← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အပိုင်း (၁၇၇.၁) ရှောင်လုံရှားများ ရောက်ရှိလာခြင်း

ပုပုကွကွ ပွဲစားသည် ယွီသစ်သား ကုလားထိုင်ပေါ်တွင် ကွေးနေပြီး လက်ချောင်းများဖြင့် ကြွေပန်းကန်လုံးအနားသတ်ကို ပွတ်သပ်ကာ သက်ပြင်းချလိုက်လေသည်။ "ရှန်ညန်ဇီ... ကျုပ် စေတနာမရှိဘူးလို့တော့ မပြောပါနဲ့၊ ကျုပ်က တကယ် ရင်ထဲကလာတဲ့ စကားကို ပြောတာပါ၊ အားထောင်အမေက အသက်ကြီးနေပြီ၊ မာမားကြီးကလည်း ပြောတယ် သူ့အသံက အမြင့်သံဆိုရင် အသံကွဲနေပြီတဲ့၊ ဧည့်သည်ခေါ်လို့လည်း မရတော့ဘူး၊ အသက် ၃၀ ကျော်နေပြီဆိုတော့ ရွေးဖိုးငွေက ဈေးဆစ်လို့ရပေမယ့် ဒီအရောင်းအဝယ်က တွက်ခြေကိုက်ပါ့မလား၊ ရှန်ညန်ဇီ နောင်တရမှာ ကျုပ် စိုးရိမ်လို့ပါ"

ပွဲစားက ရှန်မြောင်၏မျက်နှာထားကို အကဲခတ်ကြည့်လိုက်ပြီး ပါးစပ်ဖြဲကာ ရယ်မောလိုက်လေသည်။

"ကျုပ် ကြိုပြောထားပါရစေ၊ ရှန်ညန်ဇီ သေချာ ချင့်ချိန်စဉ်းစားပါ၊ ပွင့်ပွင့်လင်းလင်း ပြောထားမှ ခင်မင်မှု မပျက်ဘဲ နောက်နောင် ပြဿနာမဖြစ်မှာမို့ပါ"

"ရှင်ပြောတာ အကျိုးကြောင်း သင့်ပါတယ်၊ ကျွန်မလည်း သိပါတယ်" ရှန်မြောင်သည် ပွဲစားတန်းရှိ ပန်းပုထွင်းထားသော အခန်းကန့်ကို မှီလျက် ခြံဝင်းထဲမှ ဇီးပင်အိုကြီး အညွန့်ထွက်နေသည်ကို လှမ်းကြည့်လိုက်လေသည်။ "ကျွန်မလည်း စဉ်းစားပြီးပါပြီ၊ အားထောင်အမေက ရွှေအသံပိုင်ရှင် မဟုတ်ပေမယ့် အခုထိ သီချင်းဆိုနိုင်တုန်းပါပဲ၊ ပြီးတော့ ဂီတသင်္ကေတတွေ ဖတ်တတ်တယ်၊ ကြိုးတပ်တူရိယာတွေ တီးတတ်တယ်၊ နောက်ပိုင်း အနုပညာသည်လေးတွေကို သင်ပေးဖို့အတွက် အပြင်က နောက်ကြောင်းမသိတဲ့လူတွေထက် စာရင် သူက ပိုကောင်းပါတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်မ ပြင်ဆင်ထားပြီးသားပါ၊ သူ သီချင်းမဆိုနိုင်တော့ရင်တောင် ဆိုင်က အလုပ်သမားတွေကို အုပ်ချုပ်တဲ့ တာဝန်ခံနေရာ ပေးထားလိုက်မယ်၊ ကိစ္စအဝဝကို ကူညီခိုင်းမယ်ဆိုရင်လည်း မဖြစ်နိုင်စရာ မရှိပါဘူး"

စီးပွားရေးလုပ်သည်ဆိုရာတွင် အကျိုးအမြတ်တစ်ခုတည်း ကြည့်၍မရသလို ပရဟိတချည်းသက်သက် လုပ်၍လည်း မဖြစ်ပေ။ လက်ဖက်ရည်ဆိုင်တွင် သီချင်းဆိုခြင်းသည် ပန်းပွင့်ပေါ် ပန်းထပ်ဆင့်သကဲ့သို့ အပိုဆောင်း အလှဆင်ခြင်းမျိုးသာ ဖြစ်သည်။ ဒီတစ်ခုတည်းနှင့် ပိုက်ဆံရှာရန် မျှော်လင့်၍မရပေ။ အဓိကမှာ ဟင်းလျာကောင်းမွန်ပြီး အရသာစစ်မှန်မှသာ ရေရှည်ရပ်တည်နိုင်မည့် အမာခံအချက် ဖြစ်လေသည်။ ရှန်မြောင်သည် နောက်ပိုင်း အားထောင်အမေ သီချင်းမဆိုနိုင်တော့သည့်အခါ အကူတစ်ယောက်အဖြစ် ထားရန် ရည်ရွယ်ထားပြီး ဖြစ်သည်။

စကားက ရှင်းလင်းသွားပြီ ဖြစ်ပြီး ပွဲစားသည် အခြေအနေကို သဘောပေါက်သွားလေသည်။ ရှန်ညန်ဇီသည် အားထောင်အမေ တစ်ယောက်တည်းကို ငှားရမ်းလိုသည် မဟုတ်ဘဲ ဈေးနှုန်းသက်သာပြီး အသစ်စက်စက် အနုပညာသည် ကောင်မလေးအချို့ကိုပါ ထပ်ရှာကာ အားထောင်အမေထံတွင် ပညာသင်စေလိုခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် စီးပွားရေးအရ ရှုံးစရာအကြောင်း မရှိတော့ပေ။

သူ၏မျက်လုံးများ အရောင်တောက်လာပြီး ဟီးခနဲ ရယ်လိုက်လေသည်။ "ဒါဆိုလည်း ကောင်းတာပေါ့၊ ရှန်ညန်ဇီက တကယ် လည်တာပဲ၊ ကောင်းပြီလေ၊ မနက်ဖြန် ကျုပ် တာ့မင်ဖူကို သွားတဲ့အခါ ပိုးဖဲကောင်းကောင်း နှစ်လိပ်လောက် ယူသွားပြီး သူဌေးက မယားငယ်ယူဖို့ ရှာခိုင်းလိုက်တယ်လို့ ပြောလိုက်မယ်၊ မာမားကြီးက အကျိုးအမြတ်ရမယ်ဆိုရင် အားထောင်အမေကို အတင်းထည့်ပေးမှာ သေချာတယ်၊ အဲဒီကျရင် ကျုပ် နည်းနည်းပါးပါး ဉာဏ်ဆင်ပြီး ဈေးနှိမ်လိုက်မယ်"

ပြောပြီးသည်နှင့် သူက အကဲခတ်သည့်လေသံဖြင့် မေးလိုက်ပြန်သည်။ "ရှန်ညန်ဇီ့သဘောအရဆိုရင် လမ်းကြုံတုန်း စောင်းတီးသင်ခါစ ကောင်မလေး နှစ်ယောက်လောက်ပါ ရှာခဲ့ပေးရမလား"

ရှန်မြောင်က ပြုံးလိုက်လေသည်။ "ဟုတ်ပါတယ်၊ အကျင့်စာရိတ္တ ကောင်းပြီး ရိုးသားဖြောင့်မတ်တဲ့ ကလေးမျိုး ရွေးပေးဖို့တော့ မမေ့ပါနဲ့"

"အဲဒါတော့ စိတ်ချပါ" ပွဲစားက ရင်ဘတ်ကို ပုတ်လျက် အာမခံလိုက်သည်။

ရှန်မြောင်သည် အနုပညာပိုင်းဆိုင်ရာ ဝန်ထမ်း နှစ်ယောက် သုံးယောက်လောက် လိုချင်သည်မှာ အမှန်ပင်။ အလှည့်ကျ ဆင်းနိုင်ရန်နှင့် ဆိုင်နှစ်ထပ်လုံးတွင် တစ်ထပ်လျှင် တစ်ယောက်ထားနိုင်ရန် ဖြစ်သည်။

ပွဲစားသည် သူမ ဆုံးဖြတ်ချက်ချပြီးပြီဖြစ်ကြောင်း သိသဖြင့် စကားအများကြီး မပြောတော့ပေ။ သူသည် တာ့မင်ဖူသို့ သွားမည့်ရက်ကို သတ်မှတ်လိုက်သည်။ အခြား အနုပညာသည် ကောင်မလေးနှစ်ယောက်အတွက်လည်း ရှန်မြောင်၏ လိုအပ်ချက်များကို သေချာမေးမြန်းပြီးနောက် နှစ်ရက်လောက်နေလျှင် လူကောင်းအချို့ကို အရင်ခေါ်လာပြမည်ဟု ကတိပေးလိုက်လေသည်။

ရှန်မြောင်က ဆက်ပြောလိုက်သည်။ "သီချင်းဆိုတဲ့ အနုပညာသည်အပြင် တောင်ပိုင်းဒေသကလာတဲ့ စားဖိုမှူး အနည်းဆုံး နှစ်ယောက်လောက် ရှာပေးပါဦး၊ မုန့်လုပ်တာနဲ့ ပေါင်းချက် ချက်ပြုတ်တာ ကျွမ်းကျင်တဲ့လူဆို ပိုကောင်းတယ်၊ ဒီကိစ္စကိုလည်း ကူညီပြီး စုံစမ်းပေးပါ၊ ပြီးတော့ စားပွဲထိုးတွေလည်း မရှိမဖြစ် လိုတယ်၊ ဖြတ်ထိုးဉာဏ်ရှိပြီး လက်သွက်ခြေသွက်ရှိတဲ့လူမျိုးဆို ပိုကောင်းတယ်၊ နောက်ပြီး လက်ဖက်ရည်ဆိုင်က စာရင်းဇယားတွေကို ကူညီစစ်ဆေးပေးနိုင်မယ့် ပေသီးတွက်ချက်တာ ကျွမ်းကျင်တဲ့ တာဝန်ခံတစ်ယောက်လောက်လည်း ရှာပေးပါဦး"

အရောင်းအဝယ်ကြီးပါလား။ ပွဲစားသည် အံ့သြဝမ်းသာစွာဖြင့် အကုန် လက်ခံလိုက်လေသည်။

လူအင်အားကိစ္စ ဆွေးနွေးပြီးသွားသော်လည်း ရှန်မြောင်သည် လူပွဲစားတန်းမှ ထွက်လာပြီး ကျောက်ပြားခင်းလမ်းပေါ်မှ နှင်းရည်များကို နင်းဖြတ်လျှောက်လှမ်းရင်း သူမစိတ်ထဲမှ စာရင်းအင်းများသည် ပိုမို လေးလံလာသကဲ့သို့ ခံစားလိုက်ရသည်။ လူရှာခြင်းသည် အလွယ်ကူဆုံး ကိစ္စသာ ရှိသေးသည်။ လက်ဖက်ရည်ဆိုင်ဖွင့်ရန်အတွက် နောက်ကွယ်တွင် ရှည်လျားပြီး ရှုပ်ထွေးသော ပြင်ဆင်စရာများစွာ ကျန်ရှိနေသေးသည်။

ဥပမာ - ခန်းကျိလမ်းမ၏ နေ့စဉ် လူဖြတ်သန်းသွားလာမှု ပမာဏနှင့် မိမိဆိုင်၏ ပစ်မှတ်ထားသော ဖောက်သည်များမှာ မည်သူများဖြစ်သည်ကို သေချာစွာ စုံစမ်းလေ့လာရဦးမည်။ လူမတူလျှင် အကြိုက်မတူနိုင်ပေ။ ဟင်းလျာအရသာ၊ ပတ်ဝန်းကျင် အပြင်အဆင်နှင့် ဈေးနှုန်းသတ်မှတ်ချက်အပေါ် မူတည်ပြီး လိုအပ်ချက်များ ကွဲပြားနိုင်သည်။

မနက်ခင်း လက်ဖက်ရည်ဆိုင် ရေရှည်ရပ်တည်နိုင်ရန်အတွက် လက်ဖက်ရည် သောက်သုံးသည့် ပုံစံကိုလည်း ထည့်သွင်းစဉ်းစားရမည်။

လက်ဖက်ရည်သောက်ခြင်းနှင့် ပတ်သက်လျှင် ပြန့်ကျင်းမြို့၌ မည်သူက ကျွမ်းကျင်သူ မဟုတ်ဘဲ ရှိပါမည်နည်း။ စုန့်ခေတ်တွင် လက်ဖက်ရည်သောက်သုံးခြင်း အလေ့အထသည် အလွန်ခေတ်စားပြီး နန်းတွင်းသူ နန်းတွင်းသားများ၊ အရာရှိကြီးများမှစ၍ သာမန်ပြည်သူများအထိ လက်ဖက်ရည်သောက်ခြင်းကို နှစ်သက်ကြသည်။

