အခန်း (၁၇၅-၁၇၆)
Vol. 18 Ch. 175-176
အပိုင်း (၁၇၅)
ပြန့်မြစ်ပေါ်မှ နဂါးလှေလှော်သံ ဗုံသံများကြောင့် ဘေးရှိ လက်ဖက်ရည်ပန်းကန်များပင် တုန်ခါသွားလေသည်။ ယောက်လော်ကဲ့သည် ပါးသိုင်းမွေးများပေါ်မှ ချွေးစက်များကို သုတ်လိုက်ပြီး အသံနှိမ့်ကာ ပြောလိုက်သည်။
"လူမှာ လူလမ်းကြောင်း၊ ကြွက်မှာ ကြွက်လမ်းကြောင်း ရှိစမြဲပါ၊ ဒီကိစ္စကို ရှန်ညန်ဇီ ယုံသာယုံလိုက်ပါ၊ ရှန်ညန်ဇီ ဘာလို့ သတင်းမကြားရတာလဲဆိုတော့ အထက်လူကြီးတွေက ဒီကိစ္စကို အသံမထွက်စေချင်လို့လေ၊ စဉ်းစားကြည့်ပါဦး၊ လဲ့ကျန်းနယ်စားက ဘယ်သူမို့လို့လဲ၊ မယ်တော်ကြီးရဲ့ မျက်နှာကို ထောက်ထားပြီး စစ်ဆေးဖမ်းဆီးတာတွေကို တိတ်တိတ်လေး လုပ်ခဲ့ရတာ၊ ဒါပေမဲ့ ဒီလောကမှာ လုံတဲ့ဝှက်ဖဲ ဆိုတာ မရှိပါဘူး၊ အခုဆို ပွဲစားတန်းတစ်ခုလုံး သိကုန်ကြပြီ၊ လဲ့ကျန်းနယ်စားကတော်က သူ့ရဲ့ ခန်းဝင်ပစ္စည်း ဆိုင်ခန်း ဆယ်ကျော်လောက်ကို အမြန်ရောင်းထုတ်ချင်နေတာ၊ နယ်စားအိမ်တော်သာ ပြဿနာမတက်ရင် သူ ဒီလို ဘယ်လုပ်ပါ့မလဲ"
ယောက်လော်ကဲ့က တစ်ချက် ရယ်မောလိုက်ပြန်သည်။
"ယုံတာ မယုံတာကတော့ ရှန်ညန်ဇီ သဘောပါပဲ၊ ဒါပေမဲ့ ကျုပ်ပြောတာကို မှတ်ထားလိုက်၊ ဒီ လဲ့ကျန်းနယ်စားက ယာကျိုးမှာ ရာထူးတုတစ်ခုခု ယူပြီး မိသားစုလိုက် ပြန့်ကျင်းကနေ သေသေသပ်သပ် ထွက်ခွာသွားရလိမ့်မယ်၊ ဒါမှလည်း ဆွေကြီးမျိုးကြီးတွေနဲ့ မယ်တော်ကြီးရဲ့ သိက္ခာကို ဆယ်ရာရောက်မှာလေ၊ တကယ်တမ်းကျတော့ သူတို့က ယာကျိုးကို အစောင့်အရှောက်တွေနဲ့ အပို့ခံရမှာ၊ အဲဒီမှာပဲ အစောင့်ကြည့်ခံနေရပြီး ဘယ်တော့မှ ပြန်လာခွင့်ရတော့မှာ မဟုတ်ဘူး"
ရှန်မြောင်၏ မျက်ဝန်းများ အရောင်လက်သွားလေသည်။
သူမ မိဘများအမှုအကြောင်း သူက ရေပက်မဝင် ပြောနေပုံထောက်လျှင် တော်တော်များများ သိထားပုံရသည်။ သူ ဘယ်လိုသိသလဲဆိုတာ ထားလိုက်တော့။ ရှန်မြောင် နားထောင်ရင်း သဘောပေါက်သွားသဖြင့် မျက်လုံးမော့ကာ သူ့ကို စိုက်ကြည့်လိုက်သည်။
"ဒါဆို ခန်းကျိ နှစ်ထပ်ဆိုင်ရဲ့ ပိုင်ရှင်က..."
"ရှန်ညန်ဇီက တော်တော် ဉာဏ်ကောင်းတာပဲ" ယောက်လော်ကဲ့က မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ပြုံးလိုက်သည်။ "ဟုတ်ပါတယ်... အဲဒါ လဲ့ကျန်းနယ်စားကတော်ရဲ့ ခန်းဝင်ပစ္စည်းတွေထဲက တစ်ခုပဲ၊ သူများအိမ်ထောင်ဘက် ပါသွားတဲ့ သမီးမိန်းကလေးရဲ့ ခန်းဝင်ပစ္စည်းကိုကျတော့ ဘဏ္ဍာအဖြစ် မသိမ်းဆည်းဘူးလေ၊ အခု လဲ့ကျန်းနယ်စားက ဘွဲ့ထူးဂုဏ်ထူး အဖြုတ်ခံလိုက်ရပြီ၊ တစ်မိသားစုလုံး ယာကျိုးကို ပြောင်းရွှေ့ရတော့မယ်၊ ဒီတစ်ခါသွားရင် တစ်သက်လုံး ပြန်လာရတော့မှာ မဟုတ်ဘူး၊ ဒါကြောင့် လဲ့ကျန်းနယ်စားကတော်က ပြန့်ကျင်းမြို့ထဲက အိမ်ခြံမြေတွေကို ရောင်းပြီး ငွေသားအဖြစ် ပြောင်းချင်နေတာ"
"လဲ့ကျန်းနယ်စားကတော်က အမြန်ရောင်းချင်နေတာ၊ ရှုံးတာမြတ်တာ ဂရုမစိုက်တော့ဘူး၊ ငွေမြန်မြန်ရဖို့ပဲ လိုတာ၊ ဒါကြောင့် ငွေသားပဲ လိုချင်နေတယ်"
ယောက်လော်ကဲ့က စိတ်လောလွန်းသဖြင့် နဖူးမှ ချွေးများပင် ထွက်လာသည်။
"သူက လယ်မြေအိမ်ခြံမြေ ၂၀ လောက်ကို ပြန့်ကျင်းမြို့က ပွဲစားတန်း အတော်များများကို အပ်ထားတာ၊ ဘယ်သူအရင် ရောင်းထွက်လဲဆိုရင် အဲဒီလူနဲ့ စာချုပ်ချုပ်မှာ၊ ရှန်ညန်ဇီ... ဒီလို အခွင့်အရေးကောင်းကြီးကို လက်လွတ်မခံပါနဲ့ဗျာ"
ရှန်မြောင်က ခဏလောက် စဉ်းစားလိုက်ပြီး မျက်လုံးများ အရောင်တောက်လာသည်။
"ဘယ်လောက်လဲ"
"၂၅၀၀ ကွမ်း"
အခုမှပဲ ရှင်းသွားတော့သည်။
ယောက်လော်ကဲ့ သူမကို ဒီလောက် အသည်းအသန် လိုက်ရှာနေခြင်းက အလကား မဟုတ်ပေ။
ဈေးနှုန်းက တကယ်ကို မက်လောက်စရာပင်။
သို့သော် ယောက်လော်ကဲ့၏ ကောက်ကျစ်စဉ်းလဲတတ်သည့် အကျင့်ကို သူမ သိထားသည်။ ဟွန်း... ဒါ အနိမ့်ဆုံးဈေးတော့ မဖြစ်နိုင်ဘူး။ အရင်က ကျိုကောရဲ့ ပိုက်ဆံကို လိမ်ယူသွားတာ သူမ မှတ်ထားသေးသည်။ ပြီးတော့ အမြန်ရောင်းချင်ပြီး ငွေသားလက်ငင်း ချေရမယ်ဆိုတော့ ဘုရားကျောင်းကနေ ငွေချေးရမယ့် ကုန်သည်တွေကို ဖယ်ထုတ်ပြီးသား ဖြစ်သွားပြီ။
ဒါဆို ရှန်မြောင်လည်း အားနာမနေဘဲ ဈေးဆစ်လိုက်တော့သည်။
"၂၀၀၀ ကွမ်း" ရှန်မြောင်က မျက်လုံးမှေးကာ ပြောလိုက်သည်။ "ရှင်သာ ဈေးဆစ်ပေးနိုင်မယ်ဆိုရင် ကျွန်မ ချက်ချင်း စာချုပ်ချုပ်မယ်၊ လက်ငင်းငွေချေမယ်၊ ဒီနေ့ပဲ အပြတ်ရှင်းမယ်"
ယောက်လော်ကဲ့က ရှန်မြောင်ကို ကြည့်လိုက်သည်။ ရှန်မြောင်ကလည်း သူ့ကို ပြန်ကြည့်နေသည်။
"ကောင်းပြီလေ... ကတိအတိုင်းပဲနော်" ယောက်လော်ကဲ့က အံကြိတ်လိုက်ပြီး နဖူးပေါ်မှ ချွေးစေးများကို သုတ်လိုက်သည်။ "ကျုပ် အခုပဲ လဲ့ကျန်းနယ်စားအိမ်တော်ကို သွားလိုက်မယ်"
လဲ့ကျန်းနယ်စားကတော်က ခန်းဝင်ပစ္စည်းများကို ရုတ်တရက် ထုတ်ရောင်းလိုက်ခြင်းသည် ပွဲစားလောကထဲ ကျောက်တုံးကြီး ပစ်ချလိုက်သကဲ့သို့ ဂယက်ထသွားစေသည်။ ပွဲစားတိုင်းက ဒီအသားတုံးကြီးကို မျက်စိကျနေကြရာ သူလည်း စိတ်လောနေရသည်။
ကံကောင်းသည်မှာ ယောက်လော်ကဲ့တွင် မနှစ်ကမှ စာမေးပွဲအောင်ပြီး တရားရုံးချုပ်တွင် အမှုစစ်အရာရှိ ဝင်လုပ်နေသည့် တူတော်မောင်တစ်ယောက် ရှိနေခြင်းပင်။ ထိုတူဖြစ်သူက ဒီအမှုကို ကိုင်တွယ်ဖူးသဖြင့် ဆွေမျိုးအချင်းချင်း တံခါးပိတ်မေးမြန်းရာမှ အကြောင်းစုံကို ဆက်စပ်မိသွားခြင်း ဖြစ်သည်။
ထို့ကြောင့် သူက ရှန်ညန်ဇီကို ချက်ချင်း လာရှာခြင်းပင်။
လောကမှာ လျို့ဝှက်ချက် မရှိဘူးဆိုသော်ငြား အခုလောလောဆယ် လူအများစု မသိကြသေးပေ။ မဟုတ်လျှင် ဒီဆိုင်ခန်းက ရောင်းမထွက်ဘဲ နေမည်မဟုတ်။ အခု သူပြောသည့် ၂၅၀၀ ကွမ်း ဆိုသည်မှာ ပေါက်ဈေးထက် နည်းနေပြီဖြစ်သည်။
သို့သော် ယောက်လော်ကဲ့သည် ပထမဆုံး ရောင်းထွက်သူ ဖြစ်ချင်သည်။ အခြားပွဲစားများလည်း သတင်းကြားပြီး သူတို့နှင့် ရင်းနှီးသည့် ကုန်သည်များကို လိုက်မေးနေကြပြီ။ ထို့ကြောင့် ယောက်လော်ကဲ့ အချိန်ဆွဲ၍ မရပေ။ ဒီလောက် အရောင်းအဝယ်ကြီးကို သူ ရောင်းမထွက်ဘဲ တခြားပွဲစားတွေ လက်ထဲ ပါသွားလျှင် ပြန့်ကျင်းမြို့၏ နံပါတ်တစ်ပွဲစား ဆိုသည့် ရွှေဆိုင်းဘုတ်ကြီး ပြုတ်ကျသွားပေလိမ့်မည်။
"ရှန်ညန်ဇီ... ကျုပ် သတင်းကောင်း ပြန်လာခဲ့မယ်"
ယောက်လော်ကဲ့က ကတိပေးလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကာ အပြင်သို့ ပြေးထွက်သွားတော့သည်။
