← Chapters

အခန်း (၂၃၈၁-၂၃၈၂)

Vol. 179 Ch. 2381-2382

အခန်း (၂၃၈၁-၂၃၈၂)

Vol. 179 Ch. 2381-2382

အဆတစ်ရာစနစ် စာစဥ်(၁၇၉)

အခန်း(၂၃၈၁)

“ထိုက်ချင်း.. မင်းက ငါတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကကို ဖျက်ဆီးရအောင် မင်းမှာ အရည်အချင်းရှိလို့လား...မင်း အဲဒီ ထိုက်ယီလက်ကောက်ကို ဘယ်နှစ်ကြိမ် အသက်သွင်းနိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်”

စကားဆုံးသည်နှင့် ဝူကျန့်ထျန်းသည် လူ နှင့် ဓားတစ်သားတည်း ပေါင်းစပ်သွားခဲ့ပြီး ကြောက်မက်ဖွယ်ဓားချက် တစ်ချက်ကို ထုတ်ဖော်ကာ ထိုက်ချင်းဘိုးဘေးကို ထပ်မံ၍ တိုက်ခိုက်လိုက်သည်။

ဝူကျန့်ထျန်းသည် ယနေ့တိုက်ပွဲတွင် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုထားပြီ ဖြစ်၍ ထိုက်ယီလက်ကောက်ကို အသုံးပြုနေသည့် ထိုက်ချင်းဘိုးဘေးနှင့် ရင်ဆိုင်ရသည့်တိုင် သူ့အနေဖြင့် အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်းမရှိဘဲ တိုက်ခိုက်ရန်သာ ရှိတော့မှန်း အလွန် ရှင်းလင်းစွာ သိရှိထားခဲ့သည်။

သို့မဟုတ်လျှင် လျှို့ဝှက်နည်းစနစ်၏ အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ သူက အားနည်းသော အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်ပြီး ထိုအချိန်တွင် သူ၏ တိုက်ခိုက်ရေးစွမ်းအားများ လုံးဝ ဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။

ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ ထိုက်ယီလက်ကောက်သည် အလွန်တရာ အစွမ်းထက်သော်လည်း တစ်ကြိမ် အသက်သွင်းလိုက်တိုင်းတွင် ထိုက်ချင်းဘိုးဘေးသည် တန်ပြန်ထိခိုက်မှု တစ်စုံတစ်ရာကို ခံစားရလိမ့်မည်သာ။

ယနေ့တိုက်ပွဲတွင် သူနှင့် ထိုက်ချင်းဘိုးဘေးသည် မည်သူအရင် လက်လျှော့ရမလဲဆိုသည်ကို ယှဥ်ပြိုင်နေကြခြင်းပင်။

ထို့ကြောင့် လျှို့ဝှက်နည်းစနစ် မကုန်ဆုံးမီ မည်သည့် အဖိုးအခကို ပေးဆပ်ရပါစေ၊ သူ့အနေဖြင့် ထိုက်ချင်းဘိုးဘေးကို အဆက်မပြတ် တိုက်ခိုက်ရပေလိမ့်မည်။

သို့မှသာလျှင် ထိုက်ချင်းဘိုးဘေးသည် ထိုက်ယီလက်ကောက်ကို ထပ်တလဲလဲ အသုံးပြုလာလိမ့်မည် မဟုတ်ပါလော။

သူ၏ လျှို့ဝှက်နည်းစနစ် မကုန်ဆုံးမီ ထိုက်ချင်းဘိုးဘေးသည် ထိုက်ယီလက်ကောက်၏ တန်ပြန်ထိခိုက်မှုဒဏ်ကို မခံနိုင်တော့ဘဲ အရင်ပြိုလဲသွားလျှင် သူတို့ သိုင်းပညာ ကျင့်ကြံခြင်း လောကဘက်မှ ဤတိုက်ပွဲတွင် အနိုင်ရလိမ့်မည်ဖြစ်သည်။

အကယ်၍သာ ထိုက်ချင်းဘိုးဘေးက ထိုက်ယီလက်ကောက်ကို အသုံးပြုပြီး သူ၏ လျှို့ဝှက်နည်းစနစ် အချိန် ကုန်ဆုံးသည် အထိ တောင့်ခံနိုင်ခဲ့လျှင်မူ ယနေ့တွင်မူ သူတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကသည် အပြတ်အသတ် ရှုံးနိမ့်သွားဖွယ် ရှိနေခဲ့၏။

“ဝုန်း..”

