← Chapters

အခန်း (၁၁၇၉-၁၁၈၀)

Vol. 118 Ch. 1179-1180

အခန်း (၁၁၇၉-၁၁၈၀)

Vol. 118 Ch. 1179-1180

အခန်း (၁၁၇၉) ဒီတာဝန်ကို ထမ်းဆောင်ခြင်း

စုန်ကျစ်လီ အဖမ်းခံရပြီးနောက် အခန်းထဲက လေထုဟာ ရုတ်တရက် တိတ်ဆိတ်သွားပါတယ်။

ဟွမ်ချင်းကျွဲက စုန်ကျစ်လီတို့နဲ့ သဘောတူညီချက် ရယူပြီးကာရှိသေး၊ တစ်ဖက်လူက မိမိလူအချင်းချင်း ဖမ်းဆီးတာ ခံလိုက်ရပြီဆိုတော့ ဒီသဘောတူညီချက်က ဘယ်လို ဆက်ဖြစ်မှာလဲ

"ကျိထျန်းတု... ငါ မင်းကို မျက်နှာမထောက်တာ မဟုတ်ဘူးနော် အခု စုန်ကျစ်လီက အဖမ်းခံရပြီဆိုတော့ မင်း ငါ့ကို အကူအညီတောင်းထားတဲ့ကိစ္စက... ဒီမှာတင် ရပ်လိုက်ရအောင်လား "

ဟွမ်ချင်းကျွဲက ခပ်အေးအေး ဆိုပါတယ်။

ကျိထျန်းတုက ခဏစဉ်းစားပြီး ပြုံးလိုက်တယ်

"ကျုပ် စုန်ကျစ်လီ လွတ်မြောက်အောင် နည်းလမ်းရှာပါ့မယ် တကယ်လို့ သူ တကယ် လွတ်မလာနိုင်ဘူးဆိုရင်တောင် သူ့နေရာကို အစားထိုးမယ့်လူ ပေါ်လာမှာပါ အဲဒီအခါကျရင်တော့ အဲဒီလူနဲ့ ပူးပေါင်းဖို့ ချင်းကျွဲသခင်လေးဘက်က မျက်နှာသာပေးဦးမယ်လို့ မျှော်လင့်ပါတယ်"

သူက ဖန့်ချန်ကို တစ်ချက်ဝေ့ကြည့်ပြီး ပြုံးလျက် ခေါင်းညိတ်ပြတယ်

"ဖန့်ဌာနမှူး... ဒီကိစ္စအတွက် ခင်ဗျားကို အားကိုးရတော့မယ် နောင်တစ်ချိန် အခွင့်ကြုံရင် မသေမျိုးလောကငယ် ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ် အဲဒီက မတူညီတဲ့ အလှအပတွေကို ခင်ဗျား မြင်တွေ့ရမှာပါ"

ဖန့်ချန်က ခေါင်းညိတ်လိုက်ပါတယ်။

"ဒါဆိုရင်တော့... ကျုပ် အရင် နှုတ်ဆက်ခွင့်ပြုပါဦး"

ကျိထျန်းတုက လူအားလုံးကို ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် အခန်းထဲက ထွက်သွားပါတယ်။

အခန်းအပြင် ရောက်တာနဲ့ သူ့ရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ မျက်နှာထားက ရုတ်တရက် ကြောက်စရာကောင်းအောင် ပျက်ယွင်းသွားပြီး စက္ကန့်အနည်းငယ် ကြာမှ ပုံမှန် ပြန်ဖြစ်သွားပါတယ်။

သူက လက်ထဲက စာလုံးပုံဖော်ထားတဲ့ အဆောင်တစ်ခုကို ခြေမွလိုက်တာနဲ့ လူက အစအနမကျန် ပျောက်ကွယ်သွားပါတော့တယ်။

"အဆောင်စာရွက်..."

တုယွန်းရွှီက တစ်ခုခုကို စဉ်းစားနေပုံရပါတယ်။

အဲဒီနောက် သူက အခန်းထဲဝင်ပြီး ဖန့်ချန်ရဲ့ နားနားမှာ စကားအနည်းငယ် ကပ်ပြောကာ ယင်လောကထဲကနေ တစ်ဆင့် ထွက်ခွာသွားပါတယ်။

'မဟာတည်နေရာရွှေ့ပြောင်းခြင်း မသေမျိုးအဆောင် လား... ဒီတစ်ခေါက် မသေမျိုးလောကငယ်ကို သွားတဲ့ လမ်းကြောင်းကို ရှာနိုင်မယ် ထင်ထားတာ'

ဖန့်ချန်က စိတ်ထဲမှာ သက်ပြင်းချရင်း နှမြောနေမိပါတယ်။

ဒီကျိထျန်းတုဟာလည်း ဒီဖြစ်ရပ်ရဲ့ အဓိက သော့ချက်တွေထဲက တစ်ယောက် ဖြစ်လို့ပါပဲ။

ဒါပေမဲ့ ခုနက သူက အစ်ကိုကြီး အကြောင်းကို ပြောသွားတာဆိုတော့ ထူးခြားသူ ကို ကြံစည်နေတာက ကျိထျန်းတု မဟုတ်ဘဲ သူ့အစ်ကို ဖြစ်ဖို့ များပါတယ်။

တကယ်လို့ ကျိထျန်းတုသာ ကြံစည်သူ ဖြစ်ခဲ့ရင် ဖန့်ချန်က သူ့ကို ဒီအတိုင်း အေးအေးဆေးဆေး ပြန်လွှတ်ပေးမှာ မဟုတ်ပါဘူး။

