← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း။ ၁၁၃

ပိုးနွယ်ခွေ တောင်ပတ်လမ်းသည် တောင်စဉ်တစ်သိန်း နယ်မြေအတွင်း တည်ရှိပြီး တောင်ဘက်ဝူပြည်နယ်၏ တောင်ဘက်အစွန်ဆုံး တောရိုင်းဒေသနှင့် အနောက်ဘက်ရှုပြည်နယ်၏ အရှေ့တောင်ဘက်အစွန်းတို့ကို ဆက်သွယ်ပေးထားသည့် လမ်းကျဉ်းကလေးတစ်ခု ဖြစ်သည်။ ဤခရီးသည် စုန်ယန်တစ်သက်တာတွင် အဝေးဆုံး ရောက်ရှိခဲ့သည့် ခရီးစဉ်ဟုပင် ပြောနိုင်သည်။

သေချာစွာ ပြန်စဉ်းစားကြည့်လျှင် သူသည် သူ၏ခြေလှမ်းများဖြင့် နိုင်ငံသုံးနိုင်ငံ နယ်နိမိတ်များကို လှည့်လည်ဖြတ်သန်းခဲ့ပြီးပြီ ဖြစ်သည်။ ရုပ်သေးဂိုဏ်း၊ စင်္ကြာဝဠာတိမ်တိုက်မြို့တော်၊ ဧကရာဇ်မြို့တော်၊ တောင်ဘက်ဝူပြည်နယ်...

ယခုမူ ပုရွက်ဆိတ်ငယ်တစ်ကောင်ကဲ့သို့ နိုင်ငံသုံးနိုင်ငံ၏ နယ်စပ်အစွန်အဖျားများတစ်လျှောက် ဖြည်းဖြည်းချင်း ရွေ့လျားနေခဲ့ပြန်သည်။

ပိုးနွယ်ခွေ တောင်ပတ်လမ်း တည်ရှိရာဒေသမှာ အလွန်မြင့်မားသော မြေမျက်နှာသွင်ပြင်ရှိ၏။ နွေရာသီတွင်ပင် တစ်ည၌ ပြင်းထန်သော နှင်းမုန်တိုင်းတစ်ခု ကျရောက်ခဲ့သေးသည်။

ဤရှည်လျားလှသော ခရီးလမ်းသည် ဤကမ္ဘာသို့ သူစတင်ရောက်ရှိခါစက တောင်ဘက်ဝါးတောင်ထိပ်ရှိ လမ်းကျဉ်းကလေးများပေါ်တွင် လျှောက်လှမ်းခဲ့ရပုံကို အလိုလို ပြန်လည်အမှတ်ရစေခဲ့သည်။ ထိုစဉ်က သူသည် ရှေ့တွင် ဘာရှိမည်မှန်းမသိဘဲ ထိတ်လန့်ကြောက်ရွံ့နေခဲ့ရသည်။ ယခုလည်း ထိုအခြေအနေနှင့် များစွာမခြားနားလှပေ။

သို့သော် ကံကောင်းသည်မှာ သူ၏နေထိုင်စားသောက်မှု အခြေအနေများမှာမူ များစွာတိုးတက်လာခဲ့ခြင်းပင်။

အရေခွံလုပ်အစေခံများ၏ လေထဲတွင်ဆိုင်းနေသော အခန်းငယ်မှသည် တောင်ဘက်ဝါးတောင်ထိပ်ရှိ အေးစက်သော ဂူဗိမာန်ငယ်၊ ထို့နောက် စက္ကူရုပ်တောင်ထိပ်ရှိ သီးသန့်တောင်ကုန်းတစ်ခု၊ ယခုမူ ကျယ်ဝန်းလှသော လျှို့ဝှက်နယ်မြေ တစ်ခုအထိ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

သူ၏ နေ့စဉ်ဘဝများမှာလည်း ပိုမိုသက်သောင့်သက်သာ ရှိလာခဲ့၏။

"ပြီးအောင်လုပ် မပြီးရင်သေ ဟူသော နေ့စဉ်တာဝန်များမှသည် လုပ်ဖော်ကိုင်ဖက် ဝမ်ရှီမေ့ နှင့်အတူ ရုံးတက်ရုံးဆင်း အလုပ်လုပ်ခဲ့ရသည့် အချိန်များ၊ ထို့နောက် အရိပ်ရုပ်သေးဆောင်တွင် တပည့်နှစ်ဦးကို ဦးဆောင်ခဲ့ရသည့် အချိန်များမှ လွန်မြောက်ခဲ့ပြီဖြစ်သည်။ ယခုမူ သူသည် အရေခွံလုပ်ငန်းကို အလောတကြီး လုပ်ရန်မလိုဘဲ သူ့စိတ်ကြိုက် ရွေးချယ်နိုင်သလို အိပ်ချင်ပါကလည်း အိပ်ချင်သလောက် အိပ်နိုင်သည့် ဘဝမျိုးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သူ၏ဘဝနှင့် ပတ်သက်၍မူ...

