အခန်း (၃၉၃-၃၉၄)
Vol. 40 Ch. 393-394
အခန်း (၃၉၃) ဆုလာဘ်များ
ကျန်ဟင်သည် ဝန်ထမ်းသစ်များနှင့် စနောက်နေခြင်းကို ရပ်တန့်လိုက်ပြီး တည်ကြည်သော လေသံဖြင့် ဆိုလိုက်သည်။
"ဒီရက်ပိုင်း လေ့ကျင့်မှုတွေအပြီးမှာ ကုမ္ပဏီက ခင်ဗျားတို့ကို ဘာကြောင့် ငှားရမ်းခဲ့တာလဲဆိုတာ နားလည်သွားပြီလို့ ကျွန်တော် ယုံကြည်ပါတယ်
ခင်ဗျားတို့ဟာ တခြားဌာနတွေနဲ့ မသက်ဆိုင်ဘဲ သီးခြားရပ်တည်မယ့် ဌာနသစ်တစ်ခုရဲ့ အစိတ်အပိုင်းတွေ ဖြစ်သလို ကျွန်တော်တို့ ကိုယ်တိုင် တိုက်ရိုက်စီမံခန့်ခွဲသွားမယ့်သူတွေလည်း ဖြစ်ပါတယ်"
အမှန်စင်စစ် မင်ယွဲ့က တိုက်ရိုက်စီမံမည်ဟု သူပြောလိုသော်လည်း သူမသည် တစ်ချိန်တွင် အလုပ်အားလုံးကို ပစ်ထားတတ်သည့် အလေ့အကျင့်ရှိသဖြင့် စကားကို အပြတ်မပြောဘဲ ချန်ထားခဲ့ခြင်း ဖြစ်သည်။
"ခင်ဗျားတို့ အများကြီး စိုးရိမ်စရာမလိုပါဘူး။ ခင်ဗျားတို့ဟာ ဟိုဘက်မှာ စီမံခန့်ခွဲမှုနဲ့ ကြီးကြပ်မှုကို တာဝန်ယူရမှာပါ ဝန်ထမ်းတွေကိုတော့ အလှည့်ကျ တာဝန်ချထားပေးမှာ ဖြစ်သလို အင်တာဗျူးတုန်းက ကတိပေးခဲ့တဲ့ ခံစားခွင့်တွေကိုလည်း တိတိကျကျ ဖော်ဆောင်ပေးမှာမို့ စိတ်ချလက်ချ အလုပ်လုပ်နိုင်ပါတယ်"
ယွဲ့ဟွာ နည်းပညာ၏ အကျိုးခံစားခွင့်များမှာ အလွန်ကောင်းမွန်ကြောင်း ကျော်ကြားပြီးဖြစ်သော်လည်း မင်ယွဲ့၏ ကိုယ်တိုင်ကိုယ်ကျ အာမခံချက်ပေးမှုက ဝန်ထမ်းသစ်များကို ပိုမိုယုံကြည်မှု တိုးပွားစေခဲ့သည်။
မင်ယွဲ့အနေဖြင့် စကားအများကြီး ပြောရန်မလိုပေ၊ သူမ၏ ဇာတိမြေဖြစ်သော လီအောက်ရွာသို့ ရောက်ရှိလာမည့် ဤလူများအား သူမကို မှတ်မိနေစေရန်အတွက်သာ လာရောက်ခြင်း ဖြစ်သည်။
ရုံးခန်းသို့ ပြန်ရောက်သောအခါ မင်ယွဲ့သည် ရွှီခယ်ထံသို့ ဖုန်းဆက်လိုက်သည်။ မင်ယွဲ့ ပရဟိတ ဖောင်ဒေးရှင်းသည် ယခုအခါ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ကာ အလှူငွေများလည်း အဆက်မပြတ် စီးဝင်နေသည်။
သူတို့သည် အလှူငွေ တစ်ပြားတစ်ချပ်မကျန် ထိရောက်စွာ အသုံးချရန်နှင့် ငွေစာရင်း ရှင်းလင်းပြတ်သားရန်ဟူသော မူလရည်မှန်းချက်ကို ခိုင် ခိုင်မာမာ ဆုပ်ကိုင်ထားကြသည်။
