အခန်း (၁၁၅၃-၁၁၅၄)
Vol. 116 Ch. 1153-1154
အခန်း (၁၁၅၃) မင်းမှာ ဘာသက်သေရှိလဲ
ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းတွင် ဝမ်ချုံစန်း၏ ထိုလောကရှိ ကိုယ်ပွား ပျက်စီးသွားသည့် ထိုအချိန်ကတည်းက ဓားဂိုဏ်းအတွင်း၌ သူထားခဲ့သည့် အသက်ဓာတ်မီးအိမ် မှာ ငြိမ်းသတ်သွားခဲ့ပြီဖြစ်သည်။
ဂိုဏ်းချုပ်ဖြစ်သူမှာ အကြောင်းရင်းမရှိဘဲ သေဆုံးသွားခြင်းက ဓားဂိုဏ်း၏ အထက်ပိုင်းခေါင်းဆောင်များကို အလွန်အမင်း အမျက်ထွက်စေခဲ့သည်။
သူတို့သည် သက်ဆိုင်ရာ အဆက်အသွယ်များမှတစ်ဆင့် ဂိုဏ်းဝင်တပည့်များကို စေလွှတ်၍ ဝမ်ချုံစန်း သေဆုံးရသည့် လျှို့ဝှက်ချက်ကို စုံစမ်းခိုင်းခဲ့ကြသည်။
တဖြည်းဖြည်းနှင့် ဓားဂိုဏ်းသည် အရပ်ရပ်မှ သတင်းမျိုးစုံကို လက်ခံရရှိခဲ့သော်လည်း ထိုသတင်းများအားလုံး၏ ဆိုလိုရင်းမှာ အတူတူပင် ဖြစ်နေသည်။
ယနေ့တွင် တောင်ထိပ်အသီးသီးမှ တောင်ထိပ်သခင်များ၊ ပညာသင်ကြားရေးခန်းမမှ အကြီးအကဲများနှင့် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့သော မသေမျိုး ဘိုးဘေးနှစ်ဦးတို့သည် ဂိုဏ်းချုပ်ခန်းမဆောင်ကြီးတွင် စုံညီစွာ စုဝေးနေကြသည်။
ကျိကျန့်တောင်ထိပ်သခင် ကျန်းလင် က ခန်းမထဲရှိ လူများကို အကဲခတ်ကြည့်လိုက်သည်။
လူတိုင်း၏ အမူအရာမှာ လေးနက်နေပြီး မျက်မှောင်ကြုတ်ကာ တစ်ခါတစ်ရံ တံခါးဝသို့ လှမ်းကြည့်နေကြသည်။
တစ်စုံတစ်ယောက်ကို စောင့်နေကြပုံရသည်။
သူမက ဝမ်ကျန်းလုံ ကို လှည့်ကြည့်လိုက်သည်။
သူသည် ဟင်းလင်ပြင်ထာဝရဓားဂိုဏ်း၏ တစ်ဦးတည်းသော မသေမျိုးဘုရင် ဖြစ်ပြီး၊ ယခုအခါတွင်မူ သူ၏ အမူအရာမှာ အလွန်အေးစက်နေကာ မျက်နှာတွင် မည်သည့်ခံစားချက်မှ ဖော်ပြခြင်းမရှိပေ။
သူ ဘာတွေးနေသလဲဆိုသည်ကို မည်သူမှ ခန့်မှန်း၍မရချေ။
သို့သော် သူမ ခန့်မှန်းနိုင်သည်မှာ ဝမ်ကျန်းလုံ၏ ရင်ထဲတွင် တကယ့်ကို အကြိတ်အနယ် ရုန်းကန်နေရမည် ဖြစ်ကြောင်းပင်။
ခန်းမဆောင်၏ ထောင့်တစ်နေရာတွင်မူ ဖန့်ချန်နှင့် ရင်းနှီးသော ကျိကျန့်တောင်ထိပ်မှ တပည့်များဖြစ်သည့် လန်ယာဝင်ချိုး ၊ ကျင်ရွှီ နှင့် ကျင်ယွဲ့ဟန် မောင်နှမနှစ်ယောက်တို့ ရပ်နေကြသည်။
"ဝမ်အကြီးအကဲကြီး... ဖန့်ဓားဦးဆောင်သူ ရောက်လာပါပြီ"
တစ်စုံတစ်ယောက်က ခန်းမထဲသို့ဝင်၍ သတင်းပို့လိုက်သည်။
လူတိုင်း စိတ်လှုပ်ရှားသွားကြပြီးနောက် ဖန့်ချန် ခန်းမထဲသို့ လျှောက်ဝင်လာသည်ကို မြင်လိုက်ကြရသည်။
သူတို့၏ အကြည့်များမှာ ဖန့်ချန်နှင့်အတူ လိုက်ပါသွားကြသည်။
ဝမ်ကျန်းလုံ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး ဖန့်ချန်ကို ခေါင်းညိတ်ပြလိုက်သည်
"ပြန်လာပြီလား၊ မင်းရဲ့ မိန်းကလေးရော "
ကျင်ယွဲ့ဟန်သည် နတ်သမီးယွီ က ဖန့်ချန်နှင့်အတူ ပြန်မပါလာသည်ကို မြင်သောအခါ မျက်လုံးထဲတွင် သံသယများ ဖြတ်ပြေးသွားသည်။
"ရှောင်ယွီရဲ့ ခန္ဓာကိုယ်ထဲက ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသား က မပြေပျောက်သေးပါဘူး အခုတော့ သူက ဘေးကင်းတဲ့ နေရာတစ်ခုမှာ ရှိနေပါတယ် တပည့်က အဲဒီ မိစ္ဆာသန္ဓေသား က ပေးမယ့် အန္တရာယ်တွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေနေပါတယ်"
