အခန်း (၁၇၉-၁၈၀)
Vol. 18 Ch. 179-180
အပိုင်း (၁၇၉)
မနက်ပိုင်းတွင် စည်ကားသိုက်မြိုက်ပြီးနောက် လက်ဆောင်ပစ္စည်း စာရင်းများကို စစ်ဆေးကာ တောင်ဘက်အဆောင်တွင် သော့ခတ်သိမ်းဆည်းပြီးသောအခါ ရှန်မြောင်နှင့် ရှဲ့ချီ အပါအဝင် ကြောင်တစ်ကောင် ခွေးတစ်ကောင်တို့သည် အကျယ်ချုပ်မှ လွတ်မြောက်လာပြီး လွတ်လွတ်လပ်လပ် သွားလာခွင့် ရလာတော့သည်။
ရှီးသာ့ညန်ဇီနှင့် ရှဲ့အဖေတို့သည် သူမကို ကြင်နာယုယသော အကြည့်များဖြင့် ကြည့်နေကြသည်။ သူတို့အကြည့်များကြောင့် ရှန်မြောင်မှာ မျက်နှာနီသွားရသည်။
"သမီး လာပါဦး၊ ဒီနေ့က နေ့ကောင်းရက်သာလေ၊ သမီးလည်း နားလိုက်ပါဦး၊ အမေ ဖန်လိုမှာ စားပွဲဝိုင်းမှာထားတယ်၊ အတူတူသွားပြီး အောင်ပွဲခံကြတာပေါ့" ရှီးသာ့ညန်ဇီက ပြုံးရွှင်စွာဖြင့် ရှန်မြောင်၏ပခုံးကို ဖက်လိုက်ပြီး နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
"ကျိုကောက သူ့အဖေနဲ့ စိတ်တူကိုယ်တူပဲ၊ ဒါပေမဲ့ သူ့အဖေထက် ပိုတော်တာက ဟန်ဆောင်ကဗျာတွေ မရေးတတ်တာပဲ၊ ဒီကလေးက ကံကြမ္မာဆိုးတယ်၊ ကံမကောင်းဘူးထင်လို့ သူ့အပေါ် အများကြီး မမျှော်လင့်ခဲ့ဘူး၊ ကျန်းမာပြီး ဘေးကင်းပါစေလို့ပဲ ဆုတောင်းပေးခဲ့တာ၊ သူက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီး သမီးနဲ့ ဆုံတွေ့ရမယ်လို့ ဘယ်သူ ထင်ထားမှာလဲ၊ အခုမှ သိလိုက်ရတယ်၊ သူ့ကံကောင်းခြင်းတွေက ဒီနေရာမှာ လာစုနေတာကိုး"
ရှန်မြောင်က ချီးကျူးခံရလွန်းသဖြင့် ရှက်ပြီး ခေါင်းငုံ့ထားလိုက်မိသည်။
ရှီးသာ့ညန်ဇီက သူမလက်ဖမိုးကို ပုတ်ပေးပြီး ရင်းနှီးစွာ ပြောလိုက်ပြန်သည်။ "ကျိုကောရဲ့ အဘွားက ကျန်းမာရေးမကောင်းလို့ ဒီနေ့ မလာနိုင်ခဲ့ဘူး၊ ဒါပေမဲ့ သူ မင်္ဂလာဆောင်တုန်းက ပါလာတဲ့ ကျောက်စိမ်းလက်ကောက်ကို သမီးအတွက် လက်ဆောင်ပေးခိုင်းလိုက်တယ်၊ ဒါက သမီးကို သဘောကျတဲ့ သက်သေပဲ၊ အဘွားတင် မကဘူး၊ အမေနဲ့ အဖေလည်း သမီးကို သဘောကျပါတယ်၊ နောက်ပိုင်း သားတို့ ချန်ကျိုး ပြန်နေစရာ မလိုပါဘူး၊ ကြိုက်တဲ့နေရာမှာ နေလို့ရပါတယ်၊ အမေကတော့ အမြဲတမ်း တွေးထားတာပါ၊ မိန်းကလေးတစ်ယောက် အိမ်ထောင်ကျသွားလည်း မူလအတိုင်း နေသင့်တယ်လို့လေ၊ ဒါကြောင့် သမီး ရှန်ကျိဆိုင်ပိုင်ရှင် ဆက်လုပ်ပါ၊ တခြားအရာတွေ ပူစရာ မလိုပါဘူး"
ရှန်မြောင် မျက်လုံးများ တုန်လှုပ်သွားသော်လည်း ရှီးသာ့ညန်ဇီကတော့ သူမကို နူးညံ့စွာ ပြုံးပြနေလေသည်။
"သမီးနဲ့ ကျိုကောနဲ့ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေသွားကြရင် အမေတို့အတွက် ပြည့်စုံပါပြီ"
ရှဲ့ချီကိုတော့ အဒေါ်ကြီးများက ဆွဲခေါ်သွားပြီး ရှန်မြောင်ကို ကောင်းကောင်းထားဖို့ ဝိုင်းမှာနေကြသည်။ ကူသာ့လန်က ရှုပ်ထွေးနေသည့်ကြားမှ စာအုပ်တစ်အုပ်ကို သူ့လက်ထဲ ထိုးထည့်ပေးလိုက်ပြီး ညဘက် အားရင် ဖတ်ကြည့်ဖို့ မျက်စပစ်ပြလိုက်သေးသည်။
ရှဲ့ချီ ခေါင်းငုံ့ကြည့်လိုက်ရာ အပြာရောင်မျက်နှာဖုံးပေါ်တွင် "လိကျိ" (ထုံးတမ်းစဉ်လာစာအုပ်) ဟု သပ်ရပ်စွာ ရေးထားသည်ကို တွေ့လိုက်ရသည်။ သူ ဖတ်ဖူးပြီးသား ဖြစ်သော်လည်း လိမ်မ္မာစွာ လက်ခံလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။
ထို့နောက် အိမ်နီးနားချင်းများကို ပြန်လွှတ်လိုက်ပြီး ရှန်မြောင် ဆိုင်ပိတ်ကာ ရှဲ့မိသားစုနှင့်အတူ ဖန်လိုသို့ မြင်းလှည်းဖြင့် ထွက်ခွာသွားလေသည်။ သူမ ရှေ့ကထွက်သွားပြီး နဉ်ယီက နောက်က ရောက်လာသဖြင့် လွဲသွားခြင်း ဖြစ်သည်။
ပြောရလျှင် သူမ ပြန့်ကျင်းမြို့သို့ ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း ဖန်လိုသို့ တစ်ခါမှ မရောက်ဖူးပေ။ ဘယ်နားမှာ ရှိမှန်းလောက်သာ သိပြီး လူတိုင်း ချီးမွမ်းပြောဆိုနေသည်ကိုသာ ကြားဖူးသည်။
ရှန်မြောင်၏ မှတ်ဉာဏ်ထဲတွင် ဖန်လိုအစစ်အမှန် မရှိခဲ့ပေ။ သူမ၏ စိတ်ကူးထဲတွင် ဖန်လိုသည် မိုးထိအောင်မြင့်မားသော စားသောက်ဆိုင်ကြီး ဖြစ်ပြီး နတ်ဘုံနတ်နန်းကဲ့သို့ ထင်မှတ်ထားသည်။ ထို့ကြောင့် ရှန်မြောင်သည် ဖန်လိုဆိုသည်မှာ ၅ ထပ်မြင့်သော စားသောက်ဆိုင်ကြီး တစ်ခုသာ ဖြစ်မည်ဟု ယူဆထားခဲ့သည်။
အနာဂတ်ခေတ်တွင် အထပ်ရာချီမြင့်သော အဆောက်အအုံများ မြင်ဖူးသဖြင့် သူမသည် ဖန်လိုသို့သွားရာလမ်းတွင် တည်ငြိမ်နေခဲ့သည်။
သို့သော် ဖန်လိုအစစ်ကို တွေ့လိုက်ရသောအခါ အဝေးမှ လှည်းပြတင်းပေါက်ကို ဖွင့်ကြည့်ရင်း အံ့အားသင့်သွားတော့သည်။
ဖန်လိုသည် အဆောက်အအုံ တစ်လုံးတည်း မဟုတ်ပေ။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အလယ် ဟူ၍ ငါးလုံးတွဲလျက် တည်ဆောက်ထားသော ဧရာမ အဆောက်အအုံအစုအဝေးကြီး ဖြစ်သည်။ အဆောက်အအုံများကြားတွင် တံတားများ၊ စင်္ကြံများဖြင့် ဆက်သွယ်ထားပြီး အလင်းအမှောင်များဖြင့် ခမ်းနားထည်ဝါလှသည်။ အမြင့်ဆုံးဖြစ်သော အရှေ့ဘက်အဆောက်အအုံသည် ပြန့်ကျင်းမြို့၏ အမြင့်ဆုံး အဆောက်အအုံများထဲမှ တစ်ခုဖြစ်ပြီး နန်းတော်ကိုပင် လှမ်းမြင်နိုင်သည်။
