အခန်း (၂၂၁-၂၂၂)
Vol. 23 Ch. 221-222
အခန်း (၂၂၁) - ကိုယ်ကိုပေး၍ ကျေးဇူးဆပ်ပါရစေ
ရှုး ရှုး ရှုး
လေးမြားသုံးစင်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်
အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ ပါဝင်နေသည်
စောစောက သူသည် တင်းရုံကို သတ်ရန် မရည်ရွယ်ဘဲ သူမ၏ အပျိုစင်ယင်စွမ်းအင်ကိုသာ သိမ်းပိုက်လိုခြင်း ဖြစ်သောကြောင့် နတ်ဘုရားလေးမြား၏ အစွမ်းကုန်ကို အသုံးမပြုခဲ့ပေ။
လီယန်ချူ၏ သွေးချီများ ဆူပွက်လာပြီး၊ သူ၏ အတွင်းအား အရှိန်အဝါများကို ကျန့်ကျောင်းဓား အတွင်းသို့ လောင်းထည့်လိုက်သည်။
ချွန်း
တောက်ပသော ဓားအလင်းတန်း တစ်ခုသည် တစ်ခဏအတွင်းမှာပင် ကုန်းရှူပေ့ယွီ၏ ဦးခေါင်းကို ဖြတ်ချလိုက်သည်
သွေးများ ပန်းထွက်လာသည်
ခေါင်းမရှိသော အလောင်းကြီးသည် ဝုန်းခနဲ လဲကျသွားတော့သည်။
စောစောက သူသည် တိုက်ခိုက်ခြင်း မပြုဘဲ အကာကွယ်အရှိန်အဝါဖြင့်သာ တောင့်ခံနေခဲ့ခြင်း ဖြစ်သည်။
ယခုမူ ဓားတစ်ချက်တည်းဖြင့် ကုန်းရှူပေ့ယွီကို သတ်ဖြတ်လိုက်ပြီ ဖြစ်သည်။
တစ်ကွက်တည်းသာ
သူသည် ရှေ့သို့ တက်လှမ်းသွားပြီး ကုန်းရှူပေ့ယွီ ကိုယ်ပေါ်ရှိ ပစ္စည်းများကို ကျွမ်းကျင်စွာ သိမ်းဆည်းလိုက်သည်။
ကျောက်စိမ်းပြား အပိုင်းအစ သုံးခု။
တာအိုနန်းတော် မှော်ပစ္စည်း နှစ်ခု ။
အလွန်လျှိုဝှက် ဆန်းကျယ်သော နတ်ဘုရားလေးမြား တစ်ခု။
ကျိုးပဲ့နေသော ကြေးဝါလက်မောင်း။
ရှေးဟောင်း ကြေးပြားပိုက်ဆံ တစ်ပြား။
အခြားပစ္စည်းများက လီယန်ချူ၏ အာရုံကို မဖမ်းစားနိုင်သော်လည်း၊ ထိုရှေးဟောင်း ကြေးပြားပိုက်ဆံလေးကမူ သူ့ကို မျက်လုံး တောက်သွားစေသည်။
သာမန် ကြေးပြားထက် အနည်းငယ် ပိုကြီးသည်။
အပေါ်ရှိ စာလုံးများမှာ အလွန် ရှေးကျနေပြီး ဘာရေးထားမှန်း အတိအကျ မသိနိုင်ပေ။
လီယန်ချူသည် သေချာစွာ အာရုံခံကြည့်လိုက်ရာ ၎င်းအတွင်း၌ တာအိုအနှစ်သာရ များ ပါဝင်နေသည်ကို တွေ့ရှိလိုက်ရသည်။
"ဒါက မှော်ပစ္စည်းတစ်ခုလား "
သူ စိတ်ထဲတွင် တွေးလိုက်သည်။
တာအိုဂိုဏ်း၏ မှော်ပစ္စည်းများတွင် ကြေးပြားဓားများ ရှိတတ်သည်။
အကြောင်းမှာ ကြေးပြားပိုက်ဆံများပေါ်တွင် လူတို့၏ အငွေ့အသက် အားကောင်းသောကြောင့် မကောင်းဆိုးဝါးများကို နှိမ်နင်းနိုင်၍ ဖြစ်သည်။
ထိုရှေးဟောင်း ကြေးပြားတွင် တာအိုအနှစ်သာရ ပါဝင်နေခြင်းမှာ သာမန်ပစ္စည်း မဟုတ်ကြောင်း ထင်ရှားနေသည်။
သူသည် ထိုပစ္စည်းများကို အထုပ်ထဲသို့ ထည့်ကာ ကိုယ်နှင့်မကွာ သယ်ဆောင်လိုက်သည်။
အဝေးမှ ပစ္စည်းယူ ယူသည့် အတတ်ကို သူ လူရှေ့တွင် ပြသဖူးသော်လည်း။
