ဒုက္ခရောက်နေသော ခွမ်းဟွမ်
Vol. 27 Ch. 300
ယန်ရှန်းနှင့် သိုင်းစိတ်ဆန္ဒအကြောင်း ခဏတာ ဆွေးနွေးပြီးနောက် ကျိယွမ်သည် အိမ်သို့ ပြန်လာခဲ့သည်။
အိမ်သို့ ရောက်သည်နှင့် ပထမဆုံးမြင်လိုက်ရသည်က ဆိုဖာပေါ်တွင် အားအင်ကုန်ခမ်းကာ ပျော့ခွေလဲလျောင်းနေသော ကြောင်မလေးပင်။
၄င်းသည် အတော်လေးပင်ပန်းနွမ်းနယ်နေပုံရပြီး ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရပုံ ပေါ်နေ၏။
ကျိယွမ် ပြန်လာသည်ကို မြင်သောအခါ ကြောင်မလေးသည် သူ့ကို အေးစက်စွာ တစ်ချက်သာ ကြည့်လိုက်ပြီး အခြား မည်သည့် တုံ့ပြန်မှုမျှ မလုပ်ခဲ့ပေ။
ဇီးရိုးဝမ်းကတော့ အလိုက်တသိဖြင့် လက်ဖက်ရည်ပူပူတစ်ခွက်ကို ယူလာပေးကာ သစ္စာရှိသော အိမ်ဖော်တစ်ဦးကဲ့သို့ ကျိယွမ်၏ နံဘေးတွင် ရပ်နေသည်။
"ဖော်လိုဝါ ၄,၅၇၂ ယောက် တိုးလာပါတယ်။ မနေ့က ဝင်ငွေကတော့ ၂,၃၂၁ ယွမ် ဖြစ်ပါတယ်။"
"ခွမ်းဟွမ် ပို့လိုက်တဲ့ ပစ္စည်းတွေ ရောက်နေပါပြီ၊ ဂိုဒေါင်ထဲမှာ သိမ်းဆည်းထားပါတယ်။"
"ဒီနေ့ ဗီဒီယို ၇ ခု ရိုက်ကူးခဲ့ပေမဲ့ တည်းဖြတ်ခြင်း မပြုရသေးပါဘူး။ မနက်ဖြန်ကျရင်တော့ တည်းဖြတ်ပြီးစီးမယ်လို့ ခန့်မှန်းရပါတယ်။"
"သိုင်းပညာအကန့်အသတ်နဲ့ ပတ်သက်ပြီး အင်တာနက်ပေါ်က အချက်အလက်မျိုးစုံကို ရှာဖွေခဲ့သလို ချင်းယွမ်ရဲ့ အမျိုးသားအချက်အလက်သိုလှောင်ရုံကိုပါ ဟက်ကင်းလုပ်ပြီး ဝင်ရောက်ခဲ့ပါတယ်။ အသုံးဝင်တဲ့ အချက်အလက် ၁၄၅ ခုကို ရရှိခဲ့ပါတယ်။"
"ဒီအချက်အလက် ၁၄၅ ခုကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီးတဲ့နောက် ရရှိတဲ့ နိဂုံးချုပ်ကတော့ သိုင်းပညာ အကန့်အသတ်ကို ကျော်ဖြတ်ဖို့အတွက် ရှေးဟောင်းသိုင်းအမွေအနှစ် တစ်ခုခုကို သွားရောက်ဖို့ လိုအပ်ပါတယ်ဆိုတာပါပဲ။"
"လောလောဆယ် ကမ္ဘာတစ်ဝန်းမှာ ရှေးဟောင်းသိုင်းအမွှေအနှစ်နေရာ ၂၃၁ ခု ရှိပါတယ်။"
ဇီးရိုးဝမ်းက အချက်အလက်အမျိုးမျိုးကို စက်ရုပ်အသံဖြင့် အစီရင်ခံတင်ပြလိုက်သည်။
ယခုအခါ ၎င်းသည် တစ်ရက်ထက်တစ်ရက် စဉ်ဆက်မပြတ် ဆင့်ကဲပြောင်းလဲ တိုးတက်နေပြီး ကန်းလန်ကမ္ဘာရှိ သာမန်ရုပ်သေးရုပ်များထက်ပင် ပိုမိုအစွမ်းထက်သည်ဟုပင် ယူဆနိုင်နေလေပြီ။
၎င်းသည် အလွန်မြင့်မားသော ဟက်ကင်းစွမ်းရည်များကို တတ်မြောက်ထားပြီး ချင်းယွမ်နိုင်ငံ၏ လျှို့ဝှက်အချက်အလက် သိုလှောင်ရုံများထဲအထိ ထိုးဖောက်ဝင်ရောက်ကာ ဖုံးကွယ်ထားသော သတင်းအချက်အလက်များကို ရယူနိုင်စွမ်း ရှိသည်။
နံဘေးရှိ ရှဲ့ရှင်းစုမှာမူ ဇီးရိုးဝမ်း၏ စက်ရုပ်သံကို နားထောင်ရင်း နာကျည်းမှုများဖြင့် ရင်ထဲတွင် ပြည့်နှက်နေ၏။
ဤစက်ရုပ်မှာ စက်ရုပ်မဆန်ရုံမျှမကအရင်းရှင်တစ်ဦးထက်ပင် ပို၍ ရက်စက်လှသည်။ ယနေ့ သူမကို ဗီဒီယို ၇ ခုအထိ အတင်းအကျပ် ရိုက်ခိုင်းခဲ့၏။
ဗီဒီယို ၇ ခု ရိုက်ကူးရခြင်းကိုသာလျှင် ခံစားရသည်မဟုတ်ပါ ။ သူမ၏ ကြိုးစားအားထုတ်မှုမှ တစ်ရက်လျှင် ယွမ်နှစ်ထောင်ကျော် ရရှိနေသော်လည်း သူမ စားရသည်မှာမူ တစ်ပေါင်လျှင် ယွမ်အနည်းငယ်သာတန်သော ကြောင်စာများသာဖြစ်နေခြင်းကလည်း မခံရပ်နိုင်စရာပင်။
ထို့အပြင် ကြောင်ကစားစရာလည်း မရှိသလို ကြောင်အိပ်စင်လည်း မရှိပါ ။
ဒါက ကြောင်တစ်ကောင်အပေါ်မှာ ခေါင်းပုံဖြတ်ပြီး အကျိုးအမြတ်ကိုညှစ်ထုတ်နေကြတာပဲ။
ရှဲ့ရှင်းစုသည် သူမကိုယ်သူမ ကြောင်တစ်ကောင်အဖြစ် တဖြည်းဖြည်း လက်ခံလာမိနေသည်ကိုတော့ သူမဘာသာ သတိမထားမိခဲ့ပေ။