ရောက်သွားသောအခါ အနည်းငယ် ကြန့်ကြာသွားသည်။
လူများလွန်းသဖြင့် အရှေ့ဘက်တွင် မြင်းလှည်းရပ်နားရန် ပြုလုပ်ထားသော နေရာသည် ပြည့်ကျပ်နေသည်။ ထို့အပြင် အရက်သယ်ယူသော လှည်းသမားများလည်း ရှိနေသည်။ ဖန်လိုသည် ပြန့်ကျင်းမြို့ရှိ အဓိက ဆိုင်ကြီး ၇၂ ဆိုင်ထဲမှ ထိပ်တန်းဆိုင်ကြီးဖြစ်ပြီး နေ့စဉ် အရက်ဝယ်ယူရောင်းချသူ ၃၀၀၀ ခန့် လာရောက်လေ့ရှိသည်။
ရှန်မြောင်တစ်ယောက် မျက်လုံးများ အရောင်တောက်လာ၏။
ရှီးသာ့ညန်ဇီသည် သူမ စိတ်ဝင်တစား ကြည့်နေသည်ကို မြင်သောအခါ သဘောကျသွားပြီး ရှင်းပြလေသည်။ ဖန်လိုသည် စားသောက်ဆိုင် သက်သက်မဟုတ်ဘဲ ဖျော်ဖြေရေးနေရာများ၊ ဆိုင်ခန်းများ ပါဝင်ပြီး ဘာမဆို ဝယ်ယူရရှိနိုင်သည်။
အတွင်းဘက်ရှိ ဆိုင်ခန်းများသည် ဖန်လိုက ကိုယ်တိုင်ဖွင့်ထားခြင်း မဟုတ်ဘဲ "ဆိုင်ခန်းငှားရမ်းခြင်း" စနစ်ဖြင့် အမြတ်ငွေ ရယူခြင်း ဖြစ်သည်။
ရှန်မြောင် နားလည်သွားပြီ ဖြစ်သည်။
ဖန်လိုသည် ပြန့်ကျင်းမြို့သာမက စုန့်ခေတ်၏ တစ်ခုတည်းသော "Shopping Mall" ကြီး ဖြစ်သည်။ ရှေးခေတ်လူများ၏ ကုန်တိုက်ကြီးပါလား။
ဟုတ်သားပဲ... တကယ်တမ်းကျတော့ အနာဂတ်ခေတ်က စီးပွားရေးနည်းလမ်း တော်တော်များများကို ဘိုးဘေးတွေက စဉ်းစားခဲ့ပြီးသားပဲ။ သူမသာ ဗဟုသုတ နည်းပါးခဲ့တာ။
ရှန်မြောင်သည် ပိုပြီး စိတ်ဝင်စားလာ၏။ အရင်တုန်းက စားသုံးသူများ ဖန်လိုအကြောင်း ကြွားလုံးထုတ်တာ၊ အိမ်နီးနားချင်းများက သူမလက်ရာကို ဖန်လိုစားဖိုမှူးနှင့် နှိုင်းယှဉ်တာကို ကြားဖူးပေမယ့် ဂရုမစိုက်ခဲ့ပေ။ ရှန်မြောင် စိတ်ထဲက ဖန်လိုပုံစံက လွဲမှားနေပြီး အလုပ်ရှုပ်နေသဖြင့် ကိုယ်တိုင် သွားမကြည့်ဖြစ်ခဲ့ပေ။
သူမ ဖန်လိုကို မသွားဖြစ်တာက သူမကိုယ်တိုင်တောင် သတိမထားမိဘဲ ခေတ်သစ်လူသားတစ်ယောက်ရဲ့ မာနတရား ရှိနေလို့များလား။ သူမ လာခဲ့တဲ့ ခေတ်က နှစ်ပေါင်းတစ်ထောင်လောက် တိုးတက်နေတာဆိုတော့ ဘာမမြင်ဖူးတာ ရှိလို့လဲ၊ ဘာမရှိတာ ရှိလို့လဲ ဆိုပြီး တွေးမိခဲ့တာ ဖြစ်နိုင်တယ်။
ဒါပေမဲ့ ဖန်လိုကို မြင်လိုက်ရတော့ တကယ် မျက်စိပွင့်တာပဲ။
ရှန်မြောင်သည် စိတ်ထဲတွင် ရှက်ရွံ့မိသွားလေသည်။
ဒါပေမဲ့ ရောက်လာတာ ကောင်းပါတယ်။ ပြန့်ကျင်းမြို့လယ်မှာ ဒီလောက်ကြီးမားတဲ့ ကုန်တိုက်ကြီး ဖွင့်နိုင်ပြီး ဒီလောက် အောင်မြင်နေတာဆိုတော့ သူတို့ရဲ့ စီမံခန့်ခွဲမှု နည်းလမ်းတွေကို သေချာ လေ့လာသင့်တယ်။
ရှဲ့ချီက ရှန်မြောင် မျက်လုံးများ တောက်ပနေသည်ကို ကြည့်ပြီး ခေါင်းငုံ့ပြုံးလိုက်သည်။ သူ တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။ အားမြောင်ရဲ့ စိတ်က စီးပွားရေးဘက် ရောက်သွားပြီ။ ဒီနေ့က စေ့စပ်ပွဲလက်ဆောင် လက်ခံတဲ့ နေ့ထူးနေ့မြတ်ဆိုတာတောင် အရေးမကြီးတော့သလိုပဲ။
သူ စိတ်ထဲတွင် တိုးတိုးလေး တွေးလိုက်သည်။ သူမ ပျော်ရင် ပြီးတာပါပဲ။
အတွင်းသို့ ဝင်လိုက်သောအခါ ရှန်မြောင် အပြင်ဘက်က ခန့်မှန်းခဲ့သည့်အတိုင်း ဖန်လိုသည် ကုန်တိုက်ကြီးတစ်ခု ဖြစ်နေသည်။
အလယ်ပေါက်မကြီးမှ ဝင်လိုက်သည်နှင့် ပထမထပ် ခန်းမ၊ ဒုတိယထပ်၊ တတိယထပ် အခန်းများအားလုံးကို ဆိုင်ခန်းအမျိုးမျိုး ငှားရမ်းထားသည်။ ဆိုင်းဘုတ်မျိုးစုံ၊ ကြော်ငြာမျိုးစုံဖြင့် မျက်စိကျိန်းလောက်အောင် စုံလင်လှသည်။ အရက်ရောင်းသည့် ဆိုင်များက အများဆုံး ဖြစ်သည်။
နေရာတိုင်းတွင် အရက်နံ့များ မွှေးပျံ့နေသည်။
"ပြန့်ကျင်းမြို့ရဲ့ အကောင်းဆုံး ရှို့မေအရက်နဲ့ ကျိဟယ်အရက် နှစ်မျိုးကို ဖန်လိုကပဲ ချက်လုပ်နိုင်တာ" ရှီးသာ့ညန်ဇီက ရှန်မြောင်၏ လက်မောင်းကို ချိတ်လျက် ဘေးချင်းယှဉ် လမ်းလျှောက်ရင်း ပြောပြလေသည်။ "ဒုတိယထပ်နဲ့ တတိယထပ်မှာ စားကောင်းသောက်ဖွယ်တွေ အများကြီး ရှိတယ်၊ သူတို့က ဟင်းပွဲနမူနာတွေ လုပ်ထားပြီး စားသုံးသူတွေကို ပြသထားတယ်၊ ပန်းကန်ခွက်ယောက်တွေကအစ ငွေထည်တွေ သုံးထားတာ"
ရှန်မြောင်က တွေးတောရင်း နားထောင်နေ၏။ ဖန်လို၏ စီးပွားရေးပုံစံက ထူးခြားရုံသာမက အဆင့်မြင့် လူတန်းစားကို ဦးတည်ထားပြီး ကိုယ်ပိုင် အမှတ်တံဆိပ်များလည်း ရှိသဖြင့် ဒီလောက် ကျော်ကြားနေခြင်း ဖြစ်သည်။
"အနောက်ဘက် အဆောက်အအုံမှာ သီချင်းဆို ကခုန်တဲ့ အနုပညာသည်တွေ ရှိတယ်၊ အရင် ဘုရင်မင်းမြတ်တောင် နာမည်ကြီး အနုပညာသည်တွေနဲ့ လာတွေ့ဖူးတယ်လို့ ကြားတယ်၊ သီချင်းတွေတောင် စပ်ဆိုခဲ့ကြသေးတယ်" ရှီးသာ့ညန်ဇီက အသံနှိမ့်ပြီး ဆက်ပြောလေသည်။ "မြောက်ဘက် အဆောက်အအုံကတော့ ပိုးဖဲ၊ ရတနာ၊ ရေမွှေး စတဲ့ နိုင်ငံခြားကုန်ပစ္စည်း ဈေးကြီးတာတွေ ရောင်းတယ်၊ စန်းကောတောင် အရင်တုန်းက ဒီမှာ သိမ်းငှက်တစ်ကောင် လာဝယ်ဖူးတယ်၊ မုဆိုးခွေး ရောင်းတဲ့ဆိုင်တွေတောင် ရှိသေးတယ်၊ တောင်ဘက် အဆောက်အအုံကတော့ မြင်းစီးလမ်းတွေ လုပ်ထားပြီး နေရာထိုင်ခင်းတွေ အများကြီး ရှိတယ်၊ ရောင်းတဲ့ ပစ္စည်းတွေကလည်း သက်သာတယ်..."