သိုလှောင်အိတ် မရှိသေးပေ။
ထို့ကြောင့် သူသည် အမြဲတမ်း ခပ်နိမ့်နိမ့်ဖြင့်သာ နေထိုင်လေ့ရှိသည်။
တင်းရုံမှာ သူ၏ ထိုကဲ့သို့သော အပြုအမူကို ကျင့်သားရနေပြီ ဖြစ်သည်။
မဟုတ်လျှင် သူမ၏ လှေကူးရန် သုံးသည့် မှော်ပစ္စည်းပင် ရှိတော့မည် မဟုတ်ပေ။
သူမ လျှောက်လာခဲ့ရာ အကြည့်တို့မှာ အနည်းငယ် ရှုပ်ထွေးနေသည်။
လီယန်ချူက သက်ပြင်းချလိုက်သည်
"ငါက မင်းရဲ့ ကံကြမ္မာထဲက မင်းသား မဟုတ်ဘဲ မင်းရဲ့ ဘေးအန္တရာယ်တွေကို လိုက်တားပေးနေရတဲ့သူ ဖြစ်နေပုံရတယ်"
တင်းရုံ၏ မျက်နှာလေး နီမြန်းသွားသည်။
"ကျွန်မ တမင်သက်သက် ရှင့်ကို ပြန်လာရှာတာ မဟုတ်ပါဘူး၊ ကုန်းရှူပေ့ယွီနဲ့ တွေ့ပြီး တိုက်ခိုက်ရင်းနဲ့ ဒီကို ရောက်လာတာပါ"
လီယန်ချူက သူမကို တစ်ချက်ကြည့်လိုက်ပြီး အရှိန်အဝါကြည့်သည့် အတတ် ကို အသုံးပြုလိုက်သည်။
တင်းရုံ၏ အရှိန်အဝါထဲတွင် ထိုအမည်းရောင်များမှာ အနည်းငယ် ပါးလွှာသွားသော်လည်း မှောင်မိုက်သော တိမ်တိုက်များ ဖုံးလွှမ်းနေဆဲ ဖြစ်သည်။
သူသည် ထိုအခြေအနေကို အမှန်အတိုင်း ပြောပြလိုက်သည်။
တင်းရုံ ခေတ္တမျှ မှင်တက်သွားသည်။
ကံကြမ္မာက ဒီလိုဖြစ်နေရင် တကယ်ပဲ ကျော်ဖြတ် နိုင်ပါ့မလား
လီယန်ချူက ရေရွတ်သည်
"ဒီနတ်ဘုရားနန်းတော်က တကယ်ပဲ ထူးဆန်းတယ်၊ မင်းရဲ့ ဘေးဒုက္ခ ကျရောက်မယ့်နေရာ ဖြစ်နေပုံရတယ်၊ အပြင်ထွက်တာနဲ့ လူယုတ်မာတွေနဲ့ တွေ့နေတာပဲ"
တင်းရုံ၏ ပါးပြင်ပေါ်တွင် ရှက်သွေးဖြန်းသွားသည်။
"သွားကြစို့၊ ငါတော့ မင်းကို လက်မြှောက်လိုက်ပြီ၊ ဒီအပျက်အစီးကို စူးစမ်းနေတုန်း တစ်နေရာရာမှာ မင်းကို မိစ္ဆာတွေ လိုက်သတ်နေတာ ထပ်မတွေ့ချင်တော့ဘူး"
လီယန်ချူက ပြောသည်။
တင်းရုံ မှင်တက်သွားပြီး အကြည့်တို့ ရှုပ်ထွေးသွားသည်။
နောက်ဆုံးတွင် ဘာမှ မပြောဘဲ နောက်ကနေ လိုက်လာခဲ့သည်။
နှစ်ယောက်သား ယှဉ်တွဲ၍ လျှောက်လှမ်းခဲ့ကြသည်။
တင်းရုံက ရုတ်တရက် ပြောသည်
"လီတာအိုဆရာ၊ ရှင် ကျွန်မကို အကြိမ်ကြိမ် ကူညီကယ်တင်ခဲ့တဲ့အတွက် တကယ်ပဲ ကျေးဇူးတင်မဆုံးပါဘူး၊ ကျွန်မ... ကျွန်မ ဘာနဲ့မှ ပြန်မဆပ်နိုင်တော့ဘူး"
တင်းရုံ၏ မျက်လုံးများ လှုပ်ခတ်နေပြီး မျက်နှာလေး နီမြန်းကာ ဖော်မပြနိုင်သော ဆွဲဆောင်မှုမျိုး ရှိနေသည်။
လီယန်ချူက သူမ စကားကို ဖြတ်လိုက်သည်။
"အို တင်းလေး ရေး အားမနာပါနဲ့၊ ခန္ဓာကိုယ်နဲ့ ကျေးဇူးဆပ်ဖို့လည်း မစဉ်းစားနဲ့ မလိုအပ်ပါဘူး"
လီယန်ချူက ပြုံးလျက် ပြောသည်။
"လမ်းဘေးက ကြောင်လေး ခွေးလေးတွေ အသတ်ခံရတော့မယ့် အချိန်မှာတောင် ငါ ကယ်မှာပဲ မဟုတ်လည်း ငါတို့က တာအိုဂိုဏ်းဝင် ချင်းချင်းပဲဟာ"
တင်းရုံ - "."
