အခန်း (၁၁၅၁-၁၁၅၂)
Vol. 116 Ch. 1151-1152
အခန်း (၁၁၅၁) မင်းက ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ ဌာနမှူးလား
"သခင်လေး... ဒီနေ့ရဲ့ အဓိကဇာတ်ဆောင်တွေ အကုန်ထွက်သွားကြပြီဆိုတော့ ရှေ့က အခြေအနေကို... ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းမလဲ "
ချိုးကျင်းက ဖောက်ခွဲရေးဘုရင် အပါအဝင် သိန်းချီသော မိစ္ဆာစစ်တပ်ကို ပြုံးစစဖြင့် ကြည့်ကာ မေးလိုက်သည်။
သူသည် အဆင့် (၁) နတ်ဘုရားဝိညာဥ်တစ်ပါး ဖြစ်ပြီး၊ လူ့လောက ၏ တရားဝင် အဆင့်အတန်းကို ရရှိထားသူဖြစ်ရာ သူ၏ အခြေခံစွမ်းအားမှာ သာမန်အဆင့်တူ လွတ်လပ်သောမသေမျိုးများထက် အဆပေါင်းများစွာ သာလွန်လှသည်။
သူ၏ အကြည့်အောက်တွင် ဖောက်ခွဲရေးဘုရင် အပါအဝင် ထျန်းယောင်နိုင်ငံမှ မိစ္ဆာများအားလုံးမှာ ကျောရိုးထဲထိ စိမ့်တက်သွားကာ ထိတ်လန့်သွားကြတော့သည်။
ထိုအခါမှ သူတို့ သတိထားမိလိုက်သည်မှာ ဖန့်ချန်၏ ဘေးနားရှိ ထိုလူနှစ်ယောက်သည်လည်း ဒဏ္ဍာရီလာ... လွတ်လပ်သောမသေမျိုး များ ဖြစ်နိုင်ခြေ အလွန်များနေသည်ကိုပင်။
"ထျန်းယောင်နိုင်ငံရဲ့ ဖောက်ခွဲရေးဘုရင်လား"
ဖန့်ချန်က တည်ငြိမ်စွာ မေးလိုက်သည်။
"အစေခံ ရှိနေပါတယ် "
ဖောက်ခွဲရေးဘုရင်က ရှေ့သို့ တစ်လှမ်းတက်လာပြီး သူ၏ ကိုယ်ထည်ကြီးမှာ တဖြည်းဖြည်း ကျုံ့ဝင်သွားကာ ပေ ၂၀ ခန့် မြင့်သော လူဘီလူးကြီးအသွင် ပြောင်းလဲသွားပြီး ဖန့်ချန်၏ ရှေ့တွင် ဒူးထောက်၍ အရိုအသေပြု ဂါရဝပြုလိုက်သည်။
မိစ္ဆာစစ်တပ် သိန်းချီမှာ ဤမြင်ကွင်းကို မြင်သောအခါ အခြေအနေမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ ယနေ့ သူတို့ အသက်ရှင်လျက် ပြန်ခွင့်ရမရမှာ ထိုလူသားကျင့်ကြံသူ၏ စိတ်အလိုပေါ်တွင်သာ မူတည်တော့ကြောင်း သဘောပေါက်သွားကြသည်။
"မင်းတို့ ထျန်းယောင်နိုင်ငံရဲ့ ဂိုဏ်းချုပ်အဆင့်က အခု ဘယ်မှာလဲ "
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
"စီနီယာကြီးကို တင်ပြရရင်... သူ ခုနလေးတင်ပဲ ထွက်သွားပါပြီ"
ဖောက်ခွဲရေးဘုရင်၏ မျက်နှာမှာ ရှုပ်ထွေးနေသည်။
ခုနလေးတင် ထွက်သွားတာလား ဤနေရာရှိ လူသားကျင့်ကြံသူများမှာ ရင်ထဲတွင် အေးစက်သွားကြသည်။
ထျန်းယောင်နိုင်ငံ၏ ဂိုဏ်းချုပ်အဆင့်သည် ခုနကအထိ အမှောင်ထဲမှနေ၍ အခြေအနေကို အမြဲ စောင့်ကြည့်နေခဲ့သည်ပေါ့လေ
"မင်း ဆိုလိုတာက..."
ဖန့်ချန်က ဖောက်ခွဲရေးဘုရင်ကို အပေါ်အောက် အကဲခတ်လိုက်ပြီး
"နဂါးစားဘုရင်လား "
"မှန်ကန်ပါတယ်"
ဖောက်ခွဲရေးဘုရင်က အသံတိုးတိုးဖြင့်
"နဂါးစားဘုရင်က ဂိုဏ်းချုပ် အဆင့်ကို တက်ရောက်တာ ကြာလှပါပြီ သူက ငါတို့ ထျန်းယောင်နိုင်ငံရဲ့ တကယ့် ကျောထောက်နောက်ခံပါပဲ သူသာ မရှိရင် ထျန်းယောင်နိုင်ငံက ဘယ်လိုလုပ်ပြီး နယ်စပ်စည်းမျဉ်းကို ကျော်ဖြတ်ဖို့ ဝံ့ရဲပါ့မလဲ "
"စိတ်ဝင်စားဖို့ ကောင်းသားပဲ"
ဖန့်ချန်က ရယ်မောလိုက်သည်။
နဂါးစားဘုရင်က ဘယ်လိုနည်းလမ်းကို သုံးခဲ့သလဲ မသိသော်လည်း သူကိုယ်တိုင်ပင် ထိုသူ၏ ကျင့်ကြံမှုသည် လွတ်လပ်သောမသေမျိုး အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း မမြင်ခဲ့ရချေ။
ဒါမှမဟုတ် သူသည် ထိုကမ္ဘာသို့ ရောက်လာသည့်နေ့ကတည်းက လွတ်လပ်သောမသေမျိုး တစ်ပါး ဖြစ်နေခဲ့တာလား
တကယ့်ကို လျှို့ဝှက်ချက် နက်နဲလှပေသည်။
၎င်းမှာ ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ ကျွမ်းကျင်လှသော နည်းလမ်းပင် ဖြစ်ပေလိမ့်မည်။
"နဂါးစားဘုရင်က ထျန်းယောင်နိုင်ငံရဲ့ ဂိုဏ်းချုပ်အဆင့် တဲ့လား "
"ဂိုဏ်းချုပ်အဆင့် ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
"နဂါးစားဘုရင် စံအိမ်က မသေမျိုးဘုရင်နှစ်ပါးက ဘာလို့ သူ့အစေခံအဖြစ် ခံယူထားသလဲဆိုတာ မဆန်းတော့ဘူးပဲ..."
လူတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ထဲမှ သံသယများစွာမှာ အဖြေရသွားခဲ့သည်။
ပုံမှန်အားဖြင့်ဆိုလျှင် မသေမျိုးဘုရင် အဆင့်သို့ ရောက်ရှိသွားပါက နောက်ခံမရှိသည့် ကျင့်ကြံသူဖြစ်စေကာမူ အဆင့်တူသူ၏ ခိုင်းစေမှုကို ခံယူလေ့မရှိကြပေ။
တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများမှာ မာန်မာန ကြီးမားကြသည်။
ရှေးခေတ်ကာလများတွင်ဆိုလျှင် ထိုသူများသည် အချိန်မရွေး အထက်ဘုံသို့တက်၍ မှန်ကန်သောမသေမျိုး အဖြစ် ခံယူနိုင်သူများ ဖြစ်သည်။
ကျင့်ကြံမှုအဆင့်မှာ အလှမ်းဝေးလွန်းခြင်း မရှိပါက သူတစ်ပါး၏ ခိုင်းစေခြင်းကို ခံရရန်မှာ မဖြစ်နိုင်သလောက်ပင်။
"မင်းတို့ ထျန်းယောင်နိုင်ငံထဲမှာ ဝိညာဉ်နတ်ဘုရားဂိုဏ်း က ကျင့်ကြံသူတွေ အတော်များများ ရှိနေတယ် မဟုတ်လား "
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
ဖောက်ခွဲရေးဘုရင်မှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အသာအယာ ခေါင်းညိတ်ပြသည်
"အတော်များများ ရှိတာတော့ အမှန်ပါပဲ၊ ဒါပေမဲ့ အပြစ်မဲ့တဲ့သူတွေလည်း အများကြီး ရှိပါသေးတယ်"
"မင်းက အကျိုးအကြောင်း သိတတ်ပြီး အခြေအနေကို အကဲခတ်တတ်ပုံရတယ်၊ ကျောက်စိမ်းရိုင်းလေး တစ်တုံးပဲ"
ဖန့်ချန်က ရယ်မောလိုက်သည်။
ကျောက်စိမ်းရိုင်းလေး
လူတိုင်း၏ အမူအရာမှာ ထူးဆန်းသွားကြသည်။
မသေမျိုးဘုရင် တစ်ပါးကို ကျောက်စိမ်းရိုင်းလေး ဟု ခေါ်သည်ကို သူတို့ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
ထူးဆန်းနေသော်လည်း ဤစကားကို ဂိုဏ်းချုပ်အဆင့် တစ်ပါး၏ ပါးစပ်မှ ထွက်လာသည်ဟု ယူဆပါက မထူးဆန်းတော့ပြန်ပေ။
ဂိုဏ်းချုပ်အဆင့် ရှေ့တွင်မူ မသေမျိုးဘုရင်မှာ မြေးအရွယ်သာသာသာ ရှိပေသည်။
ဖောက်ခွဲရေးဘုရင်မှာ ပါးစပ်ဟလိုက်သော်လည်း ဘာပြန်ပြောရမှန်း မသိဖြစ်နေသည်။
သူ့၏ သမီးနှင့် လက်အောက်ငယ်သားများမှာလည်း ဤမြင်ကွင်းကို ကြည့်ရင်း အမူအရာများ ပို၍ ထူးဆန်းလာတော့သည်။
"ယင်လောကကို သွားတတ်လား "
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက်... ဖောက်ခွဲရေးဘုရင်၏ ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာပြီး သူက ဖန့်ချန်ကို ကြည့်နေသည့် အကြည့်များမှာ အရင်နှင့် လုံးဝ ကွဲပြားသွားတော့သည်။
အရင်က နဂါးစားဘုရင်တို့ ထွက်သွားစဉ်က သူ၏ မျက်လုံးထဲတွင် ဇဝေဇဝါ ဖြစ်မှုများ ရှိနေခဲ့သော်လည်း...