ရွှီခယ်သည် ယခုအခါ ဖောင်ဒေးရှင်းကိုသာမက မင်ယွဲ့၏ ဥပဒေရေးရာအဖွဲ့ကိုပါ ဦးဆောင်နေသည့် အဓိကပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
စင်စစ် ရွှီခယ်သည် အစပိုင်းတွင် ဤတာဝန်ကို ယူရန် တွန့်ဆုတ်နေခဲ့ဖူးသည်။ သူသည် အတိတ်က လှည့်စားခံခဲ့ရဖူးသဖြင့် လောကတွင် ကောက်ကျစ်မှုမရှိဘဲ စီးပွားရေးလုပ်၍ မရနိုင်ဟု ယူဆထားသူ ဖြစ်သည်။ သို့သော် မင်ယွဲ့က သူ့ကို စိတ်ဓာတ်ခွန်အား ပေးခဲ့သည်။
“ဥပဒေနယ်ပယ်မှာ ရှေ့ဆောင်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် စိတ်ကူးယဉ်မျှော်စင်ထဲမှာတင် ပိတ်လှောင်မနေသင့်ဘူး မင်းမှာ ကြီးမားတဲ့ စွမ်းအင်တွေ ရှိတယ်၊ မင်းဟာ အမှောင်ထုကို ဖြို ခွင်းနိုင်တဲ့ ထက်မြက်တဲ့ ဓားတစ်စင်း ဖြစ်ရမယ်”
ထိုစကားများက ရွှီခယ်၏ ရင်ကို ထိမှန်သွားစေခဲ့သည်။
ဥပဒေပညာကို စတင်သင်ယူစဉ်က သူ၏ ရည်မှန်းချက်မှာ တရားရင်ဆိုင်ရန် ငွေကြေးမတတ်နိုင်သူများကို ကူညီရန် ဖြစ်သော်လည်း လက်တွေ့ဘဝ၏ ခါးသီးမှုက သူ့ကို စိတ်ဓာတ်ကျစေခဲ့သည်။
သို့သော် ယခုအခါ မင်ယွဲ့၏ ပံ့ပိုးမှုဖြင့် သူ၏ ဥပဒေရေးရာအဖွဲ့သည် လူအင်အား ခြောက် ဆယ်အထိ ရှိလာခဲ့ပြီ ဖြစ်သည်။
ကုမ္ပဏီအတွက် အကျိုးအမြတ်ရှာပေးရုံသာမက အပြင်လောကရှိ ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများအတွက် အခမဲ့ ဥပဒေအကူအညီများ ပေးနေခြင်းကြောင့် သူတို့အဖွဲ့မှာ ပိုမိုထင်ရှားလာခဲ့သည်။
"လီအောက်ရွာမှာ အခြေစိုက်မယ့် အဖွဲ့နဲ့အတူ လိုက်ပါဖို့ ရှေ့နေနှစ်ယောက် စီစဉ်ပေးပါ ဒါက စေတနာ့ဝန်ထမ်း ပုံစံမျိုးပဲဖြစ်ရမယ်၊ ဘယ်သူသွားချင်လဲဆိုတာ မေးကြည့်လိုက်ဦး"
ဟု မင်ယွဲ့က ညွှန်ကြားလိုက်သည်။
ရွှီခယ်က ကိုယ်တိုင်သွားလိုကြောင်း ပြောသော်လည်း မင်ယွဲ့က ငြင်းပယ်ခဲ့သည်။ ကုမ္ပဏီတွင် သူရှိနေရန် ပို၍ အရေးကြီးသောကြောင့် ဖြစ်သည်။
တစ်ချိန်က စိတ်ဓာတ်ကျနေခဲ့သော လူငယ်လေးသည် ယခုအခါ အစွမ်းအစရှိသော၊ အမှောင်ထုကို ဖြိုခွင်းကာ နေရောင်ခြည် လင်းလက်စေချင်သော ရည်မှန်းချက်ကြီးမားသူတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ထို့နောက် မင်ယွဲ့သည် ကျန်ဟင်နှင့် ဝမ်ကျန်းတို့ကို ညစာ ဖိတ်ကျွေးလိုက်သည်။