ရှန်မြောင် နားလည်သွားပြီ။ ဖန်လိုက တကယ် စုံလင်လှသည်။ ဇိမ်ခံပစ္စည်းဆိုင်၊ တိရစ္ဆာန်ဆိုင်၊ KTV၊ စားသောက်တန်း အစုံရှိသည်။
"ရောက်ပြီ... ငါတို့ မှာထားတဲ့ အခန်းက ဒီမှာ"
တတိယထပ်သို့ ရောက်သောအခါ သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ရုပ်ရည်ချောမောသော စားပွဲထိုးလေးက လှေကားထိပ်တွင် စောင့်ကြိုနေသည်။ ယဉ်ကျေးသိမ်မွေ့စွာဖြင့် ကြိုတင်စာရင်းသွင်းထားသော ကတ်ပြားကို ကြည့်ပြီးနောက် သူတို့ကို အတွင်းသို့ ခေါ်ဆောင်သွားလေသည်။
ရှန်မြောင်သည် အတွင်းပိုင်း အပြင်အဆင်ကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ခန်းမကြီးကို ရှင်းလင်းတောက်ပစွာ ပြင်ဆင်ထားပြီး ဘေးနှစ်ဖက်တွင် စားသောက်ခန်းများ ကန့်ထားသည်။ တံခါးပေါ်တွင် ဆိုင်းဘုတ်များ ချိတ်ထားပြီး ကြမ်းပြင်ပေါ်တွင် ပါရှန်းကော်ဇော ထူထူများ ခင်းထားသည်။
စားသောက်ခန်းတိုင်း၏ အလယ်တိုင် သို့မဟုတ် အခန်းကန့်နံရံများပေါ်တွင် သူတို့၏ နာမည်ကြီးဟင်းလျာ ပန်းချီကားများနှင့် ကဗျာများကို ချိတ်ဆွဲထားသည်။ "သံအိုးထဲ ထင်းရှူးထင်းမီးမွှေး၊ နှင်းရည်ထဲ ပယင်းရောင် ပေါ်လာ - တောင်ဆိတ်သားပြုတ်"၊ "ရွှေရောင်ငါးအသားစိမ်း၊ ဂန္ဓမာနှင်းရည်စိမ် - ဂဏန်းလိမ္မော်ပေါင်း"၊ "မိုးခြိမ်းသံကြား ကျောက်စိမ်းမျှစ်၊ ရေခဲပန်းကန်ထဲက ကျောက်စိမ်းစောင်း - သုံးမျိုးစုံဟင်းချို"။
အပြင်အဆင်က တကယ် ကောင်းလှသည်။ ကြယ်ငါးပွင့်ဟိုတယ်မှ တရုတ်စားသောက်ခန်းမပုံစံမျိုး ခံစားရသည်။
ရှန်မြောင်သည် မျက်လုံးဒေါက်ထောက် ကြည့်နေမိသည်။ ကြည့်ရင်းကြည့်ရင်း သူမ၏ လက်ဖက်ရည်ဆိုင်ကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာ စိတ်ကူးများ ပေါ်လာတော့သည်။
ဒီတစ်ခေါက် ဖန်လိုကို လာရတာ တန်သည်။
အခန်းထဲ ရောက်သောအခါ အသက်အရွယ်ကြီးစဉ်ငယ်လိုက်၊ ကျားမ ခွဲခြားပြီး နေရာထိုင်ခင်း ချပေးကြသည်။ ထို့နောက် ခွက်မြှောက် ဂုဏ်ပြုကြသည်။ ရှဲ့အဖေက ကဗျာရွတ်သည်။ သီချင်းဆိုသော မိန်းကလေးနှစ်ယောက်ကို ခေါ်ထားသည်။ သူမနှင့် ရှဲ့မိသားစုက ရင်းနှီးနေပြီဖြစ်၍ စကားပြောရတာ အဆင်ပြေသည်။
နောက်ပိုင်း သုံးခွက်တစ်ခါ သောက်ပြီးသောအခါ ရှဲ့အဖေသည် လျှာလေးအာလေးဖြင့် မူးသွားပြီး ရှီးသာ့ညန်ဇီ၏ ပေါင်ပေါ်သို့ မှောက်ချလိုက်ကာ ဖက်ထားပြီး မလွှတ်တော့ပေ။
ရှီးသာ့ညန်ဇီသည် မျက်နှာပူလာပြီး မိဘပုံရိပ်ကို ထောက်ထားသဖြင့် ဖြည်းဖြည်းချင်း တွန်းဖယ်လိုက်သော်လည်း မရပေ။ နောက်ဆုံး သည်းမခံနိုင်တော့ဘဲ အားကုန် တွန်းထုတ်လိုက်ရာ သူသည် ပါရှန်းကော်ဇောပေါ်သို့ လိမ့်ကျသွားလေသည်။ ပါးစပ်က "ချွန်းကျွင်း... ငါ့ကို မကန်ပါနဲ့၊ ငါ ဒီနေ့ စာကြည့်ခန်းထဲ မအိပ်ချင်ဘူး" ဟု ရေရွတ်နေသေးသည်။
ရှီးသာ့ညန်ဇီ မျက်လုံးများ လှုပ်ခတ်သွားပြီး အဝတ်အစားလဲရန် အမြန် ထသွားလိုက်သည်။
ရှန်မြောင် ခေါင်းအမြန်ငုံ့လိုက်ပြီး ဟင်းလျာများကို အာရုံစိုက် စားသောက်နေဟန် ဆောင်လိုက်သည်။ သို့သော် ဖန်လို၏ အစားအစာများသည် တကယ်ပင် "စုန့်ပုံစံ" ဆန်ပြီး သပ်ရပ်လှသည်။ ပမာဏနည်းပြီး သပ်ရပ်သော ပုံစံသည် မီရှယ်လင်း စားသောက်ဆိုင်များကိုပင် အမှတ်ရစေသည်။
သို့ပေသိ သူ့စတိုင်နဲ့သူ ကိုက်ညီမှု ရှိသည်။
ဒါကြောင့် ဆိုင်ကြီးကြီး ဖွင့်ချင်ရင် ရှင်းလင်းတဲ့ ရည်မှန်းချက်၊ ကိုက်ညီတဲ့ အပြင်အဆင်၊ ပြိုင်ဆိုင်မှု ရှိတဲ့ ဟင်းလျာတွေနဲ့ နာမည်ကြီးမယ့် အမှတ်တံဆိပ်တစ်ခု လိုအပ်တယ်။
ဒါတွေအားလုံး ဖန်လိုက ကောင်းကောင်း လုပ်ထားနိုင်တယ်။
ဒါက ခေတ်သစ် စီးပွားရေးလုပ်နည်းနဲ့ သဘောတရားချင်း တူညီနေတာပဲ။
ဒီလိုကြည့်ရင် သူမ မနက်ခင်း လက်ဖက်ရည်ဆိုင် ဖွင့်တာ တကယ် ဖြစ်နိုင်ခြေ ရှိတယ်။ ရှန်မြောင် မေးစေ့ကို ပွတ်လိုက်သည်။ လက်ဖက်ရည်ဆိုင်ရဲ့ ထူးခြားမှု ရှိတယ်၊ ရည်မှန်းချက် ရှိတယ်၊ အပြင်အဆင်နဲ့ ကြော်ငြာပိုင်းကျတော့... အပြင်အဆင်က အနာဂတ်ခေတ်က နာမည်ကြီး လက်ဖက်ရည်ဆိုင်တွေကို အတုယူလို့ရတယ်၊ ကြော်ငြာပိုင်းကျတော့...
