← Chapters

ရှဲ့ရှင်းစု

Vol. 27 Ch. 296

ရှဲ့ရှင်းစု

Vol. 27 Ch. 296

ထိုသို့ပြောရင်း ဝမ်ရှီးချောင်က သူမ၏ဖုန်းကို ဒေါသတကြီးထုတ်လိုက်သည်။

"ဟောဒီမှာကြည့်ကြ ၊ ဘယ်လောက်တောင် ရွံစရာကောင်းလဲဆိုတာ။ဒီကိစ္စကို ငါတိုင်ခဲ့ပေမဲ့ အာဏာပိုင်တွေက ဘာမှမလုပ်ပေးခဲ့ဘူး။ ပြီးတော့ ဒီလူမှာ ဖော်လိုဝါတွေကလည်း အများကြီး "

ဝမ်ရှီချောင်သည် သူမနှင့် ငြင်းခုံနေသည့် လိုင်းပေါ်မှကွေ့ဝူလူမျိုး၏ ပင်မစာမျက်နှာကို အားလုံးအား ပြလိုက်သည်။

"ကြည့်စမ်းပါဦး... ဒါက ရွံစရာမကောင်းဘူးလား။ လုံးဝကို လူမဆန်တာပဲ။"

သူမက တော်တော်လေးဒေါသထွက်နေပြီး တဗျစ်တောက်တောက်လုပ်နေ၏။

အခြားသူများကလည်း ထိုဗီဒီယိုကို ကြည့်ရင်း အမျိုးမျိုးသော အမူအရာများ ဖြစ်ပေါ်လာကြသည်။ အချို့မှာ မြင်တွေ့ရသည့် မြင်ကွင်းကြောင့် စိတ်မသက်မသာဖြစ်ကာ ပျို့အန်ချင်စိတ်ပင် ပေါက်သွားကြ၏။

ကုံရှင်းခေတ်သည် ငြိမ်းချမ်းသောခေတ် မဟုတ်ခဲ့ပါ ။ တစ်နေရာမဟုတ် တစ်နေရာတွင် စစ်ပွဲများ အမြဲတမ်း ဖြစ်ပွားနေခဲ့သည်။ သို့သော်လည်း ချင်းယွမ်နိုင်ငံအတွင်း၌မူ အတော်အတန် ငြိမ်းချမ်းသည်ဟု ဆိုနိုင်၏။

သူတို့လို့ချမ်းသာသောမိသားစုများ၏ ဒုတိယမျိုးဆက်ကလေးများသည် ဗီဒီယိုထဲမှ မြင်ကွင်းများကို မြင်လိုက်ရသောအခါ စိတ်မသက်မသာခံစားရပြီး မအီမသာ ဖြစ်သွားကြသည်။

ဗီဒီယိုထဲတွင် ကွေ့ယွမ်နိုင်ငံမှ စစ်သည်တစ်ဦးသည် အရပ်သားတစ်ဦး၏ အိမ်ထဲသို့ အတင်းအဓမ္မ စီးနင်းဝင်ရောက်သွားသည်။ ထို့နောက် ဖြစ်ပျက်သွားသည်များကိုမူ ပြသထားခြင်း မရှိသော်လည်း ဗီဒီယို၏အဆုံးတွင် အလောင်းတန်းကြီးတစ်ခုနှင့် အဆုံးသတ်ထားသည်။

အဘိုးအဘွား နှစ်ဦး၊ လူငယ် သုံးဦးနှင့် ကလေးငယ် နှစ်ဦးတို့၏ အလောင်းများဖြစ်၏။

ထိုမိသားစုဝင် ခုနစ်ဦးစလုံးသည် စုတ်ပြတ်နေသော အဝတ်အစားများနှင့် သွေးကွက်များဖြင့် ဖုံးလွှမ်းနေသဖြင့် အသတ်မခံရခင် ၎င်းတို့ခံစားခဲ့ရသည့် ရက်စက်ညှင်းပန်းမှုများကို သိသာထင်ရှားစေသည်။

ထို့ပြင် ဗီဒီယိုတွင် "အရှင်သခင်ကို မလေးစားခြင်းသည် အကြီးမားဆုံးသော မကောင်းမှုဖြစ်သည်" ဟုပင် စာတန်းထိုးထားလိုက်သေးသည်။

ခက်ခဲပင်ပန်းမှုကို သိပ်မကြုံဖူးကြသည့် လူငယ်များသည် ထိုကဲ့သို့သော သနားစရာ ရက်စက်သည့်မြင်ကွင်းများကို မြင်ပြီးနောက် ယခုလိုဒေါသထွက်ကြသည်မှာ သဘာဝပင်။

"တကယ့် ကောင်စုတ်ပဲ။"

"ခွေးနဲ့နှိုင်းရင်တောင် ခွေးတွေကိုစော်ကားသလိုဖြစ်တယ်"

"တောက်... ဘုရင်က ဘာလုပ်နေတာလဲ။ ငါသာ သူ့နေရာမှာဆို ဝူကွေ့နိုင်ငံကို ချေမှုန်းဖို့ စစ်တပ်တွေ လွှတ်ပြီးနေပြီ။ အဲဒီ အောက်တန်းစား ကွေ့ယွမ်နိုင်ငံကို ညွှန့်ပေါင်းတပ်ရင်း တစ်ခုတည်းနဲ့တင် မြေလှန်ပစ်လို့ ရတယ်။"

ချင်းယွမ်နိုင်ငံ၏ ညွှန့်ပေါင်းတပ်ရင်းများသည် ဘလူးစတားပေါ်ရှိ အင်အားကြီးနိုင်ငံတစ်ခု၏ နိုင်ငံတကာလက်ရုံးတပ်များနှင့် အနည်းငယ်ဆင်တူသည်။ ခေတ်မီစစ်တပ်များဖြင့် ဖွဲ့စည်းထားသည့်အပြင် ချင်းယွမ်၏ ပေါင်းစပ်တပ်ရင်းများတွင် မျိုးရိုးဗီဇစစ်သည်များ၊ စက်မှုတပ်ဖွဲ့များနှင့် အခြားအင်အားစုများ ပါဝင်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် ပေါင်းစပ်တပ်ရင်း တစ်ခုတည်းနှင့်ပင် ဝူကွေနိုင်ငံကို အလွယ်တကူ ချေမှုန်းနိုင်၏။

"ဒါပေမဲ့ ဝူကွေနိုင်ငံရဲ့ နောက်ကွယ်မှာ ကုဝူနိုင်ငံ ရှိနေတာလေ။ ငါတို့က ဘယ်လိုလုပ် တိုက်ရိုက် ကြားဝင်လို့ ရမှာလဲ။"

"ဝူကွေနဲ့ ကုဝူက ကန်ရှင်းဂြိုဟ်နဲ့လည်း နီးနီးကပ်ကပ် ဆက်နွှယ်နေတာ..."