ဖန့်ချန်က လက်အုပ်ချီ၍ ဆိုလိုက်သည်။
လူတိုင်း မှင်တက်သွားကြပြီး အမူအရာများမှာ ပို၍ ထူးဆန်းလာကြသည်။
ကျင်ယွဲ့ဟန်မှာ ဇဝေဇဝါ ဖြစ်သွားသည်။
မိစ္ဆာသန္ဓေသားက မပြေပျောက်သေးဘူးလား ဒါဆိုရင် အရင်တုန်းက ပြန်လာခဲ့တဲ့ နတ်သမီးယွီ က... ဘယ်လို အခြေအနေမျိုးလဲ
ဝမ်ကျန်းလုံက အသာအယာ ခေါင်းညိတ်လိုက်သည်
"ဒီနှစ်တွေအတွင်း မင်း ဓားဂိုဏ်းမှာ မရှိဘဲ နေရာအနှံ့ လှည့်လည်သွားလာနေတဲ့အချိန်မှာ ဂိုဏ်းချုပ်ကို တွေ့ခဲ့သေးလား "
"တွေ့ခဲ့ပါတယ်"
ဖန့်ချန်က ခေါင်းညိတ်ပြသည်
"နတ်မိစ္ဆာပင်လယ် ဘက်မှာပါ"
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အမူအရာများ ပို၍ လေးနက်လာသည်။
သူတို့ ရရှိထားတဲ့ သတင်းအရ ဝမ်ချုံစန်းသည် နတ်မိစ္ဆာပင်လယ်တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ သူ့ကို သတ်လိုက်သူမှာ... ရှေ့က ဖန့်ဓားဦးဆောင်သူ ပင် ဖြစ်သည်။
မုတ်ဆိတ်ရှည် ဓားကျင့်ကြံသူက ရှေ့ဆုံးမှ မအောင့်နိုင်ဘဲ အော်ဟစ်မေးမြန်းလိုက်တော့သည်
"ဖန့်ဓားဦးဆောင်သူ... ဂိုဏ်းချုပ်ရဲ့ အသက်ဓာတ်မီးအိမ်က ငြိမ်းသွားပြီ တစ်ချို့က သူဟာ နတ်မိစ္ဆာပင်လယ်ထဲမှာ မင်းရဲ့ လက်ချက်နဲ့ သေခဲ့ရတယ်လို့ ပြောကြတယ် ဒီကိစ္စကို မင်း ဘယ်လို ပြောမလဲ "
"ငါ့မှာ ဒီသားတစ်ယောက်ပဲ ရှိတာ သူ အသက်ရှင်နေလား၊ သေသွားပြီလား၊ တကယ်လို့ သေသွားပြီဆိုရင် ဘယ်လိုကြောင့် သေတာလဲဆိုတာကို ငါ ဝေဝေဝါးဝါးနဲ့ လက်မခံနိုင်ဘူး"
ဝမ်ကျန်းလုံက သက်ပြင်းချလိုက်သည်။
"အကြီးအကဲတို့... ဖန့်စီနီယာက ဂိုဏ်းချုပ်ကို သတ်စရာ အကြောင်းပြချက် မရှိပါဘူး အကြီးအကဲတို့ ရထားတဲ့ သတင်းတွေက အခြေအနေကို ရှုပ်ထွေးအောင်လုပ်ပြီး သွေးခွဲချင်လို့ ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာလည်း ဖြစ်နိုင်ပါတယ်"
လန်ယာဝင်ချိုးက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
"ဒီမှာ မင်း စကားပြောစရာ မလိုဘူး"
ကျန်းလင်က သူမကို တစ်ချက် ကြည့်လိုက်သည်။
လန်ယာဝင်ချိုးက မှင်တက်သွားသော်လည်း သတ္တိမွေး၍ ဆက်ပြောသည်
"ဒီနေ့ အကြီးအကဲတို့က ကျမတို့ကို ဒီကို ခေါ်လာတာဟာ ဖန့်စီနီယာအပေါ် ကျမတို့ရဲ့ အမြင်ကို မေးချင်လို့ မဟုတ်လား ကျမတို့ ခုနက ပြောခဲ့သလိုပါပဲ၊ ဖန့်စီနီယာက ဂိုဏ်းချုပ်ကို ဘယ်တော့မှ လက်မပါပါဘူး သူက အဲဒီလိုလူမျိုး မဟုတ်ပါဘူး ဒါက သူ့အတွက်ရော ဘာအကျိုးထူးမှာ မို့လို့လဲ "
ဟုတ်သားပဲ... ဘာအကျိုးထူးမှာ မို့လို့လဲ
လူတိုင်းက မသိစိတ်ဖြင့် ခေါင်းညိတ်မိကြသည်။
ဖန့်ချန်၏ အဆင့်အတန်းနှင့် ပါရမီအရဆိုလျှင် နောင်တစ်ချိန် ဟင်းလင်ပြင်ထာဝရဓားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာဖို့နေနေသာသာ၊ ဝမ်အကြီးအကဲကြီးကဲ့သို့သော တည်ရှိမှုမျိုး ဖြစ်လာဖို့ဆိုတာ အနှေးနဲ့အမြန် ကိစ္စသာဖြစ်သည်။
သူက ဘာအကြောင်းပြချက်နဲ့ ဝမ်ချုံစန်းကို သတ်ရမှာလဲ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်း၏ အထက်အောက်မှာ အမြဲတမ်း စည်းလုံးညီညွတ်ကြပြီး အတွင်းရေးတိုက်ပွဲဆိုသည်မှာ အလွန်နည်းပါးလှသည်။
ဝမ်ချုံစန်းကလည်း ဖန့်ချန်ကို တစ်ခါမှ ဖိနှိပ်ခဲ့ဖူးခြင်း မရှိပေ။
