အခန်း (၁၁၆၁-၁၁၆၂)
Vol. 117 Ch. 1161-1162
အခန်း (၁၁၆၁) ဟွမ်မျိုးနွယ်စု
"သိုင်းဝိညာဥ်နယ်မြေ၊ ယွီရွှီဂြိုဟ်..."
ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ဤသည်မှာ ဖူယွမ်ကျူး ပြောပြခဲ့သော နေရာဖြစ်သည်။
အချိန်နှင့် ပတ်သက်၍မူ လောလောဆယ် မသတ်မှတ်ရသေးချေ။
မည်သည့်အချိန်တွင် သွားရမည်ကို ဖူယွမ်ကျူးက နောက်တစ်ကြိမ် လာရောက် သတင်းပို့လိမ့်မည် ဖြစ်သည်။
"မင်းဆီက အဖြေရပြီဆိုတော့ ကျုပ်လည်း ပြန်ပြီး အစီရင်ခံလို့ ရပါပြီ"
ဖူယွမ်ကျူးက ပြုံးလျက် ထရပ်လိုက်သည်
"လက်ဖက်ရည်အတွက် ကျေးဇူးပါ၊ တော်တော်လေး သောက်လို့ ကောင်းပါတယ်"
"ဖူဆရာကြီး... မပြန်ပါနဲ့ဦး၊ ကျုပ် မေးချင်တာက ဖူဆရာကြီးအနေနဲ့ ဒီယင်လောကအပေါ် ဘယ်လောက်အထိ သိထားသလဲ၊ ပြီးတော့ ကျုပ်အပေါ်မှာရော ဘယ်လောက်အထိ သိထားသလဲဆိုတာ သိချင်ပါတယ်"
ဖန့်ချန်က ပြုံး၍ ဆိုသည်။
အရင်က သူ့ကို သိုင်းဝိညာဥ်နယ်မြေက ဝိုလုံကျောင်းဆီ ပို့ပေးခဲ့သူမှာ ဖူယွမ်ကျူးဟု ထင်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ တခြားတစ်ယောက် ဖြစ်နေသည်။
အထူးဆန်းဆုံး အချက်မှာ ဖူယွမ်ကျူးသည် နတ်ဘုရားလမ်းစဉ်ဂိုဏ်းကို ခေါ်ဆောင်ကာ ဆုတ်ခွာသွားသည့် လမ်းကြောင်းမှာလည်း ဝိုလုံကျောင်းကတစ်ဆင့် ဖြစ်နေခြင်းပင်။
ယနေ့တွင် ပြဿနာ၏ အနှစ်သာရကို အကုန်အစင် မသိနိုင်လျှင်တောင် သဲလွန်စအချို့ကို ပိုသိရလျှင် ကောင်းမည်ဖြစ်သည်။
"ကျုပ်မှာ အရင်က သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးတယ်"
ဖူယွမ်ကျူးက သက်ပြင်းတစ်ချက်ချကာ အေးဆေးစွာ ဆိုသည်
"ပါရမီရော၊ အရည်အချင်းရော အဲဒီသူငယ်ချင်းက ကျုပ်ထက် အများကြီး သာပါတယ် ငယ်ငယ်တုန်းက ကျုပ်က သူ့ကို စံပြအဖြစ် ထားခဲ့တာ၊ တစ်နေ့မှာ သူနဲ့ ရင်ဘောင်တန်းနိုင်ဖို့ မျှော်လင့်ခဲ့တာပေါ့"
"မှတ်မိသေးတယ်... တစ်နှစ်မှာ ကျုပ်နဲ့ သူဟာ ယင်လောကဆင်းသက်ခြင်းအတတ် ကို အတူတူ ရခဲ့ကြတယ် ယင်လောက ကို ပထမဆုံးအကြိမ် ရောက်ခဲ့တုန်းက မြင်ကွင်းတွေကို အခုထိ မျက်စိထဲ စွဲနေတုန်းပဲ"
"ကျုပ်သူငယ်ချင်းရဲ့ ကံတရား က ကျုပ်ထက် အများကြီး သာပါတယ် ယင်လောကမှာ သူက ရေထဲက ငါးလိုပဲ အဆင်ပြေနေခဲ့ပြီး အချိန်ကြာလာတော့ ဌာနအသီးသီးက ယင်အရှင် တွေနဲ့တောင် သူငယ်ချင်း ဖြစ်သွားခဲ့တယ်"
"အဲဒီနောက်မှာတော့ ယင်လောကရဲ့ ငရဲမင်း ရဲ့ အရေးပေးမှုကို ခံရပြီး အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တယ်၊ ကျင့်ကြံမှုတွေလည်း အကြီးအကျယ် မြင့်တက်လာခဲ့တာပေါ့"
ဖူယွမ်ကျူးက ဤနေရာသို့ ရောက်သောအခါ ဖန့်ချန်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်
"မင်းကလည်း ကျုပ်သူငယ်ချင်းလိုပဲ ဖြစ်မှာပါ၊ ဒီက ငရဲမင်းရဲ့ အရေးပေးမှုကို ရထားလို့သာ ဌာနအသီးသီးက ယင်အရှင်တွေကို အမိန့်ပေးနိုင်ပြီး ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ အောက်ခြေတွေကို တစ်ခုချင်း ရှင်းထုတ်နိုင်တာ မဟုတ်လား"