ပြန့်ကျင်းမြို့ လမ်းကြားတိုင်းတွင် လက်ဖက်ရည်ဆိုင်များ ပေါများလှသည်။ ချင်းမင်ပွဲတော်မတိုင်မီ လက်ဖက်ခြောက်အသစ်များ ဈေးကွက်သို့ ဝင်ရောက်လာချိန်တွင် ကျူးချွဲ့တံခါးအပြင်ဘက်၌ လက်ဖက်ရည်ဆိုင်များ တန်းစီနေပြီး လက်ဖက်ရည်ကြိတ်သည့် ကျောက်ဘီးသံများ တကျွိကျွိ ညံနေတတ်သည်။

သို့သော် ယခုခေတ်လူများသည် လက်ဖက်ခြောက်အလုံးများကို ကြိတ်ချေပြီး သောက်သုံးကြသည်က များသည်။ အထက်တန်းလွှာများသည် လက်ဖက်ရည်ဖျော်ရင်း ပန်းချီဆွဲသည့် "လက်ဖက်ရည်ပန်းချီ" ကို နှစ်သက်ကြသည်။ လက်ဖက်ရည်ဖျော်သည့်အခါ လက်ဖက်ခြောက်တုံးကို ထုခွဲ၊ ကြိတ်စက်ဖြင့် အမှုန့်ကြိတ်ပြီး ပိုးစကာဖြင့် စစ်ယူရသည်။ ထို့နောက် လက်ဖက်ရည်ကို မွှေကာ နှင်းကဲ့သို့ ဖြူဖွေးနူးညံ့သော အမြှုပ်ထူထူများ ရရှိအောင် ပြုလုပ်ကြသည်။ ထိုအမြှုပ်များသည် ပန်းကန်လုံးနံရံတွင် ကြာရှည်စွာ ကပ်ငြိနေပြီး အလွယ်တကူ ပျောက်ပျက်မသွားပေ။

ခေတ်သစ်က ကော်ဖီအမြှုပ်ပန်းချီ (Latte Art) နှင့် ဆင်တူလေသည်။

သို့သော် နောက်ပိုင်းခေတ်မှ ကွမ်းတုန်းပုံစံ မနက်ခင်းလက်ဖက်ရည်ဝိုင်းကတော့ "လက်ဖက်ရည်တစ်အိုး မုန့်နှစ်မျိုး" ဆိုသည့် လင်နန်ဒေသ ယဉ်ကျေးမှုဖြစ်ပြီး ဒါက တစ်မျိုးတစ်ဖုံ ကွဲပြားခြားနားနေပြန်သည်။

လက်ဖက်ရည်တစ်အိုးနှင့်အတူ မုန့်နှစ်မျိုး တွဲဖက်စားသုံးခြင်း ဖြစ်သည်။ များသောအားဖြင့် အခြောက်တစ်မျိုးနှင့် အစိုတစ်မျိုး ဖြစ်သည်။ အခြောက်ဆိုလျှင် ဝက်သားကင်ပေါက်စီ၊ ပုစွန်ဖက်ထုပ်၊ ဖက်ထုပ် စသည်တို့ဖြစ်ပြီး အစိုဆိုလျှင် ကော်ရည်ခေါက်ဆွဲလိပ်၊ ဆန်ပြုတ် စသည်တို့ ပါဝင်သည်။

ဖိနပ်ပါးစီး၊ စွပ်ကျယ်ဝတ်ပြီး အိမ်မှ အေးအေးလူလူ လမ်းလျှောက်ထွက်လာကာ လက်ဖက်ရည်ဆိုင်တွင် ထိုင်ပြီး မုန့်စားလက်ဖက်ရည်သောက်ခြင်းသည် ကွမ်းတုန်းလူမျိုးများ၏ သက်တောင့်သက်သာရှိသော ဘဝပုံစံပင်။

ကွမ်းတုန်းလက်ဖက်ရည် အမျိုးအစားများသည်လည်း စုံလင်လှသည်။ ဖူအာ၊ ဝူးလုံ၊ လက်ဖက်ရည်ကြမ်း၊ ဂန္ဓမာလက်ဖက်ရည် စသည်တို့ ပါဝင်သည်။ သို့သော် ဤအရာများသည် ယခု စုန့်ခေတ်လူများ၏ လက်ဖက်ရည်သောက်သုံးမှု ဓလေ့နှင့် လုံးဝ ကွဲပြားနေလေသည်။

တွေးရင်းနှင့် ရှန်မြောင်တစ်ယောက် ခေါင်းကိုက်လာတော့သည်။ သာမန် စားသောက်ဆိုင်လေး ဖွင့်တာနှင့် ယှဉ်လျှင် လက်ဖက်ရည်ဆိုင်ကြီး ဖွင့်ရတာက အများကြီး ပိုခက်ခဲသည်မှာ အမှန်ပင်။

ရှန်မြောင်သည် အိမ်ပြန်ရောက်သည်နှင့် လက်မောင်းပင့်တင်ကာ ဂျုံနယ်ရင်း တစ်ဖက်က စဉ်းစားခန်း ဖွင့်လိုက်ပြန်သည်။ တစ်ဖက်ကလည်း ဒီနေ့ရောင်းရမည့် ဈေးအတွက် စတင် ပြင်ဆင်လိုက်သည်။

မီးဖိုမှ အငွေ့များ ထွက်ပေါ်လာပြီး အစားအသောက်နံ့များက သူမ၏ ရှုပ်ထွေးနေသော စိတ်များကို ပြန်လည် ငြိမ်းချမ်းသွားစေသည်။ မပူပါနဲ့ မပူပါနဲ့၊ အလျင်လိုရင် အလွဲလွဲ အချော်ချော် ဖြစ်တတ်တယ်၊ ဒီကိစ္စက စိတ်လောလို့ မရဘူး၊ ဂျုံသား ပွလာအောင် စောင့်ရသလိုပဲ၊ အကြိမ်ကြိမ် နယ်ဖတ်ပြီး နှပ်ထားမှ မန်ထိုကောင်းကောင်း ရတာလေ။

လဝက်ခန့် ကုန်ဆုံးသွားပြီးနောက် ပွဲစားပုသည် ခရီးထွက်သွားလေပြီ။ နွေဦးပေါက် လေပြေများသည် မြစ်ပြင်မှ စိုစွတ်သော ရေငွေ့များကို သယ်ဆောင်လျက် ဆိုင်ခန်းထဲသို့ ဝင်ရောက်လာသည်။

ရှန်မြောင်သည် ငါးဖယ်လုံးခေါက်ဆွဲပြုတ် ပန်းကန်ကို ကိုင်လျက် ဆိုင်ထဲတွင် လက်မလည်အောင် အလုပ်ရှုပ်နေသော အားထောင်ကို ငေးကြည့်နေမိသည်။

အားထောင်က ဒီကိစ္စကို မသိသေးပေ။ ရှန်မြောင်လည်း ကြိုပြောပြဖို့ အစီအစဉ် မရှိသေး။ အခုမှ သဘောတူညီမှု ရထားရုံရှိသေးပြီး ပွဲစားက ခရီးထွက်ခါစမို့ အားထောင်အမေကို အဆင်ပြေပြေ ရွေးယူနိုင်မလားဆိုတာ မသေချာသေးပေ။ တော်ကြာ တစ်ခုခု လွဲချော်သွားခဲ့ရင် ကောင်မလေး မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားမှာ စိုးရိမ်ရသည်။

လူကို ဘေးကင်းကင်းနှင့် ပြန်ခေါ်လာနိုင်မှ ပြောပြတာ ပိုကောင်းပါလိမ့်မည်။

ရှန်မြောင်သည် သူမ၏ သွက်လက်သော ပုံရိပ်ကို ငေးကြည့်နေမိ၏။ ဒီနှစ် နှစ်ကူးတုန်းက ညစာစားပြီးသည်နှင့် သူမ အခန်းထဲပြန်ဝင်ပြီး ပိုက်ဆံထိုင်ရေနေခဲ့သည်။ ရေရင်းရေရင်းနှင့် ကြေးပြားများပေါ်သို့ မျက်ရည်များ တပေါက်ပေါက် ကျလာခဲ့သည်။ ဒီကောင်မလေးက တိတ်တိတ်လေး ခိုးငိုတတ်ပြီး ခဏနေတော့ မျက်ရည်သုတ်၊ ပြုံးရွှင်သော မျက်နှာဖြင့် ပြန်ထွက်လာကာ လူများနှင့်အတူ မီးလှုံပြီး နှစ်သစ်ကူး စောင့်ဆိုင်းခဲ့သည်။

ရှန်မြောင် အကုန် သိပါသည်။

သူမ အမေကို အရမ်းလွမ်းနေရှာတာ၊ ထုတ်မပြောတာပဲ ရှိသည်။

ရှန်မြောင် ယွီသစ်သားကောင်တာကို မှီလျက် ငေးငိုင်နေစဉ် အားထောင်နှင့် တိုးမိသွားတော့သည်။ အားထောင်သည် အမည်းရောင် ကြွေပန်းကန်လုံးကြီးကို ကိုင်ထားပြီး အထဲတွင် ဝက်သားပေါင်းများ အပုံလိုက် ထည့်ထားသည်။ လက်အိတ်စွပ်တွင် နံနံပင်အစအနများ ကပ်လျက်ဖြင့် အလုပ်ရှုပ်နေရင်း ရှန်မြောင် ငေးငိုင်နေသည်ကို တွေ့လိုက်ရသဖြင့် သက်ပြင်းချလိုက်လေသည်။

"ကျွန်မရဲ့ ညန်ဇီရယ်... ရှင်က ကျွန်မရဲ့ သက်ရှိဘုရားပါပဲ၊ မီးဖိုပေါ်က ပေါင်းအိုးတောင် ပေါင်းထားတာ ကြာနေပြီ၊ အခုထိ စိတ်ကူးယဉ်နေတုန်းလား၊ စားပွဲပေါ်က နှပ်ထားတဲ့ ဂျုံတုံးတွေတောင် အညှောင့်ပေါက်တော့မယ်"

သူမက ဆိုင်ထဲသို့ ဝင်လာကြသော စားသုံးသူများကို မျက်လုံးဝေ့ကြည့်လိုက်ပြီး ခြေစောင့်ကာ ပြောလိုက်သည်။ "မီးဖိုချောင်ထဲ မြန်မြန် ဝင်လုပ်ပါတော့ရှင်၊ ဟို ကုန်သည်ကျန်းက ဟူထူခေါက်ဆွဲပြုတ် စားမှာ၊ ကျွန်မ မမေးလည်း သိနေတယ်"

"သိပါပြီ သိပါပြီ၊ အခုပဲ သွားတော့မယ်" ရှန်မြောင်က ရယ်မောရင်း မီးဖိုချောင်ဘက်သို့ လစ်ပြေးရလေသည်။ အပြာရောင် စကပ်အနားစသည် တံခါးခုံကို ရိုက်ခတ်သွားပြီး မီးဖိုချောင်ထဲ ခိုးဝင်သဖြင့် တံမြက်စည်းနှင့် လိုက်ရိုက်ခံရသော ချီလင်ကဲ့သို့ပင်... နည်းနည်းတော့ ကြည့်ရဆိုးနေသည်။

ရှန်ကျိခေါက်ဆွဲဆိုင်တွင် ပုံမှန် ဖောက်သည်များစွာ ရှိနေပြီဖြစ်သည်။ ထိုအစားအသောက်ခုံမင်သူများသည် ဆိုင်နှင့် ရင်းနှီးနေပြီဖြစ်၍ ဧည့်ကြိုပင် မလိုတော့ပေ။ အားထောင်ကလည်း မျက်မှန်းတန်းမိနေပြီ ဖြစ်သည်။ ဒီလူက ငရုတ်သီးဆီ ပိုထည့်ရမယ်၊ ဟိုလူက ကြက်သွန်မြိတ် မထည့်ဘူး စသည်ဖြင့် အလွတ်ရနေသည်။

နှစ်သစ်ကူးပြီးစ နွေဦးရာသီတွင် ဟင်းသီးဟင်းရွက် ရှားပါးသဖြင့် ဆိုင်ရှိ ဟင်းလျာအတော်များများ ရောင်းကုန်သွားပြီဟု ဆိုင်းဘုတ်ချိတ်ထားရပြီး ငါးဖယ်လုံးခေါက်ဆွဲပြုတ်ဖြင့်သာ ဧည့်သည်များကို ထိန်းထားရသည်။ သို့သော် နွေရာသီရောက်လျှင် ရရှိတတ်သော ငါးကင်၏ ဆီတရှဲရှဲ အနံ့မွှေးမွှေးကို တမ်းတနေသူများ ရှိကြသည်။ ယခု နွေရာသီ ရောက်လာပြီဖြစ်၍ လာမေးသူများ အတော်များနေလေပြီ။

