အခန်း (၂၃၈၅-၂၃၈၆)
Vol. 179 Ch. 2385-2386
အခန်း(၂၃၈၅)
“မလောက်လေးမလောက်စားကောင်လေးကများ ငါ့ရှေ့မှာ စကားကြီး စကားကျယ်ပြောရဲတယ်.. သွားသေလိုက်တော့”
အနီရောင်ဝတ်ရုံဝတ်အဘိုးအိုက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလိုပင် ပုံရိပ်သုံးခုအဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
“ကောင်းကင်မီးလျှံ ပုံရိပ်ယောင်ခန္ဓာကိုယ် ကျင့်စဥ်ပါလား”
အနီရောင်ဝတ်ရုံဝတ်အဘိုးအို ထုတ်ဖော်လိုက်သည့် တိုက်ကွက်ကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုအဘိုးကြီး ထုတ်သုံးလိုက်သော တိုက်ကွက်သည် တန်မိသားစု၏ ဒုတိယသခင်လေး တန်နင် အသုံးပြုခဲ့သော ကောင်းကင်မီးလျှံ ခန္ဓာကိုယ်ကျင့်စဥ်နှင့်ပုံရိပ်ယောင် လုံးဝတူညီနေခဲ့သည်။
ထိုအဘိုးအိုသည် တန်မိသားစုမှ ဖြစ်နေလိမ့်မည်ဟု ကျန်းချန် မထင်ထားခဲ့ပေ။
သူသိထားသလောက်ဆိုလျှင် တန်မိသားစုသည် အင်မော်တယ် ကျင့်ကြံခြင်းလောက၏ နံပါတ်တစ်မိသားစု ဖြစ်သော်လည်း ကပ်ဘေးအဆင့် ကျင့်ကြံသူ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။
ထို့ကြောင့် သူ့ရှေ့မှ အနီရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ထာဝရသက်ရှည်တောင်တန်း ထဲသို့ ဝင်ရောက်ပြီး အခွင့်အလမ်းတစ်ခုခု ရရှိခဲ့၍သာ ကပ်ဘေးအဆင့်ကို ထိုးဖောက်နိုင်ခြင်း ဖြစ်နိုင်လောက်၏။
ကျန်းချန်က စိတ်ထဲကနေ တွေးနေသော်လည်း လှုပ်ရှားမှုကိုမူ မရပ်တန့်ခဲ့ပေ။
သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ဓားစွမ်းအင် သုံးခုကို ထုတ်ဖော်ကာ သူ့ကို ဝိုင်းရံထားသည့် အနီရောင်ဝတ်ရုံဝတ် ပုံရိပ်များကို တိုက်ခိုက်လိုက်သည်။
သူ့ရှေ့မှ အဘိုးအိုသည် ကပ်ဘေးနှောင်းပိုင်း အဆင့်ကို ရောက်ရှိနေသော်လည်း သူသတ်ဖြတ်ခဲ့သည့် ကျန်းရှဘိုးဘေးထက်ပင် များစွာပို၍ အားနည်းပြီး ထျန်းယွမ်ဘိုးဘေးနှင့် အဆင့်တူလောက်သာ ရှိသည်။
ရှင်းလင်းစွာဆိုရလျှင် ထိုအဘိုးအို၏ စွမ်းရည်သည် နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူနှင့်သာ ညီမျှ၏။
ဤကဲ့သို့ ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးသည် ကျန်းချန်ကို မည်ကဲ့သို့ အန္တရာယ်ပေးနိုင်ပါအံ့နည်း။
“ရွှစ်..”
“ရွှစ်..”
“ရွှစ်..”