"အဲဒီလိုပဲ ဆိုပါတော့"
ဖန့်ချန်၏ အမူအရာမှာ ထူးဆန်းနေသည်။
အစပိုင်းတွင် ဖူယွမ်ကျူး ပြောပြမည့် သူငယ်ချင်းမှာ သေဆုံးသွားပြီဖြစ်သော မိမိ၏ စီနီယာအစ်ကို၊ ယင်လောက၏ ယခင်မျိုးဆက် ငရဲမင်း ဖြစ်လိမ့်မည်ဟု သူ ထင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ပြန်စဉ်းစားကြည့်လျှင် အသက်အရွယ်ချင်း မကိုက်ညီချေ။
ယခင်မျိုးဆက် ငရဲမင်းသည် ယင်လောကတွင် နှစ်ပေါင်းများစွာ စိုးစံခဲ့သူဖြစ်ရာ သူ၏ ယင်သက်တမ်းမှာ ရှန်ထူချန်းတို့ထက်ပင် ပိုမို ကြာမြင့်ရမည် ဖြစ်သည်။
မိမိရှေ့က ဖူယွမ်ကျူးမှာ အသက် ၄ ထောင် သို့မဟုတ် ၅ ထောင်ခန့်သာ ရှိဦးမည်။
ဒါက သူ၏ လက်ရှိ အဆင့်အတန်းအရ အမြင့်ဆုံး သက်တမ်းပင် ဖြစ်သည်။
သူသည် ရှန်ထူချန်းတို့ထက်ပင် ငယ်ရွယ်နိုင်ရာ ယခင်မျိုးဆက် ငရဲမင်း၏ သူငယ်ချင်း မဖြစ်နိုင်ချေ။
ယခု သူပြောသည်ကို ကြည့်ရလျှင် ဖူယွမ်ကျူးမှာ တစ်စုံတစ်ခုကို နားလည်မှု လွဲနေပုံရပြီး ယင်လောကအကြောင်း သိထားသည်မှာလည်း သူထင်သလောက် မနက်ရှိုင်းလှသေးချေ။
"မင်းက ဆရာယွမ်ဟယ်လို ထူးခြားတဲ့ ပုဂ္ဂိုလ်ရဲ့ အရေးပေးမှုကို ခံရတယ်၊ ကျုပ်လည်း ကြားဖူးပါတယ်... ဆရာယွမ်ဟယ်က ယင်လောကက အရေးပါတဲ့ ပုဂ္ဂိုလ်တချို့နဲ့ ပတ်သက်မှု ကောင်းတယ်ဆိုတာ"
"သူ မင်းအတွက် စီစဉ်ပေးခဲ့တဲ့ အစီအစဉ်က အခု ဒီအခြေအနေတွေပဲ ဖြစ်မှာပါ ယင်လောကမှာ မင်းကို အထောက်အထားတစ်ခုခု ပေးထားခဲ့လို့ မင်းလုပ်ချင်တာတွေအတွက် အထောက်အပံ့ ဖြစ်နေတာပေါ့"
ဖူယွမ်ကျူးက သက်ပြင်းချလိုက်သည်
"ဒါဟာ ကံကြမ္မာပဲ တကယ်လို့ မင်းသာ ဆရာယွမ်ဟယ်နဲ့ မဆုံခဲ့ရင် အခု မင်းက ဘယ်နေရာမှာ ရှိနေမလဲ "
"ဖြစ်နိုင်တာကတော့ သက်တမ်းကုန်ပြီး မြေကြီးထဲ ရောက်နေလောက်ပြီပေါ့"
ဖန့်ချန်က ဆိုသည်။
"မှန်တယ် ကျင့်ကြံသူဆိုတာ ကံကြမ္မာကို ယုံကြည်ရမယ် အထူးသဖြင့် မင်းနဲ့ ကျုပ်လို ကျင့်ကြံသူတွေပေါ့ ဒါပေမဲ့ အစကောင်းတိုင်း အဆုံးသတ် ကောင်းချင်မှ ကောင်းတာ"
"ကျုပ်သူငယ်ချင်းက နောက်ပိုင်းမှာ ဖူတူလောကကို သွားခဲ့တယ်၊ အဲဒီကတည်းက ပြန်မလာတော့သလို ဘာသတင်းမှလည်း မရတော့ဘူး အဲဒီမှာတင် အသက်ဆုံးရှုံးသွားတာ ဖြစ်ရမယ်၊ သူ့ရဲ့ ရုပ်ကလာပ်လည်း တစ်နေရာရာမှာ ဆွေးမြည့်နေလောက်ပြီ"
ဖူယွမ်ကျူးက ပြောပြီးနောက် ပြုံးလိုက်သည်
"လောကကြီးက စစ်တုရင်ကွက် ကစားပွဲတစ်ခုလိုပဲ မင်းနဲ့ ကျုပ်က နယ်ရုပ်တွေပဲလေ ကံကြမ္မာအတိုင်း လိုက်နာမလား၊ ဆန့်ကျင်မလားဆိုတာ စိတ်ကူးတစ်ခုပါပဲ၊ ဒါပေမဲ့ အဆုံးသတ်ကတော့ ကစားပွဲကို ကစားနေတဲ့သူ ကပဲ သတ်မှတ်တာ"
"မင်း မြေဝက်ဝံဂြိုဟ်ကို အချိန်တိုအတွင်း ခိုင်ခိုင်မာမာ ကာကွယ်ထားနိုင်တာ၊ စုန်ကျီလီတောင် မင်းကို ဘာမှလုပ်မရတာတွေဟာ မင်းရဲ့ နည်းလမ်းတွေလို့ ထင်ရပေမဲ့... မင်းရဲ့ နောက်ကွယ်က ကစားနေတဲ့သူရဲ့ နည်းလမ်းတွေ မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ "
"ကစားသမားက အားကောင်းရင်၊ နယ်ရုပ်ကလည်း နေရာအနှံ့မှာ သတ်ဖြတ်နိုင်တာပေါ့"
"ဖူဆရာကြီးကရော... ကိုယ့်ကိုယ်ကိုယ် နယ်ရုပ်တစ်ရုပ်လို့ ထင်နေတာလား "
"ကျုပ်လား ကျုပ်ကတော့ ဖြစ်ချင်တာပေါ့၊ ဒါပေမဲ့ အခုကြည့်ရတာ ကျုပ်က မဟုတ်ဘူး တကယ်လို့ ကျုပ်သာ နယ်ရုပ်ဖြစ်ခဲ့ရင် အရင်က ဒီနေရာမှာ ရပ်နေရမှာ ကျုပ်ပဲ အနည်းဆုံးတော့ အခု ဒီမှာ ရပ်နေရမှာ ကျုပ်ဖြစ်ရမှာပေါ့"
ဖူယွမ်ကျူးက ခါးသက်သက် ပြုံးလိုက်သည်
"ကျုပ်မှာ ကစားပွဲထဲ ဝင်ဖို့ အရည်အချင်း မရှိတာ ဖြစ်နိုင်ပါတယ်၊ ဒါကလည်း ကောင်းတဲ့အချက် တစ်ခုပါပဲ လက်ရှိ လုပ်ရမယ့်တာဝန်ကိုပဲ ကျေပွန်အောင် လုပ်မယ်၊ ကျန်တာတွေက ကျုပ်နဲ့ ဘာမှ မဆိုင်တော့ဘူး"
"ဒါက ကောင်းတဲ့အချက်လို့ မဆိုနိုင်ပါဘူး ဖူဆရာကြီး... ကျုပ်ရဲ့ လှေပေါ်ကို တက်လာပြီး ကျုပ်တို့ အတူတူ ဒီကစားပွဲပေါ်မှာ လျှောက်ကြည့်ကြမလား "
"မင်း ဘာဆိုလိုတာလဲ "
ဖူယွမ်ကျူး၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။
သူသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒ တစ်ခု၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
လှုပ်ရှားလိုက်ရုံနှင့် ဝိညာဉ်ပါ ပျောက်ကွယ်သွားမည့်အလား ခံစားနေရသည်
နန်းတော်အပြင်ဘက်တွင် ရှန်ထူချန်းက အတွင်းကို တစ်ချက်လှမ်းကြည့်ပြီး ခေါင်းငုံ့ကာ ဘာမှမပြောဘဲ နေလိုက်သည်။
အတွင်းတွင် ဘာဖြစ်နေသနည်းဆိုသည်ကို သူ ခန့်မှန်းမိသည်။
နာရီဝက် ကြာပြီးနောက်။
ဖူယွမ်ကျူးသည် ယင်စစ်သည် အဖြစ် အတင်းအကျပ် ခန့်အပ်ခြင်း ခံလိုက်ရသည်။
သူ၏ ဝိညာဉ် ပြောင်းလဲသွားမှုကို ခံစားမိပြီး ရှေးဟောင်းဒဏ္ဍာရီများထဲမှ အချို့သော ကောလာဟလများကို သူ သတိရသွားသည်။
သူသည် ဖန့်ချန်က မိမိအပေါ်တွင် အသုံးပြုခဲ့သော နည်းလမ်းကို ခန့်မှန်းမိပုံရသည်။
"ခုနက ဒါဟာ ဘွဲ့နှင်းခြင်း တစ်ခုလား အခု ကျုပ်က... ယင်လောကရဲ့ တရားဝင်နတ်ဘုရားဝိညာဥ် ဖြစ်သွားပြီလား "
ဖူယွမ်ကျူးသည် ပြန်ထိုင်လိုက်ကာ မိမိအတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့လိုက်သည်။
ခဏမျှ တွန့်ဆုတ်နေပြီးမှ ဖန့်ချန်အတွက်ပါ တစ်ခွက် ငှဲ့ပေးလိုက်ပြီးမှ မေးလိုက်ခြင်း ဖြစ်သည်။
"ဖူဆရာကြီးက တကယ်ကို ထက်မြက်တဲ့သူပဲ"
ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
ဖူယွမ်ကျူးကို ခန့်အပ်လိုက်ပြီးနောက် ငရဲမင်းအမိန့်ပြားထဲမှ ယင်သက်တမ်းမှာ ကုန်လုနီးပါး ဖြစ်သွားသည်။
လွန်ခဲ့သော ၁၀ နှစ်အတွင်း အဆက်မပြတ် ဖြည့်တင်းထားသော ယင်သက်တမ်းများမှာ ခန့်အပ်ခြင်း နည်းလမ်းများဖြင့် အကုန်လုံးနီးပါး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
"ဒါဟာ... ဆရာယွမ်ဟယ် မင်းကို ပေးခဲ့တဲ့ အရာပေါ့... မင်းက ယင်လောကရဲ့ နတ်ဘုရားဝိညာဥ် တွေကို ခန့်အပ်နိုင်တယ်၊ ဒီလို အာဏာမျိုးဟာ ယင်လောကက ငရဲမင်းထက်တောင် သာလွန်နေဦးမယ်..."