ဝူကျန့်ထျန်းက သူ၏ စွမ်းအားများကို အနည်းငယ်မျှပင် ထိန်ချန်မထားခဲ့ပေ။

သူ၏ ဓားနှင့်ကိုယ် တစ်သားတည်း ပေါင်းစည်းလိုက်ရာမှ ဖြစ်ပေါ်လာသော အဆုံးမဲ့ ဓားအရှိန်အဝါသည် မိုင်ပေါင်း‌ထောင်ချီ ဧရိယာကိုပင် လွှမ်းခြုံသွားခဲ့သည်။

အာကာပြင်များက ပြိုကွဲသွားခဲ့ပြီး တောင်တန်းနှင့်မြစ်များပင် တုန်ခါသွားခဲ့၏။

ထုံရှန်းတောင်ကြားကို ဝန်းရံနေသော အစီအရင် အားလုံးသည် ဝူကျန့်ထျန်း၏ ဓားချက်အောက်တွင် အဆက်မပြတ် တွန့်လိမ်နေခဲ့ပြီး ပြိုကျတော့မည့်အလား ဖြစ်နေခဲ့သည်။

နေနှင့်လကိုပင် တုန်ခါစေပြီး ဟင်းလင်းပြင်ကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေလောက်သည့် ဝူကျန့်ထျန်း၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ထိုက်ချင်းဘိုးဘေး၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူက အံကို တင်းတင်းကြိတ်လိုက်ပြီး လက်ထဲမှ ထိုက်ယီလက်ကောက်ကို ထပ်မံ၍ လှုံ့ဆော်လိုက်ကာ ဝူကျန့်ထျန်း၏ ဓားချက်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

ထုံရှန်းတောင်ကြား၏ အထက်ကောင်းကင်ယံတွင် ဧရာမအနက်ရောင် တွင်းနက်ကြီး တစ်ခုသည် တိုက်ရိုက်ပင် ဖြစ်ပေါ်လာခဲ့သည်။

မရေမတွက်နိုင်သော နေရာလွတ်မုန်တိုင်းများသည် ထိုအနက်ရောင် တွင်းနက်ကြီးထဲတွင် ထိုက်ယီဘိုးဘေးနှင့် ဝူကျန့်ထျန်းတို့ကို ဗဟိုပြုကာ ပြင်းထန်စွာ လှိုင်းထန်နေခဲ့၏။

ကျန်းရှောင်ဘိုးဘေး၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ထိုနှစ်ဦး ထိပ်တိုက်တွေ့ဆုံရာမှ ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားလိုက်ရသည်။

ပတ်ဝန်းကျင်တွင် ကြည့်ရှုနေသူများသည် အဆက်မပြတ်ပင် နောက်ဆုတ်သွားကြရ၏။

သူတို့အားလုံးသည် ဟင်းလင်းပြင်ထဲရှိ ကြောက်မက်ဖွယ်ရာကောင်းသော အခြေအနေကို မမော့ကြည့်ဘဲ မနေနိုင်ခဲ့ကြပေ။

တိုက်ပွဲသည် အလွန်တရာပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့၏။

ကပ်ဘေးအထွတ်အထိပ် အဆင့် ကျင့်ကြံသူတစ်ဦးနှင့် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူတို့၏ ထိပ်တိုက် တွေ့ဆုံရာမှ ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်း ရိုက်ခတ်မှုသည် ကပ်ဘေးအဆင့် ကျင့်ကြံသူ သို့မဟုတ် နတ်ဘုရင်အဆင့် ကျင့်ကြံသူကိုပင် ချက်ချင်းဆိုသလို အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားစေလောက်သည်။

ကျန်းချန်သည်ပင် လေထဲတွင် မိုင်ပေါင်းရာချီ နောက်ဆုတ်သွားခဲ့ရသည်။

ကောင်းကင်ယံမှ တုန်လှုပ်ဖွယ်တိုက်ပွဲကို ကြည့်ရင်း သူ၏ မျက်ဝန်းထဲတွင် ပို၍ လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

မူလက ဝူကျန့်ထျန်းသည် လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ ထိုက်ချင်းဘိုးဘေးတို့ နှစ်ဦးကို ပြန်လည် တိုက်ခိုက်နိုင်စွမ်းမရှိအောင် လုပ်ဆောင်နိုင်ခဲ့ရာ ကျန်းချန်သည် သူတို့ ဘက်မှ အသာစီးရပြီဟု ထင်မှတ်ခဲ့သည်။

သို့သော်လည်း ထိုက်ချင်းဘိုးဘေးသည် အရေးကြီးသောအချိန်တွင် အလွန်တရာ အစွမ်းထက်သော မှော်လက်နက် တစ်ခုကို ထုတ်သုံးလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤမှော်လက်နက်တွင် ကိန်းအောင်းနေသော စွမ်းအားသည် လူသားဧကရာဇ်နန်းတော်ရှိ လူသားဧကရာဇ်ဓားတို့ထက်ပင် နှစ်ဆမက ပို၍ အားကောင်းမှန်း ကျန်းချန် သဘာဝကျစွာပင် ခံစားမိခဲ့သည်။

