အခန်း (၁၇၃-၁၇၄)
Vol. 18 Ch. 173-174
အပိုင်း (၁၇၃.၁) ရောင်စုံမုန့်လုံးရေပေါ်
တွမ်းဝူပွဲတော်နေ့တွင် အားထောင်သည် စောစောစီးစီးထပြီး အိမ်ရှိလူများနှင့် တိရစ္ဆာန်များကို "တွမ်းဝူပုံစံအဝတ်အစားများ" ဖြင့် ဆင်ယင်ပေးနေလေသည်။
အိမ်ရှိ ကလေးများမှ စတင်ပြီး တစ်ယောက်လျှင် "အဆိပ်ငါးမျိုး ရင်စည်း" တစ်ထည်စီ ပေးဝတ်သည်။ အဝါရောင် ရင်စည်းပေါ်တွင် ကင်းခြေများ၊ မြွေ၊ ကင်းမြီးကောက်၊ အိမ်မြှောင် နှင့် ဖားပြုတ်ပုံများကို ပန်းထိုးထားသည်။ အလွန် ရှုပ်ထွေးလှသော်လည်း စုန့်ခေတ် ကလေးများသည် တွမ်းဝူရောက်တိုင်း ဝတ်ဆင်ရမြဲဖြစ်ပြီး ကလေးတိုင်းတွင် တစ်ထည်စီ ရှိကြသည်။
ရှန်းအာ နှင့် ချန်ချွမ်း တို့သည် ရှက်တတ်သည့် အရွယ်မရောက်သေးသဖြင့် အားထောင် ၏ မျက်လုံးဒေါက်ထောက်ကြည့်မှုအောက်တွင် လိမ္မာစွာ ဝတ်ဆင်လိုက်ကြသည်။ ကျိအာ တစ်ယောက်သာ ရင်ခွင်ထဲ ထိုးထည့်ခံလိုက်ရသော အဝါရောင်ရင်စည်းကို ကြည့်ပြီး မျက်နှာတွင် ငြင်းဆန်မှုများ ပြည့်နှက်နေတော့သည်။
"အတွင်းက ဝတ်ထားတာပဲ၊ မင်္ဂလာရှိအောင်လို့၊ ဘယ်သူမှ မြင်မှာ မဟုတ်ပါဘူး"
အားထောင်သည် ကျိအာ အခန်းဝတွင် ပိတ်ရပ်ပြီး မျက်စောင်းထိုးကာ အတင်းအကျပ် ပြောလိုက်သည်။
"မြန်မြန်ဝတ်၊ မဝတ်ရင် အပြင်မထွက်ရဘူး"
ကျိအာလည်း မတတ်သာတော့သဖြင့် တံခါးနှင့် ပြတင်းပေါက်များကို လုံအောင်ပိတ်ကာ လိုက်ကာများဆွဲချပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ရင်စည်းကို ဝတ်လိုက်ရသည်။
စိတ်ပျက်လက်ပျက်ဖြင့် တံခါးဖွင့်လိုက်သောအခါ အားထောင်က ဖယ်မပေးသေးပေ။ သူမ၏ သံသယ မျက်လုံးများကို ရင်ဆိုင်ရင်း ကျိအာသည် အင်္ကျီအောက်စကို မကာ အတွင်းမှ တွဲလောင်းကျနေသော အဝါရောင်ကြိုးကို ထုတ်ပြလိုက်ရသည်။
"ဒီလိုမှပေါ့"
အားထောင်တစ်ယောက် ကျေနပ်သွားပြီး ခြံဝင်းထဲရှိ ကြောင်၊ ခွေး၊ မြည်း၊ နွားများကို လိုက်ဖမ်းကာ "အနီရောင် ဝိညာဉ်အဆောင်များ" ချိတ်ဆွဲပေးရန် ပြင်ဆင်လေသည်။
အနောက်ဘက်လမ်းကြားမှ ခေါက်ဆွဲလာစားလေ့ရှိသော ဗေဒင်ဆရာကဲသည် အဆောင်များ အများအပြား ပေးပို့ထားသည်။ သူကိုယ်တိုင် ဆေးနီဖြင့် ဝါးရွက်စက္ကူပေါ်တွင် ကျုံးခွေပုံ ရေးဆွဲထားပြီး ကျောဘက်တွင် နားမလည်နိုင်သော ဂါထာမန္တာန်များ ရေးကာ "စန်းချင်း" တံဆိပ်တုံး ထုထားသည်။
ဗေဒင်ဆရာကဲသည် မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေပြီး အဆောင်လာပို့ရင်း ငါးခေါက်ဆွဲများ အများကြီး ဝယ်ယူသွားသေးသည်။ ဒီရက်ပိုင်း အဆောင်ရောင်းရငွေဖြင့်ပင် ကွမ်ပေါင်းများစွာ ရရှိနေပြီ။
သူသည် တံခါးတွင်ကပ်ရန် "မကောင်းဆိုးဝါး နှိမ်နင်းသော နတ်မင်းပုံ" တချို့ကိုလည်း ပေးလိုက်သေးသည်။
ထန်အာသည် ကော်ခွက်ကို ကိုက်ထားပြီး လက်နှစ်ဖက်ဖြင့် ပုံ၏ထောင့်များကို ကိုင်ကာ ခြေဖျားထောက်လျက် တံခါးပေါ်တွင် ကပ်နေလေသည်။
အားထောင်က ခေါင်မိုးပေါ် ပြေးတက်နေသော ချီလင် ကို မောကြီးပန်းကြီးဖြင့် နောက်ဆုံးတွင် ဖမ်းမိသွားပြီး ကြောင်ကို ပွေ့ထားရင်း ထန်အာ ကပ်ထားသည်ကို ဝိုင်းကြည့်ပေးလိုက်သည်။
"စောင်းနေပြီ၊ စောင်းနေပြီ၊ ဘယ်ဘက် နည်းနည်းရွှေ့"
ထို့နောက် သစ်ပင်အောက်တွင် ထိုင်ကာ "ညောင်... ညောင်..." အော်နေသော ချီလင် ကို "အဆိပ်ငါးမျိုး ဝတ်ရုံ" ဝတ်ပေးပြီး ဝတ်ရုံပေါ်တွင် "အနီရောင် အဆောင်" ချည်နှောင်ပေးလိုက်သည်။
လေထင်၊ ရှစ်ယီးလန် နှင့် ရှစ်အာ့ညန်တို့သည်လည်း ထိုနည်းအတိုင်း ဝတ်ဆင်ကြသည်။ ရှစ်ယီးလန်ကတော့ ဖားပြုတ်ဦးထုပ် တစ်လုံး အပိုပါသေးသည်။ သူက ဦးထုပ်ဆောင်းရသည်ကို ကျင့်သားရနေပြီ ဖြစ်သည်။ လေထင် နှင့် ချီလင် ကတော့ ဦးထုပ်ဆောင်းပေးလျှင် လက်သည်းဖြင့် ကုတ်ချွတ်တတ်သည်။ ရှစ်အာ့ညန်လည်း ထိုနည်းလည်းကောင်းပင်။ ဦးထုပ်ဆောင်းပေးလျှင် ခေါင်းခါတတ်ပြီး ပြီးခဲ့တဲ့တစ်ခေါက်က ခေါင်းခါလွန်းလို့ လည်ပင်းနာသွားကာ လည်ပင်းစောင်းလျက် သနားစဖွယ် ဖြစ်သွားခဲ့သည်။ ရှစ်ချီညန်၏ တိရစ္ဆာန်ဆေးခန်းတွင် ၂ ရက်လောက် အပ်စိုက်ကုသမှ သက်သာသွားသည်။
အိမ်ရှိ ကြက် ၃ ကောင်နှင့် ကျွေးဖုန်း တို့သည် ဘဲခြံတွင် စောင့်ကြပ်နေကြသဖြင့် အားထောင် သည် သူတို့အတွက် ချုပ်ထားသော အဝတ်အစားများကို အဒေါ်လီ ထံ အပ်လိုက်ရသည်။
ကျွေးဖုန်း သည် ဘဲခြံရောက်မှ ငါးကို ရေလွှတ်လိုက်သကဲ့သို့ ပျော်ရွှင်နေလေသည်။ နေ့တိုင်း လျှာထွက်အောင် ဘဲများကို လိုက်ဖမ်းနေပြီး ဘဲများခမျာ အတောင်ပံဖြန့်ကာ ရေကန်ထဲ ခုန်ချမှ လွတ်မြောက်ကြရသည်။ အဒေါ်လီ ကတော့ ကျွေးဖုန်း မောင်းလွန်းလို့ ဘဲတွေတောင် ကြွက်သားတွေ တက်ကုန်ပြီဟု ပြောလေသည်။
ကြက်ဖဖြူလေးလည်း ပျော်ရွှင်နေသည်။ ဘဲခြံတွင် ကြက်မအများအပြား ရှိပြီး သူတစ်ကောင်တည်းသာ ကြက်ဖ ဖြစ်သောကြောင့် နေဝင်သည်နှင့် ကြက်မများ၏ အသိုက်ထဲသို့ ပျော်ရွှင်စွာ တိုးဝင်တတ်သည်။ သို့သော် ခဏအကြာတွင် ကြက်မများ၏ ဝိုင်းဆိတ်ထုတ်ခြင်းကို ခံရမြဲပင်။
တိရစ္ဆာန်များကို ပြင်ဆင်ပြီးနောက် ရှန်းအာ၊ ချန်ချွမ်း နှင့် ကျိအာ တို့လည်း မျက်နှာသစ်ပြီး ဖြစ်သည်။ အားထောင် သည် ရှန်းအာ ကို ဦးစွာ ခေါ်လိုက်ပြီး "ဆံထုံးနှစ်ဖက်" ထုံးပေးကာ သစ်နံရည် စိမ်ထားသော အစိမ်းရောင် ဖဲပြားဖြင့် ရစ်ပတ်ပေးထားသည်။ ဆံထုံးအရင်းတွင် လတ်ဆတ်သော သစ်နံကို ထိုးစိုက်ပေးပြီး ရွက်ဖျားကို အောက်စိုက်ကာ "အဆိပ်ငါးမျိုး ဒင်္ဂါးပြား" နှစ်ပြား ချိတ်ဆွဲ၍ တင်းကျပ်စွာ ချည်နှောင်ပေးသည်။ ချန်ချွမ်း နှင့် ကျိအာ တို့ကို "သစ်နံရါက် ခေါင်းပေါင်း" ဆောင်းပေးပြီး ခေါင်းပေါင်းအစွန်းကို သစ်နံရည်ဖြင့် ဆေးဆိုးထားကာ အဆုံးတွင် ခေါင်းလောင်းလေးများ တပ်ဆင်ထားသည်။ ခေါင်းပေါင်း ဘေးနှစ်ဖက်တွင် "ရောင်စုံချည်မျှင်" နှင့် သစ်နံများ ရစ်ပတ်ထားသည်။
အဒေါ်နျန်က ယိုယွီ ကို လာပို့သောအခါ သူမလည်း အားထောင် ၏ လက်ချက်မှ မလွတ်ကင်းနိုင်ပေ။
ယိုယွီက အလိမ္မာဆုံးဖြစ်သည်။ အားထောင် ဘယ်လိုပြင်ပြင် ငြိမ်ခံနေပြီး ပါးစပ်အကျယ်ကြီးဟကာ သမ်းဝေနေသေးသည်။
အဒေါ်နျန်သည် တံခါးဘောင်ကို မှီလျက် သမီးဖြစ်သူ၏ ခေါင်းပေါ်တွင် ဆံထုံးဝိုင်းဝိုင်းလေးနှစ်ခုနှင့် တောက်ပသော ဖဲပြားများ ချည်နှောင်ထားသည်ကို ကြည့်ပြီး ပြုံးလိုက်သည်။ ထို့နောက် ရှန်မိသားစု၏ နွားလှည်းကို မောင်းကာ "လမ်းမကြီး အမြန်စားဆိုင်" သို့ ထွက်ခွာသွားလေသည်။ ဒီနေ့တွင် အုပ်စုလိုက် ထမင်းချိုင့် မှာယူသူ မလျော့ဘဲ တိုးလာသဖြင့် သူမလည်း ထမင်းဘူး သွားပို့ရဦးမည်။
အဒေါ်နျန် နှင့် တင်းဝူရှီတို့ကတော့ မညည်းညူကြပေ။ ဆိုင်ရောင်းကောင်းတော့ ပိုကောင်းသေးသည်။ ရုတ်တရက် ရောင်းမကောင်းတော့မှာကိုသာ သူတို့ စိုးရိမ်နေကြသည်။ ရှန်ညန်ဇီ ကတော့ သူတို့ကို အားနာနေပြီး တွမ်းဝူပွဲတော်ရက် မနားရသဖြင့် ဒီနေ့အတွက် လုပ်အားခ ၃ ဆ ပေးမည်ဟု ပြောထားသည်။ "ပွဲတော်ရက် လုပ်အားခ ၃ ဆ" ဆိုပဲ။
ရှစ်အာ့ညန်ကို အဒေါ်နျန် ဆွဲခေါ်သွားပြီးနောက် အားထောင် သည် ရှန်ဟွမ်အရက် နှင့် ဆေးနီကို သုံးပြီး လူတိုင်း၏ နဖူးပေါ်တွင် "ဝမ်" (မင်းကြီး) စာလုံး ရေးဆွဲပေးလေသည်။
