← Chapters

အခန်း (၁၁၇၅-၁၁၇၆)

Vol. 118 Ch. 1175-1176

အခန်း (၁၁၇၅-၁၁၇၆)

Vol. 118 Ch. 1175-1176

အခန်း (၁၁၇၅) ယွီရွှီဂြိုဟ်၊ လုံယင်ကျွန်း

ဒီလူတွေအားလုံးဟာ နယ်မြေအသီးသီးက ဝိညာဉ်သုတ်သင်ရေးဌာန ဌာနမှူးတွေဖြစ်ပြီး၊ ဒီတစ်ခေါက်မှာတော့ ဖူယွမ်ကျူးလိုပဲ ဟွမ်ချင်းကျွဲရဲ့ ညွှန်ကြားချက်အရ လွန်ခဲ့တဲ့နှစ်တွေအတွင်းက တိုက်ပွဲအခြေအနေတွေကို လာရောက်အစီရင်ခံကြတာပါ။

သူတို့တွေ ဖူယွမ်ကျူး၊ ချူကျားတို့နဲ့ စကားပြောဆိုနေတဲ့ ပုံစံကိုကြည့်ရင် နှစ်ဖက်စလုံးဟာ အနည်းဆုံး အကြိမ်အနည်းငယ်လောက် ဆုံဖူးကြပုံရပြီး တော်တော်လေး ရင်းနှီးကြပါတယ်။

"ဟော... ဒီညီလေးက ဘယ်သူလဲ "

အဲဒီထဲက တစ်ယောက်က ဖူယွမ်ကျူးဘေးမှာရှိတဲ့ ဖန့်ချန်ကို သတိထားမိသွားပါတယ်။

အစကတော့ ဖန့်ချန်ကို ဖူယွမ်ကျူး ခေါ်လာတဲ့ မျိုးဆက်သစ်နောက်လိုက်လို့ ထင်နေတာပါ။

ဒါပေမဲ့ မျက်လုံးအစွန်းနဲ့ ခဏလောက် အကဲခတ်ကြည့်ပြီးနောက်မှာတော့ ဖန့်ချန်ရဲ့ ကိုယ်ပေါ်က အသက်ရှူစွမ်းအင်ဟာ ထူးဆန်းနေပြီး မျိုးဆက်သစ်ကျင့်ကြံသူတစ်ယောက်နဲ့ မတူဘူးဆိုတာ ရုတ်တရက် ခံစားလိုက်ရပါတယ်။

"ဒီလူက မိတ်ဆွေဖန့်ပါ အခုတော့ မြေဝက်ဝံဂြိုဟ် ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ ယာယီဌာနမှူးလို့ ပြောလို့ရပါတယ်"

ဖူယွမ်ကျူးက မိတ်ဆက်ပေးလိုက်ပါတယ်။

"မြေဝက်ဝံဂြိုဟ်... ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ ယာယီဌာနမှူး "

လူအနည်းငယ်ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အမူအရာတွေ ထူးဆန်းသွားပါတယ်။

အဲဒီထဲက တစ်ယောက်က

"နေပါဦး မိတ်ဆွေဖူ... မြေဝက်ဝံဂြိုဟ် ဝိညာဉ်သုတ်သင်ရေးဌာနကို ခင်ဗျား တာဝန်ယူထားတာ မဟုတ်ဘူးလား ခင်ဗျား ရာထူးက အထုတ်ခံလိုက်ရတာလား "

"အဲဒီလိုပဲ ပြောရမှာပေါ့ မြေဝက်ဝံဂြိုဟ်ရဲ့ အခြေအနေကို တည်ငြိမ်အောင်လုပ်ဖို့ ကျုပ်မှာ အရည်အချင်းမရှိလို့ အခုတော့ ဖုန်းဟိုင်ဂြိုဟ်ဘက်ကို ဆုတ်ခွာလာပြီး ဌာနမှူးချူကျားရဲ့ လက်အောက်မှာ အလုပ်လုပ်နေပါတယ်"

ဖူယွမ်ကျူးက ပြုံးပြုံးရွှင်ရွှင်ပဲ ပြန်ဖြေပါတယ်။

လူအများက ဖူယွမ်ကျူးက ပေါ့ပေါ့ပါးပါး ပြောနေတယ်လို့ မြင်ရပေမဲ့ အကျိုးအကြောင်းကို သေချာစဉ်းစားကြည့်လိုက်တဲ့အခါမှာတော့ အားလုံးရဲ့ အမူအရာတွေက လေးနက်သွားပါတယ်။

"ခင်ဗျားတောင် ဆုတ်ခွာခဲ့ရတယ်ဆိုတော့ ဒီတစ်ခေါက် ခင်ဗျား အခက်အခဲကြီးကြီးမားမား ကြုံခဲ့ရပုံပဲ ဒါပေမဲ့ ဒီမိတ်ဆွေဖန့်က ခင်ဗျားချန်ထားခဲ့တဲ့ ရှုပ်ထွေးတဲ့အခြေအနေတွေကို ရှင်းနိုင်တယ်ဆိုတော့ မဆိုးဘူးလို့ ပြောရမှာပေါ့"

လူအနည်းငယ်က စိတ်ထဲမှာ တွေးလိုက်ကြတာက ဖန့်ချန်ဟာ ဖူယွမ်ကျူးက မြေဝက်ဝံဂြိုဟ်မှာ ဇာတ်လမ်းအဆုံးသတ်ဖို့ ချန်ထားခဲ့တဲ့သူ ဖြစ်နိုင်တယ်လို့ပါ။

ယာယီဌာနမှူးလို့ ပြောပေမဲ့ တကယ်တော့ အပြစ်တင်ခံ သက်သက်ပါပဲ။

ဘာလို့လဲဆိုတော့ ဖူယွမ်ကျူး ဆုတ်ခွာသွားပြီဆိုရင် ဆုတ်ခွာလို့မရတဲ့ ကျင့်ကြံသူတွေကို ဦးဆောင်ဖို့ လူတစ်ယောက် ချန်ထားခဲ့ရတာကိုး။

ဒါက အပင်ပန်းခံပြီး ကျေးဇူးမတင်ရတဲ့ အလုပ်မျိုးဆိုတာ သေချာပါတယ်။

...