ရှန်မြောင်က သူ့ကျောပြင်ကို ကြည့်ရင်း မျက်လုံးထဲတွင် စူးရှသည့် အရောင်များ လက်နေသည်။ သူမနှင့် ယောက်လော်ကဲ့၏ အကျိုးစီးပွားက တူညီနေမှန်း သူမ သိလိုက်သည်။ ပွဲစားခ ရတာတင် မကဘဲ သူ့ဂုဏ်သတင်းအတွက်ပါ သူ ကြိုးစားပေးလိမ့်မည်။ ဒီတစ်ခါတော့ သူ ဈေးဆစ်ပေးနိုင်လောက်သည်။
လက်ဖက်ရည်တဲ အပြင်ဘက်မှ မိုးခြိမ်းသံပမာ အားပေးသံများ ထွက်ပေါ်လာ၏။ နဂါးလှေ ၁၂ စီးသည် မြစ်ပြင်ပေါ်တွင် တားထားသည့် ပိုးဖဲကြိုးများကို ဖြတ်ကျော်သွားကြသည်။ ကမ်းနှစ်ဖက်မှ ပရိသတ်များ၏ အသံလှိုင်းကြောင့် တဲများပင် လန်ထွက်မတတ် ဖြစ်သွားသည်။ လောင်းကစားဝိုင်းများရှိရာ တဲများမှလည်း ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ရှန်မြောင်က အလျင်အမြန် ပြန်ရောက်လာပြီး မေးလိုက်သည်။
"ဘယ်သူနိုင်သွားလဲ၊ ကုအာ့ကော နိုင်လား"
အဒေါ်ကုသည် ကလေးများကို ဖက်ပြီး ကခုန်နေသဖြင့် သူမကိုပင် ပြန်မဖြေအားတော့ပေ။
ရှဲ့ချီက ပြုံးပြီး ပြောလိုက်သည်။
"ပထမ ရသွားတယ်၊ ဆုကြေးငွေ ကွမ်း ဆယ်ဂဏန်းလောက် ရမယ်တဲ့"
ရှန်မြောင်လည်း ဝမ်းသာအားရ ပြောလိုက်သည်။
"ကုအာ့ကောက ဒီလောက်တောင် တော်တာလား၊ ဒါပေမဲ့ သူနဲ့ ဦးလေးကုက အရင်ကတည်းက အားသန်တာပဲလေ"
သူမက အဒေါ်ကုကို သွားရောက် ဂုဏ်ပြုလိုက်ပြီး အဒေါ်ကုအနား ကပ်ကာ ချွဲလိုက်သည်။
"အဒေါ်... ဒီလို သတင်းကောင်းမျိုး ရှိမှတော့ ဒီနေ့ အဒေါ်က ဒကာခံရမယ်နော်၊ ကျွန်မတို့ ကောင်းကောင်း ပျော်ကြမယ်"
"သူတို့ ပထမရမယ်လို့ ထင်တောင်မထင်ထားဘူး၊ အစက လှေလှော်သမား နှစ်ယောက် နေမကောင်းဖြစ်လို့ အိမ်က သားအဖနှစ်ယောက် ဝင်ကူလိုက်ရတာ၊ မထင်မှတ်ဘဲ မျက်နှာပန်းလှသွားတယ်၊ အရင်က ဒီလိုဖြစ်လာမယ်လို့ ဘယ်သူ တွေးမိမှာလဲ"
အဒေါ်ကုမှာ ပျော်လွန်းသဖြင့် မျက်ရည်များပင် ကျလာပြီး ရှန်မြောင်ကို ပြန်ဖက်ထားလိုက်သည်။
"ကောင်းပြီ ကောင်းပြီ... ညည်းဆိုင်မှာပဲ လုပ်ကြမလား၊ အဒေါ် ပိုက်ဆံထုတ်မယ်၊ လမ်းထဲက လူတွေကိုပါ ခေါ်လိုက်၊ အိမ်က အရက်အိုးတွေပါ သယ်လာပြီး ဒီနေ့တော့ မမူးမချင်း သောက်ကြမယ်"
"ဒါဆို ကောင်းတာပေါ့၊ သွားမယ်... အိမ်ပြန်ပြီး ပြင်ဆင်ကြစို့" ရှန်မြောင်က မျက်လုံးလေး မှေးကာ ပြုံးလိုက်သည်။ "ဟိုတလောက ယွီရွှင် လာပြောတယ်၊ ဆောင်းခိုမယ့် ငါးကြင်းတွေ အကုန်လုံး အဆီတက်နေပြီတဲ့၊ ဒီနေ့ ပျော်စရာကောင်းနေတာနဲ့ အတော်ပဲ၊ ကျွန်မတို့ 'ဆူးကော' လုပ်စားကြမလား"
"သာ့ကျဲအာမှာ ဘာအကြံကောင်းတွေ ရှိနေပြန်ပြီလဲ"
"အဒေါ် 'ဆူးကော' စားဖူးလား၊ လင်းကျီဒေသဘက်မှာ ၁၂လပိုင်းလောက်ဆို စားလေ့ရှိတဲ့ ဟင်းပွဲကြီးလေ၊ ဝက်သုံးထပ်သား၊ ဝက်လက်၊ ငါးကြင်း၊ ရေညှိ၊ တို့ဖူး၊ မုန်ညင်းဖြူနဲ့ ကြာစွယ်တွေကို ရောပြီး မီးအေးအေးနဲ့ ပေါင်းထားတာ၊ နူးအိမွှေးကြိုင်ပြီး အရသာပြင်းတာ နာမည်ကြီးပဲ၊ ဒါပေမဲ့ ၁၂လပိုင်း ရောက်တဲ့အထိ စောင့်မနေတော့ဘူး၊ ပျော်တဲ့အချိန် လုပ်စားလိုက်ကြတာပေါ့"
"ညည်း ပြောနေတာနဲ့ ကလေးတွေတောင် သွားရည်ကျကုန်ပြီ"
အဒေါ်ကုက ငုံ့ကြည့်လိုက်ရာ ရှန်းအာနှင့် ယန့်ရှူးတို့မှာ တံတွေးမြိုချနေသည်ကို တွေ့လိုက်ရသဖြင့် ပါးစပ်အုပ်ကာ ရယ်မောလိုက်သည်။
"ကဲ... ပြန်ကြစို့၊ ညစာကျရင် အားလုံး လာစားကြဖို့ ဖိတ်လိုက်ဦးမယ်"
မိုးချုပ်သွားသည့်အခါ အိမ်နီးနားချင်းများ ရှန်မြောင်တို့အိမ်သို့ ရောက်လာကြသည်။
ဒီနေ့ညတွင် ကောင်းကင်ကြီးက မှင်ရည်သွန်ချထားသကဲ့သို့ မည်းနက်နေသော်လည်း ကြည်လင်နေပြီး ကောင်းကင်ယံမှ နဂါးငွေ့တန်းကို ထင်ရှားစွာ မြင်နေရသည်။ ကြယ်တာရာများသည် ခေါင်မိုးပေါ်သို့ ပြုတ်ကျလာတော့မယောင် နိမ့်ဆင်းနေသည်။
ရှန်မြောင်တို့ အိမ်ဝင်းထဲတွင် အနီရောင် ပိုးဇာမီးအိမ် နှစ်လုံး ထွန်းညှိထားသဖြင့် အလင်းရောင်များ လှုပ်ခတ်နေလေသည်။ စားပွဲကြီးပေါ်တွင် မက်မွန်သီးအရက် ၃ အိုး တင်ထားသည်။ အရက်အိုး မဖွင့်ရသေးသော်လည်း လျိုတို့ဟွားအဖေနှင့် လီထျောင်ဇီတို့က ဗိုက်ကိုပုတ်ကာ လမ်းဘေးသီချင်းများကို ဆိုနေကြပြီ။ ကူသာ့လန်က ပန်းကန်လုံးကို တူဖြင့်ခေါက်ကာ စည်းဝါးလိုက်ပေးနေပြီး ပါးစပ်ဟကာ ဝင်ဆိုရန် ပြင်သော်လည်း သံစဉ်မမီသဖြင့် ဝင်မရ ဖြစ်နေသည်။
ဘေးတွင် မုတ်ဆိတ်မွေးဖြူနေသည့် ကျန့်အဘိုးက ဗေဒင်ဆရာကဲကို လေးလေးနက်နက် လက္ခဏာပြရင်း စိုးရိမ်တကြီး မေးနေသည်။
"ငါ ဘယ်နှနှစ်လောက် နေရဦးမလဲကွ"
ဗေဒင်ဆရာကဲကလည်း လေးနက်စွာ ပြန်မေးသည်။
"အဘိုး အခု အသက် ၇၀ ရှိပြီလား"
"နောက်နှစ်ဆို ၇၀ ပြည့်ပြီ"
"ဒါဆို သိပ်မကောင်းတော့ဘူး၊ နောက်ထပ် နှစ် ၃၀ လောက်ပဲ နေရတော့မယ်" ဗေဒင်ဆရာကဲက စိတ်မကောင်းသလို ခေါင်းခါပြလိုက်သည်။
ကျန့်အဘိုးမှာ ကြောင်အမ်းအမ်း ဖြစ်နေရာမှ ရုတ်တရက် သဘောပေါက်သွားပြီး ဟားတိုက် ရယ်မောလိုက်တော့သည်။
"ဟား ဟား... မင်းကွာ... တကယ့် ခွကျတဲ့ ရသေ့ပဲ"
"ဟာ... အဘိုးကလည်း မယုံလို့လား၊ ကျုပ် ပြောတာ အမှန်တွေချည်းပဲဗျ"
သူတို့ဘေးတွင် ရှန်းအာက ခေါင်းဆောင်လုပ်ကာ နောက်မှ ကလေးတစ်သီကြီး (ခန္ဓာကိုယ် အကြီးဆုံး ယိုယွီ အပါအဝင်) တန်းစီပြီး ဝါးဖြင့် ရက်လုပ်ထားသည့် နဂါးလှေများကို ကိုင်ဆောင်လျက် ခြံဝင်းထဲတွင် ပတ်ပြေးနေကြသည်။ ပါးစပ်မှလည်း "နဂါးလှေလှော်မယ်ဟေ့... နဂါးလှေလှော်မယ်" ဟု အော်ဟစ်နေကြသည်။
လေထင်က ချီလင်ကို ကျောပေါ်တင်ကာ ကလေးများနောက်မှ လိုက်ပြေးနေသည်။ အိမ်ထဲတွင် ရေပွက်ပွက်ဆူသကဲ့သို့ ဆူညံနေသော်လည်း ရှစ်ယီးလန်ကတော့ ဖားခေါင်းစွပ်ကို စွပ်ထားပြီး အေးအေးလူလူ မြက်စားနေကာ ရံဖန်ရံခါ နှာမှုတ်တတ်သေးသည်။
ယိုယွီက ခြံထဲတွင် ရှန်းအာတို့နှင့် ဆော့ကစားနေပြီး မီးဖိုချောင်တွင် မီးမွှေးနေသူမှာတော့ ရှဲ့ချီ ဖြစ်နေသည်။
သူသည် လက်များကို ပင့်တင်ထားပြီး ထင်းထိုးလိုက်၊ လေမှုတ်လိုက်နှင့် အလုပ်ရှုပ်နေ၏။ မျက်နှာနှင့် လက်များတွင် ပြာများ ပေကျံနေသည်။ ရှန်မြောင်နှင့် အဒေါ်ကြီးများက 'ဆူးကော' ပြင်ဆင်နေကြပြီး နောက်လှည့်ကြည့်လိုက်ရာ ကြောင်ချေးစွန်းနေသည့် ကြောင်ကြီးတစ်ကောင် ထိုင်နေသကဲ့သို့ ဖြစ်နေသည်။
အဒေါ်ကုက ရေဆေးထားသည့် မုန်ညင်းဖြူ ၃ ထုပ်ကို ပိုက်ပြီး ဝင်လာ၏။ မီးဖိုချောင်ထဲတွင် အခိုးအငွေ့များဖြင့် ဝေဝါးနေသည်။
"သာ့ကျဲအာ... ဒါတွေ ဘယ်နားထားရမလဲ"
"အဒေါ် ကျွန်မကို ပေးလိုက်၊ အဒေါ်လျို... တို့ဖူးတွေကို တြိဂံပုံ လှီးပြီး ကြော်ပေးပါဦး..."
