အခန်း (၂၃၈၃-၂၃၈၄)
Vol. 179 Ch. 2383-2384
အခန်း(၂၃၈၃)
“ဒါက ဒဏ္ဍာရီထဲက အင်မော်တယ်ကျောက်တိုင်များလား”
လေထုထဲမှ ပေပေါင်းသောင်းချီ မြင့်မားသော နတ်ဘုရားကျောက်တိုင်ကို ကြည့်ရင်း ထိုက်ချင်းဘိုးဘေး၏ မျက်ဝန်းများသည် ရုတ်တရက် ကျုံ့သွားခဲ့သည်။
ထိုက်ယီအင်မော်တယ်ဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကနေ ဆင်းသက်လာသေဂိုဏ်း ဖြစ်သည်။
သူတို့၏ ဘိုးဘေးသည် ထိုစဥ်က စကြဝဠာအဆင့် စစ်ပွဲတွင် အသက်ရှင် ကျန်ရစ်ခဲ့သည့် ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ တပည့်တစ်ဦး ဖြစ်၏။
ထိုစကြဝဠာအဆင့် တိုက်ပွဲ၏ ဇာစ်မြစ်နှင့် ပတ်သက်၍ ထိုက်ယီအင်မော်တယ်ဂိုဏ်းတွင် အသေးစိတ် မှတ်တမ်းများ ရှိသည်။
ထိုစဥ်က အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာက နတ်ဘုရားနယ်မြေကို ကျူးကျော်စစ် စတင်ခဲ့ရသည့် အကြောင်းရင်းမှာ အင်မော်တယ်တစ်ဦး ဖြစ်လာနိုင်မည့် အခွင့်အရေး ပါရှိသော လျှို့ဝှက်ဆန်းကြယ်သည့် အင်မော်တယ်ကျောက်တိုင်က နတ်ဘုရားနယ်မြေထဲ မတော်တဆ ကျရောက်သွားခြင်းကြောင့် ဖြစ်သည်။
ထိုက်ယီဘိုးဘေးသည် အင်မော်တယ်ကျောက်တိုင်ကို မမြင်ဖူးသော်လည်း ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ မှတ်တမ်းအချို့အရ ထိုအရာမှာ အင်မော်တယ်ကျောက်တိုင် ဖြစ်မှန်း ကောက်ချက်ချနိုင်ခဲ့သည်။
နတ်ဘုရားနယ်မြေ၏ အနှိုင်းမဲ့ပါရမီရှင် လက်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော ကျောက်တိုင်သည် ဒဏ္ဍာရီထဲမှ အင်မော်တယ်ကျောက်တိုင် ဖြစ်ရန် အလားအလာ အလွန်များ၏။
မည်သို့ပင် ဖြစ်စေကာမူ အင်မော်တယ်ကျောက်တိုင် ထဲတွင် ကိန်းအောင်းနေသော စွမ်းအားသည် သူတို့ ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ အထွတ်အထိပ် မှော်လက်နက်ဖြစ်သော ထိုက်ယီလက်ကောက်ထက်ပင် လုံးဝ သာလွန်နေခဲ့သည်။
ကပ်ဘေးနှောင်းပိုင်းအဆင့်ရှိ ကျန်းရှဘိုးဘေး ကဲ့သို့ အစွမ်းထက် ကျင့်ကြံသူပင်လျှင် ထိုလက်နက်ကို မတားဆီးနိုင်ခဲ့ပေ။
ဒဏ္ဍာရီထဲမှ အင်မော်တယ်ကျောက်တိုင် သာလျှင် ထိုကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားမျိုး ရှိနိုင်ပေလိမ့်မည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက စကြဝဠာအဆင့် စစ်ပွဲကို ဆင်နွှဲရန်ပင် တွန့်ဆုတ်မနေခဲ့သော အင်မော်တယ်ကျောက်တိုင်က ယခုအခါတွင် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူတစ်ဦး၏ လက်ထဲသို့ ရောက်ရှိနေမည်ဟု ထိုက်ချင်းဘိုးဘေး မထင်ထားခဲ့ပေ။
“ထိုက်ချင်း.. ဒီကောင်လေးလက်ထဲက ကျောက်တိုင်က တကယ်ကို ကြောက်စရာကောင်းလွန်းတယ်.. ငါတို့ အခုဘာဆက်လုပ်ကြမလဲ”
လဲ့ယန်ဘိုးဘေးတို့က မှင်တက်နေရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ထိုက်ချင်းဘိုးဘေးကို မေးလိုက်သည်။
ထိုက်ချင်းဘိုးဘေးက တစ်ခဏမျှ စဥ်းစားလိုက်ပြီး အဆုံးသတ်တွင် လေးနက်စွာ ပြောလိုက်၏။
“ငါတို့အရင်ဆုံး ပြန်ဆုတ်ကြစို့”
အင်မော်တယ်အဆင့် ဆိုသည်မှာ မဟာယာနအဆင့် ကျင့်ကြံသူများထက် သာလွန်သောအဆင့် ဖြစ်သည်။
