← Chapters

အခန်း (၁၁၅၉-၁၁၆၀)

Vol. 116 Ch. 1159-1160

အခန်း (၁၁၅၉-၁၁၆၀)

Vol. 116 Ch. 1159-1160

အခန်း (၁၁၅၉) ဆယ်နှစ်

"လာပါ... သံတမန်နှစ်ဦး၊ ကျုပ် မိတ်ဆက်ပေးပါရစေ ဒီလူကတော့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူ ဖန့်ချန် ပါပဲ"

ရွှင်ဟွမ်က မျက်နှာတစ်ခုလုံး ပြုံးရွှင်လျက် ဖန့်ချန်၏ ရှေ့သို့ ထရပ်ကာ ကြိုဆိုလိုက်သည်။

သူ၏ အကြည့်မှာ ရှန်ထူချန်း၏ ကိုယ်ပေါ်သို့ မသိမသာ ဝေ့ဝဲသွားပြီးနောက် တိထျန်းနှင့် ပေတု တိုက်ကြီးများမှ သံတမန်များကို ပြုံး၍ ပြောလိုက်သည်။

'လွတ်လပ်သောမသေမျိုး'

ရွှင်ဟွမ်၏ မျက်လုံးထဲတွင် လေးနက်မှု တစ်စွန်းတစ်စ တိုးဝင်သွားသည်။

ရှန်ထူချန်းက သူ၏ အရှိန်အဝါကို အထူးတလည် ဖုံးကွယ်ထားခြင်း မရှိသဖြင့် ဤမျှ နီးကပ်သော အကွာအဝေးတွင် ရှန်ထူချန်း၏ ခွန်အားမှာ မိမိထက် မနိမ့်ကျကြောင်း သူ ခံစားသိရှိလိုက်ရသည်။

ဖန့်ချန်၏ အစွမ်းအစနှင့် ပတ်သက်၍ သူ၏ အမြင်မှာ နောက်တစ်ဆင့်သို့ ထပ်မံ မြင့်တက်သွားရပြန်သည်။

သို့သော် သူ၏ စိတ်ထဲတွင် ကြိုတင်ပြင်ဆင်မှု ရှိပြီးသား ဖြစ်သည်။

မြောက်ပိုင်းကောင်းကင်တံခါး က ထို ချက်ကစားပွဲ၏ မြင်ကွင်းကို သူ ထပ်ခါတလဲလဲ ကြည့်ရှုခဲ့ပြီးပြီ ဖြစ်သည်။

ထိုကစားပွဲတွင် ဖန့်ချန်၏ ရိုးရှင်းသော ကစားကွက်များမှာ အဓိက မဟုတ်ဘဲ၊ တောင်တန်းကို ဆွဲယူကာ အန်စာတုံးအဖြစ် ပြုလုပ်ခဲ့သည့် သူ၏ နည်းလမ်းမှာ သာမန် ဂိုဏ်းချုပ် များထက်ပင် ပိုမို အစွမ်းထက်လှသည်။

ထိုသို့ ပေါ့ပေါ့ပါးပါး လုပ်ဆောင်နိုင်ခြင်းမျိုးကို သူကိုယ်တိုင်ပင် မလုပ်နိုင်ချေ။

"တိထျန်း သံတမန် ကုဟုန်ဖေး ပါ ဖန့်ဓားဦးဆောင်သူကို တွေ့ရတာ ဝမ်းသာပါတယ်"

"ပေတု သံတမန် ဝေ့ချန်း ပါ၊ ဖန့်ဓားဦးဆောင်သူကို တွေ့ရတာ ဝမ်းသာပါတယ်"

မသေမျိုးဘုရင် နှစ်ဦးစလုံးမှာ ရှေ့သို့ တက်လာပြီး ဂါရဝပြုကြသည်။

သူတို့သည်လည်း ရွှင်ဟွမ်ကဲ့သို့ပင် မြောက်ပိုင်းတိုက်က ထိုကစားပွဲကို မြင်တွေ့ခဲ့ဖူးကြသည်။

ထို့ကြောင့် သူတို့ရှေ့မှ လူမှာ ဝိညာဉ်ခွဲဖြာခြင်းအဆင့် အရှိန်အဝါသာ ထွက်ပေါ်နေသော်လည်း လျှော့မတွက်ရဲကြချေ။

အပြန်အလှန်အားဖြင့် အမှားအယွင်း တစ်စုံတစ်ရာ မရှိစေရန် အမူအရာကို ရိုရိုသေသေ ထားရှိကြသည်။

ဖန့်ချန်က ပြုံးလျက် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်

"အားလုံးပဲ... ကျုပ်တို့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင် ဒီတစ်ခေါက် ဝိညာဉ်နတ်ဘုရားဂိုဏ်းကို ရန်သူအဖြစ် သတ်မှတ်ဖို့ တိထျန်းနဲ့ ပေတုမှာ ဘယ်လောက်အထိ စိတ်ရင်းရှိသလဲ အမှတ် ၁၀ ဆိုရင် အပြည့်လို့ သတ်မှတ်ရအောင်"

"..."

ထိုနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဤမျှ မြန်ဆန်သော ပွင့်လင်းမှုကို သူတို့ တစ်ခါမှ မကြုံဖူးချေ။

ဧည့်သည်မှာ ထိုင်တောင် မထိုင်ရသေးမီ တိုက်ရိုက် အချက်ကျကျ မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။

ကုဟုန်ဖေးက ခဏမျှ စဉ်းစားလိုက်ပြီး ပြတ်သားသော အကြည့်ဖြင့်

"၁၂ မှတ်ပါ"

ဝေ့ချန်းကလည်း ဖြည်းဖြည်းချင်း ခေါင်းညိတ်သည်

"ပေတုမှာလည်း စိတ်ရင်းနဲ့ ဆုံးဖြတ်ချက် ၁၂ မှတ် ရှိပါတယ် ဝိညာဉ်နတ်ဘုရားဂိုဏ်းက နယ်မြေသုံးခုရဲ့ အခြေခံကို လာရောက် လှုပ်ခါနေတာဟာ စည်းကျော်လာတာပဲ ဖြစ်လို့ အားလုံး ဘေးကင်းဖို့အတွက် သူတို့ကို အမြစ်ပြတ် သုတ်သင်ရပါမယ်"

