← Chapters

အေးစက်ပြီး နှလုံးသားမရှိသော လူသားများ

Vol. 27 Ch. 297

အေးစက်ပြီး နှလုံးသားမရှိသော လူသားများ

Vol. 27 Ch. 297

နူးညံ့သော အိပ်ရာပေါ်တွင် ကွေးကွေးလေးအိပ်သောရှဲ့ရှင်းစု၏ ခန္ဓာကိုယ်ပေါ်သို့ နွေးထွေးသည့် အလင်းရောင်အချိူ့ ကျရောက်နေခဲ့သည်။

အိပ်ယာ၏နုညံ့မှုနှင့်နွေးထွေးမှုကြောင့်ရွှမ်းထျန်းဂိုဏ်းတွင် ရှိစဉ်က သူမ ခိုးပြီး အိပ်ပျော်သွားသကဲ့သို့ အလွန် သက်သောင့်သက်သာ ရှိလှ၏။

သို့သော် သူမ၏ စိတ်အာရုံမှာ အနည်းငယ် ဝေဝါးနေခဲ့သည်။

အိမ်မက်တစ်ခု မက်ခဲ့သည်ဟု ခံစားရ၏။ ထိုအိမ်မက်ထဲတွင် သူမသည် ရွှမ်းထျန်းဂိုဏ်းမှ ထွက်ခွာခဲ့ပြီး ကမ္ဘာသစ်တစ်ခုသို့ ခရီးနှင်ကာ ပုန်းအောင်းနေထိုင်နေ၏။

အောင်မြင်စွာ ပုန်းအောင်းနိုင်ခဲ့သော်လည်း ကမ္ဘာကြီးက မတော်တဆပြန်လည်စတင်သွားပြီး သူမမှာ အသိဉာဏ်နည်းသော ကြောင်တစ်ကောင် ဖြစ်သွားခဲ့သည် ။

သူမ၏ ဝမ်းနည်းဖွယ် ကြောင်ဘဝမှာ ဤသို့စတင်ခဲ့လေ၏။

ကံကောင်းထောက်မစွာဖြင့်... ထိုအိမ်မက်ဆိုးကြီးက ပြီးဆုံးသွားကာ ယခုနွေးထွေးလုံခြုံသလို ခံစားနေရသည်။

သို့သော်လည်း ထိုအချိန်တွင် သူမ၏ အနီးအနား၌ စကားပြောသံတစ်ခုကို ကြားလိုက်ရ၏။

"အသည်းပျက်စီးနေတာရယ်... ပြီးတော့ သင်းကွပ်ဖို့ မသင့်တော်တာရယ်ပဲ။"

"သင်းကွပ်လို့ မရဘူးလား။ လေလွင့်ကြောင်တွေ အကုန်လုံးကို သင်းကွပ်ရမယ်လို့ ဥပဒေက ဆိုထားတာလေ။"

"သူ့ရဲ့ ကိုယ်ခန္ဓာ အခြေအနေအရ မသင့်တော်လို့ပါ။"

"အော်... သင်းကွပ်လို့ မရဘူးဆိုရင်လည်း အိပ်ဆေးကျွေးပြီး သတ်ပစ်လိုက်တာပေါ့။ ဒါဆိုရင် ဥပဒေကိုလည်း ချိုးဖောက်ရာ မရောက်တော့ဘူး။"

နွေးထွေးစွာအိပ်ပျော်နေစဉ် ထိုအေးစက်ပြီး ကိုယ်ချင်းစာတရားမရှိသော အမျိုးသား၏ အသံကို ကြားလိုက်ရသဖြင့် ရှဲ့ရှင်းစုသည် ရုတ်တရက် လန့်နိုးလာသည် ။

သူမ ဒေါသတကြီးအော်ဟစ်လိုက်သော်လည်း လူသံအစား ကြောင်သံသာထွက်လာ၏။

မြောင်၊ မြောင်၊ မြောင်..။

ငါ့ကို သင်းကွပ်မလို့လား။

မလုပ်နဲ့. ။

သင်းကွပ်လို့မရရင် ဥပဒေနဲ့ ညီအောင် သတ်ပစ်မယ် ဟုတ်လား။

ဒီလူသားတွေက ကြောက်စရာကောင်းလိုက်တာ ၊ ဒါက ဘယ်လို ယုတ္တိဗေဒမျိုးလဲ။

အဆိပ်နဲ့သေတာထက်စာရင် သင်းကွပ်ခံရတာကမှ ပိုကောင်းဦးမယ်။

သူမ လန့်နိုးလာပြီးနောက် မိမိကိုယ်ကိုယ် ကြောင်တစ်ကောင် ဖြစ်နေဆဲ ဖြစ်ကြောင်း ဝမ်းနည်းစွာသိလိုက်ရသည်။

သူမ၏ အိမ်မက်ဆိုးက အမှန်တရားဖြစ်နေခဲ့လေ၏။

သူမသည် ရေဆိုးမြောင်းထဲတွင် ညှပ်နေခိုက် ဤအေးစက်ပြီး နှလုံးသားမရှိသော အမျိုးသားက ကယ်တင်ခဲ့ခြင်း ဖြစ်နိုင်သည် ။

