အဆက်အသွယ်များကို အသုံးပြုခြင်း
Vol. 27 Ch. 301
ဗီလာအတွင်း၌ လေထုမှာ လေးလံထိုင်းမှိုင်းနေသည်။
ခွမ်းဟွမ်အဖမ်းခံရသည်မှာ တစ်ရက်နှင့်တစ်ညမက ကြာမြင့်ခဲ့ပြီဖြစ်၏။
သို့သော်သူ၏ ဗီလာသို့ မည်သူမျှ လာရောက်နှစ်သိမ့်ခြင်း မရှိကြသလို ဖုန်းဆက်ကာသတင်းမေးသူပင် မရှိသဖြင့် ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်နေသည်။
လူတိုင်းက ခွမ်းဟွမ်၏အကြောင်းကို မေ့လျော့နေကြသကဲ့သို့ပင် ရှိသည်။
တစ်ချိန်တည်းမှာပင် စစ်စခန်း၌ ယူနီဖောင်း ဝတ်ဆင်ထားသော ဗိုလ်ချုပ်မှာ ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် မျက်မှောင်ကြုတ်နေ၏။
သူသည် အထက်လူကြီးများနှင့် ဖုန်းပြောဆိုပြီးရုံသာ ရှိသေးသည်။
ထိုစဉ် သူ၏ လက်ထောက်က မေးလိုက်၏။
"ခွမ်းဟွမ်ရဲ့ မိသားစုကို အကြောင်းကြားရမလား ဗိုလ်ချုပ်"
ဗိုလ်ချုပ်က ခေါင်းယမ်းလိုက်သည်။
"ခွမ်းဟွမ်ရဲ့ မိသားစုက မွှန်ထူပြီး အကျိုးမသိအကြောင်းမသိ ဖြစ်နေကြပြီ။ အခုချိန်မှာ ဘာပြောပြော အပိုပဲ ဖြစ်လိမ့်မယ်။"
"သူတို့က ကိုယ်ကျိုးကိုပဲ ကြည့်ကြပြီး နိုင်ငံအကျိုးကို မငဲ့ကွက်ကြဘူး။
ဒီလောက်ကြီးမားတဲ့ ကိစ္စမျိုးကို သူတို့နဲ့ အကျိုးအကြောင်းပြောဖို့ မဖြစ်နိုင်ဘူး"
ထိုစကားများအရ သူ၏လုပ်ရပ်များသည် ကိုယ်ကျင့်တရားအရ မှန်ကန်ကြောင်း ဆင်ခြေပေးရန် ကြိုးစားနေသည်မှာ အသိသာကြီးပင်။
နိုင်ငံဆိုသည်မှာ အုပ်ချုပ်သူ လူတန်းစား၏ လက်နက်ကိရိယာတစ်ခုသာ ဖြစ်ပြီး၊ အထူးသဖြင့် တော်ဝင်မိသားစုနှင့် ကြယ်ခုနစ်ပွင့်မိသားစုကြီးများ အတူတကွ အုပ်ချုပ်သော ချင်းယွမ်နိုင်ငံတွင် ပို၍ထင်ရှားသည်။
လက်ထောက်က ဗိုလ်ချုပ်၏ ရည်ရွယ်ချက်ကို နားလည်သဖြင့် ခေါင်းငြိမ့်ပြသည်။
ဗိုလ်ချုပ် ဆိုလိုသည်ကို သူ ကောင်းစွာ သဘောပေါက်၏။လက်နက်မှောင်ခိုသမားတစ်ယောက်အတွက်နှင့် စွန့်စား၍မရသော အခြေအနေများစွာရှိလေသည်။
"အထက်လူကြီးတွေက ဒီကိစ္စကို လူသိမများအောင် တိတ်တဆိတ် ကိုင်တွယ်ချင်ကြတယ်"
ဗိုလ်ချုပ်က စားပွဲပေါ်မှဝိုင်ခွက်ကို ကောက်ယူလိုက်ပြီး ဆက်ပြောသည်။
"တကယ်လို့ ခွမ်းဟွမ်ရဲ့မိသားစုက ငါ့ကို ထပ်ဆက်သွယ်လာရင် တစ်ခုခု အကြောင်းပြပြီး ပြန်လွှတ်လိုက်ပါ"
"နားလည်ပါပြီ"
လက်ထောက်က သူ၏အမြင်ကိုပါ တင်ပြ၏။
"ဒီတစ်ခေါက်ကတော့ ဒါဟာ ခွမ်းဟွမ်းရဲ့ ကိုယ်ပိုင်အမှားပဲ ဖြစ်တယ်။ သူက လက်နက်ရောင်းတာကိုပဲ အာရုံစိုက်သင့်တာ၊ ရှေ့တန်းကို ဘာကိစ္စနဲ့မှ မသွားသင့်ဘူး"
