← Chapters

အခန်း (၂၃၈၉-၂၃၉၀)

Vol. 179 Ch. 2389-2390

အခန်း (၂၃၈၉-၂၃၉၀)

Vol. 179 Ch. 2389-2390

အခန်း(၂၃၈၉)

“ဒီကောင်လေးက ဒု‌ခေါင်းဆောင်ကိုတောင် ရန်စရဲတယ်.. ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ”

အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့မှ လူများသည် ထိုမြင်ကွင်းကိုကြည့်ရင်း တိတ်တဆိတ် ခေါင်းခါရမ်းလိုက်ကြသည်။

ကျန်းချန်ကို ကြည့်နေသော သူတို့၏ အကြည့်တွင် သနားကရုဏာသက်သော အရိပ်အရောင်များ ပေါ်လွင်နေခဲ့၏။

အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင် ဖြစ်သော ချင်းစန်းလဲ့သည် ကပ်ဘေးနှောင်းပိုင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည် အလွန်အမင်း အစွမ်းထက်သည်။

သို့ဖြစ်ရာ သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ချင်းစန်းလဲ့ကို မည်ကဲ့သို့ ရင်ဆိုင်နိုင်ပါအံ့နည်း။

သို့သော်လည်း ကျန်းချန်က ချင်းစန်းလဲ့၏ လက်ချက်ဖြင့် သေချာပေါက် သေဆုံးတော့မည်ဟု အားလုံးက ထင်မှတ်နေကြစဥ်မှာပင် ၎င်းတို့ကို အံ့အားသင့်သွားစေသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က ရှောင်တိမ်းခြင်း မပြုဘဲ လက်နှစ်ဖက်ကို နောက်ပစ်ကာ နေရာမှာပင် ရပ်မြဲအတိုင်း ရပ်နေဆဲဖြစ်သည်ကို အားလုံးက မြင်တွေ့လိုက်ရသည်။

ချင်းစန်းလဲ့ ထိန်းချုပ်ထားသော မိုးကြိုးလျှပ်စီးများဖြင့် ဖွဲ့စည်းထားသည့် မိုးကြိုးနဂါးသည် ကျန်းချန်၏ ခန္ဓာကိုယ်နှင့် ပေတစ်ရာအတွင်းသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် လေထုထဲကနေ ထွက်ပေါ်လာသော ဓားစွမ်းအင်များ၏ ချေမှုန်းခြင်းကို ခံလိုက်ရကာ အမှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။

“မင်းက အင်မော်တယ် ကျင့်ကြံခြင်းလောကက လူမဟုတ်ဘူး.. မင်းက သိုင်းပညာ ကျင့်ကြံသူ တစ်ယောက် မဟုတ်လား”

ချင်းစန်းလဲ့၏ မျက်ဝန်းများက အနည်းငယ် ကျုံ့ဝင်သွားခဲ့သည်။

“ထာဝရသက်ရှည်တောင်တန်းရဲ့ ဝင်ခွင့်က အင်မော်တယ်ကျင့်ကြံသူတွေရဲ့ လက်ထဲမှာရှိနေတာကို.. မင်းက ဘယ်လိုလုပ်ပြီး ဒီအထဲကို ဝင်လာတာလဲ”

ချင်းစန်းလဲ့၏ စကားအဆုံးတွင် ပတ်ဝန်းကျင်ရှိ လူအားလုံး၏ အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ စုပြုံ၍ ကျရောက်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် ကျန်းချန်ကို လမ်းပြ၍ ခေါ်ဆောင်လာခဲ့သော တန်ကျွယ်ချန် ပင်လျှင် မယုံကြည်နိုင်အောင် အံ့ဩထိတ်လန့်သွားခဲ့သည်။

ကျန်းချန်နှင့် တိုက်ခိုက်စဥ်က ကျန်းချန်၏ စွမ်းရည်သည် သူတို့ အင်မော်တယ် ကျင့်ကြံသူများနှင့် မတူသလိုမျိုး ခပ်ရေးရေး ခံစားမိသော်လည်း တန်ကျွယ်ချန်သည် အလေးအနက် မစဥ်းစားခဲ့ပေ။

အကြောင်းရင်းမှာ ထာဝရသက်ရှည်တောင်တန်း၏ ဝင်ပေါက်ကို အင်မော်တယ် ကျင့်ကြံခြင်း လောကက ထိန်းချုပ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့်ပင်။

သို့ဖြစ်ရာ မြောက်ပိုင်းဒေသရှိ သိုင်းပညာကျင့်ကြံခြင်းလောကသားများသည် ထာဝရသက်ရှည် တောင်တန်းထဲကို ဝင်ရောက်ရန် မည်ကဲ့သို့ အခွင့်အရေး ရနိုင်ပါမည်နည်း။

