်းပါတယ်။

ရှဲ့ချီ သည် ပြောင်စင်နေသော မြေပန်းကန်လုံးကို ကြည့်ရင်း ငေးငိုင်သွားပြန်သည်။ သူ့ဘေးနားတွင် ဆူညံနေကြပြီး နဉ်ယီသည် မုန့်စန်း နှင့် ဝက်လက်ကို လုနေသည်။ ရှန်အန်းနှင့် ရှန်ကျိတို့က မန်ထိုကင်ထဲတွင် နွားနို့ ထည့်ထားသလား မထည့်ထားဘူးလား ဆိုသည်ကို အလေးအနက် ဆွေးနွေးနေကြသည်။ သူ တစ်ယောက်တည်းသာ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းမျှော်ကြည့်ရင်း လွမ်းဆွတ်စွာ သက်ပြင်းချလိုက်မိသည်။

'ဆူညံလိုက်တာ'

'ရှန်မြောင် ကို လွမ်းလိုက်တာ'

.........

ရှဲ့ချီ တမ်းတနေသော ရှန်မြောင် သည် လယ်ကန်သင်းဘေးတွင် ရပ်နေပြီး သူမ ခေါင်းထဲတွင် ယောက်ျားလေး ဆိုတာ မရှိဘဲ "ဂတ်... ဂတ်..." ဟု အော်မြည်နေသော ဘဲများသာ ရှိနေလေသည်။

သူမသည် ဘဲခြံစည်းရိုးအတွင်း လျှောက်သွားနေကြသော အဝါရောင် ဘဲပေါက်စများကို ကြည့်ရင်း သူမ၏ မျက်လုံးများက သားသမီးအရင်းကို ကြည့်သကဲ့သို့ ကြင်နာမှုများ ပြည့်နှက်နေသည်။

ဘဲပေါက်စ အကောင်ရေ ၆၀၀ကျော်သည် ခေါင်းကြီးကြီး ဝိုင်းစက်စက်နှင့် အမွေးပွပွလေးများ ဖြစ်ကြပြီး နေရောင်အောက်တွင် ရွှေဝါရောင် အမွေးများက တစ်ဖိတ်ဖိတ် တောက်ပြောင်ကာ တစ်စုတစ်ဝေးတည်း စုပြုံနေကြသည်။

သူတို့က တရစပ် အော်မြည်နေကြပြီး အသံကလည်း စိတ်မရှည်စရာ မကောင်းဘဲ နုနယ်စူးရှနေသည်။

ချစ်စရာ ကောင်းလိုက်တာ။

ဒီဘဲပေါက်စလေးများသည် ခရီးဝေး နှင်လာရပြီး နေရာသစ်သို့ ရောက်ရှိလာသဖြင့် ကြောက်ရွံ့နေကြကာ တစ်နေရာတည်းတွင် စုပြုံပြီး အော်ဟစ်နေကြခြင်း ဖြစ်သည်။ ကံကောင်းသည်မှာ ကြည့်ရတာ ကျန်းမာပုံရပြီး ဘဲဖင်များလည်း သန့်ရှင်းနေကာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ထားပုံ မရပေ။ အကောင်လည်း ထွားသည်။

ဒါတွေအားလုံးက အဒေါ်လီ ၏ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုကြောင့်ပင်။

သူမသည် လှေပေါ်တွင် ဘဲများကို ဘယ်လိုသယ်လာခဲ့ရကြောင်း ပြောပြသည်ကို ရှန်မြောင်သည် နားထောင်ပြီး အလွန်ပင် လေးစားသွားမိသည်။ တကယ်ကို တော်ပါပေတယ်။ သူမနှင့် ဦးလေးလီ နှစ်ယောက်တည်း ဒီလောက်များတဲ့ ဘဲတွေကို ထိန်းကျောင်းပြီး နေ့စဉ် အစာကျွေး ရေတိုက်၊ လမ်းလျှောက်ခိုင်း၊ လှောင်အိမ်သန့်ရှင်းရေး လုပ်ခဲ့ကြရသည်။

ရှန်မြောင် သည် အဒေါ်လီ ကို လုပ်အားခ ပိုပေးရန် ဆုံးဖြတ်လိုက်၏။ ဒီလမ်းခရီးက အရမ်းပင်ပန်းလွန်းရာ ဒီလိုအချိန်မျိုးတွင် ကပ်စေးနည်းနေလို့ မဖြစ်ပေ။

ထို့ပြင် ရှန်မြောင်သည် အဒေါ်လီကို တွေ့တွေ့ချင်း ထိုကိစ္စကို ပြောလိုက်ပြီး သူမ ခရီးစရိတ် စိုက်ထုတ်ထားသည်များကိုလည်း ချက်ချင်း ပြန်ပေးလိုက်သည်။

"အို... ပြန်ရောက်မှ ရှင်းလည်း ရပါတယ်၊ သာ့ကျဲအာ ကလည်း အားနာစရာကြီး"

ပါးစပ်ကသာ ပြောနေသော်လည်း အဒေါ်လီသည် ရှန်မြောင် အတင်းထိုးပေးလိုက်သော ငွေစများကို ပြန်မငြင်းတော့ဘဲ ဝမ်းသာအားရ လက်ခံလိုက်၏။

ပိုက်ဆံရပြီးနောက် မနေ့ညက မအိပ်ရသေးသော်လည်း သူမသည် ပိုပြီး အားအင်ပြည့်ဖြိုးလာလေသည်။ ယခုအချိန်တွင် သူမသည် ပါလာသော ဟုန်ပါး မိသားစုကို မျက်လုံးဒေါက်ထောက်ကြည့်ပြီး စစ်ဆေးနေလေ၏။

သူမက ဘဲစာ ဘယ်လိုစပ်မလဲ၊ ဘဲခြံ ဘယ်လိုသန့်ရှင်းရေးလုပ်မလဲ၊ နွေရာသီမှာ အပူဒဏ် ဘယ်လိုကာကွယ်မလဲ၊ ဆောင်းရာသီမှာ ဘယ်လိုနေမလဲ ဆိုသည်များကို မေးခွန်းထုတ်ရာ ဟုန်ပါး မှာ သူမ၏ ဟိန်းဟောက်မှုကြောင့် အစပိုင်းတွင် ထစ်အထစ်အ ဖြစ်နေသော်လည်း နောက်ပိုင်းတွင် ဖြည်းဖြည်းချင်း အဆင်ပြေသွားခဲံသည်။

ဖြေတာတွေက အနှစ်သာရ ရှိလှသည်။

အဒေါ်လီ က ဟုန်ပါး မိသားစုကို အလုပ်ခန့်လို့ရတယ်ဟု လက်ခံလိုက်သည်။

သူမက ဟုန်ပါး ကို နေ့စဉ် ဘဲခြံစာရင်း မှတ်သားထားခိုင်းရန် ရှန်မြောင် ကို သတိပေးလိုက်ပြီး သူမ အိမ်တွင် ဘဲမွေးတုန်းက ဘယ်လိုမှတ်သားခဲ့ကြောင်း ရှန်မြောင် ကို ထုတ်ပြလေသည်။ သူမတွင် ကြမ်းတမ်းသော ကောက်ရိုးစက္ကူများကို ချုပ်လုပ်ထားသည့် စာရင်းစာအုပ်အိုလေး တစ်အုပ် ရှိသည်။