"ဖန့်ဌာနမှူး... စုန်ကျစ်လီလည်း အဖမ်းခံရပြီဆိုတော့ ခုနက တစ်နှစ်ကတိကဝတ်ကို မကြားခဲ့သလိုပဲ သဘောထားလိုက်တော့ မြေဝက်ဝံဂြိုဟ်မှာ ဝိညာဉ်နတ်ဘုရားဂိုဏ်းကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ခင်ဗျား သဘောအတိုင်းပဲ ဆက်လုပ်ပါ၊ ဒီနေ့ကိစ္စကို ထည့်စဉ်းစားနေစရာ မလိုတော့ဘူး"

ဟွမ်ချင်းကျွဲက ဖန့်ချန်ကို လှမ်းပြောပါတယ်။

"ဟုတ်ကဲ့ပါ"

ဖန့်ချန်က ခေါင်းညိတ်လိုက်ပါတယ်။

"ခင်ဗျား မြေဝက်ဝံဂြိုဟ်မှာ အလုပ်အကျွေး ပြုခဲ့တာ တကယ်ကို ချီးကျူးစရာပဲ အဆင့် ၃ လွတ်လပ်သောမသေမျိုးတစ်ယောက်ကို တောင်းပန်ခိုင်းနိုင်တာက ဝိညာဉ်သုတ်သင်ရေးဌာနအတွက် မျက်နှာပွင့်စေတယ် ယာယီ ဆိုတဲ့ စကားလုံးကို ဖြုတ်လိုက်တော့မယ် စုန်ကျစ်လီရှိနေတဲ့ ဖန်တီးရှင်ဂြိုဟ်ရဲ့ အရင်ဌာနမှူးက တစ်စုံတစ်ခုသော အကြောင်းကြောင့် ရှုလိုင်နယ်မြေ ကို သွားပြီးကတည်းက ပြန်မလာတော့ဘူး မဟုတ်လား "

ဟွမ်ချင်းကျွဲက အစမှာ ဖန့်ချန်ကို ပြောနေပေမဲ့ နောက်ပိုင်းမှာတော့ အဆင့် ၄ ကိုယ်ခန္ဓာစွန့်မသေမျိုး တန့်ဌာနမှူးဘက်ကို လှည့်မေးလိုက်ပါတယ်။

တန့်ဌာနမှူးက ခေါင်းညိတ်ပြတယ်

"အဲဒီဘက်မှာ နတ်ဆေးပင် ပေါ်လာတယ်ဆိုတဲ့ သတင်းကြောင့် သူ အမြန်သွားခဲ့တာပါ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာတဲ့အထိ ပြန်မလာတော့ဘူးဆိုတော့ ကံဆိုးမိုးမှောင်ကျသွားပြီ ထင်ပါတယ်"

"အခု ဖန်တီးရှင်ဂြိုဟ်က ဝိညာဉ်သုတ်သင်ရေးဌာနက ခေါင်းဆောင်မရှိဘဲ အုပ်စုကွဲနေကြပြီး တစ်ယောက်ကိုတစ်ယောက် အလျော့မပေးကြဘူး ဒီနှစ်တွေအတွင်းမှာလည်း ဘာမှ ထူးထူးခြားခြား စွမ်းဆောင်နိုင်တာ မရှိဘူး"

"ပြီးတော့... အဲဒါက စုန်ကျစ်လီ ပျိုးထောင်ထားတဲ့ ဓားကျင့်ကြံသူတွေနဲ့လည်း ဆိုင်တယ် အဲဒီဓားကျင့်ကြံသူတွေ ရှိနေသရွေ့ ကျန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေက တိုက်ခိုက်ချင်ရင်တောင် ဓားချက်တွေကို ခုခံနိုင်စွမ်း မရှိကြဘူး"

"ဒီလောက် ကြာနေပြီကို ဘာလို့ အဆင့် ၃ တစ်ယောက်ကို အုပ်ချုပ်ဖို့ မလွှတ်တာလဲ "

ဟွမ်ချင်းကျွဲက မျက်မှောင်ကြုတ်ပြီး မေးပါတယ်။

တန့်ဌာနမှူးက ခဏစဉ်းစားပြီး

"အဓိကက ကျုပ်တို့ဌာနမှာ လူအင်အား မလောက်ငှလို့ပါပဲ ပြီးတော့ ဖန်တီးရှင်ဂြိုဟ်ရဲ့ အဆင့်အတန်းအရ... ဌာနမှူးရဲ့ နှစ်စဉ် လစာက မသေမျိုးကျောက်တုံး တစ်တုံးပဲ ရတယ် တခြား ကျောက်တုံးတွေလည်း နည်းတော့ အဆင့် ၃ အများစုက မသွားချင်ကြဘူး"

"နည်းနည်းတော့ ဝေးလံတာပေါ့လေ၊ တခြား စည်ကားတဲ့နေရာတွေလောက်တော့ မကောင်းဘူး ဒါပေမဲ့ တစ်ယောက်ယောက်တော့ တာဝန်ယူရမှာပဲ"

ဟွမ်ချင်းကျွဲက ခေါင်းညိတ်ပြီး ဖန့်ချန်ကို ကြည့်လိုက်တယ်

"ဖန့်ဌာနမှူး... ခင်ဗျားရဲ့ အစွမ်းနဲ့ဆိုရင် ဖန်တီးရှင်ဂြိုဟ်ရဲ့ ဌာနမှူးရာထူးကို ထမ်းဆောင်ဖို့ လုံလောက်ပါတယ် ဒီတာဝန်ကြီးကို ခင်ဗျား ထမ်းဆောင်ချင်ရဲ့လား "

ဌာနမှူးတွေ အားလုံး မျက်နှာပျက်သွားကြပါတယ်။

အထူးသဖြင့် အဆင့် ၁ နဲ့ အဆင့် ၂ လွတ်လပ်သောမသေမျိုးတွေပေါ့။

နှစ်စဉ် မသေမျိုးကျောက်တုံး ၅ တုံး ရမယ်ဆိုတာ နည်းတယ်လို့ ထင်ရပေမဲ့ သူတို့အတွက်တော့ တော်တော်လေး များပါတယ်။