"မဟုတ်ရင် နောက်နှစ်ပေါင်း ရာချီအထိ စစ်မီးတွေ တောက်လောင်နေပြီး နယ်မြေသုံးခုရဲ့ အနှစ်သာရတွေ ကုန်ခမ်းသွားပါလိမ့်မယ် အပြစ်မဲ့သူတွေလည်း အမြောက်အမြား သေကျေ ပျက်စီးကြရပါလိမ့်မယ်"

"အရင်တုန်းကတော့ ခင်ဗျားတို့ ဘာလို့ ဒီအမှန်တရားကို နားမလည်ခဲ့ကြတာလဲ "

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

ထိုနှစ်ဦးမှာ ချက်ချင်းပင် ကသိကအောက် ဖြစ်သွားကြသည်။

အရင်က အရင်၊ အခုက အခု ဖြစ်သည်။

အခြေအနေ မတူသဖြင့် သူတို့ ထည့်သွင်းစဉ်းစားပုံချင်းလည်း ကွဲပြားသွားပြီ ဖြစ်သည်။

ကံကောင်းသည်မှာ ဖန့်ချန်က ထိုအကြောင်းအရာကို ဆက်၍ အကျယ်မချဲ့ဘဲ တိထျန်းနှင့် ပေတုက ဘာလုပ်ချင်သလဲဆိုသည်ကို တိုက်ရိုက် မေးမြန်းလိုက်ခြင်းပင်။

"ကျုပ်တို့ဆီမှာလည်း ဒီနှစ်တွေအတွင်း ဝိညာဉ်နတ်ဘုရားဂိုဏ်းသားတွေရဲ့ သတင်းအချက်အလက်တွေ တော်တော်များများ ရှိပါတယ် ဒါပေမဲ့ ဝိညာဉ်သုတ်သင်ရေးဌာနနဲ့ ယှဉ်ရင်တော့ အားနည်းနေပါသေးတယ်"

"ဒါကြောင့် ဝိညာဉ်သုတ်သင်ရေးဌာနက သတင်းအချက်အလက်တွေ ပေးဖို့ ကျုပ်တို့ မျှော်လင့်ပါတယ် တိုက်ခိုက်မယ့်သူတွေကိုတော့ ကျုပ်တို့ကိုယ်တိုင် စီစဉ်ပါ့မယ်"

"ဒါ့အပြင် အချို့ အချိန်တွေမှာ ဝိညာဉ်သုတ်သင်ရေးဌာနက ကျုပ်တို့နဲ့ ပူးပေါင်းပေးဖို့ လိုအပ်ပါလိမ့်မယ်"

ကုဟုန်ဖေးက ဆိုသည်။

"ဧကရာဇ်ရွှင်ဟွမ်... ကျုံးကျိုးကလည်း ဒီလိုပဲ စဉ်းစားထားတာလား "

ဖန့်ချန်က ရွှင်ဟွမ်ကို ကြည့်လိုက်သည်။

ရွှင်ဟွမ်က ခေါင်းညိတ်ပြီး လေးနက်သော အမူအရာဖြင့်

"ဒီတစ်ခေါက် ထျန်းယောင်၊ ဖေးရှင်းနဲ့ စိန်ခွေ့ တို့ရဲ့ လှုပ်ရှားမှုက ကျုပ်တို့ကို သတိပေးခေါင်းလောင်း ထိုးလိုက်တာပါပဲ ဝိညာဉ်နတ်ဘုရားဂိုဏ်းက လက်တံတွေ အရမ်းရှည်လာပြီ"

"ကျုပ်သိရသလောက်တော့ လောကမှာ မသေမျိုးဘုရင်တွေ အများကြီး ရှိပါတယ် သူတို့က ဝိညာဉ်နတ်ဘုရားဂိုဏ်းသားတွေ မဟုတ်ရင်တောင် သူတို့နဲ့ ပတ်သက်မှု ရှိနေကြတယ် ဒါမှမဟုတ် ဆက်ဆံရေး ကောင်းနေကြတယ် အဲဒီ မသေမျိုးဘုရင်တွေကို ဘယ်လို ကိုင်တွယ်ဖို့ စဉ်းစားထားကြသလဲ"

ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။

"ဒါကတော့ သူတို့ကို အကျိုးနဲ့ အပြစ်ကို ရှင်းပြရမှာပေါ့ အကျိုးစီးပွား ရှေ့မှောက်မှာ သူတို့နဲ့ ကျုပ်တို့က ပန်းတိုင် တူတူပါပဲ ဝိညာဉ်နတ်ဘုရားဂိုဏ်းက ဒီနေရာမှာ စိတ်ကြိုက် လာပြီး ရှုပ်တာကို သူတို့လည်း ငြိမ်ခံနေမှာ မဟုတ်ပါဘူး"

ရွှင်ဟွမ်က ဆိုသည်။

"ဒီတစ်ခေါက်... ကျုပ်တို့အတွက် ဒီအကျပ်အတည်းကို တစ်စုံတစ်ယောက်က ဝင်ဖြေရှင်းပေးခဲ့တယ်လို့ ကြားတယ် စဉ်းစားကြည့်ရင် အဲဒါ ဝိညာဉ်သုတ်သင်ရေးဌာန ဖြစ်လိမ့်မယ် မဟုတ်လား"

ကုဟုန်ဖေးက ဖန့်ချန်ကို ကြည့်ကာ သတိထား၍ မေးလိုက်သည်။

ဝေ့ချန်း၏ အကြည့်မှာလည်း အနည်းငယ် လှုပ်ရှားသွားပြီး ရင်ခုန်နေသည်။

တစ်ဖက်လူ၏ အဖြေမှာ သူတို့၏ ယခု ရည်ရွယ်ချက်အတွက် အလွန် အရေးကြီးသည်။

တကယ်လို့ ဝိညာဉ်သုတ်သင်ရေးဌာနကသာ အင်ပါယာကြီး သုံးခု၏ အကျပ်အတည်းကို ဖြေရှင်းပေးခဲ့ခြင်း ဖြစ်ပါက၊ ပူးပေါင်းဆောင်ရွက်ဖို့ အလွန် လိုအပ်လှသည်။