ဈေးကွက်မြှင့်တင်ရေးဆိုတာ သူမ ကျွမ်းကျင်တဲ့ အပိုင်းပဲလေ။
ရှဲ့ချီသည် ရှန်မြောင်ဘေးက စားပွဲပုလေးတွင် ထိုင်နေသည်။ သူမ ငေးငိုင်နေစဉ် သူက မြစ်ပုစွန်တစ်ပန်းကန် ခွာပေးထားပြီး၊ သိုးသားများကို အရိုးနွှာကာ တစ်ပန်းကန်ပုံပေးထားပြီး သူမ စားပွဲပေါ် တင်ပေးထားသည်။ နောက်ဆုံး အချိုပွဲဖြစ်သော ပျားရည်စိမ် ချယ်ရီသီးများကိုလည်း ထည့်ပေးထားသည်။
ရှန်မြောင် သတိပြန်ဝင်လာသောအခါ သူမ ရှေ့က စားပွဲပေါ်တွင် အစားအသောက်များ အပြည့်ဖြစ်နေပြီး ပန်းကန်လုံးတိုင်း မောက်နေသည်။
သူမ လှည့်ကြည့်လိုက်သောအခါ ရှဲ့ချီက နူးညံ့စွာ ပြောလိုက်သည်။ "စားလိုက်လေ၊ မစားရင် အေးသွားလိမ့်မယ်"
ရှန်မြောင်လည်း မတတ်နိုင်ဘဲ အစားအသောက် တစ်ဝက်လောက်ကို ပြန်ခွဲပေးလိုက်ပြီး တိုးတိုးလေး ညည်းလိုက်သည်။ "ဘယ်လိုလုပ် ဒီလောက် အများကြီး စားနိုင်မှာလဲ၊ ရှင် ကျွန်မကို ဝက်မည်းကြီးလို့ ထင်နေတာလား"
"အားမြောင်က... ဝက်မည်းနှစ် ဖြစ်မလားလို့..." ရှဲ့ချီက အတည်ပေါက်ကြီး ပြန်ပြောလာမည်ဟု ထင်မထားမိချေ။
ရှန်မြောင် စားပွဲအောက်မှ လက်လျှိုပြီး သူ့လက်မောင်းကို အပြစ်တင်သလို ရိုက်လိုက်သည်။
သူ့မျက်နှာမှာ နီရဲသွားတော့သည်။ အရိုက်ခံလိုက်ရသော်လည်း မျက်လုံးများက လခြမ်းကွေးလေးဖြစ်သွားပြီး ဘယ်သူ့ထက်မဆို နူးညံ့စွာ ပြုံးနေလေသည်။
ဖန်လိုတွင် စားသောက်ပြီးနောက် ရှန်မြောင်သည် အိမ်ပြန်ရောက်သည်နှင့် ၂ ရက် ၃ ရက် ဆက်တိုက် နေ့ဘက်တွင် လက်ဖက်ရည်ဆိုင်ကိစ္စများကို ကြက်သွေးထိုးထားသကဲ့သို့ အသည်းအသန် ပြင်ဆင်နေတော့သည်။ စီမံကိန်းစာရွက်များ တစ်ပုံကြီး ရေးလိုက်၊ ခြစ်လိုက်၊ ပြင်လိုက်၊ ဖျက်လိုက်နှင့် အကြိမ်ကြိမ် ပြုလုပ်နေသည်။
နောက်ဆုံးတော့ အတည်ပြုလိုက်နိုင်သွားခဲ့သည်။
သူမ လက်ဖက်ရည်ဆိုင် ပြုပြင်မွမ်းမံရန် ပြင်ဆင်နေသော နေ့တွင် ပွဲစားပုသည် အလုံပိတ်ထားသော အပြာရောင် မြည်းလှည်းတစ်စီးဖြင့် ရှန်ကျိခေါက်ဆွဲဆိုင်ရှေ့သို့ ရောက်လာ၏။ ရှန်မြောင် ဆိုင်ထဲတွင် စာရင်းတွက်နေစဉ် ခေါင်းမော့ကြည့်လိုက်ရာ ပွဲစားပုက လှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်။
"ရှန်ညန်ဇီ... ကျွန်တော် တာဝန်ကျေခဲ့ပါပြီ"
...
အပိုင်း (၁၈၀) ကြာရှည်စွာ ခွဲခွာရပြီးနောက် ပြန်လည်ဆုံစည်းခြင်း
ရာသီဥတုပူလာသည်နှင့် ပုစဉ်းရင်ကွဲသံများသည် နွေရာသီ၏ အပူဓာတ်ကို နင်းလျက် မြင့်တက်လာတော့သည်။
နေရောင်ခြည်က ပြင်းထန်လှသဖြင့် လေထင်ပင် ညှိုးကျသွားပြီး မြေကြီးပေါ်တွင် ဝပ်လျက် လျှာထုတ်နေလေသည်။ အားထောင်သည် ဝါးလုံးရှည်ကို ကိုင်လျက် သစ်ပင်ရိပ်အောက်တွင် ပုစဉ်းရင်ကွဲ လိုက်ဖမ်းနေပြီး သူမ၏ ပန်းပွင့်အင်္ကျီလေးသည် ချွေးကွက်များဖြင့် စိုရွှဲနေသည်။
သူမက အရပ်မမြင့်လှသဖြင့် ခြေဖျားထောက်လိုက်မှ သစ်ကိုင်းကို မီရုံလေးသာ ရှိသည်။ ချီလင်ကလည်း သစ်ပင်ခွကြားတက်ပြီး လိုက်မွှေနှောက်နေသည်။ ဝါးလုံးက အရှေ့ဘက်လှည့်လိုက်လျှင် သူ့အမွှေးပွလက်က အရှေ့ဘက်ကို လှမ်းပုတ်သည်။ ဝါးလုံးက အနောက်ဘက်လှည့်လိုက်လျှင် ကြောင်ရိပ်လေးက အနောက်ဘက်သို့ ခုန်လိုက်သည်။
အားထောင် ဒေါသထွက်လွန်းလို့ မျက်လုံးပြူးနေပြီး အင်္ကျီလက်စကို ပင့်တင်ကာ သစ်ပင်ပေါ်တက်ပြီး ဒီအဆော့သန်လှသောကြောင်ကို ဖမ်းဖို့ လုပ်နေပြီ။ ဟိုဘက်တွင် ဖူရှင်းက ရေပုံးဆွဲပြီး ဟင်းရွက်ခင်း ရေလောင်းနေရင်း စင်ပေါ်က တွဲလောင်းကျနေတဲ့ သပွတ်အူသီးကို လှမ်းကိုင်ကြည့်လိုက်သည်။
ကြက်သတ်နေသည့် ထန်အာဘက် လှည့်ပြီး သွားဖြဲပြလိုက်သည်။ "သပွတ်အူသီးတွေ မှည့်နေပြီ၊ ညန်ဇီကို ပြောပြီး ဒီနေ့ နှစ်လုံးလောက်ခူးကာ ဟင်းချိုလုပ်ခိုင်းရအောင်"
ရှန်မြောင်က မိုးလင်းခါနီးကတည်းက ကျိုကောနဲ့ မနက်ဈေးကို ထွက်သွားပြီ ဖြစ်သည်။ နှစ်ယောက်သား တစ်ပတ်ပတ်ပြီး တခြားဘာမှ မဝယ်လာဘဲ ကြက်ဖကလေး သုံးကောင် ဆွဲလာခဲ့သည်။ ဒီနေ့ မနက်ဈေးက ကြက်တွေက ဆူဖြိုးနေလို့ စားချင်တာနဲ့ ကြက်သားပန်းကန်ကြီးချက် လုပ်စားကြည့်ချင်လို့ ဟုဆိုသည်။
ထန်အာနှင့် ဖူရှင်းက ရိုးသားစွာ သဘောတူလိုက်သည်။ စိတ်နေရိုးရှင်းသူများက ဘယ်တော့မှ အများကြီး မတွေးတတ်ကြပေ။ အားထောင်တစ်ယောက်တည်း ပါးစပ်ပိတ်ပြီး ခိုးရယ်နေလေသည်။ ဘယ်ကသာ စားချင်လို့ ဖြစ်ရမှာလဲ။ ရှင်းနေတာပဲလေ။ ဟိုတလောက ရှဲ့မိသားစု လာကမ်းလှမ်းထားတော့ ကျိုကောက ကျောင်းမှာ ခွင့်ယူထားတာ ဒီနေ့ နောက်ဆုံးရက်လေ။ ညန်ဇီက နည်းလမ်းပေါင်းစုံသုံးပြီး သူ့ကို အားရှိအောင် ကျွေးချင်နေတာပေါ့။
ကျိုကောနဲ့ ကျိအာက ကျောင်းပိတ်လို့ အိမ်ပြန်လာတိုင်း အသားအရေလေး ပြည့်လာလိုက်၊ ကျောင်းပြန်တက်လို့ လဝက်မကြာခင် ပါးတွေ ပြန်ချိုင့်သွားလိုက်နဲ့။ နောက်တစ်ခါ ပွဲတော်ရက် ပြန်လာရင် ရှန်ညန်ဇီက ပါးဖောင်းလာအောင် ပြန်ကျွေးလိုက်နဲ့။ ညန်ဇီကတော့ "ပွဲတော်ရက်ရောက်တိုင်း သုံးကျင်း ဝလာတယ်" လို့ အမြဲ ရယ်မောပြောဆိုတတ်တာ။