ဖူယွမ်ကျူးသည် သဲလွန်စအမျိုးမျိုးကို ပေါင်းစပ်ကြည့်ပြီးနောက် နိဂုံးတစ်ခု ထုတ်လိုက်သည်။
မိမိရှေ့က လူ၏ ယင်လောကက အဆင့်အတန်းမှာ သူ ခန့်မှန်းထားသည်ထက် အများကြီး ပိုမြင့်မားနေသည်
အရင်က ယင်လောက ငရဲမင်းတွင် နတ်ဘုရားဝိညာဥ်များကို ခန့်အပ်နိုင်သော နည်းလမ်း လုံးဝ မရှိခဲ့ချေ။
ရှိခဲ့လျှင်လည်း သတင်းများမှာ ဤမျှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။
"ဖူဆရာကြီး ခုနကပဲ ကစားပွဲထဲ မဝင်နိုင်လို့ စိတ်ပျက်နေတာ မဟုတ်လား "
ဖန့်ချန်က ဆိုသည်။
"အခုတော့... ကျုပ် ကစားပွဲထဲ ရောက်သွားပြီပေါ့"
ဖူယွမ်ကျူး၏ အမူအရာမှာ ထူးဆန်းနေသည်။
"ယင်လောက နတ်ဘုရားဝိညာဥ် ဆိုရင်၊ အခုချိန်မှာ ကစားပွဲထဲ ဝင်ဖို့ အရည်အချင်း မရှိသေးရင်တောင်၊ နောင်မှာတော့ နယ်ရုပ်တစ်ခု ဖြစ်လာမှာပါ"
ဖန့်ချန်က ပြုံးလိုက်သည်
"အခု ဖူဆရာကြီးအနေနဲ့ ဝိညာဉ်သုတ်သင်ရေးဌာနက အဲဒီ အရေးပါတဲ့ ပုဂ္ဂိုလ်ရဲ့ နောက်ခံအကြောင်းကို အသေးစိတ် ပြောပြလို့ ရမလား၊ လျှို့ဝှက်မနေပါနဲ့တော့"
"ကျုပ်တို့က အခု လှေတစ်စင်းတည်းစီး၊ သေအတူရှင်မတူတွေ ဖြစ်သွားကြပြီ ဒါဟာ ဝိညာဉ်သုတ်သင်ရေးဌာနက လုပ်ဖော်ကိုင်ဖက် သံယောဇဉ်ထက် အများကြီး ပိုနက်ရှိုင်းပါတယ်"
ယင်လောက တရားဝင်နတ်ဘုရားနှင့် ပတ်သက်သော ကောလာဟလများကို စဉ်းစားမိပြီး၊ တရားဝင်နတ်ဘုရားများ၏ ထာဝရနီးပါးရှိသော သက်တမ်းကို တွေးတောမိသောအခါ။
မိမိ သေဆုံးသွားလျှင်တောင် မကြုံစဖူးသော ထွက်ပေါက်ကြီး တစ်ခု ရသွားပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။
ဖူယွမ်ကျူးသည် မိမိကိုယ်ကိုယ် ကစားပွဲထဲ ဝင်ဖို့ အရည်အချင်း ရှိသွားပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။
ခြုံအောက်က ပိုးကောင်လေးတွေ မျက်စိထဲမှာတော့ အရေးပါတဲ့ ပုဂ္ဂိုလ်၊ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ မျက်စိထဲမှာတော့ ပိုးဖလံလေး တစ်ကောင် မဟုတ်တော့ချေ။
"ဝိညာဉ်သုတ်သင်ရေးဌာနက လာတဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်ရဲ့ နာမည်က ဟွမ်ချင်းကျွဲ တဲ့ ဟွမ် မျိုးနွယ်စု ဟာ ဝိညာဉ်သုတ်သင်ရေးဌာနမှာ အမြဲတမ်း အထူးအခွင့်အရေး ရထားတဲ့ အဆင့်အတန်းမျိုးပဲ"
ဖူယွမ်ကျူးက အေးအေးဆေးဆေး ရှင်းပြလာသည်
"လူ့လောက နယ်မြေ ၉ ခုကို အထက် ၃ နယ်မြေ နဲ့ အောက် ၆ နယ်မြေ ဆိုပြီး ခွဲခြားထားတယ် ရှေးဟောင်း၊ ဝူရှင်း၊ ကျိုရှင်း၊သိုင်းဝိညာဥ်၊ ရှုလိုင်၊ ဆန်းယန် နယ်မြေတွေက အောက် ၆ နယ်မြေတွေပေါ့"
"ဟွမ်မျိုးနွယ်စုဟာ သိုင်းဝိညာဥ်နယ်မြေမှာ အမြင့်ဆုံး မျိုးနွယ်စုပဲ၊ သူတို့ရဲ့ အနွယ်အပွားတွေဟာ နယ်မြေ ၉ ခုလုံးမှာ ပျံ့နှံ့နေတယ် သိုင်းဝိညာဥ်နယ်မြေရဲ့ ဝိညာဉ်သုတ်သင်ရေးဌာန အထက်ပိုင်းကလူတွေဟာ အကုန်လုံးနီးပါး ဟွမ်မျိုးနွယ်စုဝင်တွေပဲ ဟွမ်ချင်းကျွဲ ဆိုတာ ဟွမ်မျိုးနွယ်စုရဲ့ တိုက်ရိုက်အနွယ်ဝင် သခင်လေး တစ်ယောက်ပဲ"
အခန်း (၁၁၆၂) ထိုက်ယီမသေမျိုး
"အထက် ၃ နယ်မြေ နဲ့ အောက် ၆ နယ်မြေလား"