စာအုပ်ထဲတွင် မတ်တပ်ရပ်နေသော ဘဲပုံ၊ လဲကျနေသော ဘဲပုံ၊ ဝိုင်းစက်နေသော ဘဲဥပုံနှင့် သံဇလုံပုံများ ရေးဆွဲထားသည်။ ထိုပုံများ၏အောက်တွင် အရေအတွက်ကို မျဉ်းတားပြီး မှတ်သားထားသည်။ ထိုပုံများသည် နေ့စဉ် ဘဲအရှင် အရေအတွက်၊ သေဆုံးမှု အရေအတွက်၊ ဥ နှုန်းနှင့် အစာကုန်ကျမှုကို ကိုယ်စားပြုသည်။

"ဒီအရေးကြီးတဲ့ ကိစ္စတွေကို မှတ်ထားမှ တစ်လကို ဘဲစာ ဘယ်လောက် လိုမလဲ၊ ဘယ်နေရာမှာ မှားနေလဲ၊ ဘယ်အချိန်မှာ ဘဲအသစ် ထပ်ဖြည့်ရမလဲ၊ ဘယ်အချိန်မှာ ဥ ဖောက်ရမလဲ ဆိုတာ သိမှာပေါ့"

အဒေါ်လီ က ပြောရင်း သူမတစ်ယောက်တည်းသာ နားလည်သော "ဘဲစာရင်းအင်း" ကို ပြန်သိမ်းလိုက်သည်။

သူမတွင် နောက်ထပ် ဘဲစာရင်းအုပ် တစ်အုပ် ရှိသေးသည်။ ထိုစာအုပ်တွင် ဘယ်ရာသီဥတုမှာ ဘယ်လို ဘဲရောဂါ ဖြစ်တတ်လဲ၊ နောက်ဆုံး ဘယ်လိုနည်းလမ်းနဲ့ ကုသလိုက်သလဲ ဆိုတာကို ပုံဆွဲခြင်း၊ အရာပေးခြင်းတို့ဖြင့် မှတ်သားထားသည်။

ရှန်မြောင် သည် အဒေါ်လီ ကို အံ့ဩတကြီး ကြည့်နေမိ၏။ သူမ တကယ် စေ့စပ်သေချာပါလား။ ဒါက ခေတ်သစ်ရဲ့ စာရင်းအင်း စီမံခန့်ခွဲမှု နည်းလမ်းတွေနဲ့ တူနေတာပဲ။

သူမ ဘဲမွေးမြူရေးတွင် အောင်မြင်သည်မှာ မဆန်းတော့ပေ။ အလုပ်လုပ်ရာတွင် စေတနာပါ မပါ ဆိုသည်မှာ တစ်ချက်ကြည့်ရုံဖြင့် သိသာလှသည်။

ထို့နောက် အဒေါ်လီ နှင့် ဟုန်ပါး တို့သည် ဘဲခြံအတွင်း လုပ်ငန်းတာဝန်များကို ခွဲဝေ သတ်မှတ်ကြသည်။ ဥပမာ - မနက်တိုင်း ဘဲခြံသန့်ရှင်းရေး၊ မစင်များ ရှင်းလင်းရေးနှင့် ကျန်နေသော အစာများကို ရှင်းလင်းရေးကို ဟုန်ပါး က တာဝန်ယူရမည်။ တစ်လလျှင် တစ်ကြိမ် ဘဲများကို အပြင်ထုတ်ပြီး ဘဲခြံကို အကြီးစား သန့်ရှင်းရေးလုပ်ကာ ထုံးဖြူးရမည်။

ဘဲစာစပ်သည့် အလုပ်ကိုတော့ ဟုန်ပါး ၏ မိန်းမ လော်ညန် က လုပ်ရမည်။ ဘဲပေါက်စလေးများ ဖြစ်သည့်အတွက် တစ်နေ့လျှင် ၆ ကြိမ် ကျွေးရမည်ဖြစ်ပြီး အစာထဲတွင် ငါးအနှစ်၊ ခရုနှင့် စပါးများ ရောစပ်ပေးရမည်။ ကြီးလာလျှင် အစာကျွေးသည့် အကြိမ်ရေ လျှော့ချနိုင်သည်။

အဒေါ်လီ က သေချာ မှာကြားသေးသည်။

"အစာကျွေးရင် ဘေးကနေ စောင့်ကြည့်ရမယ်၊ ဘဲတွေ စားပြီးလို့ အစာကျန်ရင် များသွားပြီ ဆိုတဲ့ သဘောပဲ၊ နောက်ရက်ကျရင် လျှော့စပ်ရမယ်၊ ဒါမှ ဘဲတွေ ဘယ်လောက်စားလဲ ဆိုတာ ခန့်မှန်းမိပြီး အစာမပုပ်သိုးသလို ဘဲတွေလည်း မဆာမလောင် ဖြစ်မှာ"

ဟုန်မိသားစုမှ ကလေးနှစ်ယောက်ကတော့ နေ့စဉ် "ဘဲကျောင်း" ရန်နှင့် ဘဲအုပ်ထဲတွင် ရောဂါရနေသော ဘဲ ပါ မပါ စစ်ဆေးရန် တာဝန်ယူရသည်။

ရှန်မြောင်သည် နားထောင်ပြီး စိတ်ချသွားတော့၏။

အဒေါ်လီ ကို ငှားလိုက်တာ မှန်ကန်သွားပြီ။

ဘဲပေါက်များနှင့် ဟုန်ပါး မိသားစုကို နေရာချပေးပြီးနောက် ရှန်မြောင် နှင့် ဦးလေးလီ၊ အဒေါ်လီ တို့သည် လားလှည်းစီးကာ မြို့တွင်းသို့ ပြန်လာခဲ့ကြသည်။ အပြန်လမ်းတွင် သူမ စဉ်းစားမိသည်မှာ ဘဲခြံတွင် ခြံစောင့်ခွေးတစ်ကောင် ထားသင့်သည်။ ကျွေးဖုန်း ကို ဘဲခြံသို့ ခေါ်လာပြီး ထားလိုက်မည်။ သူက ပုံမှန် ကြက်မလိုက်သည့် အချိန်ဆိုလျှင် အပြင်ဘက်သို့ ပြေးထွက်ရသည်ကို နှစ်သက်သဖြင့် ဒီလောက်ကျယ်ဝန်းသော နေရာဆိုလျှင် သူ စိတ်ကြိုက် ပြေးလွှားနိုင်ပေမည်။