ဗိုလ်ချုပ်က သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ကာ ဝိုင်အားတစ်ချက်မော့
လိုက်သည်။
တကယ်လို့ ခွမ်းဟွမ်သာ သူတို့၏လက်နက်ရောင်းချရေး အစီအစဉ်အတိုင်း အတိအကျလုပ်ဆောင်ခဲ့မည်ဆိုလျှင် ယခုလို အခက်အခဲနှင့် ကြုံရမမည်မဟုတ်ဘူးဟုလည်း သူတွေးမိ၏။
အကုန်လုံးက သူ့အမှားတွေပဲ။သူက နယ်ကျော်သွားတာ ။
သူ၏အမြင်တွင် ခွမ်းဟွမ်မှာ လောဘကြီးပြီး အခြားစီးပွားရေးများထဲသို့ ခြေစုံပစ်ဝင်ခဲ့ခြင်းကြောင့် ရန်သူ့လက်ထဲသို့ ကျရောက်သွားခြင်း ဖြစ်သည်။
သူ့အမှားများအတွက် တရားမစွဲဆိုခြင်းမှာပင် သူတို့ဘက်က အများကြီးလျှော့ပေါ့ပေးထားခဲ့ခြင်းပင်။
သို့သော် ခွမ်းဟွမ် အဖမ်းခံရခြင်းက သူတို့ကိုပါ အကျပ်ရိုက်စေသဖြင့် ဗိုလ်ချုပ်မှာ တော်တော်လေး မကျေမနပ်ခံစားနေရ၏။
"သူ အသတ်ခံရမှာ မဟုတ်ပေမဲ့ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကတော့ ရှောင်လွှဲလို့ မရနိုင်ဘူး"
ဗိုလ်ချုပ်က တည်ငြိမ်စွာ ပြောသည်။
ဝူကွေ့ နှင့် ချင်းယွမ်တို့မှာ ပြိုင်ဘက်များ ဖြစ်ကြပြီး၊ ခွမ်းဟွမ်မှာ ဝူကွေ့၏ ဖမ်းဆီးခြင်းကို ခံရသဖြင့် မထင်လျှင် မထင်သလို နှိပ်စက်ခံရမည်မှာ သေချာ၏။
ကံကောင်းထောက်မ၍ သူပြန်လာခွင့်ရသည့်အခါတွင်ပင် ခြေလက် အင်္ဂါများ စုံလာရန် မလွယ်ကူပေ ။
... ........
ခွမ်းရှီးသည် သူမ၏ရှေ့မှ အနည်းငယ် အားနည်းပုံပေါ်သော အမျိုးသားကို ကြည့်ရင်း သူမ၏ မျက်လုံးထဲတွင် စိတ်ပျက်ရိပ်များ ဖြတ်ပြေးသွားသည်။
လတ်တလော သူမသည် ကျိယွမ်၏ နောက်ခံအချို့ကို စုံစမ်းခဲ့ရာ ကျိယွမ်ဆိုသူမှာ မင်ဝူသိုင်းသင်တန်းကျောင်းမှ ကျောင်းသားတစ်ဦးသာ ဖြစ်ကြောင်း သိရှိခဲ့ရ၏။
သူမ၏ အစ်ကိုနှင့် တွေ့ဆုံခြင်းမှာလည်း တိုက်ဆိုင်မှုသက်သက်သာ ဖြစ်သည်။
အခြား အချက်အလက်များကိုမူ သူမ ရှာမတွေ့ခဲ့ပါ။
အမှန်တရားမှာ ကျိယွမ် အဆင့်မြှင့်ပေးထားသောဇီးရိုးဝမ်းက ကျိယွမ်၏ အွန်လိုင်းပေါ်မှ ကိုယ်ရေးအချက်အလက်များကို ဖုံးကွယ်ပေးထားခဲ့သည်ကိုတော့ သူမ မသိရှိပါ။
ထို့ကြောင့် အခြားသူများ ရှာတွေ့နိုင်သည်မှာ အခြေခံအကျဆုံး သာမန်အချက်အလက်များသာ ဖြစ်သည်။
"အဲဒီတော့... အခု ခွမ်းဟွမ်က ဝူကွေ့နိုင်ငံက ဆာချင်း စစ်စခန်းမှာ ရှိနေတာပေါ့"
ကျိယွမ်က စဥ်းစဥ်းစားစားလုပ်နေဟန်ဖြင့် မေးလိုက်သည်။
ခွမ်းရှီး ပြောပြချက်အရ ခွမ်းဟွမ်းမှာ ယိုလုံအမြစ်ကို သွားရောက်စုဆောင်းစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်၏။