"ဒီဟွမ်မျိုးနွယ်စုက သိုင်းဝိညာဥ်နယ်မြေမှာ အရာရာကို လွှမ်းမိုးထားနိုင်တာလား ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ အင်အားကို ငှားသုံးတာလား၊ ဒါမှမဟုတ် ဝိညာဉ်သုတ်သင်ရေးဌာနက သူတို့အင်အားကို ငှားသုံးရတာလား"
"သဘာဝကျကျပဲ ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ အင်အားကို ငှားသုံးတာပေါ့"
ဖူယွမ်ကျူးက ပြုံးလိုက်သည်
"ဟွမ်မျိုးနွယ်စုက အားကောင်းတယ်ဆိုပေမဲ့ သူတို့ရဲ့ အမြစ်က သိုင်းဝိညာဥ်နယ်မြေမှာပဲ ရှိတာ သိုင်းဝိညာဥ်နယ်မြေဆိုတာ အောက် ၆ နယ်မြေထဲက တစ်ခုပဲလေ ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ အမြစ်ကတော့ အထက် ၃ နယ်မြေမှာ ရှိတာ ဒါပေမဲ့လည်း ဟွမ်မျိုးနွယ်စုကို အထင်တော့ သွားမသေးနဲ့ဦး"
"ဒါဆို ဒီတစ်ခေါက် ဟွမ်ချင်းကျွဲက ကျုပ်ကို တွေ့ဖို့ ကြံစည်နေတာက ဘာအတွက်လဲ သူလို အရေးပါတဲ့ ပုဂ္ဂိုလ်က ကျုပ်ရှိနေတာကို ဘယ်လိုလုပ် သိသွားရတာလဲ "
ဖန့်ချန်က စဉ်းစားဟန်ဖြင့် မေးလိုက်သည်။
"သူက မူလက မသိပါဘူး၊ ဒါပေမဲ့ တစ်စုံတစ်ယောက်က သူ့တံခါးကို လာခေါက်တော့ သူ သိသွားတာပေါ့ ကြားရသလောက်တော့ သူ့ဆီ လာတွေ့တဲ့သူက မသေမျိုးလောကငယ် က လာတာတဲ့"
ဖူယွမ်ကျူးက ရယ်မောလျက်
"မင်းလည်း မသေမျိုးလောကငယ် ရှိနေတာကို သိမှာမဟုတ်ဘူး"
"မသိဘူး၊ မကြားဖူးဘူး"
ဖန့်ချန်က ခေါင်းခါပြသည်။
"အဲဒါလည်း အထက် ၃ နယ်မြေမှာပဲ ရှိတာ"
ဖူယွမ်ကျူးက သက်ပြင်းတိုးတိုးချသည်
"အကုန်လုံးကတော့ မပြောပလောက်တဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတွေပါပဲ"
"ဟွမ်ချင်းကျွဲက ကျုပ်ကို တွေ့ချင်ရတဲ့ အတိအကျ အကြောင်းရင်းကိုရော ခင်ဗျား သိသလား "
ဖန့်ချန်က ဆိုသည်။
ဖူယွမ်ကျူးက ခေါင်းခါယမ်းသည်
"ဒီကိစ္စကိုတော့ ကျုပ် တကယ် မသိနိုင်ဘူး ဟွမ်ချင်းကျွဲက သိုင်းဝိညာဥ်နယ်မြေ ဝိညာဉ်သုတ်သင်ရေးဌာနမှာ အလယ်အလတ်အဆင့် ရာထူးရှိတယ် နောက်ပြီး သူ့နောက်ကွယ်မှာ သစ်ပင်အိုကြီးရဲ့ အမြစ်တွေလို ခိုင်မာလှတဲ့ ဟွမ်မျိုးနွယ်စု ကျောထောက်နောက်ခံ ရှိနေတာလေ"
"သူ့ရဲ့ စကားတစ်ခွန်း၊ အပြုအမူတစ်ခုကို ကျုပ်တို့လို လူအသေးအမွှားလေးတွေကို ရှင်းပြနေစရာ မလိုဘူး သူက ပါးစပ်ကလေး လှုပ်လိုက်ရုံနဲ့ ကျုပ်တို့က ခြေကျင်တက် လိုက်လုပ်ပေးရုံပဲ"
"အဲဒီလိုလား..."
ဖန့်ချန်က အသာအယာ ခေါင်းညိတ်လိုက်ပြီးနောက် အကြောင်းအရာကို ပြောင်းကာ ဖူယွမ်ကျူးနှင့် နာရီအတော်ကြာအောင် စကားစမြည် ပြောဖြစ်ကြသည်။
ထို့နောက်မှ ဖူယွမ်ကျူးက နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။
သူ မလာခင်က ဝိညာဉ်သုတ်သင်ရေးဌာန ကျင့်ကြံသူ၊ အဆင့် ၁ လွတ်လပ်သောမသေမျိုး ဖြစ်သော်လည်း၊ ပြန်သွားသည့်အခါတွင်တော့ အပြင်ပန်း အထောက်အထား မပြောင်းလဲသော်လည်း နောက်ကွယ်က အထောက်အထားမှာတော့ အဆင့် ၁ နတ်ဘုရားဝိညာဥ် ၊ ယင်လောက နတ်ဘုရားဝိညာဥ် တစ်ပါး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
သူကိုယ်တိုင်ပင်လျှင် လောကကြီး အပြောင်းအလဲ မြန်ဆန်ပုံမှာ အိပ်မက်တစ်ခုကဲ့သို့ ခံစားနေရသည်။
