အခန်း (၁၁၇၇-၁၁၇၈)
Vol. 118 Ch. 1177-1178
အခန်း (၁၁၇၇) လမ်းစပျောက်ခြင်း
"ချင်းကျွဲသခင်လေး..."
စုန်ကျစ်လီက အလွန်ယဉ်ကျေးပျူငှာစွာ လက်သီးဆုပ် နှုတ်ဆက်လိုက်ပါတယ်။
ဟွမ်ချင်းကျွဲက သူ့ကို တစ်ချက်သာ ဝေ့ကြည့်လိုက်ပြီး၊ အကြည့်တွေက စုန်ကျစ်လီဘေးမှာရှိတဲ့ ခန့်ညားထည်ဝါတဲ့ လူငယ်လေးဆီမှာပဲ ရပ်တန့်နေပါတယ်။
"ချင်းကျွဲအစ်ကို... မတွေ့တာ နှစ်အနည်းငယ်ရှိပြီပဲ၊ ကျန်းကျန်းမာမာရှိရဲ့လား"
လူငယ်လေးက ပြုံးလျက် မေးပါတယ်။
သူ့ရဲ့အပြုံးက အတော်လေး နှိမ့်ချမှုရှိပြီး အကြည့်တွေကလည်း နွေးထွေးပါတယ်။
ဒါပေမဲ့ အခန်းထဲကလူတွေ ခံစားမိတာကတော့ ဒီလူ့ရဲ့ရင်ထဲမှာ ဖော်ပြလို့မရတဲ့ မာနတစ်ခု ကိန်းအောင်းနေသလိုပါပဲ။
အဲဒီမာနက သေချာအကဲခတ်မှသာ ရိပ်မိနိုင်တာဖြစ်ပြီး၊ သူ့ရဲ့နှိမ့်ချတဲ့အပြုံးကို ပြန်ကြည့်ရင်တော့ အဲဒီမာနက ကိုယ့်ရဲ့ထင်ယောင်ထင်မှားများလားလို့တောင် ထင်မှတ်ရပါတယ်။
"ကျိထျန်းတု... ငါက ဒီတစ်ခေါက် မသေမျိုးလောကငယ် ရဲ့ မျက်နှာကို ထောက်ထားလို့ပဲ"
ဟွမ်ချင်းကျွဲက အေးစက်စက် ဆိုပါတယ်။
သူ့ရဲ့ အမူအရာက ကျိထျန်းတုနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး စကားပြောသံကလည်း တင်းမာလှပါတယ်။
ကျိထျန်းတုရဲ့ မျက်လုံးထဲမှာ ရိပ်မိရခက်တဲ့ ဒေါသအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပေမဲ့ မျက်နှာမှာတော့ အပြုံးမပျက် ခေါင်းညိတ်ပြလိုက်တယ်
"ငါနားလည်ပါတယ် ဒီတစ်ခေါက် ကျုပ်တို့ မသေမျိုးလောကငယ်က မင်းကို အကြွေးတစ်ခု တင်သွားပြီလို့ မှတ်လိုက်ပါမယ်"
ဟွမ်ချင်းကျွဲက အကြွေး ဆိုတဲ့ စကားလုံးကို ကြားလိုက်ရမှ မျက်နှာမှာ အပြုံးအရိပ်အယောင်လေး ပေါ်လာပြီး ခေါင်းညိတ်ပြပါတယ်။
အဲဒီနောက် လူအားလုံးကို ဝေ့ကြည့်လိုက်ပြီး စုန်ကျစ်လီကို လက်ညှိုးညွှန်ကာ
"ဒီလူရဲ့ နောက်ကြောင်းကို မင်းတို့ သိကြလား "
အားလုံးက ကျိထျန်းတုဟာ မသေမျိုးလောကငယ်က လာတာကို သိလိုက်ရလို့ အံ့သြနေကြပြီး သူ ဘာကြောင့် ဒီကို ရောက်လာသလဲဆိုတာ ခန့်မှန်းနေကြတုန်း၊ ဟွမ်ချင်းကျွဲက စုန်ကျစ်လီကို ညွှန်ပြလိုက်တာကြောင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။
စုန်ကျစ်လီရဲ့ နောက်ကြောင်းကို သိတဲ့ ဌာနမှူးအချို့က ခဏလောက် တွေဝေနေပြီးမှ တစ်ယောက်က ထရပ်ပြီး
"ချင်းကျွဲသခင်လေး... ဒီလူက ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူ စုန်ကျစ်လီ ဖြစ်ပါတယ်"
"လူကြီးမင်းတို့အားလုံးကို နှုတ်ဆက်ပါတယ်"
စုန်ကျစ်လီက ယဉ်ကျေးစွာ ပြုံးပြပါတယ်။
"ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူ ဟုတ်လား"
ဌာနမှူး အတော်များများရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး အေးစက်တဲ့ အလင်းတန်းတွေ ထွက်ပေါ်လာပါတယ်။
သူတို့ကိုယ်ပေါ်က မသေမျိုးစွမ်းအင်တွေဟာ စတင်လှုပ်ရှားလာပြီး အခန်းထဲက လေထုကလည်း ရေခဲမှတ်အထိ အေးစက်သွားပါတယ်။
"မင်းတို့ ဘာလုပ်ကြတာလဲ ချင်းကျွဲသခင်လေးက ဒီနေ့ ဒီနေရာမှာ ဝိညာဉ်နတ်ဘုရားဂိုဏ်းကလူကို လက်ခံတွေ့ဆုံတယ်ဆိုတာ သူ့မှာ အစီအစဉ်ရှိလို့ပဲ မင်းတို့ လက်လွတ်စပယ် လုပ်လို့မရဘူး"