ကျိအာ သည် ငြင်းဆန်သော်လည်း မအောင်မြင်ပေ။ ရှဲ့ချီ က ယန့်ရှူး ကို ခေါ်လာချိန်တွင် ကျိအာ သည် နဖူးပေါ်တွင် ဝမ် စာလုံးဖြင့် ညှိုးငယ်စွာ မြည်းစာကျွေးနေလေသည်။
"ယန့်ရှူး။ မတွေ့တာတောင် ကြာပြီ၊ လာခဲ့ လာခဲ့"
အားထောင်သည် ယန့်ရှူး ကို တွေ့လိုက်သည်နှင့် မျက်လုံးများ အရောင်တောက်လာပြီး သူ့ကိုပါ ဆွဲခေါ်ကာ ပြင်ဆင်ပေးတော့သည်။
ဦးလေးရှဲ့ က အလျင်စလို ရောက်လာပြီး "ရုပ်ဖျက် လေ့လာရေး" လုပ်ချင်သဖြင့် အနီးကပ်အစေခံများ မခေါ်လာခဲ့ပေ။ ထို့ကြောင့် ကျိုကော က ယန့်ရှူး ကို ဦးလေးရှဲ့ ထံ စေလွှတ်ကာ အကူအညီပေးခိုင်းထားသည်။ ဒီရက်ပိုင်း ယန့်ရှူး သည် ဦးလေးရှဲ့ နှင့်အတူ မင်္ဂလာအခမ်းအနား ခြောက်ပါးအတွက် လိုအပ်သော ပစ္စည်းများ ဝယ်ယူရန် မိုးချုပ်မိုးလင်း အလုပ်ရှုပ်နေခဲ့သည်။ ယခု သူ့ကို ကြည့်ရသည်မှာ မျက်ကွင်းများ ညိုနေပြီး ပိန်သွားသလိုပင်။
သေချာ ကြည့်လိုက်တော့ သွားနှစ်ချောင်း ကျိုးသွားသဖြင့် စကားပြောလျှင် လေထွက်နေသည်။
"အစ်မ အားထောင်၊ ဘာလုပ်မလို့လဲဟင်"
"ညန်ဇီ က မနေ့ကတည်းက ပြောထားတယ်လေ၊ နဂါးလှေပွဲ သွားကြည့်ကြမယ်လို့။ ဒီနေ့က တွမ်းဝူ ဆိုတော့ အပြင်ထွက်ရင် အဆိပ်ငါးမျိုးကို ကာကွယ်ဖို့ သစ်နံ ဆောင်ထားရမယ်၊ ဒါကြောင့် နင့်ကို ခေါင်းပေါင်း ဆောင်းပေးမလို့လေ"
အားထောင် က ယန့်ရှူး ကို ခေါင်းဖီးပေးရင်း ရှဲ့ချီ ကို ခိုးကြည့်လိုက်သည်။
ကျိုကော ကတော့ နဂါးလှေပွဲ သွားကြည့်ရမည်ကို ကြိုသိနေပုံရသည်။ သူသည် အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သည်။ ခေါင်းပေါ်တွင် ဆံထိုးသရဖူ မဆောင်းဘဲ ရောင်စုံချည်မျှင်နှစ်ချောင်းဖြင့် ဆံထုံးကို မြင့်မြင့် ထုံးထားသည်။ ချည်မျှင်များမှာ ရှည်လျားပြီး နောက်ကျောဘက်သို့ တွဲလောင်းကျနေသည်။ ကိုယ်ပေါ်တွင် "မြစ်ကမ်းပါးနှင့် ပင်လယ်လှိုင်း" ပုံစံ အပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အတွင်းတွင် "အဆိပ်ငါးမျိုး" ပုံစံ ငွေချည်ထိုးထားသော ပိုးသားအဖြူရောင် အင်္ကျီကို ဝတ်ဆင်ထားသည်။ နေရောင်အောက်တွင် ပန်းထိုးလက်ရာများသည် တဖိတ်ဖိတ် တောက်ပြောင်နေပြီး ခါးတွင်လည်း သစ်နံဘောလုံးလေး ချိတ်ဆွဲထားသေးသည်။
အားထောင်က မျက်စိလျင်သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် သတိထားမိလိုက်သည်။ ကျိုကော ခေါင်းပေါ်က ချည်မျှင်က ညန်ဇီ ဟိုတစ်နေ့က ကျစ်နေတဲ့ လက်ရာနဲ့ တူနေပါလား။ ရှန်ညန်ဇီ က အပ်ချုပ်ပညာ မကျွမ်းကျင်သဖြင့် ရောင်စုံချည်မျှင် ကျစ်ရာတွင် အနည်းငယ် လျော့ရဲနေတတ်ပြီး မှတ်မိလွယ်သည်။
သို့သော် သူမ ထုတ်မပြောဘဲ အကြည့်လွှဲကာ သဘောပေါက်စွာ ပြုံးလိုက်လေသည်။
ရှန်မြောင် ခေါင်းဖီးပြီး ထွက်လာသောအခါ အားထောင် ၏ ပါးစပ် ပိတ်မရအောင် ပြုံးနေတော့သည်။ ညန်ဇီ သည် ခေတ်ပေါ် ဆံထုံးစောင်းစောင်းလေး ထုံးထားပြီး ကျောက်စိမ်းဆံထိုးဖြူဖြူအောက်တွင် မက်မွန်သား "ချန်ဖူ"ဓားတိုလေး တစ်ချောင်း ထိုးစိုက်ထားသည်။ ဓားရိုးတွင် ရောင်စုံချည်မျှင်ဖြင့် ကျစ်ထားသော "အသက်ရှည်ကြိုး" ချိတ်ဆွဲထားပြီး ကျိုကော ခေါင်းပေါ်မှ ကြိုးနှင့် လက်ရာချင်း တူနေလေသည်။
ဒါ သေချာပေါက် မနေ့က မီးဖိုချောင်ထဲ ကောက်ညှင်းထုပ်ပြုတ်တုန်း ညန်ဇီ က ကျိုကော ကို ခိုးပေးလိုက်တာပဲ ဖြစ်မယ်။
ရှန်မြောင် ဒီနေ့ ဝတ်ဆင်ထားသည်မှာလည်း သစ်နံစိမ်းရောင် အဝတ်အစား ဖြစ်သည်။ အပေါ်ပိုင်းတွင် ရင်စေ့အင်္ကျီလက်တို၊ အောက်ပိုင်းတွင် နီညိုရောင် ချည်စကပ် ဝတ်ဆင်ထားသည်။ ခါးတွင် ရောင်စုံချည်မျှင်ဖြင့် ရက်လုပ်ထားသော ခါးပတ်ပတ်ထားပြီး ခေါင်းလောင်းလေးများ၊ အဆိပ်ငါးမျိုး ဒင်္ဂါးပြားများ၊ မက်မွန်စေ့များနှင့် နံ့သာအိတ်များ ချိတ်ဆွဲထားသည်။ အများကြီး ချိတ်ဆွဲထားသော်လည်း အားထောင် ၏ မျက်လုံးသည် တစ်ပုံစံတည်း တူညီသော သစ်နံဘောလုံးလေး ဆီသို့သာ ရောက်သွားလေသည်။
သူမ၏ အပြုံး ပိုမို တောက်ပလာလေသည်။
ကြည့်ရတာ... မနေ့က ညန်ဇီ က ကျိုကော ကို သူမ ကိုယ်တိုင်ကျစ်ထားတဲ့ ရောင်စုံချည်မျှင် ပေးလိုက်ပြီး ကျိုကော က ဒီသစ်နံဘောလုံးကို ပြန်ပေးလိုက်တာ ဖြစ်မယ်။
အားထောင်တစ်ယောက် ကျေနပ်သွားပြီး လက်ကျန် "အနီရောင် အဆောင်" နှစ်ခုကို ထန်အာ နှင့် ဖူရှင်း တို့လက်ထဲ ထိုးထည့်လိုက်သည်။
"နင်တို့ဘာသာ ချိတ်ကြတော့"
ထို့နောက် သီချင်းလေး ညည်းကာ အခန်းထဲ ဝင်ပြီး သူမကိုယ်တိုင် ပြင်ဆင်တော့သည်။
ရှန်မြောင် သည် တိတ်ဆိတ်စွာ သွားတိုက် မျက်နှာသစ်နေရင်း ရှဲ့ချီ ခေါင်းပေါ်မှ ချည်မျှင်ကို မြင်လိုက်ရသဖြင့် ပြုံးလိုက်မိ၏။
ရှဲ့ချီ က ရှန်မြောင် ပြုံးနေသည်ကို မြင်သောအခါ နားရွက်များ ပူလာပြန်သည်။ ခေါင်းငုံ့ပြီး လျှောက်လာကာ ခြေထောက်နားသို့ လာပွတ်သီးပွတ်သ လုပ်နေသော ချီလင်ကို ကုန်းပြီးပွတ်ပေးလိုက်သည်။ ကြောင်ကို ပွေ့ချီလိုက်သောအခါ ရောင်စုံချည်မျှင်များသည် သူ့လှုပ်ရှားမှုနှင့်အတူ ပခုံးပေါ်သို့ ကျရောက်လာပြီး ရင်ဘတ်ရှေ့သို့ တွဲလောင်းကျလာသည်။
ခါးတွင် ချိတ်ဆွဲထားသော သစ်နံဘောလုံးလေးသည်လည်း ယိမ်းထိုးလှုပ်ရှားနေသည်။
ဒီနေ့တွင် ရှဲ့ချီသည် ခါးပတ်ကို တင်းကျပ် သပ်ရပ်စွာ စည်းထားသဖြင့် ပခုံးနှင့် ရင်အုပ်မှ ဆင်းလာသော မျဉ်းကြောင်းများသည် ခါးနေရာတွင် ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
ရှန်မြောင်သည် ရှဲ့ချီ ၏ ကျဉ်းမြောင်းသော ခါးကို စိုက်ကြည့်ရင်း မနေ့ညက မီးဖိုချောင်ထဲတွင် ရေနွေးငွေ့များကြား "အနိုင်ကျင့်ခြင်း" အကြောင်း ဆွေးနွေးရင်း သူမ သူ့ခါးကို ဖက်မိလိုက်သလိုလို သတိရသွားသည်။
သူမ မျက်နှာကို ရေထဲတွင် အမြန်နှစ်လိုက်သည်။ ရေတွင်းရေသည် အေးစက်နေသဖြင့် ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားသလို ဖြစ်သွားတော့၏။
ခေါင်းပြန်မော့ပြီး မျက်နှာသုတ်ပုဝါဖြင့် ရေများကို သုတ်လိုက်သောအခါ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ပြုံးလျက် လက်မောင်းကို ပင့်တင်လိုက်သည်။
"ဒီနေ့ မနက်စာ ကျွန်မတို့အိမ်မှာ ရောင်စုံမုန့်လုံးရေပေါ် စားကြမယ်။ စားပြီးရင် ဆိုင်ပိတ်ပြီး နဂါးလှေပွဲ သွားကြည့်ကြတာပေါ့။ အဒေါ်ကု က ပြောတယ်၊ မြစ်ကမ်းဘေးက လက်ဖက်ရည်ဆိုင်မှာ ကျွန်မတို့အတွက် နေရာကောင်း ဦးပေးထားမယ်တဲ့။ ကုအာ့ကော နဲ့ ဦးလေးကု တို့ကို သွားအားပေးကြရအောင်။ သူတို့သားအဖနှစ်ယောက်လုံး ရပ်ကွက်လူကြီးရဲ့ ဆွဲခေါ်တာ ခံရပြီး ဒီနေ့ လှေလှော်ပြိုင်ပွဲ ဝင်ရမှာလေ"
ရှန်းအာ က ချက်ချင်း ပြောသည်။
"ဒါဆို သမီး လျိုတို့ဟွား အိမ်က လင်းကွင်း သွားငှားလိုက်မယ်။ အဲကျရင် သမီးတို့ အော်ဟစ်အားပေးရင် ရှုံးမှာ မဟုတ်ဘူး"
ပြောရင်းဆိုရင်း ပြေးထွက်သွားလေသည်။
ချန်ချွမ်း ကလည်း နောက်က လိုက်ပြေးသည်။
"ဗုံ တစ်လုံးပါ ယူခဲ့မယ်၊ အားပေါင် တို့အိမ်မှာ လက်ဗုံတစ်လုံး ရှိတယ်"
"ဟေ..."