နဂိုက ရှိနေသော ကြည်နူးစရာ အငွေ့အသက်မှာ ချက်ချင်းပင် အေးခဲသွားသည်။
တင်းရုံ၏ နီမြန်းနေသော မျက်နှာမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
"ဟားဟား၊ ယောက်ျား မိန်းမ ကိစ္စတွေကိုပဲ အမြဲ မတွေးနေပါနဲ့၊ အားလုံးက ကောင်းကောင်းမွန်မွန် ပေါင်းသင်းရမှာ၊ တကယ်လို့ အဆင်မပြေရင် မင်းကိုယ်တိုင်ပဲ ပြဿနာကို ရှာကြည့်လိုက်တော့"
လီယန်ချူက ရယ်မောရင်း ပြောသည်။
တင်းရုံက လီယန်ချူကို မကျေမနပ် တစ်ချက် စောင်းကြည့်လိုက်ပြီး
"ဘာတွေ လျှောက်ပြောနေတာလဲ၊ ကျွန်မမှာ ယောက်ျား မိန်းမ ကိစ္စတွေ တွေးနေတာ တစ်ခုမှ မရှိဘူး "
လီယန်ချူက ခပ်အေးအေး ပြုံးလိုက်သည်။
"ကံဆိုးမှုတွေ ဖုံးလွှမ်းနေတယ်၊ သေကိန်းတွေက ထပ်နေတယ်၊ ပြီးတော့ သန့်စင်တဲ့ ယင်ခန္ဓာကိုယ်လည်း ဖြစ်နေပြန်တယ် မင်းရဲ့ ဆရာက မင်းကို ဒီနတ်ဘုရားနယ်မြေထဲ လွှတ်လိုက်တာက မင်းကို ဒုက္ခပေးချင်လို့ မဟုတ်လောက်ပါဘူးနော်"
"တခြားနေရာဆိုရင် ဒီဘေးအန္တရာယ်က အများကြီး သက်သာကောင်း သက်သာနိုင်မှာ"
လီယန်ချူက ဆိုသည်။
တင်းရုံက နှာခေါင်းရှုံ့လိုက်သည်
"ကျွန်မဆရာက ကျွန်မကို ငယ်ငယ်ကတည်းက သမီးအရင်းလို စောင့်ရှောက်လာတာ ဘာလို့ ဒုက္ခပေးမှာလဲ ရှင် ဆရာ့ကို အဲဒီလို မပြောပါနဲ့ "
လီယန်ချူက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တာပေါ့ တင်းလေးရဲ့ မင်း အခုလို ပုံစံမျိုးကမှ ငါတို့ စတွေ့တုန်းက တာအိုမယ်လေးရဲ့ အေးစက်စက် ပုံစံနဲ့ တူသွားတာ၊ စောစောက ပုံစံကတော့ အချစ်စိတ် နိုးထနေတဲ့ မိန်းကလေး တစ်ယောက်အတိုင်းပဲ "
လီယန်ချူက လက်လှမ်းလိုက်ပြီး စပျစ်သီးတစ်လုံး ထုတ်ပေးလိုက်သည်။
တင်းရုံက မျက်လုံးတစ်ချက် လန်ကြည့်လိုက်သော်လည်း။
အားမနာတမ်းပင် စပျစ်သီးကို ယူလိုက်သည်။
"ရှင်ပဲ အချစ်စိတ် နိုးထနေတာပါ၊ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးနဲ့ဦး "
တင်းရုံက နှာခေါင်းရှုံ့လျက် ပြောသည်။
လီယန်ချူက စနောက်သလို ပြုံးလိုက်သည်
"ဘာလဲ၊ အခုတော့ ငါနဲ့ အားမနာတော့ဘူးလား "
တင်းရုံကလည်း မမူတော့ဘဲ စပျစ်သီးကို ပါးစပ်ထဲ ထည့်လိုက်သည်။
ဝါးလိုက်သောအခါ။
ချက်ချင်းပင် ချိုမြိန်သော အရသာကို ခံစားလိုက်ရသည်
ကြီးမားသော အသက်စွမ်းအားများ ရင်ဘတ်အတွင်းမှာ ပျံ့နှံ့သွားပြီး လက်မောင်းပေါ်ရှိ ဒဏ်ရာမှာလည်း လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။
တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်မှုများ ကုန်စင်သွားသည်။
ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များလည်း (၇၀) (၈၀) ရာခိုင်နှုန်းခန့် ပြန်ပြည့်လာသည်။
တင်းရုံက ပြုံးလိုက်သည်
"အသက်တောင် အကယ်ခံထားရတာပဲ၊ ရှင်နဲ့ အားနာနေစရာ ဘာရှိဦးမှာလဲ"
သူမ၏ လေသံမှာ အများကြီး ပေါ့ပါးသွားသည်။
လီယန်ချူက ခေါင်းညိတ်လိုက်သည်။
"မင်းရဲ့ အခုလို ပုံစံက ငါ့သူငယ်ချင်း တစ်ယောက်နဲ့ တူတယ်"
သူသည် ကြာမြင့်စွာ မတွေ့ရတော့သော ပိုင်ဟုန်ထူ ကို ဆိုလိုခြင်း ဖြစ်သည်။
တင်းရုံက မေးသည်
"မိန်းကလေးလား "
လီယန်ချူက မရယ်ဘဲ မနေနိုင်ဘဲ ခေါင်းညိတ်သည်
"ဟုတ်တယ်၊ သူမ နာမည်က ပိုင်ဟုန်ထူ တဲ့"
"ပိုင်ဟုန်ထူ "
တင်းရုံက မျက်မှောင်ကြုတ်သည်
"ယောက်ျားလေး နာမည်နဲ့ တူတယ်"
စကားပြောရင်းနှင့် လီယန်ချူ စောစောက ဝင်ခဲ့သည့် တာအိုနန်းတော် ဘေးတိုက်ခန်းမထဲသို့ ရောက်ရှိလာကြသည်။
တင်းရုံ၏ မျက်လုံးထဲတွင် စိုးရိမ်စိတ် အနည်းငယ် ပေါ်လာသည်။
လီယန်ချူက ဖြည်းညင်းစွာ ပြောသည်
"သေချာ စဉ်းစားနော်၊ ဒီခန်းမထဲမှာ မမြင်ရတဲ့ လူသေတွေ ရှိနေနိုင်တယ်၊ အဲဒီအချိန်ကျရင် တစ္ဆေတွေက မင်းကိုယ်ထဲ ပူးပြီး မင်းကို စတေးခံအဖြစ် သုံးသွားနိုင်တယ် "
သူ၏ အသံမှာ အနည်းငယ် နိမ့်ဝင်သွားသည်။
ဤကြီးမား ခိုင်ခံ့သော ခန်းမတံခါးဝတွင် ထိုသို့ပြောလိုက်ခြင်းက တင်းရုံကို ကြောက်လန့်သွားစေသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက်။
တင်းရုံက ပြုံးလိုက်သည်
"ရှင် ရှိနေတာပဲဟာ၊ ရှင် ကျွန်မကို အကြိမ်ကြိမ် ကယ်ခဲ့တာပဲ၊ နောက်ထပ် အကြိမ်အနည်းငယ် ကယ်ပေးဖို့ဆိုတာ မခက်ပါဘူး"
"အရမ်းဆိုးလာရင်လည်း ကျွန်မ ခန္ဓာကိုယ် နဲ့ကျေးဇူးဆပ်လိုက်မှာပေါ့ ဒါမှမဟုတ်လည်း ကျွန်မကို အစေခံအဖြစ် ထားပြီး ကျေးဇူးဆပ်ပါရစေ "
လီယန်ချူ - "."