"ဝိညာဉ်သုတ်သင်ရေးဌာနကလွဲလို့ တခြား ဘယ်သူက ဒီလို အပိုအလုပ်တွေကို လုပ်နေမှာလဲ"

ဖန့်ချန်က ရယ်မောလိုက်သည်။

ထိုနှစ်ဦးမှာ သက်ပြင်းချနိုင်သွားကြပြီး မျက်နှာပေါ်က အပြုံးများမှာ ပိုမို နွေးထွေးလာကြသည်။

နန်းတော်အတွင်း၌ လေးဦးသား အချိန်အတော်ကြာ တိုင်ပင်ဆွေးနွေးခဲ့ကြပြီး သုံးနာရီ ကြာပြီးမှ အသီးသီး ထွက်ခွာသွားကြသည်။

ထိုသုံးနာရီအတွင်း၌ လေးဦးသားသည် ရှေ့ဆက်မည့် တာဝန်နှင့် မူဝါဒများကို သတ်မှတ်ပြီးခဲ့ပြီ ဖြစ်သည်။

ပထမနှစ်

အင်ပါယာကြီး သုံးခု၏ ပူးပေါင်းဆောင်ရွက်မှုအောက်တွင် ဝိညာဉ်နတ်ဘုရားဂိုဏ်းသားများမှာ မရေမတွက်နိုင်အောင် သေကျေပျက်စီးခဲ့ရသည်။

ဝိညာဉ်နတ်ဘုရားဂိုဏ်းနှင့် ခင်မင်ရင်းနှီးရုံသာ ရှိသော်လည်း နောက်ပိုင်းတွင် နောင်တမရဘဲ ဂိုဏ်းကို ဆက်လက် ကာကွယ်ပေးနေသော ကျင့်ကြံသူများပင်လျှင် အပြတ်ရှင်းခြင်း ခံခဲ့ရသည်။

ထိုနှစ်အတွင်းမှာပင် နယ်မြေသုံးခု၌ နတ်ဘုရားနန်းတော် အဆင့်ရှိ ဂိုဏ်းကြီး ၄ ဂိုဏ်းမှာ အမြစ်ပြတ် သုတ်သင်ခံခဲ့ရသည်။

ဒုတိယနှစ်

ဝိညာဉ်သုတ်သင်ရေးဌာနသည် ဝိညာဉ်နတ်ဘုရားဂိုဏ်းမှ မသေမျိုးဘုရင် ၄ ပါးနှင့် အဆင့်မြင့်ကျင့်ကြံသူ တစ်ရာကျော်ကို ထပ်မံ ဖော်ထုတ်နိုင်ခဲ့သည်။

ထိုနှစ်အတွင်းမှာပင် ခွန်လွန်ဓားဂိုဏ်း သည် ယခင်က နတ်ဘုရားလမ်းစဥ်ဂိုဏ်း ကဲ့သို့ပင် လူသူမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

သူတို့ ဘယ်ကို ရောက်သွားသည်ကို မည်သူမျှ မသိကြချေ။

အချို့သော သူများသာ ခွန်လွန်ဓားဂိုဏ်းသည် ချောင်ဖုန်း နယ်မြေမှ ရှုံးနိမ့်ဆုတ်ခွာကာ မြေဝက်ဝံဂြိုဟ်မှ ထွက်ခွာသွားကြောင်း သိကြသည်။

ခွန်လွန်ဓားဂိုဏ်း မရှိတော့သည့်နောက် တိထျန်းဘက်တွင် လုပ်ဆောင်ချက်များမှာ ပိုမို ပြတ်သား ရဲတင်းလာတော့သည်။

ပထမ နှစ်နှစ်အတွင်း၌ ကျင့်ကြံသူအချို့မှာ အခြေအနေကို စောင့်ကြည့်နေကြဆဲ ဖြစ်သည်။

ဒါဟာ နှစ်ဖက် အယူအဆ မတူညီမှုကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခလေးမျှသာဟု သူတို့ ထင်ခဲ့ကြသည်။

အချိန်တစ်ခု ကြာသွားလျှင် ငြိမ်းချမ်းရေး ဆွေးနွေးကြလိမ့်မည်၊ ဆက်ပြီး တိုက်နေမှာ မဟုတ်ဟု ထင်ကြသည်။

အကြောင်းမှာ ဒါဟာ ကျင့်ကြံခြင်းလောကအတွက် ဘာအကျိုးမှ မရှိသောကြောင့် ဖြစ်သည်။

တိုက်ပွဲများအတွင်း၌ ပတ်သက်မိသော ကျင့်ကြံသူများမှာ မရေမတွက်နိုင်အောင် များပြားလှသလို၊ ထိုတိုက်ပွဲများကြောင့် သေဆုံးရသည့် သာမန်လူများမှာလည်း မနည်းလှပေ။

သို့သော် တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်၊ ဆဋ္ဌမနှစ်... ဒသမနှစ် (၁၀ နှစ်မြောက်) အထိ ရောက်လာသောအခါ။

တိုက်ပွဲများမှာ ရပ်တန့်သွားခြင်း မရှိချေ။

နေရာအနှံ့အပြားတွင် လိုက်လံသတ်ဖြတ်ခံနေရသော ဝိညာဉ်နတ်ဘုရားဂိုဏ်းသားများမှာ ပြေးစရာ မြေမရှိဘဲ ခေါင်းမပါသော ယင်ကောင်များကဲ့သို့ ရုန်းကန်နေရသည်ကို မြင်တွေ့ရသည်။