ယိုလုံအမြစ်မှာ ကျိယွမ်အတွက် အလွန်အရေးကြီးသော ပစ္စည်းတစ်ခု ဖြစ်သည်။
သို့သော် ယိုလုံအပင်မှာ ဝူကွေ့နိုင်ငံတွင် ပေါက်ရောက်သဖြင့် ခွမ်းဟွမ်က စွန့်စားသွားရောက်ခဲ့ရာမှ သတင်းပေါက်ကြားပြီး ဝူကွေ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းပင်။
"ဟုတ်ပါတယ်၊ ကျွန်မတို့ အထက်က ဗိုလ်ချုပ်တွေကို အကူအညီတောင်းပေမဲ့ အားလုံးက ငြင်းကြတယ်။"
"မစ္စတာကျိ.. ဝူကွေ့နဲ့ ဆက်သွယ်ပြီး ကျွန်မအစ်ကို လွတ်မြောက်အောင် လုပ်ပေးနိုင်တဲ့ ဩဇာရှိသူတွေကို သိလား"
"ကျွန်မတို့ ခွမ်းမိသားစုက ဘယ်လိုတန်ဖိုးမျိုးပဲ ဖြစ်ဖြစ် ပေးဆပ်ဖို့ အသင့်ပါပဲ"
ခွမ်းရှီးက အလေးအနက် ပြောသည်။
ခွမ်းဟွမ်မှာ မိသားစု၏ မျှော်လင့်ချက်ဖြစ်ပြီး ဗစ်ကောင့်ဘွဲ့ကိုပင် ရရှိထားသူ ဖြစ်သည်။
သူမ အစ်ကိုတွင် သားသမီးမရှိသဖြင့် အကယ်၍ သူသာ ပြင်ပတွင် သေဆုံးသွားပါက မျိုးရိုးစဥ်ဆက်ပေးအပ်ထားသော ဗစ်ကောင့်ဘွဲ့မှာ အခြားဆွေမျိုးစုထံသို့ ရောက်ရှိသွားပေလိမ့်မည်။
"ကျွန်တော် ဩဇာရှိတဲ့သူတွေကို မသိပါဘူး"
ကျိယွမ်က ရိုးသားစွာ ပြန်ဖြေသည်။
သူ ဤကမ္ဘာသို့ ရောက်ရှိနေသည်မှာ သုံးလသာ ရှိသေး၏။ထို့အပြင် အိမ်နှင့်သင်တန်းမှလွဲ၍ အပြင်သို့မည်မည်ရရ မထွက်ဖူးပါ။
ယနေ့သည် သူ ထျန်းယွဲ့ မြို့မှ ပထမဆုံးအကြိမ်အဖြစ် အပြင်ဘက်ခရီးထွက်ခွာခြင်း ဖြစ်သည်။
သူက အင်အားကြီး ပုဂ္ဂိုလ်များကို မည်သို့ သိနိုင်မည်နည်း။
ကျိယွမ်၏ စကားကို ကြားရသောအခါ ခွမ်းဟွမ်၏ဇနီးနှင့် ခွမ်းရှီးတို့၏ မျက်လုံးထဲတွင် စိတ်ပျက်သွားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
"မစ္စတာကျိ ဒီကို ရောက်လာပေးတာနဲ့တင် ကျွန်မ ဝမ်းသာလှပါပြီ"
မဒမ်ခွမ်းဟွမ်က ကျိယွမ်အားကျေးဇူးတင်စကားဆို၏။
တဖက်သားက အင်အားမရှိသော်လည်း ကူညီရန်ရောက်လာပေးခဲ့သေးသည် ။ အခြားသူများကတော့ အင်အားရှိကာ ကူညီနိုင်ကြပါလျှက် လုံးဝမကူညီကြပေ။ ၄င်းတို့၏ တုံ့ပြန်ပုံများကို တွေးတောရင်း သူမမှာ ပို၍ ဝမ်းနည်းလာသည်။
ထိုစဉ် ကျိယွမ်က မဒမ်ခွမ်းဟွမ်အား ပြုံးပြ၏။
"တကယ်တော့... ကျွန်တော်ကိုယ်တိုင်ကလည်း တော်တော်လေး စွမ်းဆောင်နိုင်ပါတယ်။"
"ကျွန်တော့်ကို ရှေ့တန်းကို ပို့ပေးဖို့ အထူးယာဉ်တစ်စီး စီစဉ်ပေးပါ၊ ကျွန်တော်သွားပြီး ခွမ်းဟွမ်ကို ကယ်ထုတ်ခဲ့ပါ့မယ်"
ကျိယွမ်က အရေးမကြီးသလို ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ခြင်း ဖြစ်သည်။