တော်တော်လေး ဟုတ်နေပြီ
သို့သော်လည်း။
သူက သိပ်ဂရုမစိုက်တော့ပေ။
ဒီလောက်ကြီးမားတဲ့ နတ်ဘုရားနယ်မြေထဲမှာ တင်းရုံ အကြိမ်ကြိမ် ဘေးတွေ့တိုင်း သူနဲ့ပဲ လာတိုးနေသည်။
စောစောက ထွက်ခွာခိုင်းလိုက်သော်လည်း တစ်ပတ်လည်ပြီး ပြန်ဆုံကြပြန်သည်။
ဖြစ်နိုင်သည်မှာ သူတို့နှစ်ယောက်ကြားတွင် ကံပါနေခြင်း ဖြစ်နိုင်သည်။
အတူတူ သွားကြတာကပဲ ပိုကောင်းလိမ့်မည်။
စောစောက သူ တစ်ခု စဉ်းစားမိသည်။
တင်းရုံက ဒီလောက်တောင် ကံဆိုးနေတာ။
တကယ်တော့ ဒါက မကောင်းဆိုးဝါးတွေကို ဆွဲဆောင်တဲ့ အိုးတစ်လုံးပဲ။
သူမနောက် လိုက်သွားရင် မိစ္ဆာတွေကို ပိုသတ်ခွင့်ရပြီး ကုသိုလ်မှတ် တွေ ပိုရနိုင်မည် မဟုတ်လား။
နှစ်ယောက်သား ခန်းမအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
တင်းရုံက သတိကြီးစွာ ထားနေသည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ စောစောကကဲ့သို့ ထူးဆန်းသော စိုက်ကြည့်ခံရသည့် ခံစားချက်မျိုး မရှိတော့ပေ။
သူမသည် စီတန်းထားသော ရှေးဟောင်းခေါင်းလောင်းများကို တွေ့လိုက်ရသည်။
"ဟင်"
"ဒီမှာ ဘာလို့ ရှေးဟောင်းခေါင်းလောင်းတွေ အများကြီးကို အစီအရင်အတိုင်း ချထားတာလဲ "
တင်းရုံက သိချင်စိတ်ဖြင့် မေးသည်။
လီယန်ချူက ပြောသည်
"ခေါင်းလောင်းတွေက မူလကတည်းက ရှိနေတာ၊ ဒါပေမဲ့ ဝင်လာတုန်းက လဲနေကြတာ၊ ငါက ပြန်ထူပေးထားတာ"
တင်းရုံ - "...."
ဒါက နတ်ဘုရားတွေရဲ့ နေရာဖြစ်တဲ့အတွက် နောက်မျိုးဆက်တပည့်တွေအနေနဲ့ ရိုသေသင့်တာ မှန်ပေမယ့်။
အပျက်အစီးကြီးကို ဒီလောက်ထိ သန့်ရှင်းရေး လုပ်ပေးစရာ မလိုပါဘူး။
ပြီးတော့ ဒီခေါင်းလောင်း တစ်ခုချင်းစီက အနည်းဆုံး ပိဿာပေါင်း ထောင်ချီ လေးမှာပဲ။
တင်းရုံက မေးသည်
"ရှင် တစ်ခုခုကို မြင်လို့လား "
လီယန်ချူက ခေါင်းညိတ်ပြပြီး လူနှစ်ရပ်စာ မြင့်သော လေးလံသည့် ရှေးဟောင်းခေါင်းလောင်းများကို ညွှန်ပြလိုက်သည်။
"ဒါက အရှေ့ဘက် စန်းလုံ အစီအရင် ပဲ "
အခန်း (၂၂၂) - စိတ်မိစ္ဆာ
“အရှေ့ဘက် စန်းလုံ အစီအရင်”
တင်းရုံ အနည်းငယ် အံ့ဩသွားသည်။
“မင်း ဒီအစီအရင်အကြောင်း သိလို့လား”
လီယန်ချူက မေးလိုက်သည်။
တင်းရုံက ခေါင်းခါပြသည်
“ဆရာ ပြောပြဖူးတာပဲ ရှိတယ်၊ တာအို ရှေးဟောင်းကျမ်းစာတွေထဲမှာ ဒီအစီအရင်အကြောင်း မှတ်တမ်းတင်ထားတယ်၊ ဒါပေမဲ့ ဒီနာမည်လောက်ပဲ သိတာ၊ ကျန်တာတော့ မသိဘူး ”
လီယန်ချူက ခေါင်းညိတ်လိုက်သည်။