ယန့်ရှူးက ဘယ်ညာကြည့်လိုက်ပြီး ခေါင်းပေါင်းကို ကိုင်ကာ အနောက်က ပြေးလိုက်သွားသည်။
"ငါ့ကို စောင့်ဦးလေ"
ကလေးများသည် ဆူညံစွာဖြင့် ခြံဝင်းထဲမှ ပြေးထွက်သွားကြပြီး မကြာမီ လျိုတို့ဟွား အိမ်တံခါးခေါက်သံ ကြားလိုက်ရသည်။ ရှဲ့ချီ သည် စင်္ကြံအောက်တွင် ထိုင်လိုက်ပြီး လက်က ချီလင် ၏ ပါးဖောင်းဖောင်းကို သတိမထားမိဘဲ ပွတ်သပ်နေကာ မျက်လုံးကတော့ မီးဖိုချောင်ထဲ ဝင်သွားသော ရှန်မြောင် နောက်သို့ ပါသွားလေသည်။
ချီလင် ၏ မျက်နှာသည် တစ်ခါတလေ သွားများ ပေါ်လာသည်အထိ အညှစ်ခံရပြီး တစ်ခါတလေ မုန့်ပြားကဲ့သို့ အဆွဲခံရသည်။
"ညောင်"
ချီလင်ခမျာ စိတ်မရှည်တော့ဘဲ လက်သည်းဖြင့် ရှဲ့ချီ ၏ လက်မောင်းကို ကုတ်လိုက်သည်။
ရှဲ့ချီလည်း သတိဝင်လာပြီး ရှုပ်ပွနေသော ချီလင် ၏ မျက်နှာကို ကြည့်ကာ အားနာစွာ ပြန်သပ်ပေးလိုက်သည်။
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ ခုနက... ခုနက ငေးသွားလို့။ နာသွားလားဟင်"
အမွေးသပ်ပေးပြီး နဖူးကို နမ်းပေးလိုက်မှ ချီလင် အငြိမ်နေတော့သည်။ သို့သော် ရှဲ့ချီ ရင်ခွင်ထဲမှ ရုန်းထွက်ပြီး ပခုံးပေါ် ခုန်တက်ကာ ဖင်လှုပ်ခါပြီး ခေါင်းပေါ်သို့ ထပ်ခုန်တက်လိုက်သည်။
ကြောင်သည် သူ့ခေါင်းပေါ်တွင် ဖင်ပေးထိုင်ပြီး ခေါင်းနောက်မှ တွဲလောင်းကျနေသော ချည်မျှင်များကို လက်သည်းဖြင့် လှမ်းဆွဲ ကစားနေလေသည်။
အားထောင် လည်း သစ်နံပန်၊ ပါးနီဆိုးပြီး ထွက်လာရာ ခြံဝင်းထဲတွင် ကျိုကော တစ်ယောက်တည်း ရှိနေသည်ကို တွေ့သဖြင့် မေးလိုက်၏။
"ဦးလေးရှဲ့ မလာဘူးလား"
"အဖေက မနက်အစောကြီး တင်တောင်းလက်ဆောင် သွားယူဖို့ ချန်ကျိုး ကို ပြန်သွားတယ်"
အားထောင်က ဝမ်းသာအားရ ပြောလိုက်သည်။
"ကောင်းလိုက်တာ။ ဒါဆို မင်္ဂလာရက် သတ်မှတ်ဖို့ ဗေဒင်မေးပြီးရင် စေ့စပ်ပြီးပြီပေါ့"
"အင်း"
ရှဲ့ချီ၏ နားရွက်များက လှုပ်သွားသည်။ သူသည် မျက်လွှာချလိုက်ပြီး မျက်စိရှေ့တွင် တွဲလောင်းကျနေသော ချီလင် ၏ အမြီးကြီးကို လက်ဖြင့် ပွတ်သပ်နေလိုက်သည်။
"ကျွန်မ ဒီနေ့ စာကလေးတွေ အော်နေတာ ဘာကြောင့်လဲလို့ စဉ်းစားနေတာ၊ ဒီသတင်းကောင်း ကြားရဖို့ကိုး။ ကောင်းလိုက်တာ၊ နောက်ဆို ရှင်တို့ စေ့စပ်ပြီးရင်..."
အားထောင်က ဆက်မပြောတော့သော်လည်း မျက်နှာပေါ်ရှိ အပြုံးများက သူမ၏ အတွေးကို ဖော်ပြနေလေသည်။ ဟေး... နောက်ဆို ညန်ဇီ နဲ့ ကျိုကော တို့ လူကွယ်ရာမှာ ခိုးပြီး ကြည်နူးစရာ မလိုတော့ဘူးပေါ့။ ကောင်းလိုက်တာ၊ ဒါဆို သူ အဝကြည့်လို့ ရပြီပေါ့။
ပြီးတော့ စေ့စပ်ပြီးရင် လက်ထပ်ဖို့ ဝေးတော့မှာ မဟုတ်ဘူး။ မင်္ဂလာဦးညကျရင် တံခါးဝကနေ ချောင်းနားထောင်မယ်လို့တောင် သူမ စဉ်းစားထားပြီးပြီ။
အားထောင်တစ်ယောက် ပျော်ရွှင်စွာ သီချင်းညည်းရင်း အရှေ့ဆိုင်သို့ ထွက်သွားလေသည်။
ရှဲ့ချီ ကတော့ အားထောင် စိတ်ထဲတွင် သူနှင့် ရှန်ညန်ဇီ ၏ ကလေးနာမည် ၁၀ ခုလောက်တောင် ပေးပြီးနေပြီ ဆိုတာကို မသိရှာပေ။ သူသည် ကြောင်အမြီးကို ကစားရင်း မီးဖိုချောင်ဘက်ကိုသာ ငေးကြည့်နေမိသည်။ သူ ဝင်ကူပြီး မီးထိုးပေးချင်သော်လည်း ရှန်ညန်ဇီက မနေ့က သူ့ကို ယိုယွီလောက် မီးမထိုးတတ်ဘူး၊ ရေတွေ ခမ်းကုန်တော့မယ်လို့ ပြောထားသဖြင့် တွန့်ဆုတ်နေမိသည်။
ပြီးတော့...
သူ ဝင်သွားရမှာလည်း နည်းနည်း ကြောက်နေသည်။
မနေ့က မီးဖိုရှေ့က ခုံပုလေးပေါ်မှာ ထိုင်ခဲ့ရပြီး ခြေထောက်ကျဉ်သွားကာ မတ်တပ်ရပ်နိုင်ဖို့ အတော်ကြာအောင် နေလိုက်ရသည်။
ဒါပေမဲ့...
သူ ရှန်ညန်ဇီ ဘေးနားမှာ နေချင်သေးသည်။ ထိုင်နေရုံ၊ စကားမပြောဘဲ၊ "အနိုင်မကျင့်" ဘဲ နေရရင်လည်း ကျေနပ်ပါသည်။
ဟာ... အနိုင်ကျင့်တဲ့ကိစ္စ မတွေးနဲ့တော့။ ဘယ်မှာ နေ့တိုင်း အနိုင်ကျင့်လို့ ရမှာလဲ။
ရှဲ့ချီ ကိုယ့်ကိုယ်ကို အပြစ်တင်လိုက်သော်လည်း ရင်ထဲတွင် ပုရွက်ဆိတ် ကိုက်သလို ခံစားနေရသည်။ သူသည် လက်နှစ်ဖက်ဖြင့် ချီလင် ၏ အမြီးကို ယူပြီး ပူနွေးလာသော ပါးပြင်ပေါ်သို့ ဖိကပ်ထားလိုက်ရသည်။
ရှန်မြောင် လည်း အပေါ်ယံတွင် တည်ငြိမ်စွာဖြင့် မီးဖိုချောင်ထဲ ဝင်သွားလိုက်သည်။
သို့သော် တံခါးခုံကို ကျော်လိုက်သည်နှင့် မီးဖိုရှေ့က ခုံပုလေးကို မြင်လိုက်ရပြီး အကြည့်လွှဲလိုက်ရသည်။ ပြတင်းပေါက်အောက်တွင် ကြိုးဖြင့် သီပြီး ချိတ်ဆွဲထားသော မနေ့က မကုန်သည့် အသားကောက်ညှင်းထုပ်များကို တွေ့လိုက်ရပြန်သည်။ အသားကောက်ညှင်းထုပ်၏ မွှေးပျံ့သော အနံ့သည် နှာခေါင်းဝတွင် ဝဲပျံနေပြီး မနေ့ညနေခင်း အချိန်ကာလဆီသို့ သူမကို ပြန်လည် ဆွဲခေါ်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
...