ထိုအခါမှ ကျင့်ကြံသူအားလုံးသည် ကျုံးကျိုး၊ တိထျန်းနှင့် ပေတု တို့၏ ဝိညာဉ်နတ်ဘုရားဂိုဏ်းကို အမြစ်ပြတ် သုတ်သင်မည့် ဆုံးဖြတ်ချက်ကို သဘောပေါက်သွားကြတော့သည်။

၁၀ နှစ်အတွင်း၌ ဝိညာဉ်နတ်ဘုရားဂိုဏ်းမှာ အထိနာလှသည်။

သေဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက်မှာ နယ်မြေသုံးခု၏ နှစ်ဆထက်မက များပြားလှသည်။

အဓိက အကြောင်းရင်းမှာ သတင်းအချက်အလက် စီးဆင်းမှုကြောင့် ဖြစ်သည်။

ထိုနေရာတွင် ဝိညာဉ်နတ်ဘုရားဂိုဏ်းမှာ နယ်မြေသုံးခု၏ ဖိနှိပ်ခြင်းကို အပြင်းအထန် ခံလိုက်ရသည်။

တစ်ခါတလေ ရန်သူက တံခါးဝသို့ ရောက်လာမှ မိမိ၏ အထောက်အထား ပေါ်သွားပြီဖြစ်ကြောင်း သိကြရသည်။

၁၀ နှစ်ဆိုသည်မှာ ကျင့်ကြံသူများအတွက် မျက်စိတစ်မှိတ်အတွင်း ဖြစ်သော်လည်း၊ ဤ ၁၀ နှစ်တာ အချိန်သည် အလဟဿ ဖြစ်မသွားခဲ့ချေ။

မဟာရှအင်ပါယာ သည် ဤ ၁၀ နှစ်အတွင်း၌ ရှရွှမ်ကျိ ၏ ဦးဆောင်မှုဖြင့် ကျယ်ပြန့်သော နယ်မြေများကို သိမ်းပိုက်နိုင်ခဲ့သည်။

ယခုအခါ တိမ်မြုပ်နယ်မြေ တစ်ခုလုံးမှာ မဟာရှအင်ပါယာ၏ လက်အောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယခင်က မဟာချန်း ၊ ယွမ်ချန်း ၊ ယူရှန်း အင်ပါယာများမှာ ယခုအခါ မဟာရှ၏ ပြည်နယ်များ ဖြစ်သွားကြပြီ။

မဟာရှ၏ ဥပဒေအရ ကျင့်ကြံသူများသည် လူအများရှေ့တွင် တန်ခိုးပြသခြင်း မပြုရချေ၊ ပြုလုပ်ပါက အပြစ်ပေးခြင်း ခံရမည် ဖြစ်သည်။

အစပိုင်းတွင် ကျင့်ကြံသူအချို့မှာ အသားမကျဘဲ အရင်အတိုင်း လုပ်ဆောင်ကြသည်။

မဟာရှက သူတို့ကို အမြဲတမ်း စောင့်ကြည့်နေနိုင်မှာ မဟုတ်ဘူးဟု သူတို့ ထင်ကြသည်။

သို့သော် ထိုကျင့်ကြံသူများမှာ အဆင့်အမျိုးမျိုးသော ပြစ်ဒဏ်များကို ခံလိုက်ရပြီးနောက်တွင်မှ မိမိတို့၏ လှုပ်ရှားမှု တိုင်းမှာ စောင့်ကြည့်ခံနေရကြောင်း သဘောပေါက်သွားကြတော့သည်။

မဟာရှ၏ နယ်မြေများ ကျယ်ပြန့်လာသည်နှင့်အမျှ မြို့စောင့်နတ်မင်းကျောင်း များမှာလည်း မဟာရှအနှံ့တွင် မှိုလိုပေါက်အောင် ပေါ်ပေါက်လာခဲ့သည်။

မြို့စောင့်နတ်မင်းကျောင်းမှ နေ့ကင်းလှည့် နှင့် ညကင်းလှည့် များမှာ သတ်မှတ်ထားသော အချိန်များတွင် ကင်းလှည့်နေကြသဖြင့် မဟာရှအတွင်းမှ ကိစ္စအတော်များများကို အထက်မှ မသိဘဲ မနေချေ။

"ဆယ်နှစ်..."

ဖန့်ချန်က လက်ကို နောက်ပစ်၍ ရပ်နေရင်း၊ ဘေးမှ တုယွန်းရွှီကို ပြုံး၍ ပြောလိုက်သည်

"ဒီ ၁၀ နှစ်အတွင်းမှာ ယင်လောကက ဌာနအသီးသီးကလည်း တော်တော်လေး အလုပ်များခဲ့ကြတယ် သူတို့ကို နားခိုင်းဖို့ အချိန်တန်ပြီ မဟုတ်လား "

"အလုပ်များတာ ကောင်းပါတယ် အရင်လို ထိုင်စားနေရတာထက်စာရင် ပိုပြီး နေလို့ကောင်းပါတယ် အခုဆိုရင် လူအတော်များများက ယင်ချောင်စီဌာန ထဲ ဝင်ချင်နေကြတယ် နေ့ကင်းလှည့် ညကင်းလှည့် အဖြစ် သခင်လေးအတွက် အလုပ်လုပ်ချင်နေကြတယ်"

တုယွန်းရွှီက ပြုံး၍ ခေါင်းခါလိုက်သည်။

"အခွင့်အရေး ရှိလာမှာပါ"

ဖန့်ချန်က ပြုံးလိုက်သည်။

သူ၏ စိတ်ဝိညာဉ်ခွဲ ၉ ခုအနက် ၆ ခုမှာ ဝိညာဉ်ခွဲဖြာခြင်းအဆင့်အထွတ်ထိပ် သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ ကျန် ၃ ခုမှာလည်း ဝိညာဉ်ခွဲဖြာခြင်းအဆင့် နောက်ဆုံးအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူတို့အားလုံး အထွတ်ထိပ်သို့ ရောက်သည်နှင့်...