အားထောင်က စာမတတ်သော်လည်း ဒီစကားကို သဘောကျသည်။ ဘယ်အိမ်က ပွဲတော်ရက်ရောက်ရင် ပန်းကန် ၇ လုံး ၈ လုံး အပြည့် မစားကြလို့လဲ။ ဒီလောက် စားကောင်းသောက်ဖွယ်တွေ များနေမှတော့ မဝဘဲ နေမလား။ ကျိုကောတစ်ယောက်တည်းသာ ဒီစကားကြားပြီး ရယ်လို့ မဆုံးဖြစ်နေတတ်သည်။
"ဒီသပွတ်အူသီးက တကယ် နုတာပဲ၊ သေချာပေါက် စားကောင်းမှာ" ဖူရှင်းက ခေါင်းစောင်းလျက် နွယ်ပင်ပေါ်က သပွတ်အူသီးကို အကဲခတ်နေပြီး ထပ်မေးလိုက်သည်။ "ညန်ဇီကို သွားမေးကြည့်ပါလား၊ သပွတ်အူသီးဟင်းချို လုပ်စားရအောင်လို့"
ထန်အာက ဓားဖြင့် ကြက်ခေါင်းဖြတ်လိုက်ပြီး ခေါင်းမမော့ဘဲ ပြောလိုက်၏။ "မင်း အိပ်ရာထ နောက်ကျလို့ မကြားလိုက်တာလား၊ မင်း သွားမေးစရာ မလိုပါဘူး၊ ညန်ဇီက မနက်အိပ်ရာထကတည်းက အဲဒီသပွတ်အူသီးကို မျက်စိကျနေတာ၊ ငါတို့ကို ချဉ်ပေါင်ရွက် နှစ်စည်းလောက်ပါ ခူးခဲ့ဖို့ မှာသွားသေးတယ်၊ ဘဲဥငန်နဲ့ ရောချက်မလို့တဲ့"
နွေရာသီတွင် ချဉ်ပေါင်ရွက်နှင့် သပွတ်အူသီးတို့သည် အလွန်ဖြစ်ထွန်းလေသည်။ ၇လပိုင်း သပွတ်အူသီးသည် အနုဆုံး ဖြစ်သည်။ ခူးပြီး ဘဲဥငန်အနှစ်နှင့် ဟင်းချိုချက်လိုက်လျှင် လတ်ဆတ်ချိုမြိန်ပြီး အလွန် အရသာရှိသည်။ ချဉ်ပေါင်ရွက်က နွေရာသီတစ်လျှောက်လုံး ရရှိနိုင်သည်။ ရက် ၄၀ - ၅၀ ဆိုလျှင် ခူးဆွတ်နိုင်သည်။ အရွက်နုများကို ရွေးခူးပြီး ကြက်ဥအချဉ်နှင့် ရောချက်လျှင်လည်း အရသာ ရှိလှသည်။
"ကောင်းပြီလေ၊ ဒါဆို အခု သွားခူးလိုက်မယ်" ဖူရှင်းက သစ်သားပုံးကို ချလိုက်ပြီး စိတ်အားထက်သန်စွာဖြင့် ခြင်းတောင်းယူကာ သပွတ်အူသီးနှင့် ချဉ်ပေါင်ရွက် သွားခူးလေသည်။ "ဒီနှစ် သပွတ်အူသီးတွေက ညီညာပြီး ဝတုတ်နေတာပဲ၊ အရင်နှစ်တွေကထက် ပိုကောင်းတယ်၊ ကြည့်ပါဦး၊ ဒီအသီးနုလေးဆို အညှာတောင် စိမ်းနေသေးတယ်"
ထန်အာက လက်တစ်ဖက်ဖြင့် ကြက်တောင်ပံကို ကိုင်၊ လက်တစ်ဖက်ဖြင့် ကြက်သွေးခံရန် ပန်းကန်ကို ကိုင်ထားရင်း လှည့်ပြောလိုက်သည်။ "မာတဲ့အလုံးကို ရွေးခူး၊ ဒါမှ နုတာ"
အားထောင်က ဖမ်းထားသည့် ပုစဉ်းရင်ကွဲကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး ဝင်ပြောလိုက်သည်။ "အမွှေးများတဲ့အလုံးမှ စားကောင်းတာ!"
"သိပါတယ်၊ ဒီရာသီက သိပ်ပျော့တဲ့အလုံး မရှိသေးပါဘူး၊ အကြီးကြီးတွေနဲ့ ကောက်ကွေးနေတဲ့အလုံး နှစ်လုံးလောက် ချန်ထားပြီး အိုးတိုက်ဖို့ လုပ်လိုက်မယ်၊ ကျန်တာတွေ အကုန်ခူးပြီး စားပစ်မယ်" ဖူရှင်း ပြောရင်းပြောရင်း သွားရည်ကျလာသည်။ သူ့သခင်ဟောင်းကလည်း သပွတ်အူသီး ချက်တတ်သည်။ "ယွီစစ်ဟင်းချို" ဆိုပြီး နာမည်လှလှလေးတောင် ပေးထားသေးသည်။
သုံးယောက်သား စိတ်အာရုံက သပွတ်အူသီးဆီ ရောက်နေသဖြင့် အိမ်ရှေ့က လှုပ်ရှားမှုကို သတိမထားမိကြပေ။
အခုက နေ့လယ်စာချိန်မို့ ဆိုင်ထဲတွင် လူရှင်းနေပြီး ရှန်မြောင်တစ်ယောက်တည်း ရှေ့တွင် စာရင်းစစ်နေသည်။ အားထောင်က အခွင့်ကောင်းယူပြီး သစ်ပင်ပေါ်က ပုစဉ်းရင်ကွဲများကို အကုန် ဖမ်းနေခြင်း ဖြစ်သည်။
ဒီရက်ပိုင်း သူတို့အော်သံတွေက ကျယ်လွန်းပြီး နားငြီးလှသည်။ နေ့လယ်နေ့ခင်း အိပ်လို့မရအောင် နှောင့်ယှက်နေကြသည်။
ရှန်းအာနှင့် ချန်ချွမ်းတို့ အခန်းထဲဝင်ပြီး နေ့လယ်စာအိပ်နေကြသည်။ ကလေးနှစ်ယောက် နိုးမသွားအောင် သူမ အချိန်ယူပြီး ဖမ်းနေခြင်း ဖြစ်သည်။
အထူးသဖြင့် ချန်ချွမ်းပင်။ ဒီနှစ်ရက် ရှေ့နေတုန့်နောက်လိုက်ပြီး အမှုတွဲတွေ ကူညီစီစဉ်ပေးနေတာ နှစ်ညလုံး အိပ်ရေးပျက်ထားသည်။ ဟိုတလောက ရှေ့နေတုန့် လိုက်နေသော "နွားမွေးဖွားမှုအမှု" မှာ တစ်ဖက်ရှေ့နေက ကျမ်းဂန်များ ကိုးကားပြီး ရှေ့နေတုန့်ကို ပါးစပ်ပိတ်အောင် ပြောဆိုနေချိန်တွင် ချန်ချွမ်းက "စုန့်ရာဇဝတ်ဥပဒေ" ထဲက "တိရစ္ဆာန်ကုသမားတော် ပေါ့ဆမှု" ဟူသည့် ဥပဒေပုဒ်မကို ရှာတွေ့ခဲ့သည်။ "နွားမွေးဖွားပေးရင်း မိခင်ရော အကောင်ပေါက်ပါ သေဆုံးမှု" သည် နွားပိုင်ရှင်တာဝန်လား၊ တိရစ္ဆာန်ကုသမားတော်တာဝန်လား ဟူသည့် အမှုကို ရှေ့နေတုန့် နိုင်အောင် ကူညီပေးနိုင်ခဲ့သည်။
ရှေ့နေတုန့်က သူ့ကို သားအရင်းလို သဘောထားပြီး နေ့တိုင်း ခေါ်ထားတတ်သည်။ သူ့အိမ်က သားနှစ်ယောက်ပေါင်းတောင် ဒီတပည့်ရဲ့ လျှာတစ်ဝက်လောက် မစွမ်းဆောင်နိုင်ဘူးဟု ပြောလေ့ရှိသည်။ ယခုဆိုလျှင် ရုံးတော်က တရားသူကြီးတွေ၊ စာရေးတွေကအစ ခုံရုံးစားပွဲလောက်တောင် အရပ်မရှိသေးတဲ့ ရှေ့နေပေါက်စလေးကို သိနေကြပြီ။ထို့ကြောင့် ဒီနှစ်ရက်အတွင်း ချန်ချွမ်းတစ်ယောက် လမ်းလျှောက်လျှင်ပင် ယိုင်နဲ့နဲ့ဖြစ်နေသဖြင့် ကောင်းကောင်း အိပ်ဖို့ လိုနေသည်။
ဖမ်းမိတဲ့ ပုစဉ်းရင်ကွဲတွေကိုတော့ အားထောင် စီစဉ်ပြီးသား။ အကောင်နည်းပေမယ့် လွှတ်ပေးလို့ မဖြစ်ဘူး။
ခြင်ခြေထောက်လည်း အသားပဲလေ။ ညန်ဇီ ငါးကင်ကြော်တဲ့အခါ လက်စသတ်ပြီး ထည့်ကြော်ခိုင်းလိုက်ရင် သူမအတွက် မုန့်ပဲသရေစာ ရပြီ။
ပုစဉ်းရင်ကွဲကြော်က ကြွပ်ကြွပ်ရွရွနဲ့ မွှေးနေမှာ!