ဥပမာ - အဆင့် ၁ ကျင့်ကြံသူတွေဆိုရင် ၁၀ နှစ်မှ မသေမျိုးကျောက်တုံး တစ်တုံး ရတာပါ။

အဆင့် ၂ ဆိုရင် ၅ နှစ်မှ တစ်တုံး ရပါတယ်။

အခု ဖန့်ချန်သာ ခေါင်းညိတ်လိုက်ရင် သူတို့ထက် ဆယ်ဆလောက် ပိုများတဲ့ လစာကို ရတော့မှာပါ။

ဟွမ်ချင်းကျွဲရဲ့ အကြည့်က သာမန်ကာလျှံကာ ကြည့်နေသလို ရှိပေမဲ့ တကယ်တော့ ဖန့်ချန်ကို အကဲခတ်နေတာပါ။

ဖန့်ချန်သာ နည်းနည်းလေး တွန့်ဆုတ်သွားရင် သူ့ရဲ့ သဘောထားက ချက်ချင်း ပြောင်းလဲသွားမှာပါ။

"ချင်းကျွဲသခင်လေးရဲ့ အရေးပေးမှုကို ကျေးဇူးတင်ပါတယ် ကျုပ် သခင်လေးအတွက် အသက်ပေးပြီး အလုပ်အကျွေး ပြုပါ့မယ် "

ဖန့်ချန်က လက်သီးဆုပ် နှုတ်ဆက်လိုက်ရာမှာ စိတ်လှုပ်ရှားမှုနဲ့ ကျေးဇူးတင်မှုတွေ ပါဝင်နေပါတယ်။

ဟွမ်ချင်းကျွဲက ကျေနပ်သွားပြီး မျက်နှာမှာ အပြုံးတွေ ပိုများလာပါတယ်။

သူက ဖန့်ချန်ကို ထူပေးပြီး ပုခုံးကို ပုတ်ကာ

"ငါ့အတွက် အသက်ပေးစရာ မလိုပါဘူး၊ ဝိညာဉ်သုတ်သင်ရေးဌာနအတွက် အသက်ပေးရမှာပါ ကျုပ်တို့ ဟွမ်မျိုးနွယ်စုက ဝိညာဥ်သိုင်းနယ်မြေ မှာ အုပ်ချုပ်လာတာ ကြာပြီ၊ မျိုးနွယ်စုဝင် ၁၀ ယောက်မှာ ၉ ယောက်က ဝိညာဉ်သုတ်သင်ရေးဌာနက ကျင့်ကြံသူတွေပဲ"

"နှစ်ပေါင်းများစွာအတွင်းမှာ သေဆုံးသွားတဲ့သူတွေ မနည်းဘူး ကျုပ်တို့ ရည်မှန်းတာက ဝိညာဉ်သုတ်သင်ရေးဌာန အတွက်ပဲ ဒီနေရာမှာရှိတဲ့ လူတိုင်းမှာ ကိုယ်ပိုင် အတ္တတွေ ရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ မင်းတို့ရဲ့ မူလစိတ်ဓာတ်ကတော့ မပြောင်းလဲဘူးလို့ ငါယုံကြည်တယ်"

"ဝိညာဉ်နတ်ဘုရားဂိုဏ်းကို လောကကြီးကနေ အမြစ်ပြတ်အောင် တိုက်ထုတ်နိုင်မှသာ လူ့လောက ကိုးနယ်မြေဟာ တကယ် အေးချမ်းမှာပါ တစ်နေ့မှာ မင်းတို့အားလုံးနဲ့အတူ အဲဒီမြင်ကွင်းကို မြင်တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်"

"ဝိညာဉ်သုတ်သင်ရေး "

လူတိုင်းက တညီတညွတ်တည်း အော်ဟစ်လိုက်ကြပါတယ်။

နဂါးအိုကြီးကတော့ ဘေးကနေ မျက်နှာပျက်ပျက်နဲ့ ငြိမ်နေပါတယ်။

သူကတော့ ဝိညာဉ်သုတ်သင်ရေးဌာနနဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းကြားက တိုက်ပွဲမှာ မပါဝင်ချင်တာ သိသာလှပါတယ်။

"ဪ... ဒါနဲ့၊ မကြာခင်ကပဲ အောက်ကလူတွေ သတင်းပို့လာတာတော့၊ ယင်လောကငယ် ထဲမှာ လှုပ်ခတ်မှုအချို့ ဖြစ်နေတယ်ဆိုပဲ မင်းတို့ တစ်ခုခု ကြားမိကြသေးလား "

ဒီနေ့ အစည်းအဝေး ပြီးပြီလို့ အားလုံး ထင်နေတုန်းမှာ ဟွမ်ချင်းကျွဲက နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလိုက်ပါတယ်။

တစ်ယောက်က ထရပ်ပြီး

"ကြားမိပါတယ် ကျုပ်ရဲ့ မိသားစုထဲက မျိုးဆက်သစ်တစ်ယောက်က ယင်လောကကို ခဏခဏ သွားတတ်တော့ သူပြောပြတာက ယင်လောကမှာ ဖန့်အရှင် ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပေါ်လာတယ်တဲ့"

"သူ့ရဲ့ အစွမ်းက မသေးဘူး၊ အာဏာရပြီး မကြာခင်မှာပဲ ဝိညာဉ်နတ်ဘုရားဂိုဏ်းက ယင်လောကမှာ တည်ထားတဲ့ ဝိညာဥ်နတ်ဘုရားကျောင်း တွေကို အကုန် ဖြိုဖျက်ပစ်ပြီး သူတို့ကို ယင်လောက ကနေ မောင်းထုတ်ပစ်လိုက်တယ်တဲ့"