ပြီးတော့ ဒီလောက် ဘဲချေးတွေ အများကြီးဆိုတော့ ကျွေးဖုန်း တစ်ယောက် ပျော်ပြီပေါ့။ ဘူဖေးစားရသလို ဖြစ်နေတော့မှာ။ ရှန်မြောင် တွေးရင်း ရယ်ချင်သလို ငိုချင်သလို ဖြစ်သွားသည်။ သူ့ရောဂါက ကုမရတော့ဘူး ထင်ပါရဲ့။ ရှစ်ချီညန်၏ တိရစ္ဆာန်ဆေးခန်းကို အကြိမ်ကြိမ် သွားပြပြီး နည်းလမ်းပေါင်းစုံ သုံးခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။ နောက်ဆုံးတော့ ရှစ်ချီညန် က သူ ကြက်ချေးစားတာ ဗိုက်ဆာလို့ မဟုတ်ဘူး၊ ဒီအရသာကို ကြိုက်လို့ ဖြစ်နေတာ၊ ပြင်ရခက်တယ် ဟု ပြောလာခဲ့သည်။

ကျွေးဖုန်း အပြင် နွားပေါက်စလေးနှင့် နျိုစန်းရှစ် ကိုလည်း ဘဲခြံတွင် လာနေခိုင်းရန် ရှန်မြောင် စီစဉ်လိုက်သည်။ ဒီမှာက ကျယ်ဝန်းပြီး မြက်ခင်းစိမ်းများလည်း ပေါသဖြင့် "နွားကျောင်း" ရန် နေရာရှိသည်။ နွားပေါက်စလေးခမျာ မြည်းခြံကျဉ်းကျဉ်းလေးထဲတွင် ရှစ်ယီးလန် နှင့် သူ့အမေကြား ညပ်ပြီး နံရံကပ်နေရသည့် ဒုက္ခမှ ကင်းဝေးရတော့မည်။

စဉ်းစားရင်းနှင့် လားလှည်းသည် မြို့တွင်းသို့ ပြန်ရောက်လာခဲ့၏။

မြို့တံခါး ဝင်လိုက်သည်နှင့် အဒေါ်လီ နှင့် ဦးလေးလီ တို့သည် အကြောင်းမဲ့ သက်သက် စိတ်လှုပ်ရှားလာကြသည်။ တစ်ယောက်က အဝတ်အစားများကို ဆွဲဆန့်ပြီး အရေးအကြောင်းများကို ဖျောက်နေသလို တစ်ယောက်က တံတွေးဆွတ်ပြီး ဆံပင်များကို သပ်တင်နေလေသည်။

"ကိုအာ နဲ့ မတွေ့ရတာ ကြာပြီ၊ သူ မွေးကတည်းက သူ့ကို ဒီလောက်ကြာကြာ မခွဲဖူးဘူး၊ ဒါ ပထမဆုံးအကြိမ်ပဲ"

အဒေါ်လီ ရင်ထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ ကိုအာ လေး ဒီတစ်လအတွင်း ပိန်သွားပြီလား၊ အဖေနဲ့အမေကို လွမ်းနေမလား၊ အိမ်ကိုရော ဒီကောင်စုတ်လေး ဘယ်လိုများ ဖျက်ဆီးထားမလဲ၊ သူ့အဝတ်အစားတွေကိုရော လျှော်ရဲ့လား။

ရှန်မြောင် က ပြုံးပြီး ပြောလိုက်သည်။

"ကိုအာ က အဒေါ်နဲ့ ဦးလေး အကြောင်း ခဏခဏ ပြောတယ်၊ သူ အရမ်းလိမ္မာပြီး အလုပ်လည်း ကြိုးစားတယ်၊ နေ့တိုင်း အဒေါ့်အစား ကြက်တွေဘဲတွေ အစာကျွေးပေးတယ်"

အဒေါ်လီ မှာ ချီးမွမ်းခံရသဖြင့် မျက်နှာတွင် ပီတိဖြာဝေနေလေသည်။

ဖြည်းဖြည်းချင်း ယန်လျိုအရှေ့လမ်းကြားနှင့် နီးကပ်လာပြီ ဖြစ်သည်။ လားလှည်းသည် ကျင်းလျန်တံတားကို ဖြတ်ကျော်မောင်းနှင်တော့မည့်အချိန်တွင် ရှန်မြောင် သည် ယောက်လော်ကဲ့ ၏ အရိပ်အယောင်ကို ရိပ်ခနဲ တွေ့လိုက်ရ၏။

နှစ်ထပ်အဆောက်အဦးဖြစ်သော ခန်းကျိခေါက်ဆွဲဆိုင် တံခါးများကို ပိတ်ထားပြီး ယောက်လော်ကဲ့သည် သူမကို ကျောပေးလျက် လက်ထဲတွင် ကော်သုတ်တံကို ကိုင်ကာ တံခါးရွက်ပေါ်တွင် "ဆိုင်ခန်းငှားရန်ရှိသည်" ဟူသော စက္ကူနီကို ကပ်နေလေသည်။

ရှန်မြောင်မှာ အံ့ဩသွားပြီး လှည့်ကြည့်နေမိတော့သည်။

ခန်းမိသားစုက ဆက်မလုပ်တော့ဘူးလား။

...

အပိုင်း (၁၇၀) နေ့စဉ် လုပ်ငန်းဆောင်တာများ

တံတားအောက်တွင် ပန်းလှေတစ်စင်း ဖြတ်သန်းသွားပြီး လှေဦးတွင် ထိုင်နေသော အဆိုတော်မယ်သည် ဖီဖာကို ပိုက်လျက် တီးခတ်နေရာ လှေကိုယ်ထည်သည် တစ်ဖက်ကမ်းမှ ယောက်လော်ကဲ့ ၏ အရိပ်ကို ကွယ်သွားစေသည်။

ရှန်မြောင် သည် အတွေးနယ်ချဲ့နေရင်းမှ ပြန်လှည့်ကြည့်လိုက်ရာ မြစ်ကမ်းဘေးရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များမှ ရောင်စုံအလံများသည် ညနေဆည်းဆာရောင်အောက်တွင် လွင့်ပျံနေကြသည်။ လီထျောင်ဇီသည် လားလှည်းကို ဂရုတစိုက် မောင်းနှင်လာပြီး ရပ်တန့်လိုက်၏။ လမ်းပေါ်တွင် ကုလားအုပ်တန်းတစ်ခု ဖြည်းညှင်းစွာ ဖြတ်သန်းသွားသည်ကို စောင့်ပြီးမှ လီကိုအာ တက်ရောက်နေသော ပုဂ္ဂလိကကျောင်းဆီသို့ ဆက်လက် မောင်းနှင်သွားတော့သည်။

အဒေါ်လီတို့ လင်မယားသည် အိမ်ကို အရင်မပြန်ဘဲ လီကိုအာ ကျောင်းဆင်းသည်ကို စောင့်ရန် လမ်းကွေ့သွားကြသည်။

ရှန်မြောင်လည်း သူတို့နှင့်အတူ လိုက်ပါသွားလိုက်သည်။ ထိုကျောင်းက သိပ်မဝေးသဖြင့် သူမအတွက် အရေးတကြီး ကိစ္စမရှိပေ။ ထို့ပြင် လားလှည်းပေါ်တွင် ဖောင်းပွနေသော အထုပ်ကြီး အထုပ်ငယ်များကို သူမ မြင်လိုက်ရသည်။ အဝတ်အစားနှင့် ခရီးဆောင်ပစ္စည်းများအပြင် အဒေါ်လီ တို့ လင်မယားသည် ကျင်းလင်မြို့မှ ကိုအာ အတွက် ကစားစရာ ပစ္စည်းကောင်းများစွာ သယ်လာခဲ့ပုံရသည်။