အပိုင်း (၁၇၃.၂)
ရှန်မြောင်လည်း အလိုလို တံတွေးမြိုချမိသည်။
ဘာကို စိတ်လှုပ်ရှားနေတာလဲ ဆိုတာတောင် မသိဘူး။
သူမ အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်ကူးယဉ်မှုများကို ဖယ်ရှားကာ မုန့်လုံးလုပ်ခြင်းအပေါ် အာရုံစိုက်လိုက်သည်။
တကယ်တော့ ဒါက စုန့်ခေတ် တွမ်းဝူပွဲတော် အထိမ်းအမှတ် အစားအစာ ဖြစ်သော "မုန့်လုံးရေပေါ်" ဖြစ်သည်။ လုပ်ရသည်မှာ မခက်သော်လည်း အရောင် ၅ ရောင်ရအောင် လုပ်ရသည်ကတော့ အနည်းငယ် လက်ဝင်သည်။
ဟင်းနုနွယ်ရွက်၊ မုန်လာဥနီ၊ ဆန်ဝါ ၊ ပဲနက်တို့မှ အရောင်ရည်များကို ကြိုတင် ပြင်ဆင်ထားရသည်။ မုန်လာဥနီကို ခြစ်ပြီး ပိတ်စဖြင့် စစ်ယူကာ လိမ္မော်ရောင် အရည်ရယူသည်။ ဟင်းနုနွယ်ကို ရေဆေး၊ ရေနွေးဖျောပြီး ကျောက်ဆုံဖြင့် ထောင်းကာ အစိမ်းရောင် အရည်ရယူသည်။ ဆန်ဝါကို ပြဲနေအောင် ပြုတ်ပြီး အပေါ်ယံမှ အဝါရောင် ဆန်ရည်ကြည်ကို ခပ်ယူသည်။ ပဲနက်ကို ရေစိမ်ပြီး ကြိတ်ကာ အမည်းရောင် အရည်ရယူသည်။ နောက်ဆုံး အဖြူရောင်ကတော့ ဂျုံမှုန့်၏ မူလအရောင်ပင် ဖြစ်သည်။
ထို့နောက် ဂျုံမှုန့်ကို ၅ ပုံခွဲပြီး သက်ဆိုင်ရာ အရည်များထည့်ကာ ဆား၊ ဆီ အနည်းငယ်ထည့်၍ နယ်သည်။ မုန့်သားနှပ်ပြီးသောအခါ အလုံးသေးသေးလေးများ လုံးလိုက်ရုံပင်။ မုန့်လုံးရေပေါ်၏ ဟင်းရည်သည် မက်မွန်သီးရည် ဖြစ်သည်။ ရေထဲတွင် မက်မွန်သီး၊ စွန်ပလွံသီး၊ ဟောသွန်းသီး၊ လိမ္မော်ခွံခြောက်၊ လော်ဟန်သီးတို့ကို ရောပြုတ်ပြီး အရောင်ညိုလာသည်အထိ ကျိုချက်သည်။ အအေးခံပြီးနောက် ပျားရည်ထည့်လိုက်လျှင် ရပြီ။
ဒီမက်မွန်သီးရည်ကို မနေ့ကတည်းက ကျိုထားခြင်းဖြစ်ပြီး တစ်ညလုံး အေးမြသောနေရာတွင် ထားထားသဖြင့် ယခုအခါ အေးစိမ့်နေလေသည်။
ပြုတ်ပြီး ရေအေးစိမ်ထားသော အရောင် ၅ မျိုး မုန့်လုံးများကို ရေတွင်းရေဖြင့် အအေးခံထားသော ကြွေပန်းကန်ဖြူထဲသို့ စီစီညီညီ ထည့်လိုက်သည်။ ထို့နောက် မက်မွန်သီးရည် အေးအေးလေး လောင်းထည့်လိုက်သည်။
ဟင်းရည်ကြည်ကြည် ဝါဝါထဲတွင် ရောင်စုံမုန့်လုံးလေးများ မြုပ်နေပြီး အပေါ်တွင် ဆေးကြောသန့်စင်ထားသော "ပန်းချဉ်ပေါင်" တစ်ပွင့် တင်ထားသည်။ စားလိုက်လျှင် ချဉ်ပြုံးပြုံး ချိုမြမြဖြင့် အေးမြလန်းဆန်းစေပြီး ရေဆာပြေစေသည်။ ရေခဲပန်းကန် စားရသလိုပင်။
နောက်ပိုင်းခေတ်များတွင် ဤကဲ့သို့ စားသောက်ပုံ ရှားပါးသွားပြီ ဖြစ်သော်လည်း ယခုအချိန်တွင် တွမ်းဝူပွဲတော်၌ အချိုမုန့်စားသော ဓလေ့ ရှိနေသေးသည်။ ထို့ပြင် တွမ်းဝူတွင် ဒါကို စားရခြင်းသည် တရုတ်တိုင်းရင်းဆေး ပညာအရ အကြောင်းရင်း ရှိသည်။ နွေဦးရာသီတွင် အပူအအေး မညီမျှခြင်း၊ စိုထိုင်းခြင်းတို့ကြောင့် ဖြစ်ပွားတတ်သော ရောဂါများကို ကာကွယ်ရန်အတွက် ရောင်စုံမုန့်လုံးရေပေါ် တစ်ပန်းကန် စားသုံးခြင်းသည် ရောဂါကုထုံး တစ်ခုလည်း ဖြစ်လေသည်။
မုန့်လုံးမပါဘဲ မက်မွန်သီးရည် သက်သက်သောက်လျှင်လည်း ကောင်းမွန်သည်။ ရှန်မြောင်က သောက်ကြည့်တော့ လည်ချောင်းရှင်းပြီး အစာကြေလွယ်စေကြောင်း တွေ့ရှိရသည်။
နောပိုင်းကျလျှင် ဆိုင်၌ နွေဦးရာသီ အချိုရည်အဖြစ် မက်မွန်သီးရည်ကိုပါ ရောင်းချရန် ဆုံးဖြတ်လိုက်သည်။ မေစန်းညန် ကို လုပ်ခိုင်းပြီး လာပို့ခိုင်းရမည်။
ရှန်မြောင် ရောင်စုံမုန့်လုံးရေပေါ် လုပ်ပြီးသွားချိန်တွင် အပေါ်မှ ပန်းတင်နေစဉ် ခြံဝင်းထဲမှ ရှန်းအာ က ရှဲ့ချီ ကို မေးလိုက်သံ ကြားလိုက်ရသည်။
"ကျိုကော၊ ဒီနေ့ ဘာလို့ သမီးကို အပြေးလေ့ကျင့် မပေးတာလဲ”
ကျိုကော က ထစ်ထစ်အအဖြင့် ပြန်ဖြေသည်။
"ဒီ... ဒီရက်ပိုင်း ခြေထောက် သိပ်မကောင်းလို့၊ မနက်ဖြန်မှ ပြေးကြတာပေါ့”
ရှန်းအာ က စိုးရိမ်တကြီး မေးပြန်သည်။
"ခြေထောက် ဘာဖြစ်လို့လဲ။ ချော်လဲတာလား။ ခေါက်သွားတာလား”
ကျိုကော က ဝါးတားတားဖြင့် ဖြေလိုက်သည်။
"အင်း... အဲလိုပါပဲ..."
ရှန်မြောင်လည်း မျက်နှာမှာ ရဲခနဲ ဖြစ်သွားတော့သည်။
မနေ့က ညနေဆည်းဆာရောင် ကွယ်ပျောက်သွားချိန်တွင် မီးဖိုချောင် ပြတင်းပေါက်မှ အလင်းရောင်များ မှိန်ဖျော့သွားခဲ့သည်။ မီးဖိုချောင်ထဲတွင် ပူအိုက်လွန်းသဖြင့် ရှဲ့ချီ ၏ ထူထဲသော မျက်ခုံးအောက်တွင် ချွေးစို့နေသည်။ သူ့နောက်ကျောတွင် ညနေဆည်းဆာ ရှိနေပြီး ရှေ့တွင် မီးဖိုမီးတောက် ရှိနေသည်။ အလင်းရောင် နှစ်ခုကြားတွင် သူ့တစ်ကိုယ်လုံး လိမ္မော်ရောင် မြူမှုန်များ ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေသည်။
သူသည် မြူမှုန်များကြားမှ သူမဘက်သို့ ကိုင်းညွှတ်လာသည်။
ရှန်မြောင် မရှောင်ဘဲ သူ့ကို စိုက်ကြည့်နေမိသည်။
သူ့နှာတံစင်းစင်း၏ ညာဘက်ခြမ်းတွင် ရွှေရောင်အလင်းတန်း လှုပ်ရှားနေသည်ကို ကြည့်နေမိသည်။ နောက်ကျောမှ ဝင်ရောက်လာသော နေရောင်ခြည်ကြောင့် လည်ပင်းမှ မှဲ့လေးကို ထင်ရှားစွာ မြင်နေရသည်။
အပြင်ဘက်တွင် ကျိအာ၊ ရှန်းအာ တို့သည် ကျိုထားသော မက်မွန်သီးရည်ကို သောက်နေကြသည်။ တစ်ယောက်ယောက်က မက်မွန်သီး လုစားသဖြင့် မောင်နှမနှစ်ယောက် အော်ဟစ်ကာ လိုက်ဖမ်းနေကြသည်။ ကြွေပန်းကန်နှင့် ဇွန်းများ ထိခတ်သံများ ထွက်ပေါ်နေသည်။
ရှဲ့ချီ အသက်ရှုအောင့်ထားပြီး အချိန်အကြာကြီး ရပ်တန့်နေပြီးနောက် ဖြည်းညှင်းစွာ တိုးကပ်လာသည်။
ပို၍ နီးကပ်လာပြီး အသက်ရှုသံများ ရောယှက်လာသည်။ ရှန်မြောင် ၏ မျက်တောင်များက သူ့ပါးရိုးကို ထိလုနီးပါး ဖြစ်နေချိန်တွင် ဘေးနားမှ မီးဖိုထဲရှိ ထင်းတစ်ချောင်း ကျိုးကျကာ အသံမြည်သွားသဖြင့် အတွေ့အကြုံမရှိဘဲ စိတ်လှုပ်ရှားနေသော ရှဲ့ချီ လန့်သွားပြီး နှာခေါင်းနှင့် သူမမျက်နှာကို တိုက်မိသွားသည်။
သူသည် နှာခေါင်းကို အုပ်ပြီး နောက်ဆုတ်သွားကာ ရှက်သွားသည့်ပုံစံ ဖြစ်နေလေသည်။
သင်ထားပြီးပြီ ဆို။ ရှန်မြောင် ဒေါသလည်းထွက် ရယ်လည်းချင်သွားသည်။ ခေါင်းငဲ့ပြီး ရယ်ချင်စိတ်ကို မနည်းထိန်းထားသော်လည်း နောက်ဆုံးတွင် အသံထွက်သွားသည်။
ရှဲ့ချီက သူမ၏ ရယ်သံကြောင့် စိတ်ဆိုးသွားပုံရသည်။
နောက်တစ်ခဏတွင် ရှန်မြောင် ၏ နောက်စေ့ကို စိတ်လှုပ်ရှားမှုကြောင့် ချွေးစိုနေသော လက်ဖဝါးတစ်ခုက ဖိကိုင်လိုက်ပြီး သူမကို အတင်းအကျပ် ဆွဲလှည့်လိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ ရှဲ့ချီ သည် သူမ၏ နှုတ်ခမ်းထောင့်ကို ထိတွေ့နိုင်ခဲ့ပြီ ဖြစ်သည်။
သူ သူမကို ဖက်လိုက်ပြီး ပူနွေးသော နှုတ်ခမ်းသားများသည် ပိုးသားကဲ့သို့ နူးညံ့နေသည်။
ရှန်မြောင် မျက်လုံးမမှိတ်သလို ရှောင်လည်း မရှောင်ပေ။ သူ့မျက်လုံးအောက်တွင် ကျရောက်နေသော ကျီးကန်းတောင်ပံကဲ့သို့ မျက်တောင်အရိပ်များနှင့် ပါးပြင်ပေါ်ရှိ နီရဲနေသော အရောင်များကို တည်ငြိမ်စွာ ကြည့်နေမိသည်။
သို့သော် သူမ၏ ရင်ထဲတွင် မီးအေးအေးဖြင့် ကျိုထားသော သကြားရည်ကဲ့သို့ အရည်ပျော်ကျနေပြီ ဖြစ်သည်။
နှုတ်ခမ်းထောင့်ကို နမ်းပြီးနောက် သူ နောက်ဆုတ်လိုက်ပြန်သည်။ နှာခေါင်းဖြင့် သူမ၏ နီရဲနေသော ပါးပြင်ကို ပွတ်သပ်ပြီး လက်ဖြင့် သူမ မျက်နှာကို ကိုင်ကာ မျက်လုံးဖွင့် ကြည့်လိုက်သည်။
မီးဖိုမီးရောင်ကြောင့် သူတို့နှစ်ဦး၏ မျက်လုံးများသည် ပယင်းရောင် တောက်နေ၏။ သူသည် မျက်တောင်ခတ်ရင်း သူမကို စိုက်ကြည့်ကာ သူမ၏ သဘောထားကို အတည်ပြုနေသယောင်။
ရှန်မြောင် က လက်ကို မြှောက်ပြီး သူ့ပါးဘေးမှ ဆံပင်စများကို နားရွက်နောက်သို့ သပ်တင်ပေးလိုက်သည်။
ဒုတိယအကြိမ်တွင် သူ စမ်းသပ်မနေတော့ပေ။ နှုတ်ခမ်းဖြင့် သူမ၏ အေးစက်သော နှုတ်ခမ်းကို ပြတ်သားစွာ ထိတွေ့လိုက်ပြီး မျက်လုံးမှိတ်လိုက်သည့်အချိန်တွင် သူမ၏ အပေါ်နှုတ်ခမ်းကို ငုံခဲလိုက်တော့သည်။
သွားချင်း မထိတထိ၊ အသက်ရှုသံ မြန်ဆန်လာပြီး လျှာချင်း ထိတွေ့သွားသည်။ မီးဖိုမီးရောင်ကြောင့် ကြမ်းပြင်ပေါ်တွင် ကျရောက်နေသော အရိပ်ထဲတွင် နှစ်ယောက်သား တစ်သားတည်း ဖြစ်နေကြသည်။
မီးဖိုထဲမှ ထင်းရှူးသား လောင်ကျွမ်းနံ့တွင် ဝါးရွက်နံ့ သင်းပျံ့နေသည်။ အစားအသောက်နံ့ကို ရှူရှိုက်ရင်း ရှန်မြောင် စိတ်အေးချမ်းစွာ မျက်လုံးမှိတ်လိုက်ပြီး မေးစေ့ကို မော့ပေးလိုက်သည်။
ပြတင်းပေါက်ကြားမှ နောက်ဆုံး ဝင်ရောက်နေသော လိမ္မော်ရောင် အလင်းတန်း ရုတ်တရက် ပျောက်ကွယ်သွားပြီး ပေါင်းအိုးကြားမှ ထွက်လာသော အငွေ့များသည် ပိုမို ထူထပ်လာသည်။
ရှဲ့ချီ ၏ လက်ဖဝါးသည် သူမနောက်စေ့ကို ပူနွေးစွာ ထိန်းထားလေသည်။ ရှည်လျားနက်ရှိုင်းသော အနမ်းတစ်ခု ပြီးဆုံးသွားသောအခါ သူတို့ နှာခေါင်းချင်း ထိလျက် ပုံမှန်မဟုတ်သည့် အသက်ရှုသံများ ရောယှက်နေကြသည်။
ထို့နောက် ရှန်မြောင် လည်း ခေါင်းမူးဝေသွားတော့သည်။
မှတ်မိသည်မှာ သူ သူမကို အကြိမ်ကြိမ် နမ်းခဲ့သည်။ ကလေးတစ်ယောက်လိုပင် အနမ်းများထဲတွင် ဖုံးကွယ်မထားနိုင်သော ပျော်ရွှင်မှုနှင့် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည်။
"အားမြောင်"
သူသည် သူမနှုတ်ခမ်းကို ကပ်လျက် ခေါ်နေသည်။
တစ်ခါတလေကျတော့ နူးညံ့ပြီး စွဲလမ်းသော အကြည့်များဖြင့် ကြည့်နေတတ်သည်။ မီးဖိုမီးနှင့် ရေနွေးငွေ့ကြောင့် စိုစွတ်နေသော မျက်လုံးများမှ ရေစက်များ ကျတော့မလို။
ညနေဆည်းဆာ အလင်းရောင် ကုန်ဆုံးသွားပြီး မီးဖိုထဲမှ မီးပွားများက ပူးကပ်နေသော သူတို့နှစ်ဦးကို လင်းလက်စေသည်။ ခွဲခွာလိုက်ချိန်တွင် မီးရောင်သည် ရှဲ့ချီ ၏ တင်းမာနီရဲနေသော မေးရိုးနှင့် ရှန်မြောင် ၏ စိုစွတ်သော နှုတ်ခမ်းဖူးလေးကို တောက်ပသော ရွှေရောင်အဖြစ် ပြောင်းလဲပေးလိုက်သည်။
"ကျွန်တော် တကယ်..."
