← Chapters

အခန်း (၁၁၅၅-၁၁၅၆)

Vol. 116 Ch. 1155-1156

အခန်း (၁၁၅၅-၁၁၅၆)

Vol. 116 Ch. 1155-1156

အခန်း (၁၁၅၅) မကျိုးပဲ့နိုင်သော ဓား

သွေးသားအရင်း မဟုတ်ဘူးလား

ဖန့်ချန်၏ မျက်လုံးများ လှုပ်ရှားသွားပြီး ထူးဆန်းသောအမူအရာဖြင့် ဆိုလိုက်သည်

"ကျုပ်ခန့်မှန်းတာကတော့ သောင်းတာအိုမျှော်စင်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ် စုန်ကျီလီ ပဲ ဖြစ်ရမယ် သူက အဆင့် ၃ လွတ်လပ်သောမသေမျိုး ဖြစ်ပေမဲ့ ဝမ်ချုံစန်းကိုတော့ စီနီယာလို့ ခေါ်ရတုန်းပဲ"

"အဆင့် ၃ လွတ်လပ်သောမသေမျိုး "

ဝမ်ကျန်းလုံ၏ နှုတ်ခမ်းများ တုန်ယင်သွားပြီး စိတ်ပျက်လက်ပျက် အမူအရာဖြင့်

"ဒီလို တည်ရှိမှုမျိုးက ဘာလို့ ကျုပ်တို့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းကို ကြံစည်နေရတာလဲ "

သူသည် ဓားကျင့်ကြံသူ မသေမျိုးဘုရင်တစ်ပါးအဖြစ် မြင့်မြတ်သော်လည်း လွတ်လပ်သောမသေမျိုးများ၏ ရှေ့တွင်မူ အရင်တုန်းက ဓားနတ်ဘုရားအိုကြီးကဲ့သို့ လွတ်လပ်ပေါ့ပါးစွာ မနေနိုင်သေးပေ။

အဆင့် ၃ လွတ်လပ်သောမသေမျိုးနှင့် ယှဉ်လျှင်ဆိုလျှင် ပို၍ပင် ဝေးစွ။

ထိုကဲ့သို့သော တည်ရှိမှုမျိုးက ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းကို လက်ညှိုးတစ်ချက်တည်းနှင့်တင် အလွယ်တကူ ဖိသတ်နိုင်ပေသည်။

"ဒါက ဓားနတ်ဘုရားအိုကြီးနဲ့ ပတ်သက်နေနိုင်တယ်"

ဖန့်ချန်က ဆိုသည်။

"ဘာလို့ ဓားနတ်ဘုရားအိုကြီးနဲ့ ထပ်ပတ်သက်ရပြန်တာလဲ မင်း ခုနကလည်း သူ့အကြောင်း ပြောနေသေးတယ် သူနဲ့ ဒီကိစ္စက ဘာဆိုင်လို့လဲ ဓားနတ်ဘုရားအိုကြီးကပါ ဝိညာဉ်နတ်ဘုရားဂိုဏ်းသား ဖြစ်နေတယ်လို့တော့ မပြောနဲ့ဦးနော်"

မုတ်ဆိတ်ရှည် ဓားကျင့်ကြံသူက ခပ်ပြတ်ပြတ် လေသံဖြင့် မေးလိုက်သည်။

"သူ့ကို ပြောပါစေ၊ မင်း ပါးစပ်ပိတ်ထား"

ဝမ်ကျန်းလုံက ငေါက်လိုက်သည်။

မုတ်ဆိတ်ရှည် ဓားကျင့်ကြံသူက စိတ်ပျက်လက်ပျက်ဖြင့် ပါးစပ်ပိတ်သွားသော်လည်း မျက်လုံးအပြူးသားနှင့် ဖန့်ချန်ကို စိုက်ကြည့်နေဆဲပင်။

"ဒါကို ပြောဖို့ဆိုရင် ဓားနတ်ဘုရားအိုကြီးနဲ့ လီချန်စန်း တို့ရဲ့ ဆက်နွှယ်မှုကို ပြောရလိမ့်မယ်"

ဖန့်ချန်က ဆိုသည်။

တစ်စုံတစ်ယောက်က ဝင်ပြောရန် အရှိန်ယူလိုက်သော်လည်း ဝမ်ကျန်းလုံ၏ စူးရှသော အကြည့်ကြောင့် ပြန်ငြိမ်သွားသည်။

ဝမ်ကျန်းလုံက ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ဖန့်ချန်ကို ခေါင်းညိတ်ပြလိုက်သည်

"ဆက်ပြောပါ"

"ဓားနတ်ဘုရားအိုကြီးရဲ့ နာမည်အရင်းက လီကျင်းနျန် ပါ လီချန်စန်းလိုပဲ သူတို့နှစ်ယောက်လုံးက ချောင်းဖုန်းနယ်မြေ၊ ဖန်ဆင်းရှင်ဂြိုဟ်၊ ကောင်းကင်ဓားဌာနရဲ့ ဌာနမှူး လီဝူဝမ့်ရဲ့ မွေးစားသားတွေပါ"

ဖန့်ချန်က ဆိုသည်။

ဖန့်ချန်က လီဝူဝမ့်အကြောင်းကို ထပ်မံပြောကြားပြီး သူသည် လီကျင်းနျန်နှင့် လီချန်စန်းတို့၏ မွေးစားဖခင်ဖြစ်ကြောင်း ပြောလိုက်သောအခါ လူတိုင်းမှာ အသက်ရှူမှားမတတ် အံ့ဩသွားကြပြီး ဖန့်ချန်ကို ကြောင်ကြည့်နေမိကြတော့သည်။

ဖန့်ချန်က ဆက်ပြောသည်

"ဒီလီဝူဝမ့်ဆိုတာကလည်း သာမန်လူတော့ မဟုတ်ဘူး မူလက ချောင်းဖုန်းနယ်မြေရဲ့ အင်အားကြီးမျိုးနွယ်လေးခုထဲက လုံ မျိုးနွယ်စု လက်အောက်က ဓားသင်တန်းကျောင်းရဲ့ ကျောင်းအုပ်ပါ"

"ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းပြီးတဲ့နောက်မှာတော့ အဆင့်ဆင့်တိုးတက်လာပြီး အဆင့် ၃ လွတ်လပ်သောမသေမျိုးအထိ ဖြစ်လာခဲ့တယ် ကောင်းကင်ဓားဌာနကို တည်ထောင်ပြီး ဖန်ဆင်းရှင်ဂြိုဟ်ပေါ်က ဓားကျင့်ကြံသူတွေရဲ့ နိမ့်ကျနေတဲ့ အခြေအနေကို ပြောင်းလဲပေးခဲ့တယ်"

"ဒါပေမဲ့ ဒီလိုလုပ်လိုက်တာကြောင့် ကောင်းကင်ဓားဌာနဟာ ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ လက်ထဲက ဓားတစ်လက် ဖြစ်သွားရတာပဲ သူတို့ ဘယ်သူ့ကို သတ်ချင်သလဲဆိုရင် ကောင်းကင်ဓားဌာနက ဓားကျင့်ကြံသူတွေကိုပဲ ခိုင်းတော့တာပေါ့"

"ဒါဆိုရင်တော့... လက်ပါးစေ အစေခံ ဖြစ်သွားတာပေါ့..."

တစ်စုံတစ်ယောက်က မထိန်းနိုင်ဘဲ ရေရွတ်မိသည်။

ငါတို့လို ဓားကျင့်ကြံသူတွေက သူတစ်ပါး အမိန့်ပေးတာကို ခံရမယ် ဟုတ်လား

"ချောင်းဖုန်းနယ်မြေမှာ ဓားကျင့်ကြံသူတွေရဲ့ အခြေအနေကို မင်းတို့ သိတာ နည်းလွန်းသေးတယ်"

ဝမ်ကျန်းလုံက သက်ပြင်းအသာချလိုက်သည်

"အဲဒီနေရာမှာ ဓားကျင့်ကြံသူတွေဟာ တိုက်ခိုက်ရေးစွမ်းအားကြောင့် နာမည်ကြီးသလို သူတစ်ပါးရဲ့ မနာလိုမှုကိုလည်း ခံရတယ် နောက်ပြီး သက်တမ်းတိုတာကြောင့် မျိုးနွယ်စုကြီးတွေနဲ့ ဂိုဏ်းကြီးတွေရဲ့ ချုပ်ကိုင်မှုကို ခံရတတ်တယ် သူတို့ရဲ့ အမိန့်ကို မနာခံဘူးဆိုရင် အဆင့်တူမှာ ပြိုင်ဘက်ကင်းလုနီးပါးဖြစ်တဲ့ ဓားကျင့်ကြံသူတွေကို သူတို့က ဘယ်လိုလုပ် အသက်ရှင်ခွင့် ပေးမှာလဲ "

"အရင်က မင်းတို့ကို ဒါတွေ မပြောပြခဲ့တာက မင်းတို့ရဲ့ ဓားစိတ်ဆန္ဒနဲ့ ဓားအရိုးတည်ဆောက်ပုံကို မထိခိုက်စေချင်လို့ပဲ"

လူတိုင်း မှင်တက်သွားကြသည်။

အခြားနေရာတစ်ခုမှာ ဓားကျင့်ကြံသူတွေက ဒီလောက်အထိ ခက်ခဲတဲ့ အခြေအနေမျိုး ကြုံနေရလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

"ဆရာ ပြောတာ မှန်ပါတယ် ဓားကျင့်ကြံသူတွေ သက်တမ်းတိုတာကြောင့် အဆင့် ၁ လွတ်လပ်သောမသေမျိုးအဆင့်ကို ရောက်တဲ့သူက အလွန်နည်းပါတယ် အဲဒီမျိုးနွယ်စုကြီးတွေမှာတော့ အဆင့် ၃ လွတ်လပ်သောမသေမျိုးတွေ အခြေချနေကြတာပါ"

"ဓားကျင့်ကြံသူလက်ထဲက ဓားက ဘယ်လောက်ပဲ သန်မာပါစေ၊ အဆင့်တွေ အများကြီး ကွာခြားနေတဲ့ ရန်သူကိုတော့ ယှဉ်နိုင်ဖို့ အလှမ်းဝေးလွန်းပါတယ်"

ဖန့်ချန်က ခေါင်းညိတ်ပြပြီး ဆက်ပြောသည်

"ဖြစ်နိုင်တာက ဓားနတ်ဘုရားအိုကြီးဟာ ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ လက်ပါးစေ မဖြစ်ချင်လို့ ဒီနေရာကို ထွက်လာခဲ့တာ ဖြစ်လိမ့်မယ်"

"တကယ်လို့ ဓားနတ်ဘုရားအိုကြီးက ဒီလိုရွေးချယ်ခဲ့တယ်ဆိုရင် သူတို့က ဘာလို့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းထဲကို လူတွေ ထပ်ပို့နေရတာလဲ"

"ဓားနတ်ဘုရားအိုကြီးကို ပြန်လာပြီး အလုပ်အကျွေးပြုဖို့ အမိန့်ပေးရင်ပေး၊ မဟုတ်ရင်လည်း... သတ်ပစ်လိုက်ရမှာ မဟုတ်လား"

တစ်စုံတစ်ယောက်က သူ၏ သံသယကို မေးလိုက်သည်။

"ကျုပ်လည်း အစက အဲဒီလိုပဲ စဉ်းစားခဲ့တာ ဝမ်ချုံစန်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီနေရာကို လာဖို့ အကြောင်းပြချက် ခိုင်လုံရင်တောင် ရွေးချယ်စရာတွေ အများကြီး ရှိပါတယ် သူ တောရိုင်းကျောင်းတော်ကို သွားလို့ရသလို၊ ရွှင် မျိုးနွယ်အမည်ကိုလည်း သုံးလို့ရတာပဲ"

ဖန့်ချန်က ပြုံးလိုက်ပြီး

"မကြာခင်ကမှ ကျုပ် တစ်ခုကို သဘောပေါက်သွားတယ် သူတို့ ဒီလိုလုပ်တာဟာ ဓားနတ်ဘုရားအိုကြီးနဲ့ ဒီလောကရဲ့ ထူးခြားသူ တွေ ကြားမှာ အဆက်အသွယ် ရှိခဲ့တာကို သိနေလို့ပဲ သူတို့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းထဲကို လူတွေ ထည့်ထားတာဟာ တစ်စုံတစ်ခုကို လိုချင်လို့ ဖြစ်နိုင်တယ်"

"ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းမှာ သူတို့ မက်မောလောက်စရာ ဘာရှိလို့လဲ "

"တကယ်ရှိရင်လည်း သူတို့ နည်းလမ်းတွေနဲ့ ရသွားတာ ကြာလှပြီ မဟုတ်လား "

"ဒီနှစ်တွေအတွင်း ဘာမှလည်း ပျောက်တာ မရှိပါဘူး... နေပါဦး၊ အဲဒီ ဓားသန္ဓေသား လား "

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းမှာ တကယ်ပဲ ပစ္စည်းတစ်ခု ပျောက်ခဲ့ဖူးသည်၊ အဲဒါကတော့ ဓားသန္ဓေသား တစ်ခုပင်

၎င်းအပြင် သူတို့ ရုတ်တရက် သတိရလိုက်သည်မှာ အရင်တုန်းက ထူးခြားသူ နှစ်ဦး စစ်တုရင်ကစားနေစဉ်က တစ်ဦးက ဓားနတ်ဘုရားအိုကြီးကို အမွေအနှစ် တစ်ခု ပေးခဲ့ဖူးသည်။

ထိုစဉ်က မသေမျိုးဘုရင်တွေ အများကြီးရှိနေပါလျက်နှင့် ထိုပုဂ္ဂိုလ်က မည်သူ့ကိုမှ မရွေးချယ်ဘဲ ဓားနတ်ဘုရားအိုကြီးကိုသာ ရွေးချယ်ခဲ့သည်။

ထိုနှစ်ဦးသည် အစောပိုင်းကတည်းက အဆက်အသွယ် ရှိခဲ့ကြတာများလား

"တကယ်တော့ အဲဒီပစ္စည်းက သူတို့ရဲ့ တကယ့်ရည်ရွယ်ချက် မဟုတ်လောက်ဘူး သူတို့က ဓားနတ်ဘုရားအိုကြီးကို စောင့်ကြည့်ရင်းကနေတစ်ဆင့် အဲဒီ ထူးခြားသူ နဲ့ ဆက်သွယ်ဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်တယ်"

ဖန့်ချန်က ဆိုသည်။

"ဓားနတ်ဘုရားအိုကြီးက ကွယ်လွန်သွားပြီဆိုတော့ ဒီကိစ္စတွေကို... အဖြေရှာဖို့လည်း မဖြစ်နိုင်တော့ဘူး"

ဝမ်ကျန်းလုံက လက်ဝေ့ယမ်းလိုက်ပြီး အကြည့်များကို ဖန့်ချန်ထံ ပြန်ပို့လိုက်သည်

"ခုနက ချင်ဟော့ချိန် ပြောတာက မင်း လီဝူဝမ့်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်ဆိုပဲ မင်းပြောအရ သူက အဆင့် ၃ လွတ်လပ်သောမသေမျိုး ဖြစ်သလို တိုက်ခိုက်ရေး ကျွမ်းကျင်တဲ့ ဓားကျင့်ကြံသူလည်း ဖြစ်တယ် မင်းက သူ့ကို ဘယ်လိုလုပ် ဒဏ်ရာရအောင် လုပ်နိုင်မှာလဲ "

"ဝမ်အကြီးအကဲကြီးကတော့ မြင်သာတဲ့နေရာကိုပဲ တိုက်ရိုက် ထောက်ပြနိုင်တာပဲ ဒါဟာ သူတို့နှစ်ယောက် ဇာတ်တိုက်ထားတာလည်း ဖြစ်နိုင်တယ် "

မုတ်ဆိတ်ရှည် ဓားကျင့်ကြံသူက မျက်လုံးများ တောက်ပလျက် ဆိုလိုက်သည်။

ထိုစဉ်မှာပင် တောင်ထိပ်သခင်တစ်ဦးက ရုတ်တရက် ကောင်းကင်လျှိုဝှက်မှန် ကို ထုတ်ယူလိုက်သည်။

သူက မှန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်နှာက ရုတ်တရက် ပြောင်းလဲသွားကာ ဖန့်ချန်နှင့် ဝမ်ကျန်းလုံကို တလှည့်စီ ကြည့်ရင်း အက်ရှရှ အသံဖြင့် ဆိုလိုက်သည်

"အားလုံးပဲ... ကိစ္စတစ်ခု ရှိတယ်၊ အတူတူ ကြည့်လိုက်ကြပါဦး"

မုတ်ဆိတ်ရှည် ဓားကျင့်ကြံသူက နှာခေါင်းရှုံ့ကာ

"ဒီအချိန်မှာ ဘာကြည့်နေဦးမှာလဲ ကျုပ်တို့ကို လာမနှောင့်ယှက်နဲ့"

"မဟုတ်ဘူး... မင်းတို့က ဖန့်ဓားဦးဆောင်သူဟာ လီဝူဝမ့်ကို ဒဏ်ရာရအောင် လုပ်နိုင်မလားဆိုတာ သံသယရှိနေကြတာ မဟုတ်လား ဒါကို ကြည့်လိုက်ရင် သိလိမ့်မယ်"

ထိုတောင်ထိပ်သခင်က စကားကို အပိုမပြောတော့ဘဲ ခန်းမအပြင်ဘက်သို့ ထွက်ကာ လက်ကို မြှောက်လိုက်သည်။

သူ၏ လက်ထဲမှ မှန်သည် လေထဲတွင် ချက်ချင်းပင် ပေတစ်ရာခန့်အထိ ကြီးမားလာပြီး ဓားဂိုဏ်း၏ ကောင်းကင်ယံတွင် လွင့်ပျံနေတော့သည်။

ကောင်းကင်မှန်ထဲတွင် ဖန့်ချန်နှင့် လီဝူဝမ့်တို့ စစ်တုရင်ကစားနေသည့် ပုံရိပ်များ ပေါ်လာသည်။

