သိုင်းစိတ်ဆန္ဒ
Vol. 27 Ch. 299
ကျိယွမ်၏ အိမ်အတွင်း၌ ရှဲ့ရှင်းစု၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံနေသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် စိတ်ဝိညာဉ်ပစ္စည်းများ အမှိုက်ပုံထဲသို့ ပစ်ချခံလိုက်ရသည်ကို မြင်ရသည်မှာ သူမအတွက် အလွန်ပင်နှလုံးကြေကွဲစရာ ကောင်းလှ၏။
သူမ၏ နှလုံးသားမှာ နာကျည်းမှုများဖြင့် ပြည့်နှက်နေသည် ။ ကြောင်တစ်ကောင်ဖြစ်နေပြီး အစွမ်းမဲ့နေသည့် မိမိကိုယ်ကိုယ် နာကျည်းသလို၊ ရတနာကိုရတနာမှန်း မသိသည့် ထုံထိုင်းအ'န၊ အေးစက်ခက်ထန်သော ထိုလူသားကိုလည်း နာကျည်း၏။
တစ်အိမ်သားလုံး အရူးတွေ ..။
အသုံးမကျသော သိုင်းပညာကို လေ့ကျင့်လွန်း၍ သူသည် ယခုလိုထုံထိုင်းသွားခြင်း ဖြစ်နိုင်သည်ဟုပင် သူမတွေးမိသည်။
ထိုစဉ် ရုတ်တရက် အိမ်ရှေ့မှ လူခေါ်ဘဲလ်သံ မြည်လာခဲ့သည်။
ရှဲ့ရှင်းစုသည် တံခါးဘက်သို့ အားအင်ချည့်နဲ့စွာ ကြည့်လိုက်၏။
အခြေခံတည်ဆောက်ခြင်း စိတ်ဝိညာဉ်ပစ္စည်းများ မရှိတော့သဖြင့် အခန်းတွင်းရှိ ဝိညာဉ်စွမ်းအင်မှာ သိသိသာသာ လျော့ပါးသွားလေပြီ။
သို့သော်လည်း ရှဲ့ရှင်းစု၏အမြုတေအဆင့် ကျင့်ကြံသူဟောင်းတစ်ဦး၏ အစွမ်းနှင့် အသိအမြင်အရ သူမ ယခင်က ခံစားခဲ့ရသော ရတနာသည် ထိုနေရာ၌ ရှိနေဆဲဖြစ်ကြောင်းကိုတော့ သေချာသိ၏။
ဒါကိုတော့ ငါရအောင် ယူပြမယ် ။
ကျိယွမ်သည် သူ၏အခန်းထဲမှ ထွက်လာကာ တံခါးဖွင့်ပေးလိုက်ပြီး အပြင်ဘက်မှ လူငယ်ကို တဝါးဝါးသမ်းဝေလျက်မှ နှုတ်ဆက်သည်။
"ဘယ်သူ့ကို ရှာတာလဲ"
"ကျွန်တော် အထဲဝင်ပြီး ခဏလောက် ထိုင်လို့ရမလား"
အပြင်ဘက်မှလူက လာရင်းကိစ္စကိုမပြောဘဲ တောင်းဆိုသလိုမေးမြန်းသည်။
သူသည် လော့ဖင်ဖြစ်၏ ။ ယခုတစ်ကြိမ်တွင် သူ တစ်ယောက်တည်း လာခဲ့ခြင်းပင်။
သူ၏ လက်အောက်ငယ်သားများ အားလုံးမှာ ယန်ရှန်း၏ အိမ်၌ပင် ကျန်ရစ်ခဲ့ကြသည်။
"ရတာပေါ့"
ကျိယွမ်က လူစိမ်းကို ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်ပြီး တံခါးဖွင့်ပေးလိုက်၏။
သူ၏ အဖြေမှာ လော့ဖင်ကို အနည်းငယ် အံ့အားသင့်သွားစေသည်။
အကယ်၍ သူသာဆိုလျှင် မသိသောသူတစ်ယောက်က တံခါးလာခေါက်ပြီး အထဲဝင်ထိုင်ပါရစေဟု ပြောပါက မည်သည့် ရည်ရွယ်ချက်ဖြင့် လာသနည်းဟု အရင်ဆုံး သေချာပေါက် မေးမြန်းမည် ဖြစ်သည်။
သို့သော် တစ်ဖက်လူတွင် စိတ်ကျန်းမာရေး ပြဿနာရှိနိုင်သည်ကို ထည့်သွင်းစဉ်းစားလိုက်သောအခါ အရာအားလုံးမှာ ယုတ္တိရှိပြီး ပုံမှန်ဖြစ်သွားသလို ခံစားလိုက်ရ၏။
လော့ဖင်သည် အခန်းထဲသို့ ဝင်လာကာ အိမ်တစ်အိမ်လုံးကို ဝေ့ဝဲကြည့်ရှုပြီးနောက် ဆိုဖာပေါ်တွင် ကျနစွာထိုင်လိုက်သည်။
ထို့နောက် သူက မိမိကိုယ်ကိုယ် မိတ်ဆက်၏။
"ကျွန်တော့်နာမည် လော့ဖင်ပါ။ လွန်ခဲ့တဲ့ နှစ်လက ကျွန်တော်ဟာ သာမန် ဝန်ထမ်းတစ်ယောက်ပဲ ဖြစ်ခဲ့တာပါ။"
"ခင်ဗျားသိတဲ့အတိုင်း ဆင်းရဲသားဆိုတော့ ကျွန်တော် ကြီးပြင်းလာတဲ့အထိ ယောက္ခမဆိုတာ မရှိခဲ့ဖူးဘူး။ ဒါနဲ့ပဲ အရာရှိကြီးတစ်ယောက်ဆီ သွားတွေ့ခဲ့တယ်။ တကယ့်ကို အဆင့်မြင့်တဲ့အရာရှိကြီးတစ်ယောက်နော်။"
"အဲဒီနောက် အဲဒီအရာရှိကြီးရဲ့ ဇနီးဟာ ကျွန်တော့်ရဲ့ ယောက္ခမ ဖြစ်လာခဲ့တယ်။"
ကျိယွမ်မှာ လော့ဖင်ဆိုသူအား နားမလည်သလိုကြည့်မိလေသည် ။အိမ်ထဲဝင်ပါရစေဟုဆိုကာ ဘာမှမဆိုင်သော ကိစ္စများအား လာရှင်းပြနေလေသည်။
အဲဒါ ငါနဲ့ဘာဆိုင်လို့လဲ ။
သို့သော် ကျိယွမ်က ဆက်လက်နားထောင်ပေးလိုက်၏။