၎င်းအပြင် သူတို့နှစ်ဦးမှာ ရန်ငြိုးမရှိသည့်အပြင် အရင်တုန်းက ဖန့်ချန်အတွက် ဝမ်ချုံစန်းက လူတွေကိုဦးဆောင်ပြီး မဟာချဲ့ထွင်းဂိုဏ်း အထိ သွားတိုက်ခိုက်ပေးပြီး ဖန့်ချန်အတွက် လက်စားချေပေးခဲ့သေးသည်။
"ဝမ်ချုံစန်းက... အတိအကျ ပြောရရင် သူ သေမသွားသေးပါဘူး"
လူတိုင်း မှင်တက်သွားပြီး ဖန့်ချန်ကို ကြည့်လိုက်ကြသည်။
ဤစကားထဲတွင်... ဖုံးကွယ်ထားသည့် အဓိပ္ပာယ်မှာ အလွန် ထင်ရှားနေပြီဖြစ်သည်။
"တကယ်ပဲ... ဖန့်စီနီယာက သတ်လိုက်တာလား"
လန်ယာဝင်ချိုး၏ အမူအရာမှာ ဇဝေဇဝါ ဖြစ်သွားသည်။
ဝမ်ကျန်းလုံ၏ ကိုယ်မှာ ယိမ်းယိုင်သွားပြီး သူ၏ အကြည့်ထဲတွင် စိတ်ပျက်မှု၊ နွမ်းလျမှုနှင့် ဒေါသအရိပ်အယောင် အနည်းငယ် ပေါ်လာသည်။
သို့သော် သူ လက်မပါခဲ့ပေ။
ယနေ့ ဖန့်ချန်က ထိုနေရာကို လာရဲသည်မှာ၊ သူ့ကို ရင်ဆိုင်ရဲသည်မှာ သေချာပေါက် ကြိုတင်ပြင်ဆင်မှုများ ရှိရမည်ဖြစ်သည်။
ဖြစ်နိုင်သည်မှာ... တောရိုင်းကျောင်းတော် က ထိုလူကြီးသည်ပင် တံခါးအပြင်ဘက်မှာ ရှိနေနိုင်ပေသည်။
"ဖန့်ချန်... ဂိုဏ်းချုပ်က တကယ်ပဲ မင်းရဲ့ လက်ချက်နဲ့ သေခဲ့တာလား "
မုတ်ဆိတ်ရှည် ဓားကျင့်ကြံသူက ဒေါသတကြီး
"ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းက မင်းကို ဘာများ ကပ်စေးနှဲခဲ့လို့လဲ မင်းက ဝမ်အကြီးအကဲကြီးရဲ့ တပည့်ပဲ၊ ပြောရရင် ဂိုဏ်းချုပ်နဲ့က ညီအစ်ကိုတွေပဲ မဟုတ်လား မင်း ဘာလို့ သူ့ကို သတ်ရတာလဲ "
ဖန့်ချန်က ဝမ်ကျန်းလုံကို ကြည့်လိုက်သည်။
နှစ်ဦးသား၏ အကြည့်များ ဆုံသွားကြသည်။
တစ်ဖက်က ပွင့်လင်းနေပြီး၊ တစ်ဖက်ကတော့ ရှုပ်ထွေးနေသည်။
"ဝမ်ချုန်းစန်းက ဝိညာဉ်နတ်ဘုရားဂိုဏ်း ရဲ့ ကျင့်ကြံသူပါ"
ဖန့်ချန်က ဆိုသည်။
လူတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ငါတို့ရဲ့ ဂိုဏ်းချုပ်က ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ ကျင့်ကြံသူ ဟုတ်လား
"အခြေအမြစ်မရှိတဲ့ စကားတွေပဲ"
မုတ်ဆိတ်ရှည် ဓားကျင့်ကြံသူက ဒေါသထွက်လွန်း၍ ရယ်မောလိုက်သည်
"အရင်တုန်းက ချင်ဟော့ချိန် ကိုလည်း မင်းက ဝိညာဉ်နတ်ဘုရားဂိုဏ်းကလူလို့ ပြောပြီး သတ်ခဲ့တာပဲ အခုကျတော့ ဂိုဏ်းချုပ်ကိုပါ အဲဒီလို ထပ်ပြောပြန်ပြီလား"
"မင်းက ကျုပ်တို့အားလုံးကိုပါ ဝိညာဉ်နတ်ဘုရားဂိုဏ်းသားတွေလို့ ပြောလိုက်ပါလား ပြီးရင် ကျုပ်တို့အားလုံးကို သတ်လိုက်ပေါ့ ဒီဟင်းလင်ပြင်ထာဝရဓားဂိုဏ်းကို မင်း တစ်ယောက်တည်းပဲ အုပ်ချုပ်တော့လေ"
"ဒီအကြောင်းပြချက်က လူတွေကို ယုံကြည်လာအောင် လုပ်ဖို့ မလုံလောက်ဘူး"
တောင်ထိပ်သခင် တစ်ဦးက တွေးတောရင်း ဆိုလိုက်သည်
"ဂိုဏ်းချုပ်က တကယ်ပဲ ဝိညာဉ်နတ်ဘုရားဂိုဏ်းသား ဖြစ်နေရင်တောင် မင်းမှာ သူ့ကိုသတ်ဖို့ အကြောင်းမရှိဘူး ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ဝမ်အကြီးအကဲကြီးကို အရင် မေးရဦးမှာပေါ့"
"မင်း ခုနက ပြောတာ... ငါ့သားက မသေသေးဘူးဆိုတာ ဘာကို ဆိုလိုတာလဲ သူ့ရဲ့ အသက်ဓာတ်မီးအိမ်က ငြိမ်းသွားပြီလေ၊ ပုံမှန်ဆိုရင်တော့ အပြီးတိုင် သေသွားပြီပေါ့"
ဝမ်ကျန်းလုံက မေးလိုက်သည်။