"ဟွမ်ချင်းကျွဲ မသေမျိုးလောကငယ်... ထူးခြားသူ နှစ်ယောက်အတွက် လာတာပဲဘ ကြည့်ရတာ စုန်ကျီလီရဲ့ နောက်ကွယ်က လူတွေကတော့ စိတ်လောနေကြပြီ"
ဖန့်ချန်၏ မျက်နှာမှာ အနည်းငယ် လေးနက်သွားသည်။
ဒီ ၁၀ နှစ်အတွင်း သူသည် မြေဝက်ဝံဂြိုဟ်ပေါ်က ဝိညာဉ်နတ်ဘုရားဂိုဏ်းသားတွေ ဘယ်ဂိုဏ်းခွဲကလဲဆိုတာ မကြည့်ဘဲ အကုန်လုံးကို နှိမ်နင်းခဲ့သည်။
စုန်ကျီလီ၏ မြေဝက်ဝံဂြိုဟ်ပေါ်က နည်းလမ်းများမှာလည်း တစ်နေ့ထက်တစ်နေ့ နည်းပါးလာခဲ့သော်လည်း သူကိုယ်တိုင်တော့ လူကိုယ်တိုင် ပေါ်မလာခဲ့ချေ။
ထိုအတောအတွင်း လီဝူဝမ့်ကို အကြိမ်အနည်းငယ် တိုက်တွန်းခဲ့သော်လည်း နှစ်ယောက်သား စကားပြောမတည့်ဘဲ လမ်းခွဲခဲ့ကြပုံရသည်။
လီဝူဝမ့်က မြေဝက်ဝံဂြိုဟ်ကို မလာချင်သလို၊ စုန်ကျီလီ ကိုယ်တိုင်လည်း အန္တရာယ် မမြည်းစမ်းရဲချေ။
သိသာသည်မှာ သူသည် ဖန့်ချန်ကို ကြောက်ရွံ့နေသကဲ့သို့ နဂါးအိုကြီးနှင့် ထို ထူးခြားသူ နှစ်ယောက်ကိုလည်း ကြောက်ရွံ့နေခြင်း ဖြစ်သည်။
ထိုသို့ဖြစ်လာသောအခါ သူနှင့် မသေမျိုးလောကငယ်တို့၏ အရောင်းအဝယ်မှာ ၁၀ နှစ်တိတိ ကြန့်ကြာသွားခဲ့ပြီး ဘာရလဒ်မှ မထွက်လာခဲ့ချေ။
သူ၏ စီနီယာအစ်ကိုဖြစ်သူ ယွမ်ဟွား မိစ္ဆာအိုကြီးကတော့ စိတ်လောနေလောက်ပြီ ဖြစ်သလို မြေဝက်ဝံဂြိုဟ်၏ အခြေအနေကိုလည်း အနည်းငယ် သိသွားပုံရသည်။
ထို့ကြောင့် ဤသတင်းကို မသေမျိုးလောကငယ်သို့ ပြန်ပို့လိုက်ပြီး၊ မသေမျိုးလောကငယ်က အရေးပါသော ပုဂ္ဂိုလ်ကြီးမှာ ဟွမ်ချင်းကျွဲနှင့် ရင်းနှီးမှုရှိနိုင်သဖြင့် ဝိညာဉ်သုတ်သင်ရေးဌာနက ဟွမ်ချင်းကျွဲကို ထွက်လာပြီး ဒီကိစ္စကို ဖြန်ဖြေပေးဖို့ တောင်းဆိုခဲ့ပုံရသည်။
မသေမျိုးလောကငယ်၊ ဝိညာဉ်နတ်ဘုရားဂိုဏ်း၊ ဝိညာဉ်သုတ်သင်ရေးဌာန... နောက်ဆုံး နှစ်ခုမှာ မူလက ရန်သူတွေ ဖြစ်ကြပြီး တွေ့တာနဲ့ ဓားနဲ့ခုတ်ကြမည့်သူတွေ ဖြစ်သော်လည်း၊ အခုတော့ မသေမျိုးလောကငယ်က သူတို့ကို တစ်နေရာတည်းမှာ စုစည်းပေးလိုက်ပြီး စားပွဲပေါ်မှာ ထိုင်ပြီး ဆွေးနွေးတော့မည့် အခြေအနေ...
"ဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်ကတော့ ငါ့ကို လက်လျော့ခိုင်းဖို့ပဲ သူတို့နဲ့ ပူးပေါင်းပြီး ဟိုထူးခြားသူ နှစ်ယောက်ကို မျှားထုတ်ဖို့ပေါ့ တကယ်လို့ ငါက လက်မလျှော့ဘူးဆိုရင် နောက်ထပ် ငါ့ကို လာတိုက်မှာက ဝိညာဉ်နတ်ဘုရားဂိုဏ်း မဟုတ်တော့ဘဲ ဝိညာဉ်သုတ်သင်ရေးဌာန ဖြစ်လာလိမ့်မယ်"
ဖန့်ချန်က ပြုံးလျက် စားပွဲပေါ်ကို လက်ချောင်းလေးဖြင့် အသာအယာ တောက်လိုက်သည်။
ရှန်ထူချန်းက ထိုအမူအရာကို မြင်သောအခါ ရှေ့သို့ တက်လာပြီး လက်ဖက်ရည်ကို အပြည့်ငှဲ့ပေးရင်း တိုးတိုးလေး ဆိုသည်
"သခင်လေး... ကျုပ်တို့မှာ ယင်လောက ဆိုတဲ့ ထွက်ပေါက် ရှိပါတယ် လူ့လောကက ဝိညာဉ်သုတ်သင်ရေးဌာနက သခင်လေးကို တိုက်ခိုက်ချင်တယ်ဆိုရင်တောင် ယင်လောကထဲ ဆုတ်ခွာသွားလိုက်ရင် သူတို့ ကျုပ်တို့ကို ဘာမှလုပ်လို့ မရတော့ပါဘူး"
"နောက်ကွယ်က လွတ်လပ်သောမသေမျိုးတွေ ဘယ်လောက်ပဲ အားကောင်းပါစေဦးတော့ သူတို့က ဖူတူလောကမှာပဲ ဗိုလ်ကျလို့ရတာလေ ယင်လောငယ် ထဲကိုတော့ လာလို့မရဘူး"