ကိုအာ တက်နေသော ပုဂ္ဂလိကကျောင်းသည် ကျင်းလျန်တံတား "ပညာရေးရပ်ကွက်" တွင် အကောင်းဆုံးဖြစ်သည်။ စာသင်ပေးသော ဆရာသည် ဆိတ်မုတ်ဆိတ်နှင့် ကျွီရန်တစ်ဦးဖြစ်ပြီး အမည်မှာ ချိုး ဖြစ်သည်။ ကျင့်ရှီ စာမေးပွဲကို အနှစ် ၂၀ လုံးလုံး ဖြေဆိုသော်လည်း မအောင်မြင်သဖြင့် စာမေးပွဲဖြေဆိုခြင်းကို စွန့်လွှတ်လိုက်သူ ဖြစ်သည်။ သို့သော် သူ ပုဂ္ဂလိကကျောင်းဖွင့်ပြီး စာသင်သောအခါ ကံကောင်းထောက်မစွာဖြင့် သူသင်ပေးသော ကလေးများထဲမှ နှစ်ယောက်သည် ကျင့်ရှီ ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူ၏ ဂုဏ်သတင်းမှာ ကျော်ကြားလာပြီး ပြန့်ကျင်းမြို့ရှိ အစိုးရကျောင်းတော်ကြီး နှစ်ခုမှလွဲလျှင် ရေပန်းအစားဆုံး ပုဂ္ဂလိကကျောင်းဆရာ ဖြစ်လာခဲ့သည်။

ကိုအာ သည် မူလက ဖိယုံးစာသင်ကျောင်း ဝင်ခွင့်မအောင်မြင်ခဲ့ပေ။ အဒေါ်လီက ငွေကြေးအမြောက်အမြား သုံးစွဲပြီး ဆရာချိုး ၏ ညီအစ်ကိုဝမ်းကွဲ တော်စပ်သူ၏ အဒေါ်ဘက်မှ သုံးဝမ်းကွဲတော်သူ၏ လမ်းကြောင်းကို ရှာဖွေကာ ကျောင်းအပ်နှံခဲ့ခြင်း ဖြစ်သည်။ သို့သော် တစ်နှစ်ကြာပြီးနောက် နှစ်စဉ် ပေးသွင်းရသော ကျောင်းလခ အမြောက်အမြားကို ထောက်ပံ့ရန် မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာသလို ကိုအာ သည်လည်း စာလိုက်နိုင်ရန် အတော်ကြိုးစားနေရသည်။ ထို့ကြောင့် အဒေါ်လီ ၏ စိတ်ထဲတွင် တုံ့ဆိုင်းနေပြီး နောက်နှစ်တွင် ကိုအာ ကို စာရင်းကိုင်ပညာ သင်ကြားခိုင်းရမလားဟု တွေးတောနေမိသည်။

ဆရာချိုး ၏ နေအိမ်သည် ကျင်းလျန်တံတား အပြင်ဘက် တာ့ရှန့်ကော် ဘုန်းကြီးကျောင်းအနီးရှိ ယွီရှုပင်အောက်တွင် ရှိသဖြင့် လူအချို့က သူ့အိမ်ကို "ယွီရှုအောက်က စာသင်ဝိုင်း" ဟု ခေါ်ကြသည်။

တံခါးဝသို့ ရောက်သည်နှင့် နံရံခြားနေသော်လည်း အတွင်းမှ ကျယ်လောင်သော စာအံသံများကို ကြားနေရသည်။ မြေပြင်ပေါ်တွင် ယွီရှုအသီးများ ကြွေကျနေပြီး တံခါးစောင့် ကလေးငယ်သည် အိတ်ကပ်အပြည့် ကောက်ယူထားလေသည်။ လားလှည်း ရပ်တန့်လာသည်ကို မြင်သောအခါ အင်္ကျီအိတ်ကပ်ကို လိပ်တင်ရင်း ရှေ့တိုးလာပြီး မေးမြန်းလိုက်သည်။

"ဘယ်သူ့ကို လာရှာတာလဲ”

"ကျောင်းသား ကျောင်းဆင်းတာ လာစောင့်တာပါ” အဒေါ်လီ က အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"ဒါဆိုရင် ကျောက်တုံးနောက်မှာ လှည်းကို ရပ်ပြီး စောင့်လိုက်ပါ၊ တံခါးပေါက်ကို မပိတ်နဲ့လေ။ နောက် ၁၅ မိနစ်နေရင် ခေါင်းလောင်းထိုးတော့မှာ”

ကောင်လေးက ညာဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

"ကျေးဇူးပါပဲကွယ်”

သူတို့လည်း လှည်းကို မောင်းနှင်ကာ နေရာရွှေ့လိုက်ကြသည်။

မကြာမီမှာပင် "ဒေါင်... ဒေါင်..." ဟူသော ခေါင်းလောင်းသံကို ကြားလိုက်ရ၏။

ကျောင်းသားများသည် လွယ်အိတ်များကို လွယ်ပိုးလျက် ရေလှိုင်းပမာ အော်ဟစ်ကာ ထွက်လာကြသည်။ အဒေါ်လီ နှင့် လီထျောင်ဇီ တို့သည် လှည်းပေါ်မှဆင်းကာ တံခါးဝတွင် မျှော်ငေးနေကြသည်။

ရှန်မြောင်လည်း ဘေးတွင် ရပ်လျက် လှေကားထစ်များပေါ်မှ ငှက်ကလေးများပမာ ဆင်းလာကြသော ကလေးများနှင့် လူပျိုပေါက်များကို ကြည့်ရင်း ဦးလေးရှဲ့ ထံ အပ်ထားခဲ့သော ရှန်းအာ၊ ချန်ချွမ်း နှင့် ယိုယွီ တို့ကို သတိရသွားသည်။ ဦးလေးရှဲ့ တစ်ယောက် ကလေးတွေကို ဘယ်လိုများ ထိန်းနေပါလိမ့်။ အဆင်ပြေလောက်မှာပါ၊ ချန်ချွမ်း နဲ့ ယိုယွီ က အရမ်းလိမ္မာတယ်၊ ရှန်းအာ က နည်းနည်းဆော့ပေမယ့် လူကို အရမ်းကြီး ဒုက္ခပေးတာမျိုးတော့ မဟုတ်လောက်ပါဘူး... ထင်တာပဲ။

ပြီးတော့ အားထောင် နဲ့ ဖူရှင်း လည်း ရှိတာပဲလေ။

ရှန်မြောင် ခဏလောက် တွေးတောပြီးနောက် အရာရာ ပြည့်စုံလုံလောက်သည်ဟု ယူဆကာ စိတ်အေးသွားသည်။

"ကိုအာ ကို မတွေ့သေးပါလား။ သူ ထွက်မလာသေးဘူးလား”

