ဒီအမှိုက်တွေအားလုံး လွှင့်ပစ်လိုက်
Vol. 27 Ch. 298
"ဒီနေရာမှာ ဝိညာဉ်စွမ်းအင်တွေက တော်တော်လေး သိပ်သည်းတာပဲ၊ ဒီမှာ ရှေးဟောင်း မှော်ရတနာတစ်ခုခု သေချာပေါက်ရှိနေပြီ"
သူမသည် ဝိညာဉ်စွမ်းအင်၏ အရင်းအမြစ်ကို ရှာဖွေရန် သူမ၏ ပန်းရောင်နှာခေါင်းလေးကို ရှုံ့လိုက်၏။
"သူတို့ အိပ်ပျော်သွားတာနဲ့ ငါ အဲဒီရတနာကို ရှာရမယ် ၊ ဒီလို ပိုင်ရှင်မဲ့ ရတနာမျိုးက ကောင်းကင်ကပေးတဲ့ အခွင့်အရေးပဲ ဖြစ်ရမယ်"
ရှဲ့ရှင်းစုသည် နှာခေါင်းလေးတရှုံ့ရှုံ့လုပ်ရင်း အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
သူမ၏ ခါးသီးသောနေ့ရက်များ နောက်ဆုံးတွင် ကုန်ဆုံးတော့မည်လား။
ဆင်းရဲဒုက္ခအားလုံးကို ခံစားပြီးနောက် သူမအတွက် ကံကောင်းခြင်းများ ရောက်လာတော့မည် အချိန်အခါပင်။
သူမသည် ဆက်လက်၍ ကျင့်ကြံနေခဲ့သည်။
စိတ်မကောင်းစရာမှာ ဝိညာဉ်စွမ်းအင် သိပ်သည်းသော်လည်း သူမ၏ ကျင့်ကြံမှုတိုးတက်ခြင်းက စိုးရိမ်စရာကောင်းလောက်အောင် နှေးကွေးနေ၏။
ပထမတွင် မသိသေးသော်လည်း မကြာမီတွင် သူမသည် ထိုပြဿနာကို သတိပြုမိသွားသည်။
"ဘယ်လိုလုပ်မလဲ ၊ ကြောင်တစ်ကောင်ရဲ့ခန္ဓာကိုယ်က ငါ အရင်က သင်ယူခဲ့တဲ့ မသေမျိုးကျင့်စဉ်တွေနဲ့ မကိုက်ညီဘူး..."
သူမ သင်ယူခဲ့သော ကျင့်စဉ်မှာ ကြီးကျယ်ခမ်းနားပြီး စနစ်ကျသော ကျင့်စဉ်တစ်ခု ဖြစ်သည်။
သို့သော် ၎င်းမှာ လူသားကျင့်ကြံသူများအတွက် ဖန်တီးထားခြင်းဖြစ်သောကြောင့် ကြောင်အဖြစ်နှင့် ကျင့်မရပေ။
ပြဿနာသူမကလည်း တိရစ္ဆာန်များနှင့် သင့်တော်သော မသေမျိုးကျင့်စဉ်ကို တစ်ကြိမ်မှမမြင်ဖူးခဲ့ပါ။
ယခုအခါ၌ ထိုနည်းစနစ်မျိုးကိုကျင့်ကြံရန် ကြိုးစားခြင်းမှာ ထူးဆန်းနေသလို ခံစားရ၏။
"ထားလိုက်ပါတော့၊ဒီလိုပဲ ဆက်ပြီးကျင့်ကြံတော့မယ်။ ဘာမှ အမှားအယွင်းမရှိရင် ရပြီ"
မသေမျိုးကျင့်စဉ် အမျိုးမျိုးသည် နောက်ဆုံးတွင် မဟာတာအိုဆီသို့သာ ဦးတည်၏။ အသေးအဖွဲ ပြဿနာအချို့ ရှိလာလျှင်ပင် ပြဿနာ မဖြစ်သင့်ပေ။
ဤသို့ဖြင့် ညမှာ ပို၍ မှောင်လာခဲ့သည်။
ကျွင်အန်း လူနေအိမ်ရာတစ်ခုလုံးတွင် လိမ္မော်ရောင်လင်းနေသော လမ်းမီးအချို့မှလွဲ၍ နေရာအများစုက မှောင်မိုက်ပြီး တိတ်ဆိတ်နေ၏။
အာကာသမှကြည့်လျှင် ကုံရှင်းဂြိုဟ်တစ်ခုလုံးမှာ မြူခိုးလုံးကြီးတစ်ခုနှင့် တူနေပြီး ထိုမြူခိုးများအထက်တွင် ထူးခြားသော မြူခိုးနှစ်မျိုးမှာ တစ်ခုနှင့်တစ်ခု ရောယှက်ကာ... ဝါးမြိုနေကြသည်။
ဧည့်ခန်းထဲတွင် အိပ်ချင်ဟန်ဆောင်နေသော ဇီးရိုးဝမ်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။
၎င်းသည် အိပ်မပျော်နိုင်ပါ။
အထူးသဖြင့် ဗီဒီယိုတင်ပြီးနောက်တွင် ဖြစ်သည်။
ခဏခဏဆိုသလို ၎င်းသည် တင်ထားသော ဗီဒီယိုတွင် မှတ်ချက်များ ရှိ၊ မရှိ စစ်ဆေးရသည်။
ဗီဒီယိုကို ဖွင့်ကြည့်လိုက်ရာ အနီရောင်အကြောင်းကြားချက်ကို မြင်သဖြင့် နှိပ်ကြည့်လိုက်၏။
ဟုတ်သည် မဟုတ်သည် အသာထားကြောင်တစ်ကောင်က ဟင်းချက်နေပြီး တရားထိုင်ကာကျင့်ကြံနေသည့် ဗီဒီယိုမှာ လူကြည့်များမည်မှာ သေချာသလောက်ပင်။