...

ယွီရွှီဂြိုဟ်မှာ အိုင်တစ်ခု ရှိပါတယ်။

အိုင်လို့သာ ဆိုရပေမဲ့ တကယ်တော့ လှိုင်းတံပိုးတွေ မိုင်ပေါင်းသောင်းချီ ကျယ်ပြောပြီး အဆုံးအစ မမြင်ရပါဘူး။

ဒီအိုင်ထဲမှာ နဂါးစစ်စစ်တစ်ကောင် နေထိုင်တယ်လို့ သတင်းကြီးတာကြောင့် ဒီနေရာကို လုံယင်အိုင် လို့လည်း ခေါ်ကြပါတယ်။

သာမန်ကျင့်ကြံသူတွေဟာ ဒီနေရာကို ဖြတ်သွားရင်တောင် အပြင်ဘက် ဝန်းကျင်မှာပဲ သွားလာကြပြီး အတွင်းထဲကို ဝင်ရောက်တာမျိုး အလွန်နည်းပါတယ်။

ဘာလို့လဲဆိုတော့ လုံယင်အိုင်ရဲ့ အလယ်ဗဟိုမှာ ကျွန်းတစ်ကျွန်း ရှိပြီး၊ အဲဒါကို လုံယင်ကျွန်း လို့ ခေါ်ကာ ကျွန်းသခင်ရဲ့ စိတ်နေစိတ်ထားက အလွန်ထူးဆန်းလို့ပါပဲ။

ဂုဏ်သတင်း အဆင့်အတန်း မြင့်မားသူတွေသာ ကျွန်းပေါ် တက်ခွင့်ရှိပြီး၊ အဆင့်အတန်း မမှီဘဲ ခွင့်ပြုချက်မရှိဘဲ ချဉ်းကပ်မိရင် အပေါ့စားဆိုရင် အရိုက်ခံရပြီး အပြင်ကို လွင့်ထွက်သွားတတ်ကာ၊ အပြင်းစားဆိုရင်တော့ အသက်ပါ ပျောက်သွားနိုင်ပါတယ်။

ဒီလို သတင်းတွေကြောင့် သာမန်ကျင့်ကြံသူတွေဟာ အကြောင်းမဲ့ အန္တရာယ်မဖြစ်အောင် ကျွန်းပေါ်ကို အလွယ်တကူ မတက်ရဲကြပါဘူး။

"ဒီလုံယင်ကျွန်းရဲ့ ကျွန်းသခင်ကတော့ လုံယင်အိုင်ထဲက နဂါးစစ်စစ်ပါပဲ ဒါပေမဲ့ ဒီနဂါးကြီးက တော်တော်လေး ပါးနပ်တယ် ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့လည်း ဆက်ဆံရေးကောင်းအောင် နေသလို၊ ကျုပ်တို့ ဝိညာဉ်သုတ်သင်ရေးဌာနနဲ့လည်း ရင်းနှီးအောင် ပေါင်းထားတယ်"

ဖန့်ချန်တို့ ကျွန်းပေါ်တက်လာတဲ့အခါမှာတော့ ထျန်းဟိုင်ဂြိုဟ် ဝိညာဉ်သုတ်သင်ရေးဌာနမှူး ဖန့်ဟုန် က လူတွေကို မိတ်ဆက်ပေးပါတယ်။

ဒီဖန့်ဟုန်ဟာ အဆင့် ၂ လွတ်လပ်သောမသေမျိုး ဖြစ်ပြီး လူအားလုံးက လမ်းမှာ ဆုံကြတာကြောင့် အတူတူ လာခဲ့ကြတာပါ။

သူက ယွီရွှီဂြိုဟ်ကို တစ်ခါမက ရောက်ဖူးပုံရပြီး ဒီနေရာက အကြောင်းအရာတွေကို ဖူယွမ်ကျူးတို့ထက် ပိုသိနားလည်နေပါတယ်။

"ဖားနှစ်ဖက်နင်းတဲ့ ကောင်ပါပဲ"

ဌာနမှူးတစ်ယောက်က နှာခေါင်းရှုံ့ပြီး အဲဒီနဂါးအိုကြီးကို အထင်အမြင်သေးစွာ ပြောလိုက်ပါတယ်။

ဖန့်ဟုန်က ပြုံးလိုက်ပြီး မချေပတော့ပါဘူး။

သူ့အမြင်မှာလည်း အဲဒီနဂါးအိုကြီးကို ဖားနှစ်ဖက်နင်း လို့ ခေါ်တာ အရမ်းကို သင့်တော်ပါတယ်။

"ဒီတစ်ခါ ဟွမ်ချင်းကျွဲက စားသောက်ပွဲကို လုံယင်ကျွန်းမှာ လုပ်တာက ဒီနဂါးအိုကြီးကို သတိပေးချင်တဲ့ သဘောလည်း ပါနိုင်တယ် အချိန်ကျရင်တော့ အခြေအနေကြည့်ပြီး လုပ်ကြတာပေါ့"

ဖန့်ဟုန်က မှာကြားပါတယ်။

အားလုံးက ခေါင်းညိတ်ကြပါတယ်။

ဖန့်ချန်ကတော့ လူတွေနောက်က လိုက်ပါလာရင်း၊ ဒီလုံယင်ကျွန်းအကြောင်းကို သူ မလာခင်ကတည်းက လူလွှတ်ပြီး စုံစမ်းခိုင်းထားပြီးပါပြီ။

