← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း။ ၁၁၇

စုန်ယန်သည် သူ၏မှတ်ဉာဏ်ကို အသုံးပြုကာ သစ်ရွက်နီကျွန်းပေါ်ရှိ သူ၏ဂူဗိမာန်ဆီသို့ ပြန်လာခဲ့သည်။

ရုပ်သေးဂိုဏ်း၏ ဂူကဲ့သို့သော နေထိုင်ရာများနှင့် နှိုင်းယှဉ်လျှင် ဓားကျင့်ကြံသူတို့၏ ဂူဗိမာန်များမှာ များသောအားဖြင့် ရေစပ်နားတွင် ဆောက်လုပ်ထားသော ဝါးအိမ်ငယ်များသာ ဖြစ်ကြသည်။

အရုဏ်တက်ချိန်နှင့် နေဝင်ရိုးရီအချိန်များတွင် ထိုဝါးအိမ်ကလေး၏ အရိပ်မှာ မြူပင်လယ်အတွင်းရှိ နံနက်ခင်းအလင်းတန်း၊ ညနေခင်းတိမ်တိုက်တို့နှင့်အတူ ရောင်ပြန်ဟပ်နေလေ့ရှိသည်။ ရေလှိုင်းကလေးများကြောင့် ထိုအရိပ်မှာ ခဏတာ တွန့်လိမ်သွားတတ်သော်လည်း လေငြိမ်သွားသည့်အခါတွင်မူ မှန်သားပြင်ကဲ့သို့ ပြန်လည်ကြည်လင်သွားစမြဲပင်။

ဤဗိသုကာပုံစံကို ဓားဂိုဏ်း၏ ပထမဆုံးဂိုဏ်းချုပ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဂိုဏ်းချုပ်၏ ရည်ရွယ်ချက်မှာ ဓားကျင့်ကြံသူတိုင်းအားအတွေးစများ ပေါ်လာသည့်အခါ ထိတ်လန့်တကြားဖြစ်ရန် သို့မဟုတ် အလောတကြီးဖြစ်ရန် မလိုကြောင်း၊ အချိန်တန်လျှင် ထိုအတွေးများမှာ လွင့်ပျယ်သွားမည်ဖြစ်ပြီး နေ့စဉ်မြင်တွေ့နေရသော ရေမျက်နှာပြင်ကဲ့သို့ပင် စိတ်နှလုံးသည် တည်ငြိမ်မှုဆီသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ကြောင်းသတိပေးလိုခြင်းပင်။

တောင်ဘက်ဝူဓားဂိုဏ်း တည်ရှိရာ ဤအလွန်ကျယ်ဝန်းသော အတွင်းပိုင်းအိုင်ကြီးကိုမူ မြူပင်လယ်ဟု ခေါ်ကြသည်။ ၎င်းကို အိုင်ဟု မခေါ်ဘဲ ပင်လယ်ဟု အမည်ပေးခဲ့ခြင်းမှာလည်း ထိုပထမဆုံးဂိုဏ်းချုပ်၏ ဆုံးဖြတ်ချက်ပင်။

ထိုဂိုဏ်းချုပ်က မိန့်ကြားခဲ့သည်မှာ “ပန်းတစ်ပွင့်ထဲမှာ ကမ္ဘာတည်နိုင်သလို အိုင်တစ်ခုကလည်း ကျယ်ပြောတဲ့ ပင်လယ်ပြင်ကြီး ဖြစ်နိုင်တယ်။ ဓားကျင့်ကြံသူတစ်ယောက် ကိုင်ဆောင်ထားတဲ့ဓားက သာမန်လို့ ထင်ရပေမဲ့ အဲဒီထဲမှာ ကျားဟိန်းသံ၊ နဂါးဟောက်သံ၊ လေမုန်တိုင်းနဲ့ နှင်းခဲတွေ၊ ခရမ်းရောင်လျှပ်စီးတွေ ကိန်းဝပ်မနေဘူးလို့ ဘယ်သူပြောနိုင်မလဲ” ဟူ၍ပင်။

စုန်ယန်သည် သစ်ရွက်နီကျွန်း၏ လမ်းကလေးများအတိုင်း လျှောက်လှမ်းလာစဉ် အမျိုးမျိုးသော အတွေးစများနှင့် မှတ်ဉာဏ်များမှာ အလိုလို ပေါ်ပေါက်လာတော့သည်။

ကျွန်းအတွင်းသို့ ဝင်ရောက်လာသည့် ရင်ပြင်ပေါ်တွင်မူ ယခုကဲ့သို့ ဆောင်းရာသီကာလနှင့် စစ်မီးတောက်နေချိန်မျိုး၌ပင် အမျိုးသား၊ အမျိုးသမီး ဓားကျင့်ကြံသူ ဒါဇင်ပေါင်းများစွာမှာ တင်ပျဉ်ခွေထိုင်လျက် ရှိနေကြဆဲပင်။ သူတို့သည် ငြိမ်သက်စွာထိုင်ရင်း အာရုံစူးစိုက်ခြင်းနှင့် စွမ်းအင်လှည့်ပတ်ခြင်းတို့ကို ပြုလုပ်နေကြပြီး သူတို့၏ ဝတ်ရုံဖြူများမှာ လေထဲတွင် လွင့်ခါလျက် လောကီထက် သာလွန်သော အငွေ့အသက်များကို ထုတ်ဖော်ပြသနေကြပေတော့သည်။

စုန်ယန် ဖြတ်လျှောက်သွားစဉ် အသံအနည်းငယ် ထွက်ပေါ်သွားသည့်တိုင် မည်သူမျှ မျက်လုံးဖွင့်မကြည့်ကြဘဲ သူတို့၏ ကျင့်ကြံခြင်းကမ္ဘာထဲ၌သာ အာရုံအပြည့်အဝ နစ်ဝင်နေကြသည်။

ရုပ်သေးဂိုဏ်းတွင် ဖိုကောင်များအား နေ့စဉ်နှိပ်စက်အမြတ်ထုတ်ပုံများနှင့် သူတို့၏ မှောင်မည်းသော ဂူများအတွင်း ကျင့်ကြံနေထိုင်ကြပုံများကို စုန်ယန် ပြန်လည်အမှတ်ရမိကာ “ဂိုဏ်းတစ်ခုနဲ့တစ်ခုကြားက ယဉ်ကျေးမှုဓလေ့စရိုက်တွေက တကယ့်ကို ကွာခြားလှပါလား” ဟု မတွေးဘဲ မနေနိုင်တော့ချေ။

သူ ထိုသို့တွေးတောရင်း ဝါးအိမ်ကလေးရှေ့သို့ ရောက်ရှိလာကာ ရင်ဘတ်အတွင်းမှ ဓားဂိုဏ်း၏ အမှတ်အသားပြားကို ထုတ်ယူလိုက်သည်။ ၎င်းမှာ အနည်းငယ် လင်းလက်သွားပြီးနောက် ဝါးအိမ်တံခါးမှာ ပွင့်ဟသွားတော့သည်။

...