ဤပုံအတိုင်းဆိုလျှင် အင်မော်တယ်တိုက်တွင် ကိစ္စကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါသလော။

ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျွန်တော်က သိုင်းပညာကျင့်ကြံသူ ဖြစ်နေရင်တောင် ဒီထာဝရသက်ရှည်တောင်တန်း ထဲမှာတော့ ဒီကိစ္စက သိပ်ပြီးအရေးမပါဘူး ထင်တယ်”

“မင်းအနေနဲ့ မင်းနဲ့ မဆိုင်တဲ့ကိစ္စတွေမှာ ဝင်မပါဘဲ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကနေ ထွက်သွားမယ်ဆိုရင် ငါဘာမှမဖြစ်ခဲ့သလို သဘောထားပေးမယ်”

ချင်းစန်းလဲ့က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။

အစောပိုင်းက တိုက်ခိုက်မှုတွင် သူ၏စွမ်းအားကို အစွမ်းကုန် မထုတ်ဖော်ခဲ့သော်လည်း ယင်းသည် သာမန် ကပ်ဘေးအဆင့် ကျင့်ကြံသူများ ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အစောပိုင်းက သူ၏ တိုက်ခိုက်မှုကို အလွယ်တကူ ဖြိုခွဲနိုင်ပုံထောက်လျှင် အလွန်တရာ ခက်ခဲသော ပြိုင်ဘက် ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။

ထို့ကြောင့် ချင်းစန်းလဲ့သည် မဖြစ်မနေ တိုက်ခိုက်ရမည့် အခြေအနေသို့ မရောက်မချင်း ဤကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်နှင့် ရန်သူ မဖြစ်လိုခဲ့ပေ။

“ဒါဆိုရင်တော့ ကျွန်တော့်ဘက်က စိတ်မကောင်းပါဘူးလို့ပဲ ပြောပါရစေ.. ဒီနေ့တော့ ကျွန်တော် ဒီကိစ္စကို အဆုံးထိ ပါဝင်ပတ်သက်ရလိမ့်မယ်”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“စကားကောင်း ပြောနေတာကို နားမထောင်ချင်တဲ့ကောင်.. သွားသေလိုက်တော့”

ချင်းစန်းလဲ့၏ မျက်ဝန်းများက အေးစက်သွားခဲ့သည်။

ထို့နောက်တွင် သူက ဆန်းကြယ်သော လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ ပေတစ်ရာခန့်ရှည်လျားသော ရွှေရောင်မိုးကြိုး နဂါးနှစ်ကောင်သည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန် ဆီသို့ ပျံသန်းလာခဲ့သည်။

လေထုထဲရှိ မိုးကြိုးနဂါး နှစ်ကောင်ကြောင့် ကောင်းကင်သည်ပင် လင်းထိန်သွားခဲ့၏။

ဤတိုက်ခိုက်မှုတွင် ချင်းစန်းလဲ့သည် မည်သည့်အရာကိုမှ ထိန်ချန်မထားဘဲ သူ၏ စွမ်းအင်အားလုံးကို အသုံးပြုခဲ့သည်။

စွမ်းအားကို အလွန်အကျွံ ထုတ်ဖော်လိုက်သရွေ့ တန်ကျွယ်ချန်၏ ခန္ဓာကိုယ်ပင်လျှင် တုန်ယင်သွားခဲ့ရ၏။

ထိုကောင်လေး အနေဖြင့် ဤတိုက်ကွက်ကို ခုခံနိုင်လျှင်ပင် ကြီးမားသော အဖိုးအခကို ပေးဆပ်ရလိမ့်မည်ဟု သူထင်မြင်မိသည်။

ကျန်းချန်က တည်ငြိမ်စွာဖြင့်ပင် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ရှေးဟောင်း ရွှေရောင်ဓားသည် သူ၏လက်ထဲတွင် ပေါ်လာခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်မှ လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်ကို ထုတ်ဖော်လိုက်၏။

ဆန်းကြယ်သော ဓားအလင်းသည် လေထုကို လျှပ်တစ်ပြက် ထိုးဖောက်သွားခဲ့ပြီး ရွှေရောင်မိုးကြိုး နဂါး နှစ်ကောင်ပေါ်သို့ ကျရောက်သွားခဲ့ရာ ရွှေရောင်မိုးကြိုးနဂါး ပေါ်ရှိ စွမ်းအားများကို ပြိုကွဲစေခဲ့ပြီး ချက်ချင်းပင် ပျက်စီးသွားစေခဲ့သည်။