ထိုအကြောင်းကို ပြောလိုက်သော

သင်တန်းသား၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ထင်ဟပ်နေသည်။

ကျောင်းပညာရေးကိုသင်ကြားဖူးသည့် ချင်းယွမ်နိုင်ငံသားတိုင်းသည် ထိုကြောက်မက်ဖွယ်ကောင်းသော သမိုင်းစာမျက်နှာကို သင်ကြားခဲ့ရ၏။

သမိုင်းတွင် ကန်ရှင်းဂြိုဟ်က အချို့သော နိုင်ငံများကို ထောက်ပံ့ပေးခဲ့ပြီးကြိုးဆွဲခဲ့သောကြောင့် ကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့ရသည်။ ၎င်းသည် အလွန်ပြင်းထန်ပြီး ပျက်စီးဆုံးရှုံးမှုက ည်း အလွန်များပြားခဲ့လေ၏။

"ငါ့အမြင်အရတော့ ဝူကွေနိုင်ငံကို ဖျက်ဆီးပစ်သင့်တယ်။ ကုဝူနိုင်ငံနဲ့ စစ်ဖြစ်ရမယ်ဆိုရင်တောင် ဘာဖြစ်လဲ။ ကုဝူရဲ့ စစ်အင်အားက ငါတို့နဲ့ အတူတူလောက်ပါပဲ။ ဘယ်သူနိုင်မလဲဆိုတာ ဘယ်သူသိမှာလဲ။"

"တကယ်လို့ စစ်ပွဲဖြစ်လာလည်း ကောင်းတာပဲ။ ငါတို့နိုင်ငံက အရမ်းကို ငြိမ်ခံလွန်းနေပြီ။ ငါတို့လိုလူတွေအတွက် အဆင့်အတန်း ပြောင်းလဲဖို့ အခွင့်အရေး မရှိတော့ဘူး။"

"တော်ကြစမ်း..အဓိပ္ပါယ်မရှိတာတွေ၊ စစ်မဖြစ်တာ အကောင်းဆုံးပဲ။ စစ်ပွဲမှာ အနစ်နာဆုံးက အမြဲတမ်း အောက်ခြေလူတန်းစားတွေ။ ငါတို့ကိုယ်တိုင်တောင် ယဇ်ပူဇော်တဲ့ သိုးသူငယ်တွေ ဖြစ်သွားနိုင်တယ်။"

ကျောင်းသားများသည် စစ်တိုက်သင့်၊ မတိုက်သင့်ကို အပြင်းအထန် ဆက်လက်ဆွေးနွေးနေကြပြီးသဘောထားကွဲနေကြ၏။

"နင်ကော ဘယ်လိုလဲ ကျိယွမ်။ စစ်ဖြစ်ချင်လား။"

ဝမ်ရှီချောင်က ကျိယွမ်ကို ကြည့်ရင်း သိချင်စွာမေးလိုက်သည်။

"အင်း... စစ်မဖြစ်တာပဲ ကောင်းမှာပါ။ တကယ်လို့ စစ်ဖြစ်ရင် ကိုယ်ခံပညာပြိုင်ပွဲကြီး ပယ်ဖျက်ခံရနိုင်တယ်။ အဲဒီအခါကျရင် ငါက ဘယ်လိုလုပ် ချန်ပီယံဆုကို ရယူတော့မှာလဲ။"

အကယ်၍ ချင်းယွမ်သည် စစ်အတွင်းရောက်သွားပါက ကိုယ်ခံပညာပြိုင်ပွဲကဲ့သို့သော ပွဲလမ်းသဘင်များမှာ ကျိန်းသေပေါက် ပယ်ဖျက်ခံရမည် ဖြစ်သည်။ ကျိယွမ်၏ အဓိကတာဝန်မှာ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား ဖြစ်လာရန် ဖြစ်၏။

ထို့ကြောင့် ကိုယ်ခံပညာပြိုင်ပွဲတွင် ပါဝင်ရရန်မှာ သူ့အတွက်အလွန်အရေးကြီးသည်။

"နင်က အဲဒီချန်ပီယံဆုကိုပဲ စိတ်စွဲနေတုန်းလား။"

ဝမ်ရှီချောင်က ကျိယွမ်ကို မျက်စောင်းထိုးလိုက်သည်။

"နင်လို လူသစ်လေးက နောက်ခုနစ်နှစ်၊ ရှစ်နှစ်လောက်နေမှ ချန်ပီယံအကြောင်း ပြောစမ်းပါ။"

ပြောရလျှင် ကျိယွမ် မည်မျှကြိုးစားအားထုတ်နေသည်ကို သူတို့အားလုံး သတိထားမိကြပါသည်။ နောက်ထပ် နှစ်အနည်းငယ်လောက် သေချာပြင်ဆင်ပါက သူသည် ကိုယ်ခံပညာပြိုင်ပွဲ၏ နောက်ဆုံးအဆင့်သို့ တကယ်ပင် တက်လှမ်းနိုင်လောက်၏။

သို့သော်... ချန်ပီယံဆုက်ု ရယူရန်မှာမူ အနည်းငယ် လက်လှမ်းမမီနိုင်သေးပါ။

"နိုင်ငံတကာ အခြေအနေက တဖြည်းဖြည်း ပိုဆိုးလာပုံပဲ။ နောက်နှစ်အနည်းငယ်အတွင်းမှာ အကြီးစားစစ်ပွဲကြီးတစ်ခု တကယ်ဖြစ်လာနိုင်တယ်လို့ ငါ ခံစားနေရတယ်။ အဲဒီလို ဖြစ်လာရင် ကျိယွမ် ချန်ပီယံဖြစ်ဖို့ အခွင့်အရေး မရခင်မှာတင် ကိုယ်ခံပညာပြိုင်ပွဲက ပယ်ဖျက်ခံရလိမ့်မယ်။"