ဤသည်မှာ ဘိုင်ရှို့ဟု၏ ဝါးအိမ်ပင်။

အတွင်းပိုင်းမှာ သန့်ရှင်းသော်လည်း အနည်းငယ် ရှုပ်ပွနေ၏။ အခန်းအဆုံးတွင် အိပ်ရာရှိပြီး ပြတင်းပေါက်အောက်တွင် သစ်သားစားပွဲတစ်လုံး ရှိသည်။ နံနက်ခင်း အလင်းတန်းအချို့မှာ ပြတင်းပေါက်မှတစ်ဆင့် စောင်းငဲ့ဝင်ရောက်နေပြီး စားပွဲပေါ်ရှိ ရွှမ်စက္ကူအပိုင်းအစများကို လင်းထိန်စေသည်။ ထိုစက္ကူပေါ်တွင် ဓားဟူသော စာလုံးများကို ကောက်ကောက်ကွေးကွေးဖြင့် အကြိမ်ကြိမ် ရေးသားထားသည်ကို တွေ့ရ၏။

ပထမဆုံး ဓားစာလုံးမှာ သပ်ရပ်သယောင် ရှိသော်လည်း နောက်ပိုင်းသို့ ရောက်လေလေ ပိုမိုရှုပ်ထွေးပြီး ဖရိုဖရဲ ဖြစ်လာကာ နောက်ဆုံးတွင်မူ နားမလည်နိုင်သော တစ္ဆေသင်္ကေတများကဲ့သို့ ဖြစ်သွားသည်။

စုန်ယန်၏ မျက်စိထဲတွင် ငိုယိုရင်း စာရေးနေကာ မျက်ရည်များက လတ်လတ်ဆတ်ဆတ် ရေးထားသော စာလုံးများပေါ်သို့ ကျဆင်းနေသည့် မြင်ကွင်းတစ်ခုကို မြင်ယောင်လာမိသည်။

သူသည် ကြမ်းပြင်ပေါ်သို့ တစ်ချက်ကြည့်လိုက်ရာ လုံးခြေထားသော စက္ကူလုံးလေးများ နေရာအနှံ့ ပျံ့ကြဲနေသည်ကို တွေ့လိုက်ရပြန်သည်။ စုန်ယန်သည် ကိုယ်ကိုညွတ်ကာ တစ်လုံးကို ကောက်ယူပြီး ဖြန့်ကြည့်လိုက်ရာ ၎င်းမှာလည်း ဓားဟူသော စာလုံးပင် ဖြစ်နေပြန်သည်။

မှတ်ဉာဏ်ကို အနည်းငယ် ပြန်လည်ရှာဖွေကြည့်လိုက်သောအခါ ဘိုင်ရှို့ဟုသည် စတင်ထွက်ပြေးလာပြီးနောက် သူကိုယ်ကိုယ် အခန်းထဲ၌ ပိတ်လှောင်ကာ၊ စိတ်ဓာတ်ပြိုလဲနေသည့်ကြားမှ ပြန်လည်ထူထောင်လိုသော ဆန္ဒဖြင့် ဤစာလုံးများကို ရေးသားကျင့်ကြံခဲ့ကြောင်း ဝေဝေဝါးဝါး နားလည်လိုက်သည်။ သူသည် စာရေးခြင်းဖြင့် စိတ်ကိုတည်ငြိမ်စေကာ သူ၏သတ္တိကို ပြန်လည်ရယူရန်”မျှော်လင့်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ဤသည်ကို တွေးမိသောအခါ စုန်ယန်အနေဖြင့် ဘိုင်ရှို့ဟု၏ ခံစားချက်ကို တစ်နည်းတစ်ဖုံ ကိုယ်ချင်းစာမိသကဲ့သို့ပင်။

အရေခွံဆရာတစ်ဦးသည် ပန်းချီအနုပညာကို နက်နက်ရှိုင်းရှိုင်း နားလည်ထားရန် လိုအပ်သည်။ မျက်နှာနှင့် အရေခွံများကို ရေးဆွဲရာတွင် အရိုးတည်ဆောက်ပုံကိုပါ ထည့်သွင်းဆွဲသားနိုင်ရမည်။ ထိုသို့မဟုတ်ပါက အရေခွံဆရာတစ်ဦး၏ အဓိက လျှို့ဝှက်နည်းစနစ်ဖြစ်သော ပုံသဏ္ဌာန်တစ်ရာ နတ်ဘုရားမျက်နှာကို ကျွမ်းကျင်ရန် မဖြစ်နိုင်ပေ။

သို့သော် ဓားကျင့်ကြံသူတစ်ဦးမှာမူ လက်ရေးလှပညာကို ကျင့်ကြံရသည်ကို နှစ်သက်ကြသည်။ စာလုံးများမှတစ်ဆင့် သူတို့သည် စိတ်ကို တည်ငြိမ်စေကာ နှလုံးသားကို လင်းထိန်စေပြီး သူကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ကြသည်။

ကောက်ကောက်ကွေးကွေး ဖြစ်နေသော ဓားစာလုံးများမှာ ဘိုင်ရှို့ဟု၏ ကျင့်ကြံမှုစိတ်ဓာတ်မည်မျှအထိ ကြေမွပျက်စီးနေခဲ့သည်ကို ဖော်ပြနေသည်။ သူ ဒုတိယအကြိမ်မြောက် အဖွဲ့အတွင်း ပါဝင်လာခဲ့ခြင်းမှာလည်း အမှန်စစ်စစ်တွင် ဂိုဏ်းက သူ့ကို ပြန်လည်စောင့်ရှောက်လိုသောကြောင့်ပင်။ ဘိုင်ရှို့ဟုမှာ ပါရမီရှိသော ဓားကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သဖြင့် ဂိုဏ်းက သူ့အား လဲကျခဲ့သည့်နေရာမှာ ပြန်ထစေချင်သောဆန္ဒဖြင့် မိစ္ဆာဂိုဏ်းကို ကင်းလှည့်တိုက်ခိုက်သည့် တာဝန်တွင် ထပ်မံ ထည့်သွင်းပေးခဲ့ခြင်း ဖြစ်သည်။