ဓားအလင်းသုံးခုက နေရာလွတ်ကို ထိုးဖောက်သွားခဲ့ပြီး သူ့ကို ဝိုင်းရံထားသည့် အနီရောင်ဝတ်ရုံဝတ် ပုံရိပ်သုံးခုဆီ ချက်ချင်းဆိုသလို သက်ရောက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် အနီရောင်ဝတ်ရုံဝတ် ပုံရိပ်နှစ်ခုသည် အမှုန့်အဖြစ် ချေမှုန်းခံလိုက်ရ၏။
ကျန်ရှိသောပုံရိပ်ကမူ မြေပြင်ထက်တွင် ခြေဆယ်လှမ်းမက နောက်ဆုတ်သွားခဲ့ပြီးမှ သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့သည်။
သူ၏ ဆန့်ကျင်ဘက်မှ ကျန်းချန်ကို ကြည့်ရင်း ထိုအဘိုးအို၏ ဖြူဖျော့နေသော မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
“မင်း မင်းဘယ်သူလဲ”
ကျန်းချန်က အနီရောင်ဝတ်ရုံဝတ် အဘိုးအို၏ မေးခွန်းကို ပြန်မဖြေဘဲ အေးစက်စက် ပြောလိုက်သည်။
“အဘိုးကြီး.. ခင်ဗျားခုနက ထုတ်သုံးလိုက်တာက တန်မိသားစုရဲ့ ကောင်းကင်မီးလျှံ ပုံရိပ်ယောင်ခန္ဓာကိုယ် ကျင့်စဥ် ဆိုတော့ ခင်ဗျားက တန်မိသားစုကလား”
“ဟုတ်တယ်.. ငါအဘိုးကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်ကတည်းက ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်ရောက်ခဲ့တဲ့ တန်မိသားစုရဲ့ဘိုးဘေး တန်ကျွယ်ချန်ပဲ”
တန်ကျွယ်ချန်က ကျန်းချန်ကို ယဥ်ကျေးသော အမူအရာဖြင့် ဂါဝရပြုကာ ပြောလိုက်သည်။
“ဒီက မိတ်ဆွေလေးက ဘယ်သူလဲဆိုတာ သိပါရစေ”
သူ့ရှေ့မှ လူငယ်သည် ကြောက်မက်ဖွယ်ရာ အစွမ်းထက်သောပုဂ္ဂိုလ်တစ်ပါး ဖြစ်၏။
အင်မော်တယ် ကျင့်ကြံခြင်းလောကရှိ ဂိုဏ်းကြီးငါးဂိုဏ်းမှာပင် ထိုကဲ့သို့ အစွမ်းထက်သောသူမှာ အလွန်တရာပင် ရှားပါးသည်။
“ကျုပ်က ခင်ဗျား ရန်စလို့မရတဲ့သူပဲ”
ကျန်းချန်က တန်ကျွယ်ချန်ကို ခနဲ့တဲ့တဲ့ အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“သိပ်မကြာခင်ကပဲ ခင်ဗျားတို့ တန်မိသားစုထဲက လူတစ်ယောက်က ကျုပ်ကို လာပြီးစော်ကားတဲ့ အတွက် တန်မိသားစုတစ်ခုလုံးကို ကျုပ်ချေမှုန်းပစ်ခဲ့တယ်.. ခင်ဗျားက တန်မိသားစုရဲ့ဘိုးဘေး ဆိုတော့ ကျုပ်ကို လက်စားချေချင်လား”
ထိုစကားကိုကြားလျှင် တန်ကျွယ်ချန်သည် ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားခဲ့သည်။
တန်မိသားစုသည် အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် နံပါတ်တစ်မိသားစု ဖြစ်သော်လည်း နှစ်ပေါင်းများစွာ ကြာသည်အထိ ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦးမှ မထွက်ပေါ်ခဲ့ပေ။
တန်မိသားစုတွင် ကပ်ဘေးအဆင့် ကျင့်ကြံသူကို ရင်ဆိုင်နိုင်မည့် နည်းလမ်းအချို့ ရှိသော်လည်း သူ့ကိုပင် တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်သော အနက်ရောင်ဝတ်စုံဝတ်လူငယ်၏ ရှေ့တွင် ယင်းသည် ပြောပလောက်စရာ မရှိချေ။
လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်က တန်မိသားစု၏ ဘိုးဘေး တန်ကျွယ်ချန်သည် လမ်းစဥ်ပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့်တွင် ပိတ်မိနေခဲ့သည်။
သူက သူ၏ သက်တမ်းကုန်ဆုံးခါနီးတွင် ထာဝရသက်ရှည်တောင်တန်းထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်၏။
တန်ကျွယ်ချန်သည် ထာဝရသက်ရှည်တောင်တန်း ထဲတွင် ကံကောင်းထောက်မပြီး အခွင့်အလမ်းကောင်း တစ်ခုကို ရရှိခဲ့သည်။