"ရတယ်၊ ဒါက အဒေါ် ကျွမ်းတယ်လေ"
"အဒေါ်ဖန်းက မျှစ်တွေ လှီးပေး၊ အို... အဘွားကျန်း ကြာစွယ်လှီးတာ သတိထားဦးနော်၊ ဓားက ထက်တယ်၊ လက်ရှသွားပါဦးမယ်..."
ရှန်မြောင်က ပြောပြောဆိုဆိုနှင့် မြေအိုးအောက်ခြေတွင် မုန်ညင်းဖြူများကို ခင်းလိုက်သည်။ အဒေါ်ဖန်း မျှစ်လှီးပြီးသွားသည့်အခါ စိမ်းမြမြ အရွက်များပေါ်တွင် မျှစ်ပါးပါးလေးများ၊ တို့ဖူးကျော်၊ ငါးကြင်းကြော်တို့ကို တစ်လွှာချင်း စီလိုက်သည်။
ထိုစဉ် မီးဖိုချောင် ပြတင်းပေါက်အပြင်ဘက်မှ "ရှန်သာ့ကျဲအာ... သား ဘယ်သူလဲဆိုတာ ခန့်မှန်းကြည့်" ဟူသော အသံလေး ထွက်လာသည်။ ကူမိသားစုမှ အားပေါင်က အသစ်ရက်ထားသည့် ဒေါနပန်းနဂါးလှေကို ကိုင်ပြီး မီးဖိုနား ကပ်လာခြင်း ဖြစ်သည်။
ရှန်မြောင်က လက်မောင်းစည်းဖြင့် ချွေးသုတ်လိုက်ပြီး ပေါင်းအိုးထဲမှ စွန်ပလွန်သီးမုန့် တစ်ခုယူကာ သူ့ပါးစပ်ထဲ ထည့်ပေးလိုက်သည်။ ပြီးနောက် မျက်နှာကို တည်ထားပြီး စဉ်းစားဟန်ပြုကာ ပြောလိုက်သည်။
"အစ်မ ထင်တာတော့ အစ်မရဲ့မောင်လေး ထင်တယ်"
ပြတင်းပေါက်အောက်မှ ခေါင်းလုံးလုံးလေးတစ်ခု ထွက်ပေါ်လာပြီး ခါးထောက်ကာ မော့ကြည့်ပြီး ပြောလိုက်သည်။
"မှားတယ်... မှားတယ်... သားကမှ မောင်လေးအစစ်"
ရှန်မြောင်က ရယ်ချင်စိတ်ကို ထိန်းပြီး သူ့ပါးစပ်ထဲသို့ မုန့်တစ်ခု ထပ်ထည့်ပေးလိုက်သည်။
"ကဲ... သွားဆော့ကြတော့"
ထို့နောက် အဒေါ်ကြီးများနှင့်အတူ 'ဆူးကော' ကို ဆက်လက် ပြင်ဆင်လိုက်သည်။
စန်းတုန်းပြည်နယ်တွင် စကားပုံတစ်ခု ရှိသည်။ "ဆင်းရဲလည်း ဆူးကော၊ ချမ်းသာလည်း ဆူးကော" တဲ့။ ဇီပေါ်အသားကင်ပြီးရင် ဆူးကောက ဒေသအစားအစာအဖြစ် အကျော်ကြားဆုံး ဖြစ်လောက်သည်။
ဆူးကောကို ဆောင်းရာသီတွင် လုပ်စားခြင်းက အကောင်းဆုံးဖြစ်သည်။ ဆောင်းတွင်းထွက် မုန်ညင်းဖြူက အကောင်းဆုံးနှင့် အချိုဆုံး ဖြစ်သောကြောင့်ပင်။ အိမ်တိုင်းတွင် ကိုယ်ပိုင်ချက်နည်း ရှိကြပြီး ထည့်သည့် ပါဝင်ပစ္စည်းများ အနည်းငယ် ကွဲပြားတတ်သော်လည်း မုန်ညင်းဖြူ၊ ရေညှိ၊ တို့ဖူး၊ ကြာစွယ်၊ ဝက်လက်နှင့် ငါးတို့ကတော့ မပါမဖြစ်ပင်။ ကျန်တာကတော့ ကိုယ်ကြိုက်တာ ထည့်ရုံသာ။
လုပ်ရသည်မှာလည်း ရိုးရှင်းသည်။ အိုးအောက်ခြေတွင် ဝါးကပ်တစ်ခု ခံလိုက်ပြီး မုန်ညင်းဖြူ တစ်လွှာခင်း၊ ပြီးနောက် အခြားအသားငါး ဟင်းသီးဟင်းရွက် တစ်လွှာခင်းကာ အပေါ်သို့ တစ်လွှာချင်း ထပ်သွားရသည်။ အိုးပြည့်ခါနီးတွင် အိုးဘေးပတ်လည်ကို မုန်ညင်းဖြူအရွက်ကြီးများဖြင့် ကာလိုက်ပြီး ကျန်ရှိနေသည့် အစာပလာများကို ထည့်လိုက်ရသည်။
ကြက်သွန်မိတ်၊ ဂျင်း၊ ကြက်သွန်ဖြူနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ရောစပ်ထားသည့် ဆော့စ်ရည်ကို အိုးကြီးထဲ လောင်းထည့်လိုက်ရုံပင်။ ရေတစ်စက်မှ ထည့်စရာမလိုပေ။ မုန်ညင်းဖြူမှ ထွက်လာသည့် အရည်ချိုချိုလေးက လုံလောက်နေပြီ ဖြစ်သည်။
ဒီအချိန်တွင် အိုးအဖုံး ပိတ်လို့ရဦးမည် မဟုတ်။ မုန်ညင်းဖြူများ နွမ်းသွားပြီး အိကျသွားမှ အိုးအဖုံးအုပ်ကာ နှစ်နာရီခန့် နှပ်လိုက်လျှင် စားလို့ရပြီဖြစ်သည်။
ရှန်မြောင်နှင့် အဒေါ်ကြီးများက ရယ်မောပြောဆိုရင်း အလုပ်လုပ်နေကြသည်။ ရှဲ့ချီက မီးမွှေးရာတွင် အာရုံစိုက်နေပြီး ငြိမ်ချက်သားကောင်းနေသဖြင့် ကြာလာတော့ ကူမိသားစုမှ အစ်မကြီးနှင့် အဒေါ်ကုတို့က ယောက်ျားလေးတစ်ယောက် ရှိနေသည်ကို မေ့သွားကြပြီး "ညစ်တီးညစ်ပတ်" ပြက်လုံးများ ပြောကာ ရယ်မောနေကြတော့သည်။
ရှန်မြောင်က ရယ်လွန်းသဖြင့် ရှေ့တိုးနောက်ငင် ဖြစ်နေချိန်တွင် ရုတ်တရက် လှမ်းကြည့်လိုက်ရာ ရှဲ့ချီတစ်ယောက် မီးဖိုဘေးတွင် တောင့်တောင့်ကြီး ဖြစ်နေပြီး တစ်ကိုယ်လုံး နီရဲနေသည်ကို တွေ့လိုက်ရ၏။
သူမက ချောင်းဟန့်လိုက်ပြီး ခုနက သူမ ရယ်မောခဲ့သည်ကို ဟန်ဆောင်လိုက်ကာ ဆူးကော အခြေအနေကို သွားကြည့်လိုက်သည်။
ည ၇ နာရီကျော် ၈ နာရီခန့် ရှိနေပြီ။ ဘေးပတ်လည်တွင် ကာထားသည့် မုန်ညင်းရွက်များ နွမ်းဖတ်ကျသွားပြီ။ အိုးအဖုံးအုပ်ပြီး နှပ်ထားသည်မှာ တစ်နာရီခန့် ရှိပြီဖြစ်ရာ မွှေးပျံ့သည့် အနံ့များ ထွက်ပေါ်နေလေသည်။
အိုးအဖုံး ဖွင့်လိုက်သည်နှင့် ပယင်းရောင် ဟင်းရည်များ ပွက်ပွက်ဆူနေသည်ကို တွေ့လိုက်ရ၏။ ရေညှိများက အသားဟင်းရည်ကို စုပ်ယူထားပြီး ဖောင်းကားနေသည်။ တို့ဖူးများက ရွှေဒင်္ဂါးပြားများအလား ဖောင်းပွနေသည်။ ငါးကြင်းနှင့် ဝက်လက်တို့က နူးအိနေပြီး တူနှင့်တို့လိုက်ရုံဖြင့် အရိုးမှ ကွာကျလောက်သည်။ အချဉ်၊ အချို၊ အငန် အရသာစုံလင်သည့် ဟင်းသီးဟင်းရွက်များနှင့် မွှေးပျံ့သည့် နှမ်းဆီနံ့တို့ ရောယှက်နေသည်။ အငွေ့တလူလူထွက်နေသည့် ဟင်းနံ့ကြောင့် စကားပြောဖို့ပင် မေ့သွားကြတော့သည်။
ခဏကြာတော့ ရှဲ့ချီက ရှန်မြောင်ကို ကူညီပြီး ဆူးကောအိုးကို အပြင်သို့ မထုတ်ပေးသည်။ လေအဝှေ့တွင် မွှေးပျံ့သည့် အနံ့များက ခြံဝင်းတစ်ခုလုံး ပျံ့လွင့်သွားသည်တွင် ခြံထဲရှိ အမျိုးသားများလည်း စိတ်ဝင်တစား ဝိုင်းကြည့်ကြသည်။ ဗေဒင်ဆရာကဲဆိုလျှင် တံတွေးမြိုချရင်း အိုးဖွင့်မည့် မင်္ဂလာအချိန်အခါကို လက်ချိုးရေတွက် တွက်ချက်နေသေးသည်။
ကုထူစူးကတော့ ဘာမှမပြောဘဲ အရက်အိုးကို ဖောက်နေလေပြီ။
ပွဲစည်နေချိန်တွင် လမ်းထိပ်မှ ခြေသံပြင်းပြင်းများ ကြားလိုက်ရပြီး ယောက်လော်ကဲ့က ချွေးသီးချွေးပေါက်များဖြင့် ပြေးဝင်လာသည်။ ဒူးကိုလက်ထောက်ပြီး အမောဖြေနေကာ လူအုပ်ကြားထဲမှ အံ့သြနေသည့် ရှန်မြောင်ကို စူးစူးရဲရဲ ကြည့်လိုက်တော့သည်။
"ရှန်ညန်ဇီ... ကျုပ် ပြောတာ အဆင်ပြေသွားပြီ"
...