ထင်သည့်အတိုင်းဖြစ်နေပြီး နာရီအနည်းငယ်အတွင်းမှာပင် ၄င်း၏ဗွီဒီယို၌ မှတ်ချက်ပေါင်း ရာနှင့်ချီ ရှိနေခဲ့သည်။
"ကြောင်ဟင်းချက်တာ ကြည့်ဖို့ မင်းတို့အိမ်ကို လာလို့ရမလား"
"ငါ့ရဲ့ နတ်ဘုရားမကို ကြောင်ဟင်းချက်တာပြကြီး ဖိတ်ခေါ်ဖို့ ဒီဗီဒီယိုကို ခိုးယူသွားတယ်နော်။"
"အခု မနက် ၄ နာရီရှိပြီ၊ နောက် ၃ နာရီနေရင် အလုပ်သွားဖို့ ထရတော့မယ်။"
"ဒီဗီဒီယိုက အစစ်လား၊Ai နဲ့ ဖန်တီးထားတာလားဆိုတာ တစ်ယောက်ယောက် ပြောပြကြဦး ၊ကြောင်တစ်ကောင်က ဘယ်လိုလုပ် ဟင်းချက်နိုင်မှာလဲ၊ ပြီးတော့ တရားထိုင်တာကကော ဘာလဲ"
"လူတိုင်း သိကြတဲ့အတိုင်း ဗီဒီယိုတွေကို ဖိုတိုရှော့တော့ လုပ်လို့မရဘူး၊ ဒါကြောင့် ဒါဟာ အစစ်ပဲ ဖြစ်ရမယ်။"
"ကြောင်တွေက အရမ်းဉာဏ်ကောင်းတယ်၊ တစ်ခါတလေ လူတွေထက်တောင် ပိုဉာဏ်ကောင်းသေးတယ်။ သူတို့ ဟင်းချက်တာက ပုံမှန်ပါပဲ"
"ဟုတ်ပါ့မလား"
မှတ်ချက်များမှာ ဝိဝါဒအမျိုးမျိုး ကွဲပြားနေ၏။ အများစုကတော့ ကြောင်လေးသည် ချစ်စရာကောင်းပြီး ဉာဏ်ကောင်းသည်ဟု ချီးမွမ်းကြသည်။
သို့သော် အချို့ကလည်း ဗီဒီယိုမှာ Ai နည်းပညာများဖြငိ့ ပြုပြင်ဖန်တီးထားခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။
ကြောင်တစ်ကောင်က ဟင်းချက်ခြင်းမှာ..ဘယ်လိုမှမဖြစ်နိုင်ပေ။
ဤကမ္ဘာတွင် ကြောင်သည် ကြောင်မျှသာ ဖြစ်သည်။ လူ၏ ညွှန်ကြားချက်ကို နားလည်နိုင်လျှင်ပင် ထူးခြားနေပြီ ဖြစ်ရာ ဟင်းချက်ခြင်းမှာ ဆိုဖွယ်ရာ မရှိပေ။
သာမန်ကြောင်တစ်ကောင်က ဘယ်လိုလုပ် ဟင်းချက်နိုင်မှာလဲ။
ဇီးရိုးဝမ်းသည် ထိုမှတ်ချက်များကို ဖတ်လိုက်ပြီးနောက် ၎င်း၏ တည်ငြိမ်နေသော အီလက်ထရွန်နစ် နှလုံးသားထဲတွင် ဂယက်တစ်ခု ထသွားခဲ့သည်။
၎င်းသည် ရှင်းလင်းချက်ပေးရန် မှတ်ချက်ကဏ္ဍတွင် မှတ်ချက်တစ်ခု ရေးသားခဲ့သည်။
"ဒီဗီဒီယိုက စစ်မှန်ပြီး ပြုပြင်ဖန်တီးထားတာ မဟုတ်ပါဘူး။"
အကောင့်အသစ်တွင် ဖော်လိုဝါ ၁၀၀ ကျော် ချက်ချင်းရရှိလာသည်ကို မြင်သောအခါ ဇီးရိုးဝမ်းသည် ဖော်ပြ၍မရသော ပျော်ရွှင်မှုမျိုးကို ခံစားလိုက်ရ၏။
၎င်းသည် အိပ်ပျော်နေပြီဖြစ်သော ရှဲ့ရှင်းစုကို ကြည့်လိုက်ပြီး နောက်ထပ် ဘယ်လိုဗွီဒီယိုမျိုး ရိုက်ရမလဲဆိုသည်ကို စဉ်းစားနေသည်။
ရက်အနည်းငယ် ကြာပြီးနောက်။
ရှဲ့ရှင်းစုသည် ဆိုဖာပေါ်တွင် အားအင်ကုန်ခမ်းစွာ လှဲလျောင်းနေပြီး သူမ၏ ကြောင်နှလုံးသားလေးထဲတွင် အလွန် ဝမ်းနည်းနေခဲ့သည်။
ဒီစက်ရုပ်က လူမဆန်လိုက်တာ။
လွန်ခဲ့သောရက်များအားလုံး ၄င်းက သူမကို နှိပ်စက်နေသည် မဟုတ်ပါလား။
အစပိုင်းတွင် ဟင်းချက်ပြရုံသာ ဖြစ်သော်လည်း နောက်ပိုင်းတွင် နန်ချက်ကူ ဖြင့် သရုပ်ဆောင်ရန်အထိ ဖြစ်လာခဲ့သည်။
ကံမကောင်းစွာဖြင့် သူမ၏ အားနည်းသော ခန္ဓာကိုယ်ဖြင့် နန်ချက်ကူကိုပင် သေချာမကိုင်နိုင်သဖြင့် သရုပ်ဆောင်မှုမှာ... သနားစရာကောင်းနေခဲ့လေ၏။
စက်ရုက်ကတော့ မနားတမ်း ခိုင်းစေပြီး ၎င်းကိုပင် ပျော်နေပုံရသည်။