ယခုတွင်မူ ထိုဇဝေဇဝါဖြစ်မှုများ ပျောက်ကွယ်သွားပြီး နောင်တွင် သူ ဘာလုပ်ရမည်၊ မည်သည့်လမ်းကို လျှောက်ရမည်ကို သေသေချာချာ သိသွားခဲ့ပြီ ဖြစ်သည်။
"နောက်ဆိုရင် ငါ့ရဲ့ အမိန့်မရှိဘဲ ထျန်းယောင်နိုင်ငံက ကျင့်ကြံသူတွေ မြောက်ဘက်နယ်မြေ စည်းမျဉ်းကို တစ်လှမ်းတောင် မကျော်ရဘူး တကယ်လို့ အလုပ်ကိစ္စ ရှိလာရင်လည်း အသစ်တက်လာတဲ့ မြောက်ဘက်နယ်မြေ ဘုရင် ဆီမှာ အရင်ဆုံး တင်ပြရမယ်"
ဖန့်ချန်က ဆိုသည်။
"အစေခံ သိပါပြီ"
ဖောက်ခွဲရေးဘုရင်က ခေါင်းငုံ့ကာ အသံတိုးတိုးဖြင့် ဆိုလိုက်သည်။
ထို့နောက် ဖန့်ချန်ဘက်မှ တခြားအမိန့် မရှိတော့သည်ကို မြင်သောအခါ သူက အရိုအသေပေးကာ သူ၏ သိန်းချီသော မိစ္ဆာစစ်တပ်ကို ခေါ်ဆောင်၍ ဟိတ်ဟန်အပြည့်ဖြင့် ပြန်လည် ထွက်ခွာသွားတော့သည်။
"ဆရာ... နဂါးစားဘုရင် စံအိမ်ကို သွားပြီး စကားပြောကြမလား "
ဖန့်ချန်က ထို မသေမျိုး အိုကြီးကို လှည့်ကြည့်လိုက်သည်။
"မဝံ့ပါဘူး မဝံ့ပါဘူး "
မသေမျိုးအိုကြီးမှာ လန့်သွားပြီး လက်ကို ခါရမ်းကာ ဆရာ ဟူသော အခေါ်အဝေါ်ကို လက်မခံဝံ့ကြောင်း ပြသလိုက်သည်။
သူသည် အစမှအဆုံး ဖန့်ချန်၏ နည်းလမ်းများကို မြင်တွေ့ခဲ့ရပြီး စိတ်ထဲမှ တုန်လှုပ်မှုမှာ ပြောမပြနိုင်အောင်ပင်။
ဤ ထာဝရကောင်းကင်ဘုရင် သည် ဒဏ္ဍာရီလာ ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ ဌာနမှူး များ ဖြစ်နေလေမလားဟုပင် သူ တစ်ခါတရံ သံသယဝင်မိသည်။
"ဝိညာဉ်သုတ်သင်ရေးဌာနက ဒီနေရာကနေ ဆုတ်ခွာသွားပြီဆိုတာ သိသိကြီးနဲ့ ဆရာနဲ့ ကျန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဒီနေ့ ဒီနေရာကို ရောက်လာကြတာကို ကျုပ် တကယ်ကို လေးစားမိပါတယ်"
ဖန့်ချန်က လက်အုပ်ချီ၍ ဆိုလိုက်သည်။
မသေမျိုးအိုကြီးမှာ မှင်တက်သွားပြီး ဘေးနားရှိ ဝိညာဉ်သုတ်သင်ရေးဌာနမှ ကျင့်ကြံသူများ၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသော အရောင်အဝါများ တဖြည်းဖြည်း ပေါ်လာတော့သည်။
နဂါးစားဘုရင် စံအိမ်
နဂါးစားဘုရင်မှာ အလောတကြီး ထွက်သွားရသဖြင့် အရာရာကို စီမံရန် အချိန်မရခဲ့ချေ။
သူ၏ မွေးစားသား၊ မွေးစားသမီး အတော်များများမှာ စံအိမ်ထဲတွင် ကျန်ရစ်နေခဲ့ကြသည်။
ဖန့်ချန်တို့အဖွဲ့ လူသူမရှိသည့် နေရာကဲ့သို့ စံအိမ်ထဲသို့ ဝင်လာကြသည်ကို မြင်သောအခါ သူတို့အားလုံးမှာ အမျက်ချောင်းချောင်း ထွက်သွားကြသည်။
သို့သော်လည်း... ထို့နောက်တွင် နဂါးစားဘုရင်နှင့်အတူ စစ်ထွက်သွားခဲ့ကြသော လူကြီးပိုင်းအချို့သည်လည်း ဖန့်ချန်၏ ဝဲယာတွင် ရှိနေကြသည်ကို မြင်လိုက်ရသည်။
ထိုလူကြီးများ၏ အကြည့်ထဲတွင်... အဓိပ္ပာယ်ပါသော အရိပ်အယောင်များကို မြင်လိုက်ရသည်။
"အစ်ကိုကြီး..."
လူတိုင်း၏ အကြည့်မှာ ချန်မန် (ာဆီသို့ ရောက်သွားကြသည်။
နဂါးစားဘုရင်နှင့် ဧည့်သည်တော်နှစ်ဦး မရှိတော့သဖြင့် သူတို့ထဲတွင် ကျင့်ကြံမှု အမြင့်ဆုံးမှာ ချန်မန် ဖြစ်ရာ ချန်မန်ကသာ ရှေ့ထွက် ဖြေရှင်းရတော့မည် ဖြစ်သည်။
"စီနီယာတို့... ဘာလို့ ဖန့်ဓားဦးဆောင်သူနဲ့ အတူတူ လာကြတာလဲ အဖေရော အခု ထျန်းယောင်နိုင်ငံက စစ်တပ်တွေ နယ်စပ်မှာ ရောက်နေတာကို စီနီယာတို့က ဒီအချိန်မှာ ဒီကို ပြန်လာကြတယ်ဆိုတော့... ထျန်းယောင်နိုင်ငံက စစ်တပ် ပြန်ဆုတ်သွားပြီလား"
ချန်မန်က လက်အုပ်ချီ နှုတ်ဆက်လိုက်သော်လည်း ဖန့်ချန်ကို နှုတ်မဆက်ပေ။
သူက မြောက်ဘက်နယ်မြေမှ ကျင့်ကြံမှုနှင့် ဝါရင့်သော လူကြီးပိုင်းများကိုသာ ကြည့်ကာ မေးလိုက်ခြင်း ဖြစ်သည်။
"နဂါးစားဘုရင်က မြောက်ဘက်နယ်မြေ ကို သစ္စာဖောက်ခဲ့ပြီ၊ သူက ဝိညာဉ်နတ်ဘုရားဂိုဏ်း က ကျင့်ကြံသူပဲ၊ အခုတော့ ထွက်ပြေးသွားပြီ"
တစ်စုံတစ်ယောက်က သက်ပြင်းချကာ ချန်မန်တို့ကို သနားစဖွယ် ကြည့်ရင်း ပြောလိုက်သည်။
နဂါးစားဘုရင်၏ ဤမွေးစားသား၊ မွေးစားသမီးများမှာ ဤကိစ္စ ဖြစ်ပျက်ပြီးနောက်တွင် ပါဝင်ပတ်သက်မှုမှ လွတ်ကင်းရန် အလွန်ခက်ခဲပေလိမ့်မည်။
တကယ်လို့ နဂါးစားဘုရင်က ဝိညာဉ်နတ်ဘုရားဂိုဏ်းအတွက် အလုပ်လုပ်ပေးရုံ သက်သက်ဆိုလျှင် ကိစ္စမရှိသော်လည်း...