ပုစဉ်းရင်ကွဲများကို ကိုင်တွယ်နေစဉ် အားထောင်က နားပါးသည်။ မြင်းလှည်းတစ်စီး တဖြည်းဖြည်း မောင်းလာပြီး တံခါးဝတွင် ရပ်လိုက်သံကို ကြားလိုက်ရသည်။ ဧည့်သည်များလားဟု ထင်မှတ်ကာ ထွက်ကြည့်မည် ပြင်လိုက်စဉ်တွင် ထန်အာက လှမ်းအော်လိုက်သည်။ "အားထောင်... မီးဖိုပေါ်က ရေနွေးတစ်ဇလုံလောက် ခပ်ပေးပါဦး၊ အမွှေးနုတ်မလို့၊ မြန်မြန် မြန်မြန်"
"လာပြီ လာပြီ" သူမလည်း ဝါးလုံးကို ချပြီး မီးဖိုချောင်ဘက် ဝင်သွားလိုက်ရသည်။
ရေနွေးပေးပြီးနောက် သူမ ကျွမ်းကျင်စွာဖြင့် တောင်းတစ်ခုယူကာ ထန်အာ နုတ်ထားသည့် ကြက်မွှေးများကို စုဆောင်းလိုက်သည်။ ခဏနေ ရေဆေးပြီး ပြန်လှန်းလိုက်လျှင် ဒီကြက်မွှေးတွေက ကြက်မွှေးခတ်တံ၊ ကြက်မွှေးဖုန်သုတ်တံ လုပ်လို့ရသလို ကြက်မွှေးဝယ်သည့် ကုန်သည်ကိုလည်း ပြန်ရောင်းလို့ရသည်။
ပြန့်ကျင်းမြို့တွင် စစ်လက်နက်ပစ္စည်းဌာနအတွက် ကြက်မွှေးလိုက်ဝယ်သည့် ကုန်သည်များ ရှိသည်။ သူတို့က ကြက်မွှေးများကို မြှားအမြီးတပ်ရန်အတွက် ပြန်ရောင်းကြသည်။ တချို့ စစ်အလံများတွင်လည်း သတင်းပေးပို့ရန် အမှတ်အသားအဖြစ် ကြက်မွှေးများ ကပ်လေ့ရှိသည်။
ပေါ့ပါးသည့် အမွှေးအမျှင်လေး ဖြစ်သော်လည်း ဘဲမွေးကဲ့သို့ပင် တစ်ချောင်းမှ အလဟဿ မဖြစ်စေရပေ။
အားထောင်သည် ရေမြောင်းဘေးတွင် ထိုင်ပြီး ဆပ်ပြာသီးဖြင့် ကြက်မွှေးများကို ဆေးကြောနေသည်။ ထို့နောက် အစုတ်အပြဲ အဝတ်စဖြင့် ရေစစ်ပြီး လေဝင်လေထွက်ကောင်းသော နေရာတွင် ဖြန့်လှန်းလိုက်သည်။ သူမ သေချာ အလုပ်လုပ်နေသဖြင့် ခုနက ကြားလိုက်သည့် မြင်းလှည်းသံကို မေ့သွားတော့သည်။
ခဏကြာတော့ ရှန်မြောင်က ပုံမှန်အတိုင်း လှမ်းခေါ်လိုက်သံကို ကြားလိုက်ရသည်။ "အားထောင်... ဧည့်သည် ရောက်နေတယ်၊ ငါးဖယ်လုံးခေါက်ဆွဲပြုတ် စားမလို့တဲ့၊ နင် ဧည့်သည်ကို သွားဧည့်ခံလိုက်၊ ငါ မီးဖိုချောင်ထဲသွားပြီး ငါးဖယ်လုံးပြုတ်၊ ခေါက်ဆွဲပြုတ်လိုက်မယ်"
အားထောင်က မြန်မြန် ထူးလိုက်ပြီး ကြက်မွှေးများကို အမြန်ဖြန့်ခင်းလိုက်သည်။ ထန်အာနှင့် ဖူရှင်းကိုလည်း ချီလင်နှင့် လေထင် မနင်းမိအောင် ကြည့်ထားပေးဖို့ မှာလိုက်သေးသည်။ ပြီးမှ ဝရန်တာကို ဖြတ်ပြီး မီးဖိုချောင်ထဲ အရင်ဝင်ကာ ရေနွေးငှဲ့၊ လက်သုတ်ပဝါစို ယူပြီးမှ လိုက်ကာမပြီး ဆိုင်ထဲ ဝင်သွားလိုက်သည်။
ဆိုင်ထဲတွင် ခေါင်းဆောင်းပဝါအုပ်ထားပြီး ပိန်ပါးသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ရပ်နေလေသည်။ သူမသည် အရောင်လွင့်နေသော အပြာရောင်အင်္ကျီရှည်ကို ဝတ်ဆင်ထားပြီး ထိုင်မနေဘဲ ဆိုင်အလယ်တွင် ကြောင်တောင်တောင် ရပ်နေကာ လက်နှစ်ဖက်ကို အရှေ့တွင် ယှက်ပြီး တင်းတင်းဆုပ်ထားသည်။
အားထောင်က ဒီအမျိုးသမီး နည်းနည်း ထူးဆန်းသည်ဟု ထင်မိသည်။ ရင်းနှီးသလိုလိုလည်း ခံစားရသည်။ သို့သော် ခြံထဲတွင် လှန်းထားသော ကြက်မွှေးများကို စိတ်ပူနေသဖြင့် သိပ်မစဉ်းစားမိဘဲ ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။ "ဒီညန်ဇီ ထိုင်ပါဦးရှင်၊ ရေနွေးလေး သောက်ပြီး လက်သုတ်ပဝါလေးနဲ့ လက်သုတ်လိုက်ပါဦး၊ ခဏနေ ခေါက်ဆွဲ ရပါတော့မယ်၊ ဟုတ်သားပဲ... ဆိုင်မှာ ဝက်သားပြားကောင်းကောင်း ရှိတယ်၊ တစ်ပန်းကန်လောက် လှီးပေးရမလား"
ထိုအမျိုးသမီးက ရပ်မြဲတိုင်း ရပ်နေပြီး အချိန်အတော်ကြာမှ ခေါင်းခါပြလိုက်သည်။
အားထောင်က လက်ကမ်းပြီး ဖိတ်ခေါ်လိုက်သည်။ "ဒါဆိုလည်း ထိုင်ပါဦးရှင်၊ ကျွန်မ ခေါက်ဆွဲ သွားယူပေးပါမယ်"
ပြောပြီးသည်နှင့် သူမ မီးဖိုချောင်ဘက်သို့ ပြေးဝင်သွားတော့သည်။
ထိုအမျိုးသမီးသည် တုန်ယင်နေသော လက်ဖြင့် ပဝါစကို မပြီး ငှက်ကလေးတစ်ကောင်လို ပျံဝင်သွားသော အားထောင်ကို မျက်လုံးအရေးအကြောင်းများကြားမှ စိုက်ကြည့်နေမိသည်။ သူမနှင့် တစ်ပုံစံတည်း တူသော မျက်နှာပေါ်တွင် မျက်ရည်များ ပြည့်နှက်နေလေသည်။
အားထောင်က မမှတ်မိသေးပေ။ ငါးဖယ်လုံးကြီးများ ဆယ်နေသော ရှန်မြောင်နားကပ်ပြီး တိုးတိုးလေး ပြောလိုက်သေးသည်။ "ညန်ဇီ... အပြင်က ညန်ဇီက... တော်တော် ထူးဆန်းတယ်"
ရှန်မြောင်က ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရပြီး ခေါက်ဆွဲ ဆယ်ထည့်ပြီး ငါးဖယ်လုံး ပိုထည့်ပေးလိုက်ကာ ဟင်းရည်ဆမ်းပြီး သူမလက်ထဲ ထည့်ပေးလိုက်သည်။ "ဧည့်သည်ကို အတင်းမပြောနဲ့၊ မြန်မြန် သွားချပေးလိုက်"
အားထောင်လည်း ထွက်သွားပြီး အသံကျယ်ကြီးဖြင့် အော်ပြောလိုက်၏။ "ခေါက်ဆွဲ ရပါပြီ!"