ရှဲ့ရှင်းစုသည် သူမကိုယ်သူမ ဆပ်ကပ်တိရစ္ဆာန် တစ်ကောင်လိုပင် ခံစားနေရလေပြီ။
အထူးသဖြင့် ဇီးရိုးဝမ်းက သူမရှေ့တွင် ဗီဒီယိုကြည့်ရှုနှုန်းများအကြောင်း ကြွားဝါနေသည်ကို မြင်သောအခါ ထိုပိုစ့်အောက်တွင် သူမကိုယ်တိုင်မှတ်ချက်ပေးပစ်လိုက်ချင်၏။
"ကိုယ်ကျိုးပဲကြည့်တဲ့ အတ္တစီးပွားသမားတွေ ၊ တိရစ္ဆာန်တွေကိုနှိပ်စက်ပြီး သရုပ်ဆောင်ခိုင်းတာကို ငြင်းဆန်ကြပါ"
သို့သော် သူမတွင် ဖုန်းမရှိပါ။
သူမသည် ဆိုဖာပေါ်တွင် ကူကယ်ရာမဲ့စွာ လှဲနေရင်း သူမ၏ကြောင်ဘဝလေးမှာ မှောင်မိုက်နေလေပြီဟု ဝမ်းနည်းစွာ ခံစားရသည်။
သို့သော် သူမသည် လူသားများပင်မလုပ်နိုင်သော ကျင့်ကြံခြင်းကို ပြုလုပ်နိုင်သည်ကို တွေးမိသောအခါ သူမ၏ စိတ်ဓာတ်များ ပြန်လည် နိုးကြားလာ၏။
သူမ၏ ကျင့်ကြံမှု အဆင့်တက်သွားသည်နှင့်တပြိုင်နက် စက်ရုပ်အစုတ်ကို ဟင်းချက်ခိုင်းခြင်း၊ နန်ချက်ကူ ကစားခိုင်းခြင်း၊ ရေချိုးခိုင်းခြင်းစသော ဗီဒီယိုများ ပြန်ရိုက်ပြီးလိုင်းပေါ်တင်ပစ်မည်ဟု ကြုံးဝါးလိုက်သည်။
သူမသည် ကျင့်ကြံမှုကို ဆက်လုပ်ရန် အားတင်းကာစတင်၏။
"ဟင်း... ဝိညာဉ်စွမ်းအင်တွေက ပိုတောင် သိပ်သည်းလာပြီ။ အဲဒီရတနာက... အနံ့ တော်တော်မွှေးတာပဲ။"
သူမသည် တုတ်တံအိတ်ပေါ်မှ ပြောင်းဖူးစားနေသည့် ကြောင်ဖြူလေး၏ မျက်နှာအမူအရာကဲ့သို့ စွဲလန်းသွားသော မျက်နှာထားမျိုးပင် ဖြစ်ပေါ်လာသည်။
ရတနာနှင့် ပတ်သက်၍ ရှဲ့ရှင်းစု၏ မူလအစီအစဉ်မှာ ကျိယွမ်ဆိုသော နှလုံးသားမဲ့သည့်အိမ်ရှင်မရှိသည့်အချိန်တွင် ခိုးယူရန်ဖြစ်၏။
သို့သော် စိတ်အနှောင့်အယှက်ဖြစ်စရာ စက်ရုပ်က သူမကို အမြဲစောင့်ကြည့်နေပြီး ဗီဒီယိုများ ရိုက်နေသောကြောင့် သူမတွင်အခွင့်အရေး မရှိခဲ့ချေ။
ကျိယွမ်၏ အခန်းထဲသို့ပင် မဝင်ရောက်နိုင်သေးပါ။
ထိုအချိန်တွင် အိမ်ခန်းအတွင်း၌ ကျိယွမ်သည် မျက်လုံးများဖွင့်လိုက်ပြီး နှစ်ခြိုက်စွာ ပြုံးနေ၏။
"ငါ နောက်ဆုံးတော့ အခြေတည်အဆင့်ကို ရောက်ပြီ... ပျံသန်းရမယ်ဆိုရင်တောင် ကြောက်စရာမလိုတော့ဘူး"
ဤကမ္ဘာသို့ ရောက်ရှိလာပြီး တစ်လကျော်အကြာတွင် သူသည်အခြေတည်အဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။
ကောင်းကင်ဘုံတာအိုအုတ်မြစ်နှင့်တည်ဆောက်ခြင်း မဟုတ်သောကြောင့်
ဤမျှလွယ်ကူမြန်ဆန်နေခြင်းဖြစ်နိုင်၏။ကျိယွမ်သည် ခွမ်းဟွမ်ကို မျိုးဗီဇပြောင်း ပင်လယ်မိစ္ဆာအချို့ ရှာခိုင်းပြီး ၎င်းတို့ကို အခြေခံအုတ်မြစ်တည်ဆောက်ခြင်း စိတ်ဝိညာဉ်ပစ္စည်းများအဖြစ် သန့်စင်ကာ သူ၏အုတ်မြစ်ကို ရိုးရှင်းစွာတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
အခြေတည်အဆင့်သို့ ရောက်ပြီးနောက် ကျိယွမ်၏ အင်အားမှာလည်း သိသိသာသာ တိုးလာခဲ့၏။ လေယာဉ်စီးရင်း တစ်ခုခု မှားယွင်းသွားလျှင်ပင် သူသည် သေမည်ကို စိုးရိမ်စရာမလိုဘဲ အေးအေးဆေဆေး ခုန်ချကာ လွတ်မြောက်နိုင်မည် ဖြစ်သည်။
"ကံမကောင်းတာက... ဒီကျိန်စာက အားကောင်းလွန်းနေသေးတာပဲ။