ပေါင်းစပ်ခြင်းအဆင့် သို့ တက်လှမ်းရန် ပြင်ဆင်နိုင်ပြီ ဖြစ်သည်။

ဘေးနားတွင် မြူထူများ လှုပ်ရှားလာပြီး ရှန်ထူချန်း ထွက်ပေါ်လာကာ ဦးညွှတ်လိုက်သည်

"သခင်လေး...ဇောင်ယင်းဌာန က အောက်ဆင်းသူတစ်ယောက်ကို တွေ့ထားပါတယ် မှတ်ပုံတင်ထားတဲ့ နာမည်က ဖူယွမ်ကျူး တဲ့ "

အခန်း (၁၁၆၀) ဝိညာဉ်သုတ်သင်ရေးဌာနမှ အရေးပါသော ပုဂ္ဂိုလ်

ယူဟန့်မြို့တော်တွင် ချင်ဆွေ့ သည် မိမိရှေ့မှ လူငယ်လေးအတွက် လက်ဖက်ရည်ကို အဆင်သင့်ဖျော်ပေးပြီးနောက် ပြုံး၍ ပြောလိုက်သည်

"လက်ဖက်ရည် အရင်သောက်ပါဦး၊ သတင်းကိုတော့ ကျုပ် ပို့ပေးထားပြီးပါပြီ တကယ်လို့ သခင်လေးက ခင်ဗျားကို တွေ့ချင်တယ်ဆိုရင် အချိန်တွက်ကြည့်ရသလောက် ရောက်လာဖို့ နီးစပ်နေပါပြီ"

"ကျုပ်ကို ဒီလောက်ကြီး အားနာမနေပါနဲ့၊ ယင်လောကမှာတော့ ခင်ဗျားက အရာရှိ၊ ကျုပ်က အရပ်သားပါ"

ဖူယွမ်ကျူးက လက်ဖက်ရည်ခွက်ကို မပြီး တစ်ငုံသောက်ကာ သက်ပြင်းချလိုက်သည်

"ဒီယင်လောကက လက်ဖက်ရည်က လူ့လောကထက် ပိုပြီးတော့ အေးမြလန်းဆန်းစေတယ်၊ ဝိညာဉ်ကိုလည်း အားဖြည့်ပေးတယ်"

"ဟုတ်ပါတယ်"

ချင်းရွှေ့က ပြုံးလိုက်သည်

"ဒီလက်ဖက်ရည်တွေက ဝိညာဉ်ကို အားဖြည့်ပေးရုံတင်မကဘဲ ယင်သက်တမ်းကိုလည်း အထောက်အကူပြုပါတယ် ကျုပ်ဆီက လက်ဖက်ရည်က သိပ်တော့ မကောင်းလှပါဘူး ယင်သက်တမ်း တစ်နှစ်စာပေးရင် ၁၀ ပိဿာလောက် ဝယ်လို့ရတယ်၊ သုံးငါးနှစ်လောက် သောက်လို့ လောက်ပါတယ်"

ချင်ဆွေ့ က ခဏမျှ ရပ်နားလိုက်ပြီး ဖူယွမ်ကျူးကို အကဲခတ်ကြည့်ကာ မိမိရှေ့က လူမှာ တစ်နေရာရာတွင် မြင်ဖူးသလိုလို ခံစားနေရသော်လည်း အတိအကျကိုမူ စဉ်းစားမရချေ။

"ခင်ဗျား ကျုပ်ကို ရင်းနှီးနေသလို ခံစားနေရလား"

ဖူယွမ်ကျူးက ရုတ်တရက် ပြုံး၍ မေးလိုက်သည်။

သူ၏ အကြည့်မှာ ချင်ဆွေ့ ထံသို့ တစ်ခါမှ မရောက်ခဲ့သော်လည်း ချင်ဆွေ့ ဘာတွေးနေသနည်းဆိုသည်ကို သိရှိနေသကဲ့သို့ပင်။

ချင်ဆွေ့ လည်း ဖုံးကွယ်မထားဘဲ ခေါင်းညိတ်ပြကာ မျက်လုံးထဲတွင် ဇဝေဇဝါ ဖြစ်နေသည်

"ခင်ဗျားကို တော်တော်လေး ရင်းနှီးနေသလိုပါပဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ယူဟန့်မြို့တော်မှာ မြင်ဖူးသလိုလို ရှိပေမဲ့ အသေးစိတ်ကိုတော့ စဉ်းစားမရတော့ဘူး"

ဖူယွမ်ကျူးက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ရယ်မောလိုက်သည်

"ယူဟန့်မြို့တော်မှာ မြင်ဖူးတာ မဟုတ်ပါဘူး အရင်က ခင်ဗျား သေဆုံးခဲ့တုန်းက အင်မတန် တွေဝေနေပြီး ဘယ်ကို သွားရမှန်း မသိဖြစ်နေခဲ့တယ် ကျုပ်က မတော်တဆ လမ်းကြုံတာနဲ့ ခင်ဗျားကို လမ်းညွှန်ပေးခဲ့ဖူးတယ်"

ချင်ဆွေ့ ၏ မှတ်ဉာဏ်များမှာ ချက်ချင်း ပြန်လည်ပေါ်ပေါက်လာသည်။

မိမိရှေ့က လူ၏ ပုံရိပ်မှာ သူ၏ ဦးနှောက်ထဲတွင် ပိုမို ပီပြင်လာပြီး နောက်ဆုံးတွင် ရှေးဟောင်းမှတ်ဉာဏ်များနှင့် တစ်သားတည်း ဖြစ်သွားတော့သည်။

သူသည် အလျင်အမြန် ထရပ်လိုက်ကာ လက်အုပ်ချီ ဂါရဝပြုလိုက်သည်

"ဒါ... ဒါ ဆရာကြီး ပါလား "

သူ၏ မျက်လုံးထဲတွင် ကျေးဇူးတင်မှုများ ပြည့်နှက်နေသည်။

တကယ်လို့သာ မိမိရှေ့က ဆရာကြီးသာ မရှိခဲ့လျှင် သူသည် ယူဟန့်မြို့တော်သို့ ရောက်လာနိုင်မည် မဟုတ်သလို၊ မိမိ၏ ညီအစ်ကို မောင်နှမတွေကိုလည်း ဒီဘက် ခေါ်လာနိုင်မည် မဟုတ်ချေ။

ယူဟန့်မြို့တော်တွင် အိမ်ထောင်ပြုပြီး ချစ်ရသူနှင့် အတူနေထိုင်နိုင်ဖို့ ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်တော့ချေ။

"ဒါပေမဲ့ ဆရာကြီး... ကျုပ် ဘာလို့ ဆရာကြီးရဲ့ ပုံစံကို မေ့နေခဲ့ရတာလဲ ဆရာကြီး ခုနက သတိမပေးရင် ကျုပ် လုံးဝ မှတ်မိမှာ မဟုတ်ဘူး..."