ရှန်မြောင်က တံစက်မြိတ်အောက်တွင် စာကလေးများ အသိုက်လုပ်ထားသည်ကို ကြည့်ရင်း စဉ်းစားလိုက်၏။ ငါးကင်နှင့် ရှောင်လုံရှားများကို ပြန်လည်ရောင်းချသင့်ပြီ။ ထိုကဲ့သို့ ထုံ၊ စပ်၊ လတ်ဆတ်၊ မွှေးကြိုင်သော ဟင်းလျာများသည် ရေတွင်းရေအေးအေးဖြင့် စိမ်ထားသော မက်မွန်သီးအရက်နှင့်ဆိုလျှင် နွေရာသီအတွက် မရှိမဖြစ် အရသာပင် ဖြစ်သည်။

ဟုတ်ပါသည်။ ရှောင်လုံရှားအကြောင်း ပြောရလျှင် သူမ၏ နွေရာသီ မာလာ ရှောင်လုံရှားများ တည်ငြိမ်စွာ ရောင်းချနိုင်တော့မည်။

ယွီရွှင်က တကယ် တော်ပါပေသည်။ မနှစ်က ဆောင်းဦးရာသီတုန်းက မြို့ပြင်က စမ်းချောင်းထဲတွင် ရှန်မြောင်အတွက် ပုစွန် နေ့တိုင်း ဆင်းဖမ်းပေးခဲ့သည်။

လာပို့တုန်းက ရှန်မြောင်က "စမ်းချောင်းရေကို သွယ်ယူပြီး ရေရှင်နဲ့ မွေးရင် ရှင်မလား မသိဘူးနော်" ဟု ညည်းတွားပြောဆိုလိုက်သည်ကို သူက အတည်မှတ်ပြီး စွဲလမ်းသွားကာ သူ့ငါးကန်ထောင့်တွင် ရှောင်လုံရှားကန် နှစ်ကန် သုံးကန် တူးဖော်ခဲ့လေသည်။

သူသည် ကျောက်ပြားပေါ်တွင် ရေပေါက်ထွင်းပြီး ယွန်းထိုတောင်ပေါ်မှ စမ်းရေကို သွယ်ယူခဲ့သည်။ မိသားစုလိုက် သဲများ သယ်ယူကာ မီးဖိုဖြင့် ရေနွေးကြိုပြီး သဲများကို ဆေးကြောခဲ့သည်။ ထို့နောက် ကန်အောက်ခြေတွင် သဲနုများ ခင်းပြီး ရေကန်စွန်းပင်များ စိုက်ပျိုးပေးကာ ပုစွန်များ အပေါက်ဖောက် နေထိုင်နိုင်အောင် စီစဉ်ပေးသည်။ ကုန်းမြေလျှောတွင် ဝါးကပ်များ မိုးပေးပြီး ပုစွန်များ ကုန်းပေါ်တက် အရေခွံလဲနိုင်အောင် လုပ်ပေးထားသည်။ မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် ရေမနောက်စေရန် ကန်ဘောင်ကို မြှင့်ပြီး ဆီစိမ်ပိတ်စများဖြင့် မိုးကာတဲများပင် ဆောက်ပေးထားသေးသည်။

ပုစွန်မများ ဥချိန်တွင် သူသည် ပုစွန်ကန်ဘေးတွင် နေထိုင်ပြီး သူ့မိန်းမ သားယောက်ျားလေး မွေးတုန်းကထက်ပင် ပိုပြီး ဂရုတစိုက် စောင့်ကြည့်ခဲ့သည်။ ပုစွန်မများ ဥအောင်မြင်သွားသည်ကို တွေ့မှ ပျိုးကန်ထဲသို့ ရွှေ့ပြောင်းမွေးမြူပြီး ညပေါင်းများစွာ အိပ်ရေးပျက်ခံခဲ့ရာ ပါးရိုးများ ငေါထွက်သည်အထိ ပိန်ကျသွားခဲ့သည်။

ဒီနှစ်နွေဦးတွင် ကန်ဖော်လိုက်သောအခါ ပုစွန်တုပ်များသည် အကောင်ကြီးထွားပြီး သန်မာနေကြသည်။ လက်ချောင်းများကို ညှပ်လိုက်လျှင် သွေးထွက်နိုင်သည်အထိ အားကောင်းကြသည်။ မွေးမြူရခက်ခဲသော ဤပုစွန်များကို သူ အောင်မြင်စွာ မွေးမြူနိုင်ခဲ့လေပြီ။

အရင်တုန်းက သူသည် ရှန်မြောင်ကို ဘာသံမှ မပေးခဲ့ပေ။ ယခု ပထမဆုံးအသုတ် ထွက်လာမှသာ သူမကို အသိပေးခြင်း ဖြစ်သည်။

ထန်အာက ယွီရွှင် ပုစွန်မွေးမြူမှု အောင်မြင်သည့် သတင်းကို လာပြောချိန်တွင် ရှန်မြောင် ဂျုံနယ်နေရင်း အံ့သြလွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။

သူက ပုစွန်တုပ်များထည့်ထားသည့် ဝါးပလိုင်းကို ကိုင်လျက် ပျော်ရွှင်စွာ ရောက်လာခဲ့သည်။ ရှန်မြောင်၏ ရင်ထဲတွင် ခံစားချက်များ ရောပြွန်းနေသည်။ အကယ်၍ မအောင်မြင်ခဲ့လျှင်လည်း ဒီလောက် လူအင်အား ငွေအင်အား စိုက်ထုတ်ထားသမျှကို သူ ရှန်မြောင်ဆီက ပြန်တောင်းမှာ မဟုတ်ပေ။ ယခု အောင်မြင်သွားတော့လည်း ချက်ချင်း ဈေးမတင်ဘဲ ရှန်မြောင်အတွက် သက်သာသော လက်ကားဈေးဖြင့် ပေးသွင်းလေသည်။

ရှန်မြောင်လည်း ကျေနပ်အားရစွာဖြင့် သူ့ထံမှ ပစ္စည်းပုံမှန်ယူမည့် နှစ်ရှည်စာချုပ် ချုပ်ဆိုရန် ကတိပေးလိုက်သည်။ နောက်နောင် ငါးဒိုင် ပြောင်းတော့မည် မဟုတ်ပေ။

ဒါက ပစ္စည်းသီးသန့်သွင်းခွင့် ပေးလိုက်ခြင်းပင်။

ယွီရွှင်က ပျော်လွန်းသဖြင့် လက်ထားစရာနေရာပင် ရှာမတွေ့တော့ဘဲ ရိုးရိုးသားသား ရယ်မောလိုက်လေသည်။ "ညန်ဇီ့ဆီက ဒီစကားကြားရတော့ ဒီပုစွန်တွေ မွေးမြူရတဲ့ ပင်ပန်းမှုတွေအားလုံးက တန်ပါပြီဗျာ"

သူ့ကို ပြန်လွှတ်ပြီးနောက် ရှန်မြောင်သည် ပုစွန်တုပ်ဟင်းလျာ အရသာ ၇ မျိုး ၈ မျိုးခန့် စဉ်းစားမိသော်လည်း မာလာအရသာကိုသာ ချက်ပြုတ်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် မာလာ ရှောင်လုံရှားကို အစွဲအလမ်း တစ်ခုအနေဖြင့် နှစ်သက်ခဲ့ဖူးသည်။ ဟိုးအရင် ချုံချင့်မြို့တွင် ဟင်းချက်သင်တန်း တက်တုန်းက လမ်းဘေးဈေးဆိုင်မှ အဘိုးအိုတစ်ယောက်သည် ကြွေခွက်ဖြင့် ပုစွန်ပြုတ်ရောင်းလေ့ရှိသည်။ စပ်လွန်းသဖြင့် ပါးစပ်များ ထူအမ်းပြီး ခြေဆောင့်နေရသော်လည်း အရမ်း စားကောင်းသဖြင့် မရပ်တန့်နိုင်ခဲ့ပေ။ နောက်ပိုင်းတွင် ဤဟင်းလျာသည် ညဈေးတန်း၏ အထင်ကရတစ်ခု ဖြစ်လာသည်။ သူငယ်ချင်းများနှင့် ဝိုင်းဖွဲ့ထိုင်ကာ ပုစွန်စား၊ စကားပြော၊ ဘီယာအေးအေးလေး တိုက်လိုက်လျှင် ဖန်ခွက်ပေါ်မှ ရေငွေ့အေးအေးလေးက သက်သောင့်သက်သာ ခံစားရစေသည်။

မီးခိုးငွေ့များနှင့် ဆူညံသော ဈေးတန်းအသံများသည် သူမ မမေ့နိုင်သော မှတ်ဉာဏ်များပင်။

ရှန်မြောင်သည် နေ့လယ်တွင် အနီရောင်ဖဲကြိုး ချည်ထားသော ဆိုင်းဘုတ်ကို ထောင်လိုက်သည်။

ကြော်ငြာပုံကို ထန်အာကို ပုစွန်တုပ်အရှင်တစ်ကောင် ထည့်ပေးလိုက်ပြီး ကျောင်းတော်သို့လွှတ်ကာ ရှဲ့ချီကို ပုံဆွဲခိုင်းလိုက်သည်။

ပထမပုံက အနီရောင် နောက်ခံဖြစ်သည်။ အမည်းရောင် မြေအိုးထဲတွင် ဆီပြန်ပြီး နီရဲကွေးကောက်နေသော ပုစွန်တုပ်များ ပြည့်လျှံနေသည်။ အပေါ်တွင် စပ်ရှိန်းရှိန်း ကျူးယွီဆော့စ်များ ဖြူးထားသည်။ "မာလာ ရှောင်လုံရှား" ဟူသော စာလုံးအဖြူကြီးများနှင့်အတူ "လျှာဖျားထက်က အစပ်အရသာ"၊ "ပုစွန်စား အရက်သောက် မိတ်ဆွေဖွဲ့" ဟူသော ကြော်ငြာစာသားများ ရေးသားထားသည်။

နောက်တစ်ပုံကတော့ ရေမှင်ပန်းချီကား ဖြစ်သည်။ မချက်ရသေးသော ပုစွန်တုပ်တစ်ကောင်က လက်မကြီးထောင်နေပုံကို အနီးကပ် ဆွဲထားခြင်း ဖြစ်သည်။ ဘေးနားတွင် မင်ရည်စက်လက်ဖြင့် စာလုံးသေးလေးများ ရေးထိုးထားသည်။ "မီးအသစ်နဲ့ ပုစွန်အသစ်ကို မြည်းစမ်းကြည့်ကြစို့" ဟူ၍ ဖြစ်သည်။ (တောင်းပန်ပါတယ် ဆရာကြီးတုန်းဖိုရေ... ဆရာ့ကဗျာကို ယူသုံးလိုက်ပါပြီ)

အပိုင်း (၁၇၇.၂)

ရေမင်ပန်းချီကားကို ဆိုင်ထဲတွင် ကပ်ထားပြီး အနီရောင် ပိုစတာကို သစ်သားဘောင်ဖြင့် တပ်ကာ တံခါးဝတွင် ထောင်ထားလိုက်သည်။

နေစောင်းသည်နှင့် ရှန်မြောင်ဆိုင်တွင် စားလွန်းသဖြင့် မေးနှစ်ထပ်ဖြစ်နေသော ဝမ်ညန်ဇီ ရောက်လာလေသည်။

ရှန်မြောင်ဆိုင်တွင် ဟင်းအသစ်ထွက်တိုင်း သူမက ပထမဆုံး ရောက်လာတတ်သည်။ သူမကများ ဆိုင်ထဲမှာ သူလျှို ထားထားသလားဟုပင် ရှန်မြောင် သံသယဝင်မိသည်။

ဒီနေ့မှ ပိုစတာ ကပ်ရုံရှိသေးသည်။ ဝမ်ညန်ဇီက မေးနှစ်ထပ်ကို ပွတ်သပ်လျက် ပြုံးဖြီးဖြီးဖြင့် ဝင်လာပြီး စိတ်လှုပ်ရှားစွာ မေးလေသည်။ "ဒီည ပုစွန်တုပ် ရမလား"

ရှန်မြောင်က ပြုံးလျက် ဖြေလိုက်သည်။ "ရပါတယ်"

စကားပင် မဆုံးသေး၊ ငွေ ၅ ကွမ်း ကောင်တာပေါ် ရောက်လာလေသည်။

ဝမ်ညန်ဇီက ရက်ရက်ရောရော ပြောလိုက်သည်။ "တစ်ပွဲ ဘယ်လောက်လဲ၊ ကျွန်မ ၅ ကွမ်းဖိုး အရင် စာရင်းဖွင့်ထားမယ်"

ရှန်မြောင် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ "အရင် မြည်းမကြည့်တော့ဘူးလား၊ မကြိုက်ရင် ဘယ်လိုလုပ်မလဲ"