ဟင်း... ငါသာ ငါ့ရဲ့ပုံစံကို ပြန်ရလာခဲ့ရင် ဒီလူသားကို မသေမျိုးလမ်းစဥ်ပေါ်ကို လုံးဝမခေါ်ဘူး ။

"မြောင်၊ မြောင်၊ မြောင်"

သို့သော် ယခုအချိန်တွင် အသက်ရှင်ဖို့က ပိုအရေးကြီးလေသည် ။ ရှဲ့ရှင်းစုသည် အသက်ရှင်သန်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် ချစ်စဖွယ် ကောင်းသော ကြောင်အမူအရာလေး လုပ်ပြလိုက်သည်။

ထိုအချိန်တွင် သူမကို သတ်ပစ်ချင်နေသည့် အေးစက်သောအမျိုးသားသည် တည်ငြိမ်သောအကြည့်ဖြင့် သူမကို ကြည့်လေ၏။

"တကယ်လို့ သူက မြှောင်လာရင်ကော။"(မြှောင် = ကြောင်အလေလိုက်ချင်သည်)

သူသည် အဓိကကျသော မေးခွန်းကို မေးလိုက်ခြင်းပင်။

မြောင်..

မြောင်၊ မြောင်...

ရှဲ့ရှင်းစု ရူးသွပ်တော့မလို ဖြစ်သွားရသည်။

မြှောင်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။

ငါက ဘယ်လိုလုပ်ပြီး မြှောင်နိုင်မှာလဲ။

ကြောင်ထီးတွေကိုလေ...အော့....

သူမသည် ကြောင်တစ်ကောင်အဖြစ် ပြန်လည်စတင်ခဲ့သဖြင့် သူမ၏ စိတ်အာရုံမှာ ဝေဝါးနေခဲ့သော်လည်း

ကြောင်ထီးများဖြင့် ပရမ်းပတာ မြှောင်ရန်ဆိုသည်ကတော့...

သေတောင် မရဘူးဟေ့။

ရှဲ့ရှင်းစုသည် သူမ၏ စိတ်ဝိညာဉ်မှာ လူသားတစ်ဦးသာ ဖြစ်သည်ဟု ယုံကြည်ထားပြီး တိရစ္ဆာန် စိတ်ရိုင်းများ၏ ထိန်းချုပ်မှုကို ခံမည်မဟုတ်ပေ။

သူမသည် ရွှမ်းထျန်းဂိုဏ်း၏ သန့်ရှင်းသော သူတော်စင်မယ်လေးမဟုတ်ပါလား။ပါရမီရှင်မြငိ့မြတ်သားတော်များပင် သူမအား မရနိုင်ခဲ့ပါ။

အခုတော့ ကြောင်ထီးတွေနဲ့ မြှောင်ရမယ်တဲ့လား။

ရွှမ်းထျန်းဂိုဏ်း ပျက်သုဉ်းသွားပြီး တပည့်တစ်ဒါဇင်ခန့်သာ ကျန်တော့သော်လည်း သူမသည် ဂိုဏ်းကို ပြန်လည်ထူထောင်ရမည့် သူတော်စင်မယ်လေးဖြစ်၏။

သူမ၏ ဆရာဖြစ်သူ ရွှမ်းထျန်းဂိုဏ်း၏ ၃၁ ယောက်မြောက် ဂိုဏ်းချုပ် ဟယ်ယွမ်ကျီသည် သူမအတွက် အထက်ဘုံဘိုးဘေးများထံမှ နည်းစနစ်တစ်ခုကို တောင်းခံပေးခဲ့ဖူးသည်။

သူမသာ စံနှုန်းအတိုင်း လျှောက်လှမ်းခဲ့လျှင် ဤဘဝတွင် ခရမ်းရောင်နန်းတော်အဆင့်သို့ ရောက်ရှိနိုင်သည့် အခွင့်အရေးက သေချာပေါက်ပင်။

ထို့အပြင် သူမတွင် ကံကောင်းမှုများ ရှိခဲ့လျှင် ဒဏ္ဍာရီလာ ယင်နတ်ဘုရားအဆင့်ကိုပင် လှမ်းမျှော်ကြည့်နိုင်ပေလိမ့်မည်။

အကယ်၍ သူမသာ ယင်နတ်ဘုရား အဆင့်သို့ ရောက်ရှိခဲ့လျှင် အထက်ဘုံသို့ တက်လှမ်းနိုင်မည့် အခွင့်အရေး ရရှိမည်ဖြစ်ပြီး ရွှမ်းထျန်းဂိုဏ်း၏ ဒဏ္ဍာရီတစ်ခုဖြစ်လာမည် မဟုတ်ပါလား။

ငါလို ဒဏ္ဍာရီလာဖြစ်မဲ့သူတော်စင်မယ်က ကြောင်ထီးတွေနဲ့ မြှောင်စရာလား။

ဒါက လူတွေ ပြောရမယ့် စကားလား။

"ဒီပြဿနာကို ဖြေရှင်းဖို့ သင်းကွပ်တာအပြင် တခြားနည်းလမ်းတစ်ခု ရှိပါသေးတယ်။"