အခြေတည်အဆင့်ကို ရောက်သွားပေမယ့် ငါ့သက်တမ်းကို နှစ်နည်းနည်းပဲ တိုးနိုင်ခဲ့တယ်၊ ကျိန်စာကိုတော့ မဖြေရှင်းနိုင်သေးဘူး။"
သူ့ခန္ဓာကိုယ်ပေါ်မှ ကျိန်စာမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။
ယင်နတ်ဘုရား နယ်ပယ်သို့ မရောက်မချင်း ၎င်းကို ဖယ်ရှားနိုင်မည်မဟုတ်ဟု ချီယွမ် အလိုလိုခံစားနေမိ၏။
သူတစ်ခါက မြင်ဖူးခဲ့သော အမွှေးမရှိသည့် ငှက်၏ပုံရိပ်ကို သူပြန်လည်တွေးမိသွားသည်။
ထိုငှက်၏အဆင့်မှာ အလွန်မြင့်မားနေမှာ သေချာ၏။
မဟုတ်လျှင် သူသာမန်လူတစ်ယောက် ဖြစ်နေစဉ်က ထိုငှက်ကို မြင်လိုက်ရုံဖြင့် ကျိန်စာသင့်ကာ တစ်နှစ်အတွင်း သေဆုံးရမည့် ကံကြမ္မာမျိုး မည်သို့ဖြစ်လာနိုင်မည်နည်း။
"ဒါပေမယ့်..ဘာပဲပြောပြော အခု ငါ ကိုယ်ခံပညာ ပြိုင်ပွဲမှာ ပါဝင်မယ်ဆိုရင်... ပြိုင်ဘက်တွေကို လွှမ်းမိုးနိုင်မှာပဲ မဟုတ်လား"
ကျိန်စာသည် သူ၏ အင်အားကို အမြဲတမ်း ဖိနှိပ်ထားခဲ့သည်။
သို့သော် ယခုအချိန်၌ သူသည် စစ်မှန်သော အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလေပြီ။
ထို့အပြင် သူ၏ သိုင်းပညာ ကျွမ်းကျင်မှုမှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့ပြီး မင်ဝူတုန်ခါလက်သီးသိုင်းမှာ ဒသမအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ကိုယ်ခံပညာ ပြိုင်ပွဲ မစတင်မီတွင် သူသည် အဆင့် ၁၂ သို့ ရောက်ရှိနိုင်မည်ဟု ယုံကြည်ချက် ရှိ၏။
ထို့နောက်... မည်သူမျှ မချိုးဖြတ်နိုင်ပါဆိုသော သိုင်းပညာ၏ ကန့်သတ်ချက်များကို ချိုးဖျက်ပြမည် ဖြစ်သည်။
သိုင်းပညာကန့်သတ်ချက်၏ အလွန်တွင် ဘာရှိမည်နည်းဆိုသည်ကို သူအလွန်သိချင်နေ၏။
"တီ တီ .."
ဤအချိန်တွင် သူ၏ ဖုန်းမှ အကြောင်းကြားချက်တစ်ခုက ကျိယွမ်၏ အတွေးများကို အနှောင့်အယှက် ပေးလိုက်သည်။
သူသည် စာကို ဖွင့်ကြည့်လိုက်ရာ ဗီဒီယိုတစ်ခု ဖြစ်နေသည်ကို တွေ့ရ၏။
ဗီဒီယိုထဲတွင် ကြောင်တစ်ကောင်သည် နန်ချက်ကူကို အသုံးပြုကာ စွဲမက်ဖွယ်ကောင်းပြီး ဖျော်ဖြေမှုရှိသော သရုပ်ဆောင်ချက်များကို လုပ်ဆောင်
နေလေသည်။
ဗီဒီယိုပေးပို့သူမှာ သူ၏ အတန်းဖော်ဟောင်း လီယန် ဖြစ်၏။
ဗီဒီယိုအောက်တွင် စာအချို့ ရှိနေခဲ့သည်။
"ဒါ နင့်အကောင့်လား"
"ဒီဗီဒီယိုကို ငါတွေ့တယ်၊ ကြည့်ရတာ ရင်းနှီးနေသလိုပဲ။"
"ဒါ နင့်အိမ်က အပြင်အဆင် မဟုတ်လား"
"နင် ကြောင်အသစ် ရထားတာပဲ၊ တော်တော် ရယ်ရတယ်ဟဲ့။ ဒီဗီဒီယိုကို ဘယ်လိုရိုက်တာလဲ"
"ငါ အရမ်းမနာလိုဖြစ်နေပြီ၊ အခုဆို ဖော်လိုဝါ တစ်သောင်းတောင် ရှိနေပြီပဲ။ နင် နာမည်ကြီးလာရင် ငါ့နာမည်ခေါ်ပြီး နှုတ်ဆက်ဖို့ မမေ့နဲ့ဦး"
လီယန်သည် အတော်လေး စိတ်လှုပ်ရှားနေပုံရသည်။
ကျိယွမ်သည် ထိုစာများကို ဖတ်ပြီး ပေါ့ပေါ့ပါးပါးပင် ပြန်စာပို့လိုက်၏။
"ငါ ရိုက်တာမဟုတ်ဘူး၊ ငါ့စက်ရုပ်ရိုက်ထားတာ။"
"ဒီကြောင်က အလကားပါ ၊ ငါ လမ်းပေါ်က ကောက်လာတဲ့ ကြောင်တောင်တောင် တစ်ကောင်ပဲ။"
"သူက ငါ့အိမ်မှာ အလကား လာနေလို့ မရဘူး၊ သူ့စားစရိတ် သူရှာဖို့ အလုပ်လုပ်ရမယ်။"