ထိုမြင်ကွင်းကို မြင်လျှင် ချင်းစန်းလဲ့သည် မျက်နှာအမူအရာပြောင်းလဲသွားခဲ့ပြီး နောက်ထပ် တိုက်ကွက်များကို ထပ်မံအသုံးပြုကာ ကျန်းချန်ကို ဆက်တိုက် ဆိုသလို တိုက်ခိုက်လိုက်၏။

ကျန်းချန်က လက်ထဲရှိ ရှေးဟောင်း ရွှေရောင်ဓားကို အဆက်မပြတ် ဝှေ့ယမ်းကာ ချင်းစန်းလဲ့၏ တိုက်ကွက်များကို အလွယ်တကူပင် ဖြိုခွင်းနေခဲ့သည်။

တစ်ခဏအတွင်းမှာပင် သူတို့နှစ်ဦးသည် ဆယ်ကွက်မက တိုက်ခိုက်ပြီးခဲ့ကြသည်။

ချင်းစန်းလဲ့သည် တစ်ကွက်ပြီးတစ်ကွက် တိုက်ခိုက်ခဲ့သော်လည်း ကျန်းချန်၏ အင်္ကျီစကိုပင် ထိအောင် မလုပ်ဆောင်နိုင်ခဲ့ပေ။

“ချင်းစန်းလဲ့.. ခင်ဗျားက အစွမ်းထက်တယ် ဆိုပေမဲ့ ကျွန်တော့်ကို ဘယ်လိုမှ အနိုင်ယူနိုင်မှာမဟုတ်ဘူး.. ခင်ဗျားသားနဲ့ တန်ကျွယ်ချန်တို့ ကြားက ကိစ္စက နှစ်ပေါင်းများစွာတောင် ကြာခဲ့ပြီ.. ဒီကိစ္စအတွက် ခင်ဗျားနဲ့ ကျွန်တော် တိုက်ခိုက်နေရတာ အဓိပ္ပါယ်မရှိဘူး.. ကျွန်တော် ဒီနေ့ ဒီကိုလာတာက ခင်ဗျားတို့ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကို ဝင်ဖို့အတွက်ပဲ.. ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်.. ဘယ်လိုသဘောရလဲ”

ကျန်းချန်က ချင်းစန်းလဲ့၏ တိုက်ခိုက်မှုကို ဓားချက် တစ်ချက်တည်းဖြင့် ဖြိုခွဲလိုက်ပြီးနောက်တွင် တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။

ချင်းစန်းလဲ့က သုန်မှုန်သော အမူအရာဖြင့် နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောဆိုလိုက်၏။

“မင်းရဲ့စကားကို လိုက်နာရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ ကောင်လေး”

ထိုစဥ်က ဖြစ်ခဲ့သည့် ကိစ္စသည် သူ၏သား ချင်းရွမ်၏ တာအိုနှလုံးသားကိုပင် ထိခိုက်သွားခဲ့ရသည်။

အကယ်၍ ဤကိစ္စကို မဖြေရှင်းနိုင်ခဲ့လျှင် ချင်းရွမ်၏ တာအိုနှလုံးသားသည် ဘယ်သောအခါမျှ ပြန်လည် ကောင်းမွန်တော့မည် မဟုတ်ပေ။

ထို့ကြောင့် ယနေ့တွင် မည်သည့်အဖိုးအခ ပေးဆပ်ရပါစေ၊ သူက ဤကိစ္စကို ဖြေရှင်းပြီး ချင်းရွမ်၏ တာအိုနှလုံးသားကို ကုသပေးရန် ဆုံးဖြတ်ထားခဲ့သည်။

ချင်းစန်းလဲ့၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် အေးစက်သွားခဲ့သည်။

“ချင်းစန်းလဲ့.. ကျွန်တော် ခင်ဗျားကို ပြေလည်ဖို့ အခွင့်အရေးပေးခဲ့ပြီးပြီ.. ဒါကိုမှ ခင်ဗျားဆက်ပြီး တိုက်ချင်နေသေးတယ်ဆိုရင်တော့ ကျွန်တော် ခင်ဗျားကို အဆုံးထိ အဖော်လုပ်ပေးမယ်”

ချင်းစန်းလဲ့က ဘာစကားမျှ ထပ်မပြောတော့ဘဲ သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများကို ထပ်မံ၍ ထုတ်ဖော်ကာ ဆက်လက် တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ အတွင်းမှ အဘိုးအို တစ်ဦး၏ စကားသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“စန်းလဲ့.. ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ပါ.. ဒီက မိတ်ဆွေလေးကို အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့မှာ တည်းခိုဖို့အတွက် စီစဥ်ပေးလိုက်ပါ”

ထိုစကားသံကို ကြားလျှင် ချင်းစန်းလဲ့၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလို ပျက်ယွင်းသွားခဲ့သည်။