အပိုင်း (၁၇၆.၁) အသောက်မလွန်စေနှင့်
"ဆီအိုးကပ်ဟင်းက တကယ်စားလို့ကောင်းတာပဲ"
ရှန်းအာနှင့် ယန့်ရှူးတို့ နှစ်ယောက်လုံး ဗိုက်ကွဲလုမတတ် စားသောက်ထားကြလေသည်။ ပဲစေ့အရွယ် ကလေးနှစ်ယောက်သည် မည်သူ့အရက်ကို ခိုးသောက်လိုက်မိမှန်းမသိဘဲ မူးနောက်နောက်ဖြင့် ဝရန်တာအောက်တွင် လဲကျနေကြ၏။ လေတက်သံများထွက်နေပြီး တစ်ယောက်အင်္ကျီလက်စကို တစ်ယောက်ဆွဲကာ ဗိုက်က ကြယ်သီးများကိုလည်း ဖြုတ်ထားကြသည်။ မျက်နှာပေါ်တွင် ထမင်းလုံးများ ကပ်နေလျက်ဖြင့် "စားလို့ကောင်းတယ်၊ စားလို့ကောင်းတယ်" ဟု ပွစိပွစိပြောရင်း အိပ်ပျော်သွားကြလေသည်။
ညဉ့်နက်လာလေပြီ။ ခြံဝင်းတစ်ခုလုံး ပန်းကန်ခွက်ယောက်များဖြင့် ရှုပ်ပွနေပြီး အရက်အိုးများမှာ ကြမ်းပြင်ပေါ်တွင် လှိမ့်နေကြသည်။ အရက်မူးနေသည့် ဦးလေးများနှင့် အဘိုးများသည် အင်္ကျီရင်ဘတ်ဟိုင်းကာ ပခုံးဖက်လျက် သီချင်းဆိုပြီး အိမ်ပြန်ရန် ပြင်နေကြသည်။ အဒေါ်များက ရှန်မြောင်ကို ကူညီပြီး ပန်းကန်ခွက်ယောက်များ သိမ်းဆည်းပေးနေရင်း ထိုအခြေအနေကိုမြင်သော် ဒေါသထွက်ကာ သူတို့၏ ဖင်ကို လိုက်ကန်ကြတော့သည်။
"စားမယ် စားမယ်၊ စားဖို့ပဲသိတယ် ဘာမှမလုပ်ဘူး"
ကူသာ့လန်သည် ကန်ခံလိုက်ရသဖြင့် လဲကျသွားရာ ခေါင်းချသည်နှင့် တန်းအိပ်ပျော်သွားပြီး ခဏအကြာတွင် မိုးခြိမ်းသံကဲ့သို့ ဟောက်သံများ ထွက်ပေါ်လာလေသည်။ ဖိုင့်ကားနေသည့် ဗိုက်ပူကြီးသည် အသက်ရှူလိုက်တိုင်း လှိုင်းလုံးများပမာ နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။ အားပေါင်သည် ချက်ချင်းပင် အပေါ်သို့ တက်ခွလိုက်ပြီး မောင်ဖြစ်သူကလည်း အစ်မဖြစ်သူအပေါ်သို့ ထပ်တက်လိုက်လေသည်။ ကလေးငယ်နှစ်ယောက်သည် တခစ်ခစ်ရယ်မောလျက် သူတို့အမေကို လှမ်းခေါ်လိုက်သည်။
"အမေ... လူအဆင့်ဆင့်ထပ်တမ်း ကစားကြရအောင်"
ကူသာ့စောင်သည် လက်ထဲတွင် ပန်းကန်ခွက်ယောက် အပုံလိုက်ကို ပိုက်ထားလျက် လှည့်ကြည့်လိုက်ရာ ကူသာ့လန်၏မျက်နှာမှာ အဖိခံထားရသဖြင့် နီရဲနေပြီး အသက်ရှူရပ်တော့မည့်ဆဲဆဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ထပ်ပြီး ဆော့မနေနဲ့တော့"
ကူသာ့စောင်သည် အိမ်မှ အမွှေနှစ်ကောင်၏ ဂုတ်ကိုဆွဲကာ တစ်ယောက်ချင်းစီ ဆွဲထူလိုက်လေသည်။
"မြန်မြန်ထကြစမ်း၊ နင်တို့အဖေက အသုံးမကျပေမယ့် အသုံးမကျတဲ့အသက်ကလည်း အသက်ပါပဲ"
ကူသာ့လန်သည် အသက်ရှူချောင်သွားပြီးနောက် ဆက်လက် ဟောက်နေပြန်သည်။ အားပေါင်နှင့် မောင်ဖြစ်သူတို့သည် ပြန်ထိုင်ချလိုက်ပြီး ကြမ်းပြင်ပေါ်မှ မြေမှုန့်များကို ကောက်ယူလိုက်သည်။ ကူသာ့လန်ကို မျက်ခုံးမွှေးအမည်းကြီးနှစ်ခု ဆွဲပေးလိုက်သည်။ ထို့နောက် တခစ်ခစ်ရယ်လျက် ဖခင်အရင်းကို ကျစ်ဆံမြီးနှစ်ဖက် ကျစ်ပေးလိုက်ပြီး ပါးစပ်ထောင့်တွင် မြေကြီးလုံးများ ကပ်ပေးလိုက်ပြန်သည်။
အမွှေနှစ်ကောင် လုပ်သမျှ မကောင်းမှုများကို အဒေါ်ကု မြင်ဖြစ်အောင် မြင်လိုက်လေသည်။ သူမသည် ခေါင်းခါရယ်မောလျက် စားပွဲကို သုတ်သင်ရှင်းလင်းလိုက်သည်။ ရုတ်တရက် ခေါင်းငုံ့ကြည့်လိုက်ရာ စားပွဲအောက်တွင် ကုထူစူးတစ်ယောက် မူးလွန်းသဖြင့် လျှာလေးအာလေးဖြစ်နေပြီး လေထင်၏ ခွေးလက်ကို ဆွဲကာ ပွစိပွစိပြောနေသည်ကို တွေ့လိုက်ရသည်။
"ကျိအာ... မင်း အခုတလော စာကြိုးစားနေတယ်မလား၊ ကြည့်ပါဦး၊ မင်းမျက်ကွင်းတွေတောင် ညိုနေပြီ၊ အေ့... မင်းမျက်နှာက ဘာလို့ မည်းနေတာလဲ၊ မုတ်ဆိတ်မွှေးတွေကလည်း ဘာလို့ အများကြီး ပေါက်နေတာလဲ..."
လေထင်က အမွေးပွခေါင်းကြီးကို စောင်းလျက် တကယ်ပင် အလေးအနက် နားထောင်နေသည့်ပုံ ပေါက်နေလေသည်။
"ဘယ်သူက မည်းတာလဲ၊ မင်းကများ ကျိအာကို မည်းတယ်လို့ ပြောရက်တယ်"
အဒေါ်ကုက မျက်လုံးလှန်ကြည့်လိုက်ပြီး ရွှံ့ပုံကဲ့သို့ မူးနေသည့် သားဖြစ်သူကို ခြေထောက်ဖြင့် ကန်လိုက်လေသည်။
"ဒီမှာ လာကပ်မနေနဲ့တော့၊ အိမ်ပြန်အိပ်တော့ သွား"
ကုထူစူးသည် ကန်ခံလိုက်ရသဖြင့် မျက်နှာနှင့် ကြမ်းပြင် မိတ်ဆက်သွားသော်လည်း လေထင်က သူ့ကို တွန်းထူပေးလိုက်လေသည်။ နောက်ဆုံးတွင် အသိစိတ်အနည်းငယ် ပြန်ဝင်လာပြီး လေထင်ကို ကျိအာဟုအော်လျက် ဒုတိယအစ်ကိုကြီး သွားပြီဟုဆိုကာ ယိုင်တိယိုင်တိုင်ဖြင့် ရှန်အိမ်မှ တွားသွားကာ ထွက်သွားလေသည်။
ကျိအာနှင့် ချန်ချွမ်းတို့လည်း မူးလဲနေကြသည်။ မြည်းခြံထဲတွင် မည်သို့ရောက်ပြီး ကွေးနေကြမှန်း မသိချေ။ ရှစ်ယီးလန်က လည်ပင်းကို ငုံ့ကြည့်လိုက်ပြီး လျှာဖြင့် သူတို့မျက်နှာများကို စတင်လျက်လိုက်ရာ ရှန်မြောင် တွေ့လိုက်ချိန်၌ ထိုနှစ်ယောက်လုံး မြည်းတံတွေးများဖြင့် ရွှဲနစ်နေလေပြီ။
လူများကို အခန်းထဲသို့ အမြန်ပစ်ထည့်လိုက်ပြီးနောက် ခေါင်းပြန်လှည့်လိုက်ရာ အားထောင်က ခါးထောက်လျက် သစ်ပင်ကို စကားပြောနေသည်ကို တွေ့လိုက်ရပြန်သည်။ သူမသည် အားထောင်ကို အိပ်ရာဝင်ရန် အမြန်မောင်းလွှတ်လိုက်ရသည်။
အရက်ရှိန်က တဖြည်းဖြည်း တက်လာရာ သူမလည်း ယိုင်တိယိုင်တိုင် ဖြစ်လာလေသည်။
အိမ်ကို ရှင်းလင်းပြီးနောက် ရှန်အိမ်၏ ကြမ်းပြင်ကိုပါ လှည်းကျင်းပြီးမှ အဒေါ်များသည် သုံးလေးယောက်တစ်စုဖြင့် ပြန်သွားကြတော့သည်။ ဒီနေ့ ရှန်မြောင်လည်း မနည်း သောက်ထားခဲ့သည်။ အဒေါ်များကို တံခါးဝအထိ အတင်းအားတင်းပြီး လိုက်ပို့ပေးလိုက်သည်။ ထို့နောက် ကွေ့ဟွားပင်အောက်တွင် ကြောင်တောင်တောင် ထိုင်နေမိပြီး ယခု သူမ ဘာလုပ်ရမည်ကို စဉ်းစားမရတော့ချေ။
အရက်ရှိန်သည် လည်ချောင်းနှင့် ရင်ခေါင်းထဲတွင် လှိမ့်တက်နေပြီး ဦးနှောက်ထဲတွင် ပိတ်စပါးပါးတစ်ထပ် ခံထားသကဲ့သို့ ဖြစ်နေ၏။ တွေးတာ ခေါ်တာ လုပ်တာ ကိုင်တာ အားလုံးက စည်းချက်လွတ်ကာ နှေးကွေးနေလေသည်။ ရှေးခေတ်က အယ်လ်ကိုဟောပါဝင်မှုနည်းသည့် သစ်သီးအရက်ကို အထင်သေးခဲ့မိသည့် သူမသည် ဒီနေ့တော့ စိတ်လွတ်ကိုယ်လွတ်သောက်မိခြင်း၏ နောက်ဆက်တွဲဒဏ်ကို ခံစားလိုက်ရလေပြီ။
လေတိုက်ခတ်သွားရာ ကွေ့ဟွားသစ်ကိုင်းများ တရှဲရှဲ လှုပ်ခါသွားသည်။
အချိန်အကြာကြီး ငေးငိုင်နေပြီးနောက် နောက်ဆုံးတွင် သူမ သတိရသွားတော့သည်။ ဒီနေ့က တရုတ်နဂါးလှေပွဲတော်နေ့(တွမ်းဝူ) ဖြစ်သည်။ သူမ နဂါးလှေပြိုင်ပွဲ ကြည့်ခဲ့သည်။ အသားစုံဟင်းအိုး လုပ်ခဲ့သည်။ ပြီးတော့ အိမ်ခေါင်မိုးပေါ် တက်တော့မတတ် စိတ်လောနေသည့် ယောက်လော်ကဲ့ဆီမှ ခန်းကျိပိုင် မြစ်ကမ်းနားက နှစ်ထပ်ဆိုင်ခန်းကို ဝယ်လိုက်သည်။
ငွေ ၂၀၀၀ ကွမ်း တောင်မှလေ။ သူမက တကယ်ပဲ ဒီလောက် လက်ဖွာခဲ့တာလား။ အခန်းထဲ ဝင်သွားပြီး ငွေစက္ကူများကို ယူလာခဲ့ကာ ရှေ့နေတုန့် ရောက်လာပြီး အသိသက်သေလုပ်ပေးဖို့ စောင့်ဆိုင်းခဲ့ပြီး အချိန်တစ်နာရီပင် မပြည့်ခင် စာချုပ် ချုပ်လိုက်သည်။
ယောက်လော်ကဲ့က မနက်ဖြန်မနက်စောစော သူမကို ရုံးတော်လိုက်ပြီး တရားဝင် စာချုပ်ချုပ်ဖို့ ထပ်ခါတလဲလဲ မှာခဲ့ဟန်တူသည်။
မူးနေသဖြင့် ရှန်မြောင်သည် ဤကိစ္စများကို တွေးမိသောအခါ တကယ်မဟုတ်သလို ခံစားလိုက်ရ၏။ သူမ တကယ် ဝယ်လိုက်တာလား။ ဒီအတိုင်း ဝယ်လိုက်တာလား။ ဒီငွေ ၂၀၀၀ ကွမ်းကို ထုတ်သုံးလိုက်တော့ ဆိုင်ခန်းအချို့နှင့် ဘဲမွေးမြူရေးခြံအတွက် လိုအပ်သည့် လည်ပတ်ငွေမှလွဲ၍ သူမ၏ စုဆောင်းငွေများသည် တစ်ပြားတစ်ချပ်မှ မကျန်တော့သလိုပင်။
ရှန်မြောင် ခေါင်းမော့လိုက်ပြီး သစ်ပင်အနောက်သို့ မှီချလိုက်လေသည်။
ရှဲ့ချီသည် ထိုနည်းတူ မူးနေကြသည့် ထန်အာနှင့် ဖူရှင်းတို့ကို အခန်းထဲသို့ ထမ်းပို့ပေးခဲ့ပြီးကာစ ဖြစ်သည်။ ခြေအိတ်နံစော်နေသည့် ကုတင်ပေါ်သို့ သူတို့ကို ပစ်တင်လိုက်ပြီး နှာခေါင်းပိတ်လျက် ထွက်လာရာ ဤမြင်ကွင်းကို မြင်လိုက်ရခြင်း ဖြစ်သည်။
လူသူကင်းမဲ့သွားသည့် ခြံဝင်းထဲတွင် ရှန်မြောင်တစ်ယောက်တည်း သစ်ပင်အောက်တွင်ထိုင်လျက် ကောင်းကင်ကို မော့ကြည့်နေလေသည်။
သူမ၏ ပါးပြင်သည် ပန်းသွေးရောင်သမ်းနေပြီး အမူအရာမှာ ကြောင်တောင်တောင် ဖြစ်နေသော်လည်း မျက်ဝန်းများကမူ ကြယ်ရောင်ဟပ်နေသကဲ့သို့ ရေလွှာဖုံးလျက် တောက်ပနေသည်။