"အဲဒီအမှန်တရားကို ငါသိပါတယ် ဒါပေမဲ့ ငါက ဆုတ်ခွာသွားမယ်ဆိုရင် မြေဝက်ဝံဂြိုဟ်က ဘယ်လိုပုံစံ ဖြစ်သွားမလဲ "
ဖန့်ချန်က ပြုံးလိုက်သည်
"ဟို ထူးခြားသူ နှစ်ယောက်ကိုတောင် ပစ်မှတ်ထားနေကြတုန်းပဲလား... သည်းမခံနိုင်စရာပဲ၊ သည်းမခံနိုင်စရာပဲ"
"ဒါဆိုရင် သခင်လေးအနေနဲ့ အဲဒီ ဟွမ်ချင်းကျွဲကို သွားမတွေ့ပါနဲ့တော့ ဝိညာဉ်သုတ်သင်ရေးဌာန ကျင့်ကြံသူ တစ်ယောက်အနေနဲ့ သူက ဘာအကြောင်းပြချက်မှ မရှိဘဲ ကျုပ်တို့ကို လာတိုက်လို့ မရပါဘူး"
ရှန်ထူချန်းက ဆိုသည်။
"ဒီထဲမှာ တစ်စုံတစ်ရာသော ဟန်ချက်ညီမှု ရှိနေတာကို ငါ တွေ့လိုက်ရတယ်"
ဖန့်ချန်က ရုတ်တရက် ဆိုသည်
"ဒီ ၁၀ နှစ်အတွင်းမှာ မြေဝက်ဝံဂြိုဟ်ပေါ်က တိုက်ပွဲတွေဟာ အောက်ခြေလူတွေရဲ့ ကလေးကစားစရာ ဆော့ကစားတာလောက်ပဲ ရှိသေးတယ် ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ အခြေခံကို မလှုပ်ခါနိုင်သေးဘူး"
"တကယ်လို့ သူတို့က မြေဝက်ဝံဂြိုဟ်ကို အသုံးချပြီး ဟိုနှစ်ယောက်ကို မျှားထုတ်ချင်တယ်ဆိုရင်၊ လူလွှတ်ပြီး အကုန်သတ်ခိုင်းလိုက်ရုံပဲ စုန်ကျီလီနဲ့ သူ့နောက်ကွယ်က လူတွေအတွက် အဆင့် ၄ လွတ်လပ်သောမသေမျိုး တစ်ပါးကို ခေါ်လာဖို့ဆိုတာ မခက်ခဲပါဘူး"
"ဒါပေမဲ့ သူတို့ အဲဒီလို မလုပ်ခဲ့ဘူး အဲဒီအစား မသေမျိုးလောကငယ်ကတစ်ဆင့် ဝိညာဉ်သုတ်သင်ရေးဌာနက အရေးပါတဲ့ ပုဂ္ဂိုလ်ကို အကြောင်းကြားခဲ့တယ်"
ရှန်ထူချန်းက တိုးတိုးလေး ရေရွတ်လိုက်သည်
"ဒီထဲမှာ တကယ်ပဲ ဟန်ချက်ညီမှု တစ်ခု ရှိနေပုံရတယ် မြေဝက်ဝံဂြိုဟ်ကို တကယ်ကြီး တစ်ခုခုလုပ်ဖို့ သူတို့ မဝံ့ရဲကြဘူး ထင်တယ် ဖြစ်နိုင်တာက အဲဒီဟန်ချက်ကို ဖျက်ဆီးလိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို သူတို့ လက်မခံနိုင်ကြလို့ ဖြစ်ရမယ် အဲဒါကြောင့်ပဲ လမ်းကြောင်းလွှဲပြီး ဝိညာဉ်သုတ်သင်ရေးဌာနက လူကြီးကို သုံးပြီး သခင်လေးကို ဖိအားပေးဖို့ ကြိုးစားနေတာပေါ့"
"ဒီဖြစ်နိုင်ခြေက ၇၀၊ ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်"
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်
"တကယ်လို့ ဒီခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ဒီတစ်ခေါက် ကိစ္စက ထင်သလောက် မခက်ခဲတော့ဘူး"
သူသည် ဒီနှစ်တွေအတွင်း ယင်လောက နတ်ဘုရားဝိညာဥ်တွေကို အဆက်မပြတ် စုဆောင်းခဲ့ပြီး လူ့လောက ကျင့်ကြံသူတွေကို ဘွဲ့နှင်းခဲ့ခြင်းမှာ ထွက်ပေါက်တစ်ခု ထားရှိချင်ရုံ သက်သက်ပင်။
တစ်နေ့နေ့မှာ စုန်ကျီလီက ရူးသွားပြီး ဝိညာဉ်နတ်ဘုရားဂိုဏ်းကို မြေဝက်ဝံဂြိုဟ် ဖျက်ဆီးခိုင်းမှာကို သူ စိုးရိမ်ခဲ့သည်။
တကယ်လို့ ဒီစိုးရိမ်မှုက အပိုပဲဆိုရင်တော့ ဟွမ်ချင်းကျွဲဆီက ဖိအားကိုသာ တောင့်ခံထားနိုင်မယ်ဆိုရင်၊ မသေမျိုးလောကငယ်က အစစ်မှန်မသေမျိုး နဲ့ စုန်ကျီလီတို့ရဲ့ အရောင်းအဝယ်ဟာ ဆက်ပြီး ကြန့်ကြာနေဦးမှာပဲ။
အခု သူလိုအပ်နေတာက အချိန် မဟုတ်လား။
နှစ်အနည်းငယ်လောက် ထပ်ဆွဲထားနိုင်ရင်၊ နောက်ပိုင်းမှာ ဒီကိစ္စကို ကိုင်တွယ်ရတာ ပိုပြီး လွယ်ကူသွားလိမ့်မည်။