"ကျွန်မ ခါးနဲ့ မေးနှစ်ထပ်ကို ကြည့်ပါဦး၊ အစားချေးများတဲ့ပုံ ပေါက်နေလို့လား" ဝမ်ညန်ဇီက ဂရုမစိုက်စွာ ပြောလိုက်သည်။ "မကောင်းဘူးဆိုတာ မဖြစ်နိုင်ဘူး၊ မနှစ်က ပုစွန်ရှားလို့ ကျွန်မ မစားလိုက်ရဘူး၊ မဖြစ်ဘူး... ကျွန်မ အရင် စာရင်းဖွင့်ထားမှ ရမယ်၊ တော်ကြာ ဘဲကင်တုန်းကလို တန်းစီပြီး လုရလိမ့်မယ်"

ရှန်မြောင်လည်း သူမကို စာရင်းဖွင့်ပေးလိုက်ရသည်။

ပုစွန်တုပ်သည် မွေးမြူရခက်ခဲသဖြင့် ငါးကင်ထက် ဈေးကြီးပေးရမည်။ ၃ ကျင်းပါ တစ်ပွဲလျှင် ၁၅၈ ဝမ် ခန့် ကျသင့်မည်ဖြစ်ပြီး ဘဲကင်ဈေးနှင့် သိပ်မကွာပေ။

ဒီဈေးနှုန်းက မသက်သာလှပေ။ ဖောက်သည်သစ်များ တွန့်ဆုတ်နိုင်သော်လည်း ဖောက်သည်ဟောင်းများကတော့ အရသာရှိမှန်း သိပြီးကြပြီ ဖြစ်သည်။ မနှစ်က နွေရာသီတုန်းကလည်း ပြတ်တောင်းပြတ်တောင်း ရောင်းခဲ့ဖူးသည်။ ပစ္စည်းပြတ်သွားသည့်အခါ လာမေးကြသူများ ဒုနှင့်ဒေးပင်။ ရှန်မြောင်လည်း မတတ်နိုင်ခဲ့ပေ။ မနှစ်က ယွီရွှင် ဖမ်းလာပေးသလောက် ကျင်းချိန် အနည်းငယ်သာ ရခဲ့သဖြင့် နှစ်ပွဲ သုံးပွဲလောက်သာ လုပ်နိုင်ခဲ့သည်။

အခုတော့ အများအပြား ရောင်းချနိုင်ပြီ။ သတင်းက တစ်ယောက်စကား တစ်ယောက်နား ပျံ့နှံ့သွားပြီး ညမိုးချုပ်သည်နှင့် လူပြည့်သွားတော့သည်။ အားထောင် မီးဖိုချောင်ထဲဝင်ပြီး ဟင်းပွဲအော်သည့်အခါ ဆိုင်တစ်ဆိုင်လုံး ပုစွန်တုပ် စားမည့်သူချည်း ဖြစ်နေသည်။

မီးဖိုချောင်ထဲတွင် ရှန်မြောင်ကြော်ထားသည့် ကျူးယွီငရုတ်သီးဆီနံ့များဖြင့် မွှေးကြိုင်နေသည်။ အဒေါ်နျန်က ဆလပ်ရွက် လှီးဖြတ်နေပြီး ထန်အာက အပြင်မှ ပုစွန်တောင်းကို သယ်လာကာ ရေကန်ထဲ လောင်းထည့်လိုက်သည်။ ပုစွန်တုပ်များ တလိမ့်လိမ့် ကျလာပြီး ခေါင်းကြီးကြီး လက်မကြီးကြီးများဖြင့် ရမ်းကားနေကြသည်။ နှုတ်ခမ်းမွှေးများတွင် စမ်းချောင်းရေစက်များ တွဲခိုနေသေးသည်။

ရှန်မြောင်သည် တစ်ကောင်ကောက်ကိုင်ပြီး မီးရောင်ဖြင့် ကြည့်လိုက်ရာ ပုစွန်မြီးကွေးသွားပြီး တကယ်ပင် လတ်ဆတ်လှသည်။

ထန်အာက ချွေးသုတ်လျက် သန့်စင်ပြီးသား ပုစွန်တစ်လင်ပန်းကို ကမ်းပေးလိုက်သည်။ "ညန်ဇီ... ဒီတစ်ခွက်က ရွှံ့တွေ အန်ထုတ်ပြီးသား၊ ကျွန်တော်နဲ့ ဖူရှင်း ပွတ်တိုက်ဆေးကြောထားပြီး သဲအိတ်လည်း ထုတ်ပြီးသား၊ သန့်ရှင်းနေပြီ၊ အရင် ယူသုံးလိုက်ပါ၊ ကျွန်တော်တို့ ထပ်သွားဆေးလိုက်ဦးမယ်"

ရှန်မြောင်က အမြန်ပြောလိုက်သည်။ "ကျေးဇူးပါပဲ၊ မီးဖိုချောင်ထဲမှာ အမြန်စာဆိုင်က တင်းဝူရှီကို လာကူခိုင်းထားတယ်၊ ရှေ့မှာ အဒေါ်နျန်နဲ့ အားထောင် ရှိတယ်၊ ရှင်တို့ ပုစွန်ဆေးတာပဲ သေချာလုပ်ပေးပါ"

"ဟုတ်ကဲ့" ထန်အာက အင်္ကျီလက်မောင်းပင့်လျက် ထွက်သွားပြန်သည်။ သူနှင့် ဖူရှင်းသည် ရေမြောင်းနားတွင် ထိုင်လျက် ပုစွန်များကို အားကုန် တိုက်ချွတ်ဆေးကြောနေကြသည်။

အမြန်စာဆိုင်က ပါဆယ်ပို့ပြီးသည်နှင့် ဆိုင်ပိတ်လိုက်သည်။ ထိုဘက်တွင် အလုပ်လုပ်နေသော အဒေါ်နျန်နှင့် တင်းဝူရှီတို့ကို ရှန်မြောင်က အချိန်ပိုကြေးပေးပြီး လာကူခိုင်းထားခြင်း ဖြစ်သည်။

နေဝင်ရီတရောအချိန်တွင် ဝမ်ညန်ဇီသည် မနှစ်က ငါးကင်စားတုန်းက မဲဖောက်ရရှိထားသည့် ကြာပန်းပုံ အိုးကြီးကို ပိုက်လျက် နေရာလာဦးလေသည်။ သူမ ပုံမှန်ထိုင်နေကျ နေရာတွင် ထိုင်လိုက်လျှင် မျက်နှာချင်းဆိုင် နံရံပေါ်တွင် မီးရောင်ဟပ်နေသော ရေမင်ပုစွန်ပန်းချီကားကို လှမ်းမြင်နေရသည်။ ခဏအကြာတွင် ရုံးဆင်းလာသော ဝမ်ယုံးလည်း တန်းရောက်လာလေသည်။

ရှန်မြောင်က မီးဖိုကို မီးမွှေးလိုက်ပြီး ဆီအိုး တည်လိုက်ပြီး ကြက်သွန်ဖြူ ဓားပြားရိုက်၊ ဂျင်းအတုံးလိုက် လှီးထည့်ကာ ဆီသတ်လိုက်ရာ မွှေးကြိုင်သော အနံ့များ ထွက်ပေါ်လာသည်။ ကျူးယွီ၊ ဂျင်းဆော့စ်၊ ဟွားကျောင်း၊ ဖာလာ၊ နာနတ်ပွင့်တို့ကို အိမ်လုပ် ပဲငပိအနှစ်နှင့် ရောပြီး မီးအေးအေးဖြင့် လှော်လိုက်ရာ ဆီနီများ ပေါ်လာပြီး အိမ်တစ်ခုလုံး အစပ်နံ့များ ပျံ့လွင့်သွားတော့သည်။

ဆေးကြောထားသည့် ပုစွန်များကို ထည့်လိုက်ပြီး ဒယ်အိုးကို မွှေလိုက်ရာ အခွံများ ရွှေနီရောင် ပြောင်းသွားသည်။ ဒယ်အိုးအနားသတ်တစ်လျှောက် ဝါညိုရောင်အရက်ကို လောင်းထည့်လိုက်ရာ အငွေ့များ ထောင်းခနဲ ထွက်ပေါ်လာသည်။ ပုစွန်တုပ်အနံ့သည် ချီလင်ကိုပင် ပြေးလာပြီး ရှူရှိုက်မိစေသည်။

ရေထည့်ပြီး အဖုံးအုပ်ထားစဉ် ပဲပင်ပေါက်၊ ဆလပ်ရွက်နှင့် သခွားသီးစိတ်များကို အောက်ခံအဖြစ် ထည့်ထားလိုက်သည်။ ဟင်းရည် ပျစ်သွားသည့်အခါ ကြက်သွန်မြိတ်ဖြူး၊ ရှာလကာရည် အနည်းငယ် ဆမ်းလိုက်ပြီး အဖုံးဖွင့်လိုက်လျှင်... အစပ်နံ့နှင့် လတ်ဆတ်သော အချိုနံ့များ မျက်နှာကို လာရိုက်ခတ်တော့သည်။ ပုစွန်ခွံများ နီရဲတောက်ပြောင်နေပြီး မွှေးကြိုင်စပ်ရှိန်းရှိန်း ဟင်းရည်ပျစ်ပျစ်များက ပုစွန်များကို လွှမ်းခြုံထားလေသည်။

ဝမ်ညန်ဇီက ပထမဆုံး ရောက်သဖြင့် ပထမဆုံးအိုး သူမ ရသွားသည်။ အားထောင်က မြေအိုးကို ကိုင်လျက် ဖြတ်လျှောက်လာရာ ပုစွန်နီကြီးများက စေတီပုံစံ မောက်နေအောင် ထည့်ထားသည်။ ဆိုင်ထဲရှိ ပုစွန်စားရန် စောင့်နေသူများသည် လည်ပင်းရှည်ကြီးများဖြင့် သူမ စားပွဲကို လှမ်းကြည့်နေကြသည်။ လမ်းတစ်လျှောက် မွှေးကြိုင်နေသော အနံ့များကြောင့် သူတို့ အကြည့်မလွှဲနိုင်ကြပေ။

"ရောက်ပြီ ရောက်ပြီ၊ မွှေးလိုက်တာ" ဝမ်ညန်ဇီလည်း မစောင့်နိုင်တော့ပေ။ အပူရှိန်ကိုပင် ဂရုမစိုက်ဘဲ တစ်ကောင် ကောက်ကိုင်လိုက်၏။ ခေါင်းကို ကိုက်ချလိုက်ပြီး ခေါင်းခွံထဲက အနှစ်ကို အရင် စုပ်ယူလိုက်သည်။ ထုံစပ်မှုထဲတွင် လတ်ဆတ်သော အရသာပါဝင်နေသည်။ စပ်လိုက်တာ၊ စားကောင်းလိုက်တာ။ သူမသည် စပ်လွန်းသဖြင့် လေစုပ်နေရသော်လည်း မရပ်မနား အခွံခွာပြီး ခေါင်းမြီးခြုံကာ တပြွတ်ပြွတ် စုပ်ယူစားသောက်နေတော့သည်။

ပုစွန်အသားက ဖြူဖွေးပြီး အိစက်နေပြီး ဟင်းရည်အနှစ်ထဲ တို့ပြီး ပါးစပ်ထဲ ထည့်လိုက်လျှင် ဟွားကျောင်း၏ အထုံအရသာက လျှာဖျားတွင် ကစားနေပြီး အစပ်အရသာက လည်ချောင်းထဲထိ စီးဆင်းသွားသည်။ ပုစွန်အသား၏ အချိုဓာတ်ကလည်း ထွက်ပေါ်လာပြန်သည်။ စားရင်းစားရင်း နှာခေါင်းထိပ်တွင် ချွေးသီးများ ထွက်လာသော်လည်း တူကို မရပ်နိုင်ပေ။

အစပိုင်းတွင် သိပ်မစပ်ဟု ထင်ရသော်လည်း နောက်ပိုင်းတွင် အစပ်ရှိန်က နှာခေါင်းထိပ်မှ ငယ်ထိပ်ထိ တက်လာတော့သည်။ သူမ ရေခဲစိမ် မက်မွန်သီးအရက် နှစ်အိုး မှာလိုက်ပြီး မော့သောက်လိုက်ရာ ရင်ထဲအေးသွားပြီး နှင်းခဲမျိုချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

"ဟား..." သူမ စိတ်ကျေနပ်စွာ သက်ပြင်းမှုတ်ထုတ်လိုက်လေ၏။

အားထောင်နှင့် အဒေါ်နျန်သည် ဆိုင်ထဲတွင် ရက်ကန်းစင်လို ခေါက်တုန့်ခေါက်ပြန် သွားလာနေကြသည်။ လက်ထဲတွင် အမည်းရောင် ပန်းကန်လုံးကြီးများနှင့် ပုစွန်နီတောင်ပုံရာပုံ ပါဝင်လေသည်။