နှစ်ဦးသားမှာ တောင်တန်းများကို ကျောက်တုံးလေးများကဲ့သို့ ကိုင်တွယ်ကာ ကစားနေကြသည်။

ဖန့်ချန်မှာ အစပိုင်းတွင် ဆုတ်ခွာပေးနေရသော်လည်း နောက်ပိုင်းတွင် စစ်တုရင်ခုံကို မှောက်လှန်ကာ ဓားတစ်ချက်နှင့် လီဝူဝမ့်ကို ဒဏ်ရာရအောင် လုပ်လိုက်သည်။

ခဏချင်းမှာပင် ဟင်းလင်ပြင်ထာဝရဓားဂိုဏ်း တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

အချို့တပည့်များမှာ လည်ပင်းတောင့်သွားသည်အထိ ကြည့်နေကြပြီးမှ ဘေးကလူကို မေးလိုက်ကြသည်

"အဲဒါ... ဖန့်ဓားဦးဆောင်သူလား "

"သူပဲ ဖြစ်ရမယ်... တစ်စုံတစ်ယောက်က သူ့လို ရုပ်ချင်း ထပ်တူညီနေတာ မဟုတ်ရင်ပေါ့ ဒါပေမဲ့... ဒါက ဂိုဏ်းတည်ထောင်သူ အဆင့် တွေမှ သုံးနိုင်တဲ့ နည်းလမ်းတွေ မဟုတ်လား "

"ဒီလောက် ကြီးမားတဲ့ တောင်တန်းကြီးကို... စစ်တုရင်ခုံပေါ်က ကျောက်တုံးလေးလိုမျိုး ကိုင်တွယ်နိုင်တာလား..."

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြသည်။

တောင်တန်းတစ်ခုကို ဖျက်ဆီးပစ်ဖို့ဆိုတာ သူတို့အတွက် လွယ်ကူသော်လည်း၊ တောင်တန်းတစ်ခုကို စစ်တုရင်ကျောက်တုံးလေးသဏ္ဌာန် ဖြစ်အောင် ပေါ့ပေါ့ပါးပါး ကိုင်တွယ်ပုံဖော်ဖို့ဆိုသည်မှာ သာမန်လူတွေ မလုပ်နိုင်တဲ့ ကိစ္စပင်။

ထိုကဲ့သို့သော နည်းလမ်းမျိုး၊ ဝိညာဉ်စွမ်းအားကို သုံးစွဲပုံမျိုးမှာ အံ့ဩလောက်ဖွယ်ရာ ကောင်းလှပေသည်။

ဂိုဏ်းချုပ်ခန်းမထဲတွင်မူ ထိုတောင်ထိပ်သခင်က ကောင်းကင်လျှိုဝှက်မှန်ကို ပြန်သိမ်းလိုက်ပြီဖြစ်သည်။

လူတိုင်းမှာ ဖန့်ချန်၏ စကားအပေါ် ငြင်းဆိုလိုသည့် စိတ်ဆန္ဒများ ပျောက်ဆုံးသွားကြတော့သည်။

"ဖန့်ဓားဦးဆောင်သူ... မင်းက ဂိုဏ်းချုပ် အဆင့် လား "

မုတ်ဆိတ်ရှည် ဓားကျင့်ကြံသူက ငေးကြောင်စွာ မေးလိုက်သည်။

"နည်းနည်းပါးပါး လှည့်ကွက်သုံးလိုက်တာပါ"

ဖန့်ချန်က ဆိုသည်။

လှည့်ကွက် သုံးတာတဲ့လား

ဘယ်သူကများ တောင်တန်းကြီးတစ်ခုကို စစ်တုရင်ကျောက်တုံးလေး ဖြစ်အောင် လှည့်ကွက်သုံးနိုင်မှာလဲ

ဘယ်သူကများ အခြားသော ဓားကျင့်ကြံသူ ဂိုဏ်းချုပ်တစ်ယောက်ကို ဓားတစ်ချက်တည်းနဲ့ ဒဏ်ရာရအောင် လှည့်ကွက်သုံးနိုင်မှာလဲ

လူတိုင်း၏ စိတ်ထဲတွင် သူတို့၏ ခန့်မှန်းချက်ကို အတည်ပြုလိုက်ကြပြီ ဖြစ်သည်။

"နောက်ထပ် မေးခွန်းတစ်ခု ရှိသေးတယ် ဝမ်ချုံစန်းက မင်းမှာ ဒီလောက် အစွမ်းရှိတာကို သိနေရက်နဲ့ ဘာလို့ မင်းအပေါ် အပုပ်ချဖို့ တမင် လုပ်ခဲ့ရတာလဲ"

တစ်စုံတစ်ယောက်က စိတ်ထဲရှိ သံသယကို မနေနိုင်ဘဲ မေးလိုက်သည်။

ဖန့်ချန်က မှန်ထဲတွင် ပြသခဲ့သည့် နည်းလမ်းမျိုးနှင့်ဆိုလျှင် ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းလောက်ကို မျက်စိထဲ ထည့်စရာပင် မလိုသလို၊ ဓားဂိုဏ်းက သူ့အပေါ် အထင်လွဲမှာကိုလည်း ကြောက်နေစရာ မလိုပေ။

အားကြီးသူတစ်ယောက်က ပုရွက်ဆိတ်တွေ ဘာတွေးနေသလဲဆိုတာကို ဂရုစိုက်ပါ့မလား

"ဒါက ဝမ်ချုံစန်းရဲ့ ပါးနပ်တဲ့ နေရာပဲ"

ဖန့်ချန်က သက်ပြင်းအသာချလိုက်သည်

"ကျုပ်သာ ကျုပ်ရဲ့ အပြစ်ကင်းစင်မှုကို သက်သေမပြနိုင်ခဲ့ရင်၊ ဒီနေ့ စီနီယာတို့ အားလုံးဟာ ကျုပ်ကို လူသတ်သမားလို့ သတ်မှတ်ပြီး ကျုပ်နဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်ကြလိမ့်မယ် ပြီးတော့ သူက... ကျုပ် စီနီယာတို့အပေါ် ရက်ရက်စက်စက် လက်ပါမှာ မဟုတ်ဘူးဆိုတာကိုလည်း သိနေတယ်"

"ဒါဆိုရင် ငါတို့က မင်းကို ထိုးစစ်ဆင်နိုင်သလို၊ လုံးဝလည်း မကျိုးပဲ့နိုင်တဲ့ ဓားတစ်လက် ဖြစ်သွားတာပေါ့"