ဇီးရိုးဝမ်းက ကြောင်အားသေချာကြည့်နေရင်းမှ ထက်မြက်စွာ ပြောလိုက်သည် ။

"ဘယ်လို နည်းလမ်းလဲ။"

"ကြောင်တွေအတွက် ပျော်ရွှင်မှု တုတ်တံလေ။"

ဇီးရိုးဝမ်း စကားပြောလိုက်သည်နှင့် ၎င်း၏ မျက်နှာတွင် ဖန်သားမျက်နှာပြင်တစ်ခု ပေါ်လာ၏။

မျက်နှာပြင်ပေါ်တွင် ကုန်ပစ္စည်းတစ်ခု၏ လင့်ခ်နှင့်အတူ ဖော်ပြရန် မသင့်တော်သော ပုံအချို့ ပါဝင်နေသည်။

ပုံထဲရှိ ကြောင်၏ အမူအရာမှာ ပြောင်းဖူးစားနေသည့် ကြောင်ဖြူတစ်ကောင်နှင့် တူနေပြီး အလွန်ကျေနပ်နေပုံရလေသည်။

"ဒါက..."

ကျိယွမ်သည် ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည့်ပုံဖြင့် ရယ်ချင်သလိုလိုဖြစ်သွားလေ၏။

သူက အဖြူအမည်း ရောနေသော ရှဲ့ရှင်းစုကို စဥ်းစားနေသော အမူအရာဖြင့် ကြည့်ပြီး ခေါင်းညိတ်၏။

"မင်းပဲ ကိုင်တွယ်လိုက်ပါ။"

"စိတ်ချပါသခင် ၊ သူ မမြှောင်နိုင်စေရပါဘူး"

ဇီးရိုးဝမ်းက ခေါင်းညိတ်လိုက်ပြီး သူ၏စက်ရုပ်အသံတွင် အပြုံးရိပ် အနည်းငယ် ပါဝင်နေသယောင်ထင်ရ၏။

စက်ရုပ်နှင့် ၎င်း၏ သခင်တို့အကြား စကားပြောဆိုမှုကို ကြားလိုက်ရသဖြင့် ရှဲ့ရှင်းစုသည် အတော်လေး အကူအညီမဲ့သွားသည်ဟု ခံစားရသည်။

သူတို့သည် သူမ၏ကံကြမ္မာကို ယခုလိုပေါ့ပေါ့တန်တန် ဆုံးဖြတ်နေကြခြင်းလား။

ပြီးတော့ အဲဒီတုတ်တံကရော ဘာလဲ ၊၊

မည်သို့ဖြစ်ပါစေ သူမအတွက်ကောင်းမည့်အရာ မဟုတ်တာသေချာ၏။ ရှဲ့ရှင်းစုသည် အချိန်တန်လျှင် ဤအိမ်မှ ထွက်ပြေးရန် ဆုံးဖြတ်လိုက်တော့သည်။

ဤအိမ်သားများသည် အနည်းငယ် ထူးဆန်းလွန်း၏။

ဒါပေမဲ့ ဘယ်လိုပြေးရင်းကောင်းမလဲ။ ဘယ်ကိုသွားရမလဲ ။

ထိုသို့တွေးတောရင်း ထွက်ပြေးရန် အခွင့်အရေး ရှာနေစဉ် သူမ၏ ပန်းရောင်နှာခေါင်းလေးမှာ လှုပ်ရှားသွားပြီး ရနံတစ်ခုကြောင့် ရှဲ့ရှင်းစု၏ ကြောင်နှလုံးသားမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။

"ရတနာပဲ၊ ဒီမှာ ရတနာတစ်ခု ရှိနေတာ သေချာတယ်။"

ကမ္ဘာကြီး ပြန်လည်မစတင်မီက သူမသည် ဤဂြိုဟ်ပေါ်တွင် နှစ်အနည်းငယ်ကြာ နေထိုင်ခဲ့ဖူးလေသည်။

သူမသည် ဤကမ္ဘာနှင့် အတော်လေး ရင်းနှီးသည်ဟု ဆိုနိုင်၏။

ဤကမ္ဘာသည် ဝိညာဉ်စွမ်းအင် အလွန်နည်းပါးပြီး ဖြည်းဖြည်းချင်း ပြန်လည် နိုးထလာနေသော်လည်း ရွှမ်းထျန်းဂိုဏ်းရှိသောကမ္ဘာနှင့် နှိုင်းယှဥ်လျှင် ကွာခြားချက်မှာ ကြီးမားနေဆဲပင်။

သို့သော်လည်း ဤကမ္ဘာတွင် ကျန်ရစ်ခဲ့သော အမွေအနှစ်များနှင့် မသေမျိုး အခွင့်အလမ်းအချို့ ရှိနေပြီး