အဒေါ်လီ သည် ခြေဖျားထောက်ပြီး ဟိုဟိုဒီဒီ လိုက်ကြည့်ရင်း စိတ်ပူလာသည်။

လီထျောင်ဇီ လည်း လူရိပ်လူယောင် မတွေ့သဖြင့် လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ စိုးရိမ်တကြီး ခန့်မှန်းလိုက်သည်။

"အိမ်စာမပြီးလို့ ဆရာက လက်ဝါးရိုက်ဖို့ ခေါ်ထားတာများလား”

ကိုအာသည် ဆရာပေးလိုက်သော အိမ်စာများကို အိမ်တွင် ရေးရာ၌ တစ်ခါတစ်ရံ တစ်နေ့လုံးမှ စာလုံးအနည်းငယ်သာ ရေးနိုင်သည်။ မနက်အစော ထမင်းပန်းကန်ကိုင်ပြီး အခန်းထဲ ဝင်သွားသော်လည်း စာလုံးနှစ်လုံးလောက်သာ ရေးပြီး ညဘက် သွားပြန်ကြည့်သည့်အခါ စားပွဲရှေ့တွင် တစ်နေကုန် ထိုင်နေသဖြင့် စုတ်တံပင် ခြောက်သွေ့နေပြီး စာက နှစ်လုံးတည်းသာ ရှိနေတတ်သည်။

ထို့ကြောင့် သူသည် ယခင်က ဆရာချိုး ၏ ပေတံဖြင့် အမြဲ အရိုက်ခံရလေ့ရှိသည်။

သို့သော် ကိုအာသည် စာကို တမင်တကာ ပေါ့ဆပြီး မလုပ်ဘဲ နေခြင်းမဟုတ်ကြောင်း လီထျောင်ဇီ သိသည်။ ဒီကလေး ကိုယ်တိုင်လည်း စိတ်ပူရှာသည်။ သို့သော် တစ်ခါတလေကျလျှင် ရေးမထွက် ဖြစ်နေတတ်သည်။ သူနှင့် အဒေါ်လီ ကလည်း စာမတတ်သဖြင့် ဘာမှ ကူညီမပေးနိုင်ပေ။

လွန်ခဲ့သော ရက်အနည်းငယ်က ရှဲ့မိသားစုမှ ကျိုကော ပြောင်းလာသဖြင့် လီထျောင်ဇီ က ကိုအာ ကို အိမ်စာများ ယူသွားပြီး ကျိုကော ကို မေးခိုင်းလေ့ရှိသည်။ မေးလိုက်သည်နှင့် တကယ်ပင် ထိရောက်မှုရှိပြီး ကိုအာ တစ်ယောက် ကျောင်းတွင် အရိုက်ခံရသက်သာသွားသည်။ သို့သော် လမ်းတွင် သာ့ကျဲအာ ပြောပြချက်အရ ကျိုကော လည်း ကျောင်းပြန်သွားပြီ ဆိုတော့ ကိုအာ တစ်ယောက် ထပ်အရိုက်ခံနေရပြီလား။

တွေးလေ ပိုပြီး ဖြစ်နိုင်လေဟု ထင်မိသဖြင့် လီထျောင်ဇီ ပို၍ စိတ်ပူလာသည်။

"ကျောင်းမှာ ကလေးတွေများတော့ နောက်ကျကျန်ခဲ့တာ ဖြစ်မှာပါ”

ရှန်မြောင် က မော့ကြည့်ပြီး ဝိုင်းရှာပေးရာ မကြာမီ လူအုပ်ကြားထဲတွင် လီကိုအာ ကို တွေ့လိုက်ရသည်။ အဒေါ်လီ နှင့် လီထျောင်ဇီ တို့ ကြောင်တောင်တောင်ဖြင့် လိုက်ရှာနေသေးသည်ကို မြင်သောအခါ ရယ်ချင်သွားပြီး တံခါးခုံကို ကျော်ဖြတ်လာသော လီကိုအာ ကို လက်ညှိုးထိုးပြလိုက်သည်။

"ဟိုမှာ ကိုအာ မဟုတ်ဘူးလား”

"ဘယ်နားမှာလဲ”

အဒေါ်လီ ခုန်မတတ် ဖြစ်သွားသော်လည်း ပိန်ပိန်ပါးပါး သားဖြစ်သူကို မမြင်ရသေးပေ။

"ဟိုမှာလေ... ငပိရောင် အဝတ်အစားဝတ်ပြီး ရှန်းကျူစာအုပ်သေတ္တာ လွယ်ထားတဲ့တစ်ယောက်လေ”

ရှန်မြောင်က ညွှန်ပြလိုက်သည်။

ထိုအခါမှ အဒေါ်လီ နှင့် လီထျောင်ဇီ တို့၏ အကြည့်များ ရပ်တန့်သွားသည်။ သေချာကြည့်ပြီးနောက် နှစ်ယောက်စလုံး မျက်လုံးများ ပြူးကျယ်သွားကြသည်။ ပွတက်လာသော မန်ထိုပေါက်စကဲ့သို့ ဖြစ်နေသော ထိုကလေးသည် သူတို့၏ ကိုအာ တကယ် ဟုတ်ပါရဲ့လား။ လက်မခံရဲသဖြင့် နှစ်ယောက်သား မျက်လုံးများကို မှေးစင်းပြီး မျက်နှာပေါက်ကို သေချာ အကဲခတ်ကြည့်ရာ နောက်ဆုံးတွင် မှတ်မိသွားကြသည်။ ဟုတ်သလိုလို... တကယ်ပဲ ဟုတ်သလိုလိုပဲ။

ကိုအာ မျက်နှာက အနည်းဆုံး သုံးဆလောက် ဝိုင်းစက်သွားသည်ကိုး။

"ကိုအာ ဒီမှာ။ နင့်အဖေနဲ့အမေ ပြန်ရောက်ပြီ။ မြန်မြန်လာ”

ရှန်မြောင် က လက်ဝှေ့ယမ်းပြီး လှမ်းခေါ်လိုက်သည်။

လီကိုအာလည်း မိဘများကို မြင်သွားသဖြင့် လွယ်ကြိုးကို ဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာ ပြေးလာလေသည်။

"အမေ... ဘယ်တုန်းက ပြန်ရောက်တာလဲ”

"ငါနဲ့ နင့်အဖေ အခုလေးတင် ပြန်ရောက်တာ၊ ဒီကိုလာခဲ့၊ အမေ သေချာကြည့်ပါရစေဦး။ အို... တစ်လလောက် မတွေ့ရတာ နင် အရပ်ရှည်လာတယ်... ပြီးတော့... ပြီးတော့ ဝလာတယ်နော်”

အဒေါ်လီ ရယ်မောလိုက်ပြီး သူ့ကို ဘေးနားသို့ ဆွဲခေါ်ကာ အထက်အောက် ကြည့်ရင်း မယုံနိုင်စွာ ပြောလိုက်သည်။

"ရှန်သာ့ကျဲအာက တစ်နေ့ သုံးနပ်ကျွေးတယ်၊ ညနေဆိုလည်း မုန့်လုပ်ကျွေးသေးတယ်”