"ကျိမသေမျိုးဘုရင် ပြောတာတော့... ဝမ်ချုံစန်းမှာ ၃၆ ဆင့် ကိုယ်ပွား တည်ဆောက်ပုံ ရှိတယ်တဲ့ ဒီလောကမှာ သေသွားတာက အဲဒီထဲက တစ်ဆင့်ပဲ ရှိပါသေးတယ် ဒီအချက်ကို နောက်ပိုင်းမှာ ကျုပ် ဟုန်မော့ဂြိုလ် ကို သွားတဲ့အခါမှာလည်း အမှန်ပဲလို့ အတည်ပြုနိုင်ခဲ့တယ် အဲဒီမှာလည်း ဝမ်ချုံစန်း တစ်ယောက် ရှိနေသေးတယ်"
ဖန့်ချန်က ပြုံးလိုက်ပြီး
"တကယ်လို့ သူက ဝိညာဉ်နတ်ဘုရားဂိုဏ်းသား သက်သက်ပဲဆိုရင် ကျုပ် ဆရာ့ကို အရင်ဆုံး တင်ပြပြီး ဘယ်လို ကိုင်တွယ်မလဲဆိုတာ မေးမှာပါ ဒါပေမဲ့ ရှောင်ယွီရဲ့ ကိုယ်ထဲက မိစ္ဆာသန္ဓေသား ကို သူကပဲ စိုက်ပျိုးခဲ့တာ"
"ဒီတစ်ခေါက်မှာလည်း သူက ရှောင်ယွီနဲ့ ပူးပေါင်းပြီး ကျုပ်ကို ရန်သူ့ထောင်ချောက်ထဲ ဆွဲခေါ်ဖို့ ကြိုးစားခဲ့တယ် ဒီတော့... သူ့ရဲ့ ဒီ ကိုယ်ပွားတည်ဆောက်ပုံ တစ်ဆင့်ကို ဖျက်ဆီးပစ်ဖို့ ကျုပ်မှာ ဘာအကြောင်းပြချက် မရှိဘဲ နေပါ့မလဲ "
လူတိုင်းမှာ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။
တစ်ဝက်လောက်ကို နားလည်သလို ရှိသော်လည်း ကျန်တဲ့ အများစုကြီးကိုတော့ လုံးဝ နားမလည်ကြပေ။
ကိုယ်ပွား တည်ဆောက်ပုံ ဟုန်မော့ဂြိုဟ်
မိစ္ဆာသန္ဓေသား
"မင်း ဆိုလိုတာက... ငါ့သားက ငါ့သား မဟုတ်ဘူး ဆိုတာလား "
ဝမ်ကျန်းလုံက မျက်မှောင်ကြုတ်လိုက်သည်။
"မသိဘူး"
ဖန့်ချန်က ခေါင်းခါပြသည်။
ဝမ်ချုံစန်းက ဘယ်လိုနည်းလမ်းကို သုံးခဲ့သလဲဆိုတာ သူလည်း မသိသလို၊ ၃၆ ဆင့်သော ကိုယ်ပွားတည်ဆောက်ပုံဆိုသည်မှာ ဘယ်လိုမျိုး အစွမ်းမျိုးလဲဆိုတာကိုလည်း မသိပေ။
ကိုယ်ပွားလား ပြန်လည်မွေးဖွားခြင်းလား
"ဒါတွေအားလုံးက မင်းရဲ့ တစ်ဖက်သတ် စကားတွေပဲ ဒါပေမဲ့ မင်းကိုယ်တိုင်ပဲ ဂိုဏ်းချုပ်က မင်းလက်ချက်နဲ့ သေတယ်လို့ ဝန်ခံထားတာပဲ၊ ဂိုဏ်းချုပ်နဲ့ မိစ္ဆာသန္ဓေသား ပတ်သက်နေတယ်ဆိုတာကိုတော့ မင်း သက်သေမပြနိုင်ဘူး"
မုတ်ဆိတ်ရှည် ဓားကျင့်ကြံသူက လေးနက်စွာ ဆိုလိုက်သည်
"မင်း ကျုပ်တို့ကို ရှင်းပြချက် ပေးရမယ်၊ ဓားဂိုဏ်းကို ရှင်းပြချက် ပေးရမယ်"
"မိစ္ဆာသန္ဓေသား ကိစ္စရဲ့ အသေးစိတ်ကို ကျုပ် အကုန်လုံးနီးပါး သိထားပြီးပါပြီ ချင်ဟော့ချိန် တစ်ယောက်တည်းနဲ့တော့ မိစ္ဆာသန္ဓေသားကို စိုက်ပျိုးဖို့ မလုံလောက်ပါဘူး ကျိကျန့်တောင်ထိပ်မှာ ဝမ်ချုံစန်းကို ကူညီပြီး ဒါကို ကြံစည်ပေးခဲ့တဲ့လူ တစ်ယောက် ရှိနေသေးတယ်"
ဖန့်ချန်က ဆိုသည်။
"မင်းမှာ... ဘာသက်သေရှိလဲ "
ကျန်းလင်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"ချင်ဟော့ချိန်ကိုပဲ ပြောခိုင်းလိုက်တာပေါ့"
ဖန့်ချန်က ပြုံး၍ ခြေထောက်ကို အသာအယာ ဆောင့်လိုက်သည်။
လူတိုင်း မှင်တက်သွားကြသည်။
သေသွားတဲ့လူကို ပြောခိုင်းမယ် ဟုတ်လား သေသွားတဲ့လူက ဘယ်လိုလုပ်ပြီး ပါးစပ်ဟမှာလဲ
သူတို့ ကြောင်အမ်းနေစဉ်မှာပင်၊ မီးခိုးငွေ့အချို့က ဖန့်ချန်၏ ဘေးနားတွင် ဝဲလည်ပတ်လျက် ရှိလာပြီး၊ ခဏအကြာတွင် လူတိုင်း ရင်းနှီးလှသော ပုံရိပ်တစ်ခု အဖြစ် ပြောင်းလဲသွားတော့သည်။
"ချင်စီနီယာ "
လန်ယာဝင်ချိုးတို့မှာ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ချင်ဟော့ချိန်၏ မျက်နှာမှာ ဖြူဖျော့နေပြီး၊ အနည်းငယ် နောင်တရသော အမူအရာဖြင့် ဝမ်ကျန်းလုံကို လက်အုပ်ချီ အရိုအသေ ပေးလိုက်သည်