သို့သော်... ဘိုင်ရှို့ဟုကမူ လဲကျတဲ့နေရာမှာပဲ ဆက်လှဲနေမယ်ဆိုသည့် အချက်ကိုသာ လက်တွေ့ပြသသွားခဲ့သည်။ ဒုတိယအကြိမ်တွင်မူ သူ၏ ကျင့်ကြံမှုစိတ်ဓာတ်မှာ လုံးဝဥဿုံ ပျက်စီးသွားခဲ့ပြီး တောင်ဘက် လင်းဝူမြို့ဆီသို့ ရူးသွပ်စွာ ထွက်ပြေးသွားခဲ့ရာမှ စုန်ယန် တွေ့ရှိခဲ့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ခြင်းပင်။

လူ့စိတ်ဆိုသည်မှာ အမှန်တကယ်ပင် ဆန်းကြယ်လှသည်။ ဓားကျင့်စဉ်ကို အနှစ်သုံးဆယ်ကြာ ကျင့်ကြံခဲ့သော်လည်း အတွေးစတစ်ခုကြောင့်ပင် မိစ္ဆာအသွင် ပြောင်းလဲသွားခဲ့ရသည်။ စုန်ယန် အနည်းငယ် စဉ်းစားကြည့်လိုက်ရာ ဘိုင်ရှို့ဟုတွင် တစ်ချိန်က ကျင့်ကြံဖော်တစ်ဦး ရှိခဲ့ဖူးသော်လည်း ပထမအကြိမ် ထွက်ပြေးစဉ်ကပင် သူမ သေဆုံးသွားခဲ့ပုံရသည်။ ၎င်းမှာလည်း သူ၏ စိတ်ဓာတ်ပြိုလဲရခြင်း၏ အခြားအကြောင်းရင်းတစ်ခု ဖြစ်ပေလိမ့်မည်။

စုန်ယန်သည် အခန်းကို လျင်မြန်စွာ သန့်ရှင်းရေးလုပ်လိုက်ပြီးနောက် သူ၏ ဆရာထံသို့ သွားရောက်တွေ့ဆုံရန် ပြင်ဆင်လိုက်သည်။ ပညာသင်ကြားပေးခြင်းနှင့် အသိပညာ မျှဝေခြင်းပိုင်းတွင်မူ တောင်ဘက်ဝူဓားဂိုဏ်းနှင့် ရုပ်သေးဂိုဏ်းတို့မှာ လုံးဝဥဿုံ ကွာခြားလှသည်။

ရုပ်သေးဂိုဏ်း၏ ချဉ်းကပ်ပုံမှာ "ဒါတွေယူသွားပြီး ကိုယ့်ဘာသာကိုယ် လေ့ကျင့်တော့" ဆိုသည့် ပုံစံမျိုးဖြစ်ပြီး ဆရာနှင့် တပည့်ကြား ဆက်ဆံရေးမှာလည်း အလွန်ပင် ကျဲပါးလှသည်။

ကုရုဖုန်းက ကျောက်ထိုင်ခုံအကြီးအကဲ၏ ဇနီးကို ခိုးယူရုံသာမက သူ့ကိုပါ သတ်ဖြတ်ရန် ကြံစည်ခဲ့ခြင်း၊ ကျောက်ထိုင်ခုံအကြီးအကဲက သူ၏မွေးစားသားကို လှည့်ဖြားခြင်းနှင့် ကုဟွမ်ကျီက အခက်အခဲများကို ကျော်လွှားပြီးမှ သူ၏ဆရာကို ပြန်လည်သစ္စာဖောက်ခြင်း စသည်တို့မှာ ထိုဂိုဏ်းတွင် သာမန်ကိစ္စများသာ ဖြစ်သည်။ မိစ္ဆာဂိုဏ်းတွင် ဆရာနှင့် တပည့်ကြား အစဉ်အမြဲ သံသယစိတ်ဖြင့် စောင့်ကြည့်နေကြရသည်။

သို့သော် တောင်ဘက်ဝူဓားဂိုဏ်းမှာမူ ထိုသို့မဟုတ်ချေ။ ဤဂိုဏ်းတွင် ကျင့်စဉ်တစ်ခုကို ရရှိရန် တစ်ခုတည်းသောနည်းလမ်းမှာ ဆရာထံမှတစ်ဆင့် သင်ယူခြင်းပင်။ ထို့ပြင် ဆရာများမှာ တပည့်များအပေါ် ဆက်ဆံရာတွင်လည်း ရှုပ်ထွေးသော အကြံအစည်များမရှိဘဲ ဖြူစင်ရိုးသားကြသည်။ စုန်ယန် ယခင်က တွေ့ခဲ့ဖူးသော စွန်းမိသားစုမှ အကြီးအကဲစွန်းတို့ကဲ့သို့ လူမျိုးမှာ ဓားဂိုဏ်းတစ်ခုလုံးတွင် ရှားပါးသော ခြွင်းချက်များသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဓားဂိုဏ်းသားအများစုမှာ လူမှုဆက်ဆံရေးတွင် ကျွမ်းကျင်သူများ မဟုတ်ကြသောကြောင့်ပင်။

အမှန်တကယ်တွင် စုရှန်း သို့မဟုတ် အကြီးအကဲစွန်းတို့မှာ လူမှုဆက်ဆံရေး ကောင်းမွန်လွန်းသော ထူးချွန်သူများ ဖြစ်ကြသော်လည်း အများစုမှာမူ စုယောင် ကဲ့သို့သော အေးစက်စက် လူမျိုးများသာ ဖြစ်ကြသည်။ ထို့ကြောင့် စုန်ယန်အနေဖြင့် ကျင့်စဉ်အသစ်တစ်ခု ရရှိရန်အတွက် သူ၏ဆရာကို မဖြစ်မနေ သွားရောက်ရှာဖွေရမည် ဖြစ်သည်။

သူသည် အိပ်ရာပေါ်တွင် တစ်ညလုံး စဉ်းစားခန်းဖွင့်နေခဲ့ပြီးနောက် နောက်တစ်နေ့ အရုဏ်တက်ချိန်တွင်... သူ၏ ဓားပျံကို စီးနင်းကာ သစ်ရွက်နီကျွန်း၏ အထူးကဲဆုံးနေရာရှိ ဝါးအိမ်ကလေးဆီသို့ ဦးတည်၍ ထွက်ခွာခဲ့တော့သည်။

...