"ဟူး..."

စုန်ယန်သည် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း စနစ်တကျ သန့်စင်ထားသော နှင်းသမင်တစ်ကောင်လုံးကို သစ်သားတံစို့ဖြင့် ထိုးကာ မီးကင်ရန် လှည့်ပေးနေသည်။

သမင်၏ကိုယ်ထည်ကို သွေးစစ်ထုတ်ပြီး ရေနွေးပူဖြင့် ပြုပြင်ထားရုံသာမက ဆော့စ်များဖြင့်လည်း အချိန်အတော်ကြာအောင် နယ်ဖတ်နှပ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ တံစို့ကို လှည့်ပေးလိုက်တိုင်း အဆီများမှာ တစီစီမြည်ကာ စီးကျလာပြီး စွဲမက်ဖွယ်ကောင်းသော ရနံ့များ ထွက်ပေါ်လာတော့သည်။

နွေရာသီ၊ တောင်ထိပ်၊ သည်းထန်သော နှင်းမုန်တိုင်း... ချောမောလှပသော အမျိုးသမီးငယ်တစ်ဦးနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ အသားကင် စားသောက်နေရခြင်း၊ ဘေးနားတွင်လည်း တောအရက်တစ်အိုး ရှိနေခြင်းမှာ စုန်ယန်အတွက်မူ ဤဘဝထက် ပိုမိုသက်သောင့်သက်သာရှိမည့်အရာကို စိတ်ကူး၍ပင် မရနိုင်တော့ချေ။

သခင်မလေးလင်းမှာမူ စားကောင်းသောက်ဖွယ် မက်မောသူတစ်ဦး မဟုတ်ပေ။ သူမသည် ငယ်စဉ်ကတည်းက လောကီလူသားဖြစ်ရာ စာသောက်ဖွယ် အမျိုးမျိုးကို စားသောက်ခဲ့ဖူးသူဖြစ်ရာ ဆန်းပြားသော ဟင်းလျာများသည် သူမအတွက် အထူးအဆန်း မဟုတ်တော့ဘဲ အစာငတ်ခံဆေးလုံးကသာ သူမနှင့် ပိုမိုသင့်တော်သည်။

သို့သော် စုန်ယန် မြိန်ရည်ယှက်ရည် စားသောက်နေသည်ကို မြင်သောအခါ သူမသည်လည်း သမင်ခြေထောက်တစ်ဖက်ကို ယူ၍ အသားများကို ဖြည်းဖြည်းချင်း ဖဲ့ယူကာ ပါးစပ်ငယ်လေးအတွင်း ထည့်၍ ဝါးမျိုကြည့်သည်။ သူမအတွက်မူ အရသာမှာ ပုံမှန်မျှသာ ဖြစ်၏။

သို့သော် စုန်ယန်ကမူ အလွန်ပင် ကျေနပ်အားရစွာ စားသောက်နေသည်။ ၎င်းမှာ မည်သည့်နှောင်ကြိုးမျှ မရှိဘဲ၊ မည်သူ့ကိုမျှ ဟန်ဆောင်နေရန် မလိုတော့သည့် ကောင်းကင်ဘုံပြင်ပသို့ ရောက်ရှိနေသကဲ့သို့သော လွတ်လပ်မှု ခံစားချက်မျိုးပင်။

သူသည် နှင်းအလှကို ကြည့်ရင်း အသားကို စားကာ အရက်သောက်ရင်းနှင့် အနည်းငယ် မူးယစ်လာသည့်အခါ သခင်မလေးလင်းဘက်သို့ ယိုင်ကျသွားပြီး သူမ၏ အဝတ်စကို ဆွဲကာ "ဝပြောသွားတဲ့အခါ... လူဆိုတာ..." ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

သူ၏စကား မဆုံးသေးမီမှာပင် သခင်မလေးလင်းက "အစ်ကိုစုန်... ထိန်းသိမ်းစောင့်စည်းမှုကိုပဲ အာရုံစိုက်သင့်ပါတယ်။ တပ်မက်မှုဆိုတဲ့ စကားလုံးက အစ်ကို့ရဲ့ စိတ်အာရုံကို နှောင့်ယှက်ခွင့် မပေးပါနဲ့" ဟု ခပ်အေးအေးပင် ဆိုလိုက်၏။

သို့သော် သူမက ထိုသို့ပြောဆိုခဲ့သော်လည်း သူမကိုယ်တိုင်ပင် ကိုယ်ကိုမတ်မတ်ပြင်ထိုင်ကာ ဝတ်ရုံရှည်ကြီးကို လျှောကျစေလျက် စုန်ယန်နှင့် ရစ်ပတ်နှောင်ဖွဲ့လိုက်သည်။ မူးယစ်နေစဉ်အတွင်း အတိုင်းအထက်အလွန် ဖြစ်သွားပြီး ကျင့်ကြံခြင်းကို မထိခိုက်စေရန်လည်း သူမက အမြဲသတိပေးနေခဲ့သည်။