ယွီရွှီဂြိုဟ်မှာလည်း ယင်လောက အုပ်ချုပ်ရေးဌာန ၁၃ ခု ရှိနေပြီဖြစ်တာကြောင့် ယင်လောကငယ် ရဲ့ လက်တံတွေက ဒီအထိ ဆန့်တန်းနိုင်နေပါပြီ။

ဒါပေမဲ့ ယွီရွှီဂြိုဟ်ရဲ့ အထက်အောက် အခြေအနေတွေကို အကုန်အစင် သိဖို့ဆိုရင်တော့ အချိန်အနည်းငယ် ထပ်ယူရပါဦးမယ်။

လူ့လောက နေရာအနှံ့အပြားမှာ ယင်ချောင်စီဌာနတွေ ဖွင့်လှစ်လာတာနဲ့အမျှ နေ့ကင်း၊ ညကင်း အနွယ်ဝင်တွေဟာ လူအင်အား အလွန်အမင်း ပြတ်လပ်လာပါတယ်။

မကြာသေးခင်ကမှ ယင်လောကငယ်ထဲက တခြားဌာနတွေက လူတွေကို နေ့ကင်း၊ ညကင်း ဌာနတွေထဲကို ပြောင်းရွှေ့ ဖြည့်တင်းနေရတာပါ။

လုံယင်ကျွန်းက ဒီနဂါးအိုကြီးဟာ တကယ်တော့ နဂါးသွေးပါတဲ့ မိစ္ဆာမျိုးနွယ် သက်သက်ပါပဲ။

သူ့ရဲ့ မူလခန္ဓာကတော့ နဂါးလိပ် တစ်ကောင်ပါ။

နဂါးအိုကြီး လိုပဲ နဂါးအစစ် မဟုတ်ပါဘူး။

အခုအထိ ဖန့်ချန် မြင်ဖူးသမျှ အသက်ရှင်နေတဲ့ နဂါးအစစ် ဆိုလို့ လုံဝူ တစ်ယောက်ပဲ ရှိပါတယ်။

သေဆုံးသွားတဲ့ နဂါးဆိုရင်တော့ ထိုက်ယင်နဂါးမင်းကိုပဲ မြင်ဖူးတာပါ။

ဒါပေမဲ့ နှစ်ပေါင်းများစွာအတွင်းမှာ ဒီနဂါးအိုကြီးဟာ သူ့ကိုယ်သူ နဂါးအစစ် အဖြစ် ဟန်ဆောင်နေခဲ့ပါတယ်။

သူက အဆင့် ၃ လွတ်လပ်သောမသေမျိုး ဖြစ်နေတာကြောင့် လူတွေက မျက်နှာသာပေးပြီး ဘယ်သူမှ နောက်ကွယ်မှာ အမှန်တရားကို မဖော်ထုတ်ကြပါဘူး။

ကြာလာတော့ သူက နဂါးစစ်စစ် ဖြစ်သွားတာပါပဲ။

ဖန့်ချန်ဟာ လူတွေနောက်က လိုက်ပါလာရင်း လုံယင်ကျွန်းရဲ့ အလယ်ဗဟိုမှာရှိတဲ့ ခမ်းနားထည်ဝါတဲ့ စားသောက်ဆိုင်ကြီးတစ်ခုကို ရောက်လာပါတယ်။

ဖန့်ဟုန်က သူ့နာမည်ကို အသိပေးလိုက်တဲ့အခါမှာတော့ လူတစ်ယောက်က သူတို့ကို အခန်းကျယ်တစ်ခုဆီ ခေါ်သွားပါတယ်။

တံခါးကို ဖွင့်လိုက်တာနဲ့ အထဲမှာရှိတဲ့ စူးရှတဲ့ အကြည့်အနည်းငယ်က ဖန့်ချန်တို့ အုပ်စုဆီကို ဝေ့ဝဲ ကျရောက်လာပါတယ်။

"ဖန့်ဟုန်... ဒီတစ်ခါ ချင်းကျွဲသခင်လေးက မင်းကိုလည်း ဖိတ်ထားတာလား "

အဲဒီ စူးရှတဲ့ အကြည့်ပိုင်ရှင်တွေထဲက တစ်ယောက်ကတော့ အသက် ၃၀ ကျော်အရွယ် လူငယ်တစ်ယောက်ပါ။

သူက အစိမ်းရောင် ဝတ်စုံကို ဝတ်ထားပြီး ခန္ဓာကိုယ်ပတ်လည်မှာ မသေမျိုးစွမ်းအင်တွေ ဟာ ပါးပါးလေး လည်ပတ်နေပါတယ်။

အဆင့် ၃ လွတ်လပ်သောမသေမျိုး။

ဖန့်ချန်ရဲ့ မျက်လုံးတွေက လှုပ်ရှားသွားပြီး ဒီလူ့ရဲ့ ရုပ်သွင်ကို မှတ်သားထားလိုက်ပါတယ်။

"ဪ... ဌာနမှူးမော့ ကိုး"

ဖန့်ဟုန်ရဲ့ မျက်နှာမှာ ချက်ချင်း အပြုံးတွေ ပေါ်လာပြီး လက်သီးဆုပ် နှုတ်ဆက်လိုက်တယ်

"ကျုပ်တို့ကတော့ ခြေလှမ်းနောက်ကျသွားပြီတောင်းပန်ပါတယ်ဗျာ"

"ဒီလို ဟန်ဆောင်နေစရာ မလိုပါဘူး ငါတို့က စောရောက်နေတာပါ ဒါပေမဲ့ ချင်းကျွဲသခင်လေး ဖိတ်ထားတဲ့ စားသောက်ပွဲကို မင်းတို့က အချိန်ကပ်မှ ရောက်လာတယ်ဆိုတော့ နည်းနည်းတော့ လေးစားမှု ကင်းမဲ့ရာ ရောက်တာပေါ့"