ခွမ်းဟွမ်မှာ သူ့ကြောင့် အဖမ်းခံခဲ့ရခြင်းဖြစ်သလို သူ၏ လက်အောက်ငယ်သားလည်း ဖြစ်ပြီး သူ့အတွက် အလုပ်လုပ်ပေးနေသူပင်။
ထို့ကြောင့် သူ့အနေနှင့် ခွမ်းဟွမ်ကို ကယ်တင်ရမည်မှာ သဘာဝကျလေ၏။
ထိုအပြင် သူ ကျင့်ကြံခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ခေတ်မီစစ်တပ်နှင့် မကြုံတွေ့ဖူးသေးပါ။
ယခု အခွင့်အရေးရသဖြင့် သူကိုယ်တိုင် သွားရောက်စမ်းသပ်ရန် စိတ်အားထက်သန်နေ၏။
ပြောရလျှင် သူ၏ ခွန်အားများက နောက်ထပ်လည်း အမြဲတိုးတက်နေမည်ဖြစ်ပြီး နောက်ဆုံးတွင် အထွတ်အထိပ် တိုက်ခိုက်ရေး စွမ်းရည်ကို ပြန်ရလာပါက၊ ကောင်းကင်ယံမှ ကြယ်များကိုပင် လက်သီးဖြင့် ထိုးချနိုင်ပေလိမ့်မည်။
ထိုအချိန်ကျမှ သူက ခေတ်မီစစ်တပ်တစ်ခု၏အင်အားကို သိချင်လို့ပါဆိုပြီး လူသားစစ်တပ်များကို သွားတိုက်ပါက သာမန်လူများကို အနိုင်ကျင့်နေခြင်းဖြစ်သွားနိုင်၏။ ၄င်းမှာ အဓိပ္ပာယ်မရှိတော့ပါ။ မည်သည့်စစ်တပ်တွင်မှ ကြယ်တစ်လုံးကို တစ်ချက်တည်းဖြင့် ဖောက်ခွဲနိုင်သော လက်နက်မရှိပေ ။
"မစ္စတာကျိ... ရှင်ကိုယ်တိုင် သွားကယ်မလို့လား"
မထင်မှတ်ထားသော စကားကြောင့် ခွမ်းရှီးမှာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
ကျိယွမ်၏စကားက သူမ၏ မျှော်လင့်ထားသည်ကို ကျော်လွန်နေသည်မဟုတ်ပါလား။
သူမသာမက ခွမ်းဟွမ်၏ ဇနီးပင် မှင်တက်သွားသည်။
"ဟုတ်တယ်၊ ကျွန်တော်ကိုယ်တိုင် စစ်စခန်းကနေ သူ့ကို သွားခေါ်လာမယ်"
ကျိယွမ်က အေးအေးဆေးဆေးရှိလှ၏။ သူ၏ပြောဆိုပုံက ဤကိစ္စမှာ ရေအိမ်အထွက် လက်ဆေးသည့်အလုပ်တစ်ခုကဲ့သို့ပင် ။
သူ၏ ဆုံးဖြတ်ချက်ကြောင့် ခွမ်းရှီးမှာ လုံးဝ စကားမပြောနိုင် ဖြစ်သွားသည်။
ယေဘုယျအားဖြင့် ဤအခြေအနေမျိုးတွင် သူတို့ လုပ်ဆောင်မည့် နည်းလမ်းမှာ လူကုံထံတစ်ဦးက သံတမန်ရေးအရ ညှိနှိုင်းခြင်း သို့မဟုတ် အကျိုးစီးပွားချင်း လဲလှယ်၍ အပေးအယူလုပ်ကာ အစ်ကိုဖြစ်သူကို ပြန်လည်ခေါ်ယူသည့် အခင်းအကျင်းမျိုးဖြစ်၏။
ယခုလို ဝူကွေ့နိုင်ငံထဲရှိစစ်စခန်းမှ လူကို တိုက်ရိုက်သွားကယ်ရန်မှာ... မည်သူမျှ မတွေးဖူးသော အကြံဉာဏ်မဟုတ်ပါလား။
နိုင်ငံတော်ဝန်ကြီးချုပ်ပင် ဤသို့တွေးမည် မဟုတ်ပေ။
ချင်းယွမ်၏ စစ်အင်အားဖြင့် ဝူကွေ့ကို ချေမှုန်းနိုင်သည်မှာ မှန်၏ ။သို့သော် ကုဝူနိုင်ငံမှာလည်း လျှော့တွက်၍ မရပါ။
ချင်းယွမ်က ခွမ်းဟွမ်ကဲ့သို့ လက်နက်ကုန်သည်တစ်ယောက်အတွက်နှင့် စစ်ပွဲကို အစပြုပါမည်လော။