ထိုက်ချင်းဘိုးဘေး၏ လက်ထဲမှ အပြာရောင်လက်ကောက်သည် နတ်ဘုရားနယ်မြေမှ သန္ဓေတာအို နတ်လက်နက်များနှင့် မယှဥ်နိုင်စေကာမူ အတော်လေး အစွမ်းထက်သော မှော်လက်နက်တစ်ခု ဖြစ်သည်။

လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ထားသော နတ်ဘုရင်နဝမအဆင့် ဝူကျန့်ထျန်း ပင်လျှင် ဤအပြာရောင်လက်ကောက် ရှေ့တွင် မည်သည့်အားသာချက်မှ မရရှိခဲ့ပေ။

လူတိုင်းက အံ့ဩတုန်လှုပ်သော အမူအရာများဖြင့် တိုက်ပွဲကို ကြည့်နေစဥ်မှာပင် ပုံရိပ်နှစ်ခုသည် အနက်ရောင်တွင်းနက်ထဲကနေ နောက်ပြန် လွင့်စင်လာခဲ့သည်။

ဝူကျန့်ထျန်း၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်အလင်းတန်းသည် ချက်ချင်းဆိုသလို မှိန်ဖျော့သွားခဲ့ပြီး အရှိန်အဝါသည်ပင် အနည်းငယ် အားနည်းသွားခဲ့၏။

ဆန့်ကျင်ဘက်တွင်ရှိသော ထိုက်ချင်းဘိုးဘေးသည်လည်း မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့ပြီး သူ့ကို ကြည့်ရသည်မှာ ဝူကျန့်ထျန်းထက်ပင် ပို၍ ထိခိုက်ခဲ့ပုံရသည်။

ထိုက်ယီလက်ကောက်ကို အသက်သွင်းလိုက်တိုင်းတွင် တန်ပြန်ထိခိုက်မှုသည် ယခင်တစ်ကြိမ်ထက် များစွာ ပိုမို ပြင်းထန်၏။

ထို့ကြောင့် ထိုက်ယီလက်ကောက်ကို နှစ်ကြိမ်ဆက်တိုက်အသုံးပြုခဲ့သော ထိုက်ချင်းဘိုးဘေးသည် အတော်လေး ထိခိုက်ဒဏ်ရာရသွားသည်မှာ ထင်ရှားနေခဲ့သည်။

“ထိုက်ချင်း လာခဲ့စမ်း”

ဝူကျန့်ထျန်းသည် အရှိန်အဝါ အားနည်းနေသော်လည်း တိုက်ခိုက်လိုစိတ်ကမူ ပြည့်နှက်နေဆဲပင်။

အချန်ကုန်လွန်လာသည်နှင့်အမျှ သူ၏ လျှို့ဝှက်နည်းစနစ်က ကုန်ဆုံးတော့မည် ဖြစ်ရာ သူ၏ စွမ်းအားသည်လည်း တဖြည်းဖြည်း အားနည်းလာခဲ့သည်။

ဝူကျန့်ထျန်းသည် တစ်ဖက်မှ ထိုက်ချင်းဘိုးဘေးက အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်မှန်း မြင်နိုင်သဖြင့် ထိုက်ချင်းဘိုးဘေးကို အသက်ရှူရန်အခွင့်အရေး မည်သို့မှ ပေးမည်မဟုတ်ပေ။

မည်သို့ပင် ဖြစ်စေကာမူ လျှို့ဝှက်နည်းစနစ် မကုန်ဆုံးမီ ထိုက်ချင်းဘိုးဘေးကို ရှင်းလင်းပစ်ရပေမည်။

ဝူကျန့်ထျန်း၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ထိုက်ချင်းဘိုးဘေးသည် ထိုက်ယီလက်ကောက်ကို ထပ်မံ အသုံးပြုရန်မှတစ်ပါး အခြား ရွေးချယ်စရာမရှိတော့ပေ။

ကောင်းကင်ယံက ပြိုကျသွားခဲ့ပြီး တောင်တန်းနှင့်မြစ်များပင် ဗြောင်းဆန်သွားခဲ့သည်။

ဟင်းလင်းပြင်၏ မိုင်ပေါင်းထောင်ချီ ဧရိယာသည် ထိုနှစ်ဦး၏ တိုက်ခိုက်မှုအောက်တွင် လှိုင်းဂယက်များ အဆက်မပြတ် ထလာခဲ့ပြီး ပရမ်းပတာ အဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့သည်။