“ဒါဆို ငါ့ဆရာက ငါ့ကို တကယ်ပဲ ဘာတွေ သင်ပေးထားတာလဲ ”
သူ့မျက်နှာက တည်ငြိမ်နေသော်လည်း စိတ်ထဲမှာတော့ လှိုင်းတံပိုးထနေသလို အကြီးအကျယ် အံ့ဩနေမိသည်။
လုံဟူရှန်း က နတ်ဆရာ နဲ့ ညီအစ်ကိုလို ပေါင်းနိုင်တဲ့ အမျိုးသားဆိုတော့လည်း မပြောနဲ့တော့။
တကယ့်ကို လန်းတာပဲ
သူက အရှေ့ဘက် စန်းလုံ အစီအရင်အကြောင်းကို ဆက်လက် ရှင်းပြလိုက်သည်။
“နက္ခတ် (၂၈) လုံးထဲမှာ အရှေ့ဘက် စန်းလုံ နက္ခတ် (၇) လုံး ဖြစ်တဲ့ ကျဲ၊ ခန့်၊ တိ၊ ဖန်း၊ ဆင်း၊ ဝေ၊ ကျီ ဆိုတာ ရှိတယ်"
"ဒီအရှေ့ဘက် စန်းလုံ အစီအရင် ဆိုတာကတော့ ခန္ဓာကိုယ်ကို ပြင်ပ မိစ္ဆာတွေ မနှောင့်ယှက်နိုင်အောင် စောင့်ရှောက်ပေးတဲ့ အစီအရင်ပဲ၊ ဒါဟာ ကာကွယ်ရေး အမျိုးအစား အစီအရင်ပဲ ”
တင်းရုံက တိုးတိုးလေး ရေရွတ်သည်
“ခန္ဓာကိုယ်ကို စောင့်ရှောက်တာလား ”
လီယန်ချူက ရှေးဟောင်း ခေါင်းလောင်းတစ်ခုနား သွားပြီး ခေါင်းလောင်းကိုယ်ထည်ကို လက်ချောင်းဖြင့် ညင်သာစွာ ခေါက်လိုက်သည်
“ဟုတ်တယ်၊ ဒါဟာ ကျင့်ကြံသူတွေ ဝိညာဉ် ထွက်ခွာသွားတဲ့အချိန်မှာ ရုပ်ခန္ဓာ ပျက်စီးမသွားအောင် ကာကွယ်ပေးတဲ့ အစီအရင်ပဲ ”
“ဒီရှေးဟောင်း ခေါင်းလောင်းတွေပေါ်မှာ မူလက နတ်ဘုရားဂါထာမန္တန်တွေ ရေးထိုးထားပြီး၊ စန်းလုံ နက္ခတ် (၇) လုံးရဲ့ တည်နေရာအတိုင်း စီတန်းထားကာ တာအိုပညာရှင်ကြီးတွေရဲ့ ထောက်ပံ့မှု ပါဝင်ရမှာ ဖြစ်တယ် ”
တင်းရုံက ခေါင်းညိတ်လိုက်သည်။
“ကြည့်ရတာ ဒါဟာ အရင်က ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေမှာ ပြဿနာ တက်ခဲ့တုန်းက တာအိုရှေ့ဆောင်ကြီးတွေ ဝိညာဉ်ထွက်ပြီး ရန်သူကို တိုက်ခိုက်ချိန်မှာ ခန္ဓာကိုယ်အတွက် စီစဉ်ထားခဲ့တဲ့ နည်းလမ်းတွေ ဖြစ်ပုံရတယ် ”
“မှန်တယ်”
လီယန်ချူက ဆိုသည်။
“ဒါပေမဲ့ ထင်ရှားတာက အဲဒီ ရှေ့ဆောင်ကြီးတွေရဲ့ ဝိညာဉ်ခန္ဓာတွေက ပြန်မလာနိုင်ခဲ့ကြဘူး၊ အဲဒါကြောင့် သူတို့ရဲ့ ရုပ်ခန္ဓာတွေကို မိစ္ဆာတွေက သိမ်းပိုက်လိုက်ကြတာပဲ ”
လီယန်ချူ၏ လေသံထဲတွင် နှမြောတသမှု အချို့ ပါဝင်နေသည်။
“ဘာ... ဘာပြောတယ်”
တင်းရုံ အံ့ဩတုန်လှုပ်သွားသည်။
သူမသည် ရှေးဟောင်း ခေါင်းလောင်းကြီးများကို လှမ်းကြည့်လိုက်သည်။
“ရှင်ပြောချင်တာက ဒီအစီအရင်က သူတို့ရဲ့ ရုပ်ခန္ဓာတွေကို မကာကွယ်နိုင်ခဲ့ဘူး ဆိုတာလား ”
အကယ်၍ ထိုသို့သာ ဆိုလျှင် ထိုတာအိုရှေ့ဆောင်ကြီးများသည် ဝိညာဉ်ခန္ဓာ တိုက်ပွဲမှာ ကျဆုံးခဲ့ရသလို၊ ကျန်ရစ်ခဲ့တဲ့ ရုပ်ခန္ဓာကလည်း ငြိမ်းချမ်းစွာ မနားခိုနိုင်ခဲ့ကြဘူးပေါ့။