ဝမ်ကျန်းလုံက တိုးတိုးလေး ရေရွတ်လိုက်သည်။

အခန်း (၁၁၅၆) လမ်းကြောင်းများ ကွဲပြားသော်လည်း ပန်းတိုင်က အတူတူပင်

လူတိုင်းသည် ထိုအချက်၏ အရေးပါပုံကို တိတ်ဆိတ်စွာ တွေးတောနေကြပြီး ခဏအကြာတွင် အချို့သူများ၏ မျက်နှာ၌ အံ့ဩတုန်လှုပ်သော အရိပ်အယောင်များ ပေါ်လာသည်။

တကယ်လို့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းကသာ ဖန့်ချန်နဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်ပြီး သူ့ကို ထိုးစစ်ဆင်နိုင်တဲ့၊ လုံးဝလည်း မကျိုးပဲ့နိုင်တဲ့ ဓားတစ်လက် ဖြစ်သွားခဲ့ရင်...

ဒီဓားက သူ့ကို အသေသတ်နိုင်လောက်တဲ့အထိ မစွမ်းရင်တောင်မှ ဒုက္ခအများကြီး ပေးဖို့တော့ လုံလောက်ပါတယ်။

လူတွေရဲ့ အပြောက ကြောက်စရာကောင်းလှသည်။

တကယ်လို့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းကပါ ဖန့်ချန်ကို လူသိရှင်ကြား ဆန့်ကျင်လာခဲ့ရင် ဒီ ကျုံးကျိုး ပေါ်မှာ ဖန့်ချန်ရဲ့ စကားကို ဘယ်သူက ယုံကြည်ဦးမှာလဲ

"မင်းကတော့ကွာ... မလာခင်ကတည်းက ဒါတွေအကုန်လုံးကို တွက်ချက်ထားပြီးသားပေါ့ ဟုတ်လား "

ဝမ်ကျန်းလုံသည် ဖန့်ချန် ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းကို ပြန်ရောက်လာပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ပြုံးလိုက်တော့သည်။

ဖန့်ချန်၏ ရင်ထဲတွင် သက်ပြင်းအသာချလိုက်မိသည်။

အနည်းဆုံးတော့ ယခုအချိန်တွင် သူ၏ဆရာသည် သူ့ကို ခွင့်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းနှင့် ဤကိစ္စ၏ အဆက်အစပ်ကို နားလည်သွားပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။

"နတ်မိစ္ဆာပင်လယ်မှာ ဝမ်ချုံစန်းက သူသေရတော့မယ်ဆိုတာ သိတဲ့အခါ သူ့ရဲ့ ကိုယ်ပွားတည်ဆောက်ပုံ ကို သူကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့တယ် အဲဒီအချိန်ကတည်းက ဒီနေ့လို အခြေအနေမျိုး ဖြစ်လာနိုင်တယ်ဆိုတာ ကျုပ် တွေးခဲ့ပြီးသားပါ"

ဖန့်ချန်က ခေါင်းညိတ်ပြလိုက်သည်

"ဒါပေမဲ့ သူ မထင်ထားခဲ့တာတစ်ခုက ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းထဲမှာ သူ ထည့်ထားတဲ့ ဓားကျင့်ကြံသူတွေဟာ ဝိညာဉ်နတ်ဘုရားဂိုဏ်းသားဆိုတဲ့ နာမည်ခံထားပေမဲ့ သူတို့နှလုံးသားထဲမှာ နံပါတ်တစ် နေရာပေးထားတာက ကောင်းကင်ဓားဌာန ဖြစ်နေတာပါပဲ ဒါကြောင့်လည်း ချင်ဟော့ချိန်နဲ့ ကျန်းလင်တို့က အမှန်တရားကို ပြောပြဖို့ ဝန်မလေးခဲ့ကြတာပါ ကျုပ်ဘက်က အများကြီး ရှင်းပြနေစရာ မလိုခဲ့ပါဘူး"

လူတိုင်းသည် ချင်ဟော့ချိန်ကို လှည့်ကြည့်လိုက်ကြပြီး သူတို့၏ အကြည့်များမှာ ရှုပ်ထွေးနေသည်။

"ကျမက ဓားပဲ ကျင့်ချင်တာပါ... ဘာလို့ ဒီလောက်တောင် အကွေ့အကောက်တွေ များနေရတာလဲ..."

လန်ယာဝင်ချိုးက တိုးတိုးလေး ရေရွတ်လိုက်သည်။

လူတိုင်း ကြားလိုက်ရသော်လည်း မည်သူမှ ပြန်မဖြေနိုင်ကြချေ။

ဟုတ်သားပဲ၊ သူတို့ရဲ့ ရည်ရွယ်ချက်ကလည်း လန်ယာဝင်ချိုးနဲ့ ထပ်တူပဲ မဟုတ်လား

ဓားကျင့်ကြံသူ ဖြစ်လာပြီးနောက် သူတို့စိတ်ထဲက ၉၉ ရာခိုင်နှုန်းသော စွဲလမ်းမှုတွေကလည်း ဒီဓားတစ်လက်ပေါ်မှာပဲ ရှိနေခဲ့တာပါ။

"မင်း ခုနက ပြောတာ... ငါ့ရဲ့ အဲဒီမိုက်မဲတဲ့သားက သူ့ရဲ့ ကိုယ်ပွားတည်ဆောက်ပုံကို သူကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့တာလား "

ဝမ်ကျန်းလုံက အနည်းငယ် မှင်တက်သွားသည်။

ဖန့်ချန်က ခေါင်းညိတ်ပြသည်

"ကျနော် မလှုပ်ရှားရသေးခင်မှာပဲ သူက အဆုံးစီရင်သွားတာပါ"

ဝမ်ကျန်းလုံ၏ ရင်ထဲတွင် နောက်ဆုံးကျန်နေသော အဖုအထစ်ကလေးပင် ပျောက်ကွယ်သွားတော့သည်။

သူက ပြုံးလျက် ခေါင်းညိတ်လိုက်သည်

"အရင်တုန်းက မင်းအပေါ် မကျေမနပ်ဖြစ်ခဲ့ကြတဲ့သူတွေကို စိတ်ထဲမထားပါနဲ့ သူတို့က အကြောင်းပြချက်ကို နားလည်တဲ့သူတွေပါ၊ တစ်စုံတစ်ယောက်ရဲ့ အသုံးချခံဖြစ်ပြီး မင်းနဲ့ ရန်သူဖြစ်မှာ မဟုတ်ပါဘူး"

လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။

ထိုအခိုက်အတန့်တွင် သူတို့သည် ဖန့်ချန်၏ စကားကို အပြည့်အဝ ယုံကြည်သွားကြပြီ ဖြစ်သည်။

၎င်းအပြင် အချို့သော သံသယဖြစ်ဖွယ် အချက်ကလေးများ ရှိနေလျှင်ပင် ခုနက ကောင်းကင်လျှို့ဝှက်မှန်ထဲတွင် မြင်ခဲ့ရသည့် အခန်းအနားနှင့်တင် လုံလောက်သော အဖြေကို ရရှိခဲ့ပြီ ဖြစ်သည်။

ရှင်းရှင်းလေးပါ၊ ဖန့်ချန်က ဒီနေ့ ဒီနေရာမှာ ရပ်ပြီး ဒါတွေအားလုံးကို ရှင်းပြနေတယ်ဆိုကတည်းက သူဟာ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းအပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုတာ သက်သေပြနေတာပဲ မဟုတ်လား။

"ဖန်ဆင်းရှင်ဂြိုဟ်၊ ချောင်းဖုန်းနယ်မြေ... ကျုပ်လည်း တကယ်ပဲ သွားကြည့်ချင်မိတယ် အဲဒီမှာ ဓားကျင့်ကြံသူတွေရဲ့ အခြေအနေက တကယ်ပဲ ဒီလောက်တောင် နိမ့်ကျနေတာလား"

မုတ်ဆိတ်ရှည် ဓားကျင့်ကြံသူက တိုးတိုးလေး ပြောလိုက်သည်။

ဝမ်ကျန်းလုံ၏ မျက်နှာက တည်ကြည်သွားသည်

"မင်းရဲ့ ဓားကိုပဲ သေချာကျင့်စမ်းပါ ဒါတွေက မင်းနဲ့ ဘာဆိုင်လို့လဲ "

မုတ်ဆိတ်ရှည် ဓားကျင့်ကြံသူက ကသိကအောက်ဖြင့်

"ကျုပ်လည်း အာရုံစိုက်ပြီး ကျင့်ချင်တာပေါ့ ဆရာ ဒါပေမဲ့ အခု ဒီမီးက ကျုပ်တို့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းဆီအထိ ကူးစက်လာပြီလေ ဝမ်အကြီးအကဲကြီး၊ ကျုပ်တို့ကရော ဒီကိစ္စတွေထဲကနေ ဖယ်နေလို့ ရမယ် ထင်လို့လား "

ဝမ်ကျန်းလုံ ဘာမှ ထပ်မပြောတော့ဘဲ မျက်လုံးများ လှုပ်ရှားနေသည်။

သူသည် ဟင်းလင်ပြင်ထာဝရဓားဂိုဏ်း၏ အနာဂတ် လမ်းကြောင်းကို စဉ်းစားနေပုံရသည်။

"ဆရာ... တပည့် ဒီတစ်ခေါက် ပြန်လာတာ နောက်ထပ် အကြံပြုချက်တစ်ခု ရှိပါသေးတယ်တကယ်လို့ ဆရာက ဖြစ်နိုင်တယ်လို့ ယူဆရင် ဝိညာဉ်နတ်ဘုရားဂိုဏ်းက ဘယ်လို အကြံအစည်တွေပဲ ကျန်သေးပါစေ၊ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းအနေနဲ့ လက်ဦးမှု ရယူနိုင်မှာပါ တစ်ဖက်က လုပ်သမျှကိုပဲ ထိုင်စောင့်နေရတဲ့ အခြေအနေမျိုး ဖြစ်တော့မှာ မဟုတ်ပါဘူး"

ဖန့်ချန်က ဆိုသည်။

"ဘာအကြံပြုချက်လဲ "

ဝမ်ကျန်းလုံက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

ဖန့်ချန်

"ကျုပ်က ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းကို နတ်ဘုရားဝိညာဥ်လမ်းစဉ် ကို ကျင့်ကြံစေချင်ပါတယ်"

နတ်ဘုရားဝိညာဥ်လမ်းစဉ်

လူတိုင်းမှာ ကြောင်အမ်းသွားကြသည်။

ဝမ်ကျန်းလုံကိုယ်တိုင်ပင် ဤစကားကို အသေအချာ နားမလည်ချေ။

"ဖန့်စီနီယာ့ရဲ့ အကြံပြုချက်ကို... အားလုံးပဲ သေသေချာချာ စဉ်းစားသင့်တယ်လို့ ထင်ပါတယ် နတ်ဘုရားဝိညာဥ်လမ်းစဉ်ဆိုတာ ကျုပ်တို့လို ဓားကျင့်ကြံသူတွေအတွက် လမ်းစဉ်သစ်တစ်ခု ဖြစ်လာနိုင်ပါတယ်"

ချင်ဟော့ချိန်က ရုတ်တရက် ဝင်ပြောလိုက်သည်။

မုတ်ဆိတ်ရှည် ဓားကျင့်ကြံသူက မျက်မှောင်ကြုတ်လျက်

"နတ်ဘုရားဝိညာဥ်လမ်းစဉ်ဆိုတာ ဘာလဲ "

"အားလုံးပဲ ကျုပ်ကို ကြည့်လိုက်ပါ ကျုပ်ဟာ အခု အသက်ရှင်နေတာလား၊ ဒါမှမဟုတ် သေနေတာလား "

ချင်ဟော့ချိန်က မေးလိုက်သည်။

"မင်းက အခု လူရှင်အတိုင်း ဒီမှာ ရပ်နေတာပဲ၊ ကျုပ်တို့ကို ဘာလာမေးနေတာလဲ "

တစ်စုံတစ်ယောက်က နှာခေါင်းရှုံ့လိုက်သည်။

သူတို့တစ်တွေကို လှောင်ပြောင်နေသည်ဟု ထင်နေပုံရသည်။

"အားလုံးပဲ... ကျုပ် တကယ်ပဲ သေသွားခဲ့တာပါ ဖန့်စီနီယာကိုယ်တိုင် ကျုပ်ကို သတ်ခဲ့တာပါ "