ထိုက်ယီလက်ကောက်၏ စွမ်းအားကို သုံးကြိမ် ဆက်တိုက်အသုံးပြုပြီးနောက်တွင် ထိုက်ချင်းဘိုးဘေးသည် အဆုံးသတ်၌ တန်ပြန် ထိခိုက်မှုဒဏ်ကို ခံနိုင်ရည် မရှိတော့ဘဲ ဟင်းလင်းပြင်ထဲမှာပင် ခန္ဓာကိုယ်တစ်ခုလုံး ပျောက်ကွယ်သွားခဲ့တော့သည်။

ဝူကျန့်ထျန်း၏ ခန္ဓာကိုယ်သည်လည်း အနည်းငယ်တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် မီတာထောင်ပေါင်းများစွာ အကွာအဝေးအထိ နောက်ဆုတ်သွားခဲ့ရပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။

“ကျန်းရှ.. ဒီကောင်က အတွင်းဒဏ်ရာ အပြည့်အဝ ရထားပြီးပြီ...သူ့ရဲ့ လျှို့ဝှက်နည်းစနစ်ကလည်း အချိန်ကုန်တော့မယ်.. သူ့ကို အမြန် သတ်လိုက်”

ခန္ဓာကိုယ် ပျက်စီးနေသော ထိုက်ချင်းဘိုးဘေး၏ ဝိညာဥ်သည် မိုင်ပေါင်းထောင်ချီဝေးရာသို့ ထွက်ပြေးပြီးနောက်တွင် ကျန်းရှဘိုးဘေးကို အလျင်အမြန် အော်ဟစ် ခိုင်းစေလိုက်သည်။

ယခုတစ်ကြိမ်တွင် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ထားသည့် ဝူကျန့်ထျန်းနှင့် ရင်ဆိုင်ရန်အတွက် ထိုက်ချင်းဘိုးဘေးသည် ထိုက်ယီလက်ကောက်ကို သုံးကြိမ်ဆက်တိုက် အသုံးပြုခဲ့ရသည်။

ထိုအတွက်ကြောင့် သူ၏ ခန္ဓာကိုယ်ပျက်စီးသွားသည် သာမက သူ၏ ဝိညာဥ်သည်ပင် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့၏။

ဆိုရလျှင် နှစ်ပေါင်းတစ်ထောင်ခန့် အနည်းဆုံး အချိန်မယူဘဲ သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

အကယ်၍ သူက အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်နိုင်လျှင်ပင် ကပ်ဘေးအဆင့်ကို ကျော်လွန်ပြီး မဟာယာနအဆင့်ကို မည်သည့်အခါမျှ ရောက်ရှိနိုင်တော့မည် မဟုတ်ချေ။

ကျန်းရှဘိုဘေးက ဤအခိုက်အတန့်သည် ဝူကျန့်ထျန်းကို သတ်ဖြတ်ရန်အတွက် အကောင်းဆုံး အချိန်အခါ ဖြစ်ကြောင်း သဘာဝကျစွာပင် သိရှိထားခဲ့၏။

သူက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေခဲ့ဘဲ ဓားကွက်တစ်ကွက်ကို ထုတ်ဖော်ကာ ဝူကျန့်ထျန်းကို တိုက်ခိုက်လိုက်သည်။

ကျန်းရှဘိုးဘေး၏ တိုက်ခိုက်မှုကိုမြင်လျှင် ဝူကျန့်ထျန်း၏ မျက်နှာအမူအရာသည် အနည်းငယ် ပျက်ယွင်းသွားခဲ့၏။

အကယ်၍ သူသာ သူ၏ အထွတ်အထိပ် အခြေအနေတွင် ရှိနေလျှင် ကပ်ဘေးနှောင်းပိုင်း အဆင့်ရှိ ကျန်းရှဘိုးဘေးကို ဂရုစိုက်နေမည် မဟုတ်ပေ။

သို့သော်လည်း အစောပိုင်းက ထိုက်ချင်းဘိုးဘေးနှင့် တိုက်ပွဲတွင် သူက ထိုက်ချင်းဘိုးဘေးကို အနိုင်ရခဲ့သည့်တိုင် ဒဏ်ရာ အပြင်းအထန် ရရှိထားခဲ့သည်။

ရှင်းလင်းစွာဆိုရလျှင် သူက ဒဏ်ရာအပြင်းအထန် ရရှိထားရုံသာမက သူ၏ လျှို့ဝှက်နည်းစနစ်၏ စွမ်းအားသည်လည်း အချိန်ကုန်ဆုံးတော့မည် ဖြစ်ရာ အားနည်းသော အချိန်ကာလသို့ ရောက်ရှိလာတော့မည် ဖြစ်၏။