ဝါးအိမ်ကလေး၏ရှေ့တွင် အဘိုးအိုတစ်ဦးသည် လှုပ်ခါနေသော ကြိမ်ကုလားထိုင်ပေါ်တွင် လဲလျောင်းလျက် စာအုပ်တစ်အုပ်ကို ဖတ်ရှုနေသည်။ ထိုစာအုပ်ထဲတွင် ဆေးဖက်ဝင်အပင်များ၏ သရုပ်ဖော်ပုံများကို ဝေဝေဝါးဝါး မြင်တွေ့နေရ၏။

ဤအဘိုးအိုမှာ ဘိုင်ရှို့ဟု၏ ဆရာစွန်းကူယဲ့ပင်။ စွန်းကူယဲ့မှာ စွန်းမိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ကူယဲ့ဆိုသည်မှာ သူ၏အမည်ရင်း မဟုတ်ပေ။ သစ်ရွက်နီကျွန်းပေါ်ရှိ သစ်ရွက်နီများမှာ နှစ်စဉ်နှစ်တိုင်း ခြောက်သွေ့လိုက်၊ လန်းဆန်းလိုက် ဖြစ်နေသကဲ့သို့ သူကိုယ်ကိုယ်လည်း အိုမင်းလာပြီဟု ခံစားရသဖြင့် ခြောက်သွေ့သောအရွက်ဟု အမည်ရသည့် ကူယဲ့နာမည်မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ကျွန်းပေါ်ရှိ ဓားကျင့်ကြံသူများကမူ သူ့ကို ကူယဲ့ ဓားဆရာကြီး သို့မဟုတ် ဓားဆရာကြီး ဟုသာ ခေါ်ဝေါ်ကြသည်။

စွန်းကူယဲ့မှာ ကြက်သွေးရောင်နန်းတော်အဆင့်ရှိသော ဆရာကြီးတစ်ဦးဖြစ်သည်မှာ သေချာသော်လည်း သူသည် ပထမအလယ်ဗဟိုနန်းတော်ကို တည်ဆောက်စဉ်က သွေးအနှစ်သာရ နှင့် ပတ်သက်၍ စွန့်စားမှုတစ်ခု ပြုလုပ်ခဲ့ရသည်။ ထိုစဉ်က အဆိပ်အတောက်အချို့ကို စုပ်ယူမိခဲ့သဖြင့် သူ၏အခြေခံမှာ မတည်မငြိမ်ဖြစ်ခဲ့ရကာ ရှေ့ဆက်တိုးရန် ခက်ခဲသွားခဲ့ပြီး ကြက်သွေးရောင်နန်းတော်၏ အစောပိုင်းအဆင့်မှာပင် ရပ်တန့်နေခဲ့ခြင်းပင်။

အခန်း။ ၁၁၈

ဤအခြေအနေမှာ ရာစုနှစ်တစ်ခုကျော်ကြာအောင် ရပ်တန့်နေခဲ့ခြင်း ဖြစ်သည်။ သူသည် အလယ်အလတ်အဆင့်သို့ မည်သည့်အခါမျှ တက်လှမ်းနိုင်ခြင်း မရှိခဲ့ပေ။ သူ၏ တပည့်များမှာမူ တစ်သုတ်ပြီးတစ်သုတ် ရောက်လာလိုက်၊ ထွက်သွားလိုက်နှင့် တချို့မှာ ဂိုဏ်း၏ အကြီးအကဲများအထိ ဖြစ်လာကာ တောက်ပသော ကြယ်ပွင့်များ ဖြစ်လာခဲ့ကြသော်လည်း သူကမူ မပြောင်းလဲဘဲ ကျန်ရစ်နေခဲ့သည်။

ထို့ကြောင့် သူ၏ နောက်ဆုံးလက်ကျန် သက်တမ်းကာလများတွင် သူသည် ဓားလမ်းစဉ်ကို နက်နက်ရှိုင်းရှိုင်း လေ့လာခြင်းအား ရပ်တန့်လိုက်ပြီး ၎င်းအစား ဆေးလုံးဖော်စပ်နည်းများကိုသာ သုတေသနပြုတော့သည်။

ကြက်သွေးရောင်နန်းတော် အဆင့်တွင် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ဖြစ်လာရန်အတွက် အန္တရာယ်ရှိသော ကြက်သွေးရောင်နန်းတော် ဆေးလုံး အချို့ကို စွန့်စားစားသောက်ရလေ့ရှိသည်။ ထိုသို့မဟုတ်ပါက စံသတ်မှတ်ချက်အတိုင်း ဖော်စပ်ထားသော ဆေးရည်များကိုသာ သုံးစွဲနိုင်မည် ဖြစ်၏။ ၎င်းတို့မှာ ဘေးကင်းသော်လည်း စွမ်းအားပိုင်းတွင် များစွာ အားနည်းလှသည်။

ဆေးအဆိပ်အတောက်ဆိုသည်မှာ ကြက်သွေးရောင်နန်းတော် ကျင့်ကြံသူတိုင်း ရင်ဆိုင်ရသည့် ဘေးဒုက္ခတစ်ခုပင်။ စုန်ယန်သည် ချန်ဝမ်ကျားသွေးကို အစာချေဖျက်စဉ်က အကြိမ်ပေါင်း သောင်းနှင့်ချီ သေဆုံးခဲ့ရပုံကို ကြည့်ခြင်းဖြင့် ၎င်းမှာ မည်မျှ ခက်ခဲကြောင်း သိသာလှသည်။

စွန်းကူယဲ့သည် သူတစ်ဦးတည်းအတွက် ဓားကျင့်ကြံခြင်းမှာ အမြင်ကျဉ်းမြောင်းလွန်းသည်ဟု ယူဆကာ ဓားဂိုဏ်း၏ နောင်အနာဂတ် မျိုးဆက်သစ် ပါရမီရှင်များအတွက် နှစ်ပေါင်းထောင်ချီ အကျိုးပြုမည့် ဆေးဖော်စပ်ခြင်း ပညာရပ်ကိုသာ အာရုံစိုက်ခဲ့သည်။ သူကိုယ်တိုင် ထိပ်တန်းဓားသမားတစ်ဦး မဖြစ်နိုင်ခဲ့သော်လည်း နောင်လာနောက်သားများ သူ၏ ဆေးနည်းများဖြင့် အထွတ်အထိပ်သို့ ရောက်ရှိနိုင်မည်ဟု တွေးတောရင်း ဤဘဝတွင် နောင်တမရှိတော့ဘူးဟူသော ခံစားချက်ဖြင့် နေထိုင်နေခြင်း ဖြစ်သည်။

