အခန်း (၂၃၈၇-၂၃၈၈)
Vol. 179 Ch. 2387-2388
အခန်း(၂၃၈၇)
“ချင်းရွမ်ပါလား”
တန်ကျွယ်ချန်က အကြီးအကျယ် မျက်နှာပျက်သွားခဲ့သည်။
သူ၏ ကံကြမ္မာက ဤမျှအထိ ဆိုးရွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့သို့ ရောက်လာချိန်တွင် သူ မတွေ့ချင်ဆုံးသောသူနှင့် မထင်မှတ်ဘဲ ဆုံတွေ့လိုက်ရသည် မဟုတ်ပါလား။
တန်ကျွယ်ချန် အမူအရာ ပျက်နေသည်ကို မြင်လျှင် ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး တန်ကျွယ်ချန်၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ ဓားသွားကဲ့သို့ မျက်ခုံးအစုံနှင့် ကြယ်တာရာများ ကဲ့သို့ တောက်ပသောမျက်လုံးများကို ပိုင်ဆိုင်ထားသည့် ရွှေရောင်ဝတ်ရုံဝတ်အမျိုးသား တစ်ယောက်ကို မြင်လိုက်ရသည်။
ထိုရွှေရောင်ဝတ်ရုံဝတ် အမျိုးသားသည် ကပ်ဘေးအစောပိုင်းအဆင့်မျှသာ ရှိရာ တန်ကျွယ်ချန်နှင့် ရန်ငြိုးရှိသော အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင် မဖြစ်နိုင်ပေ။
သို့သော် ရွှေရောင်ဝတ်ရုံဝတ် အမျိုးသားသည် တန်ကျွယ်ချန်နှင့် ရန်ငြိုးရှိသော ဒုခေါင်းဆောင် မဟုတ်သည့်တိုင် ဒုခေါင်းဆောင်နှင့် အလွန်နီးစပ်သော ပတ်သက်မှု ရှိရမည်မှာ သေချာသလောက်ပင်။
“သခင်လေးချင်းရွမ်”
အစောင့်နှစ်ဦးက ရွှေရောင်ဝတ်ရုံဝတ် အမျိုးသားကို တရိုတသေဖြင့် ဂါဝရပြုလိုက်ကြသည်။
ချင်းရွမ်ဟု အမည်ရသော ရွှေရောင်ဝတ်ရုံဝတ် အမျိုးသားက ခေါင်းညိတ်၍ ပြောလိုက်သည်။
“နောက်ထပ် လူသစ်တွေ ရောက်လာပြန်ပြီလား”
အစောင့်တစ်ဦးက အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် သခင်လေး.. ဒီနေ့က ထာဝရသက်ရှည်တောင်တန်းရဲ့ တစ်နှစ်မှာ တစ်ကြိမ် ဖွင့်လှစ်ပေးတဲ့နေ့ ဆိုတော့ အင်မော်တယ် ကျင့်ကြံခြင်းလောကက လူတွေ ထာဝရသက်ရှည်တောင်တန်းထဲကို အများအပြား ဝင်လာကြမှာပါ”
ထာဝရသက်ရှည်တောင်တန်းထဲရှိ အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့မှ လူများသည် ပြင်ပကမ္ဘာတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိရှိကြသည်မှာ ထင်ရှား၏။
“သူတို့ကို အထဲခေါ်သွားလိုက်”
ချင်းရွမ်က ထိုစကားကို ပြောပြီးနောက်တွင် သူ၏ နောက်လိုက်များနှင့်အတူ ထွက်ခွာရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာပင် သူသည် ကျန်းချန်နံဘေးရှိ လူကို မတော်တဆ ဝေ့ကြည့်လိုက်မိသည်။
နောက်ထပ် တစ်ခဏတွင် ချင်းရွမ်၏ ခြေလှမ်းသည် ရုတ်တရက် ရပ်တန့်သွားခဲ့၏။
သူက တန်ကျွယ်ချန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားခဲ့သည်။
“တန်ကျွယ်ချန်.. လက်စသတ်တော့ ခင်ဗျား ဖြစ်နေတာကိုး.. ခင်ဗျားက လူသစ်ယောင်ဆောင်ပြီး အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ထဲကိုတောင် ဝင်လာရဲတယ်လား.. ခင်ဗျားက ကောင်းကင်ကို သွားတဲ့လမ်း ရှိနေတာကို မသွားဘဲ ငရဲကိုမှ အတင်း တိုးဝင်လာတာပဲ.. အဲဒီနေ့က ခင်ဗျား ကျုပ်ကို အလစ်အငိုက် တိုက်ခိုက်ပြီး ကျုပ်ရရှိရမဲ့ အခွင့်အရေးကို လုယူသွားခဲ့တယ်.. ဒီနေ့တော့ ကျုပ် ခင်ဗျားကို အဆ ၁၀၀ ပြန်ဆပ်ခိုင်းမယ်”