လက်ရှိ အခြေအနေဖြင့်ဆိုလျှင် ကပ်ဘေးနှောင်းပိုင်း အဆင့်ရှိ ကျန်းရှဘိုးဘေးကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

သို့သော်လည်း ဝူကျန့်ထျန်းသည် နောက်ဆုတ်မသွားခဲ့ဘဲ ကျန်းရှဘိုးဘေးကို ရူးသွပ်စွာ စိုက်ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ နောက်ဆုံး လက်ကျန်စွမ်းအားကို တိုက်ရိုက်ပင် လှုံ့ဆော်လိုက်သည်။

အခန်း(၂၃၈၁)ပြီး၏။

အခန်း(၂၃၈၂)

ဝူကျန့်ထျန်းက ကျန်းရှဘိုးဘေးနှင့် သူသေကိုယ်သေ တိုက်ပွဲဝင်ရန် ပြင်ဆင်နေစဥ်မှာပင် ခပ်တိုးတိုးစကားသံတစ်သံသည် ဝူကျန့်ထျန်း၏ နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“စီနီယာဝူ.. ကပ်ဘေးနှောင်းပိုင်းအဆင့်လောက်နဲ့ စီနီယာ အားကုန်ခံမနေပါနဲ့တော့.. ကျွန်တော့်ကိုပဲ လွှဲပေးလိုက်ပါ”

ဝူကျန့်ထျန်း အနည်းငယ် မှင်တက်နေစဥ်မှာပင် ရွှေရောင်ဓားအလင်းတန်း တစ်ခုသည် ကျန်းရှဘိုးဘေး၏ ဓားချက်ကို အစိတ်စိတ်အမြွှာမြွှာ ချေမှုန်းပစ်လိုက်၏။

ချက်ချင်းဆိုသလိုပင် အနက်ရောင်ဝတ်စုံဝတ် ပုံရိပ်တစ်ခုသည် ဝူကျန့်ထျန်း၏ ရှေ့ရှိ လေထုထဲတွင် တစ္ဆေတစ်ကောင်နှယ် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ညီနောင်.. ကပ်ဘေးနှောင်းပိုင်းအဆင့် သုံးယောက်ကို မင်းတစ်ယောက်တည်း ကိုင်တွယ်နိုင်ပါ့မလား.. ငါ့ရဲ့အခြေအနေက သိပ်မကောင်းပေမဲ့ မင်းအတွက် တစ်ယောက်လောက်တော့ ဖြေရှင်းပေးနိုင်ပါသေးတယ်”

သူ၏ ရှေ့တွင် ပေါ်ထွက်လာသည့် ကျန်းချန်ကို မြင်လျှင် ဝူကျန့်ထျန်းက ပြောလိုက်သည်။

သူ့ရှေ့ရှိ နတ်ဘုရားနယ်မြေမှ အနှိုင်းမဲ့ပါရမီရှင်သည် ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည် ရှိမှန်း သူသိသော်လည်း အဆုံးသတ်တွင် ထိုလူငယ်သည် နတ်ဘုရင် ပဉ္စမအဆင့်သာ ရှိနေသေး၏။

ယခုအခါတွင် သူက ကပ်ဘေးအထွတ်အထိပ် အဆင့်ရှိ ထိုက်ချင်းဘိုးဘေးကို ဖြေရှင်းနိုင်ခဲ့သော်လည်း အင်မော်တယ်ကျင့်ကြံခြင်းလောကတွင် ကပ်ဘေးနှောင်းပိုင်အဆင့် ကျင့်ကြံသူသုံးဦး ကျန်ရှိနေသေးသည်။

သူကိုယ်တိုင်ပင်လျှင် လျှို့ဝှက်နည်းစနစ်ကို အသုံးမပြုလျှင် ထိုသုံးဦးကို တစ်ဦးတည်း အနိုင်ယူရန်မှာ အလွန်တရာ ခက်ခဲသော အလုပ်ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေကာမူ အခြေအနေက ဤအဆင့်သို့ပင် ရောက်ရှိလာပြီ ဖြစ်ရာ မည်သည့်ဘက်ကမှ နောက်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။

သူတို့အနေဖြင့် အင်မော်တယ် ကျင့်ကြံခြင်းလောကကို အနိုင်မယူနိုင်လျှင် အင်မော်တယ် ကျင့်ကြံခြင်းလောက၏ ဖျက်ဆီးခြင်းကို ခံရလိမ့်မည်သာ။