ယခုတစ်ကြိမ်တွင်မူ မျက်လုံးပေါင်းများစွာက မြင်လိုက်ရသည်မှာ နဂါးစားဘုရင်သည် ထျန်းယောင်နိုင်ငံကို မြောက်ဘက်နယ်မြေ ထဲသို့ အတင်းသွင်းရန် ကြံစည်ခဲ့ခြင်း ပင် ဖြစ်သည်။
ကျုံးကျိုးဧကရာဇ် သာ ထိုကိစ္စကို သိသွားပါက သေချာပေါက် အမျက်ထွက်ပြီး နဂါးစားဘုရင် ကျန်ရစ်ခဲ့သည့် အင်အားစုအားလုံးကို မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်စွာ ရှင်းလင်းပေလိမ့်မည်။
"စီနီယာတို့... ဘာတွေ ပြောနေတာလဲ အဖေက ဝိညာဉ်နတ်ဘုရားဂိုဏ်းကလူ ဟုတ်လား ကျုံးကျိုးကို သစ္စာဖောက်တယ် ဟုတ်လား"
"စီနီယာတို့ ပြောနေတဲ့ စကားရဲ့ အဓိပ္ပာယ်ကို သိရဲ့လား စီနီယာတို့ ဘယ်လိုလုပ်ပြီး... အဖေကို ဒီလို စွပ်စွဲရဲရတာလဲ "
ချန်မန်က အော်ဟစ်လိုက်ပြီး ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြင့် အလွန်အမင်း ဒေါသထွက်နေတော့သည်။
"ဖန့်... စီနီယာကြီး၊ ဒီလူတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ "
တစ်စုံတစ်ယောက်က ဖန့်ချန်ကို ကြည့်ကာ မေးမြန်းလိုက်သည်။
"အရင်ဆုံး ဖမ်းဆီးပြီး ချုပ်နှောင်ထားလိုက်ပါ၊ တကယ်လို့ သူတို့လည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတယ်ဆိုရင် ဘယ်လို အပြစ်ပေးမလဲဆိုတာ ကျုံးကျိုးဧကရာဇ်ရဲ့ ကိစ္စပဲ"
ဖန့်ချန်က လက်ဝေ့ယမ်းပြလိုက်ပြီး မသေမျိုးအိုကြီးတို့နှင့်အတူ ချန်မန်၊ ဖုန်းယာ တို့ကို ကျော်ဖြတ်ကာ အဝေးရှိ ခန်းမဆောင်ကြီးဆီသို့ လျှောက်သွားတော့သည်။
ချန်မန်တို့အဖွဲ့ တုံ့ပြန်ရန် အချိန်မရမီမှာပင် မသေမျိုး ကျင့်ကြံသူများက သူတို့ကို တိုက်ရိုက် နှိမ်နင်းလိုက်ပြီး နဂါးစားဘုရင် စံအိမ်၏ မြေအောက်ထောင်ထဲသို့ ပို့ဆောင်လိုက်ကြတော့သည်။
ခန်းမဆောင်ကြီးထဲတွင် ဖန့်ချန်နှင့် မသေမျိုးအိုကြီးတို့ နာရီဝက်ခန့် စကားပြောဖြစ်ကြပြီး သူတို့၏ အမည်နှင့် နောက်ကြောင်းများကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်
မသေမျိုးအိုကြီး၏ မျိုးရိုးမှာ နျူ ဖြစ်ပြီး အမည်မှာ ချန် ဖြစ်သည်။
သူ ပြောခဲ့သည့်အတိုင်းပင် သူသည် သာမန်ကျင့်ကြံသူဘဝမှ လာခြင်းဖြစ်သော်လည်း ဝိညာဉ်သုတ်သင်ရေးဌာနသို့ အလွန်စောစောကတည်းက ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
ထိုနှစ်က သူသည် ဝိညာဉ်ခွဲဖြာခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး အလွန်ငယ်ရွယ်ကာ ထက်မြက်လှသည့် ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သည်။
ဝိညာဉ်သုတ်သင်ရေးဌာနသို့ ဝင်ပြီးနောက်တွင် တမင်တကာ နိမ့်နိမ့်ပါးပါး နေထိုင်ခဲ့သဖြင့် သူ၏ နာမည်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး ယနေ့တွင်မူ မသေမျိုး ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
"ဖန့်ဓားဦးဆောင်သူ... ကျုပ် မေးခွင့်ပြုပါဦး မင်းက... ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ ဌာနမှူး လား"
နျူချန်က ခေတ္တမျှ တွေဝေသွားပြီးနောက် ခန်းမဆောင်ထဲရှိ ဝိညာဉ်သုတ်သင်ရေးဌာန ကျင့်ကြံသူများအားလုံး သိချင်နေကြသည့် မေးခွန်းကို မေးလိုက်တော့သည်။
အခန်း (၁၁၅၂) နောင်လာနောက်သားများအတွက် ကျေးဇူးတရား
လူတိုင်း၏ မျှော်လင့်တကြီး စိုက်ကြည့်နေသော အကြည့်များအောက်တွင် ဖန့်ချန်က အသာအယာ ခေါင်းခါပြလိုက်သည်
"ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ ဌာနမှူးကတော့ နတ်ဘုရားလမ်းစဉ်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ဖူယွမ်ကျူး ပါပဲ သူက နတ်ဘုရားလမ်းစဥ်ဂိုဏ်းရဲ့ ဂိုဏ်းခွဲလေးခုကို ခေါ်ပြီး ဒီနေရာကနေ ဆုတ်ခွာသွားပါပြီ"
"......"
လူတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
တစ်ချို့က သက်ပြင်းချကြသလို၊ တစ်ချို့က ဇဝေဇဝါ ဖြစ်နေကြပြီး၊ တစ်ချို့ကတော့ ကြိုတင်သိထားသည့်အလား သဘောပေါက်သွားသည့် အမူအရာများ ပြလာကြသည်။
"တကယ်ပဲ နတ်ဘုရားလမ်းစဥ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်နေတာကိုး၊ အမှန်တော့ အရင်နှစ်တွေကတည်းက ကျုပ် အနည်းငယ် ခန့်မှန်းမိခဲ့တာပါ..."
နျူချန်က ခါးသီးစွာ ပြုံးလိုက်သည်။
"စီနီယာတို့ စိတ်ထဲမှာ နာကျည်းမှုတွေ ရှိနေလား ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် ဖူဌာနမှူး ဆုတ်ခွာသွားတဲ့အခါ စီနီယာတို့ကို ခေါ်မသွားခဲ့ဘူးလေ"
ဖန့်ချန်က မေးလိုက်သည်။
တစ်စုံတစ်ယောက်က ချက်ချင်းပင် ဝင်ပြောသည်
"ဌာနမှူးက ဒီလောက် အလောတကြီး ဆုတ်ခွာသွားတာဟာ သေချာပေါက် ကြီးမားတဲ့ ဒုက္ခတစ်ခုခုနဲ့ ကြုံနေရလို့ ဖြစ်မှာပါ ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ အခြေခံကို ထိခိုက်မှာ စိုးလို့လည်း ဖြစ်နိုင်ပါတယ် ကျုပ်တို့ကတော့ အမှောင်ထဲမှာပဲ ရှိနေတဲ့သူတွေဆိုတော့ ဘာဘေးမှ မရှိနိုင်ပါဘူး၊ နာကျည်းစရာ အကြောင်းမရှိပါဘူး"
"မှန်ပါတယ်"
လူတိုင်းက ခေါင်းညိတ်ကြသည်။
ဌာနမှူးနောက် လိုက်သွားရသည့် လုပ်ဖော်ကိုင်ဖက်များကို အားကျမိသော်လည်း နာကျည်းချက်တော့ မရှိကြပေ။
ဝိညာဉ်သုတ်သင်ရေးဌာန မြေဝက်ဝံဂြိုဟ်ကနေ ဆုတ်ခွာသွားခြင်းက သူတို့အတွက်တော့ နေ့ရက်တွေ ပိုပြီး အေးအေးဆေးဆေး ဖြစ်သွားစေသည်။
ကိစ္စအတော်များများမှာ သူတို့ ရှေ့ထွက်စရာ မလိုတော့ပေ။
သို့သော်လည်း နှစ်ပေါင်းများစွာကြာအောင် ဝိညာဉ်နတ်ဘုရားဂိုဏ်း နဲ့ တိုက်ခိုက်လာခဲ့သည့် အလေ့အကျင့်အရ သတင်းအစအနလေး ကြားရုံနှင့် သူတို့မှာ မနေနိုင်ဘဲ သွားကြည့်မိကြဆဲပင်။
ယခု မြောက်ဘက်နယ်မြေ တံခါးဝသို့ ရောက်လာကြသည်မှာလည်း သူတို့၏ ထက်မြက်လှသော အာရုံခံစားမှုကြောင့်... ထိုနေရာတွင် ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ အနံ့အသက်ကို ရလိုက်သောကြောင့်ပင် ဖြစ်သည်။
"နာကျည်းချက် မရှိရင် ကောင်းတာပေါ့ ဌာနမှူးမှာလည်း သူ့အခက်အခဲနဲ့သူ ရှိမှာပါ အရင်ရက်ပိုင်းတွေက နတ်ဘုရားလမ်းစဥ်ဂိုဏ်းသာ မထွက်သွားရင် တကယ့်ကို ကြီးမားတဲ့ အန္တရာယ်နဲ့ ကြုံရမှာ အမှန်ပဲ"
ဖန့်ချန်က ပြုံးလိုက်သည်။
နျူချန်၏ မျက်လုံးများ လှုပ်ရှားသွားသည်
"အခု ဖန့်ဓားဦးဆောင်သူ ရှိနေပြီဆိုတော့... အခြေအနေတွေ ပြောင်းလဲသွားပြီ မဟုတ်လားဝိညာဉ်နတ်ဘုရားဂိုဏ်းက ဖန့်ဓားဦးဆောင်သူကို ရင်ဆိုင်ဖို့ ဝံ့ရဲမှာ မဟုတ်တော့ဘူး၊ ဝိညာဉ်သုတ်သင်ရေးဌာနကို... ပြန်လည် ဖွင့်လှစ်လို့ ရမလား "
"သွေးဝိညာဥ်ဂိုဏ်းရဲ့ အပြင်လောကက နာမည်အစစ်က ဝိညာဉ်နတ်ဘုရားဂိုဏ်းပါ လူရှိတဲ့ နေရာတိုင်းမှာ ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ လက်ပါးစေတွေ ရှိနေတယ် သူတို့ အင်အားက ကြီးမားသလို အုပ်စုဖွဲ့တာလည်း အင်မတန် ကျွမ်းကျင်ကြတယ် သွေးဝိညာဉ်ဆေးလုံးက သာမန်ကျင့်ကြံသူတွေအတွက် ဘယ်လောက်အထိ ဆွဲဆောင်မှု ရှိသလဲဆိုတာ စီနီယာတို့လည်း သိမှာပါ"
ဖန့်ချန်က ဆက်ပြောသည်
"ဒီပစ္စည်းတစ်ခုတည်းနဲ့တင် ကျင့်ကြံသူ အတော်များများကို ဝိညာဉ်နတ်ဘုရားဂိုဏ်းထဲ ဝင်အောင်လုပ်ဖို့၊ ဒါမှမဟုတ် သူတို့ဘက်က ရပ်တည်အောင်လုပ်ဖို့၊ ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်ဖို့ လုံလောက်နေပြီ ဖန်ဆင်းရှင်ဂြိုဟ် က ကောင်းကင်ဓားဌာနဆိုရင် စီနီယာတို့ ခုနက တွေ့ခဲ့တဲ့ ဓားကျင့်ကြံသူတွေပေါ့"