အင်မော်တယ်တစ်ဦး အဖြစ် အသက်ရှင်ရန်မှာ ကျင့်ကြံသူများ၏ စိတ်ထဲရှိ နောက်ဆုံးပန်းတိုင် ဆိုလည်း မမှားပေ။
အင်မော်တယ်နှင့် ပတ်သက်သည့် မည်သည့်အရာမဆို မဟာယာနအဆင့်ရှိ ကျင့်ကြံသူကိုပင် ရူးသွပ်သွားစေနိုင်စွမ်း ရှိ၏။
ထို့အကြောင်းကြောင့် ထိုစဥ်က အင်မော်တယ် ကျောက်တိုင် ထွက်ပေါ်လာချိန်တွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပြီး စကြဝဠာအဆင့်စစ်ပွဲတစ်ခုကိုပင် ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။
ထိုက်ချင်းဘိုးဘေးတို့သည် အင်မော်တယ် ကျောက်တိုင်၏ စွမ်းအားက မည်မျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းမှန်း မသိကြပေ။
သို့သော်လည်း လဲ့ယန်ဘိုးဘေးတို့ နှစ်ဦး မဆိုထားနှင့်၊ သူ၏ အထွတ်အထိပ် အခြေအနေတွင်ပင် အင်မော်တယ်ကျောက်တိုင်ကို ရင်ဆိုင်နိုင်လိမ့်မည်ဟု အကြွင်းမဲ့ ယုံကြည်ချက် ရှိမနေခဲ့ပေ။
ထိုကောင်လေးသည် အင်မော်တယ် ကျောက်တိုင်ကို လှုံ့ဆော်ခဲ့၍ ကြီးမားသော အဖိုးအခအား ပြန်လည်ပေးဆပ်ရမည်မှာ မလွဲဧကန်ပင် ဖြစ်၏။
ဆိုရလျှင် ထိုကောင်လေးသည် အစောပိုင်းက တိုက်ခိုက်မှုမျိုး ထပ်မံပြုလုပ်ရန် အင်မော်တယ်ကျောက်တိုင်ကို လှုံ့ဆော်နိုင်မလား ဆိုသည်မှာ ရေရေရာရာ မရှိပေ။
သို့သော်လည်း ထိုက်ချင်းဘိုးဘေးတို့သည် လောင်းကြေးမထပ်ရဲကြချေ။
ယခုအခါတွင် သူက ခန္ဓာကိုယ် ပျက်စီးသွားပြီး ဝိညာဥ်သည်ပင် အပြင်းအထန် ဒဏ်ရာ ရရှိထားခဲ့သည်။
သူတို့ထဲတွင် အစွမ်းထက်ဆုံးဖြစ်သည့် ကျန်းရှဘိုးဘေးသည်လည်း အင်မော်တယ်ကျောက်တိုင်၏ အောက်တွင် သတ်ဖြတ်ခံလိုက်ရချေပြီ။
အကယ်၍ လဲ့ယန်တို့ဘိုးဘေးတို့ နှစ်ဦးသာ အင်မော်တယ်ကျောက်တိုင်အောက်တွင် ကျဆုံးသွားမည် ဆိုလျှင် သူတို့အင်မော်တယ် ကျင့်ကြံခြင်းလောကသည် အမှန်တကယ်ပင် လုံးဝပျက်စီးသွားပေလိမ့်မည် မဟုတ်ပါလော။
ထိုက်ချင်းဘိုးဘေး၏ စကားကိုကြားလျှင် လဲ့ယန်ဘိုးဘေးတို့နှစ်ဦးသည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ကြသည်။
ဆိုရလျှင် လျှို့ဝှက်ဆန်းကြယ်သော ကျောက်တိုင်ကို အသုံးပြု၍ ကျန်းရှဘိုးဘေးကို ထိုကောင်လေးက တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ခြင်းသည် သူတို့ကို အလွန်အမင်း ထိတ်လန့်စေခဲ့သည်။
ထို့ကြောင့် သူတို့နှစ်ဦးသည် အင်မော်တယ်ကျောက်တိုင်ကို ရင်ဆိုင်ရန် သတ္တိ လုံးဝမရှိချေ။
ဤသို့ဖြင့်ပင် ထိုက်ချင်းဘိုးဘေး၏ အမိန့်အရ လဲ့ယန်ဘိုးဘေးနှင့် အခြားသူများသည် ထုံရှန်းတောင်ကြားရှိ အင်မော်တယ် ကျင့်ကြံသူများကို ခေါ်ဆောင်ကာ လျင်မြန်စွာပင် နောက်ဆုတ်သွားခဲ့ကြသည်။
လျင်မြန်စွာ နောက်ဆုတ်သွားသော ထိုက်ချင်းဘိုးဘေးတို့ကို ကြည့်ပြီး ကျန်းချန်သည် လိုက်လံ တိုက်ခိုက်ခြင်းမပြုခဲ့ပေ။
ယခုအခါတွင် ဝူကျန့်ထျန်းသည် အားနည်းသော အခြေအနေသို့ ကျရောက်နေပြီ ဖြစ်သလို အခြား နတ်ဘုရင်များသည်လည်း အစောပိုင်းက တိုက်ပွဲများတွင် ဒဏ်ရာရရှိထားသဖြင့် တိုက်ခိုက်ရေးစွမ်းအား များစွာ မကျန်ရှိတော့ပေ။
အင်မော်တယ် ကျင့်ကြံခြင်းလောကကမူ အထိနာခဲ့သော်လည်း ကပ်ဘေးနှောင်းပိုင်းအဆင့်ရှိ အစွမ်းထက်ပုဂ္ဂိုလ်နှစ်ဦး ကျန်ရှိနေပါသေးသည်။