"အရမ်း ချစ်တယ်"
"အရမ်း ချစ်တယ်... အရမ်း ချစ်တယ်..."
မှုန်ဝါးဝါး အမှောင်ထုထဲတွင် သူသည် သူမ နားနားကပ်ပြီး ထပ်ခါထပ်ခါ ရေရွတ်နေပြီး ရင်ထဲမှ မထိန်းနိုင်သော ချစ်ခြင်းမေတ္တာများကို ဖွင့်ဟနေသည်။ ပြောရင်းပြောရင်း ခွေးပေါက်စလေးလို သူမ နှာခေါင်းကို ပွတ်သီးပွတ်သ လုပ်လိုက်၊ သူမ နှုတ်ခမ်းကို ဖွဖွလေး ကိုက်လိုက် လုပ်နေလေသည်။
သူ့ပုံစံက လူရော စိတ်ရော ပူလောင်နေပြီး လက်ဖဝါးနှင့် နှုတ်ခမ်းများလည်း မီးတောက်နေသလိုပင်။ ရှန်မြောင် ပင် စိတ်မထိန်းနိုင်တော့ဘဲ သူ့အနမ်းများထဲတွင် မိမိကိုယ်ကို လုံးဝ နှစ်မြှုပ်လိုက်ရတော့သည်။
ဒီနေ့ ပြန်စဉ်းစားလိုက်တော့ မျက်နှာပူစရာ။
ရှန်မြောင် ရေတစ်ခွက် ထပ်ခပ်ပြီး မျက်နှာသစ်လိုက်သည်။
အဲဒီနောက်တော့... မြေအိုးထဲမှ ကြေးပြားသံ မကြားရတော့ဘဲ ကောက်ညှင်းထုပ် ကျက်သွားသည်။ ရှန်မြောင် နှင့် ရှဲ့ချီ တို့သည် ထိုင်ခုံပေါ်တွင် တိတ်ဆိတ်စွာ အချိန်အကြာကြီး ထိုင်နေပြီးမှ သူမက ကောက်ညှင်းထုပ် ကျက်မကျက် ကြည့်ဦးမည်ဟု အကြောင်းပြကာ ထရပ်လိုက်သည်။
ရှဲ့ချီ က ခေါင်းငုံ့ပြီး တိုးတိုးလေး ထူးလိုက်သော်လည်း မလှုပ်ရှားပေ။
ဒါက ပုံမှန်ပါပဲ၊ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။
သူ ခြေထောက် ကျဉ်နေပြီလေ။
ရှန်မြောင် ဒီအထိ ပြန်တွေးမိပြီး သူနှင့် ရှန်းအာ ပြောစကားများကို ကြားလိုက်သောအခါ နားလည်သွားသည်။ ကျိုကော ခြေထောက် ကျဉ်တာ မပျောက်သေးဘူး ထင်တယ်...။ ရှန်မြောင်မှာ ရယ်ချင်စိတ်ကို ထိန်းပြီး စိတ်ကို ငြိမ်အောင်ထားကာ ရောင်စုံမုန့်လုံးရေပေါ် ပန်းကန်ကို ကိုင်ပြီး ထွက်လာခဲ့ပြီး အရသာမတူသော ကောက်ညှင်းထုပ် အချို့ကိုလည်း ညှပ်ထည့်လိုက်သည်။
မနေ့က အဒေါ်ကြီးများနှင့်အတူ ဇီးယိုကောက်ညှင်းထုပ်၊ ပဲနီကောက်ညှင်းထုပ်၊ အလွတ်ကောက်ညှင်းထုပ်၊ အချိုအရသာကောက်ညှင်းထုပ်များ လုပ်ခဲ့ကြပြီး ရှန်မြောင် က အသားထုပ်များနှင့် လဲလှယ်ထားသဖြင့် အိမ်တွင် အချိုရော အငန်ပါ စုံလင်နေပြီး ကြိုက်တာ ရွေးစားနိုင်သည်။
တစ်ယောက်လျှင် ရောင်စုံမုန့်လုံးရေပေါ် တစ်ပန်းကန်နှင့် ကောက်ညှင်းထုပ် အကြီးကြီး တစ်လုံး စားလိုက်လျှင် ဗိုက်ဝသွားပြီ ဖြစ်သည်။
ရှန်းအာ က ရောင်စုံမုန့်လုံးရေပေါ် သိပ်မကြိုက်သဖြင့် မက်မွန်သီးရည်ကိုသာ ကုန်အောင်သောက်ပြီး ကောက်ညှင်းထုပ်ကို အားပါးတရ ကိုက်စားနေသည်။ သူနှင့် ချန်ချွမ်း တို့သည် အိမ်တွင် အသားကောက်ညှင်းထုပ်ကို အမာခံ ထောက်ခံသူများ ဖြစ်ကြသည်။ သို့သော် ကျိအာ ကတော့ ဒီတစ်ခါ သူမလက်ရာကို သိပ်မကြိုက်ဘဲ အဒေါ်ကု လုပ်ပေးသော အလွတ်ကောက်ညှင်းထုပ်ကို သကြားဖြူနှင့် တို့စားရသည်ကို ပိုကြိုက်နေသည်။ သူက တစ်ခါစား သုံးလုံး ကုန်အောင် စားလိုက်သည်။
ယန့်ရှူးကတော့ ထုံးစံအတိုင်း ဘာလာလာ ကြိုက်သည်။ အချိုကောင်ညှင်းထုပ်ကို ပျားရည်နှင့် တို့စားသလို အသားကောက်ညှင်းထုပ်လည်း စားသည်။ စားပြီးလျှင် ရှန်မြောင် ကို အားရဝမ်းသာ ပြောလေသည်။
"ရှန်ညန်ဇီ၊ ကျွန်တော် အငန်ကောက်ညှင်းထုပ် ပထမဆုံး စားဖူးတာ၊ ဒီလောက် ကောင်းမယ်လို့ မထင်ထားဘူး၊ အထဲမှာ အစာတွေ အများကြီးပဲ၊ စားရတာ ကျေနပ်လိုက်တာ"
ရှန်မြောင် က သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။
"စားချင်ရင် လာခဲ့လေ၊ ငါ အများကြီး ပြုတ်ထားတယ်"
အရင်ဘဝက အိမ်တွင် ကောက်ညှင်းထုပ် ထုပ်လျှင် အများကြီး ထုပ်လေ့ရှိပြီး တွမ်းဝူပွဲတော် တစ်ရက်တည်းနှင့် မကုန်နိုင်ပေ။ ရေခဲသေတ္တာထဲ ထည့်ထားပြီး ရက်ခြားတစ်ခါ ထုတ်ပြုတ်စားလျှင် အကြာကြီး ခံသည်။ သို့သော် တောင်ပိုင်းဒေသတွင် ကောက်ညှင်းထုပ်သည် ရာသီစာ မဟုတ်ဘဲ မနက်စာအဖြစ် တစ်နှစ်ပတ်လုံး စားလေ့ရှိကြသည်။
မနက်စာ စားပြီးနောက် နဂါးလှေပွဲ ကြည့်ရန် အမြန်ထွက်ရသည်။ မဟုတ်လျှင် လူများပြီး တံတားကူးလို့ ရတော့မည် မဟုတ်ပေ။
အဒေါ်ကု သည် မြစ်ကမ်းဘေး လက်ဖက်ရည်ဆိုင်တွင် စောင့်နေ၏။
ပြန့်မြစ် ကမ်းနှစ်ဖက်ရှိ မိုးမခပင်များသည် လေနုအေးကြောင့် စိမ်းလန်းသော လှိုင်းလုံးများသဖွယ် လှုပ်ရှားနေသည်။ ရှန်မြောင် သည် မုန့်ပဲသရေစာ တစ်အိတ် ထည့်ပြီး လူအုပ်ကြီးနှင့်အတူ ထွက်ခွာလာခဲ့သည်။
မြစ်ကမ်းဘေး လက်ဖက်ရည်ဆိုင် ရောက်သည်နှင့် ရှန်းအာ သည် လျိုတို့ဟွား ကို ချက်ချင်း မြင်လိုက်ရသည်။ ကလေးများ ပျော်ရွှင်စွာ ပြေးဝင်သွားကြပြီး လက်ဖက်ရည်ဆိုင်တွင် လူပြည့်နေသဖြင့် ကလေးများ ပျောက်သွားမည် စိုးသဖြင့် ဖူရှင်း နှင့် ထန်အာတို့က နောက်မှ အမှီလိုက်ရသည်။
အားထောင် လည်း အထဲသို့ အမြန်ဝင်သွားတော့သည်။ လူအုပ်ထဲတွင် ပွဲစားပုလေးကို ရိပ်ခနဲ တွေ့လိုက်ရသဖြင့် အမေဖြစ်သူ၏ သတင်း မေးမြန်းရန် အခွင့်အရေး ချောင်းနေလိုက်သည်။
ရှန်မြောင် နှင့် ရှဲ့ချီ တို့ကတော့ နောက်ဆုံးတွင် ကျန်ရစ်ခဲ့ကြသည်။
ဝင်ပေါက်တွင် လူတိုးနေသဖြင့် နှစ်ယောက်သား လက်မောင်းချင်း ထိကပ်ကာ လူအုပ်စီးကြောင်းအတိုင်း မျောပါသွားကြသည်။
ရှန်မြောင်တစ်ယောက် ခဏလောက် တွန့်ဆုတ်နေပြီး ရှဲ့ချီ ၏ လက်ကို ကိုင်ချင်စိတ် ဖြစ်ပေါ်လာသည်။ လက်ချောင်းလေးများ ဆန့်ထုတ်လိုက်သော်လည်း မကိုင်ရသေးခင်မှာပင် ရှဲ့ချီ က သူမလက်ကို ဦးစွာ ဆုပ်ကိုင်လိုက်သည်။
သူမလည်း မော့ကြည့်လိုက်မိ၏။
သူက သူမကို ပြန်မကြည့်ဘဲ ရှေ့ကိုသာ စိုက်ကြည့်နေပြီး တည်ကြည်လေးနက်သော မျက်နှာထားဖြင့် သူမကို လူအုပ်ကြားမှ ကာကွယ်ပေးနေလေသည်။
ရှန်မြောင်က ခေါင်းငုံ့ပြီး ပြုံးလိုက်ကာ လက်ချောင်းများကို ကွေးပြီး သူ့လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်သည်။
နှစ်ယောက်သား လက်ဖက်ရည်ဆိုင်၏ တိုးချဲ့ထားသော လသာဆောင်သို့ ရောက်သွားကြတော့သည်။ ထိုနေရာမှ နဂါးလှေပွဲကို အနီးကပ် မြင်တွေ့နိုင်သည်။
အဒေါ်ကု ၏ ဘေးတွင် ကလေးများနှင့် အိမ်နီးချင်းများ ပြည့်နှက်နေလေသည်။ ရှန်မြောင် နှင့် ရှဲ့ချီ တို့ ထိုနေရာသို့ သွားမည်ပြုစဉ် အနောက်မှ သော့တွဲသံနှင့်အတူ စိတ်လောကြီးသော ခေါ်သံတစ်ခု ထွက်ပေါ်လာတော့သည်။
"ရှန်ညန်ဇီ၊ ရှန်ညန်ဇီ၊ နေပါဦး၊ နေပါဦးဗျ"
...