"မစ္စတာကျိ... ရှင် နောက်နေတာလား။"
"အဲဒါ ဝူကွေ့ စစ်စခန်းလေ၊ အထဲမှာ တပ်ရင်းတစ်ရင်းလုံး ရှိနေတာ"
ဝူကွေ့၏ စစ်ဖက်စနစ်အရ တပ်ရင်းတစ်ရင်းတွင် စစ်သည် သုံးထောင်ခန့် ပါဝင်သည်။
ထိုစစ်သည် သုံးထောင်မှာ အဆင့်မြင့်လက်နက်များ၊ တင့်ကားများ၊ သံချပ်ကာကားများ၊ ဒရုန်းများနှင့် တိုက်လေယာဉ်များဖြင့်ပင် တပ်ဆင်ထား၏။
ထိုသို့သော စစ်စခန်းကို ဖောက်ထွင်းပြီး လူသွားကယ်ရန်မှာ အိပ်မက်တစ်ခုထက် မပိုပါ။ဇာတ်လမ်းများထဲတွက်သာ ရပေလိမ့်မည်။
သို့သော် ကျိယွမ်က သူ့ဘာသာ သွားကယ်မည်ဟု ပြောနေ၏။
သူတို့အနေဖြင့် ၄င်းအား အဓိပ္ပာယ်မရှိထင်မိသည်မှာ သဘာဝပင်မဟုတ်ပါလား။
"ဟုတ်တယ်၊ ကျွန်တော် သိပါတယ်။
ကယ်ဆယ်ရေးကို ကျွန်တော့်ဘာသာ ကိုင်တွယ်မယ်၊ ခင်ဗျားတို့က သွားဖို့လာဖို့ပဲ စီစဉ်ပေးပါ"
ကျိယွမ်ကတော့ အလွန်ကိုယုံကြည်ချက်ရှိနေပုံရ၏။ သူ၏လေသံကို တစ်စက်ကလေးမှ မလျှော့ပါ။
ဒီကောင်လေး ရူးများနေသလား ။
ခွမ်းဟွမ်၏ဇနီးမှာ ဆွံ့အသွားသည်။
ခွမ်းရှီးလည်း ဘာပြန်ပြောရမှန်းမသိဘဲ မှင်တက်နေ၏။
သူတို့၏ တုံ့ပြန်မှုကို မြင်သောအခါ ကျိယွမ်က သက်ပြင်းချရင်း ပြောသည်။
"ခွမ်းကတော်၊ ခွမ်းဟွမ်ကို သူများနိုင်ငံထဲက စစ်စခန်းမှာ ဒုက္ခခံစေချင်တာ မဟုတ်ဘူးမလား။အချိန်မဖြုန်းပါနဲ့တော့။ ကျွန်တော့်ကို ရှေ့တန်းကို ပို့ပေးဖို့ လူတွေ ပြင်ဆင်ပေးပါ။"
"သူ့ကို ဘယ်လိုကယ်မလဲဆိုတာကတော့ ခင်ဗျားတို့ ထင်ချင်သလိုထင်လို့ရပါတယ် ၊ အရေးကြီးတာက အခု သွားဖို့လာဖို့ အမြန်ဆုံးစီစဥ်ပေးဖို့ပဲ ၊ ကျွန်တော့မှာ အချိန်မရှိလို့ပါ"
ကျိယွမ်မှာ အမြဲတမ်း ထိရောက်စွာ လုပ်ကိုင်တတ်ပြီး အချိန်မဖြုန်းတတ်သူ ဖြစ်သည်။
ခွမ်းကတော်နှင့် ခွမ်းရှီးတို့ အချင်းချင်း ကြည့်လိုက်ကြ၏။
နှစ်ယောက်လုံးမှာ ပုံမှန်မဟုတ်သော အခြေအနေကြောင့် အံ့အားသင့်နေကြဆဲရှိကာ ဘာဆက်လုပ်ရမည် မသိသေးပေ။
တကယ်လို့ သူတို့က အရူးတစ်ယောက်နှင့် စကားပြောနေရသည်ဆိုလျှင်တော့ ဤစကားများက ပုံမှန်ပဲလို့ ခံစားရလိမ့်မည်။
ယခုက ခွမ်းဟွမ်အလွန်လေးစားသော မစ္စတာကျိဖြစ်နေ၏။ ခွမ်းဟွမ်ကတော့ အရူးတစ်ယောက်အား ကိုးကွယ်နေမည်မဟုတ်တာ သေချာပါသည်။
သို့သော် ခွမ်းဟွမ်း၏ဇနီးက ချက်ချင်း သတိပြန်ဝင်လာပြီး ခေါင်းကို အဆက်မပြတ် ငြိမ့်ပြ၏။
"မစ္စတာကျိကို ရှေ့တန်းကို ပို့ဖို့ ချက်ချင်း စီစဉ်ပေးပါ့မယ်။"