နောက်ဆယ်နှစ်အတွင်း ၎င်းတို့သည် တဖြည်းဖြည်း ပေါ်ပေါက်လာလိမ့်မည် ဖြစ်သည်။

၎င်းတို့ထဲတွင် တန်ဖိုးရှိသော ရတနာအချို့လည်း ပါဝင်နေ၏။

သူမသည် အသက်ကို အသာအယာ ရှူသွင်းလိုက်ရုံဖြင့် ပြင်းထန်သော ဝိညာဉ်စွမ်းအင်အနံ့ကို ရရှိနေသည်။

ထို့ကြောင့် ဝိညာဉ်စွမ်းအင်၏ အရင်းအမြစ်မှာ ဤနေရာတွင် ရှိနေသည်မှာ သေချာ၏။

၄င်းသည် ယခုအိမ်ထဲမှာ မသေမျိုးလမ်းစဥ်းရတနာတစ်ခုခု ရှိနေသည့် အဓိပ္ပါယ်မဟုတ်ပါလား။

၎င်းသည် အလွန်သိပ်သည်းသော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေ၏။

သူမ ထွက်မသွားချင်တော့ပါ။

လွန်ခဲ့သည့် တစ်လအတွင်း သူမသည် သနားစရာ အခြေအနေများနှင့် ကြုံတွေ့ခဲ့ရ၏။

ပထမအချက်မှာ ကြောင်ကိုယ်ခန္ဓာမှာ အလွန် အားနည်းလွန်းနေပြီး ဒုတိယအချက်မှာ ဤကမ္ဘာတွင် ဝိညာဉ်စွမ်းအင် အလွန်နည်းပါး၏။ တတိယအချက်မှာ သူမတွင် ဤကိုယ်ခန္ဓာနှင့် သင့်တော်သော ကျင့်စဉ် မရှိခြင်းနှင့် စတုတ္ထအချက်မှာ သူမ၏ စိတ်အာရုံမှာ မကြည်လင်သေးသောကြောင့် ဖြစ်သည်။

ဤအချက်များကြောင့် ရွှမ်းထျန်းဂိုဏ်း၏ ပါရမီရှင်အမြုတေကျင့်ကြံသူဖြစ်သော သူမမှာ သနားစရာကောင်းအောင် နိမ့်ပါးသွားရခြင်းပင်။

ယခုအခါ သိပ်သည်းသော ဝိညာဉ်စွမ်းအင်များရှိသည့် မသေမျိုးရတနာတစ်ခု ဤအိမ်တွင် ရှိနေလေပြီ။

သူမက မည်သို့ ထွက်သွားချင်တော့မည်နည်း။

သူမ၏ ကြောင်ကိုယ်ခန္ဓာဖြင့် အပြင်တွင်ကျင့်ကြံရန်မှာ မဖြစ်နိုင်ပေ၊ ဤကဲ့သို့ ဝိညာဉ်စွမ်းအင် သိပ်သည်းသည့် နေရာမျိုးတွင်သာ အတိုင်းအတာတစ်ခုအထိ ကျင့်ကြံနိုင်ပေလိမ့်မည်။

သူမသည် ဤသာမန်လူသားတစ်ယောက်၏အိမ်တွင် သည်းခံနေထိုင်ရန် အတွက် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချစွာ ဆုံးဖြတ်လိုက်ရ၏။

"တွေးကြည့်တော့ အလုပ်ပိုတာပဲ ရှိမယ် ၊ သူ့ကို အပြင်မောင်းထုတ်လိုက်၊ သူက ငါ့ကြောင်လည်း မဟုတ်ဘူး။"

ထိုအချိန်တွင် အေးစက်ပြီး နှလုံးသားမရှိသော အမျိုးသားက စိတ်ပြောင်းသွားပြီး ဆုံးဖြတ်ချက်ချလိုက်၏။

သူ၏ အသံမှာ မည်သည့်သနားညှာတာမှုမှမပါဘဲ အေးစက်နေသည်။

ရှဲ့ရှင်းစုခမျာ ခေတ္တ တောင့်တင်းသွားပြီးနောက် ထိတ်လန့်သွားတော့သည်။

မြောင်..

မြောင်၊ မြောင်...

ငါ ထွက်မသွားချင်တော့ဘူးဆိုမှ မောင်းထုတ်တဲ့လား။

သူမသာ ထွက်သွားရလျှင် လေလွင့်ကြောင် ပြန်ဖြစ်သွားနိုင်၏။

သူမသည် ဤနေရာတွင် နေထိုင်ပြီး ကျင့်ကြံချင်လေသည်။

သူမသည် စိုးရိမ်တကြီး အော်ဟစ်လိုက်ရာ သူမ၏ အသံမှာ အတော်လေး သနားစရာ ကောင်းလှသည်။

"သခင်... သူက ထွက်မသွားချင်ဘူး ထင်တယ်။"