ဝမ်ယုံးသည် ရုံးဆင်းပြီး ရောက်လာကာ တံခါးခုံကို ကျော်လိုက်သည်နှင့် ဇနီးသည် ထိုင်နေသည်ကို လှမ်းမြင်လိုက်ရသည်။ သူမ ပါးစပ်တစ်ခုလုံး စပ်လွန်းသဖြင့် နီရဲနေပြီး စားပွဲပေါ်တွင် ပုစွန်ခွံများ တောင်လိုပုံနေသည်။ ပုစွန်ထည့်သည့်အိုးထဲတွင် ပုစွန်အနည်းငယ်သာ ကျန်တော့ပြီး နီရဲနေသည့် ဟင်းရည်ထဲတွင် အသီးအရွက် အနည်းငယ်သာ မျောနေတော့သည်။

သူက အမြန်ဝင်ထိုင်လိုက်ပြီး နောက်ထပ်တစ်ပွဲ ထပ်မှာမည်ဟု ကြံလိုက်သော်လည်း မော့ကြည့်လိုက်ရာ ဆိုင်ထဲတွင် လူအပြည့်ဖြစ်နေပြီး ဆူညံပွက်လောရိုက်နေသည်။ ကြည့်ရတာ မှာလို့ရတော့မည့်ပုံ မပေါ်ပေ။

ဝမ်ညန်ဇီက ခင်ပွန်းသည်၏ စိတ်ပျက်သွားသော မျက်နှာကို ကြည့်ပြီး သွားဖြဲကာ ရယ်မောလျက် ပြောလိုက်လေသည်။ "အရမ်း စားကောင်းလို့၊ စိတ်မထိန်းနိုင်ဘဲ မြန်မြန် စားမိသွားတယ်"

ဘာတတ်နိုင်မှာလဲ။ ကိုယ့်မိန်းမပဲလေ။ ဝမ်ယုံး သက်ပြင်းချလိုက်ပြီး ကျန်နေတဲ့ ပုစွန်အနည်းငယ်ကို အခွံနွှာ ပန်းကန်ထဲထည့်၊ ဟင်းရည်အနှစ်တစ်ဇွန်းခပ်ပြီး ထမင်းနှင့် နယ်လိုက်သည်။ ထမင်းဖြူများသည် ဆီနီရောင် သမ်းသွားပြီး ပုစွန်အသားနှင့် ရောကာ နှစ်လုပ်လောက် စားလိုက်ရာ ရင်ထဲအေးသွားတော့သည်။

သူသည် ပုစွန်အသားအနည်းငယ်၊ သခွားသီးနှင့် ဆလပ်ရွက်တို့ဖြင့် ထမင်းနှစ်ပန်းကန် ကုန်အောင် စားလိုက်၏။ စားပြီးနောက် ဇနီးသည်နား တိုးကပ်သွားပြီး တိုးတိုးလေး မေးလိုက်လေသည်။ "ကြိုမှာထားရဲ့လား၊ မနက်ဖြန်ကျရင် နန်းတော်ထဲ ယူသွားပြီး အရှင်မင်းကြီး မြည်းစမ်းဖို့ နှစ်ပွဲလောက် ယူသွားချင်လို့"

ဟိုတစ်ခေါက်က အရှင်မင်းကြီးသည် ရှန်မြောင်၏ ငါးဖယ်လုံးကို စားပြီး အလွန်ကြိုက်နှစ်သက်သွားသည်။ သွားကိုက်ပျောက်သွားပြီးနောက် ဘဲရိုးဟင်းရည်နှင့် ဘဲကင်ကို မစားတော့ဘဲ ဘဲရိုးကို ဆီကြော်စားကာ ငါးဖယ်လုံး အစိမ်းအနည်းငယ်ကို လျန်ကုန်းကုန်းအား ဝယ်ခိုင်းပြီး နန်းတွင်းထဲတွင် ပြုတ်စားလေသည်။

ငါးဖယ်လုံးနှင့် ဘဲကင် စားသဖြင့် အရှင်မင်းကြီး၏ အနည်းငယ် ပိန်သွားသော မျက်နှာမည်းကြီးသည် ပြန်လည် ဝဖြိုးလာလေသည်။ သို့သော် လျန်ကုန်းကုန်းကတော့ အရှင်မင်းကြီး ဝလာတာ မဟုတ်ပါဘူး၊ ညဘက် ရေသိပ်သောက်လို့ မနက်ပိုင်း မျက်နှာအစ်နေတာပါ၊ ညကျရင် ပြန်ကျသွားမှာပါဟု ပြောဆိုလေသည်။

ညဘက်ကျလို့ ပြန်မကျသေးရင်တော့ အရှင်မင်းကြီး ရေထပ်သောက်မိလို့ နေမှာပါဟု ဆင်ခြေပေးပြန်သည်။

ဝမ်ယုံးတစ်ယောက် နားထောင်ရင်း ကြောင်သွားရသည်။ လျန်ကုန်းကုန်း၏ မျက်လုံးထဲတွင် အရှင်မင်းကြီးက ဘယ်လောက်တောင် ခန့်ညားထည်ဝါနေလဲ မသိပေ။ နောက်ပိုင်းမှ သူ ကြားလိုက်ရသည်က လျန်ကုန်းကုန်း အသက်ကြီးပြီး မျက်စိမှုန်နေသဖြင့် ဘယ်သူ့ကြည့်ကြည့် ချောနေသည် ဟူသတတ်။

ဝမ်ညန်ဇီကလည်း အသံနှိမ့်ပြီး ပြောလိုက်သည်။ "ရှင် စိတ်ချပါ၊ ကျွန်မ အိုး ၃၀ စာ စာရင်းဖွင့်ထားတယ်၊ စုစုပေါင်း ၅ ကွမ်းဖိုးလေ၊ တော်တော်ကြာကြာ စားလို့ရတယ်"

ဝမ်ယုံး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အစားအသောက်ကိစ္စဆိုလျှင် သူ့မိန်းမကို စိတ်ပူစရာ မလိုပေ။

ပုစွန်တုပ်ဟင်းလျာသည် ရှန်မြောင်၏ ညဈေးတန်းမီနူးထဲတွင် ပါဝင်လာပြီးနောက် ရှန်ကျိခေါက်ဆွဲဆိုင်သည် တန်းစီရသည်အထိ စည်ကားလာပြန်သည်။ ဆိုင်ရှေ့တွင် ခုံပုလေးများ နှစ်တန်းစီချထားရာ ပုစွန်စားရန် စောင့်ဆိုင်းနေသူများဖြင့် ပြည့်နှက်နေသည်။ အားထောင်က တစ်ယောက်ချင်းစီကို နေကြာစေ့များ လိုက်ဝေပေးပြီး "ခဏလေးပါ၊ ခဏလေးပါ၊ ရတော့မယ်၊ နေကြာစေ့လေး ဝါးပြီး စောင့်ပေးပါဦး" ဟု လိုက်လံချော့မော့နေရသည်။

လမ်းမပေါ်တွင် သွားလာနေသူများသည် ရှန်မြောင် ငှားရမ်းထားသော အသံကျယ်ကျယ် လူနှစ်ယောက်၏ အော်သံကို အဝေးကပင် ကြားနေရသည်။

"စားပွဲသေး နံပါတ် ၂၀... စားပွဲသေး နံပါတ် ၂၀... ရှန်ကျိဆိုင်က ပုစွန်စားဖို့ ဖိတ်ခေါ်နေပါပြီ"

နဉ်ယီသည် ကျောင်းတော်ထဲတွင် ပိတ်မိနေပြီး ရှန်ကျိဆိုင်တွင် ဟင်းအသစ်ထွက်သည်ကို မသိရှာပေ။ ရှဲ့ချီက လက်ကိုင်ပါသော အဖြူရောင် ခွက်ရှည်ကြီးထဲတွင် လက်မကြီးကြီး ပုစွန်တုပ်ကြီး တစ်ကောင် ထည့်ထားပြီး စားပွဲပေါ်တင်ကာ တစ်နေ့လုံး ပုံထိုင်ဆွဲနေမှသာ သူ ရိပ်မိတော့သည်။

သူသည် ရှဲ့ချီက ရှန်ကျိဆိုင်မှ ပါဆယ်ဆွဲလာသော ဝက်လက်ကင်ကို ကိုက်ရင်း ပါးစပ်တွင် ဆီများပေကျံလျက် ရှဲ့ချီနား တိုးကပ်သွားကာ ဘာပုံဆွဲနေလဲဆိုတာ ခေါင်းပြူကြည့်လိုက်သည်။

ခဏကြာတော့ သူ အဖြူရောင် မင်ရည်ကိုယူပြီး "မာလာ ရှောင်လုံရှား" ဟူသော စာလုံးလေးလုံးကို ရေးချလိုက်သည်ကို မြင်သောအခါ နဉ်ယီ ရုတ်တရက် ခုန်ထလိုက်ပြီး စိတ်လှုပ်ရှားစွာ အော်လိုက်လေသည်။ "ဟုတ်တယ်မလား၊ ရှန်ညန်ဇီ ဟင်းအသစ် လုပ်တာမလား"

"မင်း မြင်သားပဲကို" ရှဲ့ချီက ခေါင်းမမော့ဘဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်လေသည်။ ပုံတစ်ပုံပြီးသွားတော့ ချိုးဟောင်ကို ဘေးနားတွင် အခြောက်ခံခိုင်းလိုက်ပြီး နောက်တစ်ပုံ ဆက်ဆွဲနေသည်။

နဉ်ယီတစ်ယောက် စိတ်ညစ်သွားလေသည်။ လက်ထဲတွင် တစ်ဝက်ကျန်နေသေးသည့် ဝက်လက်ကင်ကို ကြည့်ပြီး နှမြောနေမိသော်လည်း ဘေးချထားလိုက်သည်။

ဒီဝက်လက်ကင်ကလည်း စားကောင်းပါသည်။ ဝက်နောက်ခြေကို ရွေးထားသဖြင့် အသားထူပြီး အကြောများသည်။ မီးအပူရှိန်ဖြင့် ကင်ထားသဖြင့် ရွှေအိုရောင်သမ်းနေပြီး ရှန်ကျိဆိုင်၏ အထူးငံပြာရည် စိမ်ထားသဖြင့် အရသာရှိလှသည်။ အပေါ်ယံ အရေခွံကို ကိုက်လိုက်သည်နှင့် ဆီများ စီးကျလာပြီး အတွင်းဘက်တွင် ကျောက်ကျောကဲ့သို့ အိစက်တုန်ခါနေသည်။ နူးညံ့ပြီး ဝါးလို့ကောင်းကာ ထုံစပ်မွှေးကြိုင်သော အရသာက ပါးစပ်ထဲတွင် ပြည့်နှက်သွားသည်။ အလွန် အရသာရှိလှသည်။

ဒါပေမဲ့ ရှန်ကျိဆိုင်မှာ ဟင်းအသစ် ထွက်နေပြီလေ။ ဒီလောက် စားကောင်းမယ့်အရာကို သူ ဘယ်လိုလုပ် လက်လွတ်ခံနိုင်မှာလဲ။

နဉ်ယီ နားလည်သွားပြီ။ သူ အရင်က စားကောင်းသောက်ဖွယ်များ မှတ်တမ်းတင်ရန် စာအုပ်တစ်အုပ် လုပ်ထားသော်လည်း ယခုအခါ ရှန်ကျိဆိုင်က အစားအသောက်များကိုပင် မှတ်တမ်းတင်၍ မနိုင်တော့ပေ။ တစ်မျိုးစီတိုင်းက သူ့အသက်ကို နှုတ်ယူနိုင်လောက်အောင် ကောင်းမွန်လှသည်။

တစ်ခါတလေ သူ မစားဘူးဟု ထင်ခဲ့သော အရာများ၊ ဥပမာ - နဂါးလှေပွဲတော်တုန်းက ဝက်သားထည့်ထားသည့် ကောက်ညှင်းထုပ်။ ကောက်ညှင်းထုပ်က ဘယ်လိုလုပ် အငန်ဖြစ်နိုင်မှာလဲ။ သို့သော် ပွဲတော်ပြီးသွားတော့ ရှဲ့ချီ ယူလာသည်ကို သူ တစ်ခု ယူစားမိရာ ပျားရည်ဆမ်း ကောက်ညှင်းထုပ်ဘက်မှ ပါတီပြောင်းသွားလုနီးပါး ဖြစ်ခဲ့ရသည်။