သူက အချိန်အတော်ကြာ တွေဝေနေပြီးမှ အဆုံးသတ်တွင် ဆက်လက် တိုက်ခိုက်ရန် မရွေးချယ်တော့ပေ။

ယခုအခါတွင် သူ၏အထက်မှ ပုဂ္ဂိုလ်က စကား ပြောဆိုလာပြီဖြစ်ရာ သူ့အနေဖြင့် ထိုကောင်လေးကို ဆက်လက် တိုက်ခိုက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ချင်းစန်းလဲ့က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်တို့ နှစ်ဦးအတွက် နေရာထိုင်ခင်း စီစဥ်ပေးရန် လက်အောက်ငယ်သား တစ်ဦးကို အမိန့်ပေးလိုက်သည်။

ထို့နောက်တွင် သူက ချင်းရွမ်နှင့်အတူ လူတိုင်း၏ ရှေ့ကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ချင်းစန်းလဲ့သည် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့သို့ ပြန်လည် ရောက်ရှိသွားပြီးနောက်တွင် ရှေးကျသော ခန်းမဆောင် တစ်ခု အတွင်းသို့ တိုက်ရိုက်ပင် သွားရောက်ခဲ့သည်။

ခန်းမဆောင်၏ အလယ်တွင် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မုတ်ဆိတ်မွေးနှင့် ဆံပင်များ ဖြူဖွေးနေသော ခါးကုန်းကုန်း အဘိုးအို တစ်ဦးသည် မျက်စိမှိတ်ကာ တင်ပျဥ်ခွေထိုင်နေခဲ့သည်။

“ခေါင်းဆောင်.. ချင်းရွမ် တာအိုနှလုံးသား ထိခိုက်ခဲ့ရတာက အဲဒီ တန်ကျွယ်ချန် ဆိုတဲ့ကောင်က အလစ်အငိုက် တိုက်ခိုက်ခဲ့လို့ပဲ.. တကယ်လို့ တန်ကျွယ်ချန်ကို မရှင်းပစ်နိုင်ရင် ချင်းရွမ်က ဒီထက် ပိုပြီး ကြီးမားတဲ့ အောင်မြင်မှုတွေကို ရရှိမှာ မဟုတ်တော့ဘူး.. သူ့ရဲ့ အထူးခန္ဓာကိုယ်က အလဟဿ ဖြစ်သွားမှာ ကျွန်တော် စိုးရိမ်မိတယ်.. ဘာလို့ ကျွန်တော့်ကို တားမြစ်ရတာလဲ”

ချင်းစန်းလဲ့က ခန်းမအလယ်ရှိ အဘိုးအိုကို ကြည့်ကာ‌ လေးနက်သော လေသံဖြင့် မေးလိုက်သည်။

“ငါမင်းကို မတားဘူးဆိုရင်တောင် မင်းအနေနဲ့ အဲဒီကောင်လေးကို နိုင်မယ်လို့ ထင်နေလား”

ထိုစကားကို ပြောဆိုရင်း အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုသည် သူ၏ မျက်ဝန်းများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

“ချင်းရွမ်ရဲ့ တာအိုနှလုံးသားကို ကုစားဖို့ အတွက် ငါဖြေရှင်းနည်းတစ်ခု ရှာပေးပါ့မယ်.. မင်းသိထားဖို့က အဲဒီကောင်လေးက အနှိုင်းမဲ့ပါရမီရှင် တစ်ယောက်ပဲ.. သူ့ရဲ့စွမ်းရည်က သားရဲမျိုးနွယ်စုက လူတွေထက် မနိမ့်ဘူး.. သူက ငါတို့အတွက် အသုံးဝင်တဲ့သူ တစ်ယောက်ပဲ.. လောလောဆယ်တော့ သူ့ကို အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့မှာ အရင် တည်းခိုခိုင်းထားလိုက်ပါ”

ခေါင်းဆောင်ထံမှ စကားကိုကြားလျှင် ချင်းစန်းလဲ့သည် ခဏမျှ အံ့အားသင့်သွားခဲ့သည်။

မကြာမီမှာပင် သူက တစ်စုံတစ်ရာကို ချက်ချင်းဆိုသလို စဥ်းစားမိသွားခဲ့ပြီး အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

“ခေါင်းဆောင်က အဲဒီနေရာဆီ ဒီကောင်လေးကို ခေါ်သွားမလို့လား”

“ငါတို့ နှစ်ပေါင်းများစွာ စူးစမ်းခဲ့တဲ့ မှတ်တမ်းတွေအရ ဆိုရင် အဲဒီနေရာက ထာဝရသက်ရှည်တောင်တန်းရဲ့ အလယ်ဗဟိုပဲဖြစ်ရမယ်.. အဲဒီနေရာမှာ ထာဝရသက်ရှည်တောင်တန်းရဲ့ စစ်မှန်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေလောက်တယ်”

အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအို၏ အိုမင်းသော မျက်ဝန်းထဲတွင် အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။

“ငါတို့ အဲဒီနေရာကို သွားနိုင် မသွားနိုင် ဆိုတာက အဲဒီကောင်လေးအပေါ်မှာပဲ မူတည်လိမ့်မယ်”

အခန်း(၂၃၈၉)ပြီး၏။

အခန်း(၂၃၉၀)

အင်မော်တယ် ကျင့်ကြံသူများမဟာမိတ်အဖွဲ့၏ သီးသန့်ခြံဝင်း တစ်ခုအတွင်း၌ အကြီးအကဲ တစ်ဦး၏ စီစဥ်ပေးမှုအောက်တွင် ကျန်းချန်တို့နှစ်ဦးသည် ယာယီတည်းခိုခဲ့ကြသည်။

“မိတ်ဆွေလေးကျန်းချန်.. အင်မော်တယ်ကျင့်ကြံသူများမဟာမိတ်အဖွဲ့က ငါတို့ကို ဒီမှာနေခွင့်ပေးတာ တစ်ခုခု မရိုးသားဘူးလို့ ငါခံစားရတယ်.. မင်းသတိထားမှဖြစ်မယ်”

တန်ကျွယ်ချန်က ကျန်းချန်ကို သတိပေးလိုက်သည်။

ထာဝရသက်ရှည်တောင်တန်းတွင် သိုင်းပညာ ကျင့်ကြံသူများနှင့် အင်မော်တယ် ကျင့်ကြံသူများသည် ပြင်ပကမ္ဘာကဲ့သို့ တစ်ဦးနှင့်တစ်ဦး ကမ္ဘာမကြေရန်သူများ အဖြစ် သဘောမထားကြသော်လည်း ရင်းနှီးဖော်ရွေမှုတော့ မရှိကြပေ။

တစ်စုံတစ်ရာ ရည်ရွယ်ချက်မရှိလျှင် အင်မော်တယ် ကျင့်ကြံသူများမဟာမိတ်အဖွဲ့သည် ဤမျှ အစွမ်းထက်သော သိုင်းပညာကျင့်ကြံသူ တစ်ဦးကို နေထိုင်ခွင့်ပေးမည် မဟုတ်သည်မှာ သေချာ၏။

“စိတ်မပူပါနဲ့ ငါ့မှာ ကိုယ်ပိုင်အစီအစဥ် ရှိပါတယ်”

ကျန်းချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့သည် အလွန်တရာပင် အင်အားကြီးမားသည်။

အထူးသဖြင့် သူနှင့် ချင်းစန်းလဲ့ တို့၏ တိုက်ပွဲကို တားမြစ်ခဲ့သော အဘိုးအိုသည် ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ ထိုက်ချင်းဘိုးဘေးထက်ပင် ပို၍ အစွမ်းထက်နိုင်သည်ဟု သူထင်မြင်မိ၏။

အကယ်၍ ထိုအဘိုးအိုသာ တိုက်ခိုက်လာလျှင် အင်မော်တယ်ကျောက်တိုင်ကို အသုံးပြု၍သာ ရင်ဆိုင်နိုင်ပေလိမ့်မည်။

သို့ရာတွင် အဘိုးအိုသည် တိုက်ခိုက်ခြင်းမပြုသည့် အပြင် ချင်းစန်းလဲ့၏ တိုက်ခိုက်မှုကိုပင် တားဆီးခဲ့၍ နောက်ကွယ်တွင် လှည့်ကွက်တစ်ခုခု ရှိမည်မှာ သေချာသလောက်ပင်။

ထိုအဘိုးအိုက သူ့ကို တိုက်ခိုက်ခြင်းမရှိပုံကို ထောက်လျှင် သူက အင်မော်တယ် ကျင့်ကြံသူများမဟာမိတ်အဖွဲ့ အတွက် တစ်စုံတစ်ရာ အသုံးချရန် တန်ဖိုးရှိနေသည်ဟု အဓိပ္ပါယ်ရသည်မဟုတ်ပါလော။

ယခုအခါတွင် သူက အရာရာကို တည်ငြိမ်စွာ စောင့်ကြည့်ရန် လိုအပ်ပြီး တစ်ဖက်တွင်လည်း အင်မော်တယ် ကျင့်ကြံသူများမဟာမိတ်အဖွဲ့မှ တစ်ဆင့် ထာဝရသက်ရှည်တောင်တန်းနှင့် ပတ်သက်သည့် သတင်း အချက်အလက်ကို စုံစမ်းရမည်ဖြစ်၏။