ချင်းရွမ်က ခါးသီးသော အမူအရာဖြင့် တန်ကျွယ်ချန်ကို စိုက်ကြည့်နေခဲ့သည်။
သူ၏ ခန့်ညားသော မျက်နှာထက်တွင် နာကြည်းသောအမူအရာများ ဖြစ်ပေါ်နေခဲ့၏။
လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်က ချင်းရွမ်သည် သူ၏ ဖခင်ထံမှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ပါး၏ အုတ်ဂူမြေပုံကို ရရှိခဲ့ရာ ထိုအုတ်ဂူကို စူးစမ်းရန်အတွက် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကနေ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။
ထိုအချိန်က ချင်းရွမ်သည် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့တွင် ထင်ရှားသော ပါရမီရှင်တစ်ဦး ဖြစ်သည်။
အသက်တစ်ရာ မပြည့်ခင်မှာပင် ချင်းရွမ်သည် လမ်းစည်းပေါင်းစည်းခြင်း အဆင့်ကို ထိုးဖောက်နိုင်ခဲ့၏။
သို့သော်လည်း ချင်းရွမ်သည် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ကို ထိုးဖောက်စဥ်ကပင် ချင်းရွမ်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ပြိုင်ဘက်ကင်းပြီး ကပ်ဘေးအဆင့်အောက်တွင် ပြိုင်ဘက်ကင်းဟုပင် နာမည်ကျော်ကြားခဲ့သည်။
သူက ဖခင်ထံမှ ရရှိသည့် မြေပုံဖြင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦး၏ အမွေအနှစ်ကို စူးစမ်းနေစဥ်တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ထာဝရသက်ရှည်တောင်တန်း ထဲသို့ အသစ်ဝင်ရောက်လာသော တန်ကျွယ်ချန်၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။
ထို့နောက်တွင် ချင်းရွမ်သည် တန်ကျွယ်ချန်ကို သူနှင့်အတူ အစွမ်းထက်ပုဂ္ဂိုလ်၏ အုတ်ဂူအား စူးစမ်းရန် ဖိတ်ခေါ်ခဲ့၏။
ထိုရှေးဟောင်းအုတ်ဂူ၏ အခွင့်အရေးကို ရရှိရန် သူတို့ပူးပေါင်း ဆောင်ရွက်နေစဥ်မှာပင် တန်ကျွယ်ချန်သည် သူ့ကို အလစ်အငိုက် တိုက်ခိုက်ခဲ့ပြီး အခွင့်အရေး အားလုံးကို သိမ်းပိုက်သွားခဲ့ခြင်း ဖြစ်သည်။
ဤနှစ်များအတွင်း ချင်းရွမ်သည် သူ၏ ရန်ငြိုးဟောင်းအတွက် တန်ကျွယ်ချန်ကို ရှာဖွေပြီး ကလဲ့စားချေရန် အမြဲတစေ ဆန္ဒရှိနေခဲ့၏။
ယင်းကိစ္စသည် ချင်းရွမ်၏ တာအိုနှလုံးသားကို ထိခိုက်ခဲ့ရသည် အထိပင်။
ထို့ကြောင့်လည်း ချင်းရွမ်၏ ကျင့်ကြံခြင်းအဆင့် တိုးတက်နှုန်းသည် လွန်ခဲ့သော နှစ်များအတွင်း အလွန်တရာ နှေးကွေးခဲ့ပြီး နှစ်ပေါင်းသုံးထောင်ကြာမှသာ ကပ်ဘေးအဆင့်ကို ထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင် ချင်းရွမ်သည် အိပ်မက်ထဲတွင် သူလိုက်ရှာနေရသော ရန်သူကို မြင်တွေ့နေရပြီ ဖြစ်ရာ မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