စကားဝိုင်းတွင် ဝမ်ကျန်းက သူမ၏ ရှေ့ဆက်မည့် ပညာရေးအစီအစဉ်ကို မေးမြန်းခဲ့သည်။ မင်ယွဲ့အတွက်မူ ယခုအချိန်တွင် ဘွဲ့လက်မှတ်ထက် အသိပညာက ပို၍ အရေးကြီးနေပြီ ဖြစ်သည်။
သူမ၏ ဘဏ္ဍာရေးဆိုင်ရာ ဗဟုသုတမှာ ဒေါက်တာဘွဲ့ရတစ်ဦးထက်ပင် မနိမ့်ကျတော့ရာ ကျောင်းဆက်တက်ရန် မလိုအပ်တော့ဟု သူမ ဆုံးဖြတ်လိုက်သည်။
"ငါ ကျောင်းဆက်မတက်တော့ဘူး"
"ကောင်းတာပေါ့ ဒါဆို ငါတို့ သုံးယောက် ကုမ္ပဏီကို စတော့ရှယ်ယာဈေးကွက်ထဲ ရောက်အောင် အတူတူ ကြိုးစားကြတာပေါ့"
ဟု ဝမ်ကျန်းက ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။
လီအောက်ရွာတွင် တည်ဆောက်ရေးလုပ်ငန်းများမှာ အရှိန်အဟုန်ဖြင့် စတင်နေပြီ ဖြစ်သည်။
လက်ဖက်စိုက်ခင်းများ၊ ဝါးတောများနှင့် ပန်းခြံများ စုံလင်စွာဖြင့် ကျေးလက်အလှကို ဖော် ဆောင်နေသည်။
မင်ယွဲ့သည် တောင်ကုန်းတစ်ခုလုံးကို ငှားရမ်းထားသော်လည်း ရွာသူရွာသားများ တောင်ပေါ်တက်၍ လိုအပ်သည့် သစ်ခုတ်ခြင်း၊ ပန်းရှာခြင်းတို့ကို လုံးဝတားမြစ်ခြင်း မရှိပေ။ သူမသည် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ အားလုံး အကျိုးရှိစေမည့် နည်းလမ်းကိုသာ ရွေးချယ်ခဲ့သည်။
ရွာသူကြီးမှာလည်း မင်ယွဲ့၏ စေတနာကြောင့် အလွန်ဝမ်းသာနေကာ ရွာကော်မတီရုံးသစ် ဆောက်လုပ်ရန် မြေနေရာကိုပင် စိတ်အားထက်သန်စွာ ရွေးချယ်နေတော့သည်။
တစ်ရွာလုံးတွင်လည်း မင်ယွဲ့၏ အောင်မြင်မှုနှင့် စေတနာကို ချီးကျူးသံများဖြင့် ဖုံးလွှမ်းနေသည်။
မင်ယွဲ့သည် ယန်ကျင်းတွင်ရှိနေစဉ်အတွင်း အဝတ်အထည် ဒီဇိုင်းပညာရပ်ကို စိတ်ဝင်စားလာခဲ့သည်။
သူမသည် စနစ်တကျ သင်ယူလေ့လာပြီးနောက် ၄၀,၀၀၀ ကျော်သော ကျော်ကြားမှုရမှတ်များကို အသုံးပြု၍ ဒီဇိုင်းပညာကျွမ်းကျင်မှုကို ဝယ်ယူလိုက်သည်။ မကြာမီမှာပင် သူမသည် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးဝတ်စုံ ဒီဇိုင်းပေါင်းများစွာကို စိတ်ကူးယဉ် ဖန်တီးခဲ့သည်။
ထိုစဉ် စနစ်မှ အသိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
【ဒင်— အိမ်ရှင်၏ ကြိုးပမ်းမှုကြောင့် ဖက်ရှင်ဒီဇိုင်း ကျွမ်းကျင်မှုမှာ အလယ်အလတ်အဆင့်သို့ တိုးတက်သွားပြီဖြစ်၍ ဆုလာဘ်တစ်ခု ရရှိပါမည်】