ထိုအမျိုးသမီး နောက်ဆုံးတော့ ထိုင်လိုက်ပြီး လက်နှစ်ဖက်ကို ပေါင်ပေါ်တွင် တင်ထားပြီး ပိန်ပါးသော ခန္ဓာကိုယ်ကို မတ်မတ် ထားလိုက်သည်။
အားထောင်တစ်ယောက် ပိုပြီး ရင်းနှီးနေသလို ခံစားလာရသည်။ သို့သော် သူမ ရင်ထဲတွင် မယုံရဲဖြစ်နေလေသည်။ ခေါက်ဆွဲပန်းကန် ချပေးရင်း သူမ အလိုအလျောက် အရှိန်လျှော့လိုက်ပြီး ထိုအမျိုးသမီးကို ခိုးကြည့်နေမိသည်။
ခေါက်ဆွဲချပေးပြီးနောက် သူမ လင်ပန်းကို ပိုက်လျက် တစ်လှမ်းလျှောက် တစ်ချက်ကြည့်ဖြင့် ပြန်ထွက်လာသည်။ စိတ်ထဲတွင် တူသည်ဟု ထင်နေသော်လည်း စကားမပြောရဲပေ။ သူမအမေက ဒီကို ဘယ်လိုလုပ် ရောက်လာနိုင်မှာလဲ။ ပိုက်ဆံမက်တဲ့ မားမားကြီးက သူမအမေကို သံကြိုးခတ်မထားရုံတမယ် ချုပ်နှောင်ထားတာ၊ ဘယ်လိုလုပ် ခရီးဝေး ထွက်ခွင့်ပေးမှာလဲ။
သို့သော် သူမ ရင်ဘတ်ထဲတွင် ရေနွေးပူဖြင့် အပက်ခံလိုက်ရသကဲ့သို့ ပူလောင်ပြီး နာကျင်လာသည်။ အားထောင် လေးလံသော ခြေလှမ်းများဖြင့် မီးဖိုချောင်ထဲ ပြန်ဝင်လာသည်။ စဉ်းစားလို့ မရသဖြင့် နောက်ဆုံး ဖင်ကုန်းပြီး လိုက်ကာကြားမှ မျက်နှာအပ်ကာ အပြင်ကို ခိုးချောင်းကြည့်နေမိသည်။
ထိုအမျိုးသမီးက တူကို ကိုင်ပြီး ခေါင်းငုံ့ကာ ခေါက်ဆွဲစားနေလေသည်။ ခေါင်းဆောင်းပဝါကို မချွတ်ထားပေ။
သူမမှာ စိတ်ပျက်သွားသော်လည်း အကြည့်မလွှဲနိုင်ပေ။
ရှန်မြောင်က သူမ အနောက်တွင် ရပ်လျက် သူမလိုပင် စပ်စုကာ အပြင်သို့ ချောင်းကြည့်လိုက်၏။ သူမ စိတ်ဝင်တစား ကြည့်နေသည်ကို တွေ့သောအခါ တမင်တကာ တိုးတိုးလေး မေးလိုက်သည်။ "အားထောင်... ဘာကြည့်နေတာလဲ"
အားထောင်က လှည့်ကြည့်ပြီး နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ တိတ်တိတ်နေဖို့ အချက်ပြလိုက်သည်။ "ညန်ဇီ... ကျွန်မ မျက်စိမှားနေတာ ဖြစ်မှာပါ၊ အဲဒီညန်ဇီရဲ့ ကိုယ်လုံးကိုယ်ပေါက်က ကျွန်မအမေနဲ့ တော်တော်တူလို့ပါ၊ ဒါပေမဲ့ သူက တာ့မင်ဖူမှာ ရှိနေတာလေ..."
ပြောရင်းပြောရင်း အသံက တိုးဝင်သွားသည်။
သူမ အမေကို အရမ်း လွမ်းနေလို့ ဖြစ်မှာပါ။
ငယ်ငယ်တုန်းက အမေနဲ့ ခင်တဲ့ အဒေါ်တစ်ယောက် အသံပျက်သွားလို့ မားမားကြီးက ကလေးထိန်းခိုင်းလိုက်တယ်။ နောက်ပိုင်း နေမကောင်းဖြစ်တော့ အောက်ထပ်က အခန်းကျဉ်းကျဉ်းလေးထဲ မောင်းချပြီး အလုပ်ကြမ်းခိုင်းတယ်။ ထမင်းလည်း ဝအောင် မကျွေး။
အမေက နေ့တိုင်း သူမကို အဲဒီအဒေါ်ဆီ ထမင်းသွားပို့ခိုင်းတာ။ အဒေါ်က အားထောင်ကို ပြောပြဖူးတယ်။ မားမားကြီးက အားထောင်အမေ ကိုယ်ဝန်ရှိမှန်း သိတော့ ကိုယ်ဝန်ပျက်ဆေး အပြင်းစား တိုက်ခဲ့တယ်တဲ့။ အားထောင်အမေ ဗိုက်နာလွန်းလို့ ကြမ်းပြင်ပေါ် လူးလှိမ့်နေခဲ့ရတယ်။
ဒါပေမဲ့ အားထောင်က အသက်ပြင်းတယ်၊ မပျက်ကျသွားဘူး။ သူမအမေက ဒါ ကံတရားပဲဆိုပြီး ကလေးမွေးဖို့ ဆုံးဖြတ်လိုက်တယ်။ အခန်းဖော် အဒေါ်တွေက ဝိုင်းကူဖုံးဖိပေးကြတယ်။ ဆောင်ကြာမြိုင်က ညီအစ်မတွေ အချင်းချင်း ရိုင်းပင်းပြီး ဗိုက်ကို အဝတ်နဲ့ စည်းထားခိုင်းတယ်။ မွေးခါနီးအထိ မားမားကြီး မသိအောင် ဖုံးကွယ်ထားနိုင်ခဲ့တယ်။
လရင့်နေပြီမို့ ဖျက်ချရင် နှစ်ယောက်လုံး သေနိုင်တာကြောင့် မားမားကြီးက အရင်းမရှုံးချင်လို့ ကလေးမွေးဆေး တိုက်ပြီး မွေးခိုင်းလိုက်တယ်။ မွေးလာရင် လည်ပင်းညှစ်သတ်မလို့ လုပ်ထားပေမယ့် အားထောင် မွေးလာတော့ မျောက်နီလေးလို တွန့်လိပ်မနေဘဲ မျက်နှာပေါက်လှပြီး နှာတံပေါ်ကာ ပါးစပ်လေးက ချယ်ရီသီးလေးလို ဖြစ်နေတာ အားထောင်အမေနဲ့ တစ်ပုံစံတည်း။
မားမားကြီး စိတ်ပြောင်းသွားပြီး လက်လျှော့လိုက်တာပေါ့။
ဒါပေမဲ့ ကလေးမွေးထားတဲ့ အားထောင်အမေအတွက် ဘာမှ အဆင်ပြေအောင် မလုပ်ပေးခဲ့ပါဘူး။
ဆေးနဲ့ အတင်းမွေးထားရလို့ ကလေးက အားနည်းနေတာ။ အားထောင်အမေမှာ နို့လည်း မထွက်။ အမေရဲ့ ညီအစ်မတွေက ဧည့်သည်မရှိတဲ့အချိန် ဝိုင်းထိန်းပေးကြရတာ။ ပိုက်ဆံစုပြီး နို့ဝယ်တိုက်၊ ဗိုက်စည်းချုပ်ပေး၊ အနှီးလျှော်ပေးကြတာ။ ထမင်းရည်တစ်လုပ် နို့တစ်လုပ်နဲ့ ဆောင်ကြာမြိုင်က အမျိုးသမီးတွေ ဝိုင်းမွေးလို့ ကြီးလာခဲ့ရသည်။
ဝမ်းနည်းစရာကောင်းတာက အဲဒီအဒေါ်တွေထဲက တချို့က ရွေးငွေပေးပြီး မယားငယ်အဖြစ် ပါသွားကြတယ်။ တချို့က ရောဂါဖြစ်ပြီး ဆုံးပါးသွားကြပြီ။ ဆောင်ကြာမြိုင်က အမျိုးသမီးတွေ အသက် ၄၀ ကျော်ထိ အသက်ရှင်တာ ရှားတယ်လေ။ များသောအားဖြင့် ပန်းပွင့်အရွယ်မှာပဲ ကြွေလွင့်သွားကြရတာ။ အားထောင်အမေကတော့ သူမ ရှိနေလို့ - သူမဆိုတဲ့ သံယောဇဉ်ကြိုးလေး ရှိနေလို့သာ အခက်အခဲပေါင်းစုံကို ကြံ့ကြံ့ခံပြီး အသက်ရှင်နေနိုင်တာ။ မဟုတ်ရင် သူလည်း ကြာကြာခံမှာ မဟုတ်ဘူး။