ဤအခွင့်အလမ်းကို အားကိုး၍ သူက ထာဝရသက်ရှည်တောင်တန်း ထဲတွင် တံခါးပိတ်၍ ကျင့်ကြံခဲ့ရာ ကပ်ဘေးအဆင့်ကို ထိုးဖောက်နိုင်ခဲ့ရုံသာမက ကပ်ဘေးနှောင်းပိုင်းအဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်။
ထာဝရသက်ရှည်တောင်တန်းထဲရှိ အခွင့်အလမ်းများကို မြည်းစမ်းကြည့်ပြီးနောက်တွင် တန်ကျွယ်ချန်သည် ဤနေရာကနေ ထွက်ခွာရန် မစဥ်းစားတော့ပေ။
သူက ထာဝရသက်ရှည်တောင်တန်း ထဲတွင် ကပ်ဘေး အထွတ်အထိပ် အဆင့်အထိ ရောက်အောင် ကျင့်ကြံပြီး ထို့နောက်တွင် မဟာယာနအဆင့်သို့ ထိုးဖောက်ရန် အခွင့်အလမ်းများကို ရှာဖွေကာ သူ၏ အိပ်မက် ဖြစ်သည့် အင်မော်တယ်အဆင့် အထိ ကျင့်ကြံရန် ရည်ရွယ်ထားခဲ့၏။
ဤနှစ်များအတွင်း တန်ကျွယ်ချန်သည် ပိုမို မြင့်မားသော နယ်ပယ်အဆင့်သို့ တက်လှမ်းရန်သာ စိတ်ဝင်စားခဲ့ပြီး တန်မိသားစုကိုပင် မေ့လျော့နေခဲ့ချေပြီ။
“မိတ်ဆွေလေး.. ဒီအဘိုးကြီးက တန်မိသားစုကနေ ထွက်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ.. တန်မိသားစုရဲ့ အရေးကိုလည်း စိတ်မဝင်စားတော့ပါဘူး.. မိတ်ဆွေလေးကို စော်ကားလို့ တန်မိသားစု ချေမှုန်းခံရတာက တန်မိသားစုရဲ့ ကိုယ်ပိုင်ကံကြမ္မာပါပဲ.. ဒီအဘိုးကြီးနဲ့ ဘာမှမဆိုင်ပါဘူး”
တန်ကျွယ်ချန်က အလျင်အမြန်ပင် ပြောလိုက်သည်။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ စွမ်းရည်သည် အမှန်တကယ်ပင် ဆန်းကြယ်ပြီး သူ့ထက်ပင် ပို၍ အစွမ်းထက်၏။
သူက ထာဝရသက်ရှည်တောင်တန်း ထဲသို့ ဝင်ရောက်ခဲ့သောကြောင့်သော အဆုံးသတ်တွင် ကပ်ဘေးနှောင်းပိုင်း အဆင့်ကို ရောက်ရှိခဲ့ခြင်း ဖြစ်၏။
ယခုအခါတွင် တန်ကျွယ်ချန်၏ စိတ်နှလုံးထဲ၌ ထာဝရသက်ရှည်တောင်တန်းထဲမှ အခွင့်အလမ်းများကို ရှာဖွေကာ ပိုမို မြင့်မားသော နယ်ပယ်အဆင့်သို့ တက်လှမ်းရန်သည် မိသားစုထက် များစွာ ပို၍ အရေးကြီးသည်။
သို့ဖြစ်ရာ တန်မိသားစုအတွက် သူ့ရှေ့မှ လူငယ်ကို မည်ကဲ့သို့ ဆန့်ကျင်နိုင်ပါမည်နည်း။
“ခင်ဗျားက ထာဝရသက်ရှည်တောင်တန်း ထဲမှာ နေတာ နှစ်ပေါင်းများစွာ ကြာပြီ ဆိုတော့ ဒီထာဝရသက်ရှည်တောင်တန်းနဲ့ ပတ်သက်ပြီး အတိုင်းအတာ တစ်ခု အထိ နားလည်ထားမှာပဲ.. ထာဝရသက်ရှည်တောင်တန်းရဲ့ အခြေအနေကို ကျွန်တော့်ကို ပြောပြပါဦး”
ကျန်းချန်က ကွေ့ဝိုက်မနေဘဲ ဒဲ့တိုးပင် မေးမြန်းလိုက်သည်။
“ထာဝရသက်ရှည်တောင်တန်းရဲ့ အခြေအနေက အရမ်းကို ရှုပ်ထွေးတယ် မိတ်ဆွေလေး.. ပြီးခဲ့တဲ့နှစ်တွေမှာ ငါက အခွင့်အလမ်းတွေ ရှာဖွေပြီးတာနဲ့ တံခါးပိတ် ကျင့်ကြံခဲ့တာပဲများတယ်.. ဒါကြောင့် ထာဝရသက်ရှည်တောင်တန်းရဲ့အခြေအနေနဲ့ပတ်သက်ပြီး အများကြီးတော့မသိဘူး”
တန်ကျွယ်ချန်က ဘာမှဖုံးကွယ်မထားဘဲ ကျန်းချန်ကို ရှင်းပြလိုက်သည်။
ထာဝရသက်ရှည်တောင်တန်းသည် အဆုံးမဲ့ ကျယ်ပြောသော တောင်တန်းကြီး ဖြစ်သည်။
အင်မော်တယ်တိုက်မှ ကျင့်ကြံသူများသည် နှစ်ပေါင်းများစွာကြာသည်အထိ ထာဝရသက်ရှည်တောင်တန်းကို စူးစမ်းရှာဖွေခဲ့သော်လည်း ဆယ်ပုံတစ်ပုံအောက်သာ ရှာဖွေရသေး၏။