ကျန်းချန်သည် အင်မော်တယ်ကျောက်တိုင်ကို ပိုင်ဆိုင်ထားသည်မှာ အချိန်အတန်ကြာပြီ ဖြစ်၍ အင်မော်တယ်ကျောက်တိုင် အကြောင်းကို သဘာဝကျစွာပင် ပိုမို၍ သိရှိလာခဲ့သည်။
အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားက အလွန်တရာနက်ရှိုင်းသော်လည်း အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားကို ပိုမို အသုံးချနိုင်လေလေ၊ ကုန်ဆုံးသွားသော စွမ်းအားက ပိုမို ကြီးမားလေလေ ဖြစ်သည်။
ဆိုရလျှင် ကျန်းချန်ဘိုးဘေးကို သတ်ဖြတ်ရန်အတွက် အင်မော်တယ်ကျောက်တိုင်ကို အသုံးပြုရာတွင် သူ၏ စွမ်းအား ထက်ဝက်ကျော် ကုန်ဆုံးသွားခဲ့ရ၏။
ကျန်းချန်သည် လဲ့ယန်ဘိုးဘေးတို့ နှစ်ဦးကို သတ်ဖြတ်ရန်အတွက် အင်မော်တယ်ကျောက်တိုင်ကို ထပ်မံ လှုံ့ဆော်နိုင်မည်ဟု သူ့ကိုယ်သူ မသေချာခဲ့ပေ။
အကယ်၍ သူက ထိုနှစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည့်တိုင် ထိုအခြေအနေတွင် သူ၏အခြေအနေက များစွာ ကောင်းမွန်နေမည်မဟုတ်၍ ထျန်းယွမ်ဘိုးဘေးတို့ကို မည်ကဲ့သို့ ကိုင်တွယ်နိုင်ပါမည်နည်း။
ထို့ကြောင့်လည်း ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်းလောကမှ လူများကို ထုံရှန်းတောင်ကြားကနေ ဆုတ်ခွာခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူယခု တစ်ကြိမ် ထာဝရသက်ရှည်တောင်တန်း ဆီသို့ အဓိက လာရောက်ရသည့် ရည်ရွယ်ချက်မှာ ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်ရောက်ပြီး နတ်ဘုရားနယ်မြေ စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန် ဖြစ်သည်။
ယနေ့တိုက်ပွဲတွင် အင်မော်တယ် ကျင့်ကြံခြင်းလောကသည် အထိနာသွားခဲ့ပြီ ဖြစ်ရာ အချိန်တိုအတွင်း သူ့ကို ဒုက္ခပေးနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် သူက ထာဝရသက်ရှည်တောင်တန်း ထဲကို အရင်ဝင်ရောက်ပြီး ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန် စီစဥ်ထားခဲ့သည်။
အချိန်ကျလာလျှင် သူက ဝူကျန့်ထျန်းနှင့် ပြန်လည် ပူးပေါင်း၍ အင်မော်တယ်တိုက်ရှိ အင်မော်တယ် ကျင့်ကြံခြင်း လောကကို ဖျက်ဆီးပစ်ရန်မှာ မခက်ခဲတော့ပေ။
“ညီနောင် ကျေးဇူးအများကြီးတင်ပါတယ်.. မင်းသာ မရှိဘူးဆိုရင် ငါတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကရဲ့ ကံကြမ္မာက အတော်လေး ဆိုးရွားသွားနိုင်တယ်”
ထိုက်ချင်းဘိုးဘေးက အင်မော်တယ် ကျင့်ကြံခြင်းလောကမှ လူများကို ခေါ်ဆောင်ကာ နောက်ဆုတ်သွားသည်ကို မြင်လျှင် ဝူကျန့်ထျန်းသည် သက်ပြင်းချလိုက်ပြီး ကျန်းချန်ကို ကျေးဇူးတင်သော အမူအရာဖြင့် ပြောလိုက်သည်။
“စီနီယာဝူ အားနာနေဖို့မလိုပါဘူး.. အင်မော်တယ် ကျင့်ကြံခြင်းလောက ဆိုတာ ကျွန်တော်တို့ နတ်ဘုရားနယ်မြေရဲ့ ဘုံရန်သူပါပဲ”
ကျန်းချန်က သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပြုံး၍ ပြောလိုက်သည်။
“ကျွန်တော်လည်း စီနီယာဝူကို ကျေးဇူးတင်ရမှာပါ.. တကယ်လို့ စီနီယာဝူကသာ သိုင်းပညာ ကျင့်ကြံခြင်းလောကက လူတွေကို ခေါ်ပြီး ကူညီပေးဖို့ အတွက် ရောက်မလာဘူး ဆိုရင် ကျွန်တော် တစ်ယောက်တည်းနဲ့ အင်မော်တယ် ကျင့်ကြံခြင်း လောက တစ်ခုလုံးကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး”