“ချင်းရွမ်.. ဒါတွေအားလုံးက မင်းကြောင့်ပဲ.. အဲဒီအချိန်က ငါ မင်းရဲ့ အသက်ကို ကယ်တင်ပေးတဲ့အပြင် မင်း အဲဒီ ရှေးဟောင်းအုတ်ဂူထဲ ဝင်နိုင်အောင် စိတ်ရင်းနဲ့ ကူညီပေးခဲ့တယ်.. ဒါပေမဲ့ မင်းကတော့ အကျိုးအမြတ်အားလုံးနီးပါးကို တစ်ယောက်တည်း သိမ်းပိုက်ချင်ခဲ့တယ်”
တန်ကျွယ်ချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“မင်းသာ အလွန်အမင်း လောဘမတက်ခဲ့ဘူး ဆိုရင် ငါက ဘာလို့ မင်းကို တိုက်ခိုက်ရမှာလဲ”
“တန်ကျွယ်ချန် အပိုစကားတွေ လာမပြောနဲ့.. ဒီနှစ်ပေါင်းသုံးထောင်အတွင်းမှာ တစ်နေ့နေ့ကျရင် ခင်ဗျားကို ကြီးလေးတဲ့အဖိုးအခ ပေးဆပ်ခိုင်းမယ်လို့ ကျူပ် ကျိန်ဆိုထားခဲ့တယ်.. ဒီနေ့ သေတာထက် ပိုဆိုးတဲ့အရသာကို ခင်ဗျားသိအောင် ကျုပ်လုပ်ပေးမယ်”
စကားဆုံးသည်နှင့် ချင်းရွမ်၏ မျက်စိသူငယ်အိမ်ထဲ၌ ရွှေရောင်နတ်မီးလျှံများ တောက်ပလာခဲ့သည်။
ချင်းရွမ်က ရှေ့သို့ လှမ်းထွက်လိုက်ရာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင် အလင်းတန်းများ တောက်ပလာခဲ့ပြီး ကြောက်မက်ဖွယ် အရှိန်အဝါသည် ပြင်းထန်သော လေမုန်တိုင်း ကဲ့သို့ တန်ကျွယ်ချန်ဆီ ဖိနှိပ်လာခဲ့၏။
တန်ကျွယ်ချန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ကပ်ဘေး နှောင်းပိုင်းအဆင့် အရှိန်အဝါကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
“ဝုန်း..”
ကြောက်မက်ဖွယ် အရှိန်အဝါနှစ်ခုသည် လေထုထဲတွင် ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီး သူတို့နှစ်ဦးကို ဗဟိုပြု၍ စွမ်းအင်လှိုင်းများ ပျံ့နှံ့သွားခဲ့သည်။
မကြာမီမှာပင် နှစ်ဦးစလုံး၏ ပုံရိပ်များသည် ခြေဆယ်လှမ်းမက နောက်သို့ ဆုတ်လိုက်ရသည်။
မူလနေရာမှာပင် တည်ငြိမ်စွာ ရပ်နေသော ကျန်းချန်မှ လွဲ၍ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့မှ လူတိုင်းသည် သူတို့နှစ်ဦး၏ ရင်ဆိုင်တိုက်ခိုက်မှုကနေ ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် မီတာရာချီ၍ နောက်ဆုတ်ခဲ့ရသည်။
“အဘိုးကြီး.. ခင်ဗျားက ကပ်ဘေးနှောင်းပိုင်းအဆင့် အထိတောင် ရောက်သွားတာ ဆိုတော့ အဲဒီကိစ္စမှာ အကျိုးအမြတ်အများကြီး ရခဲ့တဲ့ပုံပဲ”
ချင်းရွမ်က သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက်တွင် တန်ကျွယ်ချန်ကို အေးစက်စက် ကြည့်လိုက်သည်။
တန်ကျွယ်ချန်ကလည်း သူ၏ ခန္ဓာကိုယ်မှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်၏။
သူ၏ အမူအရာက ချက်ချင်းဆိုသလိုပင် အလွန်တရာ လေးနက်သွားခဲ့သည်။
သူ၏ ရှေ့မှလူသည် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဆိုသော ဂုဏ်ပုဒ်နှင့် ထိုက်တန်လှသည်။
ကျင့်ကြံခြင်းအဆင့်က ကပ်ဘေးအစောပိုင်းအဆင့် ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းအားကမူ ကပ်ဘေးနှောင်းပိုင်းအဆင့် ဖြစ်သည့် သူ့ထက်ပင် မနိမ့်ကျပေ။
“ဒီကောင်ရဲ့တိုက်ခိုက်ရေးစွမ်းရည်က ပေါ့သေးသေး မဟုတ်ဘူးပဲ”