ရှဲ့ချီသည် တွန့်ကြေနေသည့် အင်္ကျီလက်စကို ခါလိုက်ပြီး ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။
သူမ ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်လေသည်။
ရှန်မြောင်သည် အချိန်တော်တော်ကြာမှ ရှေ့တွင် လူတစ်ယောက်ရှိနေသည်ကို သတိထားမိလိုက်၏။ မူးနေသဖြင့် အာရုံမစိုက်နိုင်သည့် မျက်လုံးများဖြင့် သူ့ကို ငေးကြည့်နေလိုက်သည်။ ဘယ်သူမှန်း သိလိုက်ရသည့်အခါ ရုတ်တရက် တစ်ကိုယ်လုံးရှိ အားများကို လျှော့ချလိုက်ပြီး သူ့ရင်ခွင်ထဲသို့ အရှိန်ဖြင့် တိုးဝင်လိုက်တော့သည်။
ရှဲ့ချီသည် အသိစိတ်ဖြင့် လက်မောင်းကို ဆန့်တန်းလျက် သူမကို ဖမ်းထိန်းလိုက်ပြီး ကိုယ်ပေါ်တွင် မက်မွန်သီးအရက်နံ့ သင်းသင်းလေး ရနေသည့် ရှန်မြောင်ကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။
သူ သူမကို ဖက်လိုက်သည်နှင့် သူမက ချီလင်ကောင်လေးကဲ့သို့ သူ့လည်ပင်းကို ပွတ်သပ်လိုက်ပြီး မူးကြောင်ကြောင်ဖြင့် စကားတစ်ခွန်း ပြောလိုက်လေသည်။ "ကျိုကော... ရှင်က ဘာလို့ ခေါင်းနှစ်လုံး ပေါက်နေတာလဲ"
ရှဲ့ချီက ပြုံးလိုက်သည်။ "မင်း ပြန်ကြည့်ပါဦး၊ ကိုယ့်မှာ ခေါင်းဘယ်နှစ်လုံး ရှိလဲလို့"
ရှန်မြောင်က တကယ်ပင် ခေါင်းမော့လာပြီး သူ့ရင်ခွင်ထဲမှ လက်ကို ထုတ်လိုက်ကာ သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်သည်။ သူ့မျက်နှာကို ဖောင်းလာအောင် ညှစ်လိုက်ပြီး ဘယ်ညာ လေးလေးနက်နက် အကဲခတ်ကြည့်လိုက်သည်။ နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်လေသည်။ "သုံးလုံး... ခေါင်းသုံးလုံး ရှိတယ်"
"ဒါဆိုလည်း ကောင်းတာပေါ့၊ နောက်ထပ် ခေါင်းတစ်လုံး ပိုလာတော့ နောက်ကျရင် ကိုယ့်ကို သုံးခြမ်းခွဲလိုက်၊ တစ်ယောက်က ရှန်ညန်ဇီကို ယပ်ခပ်ပေးမယ်၊ တစ်ယောက်က ရှန်ညန်ဇီကို ကျောထုပေးမယ်၊ တစ်ယောက်က ရှန်ညန်ဇီကို ခြေထောက်နှိပ်ပေးမယ်၊ ကောင်းတယ်မလား" ရှဲ့ချီကလည်း ပြုံးလျက် သူမ၏ပါးကို ပွတ်သပ်ပေးလိုက်သည်။ သူ့မျက်ဝန်းများက နွေဦးလေညင်းကဲ့သို့ နူးညံ့နေလေသည်။
သို့သော် ရှန်မြောင်က မပျော်မရွှင်ဖြင့် သက်ပြင်းချလိုက်သည်။ "ကောင်းတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်မ နှမြောတယ်၊ သုံးခြမ်းခွဲလိုက်ရင် ရှင် ဘယ်လောက်နာမလဲ" ပြောရင်းဖြင့် သူမက ရှဲ့ချီ၏လည်ပင်းကို သိုင်းဖက်လိုက်ကာ နွဲ့နွဲ့လေး ပြောလိုက်လေသည်။ "မနာနဲ့ မနာနဲ့၊ ကျွန်မ ကျိုကော သုံးယောက် မလိုချင်ဘူး၊ တစ်ယောက်ဆို ရပြီ၊ တစ်ယောက်တည်းဆို လုံလောက်ပြီ"
ရှဲ့ချီ၏နှလုံးသားသည် ရုတ်ခြည်း ပျော့ခွေကျသွားတော့သည်။
သူက မျက်လွှာချလိုက်ပြီး လူကို ပိုမိုတင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ သူမ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်လေသည်။ "ကောင်းပါပြီ၊ ကိုယ်လည်း အားမြောင် တစ်ယောက်တည်းဆို ရပါပြီ၊ ကိုယ်တို့က တစ်ယောက်နဲ့တစ်ယောက် ရှိနေရင် ပြည့်စုံပါပြီ"
ခဏလောက် ဖက်ထားပြီးနောက် ရှန်မြောင်သည် သူ့ရင်ခွင်ထဲတွင် သက်တောင့်သက်သာရှိမည့် ပုံစံကို အလိုအလျောက် ရှာဖွေလိုက်သည်။ လက်မောင်းက သူ့လည်ပင်းကို လွှတ်လိုက်ပြီး ခါးကို ပြောင်းဖက်လိုက်သည်။ ပါးပြင်က သူ့ရင်ဘတ်ဘယ်ဘက်ကို ကပ်ထားလိုက်သည်။ ကလေးလေးတစ်ယောက်ကဲ့သို့ သူ့ရင်ခွင်ထဲတွင် ငြိမ်သက်စွာ ကွေးနေပြီး အိပ်ချင်မူးတူးဖြင့် မျက်လုံးများ မှေးစင်းသွားကာ ချက်ချင်း အိပ်ပျော်သွားတော့မည့်ပုံ ပေါက်နေလေသည်။
ညဉ့်နက်သန်းခေါင်အချိန်သည် တိတ်ဆိတ်နေ၏။ လေထင်နှင့် ချီလင်တို့လည်း တံခါးဘေးတွင် ဝပ်လျက် လိမ်မ္မာစွာဖြင့် တံခါးစောင့်နေကြသည်။
"ကိုယ် မင်းကို အခန်းထဲ ပြန်ပို့ပေးမယ်"
ရှဲ့ချီသည် သူမ သက်တောင့်သက်သာ ဖြစ်နေသည့် အနေအထားအတိုင်း လက်တစ်ဖက်က ဒူးခေါက်ကွေးအောက် လျှိုသွင်းလိုက်ပြီး လက်တစ်ဖက်က ပခုံးကို ဖက်လျက် ပွေ့ချီလိုက်လေသည်။
ပခုံးဖြင့် ရှန်မြောင်၏အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ ရှဲ့ချီသည် ဟိုဟိုဒီဒီ လျှောက်မကြည့်ရဲဘဲ ကန့်လန့်ကာကို ကျော်ဖြတ်ကာ အထဲသို့ လျှောက်သွားလိုက်သည်။ အတွင်းဘက်တွင် မကျယ်ဝန်းလှသည့် အိပ်ခန်းတစ်ခန်း ရှိလေသည်။ အခန်းထဲတွင် မီးမထွန်းရသေးသော်လည်း ဒီနေ့ညကောင်းကင်သည် သာယာနေသဖြင့် ပြတင်းပေါက်မှ ငွေရောင်လရောင်များ ဖြာကျနေကာ အခန်းသည် လရောင်ဖျော့ဖျော့အောက်တွင် နစ်မြုပ်နေသည်။
သူမကို ကုတင်ပေါ်သို့ ဖြည်းညှင်းစွာ တင်ပေးလိုက်ပြီး ဖိနပ်နှင့်ခြေအိတ်များကို ချွတ်ပေးလိုက်သည်။ ထို့နောက် အပြင်ထွက်ကာ ရေသွားယူပြီး မျက်နှာနှင့် ခြေထောက်များကို သုတ်ပေးလိုက်သည်။ လူကို သန့်ရှင်းခြောက်သွေ့အောင် လုပ်ပေးပြီးမှ ဂွမ်းစောင်ထဲသို့ ကောင်းမွန်စွာ ထည့်ပေးလိုက်တော့သည်။
ထို့နောက် အပေါ်မှအောက်သို့ စောင်ထောင့်များကို သေချာ သိမ်းဆည်းပေးလိုက်ပြီး စောင်အဆုံးကိုလည်း ခေါက်ကာ ရှန်မြောင်၏ခြေထောက်အောက်တွင် ဖိထားလိုက်သည်။
ပြီးမှ ရှဲ့ချီသည် ခါးဆန့်ကာ မတ်တပ်ရပ်လိုက်ပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။ ခေါင်းတစ်လုံးသာ ဖော်ထားပြီး ကော်ပြန့်လိပ်ကြီးကဲ့သို့ သူ ထုပ်ပိုးထားသည့် ရှန်မြောင်ကို ကြည့်လျက် ကျေနပ်နေလေသည်။
သို့သော် ခဏအကြာတွင် ရှန်မြောင်သည် ပူလာသည်ဟု ခံစားရသဖြင့် ခြေထောက်နှစ်ချောင်းဖြင့် စောင်ကို ကန်ထုတ်လိုက်ပြီး လက်မောင်းကို ဖြန့်ကာ ကောင်းကောင်းပတ်ထားသည့် စောင်ကို ရှုပ်ပွသွားအောင် လုပ်လိုက်လေသည်။
ရှဲ့ချီတစ်ယောက် ကြောင်တောင်တောင် ရပ်နေပြီး မျက်တောင်ခတ်လိုက်၏။ ထို့နောက် အမြန်သွားပြီး စောင်ကို စနစ်တကျ ပြန်ပတ်ပေးလိုက်ပြန်သည်။ စောင်ပေါ်က အရေးအကြောင်းများကိုပင် စိတ်ရှည်လက်ရှည်ဖြင့် သပ်ပေးလိုက်သေးသည်။
ကုတင်ဘေးတွင် ရပ်လျက် ကျေနပ်စွာ ကြည့်ရှုနေစဉ် ငြိမ်မနေသည့်လူက စောင်ထပ်ကန်တော့မည့်ပုံ ပေါက်နေပြန်သည်။ သူသည် အမြန်သွားပြီး ကုတင်ဘေးတွင် ဒူးထောက်ကာ ရှန်မြောင်၏ လက်မြှောက်နေသော လက်နှစ်ဖက်ကို ဖိထားလိုက်ရသည်။
သို့သော် ချက်ချင်းပင် သူ့လက်မောင်းတစ်ခုလုံး အဖက်ခံလိုက်ရလေသည်။
"ကျိုကောက ထင်းရှူးသားနဲ့ ထုလုပ်ထားတာလား၊ မွှေးလိုက်တာ" ရှန်မြောင်သည် မူးမူးဝေဝေဖြင့် သူ့လက်ဖဝါးထဲသို့ တိုးဝင်ကာ နူးညံ့ပြီး ပူနွေးနေသည့် ပါးပြင်ဖြင့် သူ့လက်ဖမိုးကို ကပ်ထားလိုက်သည်။ "ကျွန်မ ရှင့်ဆီက အနံ့ကို ကြိုက်တယ်၊ တောအုပ်ထဲက အနံ့လေးလိုပဲ"
ရှဲ့ချီ၏သွေးများသည် မျက်နှာပေါ်သို့ ဖြည်းဖြည်းချင်း တက်လာတော့သည်။ သူသည် လုံးဝ ဒူးထောက်ချလိုက်ပြီး လက်မောင်းများ တောင့်တင်းနေကာ မလှုပ်ရဲတော့ပေ။ အချိန်အတော်ကြာမှ သူက တိုးတိုးညှင်းညှင်းနှင့် စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။ "အနံ့ကိုပဲ ကြိုက်တာလား"
ရှန်မြောင်သည် မျက်လုံးမှိတ်ထားလျက် ရုတ်တရက် ရယ်မောလိုက်သည်။
"လူကိုလည်း ကြိုက်တာပေါ့၊ ခေါင်းအစ ခြေအဆုံး အကုန်လုံးကို ကြိုက်တာ" ပြောရင်းပြောရင်း သူမအသံသည် ပို၍ တိုးသွားပြီး အစပိုင်းစကားလုံးများသည် တိုးလွန်းသဖြင့် မကြားရသလောက်ပင်။ "...တစ်သက်လုံး... တစ်ဦးတည်းသော ကြိုက်ခဲ့ဖူးတဲ့လူက ရှင်ပါပဲ"
ရှဲ့ချီသည် မျက်လွှာချလျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ရှန်မြောင်ကို ကြာမြင့်စွာ ငေးကြည့်နေမိတော့သည်။ အချိန်မည်မျှ ကြာသွားသည်မသိ၊ ပြတင်းပေါက်မှ လရောင်သည် ရေလှိုင်းများပမာ ရွေ့လျားနေပြီး လရောင်က သူ့မျက်ခုံးရိုးပေါ် ကျရောက်လာချိန်တွင် သူသည် ကိုယ်ကို ဖြည်းညှင်းစွာ ကိုင်းညွှတ်လိုက်ပြီး ရှန်မြောင်၏ နဖူးပြင်ပေါ်သို့ အမြတ်တနိုး အနမ်းတစ်ခု ခြွေချလိုက်လေသည်။
....