"အဲဒါအပြင် အဲဒီဖန့်အရှင် က ယင်လောကမှာ ဌာနကြီး ၃ ခု ဖွင့်ထားတယ် ဇောင်ယင်းဌာန ၊ သိုင်းနတ်ဘုရားဌာန နဲ့ ဝိညာဉ်သုတ်သင်ရေးဌာန တဲ့ "

တချို့လူတွေ အံ့သြသွားကြတယ်

"ဝိညာဉ်သုတ်သင်ရေးဌာန ဟုတ်လား "

"ဟုတ်တယ် အဲဒီ ဖန့်အရှင် က ကျုပ်တို့ ဝိညာဉ်သုတ်သင်ရေးဌာနက ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်ပြီး၊ ယင်လောက က ငရဲမင်း နဲ့ ရင်းနှီးတာကြောင့် ယင်လောကမှာ အခုလို နယ်မြေချဲ့ထွင်နိုင်တာလို့ ကျုပ် ယူဆပါတယ်"

တစ်ယောက်က ရယ်မောရင်း ပြောပါတယ်။

"တကယ်လို့ ဖန့်ဌာနမှူးက အဆင့် ၂ လွတ်လပ်သောမသေမျိုးသာ မဟုတ်ရင်၊ ဖန့်ဌာနမှူးကိုတောင် အဲဒီ ဖန့်အရှင် လို့ ကျုပ် ထင်မိတော့မှာပဲ"

ဟွမ်ချင်းကျွဲက ဖန့်ချန်ကို တစ်ချက်ကြည့်ပြီး ရယ်မောလိုက်ပါတယ်။

ဖန့်ချန်ရဲ့ မျက်နှာမှာလည်း အပြုံးတစ်ခု ပေါ်လာပါတယ်။

လူတိုင်းက ဒါကို ဟာသတစ်ခုလို သဘောထားပြီး ရယ်မောလိုက်ကြပါတယ်။

လွတ်လပ်သောမသေမျိုးတွေ ယင်လောကကို သွားရင် ဖူထူလောက ကိုပဲ ရောက်နိုင်ပြီး ယင်လောကငယ် ကို မဝင်နိုင်ဘူးဆိုတာ လူတိုင်း သိထားတဲ့ အချက်ပါ။

ကြားဖူးတာတော့ ငရဲမင်း က ခွင့်ပြုရင် အဆင့် ၁ လွတ်လပ်သောမသေမျိုးက ယင်လောကငယ် ထဲ ဝင်လို့ရပေမဲ့ အဆင့် ၂ ကတော့ ဘယ်လိုမှ ဝင်လို့မရဘူးတဲ့။

အဲဒါက ယင်လောကငယ်ရဲ့ နိယာမ ဥပဒေသ တစ်ခုပါပဲ။

"ငါလည်း မင်းတို့လိုပဲ၊ အဲဒီ ဖန့်အရှင်က ဝိညာဉ်သုတ်သင်ရေးဌာနကလူလို့ ထင်တယ် အားရင် စုံစမ်းကြည့်ကြဦး၊ အဲဒါ ဘယ်သူလဲဆိုတာတကယ်လို့ အဲဒီလူကို ရှာတွေ့ရင် သေချာ ဆက်ဆံလိုက်ကြ၊ ငါကိုယ်တိုင် သူ့ကို သွားတွေ့ပြီး စကားပြောမယ် ယင်လောက က အရမ်းထူးခြားတယ်၊ တကယ်လို့ ကျုပ်တို့ဌာနရဲ့ လက်ထဲမှာသာ အပြည့်အဝ ရှိနေမယ်ဆိုရင် အကျိုးကျေးဇူးက အများကြီးပဲ"

ဟွမ်ချင်းကျွဲက စဉ်းစားရင်း ပြောပါတယ်။

"ဟုတ်ကဲ့ပါ "

လူတိုင်းက ပြန်ဖြေကြပါတယ်။

ဟွမ်ချင်းကျွဲက ဆက်ပြောဖို့ ပြင်နေတုန်းမှာပဲ ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး အချက်ပြအဆောင် တစ်ခုကို ထုတ်ကြည့်လိုက်ပါတယ်။

အဲဒီနောက် လူတိုင်းကို ပြုံးပြပြီး

"ဒီနေ့တော့ ဒီမှာတင် နားရအောင် ငါ ပြန်စရာ ကိစ္စလေး ပေါ်လာလို့"

သူက ခဏရပ်ပြီး ဖန့်ချန်ကို ကြည့်ကာ

"ဖန့်ဌာနမှူး... မင်းနဲ့ အကြာကြီး စကားပြောချင်ပါသေးတယ် ဒါပေမဲ့ ရုတ်တရက် ကိစ္စပေါ်လာလို့ နောက်မှပဲ တွေ့ကြတာပေါ့ အားရင်တော့ ဖန်တီးရှင်ဂြိုဟ်ဘက်ကို ငါ လာလည်ဦးမယ်"

"ဟုတ်ကဲ့ပါ"

ဖန့်ချန်က လက်သီးဆုပ် နှုတ်ဆက်လိုက်ပါတယ်။

နှမြောစရာပါပဲ... ဟွမ်ချင်းကျွဲသာ ထွက်သွားပြီဆိုရင်တော့ သူ့ကို ယင်လောကထဲ ခေါ်သွားဖို့ ကြံစည်ထားတဲ့ အစီအစဉ်ကတော့ လွဲချော်သွားပြီ ဖြစ်ပါတယ်။

အခန်း (၁၁၈၀) နတ်ဘုံဆွေးနွေးပွဲ

တန့်ဌာနမှူးက ဟွမ်ချင်းကျွဲနဲ့အတူ ထွက်ခွာသွားပါတယ်။

သူတို့နှစ်ယောက် ထွက်သွားပြီးနောက်မှာတော့ အခန်းထဲက လေထုက ရုတ်တရက် ပိုပြီး သက်ဝင်လှုပ်ရှားလာပါတယ်။