"သူတို့က ဝိညာဉ်နတ်ဘုရားဂိုဏ်းဆီက ကျေးဇူးတွေ ခံစားထားရတော့ အခုတော့ သူတို့က ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ လက်ထဲက ဓားတွေ ဖြစ်နေပြီ တစ်ချို့က ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းဖို့ ဆန္ဒမရှိရင်တောင် ဝိညာဉ်သုတ်သင်ရေးဌာနကို ကူညီပြီး ဝိညာဉ်နတ်ဘုရားဂိုဏ်းကို တိုက်ခိုက်မှာ မဟုတ်ဘူး"
"ဒါတွေကို... စီနီယာတို့ ဒီနှစ်တွေအတွင်း သတိထားမိကြလား "
လူတိုင်း တိတ်ဆိတ်သွားကြသည်။
ဖန့်ချန် ပြောသည်မှာ မှန်ကန်လှသည်။
ဒီနှစ်တွေအတွင်း သွေးဝိညာဉ်ဂိုဏ်းနဲ့ တိုက်ခိုက်တဲ့အခါ သွေးဝိညာဉ်ဂိုဏ်းဆီက မဟုတ်တဲ့ ဖိအားအချို့ကို သူတို့ ရံဖန်ရံခါ ခံစားခဲ့ရဖူးသည်။
"ဖန့်ဓားဦးဆောင်သူ ဆိုလိုတာက... ဒီနေရာက ဝိညာဉ်နတ်ဘုရားဂိုဏ်းက ဖန့်ဓားဦးဆောင်သူရဲ့ ပြိုင်ဘက် မဟုတ်တော့ရင်တောင်... သူတို့ရဲ့ နောက်ကွယ်ကနေ အင်အားကြီးသူတွေ ထပ်ပြီး ရောက်လာဦးမယ် ဆိုတာလား "
နျူချန်က သက်ပြင်းချလိုက်သည်။
ဤစကားထဲမှနေ၍ ဖန့်ချန်၏ ဆိုလိုရင်းကို သူ သဘောပေါက်လိုက်သည်။
မြေဝက်ဝံဂြိုဟ်ပေါ်က ဝိညာဉ်သုတ်သင်ရေးဌာနကိုတော့ ပြန်လည်ဖွင့်လှစ်ဖို့ မဖြစ်နိုင်တော့ပေ။
"စီနီယာတို့ ဝိညာဉ်သုတ်သင်ရေးဌာနကို ပြန်ဖွင့်ချင်တယ်ဆိုရင်တော့... တခြားရှုထောင့်ကနေ ကြည့်ကြည့်လို့ ရပါတယ်"
ဖန့်ချန်က ပြုံး၍
"စီနီယာတို့ ယင်လောကကို ဘယ်လိုသွားရမလဲဆိုတာ သိကြလား "
"ယင်လောကကို သွားတဲ့နည်း အကြောင်း ကြားဖူးပါတယ်၊ ဒါပေမဲ့ ဝိညာဉ်ခေါ်မီးအိမ် ကို ကျုပ်တို့ မရနိုင်ဘူးလေ"
လူတိုင်း၏ အကြည့်များ လှုပ်ရှားသွားသည်။
ခုနက ဖန့်ချန်သည် ဖောက်ခွဲရေးဘုရင်ကို ယင်လောကသို့ ပို့လိုက်စဉ်က ဝိညာဉ်ခေါ်မီးအိမ်ကို ထုတ်သုံးခဲ့သည် မဟုတ်လား။
"ဖန့်ဓားဦးဆောင်သူ...ယင်လောကကို သွားတာက ဝိညာဉ်သုတ်သင်ရေးဌာနနဲ့ ပတ်သက်လား ဒါမှမဟုတ် ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့လား "
နျူချန်၏ မျက်လုံးထဲတွင် သိချင်စိတ်များဖြင့် ပြည့်နှက်နေသည်။
"နှစ်ခုလုံးနဲ့ ပတ်သက်ပါတယ်"
ယင်လောက ၊ ရှန်ကျင်းမြို့၊ ဝိညာဉ်သုတ်သင်ရေးဌာန
နျူချန် အပါအဝင် ဝိညာဉ်သုတ်သင်ရေးဌာနမှ ကျင့်ကြံသူ တစ်ရာကျော်မှာ ထိတ်လန့် အံ့ဩနေကြသည်။
လမ်းတစ်လျှောက်တွင် သူတို့မှာ အမြင်ကျယ်သွားခဲ့ကြရသည်။
ဒဏ္ဍာရီလာ မရဏလမ်း ဝါချွမ်းမြစ် တို့ကို မြင်ခဲ့ရရုံတင်မကဘဲ၊ ယခုဆိုလျှင် ခန့်ညားထည်ဝါလှသော အဆောက်အဦးတစ်ခုပေါ်တွင် ဝိညာဉ်သုတ်သင်ရေးဌာန ဟူသော ဆိုင်းဘုတ်ကို ဗြောင်ကျကျ ချိတ်ဆွဲထားသည်ကိုပင် မြင်တွေ့လိုက်ရသည်။
ဝိညာဉ်သုတ်သင်ရေးဌာနသည် ယင်လောက မှာ ဤမျှလောက်အထိ ကြီးမားလှသော အာဏာရှိနေပြီး အမှောင်ထဲမှာ ပုန်းကွယ်နေစရာ မလိုတော့ဘူးလား
"ဖန့်... ဖန့်ဓားဦးဆောင်သူ... ဒီဝိညာဉ်သုတ်သင်ရေးဌာနက... ကျုပ်တို့ စဉ်းစားနေတဲ့ ဝိညာဉ်သုတ်သင်ရေးဌာနပဲလား "
နျူချန်က စကားပင် ထစ်နေတော့သည်။
ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြသည်
"ဒီဝိညာဉ်သုတ်သင်ရေးဌာနက စီနီယာတို့ စဉ်းစားနေတဲ့ ဝိညာဉ်သုတ်သင်ရေးဌာန အစစ်ပါပဲ ဝိညာဉ်နတ်ဘုရားဂိုဏ်းကတော့ ဒီနေရာမှာ အနှင်ထုတ်ခံထားရတာ ၈၀-၉၀ ရာခိုင်နှုန်းလောက် ရှိနေပြီ အမှောင်ထဲမှာ ပုန်းနေတဲ့ ကြောင်လေး၊ ကြွက်လေး တစ်ကောင်နှစ်ကောင်ပဲ ကျန်တော့တယ် အနှေးနဲ့အမြန်တော့ အကုန်ဖမ်းမိမှာပါ"
"တကယ်ကို မမျှော်လင့်ထားဘူး... ငါတို့ဌာနနဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ တိုက်ပွဲက လူ့လောကကနေ ယင်လောကအထိ ဆက်နွှယ်နေလိမ့်မယ်လို့..."