"မစ္စတာကျိ.. တကယ်လို့ အခြေအနေ မဟန်ရင် အတင်းဖိအားမပေးပါနဲ့ ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ"
ခမ်းဟွမ်၏ ဇနီးမှာ အလွန် လိမ္မာပါးနပ်စွာ စကားပြောဆိုတတ်ပုံရသည်။
အကယ်၍ ခွမ်းဟွမ်ကို မကယ်နိုင်လျှင်ပင် ကိစ္စမရှိသော်လည်း၊ ကျိယွမ်ပါ အန္တရာယ်ထဲ ပါသွားမည်ကို သူမ မလိုလားပါ။
ခွမ်းရှီးကလည်း ခေါင်းညိတ်၏။
"ကျွန်မအစ်ကိုက ရှင့်ကို ယုံကြည်တာကြောင့် ဒီကိစ္စကို ရှင့်လက်ထဲ အပ်လိုက်ပါ့မယ်"
ဘေးအန္တရာယ် တစ်ခုခုနှင့် ကြုံတွေ့ရပါက ကျိယွမ်က ကူညီလိမ့်မည်ဟု ခွမ်းဟွမ်က သူ၏ဇနီးအား ပြောခဲ့ဖူးသည်။
ထို့ကြောင့် ခွမ်းရှီးနှင့် ခွမ်းကတော်တို့မှာ ကျိယွမ်ကို ရှေ့တန်းသို့ ပို့ဆောင်ရန် သဘောတူကြရုံသာ ရှိတော့သည်။
"မြန်မြန်လုပ်ပေးပါ၊ ကျွန်တော် အလျင်လိုနေတယ်"
ရှေ့တန်းသို့ သွားရမည့်ခရီးမှာ အကွာအဝေးအရ ရက်အနည်းငယ် ကြာမြင့်ပေလိမ့်မည်။
သိုင်းပြိုင်ပွဲအတွက် နှစ်ရက်သာ လိုတော့သည်။
သူ အချိန်မီ ပြန်လာနိုင်မည် မဟုတ်တာ သေချာ၏။
"ကောင်းပါပြီ၊ ကျွန်မ ချက်ချင်း စီစဉ်လိုက်ပါ့မယ်။ ခဏလောက် စောင့်ပါဦး"
ထိုသို့ပြောကာ ခွမ်းရှီးက ချက်ချင်းထွက်ခွာသွားလေသည်။
ထိအခန်းထဲ၌ ခွမ်းဟွမ်၏ဇနီးနှင့် ကျိယွမ်သာ ကျန်ရစ်ခဲ့၏။
"ကျွန်တော် လုပ်စရာ ရှိလို့ ဖုန်းတစ်ချက် ပြောဦးမယ်"
ကျိယွမ်က ဖုန်းကို ထုတ်ယူကာ နံပါတ်တစ်ခုသို့ ခေါ်လိုက်သည်။
ယန်ရှန်း၏ အသံမှာ ဖုန်းအခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။
"မင်း ငါ့ကို ဘာလို့ ဖုန်းဆက်တာလဲ"
"အဆက်အသွယ် တစ်ခုလောက် အသုံးပြုမလို့ပါ"
ကျိယွမ်က ရိုးသားစွာ ဖြေလိုက်သည်။
သူသည် အခွင့်ထူးခံ ပုဂ္ဂိုလ်တစ်ဦး မဟုတ်သော်လည်း၊ သူ၏ စိတ်ရောဂါ ထောက်ခံချက်ဖြင့် အဆက်အသွယ် အနည်းငယ် အသုံးပြုခြင်းမှာ ကြီးမားသော ကိစ္စမဟုတ်ဟု သူ ယူဆ၏။
"ဘာ အဆက်အသွယ်လဲ"
ယန်ရှန်းက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး နားမလည်သလိုပြန်မေးသည်။
"ကျွန်တော့်မိတ်ဆွေတစ်ယောက်ဒုက္ခရောက်နေလို့၊ သူ့ကို သွားကယ်ဖို့ နိုင်ငံခြားကို သွားရမယ်"
ကျိယွမ်က အခြေအနေကို ရှင်းပြလိုက်သည်။
"မင်း အတည်ပြောနေတာလား။ မင်းရဲ့ တိုက်ခိုက်ရေး စွမ်းရည်က ကောင်းပေမဲ့ မျိုးရိုးဗီဇ စစ်သည်တွေကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူး"
ယန်ရှန်းက တားမြစ်ချင်သလို ဆိုသည်။
သူသည် မည်သည့်ကိစ္စများဖြစ်ခဲ့သည်ကိုတော့ မသိပါ ။ သို့သော်