အပိုင်း (၁၇၄) အမှုဟောင်း ပြီးပြတ်ခြင်း
ရှန်မြောင်သည် အသံကြားသဖြင့် နောက်လှည့်ကြည့်လိုက်၏။
တွေ့လိုက်ရသည်မှာ ယောက်လော်ကဲ့ ဖြစ်နေသည်။ သူသည် ရောင်စုံအဝတ်အစားများကို ဝတ်ဆင်ထားပြီး အနီရောင် အစိမ်းရောင် ရောယှက်နေသည့် ဝတ်ရုံရှည်နှင့် ရောင်စုံခါးပတ်ကို ပတ်ထားကာ နဖူးစည်းတွင် ဒေါနပန်းနှင့် သလဲပန်းတို့ကို ထိုးစိုက်ထားရာ လိပ်ပြာတစ်ကောင်နှယ် လူအုပ်ကြားမှ တိုးထွက်လာလေသည်။
"အမယ်လေး... ကျုပ်ရဲ့ ရှန်ညန်ဇီ ရေ"
ယောက်လော်ကဲ့က စကားမပြောခင် ရယ်မောလိုက်ပြီး ပါးစပ်ဖြီးကာ စကားစလိုက်သည်။
ရှန်မြောင်က မျက်လုံးဝေ့ကြည့်လိုက်ပြီး လက်ကာကာ သူ့စကားကို ဖြတ်ပြောလိုက်သည်။
"မငှားဘူး၊ မလိုချင်ဘူး၊ တကယ်ပြောတာ"
ခန်းကျိဆိုင်ရှေ့တွင် သူမ ငေးကြည့်နေသည်ကို မြင်ဖူးသဖြင့် သူမ စိတ်ဝင်စားနေသည်ဟု သူက ထင်မှတ်နေခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ သူမကို ဝယ်လက်ဟု သတ်မှတ်ကာ တွေ့တိုင်း နားပူနားဆာ လုပ်တော့သည်။
တစ်လ လခ ၃၀ ကွမ်း ဆိုသည်မှာ မတတ်နိုင်စရာ မဟုတ်သော်လည်း ဘဲခြံ၊ လယ်မြေ၊ ရှန်ကျိထန်းပင် နှင့် အမြန်စာဆိုင်တို့အတွက် ပူပန်ရသည်မှာ လုံလောက်နေပြီဖြစ်ရာ စားသောက်ဆိုင်အကြီးကြီးတစ်ခု ထပ်ဖွင့်ရန် မလိုဟု ထင်မိလေသည်။ ထို့အပြင် ခန်းကျိဆိုင်ကို ငှားလျှင် ပြန်ပြင်ရဦးမည်။ ထိုအရာက ငွေအများကြီး ကုန်ကျဦးမည်။
ရေလို သွန်ပစ်သကဲ့သို့ ငွေဖြူများ ကုန်သွားပေလိမ့်မည်။
ငှားရမ်းခြင်းထက် ရှန်မြောင်က ဝယ်ယူရန် ပိုစိတ်ဝင်စားလေသည်။
ခန်းကျိဆိုင်လို ဆိုင်ကြီးက လမ်းမကြီးက ဆိုင်အသေးလေးလို မဟုတ်ပေ။ ဧရိယာကျဉ်းပြီး ငှားရမ်းခ သက်သာပါက တော်သေးသည်။ တစ်လ ၃၀ ကွမ်း ဆိုလျှင် တစ်နှစ်ဆို ၃၆၀ ကွမ်း ဖြစ်နေပြီ။
၃၆၀ ကွမ်းတဲ့လား။ ရှန်မြောင် ကြားရုံနှင့်ပင် နှမြောမိလေသည်။
'ဒီလို လယ်မြေအိမ်ခြံမြေတွေကို အံကြိတ်ပြီး ဝယ်လိုက်မယ်ဆိုရင် လက်ရှိမှာ ငွေအများကြီး စိုက်ထုတ်ရပေမယ့် နောက်ပိုင်းဝင်လာတဲ့ ကြေးပြားလေးတွေက ကိုယ့်အိတ်ကပ်ထဲ ရောက်မှာလေ။ အိမ်ရှင်အတွက် အသက်ပေးပြီး ရှာပေးနေရသလို ခံစားရမှာ မဟုတ်ဘူး။ ပြီးတော့ အတွင်းမြို့တော်မှာ နှစ်ထပ်ဆိုင်တွေ အများကြီးရှိတယ်။ တစ်ထပ်ဆိုင်ဆိုရင်တောင် ကိုယ့်ငွေနဲ့ကိုယ် ထပ်ဆောက်လို့ရတာပဲ။ ဖြည်းဖြည်းချင်း စီးပွားရှာ ငွေစုပြီးတော့မှ ကောင်းမွန်တဲ့ အဆောက်အအုံတစ်ခု ဝယ်လိုက်တာကမှ ငါ့ရဲ့ မူလရည်မှန်းချက်ပဲ။ ခန်းကျိဆိုင်က ကောင်းပေမယ့် သစ်ပင်တစ်ပင်တည်းမှာ ကြိုးဆွဲချသေစရာမှ မလိုတာ'
ယောက်လော်ကဲ့က ခြေဆောင့်ကာ ပြောလေသည်။
"ရှန်ညန်ဇီ... ကျုပ်ပြောတာ နားထောင်ပါဦး၊ ဒီတစ်ခါ တကယ့် အခွင့်အရေးကြီးပါဗျ"
ရှန်မြောင် မတတ်နိုင်တော့ပေ။ သူမ ခြေလှမ်းတန့်လိုက်ပြီး သက်ပြင်းချကာ မေးလိုက်သည်။
"ဘာတွေများ ထူးခြားနေလို့လဲ"
"ရှန်ညန်ဇီ အတွက် တကယ့် သတင်းကောင်းကြီးပါဗျာ၊ ဒီကိစ္စက ခင်ဗျားရဲ့ မိဘနှစ်ပါးနဲ့လည်း သက်ဆိုင်နေတယ်၊ ကျွန်တော် ယောက်လော်ကဲ့က ငွေမက်ပေမယ့် ဒီလိုကိစ္စမျိုးမှာ လူကို ဂျင်းမထည့်ပါဘူး၊ ကျိန်ရဲပါတယ်၊ ရွှေထက်တောင် စစ်မှန်ပါသေးတယ်"
ရှန်မြောင်က မျက်ခုံးပင့်ကာ မယုံသလို ကြည့်နေသဖြင့် သူသည် သူခိုးတစ်ယောက်နှယ် ဘယ်ညာဝေ့ကြည့်လိုက်ပြီး အသံနှိမ့်ကာ ရှန်မြောင်၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။
"ရှန်ညန်ဇီ... တစ်ဖက်လောက် လာခဲ့ပါ၊ စကားပြောရအောင်..."
နှစ်ချက်လောက် ဆွဲလိုက်သော်လည်း မပါလာပေ။ သူက စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းငုံ့ကြည့်လိုက်ရာ ရှန်မြောင်၏လက်ကို တစ်စုံတစ်ယောက်က ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရ၏။ ထိုလက်မောင်းအတိုင်း မော့ကြည့်လိုက်ရာ အရပ်အလွန်ရှည်သော အမျိုးသားတစ်ဦးက သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
ဒီလူက အရပ်ရှည်လွန်းသဖြင့် သူက အလောတကြီးနှင့် မော့မကြည့်မိဘဲ ရှန်ညန်ဇီဘေးတွင် လူတစ်ယောက်ရှိနေသည်ကို သတိမထားမိလိုက်ပေ။ နံရံတစ်ခုဟုပင် ထင်မှတ်ခဲ့မိသည်။
"ဒါက..."