ဝူကျန့်ထျန်းသည် သိုင်းပညာ ကျင့်ကြံခြင်းလောကအတွက် တစ်သက်လုံး တိုက်ပွဲဝင်ခဲ့သည်ဖြစ်ရာ သိုင်းပညာကျင့်ကြံခြင်းလောကက အင်မော်တယ် ကျင့်ကြံခြင်းလောက၏ လက်ထဲတွင် ပျက်စီးသွားမည်ကို သဘာဝကျစွာပင် မလိုလားခဲ့ပေ။

ထို့ကြောင့် သူက ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူ သုံးဦးနှင့် ရင်ဆိုင်ရာတွင် ကျန်းချန် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်အတွက် ကပ်ဘေးနှောင်းပိုင်း အဆင့်တစ်ဦးကို သူ့ကိုယ်သူ စတေးပြီး တိုက်ခိုက်ရန် ဆုံးဖြတ်ထားခဲ့သည်။

ကျန်းချန်က တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်၏။

“စီနီယာဝူ.. စိတ်မပူပါနဲ့.. သူတို့ သုံးယောက်လောက်က ကျွန်တော့်ကို ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး”

ဝူကျန့်ထျန်းသည် နတ်ဘုရင်နဝမအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ပါး ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်တွင်လည်း ပြိုင်ဘက်ကင်းကာ ကပ်ဘေး အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူကိုပင် အနိုင်ယူနိုင်စွမ်း ရှိသည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်သည် နတ်ဘုရားနယ်မြေနှင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတို့၏ တိုက်ပွဲတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

ထို့ကြောင့် ကျန်းချန်သည် ဝူကျန့်ထျန်းကို ဤနေရာတွင် သဘာဝကျစွာပင် မကျဆုံးစေချင်ခဲ့ချေ။

ဆိုရလျှင် နတ်ဘုရင် အဋ္ဌမအဆင့်ထက် မနိမ့်ကျသည့် ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူသုံးဦးကို ကိုင်တွယ်ရန်မှာ အလွန်တရာခက်ခဲသော်လည်း သူ့အနေဖြင့် မကိုင်တွယ်နိုင်လောက်သည့် အခြေအနေတော့ မဟုတ်ပေ။

“ကောင်လေး မင်း လေလုံးထွားလှချည်လား.. မင်းကို ကိုင်တွယ်ဖို့ ငါတစ်ယောက်တည်းနဲ့တင် လုံလောက်တယ်”

ကျန်းချန်၏ မောက်မာသော စကားကိုကြားလျှင် ကျန်းရှဘိုးဘေးသည် ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်လိုက်သည်။

ထိုအခါ ချက်ချင်းဆိုသလိုပင် ခရမ်းရောင်အလင်းများတောက်ပနေသော ဓားရှည်တစ်လက်သည် ကျန်းရှဘိုးဘေး၏ ရှေ့တွင် ပေါ်ထွက်လာခဲ့ပြီး ကျန်းရှဘိုးဘေး၏ လှုံ့ဆော်မှုအောက်မှာပင် ခရမ်းရောင်တိမ်တိုက် အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့ကာ မိုင်ပေါင်းထောင်ချီ ဧရိယာကို လွှမ်းခြုံသွားခဲ့သည်။

“သတ်စမ်း”

ကျန်းရှဘိုးဘေးက ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

ရုတ်တရက် မိုင်ပေါင်းထောင်ချီ ဧရိယာအတွင်းရှိ ခရမ်းရောင်တိမ်တိုက်များသည် လေထုထဲတွင် ချက်ချင်းဆိုသလို စုစည်းသွားခဲ့ပြီး ခရမ်းရောင် ဓားတစ်လက်နှယ် ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့သည်။

ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည့် ကျန်းရှဘိုးဘေးသည် သံသယဖြစ်ဖွယ်ရာမရှိ အလွန်တရာ အစွမ်းထက်သည်။

ဆိုရလျှင် ကျန်းရှဘိုးဘေးသည် ကျန်းချန် မြင်တွေ့ဖူးသမျှ နတ်ဘုရင်အဋ္ဌမအဆင့် အစွမ်းထက် ကျင့်ကြံသူများထက် ပိုမို၍ အစွမ်းထက်၏။

ထိုကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်နှင့် ရင်ဆိုင်ရချိန်တွင် ကျန်းချန်သည် သူ၏ စွမ်းရည်ကို အနည်းငယ်မျှပင် ထိန်ချန်မထားဘဲ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်မှ ဓားကွက်ကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်သည်။

“လူသားအဖြစ် ပြောင်းလဲစေသောဓားချက်”

ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ ဓားချက်ကနေ လေးနက်သော ဓားအလင်းတန်းတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ခရမ်းရောင်တိမ်တိုက် ဓားအလင်းနှင့် ထိပ်တိုက်ဆုံတွေ့သွားခဲ့၏။