လီကိုအာက ရှက်ရွံ့စွာဖြင့် ပါးကို ကုတ်လိုက်သည်။ ထို့အပြင် ရှန်သာ့ကျဲအာ ချက်ကျွေးတာတွေက အရမ်းကောင်းတော့ သူ ဘယ်လိုမှ မကျန်အောင် စားမိသည်။ နေ့တိုင်း စားလိုက်၊ ပြီးရင် ထိုင်ပြီး စာရေး၊ အိမ်စာလုပ်လိုက် ဆိုတော့ မကြာခင်မှာပင် လေမှုတ်သွင်းလိုက်သလို ဝလာခြင်း ဖြစ်သည်။

ရှန်မြောင်က ရယ်မောလိုက်ကာ "ဘယ်မှာ ဝလို့လဲ။ နင့်အမေက လျှောက်ပြောနေတာ၊ လာ... လှည်းပေါ်တက်၊ အိမ်ရောက်မှ ပြောကြတာပေါ့”

"ဝတာ ကောင်းတာပေါ့၊ ဝတော့ သန်မာတာပေါ့”

အဒေါ်လီလည်း သားဖြစ်သူ တစ်လမတွေ့ရုံနှင့် သုံးဆလောက် ဝလာသည်ကို အံ့ဩရာမှ သတိပြန်ဝင်လာပြီး သူ့ခေါင်းကို ချစ်စနိုး ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် စာအုပ်သေတ္တာကို ဖြုတ်ယူကာ ကိုယ်တိုင် လွယ်လိုက်ပြီး လီကိုအာ လက်ကို ဆွဲထားလိုက်သည်။

"အမေ နင့်အတွက် ကျင်းလင်မြို့ကနေ ပစ္စည်းကောင်းတွေ အများကြီး သယ်လာခဲ့တယ်၊ ပြန့်ကျင်း မှာ မရှိတဲ့ဟာတွေနော်”

လီကိုအာ အံ့ဩဝမ်းသာ ဖြစ်သွားသည်။

"တကယ်လား။ ဘာတွေလဲ”

"နင် အရင်က ကျန့်မိသားစုက ကောင်လေးထက် ပိုကောင်းတဲ့ ဉာဏ်စမ်းကွင်းဆက် လိုချင်တယ်ဆို။ ဒီတစ်ခါ အမေက ဝူရီလမ်းကြားက ဝမ်မိသားစုဖွင့်တဲ့ ကျောင်းက လုပ်တဲ့ ဉာဏ်စမ်းကွင်းဆက် ဝယ်လာခဲ့တယ်၊ အဲဒီမှာ ဝမ်မိသားစု ဆုံးမစာ ဉာဏ်စမ်းတွေ ထွင်းထားတယ်၊ ကြေးနဲ့လုပ်ထားတာ၊ သိပ်လှတာပဲ။ ပြီးတော့ 《မင်းဆက်ခြောက်ပါး မှတ်တမ်း》 စာအုပ်လည်း ပါတယ်။ အရင်တုန်းက နင် အမေ့ကို ကျင်းလင်မြို့က ဘယ်လိုပုံစံလဲလို့ မေးတယ်မလား။ အမေက ပါးစပ်လေးတော့ မပြောပြတတ်ဘူး၊ ဒီစာအုပ်ထဲမှာ ပုံတွေအကုန်ပါတယ်၊ စာတွေလည်းပါတယ်၊ အမေကတော့ စာမတတ်ဘူးပေါ့၊ ဒါပေမဲ့ အဲဒီမှာ ပိုင်လုကျွန်းတို့ ရှီချန်မြို့တို့ ပုံတွေပါတယ်၊ အရမ်းလှတယ်။ ဪ... ပြီးတော့ ယွီဟွား‌ကျောက် လည်းပါတယ်၊ အဲဒီကျောက်ခဲက ကျင်းလင် မှာပဲ ရှိတာတဲ့..."

အဒေါ်လီ ပါးစပ်က မနားတမ်း ပြောနေလေသည်။ အသက် ၄၀ ကျော်ပြီဖြစ်သော သူမသည် ရိုးရှင်းသော လီနင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး ခေါင်းပေါင်း ပေါင်းထားကာ ကိုယ်ပေါ်တွင် ဘဲနံ့များပင် စွဲနေသေးသည်။ သို့သော် စိတ်အားထက်သန်စွာဖြင့် ကျင်းလင်မြို့၏ အကြောင်းများကို တရစပ် ပြောပြနေသော သူမကို ကြည့်ရင်း ရှန်မြောင် ရင်ထဲတွင် ဖော်ပြမရနိုင်သော ခံစားချက်လေးတစ်ခု ဖြစ်ပေါ်လာသည်။

ထင်း၊ ဆန်၊ ဆီ၊ ဆား နှင့် အဝတ်စုတ်များကြားတွင် ဘဝတစ်ဝက်တာ ပတ်ချာလည်ခဲ့သော ဈေးသည်အမျိုးသမီး တစ်ယောက်သည် နောက်ဆုံးတွင် ပြန့်ကျင်းမြို့ကို ကျော်လွန်ပြီး ပထမဆုံးအကြိမ် ခရီးထွက်ခဲ့ဖူးပြီ။ သူမသည် တူးမြောင်းပေါ်မှ ခမ်းနားထည်ဝါသော နေထွက်ချိန်ကို မြင်တွေ့ခဲ့ရသည်။ ကြာခူးသမများ၏ သီချင်းသံကို နားဆင်ခဲ့ရသည်။ တံတား ၂၄ စင်းပေါ်သို့ ကျရောက်နေသော လရောင်အောက်တွင် လျှောက်လှမ်းခဲ့ရသည်...။ ထိုအရာများက အဒေါ်လီ့ကို ကျင်းလင် မိုးဖွဲများဖြင့် ဆေးကြောပေးလိုက်သကဲ့သို့ ဖြစ်စေသည်။ ယခင်က လူကို မျက်စောင်းနှင့် ကြည့်တတ်ပြီး အရာရာကို မကျေမနပ်ဖြစ်တတ်သော မျက်လုံးများသည် ယခုအခါ တောက်ပပြီး အသက်ဝင်နေလေသည်။

မွေးရာပါ လူဆိုးများကို ဖယ်ထုတ်လိုက်လျှင် တစ်ခါတစ်ရံ လူအများစုသည် စိတ်သဘောထား ကျဉ်းမြောင်းပြီး ကပ်စေးနည်းရခြင်းမှာ ကျယ်ပြန့်သော ဘဝကြီးကို ဘယ်လိုဖြတ်သန်းရမလဲ ဆိုတာ မသိကြသောကြောင့် ဖြစ်သည်။ ဥပမာ အဒေါ်လီ ဆိုလျှင် နှစ်ပေါင်း ၄၀ ကျော်အတွင်း ဒီမြို့တံခါးကိုးပေါက်၏ အပြင်ဘက်က လောကကြီးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