နောက်တစ်နေ့တွင် နေရောင်ခြည်သည် အရှေ့ဘက်နံရံပေါ်သို့ တက်လာချိန်၌ ရှန်မြောင်သည် တင်းကျပ်နေသည့် နားထင်ကို ဖိနှိပ်လျက် ကုတင်ပေါ်တွင် ထိုင်ကာ စဉ်းစားခန်းဖွင့်နေလေ၏။ မနေ့ညက အိမ်တွင် စည်ကားသဖြင့် ပျော်ပြီး အသောက်လွန်သွားသည်။ ခြေလှမ်းများ မခိုင်တော့ဘဲ ခေါင်းမူးသွားပြီး နောက်ဆုံး အခန်းထဲ ဘယ်လိုပြန်ရောက်လာမှန်းပင် ကောင်းကောင်း မမှတ်မိတော့ပေ။
သို့သော် သူမသည် မှတ်ဉာဏ်ပြတ်တောက်သွားသည့်အထိ မူးသွားခြင်း မဟုတ်ကြောင်း အခိုင်အမာ ယုံကြည်နေသည်။ အကြောင်းမှာ သူမသည် မျက်ခွံကို အတင်းဖွင့်လျက် အားထောင်ကို အခန်းပြန်အိပ်ရန် လက်ဝှေ့ယမ်းပြီး မောင်းထုတ်ခဲ့သည်ကို မှတ်မိနေသေးသောကြောင့်ပင်။
ထိုအချက်ကို ထောက်ချင့်ရလျှင် သူမသည် ကိုယ့်ဘာသာ ဆေးကြောသန့်စင်ပြီးမှ ကုတင်ပေါ်တက်အိပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ အင်း... သေချာပေါက် ဒီလိုပဲ ဖြစ်မှာပါ။
ဒါပေမဲ့ ဒီစောင်က... ရှန်မြောင် ခေါင်းငုံ့ကြည့်လိုက်ရာ ကိုယ်ပေါ်တွင် စောင်ကို လိပ်ထားသည်မှာ မိမိကိုယ်ကို ပတ်ထားသကဲ့သို့ ဖြစ်နေသည်။ မနေ့ညက ဒီလောက်တောင် အေးခဲ့လို့လား။ သူမ ကိုယ့်ဘာသာ ဒီလောက် လုံအောင် ပတ်ခဲ့တာလား။
စဉ်းစားလို့ မရတော့ပေ။
ခြံဝင်းတစ်ခုလုံး မူးပြီး ယိုင်နဲ့နေကြသဖြင့် သူမက တော်တော်လေး ခံနိုင်ရည်ရှိသည်ဟု ဆိုရပေမည်။
နိုးနေသည့်သူ ရှိသေးလားဆိုလျှင်တော့ ကျိုကောလည်း မူးပုံမရပေ။ သူ့အရက်သောက်နိုင်စွမ်းက မဆိုးလှပေ။ မနေ့က စားပွဲဝိုင်းတွင် ဦးလေးများနှင့် အဒေါ်များက သူတို့ စေ့စပ်တော့မည်ဖြစ်၍ သူ့ကို အရက်အတင်းတိုက်ခဲ့ကြသည်။
သူက တစ်ခွက်ပြီးတစ်ခွက် အကုန်သောက်ခဲ့ပြီး လုံးဝ မငြင်းခဲ့ပေ။
သူ တစ်ခွက်ပြီးတစ်ခွက် သောက်နေသည်ကို ကြည့်ပြီး ဦးလေး အဒေါ်များ၏ မှာကြားချက်များနှင့် ဆုတောင်းများကို ပြုံးလျက် နားထောင်ကာ စကားတစ်ခွန်းမဆိုဘဲ မော့သောက်လိုက်သည်ကို မြင်တော့ ရှန်မြောင် စိတ်မကောင်း ဖြစ်မိသည်။ အဒေါ်ကုက ဘေးနားမှ တိုးတိုးလေး ကပ်ပြောလေသည်။ "ကိစ္စမရှိပါဘူး၊ လမ်းကြားထဲက သမက်လောင်းကို ကြိုဆိုတဲ့ ထုံးစံဟောင်းလေ၊ သံနဲ့ထုထားတဲ့ လူဆိုရင်တောင် ဒီအဆင့်ကို ကျော်ဖြတ်ရတာပဲ"
ရှန်မြောင်လည်း သူသောက်ပြီး ထိုင်လိုက်၊ ဖင်မပူခင် ပြန်ထသောက်လိုက် ဖြစ်နေသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။
နောက်ပိုင်းတွင် သူမ သူ့အတွက် လက်ဖက်ရည် ခိုးလဲပေးလိုက်တော့သည်။
ရှဲ့ချီက အရသာကို သိလိုက်ပြီး ကြောင်သွားသော်လည်း ချက်ချင်း ပြန်ပြုံးပြခဲ့သည်။
ရှဲ့ချီ၏ စိတ်နေသဘောထားက တကယ်ပင် နူးညံ့သိမ်မွေ့ပြီး အိမ်နီးနားချင်း ဦးလေး အဒေါ်များကို အလွန်လေးစားသည်။ သူမတွင် မိဘများ မရှိတော့သဖြင့် လမ်းကြားထဲက ဦးလေး အဒေါ်များသည် အရင်းနှီးဆုံး လူကြီးမိဘများ ဖြစ်လာကြသည်ဟု သူ ယူဆထားသောကြောင့် သူတို့ကို လေးလေးနက်နက် ဆက်ဆံခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
အပိုင်း (၁၇၆.၂)
ရှန်မြောင်သည် ထုံကျဉ်နေသည့် ဦးခေါင်းကို နှိပ်နယ်ရင်း ဤနေရာထိ တွေးမိသောအခါ မှတ်ဉာဏ်များ ဝေဝါးသွားတော့သည်။ ဒါဆို ကျိုကောက ဘယ်အချိန်က ပြန်သွားတာလဲ။ သူမ အသည်းအသန် ပြန်စဉ်းစားသော်လည်း ဘာမှ မပေါ်လာဘဲ ဗလာအတိ ဖြစ်နေ၏။
အခန်းတံခါး ဖွင့်လိုက်တော့ နေဖင်ထိုးနေလေပြီ။ မနေ့က သူမထက် ပိုမူးခဲ့သည့် အားထောင်၊ ထန်အာနှင့် ဖူရှင်းတို့ပင် ထပြီး အလုပ်လုပ်နေကြပြီ။ သူမနှင့် အရက်ခိုးသောက်ထားသည့် ကလေးများသာ တရှူးရှူး အိပ်နေကြတုန်းပင်။
အားထောင်သည် ခြံထဲက ဟင်းခင်းထဲတွင် ခရမ်းသီး၊ ဆလပ်ရွက်နှင့် သခွားသီးများကို တစ်ခြင်းအပြည့် ခူးထားသည်။ ရေစိုနေသေးသည့် ဟင်းသီးဟင်းရွက်များကို လက်မောင်းတွင် ချိတ်လျက် ရှန်မြောင်အခန်းရှေ့မှ ဖြတ်ကာ မီးဖိုချောင်ဘက် သွားနေသည်။ အိပ်ချင်မူးတူး ဖြစ်နေသေးသည့် ရှန်မြောင်ကို မြင်လိုက်ရသောအခါ ရုတ်တရက် ပါးစပ်ဖြဲကာ ပြုံးပြလိုက်သည်။ "ဟီးဟီး"
"?" ရှန်မြောင်က ကြောင်တောင်တောင်ဖြင့် သူမကို ကြည့်လိုက်၏။
"ရှန်ညန်ဇီ မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား" အားထောင်က ပိုပြီး ကျယ်လောင်စွာ ရယ်မောလိုက်ပြီး မျက်စပစ်ပြလိုက်သည်။ "ဟီးဟီး၊ ကောင်းကောင်း အိပ်ပျော်မှာပါနော်"
ရှန်မြောင်က ပါးစပ်ဟရုံ ရှိသေးသည်။ သူမက တစ်ယောက်တည်း ရယ်မောလျက် ပါးစပ်အုပ်ကာ မီးဖိုချောင်ဘက်သို့ လှစ်ခနဲ ပြေးထွက်သွားတော့၏။
ရှန်မြောင်၏ ရင်ထဲတွင် တဒိန်းဒိန်း ခုန်လာတော့သည်။ မနေ့ညက သူမ အရက်မူးပြီး ရမ်းကားမိလို့များလား။ ဒါပေမဲ့ မက်မွန်သီးအရက်က ရေချိုလိုပဲလေ။ အရင်တုန်းက သုံးလေးခွက် ဆက်တိုက်သောက်တာတောင် မမူးပါဘူး။
မနေ့က နည်းနည်း ပိုသောက်မိတယ် ဆိုပေမယ့်... ဟူး... အရက်နဲ့ မိန်းမက ဒုက္ခပေးတာပဲ။
ရှန်မြောင်က စိတ်လှုပ်ရှားစွာ တံတွေးမြိုချလိုက်သည်။ ထိုစဉ် ထန်အာက ငါးထည့်သည့် ပလိုင်းကို ကိုင်လျက် မီးဖိုချောင်ထဲမှ ထွက်လာသည်ကို မြင်လိုက်ရသဖြင့် သူမ အမြန် လှမ်းမေးလိုက်သည်။ "ထန်အာ... ကျိုကော ဘယ်အချိန်က ပြန်သွားတာလဲ ရှင် သိလား"
"မိုးလင်းခါနီးမှ ပြန်သွားတာ" ထန်အာက ဂရုမစိုက်သလို ပြောလိုက်သည်။ "သူ ရှန်ညန်ဇီအခန်းထဲက ထွက်လာပြီးပြီးချင်း ယန့်ရှူးကို လှည်းပြင်ခိုင်းပြီး ကျောင်းတော်ကို ပြေးတာလေ၊ မနက်စာတောင် မစားသွားဘူး"
သြော်... အခုမှ ပြန်သွားတာကိုး... ရှန်မြောင် ခေါင်းညိတ်လိုက်ပြီးမှ ရုတ်တရက် တောင့်တင်းသွားသည်။ "ရှင် ဘာပြောလိုက်တယ်"
"ကျွန်တော် ပြောတာ ကျိုကောက မနက်စောစောမှ ပြန်သွားတာပါလို့"
"မဟုတ်ဘူး မဟုတ်ဘူး၊ ခုနက စကားကို အစကနေ ပြန်ပြောစမ်း"
ထန်အာက တူညီသည့်စကားကို ဘာလို့ သုံးခေါက် ပြောခိုင်းနေမှန်း နားမလည်သော်လည်း တစ်လုံးချင်း အထစ်ထစ်အငေါ့ငေါ့ ပြန်ပြောလိုက်သည်။ "ကျွန်တော်ပြောတာက ကျိုကောက မနက်စောစော ရှန်ညန်ဇီအခန်းထဲက ထွက်လာပြီးတော့..."