နောက်ထပ် တစ်ခဏတွင် ကျန်းရှဘိုးဘေး၏ ခမ်းနားလှသော ဓားချက်သည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

“မင်းက အစွမ်းအစတော့ ရှိသားပဲ.. မင်း ဒီလောက်အထိ မောက်မာရဲတာ မထူးဆန်းတော့ဘူး.. ငါ့ရဲ့ နောက်ထပ်ဓားချက် တစ်ချက်ကို မြည်းကြည့်လိုက်ဦး”

ကျန်းချန်က သူ၏ ဓားချက်ကို အလွယ်တကူ ချေမှုန်းလိုက်သည်အား မြင်လျှင် ကျန်းရှဘိုးဘေး၏ မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းရှဘိုးဘေးက ချက်ချင်းဆိုသလို လက်ဟန်များကို ပြုလုပ်လိုက်ရာ လေထုထဲတွင် ကြောက်မက်ဖွယ် ဓားပျံကိုးစင်း ထွက်ပေါ်လာခဲ့သည်။

ထိုဓားပျံကိုးစင်းသည် သက်တန့်ကိုးခုနှယ် ကောင်းကင်ယံကို ဖြတ်ကျော်ကာ ကျန်းချန် ဆီသို့ ပျံသန်းလာခဲ့သည်။

လေထုထဲရှိ မိုင်ပေါင်းရာချီ ဧရိယာသည် ထိုဓားပျံကိုးလက်ရှေ့တွင် လုံးဝ မရှိခဲ့သလိုပင် ဓားပျံ၏ အရှိန်အဟုန်က မြန်ဆန်နေခဲ့၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဓားပျံကိုးလက်သည် နေရာလွတ်ကို ဖြတ်ကျော်လာခဲ့ပြီး ကျန်းချန်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။

“ဒီအဘိုးကြီးက ကပ်ဘေးနှောင်းပိုင်းအဆင့် ဓားကျင့်ကြံသူလို့ မပြောရဘူး.. တကယ်ကို အစွမ်းထက်တာပဲ”

ကျန်းရှဘိုးဘေး၏ ဓားပျံကိုးလက်ကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူ၏ လက်ရှိစွမ်းရည်ဖြင့် ကျန်းရှဘိုးဘေးကို မကြောက်ရွံ့သော်လည်း အနိုင်ယူရန်မှာမူ လွယ်ကူသော အလုပ် မဟုတ်ပေ။

ထို့အပြင် ကျန်းရှဘိုးဘေး၏ အဖော်ဖြစ်သည့် ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦးသည်လည်း တိုက်ပွဲဝင်ရန် အသင့် ဖြစ်နေခဲ့သည်။

အကယ်၍ အချိန်ဆွဲနေမည်ဆိုလျှင် အခြေအနေသည် သူတို့အတွက် ပို၍သာ ဆိုးရွားလာပေလိမ့်မည် မဟုတ်ပါလော။

ထို့ကြောင့် ကျန်းချန်သည် ကျန်းရှဘိုးဘေးနှင့် တိုက်ခိုက်ရာတွင် အချိန်ဖြုန်းရန် စိတ်ကူးမရှိတော့ပေ။

သူက လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ အစိမ်းရောင် အလင်းတန်းများ တောက်ပနေသည့် လျှို့ဝှက်ဆန်းကြယ်သော ကျောက်တိုင်တစ်ခုသည် သူ၏ လက်ဖဝါးထက်တွင် ပေါ်လာခဲ့သည်။

“ဝုန်း..”

ကျန်းချန်၏ လှုံ့ဆော်မှုအောက်မှာပင် ထိုကျောက်တိုင်သည် ပေပေါင်းသောင်းချီ မြင့်မားသော နတ်ဘုရားကျောက်တိုင်အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲပြီး သူ့ထံသို့ သက်ရောက်လာသည့် ဓားပျံကိုးလက်ကိုပင် ချက်ချင်းဆိုသလိုပင် အစိတ်စိတ်အမြွှာမြွှာ ချေမှုန်းပစ်လိုက်သည်။

နတ်ဘုရားကျောက်တိုင်သည် ဓားပျံကိုးလက်ကို ချေမှုန်းပြီးနောက်တွင် စွမ်းအားက အနည်းငယ်မျှ လျော့ပါးမသွားဘဲ ကျန်းရှဘိုးဘေးကိုပါ ဆက်လက်၍ ဖိနှိပ်လိုက်၏။

ဤအခိုက်အတန့်တွင် မိုင်ပေါင်းထောင်ချီ ဧရိယာသည် အဆက်မပြတ် ပြိုလဲသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ပရမ်းပတာ ဖြစ်သွားခဲ့သည်။