ဌာနမှူးမော့က တိုက်ခိုက်ဖို့ ပြင်နေတဲ့ ဌာနမှူးတွေကို ကြည့်ပြီး အသံကျယ်ကျယ်နဲ့ ဟန့်တားလိုက်ပါတယ်။
ဒီဌာနမှူးတွေကလည်း အကျိုးအကြောင်းကို မသိတာမဟုတ်ပါဘူး။
တကယ်တိုက်ချင်ရင် ခုနကတည်းက တိုက်မှာပေါ့၊ အခုထိ စောင့်နေပါ့မလား။
ပိုပြီးအရေးကြီးတာက ဒီစုန်ကျစ်လီဟာ အဆင့် ၃ လွတ်လပ်သောမသေမျိုး ဖြစ်တာကြောင့် ဒီကလူတွေထဲမှာ ဌာနမှူးမော့နဲ့ တန့်ဌာနမှူး နှစ်ယောက်ကလွဲရင် ကျန်တဲ့သူတွေက သူ့ပြိုင်ဘက် မဟုတ်ကြပါဘူး။
"မသေမျိုးလောကငယ်က ငါ့ကို မျက်နှာသာပေးဖို့ တောင်းဆိုလာလို့၊ တစ်စုံတစ်ခုသော ကိစ္စမှာ စုန်ကျစ်လီကို အခွင့်အရေး ပေးလိုက်တာပါ"
ဟွမ်ချင်းကျွဲက အေးအေးဆေးဆေး ပြောပါတယ်
"ငါ သူတို့ကို သီးသန့်တွေ့လို့ ရပေမဲ့၊ သတင်းပျံ့သွားရင် ငါ့ဟွမ်မျိုးနွယ်စုကို နောက်ကွယ်မှာ အတင်းပြောကြမှာ စိုးလို့ ဒီနေ့ မင်းတို့ရှေ့မှာပဲ တွေ့တာ ဒါက ငါ ဟွမ်ချင်းကျွဲဟာ ပွင့်လင်းမြင်သာမှုရှိတယ်ဆိုတာ ပြတာပဲ"
စုန်ကျစ်လီက ပြုံးရွှင်လျက် နားထောင်ရင်း ခေါင်းညိတ်နေပါတယ်။
တစ်ချိန်တည်းမှာပဲ ဖန့်ချန်ဘက်ကို လှည့်ကြည့်လိုက်ရာ ဖန့်ချန်ကလည်း သူ့ကို ကြည့်နေတာ မြင်တော့ သူ့အပြုံးက ပိုကျယ်သွားပါတယ်။
"မြေဝက်ဝံဂြိုဟ်က ဌာနမှူး ဒီနေ့ ရောက်နေလား"
ဟွမ်ချင်းကျွဲက မေးပါတယ်။
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တချို့က ဖူယွမ်ကျူးကို လှမ်းကြည့်ကြပေမဲ့၊ ဖူယွမ်ကျူးက မြေဝက်ဝံဂြိုဟ်ကနေ ဆုတ်ခွာခဲ့ပြီဆိုတာကို သတိရသွားကြပါတယ်။
အခု မြေဝက်ဝံဂြိုဟ်ရဲ့ ယာယီဌာနမှူးက မျက်နှာသစ် လူငယ်လေးပဲ ဖြစ်ရပါမယ်။
သူတို့ရဲ့ အကြည့်တွေက ဖန့်ချန်ဆီ စုပြုံကျရောက်သွားပါတယ်။ ဒီကိစ္စက ဒီမျိုးဆက်သစ်လူငယ်လေးနဲ့ ဘာပတ်သက်နေတာလဲ
"မြေဝက်ဝံဂြိုဟ် ယာယီဌာနမှူး၊ ချင်းကျွဲသခင်လေးကို ဂါရဝပြုပါတယ်"
ဖန့်ချန်က လက်သီးဆုပ် နှုတ်ဆက်လိုက်ပါတယ်။
"စုန်ကျစ်လီက မြေဝက်ဝံဂြိုဟ်မှာ ကိုယ်ရေးကိုယ်တာကိစ္စ အချို့ ရှိနေတယ် ဒီကိစ္စက မသေမျိုးလောကငယ်နဲ့လည်း ပတ်သက်နေတယ် သူတို့က မင်းကို အညှိုးအတေး မထားဘဲ တစ်နှစ်လောက် အချိန်ပေးဖို့၊ အဲဒီတစ်နှစ်အတွင်း သူတို့ကို ရန်မမူဖို့ တောင်းဆိုလာတယ်"
ဟွမ်ချင်းကျွဲက အေးအေးဆေးဆေး ဆက်ပြောပါတယ်
"တစ်နှစ်ကြာပြီးရင်တော့ အလဲအလှယ်အနေနဲ့ စုန်ကျစ်လီက နောက်ထပ် နှစ်တစ်ရာအတွင်း မြေဝက်ဝံဂြိုဟ်ပေါ်က ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကို ငါးဆယ်ရာခိုင်နှုန်း လျှော့ချပေးမယ်လို့ ကတိပေးထားတယ်"
ဌာနမှူးတွေ အားလုံး မှင်သက်သွားကြပါတယ်။
ဒီလို အလဲအလှယ်မျိုး ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး။
ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင်တော့ တော်တော်လေး တွက်ခြေကိုက်ပါတယ်။
နှစ်တစ်ရာအတွင်း ရန်သူ့လှုပ်ရှားမှု ၅၀ ရာခိုင်နှုန်း လျှော့ချနိုင်မယ်ဆိုရင် လူပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်မှာ မဟုတ်လား။
ဖန့်ချန်ကတော့ ဟွမ်ချင်းကျွဲဟာ အကျိုးအမြတ် အများကြီး ယူထားတယ်လို့ ထင်ခဲ့တာပါ။
အခုတော့ မသေမျိုးလောကငယ်ဆီက အကြွေးတစ်ခုအပြင်၊ အကြီးမားဆုံး အကျိုးကျေးဇူးက မြေဝက်ဝံဂြိုဟ်နဲ့ ဖန်တီးရှင်ဂြိုဟ် ဆီ ကျရောက်လာတာလား
"နေပါဦး..."