ယောက်လော်ကဲ့က မျက်နှာချိုသွေးလိုက်သည်။
ရှန်မြောင်က စဉ်းစားလိုက်သည်။ မည်သို့ပင်ဆိုစေ စေ့စပ်တော့မည်ဖြစ်ရာ ပွင့်ပွင့်လင်းလင်းပင် ဖြေလိုက်တော့သည်။
"ဒါ ကျွန်မရဲ့ ခင်ပွန်းလေ"
စကားဆုံးသည်နှင့် သူမလက်ကို ဆုပ်ကိုင်ထားသည့် အားက သိသိသာသာ တင်းကျပ်သွားပြီး ရှန်မြောင်က ရှဲ့ချီ၏ လက်ဖဝါးကို လက်သန်းလေးဖြင့် ကုတ်ကာ နှစ်သိမ့်လိုက်လေသည်။
ယောက်လော်ကဲ့က ကြောင်သွားပြီးနောက် ချက်ချင်းပင် မျက်နှာပြည့် အပြုံးကြီးဖြင့် မင်္ဂလာစကားများ ရေပက်မဝင်အောင် ပြောလေတော့သည်။
"ရှန်ညန်ဇီက မင်္ဂလာကိစ္စရှိတယ်လို့ သတင်းကြားထားပေမယ့် ဒီနေ့မှပဲ လူကိုယ်တိုင် တွေ့ဖူးတော့တယ်၊ တကယ့်ကို လိုက်ဖက်ညီတဲ့ စုံတွဲပါပဲဗျာ"
ရှန်မြောင်က ပြုံးပြီး ကျန်လက်တစ်ဖက်ကို ဝှေ့ယမ်းပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်ရှင်၊ နောက်မှ ရှင့်ကို မင်္ဂလာဆောင်ဖိတ်ပြီး ကျွေးပါ့မယ်၊ ထားလိုက်ပါတော့၊ ကျွန်မတို့ ဒီမှာ စကားမပြောဘဲ ဟိုဘက်သွားရအောင်၊ ကျွန်မ ဆွေမျိုးမိတ်ဆွေတွေ အဲဒီမှာ ရှိတယ်၊ အရင်ဆုံး မိသားစုနဲ့ ပစ္စည်းတွေကို နေရာချပေးပြီးမှ ရှင်နဲ့ အေးအေးဆေးဆေး ပြောကြတာပေါ့"
ယောက်လော်ကဲ့က သူမ၏ မိဘများအကြောင်း ထည့်ပြောလာသဖြင့် ရှန်မြောင် လျစ်လျူရှု၍ မရတော့ပေ။
အရင်က မြို့စောင့်တပ် တပ်ကြပ်လင်က အထက်လူကြီးများက လွန်ခဲ့သည့် ၃ နှစ်က မြင်းဖြင့်တက်နင်းမှုအမှုကို ပြန်စစ်ဆေးနေကြောင်း ပြောပြဖူးသော်လည်း နောက်ပိုင်းတွင် သတင်းအစအန ပျောက်သွားခဲ့သည်။ ရှန်မြောင်လည်း ထိုကိစ္စကို အာရုံမစိုက်ဖြစ်ခဲ့ပေ။ ပထမအချက်မှာ သူမ တတ်နိုင်သည့်ကိစ္စ မဟုတ်ခြင်း၊ ဒုတိယအချက်မှာ ပြဿနာကြီးကြီးမားမား တက်လာမည်ကို စိုးရိမ်ခြင်းနှင့် တတိယအချက်မှာ သူမ၊ ရှန်းအာနှင့် ကျိအာတို့သည် ထိုအရိပ်မည်းကြီးအောက်မှ ရုန်းထွက်နိုင်ခဲ့ကြပြီ ဖြစ်သောကြောင့်ပင်။
ဤလောကကြီးကို ပြုပြင်ပြောင်းလဲရန် အားမရှိပါက အေးအေးချမ်းချမ်း နေထိုင်ပြီး အသက်ရှင်သန်ရုံသာ တတ်နိုင်တော့သည်။ အခြေအနေကို ပြန်မလှန်နိုင်ခြင်းက ဝမ်းနည်းစရာ ကောင်းသော်လည်း လက်လျော့လိုက်ခြင်းက ရှက်စရာကောင်းကောင်း ကောင်းပေလိမ့်မည်။ သို့သော် ကိုယ့်ဘဝကိုယ်ရှင်သန်ရန် အတ္တဆန်ခြင်းက ဘာများ အပြစ်ရှိပါမည်နည်း။
ရှန်မြောင် သဘောတူလိုက်သည်ကို ကြားလိုက်ရသဖြင့် ယောက်လော်ကဲ့၏ မျက်နှာတွင် လခြမ်းကွေးကဲ့သို့ အပြုံးများ ပေါ်လာလေသည်။
"ဟုတ်ကဲ့ပါဗျာ... ရှန်ညန်ဇီ သဘောပါပဲ၊ ကျုပ် ဘေးကနေ စောင့်နေပါ့မယ်"
ရှန်မြောင်သည် ရှဲ့ချီကို ဆွဲခေါ်သွားပြီး "ကျွန်မရဲ့ ခင်ပွန်း" ဟု ပြောလိုက်သဖြင့် ခြေလှမ်းယိုင်မတတ် ဖြစ်သွားရှာသည့် သူ့ကို အဒေါ်ကုဘေးရှိ ခုံပုလေးပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ အိမ်က ကလေးများသည် လင်းကွင်း၊ လက်ကိုင်ဗုံနှင့် အလံများကို ကိုင်ထားကြပြီး လက်ရန်းပေါ်တွင် မှီကာ ကုထူစူး သားအဖ၏ နဂါးလှေလှော်အဖွဲ့ကို အားပေးရန် အသင့်ပြင်နေကြ၏။
ထန်အာနှင့် ဖူရှင်းတို့က ဘယ်တစ်ယောက် ညာတစ်ယောက်ဖြင့် တံခါးစောင့်နတ်မင်းကြီးများနှယ် သူတို့ကို စောင့်ကြပ်နေကြသည်။ အငြိမ်မနေနိုင်သည့် ကလေးများ စိတ်လှုပ်ရှားပြီး မြစ်ထဲ ပြုတ်ကျသွားမည်ကို စိုးရိမ်ရသေးသည်။
ယန်လျိုလမ်းကြားမှ အိမ်နီးချင်းများသည်လည်း ကိုယ့်အိမ်မှ ခုံများကို သယ်လာကြသည်။ လက်ဖက်ရည်ကြမ်းနှင့် နေကြာစေ့ အနည်းငယ် ဝယ်ကာ စားပွဲဝိုင်းလေးကို ဝိုင်းဖွဲ့ထိုင်ကြပြီး စကားစမြည် ပြောနေကြသည်။ ရံဖန်ရံခါ ရယ်မောသံများလည်း ထွက်ပေါ်လာတတ်သည်။ အားထောင်သည်လည်း အဒေါ်ကြီးများ၏ အတင်းဝိုင်းထဲသို့ ဝင်ရောက်ကာ နေကြာစေ့စားရင်း မျက်လုံးများ အရောင်တောက်နေလေသည်။ သူမက ရံဖန်ရံခါ ရှေ့တိုးပြီး မေးလိုက်သည်။
"ဘာ... အရက်မူးပြီး အိမ်သာထဲ ချော်ကျသွားတာ ဘယ်သူလဲ"
"အဒေါ်ဖန်းရဲ့ တူလေ၊ ညည်း မြင်ဖူးပါတယ်၊ ဟိုတလောကတောင် ရှန်ကျိဆိုင်မှာ လာစားသွားသေးတယ်၊ ခေါင်းထိပ်ပြောင်ပြောင်နဲ့ ဆံထုံးတောင် ထုံးမရတဲ့ တစ်ယောက်လေ"
အားထောင်က ချက်ချင်း မျက်နှာရှုံ့မဲ့သွားပြီး ရွံရှာသလို အသံပြုလိုက်ကာ လက်များကို ပွတ်သပ်လိုက်သည်။ သူမ ထိုလူကို ဟင်းရည် သွားပို့ပေးဖူးသည် မဟုတ်ပါလား။
ထိုအချိန်တွင် နဂါးလှေပြိုင်ပွဲ မစသေးသော်လည်း မြစ်ကမ်းနှစ်ဖက်လုံးတွင် လူများဖြင့် စည်ကားနေပြီး ခြေချစရာပင် နေရာမရှိတော့ပေ။ မြစ်ကမ်းနှင့် အနီးဆုံး အကောင်းဆုံးနေရာများရှိ တဲများကို လွန်ခဲ့သည့် လဝက်ခန့်ကတည်းက ကြိုတင်ငှားရမ်းထားကြပြီး ကုန်သည်ပွဲစားများနှင့် အရာရှိကြီးများက ကိုယ်ပိုင်တဲများ ထိုးကာ ဇာပဝါများ ကာရံထားသဖြင့် သာမန်ပြည်သူများကဲ့သို့ ကျပ်ကျပ်တည်းတည်း မရှိကြပေ။
နေ့လယ်ခင်းအချိန်ဖြစ်ရာ နေရောင်ခြည်က တိမ်တိုက်များကို ခွဲထွက်ပြီး ဖြာကျနေသဖြင့် ရေမျက်နှာပြင်ပေါ်တွင် ရွှေမှုန်ကြဲထားသကဲ့သို့ တောက်ပနေသည်။ အဝေးမှ မိုးမခပင်အောက်တွင် အရောင်ခြယ်သထားသည့် နဂါးလှေ ၁၂ စီးကို ဝဲပျံတော့မည့် ငန်းများအသွင် တန်းစီထားသည်။ လှေလှော်သမားများ လှေပေါ်မတက်သေးဘဲ ရေထဲတွင်ရပ်နေသည့် ဗလာကျင်း ကိုယ်လုံးနှင့် အမျိုးသားများက ဗုံကြီးများကို နဂါးလှေပေါ်သို့ တင်နေကြသည်။
ရှန်မြောင်က ရှဲ့ချီဘက်သို့ ကိုင်းလိုက်ပြီး နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်၏။
"ကျွန်မ ယောက်လော်ကဲ့နဲ့ စကားသွားပြောလိုက်ဦးမယ်၊ ရှင် ဒီမှာ အဒေါ်ကြီးတွေနဲ့ အတူတူ ထိုင်နေပေးနော်၊ ခဏနေရင် ပြန်လာခဲ့မယ်"
ရှန်မြောင် စကားပြောလိုက်စဉ် ထွက်ပေါ်လာသည့် လေငွေ့နွေးနွေးကြောင့် ရှဲ့ချီ၏ နားရွက်များ ယားယံသွားပြီး မရည်ရွယ်ဘဲ ပြုံးလိုက်မိတော့သည်။ သူက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ၊ သွားလိုက်ပါ"
ရှန်မြောင်ကလည်း ပြုံးလိုက်ပြီး အိမ်မှ ယူလာသည့် သွားရည်စာများကို စားပွဲပေါ် ပုံပေးလိုက်သည်။ အဒေါ်ကြီးများကို နှုတ်ဆက်စကားဆိုပြီး ကလေးများနှင့် ရှဲ့ချီကို ကြည့်ရှုပေးရန် အဒေါ်ကုကို အကူအညီတောင်းကာ ယောက်လော်ကဲ့နှင့် စကားပြောရန် လူအုပ်ကြားမှ တိုးထွက်သွားတော့သည်။
ရှဲ့ချီက ရှန်မြောင်၏ လေငွေ့ထိတွေ့သွားသည့် နားရွက်ကို ပွတ်သပ်လိုက်ပြီး ခေါင်းလှည့်ကာ ရှန်မြောင်၏ ကျောပြင်ကို လိုက်ကြည့်နေမိ၏။
လက်ဖက်ရည်ဆိုင်ထဲတွင် လူများဖြင့် ပြည့်ကျပ်နေသည်။ မိသားစုလိုက် နဂါးလှေလာကြည့်သူများ၊ ရေနွေးပွက်ပွက်ဆူနေသည့် ကြေးရေနွေးအိုးကို ကိုင်မြှောက်ကာ လူအုပ်ကြားထဲ တိုးဝှေ့ပြီး လက်ဖက်ရည် လိုက်ငှဲ့ပေးနေသည့် လက်ဖက်ရည်ဆရာများ၊ သကြားလုံးရောင်းသည့် လမ်းဘေးဈေးသည်များနှင့် ဝါးခေါက်သံပေးကာ ရေခဲမုန့်ရောင်းသည့် စျေးသည်များဖြင့် ဆူညံနေသည်။
ရှဲ့ချီသည် ထိုဆူညံမှုများကြားတွင် မတ်တပ်ရပ်လိုက်ပြီး လူအုပ်ကြားထဲမှ ရှန်မြောင်၏ အရိပ်အယောင်ကို လိုက်ရှာနေသည်။ သူမနှင့် ယောက်လော်ကဲ့တို့ ထောင့်တစ်နေရာရှိ လက်ရန်းဘေးတွင် ရပ်လိုက်မှသာ သူ သက်ပြင်းချနိုင်ပြီး ပြန်ထိုင်လိုက်တော့သည်။