ဇီးရိုးဝမ်းက ကြောင်အားသေချာကြည့်ကာ အမျိုးသားအား သတိပေးလိုက်၏။

ရှဲ့ရှင်းစု ခဏမျှ အံ့သြသွားရသည် ။ ထိုစက်ရုပ်မှာ အတော်လေး ထက်မြက်ပုံရ၏။

သူမသည် ပို၍ စိတ်အားထက်သန်သွားပြီး သနားစဖွယ်အသံလေးဖြင့် ဆက်လက် အော်ဟစ်နေလိုက်၏။

ငါဒီမှာ နေချင်တယ်လို့။

ကြောင်များအတွက်ပျော်ရွှင်မှု တုတ်တံနှင့် ပတ်သက်၍မူ သူမ ကျင့်ကြံပြီး အင်အားပြန်ရလာလျှင် ထိုကဲ့သို့သော အရာမျိုးကို ကြောက်နေစရာမလိုပါ။

"သူ လုပ်တတ်တာဆိုလို့ စားတာ၊ အိပ်တာ၊ အီးပါတာပဲ ရှိတယ်။ နောက်ကျွမ်းလည်း မလုပ်တတ်ဘူး၊ ဟင်းလည်း မချက်တတ်ဘူး - ဒါက ဘာအသုံးကျမှာလဲ"

"ငါက အချောင်စားနေတဲ့ ကြောင်တွေကို ဘယ်တော့မှ မမွေးဘူး။"

အေးစက်ပြီး နှလုံးသားမရှိသော အမျိုးသားသည် အမှန်တကယ်ပင် အေးစက်ပြီး နှလုံးသားမရှိသူ ဖြစ်သည်၊ သူသည် သူမကို ခိုင်းစားရန်ပင် စဉ်းစားနေ၏။

သို့သော် အများကြီးမစဉ်းစားရဲဘဲ ရှဲ့ရှင်းစုသည် သူမ၏ ကိုယ်ခန္ဓာကို လိမ်လိုက်ကာ အပေါ်သို့ ခုန်တက်ပြီး နောက်ကျွမ်းတစ်ပတ် ပစ်ပြလိုက်သည်။

သူမက အစွမ်းကုန်ကြိုးစားနေခြင်းပင်။

နောက်ကျွမ်းထိုးတတ်ပြီး လူသားစကား နားလည်သော ကြောင်တစ်ကောင်မှာ အတော်လေး ရှားပါးသည် မဟုတ်ပါလား။

ဤဆပ်ကပ်လှည့်ကွက်က ရှေ့မှ အမျိုးသားကို သိမ်းသွင်းနိုင်ပေလိမ့်မည်။

ထိုအေးစက်သော အမျိုးသားသည် သူမကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်၏။

"ဒီကြောင်က... လူစကား နားလည်တယ်ဆိုတော့ မျိုးရိုးဗီဇ ပြောင်းလဲသွားတာလား။"

ဇီးရိုးဝမ်းကလည်း ရှဲ့ရှင်းစုကို အဓိပ္ပာယ်မရှိသော အမူအရာဖြင့် ကြည့်လိုက်သည် ။

"သူက တခြားသူတွေရဲ့ ကြောင်နဲ့တော့ မတူတာ အမှန်ပဲ။"

"မင်းဒီလိုကြောင် မြင်ဖူးလား "

"မမြင်ဖူးဘူး ၊ ဒီကြောင်က နည်းနည်းတော့ သဘာဝမကျသလိုပဲ သခင်"

ရှဲ့ရှင်းစုမှာ ပြောစရာစကားများဖြင့် ပျောက်ဆုံးသွား၏။

စက်ရုပ်တစ်ရုပ်က သဘာဝကျကြောင်း ပြောနေတာတဲ့ ၊ သူ့ကိုယ်သူ စက်ရုပ်ဆိုတာ မေ့နေတာလား ။ ကြောင်က ဂျွမ်းပစ်တတ်တာ ဘာဆန်းလို့လဲ။

တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် ဤလူနှင့် စက်ရုပ်၏ စစ်ဆေးကြည့်ရှုခြင်းကို ခံရသောအခါ ရှဲ့ရှင်းစုသည် မိမိကိုယ်ကိုယ် ရောင်းကုန်ပစ္စည်းတစ်ခုကဲ့သို့ပင် ခံစားရသည်။

အေးစက်သော အမျိုးသားသည် သူမကို စိုက်ကြည့်နေပြီး သူမကို မွေးသင့်၊ မမွေးသင့်ကို စဉ်းစားနေပုံပင်။

ထိုအချိန်တွင် ဇီးရိုးဝမ်းက အကြံပြုလိုက်သည် ဖြစ်သည်။

"သခင်... အခုခေတ်မှာ ဗီဒီယိုတွေ ရိုက်ရင်လည်း ပိုက်ဆံရနိုင်ပါတယ်။

ကျွန်တော်တို့ ဒီကြောင်ကို မွေးထားပြီး ပိုက်ဆံရအောင် ဗီဒီယိုတွေ ရိုက်လို့ ရတယ်"

"ရတဲ့ ပိုက်ဆံတွေကို ကျွန်တော့်ရဲ့ အပိုပစ္စည်းတွေ အဆင့်မြှင့်ဖို့ သုံးလို့ရတာပေါ့၊ ဒါဆိုရင် သခင်လည်း ပိုက်ဆံ သက်သာသွားမယ်လေ။"