"တော်ပြီ ရပ်တော့၊ ဆက်မပြောနဲ့တော့" ရှန်မြောင် ဘေးနားက တိုင်ကို မမှီဘဲ မနေနိုင်တော့ပေ။ ခြေလှမ်းများ ပိုမိုပေါ့ပါးလာသလို ခံစားရပြီး မျက်နှာသစ်သည့် ရေကန်ဘက်သို့ လျှောက်သွားရင်း စိတ်ထဲတွင် အော်ဟစ်လိုက်တော့သည်။
ကျိုကောက... သူမအခန်းထဲက... ထွက်လာတယ်တဲ့...
သူမ မနေ့ညက ဘာလုပ်မိလို့လဲ။ ရှန်မြောင်က ကိုယ့်ကိုယ်ကို ကောင်းကောင်း သိသည်။ ကျိုကောက စည်းကမ်းကြီးပြီး ယဉ်ကျေးလွန်းသူ ဖြစ်သည်။ သူမကို အနိုင်ကျင့်ဖို့တောင် သူမသဘောတူမှ လုပ်ရဲတဲ့သူက မိန်းကလေးအခန်းထဲကို ဝင်လာစရာ အကြောင်းမရှိဘူး။ သူမ အတင်းဆွဲခေါ်လို့သာ ဝင်လာတာ ဖြစ်ရမယ်။
သေပါတော့။ တကယ့်ကို မူးပြီး ရမ်းကားမိပြီပဲ။
လူကို လန့်သွားအောင် လုပ်လိုက်လို့ မနက်စာတောင် မစားနိုင်ဘဲ မိုးမလင်းခင် ထွက်ပြေးသွားရပြီလေ... ရှန်မြောင် ရေအေးတစ်ခွက်ခပ်ပြီး မျက်နှာပေါ် ပက်လိုက်သည်။ တစ်ညလုံး ထားထားသည့် ရေတွင်းရေက အေးစက်နေသဖြင့် သူမ ဦးနှောက် ကြည်လင်သွားပြီး အဖြစ်အပျက် အစအနအချို့ကို ပြန်သတိရလာသည်။ ကိုယ်တိုင်က ကျိုကော၏လည်ပင်းကို ဖက်ပြီး ရင်ခွင်ထဲ တိုးဝင်ခဲ့တာ၊ လရောင်အောက်မှာ အပွေ့ချီခံရပြီး အခန်းပြန်ပို့ခံရတာ၊ နောက်ဆုံး သူ့မျက်နှာကို ကိုင်ပြီး ပေါက်ကရတွေ ပြောခဲ့တာ...
သေချင်စရာ၊ သေချင်စရာ။ သူမ အကုန် ပြန်မှတ်မိသွားပြီ။
ရှန်မြောင် အသက်ပြင်းပြင်း ရှူလိုက်တော့သည်။ သူမ တကယ်ကို မလုပ်သင့်မလုပ်ထိုက်တာတွေ လုပ်မိခဲ့ပြီပဲ။
မျက်နှာသုတ်ပုဝါကို ရေညှစ်ပြီး မျက်နှာသုတ်နေစဉ် ရှန်မြောင်၏လက်များ ရပ်တန့်သွားပြန်သည်။ နေပါဦး... ဒါပေမဲ့ နောက်ပိုင်းကျတော့ သူမ တကယ် အိပ်ပျော်သွားတာပဲ။ ကျိုကောက တကယ်ကြီး သူမ လက်မောင်းဖက်တာ ခံပြီး တစ်ညလုံး စောင့်ပေးသွားတာတော့ မဟုတ်ပါဘူးနော်။
သူမ အခန်းပြန်ပြီး အဝတ်အစားလဲလိုက်သည်။ ကိုယ့်ကိုယ်ကို လေးလေးနက်နက် ပြန်လည်သုံးသပ်လိုက်သည်။ အရင်ဘဝက သင်ခန်းစာကို ဘာလို့ မယူတာလဲ။ ရှေးခေတ် အရက်ကို ဘာလို့ အထင်သေးတာလဲ။ အခုတော့ ကောင်းရော၊ သိက္ခာကျပြီ။
နောက်ဆို ဘယ်တော့မှ အသောက်မလွန်စေရဘူးလို့ ကျိန်ဆိုလိုက်သည်။
အိမ်တွင် အရက်သမားများ များနေသဖြင့် ရှန်မြောင် မီးဖိုချောင်ထဲ ဝင်သွားချိန်တွင် ဖူရှင်းက ကြက်သားဆန်ပြုတ် ပြုတ်နေလေသည်။ ကြက်ရိုးပြုတ်ရည်အကြည်ကို ဆေးထားသည့် ဆန်ထဲသို့ လောင်းထည့်ပြီး မီးဖိုပေါ်တွင် နာရီဝက်ခန့် တည်ထားသည်။ ဆားအနည်းငယ်ထည့်၊ ကြက်သားမွှာများ ထည့်ပြီး ၁၅ မိနစ်ခန့် ထပ်တည်လိုက်လျှင် စားလို့ရပြီ။
ဒီလို ဆန်ပြုတ်မျိုးက အရက်နာကျသူများအတွက် အကောင်းဆုံး ဖြစ်ပြီး အစာအိမ်ကို အားဖြည့်ပေးပြီး မွှေးကြိုင်ကာ နွေးထွေးစေသည်။
ရှန်မြောင်က ဆန်ပြုတ်တစ်ပန်းကန်ကို ကိုင်ပြီး ဝရန်တာအောက်တွင် ထိုင်ကာ သက်ပြင်းချရင်း သောက်နေလေသည်။ ထိုစဉ် ကျိအာက မီးလောင်နေသကဲ့သို့ အခန်းထဲမှ ပြေးထွက်လာပြီး သွားတိုက်ဆေးမှုန့်ကို အမြန်ယူပြီး သွားကို အားကုန်တိုက်နေတော့သည်။ "သွားပြီ သွားပြီ၊ ဒီနေ့ ကျောင်းတော်မှာ မနက်ပိုင်းစာသင်ချိန် ရှိတာကို၊ အိပ်ရာထ နောက်ကျသွားပြီ"
ဆန်ပြုတ် နှစ်လုပ်လောက် သောက်ပြီးနောက် ရှန်မြောင်သည် ကျိအာတစ်ယောက် မျက်စိရှေ့တွင် ဟိုပြေးဒီပြေး ဖြစ်နေသည်ကို ကြည့်နေလိုက်သည်။ ခဏနေ ခြံထဲဆင်းပြီး လှန်းထားသည့်အဝတ်အစား သွားယူလိုက်၊ အခန်းထဲ ပြန်ဝင်ပြီး အဝတ်လဲလိုက်၊ ခဏနေ အခန်းထဲမှ ပြန်ပြေးထွက်လာပြီး မီးဖိုချောင်ထဲဝင်ကာ ဒီလအတွက် ရိက္ခာခြောက် သွားယူလိုက်နှင့် အလုပ်ရှုပ်နေသည်။
မကြာမီ ထန်အာလည်း ပြာပြာသလဲ ပြေးထွက်လာပြီး သူ့အတွက် မြည်းလှည်းပြင်ပေးလေသည်။ ပါးစပ်က "မလောနဲ့ မလောနဲ့၊ သေချာပေါက် မနက်ပိုင်းစာသင်ချိန် မီမှာပါ" ဟု ပြောနေသော်လည်း သူက ကျိအာထက် ပိုလောနေသည်။ လှည်းပေါ် ခုန်တက်ပြီး ကြာပွတ်ကို ဝှေ့ယမ်းကာ ကျောင်းတော်သို့ ပို့ဆောင်ပေးလိုက်တော့သည်။
လူနှစ်ယောက်နှင့် မြည်းတစ်ကောင်သည် လမ်းကြားထဲမှ ဖုန်တထောင်းထောင်းထအောင် ပြေးထွက်သွားကြ၏။
ရှန်မြောင်တစ်ယောက် သက်ပြင်းထပ်ချလိုက်ပြီး မနေ့ညက ကိစ္စကို ပြန်တွေးနေမိသည်။
တကယ်တမ်းတော့ သူမ ညက ဖက်အိပ်ခဲ့တာက အရင်ဘဝက သူမ ကြိုက်သည့် ကြောင်ရုပ်ခေါင်းအုံးရှည် မဟုတ်ဘဲ ကျိုကော၏လက်မောင်း ဖြစ်နေတာကိုး။ သူမက လက်မောင်းကို ခေါင်းအုံးလုပ်ပြီး ပွတ်သပ်နေတာကို ရှဲ့ချီက သူမ အရက်သောက်ထားလို့ ယားနေတယ်ထင်ပြီး လက်ဖျားလေးနှင့် တစ်ညလုံး နှိပ်ပေးခဲ့တာကို တွေးမိလိုက်ရင်...