ကျောင်းသားတစ်ဦးက သူ၏အမြင်ကို ဖြည့်စွက်လိုက်သည်။

ကိုယ်ခံပညာပြိုင်ပွဲကျင်းပသည်ဖြစ်စေ၊ မကျင်းပသည်ဖြစ်စေ သူကတော့ ဂရုမစိုက်ပေ၊ အကြောင်းမှာ သူသည် ထိုပြိုင်ပွဲအပေါ် အခြေခံ၍ အသက်မွေးနေသူ မဟုတ်သောကြောင့်ပင်။

"နင်က နာမည်ကြီး ဒရိုင်ဘာမလေးနဲ့ တွဲနေတာ မဟုတ်ဘူးလား။ ဘာလို့ ကိုယ်ခံပညာပြိုင်ပွဲကနေ ပိုက်ဆံရှာဖို့ စဥ်းစားနေသေးတာလဲ။ တကယ်လို့ သူက နင့်ကို အချစ်ရုပ်သံအစီအစဥ်တစ်ခုခုမှာ ထည့်ပေးလိုက်ရင် နင့်ရဲ့ ရုပ်ရည်နဲ့တင် ပေါက်သွားမှာပဲ။ ဘာလို့ ကိုယ်ခံပညာပြိုင်ပွဲမှာ အပင်ပန်းခံနေမှာလဲ။"

ရှင်းယွီက တောက်ပသော အပြုံးဖြင့် ကျိယွမ်အား စနောက်လိုက်သည်။

နာမည်ကြီးကြယ်ပွင့်ဝူချီသည် ကျိယွမ်ကို သိုင်းပညာသင်တန်းကျောင်းသို့ အကြိုအပို့ လုပ်ပေးနေခြင်းမှာ ကျောင်းသားများကြားတွင် တော်တော်လေး ဟိုးဟိုးကျော်သွားခဲ့သည်။

အထူးသဖြင့် ဝူချီနှင့်ကျိယွမ်တို့သည် အထက်တန်းကျောင်းနေဖက်များ ဖြစ်ကြပြီး ဝူချီက ကျိယွမ်၏စီနီယာဖြစ်ကြောင်း သိလိုက်ရသောအခါ ပို၍ပင် ဆူညံသွားလေ၏။

အမြဲပျင်းနေတတ်သော လူကုံထံသားသမီးများ၏ စကားဝိုင်းထဲတွင် ရယ်စရာကောင်းသော အချစ်ဇာတ်လမ်းတစ်ခု ဖြစ်ပေါ်လာသည်။

သူတို့သည် ငယ်ကျွမ်းဆွေချစ်သူများ ဖြစ်ခဲ့ကြ၏။ အောင်မြင်လာသော်လည်း ဝူချီသည် သူမ၏ငယ်ဘဝချစ်သူလေးကို မမေ့နိုင်ဖြစ်နေသလို ကျိယွမ်ကလည်း သဘာဝကျကျပင် မိန်းမလက်ခုပ်ထဲက ရေဖြစ်နေ၏။

ထိုသတင်းများကိုကြားသောအခါ ကျိယွမ်က သူနှင့် ဝူချီမှာဘာမှမပတ်သက်ကြောင်းနှင့် ဝူချီသည် သူ၏ ဒရိုင်ဘာသက်သက်သာ ဖြစ်ကြောင်း အခိုင်အမာ ငြင်းဆိုခဲ့သည်။

သို့သော် မည်သည့်ကျောင်းသားကမှ ထိုစကားကို မယုံကြပေ။

အဘယ်ကြောင့် နာမည်ကြီးကြယ်ပွင့်တစ်ဦးက သာမန်လူတစ်ယောက်၏ ဒရိုင်ဘာလာလုပ်ပေးနေမည်နည်း။

ထို့အပြင် တစ်ခါတစ်လေလည်းမဟုတ်ပါ ၊ နေ့တိုင်း အကြိုအပို့ လုပ်ပေးနေသည်မှာလည်း ထူးဆန်းလှသည်မဟုတ်ပါလား။

ထိုအချိန်မှစ၍ အားလုံးက ကျိယွမ်ကို "ဒရိုင်ဘာမောင်လေး" ဟု အမည်ပြောင်ပေးကြပြီး ဝူချီကိုမူ "ဒရိုင်ဘာချစ်သူ" ဟု နာမည်ပြောင်ပေးလိုက်ကြကုန်၏။

ဝမ်ရှီချောင်ကလည်း ပြုံးစိစိဖြစ်လာပြီး ကျိယွမ်အားစလိုက်သည်။

"နင့်ရဲ့ ဒရိုင်ဘာချစ်သူက အောက်မှာ နင့်ကို စောင့်နေလောက်ပြီလို့ ငါ လောင်းရဲတယ်။"

ညနေစောင်းနေပြီဖြစ်ရာ သင်တန်းကျောင်း၏ လေ့ကျင့်မှုများမှာ ပြီးဆုံးလုနီးပါး ဖြစ်နေပြီး လူတိုင်း အိမ်ပြန်ရမည့် အချိန်ဖြစ်သည်။

သင်တန်းကျောင်းအပြင်ဘက်ရှိ လမ်းမပေါ်တွင်တော့ ဝူချီသည် ဖုန်းပြောနေပြီး သူမ၏လှပသောမျက်နှာတွင် စိတ်ပျက်သည့်အမူအယာများ ယှက်သန်းနေ၏။

"ငါ့မိန်းကလေးရယ်... အဲဒီကျိယွမ်ဆိုတာ ဗစ်ကောင့်ခွမ်းဟွမ်ကို လိမ်ညာထားတဲ့ လူလိမ်တစ်ယောက် ဖြစ်မှာပါ။ တကယ်တော့ သူက မြင့်မြတ်တဲ့သူ မဟုတ်ပါဘူး။ နင်က သူ့အစေခံလိုမျိုး နေ့တိုင်း လုပ်ပေးနေပြီး ကိုယ့်အလုပ်ကိုယ်တောင် ပစ်ထားတယ်။ အဲဒီကနေ နင် ဘာရခဲ့လို့လဲ။"

ဖုန်းထဲမှ သူမ၏ မန်နေဂျာ၏ စူးရှသောအသံမှာ ရှင်းလင်းစွာ ထွက်ပေါ်လာသည်။

မကြာသေးမီက မန်နေဂျာသည် ကျိယွမ်အကြောင်းကို အနည်းငယ် စုံစမ်းခဲ့ပြီး ကျိယွမ်၏ နောက်ခံမှာ သာမန်မျှသာ ဖြစ်ကြောင်း၊ သူသည် အာဇာနည်မျိုးဆက် စိတ်ကျန်းမာရေးမကောင်းသည့် မိဘမဲ့ကလေးတစ်ဦးသာ ဖြစ်ကြောင်း သူတို့ သိရှိခဲ့ရသည်။