သို့သော် စက်ရုပ်၏ နောက်ဆုံးအပိုင်းကို ကြားလိုက်ရသောအခါ သူမ၏ ပါးစပ်လေးတွင် ပြုံးစိစိ အမူအရာတစ်ခု ပေါ်လာသည်။
ဒီခေတ်ကြီးထဲမှာ ဘယ်သူက သိုင်းပညာလေ့ကျင့်ဖို့ စဉ်းစားနေဦးမှာလဲ။
ကုံရှင်းဂြိုဟ်ပေါ်၌ ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာတော့မည် ဖြစ်သဖြင့် သူမကဲ့သို့ ကျင့်ကြံခြင်းလမ်းစဉ်ကို လိုက်နာသူများသာ အနာဂတ် ရှိ၏။
ကျင့်ကြံခြင်းလမ်းစဉ်ဖြင့်သာ ထာဝရအသက်ရှင်ခြင်း လမ်းစဉ်ကို ရရှိရန် မျှော်လင့်နိုင်ပေလိမ့်မည်။
သို့သော် သူမသည် လက်ရှိ၌ ကြောင်တစ်ကောင် ဖြစ်နေသဖြင့် ထိုသို့သော အတွေးများရှိသော်လည်း ဖော်ပြ၍ မရနိုင်ပေ။
ဖော်ပြနိုင်သည်ဆိုဦးတော့... ဤသို့သော အေးစက်၍ ကျေးဇူးကန်းသော၊ အသိဉာဏ်ကင်းမဲ့သော လူသားကို သူမက ဘာကြောင့် ထာဝရအသက်ရှင်ခြင်း လမ်းစဉ်နှင့် မိတ်ဆက်ပေးရပါမည်နည်း။
ပို၍ အရေးကြီးသည်မှာ အကယ်၍ သူမသာ အခြားသော ပါရမီများကို ပြသလိုက်ပါက ဤအစုတ်ပလုတ်စက်ရုပ်က သူမကို ဗီဒီယိုရိုက်ရန် အတင်းအကျပ် ခိုင်းစေမည်မှာ သေချာ၏။
ငါ့ကိုယ်ငါ ကြိုးကွင်းထပ်မစွပ်နိုင်ဘူး ။
"ရှေးဟောင်းသိုင်းအမွေအနှစ်နေရာတွေ ဟုတ်လား"
ကျိယွမ်က အနည်းငယ် အံ့အားသင့်သွားသလို မေးလိုက်သည်။
ယန်ရှန်းထံမှ ထိုသို့သော အချက်အလက်မျိုးကို သူ မရရှိခဲ့ပေ။
သို့သော် ထိုအချက်အလက်မှာ ချင်းယွမ်နိုင်ငံ၏ အမျိုးသားရေလျှို့ဝှက်သိုလှောင်ရုံမှ ရရှိခြင်းဖြစ်ကြောင်း ကြားလိုက်သောအခါ ကျိယွမ် နားလည်သွားလေ၏။
ယန်ရှန်းသည် သိုင်းပညာ အကန့်အသတ်သို့ ရောက်ရှိနေသော်လည်း သိုင်းပညာအပေါ် သူ၏ နားလည်မှုမှာ နိုင်ငံ၏အကြီးပိုင်းမှ ပါမောက္ခအချို့လောက် နက်ရှိုင်းမည် မဟုတ်ပေ။
ချင်းယွမ်ကဲ့သို့သော လူ့အဖွဲ့အစည်းတွင် အစွမ်းထက်သောသူ အားလုံးသည် ထာဝရအသက်ရှင်ခြင်းကို နည်းအမျိုးမျိုးဖြင့် သေချာပေါက် ရှာဖွေနေကြမည်ဖြစ်သည်။
ထို့ကြောင့် ထာဝရအသက်ရှင်ခြင်းနှင့် ပတ်သက်သော စမ်းသပ်မှုများစွာကလည်း သူ့နည်းသူ့ဟန်ဖြင့် ရှိနေမည်မှာ အမှန်ပင်။
အကယ်၍ ရှေးဟောင်းသိုင်းအမွေအနှစ်နေရာများသည် သိုင်းပညာ အကန့်အသတ်ကို ကျော်ဖြတ်ရန် မျှော်လင့်ချက် အမှန်တကယ် ပေးနိုင်သည်ဆိုပါက ကိုယ်ခံပညာ ပြိုင်ပွဲပြီးလျှင် သူ သွားရောက်ကြည့်ရှုရပေလိမ့်မည်။
လောလောဆယ်တွင် ကိုယ်ခံပညာ ပြိုင်ပွဲကျင်းပရန် သုံးရက်သာ လိုတော့သဖြင့် သွားရောက်ရန် အချိန်မရှိတော့ပါ။
"မင်းရဲ့ ဟက်ကင်းစွမ်းရည်တွေက တကယ်ကို အထင်ကြီးစရာ ကောင်းတာပဲ၊ ဒီလို လျှို့ဝှက်ချက်တွေကိုတောင် ခိုးယူနိုင်တယ်ပေါ့"
ကျိယွမ်က ဇီးရိုးဝမ်းကို မချီးမွမ်းဘဲ မနေနိုင် ဖြစ်သွားသည်။
သူ ဖန်တီးထားသောအရာတစ်ခုက ပိုမိုအစွမ်းထက်လာလေ ကျိယွမ် ပို၍ ကျေနပ်လေပင်။
"ဒါတင်မကပါဘူး၊ ကျွန်တော်သာ ဆန္ဒရှိမယ်ဆိုရင် အင်တာနက်ပေါ်က ဘယ်သတင်းအချက်အလက်ကိုမဆို ရယူနိုင်ပါတယ်။"
"အင်တာနက်မှာ ရှာဖွေနေရင်း စိတ်ဝင်စားစရာကောင်းတာတွေ အများကြီး တွေ့ခဲ့တယ်၊ အားလုံးကို စုစည်းထားပါတယ်။ အရှင် အလိုရှိရင် ကျွန်တော် ပို့ပေးနိုင်ပါတယ်"
ဇီးရိုးဝမ်းက ဂုဏ်ယူစွာ ပြောလိုက်သည်။
၎င်းသည် တဖြည်းဖြည်းနှင့် လူသားနှင့် ပိုမိုတူလာပြီး ခံစားချက်နှင့်စိတ်ကူးစိတ်သန်းများပင် ရှိလာပုံရ၏။
"ဘာတွေက စိတ်ဝင်စားစရာ ကောင်းလို့လဲ"
ကျိယွမ်က မျက်ခုံးတွန့်ကာမေးလိုက်သည်။
"အဲဒါက..."