နဉ်ယီလည်း ဆုံးဖြတ်ချက် ချလိုက်သည်။ ဗိုက်ကို နေရာချန်ထားပြီး ညကျရင် ကျောင်းနံရံကို ကျော်ကာ ရှန်ကျိဆိုင်က မာလာ ရှောင်လုံရှား သွားစားမည်။ တစ်မိနစ်တောင် အချိန်မဆွဲနိုင်တော့ပေ။

ရှဲ့ချီက ပုံဆွဲပြီး၍ ခေါင်းမော့ကြည့်လိုက်ရာ နဉ်ယီ ဘယ်ရောက်သွားမှန်း မသိတော့ပေ။

သူသည် ခြောက်သွေ့သွားသော ပန်းချီကားများကို ပန်းချီထည့်သည့် ဘူးထဲသို့ ဂရုတစိုက် ထည့်လိုက်ပြီး ချိုးဟောင်ကို ရှန်ကျိဆိုင်သို့ သွားပို့ခိုင်းလိုက်သည်။ သူကတော့ စားပွဲဘေးတွင် ငေးငိုင်စွာ ထိုင်နေပြီးမှ ပန်းချီကားထည့်သည့် တောင်းထဲမှ တစ်ဝက်သာ ဆွဲရသေးသော ပန်းချီကားလိပ်ကို ထုတ်လိုက်ပြီး ဆက်ဆွဲနေလေသည်။

ပန်းချီကားထဲတွင် သစ်ပင်အောက် ထိုင်လျက် ကောင်းကင်ကို မော့ကြည့်နေသော နူးညံ့သိမ်မွေ့သည့် အမျိုးသမီးတစ်ဦး ပါဝင်လေသည်။

သူသည် ညကောင်းကင်ယံမှ ကြယ်ပွင့်များကို တစ်ပွင့်ချင်း စိတ်ရှည်လက်ရှည် ခြယ်သနေသည်။ ပြီးသွားသောအခါ ပန်းချီကားကို ငေးကြည့်ရင်း အတွေးလွန်နေပြန်သည်။

ထိုအချိန်တွင် အလုပ်သမားတစ်ယောက် အပြေးအလွှား ရောက်လာပြီး ပြောလိုက်လေသည်။ "ရှဲ့လန်ကျွင်း... ကျောင်းတော် အရှေ့ဘက်တံခါးက တာဝန်ကျအခန်းမှာ လူတစ်ယောက် စောင့်နေပါတယ်၊ ချန်ကျိုးက နေအိမ်က လာတာလို့ ပြောပါတယ်"

ရှဲ့ချီ ကြားလိုက်ရသောအခါ မျက်နှာအမူအရာ ပြောင်းသွားပြီး မျက်ဝန်းထဲတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားသည်။ ပန်းချီကားကို သေချာစွာ သိမ်းဆည်းလိုက်ပြီး အရှေ့ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်ကာ လျှောက်ရင်းလျှောက်ရင်း ခြေလှမ်းများ ပိုမို မြန်ဆန်လာလေတော့သည်။

...

အပိုင်း (၁၇၈) မင်္ဂလာသတင်း

ဇွန်လအစပိုင်းတွင် ပြန့်ကျင်းမြို့သည် အိုက်စပ်လာလေပြီ။ ပြန့်မြစ်ထဲတွင် ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများ တင်ဆောင်လာသော လှေငယ်များက ကမ်းတစ်လျှောက် လိုက်လံရောင်းချနေကြသည်။ လှေပေါ်ရှိ ဝါးခြင်းများထဲတွင် ရွှေဝါရောင် မက်မွန်သီးများ၊ ဖရဲသီးများ အပြည့်တင်ဆောင်ထားသည်။ လှေထိုးသမားများ၏ အသံရှည်ကြီးများက လေထဲတွင် လွင့်ပျံနေလေသည်။ "မက်မွန်သီး... ဖရဲသီး... သစ်တော်သီး... ဆီးသီး... အလုံးကြီးကြီး ချိုချိုလေး..."

အသံများသည် ရေလှိုင်းများနှင့်အတူ လွင့်ပျံ့သွားပြီး အိုက်စပ်သော လေနွေးများနှင့်အတူ ပြန်လည်ပါလာသည်။ တံတားပေါ်မှ ဖြတ်သွားသူများသည် ကြားလိုက်ရုံနှင့် သွားရည်ယိုစေသည်။

ကျင်းလျန်တံတားပေါ်တွင် နဉ်ယီသည် ခေါင်းမာသော မြည်းတစ်ကောင်နှင့် အားပြိုင်နေလေ၏။

ဒီတိရစ္ဆာန်က မုန့်စန်းအိမ်က မြည်းဖြစ်သည်။ ပြောင်လက်နေသော အမွှေးအမျှင်အောက်တွင် ခေါင်းမာသော အရိုးများ ရှိနေသည်။ စီးခွင့်မပေးပေ။ မြည်းကျောပေါ် တက်လိုက်သည်နှင့် ခါချပစ်သည်။ ကောင်လေးနှစ်ယောက်လုံး အင်္ကျီများ ချွေးဖြင့် စိုရွှဲနေကြပြီ။

"မြင်းပွဲစားတန်း ပို့ပြီး ရောင်းစားပစ်သင့်တာ!" နဉ်ယီသည် နဖူးမှ ချွေးကို သုတ်ပြီး ဇက်ကြိုးကို ဒေါသတကြီး ဆွဲလိုက်သည်။ မြည်းကတော့ ဂုဏ်ယူဝင့်ကြွားစွာဖြင့် မိုးမခကိုင်းကို ဝါးနေပြီး လူကို မျက်လုံးထဲတောင် မထည့်ပေ။ တဖုံးဖုံးနှင့် အသံကျယ်ကြီးမြည်အောင်တောင် လေလည်ပြလိုက်သေးသည်။

မုန့်စန်းက ခါးသက်သက် ရယ်မောလိုက်လေသည်။ "ငါ့အဖေ ပြောတယ်၊ ဒီမြည်းက စိတ်ဓာတ်မကောင်းဘူးတဲ့၊ ရောင်းရင်လည်း ဈေးကောင်းမရဘူးဆိုတော့ လက်ထဲမှာ သောင်တင်နေတာ"

"ဆဲလို့လည်း မရ၊ ရိုက်လို့လည်း မရ၊ သူက မြည်းမဟုတ်ဘူး၊ ငါ့ဘိုးအေကြီး!" နဉ်ယီသည် ရင်ကော့ခေါင်းမော့နေသော မြည်းကို ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။ "မြည်းတွေ ဒီလောက်များတာ၊ မင်းအဖေက ဘာလို့ သူ့ကျမှ ရွေးခဲ့တာလဲ"

"အဲဒီနေ့က ငါ့အဖေ မူးနေလို့ မြည်းရောင်းတဲ့လူ လှည့်စားတာ ခံလိုက်ရတာ" မုန့်စန်းက ခေါင်းကုတ်လျက် ပြောလိုက်သည်။

နဉ်ယီက လက်ကာပြလိုက်လေသည်။ "ထားလိုက်ပါတော့၊ ရောက်ခါနီးပြီပဲ၊ နောက်ဆို မင်းမြည်းကို ဘယ်တော့မှ အားမကိုးတော့ဘူး၊ လမ်းလျှောက်လာတာမှ သက်သာဦးမယ်"

မုန့်စန်းက စပ်စုလိုက်လေသည်။ "မင်းက ဆရာကြီးဖုန်းဆီက လွတ်လာခါစ ရှိသေးတာ၊ ဘာလို့ အလျင်စလို ခြံစည်းရိုးကျော်ပြီး ထွက်ပြေးလာတာလဲ၊ ငါ့ကိုပါ အတင်း ဆွဲခေါ်လာသေးတယ်..."

"မတတ်နိုင်ဘူးလေ၊ ရှန်အန်းက နေမကောင်းလို့ အိမ်မှာ နားနေရတယ်၊ ရှဲ့ကျိုကလည်း ဘာဖြစ်မှန်း မသိဘူး၊ ကျောင်းမှာ မရှိဘူး၊ ငါ မင်းကို မခေါ်ရင် ဘယ်သူ့ခေါ်ရမလဲ"

နဉ်ယီ၏ ရင်ထဲတွင် မကျေနပ်ချက်များ ပြည့်နှက်နေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ရှဲ့ချီ ပုစွန်ပုံဆွဲနေသည်ကို တွေ့လိုက်ရသဖြင့် ရှန်ကျိဆိုင်တွင် ဟင်းအသစ်ထွက်ပြီမှန်း သူ ရိပ်မိလိုက်သည်။ အဲဒီနေ့ညကတည်းက သူ ခြံစည်းရိုးကျော်ထွက်ဖို့ ကြိုးစားသော်လည်း တစ်ဝက်လောက်ရောက်တော့ ဆရာကြီးဖုန်းနှင့် တိုးပြီး အဖမ်းခံလိုက်ရသည်။ ဆရာကြီး ပြုစုနေသော စာအုပ်ကို ကူညီကူးရေးပေးလိုက်ရသည်မှာ ၅ ရက် ကြာသွားသည်။ မျက်လုံးဖွင့်လိုက်သည်နှင့် စားပွဲပေါ်တွင် ခေါင်းငုံ့ပြီး စာရေးလိုက်ရသည်မှာ သူ့ဘဝက ဆိုးလိုက်သည့်ဖြစ်ခြင်း။

မနည်း ကူးရေးပြီးသွားသည့်နောက် နာနေသည့် လက်ကောက်ဝတ် နှိပ်နယ်ရင်း အဆောင်ပြန်လာတော့ ခေါင်းတငြိမ့်ငြိမ့်ဖြင့် မုန့်စန်းကလွဲလျှင် စာကျက်နေသည့် တစ်ယောက်မှ မရှိကြတော့ပေ။

မုန့်စန်းက ခေါင်းညိတ်လိုက်သည်။ ရှန်အန်း နေမကောင်းလို့ မလာတာကလွဲရင် ရှဲ့ချီ ဘယ်ရောက်သွားလဲဆိုတာ သူလည်း မသိပေ။ အလုပ်သမားတစ်ယောက် လာရှာပြီးနောက် ပြန်မလာတော့ဘူးဆိုတာလောက်ပဲ ကြားလိုက်ရသည်။ သူလည်း သေချာ မမှတ်မိတော့ပေ။ အဲဒီအချိန်တုန်းက သူက ဉာဏ်ပွင့်နေပြီး မနေ့က ပေးလိုက်တဲ့ အိမ်စာတွေ ရေးဖို့ အလုပ်ရှုပ်နေတာကိုး။

နဉ်ယီ ပြန်ရောက်လာပြီး လူစုံမရှိမှန်း သိလိုက်ရတော့ ကျောင်းပြေးရတာ ပိုပြီး လိပ်ပြာသန့်သွားတော့သည်။ မုန့်စန်းမှာ မြည်းတစ်ကောင်ရှိတာ သတိရပြီး မြည်းစီးသွားရင် ပိုမြန်မယ်ဆိုပြီး သူ့ကိုပါ ဆွဲခေါ်လာခြင်း ဖြစ်သည်။

တကယ်လည်း မစောင့်နိုင်တော့ပေ။ စိတ်စွဲနေတဲ့ ပုစွန်တုပ်ကို မစားရသေးဘူးလေ။

ဘယ်သူ ထင်ထားပါ့မလဲ။ လမ်းတစ်လျှောက် အခက်အခဲတွေ ကြုံလိုက်ရတာ။ ဒီမြည်းက စီးခွင့်မပေးတဲ့အပြင် လူကို တဟီဟီ အော်ပြီး ရန်စနေသေး။ တံတွေးနဲ့ထွေးလိုက်၊ လူကို ကန်လိုက်နဲ့။

သူ့မှာ ဒေါသထွက်လွန်းလို့ သေတော့မည်။

"အပြင်ထွက်ပြီး ဘာလုပ်မလို့လဲ၊ ရှန်ကျိဆိုင်မှာ နေရာသွားဦးမလို့လေ၊ မင်း မသိလို့ပါ၊ ငါ စုံစမ်းပြီးပြီ၊ အခုတလော ညဈေးတန်းချိန်ဆိုရင် ရှန်ကျိဆိုင်မှာ ပုစွန်လာစားတဲ့လူတွေက လမ်းထောင့်ချိုးအထိ တန်းစီနေတာ၊ ငါတို့ စောစောမသွားရင် စားရမှာ မဟုတ်ဘူး"

နဉ်ယီက အလေးအနက် ပြောလိုက်သည်။ ကောင်းကင်ကို မော့ကြည့်လိုက်ရာ ဆေးကြောထားသကဲ့သို့ ပြာလဲ့နေပြီး နေရောင်ခြည်က အိမ်ခေါင်မိုးများပေါ်သို့ စူးရှစွာ ကျရောက်နေသည်။ အခုမှ နေ့လယ်စာ စားချိန်တောင် မကျော်သေးပေ။