လီယန်ချူက ပြောသည်
“မှန်တယ် တကယ်လို့ ဝိညာဉ်ခန္ဓာသာ အစီအရင်ထဲကို ပြန်ဝင်နိုင်ခဲ့ရင် ဒီခေါင်းလောင်းတွေက ကွဲအက်သွားရမှာ၊ ဘာလို့လဲဆိုတော့ အရှေ့ဘက် စန်းလုံ အစီအရင်ဆိုတာ မူလကတည်းက မှော်ပစ္စည်းတွေကို အကြီးအကျယ် သုံးစွဲရတဲ့ အစီအရင်မျိုးပဲ ”
“ဒါပေမဲ့ ငါတို့ ဒီကို စရောက်ချိန်မှာတော့ ဒီခေါင်းလောင်းတွေက ဟိုဘက်ဒီဘက် လဲကျပြီး ဖရိုဖရဲ ဖြစ်နေခဲ့တယ် ”
တင်းရုံ၏ မျက်နှာမှာ လေးနက်သွားသည်။
လီယန်ချူက ဆက်ပြောသည်
“ဒါတင်မကသေးဘူး၊ အရှေ့ဘက် စန်းလုံ အစီအရင်က ပျက်စီးမသွားခဲ့ဘဲ မိစ္ဆာတစ်ကောင်က ရှေ့ဆောင်ကြီးရဲ့ ရုပ်ခန္ဓာကို သိမ်းပိုက်ပြီးနောက်မှာ ခေါင်းလောင်းထဲမှာပဲ ပြန်ပိတ်မိနေခဲ့တာ ဖြစ်ရမယ်”
လီယန်ချူက အကောင်းဆုံး အခြေအနေရှိနေသည့် ခေါင်းလောင်းတစ်ခုကို ညွှန်ပြလိုက်သည်။
၎င်းမှာ အောက်ခြေတွင် ဖုန်အနည်းဆုံး ဖြစ်နေသည့် ခေါင်းလောင်းပင်။
“အဲဒီ မိစ္ဆာတွေက ဘယ်လို ပုံစံမျိုးနဲ့ ရှိနေတာလဲ မသိဘူး၊ ဘာလို့ ခေါင်းလောင်းရဲ့ ကာကွယ်ရေးကို လျစ်လျူရှုပြီး ရုပ်ခန္ဓာကို တိုက်ရိုက် သိမ်းပိုက်နိုင်တာလဲ ”
“အတွင်းပိုင်းကနေပြီး အရှေ့ဘက် စန်းလုံ အစီအရင်ကို ဖျက်ဆီးလိုက်တာပဲ ”
သူသည် ထိုခေါင်းလောင်းနေရာသို့ လျှောက်သွားပြီး ဖြည်းညင်းစွာ ပြောလိုက်သည်
“ဒီနေရာက အရှေ့ဘက် စန်းလုံ အစီအရင်ထဲမှာ ကျဲ နက္ခတ် နေရာပဲ အရှေ့ဘက် နက္ခတ် (၇) လုံးရဲ့ ထိပ်ဆုံးနေရာ၊ ကျဲမုကျောင်း လို့ ခေါ်ပြီး တိုက်ခိုက်သတ်ဖြတ်မှုရဲ့ ရှေ့တန်းဖြစ်တဲ့အတွက် အလွန် ကြမ်းတမ်းတယ် ”
“ဒီနေရာက ရှေ့ဆောင်ကြီးရဲ့ ရုပ်ခန္ဓာကို သိမ်းပိုက်ထားတဲ့ မိစ္ဆာဟာ ဒီနေရာမှာပဲ ပိတ်မိနေပြီး လွတ်မထွက်နိုင်ခဲ့ဘူး ”
“နောက်ပိုင်းမှ ခေါင်းလောင်းရဲ့ စွမ်းအားတွေ ကုန်ခမ်းသွားတော့မှ ရုန်းထွက်သွားနိုင်တာ ဖြစ်ရမယ် ”
“အခုချိန်မှာတော့ ဒီနတ်ဘုရားနန်းတော်ထဲမှာ လှုပ်ရှားနေလောက်ပြီ ”
တင်းရုံ ချက်ချင်းပင် ထိတ်လန့်သွားသည်။
မူလက မိစ္ဆာများသည် လူမြင်တိုင်း တိုက်ခိုက်ခြင်း မဟုတ်သလို အချိန်တိုင်း ပေါ်လာခြင်းလည်း မဟုတ်ပေ။
ကန့်သတ်ချက် တစ်ခုခု ရှိနေသလိုမျိုးပင်။
ကျန်းထင်ရှန်းက မြေပြင်နတ်ဘုရား တွေ တစ်ခုခု လုပ်ထားခဲ့လို့ ဖြစ်ရမယ်။
ဒါပေမဲ့ အခုလို အသစ်ထွက်လာတဲ့ မိစ္ဆာမျိုးဆိုရင်တော့...