ဇီးရိုးဝမ်းသည် အလွန် အလိုက်သိလှ၏။

၎င်းသည် လောလောဆယ်တွင် မိမိကိုယ်ကိုယ် အဆင့်မြှင့်တင်ရန်နှင့် ပြုပြင်မွမ်းမံရန် စိတ်အားထက်သန်နေပုံရှိသည်။

သို့သော် ယခင်က သူ့အတွက် အဆင့်မြှင့်တင်မှုများနှင့် ပြုပြင်မွမ်းမံမှုများ အားလုံးကို သခင်ကသာ ငွေထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

သခင်၏ နံပါတ်တစ်လက်ထောက်လေးဖြစ်လာရန် ရည်မှန်းထားသဖြင့် ဇီးရိုးဝမ်းသည် အရာရာတိုင်းအတွက် သခင်ကို အလုပ်မရှုပ်စေချင်ပေ။ ၎င်းသည် ပိုက်ဆံရှာပြီး မိမိကိုယ်ကိုယ် မြှင့်တင်ကာ သခင်အတွက် အလွန် အသုံးဝင်သူ ဖြစ်ချင်၏။

"ကောင်းပြီ၊ ဒါဆိုရင် မင်းပဲ ကိုင်တွယ်လိုက်ပါ။

"အော်... ပြီးတော့ သူ့ကိုမြှောင်ပြီး ဆူညံမနေစေနဲ့ဦး၊ ဒါက ငါ လေ့ကျင့်နေတဲ့အချိန်မှာ အာရုံပျက်စေတယ်။ ငါ လေ့ကျင့်တဲ့အခါ အာရုံစိုက်ဖို့ လိုတယ်။"

ချီယွမ်သည် မသေမျိုး ကျင့်ကြံခြင်းကို ကျင့်သားရနေပြီဖြစ်ရာ မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို ပြုလုပ်နိုင်သည် ဖြစ်သည်။

သို့သော် သိုင်းပညာ လေ့ကျင့်ခြင်းမှာမူ သူ့ဘဝအတွက် ပထမဆုံးအကြိမ် ဖြစ်သဖြင့် သူသည် အလွန် အလေးအနက်ထား၏။

၎င်းကို ကြားသောအခါ ရှဲ့ရှင်းစု၏ ရင်ထဲမှ အပူလုံးကြီးကျသွားပြီး သက်ပြင်းချနိုင်သွားသည်။

တစ်ချိန်တည်းမှာပင် သူမသည် အေးစက်သော်လည်း အတန်အသင့် ခန့်ညားသော ထိုအမျိုးသားကို ခိုးကြည့်ရင်း အတွေးနက်နေမိ၏။

ဒီခေတ်ကြီးထဲမှာ ယောက်ျားတစ်ယောက်က သိုင်းပညာကို လေ့ကျင့်နေတုန်းပဲလား။

မသေမျိုး ကျင့်ကြံခြင်းက သိုင်းပညာထက် အဆပေါင်းများစွာ သာလွန်သည် မဟုတ်ပါလား။

နင်သာ ဒီမင်းသမီးကို ကောင်းကောင်း ဆက်ဆံရင် ငါကကရုဏာပြပြီး နင့်ကို မသေမျိုးလမ်းစဥ်တစ်ခု ချီးမြှင့်ကောင်း ချီးမြှင့်မိမှာပါ။

အေးစက်သော အမျိုးသား ထွက်ခွာသွားသည်ကို ကြည့်ရင်း ရှဲ့ရှင်းစုသည် စိတ်သက်သာရာရမှုကို ရုတ်တရက်ခံစားလိုက်ရ၏။

ယခုအခါ ဧည့်ခန်းမှာ သူမအတွက် ဖြစ်သွားလေပြီ ။ အနီးအနားတွင် လူမရှိသဖြင့် ကျင့်ကြံရန် ကြိုးစားနိုင်ပြီ မဟုတ်ပါလား။

ဤနေရာရှိ ဝိညာဉ်စွမ်းအင်မှာ အတော်လေး သိပ်သည်းလှ၏။

ဇီးရိုးဝမ်းဆိုသော စက်ရုပ်ကတော့....။

၎င်းသည် လူသားတစ်ဦးပင် မဟုတ်ပေ။

ရှဲ့ရှင်းစုသည် ဤကမ္ဘာရှိ စက်ရုပ်များသည် သာမန်မျှသာ ဖြစ်ပြီး ဉာဏ်ရည်မရှိသလောက်နည်းပါးကာ ကိုယ်ပိုင် အသိစိတ်လည်း မရှိကြောင်း သိထားပြီးသားပင်။

အကယ်၍ သေမျိုးလောကမှ စက်ပစ္စည်းများက ကိုယ်ပိုင် အသိစိတ် ဖွံ့ဖြိုးလာနိုင်မည်ဆိုလျှင် ၄င်းမှာ မယုံနိုင်စရာ ထူးဆန်းမှုကြီးဖြစ်နေပေလိမ့်မည်။

ခရမ်းရောင်နန်းတော် အဆင့် သို့မဟုတ် ထိုထက်မြင့်သော ကျင့်ကြံသူများ သန့်စင်ထားသော ရတနာများသာလျှင် ကိုယ်ပိုင် ဝိညာဉ် ရရှိနိုင်မည့် အလားအလာ ရှိ၏။