“ညီနောင်က အင်မော်တယ် ကျင့်ကြံခြင်းလောကရဲ့ ကပ်ဘေးအဆင့် ကျင့်ကြံသူ ခြောက်ပါးကို သတ်ဖြတ်ပြီး အင်မော်တယ်ကျင့်ကြံခြင်း လောကကို ဒုက္ခတွေအများကြီး ပေးနိုင်ခဲ့တယ်.. ဒီနေ့မှာလည်း ကပ်ဘေးနှောင်းပိုင်းအဆင့် ကျန်းရှဘိုးဘေးက ညီနောင်ရဲ့ လက်ထဲမှာ အသတ်ခံလိုက်ရပြီ.. အချိန်တိုအတွင်းတော့ အင်မော်တယ် ကျင့်ကြံခြင်းလောကက သိုင်းပညာကျင့်ကြံခြင်း လောကကို ခြိမ်းခြောက်မှု မပေးနိုင်တော့ပါဘူး”
ဝူကျန့်ထျန်းက ပြုံး၍ ပြောလိုက်သည်။
“ညီနောင်အနေနဲ့ ငါနဲ့အတူ မြောက်ဘက်ဒေသကို လိုက်လာခဲ့ပါလား.. ငါတို့နှစ်ယောက် အင်မော်တယ် ကျင့်ကြံခြင်းလောကကို ဖျက်ဆီးပစ်ဖို့နဲ့ အင်မော်တယ်တိုက်ကို ပြန်လည် သိမ်းပိုက်ဖို့အတွက် ဆွေးနွေးကြတာပေါ့”
“စီနီယာဝူ အလျင်မလိုပါနဲ့ဦး.. စီနီယာဝူ ရှိနေသရွေ့တော့ အင်မော်တယ် ကျင့်ကြံခြင်းလောကက အချိန်တိုအတွင်းတော့ ဘာပြဿနာမှ ထပ်မရှာနိုင်တော့ပါဘူး.. ကျွန်တော် ဒီကို လာရတဲ့ အဓိက ရည်ရွယ်ချက်က ထာဝရသက်ရှည်တောင်တန်း အတွက်ပဲ.. အခု ကျွန်တော် ထာဝရသက်ရှည်တောင်တန်းထဲကို အရင်ဝင်ဖို့ စီစဥ်ထားတယ်.. ကျွန်တော် ထာဝရသက်ရှည်တောင်တန်းထဲက ပြန်ထွက်လာမှပဲ အင်မော်တယ် ကျင့်ကြံခြင်း လောကကို ဖျက်ဆီးဖို့အတွက် ဆွေးနွေးကြတာပေါ့”
ကျန်းချန်က အနည်းငယ် စဥ်းစားပြီးမှ ပြောလိုက်သည်။
“ညီနောင်က ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်မလို့လား”
ဝူကျန့်ထျန်းက အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။
“သိုင်းပညာ ကျင့်ကြံခြင်းလောကက အင်မော်တယ် ကျင့်ကြံခြင်း လောကကို ရှုံးနိမ့်သွားတဲ့ အချိန်ကစပြီး အင်မော်တယ်ကျင့်ကြံခြင်းလောကကပဲ ထာဝရသက်ရှည်တောင်တန်းကို ထိန်းချုပ်ထားခဲ့တယ်.. ထာဝရသက်ရှည်တောင်တန်းရဲ့ဝင်ပေါက်ကို အင်မော်တယ် ကျင့်ကြံခြင်းလောကက စည်းခတ်ထားတာ ဆိုတော့ ဝင်ဖို့ မလွယ်လောက်ဘူးထင်တယ်”
“ဒီအတွက်တော့ စိတ်မပူပါနဲ့ စီနီယာဝူ.. အထဲကို ဝင်ဖို့အတွက် ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
“ကျွန်တော် ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်သွားပြီးရင် စီနီယာဝူအနေနဲ့ ဒီထုံရှန်းတောင်ကြားကို စောင့်ရှောက်ပေးဖို့ တောင်းဆိုချင်ပါတယ်.. အင်မော်တယ် ကျင့်ကြံခြင်းလောကက လူတွေ ကျွန်တော့်ကို လာပြီး အနှောင့်အယှက် မပေးနိုင်အောင်လို့ပါ”
“ကောင်းပြီ.. ငါဒီမှာ ရှိနေသရွေ့ ထိုက်ချင်းဘိုးဘေး ကိုယ်တိုင် လာရင်တောင် ထာဝရသက်ရှည်တောင်တန်း ထဲကို ခြေတစ်လှမ်းမှ ဝင်ခွင့် မရစေရဘူး”
ဝူကျန့်ထျန်းက ချက်ချင်းဆိုသလိုပင် ကတိပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာဝူ”
ကျန်းချန်က ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို လေထဲတွင် ခုန်တက်ကာ တင်ပျဥ်ခွေထိုင်လိုက်ပြီး ပတ်ဝန်းကျင်ရှိ အစီအရင်များကို စတင် ဆင်ခြင်ခဲ့သည်။
အဆ ၁၀၀ စနစ်ကို လှုံ့ဆော်လိုက်ပြီးနောက်တွင် ကျန်းချန်သည် ထုံရှန်းတောင်ကြားရှိ အင်မော်တယ် ကျင့်ကြံခြင်းလောက၏ အစီအရင်ကို အပြည့်အဝ နားလည်သဘောပေါက်ရန် အတွက် ရက်ပေါင်းနှစ်ဆယ်ခန့် အချိန်ယူခဲ့ရ၏။