"ဘဝဆိုတာ တကယ်ကို ခန့်မှန်းရခက်တယ်။ လူတွေကို မျှော်လင့်ချက်တွေ ပေးတတ်သလို မောက်မာဝင့်ကြွားစေတတ်တယ်။ ဒါပေမဲ့ တကယ်တမ်းတော့... အခုရထားတဲ့အရာလေးတွေ ပြိုလဲသွားမှာကို ကြောက်ပြီး ကျွန်တော်လည်း သတိကြီးကြီးနဲ့ နေထိုင်လာခဲ့ရတာပါ"
သူ့ယောက္ခမအိမ်တွင် ရှိစဉ်က လော့ဖင်သည် အရာအားလုံးကို သူ ထိန်းချုပ်ထားနိုင်သကဲ့သို့ ယုံကြည်မှုများ အမြဲတစေ ပြသလေ့ရှိသည်။
သို့သော်လည်း စိတ်ထဲတွင်တော့ ဓားသွားပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ အမြဲတမ်း စိုးရိမ်ပူပန်နေရသော ထိုခံစားချက်သည် နှိပ်စက်မှုတစ်ခု ဖြစ်သည်ကို သူကိုယ်တိုင်အသိဆုံးဖြစ်၏။
အတိတ်တုန်းကဆိုလျှင် သူသည် ချမ်းသာကြွယ်ဝသူ သို့မဟုတ် ဂုဏ်သရေရှိသူ မဟုတ်ခဲ့သော်လည်း စိုးရိမ်စရာမရှိဘဲ အေးချမ်းပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်ခဲ့ရသည်။
သို့သော် ယခုဘဝတွင်မူ သူသည် "ရေခဲပြင်ပေါ် လမ်းလျှောက်သူ" ဟုခေါ်ရမလို ဘယ်ချိန်ပြုတ်ကျမလဲဟု အမြဲရင်တမမ ဖြစ်နေရ၏။
"ပြီးတော့ကော"
ကျိယွမ်က လော့ဖင်ကို ကြည့်ကာ မေးလိုက်သည်။
မနီးမဝေးရှိ ရှဲ့ရှင်းစုကမူ လော့ဖင်ကို "ဟန်ဆောင်လွန်းလိုက်တာ" ဟု ဖော်ပြနေသော အကြည့်များဖြင့် ကြည့်နေ၏။
"ခင်ဗျားနဲ့ ကျွန်တော်က... တစ်နည်းမဟုတ် တစ်နည်းတူညီနေကြတယ်။"
"ကျိယွမ်... ခင်ဗျား မသိချင်ဘူးလား။ တစ်နှစ်အကြာမှာ ခင်ဗျား သေဆုံးသွားခဲ့တယ်... အဲဒီနောက် လက်ရှိအချိန်ကို ခင်ဗျား ပြန်ရောက်လာခဲ့တယ် မဟုတ်လား"
လော့ဖင်က ပိုင်နိုင်စွာဆိုသည်။
လော့ဖင်သည် အခြေအနေကို ထိန်းချုပ်ထားနိုင်သည်ဟူသော ခံစားချက်ကို ပြန်လည် ရရှိသွားပြီး အနည်းငယ်တည်တံ့သွားသည်။
ကျိယွမ် ပြန်မဖြေနိုင်မီ ရှဲ့ရှင်းစု၏ အမွှေးအမျှင်များ ထောင်ထလာ၏။
ဒီ ငကြွားက အတိတ်ကို ပြန်ရောက်လာသူလား။
နေပါဦး... ဒါဆို ငါ့ရဲ့ ထုံထိုင်းအေးစက်တဲ့ သခင်ကလည်း အတိတ်ပြန်လူသားတစ်ယောက်ပေါ့။
အဲဒါဆိုရင် သူက ဘာဖြစ်လို့ အခြေခံတည်ဆောက်ခြင်း စိတ်ဝိညာဉ်ပစ္စည်းတွေကို အမှိုက်လို ပစ်ချခဲ့ရတာလဲ။
"ကျွန်တော်က အနာဂတ်ကနေ လာတာပါ။ ကျွန်တော်တို့လို လူတွေကို အတိတ်ပြန်လူသားတွေလို့ ခေါ်ကြတယ်။"
"ခင်ဗျားကလည်း... ကျွန်တော်တို့ထဲက တစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်။"
"ဒါပေမဲ့... ခင်ဗျားက ဆယ်နှစ်အထိ မရှင်သန်နိုင်ခဲ့ဘူး။ တစ်နှစ်အကြာမှာပဲ ခင်ဗျား သေဆုံးခဲ့တာ။"
"ဒါကြောင့် နောက်လာမယ့် ဆယ်နှစ်အတွင်း ဒီကမ္ဘာမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ခင်ဗျား မသိခဲ့ရဘူး"
"ဒါက စိတ်မကောင်းစရာပဲ။ ပြီးတော့ ဒါဟာ ခင်ဗျားဟာ အရည်အချင်းပြည့်မီတဲ့ အတိတ်ပြန်လူသားတစ်ယောက် မဟုတ်ဘူးဆိုတာကိုလည်း ဖော်ပြနေတယ်"
လော့ဖင်က တည်ငြိမ်စွာ ပြောလိုက်သည်။
သူသည် ကျိယွမ်ကို ကြည့်ရင်း မိမိကိုယ်ကိုယ် ပြန်မြင်ယောင်ကြည့်နေမိသည်။ အချို့သောနေရာများတွင် သူသည် ကျိယွမ်ကို အမှန်တကယ်ပင် အားကျနေမိ၏။
ကျိယွမ်က လော့ဖင်ကို တစ်ချက်ကြည့်လိုက်ကာ နားလည်သွားဟန်ဖြင့် အတည်ပြုသည်။
"ဒါဆို ခင်ဗျားက အတိတ်ပြန်လူသားပေါ့"
ဤအချိန်တွင် ရှဲ့ရှင်းစုသည်လည်း တစ်စုံတစ်ခုကို နားလည်သွားပုံ ရသည်။
ကျိယွမ်သည်လည်း အတိတ်ပြန်လူသားတစ်ဦး ဖြစ်၏။
ကံမကောင်းစွာဖြင့် သူသည် တစ်နှစ်အကြာတွင် သေဆုံးခဲ့သည်။
သူက အဘယ့်ကြောင့် ကျင့်ကြံခြင်းလမ်းစဉ်အစား သိုင်းပညာကို ရွေးချယ်ခဲ့သလဲဆိုတာ မဆန်းတော့ပေ။