တစ်ယောက်ယောက်က တစ်ခုခု မှားနေသလို ခံစားလိုက်ရပြီး အံ့သြတကြီးနဲ့ ဖန့်ချန်ကို လှမ်းကြည့်လိုက်ပါတယ်။
စုန်ကျစ်လီက အဆင့် ၃ လွတ်လပ်သောမသေမျိုးပါ။
ဖူယွမ်ကျူးတောင် သူ့ကို မယှဉ်နိုင်လို့ မြေဝက်ဝံဂြိုဟ်ကနေ ဆုတ်ခွာခဲ့ရတာ။
အခုတော့... တစ်ဖက်လူက မသေမျိုးလောကငယ်နဲ့ ဟွမ်ချင်းကျွဲကို ကြားခံထားပြီး မြေဝက်ဝံဂြိုဟ်က ယာယီဌာနမှူးလေးဆီကနေ တစ်နှစ်အချိန် တောင်းပန်နေရတယ် ဟုတ်လား။
ဘယ်အချိန်ကစပြီး မြေဝက်ဝံဂြိုဟ်ရဲ့ အခြေအနေက ဝိညာဉ်နတ်ဘုရားဂိုဏ်းအတွက် ဒီလောက်အထိ အရေးနိမ့်သွားရတာလဲ
ချူကျားက အံ့အားသင့်စွာနဲ့ ဖန့်ချန်ကို ကြည့်နေပါတယ်။ ဖူယွမ်ကျူးကလည်း ဖန့်ချန်ကို ကြည့်နေပါတယ်။
ဟွမ်ချင်းကျွဲ၊ စုန်ကျစ်လီနဲ့ ကျိထျန်းတုတို့ အားလုံးရဲ့ အကြည့်ကလည်း ဖန့်ချန်ဆီမှာပါပဲ။
ကျိထျန်းတုရဲ့ အပြုံးက နွေးထွေးနေပြီး ဖန့်ချန်ကို စူးစမ်းလိုတဲ့ အကြည့်နဲ့ ကြည့်နေကာ ရန်လိုမှု လုံးဝမရှိပါဘူး။
ဖန့်ချန်က စဉ်းစားနေပုံရပြီး စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပြီး လက်သီးဆုပ်ကာ
"ချင်းကျွဲသခင်လေးရဲ့ အလိုအတိုင်းပါပဲ သခင်လေးက စုန်ကျစ်လီကို တစ်နှစ်အချိန်ပေးဖို့ ပြောမှတော့၊ ကျုပ်လည်း သူ့ကို တစ်နှစ်အချိန် ပေးပါ့မယ်"
ဟွမ်ချင်းကျွဲ ခဏလောက် ကြောင်သွားပါတယ်။
ဖန့်ချန်က ဒီလောက်အထိ လွယ်လွယ်ကူကူ သဘောတူလိမ့်မယ်လို့ မထင်ထားပုံပါပဲ။
သူ့မျက်နှာမှာ ကျိထျန်းတုကို ဆက်ဆံတုန်းကထက် ပိုပြီး တောက်ပတဲ့ အပြုံးမျိုး ပေါ်လာပါတယ်။
စုန်ကျစ်လီရဲ့ မျက်မှောင်ကတော့ အနည်းငယ် ကြုတ်သွားပါတယ်။
သူ့အထင်မှာတော့ တစ်ဖက်လူက ဒီလောက် ပြတ်ပြတ်သားသား သဘောတူမှာ မဟုတ်ဘဲ ငြင်းဆန်လိမ့်မယ်၊ အဲဒီအခါမှ ဟွမ်ချင်းကျွဲရဲ့ ငြိုငြင်မှုကို ခံရပြီး ဖိနှိပ်ခံရမယ်လို့ တွက်ထားတာပါ။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူတို့ ဒီနေ့ လာရတဲ့ ရည်ရွယ်ချက်ကတော့ အောင်မြင်သွားတာပါပဲ။
'ကိုယ့်အသက်ကို တော်တော် နှမြောတာပဲ ဘေးအန္တရာယ်ကို ရှောင်ရှားတတ်သားပဲ မင်းကို ငါ အထင်သေးမိသွားတယ်'
စုန်ကျစ်လီရဲ့ မျက်လုံးထဲမှာ အထင်အမြင်သေးတဲ့ အရိပ်အယောင်လေး တစ်ခု ပေါ်လာပါတယ်။
ကျိထျန်းတုရဲ့ အပြုံးက ပိုပြီး နွေးထွေးလာပြီး ဟွမ်ချင်းကျွဲကို ခေါင်းညိတ်ပြလိုက်ကာ ကျေးဇူးတင်ကြောင်းကို မျက်လုံးထဲမှာ အထင်အရှား ဖော်ပြနေပါတယ်။
"လူကြီးမင်းတို့... မင်းတို့လည်း ဒီနေ့ ဖန့်ဌာနမှူးနဲ့ ပထမဆုံး ဆုံဖူးကြတာ မဟုတ်လား တကယ်တော့ စုန်ကျစ်လီက ကျိထျန်းတုကတစ်ဆင့် ငါ့ကို လာမတွေ့ခင်အထိ ငါ့လက်အောက်မှာ ဒီလောက် တော်တဲ့လူ ရှိနေမှန်း ငါကိုယ်တိုင်လည်း မသိခဲ့ဘူး"
ဟွမ်ချင်းကျွဲက ရယ်မောရင်း ဆက်ပြောပါတယ်
"ဖန့်ဌာနမှူးက မြေဝက်ဝံဂြိုဟ်မှာ အဆင့် ၂ ဓားကျင့်ကြံသူကို ဓားနဲ့ ပိုင်းသတ်ခဲ့သလို၊ အဆင့် ၃ ဓားကျင့်ကြံသူကိုလည်း ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ် သူ တစ်ယောက်တည်းနဲ့ မြေဝက်ဝံဂြိုဟ်ကို ဆယ်စုနှစ်တစ်ခုကျော် စောင့်ရှောက်ရင်း ဝိညာဉ်နတ်ဘုရားဂိုဏ်းကို တပ်ဆုတ်သွားအောင် လုပ်နိုင်ခဲ့တာ"