ဌာနမှူးမော့က ခပ်ဖွဖွ ရယ်မောရင်း

"အရင် ထိုင်ကြဦး မင်းတို့ ရောက်လာပြီဆိုတော့ လာရမယ့် ဌာနမှူးတွေ အကုန်စုံပြီပဲ ချင်းကျွဲသခင်လေးလည်း မကြာခင် ရောက်လာတော့မှာပါ"

ဒီအခန်းကျယ်ကြီးက စားသောက်တဲ့နေရာထက် အစည်းအဝေးလုပ်တဲ့ နေရာနဲ့ ပိုတူပါတယ်။

အခုတော့ ဒီဌာနမှူးမော့အပြင် တခြားလူ ၅၀ ကျော် ထိုင်နေကြပြီး ဆိုင်က အလုပ်သမားတွေက အလယ်မှာ သွားလာရင်း လက်ဖက်ရည် လိုက်ငှဲ့ပေးနေကြပါတယ်။

ဖန့်ချန် ရေတွက်ကြည့်လိုက်တော့ သူတို့အဖွဲ့ အပါအဝင် ဌာနမှူး စုစုပေါင်း ၇၂ ယောက် ရှိပါတယ်။

အဲဒီထဲမှာ အဆင့် ၃ လွတ်လပ်သောမသေမျိုးဆိုလို့ ဒီဌာနမှူးမော့ တစ်ယောက်ပဲ ရှိပါတယ်။

ကျန်တဲ့ အဆင့် ၂ လွတ်လပ်သောမသေမျိုးကတော့ ဖန့်ဟုန်တို့လို လူမျိုး ၁၁ ယောက်လောက် ရှိပြီး၊ ကျန်တာတွေကတော့ အဆင့် ၁ လွတ်လပ်သောမသေမျိုးတွေချည်းပါပဲ။

ဒါဟာ ဟွမ်ချင်းကျွဲ အုပ်ချုပ်တဲ့ နယ်မြေထဲက ဌာနမှူးတွေရဲ့ စုစုပေါင်း အရေအတွက် ဖြစ်နိုင်ပါတယ်။

ချူကျား ပြောခဲ့တဲ့ အဆင့် ၄ ကိုယ်ခန္ဓာစွန့်မသေမျိုး ကတော့ အခုထိ ပေါ်မလာသေးပါဘူး။

"နေပါဦး... မင်းနာမည်က ဖူယွမ်ကျူး မဟုတ်လား မင်းအုပ်ချုပ်တဲ့ မြေဝက်ဝံဂြိုဟ်ကို ဝိညာဉ်နတ်ဘုရားဂိုဏ်းက သိမ်းပိုက်လိုက်လို့ မင်းက မယှဉ်နိုင်ဘဲ လူတွေကို ခေါ်ပြီး ဆုတ်ခွာလာခဲ့တယ်လို့ ငါကြားမိတယ်၊ ဟုတ်သလား "

အားလုံး ထိုင်ပြီးတဲ့အခါမှာတော့ ဌာနမှူးမော့ရဲ့ အကြည့်က ဖူယွမ်ကျူးဆီကို ရုတ်တရက် ကျရောက်သွားပါတယ်။

လူအားလုံး မှင်သက်သွားကြပြီး မျက်လုံးချင်း စကားပြောလိုက်ကြပေမဲ့ ဘယ်သူမှ ဝင်မပြောကြပါဘူး။

ဒီဌာနမှူးမော့ဟာ လူအားလုံးရဲ့ အထက်လူကြီးလို့ ပြောလို့ရပြီး ဟွမ်ချင်းကျွဲ တာဝန်ယူထားတဲ့ နယ်မြေထဲမှာ ဟွမ်ချင်းကျွဲပြီးရင် အဆင့်အတန်း အမြင့်ဆုံး လူဖြစ်ပါတယ်။

"ဌာနမှူးမော့ကို တင်ပြပါတယ် ကျုပ် တကယ်ပဲ လူတွေကို ခေါ်ပြီး မြေဝက်ဝံဂြိုဟ်ကနေ ဆုတ်ခွာခဲ့ပါတယ်"

ဖူယွမ်ကျူးက အေးအေးဆေးဆေးပဲ ပြန်ဖြေပါတယ်။

သူ့မျက်နှာမှာ ဘာခံစားချက်မှ မရှိသလို စိတ်ဆိုးတာ၊ ဝမ်းသာတာမျိုးလည်း မတွေ့ရပါဘူး။

"ဟဲဟဲ... ချင်းကျွဲသခင်လေးက မင်းကို အကာအကွယ် မပေးထားဘူးဆိုရင်၊ မြေဝက်ဝံဂြိုဟ်ကို ဆုံးရှုံးစေခဲ့တဲ့ မင်းရဲ့ အပြစ်က ဒီနေ့ ဒီနေရာမှာ ထိုင်ခွင့်ရဖို့တောင် မတန်ဘူး"

"ခဏနေ ချင်းကျွဲသခင်လေး ရောက်လာရင်တော့ မင်းသေချာ တောင်းပန်ရမယ် ပြီးတော့ ဘာကြောင့် မြေဝက်ဝံဂြိုဟ်ကို လက်လွှတ်ခဲ့ရသလဲဆိုတာကိုလည်း ရှင်းပြရမယ်"

ဌာနမှူးမော့က အေးစက်စက် ပြုံးရင်း

"ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ တိုက်ခိုက်တဲ့အခါ ဉာဏ်ကို သုံးရတယ် အတင်းဝင်တိုက်နေလို့ မရဘူးတကယ်လို့ အခက်အခဲရှိရင်လည်း ထိုင်ပြီး သေချာဆွေးနွေးလို့ ရတာပဲ အခုလို နယ်မြေတစ်ခုလုံး ဆုံးရှုံးအောင်တော့ မလုပ်သင့်ဘူး"