【ဒင်— ဆုလာဘ်အဖြစ် 'ဟယ်ဝမ် အထည်အလိပ်'၏ ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို ပေးအပ်လိုက်ပါသည်】
ဤသည်မှာ မင်ယွဲ့အတွက် အလွန် အချိန်ကိုက်လှသော ဆုလာဘ်ပင်။
သူမသည် ကိုယ်ပိုင်အဝတ်အထည် အမှတ်တံဆိပ်တစ်ခုကို စတင်ရန် စဉ်းစားနေချိန်တွင် အခြေခံအဆောက်အအုံ ရှိပြီးသား ကုမ္ပဏီတစ် ခု၏ ရှယ်ယာကို ရရှိလိုက်ခြင်း ဖြစ်သည်။
ထိုကုမ္ပဏီမှာ ခယ်ဝမ်၏ မိသားစုပိုင်ဖြစ်သည်ကိုလည်း သူမ သိရှိလိုက်ရသည်။
သတ်မှတ်ထားသည့်အတိုင်း မုနီယန်နှင့်အတူ ကြော်ငြာဗီဒီယို ရိုက်ကူးရန် ရက်ရောက်လာခဲ့သည်။ ကျိုးရှီယန်ကလည်း သူမ၏ လက်ထောက်အဖြစ် လိုက်ပါလာခဲ့သည်။
မုနီယန်သည် သူမ၏ "ပွင့်လန်းလာသော ပန်းမန်များ" ဖက်ရှင်ပြပွဲအတွက် မင်ယွဲ့ကို လီပန်း စီးရီး၏ အဓိကကိုယ်စားပြုအဖြစ် သတ်မှတ်ထားသည်။
မင်ယွဲ့သည် စင်ပေါ်သို့ တက်ရောက်ရန် ငြင်းဆန်ထားသော်လည်း ထိုဝတ်စုံနှင့် အလိုက်ဖက်ဆုံးသူမှာ မင်ယွဲ့သာဖြစ်ကြောင်း မုနီယန်က အခိုင်အမာ ယုံကြည်နေတော့သည်။
အခန်း (၃၉၄) အခုပဲ လာခဲ့ပါ့မယ်
မုနီယန်၏ ကျော်ကြားမှုသည် မော်ဒယ်လောကရှိ အနုပညာရှင်ပေါင်းများစွာကို ဆွဲဆောင်နိုင်ရုံမျှမက အောင်မြင်လိုစိတ် ပြင်းပြနေသော မော်ဒယ်သစ်များအတွက်လည်း ကြယ်ပွင့်တစ်ပွင့် ဖြစ်လာနိုင်မည့် အခွင့်အလမ်းကောင်း တစ်ရပ် ပင် ဖြစ်သည်။
အကယ်၍ ယခုတစ်ကြိမ်တွင် သူမ၏ ရွေးချယ်မှုကို ခံရပြီး မျက်စိကျခြင်း ခံလိုက်ရပါက နိုင်ငံတကာ ဖက်ရှင်လောကသို့ ခြေတစ်လှမ်း လှမ်းနိုင်ရန် သေချာသလောက်ပင် ဖြစ် တော့သည်။
"အစ်မ... ဒီမှာ ဘာလို့ လူတွေ အများကြီး ဖြစ်နေတာလဲဟင်"
ကျိုးရှီယန်သည် ခြေဖျားလေးထောက်ကာ ခန်းမအတွင်းရှိ စည်ကားလှသော လူအုပ်ကြီးကို ဝေခွဲမရစွာ ငေးကြည့်နေမိသည်။
"မင်္ဂလာပါ၊ အင်တာဗျူး လာတာလားဟင် နံပါတ်စဉ်လေး ယူပြီး ဒီဘက်ကို ကြွပေးပါဦး"
မင်ယွဲ့နှင့် ကျိုးရှီယန်တို့ စကားတစ်ခွန်းမျှ မဆိုရသေးမီမှာပင် ဝန်ထမ်းတစ်ဦးက နံပါတ်ကတ်ပြား နှစ်ခုကို ကမ်းပေးကာ မင်ယွဲ့ကို ဘေးဘက်သို့ ဦးဆောင်ခေါ်သွားသည်။
"အားလုံးက တကယ်ကို လှပကြတာပဲနော်အင်တာဗျူးမှာ အရွေးခံရဖို့ ဆုတောင်းပေးပါတယ်ရှင်"