"ဒါကြောင့် ဇီးရိုးဝမ်းကို သူ့ဗီဒီယိုတွေ ရိုက်ခိုင်းလိုက်တာ။"
ကျိယွမ်စာပို့လိုက်သည်နှင့် လီယန်၏ ပြန်စာက ချက်ချင်း ရောက်လာခဲ့သည်။
"ဪ... စက်ရုပ်က ရိုက်ထားတာကိုး။ ဒါပေမဲ့ ကြောင်က အစစ်လေ၊ ဗီဒီယိုကလည်း ပြုပြင်ထားတာ မဟုတ်ဘူး။ နင့်ကြောင်က အံ့သြဖို့ကောင်းလိုက်တာ ၊ ဟူး... ငါ အလုပ်ကိစ္စနဲ့ ခရီးထွက်နေလို့ တော်သေးတာပေါ့၊ မဟုတ်ရင် ကြောင်ကိုကြည့်ဖို့ နင့်အိမ်ကို သေချာပေါက် လာမှာ။ အဲဒါက မယုံနိုင်စရာပဲ။"
" တောက်... အဲဒီအရင်းရှင်တွေကတော့၊ ငါတို့ကို နေ့တိုင်း အသေအလဲ အလုပ်ခိုင်းနေတာ။"
"ငါ့မှာသာ နင့်လို ကြောင်မျိုးရှိရင် နေ့တိုင်း ဗီဒီယိုလေးတွေ ရိုက်ပြီး နာမည်ကြီး အင်ဖလူရန်ဇာဖြစ်လာမှာ၊ အလုပ်လုပ်စရာ မလိုတော့ဘူး။"
လီယန်၏ လေသံမှာ မနာလိုမှုများဖြင့် ပြည့်နှက်နေ၏။
နောက်ဆုံးတွင် ကျိယွမ်သည် ဤကြောင်လေးကြောင့် ငွေကြေးကို မည်သူ၏မျက်နှာမှ ကြည့်စရာမလိုဘဲ လွတ်လပ်စွာ ရရှိနိုင်တော့မည်ကို သူမ ကြိုတင် မြင်ယောင်လာသည်။
၎င်းက သူမ၏ ခံစားချက်ကို အတော်လေး ရှုပ်ထွေးစေသည်။
၎င်းမှာ အတန်းထဲတွင် စာညံ့သော ကျောင်းသားတစ်ဦးက တခြားကျောင်းတွင် ထိပ်တန်းတက္ကသိုလ်တစ်ခုသို့ ရုတ်တရက် တက်ခွင့်ရသွားသလိုမျိုး ပင်။
"နင် ပြောတာမှန်တယ်၊ အလုပ်လုပ်တယ်ဆိုတဲ့ စကားက ငါ့အတွက် မဟုတ်ဘူး။ ဘဝမှာ ငါက ဘယ်တော့မှ အလုပ်လုပ်မှာ မဟုတ်ဘူး၊ အလုပ်လုပ်တာထက်စာရင် ဂိမ်းဆော့တာက ပိုကောင်းတာပေါ့။"
ကျိယွမ်သည် လီယန်၏ စကားများကို သဘောတူလိုက်၏။
"နောက်တစ်ခါကျရင် ဝမ်ရွှီနဲ့ ငါ နင့်ကြောင်ကို လာကြည့်မယ်။"
"ဪ ဒါနဲ့...ပြီးခဲ့တဲ့ အခေါက်က အောင်သွယ်ပေးတဲ့ လူနဲ့ တွေ့တာ ဘယ်လိုလဲ ၊ ချွေဖန် ထောင်ကျသွားတာ နင်သိလား ၊ သူ စီစဉ်ပေးတဲ့ အောင်သွယ်မှုက စိတ်ချရမှာ မဟုတ်ဘူး။"
မူလက လီယန်သည် ဤအကြောင်းကို မပြောချင်ပေ။
သို့သော် ကျိယွမ်သည် ဝင်ငွေများစွာ ရတော့မည်ဖြစ်ရာ ထိုအောင်သွယ်ပေးသူက အလကားနေရင်း အကျိုးအမြတ် ရသွားမည်ကို စိုးရိမ်သဖြင့် သူမ စိတ်ထဲ မတင်မကျ ဖြစ်နေခဲ့သည်။
"အဆင်ပြေပါတယ်၊ ငါ သူ့ဆီကနေ ပိုက်ဆံ တော်တော်များများတောင် ချေးထားသေးတယ်။"
ကျိယွမ်သည် ထိုနေ့က ကိုယ်ကျပ်ဝတ်စုံ ဝတ်ထားသည့် လှပသောမိန်းမပျိုလေးအားသတိရသွားသည်။
ယခု သူ့တွင် ပိုက်ဆံရှိပြီ ဖြစ်ရာ သူမကို ပြန်ပေးရန် အသင့်ဖြစ်နေလေပြီ။
ဒါပေမယ့်... သူမကို သူ ရှာမတွေ့တော့ချေ။
ကျိယွမ်၏စတိုင်အရဆိုလျှင် သူသည် ငွေပြန်ပေးရန် ထိုလူကို သေချာပေါက် ရှာမည်ဖြစ်၏။
သို့သော် ယခုမူ သူ့တွင် စိတ်ရောဂါ ရှိကြောင်း လက်မှတ်ရှိနေပြီဖြစ်ရာ စိတ်မနှံ့သူတစ်ယောက်က ငွေပြန်မဆပ်ခြင်းမှာ... ကျိုးကြောင်းဆီလျော်သည် မဟုတ်လား ။
သူသည် ဖုန်းပိတ်လိုက်ပြီး မနီးမဝေးရှိ သေတ္တာထဲမှ ပစ္စည်းပုံကို ကြည့်လိုက်သည်။
"ပြီးတော့ ဒီအခြေခံအုတ်မြစ်တည်ဆောက်ခြင်းကနေ ကျန်ခဲ့တဲ့ အကြွင်းအကျန်ပစ္စည်းတွေ... ဒါတွေက အနံ့က ပြင်းလွန်းတယ်၊ လေထုကို ညစ်ညမ်းစေတယ်။"