ကျိယွမ်က သူ၏ သိုင်းပညာ အကန့်အသတ်သို့ ရောက်ရှိပြီးနောက် မာန်တက်ပြီး သူ မကိုင်တွယ်နိုင်သော ပုဂ္ဂိုလ်များကို စိန်ခေါ်နေမည်ကိုတော့ သူ စိုးရိမ်မိသည်။
ကျိယွမ်က သူ၏စိုးရိမ်မှုကို ဂရုမစိုက်ပုံမရဘဲ လိုရင်းကိုဆက်ပြော၏။
"ကျွန်တော် နောက်နှစ်ရက်နေရင် ကျင်းပမယ့် သိုင်းပြိုင်ပွဲကို မတက်နိုင်တော့ဘူး။ ကျွန်တော့်ကို နိုင်ငံတော်အဆင့် ပြိုင်ပွဲကို တိုက်ရိုက် တက်ခွင့်ရအောင် ကူညီပေးနိုင်မလား"
သူသည် ထျန်းယွဲ့မြို့ သိုင်းပြိုင်ပွဲသို့ တက်ရောက်ရန် အချိန်မရှိတော့ပါ။
ထို့ကြောင့် သူ၏ အစီအစဉ်မှာ နိုင်ငံတော်အဆင့် ပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ရောက်ရန်ပင်။
ယန်ရှန်းမှာ ထိပ်တန်း သိုင်းဆရာတစ်ဦးဖြစ်သဖြင့် သိုင်းပညာလောကတွင် နာမည်ကျော်ကြားသူ ဖြစ်သည်။
ထို့ကြောင့် ကျိယွမ်က သူ့ထံမှ အကူအညီတောင်းရန် စဉ်းစားခဲ့ခြင်းပင်။
ယန်ရှန်းက ခဏမျှ စဉ်းစားပြီးမှ အဖြေပြန်ပေး၏။
"မင်းရဲ့ စွမ်းရည်က မြို့နယ်အဆင့်ကို ကျော်ပြီး နိုင်ငံတော်အဆင့်ကို ယှဉ်ပြိုင်ဖို့ ထိုက်တန်ပါတယ်။"
"ကောင်းပြီလေ... မင်း ပြန်လာတဲ့အခါ နိုင်ငံတော်အဆင့် ပြိုင်ပွဲကို ဝင်နိုင်ဖို့ အထူးလမ်းကြောင်းကနေ ငါ စီစဉ်ပေးမယ်။"
"ဒါပေမဲ့... မင်းရဲ့ စွမ်းရည်ကို သက်သေပြဖို့ စမ်းသပ်မှုတစ်ခု လုပ်ရမယ်၊ ပြီးတော့ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ရလိမ့်မယ်"
"ပြဿနာ မရှိပါဘူး"
ကျိယွမ် စိတ်သက်သာရာရသွားခဲ့ သည်။
အကယ်၍ ယန်ရှန်းနှင့်မပြီးနိုင်ပါက သူသည် သိုင်းပြိုင်ပွဲ ကျင်းပရေး ကော်မတီထံ ကိုယ်တိုင် သွားရပေလိမ့်မည်။
၎င်းမှာ အလွန်ပင် လက်ဝင်မှာသေချာ၏။
ယခုကဲ့သို့ ဖြေရှင်းနိုင်ခြင်းမှာ သူအတွက် အချိန်ကုန် အလုပ်ရှုပ်သက်သာသွားစေသဖြင့် အလွန်ကောင်းမွန်သွားသည်။
နာရီဝက်ခန့် ကြာပြီးနောက် ခွမ်းရှီး ပြန်ရောက်လာ၏
"မစ္စတာကျိ... လမ်းကြောင်း စီစဉ်ပြီးပါပြီ။"
"ပထမဆုံး ကျွန်မတို့ ကားနဲ့ လေဆိပ်ကို သွားမယ်၊ အဲဒီကနေ တျန့်မြို့ကို လေယာဉ်နဲ့ သွားမယ်။ အဲဒီကနေ ကားထပ်စီးရမယ်၊ ရှင့်ကို လာကြိုဖို့ လူတစ်ယောက်ကို အထူးတာဝန်ပေးထားပါတယ်။ ခရီးစဉ်က နှစ်ရက်ခွဲလောက် ကြာပါလိမ့်မယ်"
သူမက လေးစားစွာ ရှင်းပြသည်။
"အဆင်ပြေတယ်"
ကျိယွမ်က ခေါင်းငြိမ့်လိုက်သည်။
သူ့အတွက်တော့ ၄င်းမှာ လေ့လာရေးကခရီးထွက်ရသကဲ့သို့ သဘောထားလိုက်ရုံသာ မဟုတ်ပါလား။
..............
နှစ်ရက် ကြာပြီးနောက်....