ချင်ဟော့ချိန်က ပြုံးလိုက်သည်

"ကျုပ် အခုဟာက ဝိညာဉ်တစ်ခုပဲ လူ့လောကမှာ ပေါ်လာနိုင်တာကလည်း ဖန့်စီနီယာက ကျုပ်ကို နတ်ဘုရားဝိညာဥ်လမ်းစဉ် လျှောက်လှမ်းစေခဲ့လို့ပါ"

"ခင်ဗျားတို့က ကောင်းကင်ဓားဌာနက လုပ်ဖော်ကိုင်ဖက်တွေ မဟုတ်ကြပေမဲ့ ကျုပ်အမြင်မှာတော့ လောကမှာရှိတဲ့ ဓားကျင့်ကြံသူအားလုံးဟာ မိသားစုတစ်ခုတည်းပါပဲ ဒီလမ်းစဉ်က အဆင်ပြေပါတယ်၊ လျှောက်လှမ်းသင့်ပါတယ်"

"ဟေ့ နတ်ဘုရားဝိညာဥ်လမ်းစဉ်ဆိုတာ ဘာလဲဆိုတာကို မင်းပဲ ရှင်းပြစမ်းပါဦး"

ဝမ်ကျန်းလုံက ချင်ဟော့ချိန်၏ စကားကို နားမထောင်ဘဲ ဖန့်ချန်ကို လှည့်မေးလိုက်သည်။

သူသည် ထိုအကြံပြုချက်၏ အရင်းအမြစ်ကို ဖန့်ချန်ထံမှ တိုက်ရိုက် ကြားချင်နေခြင်းဖြစ်သည်။

"ရှေးယခင်ကတည်းက လူတိုင်းက မသေမျိုးဖြစ်ဖို့ ကြိုးစားခဲ့ကြတာပါ အခုတော့ အထက်ဘုံလောကရဲ့ တံခါးကြီးက ပိတ်သွားပြီ အခု လူ့လောကရဲ့ ကိုးဘုံနယ်မြေ မှာ တကယ့်မသေမျိုး ဖြစ်ဖို့ဆိုတာ အလွန်ကို ခက်ခဲလှပါတယ်"

"ကျုပ်တို့ ဓားကျင့်ကြံသူတွေ လျှောက်တဲ့လမ်းဟာ တိုက်ခိုက်ရေးလမ်းစဉ် ဖြစ်ပေမဲ့၊ လမ်းကြောင်းတွေ ကွဲပြားပေမဲ့ ပန်းတိုင်က အတူတူပါပဲ နောင်တစ်ချိန်မှာ မသေမျိုးအဆင့်ကို ရောက်ချင်ကြတာပဲ မဟုတ်လား"

ဖန့်ချန်က ဆိုသည်။

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။

ဒါက အမှန်ပဲ မဟုတ်လား။

ကျင့်ကြံခြင်းရဲ့ ရည်ရွယ်ချက်က မသေမျိုးဖြစ်ဖို့ပဲလေ။

လမ်းကြောင်းတွေ မတူပေမဲ့ ရည်မှန်းချက်ကတော့ အတူတူပါပဲ။

"နတ်ဘုရားဝိညာဥ်လမ်းစဉ်ဟာ တကယ့်မသေမျိုးလမ်းစဉ်နဲ့ အဆင့်အတန်း တူညီပါတယ် ကွာခြားချက်ကတော့ မသေမျိုးလမ်းစဉ်က အထက်ဘုံလောက မှာ အောင်မြင်တာဖြစ်ပြီး၊ နတ်ဘုရားဝိညာဥ်လမ်းစဉ်ကတော့ ယင်လောက မှာ အောင်မြင်တာပါ "

ဖန့်ချန်က ဆက်ပြောသည်

"စီနီယာတို့သာ နတ်ဘုရားဝိညာဥ်လမ်းစဉ်ကို လျှောက်မယ်ဆိုရင် ကံကြမ္မာစမ်းသပ်မှု တွေ အထက်ဘုံလောကသို့ တက်လှမ်းခြင်း တွေလို ရှုပ်ထွေးတဲ့ အဆင့်တွေကို ကျော်ဖြတ်စရာ မလိုတော့ဘဲ တိုက်ရိုက် နတ်ဘုရားဝိညာဥ် ဖြစ်လာနိုင်မှာပါ ရှေးခေတ်ကာလတွေမှာဆိုရင် တကယ့်မသေမျိုးတွေနဲ့ အဆင့်အတန်း တူညီတဲ့ တည်ရှိမှုမျိုးတွေပါပဲ"

လူတိုင်းမှာ ဖန့်ချန်၏ စကားကို နားလည်အောင် ကြိုးစားရင်း မှင်တက်သွားကြသည်။

ဝမ်ကျန်းလုံက အတန်ကြာ တိတ်ဆိတ်နေပြီးမှ သံသယဖြင့် မေးလိုက်သည်

"တကယ်လို့ နတ်ဘုရားဝိညာဥ်လမ်းစဉ်ကို လျှောက်မယ်ဆိုရင် ကျုပ်တို့က ချင်ဟော့ချိန်လိုမျိုး လူသေတွေ ဖြစ်သွားရမှာလား "

ချင်ဟော့ချိန်က ကသိကအောက်ဖြင့် နှာခေါင်းကို ပွတ်လိုက်သည်။

ဖန့်ချန်က ရယ်မောလိုက်ပြီး

"ချင်ဟော့ချိန်ကတော့ သေပြီးမှ နတ်ဘုရားဝိညာဥ်ဖြစ်လာတာပါ ဒါပေမဲ့ လူရှင်ဘဝမှာလည်း နတ်ဘုရားဝိညာဥ် ဖြစ်လာလို့ ရပါတယ်"

"လူ့လောကမှာတော့ ကျင့်ကြံသူဖြစ်စေ၊ သာမန်လူဖြစ်စေ သေသွားရင် အားလုံး တန်းတူပါပဲ လေလွင့်ဝိညာဉ်တွေပဲ ဖြစ်သွားကြမှာပါ ထူးခြားတဲ့ နည်းလမ်းလည်း မရှိကြဘူး"