"စုန်ကျစ်လီလို အဆင့် ၃ ကျင့်ကြံသူတောင် သူ့ရဲ့ ဓားဒဏ်ကို မရင်ဆိုင်ရဲလို့ ကျိထျန်းတုကို အကူအညီတောင်းပြီး ငါ့ဆီမှာ လာတောင်းပန်ရတာ မဟုတ်လား"
"ဖန့်ဌာနမှူးက နောင်တစ်ချိန်မှာ အနာဂတ် အလားအလာ အရမ်းကောင်းတဲ့လူပဲ၊ မြေဝက်ဝံဂြိုဟ်မှာပဲ အမြဲရှိနေမှာ မဟုတ်ဘူး မင်းတို့လည်း ဒီအခွင့်အရေးမှာ ဖန့်ဌာနမှူးနဲ့ သေချာ ရင်းနှီးအောင် လုပ်ထားကြဦး"
ဒီစကားတွေကို ကြားလိုက်ရတဲ့အခါမှာတော့ အားလုံးရဲ့ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုတွေ ပေါ်လာပြီး ဖန့်ချန်ကို မယုံနိုင်သလို ကြည့်လိုက်ကြပါတယ်။
သူတို့မျက်လုံးထဲမှာ မျိုးဆက်သစ်လို့ ထင်ထားတဲ့ လူငယ်လေးက ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ အစွမ်းတွေ ရှိနေတာလား သူက... အဆင့် ၃ လွတ်လပ်သောမသေမျိုးလား
ချူကျားက ဖူယွမ်ကျူးကို ခိုးကြည့်ပြီး မျက်စောင်းထိုးလိုက်ပါတယ်။
ဖူယွမ်ကျူးက သူမကို တစ်ခုခု ဖုံးကွယ်ထားပြန်ပြီလို့ ထင်နေတာပါ။
အဆင့် ၃ ဓားကျင့်ကြံသူကို ဒဏ်ရာရအောင် လုပ်နိုင်တယ်ဆိုရင် အနည်းဆုံးတော့ အဆင့် ၃ ကျင့်ကြံမှု ရှိရမှာပေါ့၊ ဘယ်လိုလုပ် အဆင့် ၂ ပဲ ရှိမှာလဲ။
စုန်ကျစ်လီရဲ့ မျက်နှာမှာတော့ အပြုံးတွေ တောင့်တင်းသွားပါတယ်။
ဟွမ်ချင်းကျွဲက သူ့ကို ဒီလောက်အထိ လူပုံအလယ်မှာ အရှက်ခွဲလိမ့်မယ်လို့ မထင်ထားမိပါဘူး။
ဒါပေမဲ့ အစီအစဉ်ကြီးအတွက် သူ အောင့်အည်း သည်းခံလိုက်ပါတယ်။
ခဏအကြာမှာတော့ စုန်ကျစ်လီက ရုတ်တရက် ရယ်မောရင်း
"ဖန့်ဌာနမှူးရဲ့ အစွမ်းက တကယ်ကို ထူးခြားပါတယ် ဓားကျင့်ကြံခြင်းလမ်းစဉ် အပေါ် နားလည်မှုက သာမန်လူတွေ လိုက်မမှီနိုင်ပါဘူး"
ဓားကျင့်ကြံခြင်းလမ်းစဉ်
အားလုံး မှင်သက်သွားကြပြီး ဖန့်ချန်ကို ကြည့်တဲ့ အကြည့်တွေက ရုတ်တရက် ထူးဆန်းသွားပါတယ်။
ဟွမ်ချင်းကျွဲက စုန်ကျစ်လီကို တစ်ချက် ကြည့်လိုက်ပြီး အေးအေးဆေးဆေးပဲ ဆိုပါတယ်
"ဓားကျင့်ကြံသူ ဖြစ်တော့ ဘာဖြစ်လဲ ဓားကျင့်ကြံသူတွေက အဆင့် ၃ ပြီးရင် ရှေ့ဆက်လမ်းစ ပျောက်ဆုံးနေတယ် ဆိုပေမဲ့... ဖန့်ဌာနမှူးက အဆင့် ၂ နဲ့တင် အဆင့် ၃ ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာ တကယ်လို့ သူသာ အဆင့် ၃ ကို တက်လှမ်းနိုင်ခဲ့ရင် သူ့အဆင့်တူချင်းထဲမှာ ပြိုင်ဘက် ရှားလိမ့်မယ် အဆင့် ၄ နဲ့ တွေ့ရင်တောင် ပြန်မခုခံနိုင်ဘဲနေမှာ မဟုတ်ဘူး"
အားလုံးရဲ့ မျက်လုံးတွေက လက်ခနဲ ဖြစ်သွားပြီး ဖန့်ချန်ကို ကြည့်တဲ့ အကြည့်တွေက တစ်ဖန် ပြန်လည် နွေးထွေးလာကြပြန်ပါတယ်။
အခန်း (၁၁၇၈) စုန်ကျစ်လီ၊ မင်း အမှုပေါ်ပြီ
စုန်ကျစ်လီက မိမိကိုယ်ကိုယ် "ဓားကျင့်ကြံသူ" ဖြစ်ကြောင်း ဖော်ထုတ်လိုက်ပြီးနောက် လူအားလုံးရဲ့ သဘောထားဟာ အနည်းငယ် အေးစက်သွားတာကို ဖန့်ချန် သိသိသာသာ ခံစားလိုက်ရပါတယ်။
ဟွမ်ချင်းကျွဲက စကားပြောလိုက်မှသာ သူတို့ရဲ့ သဘောထားက ပြန်ပြီး နွေးထွေးလာတာပါ။
ဒါဟာ ဟွမ်ချင်းကျွဲက အဆင့် ၃ ဓားကျင့်ကြံသူရဲ့ စွမ်းဆောင်ရည်ကို ထောက်ပြလိုက်လို့ ဖြစ်ပါတယ်။