ချင်ဆွေ့ ၏ မျက်လုံးထဲတွင် သံသယများ ရှိနေသည်။

သူ၏ မှတ်ဉာဏ်နှင့်ဆိုလျှင် ကျေးဇူးရှင်၏ ပုံစံကို မေ့သွားစရာ အကြောင်းမရှိချေ။

"ဒါက ကျုပ် ခင်ဗျားကို မမှတ်မိစေချင်လို့ပါ ဒါက ကျုပ်ရဲ့ အကျင့်ပဲ၊ အများကြီး ထွေထွေထူးထူး မတွေးပါနဲ့ ကျုပ်အကြောင်းကို သိတဲ့သူ နည်းလေလေ၊ တခြားသူတွေအတွက်ရော ကျုပ်အတွက်ရော ကောင်းလေလေပဲ"

ဖူယွမ်ကျူးက ပြုံး၍ ဆိုသည်။

"ဖူဆရာကြီး... ပြီးခဲ့တဲ့ အခေါက် လမ်းခွဲပြီးကတည်းကဆိုရင် မတွေ့ဖြစ်တာ တော်တော်ကြာပြီနော် "

ချင်ဆွေ့ နှင့် ဖူယွမ်ကျူးတို့မှာ တံခါးပြင်ပသို့ ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။

ဖန့်ချန်သည် ရှန်ထူချန်း၊ တုယွန်းရွှီ တို့နှင့်အတူ ဧည့်ခန်းထဲသို့ ဝင်လာသည်။

"သခင်လေး"

ချင်ဆွေ့ က ရိုသေစွာဖြင့် ဖန့်ချန်၏ ဘေးသို့ လာရပ်သည်။

"အားနာမနေပါနဲ့၊ မင်းတို့ အရင် သွားနားလိုက်ကြဦး"

ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

ရှန်ထူချန်းနှင့် တုယွန်းရွှီတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဖူယွမ်ကျူး၏ အထောက်အထားကို သံသယရှိနေကြသော်လည်း ဖန့်ချန်၏ စကားကို နာခံကာ တံခါးအပြင်ဘက်သို့ ထွက်သွားကြသည်။

"စီနီယာယွမ်က... ဒီလောက် ကျယ်ပြန့်တဲ့ ယင်လောကကြီးကို မင်းလက်ထဲ အပ်လိုက်တာပဲလား"

ဖူယွမ်ကျူးက ဖန့်ချန်ကို အံ့ဩစွာ ကြည့်လိုက်သည်

"အရင်တုန်းက မင်းက အဲဒီလောက်ကလေးပဲ ရှိသေးတာ၊ အခုတော့ ယင်လောကက ဌာနအားလုံးကို အမိန့်ပေးနိုင်နေပြီ ဝိညာဉ်နတ်ဘုရားဂိုဏ်းက ယင်လောကမှာ သတင်းပို့တဲ့ လမ်းကြောင်းကိုလည်း လုံးဝ ဖြတ်တောက်နိုင်ခဲ့ပြီ"

"ဖူဆရာကြီး... ကျုပ် စိတ်ထဲမှာ မေးချင်တာတွေ အများကြီး ရှိပေမဲ့၊ အရင်ဆုံး ဖူဆရာကြီး ဒီနေ့ လူကိုယ်တိုင် ပေါ်လာတာ ဘာကိစ္စလဲဆိုတာ ပိုသိချင်ပါတယ် "

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

"သိပ်ပြီး အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး ဝိညာဉ်သုတ်သင်ရေးဌာန အထက်ပိုင်းကနေ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရောက်လာလို့ပါ ကျုပ်ကတော့ သူ့ကို မလွန်ဆန်ရဲဘူး သူက မင်းကို တွေ့ချင်တယ်လို့ နာမည်တပ်ပြီး ပြောလိုက်လို့ ကျုပ်က လာပြီး သတင်းပို့ပေးတာပါ တွေ့မတွေ့ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်ပါတယ်"

ဖူယွမ်ကျူးက အေးဆေးစွာ ဆိုသည်

"ဒီကိစ္စက စုန်ကျီလီနဲ့လည်း ပတ်သက်နိုင်တယ် တွေ့ရင်လည်း တွေ့တဲ့အတိုင်း အကျိုးရှိမယ်၊ မတွေ့ရင်လည်း မတွေ့တဲ့အတိုင်း အကျိုးရှိမယ်"

ဖန့်ချန်မှာ အံ့အားသင့်သွားရသည်။

ဝိညာဉ်သုတ်သင်ရေးဌာန အထက်ပိုင်းက အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်

ဒီနှစ်တွေအတွင်း သူမြင်ရသလောက်တော့ ဝိညာဉ်သုတ်သင်ရေးဌာနဟာ ဝိညာဉ်နတ်ဘုရားဂိုဏ်းကို ယှဉ်တဲ့နေရာမှာ တော်တော်လေး ပင်ပန်းနေပြီး လူအင်အားလည်း အကြီးအကျယ် လိုအပ်နေတာပါ။

မဟုတ်ရင် ဖူယွမ်ကျူးဟာ အဲဒီတုန်းက နတ်ဘုရားလမ်းစဉ်ဂိုဏ်းကို ခေါ်ပြီး မြေဝက်ဝံဂြိုဟ်ကနေ အပြတ်အသတ် ဆုတ်ခွာသွားစရာ အကြောင်းမရှိချေ။