မျိုးဗီဇပြောင်း ပင်လယ်မိစ္ဆာအသားများကိုသန့်စင်ပြီး အခြေတည်အုတ်မြစ်အတွက် စိတ်ဝိညာဉ်ပစ္စည်းများ ပြုလုပ်ရာမှတစ်ဆင့် အမှိုက်ပုံကြီးလည်း ထွက်လာခဲ့သည်။
ထိုအမှိုက်များ၏အနံ့မှာ အမျိုးမျိုးရှိပြီး နှာခေါင်းထဲတွင် အလွန်မနှစ်မြို့ဖွယ်ကောင်းလှ၏။
"ဇီးရိုးဝမ်း၊ ဒီကိုလာပြီး ဒီအမှိုက်တွေကို အမှိုက်ပုံးထဲ သွားပစ်လိုက်စမ်း။"
ကျိယွမ်က နှာခေါင်းရှုံ့ကာ လှမ်းခေါ်လိုက်သည်။
ချက်ချင်းပင် ဇီးရိုးဝမ်းသည် တံခါးဖွင့်ဝင်လာပြီး ကျိယွမ်၏ ညွှန်ကြားချက်အတိုင်း အမှိုက်များ ပြည့်နေသော သေတ္တာကို သယ်သွားလေသည်။
အနားရှိ ရှဲ့ရှင်းစုသည်လည်း ဤအချိန်ကို အခွင့်အရေးယူကာ မသိမသာဖြင့် အခန်းထဲ ပြေးဝင်လာခဲ့သည်။ သူမသည် သေတ္တာထဲရှိ အရာများကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးသွားလေ၏။
သေတ္တာထဲရှိ ပစ္စည်းများမှာ... အခြေခံအုတ်မြစ်တည်ဆောက်ခြင်း စိတ် ဝိညာဉ်ပစ္စည်းများ ဖြစ်ကြောင်း သူမ ချက်ချင်း သိလိုက်သည် မဟုတ်ပါလား။
၎င်းတို့၏ အဆင့်မှာလည်း မနိမ့်ပေ။
သူမ၏ကမ္ဘာရှိ သတ်မှတ်ချက်များအရပင် ဤအခြေခံအုတ်မြစ်တည်ဆောက်ခြင်း စိတ်ဝိညာဉ်ပစ္စည်း အများအပြားမှာ အဆင့်မြင့်များ ဖြစ်ကြ၏။
၎င်းတို့ထဲမှ အချို့မှာ ပထမတန်းစား ပင် ရှိ၏။
ဝန်ခံရလျှင် ရှဲ့ရှင်းစုအခြေခံအုတ်မြစ် တည်ဆောက်စဉ်ကပင် ဒုတိယတန်းစား အခြေခံအုတ်မြစ် စိတ်ဝိညာဉ်ပစ္စည်းများကိုသာ အသုံးပြုခဲ့ရသည်။
ဤနေရာတွင်မူ ပထမတန်းစားရတနာများက အပုံကြီးရှိနေ၏။ သူမ မည်သို့ မနာလို မဖြစ်ဘဲ နေနိုင်မည်နည်း။
အကယ်၍ ယခုသေတ္တာထဲမှ စိတ် ဝိညာဉ်ပစ္စည်းအားလုံးကိုရွှမ်ထျန်း ဂိုဏ်းသို့ ပြန်သယ်သွားနိုင်လျှင် ဂိုဏ်း၏ အင်အားမှာ သိသိသာသာ တိုးတက်လာမည်မှာ သေချာ၏။
ကျိယွမ်သည် ဤမျှများပြားသော ရတနာများကို ဘယ်က ရလာလေသနည်း။
သူမသည် မနာလို ဖြစ်မိသလို စိုးရိမ်ပူပန်မှုနှင့် မကျေနပ်မှုများကိုလည်း ခံစားနေရသည်။
အကြောင်းမှာ သူမ တစ်ခုခု ကြားလိုက်ရသောကြောင့် ဖြစ်သည်။
ဘာမှမသိသော၊ အေးစက်ပြီး နှလုံးသားမရှိသော အိမ်ရှင်လူသားသည် အဖိုးတန်ရတနာဖြစ်သော စိတ်ဝိညာဉ်ပစ္စည်းများကို အမှိုက်ဟုထင်ကာ အမှိုက်ပုံးထဲသို့ လွှင့်ပစ်ချင်နေသည်မဟုတ်ပါလား။
ထိုသူက အကဲပိုစွာ နှာခေါင်းကိုပင် ပိတ်ထားသေးသည်။
"မြောင်
မြောင်
မြောင်"
ရှဲ့ရှင်းစုသည် ကျိယွမ်ကို တားရန် ကြိုးစားရင်း သူ၏ရှေ့တွင် အလန့်တကြား လူးလှိမ့်ပြရတော့သည်။
ဘာမှ မသိတဲ့လူကြီး ၊ ဒါတွေကို လွှင့်ပစ်လို့ မရဘူး။
ကျိယွမ်သည် သူမကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကို တားရန် ကြိုးစားနေသည့် သူမ၏ရည်ရွယ်ချက်ကို သိမြင်သွားပုံရသည်။
"ဒီကြောင် ဘာမှမသိဘူး ၊ ဒီအမှိုက်တွေက အနံ့အရမ်းနံတယ်။ ဒီမှာ ထားထားရင် လေထု ညစ်ညမ်းစေတယ်။ ဇီးရိုးဝမ်း၊ အပြင်ကို ယူသွားပြီး လွှင့်ပစ်လိုက်တော့။"
ကျိယွမ်က စိတ်ကူးမပြောင်းသည့်အပြင် အပြင်ဘက်အထိသွားရန်ပါ အမိန့်ပေးလိုက်၏။