သူမသည် ကျိယွမ်ကို သူမထက်ပင် ပို၍ သနားစရာကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
"ကျိယွမ် ...ကျွန်တော့်နောက်ကို လိုက်ချင်သလား"
လော့ဖင်က စမ်းသပ်ကြည့်သည့်အနေဖြင့် မေးမြန်းလိုက်သည်။
ကျိယွမ်သည် မပြည့်စုံသော အတိတ်ပြန်လူသားတစ်ဦး ဖြစ်သဖြင့် သူနှင့် ပူးပေါင်းရန် အရည်အချင်း မပြည့်မီသော်လည်း သူသည် ကျိယွမ်ကို အခွင့်အရေးတစ်ခု ပေးချင်၏။
"ခင်ဗျားနောက်လိုက်ပြီး အလုပ်လုပ်ရမှာလား"
ကျိယွမ်က ပြုံးလျက် ခေါင်းခါလိုက်သည်။
"တစ်ယောက်ယောက်အောက်မှာ အလုပ်လုပ်ဖို့ဆိုတာ ကျွန်တော့်အတွက် မဖြစ်နိုင်ဘူး။ ကျွန်တော့်ဘဝမှာ ဘယ်တော့မှ အလုပ်လုပ်မှာ မဟုတ်ဘူး။ ဒီလို အေးအေးဆေးဆေး နေထိုင်ပြီး နေ့တိုင်း ဂိမ်းကစားတယ်၊ တစ်ခါတလေ သိုင်းပညာ လေ့ကျင့်တယ် ၊ ဒီထက် ပိုပျော်စရာကောင်းတာ ဘာရှိဦးမှာလဲ"
ကျိယွမ်က တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းငြင်းပယ်လိုက်သည်။
သူသည် အခြားသူတစ်ဦးအတွက် မည်သို့ အလုပ်လုပ်နိုင်မည်နည်း။
ပြီးတော့ အတိတ်ပြန်လူသားဆိုတာကရော ဘာလဲ။
မည်မျှပင် ခမ်းနားသော ဘွဲ့ထူးအမည်နာမ ဖြစ်ပါစေ၊ ဂိမ်းထဲက NPC တစ်ယောက် မဟုတ်ပါလား။
NPC တစ်ယောက်၏ ရည်ရွယ်ချက်မှာ ကစားသမားဖြစ်သောကျိယွမ်ကို ပျော်ရွှင်စေရန်သာ ဖြစ်သည်။ကစားသမားက NPC တစ်ကောင်၏လက်အောက်တွင်အလုပ်လုပ်ရမည်ဆိုပါက မည်သို့သဘာဝကျတော့မည်နည်း။
ကျိယွမ်၏ ပွင့်လင်းပြီးလွတ်လပ်သောတုံ့ပြန်မှုကို ကြားသောအခါ လော့ဖင်သည် နောင်တနှင့်အတူ ကျေနပ်သလိုလို ခံစားချက်ကို ရရှိလိုက်သည်။
"ခင်ဗျားလို ဘဝမျိုးက တကယ်ပဲ အားကျဖို့ ကောင်းပါတယ်"
လော့ဖင်က ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင်လည်း ကျွန်တော် ခင်ဗျားကို ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး။ တခြား အတိတ်ပြန်လူသားတွေကလည်း ခင်ဗျားကို နှောင့်ယှက်မှာ မဟုတ်ပါဘူး"
ကျိယွမ်နှင့် ခဏတာ စကားပြောပြီးနောက် လော့ဖင်မှာ အတော်လေး စိတ်လှုပ်ရှားသွားမိလေ၏။
သူ၏ လက်ရှိဘဝမှာ စိတ်လှုပ်ရှားစရာ ကောင်းသည်မှာ အမှန်ဖြစ်သော်လည်း ကျိယွမ်၏ ဘဝနေထိုင်ခြင်းမှာလည်း... အားကျစရာ ကောင်းသည်ဟု သူခံစားရသည်။
သို့သော် အတိတ်ပြန်လူသားတစ်ဦး ဖြစ်လာပြီးနောက် သူသည် အေးအေးဆေးဆေး နေထိုင်ချင်လျှင်ပင်... မနေထိုင်နိုင်တော့ပေ။
သူသာ တိုးတက်အောင် မလုပ်လျှင်၊ ပို၍ သန်မာအောင် မလုပ်လျှင် သူသည် ချေမှုန်းခံရနိုင်ခြေရှိနေသည် မဟုတ်ပါလား။
အခြားအတိတ်ပြန်လူသားများသည် ကျိယွမ်ကဲ့သို့ လောဘနည်းကာ ရိုးရှင်းနေကြမည် မဟုတ်ပေ။
ကျိယွမ်သည် အသုံးမဝင်ဟုထင်ရသော်လည်း သူတို့လို ဖိအားမျိုး မရှိပေ။ တစ်နည်းအားဖြင့် သူသည် ကံကောင်းသူသာ ဖြစ်သည်။
မထွက်ခွာမီ လော့ဖင်သည် ကျိယွမ်ကို ပြုံးလျက် ကြည့်ကာ နှုတ်ဆတ်ခဲ့၏။
"ကိုယ်ခံပညာ ပြိုင်ပွဲမှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်"
ထိုသို့ပြောပြီးနောက် လော့ဖင်သည် သူ၏ အတိတ်ဟောင်းကို နှုတ်ဆက်လိုက်သကဲ့သို့ နောက်သို့ လှည့်မကြည့်ဘဲ ကျိယွမ်၏ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
လော့ဖင် ထွက်သွားပြီးနောက် ကျိယွမ်သည် ဆိုဖာပေါ်တွင် ထိုင်ကာ ကြောင်ကို ပွတ်သပ်ပေးနေပြီး စိတ်အေးလက်အေးရှိလှ၏။
"စိတ်ကျန်းမာရေးထောက်ခံချက် ရှိထားတာက တော်တော်ကောင်းတယ်။ ဒါပေမဲ့ စိတ်မနှံ့သလို ဟန်ဆောင်ရတာက... ပိုပြီး ပျော်စရာကောင်းတယ်"