တန့်ဌာနမှူးပဲဖြစ်ဖြစ်၊ ဟွမ်ချင်းကျွဲပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးရဲ့ အဆင့်အတန်း၊ ကျင့်ကြံမှုနဲ့ အရှိန်အဝါတွေက ဒီနေရာမှာရှိတဲ့ ဌာနမှူးတွေကို အနည်းငယ် ဖိအားဖြစ်စေခဲ့တာပါ။

နဂါးအိုကြီးကလည်း ပိုပြီး တက်ကြွလာပါတယ်။

သူက အခန်းထဲက အခင်းအကျင်းကို ပြန်ပြင်ဆင်စေရုံတင်မကဘဲ အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေကို တည်ခင်းစေပြီး၊ ကျင့်ကြံမှု အလယ်အလတ်အဆင့် ရှိတဲ့ အမျိုးသမီးကျင့်ကြံသူ တစ်ရာကျော်ကိုလည်း ကပြဖျော်ဖြေဖို့ ခေါ်လိုက်ပါတယ်။

ဖန့်ချန် စိတ်ထဲမှာ သက်ပြင်းချမိပါတယ်။

လွတ်လပ်သောမသေမျိုးဆိုတာ တကယ့်ကို ထူးခြားတာပဲ။

ဒီအမျိုးသမီးကျင့်ကြံသူတွေကိုသာ အောက်လောကမှာဆိုရင် တစ်ဦးချင်းစီက နယ်ပယ်တစ်ခုရဲ့ အရှင်သခင်တွေ ဖြစ်နေမှာပါ။

ဒါပေမဲ့ လွတ်လပ်သောမသေမျိုးတွေနဲ့ ယှဉ်လိုက်ရင်တော့ အလယ်အလတ်အဆင့် ကျင့်ကြံမှုဆိုတာ တကယ်ပဲ ကြည့်မကောင်းတော့ပါဘူး။

ဒီနေရာမှာ ကပြခွင့်ရတာက သူတို့အတွက်တော့ အခွင့်အရေးတစ်ခုလို့တောင် ပြောလို့ရပါတယ်။

ဒါကြောင့် တစ်ယောက်ချင်းစီက အစွမ်းကုန် ကြိုးစားကပြနေကြပြီး၊ ဖန့်ချန်ဆီကိုလည်း ရံဖန်ရံခါ ညှို့ဓာတ်ပါတဲ့ အကြည့်လေးတွေ ပို့လွှတ်နေကြပါတယ်။

နဂါးအိုကြီးက ဌာနမှူးမော့ကိုလည်း နွေးထွေးစွာ ဧည့်ခံသလို၊ ဖန့်ချန်ကိုလည်း ပစ်ပယ်မထားပါဘူး။

သူရော ဒီနေရာမှာရှိတဲ့ ဌာနမှူးတွေပါ ဖန့်ချန်ဟာ ကျင့်ကြံမှု မြင့်မားရုံတင်မကဘဲ နောင်တစ်ချိန်မှာ ဟွမ်ချင်းကျွဲရဲ့ လူယုံတော် ဖြစ်လာနိုင်တယ်ဆိုတာကို ရိပ်မိနေကြပါတယ်။

ဖန့်ချန်က ဓားကျင့်ကြံသူ ဖြစ်နေပေမဲ့လည်း သူတို့နဲ့ မိတ်ဖွဲ့ထားဖို့ကတော့ လုံလောက်လှပါတယ်။

"ဖန့်ဌာနမှူး... ခင်ဗျားရဲ့ မျက်လုံးတွေက ဘာဖြစ်တာလဲ "

ဌာနမှူးမော့က ဖန့်ချန်ရဲ့ မျက်လုံးတွေကို စူးစမ်းလိုတဲ့စိတ်နဲ့ ရုတ်တရက် မေးလိုက်ပါတယ်။

"ငယ်ငယ်တုန်းက ဒဏ်ရာရခဲ့တာလား အခု ကျုပ်တို့အားလုံးက လွတ်လပ်သောမသေမျိုးတွေ ဖြစ်နေပြီဆိုတော့ ဒါကို ကုသပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိရမှာ မဟုတ်လား "

လူတိုင်းရဲ့ မျက်နှာထားတွေ အနည်းငယ် ပြောင်းလဲသွားပါတယ်။

ဖန့်ချန်ရဲ့ မျက်လုံးတွေမှာ ပြဿနာရှိနေတာကို သူတို့ အစောကြီးကတည်းက သတိထားမိကြပေမဲ့ ဒါကို ပွင့်ပွင့်လင်းလင်း ပြောရမယ့် ကိစ္စလား။

တစ်ဖက်လူရဲ့ အားနည်းချက်ကို ထောက်ပြတာက ရန်စသလို ဖြစ်နေပါတယ်။

ဌာနမှူးမော့က သူ့ကိုယ်သူ အဆင့် ၃ လွတ်လပ်သောမသေမျိုး ဖြစ်နေလို့သာ ဒီလို မေးရဲတာပါ။

"ဌာနမှူးမော့ မသိလို့ပါ၊ ဒါက မျက်လုံးကျင့်စဥ် ကို ကျင့်ကြံထားလို့ ဖြစ်ပေါ်လာတဲ့ ထူးခြားတဲ့ ပုံရိပ်တစ်ခုပါပဲ"

ဖန့်ချန်က အေးအေးဆေးဆေးပဲ ပြုံးပြီး ဖြေလိုက်ပါတယ်။

မျက်လုံးကျင့်စဥ်

လူတိုင်း စဉ်းစားနေကြပါတယ်။

တကယ်တော့ ဒီအကြောင်းအရာက ဒီမှာတင် ပြီးသင့်ပေမဲ့၊ ဌာနမှူးမော့က ပြုံးစိစိနဲ့ ထပ်မေးပြန်တယ်