တင်းရုံက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။
ထိုမကောင်းဆိုးဝါး အကြည့်မျိုးကို မခံစားရသော်လည်း အကြောင်းပြချက်မရှိဘဲ စိတ်ထဲမှာ မသက်မသာ ဖြစ်လာသည်။
သူတို့နှစ်ဦးသည် ထိုဘေးတိုက်ခန်းမအတွင်း စူးစမ်းရှာဖွေခဲ့ကြသော်လည်း မည်သည့် မှော်ပစ္စည်း သို့မဟုတ် နတ်ဘုရား အခွင့်အရေးနှင့် ဆိုင်သည့်အရာမှ မတွေ့ရှိခဲ့ကြပေ။
တင်းရုံက ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်နေမိပြီး အခြေအနေမှာ မှောင်မိုက်အေးစက်နေသလို ခံစားရသည်။
စိတ်ထဲတွင် ကြောက်စိတ်များ ပေါ်လာသည်။
လီယန်ချူက ရုတ်တရက် ခြေလှမ်းရပ်လိုက်ပြီး တင်းရုံကို သေသေချာချာ ကြည့်လိုက်သည်။
“မင်း အရမ်း ကြောက်နေတာလား ”
တင်းရုံမှာ လန့်ပင်လန့်သွားသည်
“ရှင်ရော မကြောက်ဘူးလား”
လီယန်ချူ တိတ်ဆိတ်သွားသည်။
သူသည် ရှေ့သို့ တိုးလာပြီး တင်းရုံ၏ လက်ကို ဆုပ်ကိုင်လိုက်ကာ ပြင်းထန်သော အတွင်းအား အရှိန်အဝါ တစ်ခုကို လောင်းထည့်လိုက်သည်။
တင်းရုံက အမှတ်မထင် ရုန်းကန်လိုက်သော်လည်း ထိုအရှိန်အဝါ ခန္ဓာကိုယ်ထဲ ဝင်လာသောအခါ။
တစ်ကိုယ်လုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။
ဖော်မပြနိုင်အောင် နေလို့ကောင်းသွားသည်။
၎င်းမှာ သန်မာအားကောင်းသော သိုင်းပညာရှင် သွေးချီများ ပါဝင်သည့် စင်ကြယ်သော ယန်အတွင်းအား ပင် ဖြစ်သည်။
တင်းရုံ၏ စိတ်ထဲက ကြောက်စိတ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အသက်ရှူနှုန်းလည်း ပြန်မှန်လာသည်။
“ငါ့မျက်လုံးကို ကြည့်စမ်း ”
လီယန်ချူက အလေးအနက် ပြောလိုက်သည်။
တင်းရုံ မှင်တက်သွားပြီး လီယန်ချူ၏ မျက်လုံးများကို တိုက်ရိုက် ကြည့်လိုက်သည်။
လီယန်ချူ၏ မျက်လုံးထဲတွင် နူးညံ့သိမ်မွေ့မှု သို့မဟုတ် ချစ်ခင်မှုများ မရှိပေ။
ထိုအစား ကြီးကျယ်ခမ်းနားပြီး ဘုန်းတန်ခိုးကြီးသော မိုးကြိုး အငွေ့အသက်များ ပါဝင်နေသည်။
တင်းရုံ၏ မျက်လုံးများမှာ အနည်းငယ် စူးရှနာကျင်လာသည်။
အမှတ်မထင် မျက်နှာလွှဲရန် ကြိုးစားမိသည်။
လီယန်ချူ မျက်မှောင်ကြုတ်လိုက်သည်၊ တကယ်ပဲ
သူ ခဏမျှ တွေးတောလိုက်ပြီး၊ မိုးကြိုးငါးပါး အဆောင်ကို မထုတ်ဘဲ၊ လင်ကွမ်းဖိတ်ခေါ်ခြင်း အဆောင်ကို ထုတ်ယူလိုက်သည်။
နတ်ဘုရား အရှိန်အဝါ တစ်ခု ချက်ချင်း လင်းလက်လာသည်။
ရှူး ရှူး ရှူး
တင်းရုံ၏ ကိုယ်ပေါ်မှ အဖြူရောင် မီးခိုးများ ထွက်ပေါ်လာသည်။
နှင်းခဲများပေါ်သို့ ဆီပူ လောင်းချလိုက်သကဲ့သို့ပင်
“အား ”
သူမ နောက်သို့ ဆုတ်ရန် ကြိုးစားသော်လည်း လီယန်ချူက ဖမ်းဆွဲထားသဖြင့် လှုပ်မရပေ
“ရှင် ဘာလုပ်တာလဲ ”
တင်းရုံက အလန့်တကြား အော်ဟစ်လိုက်သည်။
လီယန်ချူက အတည်ပေါက် ပြောလိုက်သည်
“စကားမပြောနဲ့၊ ဒီနတ်ဘုရား အရှိန်အဝါကို သေသေချာချာ အာရုံခံကြည့်၊ ဒါက မင်းရဲ့ ဝိညာဉ်ခန္ဓာအတွက် အကျိုးရှိလိမ့်မယ် ”
သူ၏ အသံမှာ တည်ငြိမ်ပြီး ယုံကြည်ချက်ရှိသည်။
ထို့ပြင် တာအိုဂိုဏ်း၏ အမှန်တရားစကားလုံးမန္တန် များလည်း ပါဝင်နေသည်။
နားထဲမှာ ဟိန်းထွက်သွားသလိုပင်
တင်းရုံ၏ စိတ်ထဲမှာ ချက်ချင်း ကြည်လင်သွားသည်။
လီယန်ချူအပေါ် သူမ အပြည့်အဝ ယုံကြည်ထားပြီး မှီခိုအားထားသည့် အဆင့်သို့ပင် ရောက်နေပြီ ဖြစ်သည်။
စောစောက အပြုအမူမှာ အမှတ်မထင် တုံ့ပြန်မိခြင်းသာ ဖြစ်သည်။