သူက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဒီတစ်ခါတော့ သူ အသေအချာ ပြင်ဆင်ထားသည်။ သူ့ထက် စောတဲ့လူ မရှိလောက်တော့ပေ။

မုန့်စန်းသည် မျက်လုံးပြူးသွားပြီး "မင်း ရူးနေတာလား၊ ညဈေးတန်းကျမှ ရတဲ့ ပုစွန်ကို စားဖို့ နေ့ဝက်လောက် ကြိုသွားရတယ်လို့"

နဉ်ယီက နှုတ်ခမ်းသပ်လိုက်သည်။ "ငါ စစ်တုရင်ခုံ ယူလာတယ်၊ ငါတို့ ရှန်ကျိဆိုင်မှာ စစ်တုရင် တစ်ပွဲနှစ်ပွဲလောက် ကစားကြတာပေါ့၊ အချိန်ကုန်တာ မခက်ပါဘူး၊ ခဏလေးပါ"

ပြောနေရင်းနဲ့တင် ကျူးယွီငရုတ်သီးဆီထဲတွင် လှိမ့်နေသော မာလာပုစွန်တုပ်၏ အနံ့ကို ရနေသကဲ့သို့ ခံစားလိုက်ရသည်။

မုန့်စန်းက ပြောလိုက်၏။ "ငါ ပြန်တော့မယ်" ပြောပြီးသည်နှင့် မြည်းကိုဆွဲကာ လှည့်ထွက်ရန် ပြင်လိုက်သည်။

"မလုပ်ပါနဲ့ကွာ၊ ကျင်းလျန်တံတားထိတောင် ရောက်နေပြီဟာကို၊ ငါ့အဖော် လိုက်ခဲ့ပေးပါ" နဉ်ယီက မျက်နှာပြောင်တိုက်ပြီး သူ့အင်္ကျီလက်စကို ဆွဲထားလိုက်သည်။ မရတော့ နောက်ဆုံး လက်နှစ်ဖက်ဆန့်ပြီး လူကို ဖက်ထားလိုက်တော့သည်။ "တောင်းပန်ပါတယ်ကွာ၊ လူကြီးလူကောင်း ပီသစွာနဲ့ အသက်စွန့်ပြီး အဖော်လိုက်ခဲ့ပေးပါ၊ ငါ ဝယ်ကျွေးပါ့မယ်၊ စားပြီးရင် နောင်တမရစေရပါဘူး"

မုန့်စန်းလည်း သူ့ကို မနိုင်သဖြင့် လိုက်သွားရတော့သည်။

တံတားကျော်သွားတော့ မုန့်စန်းက မျက်စိရှင်သည်။ ရှန်ကျိဆိုင်၏ တံခါးပိတ်ထားသည်ကို လှမ်းမြင်လိုက်ရသဖြင့် ရေရွတ်လိုက်လေသည်။ "ဆိုင် မဖွင့်ဘူး"

နဉ်ယီတစ်ယောက် ပြာသွားပြီး "မဟုတ်ပါဘူးကွာ၊ ဒီလောက် ကံဆိုးမယ် မထင်ပါဘူး"

သူ အမြန် ပြေးသွားကြည့်လိုက်သည်။

ရှန်ကျိခေါက်ဆွဲဆိုင်၏ တံစက်မြိတ်အောက်မှ အနီရောင် မီးပုံးနှစ်လုံးသည် လေတိုက်သဖြင့် ယိမ်းထိုးနေကြသည်။ ပိတ်ထားသော တံခါးရွက်ပေါ်တွင် စာရွက်အနီတစ်ရွက် ကပ်ထားလေသည်။ "မင်္ဂလာကိစ္စ ရှိပါသဖြင့် ၂ ရက် ဆိုင်ပိတ်ပါသည်"

"ဘာလို့ ဒီလို ဖြစ်ရတာလဲ..." နဉ်ယီ မကျေမနပ်ဖြင့် တံခါးကြားမှ အတွင်းသို့ ချောင်းကြည့်လိုက်သည်။ ဆိုင်ခန်းထဲတွင် စားပွဲကုလားထိုင်များမှလွဲ၍ ဘာမှ မရှိပေ။ ထောင့်နားတွင် ဝါးခြင်းအလွတ်များ ပုံထားသည်။ ဝဖြိုးသော စာကလေးတစ်ကောင်သာ နောက်ဖေးမှ ဆိုင်ခန်းထဲသို့ ဝင်လာပြီး မနေ့က ကျကျန်ခဲ့သော မုန့်အစအနများကို လိုက်ကောက်စားနေသည်။

တကယ်ပဲ လူမရှိပေ။ တကယ်ပဲ ဆိုင်ပိတ်ထားလေသည်။

မုန့်စန်း လျှောက်လာပြီး သူ့ပခုံးကို ပုတ်လိုက်သည်။ "ဆိုင်ပိတ်ထားမှတော့ ငါတို့ ပြန်ကြစို့၊ ငါ့အိမ်စာတွေ မပြီးသေးဘူး"

"ဘာလို့ ငါလာတိုင်း ဆိုင်ပိတ်နေရတာလဲ!" နဉ်ယီ မျက်ရည်ဝဲလာပြီး လှည့်ကြည့်လိုက်သောအခါ မျက်ရည်များ စီးကျလာတော့သည်။ သူက သနားစဖွယ် မျက်နှာပေးဖြင့် မုန့်စန်းကို ကြည့်လိုက်ပြီး မုန့်စန်း၏ အင်္ကျီလက်စကို ဆွဲယူကာ မျက်နှာအပ်လိုက်သည်။ တကယ်ကြီး အော်ငိုတော့သည်။ "မုန့်စန်းရာ... ငါ့ဘဝက ဘာလို့ ဒီလောက် ကံဆိုးရတာလဲ... ဟီး..."

......

ရှန်မြောင် ဒီနေ့ တကယ် ကိစ္စရှိနေသည်။ မနက်စောစောစီးစီး ရှဲ့မိသားစုက တီးဝိုင်းအဖွဲ့ဖြင့် မင်္ဂလာတင်တောင်းပွဲ ပစ္စည်းများ လာပို့နေကြသည်။

ယွန်းသုတ်ထားသော အဝါရောင်နှင်းဆီသား သေတ္တာအလုံး ၃၂ လုံးတွင် ရွှေချပ်များ၊ မင်္ဂလာစာလုံးများ ကပ်ထားသည်။ လက်ဆောင်လာပို့သူများ တန်းစီနေပြီး ရှန်အိမ်ဝင်းထဲသို့ တစ်လုံးပြီးတစ်လုံး သယ်ဆောင်လာကြသည်။ ပစ္စည်းသယ်လာသော အပြာရောင်ဝတ် အစေခံများသည် ၁၀ ပေ အကျယ် လမ်းကြားထဲတွင် ဝက်အူချောင်းသွပ်သကဲ့သို့ ပြည့်ကျပ်နေအောင် စည်ကားနေလေသည်။

ဒါက မင်္ဂလာဆောင်ခြင်း အဆင့် ၆ ဆင့်ထဲမှ "မင်္ဂလာတင်တောင်းခြင်း" အဆင့်ဖြစ်သည်။ မင်္ဂလာတင်တောင်းရာတွင် လပြက္ခဒိန်၏ စုံဂဏန်းကျသော နေ့ရက်ကောင်းကို ရွေးချယ်ရသည်။ ရှဲ့ချီ၏ မိဘများ၊ ဆွေမျိုးများနှင့် အောင်သွယ်တော်များ အကုန် ရောက်လာကြသည်။ ရှန်မြောင်ဘက်တွင် ဆွေမျိုးသားချင်း မရှိသလောက်ပင်။ ရှန်ဦးကြီးမိသားစုကိုလည်း ရှန်မြောင် မဖိတ်ချင်ပေ။ ရှဲ့မိသားစု လာမည်ဟု ကြိုအသိပေးထားသဖြင့် ရှန်မြောင်သည် အဒေါ်ကု၊ အဘွားကျန့်၊ အဒေါ်လီ စသည့် ဆွေမျိုးရင်းချာထက် ခင်မင်ရသော ရပ်ကွက်ထဲမှ လူကြီးများကို ဖိတ်ကြားပြီး ဧည့်ခံခိုင်းလိုက်သည်။

ဒါကလည်း ကောင်းပါသည်။ ရှန်မြောင်သည် ရှဲ့မိသားစု ပြင်ဆင်ထားသော လက်ဆောင်များ မနည်းလောက်ဘူးဟု ကြိုတွေးထားပြီးသားပင်။ ရှဲ့မိသားစု၏ နောက်ခံက မတူသဖြင့် ပြင်ဆင်မည့် အခမ်းအနားကလည်း မတူနိုင်ပေ။

ထင်ထားသည့်အတိုင်းပင်။ ရှဲ့မိသားစု၏ သေတ္တာများ တစ်လုံးပြီးတစ်လုံး ဝင်လာရာ ခြံဝင်းတစ်ခုလုံး ပြည့်ကျပ်သွားပြီး ခြေချစရာနေရာပင် မရှိတော့ပေ။ လမ်းသွားလမ်းလာများကလည်း ဒီလောက် စည်ကားနေသည်ကို ကြားလိုက်ရသဖြင့် လာရောက် ကြည့်ရှုကြသည်။ တချို့က တံခါးပေါက်တွင် တိုးဝှေ့ပြီး သေတ္တာ ဘယ်နှလုံးပါလဲဆိုတာ လက်ချောင်းချိုး ရေတွက်နေကြသည်။ တချို့က သစ်ပင်ပေါ်တက်ပြီး ခြံဝင်းထဲသို့ လှမ်းချောင်းကြည့်ကြသည်။

သို့သော် အနီရောင်ဖဲကြိုးချည်ထားသော သေတ္တာများ ရေစီးကြောင်းပမာ ဝင်ရောက်လာသည်နှင့်အမျှ အတင်းပြောသံများလည်း ဆူညံလာတော့သည်။ အားကျသူများ ရှိသလို ချီးကျူးသူများလည်း ရှိသည်။ မနာလို ဝန်တိုသူများလည်း ရှိကြသည်။

သို့သော် သူတို့ကို သတို့သမီးဘက်မှ ဆွေမျိုးများအဖြစ် တာဝန်ယူထားကြသော အဒေါ်ကြီးများက ခါးထောက်ပြီး ကြမ်းတမ်းစွာ မောင်းထုတ်လိုက်ကြသည်။ "သွားသွား... အကုန်သွားကြ၊ နင်တို့အိမ်က ကိစ္စလည်း မဟုတ်ဘဲနဲ့ ဘာတွေ လာပြောနေတာလဲ၊ နားငြီးတယ်၊ အကုန် ထွက်သွားကြ"

အဒေါ်လီက သူ့မိဘအိမ်တွင် ကြွားဝါပြီး ပြန်လာခါစမို့ အားအင် ပြည့်နေလေသည်။ လူတွေ ပြောဆိုနေကြတာ ကြားတော့ ရှန်မြောင်က ကွာရှင်းပြီးမှ နောက်အိမ်ထောင်ပြုတာတောင် အထက်တန်းလွှာကို ရောက်သွားတယ်ဆိုပြီး ပြောနေကြတာကို ကြားလိုက်ရသည်။ သူမက မီးရှူးမီးပန်းလို ပေါက်ကွဲထွက်သွားပြီး အေးစက်စက် ပြုံးလျက် ခြေတစ်လှမ်းတိုးကာ ဆဲဆိုလိုက်တော့သည်။

"နင်က ဘယ်ချောင်က ထွက်လာတဲ့ မိန်းမလဲ၊ ပါးစပ်သရမ်းမနေခင် ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်ဦး၊ နင် တော်ရင် နောက်တစ်ခါ အိမ်ထောင်ပြုတဲ့အခါ ဒီလို ချောမောချမ်းသာတဲ့ လူပျိုလေး ရအောင်ယူလေ၊ မစွမ်းဆောင်နိုင်ရင် မနာလိုမဖြစ်နဲ့၊ အထက်တန်းလွှာ ရောက်သွားတော့ ဘာဖြစ်လဲ၊ နင်မှ မရောက်နိုင်တာ၊ သူများရောက်တာကို မနာလို မဖြစ်နဲ့လေ၊ ရှန်အိမ်ရှေ့ လာရပ်ပြီး ရှန်အိမ်က သမီးပျိုကို အတင်းပြောရအောင် နင့်အကျင့်စာရိတ္တကရော ဘယ်လောက် ကောင်းနေလို့လဲ၊ ထွီ... ကိုယ့်ရှူးကိုယ် ပြန်ပက်ပြီး ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်လိုက်ဦး"

အဒေါ်လီ၏ စကားလုံးများက ဝါးပိုးဝါးရိုက်သကဲ့သို့ တရစပ် ထွက်ပေါ်လာသဖြင့် ထိုလူမှာ မျက်နှာများ ပြာနှမ်းသွားပြီး ဘာမှ ပြန်မပြောနိုင်ဘဲ ဒေါသတကြီးဖြင့် လက်ခါကာ ထွက်သွားရတော့သည်။