"ဖန့်ဌာနမှူးက ကြည့်ရတာ အသက်လည်း သိပ်မကြီးသေးဘူး၊ ဓားကျင့်ကြံခြင်း လမ်းစဉ်မှာ ဒီအဆင့်အထိ ရောက်လာတယ်ဆိုတော့ ဓားလမ်းစဉ်အပေါ် နားလည်မှုက သာမန်လူတွေထက် အများကြီး သာမှာပဲ"

"အခု ဖန့်ဌာနမှူးအနေနဲ့ ကျုပ်တို့အတွက် စင်ပေါ်မှာ ဓားကပြပေးဖို့ ဆန္ဒရှိလား ကျုပ်တို့လည်း ဓားကျင့်ကြံသူတွေရဲ့ အတတ်ပညာကို ဗဟုသုတအနေနဲ့ မြင်ဖူးချင်လို့ပါ တကယ်တော့ ဖန့်ဌာနမှူးလို အဆင့်မြင့်တဲ့ ဓားကျင့်ကြံသူမျိုးကို တွေ့ရဖို့က မလွယ်ဘူးလေ"

'ဒီခွေးအိုကြီးတော့ စိတ်တိုနေပြီပဲ၊ ကြည့်ရတာ သူနဲ့ စုန်ကျစ်လီရဲ့ ဆက်ဆံရေးက အကျိုးအမြတ် တစ်ခုတည်းတင် မကဘူးထင်တယ်'

ဖန့်ချန် စိတ်ထဲက တွေးလိုက်ပြီး ပြုံးလျက် လက်ခါပြလိုက်တယ်

"ဓားကျင့်ကြံသူရဲ့ ဓားက စင်ပေါ်မှာ ဖျော်ဖြေဖို့ မဟုတ်ပါဘူး ဌာနမှူးမော့က ကျုပ်ကို ခက်အောင် လုပ်နေပြီပဲ တကယ်လို့ ဓားနှလုံးသားနဲ့ ဓားအရိုးသာ ပျက်စီးသွားရင် နောင်တစ်ချိန် ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတွေကို ဘယ်လို သုတ်သင်တော့မလဲ "

"မှန်တယ်၊ မှန်တယ်"

"ဖန့်ဌာနမှူး ပြောတာ တကယ်မှန်တယ်"

"ဌာနမှူးမော့ကလည်း ခုနက နောက်ပြောင်လိုက်တာ ဖြစ်မှာပါ"

လူတိုင်းက ဝိုင်းပြီး ထောက်ခံပေးလိုက်ကြတာကြောင့် တစ်မျိုးဖြစ်နေတဲ့ လေထုက ပြန်လည် ပြေလျော့သွားပါတယ်။

"ဖန့်ဌာနမှူး... ကျုပ်ကြည့်ရတာ ခင်ဗျားက အရမ်းငယ်သေးတယ်၊ အဖော် ရော ရှိပြီလား နဂါးအိုကြီးရဲ့ လူရွေးတဲ့ မျက်စိကတော့ လုံးဝ မမှားဘူး ဒီက မိန်းကလေးတွေကို ကြည့်ပါဦး တစ်ယောက်ချင်းစီက ထူးချွန်ထက်မြက်တဲ့သူတွေချည်းပဲ နားလည်မှုရော၊ အခြေခံအရိုးတည်ဆောက်ပုံရော ကောင်းသလို ရုပ်ရည်ကလည်း ထိပ်တန်းပဲ တချို့ကို ရွေးပြီး ခေါ်သွားပါလား "

အရက်ဝိုင်း အရှိန်တက်လာတဲ့အခါ ဌာနမှူးတစ်ယောက်က ဖန့်ချန်ကို ပွဲစားလုပ်ပေးဖို့ ကြိုးစားပါတော့တယ်။

ချူကျားရဲ့ အကြည့်တွေက အေးစက်သွားပြီး နှုတ်ခမ်းမဲ့ကာ

"အဖိုးကြီးကတော့ အရှက်မရှိဘူး"

"လူစုံတုန်း ခဏလေး ပျော်ကြတာပါ"

ဖူယွမ်ကျူးက တိုးတိုးလေး ရယ်ပြီး ဖန့်ချန်ကို ကြည့်လိုက်တယ်

"ဖန့်ဌာနမှူး... တကယ်လို့ အဖော်မရှိသေးရင် ဒီကလူတွေထဲက တချို့ကို ခေါ်ထားတာလည်း မဆိုးပါဘူး၊ သွေးမျိုးဆက် ကျန်ခဲ့တာပေါ့"

စင်ပေါ်က အမျိုးသမီးကျင့်ကြံသူ တစ်ရာကျော်ဟာလည်း ဖန့်ချန်ရဲ့ အဆင့်အတန်းကို သိထားကြပါတယ်။

ဒီလူတွေထဲမှာ အမြင့်ဆုံး မဟုတ်ရင်တောင် ထိပ်ဆုံးကပဲလေ။

ဒါ့အပြင် ဖန့်ချန်က ကြည့်ရတာ အရမ်းငယ်သေးတယ်။

ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဂိုဏ်းချုပ်အဆင့် ရှိနေတဲ့လူက ဘယ်လောက်တောင် အာဏာရှိလိုက်မလဲ ဒီလူရဲ့ အားကိုးရာကိုသာ ရရင် နောင်တစ်ချိန် ကျင့်ကြံခြင်းလမ်းမှာ ပူစရာ မလိုတော့ဘူး။

"အားလုံးပဲ မှားနေပါပြီ တကယ်တော့ ကျုပ်ရဲ့ အသက်က မငယ်တော့ပါဘူး ဓားကျင့်ကြံသူတွေရဲ့ သက်တမ်းက ခင်ဗျားတို့ရဲ့ တစ်ဝက်ပဲ ရှိတာကိုး"