ယခု လီယန်ချူက ပြောလိုက်သောအခါ သူမသည် စိတ်ကို စုစည်းလိုက်ပြီး ထိုကြီးကျယ်ခမ်းနားသော နတ်ဘုရား အရှိန်အဝါကို အာရုံစိုက် ကြည့်ရှုလိုက်သည်။
အစပိုင်းတွင် တင်းရုံမှာ မျက်လုံးများ စူးရှနာကျင်ပြီး ဦးခေါင်းမှာ ကွဲအက်မတတ် နာကျင်ကာ စိတ်ထဲတွင် ကြောက်လန့်မှုများ ပေါ်ပေါက်လာသည်။
တစ်ကိုယ်လုံး နောက်သို့ ဆုတ်ချင်စိတ် တားမရအောင် ဖြစ်နေသည်။
နတ်ဘုရား အရှိန်အဝါမှာ လေးလံလှသည်။
မိုးကြိုးငါးပါး မှာလည်း ကောင်းကင်နှင့် မြေကြီး၏ ပြင်းထန်းသော ယန်စွမ်းအားပင်
ဒီနှစ်ခုလုံးက ဖြောင့်မတ်သော လမ်းစဉ် တွေပင်
မိစ္ဆာလမ်းစဉ်များအားလုံး တောင့်မခံနိုင်သည့်အရာမျိုး ဖြစ်သည်။
တကယ်တမ်းဆိုလျှင် တင်းရုံမှာ စနစ်တကျ ကျင့်ကြံထားသော သူတစ်ဦး ဖြစ်ရာ၊ မိုးကြိုး အတတ်ဖြင့် သန့်စင်ပေးပြီး နတ်ဘုရား အရှိန်အဝါဖြင့် ပြုစုပျိုးထောင်ပေးခြင်းကို ခံယူနိုင်ရမည် ဖြစ်သည်။
သို့သော် ယခုမူ သူမသည် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူကဲ့သို့ ကြောက်လန့်တုန်လှုပ်နေသည်။
လီယန်ချူ၏ သတိပေးမှုကို ခံယူပြီးနောက်။
သူမလည်း တစ်ခုခု မှားနေကြောင်း သိရှိသွားကာ ကြောက်ရွံ့မှုနှင့် နာကျင်မှုကို အံကြိတ်တောင့်ခံလျက် ကြီးကျယ်သော နတ်ဘုရား အရှိန်အဝါကို အစွမ်းကုန် အာရုံစိုက်လိုက်သည်။
ရှူး ရှူး ရှူး
တင်းရုံ၏ ကိုယ်ပေါ်မှ အဖြူရောင် မီးခိုးများ ဆက်တိုက် ထွက်ပေါ်နေသည်။
တကယ်တော့။
အရှိန်အဝါကြည့်သည့် အတတ်ဖြင့် ကြည့်လျှင် ၎င်းမှာ အဖြူရောင် မီးခိုးများ မဟုတ်ဘဲ အမည်းရောင် အငွေ့အမျှင်လေးများ ဖြစ်သည်။
ဆံပင်မျှင်ထက်ပင် သေးငယ်ပြီး သတိမထားမိနိုင်လောက်အောင်ပင်
တင်းရုံ၏ မျက်လုံးထဲမှ ကြောက်ရွံ့မှုများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ခိုင်မာလာသည်။
တစ်ချိန်တည်းမှာပင် သူမလည်း တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်သွားသည်။
သန့်စင်တဲ့ ယင်ခန္ဓာကိုယ် ဆိုတာ ယင်ဓာတ်တွေ ပူးကပ်နေပြီး မိုးကြိုးပညာကို ကြောက်ရတာ မဟုတ်ပေ။
၎င်းမှာ ယင်နှစ်၊ ယင်လ၊ ယင်နာရီမှာ မွေးဖွားတဲ့ အမျိုးသမီးတွေရဲ့ ထူးခြားတဲ့ ကံဇာတာ ကို ဆိုလိုခြင်း ဖြစ်သည်။
ယေဘုယျအားဖြင့် ယူဆကြသလို မိစ္ဆာတွေရဲ့ ယင်အငွေ့အသက်မျိုး မဟုတ်ပေ။
၎င်းမှာ ယင်ယန်လမ်းစဉ်ထဲက "ယင်" သာ ဖြစ်သည်။
နောက်ဆုံးတွင်။
တင်းရုံသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး စိတ်ထဲမှာ ပွင့်လင်းကာ ဝိညာဉ်ခန္ဓာမှာလည်း သန်မာလာသည်။
စိတ်တည်ငြိမ်မှ ဝိညာဉ်ခန္ဓာ အေးချမ်းသည် ဆိုသလိုပင်။
သူမသည် မှောင်မိုက်တိတ်ဆိတ်နေသော နန်းဆောင်ကို ပြန်ကြည့်လိုက်သောအခါ မကြောက်တော့ပေ။
လီယန်ချူ သက်ပြင်းချနိုင်ပြီး တင်းရုံ၏ လက်ကို လွှတ်လိုက်သည်။
“တော်သေးတာပေါ့၊ အချိန်မီသေးတယ်၊ မင်းရဲ့ မူလစိတ်ရင်းက စိတ်ကောင်းရှိလို့လည်း ပါတာပေါ့ ”
တင်းရုံက လီယန်ချူကို ကြည့်သည့် အကြည့်ထဲတွင် ဖုံးကွယ်ထား၍မရသော ခံစားချက်တစ်ခု ပါဝင်နေသည်။
သူမ သိလိုက်သည်၊ စောစောက လီယန်ချူက သူမကို နောက်ထပ်တစ်ကြိမ် ကယ်တင်လိုက်ပြန်ပြီ ဆိုတာကို။
“ဒါက တကယ်ပဲ ဘာဖြစ်တာလဲ ”
တင်းရုံက မေးလိုက်သည်။
လီယန်ချူက ဖြည်းညင်းစွာ ပြောလိုက်သည်
“စိတ်မိစ္ဆာ ပဲ၊ စောစောက မင်းရဲ့ စိတ်မိစ္ဆာက နှိုးဆော်ခံလိုက်ရလို့ မိစ္ဆာလမ်းစဉ်ထဲ ကျဆုံးသွားတော့မလို့ပဲ ”