ဟု ထိုအမျိုးသမီး ဝန်ထမ်းလေးက ဖော်ရွေစွာ ပြုံးပြလိုက်သည်။
မင်ယွဲ့က ခပ်အေးအေးပင်
"ကျွန်မတို့က အင်တာဗျူး လာတာမဟုတ်ပါဘူး၊ ဒီဇိုင်နာ မုနီယန်ကို တွေ့ချင်လို့ပါ"
ဟု ဆိုလိုက်သည်။
ဝန်ထမ်းလေးမှာ ခဏတာ ကြောင်အသွားရသည်။
သူမ၏ စိတ်ထဲတွင် မင်ယွဲ့သည် လှပသော်လည်း အလွန်မာနကြီးသူဟု ထင်မှတ်သွားမိသည်။ အင်တာဗျူး အဆင့်ဆင့်ကို ကျော်ဖြတ်ပြီးမှသာ ဒီဇိုင်နာမုနှင့် တွေ့ခွင့်ရမည်ကို ဤမိန်းကလေးက မသိလေရော့သလား။
"ဒီဇိုင်နာမုနဲ့က အင်တာဗျူး ဝင်တဲ့အခါကျရင် တွေ့ရမှာပါရှင်"
ဟု သူမက ယဉ်ကျေးစွာပင် ပြန်လည်ရှင်းပြလိုက်သည်။
မင်ယွဲ့သည် ချိန်းဆိုထားသော နေရာသို့ စောစီးစွာ ရောက်ရှိတတ်သည့် အလေ့အကျင့်ရှိရာ ယနေ့တွင် သူမတစ်ဦးတည်းကိုသာ တွေ့ဆုံမည်ဟု ထင်မှတ်ထားခဲ့သဖြင့် အခြေအနေမှာ ဤမျှ ရှုပ်ထွေးနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ခဏလေးနော်၊ ကျွန်မ ဖုန်းတစ်ချက် ဆက် လိုက်ဦးမယ်"
ဟု မင်ယွဲ့က အမူအရာဖြင့် အသိပေးလိုက်သည်။
ထိုစဉ် မုနီယန်သည် အစည်းအဝေးခန်းမအတွင်း၌ သူမ၏ အဖွဲ့သားများကို လုပ်ငန်းစဉ်များ ရှင်းပြနေဆဲ ဖြစ်သည်။
"ခဏစောင့်ကြဦး"
သူမ၏ ဖုန်းမြည်သံ ထွက်ပေါ်လာသဖြင့် လက်ကို မြှောက်ကာ အချက်ပြလိုက်ပြီး ဖုန်းကို ထုတ် ကြည့်လိုက်သည်။
မင်ယွဲ့ထံမှ ဖုန်းဖြစ်ကြောင်း မြင်လိုက်ရသည့် ခဏတွင် သူမ၏ မျက်နှာထက်၌ ဝမ်းမြောက်မှုတို့ အထင်အရှား ပေါ်လွင်သွားသည်။
"ရောက်ပြီလား အခုပဲ လာခဲ့ပါ့မယ်"
အစည်းအဝေးခန်းအတွင်းရှိ လူတိုင်းမှာ အံ့အားသင့်ကာ အချင်းချင်း ကြည့်နေကြသော်လည်း မုနီယန်၏ လက်ထောက်ကမူ တစ်ဖက်က မည်သူဖြစ်မည်ကို ရိပ်မိလိုက်သည်။
မုနီယန်သည် ထိုမော်ဒယ်ကို ကြော်ငြာရိုက်ရန် အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့ရသော်လည်း သူမက စင်ပေါ်တက်ရန် ဝန်လေးနေခဲ့သည် မဟုတ်ပါလား။
"ကဲ... အားလုံးပဲ ပထမအဆင့် အင်တာဗျူးတွေကို သွားပြီး တာဝန်ယူလိုက်ကြတော့"
ဟု မှာကြားပြီးနောက် မုနီယန်သည် အလျင်အမြန်ပင် အခန်းတံခါးကို တွန်းဖွင့်ကာ ထွက်ခွာသွားတော့သည်။