ကျန်းချန်ပင်လျှင် ချင်းရွမ်ကို ကြည့်ကာ မျက်နှာထက်၌ အံ့အားသင့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ချင်းရွမ်၏ ကျင့်ကြံခြင်းအဆင့်သည် ကပ်ဘေးအစောပိုင်း အထွတ်အထိပ်တွင်သာ ရှိ၍ နတ်ဘုရင်တတိယနှင့် စတုတ္ထအဆင့် ကြားတွင်သာ ရှိသည်။
သို့သော်လည်း တန်ကျွယ်ချန်ကမူ ကပ်ဘေးနှောင်းပိုင်းအဆင့် ဖြစ်၍ နတ်ဘုရင် သတ္တမအဆင့်နှင့် ယှဥ်နိုင်သော စွမ်းရည် ရှိ၏။
ချင်းရွမ်အနေဖြင့် တန်ကျွယ်ချန်ကို လက်ရည်တူ ထိပ်တိုက်ရင်ဆိုင်နိုင်ခြင်းသည် ချင်းရွမ်၏ ပါရမီက မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို သက်သေပြရန် လုံလောက်နေချေပြီ။
နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် သူမြင်ဖူးသမျှ ပါရမီရှင်အားလုံးထဲ၌ ကျန်းရွမ် တစ်ယောက်တည်းသာလျှင် ထိုလူငယ်နှင့် အနည်းငယ်ယှဥ်နိုင်လိမ့်မည် ဖြစ်သည်။
တန်ကျွယ်ချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို ချင်းရွမ်ကို ကြည့်ကာ ပြောလိုက်သည်။
“ချင်းရွမ်.. အဲဒီတုန်းက ကိစ္စတွေက ကြာခဲ့ပါပြီ.. ဘယ်သူမှားမှား ဘယ်သူမှန်မှန် အခုအချိန်မှာ အဓိပ္ပါယ်မရှိတော့ပါဘူး.. ဘာလဲ.. မင်းက တကယ်ပဲ ငါနဲ့ သူသေကိုယ်သေ တိုက်ခိုက်တော့မလို့လား”
ချင်းရွမ်က တန်ကျွယ်ချန်၏ မေးခွန်းကို ဖြေမနေဘဲ ခရမ်းရောင်လျှပ်စီးများ တလက်လက် တောက်ပနေသော ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။
ထိုဓားသည် လျှပ်စီးများဖြင့် သွန်းလှုပ်ထားသကဲ့သို့ ကြည်လင်နေခဲ့၏။
“သေစမ်း”
ချင်းရွမ်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများကို လှုံ့ဆော်လိုက်သည်။
ရုတ်တရက် သူ၏ လက်ထဲရှိ လျှပ်စီးဓားကနေ ခရမ်းရောင်လျှပ်စီးမိုးကြိုးများသည်လည်း ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး ပေပေါင်းရာချီ ရှည်လျားသော တောက်ပသော လျှပ်စီးဓားအလင်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လျှပ်စီးဓားအလင်းက ကောင်းကင်ယံကို ဖြတ်ကျော်ကာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲသွားခဲ့သည်။
ထာဝရသက်ရှည်တောင်တန်းမှ ကန့်သတ်စွမ်းအားနှင့် ဖိနှိပ်မှုသာ မရှိခဲ့လျှင် ချင်းရွမ်၏ ဓားချက်သည် မိုင်ပေါင်း ထောင်ချီဧရိယာကို မိုးကြိုးလျှပ်စီး ငရဲဘုံ အဖြစ်သို့ ပြောင်းလဲပစ်ရန် လုံလောက်၏။
ချင်းရွမ်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားချက်ကို မြင်လျှင် တန်ကျွယ်ချန်၏ မျက်နှာအမူအရာသည် အကြီးအကျယ် ပျက်ယွင်းသွားခဲ့သည်။
သူက ခန္ဓာကိုယ်မှ စွမ်းအားများကို လှုံ့ဆော်လိုက်ပြီး တန်မိသားစု၏ ကောင်းကင်မီးလျှံ ပုံရိပ်ယောင် တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။
အခန်း(၂၃၈၇)ပြီး၏။
အခန်း(၂၃၈၈)