ဇီးရိုးဝမ်းက အသံကို နှိမ့်လိုက်သည်။
"တစ်ချို့မိန်းကလေးတွေရဲ့ အကောင့်တွေမှာ............."
ဇီးရိုဝမ်း၏စကားကို နားထောင်နေရင်းမှ ကျိယွမ်၏ မျက်နှာအမူအရာက ထူးဆန်းသွားသည်။သူက စက်ရုပ်အား ထူးဆန်းသလိုကြည့်ကာ ခေါင်းယမ်း၏။
"ညစ်ညမ်းတဲ့ အကြောင်းအရာတွေကို ဖြန့်ဝေတာက တရားမဝင်ဘူး။
ပြီးတော့... မင်းက ငါ့ရဲ့ သူငယ်ချင်း လည်း မဟုတ်ဘူး။ ဒါမျိုးက သူငယ်ချင်းအချင်းချင်း ဝေမျှတာမှသာ တရားဝင်တာ"
ကျိယွမ်သည် ထိုဖိုင်တွဲကို လက်မခံခဲ့ပေ။
သို့သော်တွေးကြည့်လျှင် ၎င်းတို့မှာ လျှပ်စစ်ဒေတာများသာ မဟုတ်ပါလား။
သာမန်လူသားများသည်လည်း ကာဗွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ကဲ့သို့သော ဒြပ်စင်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၏။ထို့ကြောင့် မျှဝေခြင်း မမျှဝေခြင်းက သိပ်တော့ အရေးမပါပါ ။
ကျိယွမ်သည် မင်ဝူသင်တန်းကျောင်းသို့ ထပ်မံသွားရောက်ခဲ့သည်။
ထူးထူးခြားခြားမတိုးတက်သော်လည်း သူက လေ့ကျင်မှုမပျက်ပါ ။
သူစတင်လေ့ကျင့်ပြီး မကြာမီမှာပင် ရွှီထဲ့ဟွာက သူ့ကို လာရောက်ရှာဖွေသည်။
"ညီလေး ကျိယွမ်၊ ကိုယ်ခံပညာ ပြိုင်ပွဲက နောက်သုံးရက်ဆို ကျင်းပတော့မယ်။ အဖွဲ့လိုက်ပြိုင်ပွဲကို မင်း စမ်းကြည့်ချင်လား"
ရွှီထဲ့ဟွာသည် အဖွဲ့လိုက်ပြိုင်ပွဲအပေါ် အလွန်ပင် စိတ်အားထက်သန်နေ၏။
ယခုအခါ သူ့တွင် ငွေကြေးနှင့် အာဏာရှိနေပြီ ဖြစ်သဖြင့် ကျော်ကြားမှုကို လိုလားနေသည်။
တစ်ခါတစ်ရံ ကျော်ကြားမှုသည်လည်း အလွန်ပင် အသုံးဝင်လှ၏။ အချို့သော ဘွဲ့ထူးများနှင့် ကြော်ကြားမှုများက ကြီးမားသော သက်ရောက်မှု ရှိနေသည်က သက်သေပင်။
"မလောပါနဲ့ဦး။ ပြိုင်ပွဲမတိုင်ခင် ညကျမှပဲ ဆုံကြတာပေါ့"
ကျိယွမ်က ပေါ့ပေါ့ပါးပါး တုန့်ပြန်လိုက်၏။
မထင်မှတ်ထားသောစကားကြောင့် ရွှီထဲ့ဟွာမှာ ဇဝေဇဝါ ဖြစ်သွားရ၏။ သို့သော်လည်း သူသည် ယဉ်ကျေးသူဖြစ်သဖြင့် အတင်းအကျပ်မတိုက်တွန်းချင်သလို ဖိအားလည်းမပေးချင်ပါ။
"အဲဒါက သိပ်နောက်ကျမသွားဘူးလား။အဖွဲ့လိုက်ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေက နည်းနည်းရှုပ်ထွေးတယ်။
ငါတို့ ကြိုတင်ပြီး နည်းဗျူဟာတွေ ဆွဲထားမယ်ဆိုရင် ပိုကောင်းတဲ့ ရလဒ်တွေ ရနိုင်လိမ့်မယ်"
သူကအေးအေးဆေးဆေး ရှင်းပြလိုက်သည်။
ကျိယွမ်က ရွှီထဲ့ဟွာအား အရေးမပါသလိုကြည့်ပြီး သူ၏အယူအဆအား ပြော၏။
"သိုင်းပညာရဲ့ စည်းမျဉ်းဆိုတာ ဘယ်သူ့လက်သီးက ပိုမာသလဲဆိုတာပဲ မဟုတ်ဘူးလား"
"အချိန်ကျရင် ရန်သူအားလုံးကို ထိုးလှဲလိုက်ရုံပဲလေ၊ ဘာပြဿနာ ရှိလို့လဲ"
ရွှီထဲ့ဟွာမှာ ဆွံ့အသွားပြီး ဘာပြန်ပြောရမှန်းပင် မသိတော့ပေ ။
ကျိယွမ် ပြောသည်မှာ မမှားပေ။
သို့သော် ၎င်းသည် အစွမ်းထက်သော အရည်အချင်းရှိခြင်း မရှိခြင်းအပေါ်တွင် အခြေခံ၏။
မင်ဝူသိုင်းသင်တန်းကျောင်းမှ ပြိုင်ပွဲဝင်လေးဦးအနက် သူတို့၏ အစွမ်းမှာ ထူးထူးခြားခြား အစွမ်းထက်နေခြင်းမျိုး မဟုတ်ပေ။
အထူးသဖြင့် ကျိယွမ်ဆိုလျှင် သိုင်းပညာရှင်လက်မှတ်ပင် ရရှိထားပုံမရပေ ။
သူ့ရဲ့ အစွမ်းအစလေးနဲ့ ဒီလိုစကားပြောဖို့ ဘယ်လိုများ မောက်မာလိုက်တာလဲ။