နှစ်စဥ်နှစ်တိုင်းတွင် အင်မော်တယ် ကျင့်ကြံသူများစွာသည် ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်ရောက်ခဲ့ကြပြီး အချို့မှာ အသက်ရှင်လျက် ပြန်လည် ထွက်သွားနိုင်ခဲ့သော်လည်း အချို့ကမူ ထာဝရသက်ရှည်တောင်တန်း ထဲတွင်ပင် ကျဆုံးသွားခဲ့ကြသည်။
အချို့သော အင်မော်တယ် ကျင့်ကြံသူများကမူ ထာဝရသက်ရှည်တောင်တန်း ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဤနေရာမှ ပတ်ဝန်းကျင်ကို စွဲလမ်းသွားကြပြီး ပြန်ထွက်၍ အစီအစဥ်မရှိကြတော့ပေ။
အချိန်ကြာလာသည်နှင့်အမျှ အင်မော်တယ် ကျင့်ကြံသူများသည် ထာဝရသက်ရှည်တောင်တန်းကို စူးစမ်းရန် စုပေါင်းခဲ့ကြပြီး ထာဝရသက်ရှည်တောင်တန်း ထဲတွင် အင်မော်တယ်ကျင့်ကြံခြင်း အင်အားစု တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
တန်ကျွယ်ချန်သည် ထာဝရသက်ရှည်တောင်တန်းရှိ အင်မော်တယ်ကျင့်ကြံခြင်း အင်အားစု၏ ခေါင်းဆောင်တစ်ဦးနှင့် အဆင်မပြေ ဖြစ်ခဲ့၍ ထိုအင်အားစုထဲသို့ မဝင်ဘဲ ထာဝရသက်ရှည်တောင်တန်းကို တစ်ကိုယ်တော် စူးစမ်းရန် ရွေးချယ်ခဲ့ရသည်။
ထိုအကြောင်းကြောင့်ပင် တန်ကျွယ်ချန်သည် ထာဝရသက်ရှည်တောင်တန်း၏ နက်ရှိုင်းသော နေရာများသို့ မဝင်ရောက်ရဲခဲ့ပေ။
ကံကောင်းထောက်မ၍သာ တန်ကျွယ်ချန်သည် ထာဝရသက်ရှည်တောင်တန်း ထဲတွင် အခွင့်အလမ်းကောင်းကို ရရှိခဲ့ပြီး ကပ်ဘေးအဆင့်ကို ထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်၏။
တန်ကျွယ်ချန်၏ ရှင်းပြမှုကိုကြားလျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
“အင်မော်တယ် ကျင့်ကြံသူတွေက လွဲရင် ဒီထာဝရသက်ရှည်တောင်တန်းထဲမှာ သိုင်းပညာ ကျင့်ကြံသူတွေ မရှိဘူးလား”
“ရှိတော့ရှိပေမဲ့ အရမ်းနည်းတယ်.. လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ထာဝရသက်ရှည်တောင်တန်းကို အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းကပဲ ထိန်းချုပ်ထားခဲ့တာ ဆိုတော့ သိုင်းပညာကျင့်ကြံသူတွေ မဝင်ရောက်နိုင်တာ နှစ်အတော် ကြာမြင့်ခဲ့ပြီ.. ဒါကြောင့် ထာဝရသက်ရှည်တောင်တန်းထဲမှာ သိုင်းပညာ ကျင့်ကြံခြင်း လောကဘက်က နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်လာခဲ့ကြတဲ့ အနှိုင်းမဲ့ အစွမ်းထက်ပုဂ္ဂိုလ် တချို့လောက်ပဲ ကျန်ရှိတော့တယ်"
"တကယ်တမ်းပြောရရင် ဒီထာဝရသက်ရှည်တောင်တန်းထဲမှာ အင်မော်တယ် ကျင့်ကြံသူနဲ့ သိုင်းပညာကျင့်ကြံသူဆိုတဲ့ အဆင့်အတန်းတွေက သိပ်အရေးမကြီးတော့ပါဘူး.. အားလုံးဆီမှာ ပိုမို မြင့်မားတဲ့အခွင့်အလမ်းကို ရှာဖွေဖို့အတွက် ထာဝရသက်ရှည်တောင်တန်းကို စူးစမ်းဖို့ ရည်ရွယ်ချက်တစ်ခုပဲ ရှိကြတော့တယ်.. ငါသိသလောက်ဆိုရင် ထာဝရသက်ရှည်တောင်တန်းထဲက အင်မော်တယ် ကျင့်ကြံခြင်းအင်အားစုက အခွင့်အလမ်းတစ်ခု အတွက် သိုင်းပညာ ကျင့်ကြံသူတွေနဲ့တောင် တစ်ခါက ပူးပေါင်းခဲ့ဖူးတယ်”
တန်ကျွယ်ချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
တန်ကျွယ်ချန်၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သို့သော်လည်း ကျန်းချန်သည် တန်ကျွယ်ချန်၏ စကားကို အလျင်အမြန်ပင် နားလည်သွားခဲ့သည်။
ဥပမာအားဖြင့် သူ့ရှေ့မှ အဘိုးအိုသည် တန်မိသားစု၏ ဘိုးဘေးဖြစ်သော်လည်း တန်မိသားစု၏ အရေးကို လုံးဝ အဖက်မလုပ်တော့ပေ။