"တပည့်... ဝမ်အကြီးအကဲကြီးကို ဂါရဝပြုပါတယ်"
အခန်း (၁၁၅၄) ငါ သူ့ကို ဓားနဲ့ တစ်ချက်တည်း ထိုးသတ်ချင်တယ်
"ချင်ဟော့ချိန်... မင်း သေသွားပြီ မဟုတ်လား"
မုတ်ဆိတ်ရှည် ဓားကျင့်ကြံသူမှာ မှင်တက်သွားပြီး အမြန်ပင် ရှေ့တိုးကာ ချင်ဟော့ချိန်ကို အပေါ်အောက် အကဲခတ်ကြည့်သည်၊ ထို့နောက် လက်လှမ်း၍ သူ၏ လက်မောင်းကိုပင် ဆွဲညှစ်ကြည့်လိုက်သေးသည်။
ကြည့်ရသည်မှာ... အသွေးအသားရှိနေသလိုပဲ
လက်ဖျားတွင် ထိတွေ့လိုက်ရသည့် အေးစက်စက် အာရုံမှအပ ကျန်သည်မှာ လူရှင်တစ်ယောက်နှင့် မခြားနားလှပေ။
"တစ်ယောက်ယောက်က ချင်စီနီယာ့အသွင် ဟန်ဆောင်နေတာလား "
"ချင်စီနီယာ့ရဲ့ အသက်ဓာတ်မီးအိမ်ကတော့... တကယ်ပဲ ငြိမ်းသွားခဲ့တာပါ"
ဝမ်ကျန်းလုံသည် ချင်ဟော့ချိန်ကို အသေအချာ စိုက်ကြည့်နေပြီးမှ ရုတ်တရက် မေးလိုက်သည်
"အရင်တုန်းက မင်းကို ဓားဂိုဏ်းထဲ ဘယ်သူ ခေါ်လာခဲ့တာလဲ"
"ဂိုဏ်းချုပ်ပါ"
ချင်ဟော့ချိန်က ဖြေသည်။
"ချင်စီနီယာက ဂိုဏ်းချုပ်ကိုယ်တိုင် ခေါ်လာခဲ့တာလား "
ကျင်ယွဲ့ဟန်တို့ လူစုမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့နှင့် ချင်ဟော့ချိန်မှာ အသက်အရွယ် အလှမ်းကွာလှသဖြင့် ချင်ဟော့ချိန် ဂိုဏ်းထဲဝင်လာစဉ်က အသေးစိတ်ကို သူတို့ မသိကြချေ။
"သူ ချင်ဟော့ချိန် အစစ်ပါပဲ"
ဝမ်ကျန်းလုံက လူတိုင်းကို ခေါင်းညိတ်ပြလိုက်ပြီး ဖန့်ချန်ကို တစ်ချက်ကြည့်ကာ အကြည့်များကို ချင်ဟော့ချိန်ထံ ပို့လိုက်သည်
"မင်းသိထားတာတွေကို ပြောပြပါဦး"
"တပည့်က... မူလက ချောင်းဖုန်း နယ်မြေက လူပါ"
ချင်ဟော့ချိန်၏ လေသံမှာ တည်ငြိမ်နေသည်
"ရန်သူတွေရဲ့ လိုက်လံသတ်ဖြတ်တာ ခံနေရတဲ့အချိန်မှာ ကောင်းကင်ဓားဌာန ရဲ့ ဌာနမှူး လီဝူဝမ့် စီနီယာက ကယ်တင်ခဲ့ပြီး ဒီနေရာကို ပို့ပေးခဲ့တာပါ ပြီးတော့ ဂိုဏ်းချုပ်လက်ထဲကို အပ်နှံခဲ့တာပါ"
"အဲဒီအချိန်ကစပြီး တပည့်ဟာ တစ်ဖက်မှာ ဓားဂိုဏ်းရဲ့ ကျင့်ကြံသူဖြစ်သလို တစ်ဖက်မှာလည်း ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ ကျင့်ကြံသူ ဖြစ်လာခဲ့ပါတယ်"
"မင်း အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ"
တောင်ထိပ်သခင်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ချင်ဟော့ချိန်က ဂရုမစိုက်ဘဲ ဆက်ပြောသည်
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂိုဏ်းချုပ်က ကျုပ်ကို ပစ္စည်းတစ်ခု ပေးခဲ့တယ် အဲဒါက ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသား လို့ ပြောပြီး နတ်သမီးယွီ ရဲ့ ကိုယ်ထဲကို အခွင့်သာရင် စိုက်ပျိုးခိုင်းခဲ့တယ်"
"အဲဒီအချိန်က ကျုပ်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ တစ်ယောက်တည်း ဒီပညာရပ်ကို မလုပ်နိုင်လို့ တောင်ထိပ်သခင်နဲ့အတူ ပူးပေါင်းပြီး ရှောင်ယွီ့ကိုယ်ထဲမှာ မိစ္ဆာသန္ဓေသားကို အောင်မြင်စွာ စိုက်ပျိုးခဲ့တာပါ"
"တောင်ထိပ်သခင် "
လူတိုင်းမှာ မသိစိတ်ဖြင့် ကျန်းလင်ကို လှည့်ကြည့်လိုက်ကြသည်။
ကျင်ယွဲ့ဟန်သည် ချင်ဟော့ချိန်ကို မယုံနိုင်စရာကောင်းလောက်အောင် ကြည့်နေမိသည်။