ရှဲ့ရှင်းစုသည် ထိုစကားကို ကြားသောအခါ မျက်လုံးအသာ လှန်ကြည့်လိုက်သည်။
သူမသည် ကျိယွမ်ကို "ရှင်က စိတ်မနှံ့သလို ဟန်ဆောင်နေတာ မဟုတ်ဘူး၊ တကယ်ကြီး စိတ်မနှံ့တာ" ဟု ပြောပြချင်စိတ်များ တဖွာဖွားပေါ် ပေါက်နေ၏။
နောက်ရက်များတွင် အရာအားလုံးသည် ပုံမှန်အတိုင်းပင် လည်ပတ်နေခဲ့သည်။
စက်ရုပ်သည် ရှဲ့ရှင်းစုကို နေ့တိုင်း ဗီဒီယိုများ ရိုက်ကူးရန် အတင်းအကျပ် ခိုင်းစေနေသဖြင့် ရှဲ့ရှင်းစုတွင် ကျင့်ကြံရန်အချိန်နှင့် အားအင်ပင် မရှိတော့အောင် ဆင်းရဲပင်ပန်းနေရရှာ၏။
ထို့ကြောင့် ရှဲ့ရှင်းစုသည် အခြေအနေကို ပြောင်းပြန်လှန်ရန် အမြဲ တွေးတောနေသည်။
ကံမကောင်းစွာဖြင့် သူမသည် အလွန်ပင် အားနည်းလွန်းနေပြီး စက်ရုပ် ၏ နှိပ်စက်မှုကို ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိပေ။
ပို၍ဆိုးသည်မှာ ရတနာနှင့် ပတ်သက်၍လည်း သူမတွင် မည်သည့် သဲလွန်စမျှ မရှိသေးခြင်းပင်။
သူမသည် ကျိယွမ်၏ အခန်းထဲသို့ပင် မဝင်ရသေးသဖြင့် ရတနာကို ရှာဖွေရန်မှာ ဝေလာဝေးဖြစ်နေ၏။
သူမ၏ ကြောင်ဘဝ အနာဂတ်မှာမှောင်မိုက်နေပြီး၊ ကျင့်ကြံခြင်းကသာ ဤနာကျင်စရာကောင်းသော ဘဝမှ လွတ်မြောက်ရန် မျှော်လင့်ချက် ပေးနိုင်ပေတော့မည်။
ရှဲ့ရှင်းစုသည် သူမ၏ အစွမ်းများ ပြန်လည်ရရှိသည်နှင့် ဇီးရိုးဝမ်းဆိုသောစက်ရုပ်အစုတ်ကို သူမ၏ အစေခံအဖြစ် ထားရှိမည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။
တစ်ဖက်တွင်လည်း ကျိယွမ်၏သိုင်းပညာ စွမ်းရည်များသည် တည်ငြိမ်စွာ တိုးတက်နေခဲ့သည်။
သူသည် မင်ဝူတုန်ခါလက်သီးသိုင်း၏ ၁၂ ဆင့်မြောက်သို့ ရောက်ရှိသွားလေပြီ။
သို့သော် ၁၂ ဆင့်မြောက်သို့ရောက်ပြီးနောက် သူ၏သိုင်းပညာ တိုးတက်မှုနှုန်းမှာ သိသိသာသာ နှေးကွေးသွားသည်။
ကျိယွမ်သည် ယန်ရှန်း ပြောပြခဲ့သော သိုင်းပညာ အကန့်အသတ်သို့ နီးကပ်လာပြီဖြစ်ကြောင်း သိရှိလိုက်၏။
မင်ဝူလက်သီးသိုင်းတစ်မျိုးတည်းကိုသာ ဆက်လက် လေ့ကျင့်နေခြင်းမှာ ထူးခြားမည် မဟုတ်တော့ပေ။
အိမ်နီးချင်းယန်ရှန်းကတော့ ပိုမိုအစွမ်းထက်လာသော ကျိယွမ်၏ အငွေ့အသက်ကို ကြည့်ကာ မအံ့ဩဘဲ မနေနိုင် ဖြစ်နေသည်။
"မင်းဟာ ငါမြင်ဖူးသမျှထဲမှာ ပါရမီအရှိဆုံး သိုင်းပညာရှင် ဖြစ်မှာ သေချာတယ်။"
"လအနည်းငယ်အတွင်းမှာတင် ငါ ဆယ်နှစ်ကျော် လေ့ကျင့်ခဲ့ရတဲ့ အဆင့်ကို မင်း ရောက်သွားတာကြီးက"
"သိုင်းပညာ အကန့်အသတ်... ဒါဟာ သိုင်းပညာ အကန့်အသတ်ပဲ"
ကျိယွမ်နှင့် စတင်တွေ့ဆုံစဉ်က ကျိယွမ်သည် သိုင်းပညာကို စတင်ရုံသာ ရှိသေးပြီး သိုင်းပညာရှင်ဟုပင် မသတ်မှတ်နိုင်သေးကြောင်း သူ မှတ်မိနေသေးသည်။
သို့သော် လအနည်းငယ်အတွင်းမှာပင် သူသည် သိုင်းပညာအကန့်အသတ်သို့ ရောက်ရှိသွားပြီး သူနှင့်တန်းတူ ဖြစ်လာခဲ့၏။
ကျိယွမ်က ပခုံးတွန့်ကာတုန့်ပြန်၏။
"ဒါက ဘာမှမဟုတ်ပါဘူး။ ခင်ဗျားတို့ သိုင်းပညာရှင်တွေအတွက် သိုင်းပညာ အကန့်အသတ်ကို သွားတဲ့ လမ်းကြောင်းက တိုလွန်းနေတာပါ"
ကျိယွမ်သည် အားလုံးသတိမထားမိသော အမှန်တရားကို ပြောနေခြင်း ဖြစ်သည်။
သူ့အတွက်မူ သိုင်းပညာ အကန့်အသတ်သို့ ရောက်ရှိရန်မှာ အချိန်တိုလွန်းလှသည် မဟုတ်ပါလား။
သူသည် သိုင်းပညာ လမ်းစဉ်၏ အဆုံးသတ်သို့ မရောက်မီ ဘာမှပင်မည်မည်ရရ မလေ့ကျင့်ရသေးပေ။
"တိုလွန်းတယ် ဟုတ်လား"
ယန်ရှန်းက အကူအညီမဲ့စွာ ခေါင်းခါလိုက်သည်။
"ယေဘုယျအားဖြင့် ပါရမီ အသင့်အတင့်ရှိတဲ့ သာမန်လူတစ်ယောက်အတွက် သိုင်းပညာ အကန့်အသတ်ကို ရောက်ဖို့ အနှစ်သုံးဆယ်လောက် ကြာတတ်တယ်။ အဲဒါတောင် ရောက်ချင်မှရောက်နိုင်မှာနော်။"