ထို့ကြောင့် သူသည် လက်ရှိတွင် ကြက်သွေးရောင်နန်းတော် ဆေးလုံးများအတွင်းရှိ ကွဲပြားသော မိစ္ဆာသွေး အဆိပ်အတောက်များကို ဖယ်ရှားနိုင်မည့် နည်းလမ်းများကို အသည်းအသန် သုတေသနပြုနေခြင်း ဖြစ်၏။

အသံကြားလိုက်ရသည့်အခါ အဘိုးအိုမှာ ရုတ်တရက် ထရပ်လိုက်သော်လည်း လာရောက်သူကို ကြည့်မနေဘဲ အိမ်ထဲသို့ အမြန်ဝင်သွားသည်။ တံခါးကို ဖွင့်ထားခဲ့ပြီး စားပွဲပေါ်သို့ အတင်းတိုးကပ်ကာ စာရွက်တစ်ရွက်ပေါ်တွင် ကမန်းကတန်း ရေးခြစ်လိုက်ပြီးနောက် နောက်ဖေးဘက်သို့ အပြေးအလွှားသွားကာ ဆေးမြစ်များကို ချိန်တွယ်နေတော့သည်။ ၎င်းမှာ ဉာဏ်အလင်း ရုတ်တရက် ပွင့်သွားသည့်အခါ ချက်ချင်း လက်တွေ့အကောင်အထည်ဖော်ခြင်းပင်။

စုန်ယန်မှာ သူ့ကို မနှောင့်ယှက်ဘဲ အပြင်ဘက်တွင် စောင့်ဆိုင်းနေလိုက်၏။ ဓားဂိုဏ်းသည် ဆရာသမားနှင့် သင်ကြားမှုများကို အလွန်ရိုသေကြသည်ဖြစ်ရာ ဆရာ့ကို ခေတ္တစောင့်ဆိုင်းရခြင်းမှာ ကိစ္စမဟုတ်ပေ။ သို့သော် စုန်ယန် ကြာကြာ မစောင့်လိုက်ရမီမှာပင် နောက်ဖေးဘက်မှ ဓားဆရာကြီး ကူယဲ့၏ အသံ ထွက်ပေါ်လာသည်။

“ဟေ့ကောင်လေး... အပြင်က အခြောက်လှန်းထားတဲ့ မန်ကျီမြက်နှစ်ခုလောက် ယူလာပေးစမ်း”

ရုတ်တရက် အော်ပြောလိုက်သော ထိုအသံကြောင့် စုန်ယန်မှာ ခဏမျှ ကြောင်သွားရသည်။ သူသည် ဓားဆရာကြီး၏ ဝန်းထဲရှိ ဆေးလှန်းစင်နှင့် ဝါးဗန်း သုံးဆယ်ကျော်ကို အမြန်ကြည့်လိုက်ပြီး စဉ်းစားခန်း ဝင်သွားတော့သည်။

ဘိုင်ရှို့ဟု၏ မှတ်ဉာဏ်ထဲတွင် သူသည် ဆေးဖက်ဝင်အပင်များကို သိမသိ ဆိုသည့် အချက်အလက်များက အပေါ်ယံမျှသာ ရှိနေသည်။ အကယ်၍ ဓားဆရာကြီးက သူ့ကို စမ်းသပ်နေခြင်း ဖြစ်ပါက မန်ကျီမြက်ကို မှားယွင်းယူမိလျှင် သံသယဝင်စရာ ဖြစ်သွားပေလိမ့်မည်။

“မြန်မြန်လုပ်စမ်းပါ ကောင်လေးရဲ့ အချိန်ဆွဲမနေနဲ့”

ဓားဆရာကြီးက နောက်တစ်ကြိမ် ထပ်မံနှိုးဆော်လိုက်သည်။

စုန်ယန်၏ အကြည့်များသည် ဝါးဗန်းများကို အမြန်ဝေ့ကြည့်လိုက်ပြီး သစ်မြစ်ခြောက်များနှင့် ဆင်တူသော အမည်းရောင် ဆေးဖက်ဝင်အပင် နှစ်စကို ရွေးထုတ်ကာ အခန်းထဲသို့ အပြန်အလှူဝင်သွားသည်။ ဤနှစ်များအတွင်း သူသည်လည်း အပျင်းထူနေခဲ့သည်မဟုတ်ဘဲ စာအုပ်စာပေ အမျိုးမျိုးကို ဖတ်ရှုလေ့လာခဲ့သဖြင့် မန်ကျီမြက်ကို မှတ်မိနေခြင်း ဖြစ်သည်။

သူသည် လူကြီးလူကောင်းတစ်ဦး၏ ပွင့်လင်းမှုအပေါ်တွင် ပုံအောကာ လောင်းကစားလုပ်လိုက်ခြင်းပင်။ အကယ်၍ ဓားဆရာကြီး ကူယဲ့သာ သူ့ကို တကယ်စမ်းသပ်လိုပါက ဤကဲ့သို့သော နည်းလမ်းမျိုးကို သုံးလိမ့်မည်မဟုတ်ပေ။ ထို့ပြင် ဤအသိပညာမှာ လွန်ခဲ့သောနှစ်များအတွင်း သူကိုယ်တိုင် လေ့လာထားခြင်းဖြစ်သည်ဟု ပြောဆိုလျှင်လည်း ထူးဆန်းနေမည်မဟုတ်ချေ။

သူ နောက်ဖေးဝန်းထဲသို့ ဝင်လိုက်သည်နှင့် ဆေးမြစ်နံ့များနှင့် ပြင်းထန်သော မီးရှိန်အငွေ့အသက်များက သူ့ကို ရိုက်ခတ်လာသည်။ ဝန်းအလယ်တွင် ငါးပေကျော်ခန့် မြင့်မားသော ဆေးကျိုအိုးကြီးတစ်လုံးကို တည်ထားပြီး အောက်တွင် လောင်စာအဖြစ် သုံးထားသော ထင်းများမှာလည်း သာမန်သစ်သားများ မဟုတ်ကြပေ။

“သုံးကျပ်သား ဖြတ်စမ်း”

ဓားဆရာကြီး ကူယဲ့သည် ဓားပျံစီးလျက် ဆေးအိုးအတွင်းသို့ ဆေးမြစ်များ ထည့်နေရင်း ညွှန်ကြားလိုက်သည်။