သို့သော် ကျိယွမ်တွင် သိုင်းပညာရှင်လက်မှတ်မရှိသော်လည်း အခြားလက်မှတ်တစ်ခုရှိသည်ကို တွေးမိလိုက်သောအခါ ရွှီထဲ့ဟွာက ငြင်းခုံရန် မတွေးတော့ပါ။
"မင်းပြောတာလည်း ဟုတ်ပါတယ်၊ ဒါပေမဲ့... ငါတို့ရဲ့ အစွမ်းက မလုံလောက်ဘူး။ ငါတို့ နည်းဗျူဟာအပေါ် အားကိုးဖို့ လိုအပ်တယ်"
သူက အကူအညီမဲ့စွာ ပြောလိုက်သည်။
"ခင်ဗျားတို့ အစွမ်းမရှိတာ မဆန်းပါဘူး၊ အမြဲတမ်း စကားပြောနေကြတာကိုး။ ခင်ဗျားသာ ကျွန်တော့်လို သိုင်းပညာကို ကြိုးကြိုးစားစား လေ့ကျင့်မယ်ဆိုရင် အစွမ်းမရှိမှာကို ခုလို စိုးရိမ်နေရဦးမလား"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး လက်သီးချက်များကို ဆက်လက် လေ့ကျင့်နေသည်။
သူက အလွန်ကြိုးစားသူဖြစ်၏။
ယခုလို သိုင်းပညာ အကန့်အသတ်သို့ ရောက်ရှိပြီးနောက် သူ၏ တိုးတက်မှု နှေးကွေးသွားသော်လည်း သူသည် သိုင်းပညာကို တစိုက်မတ်မတ် လေ့ကျင့်နေဆဲ မဟုတ်ပါလား။
ကျိယွမ်၏ စကားကြောင့် ရွှီထဲ့ဟွာ မျက်နှာနီမြန်းသွားသည်။
ကျိယွမ်သည် ဤမျှအထိ သိုင်းပညာအပေါ် ရူးသွပ်သူဖြစ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
သူသည် သိုင်းပညာကို စီးပွားရေးကတ်ပြားတစ်ခုကဲ့သို့ အမြဲ သဘောထားခဲ့မိသဖြင့် ကျိယွမ်၏ စကားကို ကြားလိုက်ရသောအခါ အနည်းငယ် ရှက်ရွံ့သွားမိသည်။
"မင်းပြောတာ မှန်ပါတယ်။ သိုင်းပညာကို ကြိုးစားလေ့ကျင့်သင့်တာပေါ့"
ရွှီထဲ့ဟွာသည် ကျိယွမ်ကို ထပ်မံ မနှောင့်ယှက်တော့ရန် ဆုံးဖြတ်လိုက်၏။
"သိုင်းပညာက... အတော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်"
ကျိယွမ်က ရွှီထဲ့ဟွာကိုကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
လွန်ခဲ့သော သုံးလအတွင်း သူသည် သိုင်းပညာကို နေ့စဉ်လေ့ကျင့်ခဲ့သဖြင့် ထိုအရာအပေါ် သူ၏ နားလည်မှုမှာ ပိုမိုနက်ရှိုင်းလာခဲ့၏။
သူသည် သိုင်းပညာ လမ်းစဉ်ပေါ်သို့ပင် မရောက်ရှိသေးကြောင်း သူသာအသိဆုံးပင်။
သူ၏ အမြင်အရ ဤကမ္ဘာ၏ သိုင်းပညာမှာ အခြားကမ္ဘာများရှိ ကျင့်ကြံခြင်းလမ်းစဉ်များထက် အလားအလာ ညံ့နေခြင်း မရှိပါ။
"သိုင်းပညာက စိတ်ဝင်စားဖို့ ကောင်းတယ် ဟုတ်လား"
ရွှီထဲ့ဟွာသည် ကျိယွမ်၏ စကားကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
သို့သော် သူသည် နောက်ထပ် မမေးမြန်းတော့ဘဲ ထွက်ခွာသွားလေ၏။
မနီးမဝေးတွင်ရှိနေသော ဝမ်ရှီးချောင်သည် ဤမြင်ကွင်းကို မြင်လိုက်ရပြီး ကျိယွမ်ကို လက်မထောင်ပြလိုက်သည်။
"နင်ကတော့ တကယ့် သတ္တိခဲပဲ၊ အကိုရွှီကို ဒီလိုမျိုး ပြောရဲတယ်ပေါ့"
ရွှီထဲ့ဟွာသည် မင်ဝူသင်တန်းကျောင်းတွင် ဖော်ရွေသူဖြစ်သော်လည်း ကျောင်းသားများမှာ သူ့ကို ရိုသေကြောက်ရွံ့ကြသည်။
သူတို့သည် ကျိယွမ်ကဲ့သို့ ရွှီထဲ့ဟွာကို တိုက်ရိုက် ရင်ဆိုင်ရန် မဝံ့ရဲကြပေ။
"ငါက အမှန်အတိုင်း ပြောတာပါ"
ကျိယွမ်က ဝမ်ရှီးချောင်ကို ကြည့်ပြီး မသိမသာဆွ၏။
"ဒါပေမဲ့ ငါက နင့်ထက် ပိုသတ္တိရှိတာတော့ အမှန်ပဲ"
ဝမ်ရှီးချောင်၏အပြုံးမှာ ထိုစကားကြောင့် တောင့်ခဲသွားသည်။
"နင့်ရဲ့ ပါးစပ်ကို အပ်နဲ့ ချည်နဲ့ ပိတ်ထားသင့်တာ"
သူမက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