ယနေ့ လာရောက်သူ များပြားလှသဖြင့် ပထမအဆင့်တွင် သူမကိုယ်တိုင် ပါဝင်မည်မဟုတ်ဘဲ ဒုတိယအဆင့် ရောက်မှသာ ဝတ်စုံနှင့် လိုက်ဖက်မည့်သူများကို ကိုယ်တိုင် ရွေးချယ်မည် ဖြစ်သည်။
"ကျွန်မတို့ကို ဧည့်ခံနေဖို့ မလိုပါဘူး၊ လူတစ် ယောက်ကို စောင့်နေတာမို့လို့ပါ"
ဟု မင်ယွဲ့က ဘေးနားရှိ ဝန်ထမ်းလေးကို ပြောလိုက်သည်။
ဝန်ထမ်းလေးမှာ တွန့်ဆုတ်နေမိသည်။
ဤမိန်းကလေးက တကယ်ပဲ ဒီဇိုင်နာမုနှင့် တွေ့ဆုံခွင့်ရသူ ဖြစ်ပါ့မလားဟူသော သိချင် စိတ်ဖြင့် သူမ ချက်ချင်း ထွက်မသွားဘဲ စောင့် ကြည့်နေမိသည်။
မကြာမီ မုနီယန် ပြေးထွက်လာသည်။ လူအများအပြား ရှိနေသည့်ကြားမှပင် သူမသည် မင်ယွဲ့ကို ချက်ချင်း မြင်လိုက်ရသည်။ အေးစက်တည်ငြိမ်ပြီး တောက်ပလွန်းသော ထိုပုံရိပ်လေးသည် လူအုပ်ကြားတွင် အထင်အရှားပင်။
ဆူညံနေသော ခန်းမကြီးမှာ မုနီယန်၏ ပေါ်ပေါက်လာမှုကြောင့် တိတ်ဆိတ်သွားရသည်။ အားလုံးက သူမကို အထင်ကြီးစေရန် ကြိုးစားနေကြသော်လည်း မုနီယန်ကမူ မည်သူ့ကိုမျှ အကြည့်မပေးဘဲ အလျင်အမြန် လျှောက်လှမ်းသွားသည်။
ထို့နောက် သူမသည် လှပသော အမျိုးသမီးတစ်ဦး၏ ရှေ့တွင် ရပ်တန့်လိုက်သည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။
မုနီယန် ရောက်လာခြင်းကြောင့် မင်ယွဲ့သည်လည်း လူပေါင်းများစွာ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။
မင်ယွဲ့က သူမ၏ မျက်တောင်ရှည်များကို အသာအယာ ပင့်ကာ လူအုပ်ကို တစ်ချက်မျှ ဝေ့ကြည့်လိုက်ရာ တိတ်ဆိတ်နေသော လေထုမှာ ပို၍ပင် ငြိမ်သက်သွားရသည်။
သူမ၏ စွဲမက်ဖွယ်ကောင်းသော မျက်နှာလှလှလေးကို ကြည့်ရင်း အခြားမော်ဒယ်များမှာ ပြင်းထန်သော ပြိုင်ဆိုင်မှုနှင့် စိုးရိမ်စိတ်တို့ကို ခံစားလိုက်ရသည်။
"အလှအပက ထမင်းစားလို့ မရဘူး"
ဟု လူတို့ ဆိုလေ့ရှိသော်လည်း ယနေ့ခေတ် အင်တာနက် လူမှုကွန်ရက်ခေတ်တွင်မူ ဤမျှ နတ်ဘုရားမကဲ့သို့ လှပသူအတွက်မူ အလှအပသည် အရာရာကို ဖန်တီးပေးနိုင်သည် မဟုတ်ပါလား။
မော်ဒယ်လောကတွင် သူမကို တစ်ခါမှ မမြင်ဖူးသော်လည်း သူမ၏ အလှတရားကပင် ဒီဇိုင်နာမုကို ဖမ်းစားထားနိုင်ကြောင်း အားလုံး သိလိုက်ကြသည်။
"သွားရအောင်၊ ရိုက်ကူးမယ့် နေရာကို ခေါ်သွားပေးမယ်"
မုနီယန်သည် သူမ၏ ကျွမ်းကျင်သောအဖွဲ့သားများ စောင့်ဆိုင်းနေသည့် နေရာသို့ မင်ယွဲ့ကို ခေါ်ဆောင်သွားသည်။