ဤစကားတစ်ခွန်းက ဓားဂိုဏ်းအတွင်းမှာ ဘယ်လောက်အထိ ဂယက်ထသွားစေမလဲဆိုတာ တစ်ဖက်လူ သိပါသလား
ကျန်းလင်သည် ချင်ဟော့ချိန်ကို စိတ်ပျက်လက်ပျက် ကြည့်နေသည်
"မင်း ငါ့ကို တကယ်ပဲ စိတ်ပျက်စေတာပဲ"
"တောင်ထိပ်သခင်... ဖန့်စီနီယာ့ရဲ့ နည်းလမ်းတွေက ခင်ဗျား ထင်ထားတာထက် အများကြီး ပိုပါတယ် သူဟာ ချောင်ဖုန်းနယ်မြေမှာ ဓားကျင့်ကြံသူတွေရဲ့ အဆင့်အတန်းကို... ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအား ရှိပါတယ်"
ချင်ဟော့ချိန်က လေးနက်စွာ ပြောသည်
"မကြာခင်ကတင် လီဝူဝမ့် စီနီယာကြီးတောင် ဖန့်စီနီယာ့ရဲ့ ဓားချက်တစ်ချက်အောက်မှာ ဒဏ်ရာရသွားတာကို ကျုပ် ကိုယ်တိုင်မြင်ခဲ့ရတယ် ခင်ဗျားနဲ့ ကျုပ် ဝိညာဉ်နတ်ဘုရားဂိုဏ်းထဲ ဝင်ခဲ့တာဟာ ချောင်ဖုန်းနယ်မြေက ဓားကျင့်ကြံသူတွေရဲ့ အခြေအနေကို ပြောင်းလဲပေးဖို့ပဲ မဟုတ်လား"
"ဒီနေ့ ကျုပ် ဒီလိုပြောရတာဟာ ကောင်းကင်ဓားဌာနက ခက်ခက်ခဲခဲ တည်ဆောက်ထားရတဲ့ အခြေအနေတွေ တစ်ခဏချင်း ပျက်စီးသွားမှာကို မမြင်ချင်လို့ပါ"
"ဒါ မဖြစ်နိုင်ဘူး "
ကျန်းလင်မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး ဖန့်ချန်ကို ကြည့်နေသည့် အကြည့်များမှာ သံသယနှင့် မယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။
ရှေ့က ဒီမျိုးဆက်သစ်လူငယ်က... ဘယ်လိုလုပ်ပြီး လီဝူဝမ့်ကို ဒဏ်ရာရအောင် လုပ်နိုင်မှာလဲ
သူမသည် ကောင်းကင်ဓားဌာနကနေ လာသူဖြစ်ရာ နှစ်ပေါင်းများစွာအတွင်း လီဝူဝမ့်သည် သူမ၏ စိတ်ထဲတွင် မရှုံးနိမ့်ဖူးသော ဒဏ္ဍာရီတစ်ခုပင် ဖြစ်သည်။
သူသည် ချောင်ဖုန်းနယ်မြေက ဓားကျင့်ကြံသူတွေအတွက် တရားမျှတမှုကို တောင်းဆိုပေးနိုင်တဲ့ ကယ်တင်ရှင် သူတော်စင်ကြီးပါ
ဒီလို သူတော်စင်ကြီးက မျိုးဆက်သစ်လူငယ်တစ်ယောက်ရဲ့ လက်ချက်နဲ့ ဒဏ်ရာရပါ့မလား
သို့သော် သူမသည် ချင်ဟော့ချိန်၏ စရိုက်ကို အလွန်သိသည်။
ချင်ဟော့ချိန်အတွက် ဝိညာဉ်နတ်ဘုရားဂိုဏ်းဆိုသည်မှာ ဘာမှမဟုတ်ဘဲ ကောင်းကင်ဓားဌာနနှင့် ပတ်သက်လာမှသာ ယခုကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို ချတတ်ကြောင်း သူမ သိနေသည်။
ချင်ဟော့ချိန်သည် မျက်တောင်မခတ်ဘဲ ကျန်းလင်ကို စိုက်ကြည့်နေသည်။
လူတိုင်း၏ အကြည့်မှာ ကျန်းလင်ထံသို့ ကျရောက်သွားကြသည်။
သူမ၏ မျက်နှာတွင် အမူအရာအမျိုးမျိုး ပြောင်းလဲနေသည်ကို မြင်သောအခါ သူတို့၏ရင်ထဲမှာ တစ်ခုခုကို သဘောပေါက်သွားကြပြီး အမူအရာများမှာ ပို၍ ဆိုးရွားလာကြသည်။
"ကျမ... နဲ့ ချင်ဟော့ချိန်က တကယ်ပဲ ဝိညာဉ်နတ်ဘုရားဂိုဏ်းသားတွေပါ"
ကျန်းလင်က ဝမ်ကျန်းလုံကို ကြည့်ကာ လက်အုပ်ချီလိုက်သည်
"ဂိုဏ်းချုပ်က ကျမကို တစ်ခါပြောဖူးတယ် တကယ်လို့ သူ့ရဲ့ အသက်ဓာတ်မီးအိမ် ငြိမ်းသွားခဲ့ရင်၊ သူဟာ ဖန့်ချန်ရဲ့ လက်ချက်နဲ့ သေတာပါဆိုပြီး သတင်းဖြန့်ခိုင်းခဲ့တယ် သူ တကယ် ဖန့်ချန်လက်ချက်နဲ့ သေသည်ဖြစ်စေ၊ မသေသည်ဖြစ်စေ... ဒီအညစ်အကြေးကိုတော့ ဖန့်ချန်အပေါ် ဘယ်လိုနည်းနဲ့မဆို ပုံချရမယ်လို့ အမိန့်ပေးခဲ့တယ်"
ဝမ်ကျန်းလုံသည် ကျန်းလင်ကို အတန်ကြာ စိုက်ကြည့်နေပြီးမှ ဖြည်းညှင်းစွာ မျက်လုံးမှိတ်လိုက်သည်။
ထိုခဏ၌ မျက်ရည်စများ ဝေ့သီသွားသလိုပင်။
"ဒါပေမဲ့... ဘာလို့လဲ..."