ဇီးရိုးဝမ်းသည် ရှဲ့ရှင်းစု၏ အော်ဟစ်သံများကို လျစ်လျူရှုကာ သေတ္တာကို သယ်ပြီး အိမ်ထဲမှ ထွက်သွားခဲ့သည်။
ရှဲ့ရှင်းစုသည် ဧည့်ခန်းထဲတွင် ကျန်ရစ်ခဲ့ပြီး သူမ၏ မျက်လုံးများမှာ ဗလာဖြစ်နေကာ ပြင်းထန်သော နှလုံးကြေကွဲမှုကို ခံစားလိုက်ရ၏ ။
ဒီအရှင်သခင် အစုတ်... တန်ဖိုးကို မသိလိုက်တာ။
ဒီအခြေခံတည်ဆောက်ခြင်း စိတ်ဝိညာဉ်ပစ္စည်းတွေရဲ့အနံ့က ဘယ်လိုလုပ်နံရမှာလဲ ၊ ဒါတွေက မသေမျိုး ရနံ့တွေ ထွက်နေတာ သိသာနေတာကို။
ဝမ်းနည်းစရာမှာ သူမသည် ကြောင်တစ်ကောင်သာဖြစ်ပြီး စက်ရုပ်တစ်ရုပ်၏ အမြဲတမ်း နှိပ်စက်ခြင်းကိုပင် မတွန်းလှန်နိုင်ဖြစ်နေသည် မဟုတ်ပါလား။
ပြီးတော့ သူမ၏အရှင်သခင်ကလည်း ထင်ရာလုပ်တတ်သော စိတ်ရောဂါ လက်မှတ်ရှိနေသည့်သူဖြစ်သည်။
သူမသည် သူမ၏ကိုယ်ပိုင်ရတနာများကို ဘာမှမသိသော တောဝက်တစ်ကောင်က ဖြုန်းတီးနေသကဲ့သို့ မကျေမနပ် ခံစားနေရ၏။အမှန်တကယ်ပင် နှလုံးကြေကွဲစရာ ကောင်းလှသည်။
ထိုအချိန်တွင် ကျိယွမ်၏အိမ်နီးနားချင်းဖြစ်သော ယန်ရှန်း၏အိမ်တွင် လူတစ်စု စုဝေးနေကြသည်။
ယန်ရှန်းသည် သံသယများဖြင့် ပြည့်နေသောမျက်လုံးများဖြင့် သူတို့အားကြည့်နေ၏။
သူသည် အဖွဲ့ထဲမှလူအချို့ကို သူမှတ်မိပါသည်။
၎င်းတို့ထဲမှ တစ်ဦးမှာ စစ်တိုင်းမှူး၏ သားဖြစ်၏။
ထိုကဲ့သို့သော ဒုတိယမျိုးဆက်မှာ ယန်ရှန်း၏အဆငိ့အတန်းမျိုးနှင့် မော့ကြည့်ရလောက်အောင် ကမ္ဘာခြားသူများ ဖြစ်သည်။
သို့သော် ယခုအခါမှာတော့ ထိုဒုတိယမျိုးဆက်မှာ သာမန်ရုပ်ရည်ရှိသော လူတစ်ယောက်၏ လက်ပါးစေမျှသာ ဖြစ်နေပုံရ၏။
ထိုသာမန်ရုပ်ရည်နှင့် လူမှာ ဤအုပ်စု၏ ခေါင်းဆောင် ဖြစ်သည်။
၎င်းက ယန်ရှန်းကို အလွန်ဇဝေဇဝါ ဖြစ်စေပြီး နားမလည်နိုင်ချေ။
ဒါဟာ... နောက်ထပ် ထင်ရှားတဲ့ မိသားစုတစ်ခုက လူများလား။
"ဒါဆို... သူက ဒီတစ်လျှောက်လုံး သိုင်းပညာတွေပဲ လေ့ကျင့်နေတယ်ပေါ့ ၊ ဟုတ်လား "
သာမန်ရုပ်ရည်ရှိသော လော့ဖင်၏ မျက်လုံးများမှာ တည်ငြိမ်ပြီး အတော်လေး ဂုဏ်သရေရှိပုံရသည်။
"ဟုတ်တယ်... သူက သိုင်းပညာတွေပဲ လေ့ကျင့်နေတာ။ သူ့ရဲ့ သိုင်းပညာ ပါရမီက... ငါ မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ၊ သူက သိုင်းပညာရှင်တွေရဲ့ ကန့်သတ်ချက်တွေကိုတောင် ချိုးဖျက်နိုင်လိမ့်မယ်"
ယန်ရှန်း၏ မျက်လုံးထဲတွင် စိတ်အားထက်သန်မှုအချို့ဖြင့် ပြောလိုက်သည်။
ကျိယွမ်ကသာ သိုင်းပညာရှင်တစ်ဦး၏ ကန့်သတ်ချက်များကို ချိုးဖျက်နိုင်ခဲ့လျှင် သမိုင်းတွင်မည့်သူဖြစ်လာမည် မဟုတ်ပါလား။
ဧည့်သည်များ၏ ရည်ရွယ်ချက်မှာ ဘာလဲဆိုသည်ကို သူမသိသော်လည်း အထက်မှအမိန့်အရ သူသည် ကျိယွမ်နှင့် ပတ်သက်သော အချက်အလက်များကို ထုတ်ဖော်ခဲ့ရ၏။
သို့သော် သူသည် သိုင်းပညာတွင် ကျိယွမ်၏အရေးပါမှုကို တမင်အရိပ်အမြွက်ထည့်ပြောခဲ့ခြင်းမှာ ကျိယွမ်အား လက်လွယ်စပယ်မလုပ်မိစေရန် သတိပေးခြင်းလည်းဖြစ်သည်။
သို့သော် သူတို့သည် အဘယ့်ကြောင့် ကျိယွမ်၏အကြောင်းကို အိမ်အထိလာမေးနေသလဲဆိုသည်ကိုတော့ သူနားမလည်ဖြစ်နေရလေ၏။
၎င်းမှာ ကျိယွမ်၏ မိဘများနှင့် ပတ်သက်နေသလား။