အဝတ်စချင်း ပွတ်တိုက်သံများသည် တောင်ထိပ်ပေါ်မှ သည်းထန်သော နှင်းကျသံများနှင့် ရောယှက်နေသည်။ တန်ဖိုးကြီးလှသော ပိုးထည်ဝတ်ရုံများသည် ရံဖန်ရံခါ ဖရိုဖရဲ ဖြစ်သွားတတ်သော်လည်း သခင်မလေးလင်းက ချက်ချင်းပင် ပြန်လည်ပြုပြင်ကာ ညင်သာသော သတိပေးသံအချို့နှင့်အတူ တည်ငြိမ်သွားစေသည်။

ကျင့်ကြံမှု ပြီးဆုံးသွားသည့်အခါ သူတို့နှစ်ဦးစလုံး စိတ်အာရုံ ကြည်လင်လန်းဆန်းသွားကြသည်။ ခန္ဓာကိုယ်မှာ အနည်းငယ် ပင်ပန်းနွမ်းနယ်ကောင်း နွမ်းနယ်နိုင်သော်လည်း သူတို့၏ စိတ်ခံစားချက်များမှာမူ မည်သည့်အနှောင့်အယှက်မျှ မရှိဘဲ အေးချမ်းတည်ငြိမ်နေသည်။

မိစ္ဆာဂိုဏ်း၏ ပူးတွဲကျင့်ကြံခြင်း နည်းစနစ်များသည် စုပ်ယူသူအား အင်အားပြည့်ဝစေပြီး ကာမဆန္ဒများကို တောက်လောင်စေတတ်ရာ မထိန်းချုပ်နိုင်ပါက စိတ်အာရုံကို အစဉ်အမြဲ ဆူပွက်နေစေတတ်သည်။

သို့သော် ဖြောင့်မတ်သော လမ်းစဉ်၏ ကျင့်စဉ်မှာမူ စွမ်းအင်ပိုင်းတွင် များစွာ အကျိုးကျေးဇူးမရရှိသော်လည်း စိတ်နေစိတ်ထား တည်ငြိမ်မှုပိုင်းတွင်မူ သိသိသာသာ အထောက်အကူပြုသည်မှာ ထင်ရှားလှ၏။ ဘိုင်ရှို့ဟု၏ ကျင့်ကြံမှုစိတ်ဓာတ်ပြိုလဲသွားပြီးနောက် လူတစ်ယောက်လုံး ပြောင်းလဲသွားပုံကို ပြန်လည်စဉ်းစားကြည့်လျှင်၊ ထိုဓားကျင့်ကြံသူများသည် စိတ်နေစိတ်ထား တည်ကြည်မှုကို အမှန်တကယ်ပင် အထူးအလေးထားကြောင်း စုန်ယန် ဝေဝေဝါးဝါး ခံစားမိလိုက်သည်။

...

...

တစ်လခန့် ကြာပြီးနောက် မြွေအလောင်းဈေး၏ အပြင်ဘက် သစ်ကိုင်းတစ်ခုပေါ်တွင် အနက်ရောင် ကျီးကန်းတစ်ကောင် ယိမ်းနွဲ့နေ၏။ ၎င်းမှာ ကိုယ်ထည်မရှိသော ထင်ယောင်ထင်မှား ကျီးကန်းတစ်ကောင်ပင်။

ထိုကျီးကန်း၏ မျက်လုံးများသည် မလှမ်းမကမ်းရှိ ဟာလာဟင်းလင်း ဖြစ်နေသော ဆိတ်သုဉ်းနယ်မြေကို စူးစိုက်ကြည့်နေသည်။ ထိုနေရာတွင် လူသူကင်းမဲ့နေသော အိမ်အချို့သာ ကျန်ရစ်တော့သည့် တစ္ဆေဈေးကွက် တစ်ခုအသွင် ဖြစ်နေသည်။

မြေပြင်ပေါ်တွင် ပေါ်ထွက်နေလေ့ရှိသော မြွေအလောင်းများ၏ ဖောင်းကြွနေသည့် အရေခွံများ မရှိတော့သလို ဤနေရာရှိ ထူးကဲချီများမှာလည်း သဘာဝအတိုင်းပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဖတ်...

သစ်ကိုင်းကလေး တုန်ခါသွားပြီး ကိုယ်ထည်မရှိသော ကျီးကန်းသည် ပျံတက်ကာ ဝဲပျံကြည့်သော်လည်း သက်ရှိဝိညာဉ်တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရှိရပေ။

ရုတ်တရက် ထိုကျီးကန်းသည် အသာအယာ ပြန်လည်သက်ဆင်းလာပြီး သစ်ရွက်ခြောက်များအောက်တွင် ဖုံးကွယ်နေသော ထူးကဲလက်နက် ဘူးသီးခြောက်၏ အပိုင်းအစများကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် လျင်မြန်စွာ ပြန်လည်ပျံသန်းသွားကာ ကင်းလှည့်ခြင်းကို ဆက်လက်လုပ်ဆောင်နေတော့သည်။