ထို့ကြောင့် ဤသံရုပ်ထုကို တကယ့် သက်ရှိတစ်ဦးအဖြစ် မယူဆနိုင်ပေ။

သူမသည် ထိုသို့တွေးရင်း ကျင့်ကြံရန် သက်သောင့်သက်သာရှိသော နေရာတစ်ခုကို ရှာရန် ခုန်ထွက်တော့မည့်ဆဲဆဲတွင် ရုတ်တရက် အေးစက်သော လက်တစ်စုံက သူမကို ဖမ်းဆီးလိုက်၏။

"ကြောင်ဟင်းချက် ဗီဒီယိုရိုက်ဖို့အတွက် ငါနဲ့ ပူးပေါင်းပေးပါ"

ကြောင်အား ဖမ်းထားရင်းမှ ဇီးရိုးဝမ်းက တောင့်တင်းသော အသံဖြင့် ပြောသည်။

၎င်း၏ လေသံမှာ ကျိယွမ်နှင့် စကားပြောစဉ်ကကဲ့သို့ နူးညံ့ခြင်း မရှိတော့ပေ။

မြောင်..

မြောင်၊ မြောင်....

ရှဲ့ရှင်းစုက မခံရပ်နိုင်စွာအော်လိုက်၏။

နောက်နေတာလား။ နင်က တကယ်ပဲ ကြောင်ကို ဟင်းချက်ခိုင်းမလို့လား။

ကြောင်တစ်ကောင်က ဘယ်လိုလုပ်ပြီး ဟင်းချက်နိုင်မှာလဲ။

တစ်ဆက်တည်းမှာပင် ရှဲ့ရှင်းစုသည် လူစကား နားမလည်သယောင် ဟန်ဆောင်ကာ အပြစ်ကင်းသော အမူအရာကို ပြုလုပ်လိုက်သည် ။

လူစကား နားမလည်သော ကြောင်တစ်ကောင်က အလုပ်လုပ်စရာ မလိုဘူး... ဒါက သဘာဝကျတယ် မဟုတ်လား။

ကံမကောင်းစွာဖြင့် ဇီးရိုးဝမ်းက သူမကို လုံးဝ ဂရုမစိုက်ပေ။

"အော်... နင်က သဘောတူတယ်ပေါ့၊ ကောင်းပြီ... ဒါဆို ဗီဒီယို ရိုက်ကြစို့"

"တကယ်လို့ ငါတို့ အောင်မြင်အောင် မရိုက်နိုင်ရင် ဒီည နင့်ကိုကြောင်များအတွက် ပျော်ရွှင်မှုတုတ်တံနဲ့ စမ်းသပ်ခိုင်းမယ်"

"မြောင်"

ရှဲ့ရှင်းစုမှာ ဆွံ့အသွားရသည်။

ကြောင်တစ်ကောင်ကို ခြိမ်းခြောက်နေတယ်။

ဒီစက်ရုပ်က ရူးနေတာလား။

ဒီလိုစက်ရုပ်မျိုးက ဒီကမ္ဘာမှာ ဘယ်လိုလုပ် ရှိနိုင်တာလဲ။

သူမသည် နားမလည်သယောင် ဆက်လက် ဟန်ဆောင်ရန် စီစဉ်လိုက်သည် ။

သို့သော် ကံမကောင်းစွာဖြင့် ဇီးရိုးဝမ်းသည် ရှဲ့ရှင်းစုကို တုံ့ပြန်ရန် အခွင့်အရေး မပေးပေ။ ၎င်းသည် သူမ၏ ခြေထောက်များမှ ကိုင်ကာ မီးဖိုချောင်ဆီသို့ ဆွဲခေါ်သွားတော့သည်။

မြောင်..

မြောင်..

ခွီး.....

ဒါက ကြောင်ကို နှိပ်စက်တာပဲ။

ရှဲ့ရှင်းစု အော်ဟစ်လိုက်သော်လည်း အချည်းနှီးပင်။

သံထည်စက်ရုပ်နှင့် ရင်ဆိုင်ရသောအခါ သူမတွင် ခုခံနိုင်စွမ်း မရှိပေ။

တစ်နာရီ ကြာပြီးနောက် ရှဲ့ရှင်းစုသည် ကြမ်းပြင်ပေါ်တွင် အားအင်ကုန်ခမ်းစွာ ကွေးကွေးလေး လဲလျောင်းနေ၏။

ဤနှစ်နာရီမှာ အလွန် ပင်ပန်းလှသည်။

ဇီးရိုးဝမ်း၏ အတင်းအဓမ္မ ခိုင်းစေမှုအောက်တွင် သူမသည် ဟင်းလျာများ ချက်ပြုတ်ရင်း သူမ၏ အရှက်ရဖွယ် ကြောင်ဘဝကို မလွှဲမရှောင်သာ စတင်ခဲ့ရသည်။