ဒီနေ့ ဒီနေရာမှာ ရောက်နေတဲ့ လွတ်လပ်သောမသေမျိုးတွေအတွက်တော့ တချို့က ဒီတစ်သက် အဆင့် ၂ ကို ရောက်ချင်မှ ရောက်မှာဖြစ်သလို၊ တချို့ကလည်း အဆင့် ၃ ကို လှမ်းနိုင်ဖို့ မသေချာပါဘူး။
အခြေအနေကို သေချာခွဲခြားသိမြင်ပြီးနောက်မှာတော့ အဆင့် ၂ ဓားကျင့်ကြံသူကို သတ်နိုင်တဲ့ ပညာရှင်မျိုးနဲ့ ရင်းနှီးထားတာက ဘယ်လောက် အကျိုးရှိမလဲဆိုတာ သူတို့ သိသွားကြတာကြောင့် အကြည့်တွေ ပြန်လည် နွေးထွေးလာတာပါ။
ဒါပေမဲ့... ဟွမ်ချင်းကျွဲ ခုနက ပြောလိုက်တာက ဓားကျင့်ကြံသူတွေဟာ အဆင့် ၃ ပြီးရင်... ရှေ့ဆက်လမ်းစ မရှိတော့ဘူး ဟုတ်လား
သာမန်ကျင့်ကြံသူတွေဟာ အခြေခံအကျဆုံး လွတ်လပ်သောမသေမျိုး လမ်းစဉ်ကို လျှောက်ရင်တောင် သက်ဆိုင်ရာ နတ်ဆေးပင်တွေကို သုံးလို့ ရပါသေးတယ်။
နတ်ဆေးပင်က ရဖို့ ခက်ခဲတယ် ဆိုပေမဲ့ အနည်းဆုံးတော့ မျှော်လင့်ချက် ရှိပါသေးတယ်။
ဒါပေမဲ့ ဓားကျင့်ကြံသူက အဆင့် ၃ ပြီးရင် ရှေ့ဆက်လမ်း မရှိဘူးဆိုရင်၊ ဓားကျင့်ကြံသူရဲ့ အကန့်အသတ်က အများဆုံး အဆင့် ၃ ပဲလို့ ဆိုလိုတာလား
ဒီအတွေးကို ဖန့်ချန်က ချက်ချင်းပဲ ပယ်ချလိုက်ပါတယ်။ ဟွမ်ချင်းကျွဲတို့ ထင်နေကြတဲ့အရာက မှန်ချင်မှ မှန်မှာပါ။
ရှစ်မျက်နှာအရပ် ဓားကျမ်းရဲ့ အရှင်သခင်ဟာ အဆင့် ၃ ဓားကျင့်ကြံသူထက် အများကြီး ပိုမြင့်မှာ သေချာပါတယ်။
ဒါပေမဲ့... ဟွမ်ချင်းကျွဲလို ထိပ်တန်းမျိုးနွယ်စုက သခင်လေးတောင်မှ ဓားကျင့်ကြံသူတွေ လမ်းစပျောက်နေပြီလို့ ပြောတယ်ဆိုရင် သာမန်လူတွေလည်း ဒီလိုပဲ ထင်နေကြမှာပါ။
လီဝူဝမ့်ကော သူကိုယ်တိုင် အဆင့် ၄ ကို တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက် မရှိတော့ဘူးဆိုတာ သိရဲ့လား
တကယ်လို့ သိတယ်ဆိုရင် သူက ဘာလို့ စုန်ကျစ်လီအတွက် လက်ပါးစေ လုပ်ပေးနေရတာလဲ နောင်တစ်ချိန် သူခန္ဓာစွန့်သွားတဲ့အခါ ကောင်းကင်ဓားဌာန အတွက် အားကိုးရာတစ်ခု ရအောင်လို့လား
"ချင်းကျွဲသခင်လေး ပြောတာ တကယ်မှန်ပါတယ် ဖန့်ဌာနမှူးရဲ့ အခုလက်ရှိ အစွမ်းနဲ့တင် ဒီနယ်ပယ်မှာ ထိပ်တန်းပညာရှင် တစ်ယောက်ပဲ၊ ဘယ်သူမှ အထင်မသေးရဲပါဘူး အဲဒါကြောင့်လည်း ကျုပ်က မျက်နှာပြောင်တိုက်ပြီး ဒီကို လာခဲ့ရတာပေါ့"
စုန်ကျစ်လီက ပြုံးလျက် ထောက်ခံလိုက်ပါတယ်။
ခုနက ဖန့်ချန်ကို နှိမ်ဖို့ ကြိုးစားခဲ့တာ မရှိခဲ့သလိုပါပဲ။
"ဖန့်ဌာနမှူး... ဒီပွဲပြီးရင် ယွီရွှီဂြိုဟ်မှာ အချိန်အနည်းငယ်လောက် ပိုနေသွားလို့ ရတယ် ကျုပ်နဲ့ တန့်ဌာနမှူးက ခင်ဗျားကို ဒီပတ်ဝန်းကျင် လိုက်ပြပေးမယ် ယွီရွှီဂြိုဟ်နဲ့ ခင်ဗျားရှိတဲ့ မြေဝက်ဝံဂြိုဟ် ဘာတွေ ကွာခြားသလဲဆိုတာ ခင်ဗျား လေ့လာလို့ ရတာပေါ့"
ဟွမ်ချင်းကျွဲက ပြုံးလျက် ပြောပါတယ်။
ဌာနမှူး အတော်များများရဲ့ မျက်လုံးထဲမှာ အားကျစိတ်တွေ ပေါ်လာပါတယ်။
ဒါဟာ ဟွမ်ချင်းကျွဲရဲ့ အရေးပေးမှုကို ခံရတာဖြစ်ပြီး သူ့ရဲ့ လူယုံတော်အဖြစ် ပျိုးထောင်ခံရတော့မယ့် သဘောပါပဲ။
ယွီရွှီဂြိုဟ်က တန့်ဌာနမှူးလိုမျိုးပေါ့...။