ဖန့်ချန်က သူ့ရဲ့ မျက်နှာပြင်ကို လက်နဲ့ တစ်ချက်သပ်လိုက်ရာ၊ ရုတ်တရက် အိုမင်းရင့်ရော်နေတဲ့ ပုံစံ ပေါ်လာပါတယ်။

လူတိုင်း မှင်သက်သွားပြီး အကြည့်တွေက ထူးဆန်းသွားပါတယ်။

ခုနက ဖန့်ချန်ရဲ့ ငယ်ရွယ်တဲ့ ရုပ်ရည်က တစ်စုံတစ်ခုသော နည်းလမ်းနဲ့ ဖန်တီးထားတဲ့ ပုံရိပ်ယောင်လို့ သူတို့ ထင်သွားကြတာပါ။

အခု မြင်ရတဲ့ အိုမင်းနေတဲ့ ပုံစံကမှ သူ့ရဲ့ တကယ့်ရုပ်ရည်လို့ သူတို့ ယူဆလိုက်ကြပါတယ်။

လွတ်လပ်သောမသေမျိုးတစ်ယောက်အနေနဲ့ သက်တမ်းက အရမ်းရှည်ပါတယ်။ တကယ်လို့ သက်တမ်းကုန်ခါနီး မဟုတ်ရင်တော့ အခုလို အိုမင်းတဲ့ပုံစံ ပေါ်လာဖို့ ခဲယဉ်းပါတယ်။

ဖန့်ချန်က ပြုံးလိုက်ပြီး မျက်နှာကို ပြန်သပ်ကာ ငယ်ရွယ်တဲ့ပုံစံ ပြန်ပြောင်းလိုက်ပါတယ်။

အဲဒီနောက်မှာတော့ ဌာနမှူးတွေက ဖန့်ချန်ကို လူငယ်တစ်ယောက်လို သဘောမထားတော့ဘဲ သူတို့နဲ့ သက်တူရွယ်တူ ပုဂ္ဂိုလ်ကြီးတစ်ယောက်လိုပဲ ဆက်ဆံကြပါတော့တယ်။

ဌာနမှူးမော့ကလည်း ဆက်ပြီး ရန်မစတော့ပါဘူး။

ဖန့်ချန်ကို သက်တမ်းကုန်ခါနီး လူတစ်ယောက်လို့ ထင်သွားတာကြောင့် ရန်ငြိုးဖွဲ့နေဖို့ မထိုက်တန်တော့ဘူးလို့ ယူဆလိုက်ပုံရပါတယ်။

"ဒါနဲ့... ပြီးခဲ့တဲ့ရက်ပိုင်းက ကျုပ် ကြားလိုက်တာတော့ နတ်ဘုံဆွေးနွေးပွဲ တစ်ခု ရှိတယ်တဲ့ အဲဒီမှာ ရတနာတွေ၊ နတ်ဆေးလုံးတွေကို ရောင်းချမှာဖြစ်သလို၊ တချို့ကလည်း အထွတ်ထိပ် ဝိညာဥ်ကျောက်တုံး တွေကို လဲလှယ်ပြီး ရှေးဟောင်း ဝိညာဉ်စွမ်းအင်တွေကို လေ့လာကြဦးမယ်တဲ့"

"ဟင် အဲဒီပွဲက ဘယ်မှာ ကျင်းပမှာလဲ ဘယ်သူက ဦးဆောင်တာလဲ ဘေးကင်းရဲ့လား "

"ဘေးကင်းပါတယ် ရှေးဟောင်းနယ်မြေ မှာ ကျင်းပမှာ ကြားတာတော့ တဟွမ်မသေမျိုး ကိုယ်တိုင် ဦးဆောင်မှာတဲ့"

"တဟွမ်မသေမျိုးလား ဒီလူကတော့ ယုံကြည်ရပါတယ် အားရင်တော့ ကျုပ်လည်း သွားကြည့်ဦးမယ် ကံကောင်းရင် ရတနာ တစ်ခုခုများ ရလာမလားလို့"

"ရတနာ စိတ်ကူးမယဉ်စမ်းပါနဲ့ တကယ့် ရတနာဆိုရင်တော့ အဲဒီ မသေမျိုးကြီးတွေပဲ လုကြမှာ၊ ကျုပ်တို့အလှည့် မဟုတ်ပါဘူး"

"ဘာဖြစ်လဲ တချို့ ပျက်စီးနေတဲ့ ရတနာတွေကို အဲဒီ မသေမျိုးကြီးတွေက မျက်စိကျချင်မှ ကျမှာပါ ကျုပ်တို့အတွက်တော့ တန်ဖိုးရှိတာပေါ့ ပြီးတော့ နတ်ရေစက် ပါလာရင် မသေမျိုးကြီးတွေတောင် ကျုပ်ဆီကနေ လုလို့ ရမှာ မဟုတ်ဘူး"

ဖန့်ချန်က သူတို့ ပြောနေတာတွေကို နားထောင်ရင်း စဉ်းစားနေပါတယ်။

သူ့မှာ နဂါးအိုကြီး ပေးထားတဲ့ အထွတ်ထိပ်ဝိညာဥ်ကျောက်တုံး တစ်တုံး ရှိပါတယ်။

အဲဒီထဲမှာ အပြာရောင်မိုးကြိုး စွမ်းအင်တွေ သိုလှောင်ထားပြီး အဲဒါက ရှေးဟောင်း ဝိညာဉ်စွမ်းအင် တစ်မျိုးပါပဲ။

အခုခေတ်မှာတော့ ဒါမျိုးက မရှိတော့ပါဘူး။

မိုးကြိုးနတ်သားရဲ ချင်း ရဲ့ အသိအမှတ်ပြုမှုကို ရထားတဲ့ ဖန့်ချန်မှသာ ဒီစွမ်းအင်ကို သုံးနိုင်တာပါ။

တကယ်လို့ ဒီဆွေးနွေးပွဲမှာ အထွတ်ထိပ်ဝိညာဥ် ကျောက်တုံးတွေကို လဲလှယ်ကြမယ်ဆိုရင် သူ သွားသင့်ပါတယ်။