မုတ်ဆိတ်ရှည် ဓားကျင့်ကြံသူမှာ စကားပင် ထစ်နေတော့သည်။
ချင်ဟော့ချိန်နှင့် ကျန်းလင်တို့၏ စကားထဲမှ အားနည်းချက်ကို ရှာရန် ကြိုးစားရင်း ရုတ်တရက် မျက်လုံးများ တောက်ပလာကာ
"ဝိညာဉ်နတ်ဘုရားဂိုဏ်း ကျုပ်တို့ ပြောနေတာက သွေးဝိညာဉ်ဂိုဏ်းလေ ဒီ ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ ဘာဆိုင်လို့လဲ "
ကျန်းလင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး
"အပြင်လောကမှာတော့ သွေးဝိညာဉ်ဂိုဏ်းဆိုတာ ဝိညာဉ်နတ်ဘုရားဂိုဏ်းပဲ ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတွေဟာ ကမ္ဘာအနှံ့ ပြန့်နှံ့နေပြီး ရံဖန်ရံခါ နာမည်တွေ ပြောင်းတတ်ကြတယ်"
"မင်းတို့က ဝိညာဉ်နတ်ဘုရားဂိုဏ်းသားတွေဆိုရင် ဘာလို့ ဒီလောက်လွယ်လွယ်နဲ့ ဂိုဏ်းကို သစ္စာဖောက်ရတာလဲ "
တစ်စုံတစ်ယောက်က လေးနက်စွာ မေးလိုက်သည်
"မင်းတို့မှာ ဖန့်ချန်ရဲ့ ခြိမ်းခြောက်ခံထားရတဲ့ အားနည်းချက်တစ်ခုခု ရှိနေလို့ ဂိုဏ်းချုပ်အပေါ် အပုပ်ချနေတာလို့လည်း ကျုပ်တို့ ယူဆလို့ရတာပဲ မဟုတ်လား ပြီးတော့ ခုနက ပြောတဲ့ လီဝူဝမ့်ဆိုတာ ဘယ်သူလဲ "
"အချို့ကိစ္စတွေကို စီနီယာတို့ မသိတာက ပိုကောင်းပါလိမ့်မယ် ဘာပဲဖြစ်ဖြစ် ပြောစရာရှိတာ ပြောပြီးပါပြီ"
ကျန်းလင်က ဖန့်ချန်ကို လှည့်ကြည့်လိုက်သည်
"ကျမကို ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ "
"ကောင်းကင်ဓားဌာနက ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းထဲမှာ ဒီလောက်လူအများကြီး ထည့်ထားတာဟာ ဓားနတ်ဘုရားအိုကြီး ကြောင့် ဖြစ်မှာပါ"
ဖန့်ချန်က ပြုံးလိုက်ပြီး
"မင်းတို့ ကောင်းကင်ဓားဌာနက လူတွေ ကျန်သေးရင် အကုန်လုံး ထုတ်ပြလိုက်ပါ"
ကျန်းလင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
နာရီအနည်းငယ် ကြာပြီးနောက်... ဂိုဏ်းချုပ်ခန်းမထဲတွင် ပုံရိပ်ပေါင်း တစ်ရာကျော် ထပ်တိုးလာသည်။
၎င်းတို့မှာ တောင်ထိပ်အသီးသီးမှ ပါရမီရှင်များ ဖြစ်ကြပြီး၊ အလွန်ထူးချွန်သူများ မဟုတ်လျှင်တောင် ချင်ဟော့ချိန်ထက် သိပ်မနိမ့်ကျသူများ ဖြစ်ကြသည်။
ကျင့်ကြံမှု အနိမ့်ဆုံးမှာပင် အလယ်ပိုင်းသုံးဆင့်ထဲမှ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ဖြစ်သည်။
သူတို့သည် တည်ငြိမ်သောအမူအရာဖြင့် ဖန့်ချန်ကို ရန်လိုသော အကြည့်များဖြင့် ကြည့်နေကြသည်။
မုတ်ဆိတ်ရှည် ဓားကျင့်ကြံသူတို့ လူစုမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မှင်တက်နေကြသည်။
မိမိတို့အိမ်ထဲမှာ သူလျှိုတွေ ဒီလောက်တောင် များနေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
ကောင်းကင်ဓားဌာန ဤစကားလုံး သုံးလုံးမှာ သူတို့၏ ဦးနှောက်ထဲတွင် စွဲထင်သွားတော့သည်။
"မင်းတို့ ပြန်လို့ရပါပြီ လီဝူဝမ့်က ဒီမှာ နယ်ရုပ်လေးတွေ ထားဦးမှာပါ ငါ့ကိုယ်စား စကားတစ်ခွန်း ပါးလိုက်ပါ... ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းတာထက်၊ ငါနဲ့ ပူးပေါင်းတာက ပိုကောင်းလိမ့်မယ်လို့"
ဖန့်ချန်က အေးဆေးစွာ ပြောလိုက်သည်။
ဒီအတိုင်း သွားခွင့်ပြုလိုက်တာလား
လူတိုင်းမှာ မှင်တက်သွားကြသည်။
ယနေ့ သူတို့အတွက် သေလမ်းပဲ ရှိတော့မည်ဟု ထင်ထားသော်လည်း တစ်ဖက်လူက သူတို့ အသက်ကို နှုတ်ရန် စိတ်ကူးမရှိကြောင်း တွေ့လိုက်ရသည်။
"အားလုံးပဲ... မြန်မြန် သွားကြတော့"
ချင်ဟော့ချိန်က လက်ဝေ့ယမ်းပြလိုက်သည်။