စုန်ယန်သည် ဘေးရှိ ဓားငယ်ကို အမြန်ယူကာ အလေးချိန်ကို ခန့်မှန်းလျက် အနည်းငယ် ဖြတ်လိုက်ပြီး ချိန်ခွင်ပေါ်တွင် တိတိကျကျ ချိန်တွယ်ကာ ပြန်လည်ညှိနှိုင်းပြီးနောက် ဆေးအိုးဆီသို့ အပြေးသွားကာ လက်နှစ်ဖက်ဖြင့် ဆက်သလိုက်၏။

ဓားဆရာကြီး ကူယဲ့က လက်ကို မြှောက်လိုက်ရာ လေပြင်းတစ်ခုက မန်ကျီမြက် သုံးကျပ်သားကို ပင့်မသွားပြီး ဆေးအိုးထဲသို့ ဖြန့်ကြဲထည့်လိုက်သည်။ ထို့နောက် သူက ဝတ်ရုံစကို တစ်

ချက်ခါလိုက်ပြန်ရာ ဆေးအိုးအဖုံးမှာ စုန်ယန်ဆီသို့ ကြောက်မက်ဖွယ်ကောင်းသော ဝူးဟူသည့် လေတိုးသံနှင့်အတူ ဝေ့ဝဲကာ ပျံသန်းလာသည်။

စုန်ယန်မှာ မလှုပ်မယှက် ရပ်နေခဲ့၏။

အဖုံးမှာ သူ၏မျက်နှာရှေ့မှ သီသီလေး ဖြတ်ပျံသွားပြီး ဆေးအိုးပေါ်သို့ ကွက်တိ ကျရောက်ဖုံးအုပ်သွားသည်။

ဓားဆရာကြီး ကူယဲ့သည် ကောင်းကင်မှ ဆင်းသက်လာကာ သူဘာသာ ရေရွတ်နေတော့သည်။

“မန်ကျီမြက်က သာမန်ဆေးပင်ဆိုပေမဲ့ အမျိုးသားတွေရဲ့ ညဘက် စွမ်းအင်ယိုစိမ့်တဲ့ ရောဂါကို ကုနိုင်တယ်။ ငါက ဒါကို ထူးကဲမြေဆီမှာ အများကြီး စိုက်ပျိုးထားတာ။ ဒါပေမဲ့ ယင် မိစ္ဆာတွေရဲ့ ကျူးကျော်မှုကို ခုခံဖို့နဲ့ ဝိညာဉ်အဆိပ်တွေကို ဖြော့တော့စေဖို့အတွက် အစွမ်းမြှင့်လို့ ရမရတော့ ငါမသိသေးဘူး။ တကယ်လို့ ရခဲ့ရင်တော့... ဒါဟာ တကယ့်ကို ကောင်းတဲ့ကိစ္စပဲ အရမ်းကောင်းမှာပဲ”

သူက ရေရွတ်နေသည်ကို ရပ်လိုက်ပြီး စုန်ယန်ဘက်သို့ လှည့်ကြည့်လိုက်သောအခါမှသာ စုန်ယန်က အလေးအနက် ဦးညွှတ်အရိုအသေပေးလျက် “ဆရာ” ဟု ခေါ်လိုက်သည်။

ဓားဆရာကြီး ကူယဲ့က “မင်း လင်းဝူမြို့မှာ တစ်နှစ်လောက် နေခဲ့တယ်။ မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ နယ်ပယ်ကလည်း ပျက်စီးညစ်နွမ်းသွားခဲ့ပြီ။ အဲဒီထဲကနေ မင်း ရုန်းထွက်နိုင်ပါဦးမလား” ဟု မေးလိုက်၏။

စုန်ယန်က “တပည့်... ကြိုးစားကြည့်ချင်ပါတယ်” ဟု ပြန်ဖြေသည်။

“ဓားကို မထိန်းချုပ်နိုင်တော့ဘူးလား။ ကျင့်စဉ်တွေကိုရော မသုံးနိုင်တော့ဘူးလား”

အကယ်၍ သူသာ ဓားကို ထိန်းချုပ်နိုင်ပါက ဤကျွန်းသို့ လှေလှော်ပြီး လာလိမ့်မည်မဟုတ်ပေ။ အကယ်၍ ကျင့်စဉ်များကို သုံးနိုင်ပါက ဆေးမြစ်များကို ကိုယ်တိုင် လက်ဖြင့် သွားပေးနေစရာ မလိုချေ။

စုန်ယန်သည် ဤအတွက် ကြိုတင်ပြင်ဆင်ထားသော အစီအစဉ်အတိုင်းပင် ခေါင်းကို အတင်းငုံ့ထားလျက် မျက်လုံးထဲတွင် ရုန်းကန်နေရသည့် အမူအရာကို ပြကာ လက်သီးများကို တင်းတင်းဆုပ်ပြီး အံကို ကြိတ်ထားသည်။

ဓားဆရာကြီး ကူယဲ့သည် စုန်ယန်၏ ပုံစံကို ကြည့်ပြီးနောက် သနားညှာတာခြင်း မရှိသည့်အပြင် ပို၍ပင် တင်းမာသော လေသံဖြင့် ပြောလိုက်သည်။

“ဒီခြောက်လအတွင်းမှာ မင်းက ငါတို့ဓားဂိုဏ်းရဲ့ နာမည်ကို အပြင်မှာ အရှက်မခွဲခဲ့လို့သာပေါ့။ မဟုတ်ရင် မင်းကို ငါ့ဓားနဲ့ သတ်ပစ်လိုက်တာ ကြာလှပြီ။

လင်းဝူမြို့မှာ မင်းပြုမူခဲ့ပုံတွေက မိစ္ဆာဂိုဏ်းသားတွေနဲ့ ဘာများ ကွာခြားလို့လဲ”

“တပည့် အပြစ်ရှိမှန်း သိပါတယ် အပြစ်ပေးတာကို ခံယူဖို့ အသင့်ပါပဲ”

စုန်ယန်က ပြောလိုက်သည်။

ဓားဆရာကြီး ကူယဲ့က “ဒါဆို မင်းက ဘယ်လို အပြစ်ပေးခံချင်လို့လဲ” ဟု မေးသည်။

စုန်ယန်က “ဒီကျွန်းမှာပဲ နေထိုင်ရင်း အမှားတွေကို ပြန်ဆင်ခြင်ပြီး ကျွန်းကို သန့်ရှင်းရေးလုပ်တဲ့ အလုပ်ကိုပဲ လုပ်ကိုင်ခွင့်ပြုပါ” ဟု လျှောက်တင်လိုက်သည်။

ဓားဆရာကြီး ကူယဲ့က “အခုက ရုပ်သေးဂိုဏ်းက ကျူးကျော်နေတာတင် မဟုတ်ဘူး။ မြောက်ဘက်က မိစ္ဆာလောကသားတွေပါ ပါဝင်နေတာ။ မင်း တောင်ဘက်ဝူလောကမှာရှိတဲ့ ဝမ်မိသားစုကို သွားကူညီလိုက်တော့” ဟု ပြောလိုက်သည်။

“ဒါက...”