သူသည် ဗစ်ကောင့်ခွမ်းဟွမ်နှင့် တစ်စုံတစ်ရာသဘောတူညီချက် ရှိပုံရပြီး မန်နေဂျာ၏ ကြိုးကြိုးစားစား စုံစမ်းချက်အရဆိုလျှင် ကျိယွမ်သည် ဗစ်ကောင့် ခွမ်းဟွမ်ကို လှည့်စားရန်အတွက် "မသေမျိုးကျင့်စဥ်" ဆိုသည့်မက်လုံးကို သုံးခဲ့လေ၏။

အားလုံးခြုံငုံသုံးသပ်ရလျှင် ကျိယွမ်သည် မည်သည့်အဆင့်အတန်းမှမရှိသော လူလိမ်တစ်ဦးထက် မပိုပေ။

ဝူချီသည် ဖုန်းကို ကိုင်ထားရင်း တစ်ဖက်မှ မရပ်မနား ပြောဆိုနေမှုများကို နားထောင်နေရသည်။ နားထောင်နေရင်းမှ စိတ်အနှောင့်အယှက် ဖြစ်လာပြီး စိတ်ပျက်လာ၏။

သို့သော် သူမသည် ကျိယွမ်၏အမူအကျင့်များကို စဥ်းစားမိသောအခါ မန်နေဂျာ၏ သဘာဝကျသောသုံးသပ်ချက်များကို ငြင်းပယ်လိုက်၏။

"သူက လူလိမ်မဟုတ်ဘူး။ သူက ထူးခြားတယ်။"

သူမသည် ကျိယွမ်နှင့် အတူရှိနေသည့် အခါတိုင်း သူသည် အခြားသူများနှင့် မည်မျှ ကွာခြားသည်ကို ခံစားမိ၏။ သူကောင်းမျိုးနွယ်စုများကြားတွင်ပင် မည်သူကမျှ ကျိယွမ်ကဲ့သို့သော ဖိအားမျိုးကို သူမအား မပေးနိုင်ခဲ့ပေ။

"သူက ထူးခြားတာတော့ သေချာပါတယ်။ အဲဒါကို သံသယမရှိဘူး။ စိတ်ကျန်းမာရေးမကောင်းတဲ့သူက ဘယ်သူကများ မထူးခြားလို့လဲ။"

မန်နေဂျာ၏ လေသံတွင် လှောင်ပြောင်မှုများ ပါဝင်နေသလို ဝူချီ၏မိုက်မဲမှုအတွက် အားမရဟန်ကလည်း အထင်းသားပင်။

"ရှင် ဒီလိုပဲ ဆက်ပြောနေမယ်ဆိုရင် ကျွန်မတို့ ဆက်ပြီး လက်တွဲလုပ်ကိုင်ဖို့ မလိုတော့ဘူး။"

စိတ်မရှည်တော့သည့်ဝူချီက နောက်ဆုံးစကားကို ပြတ်သားစွာ ပြောလိုက်ပြီး သူမ၏လေသံမှာ သိသိသာသာတင်းမာနေ၏။

ဝူချီနှင့် သူမ၏ မန်နေဂျာမှာ ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးမျိုး ဖြစ်ပြီး အပြန်အလှန်အကျိူးပြုကြသည်။

ဝူချီ၏ စကားကို ကြားသောအခါ မန်နေဂျာသည် ခဏမျှ ဆွံ့အသွား၏။အတန်ငယ်ကြာမှ သူမကဆက်ပြောလာသည်။

"နင် သူ့ကို ဒီလောက်အထိ ကပ်တွယ်နေတာ... ဒါက မမှန်ကန်ဘူးလို့ ထင်တယ်။ တကယ်လို့ နင် သူ့ကိုတကယ်ပဲ တွယ်ကပ်ချင်တယ်၊ နင့်ရဲ့ ဆွဲဆောင်မှုကလည်း မလုံလောက်ဘူးဆိုရင် သူ့ကို ဆေးခတ်လိုက်လို့ ရတာပဲ။ သူက ယောက်ျားတစ်ယောက်ပဲလေ။ ယောက်ျားတွေက များသောအားဖြင့် အဲဒီလိုကိစ္စမျိုးကို ပြဿနာမရှာကြပါဘူး. ဟုတ်တယ်မှတ်လား။"

"မဟုတ်တာ .ရှင်က ဘယ်ခေတ်မှာ နေနေတာလဲ။ ဘယ်သူက အဲဒီလို စကားမျိုး ပြောနေသေးလို့လဲ။ ရှင်က အရမ်းကို ခေတ်နောက်ကျတာပဲ။"

မန်နေဂျာ၏ သဘောထား ပြောင်းလဲသွားသည်ကို မြင်သောအခါ ဝူချီ၏ လေသံမှာလည်း ပျော့ပြောင်းသွားသည်။ဘာပဲပြောပြော သူမ၏မန်နေဂျာမှာ အမှန်တကယ်လုပ်ရည်ကိုင်ရည်ရှိပြီး အတူတွဲလာသည့်သက်တမ်းကလည်း မနည်းတော့ပါ ။

"ဒါနဲ့ ရှောင်ချီ... ဖန်းကျန့်အုပ်စုက သခင်လေးဖန်းက နင့်ကို တွေ့ချင်နေလို့ ပါတီပွဲတစ်ခုကို ဖိတ်ထားတယ်။ ပြီးခဲ့တဲ့အကြိမ် နင်သင်္ဘောပေါ်ကို သွားတုန်းက သူတို့အသိုင်းအဝိုင်းရဲ့ အာရုံစိုက်မှုကို နင်ရခဲ့တယ်လေ။"

မန်နေဂျာ၏ အသံမှာ အနည်းငယ် စိုးရိမ်နေပုံရသည်။

"ငါ ကြားတာတော့ သခင်လေးဖန်းက ဗစ်ကောင့် ခွမ်ဟွမ်နဲ့ သိပ်အဆင်မပြေဘူးတဲ့။"

"ကျွန်မ မသွားဘူး။"