ဤကင်းလှည့်မှုအတွင်း နေရာအနှံ့အပြား၌ တိုက်ပွဲဖြစ်ပွားထားသည့် အမှတ်အသားများကို တွေ့ရှိရသည်။

အချို့သောနေရာများတွင် ကျင့်ကြံသူတို့၏ ခဲနေသော သွေးကွက်များ ကျန်ရှိနေဆဲဖြစ်ပြီး ထိုသွေးတို့မှာ စွမ်းအင်များ ပါဝင်နေဆဲဖြစ်သဖြင့် မပျောက်ပျက်သေးဘဲ တည်ရှိနေခြင်းပင်။ သို့သော်လည်း မည်သည့်ကျင့်ကြံသူ၏ အလောင်းကိုမျှ မတွေ့ရချေ။

ရုတ်တရက် ကျီးကန်း၏ မျက်ဆုံမှာ လျင်မြန်စွာ လည်ပတ်သွားပြီး မလှမ်းမကမ်းရှိ တောတောင်များကြားမှ လင်းလက်နေသော မီးရောင်တစ်ခုကို အာရုံစိုက်လိုက်ကာ တောင်ပံခတ်၍ ပျံသန်းသွားသည်။

ထိုမီးရောင်မှာ တောင်ပေါ်သစ်လုံးအိမ်ကလေးအတွင်းမှ ဖယောင်းတိုင်မီးရောင်ပင်။

ထိုနေရာသို့ ထက်ဝက်ခန့် ရောက်ရှိချိန်တွင် သစ်လုံးအိမ်အတွင်းမှ အက်ကွဲခြောက်ခြားဖွယ် ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီးနောက် အလံများ တဖျတ်ဖျတ် လှုပ်ခါသံနှင့်အတူ ယခင်က တည်ငြိမ်နေသော တောအုပ်အတွင်း၌ သဲမုန်တိုင်းများ ရုတ်တရက် ထလာတော့သည်။

သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ကာ ကျောက်ခဲနှင့် အမှိုက်သရိုက်များ လွင့်စင်လာကြ၏။ ကောင်းကင်ကြီးမှာ မှောင်မည်းသွားပြီး မြင်ကွင်းတစ်ခုလုံးမှာ ကိုယ်ထည်မရှိသော ထင်ယောင်ထင်မှား ကျီးကန်းကို ဝါးမြိုမည့် ဝဲဂယက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

မြေပြင်ပေါ်သို့ တစ်ကိုက်ခန့် မြင့်မားသော ခရမ်းရောင် သတ္တဝါကြီးတစ်ကောင် ပေါ်ထွက်လာပြီး ကျီးကန်းကို လှမ်းဖမ်းလိုက်၏။

ကျီးကန်းမှာ ပြင်းထန်သော ဝဲဂယက်အတွင်း မိနေသည့် လှေငယ်လေးတစ်စင်းကဲ့သို့ အသည်းအသန် ရုန်းကန်နေရသော်လည်း ထိုဝဲဂယက်၏ အလယ်ဗဟိုသို့ မလွဲမသွေ ဆွဲခေါ်ခြင်း ခံနေရသည်။

ထိုခရမ်းရောင် သတ္တဝါကြီးမှာ လေနှင့်သဲဒဏ်ကို ဂရုမစိုက်ဘဲ ကျီးကန်းဆီသို့ ခဏချင်းအတွင်း ခုန်အုပ်လိုက်၏။ ၎င်းမှာ လူသားတစ်ဦးမဟုတ်ဘဲ တစ်ကိုယ်လုံးတွင် ဆန်းကြယ်သော အမွှေးအမျှင်များ ဖုံးလွှမ်းနေကာ၊ ခရမ်းရောင် အသားအရေ၊ ပြူးထွက်နေသော မျက်လုံးများနှင့် ဖောင်းကြွနေသော ကိုယ်ထည်ရှိသည့် ခရမ်းရောင် အလောင်းကောင်ကြီးပင်။

ထိုကျီးကန်းမှာ အမှန်တကယ် ကျီးကန်းတစ်ကောင်မဟုတ်ဘဲ အရိပ်ရုပ်သေးတစ်ခုသာ ဖြစ်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ခရမ်းရောင်အလောင်းကောင်ကြီး၏ ကြီးမားလှသော လက်နှစ်ဖက်မှာ တူကြီးနှစ်ခုကဲ့သို့ ရိုက်ပုတ်လိုက်သည်။

ကျီးကန်းမှာ တောင်ပံကို အသည်းအသန် ခတ်လိုက်ပြီး တစ်ပတ်လှည့်ကာ ရှောင်တိမ်းလိုက်ရ၏။

ဖြန်း….