အစီအရင်ကို နားလည်သွားပြီးနောက်တွင် သူက အချိန်ဖြုန်းမနေဘဲ လက်ဟန်များကို အလျင်အမြန် ပြုလုပ်ကာ ပတ်ဝန်းကျင်ရှိ အစီအရင်များကို ဖြေရှင်းလိုက်ပြီး ဝူကျန့်ထျန်းနှင့် အခြားသူများ၏ အကြည့်အောက်မှာပင် ထာဝရသက်ရှည်တောင်တန်း ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၂၃၈၃)ပြီး၏။
အခန်း(၂၃၈၄)
ထာဝရသက်ရှည်တောင်တန်း၏ နေရာတိုင်းတွင် တောက်ပသော နေရောင်ခြည် အလင်းတန်းများ ဖြာကျနေခဲ့ပြီး ငါးရောင်ခြယ် အင်မော်တယ်အလင်းများ ထွက်ပေါ်နေကာ မြင့်မြတ်သော တောင်တန်းများသည် ဟိုတစ်စု ဒီတစ်စု တည်ရှိနေခဲ့သည်။
နေရာတိုင်းတွင် အဖိုးတန် ဆေးဖက်ဝင် အပင် အမျိုးမျိုးဖြင့် ဝေဆာနေသဖြင့် အင်မော်တယ်တို့၏ နားခိုရာ အပန်းဖြေစခန်းတစ်ခု ကဲ့သို့ပင် ဖြစ်နေခဲ့၏။
ရုတ်တရက် ပုံရိပ်တစ်ခုသည် ထာဝရသက်ရှည်တောင်တန်း ထဲတွင် ပေါ်ထွက်လာခဲ့သည်။
ထိုပုံရိပ်မှာ ထာဝရသက်ရှည်တောင်တန်း ထဲသို့ ဝင်ရောက်လာသော ကျန်းချန်ပင် ဖြစ်သည်။
“ထာဝရသက်ရှည်တောင်တန်းက အင်မော်တယ် ဖြစ်လာဖို့ အခွင့်အရေး ရှိတဲ့ နေရာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါပေတယ်”
သူ့ရှေ့မှ အခြေအနေကို ကြည့်ကာ ကျန်းချန်သည် အတော်လေး စိတ်လှုပ်ရှားသွားခဲ့သည်။
ထာဝရသက်ရှည်တောင်တန်း၏ နေရာတိုင်းတွင် ကြွယ်ဝသော အသက်စွမ်းအင်များ ရှိနေခဲ့ပြီး နှင်းမြူများအဖြစ် စုစည်းနေခဲ့သည်။
မည်သည့် ကျင့်ကြံမှုမှ မရှိသော သာမန် လူတစ်ယောက်ပင်လျှင် ထာဝရသက်ရှည်တောင်တန်းထဲတွင် အသက်တစ်ရှိုက်စာ ရှုလိုက်ရုံဖြင့် သက်တမ်း နှစ်အနည်းငယ် တိုးလာလိမ့်မည် ဖြစ်၏။
အကယ်၍ ဤနေရာတွင်သာ ကျင့်ကြံမည်ဆိုလျှင် ကျင့်ကြံခြင်း အရှိန်အဟုန်သည် ပြင်ပကမ္ဘာထက် အနည်းဆုံး ဆယ်ဆ သို့မဟုတ် အဆတစ်ရာ ပိုမို မြန်ဆန်ပေလိမ့်မည်။
သို့သော်လည်း ကျန်းချန်သည် ယခုတစ်ကြိမ်တွင် ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန်အတွက် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်ရာ ဤနေရာတွင် ကျင့်ကြံနေရန် စိတ်ကူးမရှိပေ။
သူက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ နတ်အသိစိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို စတင် စူးစမ်းလိုက်သည်။
အလွန်လျင်မြန်စွာပင် ကျန်းချန်သည် သူ၏ နတ်အသိစိတ်အာရုံက ဤနေရာတွင် အတော်လေး ကန့်သတ်ခံထားရမှန်း သတိပြုမိလိုက်သည်။
သူ၏ နတ်အသိအာရုံသည် မိုင်တစ်ရာ ပတ်လည်အတွင်းရှိ အခြေအနေကိုသာ အာရုံခံနိုင်ခဲ့၏။
“ဒီနေရာက တကယ်ကို ထူးဆန်းတာပဲ”
ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက လေထဲသို့ ခုန်တက်ရန် ကြိုးစား ကြည့်လိုက်သော်လည်း သူ၏ နတ်ဘုရင်ပဉ္စမအဆင့် ကျင့်ကြံခြင်း အဆင့်ဖြင့်ပင် ဤနေရာရှိ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများ၏ ချုပ်နှောင်မှုကို မကျော်လွန်နိုင်ခဲ့ဘဲ လေထဲတွင် မပျံသန်းနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
ဤကဲ့သို့သော အခြေအနေသည် သဘာဝအလျောက် ဖြစ်ပေါ်နေခြင်း မဟုတ်သည်မှာ ထင်ရှားနေခဲ့၏။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ထာဝရသက်ရှည်တောင်တန်း တစ်ခုလုံးသည် မြင့်မြတ်သော စွမ်းအားဖြင့် ထိန်းချုပ်ခံထားရခြင်း ဖြစ်သည်။