၎င်းကို ကြားသည်နှင့် ဝူချီက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ ၎င်းမှာ အထက်တန်းလွှာ အသိုင်းအဝိုင်းရှိ ညစ်ပတ်သောအလုပ်တစ်ခု ဖြစ်ကြောင်း သိသာသည်။ သူမသည် ကျိယွမ်ဘက်တွင် ရပ်တည်ရန် ရွေးချယ်ထားပြီးဖြစ်ရာ အခြားသော ထောက်ပံ့သူကို ရှာဖွေမည်မဟုတ်ပေ။

တစ်စုံတစ်ဦး၏ အစေခံ လုပ်ရမည် ဆိုလျှင်ပင် သူမသည် ခန့်ညားသော သခင်ကိုသာ ရွေးချယ်မည် မဟုတ်ပါလား။

မိနစ်အနည်းငယ်စကားပြောပြီးနောက် ဖုန်းချလိုက်၏။

မကြာမီမှာပင် ကားအပြင်သို့ကြည့်နေသော ဝူချီ၏မျက်လုံးများမှာ အပြုံးဖြင့် တောက်ပသွားခဲ့သည်။

ကား၏ နောက်တံခါး ပွင့်သွားပြီး ကျိယွမ်က နောက်ထိုင်ခုံတွင် ပိုင်နိုင်စွာဝင်ထိုင်လိုက်၏။

"မစ္စတာကျိ... ကျွန်မတို့ အိမ်မပြန်ခင် အပြင်မှာ ညစာ သွားစားကြမလား။ ကျွန်မ ကျွေးပါရစေ။"

မန်နေဂျာ၏ စကားများကို ကြားပြီးနောက် ဝူချီသည် ကျိယွမ်နှင့် ပိုမိုနီးကပ်စေရန် အခွင့်အရေးများ ဖန်တီးကာ ပိုမိုတက်ကြွရန် ဆုံးဖြတ်ခဲ့လေ၏။

"မလိုပါဘူး။ ငါ့အိမ်က ရိုဘော့က ချက်ပြုတ်နိုင်ပါတယ်။"

ကျိယွမ်က ဘာမှ မစဥ်းစားဘဲ တိုက်ရိုက် ငြင်းဆိုလိုက်သည်။ အပြင်မှာ စားခြင်းမှာ အလွန်ကုန်ကျစရိတ် များသည်။ သူ့မှာ ယွမ်သန်းတစ်ရာသာ ရှိသဖြင့် သူသည် ခြိုးခြံချွေတာရန် လိုအပ်၏။

အထူးသဖြင့် ယခုကဲ့သို့ လူတိုင်း စိုးရိမ်ထိတ်လန့်နေချိန်တွင်ဖြစ်သည်။ စစ်ပွဲ ကြီးက မည်သည့်အချိန်တွင် ဖြစ်ပွားမည်ကို မည်သူမှ မသိနိုင်ပေ။ စစ်အတွင်း၌ ကုန်ပစ္စည်းစျေးနှုန်းများမှာ ကျိန်းသေပေါက် ထိုးတက်သွားပေလိမ့်မည်။

"စက်ရုပ်ချက်ပေးတဲ့ အစားအစာက စားရတာ ခက်ပါတယ်။ အပြင်က စားဖိုမှူးတစ်ယောက်ရဲ့ လက်ရာကို ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ။"

ဝူချီက ဇွဲမလျှော့သေးဘဲ ထပ်မံအရေးဆို၏။

ယေဘုယျအားဖြင့် စက်ရုပ်များ ပြင်ဆင်သည့် အစားအစာမှာ ရိုးရှင်းရုံသာမက အသင့်ထုပ်ပိုးထားသော ပါဝင်ပစ္စည်းများကိုသာ အသုံးပြုကြသည်။ ဝူချီသည် ထိုကဲ့သို့သော အစားအစာများကို စားဖူးပြီး ချမ်းသာလာပြီးနောက်တွင်မူ သူမသည် စက်ရုပ်ချက်ပေးသည့် အစားအစာများကို မစားတော့ပါ။

"ငါ့ရဲ့ ဇီးရိုးဝမ်းက မတူဘူး၊ သူက အရသာရှိအောင် ချက်တတ်တယ်။"

ကျိယွမ်က ဂုဏ်ယူသည့်မျက်နှာထားဖြင့် သူ၏စက်ရုပ်အား ချီးမွမ်းလိုက်သည်။

လွန်ခဲ့သည့် တစ်လအတွင်း သူသည် သိုင်းပညာနှင့် မသေမျိုးကျင့်စဥ် နှစ်ခုစလုံးကို ယှဥ်တွဲ လေ့ကျင့်နေသည့်အပြင် အိမ်သုံးစက်ရုပ်ကိုလည်း အဆင့်မြှင့်တင်နေခဲ့သည်။

အဆင့်မြင့် ရုပ်သေးနည်းစနစ်ကို အသုံးပြု၍ သူသည် ဇီးရိုးဝမ်း၏ ကိုယ်ထည်ကို မြှင့်တင်ပေးခဲ့၏။ ခေတ်မီနည်းပညာနှင့် အဆင့်မြင့် ရုပ်သေးနည်းစနစ်ကို ပေါင်းစပ်လိုက်သောအခါ ဇီးရိုးဝမ်းသည် သာမန်စက်ရုပ်တစ်ခု မဟုတ်တော့ပေ။

တစ်ခုတည်းသော နောင်တမှာ ကျိယွမ်၏ လက်ရှိစွမ်းအားက ဇီးရိုးဝမ်း၏ ဉာဏ်ရည်ကို တိုက်ရိုက်နိုးထစေရန် အလွန်အားနည်းနေသေးခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ဇီးရိုးဝမ်းသည် သူ၏ကြက်သွန်လှီးဓား၏ ဝိညာဉ်ကဲ့သို့ ကိုယ်ပိုင်အသိစိတ် ဖွံ့ဖြိုးနေလေပြီ။

သို့သော် ဉာဏ်ရည် မနိုးထသေးလျှင်ပင် လက်ရှိတွင် ဇီးရိုးဝမ်း၏ ခံစားသိမြင်မှုမှာ တဖြည်းဖြည်း တိုးပွားလာနေပြီး ၎င်း၏ အသိတရားမှာလည်း ဖြည်းဖြည်းချင်း ကြီးထွားလာနေသည်။