"မင်းလည်း ငါတို့နဲ့ လိုက်ခဲ့လေ"
ကျန်းလင်က ချင်ဟော့ချိန်ကို ကြည့်ကာ ပြောသည်။
"ကျုပ်ကတော့... သွားလို့ မရတော့ဘူး"
ချင်ဟော့ချိန်က ခါးသီးစွာ ပြုံးလျက် ခေါင်းခါပြသည်
"တောင်ထိပ်သခင် မြန်မြန်သွားပါ ဖန့်စီနီယာ့ရဲ့ စကားကိုလည်း ပါးပေးလိုက်ပါဦး ဖြစ်နိုင်ရင်... ဝိညာဉ်နတ်ဘုရားဂိုဏ်းဟာ ကျုပ်တို့ ဒီမှာ ပူးပေါင်းလို့ရမယ့် တစ်ခုတည်းသော မိတ်ဖက် မဟုတ်နိုင်ဘူး ဆိုတာကိုပေါ့"
"ဝိညာဉ်နတ်ဘုရားဂိုဏ်းကလွဲလို့ တခြားဘယ်သူကများ ဒီလောက် အချိန်တိုအတွင်းမှာ ချောင်ဖုန်းနယ်မြေက ဓားကျင့်ကြံသူတွေရဲ့ အခြေအနေကို ပြောင်းလဲပေးနိုင်မှာလဲ "
ကျန်းလင်က နှာခေါင်းရှုံ့လိုက်ပြီးနောက် လူများကို ဦးဆောင်ကာ ဓားအလင်းတန်းများအဖြစ် ကောင်းကင်ယံသို့ ပျံသန်းထွက်ခွာသွားတော့သည်။
ချင်ဟော့ချိန်မှာ ရင်ထဲတွင် သက်ပြင်းချလိုက်ပြီးနောက် ဖန့်ချန်ကို လက်အုပ်ချီ ဂါရဝပြုလိုက်သည်။
သူ၏ မျက်လုံးထဲတွင် ကျေးဇူးတင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ကျန်းလင်တို့ လူစုကို လွှတ်ပေးလိုက်သည့်အတွက် ဖန့်ချန်ကို ကျေးဇူးတင်နေပုံရသည်။
ဂိုဏ်းချုပ်ခန်းမထဲတွင် တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။
ဝမ်ကျန်းလုံက ရုတ်တရက် စကားစလိုက်သည်
"ဝမ်ချုံစန်းက တကယ် မသေသေးဘူးဆိုတာ... မင်းပြောတာ အမှန်ပဲလား "
"ဆရာ့ကို မလိမ်ဝံ့ပါဘူး၊ တကယ်ပါပဲ"
ဖန့်ချန်က
"ဝမ်ချုံစန်းရဲ့ နောက်ခံက အလွန် လျှို့ဝှက်နက်နဲပါတယ် သူဟာ အရင်တုန်းက ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ အလယ်အလတ်အဆင့်၊ ဒါမှမဟုတ် အထက်ပိုင်းခေါင်းဆောင်တစ်ယောက် ဖြစ်နိုင်တယ်လို့ တပည့် သံသယရှိမိပါတယ်"
"ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ အလယ်အလတ်အဆင့်လောက်ကတော့ ဘာမှ မဟုတ်ပါဘူး မဟုတ်လား "
တစ်စုံတစ်ယောက်က တိုးတိုးလေး ရေရွတ်သည်။
ဖန့်ချန်က ထိုသူကို တစ်ချက်ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်
"ကျုပ်ပြောတဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းဆိုတာ ဒီလောကက သွေးဝိညာဉ်ဂိုဏ်းကို ပြောတာ မဟုတ်ဘူး အဆင့်၄ နဲ့ အဆင့် ၄ အထက်ရှိတဲ့ လွတ်လပ်သောမသေမျိုး တွေမှသာ ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ အလယ်အလတ်အဆင့် ဖြစ်နိုင်တာပါ အဲဒီထဲက တစ်ယောက်တည်းနဲ့တင် ကျွန်းကြီးသုံးကျွန်း ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပါတယ်"
လူတိုင်းမှာ အေးစက်သွားကြသည်။
ဝိညာဉ်နတ်ဘုရားဂိုဏ်းက တကယ်ပဲ ဒီလောက်အထိ ကြောက်စရာကောင်းတာလား
"ဆရာ... တကယ်လို့ ဝမ်ချုံစန်းက ဆရာ့ရဲ့ သွေးသားအရင်းအမြစ် မှန်တယ်ဆိုရင်တောင်... တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်သိမ်းပိုက်ခြင်း ကို ခံလိုက်ရတာ ဖြစ်နိုင်ပါတယ်"
ဖန့်ချန်က အတန်ကြာ တွေးတောပြီးမှ ပြောလိုက်သည်။
မထင်မှတ်ဘဲ ဝမ်ကျန်းလုံက လက်ဝေ့ယမ်းလိုက်သည်
"ငါက တစ်သက်လုံး အိမ်ထောင်မပြုခဲ့တဲ့သူ၊ ဘယ်က သွေးသားရှိမှာလဲ သူက ငါမွေးစားထားတဲ့ သားပဲ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဘယ်သူမှန်းမသိတဲ့လူက နို့စို့ကလေးအရွယ်ရှိတဲ့ သူ့ကို ငါ့ဂူဗိမာန်တံခါးဝမှာ လာထားသွားခဲ့တာ"
"တကယ်လို့ အဲဒီလူက ဘယ်သူလဲဆိုတာ ငါသိခဲ့ရင်... ငါ သူ့ကို ဓားနဲ့ တစ်ချက်တည်း ထိုးသတ်ချင်တယ်"