ရှန်မြောင် သည် မေးစေ့ကို လက်ထောက်ပြီး မျက်လုံးများ အရောင်တောက်ကာ ချင်ဟွိုင်မြစ်ကမ်းဘေးရှိ မီးပုံးများ ဘယ်လောက်တန်းစီနေကြောင်း လက်ဟန်ခြေဟန်ဖြင့် ပုံကြီးချဲ့ ပြောပြနေသော အဒေါ်လီ ကို ငေးကြည့်ရင်း နှုတ်ခမ်းထောင့်များ ကွေးညွှတ်ကာ ပြုံးလိုက်မိတော့သည်။

ယန်လျိုအရှေ့လမ်းကြားသို့ ပြန်ရောက်သောအခါ ရှန်မြောင်က အဒေါ်လီ နှင့် လီထျောင်ဇီ တို့ကို ကိုအာကို ခေါ်ပြီး အိမ်ပြန်နားကြရန် ပြောလိုက်သည်။ သူမလည်း ကောင်းကောင်း အနားယူချင်ပြီ။

"ဒီနေ့ ဦးလေးလီ နဲ့ အဒေါ်လီ တို့ ကောင်းကောင်း အနားယူလိုက်ကြ၊ မနက်ဖြန်ကျရင် ကျွန်မအိမ်လာပြီး ညစာလာစားကြနော်၊ ကျွန်မ ဟင်းကောင်းကောင်းတွေ ချက်ပြီး ဧည့်ခံပါ့မယ်”

အဒေါ်လီ က လက်ကာပြပြီး ငြင်းလိုက်၏။ "ငါနဲ့ နင့်ဦးလေးလီ တိုင်ပင်ပြီးပြီ၊ မနက်ဖြန်ကျရင် ငါ့အမေအိမ်ကို ပြန်ပို့ခိုင်းမလို့၊ ငါ့အမေအတွက် ပိုးထည် နှစ်လိပ် ဝယ်လာခဲ့တာ၊ သူက ကျင်းလင် က ပိတ်စတွေ မမြင်ဖူးသေးဘူးလေ”

သူမ ဘဝမှာ ပထမဆုံးအကြိမ် ခရီးဝေး ထွက်ဖူးတာ၊ ပြီးတော့ ပစ္စည်းကောင်းတွေ အများကြီး တွေ့ခဲ့ရတာဆိုတော့ အမေအိမ်ပြန်ပြီး ကြွားရဦးမယ်လေ။ အမေအိမ်မှာ ကြွားပြီးရင် ယောင်းမတွေ၊ ခဲအိုတွေအိမ်ကို သွားဦးမည်၊ ပြီးရင် လမ်းကြားထဲက အိမ်တိုင်းစေ့ လိုက်လည်ဦးမယ်။ သာ့ကျဲအာ အိမ်မှာ အချိန်ဖြုန်းနေလို့ ဘယ်ဖြစ်မလဲ။

ကောင်းပါပြီလေ။ ရှန်မြောင် သဘောပေါက်သွားပြီး ရယ်ချင်စိတ်ကို ထိန်းကာ ပြောလိုက်သည်။

"ကောင်းပါပြီ ကောင်းပါပြီ၊ အဒေါ် အားတဲ့အချိန်ကျမှ အိမ်ကို အလည်လာခဲ့နော်”

"ငါ ရက်နည်းနည်းလောက် အနားယူလိုက်ဦးမယ်၊ အမေအိမ်က ပြန်ရောက်ရင် မနက်တိုင်း ဘဲခြံဘက်ကို သွားကူပေးမယ်၊ ညည်း ငှားထားတဲ့ လူတွေ အလုပ်ကျွမ်းကျင်သွားရင် နှစ်ရက်တစ်ခါလောက်ပဲ သွားတော့မယ်၊ မဟုတ်ရင် သူတို့ အလုပ်ခိုပြီး ညည်း မသိအောင် လုပ်နေကြဦးမယ်”

အဒေါ်လီ က စကားဖြည့်ပြောလိုက်သည်။ ရှန်မြောင် စိတ်မကောင်းဖြစ်သွားမည်စိုးသဖြင့် သူမက ရှင်းပြလိုက်သေးသည်။

"ကိုအာ ကလည်း ငယ်သေးတော့ အိမ်မှုကိစ္စလည်း လုပ်ရဦးမယ်လေ”

မူလကတည်းက အဒေါ်လီကို ဘဲခြံ အကြံပေးအရာရှိအဖြစ် ခန့်ထားရန် သဘောတူထားပြီးသား ဖြစ်သည်။ သို့မှသာ အိမ်မှုကိစ္စလည်း လုပ်နိုင်၊ ဝင်ငွေလည်း ရနိုင်မည်။ ရှန်မြောင် ကလည်း သွေးစုပ်သော သူဌေး မဖြစ်ချင်ပေ။ လူက အခုမှ ပြန်ရောက်တာကို အလုပ်တန်းဆင်းခိုင်းရအောင် သိပ်ပြီး မလျော်ကန်ပေ။

"မလောပါနဲ့၊ အဒေါ်က လမ်းခရီးမှာ ပင်ပန်းလာတာပဲ၊ နားသင့်တာပေါ့”

အဒေါ်လီ သည် ကျေနပ်သွားပြီး လီကိုအာ ကို ဖက်လျက် လမ်းကြားထဲ ဝင်သွားလေသည်။ လီထျောင်ဇီ က အထုပ်အပိုးများ သိမ်းဆည်းနေသဖြင့် နောက်ကျကျန်ရစ်ခဲ့သည်။ သူက အထုပ်ကြီးများကို ထမ်းပိုးဖြင့် ထမ်းလိုက်ပြီး အထုပ်ထဲမှ ယွီဟွား‌ကျောက် တစ်ဘူးကို ထုတ်ကာ ရိုးသားစွာ ပြုံးလိုက်သည်။

"ရှန်းအာ တို့အတွက် ဘာဝယ်ပေးရမလဲ မသိလို့ ကျောက်ခဲတစ်ဘူး ကောက်လာခဲ့တယ်၊ ကလေးတွေကို ပေးဆော့လိုက်ပါကွာ”

"ပိုက်ဆံတွေ ကုန်ပါဦးမယ်၊ ဒါ ဈေးမပေါဘူးမလား”

ရှန်မြောင် က ပြုံးပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။

"ရပါတယ်၊ ဒါ ဖြစ်သင့်တာပဲ။ ဪ... ပြီးတော့ ဒီလားလှည်းက ရေကြောင်းအရာရှိထုန် ဆီက ငှားလာတာ၊ သူ့ကို ဘယ်မှာ သွားရှာရမလဲ မသိဘူး၊ သာ့ကျဲအာ ပဲ လူတစ်ယောက်လွှတ်ပြီး သွားပြန်ပေးပါဦး”

"ကျွန်မ သိပါတယ်၊ ထန်အာကို သွားခိုင်းလိုက်မယ်၊ ကိစ္စမရှိပါဘူး၊ ဦးလေးလီ အိမ်မြန်မြန်ပြန်တော့”