"ပြီးတော့ အနှစ်သုံးဆယ်ကြာပြီးတဲ့နောက် သူတို့ရဲ့တက်ကြွမှုတွေဟာ မလုံလောက်တော့ဘူး။ အဲဒါကို သူတို့ ဘယ်လို ဆက်ထိန်းထားနိုင်မှာလဲ"
ကန်ရှန်းကလည်း သူသိထားသည့်အတိုင်း အမှန်တရားကို ပြောနေခြင်း ဖြစ်သည်။
ဤကမ္ဘာတွင် သူ့လို အသက်လေးဆယ်မတိုင်မီ သိုင်းပညာ အကန့်အသတ်သို့ ရောက်ရှိသူမှာပင် ရှားပါးလှပြီး ချီးကျူးစရာ ကောင်းနေလေပြီ။
အကယ်၍ တစ်စုံတစ်ယောက်တွင် ပါရမီ အသင့်အတင့်ရှိပြီး ကြိုးကြိုးစားစားလေ့ကျင့်ပါက သူတို့သည် သိုင်းပညာ အကန့်အသတ်သို့ ရောက်ရှိနိုင်သော်လည်း ထိုအချိန်တွင် သူတို့သည် အသက်ခြောက်ဆယ်ကျော်နေမှာ သေချာ၏။
စကားပုံရှိသကဲ့သို့ အသက်ကြီးလာလျှင် လက်သီးချက်မှာ အားနည်းသွားတတ်သည်။ အသက်ခြောက်ဆယ်အရွယ်မှ အကန့်အသတ်သို့ရောက်သော သိုင်းပညာရှင်တစ်ဦးမှာ ဘာအသုံးကျမည်နည်း။
"ဒါကြောင့် မင်းက..."
ယန်ရှန်း၏ မျက်နှာအမူအရာမှာ တစ်မျိုး ဖြစ်သွားသည်။
"မင်းမှာ သိုင်းပညာ အကန့်အသတ်ကို ကျော်ဖြတ်နိုင်မယ့် အခွင့်အရေး တကယ် ရှိနိုင်တယ်"
ချင်းယွမ်နိုင်ငံသမိုင်းတွင် သိုင်းပညာ အကန့်အသတ်သို့ အစောဆုံး ရောက်ရှိခဲ့သူရှိခဲ့ဖူးသော်လည်း သူ၏အသက်မှာ သုံးဆယ်အရွယ် ဖြစ်သည်။
ကျိယွမ်မှာမူ ကြောက်စရာကောင်းလောက်အောင် ငယ်ရွယ်နေသေးသည် မဟုတ်ပါလား။
မှန်ပါသည်၊ ကိုယ်ခံပညာ အကန့်အသတ်ကို ကျော်ဖြတ်နိုင်ရန် အလားအလာ ရှိသည်ဆိုသည်မှာ အလားအလာ သက်သက်သာ ဖြစ်၏။
ဒီကောင် သူဌေးဖြစ်နိုင်သည်ဟုဆိုတိုင်း သေချာပေါက်သူဌေးဖြစ်ပြီဟု မဆိုလိုပါ။
သမိုင်းတွင် အကန့်အသတ်ကို ကျော်ဖြတ်နိုင်ရန်အဖြစ်နိုင်ဆုံးဟု ယူဆရသူပင် မအောင်မြင်ခဲ့ပေ။
လွန်ခဲ့သော နှစ်အနည်းငယ်က ဘီလျံနာတစ်ဦးပင် သိုင်းပညာ အကန့်အသတ်ကို သုတေသနပြုရန် ငွေကြေးအမြောက်အမြား အသုံးပြုခဲ့ဖူးသည်။
နောက်ဆုံး ကောက်ချက်မှာ လူ့ခန္ဓာကိုယ်သည် ကိုယ်ခံပညာ အကန့်အသတ်ကို ကျော်ဖြတ်ရန် မလုံလောက်ပါ ဟူ၏။
ထိုအချက်သည် လူသားမှန်သမျှ သိုင်းပညာ အကန့်အသတ်ကို ကျော်ဖြတ်ရန် မဖြစ်နိုင်ကြောင်း ဆိုလိုခြင်းမဟုတ်ပါလား။
"မင်း နောက်ထပ် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက် တည်တည်ငြိမ်ငြိမ် နေသင့်တယ်။ အဲဒီအခါကျမှ မင်း ကိုယ်ခံပညာ ပြိုင်ပွဲမှာ တကယ် အနိုင်ရနိုင်လိမ့်မယ်။"
"မင်းအနေနဲ့ မြို့တွင်းပြိုင်ပွဲအတွက်တော့ စိတ်မပူနဲ့၊ ပထမဆုကတော့ လွယ်လွယ်လေးပါ။"
"ထျန်းယွဲ့မြို့မှာ သိုင်းပညာ အကန့်အသတ်ကို ရောက်နေတဲ့သူ သိပ်မရှိဘူး ပြီးတော့သူတို့က ပြိုင်ပွဲဝင်ဖို့ အိုမင်းလွန်းနေပြီ"
ယန်ရှန်းက ကျိယွမ်အား စေတနာဖြင့် အကြံပေးလိုက်သည်။
"ကျွန်တော် ကိုယ်ခံပညာ ပြိုင်ပွဲအတွက် စိတ်မပူပါဘူး။ ကျွန်တော်က အခြားအကြံဉာဏ်လေးများ ရမလားလို့ လာတာပါ။ ခင်ဗျားမှာ သိုင်းပညာ အကန့်အသတ်ကို ကျော်ဖြတ်ဖို့အတွက် ကြားဖူးနားဝလေးများ သိထားတာလေးများ ရှိလား"
ကျိယွမ်က သူသိချင်သောအရာကို မေးလိုက်သည်။
သူ့တွင် သိုင်းပညာ အကန့်အသတ်ကို ကျော်ဖြတ်ရန် ကိုယ်ပိုင် အကြံဉာဏ်များ ရှိပါသည် ။ သို့သော်လည်း အခြားသူများ၏ အတွေးအမြင်များကိုလည်း ပေါင်းစပ်ချင်နေ၏။
စကားပုံရှိသည့်အတိုင်း ခေါင်းနှစ်လုံးက တစ်လုံးထက် ပိုကောင်းသည် မဟုတ်ပါလား။
မည်သို့ဆိုစေကာမူ သူ၏သိုင်းပညာ လမ်းကြောင်းပေါ်တွင် ယန်ရှန်းကလည်း တော်တော်လေး အထောက်အကူပေးခဲ့သည်ကိုတော့ မငြင်းနိုင်ပါ။
"သိုင်းပညာ အကန့်အသတ်..."