သူ့လက်ထဲတွင် အဒေါ်ကု ထည့်ပေးလိုက်သည့် နေကြာစေ့ တစ်ဆုပ်ရှိနေပြီး သူက မွှေးကြိုင်နေသည့် နေကြာစေ့များကို ခဏလောက် ကြည့်လိုက်ပြီး ခြေထောက်ပေါ်တွင် အဝတ်တစ်ခု ခံကာ လက်နှစ်ဖက်ဖြင့် အခွံနွှာလိုက်သည်။ အခွံနွှာပြီးသား အစေ့များကို လက်ကိုင်ပုဝါထဲတွင် သီးသန့် ထားလိုက်သည်။ အစေ့နည်းနည်းနွှာလိုက် လူအုပ်ဘက် လှမ်းကြည့်လိုက် လုပ်နေသည်။
သူ၏ လည်ပင်းတရှည်ရှည် ဖြစ်နေသည့် ပုံစံကို အတင်းပြောလို့ ကောင်းနေသည့် အဒေါ်ကုက သတိထားမိသွားတော့သည်။ သူမက သူ့ကို လက်ဖက်ရည်တစ်ခွက် ထိုးပေးလိုက်ပြီး စနောက်လိုက်လေသည်။ "သာ့ကျဲအာက ပျောက်မသွားပါဘူးတော်၊ အေးအေးဆေးဆေးသာ မုန့်စားပြီး လက်ဖက်ရည်သောက်နေပါ၊ မျက်လုံးတွေတောင် သူများကိုယ်ပေါ် ကပ်ပါသွားတော့မယ်၊ မောင်ရင့်ပုံစံက ကျောက်ရုပ်ဖြစ်သွားတဲ့ ဇာတ်လမ်းထဲကလို ဖြစ်နေပြီ"
အားထောင်က ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ လက်ဖက်ရည်များ သီးကုန်ကာ ပါးစပ်ကို လက်ဖက်ရည်ခွက်ဖြင့် အမြန်ကာလိုက်ရသည်။
ရှဲ့ချီမှာ မျက်နှာတစ်ခုလုံး နီရဲသွားသော်လည်း အကြည့်ကို ပြန်မရုတ်သိမ်းနိုင်ဘဲ ခိုးခိုးပြီး ကြည့်နေမိဆဲပင်။
အိမ်တွင်ဆိုလျှင် ရှန်မြောင်၏ မျက်ဝန်းများက အပြုံးရိပ်များ သန်းနေတတ်ပြီး နူးညံ့သိမ်မွေ့သည်။ သို့သော် ယခု ယောက်လော်ကဲ့နှင့် စကားပြောနေချိန်တွင် သူမသည် လေးနက်တည်ကြည်ပြီး အေးစက်စက် အမူအရာကိုပင် ပြသနေသည်။
ရှဲ့ချီ သိနေခဲ့ပါသည်။ အားမြောင်၏ နူးညံ့သည့် အသွင်အပြင်အောက်တွင် သန်မာပြီး တည်ငြိမ်သည့် နှလုံးသားတစ်ခု ရှိနေကြောင်းကိုပင်။ သူမသည် ငယ်ရွယ်သော်လည်း လောကဓံကို နားလည်ဖြတ်သန်းခဲ့ရသူ ဖြစ်သည်။ တစ်ခါတစ်ရံ သူမ တစ်ယောက်တည်း ထိုင်ပြီး တွေးတောနေချိန်တွင် ဤကဲ့သို့ အေးစက်သည့် အမူအရာမျိုး ပေါ်လာတတ်သည်။ အရာရာကို လျစ်လျူရှုထားပြီး အာရုံစိုက် တည်ငြိမ်နေသည့် ပုံစံမျိုးပင်။
ထိုသို့သော သူမကို မြင်လိုက်ရတိုင်း ရှဲ့ချီသည် ဤဆူညံနေသည့် ဈေးတန်းထဲတွင် ရှိနေသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသလို ခံစားလိုက်ရ၏။
ထိုကဲ့သို့သော အားမြောင်သည် မျက်လွှာချထား၍ မရနိုင်လောက်အောင် လှပလွန်းလှသည်။
"ဟေး... စတော့မယ် ထင်တယ်"
အဒေါ်ကုက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး လက်ရန်းဆီသို့ ပြေးသွားကာ "စပြီဟေ့" ဟု အော်ပြောလိုက်သည်။
ထိုအခါမှသာ လှိုင်းလုံးများကဲ့သို့ ဟိန်းထွက်လာသည့် အော်ဟစ်အားပေးသံများကြောင့် အားလုံး၏ အာရုံက ထိုနေရာသို့ ရောက်သွားကြတော့သည်။
"ဒုန်း ဒုန်း ဒုန်း"
လှေဦးမှ ဗုံတီးသူသည် လက်မောင်းကို ဝိုင်းနေအောင် လွှဲပြီး ဗုံကြီးကို ထုလိုက်ရာ ဗုံသံများက မိုးစက်များပမာ ဆက်တိုက် ထွက်ပေါ်လာသည်။ နဂါးလှေ ၁၂ စီးသည် မြှားများပမာ ပြေးထွက်သွားကြသည်။ ကုထူစူးသည် အပေါ်ပိုင်းဗလာကျင်းထားပြီး ခါးတွင် ရောင်စုံပိုးကြိုး စည်းထားကာ အနီရောင် လှော်တက်ကို ကိုင်ပြီး ရေပြင်ကို ခွဲလိုက်သည်။ လှော်ခတ်သူများက တညီတညွတ်တည်း အော်ဟစ်လိုက်ကြပြီး လှော်တက်များ ရေကို ရိုက်ခတ်လိုက်ရာ ရေပန်းများစဉ်ထွက်လာပြီး နေရောင်အောက်တွင် ရောင်စုံအလင်းများ ဖြာထွက်သွားတော့သည်။
"ကုအာ့ကော... သမီး မြင်ရပြီ၊ အဲဒီ စိမ်းပြာရောင် နဂါးလှေပေါ်က အမဲဆုံးလူက ကုအာ့ကောပဲ"
ရှန်းအာသည် လင်းကွင်းကို မြှောက်ကာ "တ ချွမ်း ချွမ်း" တီးရင်း "ကုအာ့ကော ရေ... မြန်မြန်လှော်... အားစိုက်ထား" ဟု အော်ဟစ်အားပေးနေသည်။
"အစ်ကိုကြီး... အစ်ကိုကြီး"
"ဟို မဲမဲသည်းသည်း လူက ကျွန်တော်တို့ရဲ့ ကုအာ့ကောပဲ"
ချန်ချွမ်းက နှဲကို အားပါးတရ မှုတ်လိုက်သည်။ လီကိုအာက ဗုံတီးပြီး ယန့်ရှူးက အလံကို ဝှေ့ယမ်းနေသည်။ ကုထူစူး လှေလှော်ပြီး ဖြတ်သွားချိန်တွင် ရှန်းအာ ဦးဆောင်သည့် မျောက်အုပ်စုမှာ အသံကုန်အော်ဟစ်ကြရာ လည်ချောင်းကွဲမတတ်ပင်။
ရှန်မြောင်နှင့် ယောက်လော်ကဲ့တို့သည် ရေကိုခွဲပြီး ပြေးထွက်သွားသည့် နဂါးလှေများကို တစ်ချက် လှမ်းကြည့်လိုက်ကြသည်။ လှေများပေါ်တွင် ရေးဆွဲထားသည့် နဂါးအကြေးခွံများက ရေလှိုင်းများကြားတွင် တကယ် အသက်ဝင်နေသယောင်။
သို့သော် သူတို့နှစ်ဦးလုံး သေချာကြည့်ဖို့ စိတ်မပါကြပေ။
ရှန်မြောင်နှင့် ယောက်လော်ကဲ့တို့သည် တစ်ပြိုင်နက် အကြည့်လွှဲလိုက်ကြသည်။
"ရှန်ညန်ဇီ သိရဲ့လား၊ လွန်ခဲ့တဲ့ ၃ နှစ်က မိဘနှစ်ပါး အသက်ဆုံးရှုံးခဲ့ရတဲ့ အမှုဟောင်းက မနေ့တနေ့ကပဲ တရားရုံးချုပ်ကနေ အမိန့်ချလိုက်ပြီ၊ အခုတော့ အားလုံး ပြီးပြတ်သွားပြီပေါ့ဗျာ"
ယောက်လော်ကဲ့က လက်နှစ်ဖက်ကို အင်္ကျီလက်ထဲထည့်ကာ လက်ရန်းကို မှီပြီး ပြောလိုက်သည်။
"... အရင်တုန်းက လမ်းသွားလမ်းလာတွေကို တိုက်ခိုက်ဖို့ စေခိုင်းခဲ့တဲ့သူက နန်းတွင်းက မယ်တော်ကြီးရဲ့ မွေးစားအစ်ကို ဖြစ်နေတာကိုး၊ အခုတော့ သူ့ကို လဲ့ကျန်းနယ်စားလို့ ခေါ်ကြတယ်လေ။ အခု တရားရုံးသုံးခု ပေါင်းစစ်လိုက်တော့ လဲ့ကျန်းနယ်စားကို ရာထူးဖြုတ်၊ ဘွဲ့သိမ်းပြီး တစ်မိသားစုလုံးကို ပြည်နှင်ဒဏ် ပေးလိုက်ပြီ။ ကြားတာတော့ အရှင်မင်းကြီးက လဲ့ကျန်းနယ်စားအိမ်က သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို အရင်က ထိခိုက်နစ်နာခဲ့တဲ့ ပြည်သူတွေကို လျော်ကြေးပေးဖို့ ရည်ရွယ်ထားတယ်တဲ့၊ မကြာခင် အမိန့်တော် ထွက်လာလောက်ပါရဲ့၊ ဒါက ရှန်ညန်ဇီတို့ မိသားစုအတွက်လည်း စိတ်သက်သာစရာတစ်ခု ဖြစ်မှာပါ"
ယောက်လော်ကဲ့က ရှန်မြောင်ကို ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။
"ဒီကိစ္စက အရင်ဘုရင်လက်ထက်တုန်းက ဘယ်သူမှ မပြောရဲခဲ့ကြဘူး၊ အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပြီ၊ သေသွားတဲ့သူတွေ ပြန်မရှင်လာနိုင်ပေမယ့် အမှန်တရား ပေါ်လာပြီဆိုတော့ မိဘနှစ်ပါးရဲ့ ဝိညာဉ်တွေလည်း ငြိမ်းချမ်းသွားလောက်ပါပြီ၊ ဒီကိစ္စအတွက် ရှန်ညန်ဇီကို ဂုဏ်ပြုပါတယ်"
ရှန်မြောင်က တိတ်ဆိတ်နေမိသည်။ သူမသည် ပြိုင်ဆိုင်နေကြသည့် လှေများကို ငေးကြည့်ရင်း နှုတ်ခမ်းထောင့်များ တွန့်ကွေးကာ အေးစက်စွာ ပြုံးလိုက်၏။
'လူတွေသေတာ ၃ နှစ်တောင် ရှိနေပြီ၊ အခုမှ တရားမျှတတဲ့ တရားသူကြီး လာလုပ်ပြနေတာလား၊ အစောပိုင်းတုန်းက ဘာလုပ်နေကြတာလဲ။ အဖေနဲ့အမေသာ တကယ် ဝိညာဉ်ရှိခဲ့မယ်ဆိုရင် တကယ့် သာ့ကျဲအာအစစ်က ကျင်းလင်မြို့မှာ သေဆုံးသွားခဲ့ရတာရယ်၊ ကျိအာနဲ့ ရှန်းအာတို့ အစ်ကိုအရင်း မိသားစုရဲ့ နှိပ်စက်မှုကို ခံရပြီး အပျက်အစီးပုံကြားထဲ ကွေးကွေးလေး နေခဲ့ရတာတွေကို သိလိုက်ရင် သရဲတစ္ဆေအဖြစ် ပြောင်းပြီး ပြန်လာ တောင်းဆိုကြမှာပဲ'
သူမက ခေါင်းငုံ့ပြီး ခြောက်ကပ်ကပ် ပြုံးလိုက်သည်။ ထို့နောက် ယောက်လော်ကဲ့ကို မော့ကြည့်လိုက်ပြီး
"ဒီလို လျှို့ဝှက်ချက်တွေကို လမ်းပေါ်မှာ ကောလာဟလတောင် မကြားမိပါဘူး၊ နန်းတွင်းက သတင်းကို လုံအောင် ပိတ်ထားပုံရတယ်၊ ရှင်က ဒီသတင်းကို ဘယ်က ရတာလဲ"
...