နောက်ထပ် ရက်အနည်းငယ်အတွင်း ကျန်းချန်သည် အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့အတွင်း လှည့်လည်သွားလာရင်း အဖွဲ့ဝင်များထံမှ ထာဝရသက်ရှည်တောင်တန်းအကြောင်းကို ပိုမိုသိရှိရန် ကြိုးပမ်းခဲ့ပြီး ကောင်းကင်လမ်းစဥ်ရှိနိုင်မည့် နေရာကို ရှာဖွေနိုင်ရန် အားထုတ်ခဲ့သည်။

သို့သော်လည်း အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့မှ လူအားလုံးနီးပါးသည် ကျန်းချန်ကို ရှောင်ဖယ်နေခဲ့ကြပြီး မည်သည့်အရာမှ ပြောဆိုရန် ဆန္ဒမရှိကြပေ။

ရက်အနည်းငယ်ကြာသည် အထိ ကျန်းချန်သည် အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ထံကနေ အသုံးဝင်သော သတင်းအချက်အလက် တစ်စုံတစ်ရာမျှ မရရှိခဲ့ကြပေ။

ယနေ့တွင် ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ ခေါင်း‌ဆောင်နှင့် တွေ့ဆုံရန် ဆုံးဖြတ်လိုက်၏။

ထိုအဘိုးအိုက သူ့ကို အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့တွင် နေထိုင်ခွင့်ပြုခဲ့ပုံကို ထောက်လျှင် ထိုအဘိုးအိုထံ၌ သေချာပေါက် ရည်ရွယ်ချက်တစ်ခု ရှိနေလောက်သည်။

သူလိုချင်သော သတင်း အချက်အလက်များကို ထိုအဘိုးအိုထံကနေ ရရှိရန် ဖြစ်ကောင်း ဖြစ်နိုင်လောက်၏။

သို့သော်လည်း ကျန်းချန်က အခန်းထဲမှ ထွက်ခွာ၍ အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ခေါင်းဆောင်ထံ သွားရန် ပြင်လိုက်စဥ်မှာပင် ခြံဝင်းအတွင်း၌ နေရာလွတ် လှိုင်းဂယက်များ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က သူ၏ခြေလှမ်းကို ရပ်တန့်လိုက်ပြီး လှမ်းကြည့်လိုက်၏။

အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်လိုက်ပြီး မုတ်ဆိတ်နှင့်ဆံပင်များ ဖြူဖွေးနေသော ခါးကုန်းကုန်း အဘိုးအိုတစ်ဦးသည် သူ၏ ရှေ့တွင် ပေါ်လာခဲ့သည်။

အစိမ်းရောင်ဝတ်ရုံဝတ် အဘိုးအိုကို မြင်လျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

“စီနီယာက အဲဒီနေ့က စကားပြောခဲ့တဲ့ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် မဟုတ်လား”

အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအို၏ အရှိန်အဝါသည် အလွန်တရာပင် နက်ရှိုင်းလှသည်။

ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ ထိုက်ချင်းဘိုးဘေးနှင့် နှိုင်းယှဥ်လျှင်ပင် ပို၍ သာလွန်ပြီး သူသည်လည်း ကပ်ဘေး အထွတ်အထိပ် အဆင့် ကျင့်ကြံသူ ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။

ဤမျှ အစွမ်းထက်သော ကျင့်ကြံသူသည် အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ခေါင်းဆောင်မှ လွဲ၍ အခြား မည်သူ ဖြစ်နိုင်ပါမည်နည်း။

“ငါက အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ရှချင်းလီပါ”

ရှချင်းလီက ကျန်းချန်ကို အကဲခတ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“မထင်မှတ်ဘဲ သိုင်းပညာ ကျင့်ကြံခြင်းလောကမှာ မင်းလို အနှိုင်းမဲ့ ပါရမီရှင်မျိုး ပေါ်ထွက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. မင်း ဒီထာဝရသက်ရှည်တောင်တန်းကို ဝင်ရောက်လာနိုင်ပုံထောက်ရင် အင်မော်တယ်တိုက်မှာ ပြောင်းလဲမှုအကြီးအကျယ် ဖြစ်နေလောက်ပြီ ထင်တယ်”

ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“စီနီယာက ဒီထာဝရသက်ရှည်တောင်တန်းထဲမှာ နေခဲ့တာ နှစ်ပေါင်း အတော်ကြာခဲ့ပြီ ဆိုတော့ ပြင်ပကမ္ဘာနဲ့တောင် အဆက်အသွယ် ပြတ်နေပြီ.. ဒီလိုကိစ္စတွေကို စိတ်ပူနေသေးတာလား”