ယန်ရှန်းသည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ စကားဆက်၏။
"သိုင်းပညာ လောကမှာ အမြဲရှိခဲ့တဲ့ စကားတစ်ခုကတော့ သိုင်းပညာ အကန့်အသတ်ကို ကျော်ဖြတ်ဖို့ဆိုရင် သိုင်းစိတ်ဆန္ဒကို တည်ဆောက်ရမယ်တဲ့"
"ခိုင်မာတဲ့ သိုင်းစိတ်ဆန္ဒရှိမှ ခန္ဓာကိုယ်ရဲ့ တိုးတက်မှုကို မောင်းနှင်နိုင်မှာ ဖြစ်တယ်။သိုင်းပညာရှင်တစ်ယောက်ရဲ့ တိုးတက်မှုဟာ ခန္ဓာကိုယ်ကို မြှင့်တင်နိုင်တဲ့အပေါ် တော်တော်လေးမူတည်တယ်။"
"ဒါပေမဲ့ သိုင်းစွမ်းရည်တွေနဲ့ခန္ဓာကိုယ်ရဲ့ မြှင့်တင်မှုဟာ အကန့်အသတ် ရှိနေတော့ ဘယ်လောက်ပဲမြှင့်မြှင့် ခန္ဓာကိုယ်က တစ်နေ့မှာ အကန့်အသတ်ကိုရောက်သွားမှာပဲ ၊ ဒါကြောင့် ပြောင်းပြန် ပြန်လုပ်ရတယ် ၊ သိုင်းစိတ်ဆန္ဒကို ခန္ဓာကိုယ်မြှင့်တင်ဖို့ အသုံးပြုရမယ်"
"ဒါကြောင့် သိုင်းပညာ အကန့်အသတ်ကို ရောက်ပြီးတဲ့နောက် ငါတို့လို လူကြီးတွေဟာ သိုင်းစိတ်ဆန္ဒကို အမြဲတမ်း သန့်စင်နေခဲ့ကြတာပေါ့"
"သိုင်းစိတ်ဆန္ဒဆိုတာ အတော်လေး ဆန်းကြယ်တဲ့ သဘောတရား တစ်ခုပဲကွ"
"သေချာကြည့်ထား....ငါ့ရဲ့ သိုင်း စိတ်ဆန္ဒကို ငါ့ရဲ့ အကြည့်တွေထဲမှာ ထည့်ပြီး မင်းကို ကြည့်လိုက်မယ်"
"ဒီလို အကြည့်မျိုးဟာ စိတ်ပျော့တဲ့သူတွေကို တုန်လှုပ်စေပြီး သူတို့ရဲ့ တည်ငြိမ်မှုကို ပျက်ပြားစေနိုင်တယ်"
သိုင်းစိတ်ဆန္ဒအကြောင်း ပြောသောအခါ ယန်ရှန်းသည် ကျိယွမ်၏ ရှေ့တွင် ယုံကြည်မှုများ ပြန်လည် ရရှိလာ၏။
သူ၏ သိုင်းပညာပါရမီမှာ ကျိယွမ်လောက် မကောင်းသော်လည်း၊
သူ၏ သိုင်းစိတ်ဆန္ဒမှာမူ သံသယဖြစ်ဖွယ်မရှိ ခိုင်မာသည်။
သူသည် စစ်မြေပြင်သို့ ရောက်ခဲ့ပြီး လူသတ်ခဲ့ဖူးသည့် စစ်သားတစ်ဦး ဖြစ်၏။
သူ အနှစ်နှစ်အလလသန့်စင်ထားသော သိုင်းစိတ်ဆန္ဒကို လောကအတွေ့အကြုံမရှိသော လူငယ်လေးကျိယွမ်က နှိုင်းယှဉ်၍မရနိုင်ပေ။
တစ်ချက်ကြည့်ရုံဖြင့် တစ်ဖက်လူအား တည်ငြိမ်မှု ပျက်ပြားသွားစေမည်မှာ သေချာ၏။
ယန်ရှန်းသည် ထိုသို့ပြောပြီး ကျိယွမ်ကို ကြည့်လိုက်သည်။
သူ၏ စိတ်ဓာတ်နှင့် စွမ်းအင် အားလုံးကို ထိုအခိုက်အတန့်တွင် စုစည်းလိုက်ပြီး သူ၏ မျက်ဝန်းများဆီသို့ ပို့လွှတ်၏။
သူ၏ နားထင်တစ်ဝိုက်ရှိ နေရာမှာ အနည်းငယ် ဖောင်းကြွလာပုံပင်ရသည်။
သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်နေသည့် ယန်ရှန်း၏ မျက်ဝန်းများသည် အလွန်တောက်ပနေပြီး စူးရှလှသည်။
၎င်းတို့မှာ သာမန်လူများအတွက် အထူးပင် ကြောက်မက်ဖွယ် ကောင်းနေ၏။
ထိုအကြည့်မျိုးသည် ပညာရှင်များ ယှဉ်ပြိုင်ရာတွင် ပြိုင်ဘက်အား အာရုံပျံ့လွင့်သွားစေရန် လုံလောက်ပြီး အသာစီးရစေသည်။
ကျိယွမ်ကဲ့သို့သော နုနယ်သောလူငယ်လေးများအတွက် ၄င်း၏ထိရောက်မှုက ပို၍ပင် ထိရောက်လေ၏။
မင်း ခံယူကြည့်လိုက်..။
ယန်ရှန်းက ကြည့်ယွမ်အား ပြင်းထန်စွာစိုက်ကြည့်လိုက်သည်။