"သိုင်းပညာရှင် တစ်ယောက်လား... သူ့ရဲ့ ရွေးချယ်မှုက စိတ်ဝင်စားဖို့ကောင်းသားပဲ"
ဒုတိယမျိုးဆက်လူငယ်က ပြုံးလိုက်သော်လည်း သူ၏ အပြုံးထဲတွင် လှောင်ပြောင်မှုအချို့ ပါဝင်နေခဲ့သည်။
"ယောက်ဖ .. ငါ့အမြင်အရတော့ ပူးပေါင်းဆောင်ရွက်ဖို့ မလိုပါဘူး။ သူက... တစ်နှစ်ပဲ ကျန်တော့တာဆို။"
သူတို့၏လျှို့ဝှက်ဆန်းကြယ်သော စကားများကြောင့် ယန်ရှန်းမှာ ပို၍ပင် မျက်စိလည်သွားရသည်။
သာမန်ရုပ်ရည်ရှိသော လော့ဖင်သည် ခဏမျှ စဉ်းစားပြီးမှ ခေါင်းညိတ်၏။
"မင်းပြောတာ မှန်တယ်။ သူသာ ငါ့လိုဆိုရင် သိုင်းပညာကို ရွေးချယ်မှာ မဟုတ်ဘူး။"
ဆယ်နှစ်ကြာပြီးနောက် ဝိညာဉ်စွမ်းအင်များ ပြန်လည် နိုးထလာလျှင်ပင် သိုင်းပညာသည် အနည်းငယ်သာ ပြန်လည် ဦးမော့လာမည်ဖြစ်သည်။
သို့သော် ထိုမျှသာဖြစ်ပြီး မသေမျိုးလမ်းစဥ်နှင့် နှိုင်းယှဉ်လျင် ကွာဟချက်သည် အလွန်ကြီးမားနေဆဲပင်။
ကျိယွမ်တွင် နောက်ဆယ်နှစ်အတွက် အမှတ်တရများ မရှိပုံရသည်၊ သူ၏မှတ်ဉာဏ်များက တစ်နှစ်သာတည်းသာရှိသဖြင့် ဘာမှအရေးမပါပေ။
ပြန်လည်ဝင်စားလာသူတစ်ဦးအနေဖြင့် လော့ဖင်သည် ပစ္စုပ္ပန်သို့ ပြန်ရောက်လာခဲ့ပြီးနောက် ကြယ်ခုနှစ်ပွင့်အဆင့်များထဲမှ အဓိကမိသားစုတစ်ခုနှင့် ဆက်သွယ်ကာ ဆက်ဆံရေး တည်ဆောက်ခဲ့သည်။
သူသည် သူ၏ ယခင်ဘဝက ကတိအတိုင်း ထိုမိသားစု၏ အဖိုးတန်သမီးတော်၊ ပင်လယ်နှစ်စင်း၏ မင်းသမီးလေးနှင့်လည်း လက်ထပ်ခဲ့သည်။
သူ၏ယခင်ဘဝမှာ ထိုကဲ့သို့သော အမျိုးသမီးမျိုးမှာ သူနှင့် လက်လှမ်းမမီရန်မဆိုထားနှင့် တွေ့ဆုံစကားပြောရန်ပင် အခွင့်အရေးမရှိသော သူမျိုးဖြစ်သည်။
ယခုဘဝတွင်မူ သူမသည် သူ၏အောက်တွင် လဲလျောင်းကာ နူးညံ့သိမ်မွေ့စွာ ပေးဆပ်နေခဲ့သည်။
လော့ဖင် အလွန်ကျေနပ်နေခဲ့၏။
ဒါဟာ အခွင့်အရေးပဲ၊ ပြန်လည်ဝင်စားလာသူတစ်ဦးရဲ့ အဖိုးတန်အခွင့်အရေးလေ။
လော့ဖင်သည် သူသိထားသော သတင်းအချက်အလက် ကွာဟချက်ကို အသုံးချကာ အကျိုးကျေးဇူးများနှင့် အခွင့်အလမ်း အမျိုးမျိုးကို ရှာဖွေနေခဲ့သည်။
၎င်းတို့အထဲတွင် အကြီးမားဆုံး အခွင့်အရေးမှာ... မသေမျိုးဖြစ်လာမည့် ကံကြမ္မာပင်။
မူလက သူသည် ကျိယွမ်နှင့် တွေ့ဆုံကာ သူ့ထံမှ အသုံးဝင်သော အချက်အလက်များ ရှိ၊ မရှိ သိချင်ခဲ့သည်။
သို့သော် ကျိယွမ်သည် တစ်နှစ်အတွင်း သေတော့မည် ဖြစ်ရာ တန်ဖိုးရှိသော အချက်အလက်များ ရှိနိုင်မည်မဟုတ်ပေ။ ကမ္ဘာကြီးပြန်လည်မစတင်မီက ကြယ်ခုနှစ်ပွင့်မိသားစုက သူ့ကို ဆက်သွယ်ခဲ့ခြင်းပင် မရှိလောက်ပေ။
ကျိယွမ်ဆိုသူ၌သာ ၁၀ နှစ်စာမှတ်ဉာဏ်များရှိနေလျှင် သူသည် အသုံးမဝင်သော သိုင်းပညာနောက်သို့လိုက်နေမည်မဟုတ်ပေ။ထို့အစား ကြယ်ခုနှစ်ပွင့်မိသားစုများနှင့်ဆက်သွယ်ကာ အကျိုးအမြတ်များ ဖန်တီးမှာ သေချာ၏။
လော့ဖင်က သေချာစဥ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။
"တကယ်ပါပဲ၊ သူက သင့်တော်တဲ့ ပါတနာ မဟုတ်ပါဘူး... ဒါပေမယ့် သူ့ကို သွားတွေ့ရတာ နစ်နာစရာတော့ မရှိပါဘူး။"
----------------