"ဒီစကားကို အဲဒီ ကွေ့ရန်လူမျိုးကို ဘာလို့ သွားမပြောတာလဲ"
ကျိယွမ်က သူမအား မစွံပါဘူးဟူသော အဓိပ္ပါယ်ဖြင့် ပခုံးတွန့်ပြလိုက်သည်။
ဝမ်ရှီးချောင်သည် သူ၏အမြင်တွင်အမြဲတမ်း ကြောက်တတ်သူ ဖြစ်နေဆဲပင်။
ကျိယွမ်၏ စကားကို ကြားလိုက်ရသောအခါ အနီးနားရှိ သင်တန်းကျောင်းသားများပင် ပြုံးစိစိဖြစ်သွားကြ၏။
လွန်ခဲ့သော သုံးလက ဝမ်ရှီးချောင်သည် ဝူကွေ့စစ်အရာရှိတစ်ဦးနှင့် စကားများခဲ့သည်။
လွန်ခဲ့သော သုံးလပတ်လုံး ထိုစစ်အရာရှိသည် ဝမ်ရှီးချောင်ကို နေ့တိုင်း မက်ဆေ့ခ်ျပို့ပြီး ဆဲဆိုနေခဲ့သဖြင့်
ဝမ်ရှီးချောင်ကလည်း မအောင့်နိုင်ဘဲ နေ့တိုင်း ပြန်လည် ဆဲဆိုခဲ့၏။
သူတို့သည် သုံးလတိုင်တိုင် အပြန်အလှန် ဆဲဆိုနေခဲ့ကြပြီး တိုက်ပွဲက အလွန်ပြငိးထန်လှလေသည်။
သို့သော် ၎င်းမှာ အွန်လိုင်းပေါ်မှ အဆဲတိုက်ပွဲသာဖြစ်ပြီး လက်တွေ့တွင် ထိရောက်သော အကျိုးသက်ရောက်မှု မရှိပါ။
ဤအကြောင်းမှာလည်း သင်တန်းကျောင်း တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ဟာသတစ်ခု ဖြစ်လာခဲ့သည်။
ကျိယွမ်အတွက် ဝမ်ရှီးချောင်အား ကြောက်တတ်သူဟု ပြောခြင်းမှာ မမှားပါ။
အကယ်၍ သူသာဆိုလျှင် အွန်လိုင်းပေါ်တွင် သုံးလပတ်လုံး ဆဲဆိုခံနေရခြင်းကို သည်းခံမည် မဟုတ်ပေ၊ ပထမဆုံးနေ့မှာတင် သွားရောက်ပြီး ထိုလူကို အပိုင်းပိုင်း ခုတ်ထည့်လိုက်မှာ သေချာ၏။
"သူသာ ထျန်းယွဲ့ကိုလာရဲရင် လာကြည့်လိုက်လေ ၊ သူ နောင်တရသွားစေရမယ်"
ဝမ်ရှီးချောင်က ကျိယွမ်ကို စိုက်ကြည့်ရင်း ဒေါသတကြီး ဆက်ပြောလိုက်သည်။
"ဒါက နင်ကိုယ်တိုင် ဖြစ်ပျက်တာ မဟုတ်တော့ ပြောအားရှိတာပေါ့ ၊ တကယ်လို့ ငါ့နေရာမှာ နင်သာ ဖြစ်ခဲ့ရင် ဘာလုပ်မှာလဲ။ စစ်မြေပြင်ကို သွားပြီး အဲဒီ ကွေ့ရန်အရာရှိကို သွားထိုးမှာမို့လား"
ရှင်းယွီကလည်း ရယ်မောရင်းမှ ဝင်ပြော၏။
"ကျိယွမ်ကို ထားလိုက်ပါ။ ငါသာဆိုရင် သူ့ကို ချက်ချင်း ဘလော့လိုက်မှာ။ သုံးလလုံးလုံး အပြန်အလှန် ဆဲနေမှာ မဟုတ်ဘူး။ အွန်လိုင်းပေါ်မှာ အဲဒီလို စကားများနေမှာကို မဟုတ်တာ"
ကျိယွမ်က ဝမ်ရှီးချောင်ကို သနားသလို ကြည့်လိုက်သည်။
"သူသာ ငါ့ကို အဲဒီလို ဆဲရဲရင် ငါ သေချာပေါက် သွားပြီး သူ့ကို အပိုင်းပိုင်း ခုတ်ထည့်ပစ်မှာပဲ"
ဝမ်ရှီးချောင်က ဟာသတစ်ခုအလား အော်ရယ်လိုက်ပြီး ကျိယွမ်အား နှာခေါင်းရှုံ့၏။
"ပါးစပ်ကကြွားတာကတော့ လူတိုင်းလုပ်တတ်တာပေါ့ "
"ဟိုတုန်းက ရှင်းဟွာဖိုရမ်မှာ တစ်ယောက်ယောက်က ငါ့ကို ဆက်တိုက် ဆဲဆိုပြီး အကွက်ဆင်ခဲ့ဖူးတယ်။"
"ကံကောင်းတာက ကမ္ဘာပေါ်မှာ လူကောင်းတွေ ရှိနေသေးတယ်လေ၊ တစ်စုံတစ်ယောက်က အဲဒီလူတွေကို ငါ့အတွက် သေသေချာချာမှတ်တမ်းတင်ပေးခဲ့တယ်"
"အဲဒီနောက် ငါကိုယ်တိုင် မိုင်ပေါင်းထောင်ချီ ခရီးနှင်ပြီး သူတို့ကို တစ်ယောက်ချင်းစီ သွားပြီး စီရင်ချက် ချခဲ့တာ"
"အဲဒီအချိန်တုန်းက ငါ့မှာ စိတ်ကျန်းမာရေး ထောက်ခံချက်တောင် မရှိသေးဘူး၊ ဒါပေမဲ့ ငါလုပ်ရဲတယ်။
အခု ငါ့မှာ ထောက်ခံချက် ရှိနေပြီဆိုတော့ ငါက ပိုပြီးကြောက်လာမလား လုပ်ရဲမလား နင်တွေးကြည့်ပေါ့"
ကျိယွမ်က အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။သို့သော် ဝမ်ရှီးချောင်က လက်မခံပါ။