လူတိုင်းမှာ အံ့ဩမဆုံး ဖြစ်နေကြသည်။
ဤအချက်ကို သူတို့ တစ်ခါမှ မတွေးဖူးခဲ့ပေ။
ဒဏ္ဍာရီလာ ငရဲပြည် မှာတောင် ဝိညာဉ်သုတ်သင်ရေးဌာနနဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက တိုက်ပွဲဝင်နေကြဆဲ ဖြစ်သည်။
"ဖန့်ဓားဦးဆောင်သူ... ဝိညာဉ်သုတ်သင်ရေးဌာနက ဒီမှာ ဒီလောက်အထိ ဗြောင်ကျကျ ဖွင့်ထားနိုင်တာဟာ ဝိညာဉ်နတ်ဘုရားဂိုဏ်းက ဒီနေရာမှာ ငါတို့ရဲ့ ပြိုင်ဘက် မဟုတ်လို့လား "
နျူချန်က အလောတကြီး မေးလိုက်သည်။
"လူ့လောကမှာ သူတို့ အင်အားကြီးပေမဲ့၊ ယင်လောကမှာတော့ ငါတို့ အင်အားကြီးတယ်"
ဖန့်ချန်က ရယ်မောလိုက်သည်
"နေရာတိုင်းမှာတော့ သူတို့နောက်မှာ ရှိမနေနိုင်ဘူးလေ"
"သိပ်ကောင်းတာပဲ "
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ စိတ်လှုပ်ရှားပြီး အားတက်သွားကြသည်။
ထိုအချိန်တွင် ရှောင်းစစ်သူကြီး က ဝိညာဉ်သုတ်သင်ရေးဌာန ကျင့်ကြံသူ အတော်များများကို ဦးဆောင်ကာ ထွက်လာပြီး ဖန့်ချန်ကို လက်အုပ်ချီ ဂါရဝပြုလိုက်သည်
"သခင်လေး"
"မင်းကို မိတ်ဆက်ပေးမယ်၊ ဒါက နျူချန် ပါ သူနဲ့ ဒီလုပ်ဖော်ကိုင်ဖက်တွေ အားလုံးက လူ့လောကက ဝိညာဉ်သုတ်သင်ရေးဌာန ကျင့်ကြံသူတွေပဲ"
ဖန့်ချန်က ပြုံး၍ မိတ်ဆက်ပေးပြီး နျူချန်တို့ကိုလည်း ရှောင်းစစ်သူကြီး၏ နောက်ခံကို ပြောပြလိုက်သည်
"ရှောင်းစစ်သူကြီးကတော့ အခု ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ ဌာနအုပ်ချုပ်သူ ပါ"
"ကျုပ်တို့ ရှောင်းဌာနအုပ်ချုပ်သူကို ဂါရဝပြုပါတယ် "
နျူချန်တို့မှာ အလောတကြီး အရိုအသေ ပေးလိုက်ကြသည်။
သူတို့၏ အာရုံခံစားမှုအရ ရှေ့ကလူ၏ အရှိန်အဝါက သိပ်မပြင်းထန်လှသော်လည်း၊ သေချာပေါက် အစွမ်းကို ဝှက်ထားသော အင်အားကြီးသူ ဖြစ်ရမည်ဟု ထင်နေကြသည်။
မဟုတ်ရင် ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ ဌာနအုပ်ချုပ်သူ ရာထူးကို ဘယ်လိုလုပ် ရနိုင်ပါ့မလဲ
"အထဲဝင်ပြီး စကားပြောကြတာပေါ့"
ဖန့်ချန်က ဆိုသည်။
လူတိုင်း ဝိညာဉ်သုတ်သင်ရေးဌာနထဲသို့ ဝင်သွားပြီးနောက် နျူချန်တို့မှာ ယင်လောက ဝိညာဉ်သုတ်သင်ရေးဌာန၏ အသေးစိတ် အချက်အလက်များကို မနေနိုင်ဘဲ မေးမြန်းကြတော့သည်။
ဝိညာဉ်သုတ်သင်ရေးဌာန ဖွင့်ထားတာ မကြာသေးကြောင်းနှင့် လူအင်အား စုဆောင်းနေဆဲ ဖြစ်ကြောင်း သိလိုက်ရသောအခါ သူတို့မှာ ပို၍ အားတက်သွားကြသည်။
သူတို့မှာ ယင်လောသွားနည်းကို ရရှိထားပြီဖြစ်ရာ ဤနေရာက ဝိညာဉ်သုတ်သင်ရေးဌာနအတွက်လည်း အားဖြည့်ပေးနိုင်မည် မဟုတ်ပါလား
"ရှောင်းဌာနမှူး ရဲ့ ကျေးဇူးတရားကတော့ နောင်လာနောက်သားများအတွက်ပါပဲ ယင်လောကမှာ ဝိညာဉ်သုတ်သင်ရေးဌာနကို တည်ထောင်ပြီး ဝိညာဉ်နတ်ဘုရားဂိုဏ်းကို နှင်ထုတ်နိုင်တာကို ကျုပ်တို့ တကယ်ကို လေးစားမိပါတယ် "
နျူချန်က လက်အုပ်ချီ ဂါရဝပြုလိုက်သည်။
လူတိုင်းကလည်း ရှောင်းလန် ကို လေးစားစွာဖြင့် အရိုအသေ ပေးကြသည်။
ရှောင်းစစ်သူကြီး အမူအရာမှာ ထူးဆန်းသွားသည်။