သို့ဖြစ်၍ ထာဝရသက်ရှည်တောင်တန်းထဲရှိ အင်မော်တယ်ကျင့်ကြံသူများနှင့် သိုင်းပညာ ကျင့်ကြံသူများသည်လည်း အခွင့်အလမ်းတစ်ခု အတွက် ပူးပေါင်းကြသည်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ချေ။
အခန်း(၂၃၈၅)ပြီး၏။
အခန်း(၂၃၈၆)
“ငါ့ကို ထာဝရသက်ရှည်တောင်တန်းထဲက အင်မော်တယ် ကျင့်ကြံခြင်း အင်အားစုဆီ ခေါ်သွားပေးပါ”
ကျန်းချန်က ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် တန်ကျွယ်ချန်ကို ပြောလိုက်သည်။
ထာဝရသက်ရှည်တောင်တန်းသည် အလွန်တရာ ကျယ်ပြောလှ၍ ကောင်းကင်လမ်းစဥ်သာ ထာဝရသက်ရှည်တောင်တန်းထဲတွင် အမှန်တကယ် ပုန်းကွယ်နေသည် ဆိုလျှင် ရှာဖွေရန် လွယ်ကူမည် မဟုတ်ပေ။
ယခုအခါတွင် သူက မည်သည့် သဲလွန်စမှမရှိဘဲ ခေါင်းမပါသော ယင်ကောင်ကဲ့သို့ ရောက်တတ်ရာရာ သွားနေရခြင်း ဖြစ်ရာ ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန်သည် ပို၍ပင် ခက်ခဲပေလိမ့်မည် မဟုတ်ပါလား။
ထာဝရသက်ရှည်တောင်တန်းထဲတွင် အသက်ရှင်ကျန်ရစ်ခဲ့သော အင်မော်တယ် ကျင့်ကြံသူများသည် စုပေါင်းနေထိုင်ကြပြီး နှစ်ပေါင်းများစွာ စူးစမ်းခဲ့ကြသူများ ဖြစ်၍ ထာဝရသက်ရှည်တောင်တန်း၏ အခြေအနေကို များစွာ သိရှိထားလောက်သည်။
သို့ဖြစ်ရာ သူ့အနေဖြင့် ထာဝရသက်ရှည်တောင်တန်း ထဲတွင် နေထိုင်သောလူများမှ တစ်ဆင့် သဲလွန်စအချို့ကို ရရှိကောင်း ရရှိနိုင်သည် မဟုတ်ပါလော။
ကျန်းချန်၏ စကားကိုကြားလျှင် တန်ကျွန်ချန်၏ မျက်ဝန်းများတွင် တွန့်ဆုတ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ထာဝရသက်ရှည်တောင်တန်းထဲသို့ ဝင်ရောက်စဥ်က တန်ကျွယ်ချန်သည် အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့သို့ မဝင်ရောက်မီ ထိုအဖွဲ့မှ ဒုခေါင်းဆောင်၏ သားကိုမတော်တဆ ကယ်တင်ခဲ့ဖူးသည်။
ထိုစဥ်က ဒုခေါင်းဆောင်၏ သားသည် တန်ကျွယ်ချန်ကို ရှေးဟောင်းအုတ်ဂူတစ်ခုသို့ အတူတူ စူးစမ်းရန် ဖိတ်ခေါ်ခဲ့သည်။
နှစ်ဦးသား ရှာဖွေစူးစမ်းပြီးနောက် ရှေးဟောင်းအုတ်ဂူထဲတွင် အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦး ချန်ရစ်ခဲ့သည့် အမွေအနှစ်များကို တွေ့ရှိခဲ့သည်။
ထိုအခိုက်အတန့်တွင် တန်ကျွယ်ချန်သည် လောဘတက်သွားခဲ့ပြီး ဒုခေါင်းဆောင်၏ သား သတိမထားမိခင် နောက်ကနေ အလစ်အငိုက် တိုက်ခိုက်၍ ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့ကာ အမွေအနှစ်များကို တစ်ဦးတည်း မောင်ပိုင်စီးခဲ့သည်။
ထိုအချိန်မှစ၍ တန်ကျွယ်ချန်သည် အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့နှင့် ဝေးရာတွင်သာ နေထိုင်ပြီး တစ်ကိုယ်တည်း တံခါးပိတ်ကာ ကျင့်ကြံခဲ့၏။
ထိုစဥ်က ရရှိခဲ့သော အစွမ်းထက်ပုဂ္ဂိုလ်၏ အမွေအနှစ်ကြောင့် တန်ကျွယ်ချန်သည် လမ်းစဥ်ပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့်တွင် ပိတ်မိနေရာကနေ ကပ်ဘေးအဆင့်နှောင်းပိုင်းအထိ တိုးတက်လာခဲ့ခြင်းပင်။
သို့ရာတွင် သူ၏ ကျင့်ကြံခြင်းအဆင့်က ကပ်ဘေးနှောင်းပိုင်းအဆင့်ကို ရောက်ရှိသွားသော်လည်း တန်ကျွယ်ချန်သည် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့သို့ အလွယ်တကူ မသွားဝံ့သေးပေ။