"ခင်ဗျားက ဘာလို့ အဲဒီလိုစိုက်ကြည့်နေတာလဲ ၊ ကျုပ်ခန္ဓာကိုယ်မှာ တစ်ခုခုများ တွေ့လို့လား"
ရုတ်တရက် ကျိယွမ်က စပ်စုသော အမူအရာဖြင့် ယန်ရှန်းကို ကြည့်ကာ
သူ့ကိုယ်သူ ဟိုစမ်းဒီစမ်းလုပ်၏။
ယန်ရှန်း တောင့်ခဲသွားသည်။
ကျိယွမ်၏ တုံ့ပြန်မှုမှာ အလွန်တည်ငြိမ်လွန်းနေသည် မဟုတ်ပါလား။
သူသည် ယန်ရှန်း၏ အကြည့်ကြောင့် လုံးဝ တုန်လှုပ်ခြင်း မရှိပေ။
ဘာလို့လဲ ။
ယန်ရှန်းမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။
"မင်း ဘာလို့ ဘာမှမဖြစ်တာလဲ"
"အမ်....ဒီလိုအကြည့်လေးနဲ့တင်... ဘာဖြစ်နိုင်မှာလဲ။"
"သြော် သိပြီ ၊ ခင်ဗျားရဲ့ သိုင်းစိတ်ဆန္ဒက သိပ်မခိုင်မာသေးဘူး ထင်တယ်"
ကျိယွမ်က ပေါ့ပေါ့ပါးပါး မှတ်ချက်ချလိုက်၏။
သူသည် အရှိန်အဝါများစွာကို မြင်ဖူးခဲ့ပြီးသားဖြစ်သည် ။ ပြိုင်ဘက်ကင်းဆိုသော ယန်နန်ဘုရားများကိုပင် ထိပ်တိုက်မြင်ဖူးခဲ့သေးသည်။
ယန်ရှန်း၏ သိုင်းစိတ်ဆန္ဒမှာ သူ့အတွက် ကလေးကစားစရာမျှသာ ဖြစ်သည်။
"ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကို အကြံအချို့တော့ ပေးနိုင်ခဲ့ပါတယ်"
ယန်ရှန်း ပြောပြသော သိုင်းစိတ်ဆန္ဒအကြောင်းသည် ကျိယွမ်ကို စိတ်ကူးစိတ်သန်းအချို့ ရရှိစေခဲ့၏။
မကြာသေးမီက ကျိယွမ်သည် သိုင်းပညာများကို လေ့လာနေသလို မျိုးရိုးဗီဇပြောင်းလဲနေသော ပင်လယ်မိစ္ဆာများ၏ သွေးမျိုးဆက်များကိုလည်း သုတေသနပြုနေခဲ့သည်။
သိုင်းပညာရှင်တစ်ဦးသည် အကန့်အသတ်ကို ကျော်ဖြတ်ရန်အတွက် သွေးမျိုးဆက်ကို မြှင့်တင်ရုံဖြင့် မလုံလောက်ကြောင်း သူ ထပ်မံရှာဖွေတွေ့ရှိခဲ့၏။
သူထင်ထားသကဲ့သို့ သိုင်းပညာရှင်တစ်ဦးအတွက် သွေးမျိုးဆက်သည် အရာအားလုံး မဟုတ်ပေ။
ဟန်ရှန်းထံမှ သိုင်းစိတ်ဆန္ဒဆိုသော ကြောင်းအရာကို ကြားလိုက်ရသောအခါ သူသည် ဖြစ်နိုင်ချေများစွာကို တွေးတောမိသွားသည်။
အထူးသဖြင့် သူ၏ မွေးရာပါ သိုင်းစွမ်းရည် ဖြစ်သော ပေါက်ကွဲငှက်လက်သီး ဖြစ်၏။
သိုင်းပညာ အကန့်အသတ်ကို ကျော်ဖြတ်ရန် သူသည် သွေးမျိုးဆက်ကို မြှင့်တင်ရန် လိုအပ်ရုံသာမက သူ၏ မွေးရာပါ သိုင်းစွမ်းရည်များကိုလည်း မြှင့်တင်ရန် လိုအပ်သည်။
မွေးရာပါ သိုင်းစွမ်းရည်များ မြှင့်တင်ခြင်းသည် သိုင်းစိတ်ဆန္ဒ အင်အားနှင့် ဆက်စပ်နေနိုင်သလား။
"မင်း ငါ့ရဲ့ သိုင်းစိတ်ဆန္ဒကို ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်ခဲ့တာလဲ"
ယန်ရှန်းသည် ကျိယွမ်၏ စကားများကို အာရုံမစိုက်မိတော့ပေ။ ဤအချိန်တွင် သူသည် ကျိယွမ်က သူ၏ အစွမ်းထက်သော သိုင်း စိတ်ဆန္ဒကို မည်သို့ လျစ်လျူရှုနိုင်ခဲ့သနည်းဟူသော အဖြေကိုသာ သိချင်နေ၏။
"ဒါက တောင့်ခံဖို့ လိုလို့လား"
ကျိယွမ်က ရယ်မောလိုက်ပြီးနောက် အမှန်အတိုင်းဖြေပေးလိုက်သည်။
"ဒါက တကယ်တော့ ရိုးရိုးလေးပါ ၊ လူတွေ ပိုသတ်လိုက်ရုံပဲ၊ သောင်းနဲ့ချီပြီး၊ ဒါမှမဟုတ် သန်းနဲ့ချီပြီးပေါ့..."