ဒီလူဟာ အဆင့် ၄ ကိုယ်ခန္ဓာစွန့်မသေမျိုး အဖြစ် တက်လှမ်းနိုင်တာဟာ ဟွမ်မျိုးနွယ်စုက ဆုချီးမြှင့်တဲ့ နတ်ဆေးပင်ကြောင့် ဖြစ်ပါတယ်။
"ဖန့်ဌာနမှူးက ချင်းကျွဲသခင်လေးရဲ့ အရေးပေးမှုကို ခံရတာဆိုတော့ နောင်တစ်ချိန် ဝိညာဉ်သုတ်သင်ရေးဌာနမှာ အနာဂတ်ကတော့ အရမ်းတောက်ပနေပြီပဲ ကျုပ်တို့လည်း နောက်ဆိုရင် အသေအလဲ တိုက်ခိုက်နေစရာ မလိုတော့ဘူး၊ အားရင် လက်ဖက်ရည်တူတူသောက်ရင်း နှစ်ဖက်စလုံး အကျိုးရှိမယ့် အခြေအနေမျိုး ဖန်တီးကြတာပေါ့၊ မကောင်းဘူးလား "
စုန်ကျစ်လီက ပြုံးလျက် ဆိုပါတယ်။
ဖန့်ချန်က စုန်ကျစ်လီကို တစ်ချက် ကြည့်လိုက်ပါတယ်။
ဒီကောင်က အခုထိ သူ့ကို ဒေါသထွက်အောင် ဆွနေတုန်းပဲ။
စုန်ကျစ်လီရဲ့ မျက်လုံးထဲမှာ ဟွမ်ချင်းကျွဲရဲ့ အဆင့်အတန်းက တော်တော်လေး အရာရောက်ပုံရပါတယ်။
ဟွမ်ချင်းကျွဲကို အသုံးချပြီး သူ့ကို ဖိနှိပ်ဖို့၊ ဖြစ်နိုင်ရင် သူ့ကို မြေဝက်ဝံဂြိုဟ်ကနေ တခြားဆီ ပြောင်းပစ်ဖို့ ကြံနေတာလား။
အဲဒီအချိန်မှာပဲ အကဲခတ်နေတဲ့ နဂါးအိုကြီးရဲ့ မျက်လုံးတွေက လက်ခနဲ ဖြစ်သွားပြီး ဟွမ်ချင်းကျွဲကို လက်သီးဆုပ် နှုတ်ဆက်ကာ
"ချင်းကျွဲသခင်လေးခင်ဗျာ... ဝိညာဉ်နတ်ဘုရားဂိုဏ်းက လူကြီးတစ်ယောက် ဒီကို ထပ်ရောက်လာပြီး လူတစ်ယောက်ကို လာရှာနေပါတယ်တဲ့..."
လူတိုင်း စိတ်ဝင်စားသွားကြပါတယ်။
"ဟင် "
ဟွမ်ချင်းကျွဲက စုန်ကျစ်လီကို တစ်ချက် ကြည့်လိုက်ပြီး ခပ်အေးအေးပဲ ဆိုတယ်
"မင်း ဒီကို တစ်ယောက်တည်း လာတာ မဟုတ်ဘူးလား ငါက စည်းကမ်းမရှိဘဲ မင်းကို ဒီမှာ ဖမ်းထားမှာ စိုးရိမ်လို့လား ဒါက ငါ့ကို မယုံတာလား၊ ဒါမှမဟုတ် ကျိထျန်းတုကို မယုံတာလား "
"ချင်းကျွဲသခင်လေး မလွဲမှားပါနဲ့ စုန်အစ်ကိုက ဒီကို တစ်ယောက်တည်း လာခဲ့တာ တကယ်ပါ တစ်ခုခု မှားယွင်းတာ ရှိနိုင်လို့ လူကို အထဲပေးဝင်ပြီး မေးကြည့်တာ ပိုကောင်းမယ် မဟုတ်လား "
ကျိထျန်းတုက ဝင်ပြောပေးပါတယ်။
ဟွမ်ချင်းကျွဲက နဂါးအိုကြီးကို ခေါင်းညိတ်ပြလိုက်မှ၊ နဂါးအိုကြီးက တံခါးအပြင်ဘက်ကို လှမ်းပြောလိုက်တယ်
"မတားကြနဲ့၊ ဧည့်သည်ကို အထဲပေးဝင်လိုက်ပါ"
တံခါးကြီး ပွင့်သွားပြီး ရွှီချန်ရှီး က ဝိညာဉ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူ တစ်အုပ်စုကို ဦးဆောင်ပြီး ဝင်လာပါတယ်။
သူက ဘေးကလူတွေကို လှည့်တောင်မကြည့်ဘဲ စုန်ကျစ်လီ ရှေ့ကို တန်းတန်းမတ်မတ် လာပြီး အေးစက်တဲ့ အသံနဲ့ ပြောလိုက်တယ်
"စုန်ကျစ်လီ... မင်း အမှု့ ပေါ်ပြီ၊ ငါတို့နောက်ကို လိုက်ခဲ့တော့"
ရွှီချန်ရှီး ခေါ်လာတဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူတွေရဲ့ အသက်ရှူစွမ်းအင်က တစ်မျိုး ထူးခြားနေပါတယ်။
သူတို့ဟာ ရွှေအနားကွပ်ထားတဲ့ အနက်ရောင် ဝတ်စုံတွေကို ဝတ်ထားကြပြီး တစ်ယောက်ချင်းစီရဲ့ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်တဲ့ အငွေ့အသက်တွေ ရှိနေပါတယ်။
"ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ စည်းကမ်းထိန်းသိမ်းရေး ကျင့်ကြံသူတွေ လား "
အခန်းထဲက ဝိညာဉ်သုတ်သင်ရေး ဌာနမှူးတွေ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။