လဲလှယ်လိုက်တဲ့ ကျောက်တုံးတွေထဲမှာ မဟာကောင်းကင်အရှင် ဆေးကျမ်း ထဲက ထူးခြားတဲ့ ဝိညာဉ်စွမ်းအင် ၉၉ မျိုးထဲက တစ်မျိုးမျိုး ပါနေနိုင်လို့ပါ။

သူတို့ပြောနေတဲ့ မသေမျိုး တွေနဲ့ ကျိထျန်းတု ပြောခဲ့တဲ့ တူးယွဲ့မသေမျိုး တွေဆိုတာ အဆင့် ၃ ထက် မြင့်တဲ့ လွတ်လပ်သောမသေမျိုးတွေကို ခေါ်တဲ့ ဂုဏ်ပုဒ်တွေပါ။

ယွီရွှီဂြိုဟ်က တန့်ဌာနမှူးလို အဆင့် ၄ ကိုယ်ခန္ဓာစွန့်မသေမျိုး ဆိုရင်လည်း မသေမျိုး လို့ ခေါ်လို့ ရပါတယ်။

"ဖန့်ဌာနမှူး... ဒီဆွေးနွေးပွဲက ရှေးဟောင်းနယ်မြေ မှာဆိုတော့၊ သွားမယ့်သူတွေ အကုန်လုံး ဖန့်ဌာနမှူးနဲ့အတူ တူတူသွားကြရင် မကောင်းဘူးလား ကျုပ်တို့က ဝိညာဥ်သိုင်းနယ်မြေမှာပဲ နေတာများတော့ ရှေးဟောင်းနယ်မြေအကြောင်း သိပ်မသိကြဘူး ဒီကလူတွေထဲမှာ ဖန့်ဌာနမှူးနဲ့ ဖူယွမ်ကျူး နှစ်ယောက်ပဲ အဲဒီနယ်မြေအကြောင်း နှံ့နှံ့စပ်စပ် သိတာလေ"

"ရပါတယ်၊ ကျုပ်လည်း အဲဒီပွဲကို စိတ်ဝင်စားနေတာပဲ အဲဒီအချိန်ကျရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ တူတူ သွားကြတာပေါ့"

ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်လိုက်ပါတယ်။

ဒီလူတွေရဲ့ စကားက သူ့ကို အချက်တစ်ခု သတိပေးလိုက်သလိုပါပဲ။

သူက ဖူယွမ်ကျူးဘက်ကို လှည့်ပြီး စိတ်ချင်းဆက်သွယ်ကာ မေးလိုက်တယ်

"ကျုပ် ဒီဖန်တီးရှင်ဂြိုဟ်ရဲ့ ဌာနမှူးရာထူးကို ယူလိုက်တာ ပြဿနာရှိနိုင်မလား "

ဟွမ်ချင်းကျွဲက ဝိညာဥ်သိုင်းနယ်မြေက လာတာဖြစ်ပြီး ဒီက ဌာနမှူးတွေ အားလုံးနီးပါးကလည်း ဝိညာဥ်သိုင်းနယ်မြေက လူတွေချည်းပါပဲ။

ဖူယွမ်ကျူးနဲ့ ဖန့်ချန်ပဲ အဆင့်အတန်းက ထူးခြားနေတာပါ။

"ပြဿနာတော့ အနည်းငယ် ရှိနိုင်တယ်၊ ဒါပေမဲ့... သိပ်တော့ မစိုးရိမ်ရပါဘူး အခု ခင်ဗျားရော ကျုပ်ရောက ဟွမ်ချင်းကျွဲရဲ့ လူယုံတွေ ဖြစ်နေပြီ ဟွမ်ချင်းကျွဲက ခင်ဗျားကို ဖန်တီးရှင်ဂြိုဟ်ရဲ့ ဌာနမှူးအဖြစ် ခန့်လိုက်တာက လုပ်ပိုင်ခွင့်အရ ဆိုရင်တော့ သူက သူ့ထက်မြင့်တဲ့သူရဲ့ အာဏာကို ကျော်သုံးလိုက်တာပဲ"

"ဒါပေမဲ့ ဖန်တီးရှင်ဂြိုဟ်ရဲ့ အရင်ဌာနမှူးက တာဝန်မကျေခဲ့သလို၊ သူ့ရဲ့ အထက်လူကြီးကလည်း ဒီကိစ္စတွေကို မသိချင်ယောင်ဆောင်ပြီး ပြဿနာထဲ မပါချင်ဘူး အခု ခင်ဗျား ဒီရာထူးကို ယူလိုက်တာက အဲဒီအထက်လူကြီးရဲ့ သဘောထားကို စမ်းသပ်ကြည့်ဖို့ အကောင်းဆုံးပဲ"

ဖူယွမ်ကျူးက စိတ်ချင်းဆက်သွယ်ပြီး ပြန်ပြောပါတယ်။

"ခင်ဗျား မြေဝက်ဝံဂြိုဟ်ကို သွားခဲ့တာကလည်း အဲဒီလူရဲ့ သဘောထားကို စမ်းဖို့ပဲ မဟုတ်လားကြည့်ရတာ သူက ဖန်တီးရှင်ဂြိုဟ်ရဲ့ ကိစ္စတွေကို တကယ်ပဲ စိတ်မဝင်စားတာ ထင်တယ်"

"အဲဒါက ကျုပ်ရဲ့ ကျင့်ကြံမှု နိမ့်နေလို့ သူက အရေးမလုပ်တာလည်း ဖြစ်နိုင်တယ် ဒါပေမဲ့ ဒီတစ်ခေါက်တော့ မတူတော့ဘူး"

ဖူယွမ်ကျူးက ဖန့်ချန်ကို လေးနက်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်။

All Chapters