တန်ကျွယ်ချန်၏ ပုံရိပ်သုံးခုသည် တစ်ပြိုင်နက်တည်း တိုက်ကွက်ကို ထုတ်ဖော်လိုက်ရာ ခရမ်းရောင်လျှပ်စီးဓားအလင်းနှင့် ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် တန်ကျွယ်ချန်နှင့် ချင်းရွမ်တို့ နှစ်ဦးစလုံးသည် မှော်စွမ်းရည် အမျိုးမျိုးကို ထုတ်ဖော်ကာ အစွမ်းကုန် တိုက်ခိုက်ခဲ့ကြ၏။
အဆုံးသတ်တွင် တန်ကျွယ်ချန်၏ ကောင်းကင်မီးလျှံကိုယ်ပွားနှစ်ခုသည် ပေါက်ကွဲသွားခဲ့ပြီး အစစ်အမှန် ပုံရိပ်တစ်ခုသာ ကျန်ရှိခဲ့ကာ ထိုပုံရိပ်သည်လည်း ပေပေါင်း ထောင်ချီအကွာအဝေးအထိ နောက်ပြန် လွင့်စင်သွားခဲ့သည်။
တန်ကျွယ်ချန်၏ ဆန့်ကျင်ဘက်ရှိ ချင်းရွမ်၏ မျက်နှာထက်တွင်လည်း ဖြူဖျော့သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
တန်ကျွယ်ချန်တို့ နှစ်ဦး၏ တိုက်ပွဲသည် အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ရှိ လူများစွာ၏ အာရုံစိုက်မှုကို သဘာဝကျစွာပင် ဆွဲဆောင်မိခဲ့ပြီး တောင်အတွင်းဘက်ကနေ ပုံရိပ်များစွာသည် လျှပ်တစ်ပြက် ထွက်ပေါ်လာခဲ့ကြသည်။
၎င်းတို့ထဲတွင် အသက်လေးဆယ် သို့မဟုတ် ငါးဆယ်ခန့် ရှိသည့် ချင်းရွမ်နှင့် ရုပ်ချင်းဆင်တူသော အမျိုသားတစ်ဦးသည် တိုက်ပွဲကို စူးရှစွာ စိုက်ကြည့်နေခဲ့၏။
ထိုအမျိုးသားသည် အနည်းငယ် မျက်မှောင်ကြုတ်နေခဲ့သည်။
“ရွမ်အာ မင်းဘာလို့ တိုက်ခိုက်နေရတာလဲ”
ထိုအမျိုးသားသည် တခြားသူ မဟုတ်ဘဲ ချင်းရွမ်၏ဖခင် ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင် ချင်းစန်းလဲ့ ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်က သူ၏ သား ချင်းရွမ်သည် ပြင်ပတွင် ဒဏ်ရာအကြီးအကျယ် ရရှိကာ ပြန်ရောက်လာခဲ့ပြီးနောက်တွင် အမူအကျင့်စရိုက်များ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး အရင်ထက် စကားနည်းသွားကာ အရာအားလုံးနီးပါး အပေါ် စိတ်မဝင်စားသလို ဖြစ်သွားခဲ့သည်။
ဤနှစ်များတစ်လျှောက်တွင် ချင်းစန်းလဲ့သည် ချင်းရွမ်ထံမှ ဤမျှလောက်အထိ စိတ်လှုပ်ရှားသည်ကို မတွေ့ဖူးခဲ့သလို အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ အပြင်ဘက်တွင် တစ်စုံတစ်ဦးနှင့် တိုက်ခိုက်နေသည်ကိုလည်း မမြင်ဖူးခဲ့ပေ။
“အဖေ.. ဒီလူက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်က ကျွန်တော့်ကို အကောက်ကြံခဲ့တဲ့သူပဲ”
ချင်းရွမ်က တန်ကျွယ်ချန်ကို ဒေါသတကြီး စိုက်ကြည့်ရင်း သူ့အဖေကို ပြောလိုက်သည်။
ချင်းရွမ်၏ စကားကိုကြားလျှင် ချင်းစန်းလဲ့သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ၏ အကြည့်က တန်ကျွယ်ချန် ဆီသို့ ရုတ်တရက် ကျရောက်သွားခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် အေးစက်သောအငွေ့အသက်များ ဖြစ်ပေါ်လာခဲ့သည်။
“မင်းက အဲဒီတုန်းက ငါ့သား ရွမ်အာကို တိုက်ခိုက်ခဲ့တဲ့သူလား”
ထိုအချိန်က သူ၏သား ချင်းရွမ်သည် အထူးခန္ဓာကိုယ် ဖြစ်သည့် ခရမ်းရောင်မိုးကြိုးဝိညာဥ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် အနှိုင်းမဲ့ ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သည်။