သို့သော် သူသည် ပင်ကိုယ်ကပင် အေးစက်တတ်သူဖြစ်ရာ အသာအယာ ပြုံးလိုက်ပြီး
"စီနီယာတို့ အထင်လွဲနေပါပြီ ဝိညာဉ်သုတ်သင်ရေးဌာနကို ကျုပ် တည်ထောင်တာ မဟုတ်ပါဘူး၊ သခင်လေးက ယင်လောကမှာ လာပြီး ဖွင့်လှစ်ခဲ့တာပါ"
"ဝိညာဉ်နတ်ဘုရားဂိုဏ်းကို နှင်ထုတ်တာနဲ့ ပတ်သက်ရင်လည်း ဝိညာဉ်သုတ်သင်ရေးဌာန မဖွင့်ခင်ကတည်းက ယင်လောကက ဝိညာဉ်နတ်ဘုရားဂိုဏ်း အင်အားစုတွေဟာ ၈၀-၉၀ ရာခိုင်နှုန်းလောက် ရှင်းလင်းခံထားရပြီးသားပါ အခု ကျန်နေတာတွေကတော့ အမှိုက်တွေပဲမို့ ဘာမှ စိတ်ပူစရာ မရှိပါဘူး"
"ဒါဆိုရင်..."
လူတိုင်းမှာ အံ့ဩသွားကြသည်။
သူတို့ စကားမပြောရသေးမီမှာပင် ဖန့်ချန်က ပြုံး၍ ဝင်ပြောလိုက်သည်
"စီနီယာတို့... ဒီနေ့ ဒီကို ခေါ်လာရတာက စီနီယာတို့ကို တစ်ခုမေးချင်လို့ပါ ကျုံးကျိုး၊ တိထျန်း၊ ပေတု ပေါ်က ကျန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပါ ဒီကို ခေါ်လာဖို့ ဖြစ်နိုင်မလား "
"ဖန့်ဓားဦးဆောင်သူ... မင်းရဲ့ ဆိုလိုရင်းက ဒီနေရာကို အခြေခံပြီး လူ့လောကက ဝိညာဉ်သုတ်သင်ရေးဌာနကို ပြန်လည် အသက်သွင်းဖို့လား "
နျူချန်၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်လျှံလာပြီး လမ်းလျှောက်ရင်း ရင်ခုန်စွာဖြင့်
"ဖြစ်နိုင်တာပေါ့ ဘာလို့ မဖြစ်နိုင်ရမှာလဲ ယင်လောကမှာ ဝိညာဉ်သုတ်သင်ရေးဌာနကို ပြန်ဖွင့်နိုင်ရင် ကျုပ်တို့အတွက် အခွင့်အရေး တစ်ခုပါပဲ သတင်းအချက်အလက် ပေးပို့တာက ပိုပြီး လျှို့ဝှက်ချက် လုံခြုံသလို၊ မျက်နှာချင်းဆိုင် စကားပြောလို့လည်း ရတယ်"
"အရင်လို သတင်းပို့အဆောင် တွေနဲ့ပဲ ဆက်သွယ်နေစရာ မလိုတော့ဘူး ဒါက ပူးပေါင်းဆောင်ရွက်ဖို့အတွက် တကယ့်ကို အကျိုးရှိစေမှာပါ"
"နျူမိတ်ဆွေ ပြောတာ မှန်ကန်ပါတယ် ဒီလိုဆိုရင် ကျုပ်တို့ရဲ့ သွားလာလှုပ်ရှားမှုတွေက ပိုပြီး လျှို့ဝှက်လာမှာဖြစ်သလို ဝိညာဉ်နတ်ဘုရားဂိုဏ်း လက်ပါးစေတွေရဲ့ သတိပြုမိခြင်းကိုလည်း မခံရတော့ဘူး"
လူတိုင်းက ထောက်ခံကြသည်။
"ဒါဆိုရင်တော့... စီနီယာတို့ဘက်ကနေ ကျန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဆက်သွယ်ပေးဖို့ အကူအညီ တောင်းပါရစေ နောက်တစ်လနေရင် ဟင်းလင်ပြင်ထာဝရဓားဂိုဏ်း ကို လာခဲ့ကြပါ"
ဖန့်ချန်က ပြုံး၍ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"မေးခွန်းတစ်ခု ရှိတာက... ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ လက်ပါးစေတွေ အထဲမှာ ရောပါလာနိုင်တယ် ကျုပ်တို့ဌာနက လုပ်ဖော်ကိုင်ဖက် အတော်များများက... အမှန်တော့ မယုံကြည်ရတော့ဘူး"
နျူချန်က အသံတိုးတိုးဖြင့် ဆိုလိုက်သည်။
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာပျက်သွားကြသည်။
ဝန်မခံချင်သော်လည်း ၎င်းမှာ ငြင်းမရသည့် အမှန်တရားပင်။
"အဲဒီကိစ္စကတော့... အချိန်ကျလာရင် ပြဿနာ မဟုတ်တော့ပါဘူး စီနီယာတို့ စိတ်ပူစရာ မလိုပါဘူး"
ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။