ဆိုရလျှင် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့မှ ဒုခေါင်းဆောင်သည် လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကတည်းကပင် ကပ်ဘေးနှောင်းပိုင်းအဆင့်ကို ရောက်ရှိနေသည့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦး ဖြစ်ရာ ယခုအခါတွင် ဒုခေါင်းဆောင်၏ စွမ်းရည်သည် ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေလိမ့်မည် မဟုတ်ပါလား။
အကယ်၍ သူသာ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့သို့ သွားခဲ့လျှင် ထိုလူသည် သူ့ကို သေချာပေါက်အလွယ်တကူ အလွှတ်ပေးမည် မဟုတ်ပေ။
တန်ကျွယ်ချန် စကားပြန်မပြောသည်ကို မြင်လျှင် ကျန်းချန်သည် နှာခေါင်းရှုံ့၍ အေးစက်စက် ပြောလိုက်သည်။
“ဘာလဲ ခင်ဗျားက ခေါ်မသွားပေးချင်လို့လား”
“ခေါ်မသွားပေးချင်လို့ မဟုတ်ပါဘူး”
တန်ကျွယ်ချန်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
“ငါနဲ့ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ရဲ့ဒုခေါင်းဆောင်တို့ကြားမှာ ရန်ငြိုးတွေရှိလို့ပါ.. ဒါကြောင့် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ဆီ သွားရင် သူငါ့ကို ဒုက္ခပေးမှာ ငါစိုးရိမ်မိတယ်”
“ခင်ဗျားကို ခေါ်သွားတာ လမ်းပြဖို့အတွက်ပဲ.. အဲဒီမဟာမိတ်အဖွဲ့ရဲ့ ဒုခေါင်းဆောင်က ခင်ဗျားရဲ့ ဆံချည်တစ်မျှင်ကိုတောင် မထိခိုက်စေရဘူး.. ကျုပ်အာမခံတယ်”
ကျန်းချန်က တန်ကျွယ်ချန်ကို စိတ်မရှည်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
တန်ကျွယ်ချန်က ထိတ်လန့်သွားပြီး အလျင်အမြန်ပင် ပြန်ပြောလိုက်၏။
“ကောင်းပါပြီ.. ဒါဆို အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ဆီ ငါမင်းကို ခေါ်သွားပေးပါ့မယ်”
အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင်ကို သူ ရန်မစရဲသကဲ့သို့ သူ့ကို တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်သော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကိုလည်း သူ ရန်မစရဲပေ။
အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့တွင် သူ့ကို သိသူ များများစားစား မရှိချေ။
သို့ဖြစ်ရာ ဤလူငယ်ကို အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ဆီ ခေါ်သွားရာတွင် ဒုခေါင်းဆောင်နှင့် ထိပ်တိုက် မတွေ့မိသရွေ့ ပြဿနာ မရှိနိုင်လောက်ပေ။
အကယ်၍ ဤလူငယ်ကိုသာ အမှန်တကယ် ဒေါသထွက်အောင်လုပ်မိလျှင် ဤနေရာမှာတင် ချက်ချင်း ကျဆုံးသွားနိုင်လောက်၏။
ထိုအခိုက်အတန့်တွင် တန်ကျွယ်ချန်သည် တုံ့ဆိုင်းမနေတော့ဘဲ လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ရာ ကပ်ဘေးအဆင့်နှင့်နှိုင်းယှဥ်နိုင်သော စွမ်းရည်ရှိသည့် မီးလျှံငှက်ကြီး တစ်ကောင်သည် အဝေးကနေ အလျင်အမြန် ပျံသန်းလာခဲ့သည်။
ကျန်းချန်က တန်ကျွယ်ချန်ကို အမှတ်မထင် ကြည့်မိလိုက်သည်။
ထိုအဘိုးကြီးသည် သာမန်ထက်ပို၍ သတိကြီးပုံရ၏။
ထိုအဘိုးကြီးသည် ၎င်းကျင့်ကြံသည့် ပတ်ဝန်းကျင်ကိုစောင့်ရှောက်ရန် အတွက် ဤကဲ့သို့ ငှက်များကို အများအပြား ဖမ်းဆီးမွေးမြူထားပုံ ရပြီး ထိုသို့ ပြုလုပ်ထား၍ လေတိုက်၍ မြက်ပင်လေး လှုပ်သည်ကအစ ချက်ချင်းဆိုသလို သိရှိနိုင်လိမ့်မည် မဟုတ်ပါလော။