သူက ခဏရပ်လိုက်ပြီး

"မြေဝက်ဝံဂြိုဟ် ဆုံးရှုံးပြီးနောက်မှာ မင်းရဲ့ လက်အောက်က လူတစ်ယောက်က ယာယီဌာနမှူး ရာထူးကို ယူထားတယ်လို့ ငါကြားတယ် အဲဒီလူ ဒီနေ့ ပါလာသလား "

ဖန့်ချန်ရဲ့ မျက်လုံးတွေက လှုပ်ရှားသွားပြီး ဌာနမှူးမော့ကို ကြည့်လိုက်ပါတယ်။

သူ့ရဲ့ မီးခိုးဖြူရောင် မျက်လုံးတွေထဲမှာ ဘာခံစားချက်မှ မရှိဘဲ ရေအိုင်သေတစ်ခုလို ငြိမ်သက်နေပါတယ်။

ဒီလူရဲ့ စကားတွေအရ သူဟာ မြေဝက်ဝံဂြိုဟ်က သတင်းတွေကို တော်တော်များများ သိထားပုံရပါတယ်။

ထူးခြားတာ ဘာမှမရှိရင် ဒီလူဟာ စုန်ကျစ်လီ နဲ့ အဆက်အသွယ် ရှိနေမှာ အသေအချာပါပဲ။

အခန်း (၁၁၇၆) ကိုယ်ခန္ဓာစွန့်မသေမျိုး၊ တန့်ဌာနမှူး

ဖူယွမ်ကျူးက ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြုံးလျက် ဌာနမှူးမော့ကို ဆိုပါတယ်။

"ဒီမိတ်ဆွေဖန့်က အခုတော့ ကျုပ်ကိုယ်စား မြေဝက်ဝံဂြိုဟ် ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ ဌာနမှူးရာထူးကို ယာယီတာဝန်ယူထားတာပါ"

အားလုံးရဲ့ အကြည့်တွေက ဖန့်ချန်ဆီ ကျရောက်လာပါတယ်။

ဖန့်ချန်ရဲ့ အသက်ရှူစွမ်းအင်က တစ်မျိုးထူးခြားနေသလို ခံစားရပေမဲ့ ဘာလဲဆိုတာတော့ တိတိကျကျ မပြောတတ်ကြပါဘူး။

တချို့က ဖန့်ချန်ရဲ့ ကျင့်ကြံမှုကို အကဲခတ်လို့ မရတာကို သတိပြုမိပေမဲ့ သိပ်တော့ ဂရုမစိုက်ကြပါဘူး။

အဆင့် ၁ လွတ်လပ်သောမသေမျိုး အနေနဲ့ အသက်ရှူစွမ်းအင် ဖုံးကွယ်တဲ့ နည်းလမ်းတွေ ရှိတတ်ကြတာ ဓမ္မတာပါပဲ။

"မိတ်ဆွေဖန့်... ကျုပ်ကြားတာတော့ မကြာသေးခင် နှစ်တွေအတွင်း မြေဝက်ဝံဂြိုဟ်ပေါ်မှာ ခင်ဗျားတို့ ဝိညာဉ်သုတ်သင်ရေးဌာနနဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းတို့ အပြင်းအထန် တိုက်ခိုက်နေကြတယ်ဆို "

ဌာနမှူးမော့က ခပ်အေးအေး ပြုံးရင်း မေးပါတယ်။

"မိတ်ဆွေဖန့်... ဒီဌာနမှူးမော့က အျန်ယွဲ့ဂြိုဟ် ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ ဌာနမှူးပဲ ကျုပ်တို့အားလုံးရဲ့ အထက်လူကြီးလို့လည်း ပြောလို့ရတယ် သိသမျှကို ပွင့်ပွင့်လင်းလင်းသာ ပြောပါ"

ဖူယွမ်ကျူးက ပြုံးလျက် ဝင်ပြောပေးပါတယ်။

"ဌာနမှူးမော့ ဝိညာဉ်နတ်ဘုရားဂိုဏ်းဘက်က ဖိအားပေးတာ အရမ်းလွန်လွန်းလို့ ကျုပ်လည်း လက်အောက်က ကျင့်ကြံသူတွေကို ခေါ်ပြီး အစွမ်းကုန် ပြန်လည်ခုခံခဲ့ရတာပါ အပြင်းအထန် တိုက်ခိုက်နေတယ်လို့တော့ မဆိုလိုပါဘူး၊ အခြေအနေကတော့ တစ်ဖက်နဲ့တစ်ဖက် အသာမရဘဲ အကျပ်အတည်း ဆိုက်နေတာပါပဲ"

ဖန့်ချန်က လက်သီးဆုပ် နှုတ်ဆက်ရင်း ဖြေလိုက်ပါတယ်။

"အကျပ်အတည်း ဆိုက်နေတာပေါ့လေ..."

ဌာနမှူးမော့ရဲ့ မျက်လုံးတွေက လက်ခနဲ ဖြစ်သွားပြီး ပြုံးလိုက်ပါတယ်။

သူက ဒီအကြောင်းအရာကို ဆက်မမေးတော့ဘဲ တခြားလူတွေနဲ့ လွန်ခဲ့တဲ့နှစ်တွေအတွင်း ဝိညာဉ်နတ်ဘုရားဂိုဏ်းကို တိုက်ခိုက်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြောဆိုကြပါတယ်။

တစ်ချိန်တည်းမှာပဲ ဌာနမှူးအသီးသီးဟာ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေကို အပြန်အလှန် ဖလှယ်ကြပါတယ်။

"လူကြီးမင်းတို့... ကျုပ် ပြီးခဲ့တဲ့ အချိန်တုန်းက စိတ်ဝင်စားစရာ သတင်းတစ်ခု ကြားခဲ့တယ်ဗျ အစစ်လား အတုလားတော့ မဝေခွဲတတ်ဘူး"