“မင်းပြောတာမှန်ပါတယ်.. ငါဒီထာဝရသက်ရှည်တောင်တန်းထဲမှာ နေလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ.. ပြင်ပကိစ္စတွေက ငါနဲ့ မသက်ဆိုင်တော့ပါဘူး.. အဲဒီတုန်းက ကျင့်ကြံခြင်းလောကမှာ ငါက လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ကိုတောင် မထိုးဖောက်နိုင်သေးတဲ့ အညတရလေး တစ်ယောက်ပဲ. ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်ရောက်ပြီးနောက်မှ အခွင့်အလမ်းကောင်းတွေကို ရရှိပြီး ဒီနေ့လို အခြေအနေမျိုးကို ရောက်ရှိလာခဲ့တာပဲ.. ဒီနှစ်တွေအတွင်းမှာ ငါ့ရဲ့တစ်ခုတည်းသောဆန္ဒက ဒီ ထာဝရသက်ရှည်တောင်တန်းထဲမှာ အခွင့်အလမ်းတွေကို ရှာဖွေပြီး မဟာယာနအဆင့်ကို ထိုးဖောက်ဖို့နဲ့ အင်မော်တယ်ဖြစ်လာဖို့ အထိ လမ်းစကို ရှာဖွေဖို့ပဲ”

ရှချင်းလီက ကျန်းချန်၏ သိုင်းပညာကျင့်ကြံသူ ဟူသည့် အထောက်အထားကို ဂရုမစိုက်ဘဲ တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်သည်။

ကျန်းချန်က ရှချင်းလီကို အပိုစကားများ ပြောမနေတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်၏။

“စီနီယာ အဲဒီနေ့က ကျွန်တော့်ကို လက်ခံခဲ့တာက အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့မှာ ဒီအတိုင်း ခေါ်ထားချင်ရုံသက်သက်တော့ မဟုတ်လောက်ဘူး ထင်တယ်”

“အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့က ထာဝရသက်ရှည်တောင်တန်းကို နှစ်ပေါင်းများစွာ စူးစမ်းခဲ့ကြတယ်.. ငါတို့ စူးစမ်းခဲ့တဲ့ ဧရိယာက ထာဝရသက်ရှည်တောင်တန်းရဲ့ ဆယ်ပုံတစ်ပုံအောက်ပဲ ရှိသေးပေမဲ့ ထာဝရသက်ရှည်တောင်တန်းထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာအချို့ကို ရှာဖွေတွေ့ရှိခဲ့တယ်.. အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ရဲ့ နှစ်ပေါင်းများစွာ တွက်ချက်မှုတွေအရတော့ အဲဒီထဲက နေရာတစ်ခုက ထာဝရသက်ရှည်တောင်တန်းရဲ့ အလယ်ဗဟိုဖြစ်နိုင်တယ်.. ပြောရရင် ထာဝရသက်ရှည်တောင်တန်းရဲ့ ဒဏ္ဍာရီထဲက အင်မော်တယ် ဖြစ်လာနိုင်မဲ့ အခွင့်အရေးက အဲဒီနေရာမှာတောင် ရှိနေနိုင်တယ်.. ငါမင်းကို အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ထဲမှာ လက်ခံခဲ့တာက အဲဒီလျှို့ဝှက်နေရာကို စူးစမ်းဖို့အတွက် မင်းနဲ့ လက်တွဲချင်လို့ပဲ”

ရှချင်းလီက ဖုံးကွယ်မထားဘဲ သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက်ပင် ပြောပြလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

ဤသည်မှာ အမှန်တကယ်ပင် ရှာပုံတော် ဖွင့်စရာ မလိုဘဲ အလိုလို ရောက်ရှိလာသည့် အခွင့်အရေး ဖြစ်သည်။

သူ ဤတစ်ခေါက် ထာဝရသက်ရှည်တောင်တန်း ထဲကို ရောက်လာခဲ့သည့် အကြောင်းရင်းမှာ နတ်ဘုရားနယ်မြေစကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန် အတွက် ဖြစ်သည်။

အကယ်၍ ကောင်းကင်လမ်းစဥ်သာ ဤ ထာဝရသက်ရှည်တောင်တန်းထဲတွင် အမှန်တကယ် ပုံးကွယ်နေသည် ဆိုလျှင် ထိုနေရာသည် ထာဝရသက်ရှည်တောင်တန်း၏ အလယ်ဗဟိုဧရိယာတွင်သာ ဖြစ်နိုင်လောက်၏။

ဆိုရလျှင် ရှချင်းလီ တွေ့ရှိထားသော နေရာသည် ကောင်းကင်လမ်းစဥ်တည်ရှိသော နေရာဖြစ်နိုင်ခြေ အလွန်များသည်။

ကျန်းချန်က ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“စီနီယာတို့.. အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ရဲ့ စွမ်းအားနဲ့တောင် အဲဒီလျှို့ဝှက်နေရာကို မစူးစမ်းနိုင်ဘူးလား”