စုန်ယန်မှာ အနည်းငယ် ကြောင်အသွားရသည်။ သူ၏ ရည်ရွယ်ချက်မှာ အပြစ်ပေးခံရသည့်အနေဖြင့် စာကြည့်တိုက် သို့မဟုတ် အဆောင်တစ်ခုခု တွင် တံမြက်လှည်းရင်း လူသူမသိဘဲ နေထိုင်ရန် ဖြစ်သည်။

လူသူအရောက်အပေါက် နည်းလေ အေးစက်လေလေ ပိုကောင်းလေပင်။ အေးစက်သော နန်းတော် ကဲ့သို့သော နေရာမျိုးတွင် တစ်ဦးတည်း သန့်ရှင်းရေးလုပ်ရင်း သို့မဟုတ် အနားယူတော့မည့် အဘိုးအိုတစ်ဦးနှင့်အတူ နေထိုင်ရလျှင်ပင် သူကျေနပ်သည်။ ထိုသို့ဆိုလျှင် သူသည် ထိုနေရာတွင် အခြေစိုက်ပြီး အခြေအနေအရပ်ရပ်၊ မြေပြင်အနေအထား၊ ကန့်သတ်ချက်များ၊ ယန္တရားများနှင့် ပညာရှင်များ၏ ဖြန့်ကြက်ပုံတို့ကို လေ့လာကာ နန်ဝူဓားဂိုဏ်း၏ အမွေအနှစ်များကို ရယူရန် ကြံစည်နိုင်မည်ဖြစ်သည်။

သာမန်အေးချမ်းသော အချိန်မျိုးတွင်မူ ဤကဲ့သို့သော အခွင့်အရေးမျိုး ရရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ သို့သော် ယခုကဲ့သို့ အပေါ်ယံတွင် တည်ငြိမ်သယောင်ရှိသော်လည်း ပြင်ပတွင် ပျက်စီးနေသော စစ်မက်ကာလမျိုးတွင်မူ ဘာမဆို ဖြစ်နိုင်သည်။

သူ၏ မြေခွေးအဘွားအို အရိပ်ရုပ်သေးမှာ ကျင့်စဉ်ပိုင်းတွင် အားနည်းသော်လည်း စွမ်းအားမှာ ကြက်သွေးရောင်နန်းတော် အလယ်အလတ်အဆင့် ရှိပြီး သူမ၏ ကိုယ်ယောင်ဖျောက်နည်းစနစ်မှာလည်း သာမန် ပညာရှင်များ မရိပ်မိနိုင်လောက်အောင် အစွမ်းထက်လှသည်။ အကယ်၍ သူသာ စိတ်ရှည်လက်ရှည် ပုန်းကွယ်ကြံစည်နိုင်ပါက အောင်မြင်ရန် မျှော်လင့်ချက် ကြီးမားလှသည်။

သို့သော် ကြိုတင်ကန့်သတ်ချက်မှာ မည်သူမျှ စောင့်ကြည့်ခြင်းမရှိဘဲ အတည်တကျ အခြေချနိုင်ရန် ဖြစ်၏။ ယခုမူ သူက ကျွန်းကို သန့်ရှင်းရေးလုပ်ချင်သည်ဟု ပြောပါလျက် ဓားဆရာကြီး ကူယဲ့က သူ့ကို အပြင်သို့ စေလွှတ်ရန် ကြံစည်နေခြင်းပင်။

မည်သို့ပင်ဆိုစေ သူသည် တုံ့ပြန်ငြင်းဆန်ခြင်း သို့မဟုတ် တိုက်ရိုက်ရင်ဆိုင်ခြင်းမျိုး မပြုလုပ်ခဲ့ပေ။ ဓားဆရာကြီး၏ စိတ်ကို ပြောင်းလဲစေရန် စကားဖြင့်လည်း နားမချဘဲ ရိုသေစွာဖြင့် “ဟုတ်ကဲ့ပါ” ဟုသာ ပြန်လည်ဖြေကြားပြီး ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။

အမှန်စစ်စစ်တွင် ဂုဏ်ပုဒ်တစ်ခုတည်းကိုသာ အသုံးပြု၍ ဓားကျင့်ကြံသူများ၏ ယုံကြည်မှုကို ရရန်မှာ အလွန်ခက်ခဲလှသည်။ သူတို့က လူတစ်ယောက်ကို ယုံကြည်လျှင်ပင် အရေးကြီးသောနေရာတွင် သုံးချင်မှ သုံးပေလိမ့်မည်။

သူသည် တံခါးဝသို့ ရောက်ရှိကာ ထွက်ခွာတော့မည့် ဆဲဆဲတွင် ဓားဆရာကြီး ကူယဲ့၏ အသံမှာ တံခါးနောက်ကွယ်မှ ထပ်မံထွက်ပေါ်လာပြန်သည်။

“မင်းက လောကီအာရုံတွေမှာ အရမ်း နစ်မွန်းနေပြီ။ သွားပြီးတော့ မင်းရဲ့ စိတ်ကို အရင်ဆုံး လေ့ကျင့်ချေဦး။ မင်းရဲ့ စိတ်ရင်းအမှန်ကို ပြန်ရှာတွေ့တဲ့နေ့မှသာ ဓားကို ပြန်ပြီး ထိန်းချုပ်နိုင်

လိမ့်မယ်”

စုန်ယန်သည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး နောက်သို့လှည့်ကာ ဦးညွှတ်လိုက်သည်။ ထို့နောက် ရိုသေစွာဖြင့် "ဟုတ်ကဲ့ပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။

...

...

ပလုံ... ပလုံ... ပလုံ...