ယန်ရှန်း ပြောသော သိုင်းစိတ်ဆန္ဒဆိုသည်မှာ အမှန်တကယ်တွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒသာဖြစ်ကြောင်း ကျိယွမ် ချက်ချင်း သဘောပေါက်ပြီးသားပင်။
သတ်ဖြတ်လိုသော စိတ်ဆန္ဒမှာ ကျိယွမ်တွင် ဘယ်သောအခါမှ မရှားပါးခဲ့ပေ။
သူမည်မျှသတ်ဖြတ်ခဲ့သနည်းဆိုလျှင် အလင်းနန်းတော်၏ တောက်ပသောဓားကိုကျင့်ကြံစဉ် အခြားသူများမှာ အဖြူရောင် တောက်ပနေသော်လည်း သူမှာမူ သွေးနီရောင်ပင် တောက်ပနေခဲ့သည် မဟုတ်ပါလား။
"ဒါကြောင့် နောက်ဆုံးတော့ ခင်ဗျား လူသတ်တာ မများသေးလို့ပဲ"
ကျိယွမ်က ဝါအလွန်ရင့်နေသူတစ်ဦးကဲ့သို့ ယန်ရှန်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
ယန်ရှန်းမှာ ဆွံ့အသွားပြီးနောက် လျင်မြန်စွာ ငြင်းခုန်၏။
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ ကောင်လေး။ မင်း မပြောချင်ရင်လည်း နေ ၊ ငါ လူသတ်တာ အရမ်းနည်းတယ်လို့ မင်းထင်နေတာလား"
" အခု အင်တာနက်ပေါ်မှာ မောက်မာနေတဲ့ အဲဒီ ကွေ့ရန်လူမျိုးတွေအကြောင်း မင်း သိတယ်မလား။"
"အေး ငါသူတို့ကိုသတ်ခဲ့တာ ဆယ်ယောက်တောင် မကဘူး၊ခေါင်းဆောင် ဘုန်းတော်ကြီးတစ်ပါးတောင် ပါသေးတယ်ကွ"
ထိုသို့ပြောရင်း ယန်ရှန်းသည် ဂုဏ်ယူစွာဖြင့် ခေါင်းမော့ထားသည်။
၎င်းသည် သူ၏ အကြီးမားဆုံး အောင်မြင်မှု ဖြစ်ပြီး ထာဝရ ကြွားလုံးထုတ်ရန် ထိုက်တန်၏။
ယခုအခါ သူသည် ကျိယွမ်နှင့် ရင်းနှီးသွားပြီ ဖြစ်သဖြင့် အနည်းငယ် ကြွားဝါလိုက်ခြင်းက ကိစ္စမရှိပါ။
လက်ရှိတွင် ကုံရှင်းဂြိုဟ်ပေါ်၌ ယွဲ့လန်နိုင်ငံနှင့် ဝူကွေနိုင်ငံတို့မှာ စစ်ဖြစ်နေကြပြီး ဝူကွေ့နိုင်ငံက အသာစီး ရနေသည်။
ချင်းယွမ်နိုင်ငံသားများကတော့ အင်တာနက်ပေါ်တွင် ဝူကွေနိုင်ငံနှင့် ကုမူနိုင်ငံတို့ကို ဆဲဆိုမှုများစွာ ပြုလုပ်နေကြ၏။
အွန်လိုင်းပေါ်မှ လူတိုင်းသည် အလွန်ဒေါသထွက်နေကြပြီး အားလုံးက ကွေ့ရန်လူမျိုးများကို အပြစ်ပေးချင်နေကြသည်။
အကယ်၍ ယန်ရှန်းသာ သူသည် ထိုကွေ့ရန်လူမျိုးများကို သတ်ခဲ့ဖူးကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါက ရက်အနည်းငယ်အတွင်း သူသည် အင်တာနက်ပေါ်တွင် နာမည်ကြီးတစ်ယောက် ဖြစ်လာမည်မှာ သေချာ၏။
"တစ်ရာတောင် မပြည့်ဘူးလား... ဒါက နည်းလွန်းသေးတယ်"
ကျိယွမ်က မထူးဆန်းသလို တုံ့ပြန်လိုက်သည်။
"ဒီကောင်လေး၊ မင်း အင်တာနက် အကြည့်များသွားပြီထင်တယ် ၊ တစ်ရာမပြည့်တာက နည်းတယ် ဟုတ်လား။
ရန်သူ တစ်ရာကို သတ်ဖို့ဆိုတာ ဘာကို ဆိုလိုသလဲ မင်းသိလား"
"ရှေးခေတ်တုန်းကဆိုရင် စစ်သားတစ်ယောက်က ရန်သူတစ်ရာကို အနိုင်ယူနိုင်ရင် သူဟာ ဘွဲ့ထူးဂုဏ်ထူးတွေ အလွယ်တကူ ရနိုင်တယ်"
ယန်ရှန်းက ကျိယွမ်သည် လိုင်းပေါ်မှ အပျော်တမ်းလူစွမ်းကောင်းဗီဒီယိုများ အကြည့်များနေသည်ဟု ခံစားလိုက်ရသည်။
လူတစ်ယောက်ကိုပင် မသတ်ဖူးသောသူက သူ သတ်ခဲ့တာ နည်းလွန်းသည်ဟု ပြောနေ၏။
နိုင်ငံကို တုန်လှုပ်စေခဲ့သော နာမည်ကျော် လူသတ်သမားများသည်ပင် လူဆယ်ယောက် သို့မဟုတ် နှစ်ဆယ်ခန့်သာ သတ်ခဲ့ကြခြင်း ဖြစ်သည်။
သူတို့ကိုတောင် ကွင်းဆက်လူသတ်သမားများဟု ခေါ်ကြ၏။
"ဒါက ခင်ဗျား လူအများကြီး သတ်ထားတဲ့သူကို မတွေ့ဖူးသေးလို့ပါ။ ကျွန်တော်ဆို..."
ကျိယွမ်သည် သူ လူအများကြီး သတ်ခဲ့ဖူးကြောင်း ပြောရန် ပြင်လိုက်သည်။
သို့သော် လူသတ်ခြင်းသည် တရားမဝင်ကြောင်း တွေးမိလိုက်သဖြင့် သူ၏ စကားကို ပြောင်းလဲလိုက်ရ၏။
"ကျွန်တော် အနည်းဆုံး လူတစ်သောင်းလောက် သတ်ဖူးတဲ့သူတစ်ယောက်ကို သိတယ်"
"ဟားဟား... မင်းမှာ သူငယ်ချင်းတစ်ယောက် ရှိတာပေါ့၊ ဟုတ်လား။ အဲဒါ ဘာလို့ မင်း မဖြစ်ရတာလဲ ၊ ငါက မင်းသတ်ဖူးတယ်ထင်နေတာ ဟားဟား ဟားဟား "
ယန်ရှန်းက ကျိယွမ်၏ စကားကို အတည်မယူဘဲ ရယ်မောလိုက်သည်။
ဒီကောင်လေး ငါ့ကိုလာနောက်နေတာပဲ။
သူက ကျိယွမ်အား ပြန်စ၏။
"ကွေ့ရန်လူမျိုးတစ်ယောက်တောင် မသတ်ဖူးတဲ့ မင်းက ငါ့ကို စကားလာပြောဖို့ အရည်အချင်း မရှိသေးဘူး"
-----------