ရှချင်းလီသည် ကပ်ဘေး အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပြီး ထိုက်ချင်းဘိုးဘေးထက်ပင် အစွမ်းထက်သူ ဖြစ်သည်။

ရှချင်းလီ၏ စွမ်းရည်ဖြင့် ထိုလျှို့ဝှက်နေရာကို မစူးစမ်းနိုင်ဟုဆိုလျှင် သူ့အနေဖြင့် ရှချင်လီနှင့် လက်တွဲလျှင်ပင် မည်သည့်အဓိပ္ပါယ်မှ ရှိလိမ့်မည် မဟုတ်ပေ။

“အဲဒီနေရာရဲ့ အခြေအနေက အရမ်းရှုပ်ထွေးတယ်.. အချိန်အတိုင်းအတာ တစ်ခု ရောက်မှပဲ အထဲကို ဝင်လို့ရတယ်.. ဒါ့အပြင် ငါတို့ စူးစမ်းမှုတွေအရ အဲဒီနေရာမှာ စမ်းသပ်မှု တစ်ခုရှိနေတယ်.. ပါရမီထူးချွန်တဲ့ သူတွေမှပဲ အဲဒီ စမ်းသပ်မှုကို ပိုပြီး လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်လိမ့်မယ်”

ရှချင်းလီက သူသိထားသည်များကို အမှန်အတိုင်း ပြောပြလိုက်သည်။

အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့သည် အင်မော်တယ် ကျင့်ကြံခြင်း လောကမှ ထူးချွန်သော တပည့်များစွာကို စုစည်းထားသော်လည်း အလွန်အမင်း ထူးချွန်သော ပါရမီရှင်မျိုးတော့ မပေါ်ပေါက်ခဲ့ဖူးပေ။

ထိုအကြောင်းကြောင့်ပင် သူတို့ အင်မော်တယ် ကျင့်ကြံသူများသည် ထိုနေရာကို စူးစမ်းသည့် အကြိမ်တိုင်း၌ တိုးတက်မှုများစွာ မရရှိခဲ့ချေ။

လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်က အထူးခန္ဓာကိုယ် ပိုင်ရှင်ဖြစ်သည့် ပါရမီရှင် ချင်းရွမ် ပေါ်ပေါက်လာခဲ့သည်။

ချင်းရွမ်သည် အသက်တစ်ရာ မပြည့်မီမှာပင် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ကို ရောက်ရှိခဲ့သည်။

ချင်းရွမ်၏ ပါရမီဖြင့်သာဆိုလျှင် သူတို့ အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့အတွက် ထိုနေရာကို စူးစမ်းရန် မကြာမီ အကူအညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြ၏။

သို့ရာတွင် ချင်းရွမ်သည် တာအိုနှလုံးသား ထိခိုက်သွားခဲ့ပြီး ကျင့်ကြံခြင်းတွင် အလွန်တရာ နှေးကွေးသွားခဲ့သည်။

နှစ်ပေါင်း သုံးထောင်ကြမှသာ ချင်းရွမ်သည် ကပ်ဘေးအဆင့်ကို မနည်း ထိုးဖောက်ခဲ့ရခြင်း ဖြစ်သည်။

သို့ရာတွင် ချင်းယွမ်က အထူးခန္ဓာကိုယ်ပိုင်ရှင် ဖြစ်သောကြောင့် ကပ်ဘေး အစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း အတိုင်းအတာတစ်ခု အထိ အသုံးဝင်နိုင်သေး၏။

သို့သော်လည်း ကျန်းချန် ပေါ်လာပြီးနောက်တွင် ရှချင်းလီသည် သူ၏ အစီအစဥ်ကို ပြောင်းလဲလိုက်သည်။

သိုင်းပညာ ကျင့်ကြံခြင်းလောကမှ ရောက်ရှိလာသော လျှို့ဝှက်ဆန်းကြယ်သည့် လူငယ်လေးသည် အထူးခန္ဓာကိုယ်ပိုင်ရှင် ဖြစ်သည့် ချင်းရွမ်ထက်ပင် ပိုမို ပါရမီရှိရုံသာမက တိုက်ခိုက်ရေးစွမ်းရည် တွင်လည်း ကပ်ဘေးနှောင်းပိုင်းအဆင့်ရှိ ချင်းစန်းလဲ့ကိုပင် အနိုင်ယူနိုင်စွမ်း ရှိနေခဲ့သည်။

ဆိုရလျှင် သူ့ရှေ့မှ လူငယ်သည် ထိုနေရာကို စူးစမ်းရန်အတွက် အသင့်တော်ဆုံးပုဂ္ဂိုလ် ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

အခန်း(၂၃၉၀)ပြီး၏။

All Chapters