သူတို့က ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ တိုက်ခိုက်လာတာ နှစ်ပေါင်းများစွာ ရှိပြီဆိုတော့ ဝိညာဉ်နတ်ဘုရားဂိုဏ်းအကြောင်းကို ကောင်းကောင်း သိထားကြတာပါ။
ဝိညာဉ်နတ်ဘုရားဂိုဏ်းဟာ တခြားဂိုဏ်းကြီးတွေလိုပဲ ဂိုဏ်းရဲ့ စည်းကမ်းဥပဒေတွေကို ထိန်းသိမ်းတဲ့ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ ရှိပါတယ်။
ဒီစည်းကမ်းထိန်းသိမ်းရေး ကျင့်ကြံသူတွေကို ရွေးချယ်တာက အရမ်း တင်းကျပ်လှပြီး လူတိုင်း ဖြစ်ခွင့်မရှိပါဘူး။
သူတို့က ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ စီးပွားရေးတွေ၊ ညစ်ပတ်တဲ့ အလုပ်တွေကို လုပ်စရာမလိုပါဘူး။
သူတို့ လုပ်ရမယ့် တစ်ခုတည်းသော အလုပ်ကတော့ မိမိတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စောင့်ကြည့်စစ်ဆေးဖို့ပါပဲ။
နှစ်ပေါင်းများစွာအတွင်းမှာ ဒီစည်းကမ်းထိန်းသိမ်းရေး ကျင့်ကြံသူတွေ ပေါ်လာတာကို တွေ့ရခဲပါတယ်။
ဒါပေမဲ့ သူတို့ ပေါ်လာပြီဆိုရင်တော့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက လူတစ်ယောက်ယောက်တော့ ဒုက္ခရောက်တော့မှာ သေချာပါတယ်။
စုန်ကျစ်လီရဲ့ မျက်နှာက အကြိမ်ကြိမ် ပျက်သွားပါတယ်။
သူက စည်းကမ်းထိန်းသိမ်းရေး ကျင့်ကြံသူတွေဆီက အကြည့်ကို လွှဲပြီး ရွှီချန်ရှီးဆီမှာ ရပ်တန့်လိုက်တယ်
"ရွှီချန်ရှီး... မင်း ငါ့ကို ထောင်ချောက်ဆင်တာလား"
စုန်ကျစ်လီက အံကြိတ်ပြီး မေးပါတယ်။
ကျိထျန်းတုကတော့ မျက်မှောင်ကြုတ်နေပြီး ဝင်ပြောမယ့် ပုံစံမရှိဘဲ အခြေအနေကို အရင် စောင့်ကြည့်နေပါတယ်။
ဟွမ်ချင်းကျွဲလည်း နည်းနည်းတော့ အံ့သြသွားပါတယ်။
ဒါပေမဲ့ သူက ဝိညာဉ်နတ်ဘုရားဂိုဏ်းက လူတစ်ယောက်အတွက်တော့ ဝင်ပြောပေးမှာ မဟုတ်ပါဘူး၊ ဒီနေ့ပွဲကို သူက အိမ်ရှင်အဖြစ် လုပ်ပေးထားတာ ဖြစ်နေရင်တောင်ပေါ့။
"မင်းလက်ထဲက ဟန်ရွှေနတ်မီးလျှံ ခိုးယူခံလိုက်ရတာကို အခုထိ အထက်ကို အစီရင်ခံခြင်း မရှိသေးဘူး ဒါကို ငါက ထောင်ချောက်ဆင်တယ်လို့ ပြောတာလား စည်းကမ်းထိန်းသိမ်းရေး ကျင့်ကြံသူတွေက သောင်းတာအိုမျှော်စင်ကို အရင်သွားပြီး ဟန်ရွှေနတ်လျှံ ပျောက်ဆုံးသွားတာကို အတည်ပြုပြီးမှ ငါနဲ့အတူ မင်းကို လာဖမ်းတာ ငါတို့က သက်သေမရှိဘဲ အလုပ်လုပ်တယ် ထင်နေလား"
"ဪ... ပြောဖို့ မေ့လို့၊ မင်းရဲ့ စီနီယာအစ်ကို ယွီဟွား လည်း ဒီကိစ္စကို သိထားတာပဲ သူက မင်းအတွက် ဖုံးကွယ်ပေးထားလို့ သူလည်း အဖမ်းခံရမှာ မင်းတို့ ညီအစ်ကိုတွေ မကြာခင် အချုပ်ထဲမှာ ဆုံကြရတော့မှာပါ"
ရွှီချန်ရှီးက ပြုံးလျက် ပြောပါတယ်။
"စုန်ကျစ်လီ... ငါတို့နောက်ကို လိုက်ခဲ့တော့"
အဆင့် ၃ စည်းကမ်းထိန်းသိမ်းရေး ကျင့်ကြံသူတစ်ယောက်က ရှေ့တိုးလာပြီး စုန်ကျစ်လီကို အေးစက်စက် ကြည့်ကာ ပြောပါတယ်။
စုန်ကျစ်လီရဲ့ မျက်နှာက အဆက်မပြတ် ပြောင်းလဲနေပါတယ်။
ဟန်ရွှေနတ်မီးလျှံ ကိစ္စမှာ ဒီလောက်အထိ အမှားအယွင်း ဖြစ်သွားလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး။