ကျန်းရှဘိုးဘေးသည် သူ၏ ခန္ဓာကိုယ်နှင့် ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားများက ပေပေါင်းသောင်းချီ မြင့်မားသော နတ်ဘုရားကျောက်တိုင်၏ လွှမ်းမိုးမှုအောက်တွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုဖြင့် ချုပ်နှောင်ခံလိုက်ရသကဲ့သို့ လုံးဝ လှုပ်ရှား၍ မရတော့ကြောင်း တွေ့ရှိလိုက်ရကာ ထိတ်လန့်သွားခဲ့၏။

“မသတ်ပါနဲ့”

ကျန်းရှဘိုးဘေးသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ထိတ်လန့်တကြား ကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်ခဲ့ပေ။

သူက ‌ပေပေါင်းသောင်းချီ မြင့်မားသော နတ်ဘုရားကျောက်တိုင်က သူ့ကို ဖိနှိပ်ရန် ဆင်းသက်လာသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက်တွင် ပေပေါင်းသောင်းချီ မြင့်မားသော နတ်ဘုရားကျောက်တိုင်သည် ကျန်းရှဘိုးဘေး၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားခဲ့ပြီး ကျန်းရှဘိုးဘေး၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ကို လေထုထဲတွင် ချက်ချင်းဆိုသလိုပင် အမှုန့်အဖြစ် ချေမှုန်းပစ်လိုက်သည်။

ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ် ခြောက်ကပ်သွားခဲ့၏။

ကပ်ဘေးနှောင်းပိုင်းအဆင့် ကျန်းရှဘိုးဘေးသည် ကျန်းချန်၏ တိုက်ခိုက်မှုအောက်တွင် ချက်ချင်းဆိုသလို သတ်ဖြတ်ခံလိုက်ရမည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ကြပေ။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"မမျှော်လင့်ဘဲ ဒီကောင်လေးရဲ့လက်ထဲမှာ ဝှက်ဖဲ ကြီးကြီးမားမား ရှိနေတာပဲ.. ဒါက ဒဏ္ဍာရီထဲက သန္ဓေတာအိုနတ်လက်နက် ဖြစ်မယ် ထင်တယ်”

ကျန်းချန်က ကျောက်တိုင်တစ်ခုကို အသုံးပြု၍ ကပ်ဘေးနှောင်းပိုင်းအဆင့် ကျန်းရှဘိုးဘေးကို အလွယ်တကူ သတ်ဖြတ်လိုက်သည်အား မြင်လျှင် ဝူကျန့်ထျန်းသည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ဤအခိုက်အတန့်တွင် သူ၏ တင်းကျပ်နေသော စိတ်သည် အနည်းငယ် ပြေလျော့သွားခဲ့၏။

မူလက ရန်သူသုံးဦးကို ကျန်းချန်တစ်ဦးတည်း ရင်ဆိုင်ရန် မလွယ်ကူမည်ကို သူစိုးရိမ်နေခဲ့သော်လည်း ကျန်းချန်၏ လက်ထဲတွင် ဒဏ္ဍာရီထဲမှ သန္ဓေတာအို နတ်လက်နက် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယခု သူတို့ဘက်တွင် သန္ဓေတာအိုနတ်လက်နက် ရှိနေပြီ ဖြစ်ရာ သူတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကသည် ရှုံးနိမ့်တော့မည် မဟုတ်ပေ။

“ဒါက ဘာကျောက်တိုင်လဲ.. ဘာလို့ ဒီကျောက်တိုင်က ဒီလောက်အထိ ကြောက်ဖို့ကောင်းတဲ့ စွမ်းအားတွေ ရှိနေရတာလဲ”

ဤမြင်ကွင်းကိုကြည့်ရင်း လဲ့ယန်ဘိုးဘေးနှင့် ကျန့်ရှန်းဘိုးဘေးတို့၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

အင်မော်တယ်လောက၏ ထိပ်သီးပုဂ္ဂိုလ် ငါးပါးထဲတွင် ကပ်ဘေး အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသည့် ထိုက်ချင်းဘိုးဘေးမှ လွဲလျှင် ကျန်းရှဘိုးဘေးသည် ကျန်လေးဦးထဲတွင် အစွမ်းအထက်ဆုံး ဖြစ်၏။

ယခုအခါ ကျန်းရှဘိုးဘေးပင်လျှင် လျှို့ဝှက်ဆန်းကြယ်သောကျောက်တိုင်အောက်တွင် ချက်ချင်းဆိုသလို အသက်ပျောက်သွားခဲ့ရာ သူတို့အနေဖြင့် မည်ကဲ့သို့ ခုခံနိုင်ပါတော့မည်နည်း။

အခန်း(၂၃၈၂)ပြီး၏။

All Chapters