အဆင့် ၂ ဌာနမှူးတစ်ယောက်က ရုတ်တရက် ရယ်မောရင်း ပြောပါတယ်။

ဌာနမှူးမော့က မျက်မှောင်ကြုတ်လိုက်ပြီး

"စကားကို ဝေ့လည်မနေနဲ့၊ မြန်မြန်ပြောစမ်း"

တစ်ဖက်လူက ချက်ချင်းပဲ ဖားချင်တဲ့ အပြုံးမျိုးနဲ့ ခေါင်းညိတ်ပြလိုက်တယ်

"ဒီလိုပါ... ကျုပ်မှာ ကျိုးရှင်းနယ်မြေ ဘက်မှာ သူငယ်ချင်းတစ်ယောက် ရှိတယ် သူပြောတာတော့ လွန်ခဲ့တဲ့ အချိန်တုန်းက ကျိုးရှင်းနယ်မြေရဲ့ တစ်နေရာမှာ ဂါလံမျိုးစေ့နတ်ဆေးပင် တစ်ပင် ပေါ်လာတယ်တဲ့"

"ဘာ "

အခန်းထဲက ဌာနမှူးတွေ အားလုံး ဝုန်းခနဲ ထရပ်ကုန်ကြပါတယ်။

ထိုင်နေဆဲ လူတွေရဲ့ မျက်နှာမှာတောင် အံ့သြတုန်လှုပ်တဲ့ အရိပ်အယောင်တွေ ပေါ်နေပါတယ်။

"ဂါလံမျိုးစေ့နတ်ဆေးပင်ဆိုတာ မဟာလောကမသေမျိုးလမ်းစဉ်ရဲ့ အဆင့် ၄ နတ်ဆေးပင်ပဲ ဒီသတင်းက တကယ်လား အဲဒီဘက်က ကျုပ်တို့ လုပ်ဖော်ကိုင်ဖက်တွေကော လက်ဦးမှု ယူနိုင်ကြရဲ့လား "

ဌာနမှူးမော့ရဲ့ အမူအရာက သိသိသာသာ ပြောင်းလဲသွားပါတယ်။

အဆင့် ၃ လွတ်လပ်သောမသေမျိုး တစ်ယောက်အနေနဲ့ နောက်ထပ်တက်လှမ်းရမယ့် အဆင့် ၄ လမ်းစဉ်အတွက် နတ်ဆေးပင်တွေကို အလွန်အမင်း အာရုံစိုက်နေတာပါ။

"အဲဒီတုန်းက ဝိညာဉ်နတ်ဘုရားဂိုဏ်း၊ ဝိညာဉ်သုတ်သင်ရေးဌာနနဲ့ တခြားအင်အားစုတွေ အားလုံး သတင်းရကြတယ် ထင်တာပဲ ဒါပေမဲ့... ကျုပ် သတင်းရတဲ့အချိန်မှာ နောက်ကျသွားသလို သူတို့လည်း နောက်ကျသွားကြတယ်"

အဆင့် ၂ ဌာနမှူးက သက်ပြင်းချရင်း ဆိုပါတယ်

"အဲဒီနတ်ဆေးပင်ကို တစ်ယောက်ယောက်က လုသွားပြီး မျိုချလိုက်ပြီတဲ့"

"ဒါဆိုရင်တော့ ဘာမှ အဓိပ္ပာယ်မရှိတော့ဘူးပေါ့"

လူတိုင်း စိတ်ပျက်သွားကြပြီး မျက်လုံးတွေထဲမှာတော့ အားကျစိတ်နဲ့ မနာလိုစိတ်တွေ ရောယှက်နေပါတယ်။

"ဒီဂါလံမျိုးစေ့နတ်ဆေးပင်ကို စားခွင့်ရတဲ့လူက ဘယ်သူများပါလိမ့်၊ တကယ် ကံကောင်းတာပဲ"

ဌာနမှူးမော့က ရေရွတ်ပါတယ်။

"ဌာနမှူးမော့... လူကြီးမင်း ဒီမှာ စုဆောင်းထားတဲ့ ကုသိုလ်တွေနဲ့ဆိုရင် နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာ အဆင့် ၄ လမ်းစဉ်အတွက် နတ်ဆေးပင်ကို လဲလှယ်လို့ ရတော့မှာ မဟုတ်လား"

"လူကြီးမင်း အဆင့် ၄ တက်သွားရင်တော့ ဒီနေရာမှာ တာဝန်ထမ်းဆောင်မှာ မဟုတ်တော့ဘူး ကျုပ်တို့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကိုတော့ မေ့မသွားပါနဲ့ဦး"

အဆင့် ၁ ဌာနမှူးတစ်ယောက်က ဖားလိုက်ပါတယ်။

ဌာနမှူးမော့က ပြုံးရင်း ခေါင်းခါလိုက်တယ်

"ဝေးပါသေးတယ် နတ်ဆေးပင်ဆိုတာ ဘယ်လောက် အဖိုးတန်သလဲ ကုသိုလ်ကြီးကြီးမားမား မရှိဘဲနဲ့ ငါ့ဆီ ရောက်လာပါ့မလား ဝိညာဉ်သုတ်သင်ရေးဌာနက တခြား လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကုသိုလ်က ငါ့ထက် အများကြီး သာတဲ့သူတွေ ပုံလို့ ငါ့အလှည့် ရောက်ဖို့ဆိုတာ ခက်ဦးမှာပါ "

သူက ခဏရပ်ပြီး

"ကျိုးရှင်းနယ်မြေက အဲဒီ ကံကောင်းတဲ့ မိတ်ဆွေကကော အခု အဆင်ပြေရဲ့လား သူက ဒီအတိုင်းကြီး စားပစ်လိုက်တယ်ဆိုတော့... တစ်ချို့လူတွေကတော့ သဘောကျမှာ မဟုတ်ဘူး"