အသက်တစ်ရာ မပြည့်သေးခင်မှာပင် ချင်းရွမ်သည် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်သို့ အလွယ်တကူပင် ထိုးဖောက်နိုင်ခဲ့သည်။
ချင်းစန်းလဲ့သည် ချင်းရွမ်၏ ပါရမီဖြင့်သာ ဆိုလျှင် ကပ်ဘေးအဆင့်နှင့် မဟာယာနအဆင့်ကိုပင် အလွယ်တကူ ထိုးဖောက်နိုင်ပြီး ဒဏ္ဍာရီထဲမှ အင်မော်တယ်လမ်းစဥ်ကိုပင် ဆက်လက်လျှောက်လှမ်းနိုင်လိမ့်မည်ဟု မူလက ထင်မှတ်ထားခဲ့၏။
မထင်မှတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်တွင် ချင်းရွမ်သည် ခရီးထွက်ရာမှ ပြန်လာပြီးနောက်တွင် တာအိုနှလုံးသား ထိခိုက်သွားခဲ့ပြီး တိုးတက်မှုများ နှေးကွေးသွားခဲ့သည်။
ဤနှစ်ပေါင်းသုံးထောင်တွင် ချင်းရွမ်သည် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ကနေ ကပ်ဘေးအဆင့်သို့ အသေအလဲ ကြိုးစားပြီးမှသာ ထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ချင်းရွမ်၏ ခရမ်းရောင်မိုးကြိုးဝိညာဥ် ခန္ဓာကိုယ်ဖြင့်သာ ဆိုလျှင် ဤရလဒ်သည် တကယ်ကို လက်မခံနိုင်စရာပင် မဟုတ်ပါလော။
ယခုအခါတွင် ချင်းစန်းလဲ့သည် သူရှေ့မှ အဘိုးအိုက ထိုကိစ္စ၏ လက်သည်တရားခံ ဖြစ်ကြောင်း နားလည်သွားခဲ့ချေပြီ။
“ငါသာ သူ့ကို မကယ်တင်ခဲ့ဘူး ဆိုရင် သူအစောကြီးတကည်းက သေသွားလောက်ပြီ.. ငါ သူ့ကို အကောက်ကြံခဲ့တာ မငြင်းပါဘူး.. ဒါပေမဲ့ သူသာ အဲဒီတုန်းက အရမ်းကြီးလောဘမတက်ခဲ့ရင် ငါက သူ့ကို ဘာလို့ လုပ်ကြံရမှာလဲ”
တန်ကျွယ်ချန်က ချင်းစန်းလဲ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
သူ၏ အမူအရာက အလွန်တရာ လေးနက်နေခဲ့၏။
အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင်သည် မဟာမိတ်အဖွဲ့အတွင်းရှိ ထိပ်တန်းပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအား အလွန်တရာပင် နက်ရှိုင်းသည်။
ယခုအခါတွင် တန်ကျွယ်ချန်သည် ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း သူ့ရှေ့မှ လူထံကနေ အန္တရာယ် အငွေ့အသက်ကို ခံစားမိနေခဲ့၏။
“မင်း ရှင်းပြတာကို ငါမကြားချင်ဘူး.. မင်းက ငါ့သားကို အကောက်ကြံတယ် ဆိုတာ ဝန်ခံမှတော့ သေဖို့သာ ပြင်ထားလိုက်တော့”
ချင်းစန်းလဲ့က အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လက်သည်းကုတ်ချက်ဖြင့် တန်ကျွယ်ချန်ကို တိုက်ခိုက်လိုက်သည်။
ကောင်းကင်ကြီးက ဆုတ်ဖြဲခံလိုက်ရပြီး မိုးကြိုးရေတံခွန်ကနေ မိုးကြိုး မိုးရေစက်များ ကျဆင်းလာသကဲ့သို့ ကောင်းကင်ယံ တစ်ခုလုံးတွင် မိုးကြိုးအလင်းတန်းများဖြင့် ပြည့်နှက်သွားခဲ့ကာ အနှိုင်းမဲ့ မိုးကြိုးလက်သည်းကြီး အဖြစ် စုစည်းသွားခဲ့သည်။
ထိုမိုးကြိုးလက်သည်းသည် ရှေးဟောင်း မိုးကြိုးသားရဲ၏ လက်သည်းများကဲ့သို့ အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါဖြင့် တန်ကျွယ်ချန်ဆီ သက်ရောက်လာခဲ့သည်။