လက်နှစ်ဖက်မှာ ပြင်းထန်စွာ ရိုက်မိသွားသည်။

ကျီးကန်းမှာ ထိုရိုက်ချက်ကို သီသီလေး ရှောင်လိုက်နိုင်သော်လည်း နောက်ဆက်တွဲ ပါလာသော လေပြင်းကြောင့် ဟန်ချက်ပျက်သွားကာ ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ လေထဲတွင် ခေါင်းစိုက်လျက် လည်ပတ်သွားတော့သည်။

အခန်း။၁၁၄

ခရမ်းရောင်အလောင်းကောင်ကြီးသည် ကိုယ်ထည်မရှိသော ထင်ယောင်ထင်မှား ကျီးကန်းကို အငြိုးတကြီး ဆက်လက်ဖမ်းဆီးရန် ကြိုးစားနေသည်။

ထိုတိုက်ကွက် ကျရောက်တော့မည့် ဆဲဆဲမှာပင် ရုတ်တရက် ခရမ်းရောင်အလောင်းကောင်ကြီး၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး လေနှင့်သဲမုန်တိုင်းများလည်း ငြိမ်သက်သွားတော့သည်။

ထိုတောင်တန်းနှင့် မိုင်အနည်းငယ်အကွာတွင်မူ ငါးညှီနံ့ထွက်နေသော အဘိုးအိုတစ်ဦးမှာ အမျိုးသားတစ်ဦး၏ လည်ပင်းညှစ်ထားခြင်းကို ခံနေရ၏။ ထိုအဘိုးအိုသည် အမျိုးသားကို ထိတ်လန့်တကြား ကြည့်ရင်း ကြောက်ရွံ့မှုကြောင့် ပေါ်လာသော အပြုံးတုကို ဖော်ကာ "စုန်... စုန်သခင်... ဆရာဦးလေး... ချမ်းသာပေး..." ဟု အော်ဟစ်လိုက်သည်။

ဂွပ်။

စုန်ယန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ လည်ပင်းကို တိုက်ရိုက်ပင် ချိုးလိုက်တော့သည်။ တစ်ချိန်တည်းမှာပင် သူ၏အခြားလက်တစ်ဖက်ကလည်း အဘိုးအို၏နဖူးကို ထောက်ကာ ဝိညာဉ်ရှာဖွေခြင်းနှင့် ဝိညာဉ်ဝါးမြိုခြင်းတို့ကို တစ်ပါတည်း ပြုလုပ်လိုက်၏။

အချိန်အတော်ကြာပြီးနောက်တွင်မူ သူသည် အဘိုးအို၏ အလောင်းကို ပစ်ချလိုက်သည်။ ရုပ်သေးဂိုဏ်းတွင် အထက်မှအောက်အထိ အပြစ်ကင်းစင်သူဟူ၍ တစ်ယောက်မျှ မရှိချေ။

ထိုစဉ် ဝိညာဉ်မျက်နှာဖုံး တပ်ဆင်ထားသော ထူးကဲဝတ်ရုံနှင့် အမျိုးသမီးငယ်သည် အဝေးမှ ရောက်ရှိလာပြီး သူ၏ဘေးတွင် အသာအယာ ဆင်းသက်လိုက်သည်။

သခင်မလေးလင်းက "မြွေအလောင်းဈေးက မြွေအလောင်းတွေ အကုန်လုံး မရှိတော့ဘူး။ ဈေးလည်း ပျက်သွားပြီ။ ရုပ်သေးဂိုဏ်းက ဒီနေရာကို ငါတို့တွေ ထင်ထားတာထက်တောင် ပိုပြီး ရက်ရက်စက်စက် သွေးချောင်းစီးအောင် လုပ်သွားပုံပဲ" ဟု ပြောလိုက်သည်။

စုန်ယန်က မြေပြင်ပေါ်ရှိ အဘိုးအိုကို ကြည့်ရင်း "သူက ရုပ်သေးဂိုဏ်း သွေးအလောင်းတောင်ထိပ်က တပည့်တစ်ယောက်ပဲ ခရမ်းရောင်အလောင်းကောင်ကို ထိန်းချုပ်ထားတာ။ သူကလည်း ထူးကဲချီသန့်စင်ခြင်း အဆင့်မြင့်ကျင့်ကြံသူတစ်ဦးပဲ။ အသက်ကြီးသွားလို့ အဆင့်တက်ဖို့ မျှော်လင့်ချက်မရှိတော့လို့ ဒီမှာ ကင်းစောင့်ဖို့ စေလွှတ်ခံထားရတာပဲ..."