ဤနေရာရှိ တောင်တန်းများ၊ ကျောက်ခဲများနှင့် သစ်ပင်များတွင် အမြင့်မြတ်ဆုံး ကန့်သတ်စွမ်းအားများ ရှိနေခဲ့ပြီး ယင်းသည် စွမ်းအင်အားလုံးကို ဆယ်ဆမက အားပျော့သွားစေနိုင်စွမ်း ရှိသည်။
ကပ်ဘေးအဆင့် ကျင့်ကြံသူများနှင့် နတ်ဘုရင်များသည် ပြင်ပကမ္ဘာတွင် မိုင်ပေါင်းထောင်ချီကို ဖျက်ဆီးစေနိုင်လောက်သည် အထိ အစွမ်းထက်သော်လည်း ထာဝရသက်ရှည်တောင်တန်းထဲတွင်မူ မိုင်တစ်ရာပတ်လည်ကိုပင် ဖျက်ဆီးရန်ပင် ခက်ခဲလိမ့်မည် ဖြစ်၏။
“တကယ့်ကို ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားပါလား.. ဘယ်သူက ဒီ ထာဝရသက်ရှည်တောင်တန်းမှာ ကန့်သတ်ချက်တွေ စီမံထားလဲမသိဘူး”
ကျန်းချန်၏ စိတ်နှလုံးက တုန်လှုပ်သွားခဲ့ပြီး ပါးစပ်ကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ကပ်ဘေးအဆင့်နှင့် နတ်ဘုရင်များကို အလွယ်တကူ ဖိနှိပ်နိုင်သည် ဆိုလျှင် ထိုစွမ်းအားသည် မည်မျှအထိပင် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားမျိုး ဖြစ်နိုင်ပါသနည်း။
မဟာယာနအဆင့်နှင့် အုပ်စိုးသူ အဆင့်ပင်လျှင် ထိုကဲ့သို့ စွမ်းအားမျိုး ရှိလိမ့်မည်ဟု သူ မထင်ပေ။
ထာဝရသက်ရှည်တောင်တန်းထဲ၏ တားမြစ်စွမ်းအားသည် နတ်ဘုရားနယ်မြေ စကြဝဠာ၏ ကောင်းကင်လမ်းစဥ် လက်ချက် ဖြစ်နိုင်ပါသလော။
သို့သော်လည်း မကြာမီမှာပင် ကျန်းချန်သည် သူ၏ ထင်မြင်ချက်ကို ရုတ်သိမ်းလိုက်သည်။
နတ်ဘုရားနယ်မြေသည် အင်မော်တယ်စကြဝဠာနှင့် စကြဝဠာအဆင့် တိုက်ပွဲဆင်နွှဲခဲ့ပြီး ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။
သူ နတ်ဘုရင်အဆင့်ကို ထိုးဖောက်စဥ်က နတ်ဘုရားသင်္ချိုင်းရှေးဟောင်းနယ်မြေတွင် ပြန်လည် ရှင်သန်လာသော အင်မော်တယ် ကျင့်ကြံသူသည် ကပ်ဘေး အထွတ်အထိပ် အဆင့်ကိုပင် မရောက်ရှိသေးဘဲ နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်ကနေ ကျဆင်းလာသော မိုးကြိုးကပ်ဘေးကို အနိုင်ယူနိုင်ခဲ့သည်။
ဆိုရလျှင် ကောင်းကင်လမ်းစဥ်၏ လက်ရှိ အခြေအနေအရ ထာဝရသက်ရှည်တောင်တန်းပေါ်တွင် ဤမျှ အစွမ်းထက်သော ကန့်သတ်ချက် စွမ်းအားကို မည်ကဲ့သို့ ချထားနိုင်ပါမည်နည်း။
သို့ဖြစ်ရာ ကောင်းကင်လမ်းစဥ်၏ လက်ချက် မဟုတ်လျှင် မည်သူ၏ လက်ချက် ဖြစ်နိုင်ပါသနည်း။
ကျန်းချန် သိသလောက် နတ်ဘုရားနယ်မြေတွင် ထာဝရသက်ရှည်တောင်တန်းနှင့် ပတ်သက်သည့် မည်သည့် မှတ်တမ်းမှတ်ရာမှ မရှိပေ။
တစ်နည်းအားဖြင့် ဆိုရသော် ထာဝရသက်ရှည်တောင်တန်းသည် မူလကတည်းကပင် နတ်ဘုရားနယ်မြေမှ တည်ရှိခဲ့ခြင်းမဟုတ်ဘဲ ရှေးခေတ်ကာလက ကပ်ဘေးကြီးကြောင့် နတ်ဘုရားနယ်မြေ ပြိုလဲပြီးမှသာ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
နတ်ဘုရားနယ်မြေ၏ ကပ်ဘေးကြီး ပြီးနောက်တွင် ဤနေရာ၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့ပြီး ဤမျှအထိ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခု ဖြစ်ပေါ်လာရပါသနည်း။
“ဒီ ထာဝရသက်ရှည်တောင်တန်းက ငါထင်ထားတာထက် ပိုပြီး ဆန်းကြယ်တဲ့ပုံပဲ”
ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူက ထိုကိစ္စကို ဆက်လက် မတွေးတော့ဘဲ ထာဝရသက်ရှည်တောင်တန်း အတွင်းသို့သတိကြီးစွာဖြင့် ဆက်လက် ဝင်ရောက်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် ကျန်းချန်သည် ဝိညာဥ်သားရဲများနှင့်ဆေးဖက်ဝင် အပင်များစွာကို တွေ့ရှိခဲ့သည်။
သူက ထာဝရသက်ရှည်တောင်တန်း၏ အစွန်းပိုင်းတွင်သာ ရောက်ရှိနေသောကြောင့် ဝိညာဥ်သားရဲများ၏ အစွမ်းသည် သိပ်မသန်မာဘဲ အခြေခံအားဖြင့် ကပ်ဘေးအဆင့်အောက်တွင်သာ ရှိရာ ကျန်းချန်ကို မည်သည့် ခြိမ်းခြောက်မှုမှ မပေးစွမ်းနိုင်ခဲ့ပေ။
ပတ်ဝန်းကျင်တွင် ပေါက်ရောက်နေသော ဆေးဖက်ဝင် အပင်များသည် သာမန် လူများအတွက် အလွန်တရာ အဖိုးထိုက်တန်သော်လည်း ကျန်းချန်အတွက်မူ ဘာမှမဟုတ်ပေ။
ထို့ကြောင့် ကျန်းချန်က ဆေးဖက်ဝင်အပင်များ အတွက် အချိန်ဖြုန်းမနေဘဲ ရှေ့သို့သာ ဆက်လက် လျှောက်သွားခဲ့သည်။
ပို၍ နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ ကျန်းချန် ရင်ဆိုင်ရသော ခြိမ်းခြောက်မှုများသည် တဖြည်းဖြည်း တိုးလာခဲ့သည်။
“ဝုန်း..”
ခန္ဓာကိုယ်တစ်ခုလုံး အနီရောင်အလင်းတန်းများ လင်းလက်နေကာ မီတာရာချီ အရွယ်အစားရှိသည့် မီးလျှံငှက် တစ်ကောင်သည် အတောင်ပံများကို ခတ်ကာ ပျံသန်းလာခဲ့ပြီး ပါးစပ်ကနေ ကျန်းချန်ထံ မီးလျှံများ မှုတ်ထုတ်လိုက်သည်။
ကျန်းချန်က ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို စုစည်းလိုက်ပြီး မီးလျှံငှက်ဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။
သူ၏ လက်သီးချက်သည် မီးလျှံဌက် မှုတ်ထုတ်လိုက်သော မီးလျှံများကို တိုက်ရိုက်ပင် ချေမှုန်းပစ်လိုက်ပြီး မီးလျှံငှက်၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။
“ဝုန်း..”
နတ်ဘုရင်အဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်သော စွမ်းအင်ရှိသော မီးလျှံငှက်ကြီးသည် ကျန်းချန်၏ လက်သီးချက်ကြောင့် နောက်ပြန် လွင့်စင်သွားခဲ့၏။
ပတ်ဝန်းကျင်တွင် စွမ်းအင်လှိုင်းများ ဂယက်ထက်သွားသော်လည်း ဟင်းလင်းပြင်ရှိ ကန့်သတ်ချက် စွမ်းအားများကြောင့် ချက်ချင်းဆိုသလိုပင် ပြန်လည် ဖိနှိပ်ခံလိုက်ရသည်။
မီးတိုက်ငှက်သည် အလွန်တရာ ထိတ်လန့်သွားခဲပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် လက်ညှိုးမှ ဓားစွမ်းအားကို ထုတ်ဖော်ကာ မီးလျှံငှက်ကို ပစ်ထည့်လိုက်ရာ မီးလျှံငှက်သည် နှစ်ပိုင်း ပြတ်ထွက်သွားခဲ့၏။
သို့သော်လည်း ကျန်းချန်က မီးလျှံငှက်ကို သတ်ဖြတ်လိုက်သည့် အခိုက်အတန့်မှပင် သူ၏ အရှေ့ရှိ မိုင်ပေါင်း ထောင်ချီ ဝေးကွာသော နေရာကနေ ကျယ်လောင်စွာ ကြုံးဝါသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
“ဘယ်ကောင် ငါ့သားရဲကို သတ်လိုက်တာလဲ”
ကျယ်လောင်စွာ ကြုံးဝါးသံနှင့် မီးလျှံများကဲ့သို့ တောက်ပနေသည့် အနီရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ဦးသည် သူ၏ ရှေ့ရှိ တောအုပ်ထဲကနေ ထွက်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အနီရောင်ဝတ်စုံဝတ် အဘိုးအို၏ ပုံရိပ်သည် ကျန်းချန်နှင့် မီတာရာချီ အကွာအဝေးတွင် ပေါ်လာခဲ့သည်။