ဒီလို ရွှေ့ပြောင်းဖို့ ကုန်ကျတဲ့ မသေမျိုးကျောက်တုံး အရေအတွက်ဟာ မနည်းလှပါဘူး။

ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ အဓိက အဖွဲ့ဝင်တွေဟာ အကျအဆုံး မခံနိုင်တော့တဲ့ အခြေအနေမို့လို့သာ ဖူယွမ်ကျူးက အခုလို ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့တာပါ။

အခုတော့ သူက အရေးပါတဲ့ ပုဂ္ဂိုလ် လို့ ခေါ်ဆိုရမယ့်သူ တစ်ယောက် ရောက်လာတယ်တဲ့။

ဖူယွမ်ကျူးလို လူမျိုးကတောင် အရေးပါတဲ့ ပုဂ္ဂိုလ်လို့ တင်စားရတယ်ဆိုရင်... စုန်ကျီလီတို့လို လူမျိုးတော့ မဟုတ်နိုင်ဘူး။

အဆင့် ၄ လွတ်လပ်သောမသေမျိုး လား ဒါမှမဟုတ် အဆင့် ၅ လား

"ဖူဆရာကြီး... ဝိညာဉ်သုတ်သင်ရေးဌာနနဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းတို့ရဲ့ တိုက်ပွဲမှာ အခုတလော ဝိညာဉ်သုတ်သင်ရေးဌာနဘက်က အသာစီး ရနေတာလား "

ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။

"မဟုတ်ပါဘူး"

ဖူယွမ်ကျူးက ဖြည်းဖြည်းချင်း ခေါင်းခါပြသည်။

"ဒါဆိုရင် အဲဒီ အရေးပါတဲ့ ပုဂ္ဂိုလ်က ဒီကို ဘာလာလုပ်တာလဲ "

ဖန့်ချန်က စပ်စုချင်စိတ်ဖြင့်

"ဘာလို့ စုန်ကျီလီနဲ့ ပတ်သက်နေတာလဲ သူက ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူလေ၊ ကျုပ်တို့ ဝိညာဉ်သုတ်သင်ရေးဌာနနဲ့... လားရာချင်း တခြားစီ မဟုတ်ဘူးလား "

"အတိအကျ အကြောင်းရင်းကိုတော့ အဲဒီလူကြီးက ကျုပ်ကို မပြောပါဘူး ကျုပ်က သတင်းပို့ပေးရုံ သက်သက်ပါ ဒါပေမဲ့..."

ဖူယွမ်ကျူးက စဉ်းစားဟန်ဖြင့်

"ဒီလူကြီးရဲ့ စိတ်နေစိတ်ထားက နည်းနည်းတော့ ကြောင်တောင်တောင်နိုင်သလို၊ ရန်ငြိုးလည်း အရမ်းကြီးတယ် မင်း အခု မတွေ့ဘူးဆိုရင် ခဏတဖြုတ်တော့ ဘာမှ မဖြစ်နိုင်ပေမဲ့၊ အချိန်ကြာလာရင် မင်းရှိနေတဲ့ မြေဝက်ဝံဂြိုဟ်ဆီကို အမှောင်ထဲကနေ ဓားလှံတွေ ဦးတည်လာနိုင်တယ်"

ဖန့်ချန်၏ အကြည့်မှာ တည်ငြိမ်သွားပြီး ဘာမှ မပြောတော့ဘဲ ဖူယွမ်ကျူးကို ခဏမျှ စိုက်ကြည့်နေသည်။

ထို့နောက်မှ ဖြည်းဖြည်းချင်း စကားပြောလာသည်

"ဖူဆရာကြီး... ခင်ဗျား ပြောချင်တာက အဲဒီလူကြီးက ကျုပ်ကို ဒီနေ့ မတွေ့တွေ့အောင် လုပ်မယ်တကယ်လို့ ကျုပ်က မတွေ့ဘူးဆိုရင် သူက ကျုပ်ကို ပြဿနာရှာမယ် လို့ ပြောတာလား "

"အဲဒီလို နားလည်လို့ ရပါတယ်"

ဖူယွမ်ကျူးက ခေါင်းညိတ်သည်။

ဖန့်ချန်က လှောင်ရယ်လိုက်သည်

"ဝိညာဉ်သုတ်သင်ရေးဌာနထဲမှာ ဒီလိုလူမျိုး ရှိနေသေးတာလား ဝိညာဉ်နတ်ဘုရားဂိုဏ်းကို ရင်ဆိုင်ဖို့တောင် အင်အား မလုံလောက်ဖြစ်နေတာကို၊ ဘာလို့ ဒီလို အကွက်တွေ လာရွှေ့နေတာလဲ"

"ဝိညာဉ်သုတ်သင်ရေးဌာနထဲကို ဝိညာဉ်နတ်ဘုရားဂိုဏ်းက သူလျှိုတွေ ဒီလောက်တောင် ထည့်ထားနိုင်တယ်ဆိုကတည်းက ဒါဟာ တစ်သားတည်း မဟုတ်ဘူးဆိုတာ ပြနေတာပဲ အခု အခြေအနေက ခဏတဖြုတ် ထိန်းထားနိုင်သေးတာပဲ ရှိတာ"

ဖူယွမ်ကျူးက ထရပ်ကာ ဖန့်ချန်အတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးပြီး မိမိအတွက်လည်း တစ်ခွက် ငှဲ့လိုက်သည်။

သူသည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ အတွင်းရှိ ကြည်လင်သော လက်ဖက်ရည်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်

"တစ်ခါတလေမှာ ကျုပ်တို့ဟာ မီးထဲက အသီးကို နှိုက်ယူရသလိုမျိုးပဲ၊ နည်းနည်းလေး မှားသွားတာနဲ့ အတွင်းရော အပြင်ရော ရန်သူ ဝိုင်းတာကို ခံရလိမ့်မယ်"