"ကြွားနေတာတွေတော်ပါတော့...လျာအရိုးမရှိတိုင်း ၊ အဲဒီ ရှင်းဟွာဖိုရမ်ဆိုတာကရော ဘာလဲ ၊ တစ်ခါမှ မကြားဖူးဘူး "
"ကျင့်ကြံသူတွေရဲ့ ဖိုရမ်တစ်ခုပေါ့"
ကျိယွမ်က အမှန်အတိုင်းပြန်ဖြေလိုက်ပြန်သည် ။ ဝမ်ရှိးချောင်ကလည်း နောက်တစ်ခါ နာခေါင်းရှုံ့ပြန်၏။
"အခုတော့ ကျင့်ကြံခြင်းအကြောင်းတွေပါ ပြောနေပြန်ပြီ ၊ တော်ပါတော့ ရယ်စရာတွေ"
"တကယ်လို့ ဒါက လုပ်ကြံပြီးပြောတာဆိုရင် ဒီလောက်အထိ အဓိပ္ပာယ်မရှိတာမျိုး ဖြစ်မှာမဟုတ်ဘူး။
ဒီလောက်အထိ အဓိပ္ပာယ်မရှိဖြစ်နေမှတော့ ဒါက အမှန်တရားလို့တောင် ထင်မိတယ်"
ရှင်းယွီကလည်း ရယ်မောရင်း အတည်လိုလို စနောက်သလိုလို ဝင်ပြော၏။
ဝမ်ရှီးချောငိက ကျိယွမ်အား အဓိပ္ပါယ်ပါပါ ကြည့်၏။
" ဒါက အမှန်ဆိုရင် နင်ပြောတဲ့ ရှင်းဟွာဖိုရမ်ဆိုတာကို ငါ ဝင်လို့ရမလား"
သူမက မရှိမှန်းသိနေ၍ တမင်ညစ်ကာမေးလိုက်ခြင်းပင်။
"မရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နင့်ရဲ့ ပါရမီက သိပ်နိမ့်လွန်းလို့ပဲ"
ကျိယွမ်က ပြတ်ပြတ်သားသား ငြင်းလိုက်သည်။
သူတုန်းကပင် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ရပြီး ညီမလေး ကျန်းလင်းစု၏ အကူအညီကြောင့်သာ ရှင်းဟွာသို့ ဝင်ရောက်နိုင်ခဲ့ခြင်းပင်။
ဆန္ဒရှိသူတိုင်းက ရှင်းဟွာအဖွဲ့သို့ ဝင်ရောက်နိုင်သည် မဟုတ်ပေ။
ဝမ်ရှီးချောင်၏ ကျင့်ကြံခြင်း ပါရမီမှာ အသင့်အတင့်သာရှိပြီး ထိပ်တန်းအဆင့်ဟု သတ်မှတ်၍ မရပါ။
"ဟားဟား ဟားဟား နင်က ငါဝင်သွားပြီး နင့်ရဲ့ မုသားတွေကို ဖော်ထုတ်မှာကို ကြောက်နေတာ မဟုတ်လား"
"မိုင်ပေါင်းထောင်ချီ သွားပြီး လူသတ်တယ်တဲ့ ။နင် နိုင်ငံခြားကိုတောင် ထွက်ဖူးလို့လား"
ဝမ်ရှီးချောင်က သူ့ကို လှောင်ပြောင်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ထိုအချိန်တွင် ရုတ်တရက် ကျိယွမ်၏ ဖုန်းက မြည်လာလေသည်။
ကျိယွမ် အနည်းငယ် အံ့အားသင့်သွား၏။ သူ၏ဖုန်းနံပါတ်ကို သိသူ အနည်းငယ်သာ ရှိသလို ပုံမှန်အားဖြင့် သူ့ကို မည်သူမျှ ဆက်သွယ်လေ့မရှိပေ၊ အထူးသဖြင့် ဤအချိန်မျိုးတွင် ဖြစ်သည်။
သူကြည့်လိုက်သောအခါ ဖုန်းခေါ်ဆိုသူ၏အိုင်ဒီမှာ မရင်းနှီးသော နံပါတ်တစ်ခု ဖြစ်နေ၏။
"ဟယ်လို"
ကျိယွမ်က ဖုန်းဖြေလိုက်သည်။
ဖုန်း၏ အခြားတစ်ဖက်မှ တုန်လှုပ်ချောက်ချားနေသော၊ တုံ့ဆိုင်းနေသည့်အသံတစ်ခု ထွက်ပေါ်လာသည်။
"ဒါ မစ္စတာကျိလား"
"ဘယ်သူလဲ"
တစ်ဖက်မှ ပြန်ဖြေ၏။
"ကျွန်မက ခွမ်းဟွမ်ရဲ့ ဇနီးပါ... ခွမ်းဟွမ် တစ်ခုခု ဖြစ်သွားလို့ပါ။ ကျွန်မ... ကျွန်မ ဘာလုပ်ရမှန်း မသိတော့ဘူး။ လူအများကြီးကို အကူအညီတောင်းကြည့်ပေမဲ့ ဘာအဖြေမှ မရဘူး၊ ဒါကြောင့်... ဟင့်၊ ဟင့် ..."
ဖုန်ဆက်လာသော အမျိုးသမီးမှာ စိတ်ထိန်းနေသည့်ကြားမှ ပိုဝမ်းနည်းလာပြီး ရှိုက်ကြီးတငင် ငိုကြွေးသံများပါလာ၏။
သူမ၏ အခြေအနေမှာ အလွန်ပင် ဆိုးရွားနေပြီး စိတ်ဓာတ်ပြိုလဲလုနီးပါး ဖြစ်နေသည်မှာ ထင်ရှားလှသည်။
သူမ၏ စကားပြောသံမှာလည်း သိပ်မရှင်းလင်းပေ။
ကျိယွမ်က မျက်လုံးကို အနည်းငယ် မှေးလိုက်ကာ အရေးကြီးသည်ကို ပြန်မေးလိုက်သည်။
"ခင်ဗျား ဘယ်မှာလဲ"
"ကျွန်မ... ရှင်းယန်မှာပါ...