စီနီယာအစ်ကို ယွီဟွား က သူ့အတွက် အချိန်အနည်းငယ်လောက် ထပ်ဖုံးကွယ်ပေးထားနိုင်မယ်၊ အဲဒီအတွင်းမှာ သူက အဆက်အသွယ်တွေ သုံးပြီး ဒီကိစ္စကို ဖြေရှင်းနိုင်မယ်လို့ ထင်ထားခဲ့တာပါ။
မထင်မှတ်ဘဲ... ဒီကိစ္စက အထက်ကို တိုင်ကြားခံလိုက်ရပါတယ်။
စဉ်းစားနေစရာတောင် မလိုပါဘူး၊ ရွှီချန်ရှီးက သောင်းတာအိုမျှော်စင်မှာ သူ့လူတွေ ထည့်ထားတာ သေချာပါတယ်။
ဒီကိစ္စကို အထက်ကို တိုင်လိုက်တာလည်း ရွှီချန်ရှီးပဲ ဖြစ်ရပါမယ်။
အကြောင်းရင်းက ရိုးရှင်းပါတယ်။
ရွှီမျိုးနွယ်စုရဲ့ ဘိုးဘေး အဆင့် ၆ လွတ်လပ်သောမသေမျိုးကို စုန်ကျစ်လီရဲ့ စီနီယာအစ်ကို ဝမ်ချုံစန်း က သတ်ပစ်ခဲ့လို့ပါပဲ အဲဒီ ဝမ်ချုံစန်း ကြောင့်ပဲ ထျန်းရှန့်ဂိုဏ်း တစ်ခုလုံးပါ ဒုက္ခရောက်ခဲ့ရတာပါ။
ရွှီမျိုးနွယ်စုဟာ နှစ်ပေါင်းများစွာအတွင်းမှာ ဒီကိစ္စအတွက် ထျန်းရှန့်ဂိုဏ်းက ကျင့်ကြံသူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်ခဲ့တာ ဖြစ်ပါတယ်။
"ကျိအစ်ကို... ကျုပ်ကို သူတို့ ခေါ်သွားရင်တော့ ခင်ဗျား ခိုင်းထားတဲ့ကိစ္စက ရက်ရွှေ့ရတော့မယ် ထင်တယ်..."
စုန်ကျစ်လီက ကျိထျန်းတုကို ကြည့်ပြီး ပြောပါတယ်။
ကျိထျန်းတုက မျက်မှောင်ကြုတ်လိုက်ပြီး စည်းကမ်းထိန်းသိမ်းရေး ကျင့်ကြံသူတွေကို လက်သီးဆုပ် နှုတ်ဆက်ကာ
"ကျုပ်က မသေမျိုးလောကငယ်က ကျိထျန်းတုပါ လူကြီးမင်းတို့ရဲ့ အမည်နာမကို သိခွင့်ရှိမလား "
မသေမျိုးလောကငယ်
အဲဒီ အဆင့် ၃ စည်းကမ်းထိန်းသိမ်းရေး ကျင့်ကြံသူက မျက်နှာထား ပြောင်းသွားပြီး ခပ်အေးအေးပဲ ဆိုပါတယ်
"ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ အတွင်းရေးကိုတော့ မသေမျိုးလောကငယ်က ဝင်မစွက်ဖက်ပါနဲ့ဦး"
ကျိထျန်းတုက ပြုံးရင်း
"ကျုပ်ရဲ့ အစ်ကိုကြီးက ခင်ဗျားတို့ဂိုဏ်းက တူးယွဲ့မသေမျိုး နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေပါ ကြားတာတော့ တူးယွဲ့မသေမျိုးကလည်း စည်းကမ်းထိန်းသိမ်းရေး ကျင့်ကြံသူ တစ်ယောက်ပဲဆို "
"တူးယွဲ့မသေမျိုးလည်း ဥပဒေကို သိလျက်နဲ့ ချိုးဖောက်မှာ မဟုတ်ပါဘူး"
အဲဒီ အဆင့် ၃ စည်းကမ်းထိန်းသိမ်းရေး ကျင့်ကြံသူက ခေါင်းခါလိုက်ပါတယ်။
သူ့စကားသံက တင်းမာနေဆဲ ဖြစ်ပေမဲ့ အနည်းငယ်တော့ လျှော့ပေးလိုက်တဲ့ သဘောရှိပါတယ်
"လူကြီးမင်း စိတ်ချပါ၊ တကယ်လို့ စုန်ကျစ်လီမှာ အပြစ်မရှိဘူးဆိုရင်တော့ သူ့ကို ပြန်လွှတ်ပေးမှာပါ ကျုပ်တို့က အကြောင်းမဲ့တော့ ကိုယ့်လူကို မစွပ်စွဲပါဘူး"
ပြောပြီးတာနဲ့ သူက စုန်ကျစ်လီကို အေးစက်စက် ကြည့်လိုက်တယ်
"မသွားသေးဘူးလား ငါတို့ လက်ပါပါရမယ်ဆိုရင်တော့ မင်းက သေဒဏ်ပဲ"
စုန်ကျစ်လီက ကျိထျန်းတုက ဆက်မပြောတော့တာကို မြင်တော့၊ ဟွမ်ချင်းကျွဲဆီကလည်း မျှော်လင့်ချက် မရှိမှန်း သိသွားပါတယ်။
သူက မျက်နှာ ညိုမည်းစွာနဲ့ ရွှီချန်ရှီးကို အငြိုးတကြီး စိုက်ကြည့်ပြီးနောက် စည်းကမ်းထိန်းသိမ်းရေး ကျင့်ကြံသူတွေနောက်ကို လိုက်သွားပါတော့တယ်။
ရွှီချန်ရှီး လည်း သူတို့နောက်က လိုက်သွားပါတယ်။
အစကနေ အဆုံးအထိ ဖန့်ချန်နဲ့ တစ်ခွန်းမှ စကားမပြောသလို လှည့်တောင် မကြည့်သွားပါဘူး။