“ကပ်ဘေးနှောင်းပိုင်းအဆင့် အင်မော်တယ် ကျင့်ကြံသူပါလား”
ရုတ်တရက် ပေါ်ထွက်လာသော အဘိုးအိုကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် လင်းလက်သွားခဲ့သည်။
သူအစောပိုင်းက သတ်ဖြတ်လိုက်သည့် မီးလျှံငှက်တွင် ပိုင်ရှင် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထို့အပြင် မီးလျှံငှက်၏ သခင်သည် ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့၏။
သို့သော်လည်း ကျန်းချန်သည် တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် နားလည်သွားခဲ့သည်။
ထာဝရသက်ရှည်တောင်တန်း ဆိုသည်မှာ အင်မော်တယ်ဖြစ်လာနိုင်မည် အခွင့်အရေးရှိသည်ဟု နာမည်ကျော်ကြားသော လျှို့ဝှက်ဆန်းကြယ်သည့် နေရာတစ်ခု ဖြစ်သည်။
ထာဝရသက်ရှည်တောင်တန်း ပေါ်ထွက်လာကတည်းကပင် အင်မော်တယ်တိုက်မှ မရေမတွက်နိုင်သော အင်မော်တယ်ကျင့်ကြံသူများနှင့် သိုင်းပညာ ကျင့်ကြံခြင်းလောကမှ ကျင့်ကြံသူများသည် တောင်တန်း အတွင်းသို့ ဝင်ရောက်ခဲ့ကြ၏။
အထူးသဖြင့် သက်တမ်းကုန်ခါနီး အစွမ်းထက်ပုဂ္ဂိုလ် အချို့သည် သူတို့၏ သက်တမ်းကို တိုးမြှင့်ရန်နှင့် သေဆုံးမည့်အချိန်ကို ဆွဲဆန့်ရန်အတွက် ထာဝရသက်ရှည်တောင်တန်းကို ဝင်ရောက်ရန် ရွေးချယ်ကြလေ့ ရှိသည်။
ဤလူများထဲမှ အများစုသည် ထာဝရသက်ရှည်တောင်တန်းထဲသို့ ဝင်ရောက်သွားပြီးနောက်တွင် ပြန်ထွက်မလာခဲ့ကြပေ။
ထိုကျင့်ကြံသူများထဲမှ တချို့သည် ထာဝရသက်ရှည်တောင်တန်းထဲတွင် ကျဆုံးသွားခဲ့ကြသည်။
သို့သော်လည်း ထာဝရသက်ရှည်တောင်တန်းထဲတွင် အခွင့်အလမ်းများ ရရှိကာ အဆင့်တက်သွားခဲ့သူများလည်း ရှိ၏။
သူ့ရှေ့မှ အနီရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ထိုလူများထဲမှ တစ်ဦး ဖြစ်နိုင်လောက်သည်။
မည်သို့ပင်ဖြစ်စေကာမူ ထာဝရသက်ရှည်တောင်တန်း ထဲတွင် နေထိုင်သော အင်မော်တယ် ကျင့်ကြံသူ တစ်ဦးနှင့် တွေ့ဆုံရခြင်းသည် ကျန်းချန် အတွက် မဆိုးပေ။
ထိုအဘိုးအိုသည် ထာဝရသက်ရှည်တောင်တန်း ထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သူ ဖြစ်၍ ထာဝရသက်ရှည်တောင်တန်း၏ အကြောင်းကို အတိုင်းအတာတစ်ခု အထိ သိရှိနိုင်သည် မဟုတ်ပါလား။
ယင်းကြောင့် သူ့အနေဖြင့် ထိုအဘိုးအိုထံမှ ထာဝရသက်ရှည်တောင်တန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက် အချို့ကို ရယူချင်ခဲ့၏။
“ကောင်လေး.. ငါ နှစ်ပေါင်းများစွာ မွေးမြူထားတဲ့ သားရဲကို သတ်လိုက်တာ မင်းလား”
အနီရောင်ဝတ်ရုံဝတ် အဘိုးအိုမှ သူ့ရှေ့မှ ကျန်းချန်ကို စူးစိုက်၍ ကြည့်လိုက်သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေခဲ့၏။
“ဒီနေရာမှာ ကျွန်တော်က လွဲရင် အခြားသူ ရှိသေးလို့လား”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး အနီရောင်ဝတ်ရုံဝတ် အဘိုးအိုကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“အဘိုးကြီး.. ခင်ဗျား ထာဝရသက်ရှည်တောင်တန်းထဲမှာ နေတာ ကြာပြီ ဆိုတော့ ထာဝရသက်ရှည်တောင်တန်းရဲ့အခြေအနေကို ကောင်းကာင်း သိနေမှာပဲ.. ခင်ဗျား ကျုပ်ကို ပြောပြမယ်ဆိုရင် ခင်ဗျားရဲ့ အသက်ကို ချမ်းသာပေးမယ်”
အခန်း(၂၃၈၄)ပြီး၏။