“ထာဝရသက်ရှည်တောင်တန်းမှာ တားမြစ်ချက်တွေ ရှိတဲ့အတွက် မဟာယာနအဆင့်တွေတောင် လေထဲမှာ ပျံသန်းဖို့ခက်ခဲတယ်.. ဒါကြောင့် ပိုပြီး အဆင်ပြေအောင် ဒီငှက်တွေကို အသုံးပြုပြီး ခရီးသွားကြတာပေါ့”
တန်ကျွယ်ချန်က ပြုံး၍ ရှင်းပြလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်၏။
“ဒါဆို ငါတို့သွားကြစို့”
တန်ကျွယ်ချန်က မီးလျှံငှက်ကြီးကို သူတို့နှစ်ဦး၏ ရှေ့တွင် ရပ်တန့်စေလိုက်သည်။
နှစ်ဦးသားက မီးလျှံငှက်ကြီး၏ ကျောပေါ်သို့ လျှပ်တစ်ပြက် ခုန်တက်လိုက်ကြပြီးနောက်တွင် မီးလျှံငှက်သည် သူတို့ကို ထာဝရသက်ရှည်တောင်တန်း၏ အနက်ရှိုင်းဆုံး နေရာ ဆီသို့ သယ်ဆောင်သွားခဲ့သည်။
ထာဝရသက်ရှည်တောင်တန်းသည် အတိုင်းအဆမရှိ ကျယ်ပြောလှပြီး နေရာတိုင်းတွင် တောင်တန်းများ ရှိသည်။
ထိုတောင်တန်းများသည် လူသားတို့ လက်လှမ်းမမီသော အဝေးတစ်နေရာ အထိ ကျယ်ပြန့်ပြီး မရေမတွက်နိုင်သော ရတနာများနှင့် အခွင့်အလမ်းများ ရှိကာ ရေစက်ပါသူများ လာရောက် ဖွင့်လှစ်မည်ကို စောင့်ဆိုင်းနေကြ၏။
သေချာသောအချက်မှာ ထာဝရသက်ရှည်တောင်တန်းတွင် မရေမတွက်နိုင်သော အခွင့်အလမ်းများ ရှိသကဲ့သို့ မရေမတွက်နိုင်သော အန္တရာယ်များလည်း ဖုံးကွယ်နေခြင်းပင်။
အစွမ်းထက် ကျင့်ကြံသူတစ်ဦး ဖြစ်နေပါစေ၊ ဤနေရာတွင် အနည်းငယ် သတိလက်လွတ် ဖြစ်မိသည်နှင့် ကျဆုံးသွားနိုင်သည့် အန္တရာယ်ရှိ၏။
ထိုအကြောင်းကြောင့်ပင် ထာဝရသက်ရှည်တောင်တန်း ထဲသို့ ဝင်ရောက်လာကြသော ကျင့်ကြံသူများသည် အင်မော်တယ် ကျင့်ကြံသူ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းပြီး ထာဝရသက်ရှည်တောင်တန်းကို စူးစမ်းရန် အတွက် အင်အားစုစည်းခဲ့ကြခြင်း ဖြစ်သည်။
သို့ရာတွင် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့သည် ထာဝရသက်ရှည်တောင်တန်းတွင် နှစ်ပေါင်းများစွာ တည်ရှိခဲ့သော်လည်း ၎င်းတို့ စူးစမ်းပြီးသော ဧရိယာမှာ ထာဝရသက်ရှည်တောင်တန်း တစ်ခုလုံး၏ ဆယ်ပုံတစ်ပုံအောက်သာ ရှိနေသေး၏။
တန်ကျွယ်ချန်၏ လမ်းပြမှုအောက်တွင် တစ်ရက်နှင့်တစ်ည ခရီးနှင်ပြီးနောက်တွင် ကျန်းချန်သည် အဆုံးသတ်၌ ပေပေါင်းထောင်ချီ မြင့်မားသော တောင်တစ်လုံး ရှေ့သို့ ရောက်ရှိလာခဲ့သည်။
တောင်ထိပ်ပေါ်တွင် ရှေးကျပြီး ရိုးရှင်းသော အဆောက်အအုံများ တန်းစီလျက် ရှိနေခဲ့၏။
ထိုအဆောက်အအုံများ၌ နက်ရှိုင်းသော အရှိန်အဝါများ ရှိနေခဲ့ပြီး ၎င်းတို့ထဲမှ အရှိန်အဝါ တချို့သည် ကပ်ဘေးနှောင်းပိုင်းအဆင့်ရှိ တန်ကျွယ်ချန်နှင့် နှိုင်းယှဥ်လျှင်ပင် မနိမ့်ကျပေ။
“ဒီထာဝရသက်ရှည်တောင်တန်းထဲက အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့က သာမန် မဟုတ်ဘူးပဲ”
တောင်ပေါ်ရှိ ပြင်းထန်သော အရှိန်အဝါများကို အာရုံခံမိလျှင် ကျန်းချန်၏ မျက်ဝန်းများ၌ အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“ထာဝရသက်ရှည်တောင်တန်းက ဝိညာဥ်စွမ်းအင်တွေ ကြွယ်ဝပြီး ကျင့်ကြံဖို့အတွက် အလွန်ကောင်းမွန်တဲ့ နေရာတစ်ခုပဲ.. ဒီနေရာမှာကျင့်ကြံရင် ရလဒ်က ပြင်ပကမ္ဘာထက် ဆယ်ဆနီးပါးရှိတယ်.. နှစ်စဥ်နှစ်တိုင်းမှာ အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းက ကျင့်ကြံသူ အများအပြားက ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်ရောက်လာကြတယ်"