လီထျောင်ဇီ လည်း ဝန်ကို ထမ်းပြီး သားအမိနောက်သို့ အမှီလိုက်သွားလေသည်။

သူတို့ မိသားစု ပျော်ရွှင်စွာ အိမ်ပြန်သွားသည်ကို ကြည့်ပြီးမှ ရှန်မြောင် ကိုယ့်အိမ်တံခါးကို တွန်းဖွင့်လိုက်သည်။

ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်နေသည်။

ဝရန်တာအောက်တွင် လူများ ပိုးလိုးပက်လက် အိပ်ပျော်နေကြသည်။

ချန်ချွမ်း နှင့် ယိုယွီ တို့သည် ခေါင်းပေါ်တွင် ဆံထုံး နှစ်ခုစီ ထုံးထားပြီး နဖူးပေါ်တွင် အနီစက်များ တို့ထားကာ နှုတ်ခမ်းကိုလည်း နှင်းဆီရောင် ဆိုးထားလျက် ယှဉ်တွဲအိပ်ပျော်နေကြသည်။ ရှန်းအာက သူတို့ဘေးတွင် အိပ်ပျော်နေပြီး ရှုပ်ပွနေသော ဆံပင်များကြားတွင် ပန်းများ တစ်ခေါင်းလုံး ထိုးထားကာ ပါးပြင်ပေါ်တွင်လည်း ရွှံ့လုံးတစ်လုံး ကပ်ထားသေးသည်။ ဒါက...

ရှန်မြောင် ငုံ့ကြည့်လိုက်သည်။ ဒါက အောင်သွယ်တော် ပုံစံများ လုပ်ထားတာလား။ ရှန်မြောင် သည် ရှန်းအာ ၏ ကြီးတစ်ခါ ငယ်တစ်လှည့် ရှုပ်ပွနေသော ဆံထုံးများကို ကြည့်ပြီး ခေါင်းခါလိုက်မိသည်။ သူမဘာသာ ထုံးထားတာများလား။

သူမ၏ ဘေးတွင် ဦးလေးရှဲ့ သည်လည်း ခေါင်းပေါ်တွင် ပန်းပန်ထားပြီး ပါးပြင်ပေါ်တွင် နှင်းဆီရောင် အကွက်ကြီးနှစ်ကွက် ခြယ်သထားသည်။ မျက်ခွံနှင့် နှုတ်ခမ်းများကိုလည်း နီရဲနေအောင် ဆိုးထားပြီး နားသယ်စပ်မှ ကျနေသော ဆံပင်နှစ်စကို ကျစ်ဆံမြီး ကျစ်ထားကာ လည်ပင်းတွင် အနီရောင်ပိုးစ စည်းထားသေးသည်။ ကြည့်ရဆိုးသော မိတ်ကပ်များဖြင့် အလွန် သနားစဖွယ် အိပ်ပျော်နေလေသည်။

ရှန်မြောင်တစ်ယောက် နှုတ်ခမ်းကို စေ့ထားပြီး မရယ်မိအောင် မနည်းထိန်းထားရတော့၏။

မီးဖိုချောင်ထဲသို့ ခြေသံလုံအောင် ဝင်သွားရာ ငါးဖယ်လုံးနံ့များ မွှေးပျံ့နေသည်။ ထန်အာ နှင့် ဖူရှင်း တို့သည် ငါးဖယ်လုံး ဆက်လုပ်နေကြသည်။ သူမ ပြန်လာသည်ကို မြင်သောအခါ ပြုံးပြကြသည်။

"ဒီနေ့ ငါးဖယ်လုံး ခေါက်ဆွဲပြုတ် ရောင်းကောင်းလိုက်တာ၊ ညန်ဇီ မနေ့က လုပ်ထားတာတွေ အကုန်ကုန်သွားလို့ ကျွန်တော်တို့နှစ်ယောက် ထပ်လုပ်နေတာ”

ရှန်မြောင်က ပြုံးလိုက်ပြီး "ပင်ပန်းသွားကြပြီ”

"ရပါတယ်၊ ညန်ဇီ ကလည်း အားနာနေပြန်ပြီ”

အားထောင် သည် ပန်းကန်လုံး အမြင့်ကြီး တစ်ပုံကို ပိုက်ပြီး ဝင်လာကာ ရေကန်ထဲ ထည့်လိုက်သည်။ ခါးတွင် ဝတ်ထားသော ခါးဝတ်ဖြင့် လက်ကို သုတ်လိုက်ပြီး ရှန်မြောင် ဘက်သို့ မေးငေါ့ပြကာ ရယ်မောလိုက်လေသည်။

"ဒီနေ့ ရှဲ့သခင်ကြီးခမျာ ရှန်းအာ လက်ထဲမှာ တစ်နေ့ကုန် နေလိုက်ရတယ်။ အစတုန်းက ဆံပင်ရိတ်တမ်း ကစားတယ်၊ ပြီးတော့ ရှဲ့သခင်ကြီးက သူ့မုတ်ဆိတ်မွှေးတွေကို အထိမခံဘူးလို့ ပြောတော့ ရှန်းအာ က ရှဲ့သခင်ကြီးကို သတို့သမီးအဖြစ် သရုပ်ဆောင်ခိုင်းပြီး သူက မင်္ဂလာဆောင် အခမ်းအနားမှူး လုပ်တာလေ၊ သတို့သမီးကို ဆံပင်ဖြီး မိတ်ကပ်လိမ်းပေးတဲ့ အဘွားကြီးပေါ့။ ချန်ချွမ်း နဲ့ ယိုယွီ ကတော့ ကုတင်လိမ့်တဲ့ ကလေးတွေ လုပ်ကြတာ..."

အားထောင် စကားမဆုံးခင် ပခုံးများ တုန်သည်အထိ ရယ်မောနေတော့သည်။

ရှန်မြောင်လည်း ဗိုက်နာသည်အထိ ရယ်လိုက်မိသည်။ ရှန်းအာက အိမ်လုပ်တမ်းကစားနည်း ကစားတိုင်း သတို့သမီးတို့၊ ကတော်ကြီးတို့ နေရာကို ဘယ်တော့မှ မလုဘဲ သူမ သရုပ်ဆောင်ချင်သော နေရာများက အခြားကလေးများနှင့် မတူပေ။ သူမက စစ်သူကြီးလုပ်ချင်သည်။ အောင်သွယ်တော် လုပ်ချင်သည်။ မင်္ဂလာဆောင် အခမ်းအနားမှူး နှင့် ဆံသဆရာ လုပ်ရသည်ကို အနှစ်သက်ဆုံး ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း လဝက်ခန့် ကုန်ဆုံးသွားခဲ့သည်။ ဘဲခြံသည်လည်း လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာပြီး အဒေါ်လီ ၏ လမ်းညွှန်ပြသမှုကြောင့် ဟုန်ပါး မိသားစုသည်လည်း ဘဲခြံအလုပ်များနှင့် ကျင်းလင် ဘဲဖြူများ၏ အလေ့ာစရိုက်များကို ကျွမ်းကျင်လာကြသည်။ ဘဲများမှာလည်း သိသိသာသာ ထွားကျိုင်းလာကြလေသည်။

...

All Chapters