ချင်းစန်းလဲ့၏ လက်သည်းတိုက်ကွက်ကို မြင်လျှင် တန်ကျွယ်ချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး ပါးစပ်ကနေ ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
“ပျက်စီးစမ်း”
သူ၏ မျက်ဝန်းထဲတွင် မီးလျှံများ တောက်ပနေခဲ့ပြီး သူ၏ အရှိန်အဝါသည် လေထုတစ်ခုလုံးကို တုန်ခါသွားစေခဲ့၏။
ကြောက်မက်ဖွယ်ရာကောင်းသော မီးလျှံစွမ်းအားများသည် ပတ်ဝန်းကျင် ပေရာချီ ဧရိယာကို ပြည့်နှက်သွားခဲ့သည်။
ကပ်ဘေးအဆင့်အောက်ရှိ မည်သည့် ကျင့်ကြံသူမဆို ထိုဧရိယာထဲ ဝင်ရောက်လာလျှင် ပူပြင်းလှသော စွမ်းအင်ကြောင့် ချက်ချင်းဆိုသလို အခိုးအငွေ့အဖြစ် ပြောင်းလဲသွားလိမ့်မည် ဖြစ်၏။
သို့သော်လည်း တန်ကျွယ်ချန် မည်မျှပင် အစွမ်းကုန် အားထုတ်စေကာမူ ချင်းစန်းလဲ့၏ လက်ထဲကို ခုခံရန်မှာ ခက်ခဲနေဆဲပင်။
ချင်းစန်းလဲ့၏ လက်သည်းကုတ်ချက်သည် တန်ကျွယ်ချန်၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့ပြီး တန်ကျွယ်ချန်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မီတာရာချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။
“ဖူး..”
တန်ကျွယ်ချန်က ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး သူ၏ မျက်နှာက ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ချင်းစန်းလဲ့ကို ကြည့်နေသော သူ၏ အကြည့်တွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင် ဖြစ်သည့် ချင်းစန်းလဲ့သည် အလွန်တရာအစွမ်းထက်လိမ့်မည်ကို သူသိသော်လည်း ဤမျှလောက်အထိ ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကပ်ဘေးနှောင်းပိုင်း အဆင့်တွင် ရှိသော သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ချင်းစန်းလဲ့၏ တိုက်ကွက် တစ်ကွက်ကို မတားဆီးနိုင်ခဲ့ချေ။
“အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ရဲ့ ဒုခေါင်းဆောင်လို့ မပြောရဘူး.. သူ့ရဲ့စွမ်းရည်က တကယ်ကို ကြောက်စရာ ကောင်းတာပဲ”
သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင်သည် တန်ကျွယ်ချန်နှင့် ကျင့်ကြံခြင်းအဆင့်အတူတူပင် ဖြစ်သော်လည်း ထိုနှစ်ဦးကြားတွင် ကြီးမားသော ကွာဟချက် ရှိနေဆဲပင်။
အကြောင်းရင်းမှာ တန်ကျွယ်ချန်က ကပ်ဘေးနှောင်းပိုင်းအဆင့်ကို စတင် ထိုးဖောက်ရုံသာ ရှိသေးသော်လည်း ချင်းစန်းလဲ့က ကပ်ဘေးနှောင်းပိုင်း အဆင့်၏ အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။
ချင်းစန်းလဲ့သည် ကပ်ဘေး အထွတ်အထိပ် အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်ဟု သူ ထင်မြင်မိသည်။
ဆိုရလျှင် ချင်းစန်းလဲ့၏ စွမ်းရည်သည် ခရမ်းရောင် အင်မော်တယ်ဓားဂိုဏ်းမှ ကျန်းရှဘိုးဘေးထက်ပင် သာလွန်၏။
“မင်း အားကုန်ခံပြီး ခုခံမနေနဲ့.. လိမ်လိမ်မာမာ အဖမ်းခံလိုက်စမ်း”
ချင်းစန်းလဲ့၏ မျက်ဝန်းများက အေးစက်နေခဲ့သည်။