ဤကြီးထွားမှုက မည်မျှကြာမည်ကိုတော့ ကျိယွမ်လည်း သေသေချာချာမသိပါ။

ထိုဖြစ်စဥ်ကို မြန်ဆန်စေချင်လျှင် ရိုးရှင်းပါသည်၊ ကျိစယ်တောင်ထိပ်ပေါ်တွင် မီးဖိုချောင်သုံးဓားကို သူ လုပ်ခဲ့သလိုမျိုး လုပ်ဆောင်ရန်သာလို၏။ အကယ်၍ သူသည် ဇီးရိုးဝမ်းကို အိမ်မွေးတိရစ္ဆာန်ကဲ့သို့ လမ်းလျှောက်ခေါ်သွားပါက ၎င်းသည် မီးဖိုချောင်သုံးဓားထက်ပင် ပိုမိုထက်မြက်သည့် ဉာဏ်ရည်ကို ကျိန်းသေပေါက် ရရှိလာပေလိမ့်မည်။

ယခုအခါမှာပင် ဇီးရိုးဝမ်းသည် အတော်လေး ထူးခြားနေပြီ ဖြစ်သည်။ ၎င်းသည် ချက်ပြုတ်နိုင်ရုံသာမက ရိုးရှင်းသော ဆေးဖော်စပ်ခြင်းကိုလည်း လုပ်ဆောင်နိုင်၏။

ကျိယွမ်သည် အနာဂတ်တွင် စက်ရုံတစ်ရုံ တည်ထောင်ပြီး ဆေးဖော်စပ်ထုတ်လုပ်မှုကို အတိုင်းအတာတစ်ခုအထိ ချဲ့ထွင်ရန်ပင် စဥ်းစားနေမိသည်။

သို့သော် ဒါက အတွေးတစ်ခုသာ ရှိပါသေးသည်။လက်တွေ့ဖြစ်လာမည်ဟု မဆိုလိုပါ။

"စက်ရုပ်က ထမင်းဟင်းကောင်းကောင်း ချက်နိုင်လို့လား။"

ဝူချီက ကားမောင်းရင်း အံ့သြနေပြီးမှ ကျိယွမ်အား နောက်ကြည့်မှန်မှကြည့်ကာ မေးလိုက်သည်။

"ကျွန်မလည်း လာပြီး မြည်းစမ်းကြည့်လို့ ရမလား။"

"အလကားလာစားဖို့ မစဥ်းစားနဲ့။"

ကျိယွမ်က ချက်ချင်း ငြင်းလိုက်သည်။

ညဉ့်နက်သန်းခေါင်တွင် အမျိုးသမီးတစ်ဦးနှင့် နှစ်ယောက်တည်းရှိနေခြင်းမှာ အများအထင်အမြင်မှားစေနိုင်သည်။ သူသည် ဝူချီ၏ ခန္ဓာကိုယ်ကို စိတ်မဝင်စားဘဲ သူမ၏ သွေးကိုသာ စိတ်ဝင်စားခြင်း ဖြစ်သည်။

သို့သော် အနည်းငယ် စဥ်းစားပြီးနောက် ကျိယွမ်က တည်ကြည်စွာ ပြောလိုက်သည်။

"ဝူချီ... နင် ငါ့ကို ကားမောင်းပို့ပေးနေတာ တော်တော်ကြာပြီ။ ငါတို့ အလေးအနက်ထားပြီး တစ်ခုခု ဆွေးနွေးသင့်ပြီ မဟုတ်လား။"

ကျိယွမ်၏ တည်ကြည်သော လေသံကို ကြားသောအခါ ဝူချီ၏ နှလုံးခုန်သံမှာ ရုတ်တရက် မြန်ဆန်လာပြီး သူမက သတိထားကာ ခေါင်းညိတ်လိုက်၏။

သူမသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီး မှန်ထဲမှတစ်ဆငိ့ကျိယွမ်အား ခိုးကြည့်မိလေသည်။

ငါ့ရဲ့ ရိုးသားမှုက မစ္စတာကျိကို လှုပ်ခပ်သွားစေခဲ့တာလား။

"အင်း....ငါ နေ့တိုင်း နင့်ကားကို စီးနေတာဆိုတော့ နင် ငါ့ကို စျေးလျှော့ပေးလို့ မရဘူးလား။ဖောက်သည်တွေဆို စျေးလျှော့ပေးသင့်တယ်လေ "

ကျိယွမ်က အမှန်အတိုင်း ပြောလိုက်ခြင်းဖြစ်ပြီး သူ၏ လေသံမှာ တောင်းဆိုသည့် အရိပ်အယောင် ပါဝင်နေသည်။

ဆိုင်တစ်ဆိုင်တွင် အများကြီးဝယ်လျှင် စျေးလျှော့ပေးတတ်သည်မှာ လူတိုင်းသိနေသောကိစ္စ ဖြစ်သည်။ အကယ်၍ ဟိုတယ်တစ်ခုတွင် တစ်လဆက်တိုက် တည်းခိုလျှင်လည်း စျေးနှုန်းမှာ ပို၍ သက်သာပေလိမ့်မည်။

ဝူချီသည် သူ့ကို တစ်လကျော်ကြာ နေ့တိုင်း ကားမောင်းပို့ပေးနေခဲ့သည်။

ပို့ခစျေးနှုန်းမှာ အနည်းငယ် လျှော့သင့်နေပြီ မဟုတ်ပါလား။

ဝူချီမှာ ဆွံ့အသွားသည်။

ကျိယွမ်၏ စကားများကြောင့် သူမ အငိုက်မိသွားရှာ၏။

ငါမျှော်လင့်ထားတာ တစ်မျိုးလေဟယ် ။

သူမသည် အတင်းအဓမ္မ ပြုံးပြလိုက်ရာ ထိုအပြုံးမှာ ငိုနေသည်ထက်ပင် ပို၍ သနားစရာ ကောင်းနေသည်။

"ရပါတယ်"

"တစ်ခေါက်ကို ၂၅ ယွမ်ဆိုရင်ကော။"

"ဟုတ်ကဲ့။"

ဝူချီက ရင်နာနာနှင့်ခေါင်းညိတ်လိုက်သည်။

ဘယ်သူက ငွေကြေးကိုပြောနေလို့လဲ ။ငွေလိုချင်ရင် ကြော်ငြာရိုက်ရုံပဲကို ဒုက္ခခံပြီး နေ့တိုင်းကားမောင်းနေမလား။