"အခုလေးတင် သူက ကိုယ်ထည်မရှိတဲ့ ထင်ယောင်ထင်မှား ကျီးကန်းကို အမြန်ရိပ်မိသွားပြီး ချက်ချင်းတုံ့ပြန်ခဲ့တာ။

သူက ခရမ်းရောင်အလောင်းကောင်ကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပြီး သူကိုယ်တိုင်ကတော့ ထူးကဲအဆောင်လက်ဖွဲ့ကို သုံးပြီး ထွက်ပြေးဖို့နဲ့ သတင်းပို့ဖို့ ကြိုးစားခဲ့တာပဲ"

သခင်မလေးလင်းက အံ့အားသင့်စွာဖြင့် "ဒါဆိုရင် ဒီနေရာက... လုံခြုံမှုမရှိတော့ဘူးပေါ့" ဟု ပြောလိုက်သည်။

စုန်ယန်သည် သူခုနက ရရှိခဲ့သော သတင်းအချက်အလက်များကို ဂရုတစိုက် ပြန်လည်စဉ်းစားရင်း "ဒါလည်း မသေချာသေးပါဘူး..." ဟု တိုးတိုးလေး ရေရွတ်လိုက်၏။

သခင်မလေးလင်းက သူ့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

စုန်ယန်က "တကယ်လို့ ဒါက မနှစ်ကသာဆိုရင်တော့ မလုံခြုံဘူးလို့ ပြောလို့ရပေမဲ့ အခုတော့... အခြေအနေ ကောင်းပါသေးတယ်" ဟု ပြောလိုက်သည်။

သခင်မလေးလင်းက ခေတ္တစဉ်းစားပြီးနောက် "ရုပ်သေးဂိုဏ်းနဲ့ နန်ဝူဓားဂိုဏ်းတို့ အကြီးအကျယ် စစ်ဖြစ်နေကြတာလား" ဟု မေးလိုက်၏။

စုန်ယန်က "တိတိကျကျ ပြောရရင် ကျင်းမင်းဆက်က အနောက်ဘက်ရှုပြည်နယ်ရဲ့ အစိတ်အပိုင်း အတော်များများကို သိမ်းပိုက်ပြီးတဲ့နောက်မှာ အခု တောင်ဘက်ကို ထပ်ပြီး စစ်ချီလာပြန်ပြီ။ နှစ်ဖက်စလုံးက ကျင့်ကြံသူတွေကလည်း စစ်တပ်ထဲမှာ ပုန်းအောင်းနေကြတာပဲ။ အရေးကြီးတဲ့ မြို့သိမ်းတိုက်ပွဲတွေ ရောက်လာတိုင်း စစ်သူကြီးတွေရဲ့ ထိပ်တိုက်ရင်ဆိုင်မှုအစား ကျင့်ကြံသူတွေရဲ့ မှော်အတတ်နဲ့ တိုက်ပွဲတွေက အစားထိုး ဝင်ရောက်လာကြတယ်။

နန်ဝူဓားဂိုဏ်းကတော့ တရစပ် ဆုတ်ခွာနေရပေမဲ့ ရုပ်သေးဂိုဏ်းက မြောက်ဘက်နယ်မြေမှာ တစ်ခုခုကို ရှာဖွေတွေ့ရှိထားပုံရလို့ တောင်ဘက်ပိုင်းကို အပြည့်အဝ အာရုံမစိုက်နိုင်သေးဘူး။ ဒါကြောင့် တောင်ဘက်ပိုင်းက အသက်ရှူချောင်နေတာပေါ့။

ဒီသွေးအလောင်းတောင်ထိပ်က တပည့်ကတော့ တောင်ဘက်ပိုင်းက အငြင်းပွားမှုတွေနဲ့ တိုက်ပွဲတွေထဲမှာ မပါဝင်ချင်လို့ ဒီမှာ ကင်းစောင့်တဲ့တာဝန်ကို ယူထားတာပဲ" ဟု ရှင်းပြလိုက်သည်။

စကားပြောပြီးနောက် စုန်ယန်သည် အလောင်းကို အသာအယာ ဖယ်ရှားလိုက်ပြီး "မြွေအလောင်းက တကယ်တော့ ဘာလဲ။ ဘာလို့ အခုထိ ယူမသွားကြသေးတာလဲ" ဟု မေးလိုက်၏။

သခင်မလေးလင်းက "ဒါတွေအားလုံးကို အဘွားကြီးကျူးက ဖန်တီးခဲ့တာဆိုတော့ ညီမလေးလည်း အမှန်အတိုင်း ပြောရရင် သေချာမသိဘူး" ဟု ပြန်ဖြေသည်။

"အဘွားကြီးကျူးက ဒီနေရာမှာ ဆယ်စုနှစ်နဲ့ချီ အခြေချပြီး ကိစ္စတော်တော်များများကို လုပ်ဆောင်ခဲ့တာပါ။ ညီမလေးကတော့ သူမဆီကနေ အဲဒီအင်းဆက်ကျင့်ကြံသူရဲ့ စိတ်အာရုံအမွေကိုပဲ ရခဲ့တာ။

အခု မြွေအလောင်းဈေးကလည်း လုံးဝရှင်းလင်းခံလိုက်ရပြီဆိုတော့ အဘွားကြီးကျူးရဲ့ အိမ်ကလည်း သဘာဝအတိုင်း အလွတ်ကြီး ဖြစ်နေမှာပဲ။ ညီမလေး လုပ်နိုင်တာဆိုလို့ မိစ္ဆာရွှံ့ညွန် လျှို့ဝှက်နယ်မြေကို ထိန်းချုပ်ဖို့ပဲ ရှိတယ်။