"ဘယ်သူက နင့်ကို လာစေချင်လို့လဲ၊ မြည်းကန်ခံရမယ့်ကောင်" အဒေါ်လီက တံခါးစောင့်နတ်မင်းကဲ့သို့ ခါးထောက်လျက် ခြံတံခါးဝတွင် ရပ်ကာ ဘယ်ညာ ကြည့်နေသည်။ မျက်စိနောက်စရာ လူများ ရှိသေးလားဆိုပြီး ရှာဖွေနေသေးသည်။

ကူသာ့စောင်ကလည်း တံမြက်စည်းကို ကိုင်ကာ လူများကို လိုက်မောင်းနေသည်။ ဒေါသထွက်လွန်းလို့ ခေါင်းပေါ်က ဆံထိုးများ ယိမ်းထိုးနေပြီး မျက်နှာကို လာရိုက်နေတာတောင် ဂရုမစိုက်နိုင်ပေ။

လမ်းကြားထဲမှ အဒေါ်ကြီးများသည် ဒီနေ့မနက်စောစောကတည်းက အိမ်ရှိ အကောင်းဆုံး အဝတ်အစားများ၊ ဖိနပ်များ ဝတ်ဆင်ထားကြသည်။ တန်ဖိုးရှိသော လက်ဝတ်ရတနာများကိုလည်း ခေါင်းနှင့် လက်တွင် အကုန် ဝတ်ဆင်ထားကြသည်။ အဘွားကျန့်က အဆိုးဆုံး ဖြစ်သည်။ အိမ်ရှိ ရွှေဆံထိုးအားလုံးကို ခေါင်းပေါ် ထိုးထားသဖြင့် လမ်းလျှောက်လျှင် ခေါင်းကို ကိုင်ထားရသည်တွင် ရှန်မြောင်မှာ သူမ၏လည်ပင်း နာသွားမှာကို စိုးရိမ်နေမိသည်။

ရှန်မြောင်နှင့် ရှဲ့ချီက အခန်းထဲတွင် ပုန်းနေပြီး ဤမြင်ကွင်းကို ကြည့်ကာ ရင်ထဲ နွေးထွေးနေမိသည်။

ယခုအချိန်တွင် ပြတင်းပေါက်ဘောင်ကို ကိုင်ပြီး အပြင်သို့ ချောင်းကြည့်နေသော သူတို့နှစ်ယောက်၏ ခေါင်းဘေးတွင် လေထင်နှင့် ချီလင်တို့၏ အမွှေးပွခေါင်းကြီးနှင့် ခေါင်းသေးလေးတို့လည်း ရှိနေသည်။

ထုံးတမ်းစဉ်လာအရ မင်္ဂလာတင်တောင်းပွဲတွင် သတို့သားနှင့် သတို့သမီးက ရှိနေခွင့်မရှိပေ။ သူတို့နှစ်ယောက် ရင်းနှီးလွန်းလို့ ဘယ်လိုပဲဖြစ်ဖြစ် ဟန်ဆောင်ကောင်းရပေမည်။ ထို့ကြောင့် လက်ဆောင်များ စတင် ဖြန့်ခင်းကတည်းက သူတို့နှစ်ယောက်သည် လေထင်၊ ချီလင်တို့နှင့်အတူ အခန်းထဲတွင် အောင်းနေရပြီး ပြတင်းပေါက်ကြားမှ ကိုယ့်ပွဲကိုယ် ပြန်ချောင်းကြည့်နေရခြင်း ဖြစ်သည်။

အခန်းထဲတွင် ပူအိုက်နေ၏။ နွေရာသီ အစပျိုးရုံသာ ရှိသေးသော်လည်း လမ်းထိပ်က မိုးမခပင်ကြီးတောင် နေပူသဖြင့် ညှိုးကျနေလေပြီ။ ရှန်အိမ်၏ စည်ကားသိုက်မြိုက်မှုကသာ ရာသီဥတုနှင့် လိုက်ဖက်နေလေသည်။

လက်ဆောင်များ အကုန် ရောက်လာသောအခါ အဒေါ်ကုက သုံးခေါက်လောက် ပြန်ရေတွက်နေသည်။ အဘွားကျန့်က ရွှေရည်စိမ် ကြေးငန်းရုပ်တုရှေ့တွင် ထိုင်ချလိုက်ပြီး အကြာကြီး ကြည့်နေလေသည်။ လက်ချောင်းထိပ်လေးဖြင့် ထိုးကြည့်ပြီးမှ ဘေးနားက အဘိုးကျန့်ကို အတည်ပြုပြောလိုက်လေသည်။ "ဒီငန်းရုပ်တွဲကို ကြည့်ပါဦး၊ အသားတွေကြီးပဲ၊ အနည်းဆုံး ၂ ကျင်းလောက် ရှိမယ်"

အဘိုးကျန့်က ခေါင်းညိတ်လိုက်သည်။ "ငါကြည့်ရတာလည်း ဟုတ်မယ်ထင်တယ်၊ တော်တော် ရက်ရောတာပဲ၊ ဟိုတလောက အရမ်းချမ်းသာပါတယ်ဆိုတဲ့ သူဌေးကျိုး မင်္ဂလာဆောင်တုန်းက သူများတွေ သွားကြည့်ကြတာ၊ သူတို့ပေးတဲ့ ငန်းရုပ်က ကြေးပြားပဲ ကပ်ထားတာတဲ့၊ အထဲမှာ သစ်သားတွေကြီးပဲ၊ သတို့သမီးဘက်က အတင်းပြောတာ ခံလိုက်ရသေးတယ်၊ လူကို အထင်သေးတာတဲ့"

"ဒါက ဘာမှ မဟုတ်သေးဘူး" ကူသာ့လန်က လျှောက်လာပြီး အဘိုးကျန့်နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "အဘ မမြင်လိုက်ဘူးလား၊ တတိယမြောက် သေတ္တာထဲမှာ ကနုတ်ပန်းတွေနဲ့ ယွန်းသေတ္တာအကြီးကြီး ရှိတယ်၊ အထဲမှာ နန်းတွင်းတံဆိပ်ပါတဲ့ နဂါးပုံ ဇာမဏီပုံ လက်ဖက်ခြောက်တုံး အခု ၂၀ လောက် ရှိတယ်၊ အဲဒါ ပိုက်ဆံရှိတိုင်း ဝယ်လို့ရတဲ့အရာ မဟုတ်ဘူးဗျ"

ဒါ့အပြင် သူတို့တွေ ကျောက်စိမ်းအတုံးလိုက် ထွင်းထားတဲ့ ကျောက်စိမ်းယပ်တောင်၊ တောင်းလိုက် ပုံထားတဲ့ ပိုးဖဲတွေ၊ တောင်ပိုင်းက ပါရှန်းကုန်သည်တွေဆီက ဝယ်လာတဲ့ ပုလဲလုံးကြီးတွေ...

တစ်ပတ်ကြည့်ပြီးသွားတော့ ကူသာ့စောင်နှင့် အဒေါ်လီတို့ ရင်တုန်လာပြီး ခြံတံခါးကို ပိတ်ချင်စိတ် ပေါက်သွားကြသည်။ ဒီလောက် ပစ္စည်းကောင်းတွေ၊ တော်ကြာ တစ်ခုနှစ်ခု ပျောက်သွားရင် ဘယ်လိုလုပ်မလဲ။

သို့သော်ငြား ရှဲ့မိသားစု၏ အစေခံများ၊ ဆွေမျိုးများနှင့် အလွန်ချောမောသော ရှဲ့သခင်၊ ရှဲ့ကတော်တို့က ပြုံးပြုံးလေး ကြည့်နေကြသည်။ သူတို့တောင် မကြောက်တာ။ အဒေါ်လီက ကူသာ့စောင်ကို မျက်စပစ်ပြလိုက်သည်။ "ငါတို့လည်း သဘောထား သေးသိမ်မနေကြစို့၊ ခါးမတ်မတ်ထား၊ ဒီလိုမြင်ကွင်းမျိုး မြင်ဖူးနေကျပုံစံ ဟန်ဆောင်ထားမှ တာ့ကျဲအာကို သူများ အထင်မသေးမှာ"

ထို့ကြောင့် သူတို့အားလုံး ရင်ကော့ခေါင်းမော့ပြီး ဗဟုသုတကြွယ်ဝသကဲ့သို့၊ စိတ်လှုပ်ရှားမှုမရှိသကဲ့သို့ ဟန်ဆောင်ထားကြသော်လည်း ရင်ထဲတွင်တော့ ယုန်ကလေး ခုန်နေသကဲ့သို့ တဒိန်းဒိန်း ဖြစ်နေကြသည်။

ကံကောင်းထောက်မစွာဖြင့် မင်္ဂလာအချိန်ကျရောက်လာသည်။ ရှဲ့မိသားစု ဆွေမျိုးထဲမှ လူကြီးတစ်ယောက်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး ရွှေမှုန်ဖြူးထားသော မင်္ဂလာစာတမ်းကို ဖွင့်ကာ အသံဩဩကြီးဖြင့် ဖတ်ကြားလေသည်။ "ငန်းရုပ်များဖြင့် သက်သေပြုပါ၏... ရွှေတုံး ၁၂ တုံး၊ ရွှေလက်ကောက်၊ ရွှေခြေကျင်း၊ ရွှေပုဝါ စသည်ဖြင့် ရွှေသုံးမျိုး စုံလင်စွာ၊ ပိုးဖဲ ၆ သေတ္တာ၊ ဖဲသား ၆ သေတ္တာ၊ အသားငါးပင်လယ်စာ ၈ တန်၊ လယ်ယာမြေစာချုပ်များ..." ဖယောင်းတိုင် တစ်တိုင်စာ ကြာသည်အထိ ဖတ်ကြားလေသည်။

ဒါက သူမ ထင်ထားတာထက်တောင် များနေသေးသည်။ ရှန်မြောင် ကြောင်တောင်တောင်ဖြင့် ရှဲ့ချီကို လှည့်ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။ "ဘာလို့ ဒီလောက် များတာလဲ"

ရှဲ့ချီက နားရွက်များ နီရဲနေပြီး မျက်လုံးများက ဟိုကြည့်ဒီကြည့် ဖြစ်နေသည်။ "မများပါဘူး၊ ကိုယ်... ကိုယ့်အိမ်က မိန်းမယူရင် ဒီလိုပဲ ပေးနေကျပါ၊ တကယ်ပါ"

တကယ်လား။ ရှန်မြောင် သံသယဖြင့် သူ့ကို ကြည့်လိုက်သည်။ ရှဲ့ချီက တခြားဘက်သို့ လှည့်သွားလေသည်။

မြောက်ပိုင်းစုန့်ခေတ် မင်္ဂလာဆောင်များတွင် "လက်ဆောင် ၁၂ မျိုး" ပေးလေ့ရှိသည်။ ရွှေထည် ကျောက်မျက်ရတနာများကို စုံလိုက်မက်လိုက် ပေးရသည်။ လက်ဖက်ရည်နှင့် အရက်ကိုလည်း တွဲဖက်ပေးရသည်။ အခု ၃၂ သေတ္တာတောင် ရှိနေပြီ။ ၃ ဆ နီးပါး များနေသည်။

ရှဲ့ချီသည် ချန်ကျိုးသို့ မင်္ဂလာကိစ္စ အကြောင်းကြားစာ ပို့တုန်းက စာအိတ်ပိတ်လို့မရအောင် ထူနေသည်ကို သူမ ရုတ်တရက် သတိရသွားသည်။ ကျိုကော၏ စေ့စပ်သေချာသော အကျင့်စရိုက်အရ အဲဒီအချိန်ကတည်းက ဒီနေ့အတွက် ကြိုတင်စီစဉ်နေခဲ့တာ ဖြစ်လောက်သည်။

ရှန်မြောင်သညိ ရင်ထဲတွင် မည်သို့ ခံစားရမှန်း မသိတော့ပေ။ သူမက မာန်မာနကြီးသော မိန်းကလေး မဟုတ်ပေ။ ရှဲ့မိသားစုက ဒီလောက် လက်ဆောင်မပေးလျှင်လည်း သူမကို နှိမ်သည်ဟု ခံစားရမည် မဟုတ်သလို ကျိုကောက သူမကို မလေးစားဘူးဟုလည်း ထင်မည် မဟုတ်ပေ။

သို့သော် ယခုအချိန်တွင် သူမသည် ရှဲ့မိသားစု၏ အလေးထားမှုကို အမှန်တကယ် ခံစားလိုက်ရပြီး ရင်ထဲတွင် နေရောင်ခြည် ဖြာကျသကဲ့သို့ တဖြည်းဖြည်း လင်းလက်လာတော့သည်။

...

All Chapters