ဝန်ထမ်းလေးမှာမူ မင်ယွဲ့ ပြောခဲ့သည်မှာ အမှန်တကယ်ဖြစ်ကြောင်း သိလိုက်ရသဖြင့် အံ့အားသင့်ကာ ကျန်ရစ်ခဲ့သည်။
မင်ယွဲ့တို့ ထွက်သွားပြီးနောက် ခန်းမအတွင်းရှိ လူများမှာ ပြန်လည် တက်ကြွလာကြသည်။
"အား... ဘယ်လိုလုပ်ရမလဲ လက်မှတ်ထိုးခိုင်းဖို့ မေ့သွားတယ်၊ ဒီမိန်းကလေးက သေချာပေါက် နာမည်ကြီးလာတော့မှာ"
ဟု ခုနက ဝန်ထမ်းလေးမှာ ရင်ထဲမှ အော်ဟစ်နေမိသည်။
အင်တာဗျူး လာရောက်သူများမှာမူ အမျိုးမျိုးသော ခံစားချက်များ ရှိနေကြသည်။
အချို့က မင်ယွဲ့၏ အလှကို အားကျနေကြပြီး၊ အချို့ကမူ သူမ၏ မျက်နှာတစ်ခုတည်းဖြင့် အခွင့်အလမ်းများစွာ ရရှိသွားသည်ကို မနာလို ဖြစ်နေကြသည်။
ယခုအကြိမ် မုနီယန်၏ ဖက်ရှင်ရှိုးသည် ကျား၊ မ ကန့်သတ်ထားခြင်း မရှိပေ။
"ပန်းမန်များ" သည် လိင်ကွဲပြားမှု မရှိသင့်ဟု သူမ ယုံကြည်ထားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် အမျိုးသား မော်ဒယ်များမှာလည်း ရင်တထိတ်ထိတ်ဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်နေကြသည်။ မင်ယွဲ့၏ အလှတရားက ပွဲတစ်ခုလုံး၏ အာရုံကို ဆွဲယူသွားမည် ဖြစ်ရာ ၎င်းတို့အတွက်မူ အာရုံစိုက်ခံရမှု နည်းပါးသွားမည်ကို စိုးရိမ်နေကြသည်။
"ပွင့်လန်းလာသော ပန်းမန်များ တရုတ်ရိုးရာ ဝတ်စုံပြပွဲအတွက် ပထမအဆင့် အင်တာဗျူး စတင်ပါပြီ အမျိုးသားများ ခန်းမ(၁)၊ အမျိုးသမီးများ ခန်းမ(၂) သို့ ကြွပေးပါ
နံပါတ်စဉ် ၁၊ ၂၊ ၃ တို့ ဝင်ရောက်ပေးပါ"
အင်တာဗျူး စတင်ကြောင်း ကြေညာချက်ကြောင့် ရှုပ်ထွေးနေသော အတွေးများမှာ ရပ်တန့်သွားပြီး တင်းမာသော အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။
မင်ယွဲ့နှင့် ပတ်သက်၍ တွေးနေရန် အချိန်မရှိတော့ဘဲ မိမိတို့ ကိုယ်တိုင် ရွေးချယ်ခံရဖို့သာ အာရုံစိုက်ရတော့မည် ဖြစ်သည်။
အခန်းအတွင်းသို့ ဝင်သွားသူများနှင့် ပြန်ထွက်လာသူများ၏ မျက်နှာကို ကြည့်ရုံဖြင့် အင်တာဗျူးမှာ မည်မျှ တင်းကျပ်ကြောင်း သိနိုင်ပေသည်။
ခန်းမအတွင်းရှိ လေထုမှာ ပိုမို လေးလံလာကာ အားလုံးမှာ စိုးရိမ်စိတ်တို့ဖြင့် ပြိုလဲလုနီးပါး ဖြစ်နေကြတော့သည်။