ဒါပေမဲ့ ညီမလေးက အခုမှ ထူးကဲချီသန့်စင်ခြင်း တတိယအဆင့်မှာပဲ ရှိသေးတော့ ဝိညာဉ်စွမ်းအားက အလွန်အားနည်းနေသေးတယ်။ စွမ်းအားရှင်တစ်ယောက်ရဲ့ စိတ်အာရုံကို ရထားတယ်ဆိုရင်တောင် လျှို့ဝှက်နယ်မြေနှစ်ခုကို တစ်ပြိုင်တည်း မထိန်းချုပ်နိုင်ဘူး။ အကယ်၍ မိစ္ဆာရွှံ့ညွန်နယ်မြေကို မထိန်းချုပ်နိုင်ဘူးဆိုရင် အဲဒီနယ်မြေရဲ့ ဝင်ပေါက်ကိုလည်း ရွှေ့ပြောင်းလို့ ရမှာမဟုတ်ဘူး။

အထဲကိုဝင်ဖို့ဆိုရင် အစွန်အဖျားနားမှာပဲ ဝဲလည်နေရလိမ့်မယ်။ အဘွားကြီးကျူးတုန်းကလည်း ထူးကဲချီသန့်စင်ခြင်း ကိုးခုမြောက်အဆင့် ရောက်မှသာ ဖယောင်းတိုင်နယ်မြေဆီ သွားခဲ့တာကို သတိရတယ်။ ဒါကြောင့်... ညီမလေးအနေနဲ့ ထူးကဲချီသန့်စင်ခြင်း ကိုးခုမြောက်အဆင့်ရောက်မှ မိစ္ဆာရွှံ့ညွန်နယ်မြေကို စတင်ထိန်းချုပ်နိုင်လိမ့်မယ် ထင်တယ်"

စုန်ယန်က "မိစ္ဆာရွှံ့ညွန်နယ်မြေထဲမှာ အရင်းအမြစ်တွေ အများကြီး ရှိနေသင့်တယ်။ မင်း အရင်သွားပြီး အရေခွံခွါဆီခဲ ရှိမရှိ သွားကြည့်လိုက်ဦး။ ငါကတော့ အဲဒီက သွေးကန်ကို သွားစစ်ဆေးကြည့်မယ်။ ပြီးရင်တော့ ငါတို့တွေ ဒီပတ်ဝန်းကျင်က လျှို့ဝှက်နယ်မြေထဲမှာပဲ ခဏပုန်းနေကြတာပေါ့။ နောက်မှ ရုပ်သေးဂိုဏ်းတပည့်တွေ လာရှာရင်တောင် ငါတို့ကို တွေ့မှာမဟုတ်တော့ဘူး" ဟု ပြောလိုက်သည်။

သခင်မလေးလင်းနှင့် နေ့စဉ်စကားပြောဆိုမှုများမှတစ်ဆင့် စုန်ယန် သိရှိထားသည်မှာ “လျှို့ဝှက်နယ်မြေဆိုတာ ပိုင်ရှင်မရှိရင် သူ့သဘာဝအတိုင်းပဲ လည်ပတ်နေတာ။ ဒါပေမဲ့ ပိုင်ရှင်ရှိတဲ့ နယ်မြေဆိုရင်တော့ အဲဒီလူရဲ့ စိတ်တိုင်းကျပဲ ဖြစ်လိမ့်မယ်။ အဝင်အထွက်ကအစ အားလုံးက ပိုင်ရှင်ရဲ့ လက်ခုပ်ထဲမှာပဲ ရှိနေတာ” ဟူ၍ပင်။

မိစ္ဆာရွှံ့ညွန် လျှို့ဝှက်နယ်မြေသည် ဆယ်နှစ်လျှင် တစ်ကြိမ်၊ တစ်လသာ ပွင့်သည်ဟူသော ကောလာဟလမှာ အမှန်စစ်စစ်တွင် အဘွားကြီးကျူးက သူမ၏ ရိတ်သိမ်းချိန်အဖြစ် ကိုယ်တိုင်သတ်မှတ်ထားခြင်းသာ ဖြစ်သည်။

ဤသို့သော လျှို့ဝှက်နယ်မြေများသည် အားနည်းချက်အချို့ရှိနိုင်သဖြင့် ရှာဖွေတွေ့ရှိခံရနိုင်ခြေ ရှိသော်လည်း ထူးကဲချီသန့်စင်ခြင်းသို့မဟုတ် ကြက်သွေးရောင်နန်းတော်အဆင့် ကျင့်ကြံသူများအနေဖြင့်မူ ရှာတွေ့ရန်မှာ လုံးဝမဖြစ်နိုင်သလောက်ပင်။

အတွင်းသို့ ပုန်းကွယ်လိုက်သည်နှင့် တစ်ပြိုင်နက် အခြားကမ္ဘာတစ်ခုသို့ ခြေလှမ်းဝင်လိုက်သကဲ့သို့ ခံစားရသည်။ ပြင်ပလောကကြီးမှာ မည်မျှပင် အန္တရာယ်များနေပါစေ စုန်ယန်မှာမူ အမြဲတမ်း ဘေးကင်းရာအရပ်တွင် ရှိနေပေတော့မည်။