သူက ခဏရပ်လိုက်ပြီး ပြုံးလျက်

"အခုတလော အင်အားစု အသီးသီးကရော၊ ဝိညာဉ်သုတ်သင်ရေးဌာနကပါ အမှောင်ထဲမှာ ယင်လောကက ဖန့်ယင်အရှင် ရဲ့ အထောက်အထားကို စုံစမ်းနေကြတယ် အချို့က အဲဒါ မင်းလို့ ထင်နေကြတယ်"

"ဒါပေမဲ့ တချို့ကတော့ မဟုတ်နိုင်ဘူးလို့ ငြင်းကြတယ် ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ယင်လောကကို စနစ်တကျ ပြန်လည် ထူထောင်နိုင်ဖို့ဆိုတာ မင်းမှာ အစွမ်းမရှိဘူး ဒါဟာ ငရဲမင်း ရဲ့ အမွေအနှစ်ကို ရထားတဲ့သူ ဖြစ်ရမယ်လို့ ထင်နေကြတယ်"

"ကျုပ် တစ်ယောက်ပဲ... မင်းကလွဲလို့ တခြားသူ မရှိနိုင်ဘူးဆိုတာ မှန်းဆမိတာ ဒီသတင်းကို လောလောဆယ် လျှို့ဝှက်ထားဖို့ မမေ့နဲ့ဦး၊ တခြားသူတွေ မသိပါစေနဲ့ ဒီနေရာကို စောင့်ကြည့်နေတဲ့သူတွေက အရမ်းကို များလွန်းတယ် ကောင်းကင်က ကြယ်တွေလောက်တောင် များနေတာ၊ မင်းနဲ့ ကျုပ် တစ်သက်လုံး ရေတွက်လို့တောင် ကုန်မှာ မဟုတ်ဘူး"

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဖူဆရာကြီး ဒီနှစ်တွေအတွင်း တစ်စုံတစ်ယောက်က ကျုပ်ရဲ့ အထောက်အထားကို စုံစမ်းချင်နေတယ်ဆိုတာ ကျုပ် သတိထားမိပါတယ် ဒါပေမဲ့ ကံကောင်းတာက ဒီနှစ်ပိုင်းမှာ ကျုပ် ယင်လောကမှာ နေတဲ့အချိန်က နည်းလာပြီး ဖူတူလောက ဘက်မှာ နေရတာက ပိုပြီး အဆင်ပြေနေတာပါပဲ"

ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

ဖူယွမ်ကျူးမှာ အနည်းငယ် အံ့ဩသွားသည်

"မင်း မငြင်းဘူးလား ဒီအတိုင်းပဲ ဝန်ခံလိုက်တာလား"

"ဘာငြင်းစရာ ရှိလို့လဲ၊ အဲဒီတုန်းက ကျုပ်ကို ယင်လောကဆီ လွှတ်လိုက်တာ ခင်ဗျားရဲ့ လူတွေ မဟုတ်ဘူးလား ခင်ဗျားလည်း ဆရာယွမ်ဟယ် ရဲ့ ကိစ္စကို သိနေတာပဲ အထင်ရှားဆုံးကတော့ ခင်ဗျား သိထားတဲ့ အချို့သော ကိစ္စတွေက ကျုပ်ထက်တောင် ပိုများနေဦးမယ်"

ဖန့်ချန်က ရယ်မောလိုက်သည်။

ဖူယွမ်ကျူးမှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းခါယမ်းလိုက်သည်

"ကျုပ် ဘယ်တုန်းက မင်းကို ယင်လောကဆီ လွှတ်လိုက်လို့လဲ "

ဖန့်ချန်မှာ အံ့အားသင့်သွားပြီး အပြင်က ရှန်ထူချန်းကို လှမ်းခေါ်ကာ အရင်က ဝိုလုံကျောင်း က ကျောင်းထိုင်ဟောင်းကြီးကို ခေါ်လာခိုင်းလိုက်သည်။

ထိုကျောင်းထိုင်ဟောင်းကြီးမှာ တံခါးအပြင်ဘက်ကနေ ဧည့်ခန်းထဲကို တစ်ချက် လှမ်းကြည့်ပြီး ခေါင်းခါပြသည်။

ရှန်ထူချန်းက ထိုသူကို ပြန်ခေါ်သွားသည်။

ဖန့်ချန်က ဖူယွမ်ကျူးကို ကြည့်လိုက်ရာ အမူအရာမှာ ထူးဆန်းနေတော့သည်

"အဲဒီတုန်းက ကျုပ်ကို လာပို့တာက ကြိုးကြာ မိစ္ဆာတစ်ကောင် ကျုပ်ကို ဝိုလုံကျောင်းကို ပို့ပေးတာဟာ ဝိညာဉ်သုတ်သင်ရေးဌာနက ကျုပ်ကို ပေးတဲ့ အကျိုးခံစားခွင့် လို့ ပြောခဲ့တယ်"

"ကြည့်ရတာ မင်းနဲ့ ကျုပ်ကြားမှာ နားလည်မှုလွဲတာတွေ ရှိနေပုံပဲ အဲဒီ ကြိုးကြာမိစ္ဆာက ကျုပ်ရဲ့ လူမဟုတ်ပါဘူး ကျုပ်ရဲ့ နာမည်ကို အသုံးချသွားတာပဲ ဒီလိုမျိုးက... ခဏခဏ ဖြစ်လေ့ရှိပါတယ်"

"ဒါပေမဲ့ တစ်ခုတော့ မင်းမှန်တယ်၊ ကျုပ်ရဲ့ ယင်လောကအပေါ် သိထားတဲ့ အသိက တော်တော်လေးကို နက်ရှိုင်းပါတယ်"

ဖူယွမ်ကျူးက ပြုံးလိုက်ပြီး

"ဒါတွေ ထားလိုက်ပါတော့၊ အဲဒီလူကြီးကို မင်း တွေ့မှာလား၊ မတွေ့ဘူးလား ကျုပ် ပြန်သွားပြီး စကားပါးရတော့မယ်"

"နေရာရယ်၊ အချိန်ရယ် ပြောပါ၊ ကျုပ်ကိုယ်တိုင် သွားတွေ့ပါ့မယ်"

ဖန့်ချန်က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပါတော့သည်။

All Chapters