အား... ရှန်မြောင် ဆံပင်ကို ဆွဲပြီး မြေကြီးထဲသာ ဝင်သွားချင်တော့သည်။
ရှန်မြောင်တစ်ယောက် စိတ်ဓာတ်ကျနေချိန်တွင် ခြံတံခါးဝမှ ပန်းပန်ထားသည့် ခေါင်းကြီးတစ်လုံး ပြူထွက်လာ၏။ ယောက်လော်ကဲ့က ပြုံးဖြီးဖြီးဖြင့် နှုတ်ဆက်လေသည်။ "ရှန်ညန်ဇီ မင်္ဂလာနံနက်ခင်းပါ၊ မနက်စာ စားနေတာလား"
ရှန်မြောင် လက်ကိုလွှတ်လိုက်ပြီး ဆန်ပြုတ်ပန်းကန်ကို ချကာ ပုံမှန်အတိုင်း ပြန်နေလိုက်ကာ ထပြီး ဆီးကြိုလိုက်သည်။ "ဘာလို့ ဒီလောက် စောစောစီးစီး ရောက်လာတာလဲ၊ မနက်စာ စားပြီးပြီလား၊ ဗိုက်ပူအောင် ဆန်ပြုတ်တစ်ပန်းကန်လောက် လာသောက်ပါလား"
"စားပြီးပြီ စားပြီးပြီ၊ တကယ်တော့ မစောတော့ပါဘူး၊ ရှန်ညန်ဇီ အလုပ်မရှုပ်တော့ရင် လဲ့ကျန်းမြို့စားကတော်ကလည်း လောနေလို့ ကျွန်တော်တို့ အခုပဲ ရုံးတော်သွားပြီး စာချုပ်ချုပ်ကြမလား"
ရှန်မြောင်လည်း သူလာရသည့်အကြောင်းရင်းကို ရိပ်မိပြီးသားဖြစ်၍ ယောက်လော်ကဲ့နှင့်အတူ ရုံးတော်သို့ လိုက်သွားလိုက်သည်။ မကြာမီတွင် တံဆိပ်တုံးအနီကြီး ထုလိုက်ပြီး ရှန်မြောင်သည် မင်ပင်မခြောက်သေးသည့် ပူပူနွေးနွေး တရားဝင်စာချုပ်ကို ကိုင်လျက် ပြန်ထွက်လာခဲ့တော့သည်။ နေရောင်ခြည်က သူမနှင့် ယောက်လော်ကဲ့အပေါ်သို့ ကျရောက်နေလေသည်။
ယောက်လော်ကဲ့က ပွဲစားတန်းတွင် မှတ်တမ်းတင်ရမည့် နောက်ထပ်စာချုပ်မိတ္တူကို ကိုင်လျက် သော့ကို ရှန်မြောင်အား ပေးလိုက်သည်။ ရှန်မြောင်ကို အကြိမ်ကြိမ် ဦးညွှတ် ဂုဏ်ပြုစကားပြောပြီးနောက် ကိစ္စရှိသည်ဟုဆိုကာ အလျင်အမြန် ထွက်သွားလေသည်။
ရှန်မြောင်တွင် တခြားလုပ်စရာမရှိသဖြင့် လက်ထဲက သော့ကို ကိုင်လျက် ခန်းကျိပိုင် မြစ်ကမ်းနားက ဆိုင်ခန်းသို့ သွားကြည့်ပြီး ဘယ်လို ပြုပြင်မွမ်းမံရမလဲဆိုတာ စဉ်းစားဖို့ ဆုံးဖြတ်လိုက်သည်။
တံတားကို ကျော်လာပြီး နွေဦးကုန် နွေရာသီအကူးကာလ မြစ်ကမ်းဘေးတွင် စိမ်းလန်းစိုပြေနေသည့် မြက်ခင်းများကို ကြည့်ရင်း မနှစ်က ကြာပန်းပွဲတော်ရက်တွင် ကျိုကောနှင့် တံတားပေါ်ရပ်ကာ မီးပန်းကြည့်ခဲ့သည့် နေ့ရက်များကို ရုတ်တရက် သတိရသွားသည်။
အဲဒီတုန်းက သူမ ကိုယ့်စိတ်ကိုယ်တောင် သေချာ နားမလည်သေးပေ။ အခု ကျိုကောနှင့် အိမ်ထောင်ပြုတော့မည်ဟု ဘယ်သူ ထင်ထားပါ့မလဲ။
အချိန်ကုန်တာ တကယ် မြန်လိုက်တာ။
ရင်ထဲတွင် နွေးထွေးစေသည့် အတိတ်က အကြောင်းအရာများကို တွေးမိလိုက်သောအခါ မနေ့ညက သူမ လုပ်ခဲ့သည့် အရှက်ရစရာ ကိစ္စများကြောင့် ဖြစ်ပေါ်နေသော ရှက်ရွံ့မှုများ တဖြည်းဖြည်း ပြေပျောက်သွားတော့သည်။
မတတ်နိုင်ဘူးလေ။ ကောင်းတာရော ဆိုးတာရောက သူမပဲဟာကိုး။
သူမ ရုတ်တရက် ပြန်ပျော်လာသည်။
ခန်းကျိဆိုင်ခန်းသို့ ရောက်သည်အထိ ထိုစိတ်လှုပ်ရှားမှုက မပျောက်သေးပေ။
သူမသည် ခေါင်းမော့ကြည့်လိုက်ရာ ဆိုင်ခန်းက ဆိုင်းဘုတ်ကို ဖြုတ်ချထားပြီး ဖြစ်၏။ အခုတော့ ဒီဆိုင်ကို ခန်းကျိဆိုင်ဟု ခေါ်၍ မရတော့ပေ။
လေးလံသည့် သော့ခလောက်ကြီးကို ဖွင့်ပြီး တံခါးတွန်းကာ ဝင်လိုက်သည်။ အတွင်းပိုင်းက သပ်ရပ်နေသေးသည်။ စားပွဲ၊ ကုလားထိုင် စသည်တို့ကို ရှင်းလင်းထားပြီး ဆိုင်ခန်းထဲတွင် ဟာလာဟင်းလင်း ဖြစ်နေကာ ဖုန်အနည်းငယ် တက်နေသည်။
ကျွီကျွီမြည်နေသည့် သစ်သားလှေကားဟောင်းအတိုင်း ဒုတိယထပ်သို့ တက်သွားလိုက်သည်။ အပေါ်ထပ် ဘေးနှစ်ဖက်တွင် ဝါးကပ်များဖြင့် အခန်းငယ် ခြောက်ခန်း ဖွဲ့ထားပြီး အလယ်တွင် စားပွဲဝိုင်းများ ခင်းကျင်းနိုင်သည့် နေရာလွတ် အကျယ်ကြီး ရှိသေးသည်။ တကယ်ပင် ကျယ်ဝန်းလှသည်။
လသာဆောင်သို့ ထွက်လိုက်သောအခါ မြင်ကွင်းက ပိုပြီး ရှင်းလင်းသွားသည်။ မြစ်ပြင်ပေါ်မှ လေအေးများ တိုက်ခတ်လာပြီး ကမ်းနှစ်ဖက်မှ ပြည့်ကျပ်နေသော ဆိုင်ခန်းများနှင့် တလွင့်လွင့်ဖြစ်နေသော ဆိုင်းဘုတ်များ၊ မြစ်ပြင်ပေါ်တွင် ရံဖန်ရံခါ ဖြတ်သွားသည့် ပန်းလှေများနှင့် ငါးဖမ်းလှေများကို မြင်တွေ့ရသည်။
လသာဆောင်သည် လူလေးယောက်စာခန့် ကျယ်ဝန်းပြီး သစ်သားလက်ရန်းများ တပ်ဆင်ထားသည်။ နောက်ပိုင်းကျလျှင် လက်ရန်းတလျှောက် နှစ်ယောက်ထိုင် စားပွဲဝိုင်းလေးများ ခင်းကျင်းပြီး မီးပုံးတန်းလေးများ ချိတ်ဆွဲကာ ညဘက် လေညင်းခံရင်း အရက်သောက်၊ မီးရောင်စုံများကို ငေးကြည့်ပြီး သီချင်းသံစဉ် နားထောင်ရလျှင်... တွေးကြည့်ရုံနှင့်ပင် ခံစားမှု ရှိလှသည်။
ဒါပေမဲ့ ဒီမြစ်ကမ်းနားက နှစ်ထပ်ဆိုင်ခန်းကို ဘာစီးပွားရေး လုပ်ရင် ကောင်းမလဲ။
ရှန်မြောင်သည် ထိုနေရာတွင် ရပ်လျက် အကြာကြီး စဉ်းစားနေမိသည်။ မြို့ပြကြီးများမှ ဟိုတယ်ဘူဖေးပုံစံမှသည် ကွမ်းတုန်းလက်ဖက်ရည်ဆိုင်အထိ တွေးကြည့်မိသည်။ နောက်ဆုံး နှိုင်းယှဉ်ကြည့်လိုက်တော့ ကွမ်းတုန်းမနက်ခင်းလက်ဖက်ရည် ပုံစံက ပိုသင့်တော်သည်ဟု ထင်မိသည်။
ပြန့်ကျင်းမြို့တွင် အစားအသောက်လုပ်ငန်း ဖွံ့ဖြိုးပြီး "မြောက်ပိုင်းအစားအစာ"၊ "တောင်ပိုင်းအစားအစာ"၊ "ချွမ်းအစားအစာ" စသည်ဖြင့် ကြားဖူးသော်လည်း ကွမ်းတုန်းမနက်ခင်းလက်ဖက်ရည်ပုံစံက မပေါ်သေးပေ။ ရှန်မြောင်က ဈေးကွက်ကွက်လပ်ကို ဖြည့်ဆည်းပေးလိုက်ခြင်းပင်။
ဒီဆိုင်ခန်းက နှစ်ထပ်လုံး ညီညာကျယ်ဝန်းသဖြင့် မြေညီထပ်ကို ပြန့်ကျင်းလက်ဖက်ရည်ဆိုင်များ၏ ထုံးစံအတိုင်း "သာမန်ဝိုင်းများ" အဖြစ် သတ်မှတ်ပြီး နေရာများကို ခေါက်သိမ်းနိုင်သောကန့်လန်ကာများဖြင့် ကန့်ထားနိုင်သည်။ ဒုတိယထပ်ကိုတော့ "သီးသန့်ခန်းများ" အဖြစ် သတ်မှတ်ပြီး လင်နန်ဒေသ ရှုခင်းပန်းချီကားများ ချိတ်ဆွဲကာ သီးသန့်စားသောက်နိုင်ရန် စီစဉ်နိုင်သည်။
မနက်ပိုင်းတွင် မနက်ခင်းလက်ဖက်ရည်နှင့် မုန့်များ ရောင်းမည်။ နေ့လယ်နှင့် ညပိုင်းတွင် တရုတ်ဟင်းလျာများ တွဲရောင်းမည်။ ပါဆယ် လာဝယ်တာကိုလည်း မမေ့သင့်ပေ... တွေးကြည့်တော့ ကောင်းမွန်လှသည်။ သို့သော် ယခု စုန့်ခေတ်လူများသည် ဂျုံအစားအစာနှင့် သိုးသားကို အဓိက စားသောက်ကြသဖြင့် ကွမ်းတုန်းမနက်ခင်းအစားအစာများဖြစ်သည့် "ပင်လယ်စာ"၊ "အချိုအရသာ" နှင့် "ပေါင်းထားသည့်မုန့်များ" ကို ဒေသနှင့်ကိုက်ညီအောင် ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။ ဥပမာ - ပုစွန်သက်သက်အစား ငါးအသားနှင့် မြစ်ပုစွန်အသားကို ရောနယ်ပြီး အစာသွပ်ခြင်း၊ ဂဏန်းဥပေါင်းမုန့်အစား သိုးသားပေါင်းမုန့်ဖြင့် အစားထိုးခြင်း၊ ဝက်သားကင်အစား ပျားရည်သုတ် သိုးသားကင် ပြုလုပ်ခြင်း....
ရှန်မြောင်သည် တကယ်တမ်းတော့ စိတ်ထဲတွင် သေချာ ရေရာမှု မရှိသေးပေ။ သို့သော် "ဒေသစာဖြစ်အောင်လုပ်ခြင်း" နမူနာများကို (ဥပမာ KFC နှင့် McDonalds) အတုယူပြီး သေချာ လေ့လာပြီးမှ စတင်သင့်သည်ဟု သူမ ထင်သည်။
သူမသည် ထူးခြားပြီး ဒေသဓလေ့နှင့် လိုက်ဖက်ကာ အစားထိုးမရနိုင်သည့် လက်ဖက်ရည်ဆိုင်တစ်ဆိုင် ဖြစ်အောင် ဖန်တီးချင်သည်။
ထိုအခါကျမှ မျက်နှာပြောင်တိုက်ပြီး ဖန်လို စားသောက်ဆိုင်၏ ကျော်ကြားမှုကို မှီခိုကာ သူမ၏ဆိုင်ကို "ဖန်လိုဆိုင်ပြီးလျှင် နောက်ထပ် အကောင်းဆုံးတစ်နေရာ" ဟု ကြော်ငြာပြီး စာပေသမားများကို လာရောက်လေ့လာအောင် ဆွဲဆောင်ရမည်။
အကယ်၍ စားသောက်ပွဲများ လက်ခံကျင်းပမည်ဆိုလျှင် နံရံပေါ်တွင် ကဗျာရေးပြီး စာပေသမားများကို ဆွဲဆောင်ရုံသာမက ပုံပြောခြင်း၊ သီချင်းဆိုခြင်း၊ တေးသွားညည်းခြင်း စသည့် ထူးခြားသည့် ဝန်ဆောင်မှုများကိုပါ ထည့်သွင်းရမည်... သို့ဆိုလျှင် အနုပညာကျွမ်းကျင်သည့် ဝန်ထမ်းအချို့ ထပ်ငှားရမည်။
ရှန်မြောင်သည် စဉ်းစားရင်းဖြင့် တာ့မင်ဖူတွင် ရောက်နေသည့် အားထောင်၏အမေကို ရုတ်တရက် သတိရသွားတော့သည်။
ပြန့်ကျင်းမြို့ထဲမှ နောက်ကြောင်းမသိသည့် အနုပညာသည်များကို ငှားရမ်းမည့်အစား ငွေအနည်းငယ်သုံးပြီး အားထောင်၏အမေကို ရွေးယူလိုက်ခြင်းက ပိုကောင်းသည်။ သို့ဆိုလျှင် ဆိုင်အတွက် အလုပ်မထွက်မည့် ဝန်ထမ်းကောင်းတစ်ယောက် ရရှိမည့်အပြင် ရှန်မြောင်၏ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်သည်။
ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိသည် မဟုတ်ပါလား။
ရှန်မြောင်တစ်ယောက် စဉ်းစားလေလေ တန်သည်ဟု ထင်လေလေ ဖြစ်နေတော့၏။ သူမသည် ဆိုင်ခန်းကို နောက်တစ်ခေါက် သေချာပတ်ကြည့်ပြီးနောက် စိတ်ထဲတွင် အစီအစဉ် ချလိုက်တော့သည်။ ထို့နောက် လူပွဲစားတန်းသို့ ချက်ချင်း သွားလိုက်ပြီး အားထောင်၏အမေ အခြေအနေကို ပုပုကွကွ ပွဲစားထံတွင် စုံစမ်းရန် ထွက်ခွာသွားလေတော့သည်။
....