"တချို့က ကျဆုံးသွားခဲ့ပေမဲ့ အများစုကတော့ အသက်ရှင်ကျန်ရစ်ခဲ့ကြတယ်.. ဒီလူတွေက ထာဝရသက်ရှည်တောင်တန်းရဲ့ ကျင့်ကြံလို့ကောင်းတဲ့ ပတ်ဝန်းကျင်ကို သဘောကျပြီး မပြန်ချင်ကြတော့ဘူး.. ဒီနေရာမှာ ကျင့်ကြံရင်းနဲ့ပဲ သူတို့ရဲ့ စွမ်းရည်တွေကလည်း အရမ်းကို မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့ကြတယ်.. ငါသိသလောက်ဆိုရင် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ရဲ့ အင်အားက ပြင်ပကမ္ဘာက အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းနဲ့ ယှဥ်ရင်တောင် ပိုပြီး တောင့်တင်းလောက်တယ်”
တန်ကျွယ်ချန်က လေးနက်စွာ ပြောလိုက်သည်။
နှစ်ဦးသား စကားပြောဆိုနေစဥ်မှာပင် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့မှ တာဝန်ကျ အစောင့်သည် ကျန်းချန်တို့နှစ်ဦး၏ တည်ရှိမှုကို အာရုံခံမိသွားခဲ့သည်။
မကြာမီမှာပင် ပုံရိပ်နှစ်ခုသည် ကျန်းချန်တို့၏ ရှေ့တွင် တစ္ဆေတစ်ကောင်နှယ် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထိုနှစ်ဦးက ကျန်းချန်တို့ နှစ်ဦးကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
ထို့နောက်တွင် အေးစက်စက် စကားသံတစ်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
“ဒါက အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ရဲ့ ဌာနချုပ်ပဲ.. မဟာမိတ်အဖွဲ့ဝင်မဟုတ်ရင် ဝင်ခွင့်မရှိဘူး.. ခင်ဗျားတို့က ဘယ်သူတွေလဲ.. ဘာလို့ အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကို လာခဲ့တာလဲ”
ထိုမေးခွန်းကိုကြားလျှင် ကျန်းချန်က အစောင့်နှစ်ဦးကို ဂါဝရပြုကာ ပြောလိုက်သည်။
“မိတ်ဆွေတို့.. ငါတို့နှစ်ဦးက အင်မော်တယ်ကျင့်ကြံခြင်းလောကကနေ ထာဝရသက်ရှည်တောင်တန်းထဲကို အခုမှ ဝင်ရောက်လာတဲ့ သူတွေပါ.. ဒီကိုရောက်လာတာက အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကို ဝင်ရောက်ဖို့အတွက်ပဲ”
[ဟုတ်သားပဲ.. အခုအချိန်က တစ်နှစ်မှာတစ်ကြိမ် ထာဝရသက်ရှည်တောင်တန်းကို ဖွင့်လှစ်တဲ့အချိန်ပဲ]
အစောင့်နှစ်ဦးထဲမှ တစ်ဦးက ကျန်းချန်တို့ နှစ်ဦးကို အေးစက်စက် ကြည့်ကာ မေးလိုက်သည်။
“အင်မော်တယ် ကျင့်ကြံခြင်းလောကကနေ ဝင်လာတာဆိုရင် မင်းတို့မှာ အထောက်အထား ရှိလား”
ကျန်းချန်က သူ၏လက်ဖဝါးကို လှုပ်ရှားလိုက်ပြီး ရွှယ်ယန်ဂိုဏ်းကနေ သူရရှိခဲ့သည့် တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။
အစောင့်က ကျန်းချန်၏ လက်ထဲမှ တံဆိပ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင်"ငါ့နောက်က လိုက်ခဲ့"ဟု ပြောလိုက်သည်။
ကျန်းချန်က ဘာစကားမျှ ထပ်မပြောဘဲ အစောင့်နောက်ကနေ လိုက်ပါသွားခဲ့သည်။
ထိုအခိုက်အတန့်မှာပင် တောင်အတွင်းဘက်ကနေ ပုံရိပ်အချို့ ထွက်လာကြပြီး ရှေ့ဆုံးမှ ပုံရိပ်ကိုမြင်လျှင် တန်ကျွယ်ချန်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
အခန်း(၂၃၈၆)ပြီး၏။