"ကျုပ် ဖူတူလောကကို တစ်ခေါက် သွားဦးမယ်"
ဖူတူလောက၊ တန့်ယင်တောင်။
ချန်လင်တိန် သည် လက်ဖက်ရည် ဖျော်နေစဉ်၊ ရုတ်တရက် တရားထိုင်ခန်း တံခါးပွင့်သွားပြီး လူရိပ်တစ်ခု ဝင်လာကာ သူ့ရှေ့တွင် ထိုင်လိုက်သည်ကို မြင်လိုက်ရသည်။
ချန်လင်တိန် က အမူအရာ မပျက်ဘဲ တစ်ဖက်လူအတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးရင်း တိုးတိုးလေး မေးလိုက်သည်
"ဘာကိစ္စလဲ သခင်လေး "
"ငါ စုံစမ်းခိုင်းထားတဲ့ ကိစ္စတွေ သဲလွန်စ ရပြီလား "
ဖန့်ချန်က ဆိုသည်။
ချန်လင်တိန် က ဘာမှမပြောဘဲ တံခါးဝသို့ သွားကာ အပြင်တွင် တန့်ယင်တောင်၏ သူလျှိုများ ရှိမရှိ ခဏမျှ စောင့်ကြည့်လိုက်သည်။
ပတ်ပတ်လည်တွင် ဘယ်သူမှ မရှိကြောင်း သေချာမှ ခုံတွင် ပြန်ထိုင်ကာ တိုးတိုးလေး ပြောသည်
"နည်းနည်းတော့ စုံစမ်းရထားတယ် သခင်လေးပြောတဲ့ စုန်ကျီလီဆိုတဲ့သူက ရှေးဟောင်းနယ်မြေ က ထျန်းရှန့်ဂိုဏ်း ရဲ့ တပည့်ပဲ ထျန်းရှန့်ဂိုဏ်းက တာအိုလမ်းစဥ်ရဲ့ ဂိုဏ်းကြီး တစ်ဂိုဏ်းပဲ၊ ရှေးဟောင်းနယ်မြေမှာလည်း အင်မတန် နာမည်ကြီးတယ်"
"သခင်လေးရဲ့ တောင်းဆိုချက်အရ ကျုပ် အဆက်အသွယ်တွေ သုံးပြီး စုန်ကျီလီရဲ့ အသေးစိတ် သတင်းတွေကို စုံစမ်းကြည့်တော့... သူ့မှာ ယွမ်ဟွား မိစ္ဆာအိုကြီး ဆိုတဲ့ စီနီယာအစ်ကို တစ်ယောက် ရှိတယ် သူကလည်း အခု ဝိညာဉ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူပဲ နောက်ပြီး ဝမ်ချုံစန်း ဆိုတဲ့ စီနီယာအစ်ကို တစ်ယောက်လည်း ရှိသေးတယ်..."
"အရင်ဆုံး အဲဒီ ဝမ်ချုံစန်း အကြောင်းကို အသေးစိတ် ပြောပါဦး"
"ဝမ်ချုံစန်း..."
ချန်လင်ထင်က သက်ပြင်းချလိုက်သည်
"ကျုပ်လည်း လူလွှတ်ပြီး အသေအချာ စုံစမ်းကြည့်မှပဲ သိလိုက်ရတာ ရှေးဟောင်းနယ်မြေမှာ ဒီလိုလူမျိုး ပေါ်ခဲ့ဖူးတာကိုး အဲဒီတုန်းက သူက အထက် ၃ နယ်မြေမှာ ကသောင်းကနင်း ဖြစ်အောင် လုပ်ခဲ့တဲ့သူလေ"
"သူ့ကြောင့်လည်း ထျန်းရှန့်ဂိုဏ်းက ကျင့်ကြံသူတွေ နေရာအနှံ့ကို နယ်နှင်ခံလိုက်ရတာ မဟုတ်ရင် ထျန်းရှန့်ဂိုဏ်းရဲ့ အစွမ်းနဲ့ဆိုရင် ရှေးဟောင်းနယ်မြေမှာ သူတို့ရဲ့ အဆင့်အတန်းက ငါတို့ ချန်မျိုးနွယ်စုရဲ့ ဝူရှင်းနယ်မြေက အဆင့်အတန်းထက် နိမ့်မှာ မဟုတ်ဘူး"
"လျှို့ဝှက်မနေပါနဲ့တော့"
"...အဲဒီ ဝမ်ချုံစန်း က တစ်ချိန်တုန်းက ထျန်းရှန့်ဂိုဏ်းချုပ်ရဲ့ တိုက်ရိုက် တပည့်ကြီးပဲ ပြိုင်ဘက်ကင်း ပါရမီရှိသလို၊ ကံတရားကလည်း အင်မတန် ကောင်းတယ် အဆင့် ၃ လွတ်လပ်သောမသေမျိုး ဖြစ်ပြီးနောက်မှာ မသေမျိုးဆေး ကို စားသုံးပြီး ထိုက်ယီမသေမျိုး ဖြစ်လာခဲ့တယ်"
"ထိုက်ယီမသေမျိုး ဆိုတဲ့ လမ်းကြောင်းက ကျုပ်တို့ တွေ့နေကျ လွတ်လပ်သောမသေမျိုး၊ ကိုယ်ခန္ဓာစွန့်မသေမျိုး၊ မြေမသေမျိုး၊ ကောင်းကင်မသေမျိုး၊ တာ့လော်မသေမျိုး တွေထက် အများကြီး ပိုခက်ခဲတယ် ဒါပေမဲ့ သူကတော့ ဆီလျော်တဲ့ မသေမျိုးဆေးကို ရှာတွေ့ခဲ့ပြီး အဆင့် ၅ ကို ဖြတ်ကျော်၊ အဆင့် ၆ ကို တက်လှမ်းနိုင်ခဲ့တယ် ထိုက်ယီလမ်းကြောင်းမှာ နှစ်ပေါင်းများစွာအတွင်း မကြုံစဖူးတဲ့ အောင်မြင်မှု အကြီးကြီးကို ရခဲ့တာပေါ့"