သူမ၏ စိတ်ထဲတွင် မြင်းရိုင်းတစ်သောင်းခန့် ဒုန်းစိုင်းပြေးနေသလို ခံစားလိုက်ရသည်။

သို့သော် သူမသည် မည်သည့်ကန့်ကွက်မှုကိုမျှ မပြဝံ့ပါ။

ထို့အပြင်သူမ၏ စိတ်ထဲတွင် သံသယများ စတင်ပေါ်ပေါက်လာမိလေ၏။

ဖြစ်နိုင်တာက...ငါ့ရဲ့ ဇွဲလုံ့လက နေရာမှားနေတာလား။

သို့သော် သူမသည် ယခုအချိန်ထိ ကြိုးစားခဲ့ပြီးဖြစ်ရာ ဆုံးရှုံးမှုများမှာ များပြားလှသည်။ လက်လျှော့ဖို့ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။

ကားသည် လျင်မြန်စွာ မောင်းနှင်လာပြီး မကြာမီ ကျိယွမ်၏ လူနေရပ်ကွက်သို့ ရောက်ရှိလာသည်။

ကျိယွမ်သည် ကားပေါ်မှ ဆင်းလိုက်ပြီး ဝူချီကို ပေးရန်အတွက် ၂၅ ယွမ်ကို လက်ထဲတွင် ကိုင်ထား၏။

သို့သော် တစ်ခုခုကို သတိရသွားပြီး သူ၏ လက်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ ထိုငွေစက္ကူမှာ ငှက်ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားသည်။

"နင့်ရဲ့သွေးက နင့်ကိုယ်ထဲမှာ ရှိနေသေးတယ် ငါ့အတွက်သွေးကို သယ်ပေးထားရတာဆိုတော့ ၊ ဒါကို အတိုးလို့ပဲ သဘောထားလိုက်ပါ။"

ကျိယွမ်က ငှက်ရုပ်လေးအား ကမ်းပေးလိုက်၏။

စက္ကူငှက်မှာ သူ သာမန်ကာလျှံကာ ပြုလုပ်ထားခြင်း ဖြစ်သော်လည်း ကာကွယ်ခြင်း သို့မဟုတ် ခြေရာခံခြင်းကဲ့သို့သော စွမ်းအားအချို့ ပါဝင်နေသည်။

သူသည် ဝူချီကို စက္ကူငှက် ပေးခဲ့ခြင်းမှာ သူ၏ စွမ်းအား ကြီးထွားလာသည်နှင့်အမျှ ဝူချီ၏ သွေးအပေါ် သိချင်စိတ်မှာ ပို၍ နက်ရှိုင်းလာသောကြောင့်ပင်။

သူမ၏သွေးကို မယူသေးဘဲ ယခုလိုစောင့်ခိုင်းထားမိခြင်းကို ကျိယွမ် အနည်းငယ် အားနာမိသည်။

ဝူချီသည် စက္ကူငှက်လေးကို ယူလိုက်ရင်းမှ သူမ၏မျက်လုံးများမှာ အံ့သြဝမ်းသာမှုဖြင့် တောက်ပသွားသည်။

"ရှင်က တော်လိုက်တာ။ ဒါကို ဘယ်လို ခေါက်လိုက်တာလဲ။ ကျွန်မကို သင်ပေးလို့ ရမလား။"

သူမသည် ကိုယ်တိုင်မြင်ခဲ့ရ၍သာ ယုံရ၏။ကျိယွမ်သည် ဤစက္ကူငှက်ကို စက္ကန့် နှစ်ဆယ်မပြည့်မီပင် ခေါက်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် သူမတွေ့ဖူးသော စက္ကူကြိုးကြာငှက်များကဲ့သို့ ရိုးရာစက္ကူခေါက်ပညာနှင့် လုံးဝ မတူပေ။ ၎င်းမှာ ပို၍ အသက်ဝင်နေပုံရ၏။

"နင် သင်လို့ မရဘူး။ ဒါကို ခေါက်နိုင်ဖို့အတွက် ကျင့်ကြံခြင်းကို လေ့ကျင့်ဖို့ လိုတယ်။"

ကျိယွမ်က ဖုံးကွယ်ရန်စိတ်ကူးမရှိသဖြင့် အမှန်အတိုင်း ပြောလိုက်သည်။

"ခွမ်းဟွမ်က ငါ့ကို သန်း ၉၀ ပေးလို့ သူ့ကို ကျင့်ကြံခြင်းအကြောင်း သင်ပေးဖို့ ငါ သဘောတူခဲ့တာ။"

"ကျင့်ကြံခြင်းလား။"

ဝူချီ၏ မျက်လုံးများ ပြူးသွားပြီး ကျိယွမ်အား ဇဝေဇဝါကြည့်မိသွားသည်။

ကမ္ဘာပေါ်တွင် ကျင့်ကြံခြင်းက တကယ်ရှိလို့လား။

မန်နေဂျာက သူမကို ပြောခဲ့သည်မှာ ကျိယွမ်နှင့် ဗစ်ကောင့်ခွမ်းဟွမ်၏ သဘောတူညီချက်မှာ ကျင့်ကြံခြင်းနှင့် ပတ်သက်နေသည်ဟူ၍ ဖြစ်သည်။

ထိုစဉ်က သူမ မယုံခဲ့ပေ။

သို့သော် ယခုအခါ ကျိယွမ်ထံမှ တိုက်ရိုက် ကြားလိုက်ရသဖြင့် သူမသည် အံ့သြမှင်သက်ကာ နေရာတွင်ပင် ကျောက်ရုပ်ကဲ့သို့ တောင့်တင်းသွားသည်။

သူမ သတိပြန်ဝင်လာချိန်တွင် ကျိယွမ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်၏။

သူမသည် ထိုနေရာတွင် ငိုင်နေမိသည်။

"ဒါက နောက်ပြောင်နေတာလား... ဒါမှမဟုတ် တကယ်ကြီးလား။"

အကယ်၍ ၎င်းမှာ အမှန်ဖြစ်ခဲ့လျှင် ဤနှစ်များတစ်လျှောက် သူမ၏ကမ္ဘာကြီးအပေါ်အမြင်မှာ ပျက်စီးသွားမည် မဟုတ်ပါလား။

စက္ကူငှက်ကို တင်းတင်းဆုပ်ကိုင်ထားရင်း သူမ၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ဖြတ်သန်းသွားသည်။

အကယ်၍ မစ္စတာကျိ ပြောတာသာ အမှန်ဆိုလျှင်... အဲဒါက တကယ်ကို ကောင်းမှာပဲ။

..........