"ကောင်းပြီ... ကျွန်တော် ခဏနေရင် လာခဲ့မယ်"
ကျိယွမ် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ထိုနေရာသို့ သွားရန် ဆုံးဖြတ်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ ခွမ်းဟွမ်သည် သူ၏ ပူးပေါင်းဆောင်ရွက်သူများအနက်မှ တစ်ဦးဖြစ်သည်။
ထို့အပြင် လွန်ခဲ့သော သုံးလအတွင်း သူသည် ကျိယွမ်အတွက် ကြိုးစားအားထုတ်ပေးခဲ့ပြီး သူ့အတွက်လိုလေသေးမရှိအောင် အရာအားလုံးကို စီစဉ်ပေးခဲ့သူပင်။
မျိုးရိုးဗီဇပြောင်းလဲနေသော ပင်လယ်သတ္တဝါများ ဖမ်းဆီးရန် လိုအပ်သည့်အခါတိုင်းလည်း သူကပင် လုပ်ဆောင်ပေးခဲ့သည်။
သူသည် ပြင်ပကမ္ဘာရှိ ကျိယွမ်၏ ကိုယ်စားလှယ်တစ်ဦးဟုပင် ပြောနိုင်၏။
ယခုအခါ သူ တစ်ခုခု ဖြစ်သွားပြီဆိုလျှင် ကျိယွမ်က မဖြစ်မနေသွားရောက် ကူညီပေးရမည် ဖြစ်သည်။
ဖုန်းချလိုက်ပြီးနောက် ဝမ်ရှီးချောင်က အနားသို့ကပ်လာ၏။
"ဘာဖြစ်တာလဲ။ ငါတို့ အကူအညီ လိုသေးလား"
ဖုန်းထဲမှ အမျိုးသမီးတစ်ဦး ငိုနေသံကို ဝမ်ရှီးချောင် ကြားလိုက်ရသည်။
ကျိယွမ်ဘက်တွင် ပြင်းထန်သော တစ်စုံတစ်ခု ဖြစ်ပျက်နေသည်မှာ သိသာ၏။
သင်တန်းကျောင်းတစ်ခုတည်းမှ ဖြစ်သလို ဝါသနာတူများလည်းဖြစ်သဖြင့် သူတို့ကို သူငယ်ချင်းများဟု သတ်မှတ်နိုင်သည်။
တစ်ခုခု ဖြစ်လာလျှင် အားလုံးက အချင်းချင်း ကူညီရန် အမြဲ အသင့်ရှိနေကြ၏။
ရှင်းယွီကလည်း ခေါင်းညိတ်၏။
"တကယ်လို့ အခက်အခဲရှိတယ်ဆိုရင် ငါတို့ကို ပြောပြပါ။ ငါတို့က အများကြီး အကူအညီမပေးနိုင်ရင်တောင် နင်တစ်ယောက်တည်းနဲ့စာရင် လူအင်အားများတာက ပိုကောင်းတာပေါ့"
ကိုယ်ခံပညာသင်တန်းကျောင်းဆိုသည်မှာ အကျိုးစီးပွားချင်း တူညီသော အသိုင်းအဝိုင်းတစ်ခုကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။
သူတို့ကဲ့သို့ "အသင့်အတင့် ချမ်းသာသူများ" စုပေါင်းလိုက်ပါက အားကောင်းသော အင်အားတစ်ခုကို ဖန်တီးနိုင်သည်မှာ သံသယရှိစရာမလိုပေ။
"မလိုပါဘူး၊ ဒါက ကိစ္စအသေးအမွှားလေးပါ။ ငါ့ သူငယ်ချင်းတစ်ယောက် ဒုက္ခရောက်နေလို့ သွားကြည့်မလို့"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သူက စကားပြောရင်း ဖုန်းမှတစ်ဆင့် လက်မှတ်တစ်စောင် ဝယ်ယူရန် ဇီရိုးဝမ်းထံသို့ မက်ဆေ့ခ်ျ ပို့လိုက်သည်။
"ကိစ္စအသေးအမွှားဆိုရင်တော့ ကောင်းတာပေါ့"
ထိုစကားကို ကြားသောအခါ ဝမ်ရှီးချောင်က သက်ပြင်းချကာ သတိပေး၏။
"အဲဒါကို မြန်မြန် ဖြေရှင်းနော်၊ နောက်သုံးရက်ကျရင် ကျင်းပမယ့် ကိုယ်ခံပညာ ပြိုင်ပွဲကိုတော့ လွတ်မသွားစေနဲ့ဦး"
"ငါ သိပါတယ်"
ကျိယွမ်က ခေါင်းညိတ်ပြကာ အားလုံးကို နှုတ်ဆက်ပြီး သင်တန်းကျောင်းမှ ထွက်ခွာသွားခဲ့သည်။
............
ရှင်းယန်မြို့ရှိ ခမ်းနားစွာ အလှဆင်ထားသော ဗီလာအိမ်ကြီးအတွင်း၌ဖြစ်သည်။
ငယ်ရွယ်သောအမျိုးသမီးတစ်ဦး၏ မျက်နှာတွင် မျက်ရည်စများ ရှိနေဆဲ ဖြစ်ပြီး လက်ရှိအချိန်တွင် သူမသည် ဘာလုပ်ရမှန်းမသိဘဲ လုံးဝ လမ်းပျောက်နေပုံရ၏။
သူမ၏ နံဘေးတွင် ကြံ့ခိုင်သော အမျိုးသမီးတစ်ဦး ရပ်နေပြီး သူမ၏ မျက်ဝန်းများတွင် ဒေါသများ တောက်လောင်နေသည်။
"တောက်.....ဘယ်လောက်ဒေါသထွက်ဖို့ကောင်းလဲ "
"ငါ့အစ်ကိုက သူတို့အတွက် အလုပ်လုပ်ပေးခဲ့တာလေ ၊ အခု ကွေ့ရန်တွေရဲ့ ဖမ်းဆီးတာကို သူခံလိုက်ရတာတောင်မှ သူတို့က ကယ်တင်ဖို့ ဒါမှမဟုတ် သံတမန်ရေးအရ ဖိအားပေးဖို့တောင် မစဉ်းစားကြဘူး။ သူတို့က သူ့ဆီကနေတောင် ဝေးဝေးနေဖို့ ကြိုးစားနေကြသေးတယ်"
ထိုသန်မာသော အမျိုးသမီးမှာ ခွမ်းဟွမ်၏ ညီမဖြစ်သူ ခွမ်းရှီး ဖြစ်ပြီး သူမကတွေးမိလေဒေါသထွက်လေဖြစ်နေ၏။
ငိုနေသောအမျိုးသမီးက နွမ်းလျစွာဖြင့်
ရှိုက်ကာဆိုသည်။