သူက ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်ဖော်ကာ တန်ကျွယ်ချန်၏ ခန္ဓာကိုယ်ကို ဖိနှိပ်လိုက်၏။
ချင်းစန်းလဲ့၏ စွမ်းရည်သည် သူစိတ်ကူးထားသည်ထက်ပင် လုံးဝ ကျော်လွန်နေ၍ တန်ကျွယ်ချန်သည် အလွန်အမင်း ကြောက်လန့်နေခဲ့သည်။
ဤအခိုက်အတန့်တွင် တန်ကျွယ်ချန်သည် သေခြင်းတရား၏ အငွေ့အသက်ကို သူ၏ တစ်သက်တာတွင် ပထမဆုံးအကြိမ် ခံစားမိလိုက်သည်။
သူက ကျန်းချန်ထံမှ အကူအညီတောင်းရန် ပြင်လိုက်စဥ်မှာပင် ပုံရိပ် တစ်ခုသည် သူ၏ ရှေ့ရှိ လေထုထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ချင်းစန်းလဲ့၏ အရှိန်အဝါဖြင့် ဖိနှိပ်မှုကို ဖြိုခွင်းပစ်လိုက်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ချင်းစန်းလဲ့သည် မျက်မှောင်ကြုတ်သွားခဲ့၏။
“ကောင်လေး မင်းဘယ်သူလဲ”
ကပ်ဘေးအထွတ်အထိပ် အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုတော့သည့် ကျင့်ကြံသူ အနေဖြင့် ချင်းစန်းလဲ့သည် သူ၏ စွမ်းရည်ကို အလွန်အမင်း ယုံကြည်မှုရှိသည်။
ကပ်ဘေး နှောင်းပိုင်းအဆင့်တွင် ရှိသော တန်ကျွယ်ချန်ပင်လျှင် သူ၏ရှေ့တွင် လုံးဝ ခုခံနိုင်စွမ်းမရှိခဲ့ပေ။
ဤအနက်ရောင်ဝတ်စုံဝတ် လူငယ်ကမူ သူ၏ အရှိန်အဝါဖိအားကို အလွယ်တကူ ဖြိုခွင်းနိုင်ပုံထောက်၍ သာမန်မဟုတ်သည်မှာ ထင်ရှားနေခဲ့၏။
ကျန်းချန်က ချင်းစန်းလဲ့ကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။
“ကျွန်တော်က ကျန်းချန်ပါ.. ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်လာတာ မကြာသေးပါဘူး.. အခုရောက်လာတာက အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ထဲကို ဝင်ဖို့အတွက်ပါ”
“အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ထဲကို ဝင်ဖို့ လာတာဆိုရင်တော့ နောက်ဆုတ်လိုက်ပါ ကောင်လေး.. ငါ့ရဲ့ကိစ္စတွေမှာ ဝင်မပါပါနဲ့”
ချင်းစန်းလဲ့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
ကျန်းချန်က ခေါင်းခါရမ်းကာ တုံ့ပြန်ပြောဆိုလိုက်၏။
“စိတ်မကောင်းပါဘူး.. ကျွန်တော် သူနဲ့ လုပ်စရာကိစ္စ တစ်ခု ရှိသေးတယ်.. အခုအချိန်မှာ ခင်ဗျားကို ထိခွင့်မပေးနိုင်သေးဘူး”
“ကောင်လေး.. မင်းဒီလောက်တောင် သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”
ချင်းစန်းလဲ့က ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
“ဝုန်း..”
သူ၏ လက်ကနေ ခရမ်းရောင်လျှပ်စီးများ လင်းလက်နေသော မိုးကြိုးနဂါး တစ်ကောင် ထွက်ပေါ်လာခဲ့၏။
ထို့နောက်တွင် မိုးကြိုးနဂါးသည် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားများကို သယ်ဆောင်ကာ လက်သည်းများကို အစွမ်းကုန်ဖြန့်၍ ကျန်းချန်ဆီ တိုးဝင်လာခဲ့သည်။
ဤတိုက်ခိုက်မှုကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပင် အရောင်အသွေး ပြောင်းလဲသွားခဲ့၏။
အခန်း(၂၃၈၈)ပြီး၏။