မိစ္ဆာအဘွားအိုထံမှ ရရှိသော အရိပ်ရုပ်သေး၊ အရေခွံဆေးရေး ဆန်းကြယ်ဝိညာဉ်နည်းစနစ်နှင့် ပုံသဏ္ဌာန်တစ်ရာ နတ်ဘုရားထိန်းချုပ်မှုတို့ ပေါင်းစပ်လိုက်သောအခါ သာမန် ကြက်သွေးရောင်နန်းတော်အဆင့် ကျင့်ကြံသူများပင် မရိပ်မိနိုင်သော ရုပ်ပိုင်းဆိုင်ရာ လူဝင်စားတစ်ဦးကို ဖန်တီးနိုင်ခဲ့ရာ ၎င်းမှာ အလွန်ပင် အသုံးဝင်လှသည်။

...

...

ရက်အနည်းငယ် ကြာပြီးနောက်...

“အဖေ... ကျွန်တော် နားလည်ပါပြီ။ ရှောင်ပြေးနေတာက အဖြေမဟုတ်ဘူး။ အတိတ်က မှားခဲ့တဲ့ အမှားတွေကို အနာဂတ်နဲ့ ပြန်ပြီး အစားထိုး ပေးဆပ်ရပါလိမ့်မယ်”

“ကျွန်တော် ဘိုင်ရှို့ဟုက တစ်ချိန်က ဓားကျင့်ကြံသူ ဖြစ်ခဲ့သလို အမြဲတမ်းလည်း ဓားကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်နေမှာပါ”

လင်းဝူမြို့၏ ရှေ့တွင် အမျိုးသားတစ်ဦးသည် ဓားကို လွယ်လျက် ငွေဖြူရောင် ဓားဝတ်ရုံကို ပြန်လည်ဝတ်ဆင်ထားသည်။ သူသည် သူ၏အဖေနှင့် ရွာသားများကို အလေးအနက် အရိုအသေပေးပြီးနောက် ဓားပျံကို မသုံးဘဲ လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝတ်ရုံစများ လွင့်ခါလျက် မြို့ပြင်သို့ အေးအေးလူလူ လျှောက်လှမ်းသွားတော့သည်။

သူ၏ ချောမောလှပသော မယားငယ်လေးကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားပြီး သူတို့နှစ်ဦး အတူတူ ထွက်ခွာသွားကြ၏။ လင်းဝူမြို့နှင့် ဝေးရာသို့ ရောက်သည်နှင့် သူတို့သည် မြောက်ဘက်သို့ ဦးတည်ကာ လျင်မြန်စွာ ခရီးနှင်ကြတော့သည်။

...

ဤနှစ်ဦးမှာ သဘာဝကျကျပင် စုန်ယန်၏ အရိပ်ရုပ်သေးများသာ ဖြစ်ကြသည်။ ဤခရီးတစ်လျှောက်တွင် စုန်ယန်သည် လျှို့ဝှက်နယ်မြေများကို စူးစမ်းရှာဖွေပြီး သူနှင့် သင့်တော်မည့် မိစ္ဆာသွေးများကို ရှာဖွေရန် စီစဉ်ထားသည်။

မိစ္ဆာရွှံ့ညွန် နယ်မြေနှင့် ပတ်သက်၍မူ သူနှင့် သခင်မလေးလင်းတို့သည် အထဲသို့ ဝင်ရောက်ကာ ကြည့်ရှုပြီး ဖြစ်သည်။ ထိုနေရာတွင် နေရာအနှံ့၌ ကြီးမားလှသော မိကျောင်းကြီးများ ရှိနေကြပြီး ထိုမိကျောင်းများ၏ သွေးအနှစ်သာရမှာ ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးခြင်းနှင့် ခွန်အား တိုးပွားစေခြင်းစသည့် အစွမ်းသတ္တိများ ရှိကြသည်။ ၎င်းမှာ မဆိုးလှသော်လည်း ချန်

ဝမ်ကျားသို့မဟုတ် ညဖယောင်းတိုင် ဝိညာဉ်ပိုးတို့နှင့် ယှဉ်လျှင် အမျိုးအစား ကွဲပြားနေသည်။

အကယ်၍ စုန်ယန်သာ ဤမိကျောင်းမိစ္ဆာသွေးကို ဝါးမြိုလိုက်ပါက နေရာအနှံ့၌ အနည်းငယ်စီ စွမ်းအားတက်လာမည်ဖြစ်သော်လည်း မည်သည့်နေရာတွင်မှ အထွတ်အထိပ်သို့ ရောက်ရှိလိမ့်မည် မဟုတ်ပေ။ ကောင်းမွန်သော သွေးအနှစ်သာရ ပေါင်းစပ်မှုတစ်ခုသည် ညံ့ဖျင်းသော ပေါင်းစပ်မှုထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်လှသည်။

All Chapters