ထိမျှတင်မကသေးဘဲ သူမသည် ဇီးရိုးဝမ်း၏ ခိုင်းစေမှုကြောင့် လူကြိုက်အများဆုံး အွန်လိုင်း အကအချို့ကိုလည်း ကပြခဲ့ရသေး၏။

၎င်းမှာ အလွန် အရှက်ရဖွယ် ကောင်းလှသည် မဟုတ်ပါလား။

ယခုအခါ သူမသည် အားအင်ကုန်ခမ်းသွားပြီး ခွန်အား လုံးဝမရှိတော့ပေ။

"ငါ့ရဲ့ ကျင့်ကြံမှုကို ပြန်ရလို့ လူသားပုံစံ ပြန်ပြောင်းနိုင်တဲ့ အခါကျရင် ဒီစုတ်ပြတ်သတ်နေတဲ့ စက်ရုပ်အစုတ်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်"

ရှဲ့ရှင်းစု၏ မျက်လုံးထဲတွင် ဇီးရိုးဝမ်းမှာ အလွန် ယုတ်မာနေပုံရသည် ။

စက်ရုပ်နှင့်ယှဥ်လျှင် ထိုအေးစက်ပြီး နှလုံးသားမရှိသော အမျိုးသားမှာ သူမအတွက် အတန်အသင့် ခန့်ညားပုံရသေးသည်။

"ဒါပေမဲ့... ဒီစက်ရုပ်က ငါ အရင်က မြင်ဖူးတဲ့ စက်ရုပ်တွေနဲ့ ဘာလို့ ကွာခြားနေတာလဲ။"

"အရမ်း တိုးတက်တဲ့ ကန်ရှင်းဂြိုဟ်ပေါ်က အဆင့်အမြင့်ဆုံး စက်ရုပ်တွေတောင် ဒီလောက်အထိ ဉာဏ်ရည် မရှိကြဘူး မဟုတ်လား။"

ဇီးရိုးဝမ်း၏ အတင်းအဓမ္မ ခိုင်းစေခြင်း ခံရသည့် ဤနှစ်နာရီအတွင်း သူမသည် ဇီးရိုးဝမ်းမှာ သူမ အရင်က ကြုံဖူးသည့် စက်ရုပ်များနှင့် မတူကြောင်းကိုလည်း မရေမရာ သိရှိလိုက်ရသည်။

ဥပမာအားဖြင့် ထိုစက်ရုပ်များသည် အေးစက်တောင့်တင်းပြီး စိတ်ခံစားချက် အရိပ်အယောင် လုံးဝ မရှိကြပေ။

ဇီးရိုးဝမ်းကမူ သူမကို ခြိမ်းခြောက်ရမည်ကို သိနေ၏။ဖိအားလည်းပေး၏ ။ အကျပ်ကိုင်သော စကားလုံးများကိုပင် နေရာတကျသုံးတတ်သေးသည်။

"ဒီအိမ်ထောင်စု တစ်ခုလုံးက... တကယ်ကို ထူးဆန်းနေတာပဲလား။"

"ဒီမှာ ရှိနေတဲ့ မသေမျိုး ရတနာက သူတို့ကို သက်ရောက်မှု ရှိနေလို့များလား။"

ရှဲ့ရှင်းစုသည် ဖြစ်နိုင်ချေများကို တွေးတောနေမိ၏။

"မဖြစ်ဘူး.. ငါကျင့်ကြံပြီး ပြန်လည် နိုးထလာရမယ်"

သူမသည် ဇွဲမလျှော့တမ်းကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

သူမသည် ဘေးကင်းသော နေရာတစ်ခုကို ရှာပြီး ထိုင်ကာ တရားမှတ်ခြင်းကို စတင်၏။

သူမ မသိလိုက်သည်မှာ စက်ရုပ်မျက်လုံး တစ်စုံက သူမကို စိုက်ကြည့်နေခြင်းပင်။

အသံသွင်းခြင်း လုပ်ဆောင်ချက်ကလည်း စတင်နေပြီဖြစ်ကာ ကြောင်တစ်ကောင်၏ တရားမှတ်ခြင်းနှင့် ကျင့်ကြံခြင်းတို့ကို ဗီဒီယို ရိုက်ကူးနေလေ၏။

ထို့နောက် ဇီးရိုးဝမ်းသည် ဗီဒီယိုကို တည်းဖြတ်ရန်နှင့် နောက်ခံစကားပြော ထည့်ရန်အတွက် ၎င်း၏ အခန်းသို့ ပြန်သွားလေသည်။

နာရီဝက်ခန့် ကြာပြီးနောက် "ဘက်ထရီဖိုးအတွက် အလုပ်ကြိုးစားနေသူ" ဟု အမည်ပေးထားသော အကောင့်တစ်ခုမှ ဗီဒီယိုအသစ်တစ်ခု တင်လိုက်၏။

"ကျွန်တော့်ကြောင်က ဝိညာဉ်ဝင်သွားပြီဗျ ... သူက ဟင်းချက်တတ်ရုံတင် မကဘူး၊ တရားမှတ်ပြီး ကျင့်ကြံတတ်နေပြီ"

-------------

All Chapters