"ဒါပေမဲ့ ယင်လောကသွားခြင်း ကတော့ မတူပါဘူး စီနီယာတို့သာ ယင်လောကကို ဆင်းသွားမယ်ဆိုရင် ယင်လောကမှာလည်း လူ့လောကက ကျင့်ကြံမှုအဆင့်အတိုင်း ရှိနေမှာပါ နေရာဒေသ ကွာခြားချက်ကြောင့် အနည်းငယ် ပြောင်းလဲတာမျိုးပဲ ရှိပါလိမ့်မယ်"

"စီနီယာတို့ ယင်လောကကို ဆင်းပြီး နတ်ဘုရားဝိညာဥ် ဖြစ်သွားတဲ့အခါ နောင်တစ်ချိန် လူ့လောကမှာ သေသွားခဲ့ရင်တောင် သာမန် လေလွင့်ဝိညာဉ် ဖြစ်မှာ မဟုတ်တော့ဘဲ ကျင့်ကြံမှုတွေ အကုန်လုံးကို ဆက်ထိန်းထားနိုင်ပြီး နတ်ဘုရားဝိညာဥ်လမ်းစဉ်ကို တိုက်ရိုက် ဆက်လက် ကျင့်ကြံနိုင်မှာပါ"

လူတိုင်းမှာ နားထောင်ရင်း ကြောင်သွားကြသည်။

တစ်စုံတစ်ယောက်က အကျဉ်းချုပ်ကြည့်ရင်း အံ့ဩတုန်လှုပ်စွာဖြင့်

"မင်းဆိုလိုတာက... ကျုပ်တို့သာ နတ်ဘုရားဝိညာဥ်လမ်းစဉ်ကို ပြောင်းကျင့်လိုက်ရင်၊ နောင်တစ်ချိန် သေသွားရင်တောင် အသက်ရှင်စဉ်က ခွန်အားတွေကို ဆက်ပိုင်ဆိုင်ထားပြီး ချင်ဟော့ချိန်လိုမျိုး လူ့လောကမှာ စိတ်ကြိုက် သွားလာနိုင်မယ်လို့ ပြောတာလား "

ဖန့်ချန်က ခေါင်းညိတ်ပြလိုက်သည်။

အကြမ်းဖျင်းအားဖြင့်တော့ ထိုသို့ပင် ဖြစ်သည်။

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဒါဟာ... တကယ်ပဲ ဖြစ်နိုင်ချေရှိတဲ့ လမ်းစဉ်တစ်ခုပါပဲ။

"ဒါမှာ ဘာဆိုးကျိုးတွေ ရှိလဲ "

ဝမ်ကျန်းလုံက တွေးတောရင်း မေးလိုက်သည်။

"စီနီယာတို့ နတ်ဘုရားဝိညာဥ်လမ်းစဉ်ကို လျှောက်ပြီး လူ့လောကက ခန္ဓာကိုယ် သေဆုံးသွားခဲ့ရင်တော့... ယင်လောကရောက်တဲ့အခါ ဓား အသစ်တစ်လက်ကို ပြန်သွန်းလုပ်ဖို့ နည်းလမ်းရှာရပါလိမ့်မယ်"

ဖန့်ချန်က ဆိုသည်။

"ဒါကတော့ ဆိုးကျိုးလို့ ခေါ်လို့ မရပါဘူး..."

ဝမ်ကျန်းလုံက စဉ်းစားလိုက်ပြီး

"ဒါဆိုရင် ငါတို့ မင်းနဲ့အတူ ယင်လောကကို လိုက်ကြည့်ပြီးမှ ဆုံးဖြတ်ကြရင် ဘယ်လိုလဲ "

ဖန့်ချန်က ပြုံးလိုက်ပြီး ဝိညာဉ်ခေါ်မီးအိမ် များကို ချက်ချင်းပင် ထုတ်ယူလိုက်သည်။

ဖန့်ချန်က ထိုသို့ ကြိုတင်ပြင်ဆင်ထားသည်ကို မြင်သောအခါ လူတိုင်းကလည်း ဒါဟာ ရုတ်တရက် ထပြောတဲ့ အကြံပြုချက် မဟုတ်ဘူးဆိုတာကို ခန့်မှန်းမိလိုက်ကြသည်။

တစ်နာရီခန့်အကြာတွင် နောက်ဆုံးတစ်ယောက်ပါ ယင်လောကသို့ အောင်မြင်စွာ ဆင်းသက်နိုင်သွားပြီးနောက် ဖန့်ချန်၏ ခန္ဓာကိုယ်သည်လည်း မရဏလမ်း လမ်းမကြီးထဲသို့ ဝင်ရောက်သွားကာ လူတိုင်းကို ဝမ်ချွမ်း မြစ်ရှေ့သို့ ဦးဆောင်ခေါ်သွားတော့သည်။

ဒါဟာ ဝမ်ကျန်းလုံတို့အတွက် ပထမဆုံးအကြိမ် ယင်လောကသို့ ဆင်းသက်ခြင်း ဖြစ်သည်။

ယင်လောကအပေါ် စူးစမ်းလိုစိတ်များ ရှိနေသလို၊ အနည်းငယ်လည်း ကြောက်ရွံ့မိကြသည်။

သူတို့သည် ဝမ်ချွမ်းမြစ်ကို ဖြတ်ကျော်ကာ ယင်လောက၏ ရှန့်ကျင်းမြို့တော် သို့ ရောက်ရှိလာပြီး နောက်ဆုံးတွင် ဝိညာဉ်သုတ်သင်ရေးဌာန သို့ ရောက်ရှိသွားကြသည်။

ပိုင်ချင်းမင် သည် ထိုနေရာတွင် စောင့်ဆိုင်းနေသည်မှာ ကြာလှပြီ ဖြစ်သည်။

ဝမ်ကျန်းလုံတို့ လူစုကို မြင်သောအခါ သူက ချက်ချင်းပင် ပြုံးရွှင်စွာဖြင့် ရှေ့သို့တိုးကာ ဂါရဝပြုလိုက်သည်

"ဝမ်အကြီးအကဲကြီးနဲ့ တောင်ထိပ်သခင်တို့... နောက်ဆုံးတော့ ရောက်လာကြပြီပဲ"

All Chapters