"ကျုပ်သူငယ်ချင်း ပြောတာကတော့ အဲဒီလူရဲ့ အစွမ်းက တော်တော် ထူးဆန်းတယ်တဲ့ နတ်ဆေးပင်ကို စားပြီးတာနဲ့ အစအနမကျန် ပျောက်သွားတာ၊ အဆင့် ၄ လွတ်လပ်သောမသေမျိုး ကိုယ်တိုင် ထွက်ရှာတာတောင် သူ့အရိပ်အယောင်ကို ရှာမတွေ့ဘူးတဲ့"

"ဒီလိုတောင်လား အဆင့် ၄ တောင် ရှာမတွေ့ဘူးဆိုတော့ "

"ဒါဆိုရင်တော့ သူက အဆင့် ၄ တက်လှမ်းနိုင်ဖို့ အခွင့်အလမ်း အများကြီး ရှိသွားပြီ လူ့လောက ကိုးနယ်မြေမှာ မဟာလောကမသေမျိုး တစ်ပါး ထပ်တိုးလာတော့မှာပဲ"

"မဟာလောကမသေမျိုးတွေက ဆေးဖော်စပ်တဲ့နေရာမှာ အတော်ဆုံးပဲ တကယ်လို့ အဲဒီလူက ဝိညာဉ်သုတ်သင်ရေးဌာနက မဟုတ်ဘူးဆိုရင် သူ့ကို စည်းရုံးကြည့်တာ ကောင်းမယ် ဒါဆို ကျုပ်တို့ ဝိညာဉ်သုတ်သင်ရေးဌာနမှာ ဆေးဆရာ တစ်ပါး ထပ်တိုးလာမှာ"

ဌာနမှူးမော့က ပြုံးလိုက်ပြီး

"ဒါတွေက ကျုပ်တို့ ပူနေရမယ့် ကိစ္စတွေ မဟုတ်ပါဘူး အထက်က လူကြီးတွေက တကယ် စည်းရုံးချင်တယ်ဆိုရင် လူလွှတ်ပြီး ဆက်သွယ်ကြမှာပါ"

ဖန့်ချန်ဟာ ဒီသတင်းက ဒီလောက်အထိ မြန်မြန် ဆန့်ထွက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။

စဉ်းစားကြည့်ရင်တော့ ဒီဝိညာဉ်သုတ်သင်ရေး ဌာနမှူးတွေဟာ ဖူထူလောက မှာ ခြေကုပ်စခန်းတွေ ရှိနေကြပုံရပါတယ်။

သတင်းက ဖူထူလောကထဲမှာ အရင် ပျံ့နှံ့သွားပြီးမှ သိုင်းဝိညာဉ်နယ်မြေအထိပါ လူသိရှင်ကြား ဖြစ်သွားတာ အသေအချာပါပဲ။

"ဘာတွေ ပြောနေကြတာလဲ၊ ဒီလောက်တောင် ပျော်နေကြတာ "

တံခါးမကြီး ရုတ်တရက် ပွင့်သွားပြီး နုပျိုတဲ့ လူငယ်လေးတစ်ယောက် ဝင်လာပါတယ်။

သူ့ဘေးမှာတော့ အသားအရည်က သေလူလို ဖြူဖျော့နေပြီး ခန္ဓာကိုယ်ပတ်လည်မှာ အေးစက်တဲ့ မသေမျိုးစွမ်းအင်တွေ ရစ်ပတ်နေတဲ့ အဖိုးအိုတစ်ယောက် ပါလာပါတယ်။

လူတိုင်း ချက်ချင်း ထရပ်ပြီး အရိုအသေ ပေးလိုက်ကြတယ်

"ကျုပ်တို့ ချင်းကျွဲသခင်လေးနဲ့ တန့်ဌာနမှူး ကို ဂါရဝပြုပါတယ်"

ဖန့်ချန်လည်း အရိုအသေ ပေးလိုက်ပါတယ်။

သူ့ရဲ့ အကြည့်က လူငယ်လေးဆီကို ခဏလောက် ဝေ့ဝဲသွားပြီးနောက်မှာတော့ အသားဖြူဖျော့ပြီး လူစစ်စစ်နဲ့ မတူတဲ့ အဖိုးအိုဆီမှာ ရပ်တန့်သွားပါတယ်။

အဆင့် ၄ အသက်ရှူစွမ်းအင်။

ထူးခြားတာ ဘာမှမရှိရင် ဒီလူဟာ ချူကျားပြောခဲ့တဲ့ ယွီရွှီဂြိုဟ် ဝိညာဉ်သုတ်သင်ရေးဌာနမှူး၊ အဆင့် ၄ ကိုယ်ခန္ဓာစွန့်မသေမျိုး တစ်ပါး ဖြစ်ရပါမယ်။

ကိုယ်ခန္ဓာစွန့်မသေမျိုး ဆိုတဲ့ လမ်းစဉ်ဟာ အခု အများသိထားသလောက် အမြင့်ဆုံး အဆင့် ၅ အထိပဲ ရှိပါသေးတယ်။

ပြီးတော့... ကိုယ်ခန္ဓာစွန့်မသေမျိုးတွေ သုံးတဲ့ နတ်ဆေးပင်တွေဟာ ယင်လောက နဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေတယ်လို့ ကြားဖူးပါတယ်။

အခု ဒီလူကို ကိုယ်တိုင် မြင်လိုက်ရတဲ့အခါမှာတော့ သူ့ဆီကနေ နတ်ဘုရားဝိညာဉ်တွေနဲ့ ဆင်တူတဲ့ အသက်ရှူစွမ်းအင်တွေကို ခံစားမိတာကြောင့် အဲဒီကောလာဟလဟာ တကယ် ဖြစ်နိုင်တယ်လို့ ဖန့်ချန် တွေးလိုက်မိပါတယ်။