"ငါ အဲဒီဗိုလ်ချုပ်ဆီကို သွားတွေ့ခဲ့တယ်၊ သူကလည်း ဘာမှ မလုပ်ပေးနိုင်ဘူးလို့ ပြောလိုက်တယ်"
"ဘာမှ မလုပ်ပေးနိုင်ဘူး ဟုတ်လား။ သူက ဒီပြဿနာထဲမှာ ပါဝင်ရမှာကို ကြောက်နေတာပဲ"
ခွမ်းရှီးက အံကြိတ်ရင်းမှ စားပွဲခုံအား ဒေါသတကြီးထုလေသည်။
"အလကားဟာတွေ ..အရေးယူဖို့ကို အရမ်းကြောက်နေကြတာပဲ"
ခွမ်းဟွမ်သည် ချင်းယွမ်စစ်တပ်အတွက် အမြဲတမ်း အလုပ်လုပ်ပေးခဲ့ပြီး စစ်တပ်၏ လက်နက်ပစ္စည်းများကို ရှင်းလင်းပေးခြင်းနှင့် ကွေ့ရန်များကို တိုက်ခိုက်ရာတွင် ယွဲ့လန်ကို ကူညီပေးခြင်းများ ပြုလုပ်ခဲ့သည်။
ယခုတစ်ကြိမ်တွင် ချင်းယွမ်အတွင်းရှိ သတင်းပေးတစ်ဦး ပေါ်သွားသဖြင့် ခွမ်းဟွမ်သည် ကွေ့ရန်စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရလေ၏။
"ဒါပေမဲ့ အဲဒီဗိုလ်ချုပ်က ပြောတယ်... ခွမ်းဟွမ်က အသက်အန္တရာယ် မရှိပါဘူးတဲ့။ သူက ငါတို့ကို စိတ်ရှည်ရှည်နဲ့ စောင့်နေဖို့ ပြောတယ်၊ ကွေ့ရန်တွေက နောက်သုံးနှစ်လောက်နေရင် ခွမ်းဟွမ်ကို ပြန်လွှတ်ပေးလိမ့်မယ်တဲ့။
"ငါ တခြားသူတွေကိုလည်း သွားရှာကြည့်တယ်၊ သူတို့လည်း အဲဒီလိုပဲ ပြောကြတာပါပဲ"
ထိုအမျိုးသမီးက မျှော်လင့်ချက်မဲ့စွာဖြင့် မျက်ရည်များသုတ်လိုက်သည်။
သူမသည် သာမန်မိသားစုမှ လာသူဖြစ်ပြီး ခွမ်းဟွမ် မရှိလျှင် ဤကဲ့သို့သော ကိစ္စကြီးများတွင် ဘာလုပ်ရမှန်း မသိတော့ပေ။
ခွမ်းဟွမ်၏ အထက်ရှိ ဗိုလ်ချုပ်များက သူမကို ကူညီရန် ငြင်းဆန်ကြသဖြင့် သူမတွင် အခြား ရွေးချယ်စရာလည်းမရှိပါ။
သူမသည် ခွမ်းဟွမ်၏ သူငယ်ချင်းများစွာထံသို့ သွားရောက်ခဲ့သော်လည်း သူတို့၏ တုံ့ပြန်မှုများကလည်း ထိုနည်းကောင်းပင် ။
မည်သူမျှ ဤကိစ္စတွင် မပါဝင်လိုကြပေ။ အများစုက သူမကို စိတ်အေးအေးထားရန်နှင့် ခွမ်းဟွမ်ကို တစ်နေ့နေ့တွင် ပြန်လွှတ်ပေးလိမ့်မည်ဟုသာ နှစ်သိမ့်ကြ၏။
သို့သော် ခွမ်းဟွမ်ကို ပြန်မတွေ့ရမချင်း သူမ စိတ်မအေးနိုင်ပေ။
"အမှိုက်တွေပဲ.. ငါ့အစ်ကို ရှိတုန်းကတော့ သူတို့အားလုံးက ဖော်လံဖားနေကြပြီး၊ အခု သူ ဒုက္ခရောက်တော့မှ ငါတို့ကို ကူးစက်ရောဂါလို သဘောထားနေကြတာလား"
ခွမ်းရှီးက ပြောရင်း ပို၍ ဒေါသထွက်လာသည်။
"အနည်းဆုံးတော့ လာပေးဖို့ သဘောတူထားတဲ့ မစ္စတာကျိ ရှိပါသေးတယ်။
သူ့မှာ ခွမ်းဟွမ်ကို ကယ်ဖို့ နည်းလမ်းတစ်ခုခုရှိမလားလို့ မျှော်လင့်ရတော့မှာပဲ"
ယခုအခြေအနေမှာတော့ ခွမ်းဟွမ်၏ဇနီးသည် ကျိယွမ်ကို သူမ၏ တစ်ဦးတည်းသော အားကိုးရာအဖြစ် သတ်မှတ်ထားသည်။
"မစ္စတာကျိ... သူက ဘယ်သူလဲ"
ခွမ်းရှီးက ဇဝေဇဝါ အမူအရာဖြင့် ယောင်းမဖြစ်သူအားကြည့်၏။
သူမသည် ကျိယွမ်ဆိုသူအား မသိပါ။
"သူက..."
ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ခွမ်းဟွမ်၏ဇနီးက ဖြေသည်။
"ငါ့ယောက်ျားက အရမ်းရိုသေလေးစားတဲ့သူ တစ်ယောက်ပါ"
"ငါ့အစ်ကိုကတောင် ရိုသေလေးစားတဲ့သူ ဟုတ်လား။ သူက မျိုးရိုးကြီးတဲ့ မိသားစုက ဖြစ်မလား"
ခွမ်းရှီးက တွေးတောမိပြီးနောက် ထပ်မံ၍ စိတ်ပျက်သွားပြန်သည်။
"ဒီလို အခြေအနေမျိုးမှာ မျိုးရိုးကြီးတဲ့ မိသားစုက တစ်ယောက်ယောက် ဝင်ပါရင်တောင် ထူးမှာ မဟုတ်ပါဘူး။"
မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ အင်အားကြီးနိုင်ငံနှစ်ခုကြားမှ ပဋိပက္ခတစ်ခု ဖြစ်သည်။
သူတို့ကဲ့သို့ အထက်တန်းလွှာလေးများမှာ အချိန်မရွေးစတေးခံရနိုင်သည် မဟုတ်ပါလား။
သို့သော် မစ္စတာကျိ လာနေသည်ကို တွေးမိလိုက်သောအခါ ခွမ်းရှီးသည် အနည်းငယ် စိတ်သက်သာရာ ရသွားမိ၏။
သူသည် တစ်စုံတစ်ရာ မလုပ်ပေးနိုင်လျှင်ပင် အနည်းဆုံးတော့ စိုးရိမ်ပူပန်ပေးသည် မဟုတ်ပါလား။
သူကမှ မိတ်ဆွေပီသသေးတယ် ။
------------