နောက်ပိုင်း အမေက သူမကို အဝေးကြီးကို ရောင်းစားလိုက်တော့ သူမ ကြောက်လန့်ခဲ့ရတယ်။ အမေ ပြန်သွားရင် အရိုက်ခံရမှာ၊ သူမ ပြန်ဖမ်းခံရမှာ၊ တာ့မင်ဖူက ထွက်လာတာက မီးတွင်းထဲက ထွက်ပြီး ကျားရဲတွင်းထဲ ရောက်သွားသလို ဖြစ်မှာကို သူမ ကြောက်ခဲ့ရတယ်။
ဆောင်ကြာမြိုင်က ဘဝက ဆိုးရွားပေမယ့် သူမ အမေနဲ့ တစ်ရက်မှ မခွဲခဲ့ဖူးဘူးလေ။ အခု တစ်ယောက်တည်း ဖြစ်သွားပြီဆိုတော့... ပွဲစားပုရဲ့ လှည်းပေါ်မှာ အသံမထွက်အောင် အံကြိတ်ပြီး ငိုခဲ့ရတယ်။
ကံကောင်းတာက အမေ လူရွေးမမှားခဲ့ဘူး။ ပွဲစားပုက တကယ် လူကောင်း ဖြစ်နေတယ်။ သူမကို ပြန့်ကျင်း ခေါ်လာပြီး ရှန်ညန်ဇီကို ရောင်းပေးခဲ့တယ်။
အားထောင်သည် လိုက်ကာကြားမှ ထိုအမျိုးသမီးကို ငေးကြည့်ရင်း အတိတ်က အမေ၊ အဒေါ်များနှင့် နေခဲ့ရသော နေ့ရက်တွေကို ပြန်တွေးနေမိသည်။
အဒေါ်ချိုင်ပေါ်က သူမကို အဝတ်စနဲ့ ကျားရုပ်ချုပ်ပေးတယ်၊ သူမကို ဖက်ပြီး သီချင်းဆို ချော့သိပ်တတ်တယ်။ အဒေါ်ပိယီက ဧည့်သည်နဲ့ သီချင်းသွားဆိုတိုင်း ဧည့်သည် သိပ်မစားတဲ့ ဟင်းကောင်းတွေကို ထမင်းချိုင့်နဲ့ ထည့်ပြီး ပြန်သယ်လာပေးတတ်တယ်။ သူမ တစ်နှစ်ကြီးလာတိုင်း အမေနဲ့ အဒေါ်တွေက ပိုက်ဆံစုပြီး အဝတ်အစားသစ် ချုပ်ပေးတယ်၊ မီးဖိုချောင်က လူကို လာဘ်ထိုးပြီး ကြက်ဥနှစ်လုံးပါတဲ့ ခေါက်ဆွဲပြုတ် လုပ်ကျွေးတတ်တယ်။
ဒီလို ဆင်းရဲဒုက္ခရောက်နေတဲ့ ဘဝမှာ သူမက အမေ၊ အဒေါ်တွေနဲ့ အပြန်အလှန် မှီခိုပြီး နေခဲ့ရတာ။
အမေနဲ့ အဒေါ်တွေ ရိုင်းပင်းကူညီလို့သာ သူမ အသက်ရှင်ခွင့် ရခဲ့တာ။ အဒေါ်တွေနဲ့ အမေကလည်း သူမ ရှိနေလို့သာ ဒီလို ညစ်ပတ်ပြီး ဝမ်းနည်းစရာကောင်းတဲ့ ဘဝထဲမှာ ဖြေသိစရာ ရခဲ့တာ။ အဒေါ်ချိုင်ပေါ် အရိုးပဲ ကျန်တော့တဲ့အထိ ပိန်ပြီး သေခါနီးတုန်းက အားထောင်ကို ပြောခဲ့တာ သူမ ဘယ်တော့မှ မမေ့ဘူး။ "ဒီဘဝမှာ နင်ရှိလို့ တော်သေးတယ်၊ ငါ့ဘဝ အလဟဿ မဖြစ်တော့ဘူး" တဲ့။
အားထောင် ပါးစပ်ထဲ ငန်ကျိကျိ အရသာ ရလိုက်မှ မျက်ရည်ကျနေမှန်း သိလိုက်ရသည်။ သူမ အင်္ကျီလက်စဖြင့် အမြန် သုတ်လိုက်သည်။
အပြင်က အမျိုးသမီးလည်း စားလို့ ပြီးသွားပြီ။
သူမက ခေါင်းငုံ့ပြီး တိတ်တဆိတ် သပ်သပ်ရပ်ရပ် စားသည်။ ရှန်ကျိဆိုင်မှာ ခေါက်ဆွဲလာစားတဲ့ ဧည့်သည်တွေက အမြဲတမ်း တရွှတ်ရွှတ် မြည်အောင် စုပ်စားလေ့ရှိပေမယ့် ဒီအမျိုးသမီးကတော့ အသံတိတ်နေသည်။ ဖြည်းဖြည်းချင်း စားသည်။ ဒီလိုအစားအသောက်ကောင်းမျိုး တစ်ခါမှ မစားဖူးသလိုမျိုး တစ်လုပ်ချင်းစီ အရသာခံပြီး စားနေသည်။
အားထောင် သူမ တူချလိုက်တာ မြင်တော့ ပန်းကန်သိမ်းဖို့နဲ့ ပိုက်ဆံရှင်းဖို့ ထွက်သွားလိုက်သည်။ "ညန်ဇီ စားလို့ ကောင်းရဲ့လား၊ စုစုပေါင်း ဝမ် ၂၀ ပါ"
ထိုအမျိုးသမီးက ခေါင်းငုံ့ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ပိုက်ဆံ မပါလာဘူး"
အားထောင်မှာ အံ့သြသွားတော့သည်။ "ဒါဆို... ကျွန်မတို့ ဆိုင်က ကောင်လေးတစ်ယောက်ယောက်ကို အိမ်လိုက်လွှတ်ပြီး ပိုက်ဆံ သွားယူခိုင်းလိုက်မလား"
ထိုအမျိုးသမီးက ခဏတုံ့ဆိုင်းနေပြီး ပဝါအောက်က မျက်လုံးများက အားထောင်ကို ကျော်ပြီး ကောင်တာဘေးတွင် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ ရှန်မြောင်ဆီ ရောက်သွားသည်။ သူမက ရှန်မြောင်ကို တွန့်ဆုတ်တွန့်ဆုတ် ကြည့်ပြီး ပြောလိုက်သည်။ "ကျွန်မ ဒီမှာနေပြီး လုပ်အားနဲ့ ပေးဆပ်လို့ ရမလား"
အားထောင်တစ်ယောက် မျက်ခုံးပင့်လိုက်ပြီး ဒေါသထွက်သွားသည်။ ပါးစပ်ဟပြီး ပြောမလို့ ပြင်တုန်း အနောက်က ရှန်မြောင်ရဲ့ ရယ်သံလွှမ်းတဲ့ အသံကို ကြားလိုက်ရသည်။ "ရတာပေါ့"
"ရှင်?" အားထောင် အံ့သြတကြီး လှည့်ကြည့်လိုက်သည်။ ညန်ဇီ ဆေးမှားသောက်ထားတာလား။ ဒီလူက ခေါက်ဆွဲစားပြီး ပိုက်ဆံမပေးတဲ့လူလေ။
ရှန်မြောင် သည်းမခံနိုင်တော့ဘဲ ရယ်မောလျက် မေးဆတ်ပြလိုက်သည်။ "နေခဲ့ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင်လည်း ခေါင်းဆောင်းပဝါကို ချွတ်လိုက်ပါဦး၊ ရှင် ဘယ်သူလဲဆိုတာ ကျွန်မ မြင်ရအောင်လို့"
ဒီလို ပုံမှန်မဟုတ်သော အပြုအမူများကြောင့် အားထောင် ရင်ထဲတွင် မယုံနိုင်စရာ ခံစားချက်တစ်ခု ဖြတ်စီးသွားပြီး သူမမှာ တောင့်တောင့်ကြီး လှည့်ကြည့်လိုက်သည်။
ထိုအမျိုးသမီးက ပြောတဲ့အတိုင်း ခေါင်းငုံ့ပြီး ပဝါကို ချွတ်လိုက်ပြီး ပြန်မော့ကြည့်လိုက်သောအခါ သပ်ရပ်ဖြူစင်သော မျက်နှာပေါ်ရှိ မျက်ဝန်းကျဉ်းကျဉ်းများသည် ငိုထားသဖြင့် ရောင်ရမ်းနေသည်။ ခုနက ခေါက်ဆွဲစားတာ မျက်ရည်နဲ့ ရောစားနေတာ ဖြစ်မည်။ သို့သော်လည်း တစ်လုပ်မကျန် ကုန်အောင် စားထားလေသည်။
...