မိစ္ဆာရွှံ့ညွန်၏ သွေးကန် အဆုံးတွင် စုန်ယန်သည် ချန်ဝမ်မိကျောင်း၏ သွေးအနှစ်သာရများကို ကျောက်စိမ်းပုလင်းထဲသို့ ဖြည့်နေသည်။ အရွယ်ရောက်ပြီးသော ဤကဲ့သို့သော မိစ္ဆာသားရဲမျိုးသည် ကြက်သွေးရောင်နန်းတော်အဆင့်သို့ ခဲခဲယဉ်ယဉ် တက်လှမ်းနိုင်သော်လည်း အများစုမှာ ထူးကဲချီသန့်စင်ခြင်း အဆင့်တွင်သာ ရှိကြသည်။

ထိုအခိုက်တွင် ချန်ဝမ်မိကျောင်းများသည် သူစိမ်းလူသားတစ်ဦး သွေးအနှစ်သာရများကို လာရောက်စုဆောင်းနေသည်ကို ဝိုင်းရံကြည့်ရှုနေကြသည်။ သူတို့သည် မျက်မှောင်ကြုတ်ကြည့်နေကြသော်လည်း အနားသို့မချဉ်းကပ်ရဲကြချေ။ အဘယ်ကြောင့်ဆိုသော် ထိုလူသား၏ဘေးတွင် ထူးကဲဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ရှိနေသောကြောင့်ပင်။ ထိုအမျိုးသမီးထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ထိုသားရဲများအား အလိုလို ကြောက်ရွံ့ရိုသေစေပြီး နာခံစေနိုင်စွမ်းရှိသည်။

စုန်ယန်သည် ချန်ဝမ်မိကျောင်းသွေးကို ပုလင်းအပြည့် ဖြည့်လိုက်သည်။ ဤသွေးသည် ခန္ဓာကိုယ်ပြန်လည်ကျန်းမာလာစေရန်အတွက် ဖြစ်စေ၊ လူသားကျင့်ကြံသူများအတွက် ကြက်သွေးရောင်နန်းတော်ဆေးလုံး များ ဖော်စပ်ရန်အတွက်ဖြစ်စေ ကောင်းမွန်သော ကုန်ကြမ်းတစ်ခု ဖြစ်နိုင်သော်လည်း စုန်ယန်အတွက်မူ ရရင်ယူထားမယ်ဆိုသည့် အဆင့်ထက် မပိုပေ။

ဤသွေးကို သူအသုံးပြုနိုင်မလားဆိုသည်မှာလည်း မသေချာချေ။ ချန်ဝမ်ကျားသွေးနှင့် ညဖယောင်းတိုင် ဝိညာဉ်ပိုးသွေးတို့ကို အသုံးပြုပြီးနောက်တွင် ဤကဲ့သို့သော သွေးမျိုးမှာ သူ့အတွက် မလုံလောက်တော့သလို ခံစားနေရသည်။ သွေးများကို စုဆောင်းပြီးနောက် သူသည် သိမ်းဆည်းအိတ်ထဲသို့ တိုက်ရိုက် ထည့်လိုက်တော့သည်။

နန်ဝူဓားဂိုဏ်း၏ ကိစ္စက သူ့ကို အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စေသည်။ လက်ရှိတွင် သူ၏ ပြင်ပရှိ အရိပ်ရုပ်သေးနှစ်ခုအနက် တစ်ခုမှာ ထိုရှေးဟောင်း ရွှေ့ပြောင်းခြင်းအစီအရင်ကို စောင့်ကြပ်နေပြီး အခြားတစ်ခုမှာမူ နန်ဝူဓားဂိုဏ်းရှိ ဝမ်မိသားစုကို ကူညီရင်း သိုင်းလောကကို စောင့်ကြပ်ပေးနေရသည်။ ၎င်းမှာ အမှန်တကယ်ပင် "ကိုယ်ဖြစ်ချင်တာတွေက အလိုလိုဖြစ်မလာဘဲ လိုချင်တဲ့အရာတွေကို ရဖို့က မလွယ်ကူလှဘူး" ဆိုသည့်အတိုင်းပင်။

...

ချန်ဝမ်မိကျောင်း သွေးအနှစ်သာရများကို စုဆောင်းပြီးနောက် စုန်ယန်နှင့် သခင်မလေးလင်းတို့သည် လျှို့ဝှက်နယ်မြေဆီသို့ ပြန်လာခဲ့ကြသည်။ ညစာစားပြီးနောက် အခန်းထဲသို့ဝင်ကာ အနားမယူမီ မှောင်မိုက်နေသော အရိပ်ထဲမှ အာရုံခံအင်္ဂါတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာသည် စုန်ယန် ရပ်နေသည့်နေရာသို့ တိုးကပ်လာကာ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲလှုပ်ရှားလျက် ရှိနေ၏။

သခင်မလေးလင်းက ရယ်မောရင်း "သူတို့အားလုံး အခု အစ်ကို့ကို မှတ်မိနေကြပြီ" ဟု ပြောလိုက်သည်။

စုန်ယန်က လက်ကို မြှောက်လိုက်ရာ ညဖယောင်းတိုင် ဝိညာဉ်ပိုးတစ်ကောင်မှာ သူ၏ လက်ထိပ်ပေါ်သို့ နားလိုက်သည်။ ၎င်းသည် အတောင်ပံများကို ခတ်ကာ အစွယ်များကို ထုတ်ပြလျက် ၎င်း၏ မျက်လုံးအိမ်ကြီးများဖြင့် စုန်ယန်ကို စိုက်ကြည့်နေတော့သည်။

စုန်ယန်က စူးစမ်းလိုစိတ်ဖြင့် "သူတို့မှာ ဉာဏ်ရည်ရှိလား" ဟု မေးလိုက်သည်။

သခင်မလေးလင်းက "ဉာဏ်ရည်တော့ မရှိပါဘူး။ ဒါပေမဲ့ ဒီအင်းဆက်တွေက အရှိန်အဝါကို အရမ်း အာရုံခံနိုင်စွမ်း ရှိကြတယ်။ အထူးသဖြင့် ဒီဝိညာဉ်ပိုးတွေက အရှိန်အဝါတင်မကဘဲ တစ်ဖက်လူရဲ့ နတ်ဘုရားဝိညာဉ်ကိုပါ အာရုံခံနိုင်စွမ်း ရှိကြတာပါ" ဟု ပြန်ဖြေခဲ့သည်။

"ဒါဆိုရင်တော့..."

စုန်ယန်သည် သူ၏လက်ကို အသာအယာ မြှောက်လိုက်သည့်အခါ ဝိညာဉ်ပိုးသည် အတောင်ပံခတ်ကာ ပျံသန်းထွက်ခွာသွားပေတော့သည်။

All Chapters