"ဒုက္ခပဲ၊ ငါ အထဲမှာ ပိတ်မိနေပြီ။"

ကျွင်အန်းလူနေရပ်ကွက်တစ်နေရာတွင် ရှဲ့ရှင်းစုသည် စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်သည်။

ယခုအချိန်တွင် သူမ၏ နှလုံးသားမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး အတင်းရုန်းကန်နေမိ၏။

သူမ၏ ခေါင်းသည် ရေမြောင်းတစ်ခုထဲတွင် ညပ်နေပြီး မြောင်းအတွင်းဘက်သည် မှောင်မည်းနေကာ ရွံစရာကောင်းသော အနံ့ဆိုးများ ထွက်ပေါ်နေသည်။

သူမ၏ တင်ပါးအပါအဝင် ကိုယ်အောက်ပိုင်းမှာမူ ရေဆိုးမြောင်းဖုံးအပြင်ဘက်တွင် ညှပ်နေ၏။

သူမသည် ပြောင်းပြန်လှန်ထားသော ကြက်သွန်နီတစ်လုံးကဲ့သို့ သနားစရာကောင်းသလို စိတ်ပျက်ဖွယ်လည်း ကောင်းလှသည်။

သူမ၏ အသွင်အပြင်မှာ စုတ်ပြတ်နေပြီး စားကြွင်းစားကျန်များဖြင့် ဖုံးလွှမ်းနေကာ လုံးဝကို ဖရိုဖရဲ ဖြစ်နေသည်။

"ဒုက္ခပဲ၊ တကယ်လို့ ယောက်ျားတစ်ယောက်သာ ဖြတ်လာရင် ငါ ဘာလုပ်ရမလဲ။"

၎င်းကို စဥ်းစားလိုက်မိသောအခါ ရှဲ့ရှင်းစု တုန်လှုပ်သွားသည်။

သူမ၏ လက်ရှိအခြေအနေတွင် ခုခံနိုင်စွမ်း မရှိပေ။ အကယ်၍ သူမသည် စိတ်မနှံ့သော ယောက်ျားတစ်ဦးနှင့် တွေ့ဆုံခဲ့လျှင်...

၎င်းကို စဥ်းစားရသည်မှာပင် ကြောက်စရာ ကောင်းလှသည်။

"နေဦး၊ ငါက အခု ကြောင်တစ်ကောင် ဖြစ်နေတာပဲ။ တကယ်လို့ ငါက မြှောင်နေတဲ့ ကြောင်ထီးတစ်ကောင်နဲ့ တွေ့ရင်ကော။"(မြှောင်= စိတ်ပါနေသော အခြေအနေ)

၎င်းကို စဥ်းစားမိသောအခါ ရှဲ့ရှင်းစု အလွန် စိတ်ပျက်သွားသည်။

ဘာပဲပြောပြော သူမသည် မြှောင်နေသောကြောင်ထီးတစ်ကောင်နှင့် တွေ့ရမည့်အစား ယောက်ျားတစ်ဦးနှင့် တွေ့ရခြင်းကို ပို၍ ရွေးချယ်မိပေလိမ့်မည်။

"အမလေး... ငါ့ဘဝကတော့ ခါးသီးလှချည်လား။ ငါက စွမ်းအားကြီးမားတဲ့ ရွှမ်းထျန်းဂိုဏ်းရဲ့ ဂုဏ်ယူစရာ နတ်သမီးတစ်ပါးလေ ၊ ၊ ဂိုဏ်းကို ပြန်လည် ထူထောင်ရမဲ့ကြီးမြတ်တဲ့တာဝန်ကို ထမ်းဆောင်ထားတဲ့ ငါလေးကဘယ်လိုဖြစ်လို့ ဒီလောက်တောင် ကံဆိုးသွားရတာလဲ။"

" ကန်ရှင်းဂြိုဟ်ပေါ်မှာ သုံးနှစ်တိုင်တိုင် တိတ်တဆိတ် ပုန်းအောင်းပြီး အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ငါ ရရှိခဲ့ပေမဲ့ ကမ္ဘာကြီးက လွန်ခဲ့တဲ့ ဆယ်နှစ်ကို ပြန်ရောက်သွားခဲ့တယ်တဲ့။"

"ဆယ်နှစ်ကို ပြန်ရောက်သွားတာက မဆိုးသေးပါဘူး... ဒါပေမဲ့ ငါက ကြောင်တစ်ကောင် ဖြစ်သွားတာလေ။"

"ကြောင်ဖြစ်သွားတာတင် မကဘူး၊ အခု ငါ့ဦးနှောက်ကလည်း ကောင်းကောင်း အလုပ်မလုပ်တော့ဘူး။"

"ပြီးတော့ အခု... ငါက ဒီမှာ ဒီလိုမျိုး ညှပ်နေရတယ်တဲ့။"

ရှဲ့ရှင်းစုသည် ခါးသီးမှုကို ခံစားနေရသော်လည်း ထုတ်ဖော်ပြောဆိုရန် နည်းလမ်းမရှိပေ။

အခြားသူများအတွက် ကမ္ဘာကြီး ပြန်စချိန်တွင် ၎င်းတို့၏ မူလအချိန်ကာလများသို့ ပြန်ရောက်သွားကြသည်။

သို့သော် သူမအတွက်မူ... သူမသည် လူစင်စစ်မှ ကြောင်တစ်ကောင် ဖြစ်သွားခဲ့သည်။မည်မျှ ရက်စက်လှလေသနည်း။

သဲလွန်စမရှိ သူမ ပျောက်ကွယ်သွားသည်ကို မြင်လျှင် သူမ၏ ဂိုဏ်းသားများမှာ ကျိန်းသေပေါက် စိုးရိမ်နေကြပေတော့မည်။

မြောင်၊ မြောင်၊ မြောင်...

ရှဲ့ရှင်းစုသည် ကြောင်လိုမအော်ချင်သော်လည်း သနားစရာကောင်းသော အော်ဟစ်သံကို ထုတ်လွှတ်လိုက်ရသည်။

ထို့အပြင် သူမသည် ပို၍ ပို၍အားနည်းလာနေပြီး သူမ၏ အသိတရားမှာလည်း တဖြည်းဖြည်း ဝေဝါးလာနေ၏။

"တစ်ယောက်ယောက်... ဒီနတ်သမီးကို ကယ်တင်ပေးကြပါ... ငါ နင့်ကို ကျင့်ကြံခြင်းလမ်းစဥ်နဲ့ မသေမျိုး ပညာရပ်တွေကို သင်ပေးပါ့မယ်။"

ထိုအတွေးနှင့်အတူ သူမသည် နောက်ဆုံးတွင် သတိလစ်သွားလေ၏။

-----------

All Chapters