"ချင်းကျွဲသခင်လေးခင်ဗျာ... ကျုပ်တို့ ခုနက ကျိုးရှင်း နယ်မြေမှာ ဂါလံမျိုးစေ့နတ်ဆေးပင် ပေါ်လာတဲ့အကြောင်း ပြောနေကြတာပါ"

ဌာနမှူးမော့က ပြုံးလျက် ဆိုပါတယ်။

ဟွမ်ချင်းကျွဲဟာ အဓိကနေရာမှာ ထိုင်လိုက်ပြီး လူအားလုံးကို တစ်ချက် ကြည့်လိုက်ပါတယ်။

ဖန့်ချန်ဆီမှာ အကြည့်က စက္ကန့်အနည်းငယ် ကြာအောင် ရပ်တန့်သွားပြီးမှ ဌာနမှူးမော့ကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်

"မင်းတို့ သတင်းတွေက တော်တော် မြန်တာပဲ ငါတို့ ဟွမ်မျိုးနွယ်စုလည်း ဒီသတင်း ရထားတယ် ကြားတာတော့ သိုင်းဝိညာဉ်နယ်မြေက ကျန်းမျိုးနွယ်စုနဲ့ လီမျိုးနွယ်စုတွေက အဲဒီလူကို ရှာဖို့ လူလွှတ်ထားပြီတဲ့၊ သူ့ကို ဝိညာဉ်သုတ်သင်ရေးဌာနထဲ ဆွဲသွင်းဖို့ ကြံနေကြတာ"

ဌာနမှူးတွေ အားလုံး ခေါင်းညိတ်ကြပါတယ်။

ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ အထက်ပိုင်းကတော့ စတင် လှုပ်ရှားနေပါပြီ။

သူတို့ သတင်းရတဲ့ အချိန်မှာတော့ အဲဒီ ကံကောင်းတဲ့လူကို ရှာတွေ့နေလောက်ပါပြီ။

ဒါမှမဟုတ် ဝိညာဉ်သုတ်သင်ရေးဌာနက ရှာတွေ့ရင် ရှာတွေ့၊ မဟုတ်ရင် တခြားအင်အားစုတွေက ရှာတွေ့သွားမှာပါ။

အဆင့် ၄ နဲ့ အဆင့် ၄ အထက် ပညာရှင်တွေဟာ လူ့လောက ကိုးနယ်မြေမှာ အဆင့်အတန်း အလွန် မြင့်မားလှပြီး အဆင့် ၃ တွေနဲ့ ယှဉ်လို့မရပါဘူး။

အဆင့် ၃ လွတ်လပ်သောမသေမျိုးကို ပျိုးထောင်ဖို့ နည်းလမ်းမျိုးစုံ ရှိပေမဲ့၊ အဆင့် ၄ တက်လှမ်းဖို့ကတော့ နတ်ဆေးပင်ကို မျိုချမှသာ ဖြစ်နိုင်တာပါ။

ဒါကြောင့် အဆင့် ၄ ပညာရှင်တိုင်းဟာ အလွန်အဖိုးတန်ပြီး အင်အားစု အသီးသီးက ဘာပေးရပေးရ စည်းရုံးကြတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဌာနမှူး အသီးသီးရဲ့ အစီရင်ခံတဲ့ အစည်းအဝေးကို စတင်ပါတယ်။

ဟွမ်ချင်းကျွဲက နားထောင်ရင်း ခေါင်းညိတ်နေပါတယ်။

နာရီအနည်းငယ် ကြာပြီးနောက်မှာတော့ အပြင်ဘက်ကနေ ရွှင်ပျတဲ့ ရယ်သံတစ်ခု ကြားလိုက်ရတယ်

"လူကြီးမင်းနှစ်ပါး... အထဲကို ကြွပါ၊ ကြွပါ ချင်းကျွဲသခင်လေးက ဒီမှာ စောင့်နေတာ ကြာပါပြီ"

တံခါးကြီး ပွင့်သွားပြီး ခါးကုန်းနေတဲ့ အဖိုးအိုတစ်ယောက်က လူရိပ်နှစ်ခုကို အခန်းထဲ ခေါ်လာပါတယ်။

ဖန့်ချန် ကြည့်လိုက်တဲ့အခါမှာတော့ ခါးကုန်းနေတဲ့ အဖိုးအိုက လုံယင်ကျွန်းသခင် ဖြစ်တဲ့ နဂါးအိုကြီး ဖြစ်ပြီး၊ အနောက်က လူနှစ်ယောက်ကတော့...

တစ်ယောက်က သောင်းတာအိုမျှော်စင် က စုန်ကျစ်လီ ဖြစ်ပြီး၊ ကျန်တဲ့တစ်ယောက်ကိုတော့ သူ မမြင်ဖူးပါဘူး။

ဒါပေမဲ့ အဲဒီလူဟာ ခံ့ညားထည်ဝါပြီး သာမန် လွတ်လပ်သောမသေမျိုးတွေမှာ မရှိတဲ့ တင့်တယ်တဲ့ အရှိန်အဝါမျိုး ရှိနေပါတယ်။

စုန်ကျစ်လီဟာ အထဲကို ဝင်လာပြီးနောက် ပထမဆုံး ဖန့်ချန်ကို တွေ့သွားပါတယ်။

သူ့မျက်နှာမှာ ခပ်ပါးပါး အပြုံးတစ်ခု ပေါ်လာပြီးနောက် နဂါးအိုကြီးရဲ့ နောက်ကနေ ဟွမ်ချင်းကျွဲ ရှေ့ကို သွားလိုက်ပါတယ်။

ဌာနမှူးတွေ အားလုံးလည်း လာတဲ့လူတွေကို အကဲခတ်နေကြပါတယ်။

တချို့က စုန်ကျစ်လီကို မြင်တာနဲ့ မျက်နှာပျက်သွားကြပြီး သူဟာ ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူ ဖြစ်မှန်း သိသာလှပါတယ်။

All Chapters