ကျိယွမ်သည် ကားထဲတွင် တည်ငြိမ်စွာ ထိုင်နေသည်။
ကားဒရိုင်ဘာမှာ ခါးတွင် သေနတ်ချိတ်ထားသော ထွားကျိုင်းသည့် အမျိုးသားတစ်ဦး ဖြစ်၏။
ထိုအမျိုးသားမှာ ခွမ်းဟွမ်၏လူယုံများထဲမှ တစ်ဦးဖြစ်ပြီး ကြေးစားအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။
ကားမောင်းနေစဉ် ထိုအမျိုးသားက ကားမောင်းခြင်းကို အာရုံစိုက်ထားသော်လည်း ကျိယွမ်ကိုလည်း ခဏခဏ လှည့်ကြည့်နေ၏။
သူသည် ကျိယွမ်အား မည်သူမည်ဝါဖြစ်ကြောင်း မသိသော်လည်း ထိုသူမှာ သူ၏အထက်လူကြီးကို သွားကယ်မည့်သူဖြစ်ကြောင်းကိုတော့ သိရှိထားလေသည်။
သို့သော် ကျိယွမ်က ကယ်ဆယ်ရေးကို မည်သို့ လုပ်ဆောင်မည်ကိုတော့ သူ ဇဝေဇဝါ ဖြစ်နေ၏။
ထိုစဉ် တစ်လမ်းလုံးငြိမ်လာသော ကျိယွမ်က ရုတ်တရက် စကားပြောလာသည်။
"ကားရပ်လိုက်ပါ"
ကားမှာ ချက်ချင်း ရပ်တန့်သွားပြီး ထွားကျိုင်းသော အမျိုးသားက ကျိယွမ်အား ဇဝေဇဝါလှည့်ကြည့်၏။
"ဘာဖြစ်လို့လဲ"
"ဟိုမှာ စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုရှိတယ်၊ ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး"
ကျိယွမ် ကားပေါ်မှ ဆင်းလိုက်သည်။
အဝေးတွင် သဲကန္တာရဆန်သော ရှုခင်းရှိပြီး ပေါင်းပင်များနှင့် သဲဝါများက နေရာအနှံ့ ရောနှောနေ၏။
လေထုကလည်း ခြောက်သွေ့နေပြီး လေတိုက်လိုက်တိုင်း သဲဖုန်မှုန့်များ တဟူးဟူး ထသွားသည်။
သူတို့နှင့် မလှမ်းမကမ်းတွင် လွှင့်ပစ်ထားသော ရေသန့်ဗူးများနှင့် သစ်ပင်တွင် ချိတ်ဆွဲထားသော ကွန်ဒုံးများကို ရံဖန်ရံခါ တွေ့ရသည်။
ကျိယွမ်သည် အပင်တစ်ပင်ရှေ့တွင် ရပ်တန့်ကာ လေးနက်သော မျက်နှာအမူအရာဖြင့် ကြည့်နေ၏။
"ဒါက ဖိန်းချားပင်ပဲ၊ သွေးမျိုးဆက် သန့်စင်ဖို့အတွက် အလွန်ကောင်းတဲ့ ပစ္စည်း"
သွေးမျိုးဆက်သန့်စင်ခြင်းမှာ သိုင်းပညာအတွက်သာမက ကျင့်ကြံခြင်းလောကတွင်လည်း အသုံးဝင်သည်။
ရှေးဟောင်း သားရဲကြီးများ၏ သွေးမျိုးဆက်ကို ဆက်ခံထားသော ကျင့်ကြံသူအချို့မှာ ဖိန်းချားပင်နှင့် အခြားပစ္စည်းများကို အသုံးပြု၍ ၎င်းတို့၏ သွေးမျိုးဆက်ကို သန့်စင်ကြလေ့ရှိ၏။
သို့သော် ၎င်းမှာ သာမန် ကျင့်ကြံသူများအတွက်တော့ အသုံးမဝင်ပါ။
သာမန်လူတို့၏ ကျင့်ကြံမှုမှာ သွေးမျိုးဆက်နှင့် မသက်ဆိုင်သောကြောင့်ဖြစ်သည်။
ကျိယွမ်၏ ကျင့်ကြံမှုတွင်လည်း ဖိန်းချားပင်ကို မလိုအပ်ပါ။
သို့သော် ၄င်းသည် သိုင်းပညာလမ်းစဉ်တွင်မူ အသုံးဝင်နိုင်ပေသည်။
ကျိယွမ်က သေသေချာချာစစ်ဆေးပြီးသည်နှင့် ချက်ချက်ငုံ့ချ၍ ဖိန်းချားပင်ကို တူးယူလိုက်၏။
ထွားကျိုင်းသော ဒရိုင်ဘာအမျိုးသားမှာ ကျိယွမ်၏ ထူးဆန်းသော အပြုအမူကို ကြည့်ကာ ဘာမှန်းမသိ ဖြစ်နေသည်။
"ကဲ၊ ကားပေါ်ပြန်တက်ပြီး ခရီးဆက်ရအောင်"
ကျိယွမ်က ကိစ္စပြီးသည်နှင့် ကားပေါ်သို့ ပြန်တက်လိုက်သည်။
ယခုအချိန်၌ သူသည် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး၊ သူ၏ ဆံပင်မှာလည်း လွန်ခဲ့သော သုံးလအတွင်း တော်တော်လေး ရှည်လာခဲ့၏။
ဆံပင်ရှည်နှင့် ရှေးဟောင်း ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူသည် သမိုင်းဝင် ပုဂ္ဂိုလ်တစ်ဦးအဖြစ် အလွယ်တကူ ဟန်ဆောင်နိုင်သည်။
ထွားကျိုင်းသော အမျိုးသားက ကားကို ဆက်မောင်းရင်း စကားပြောလာသည်။
"အခု ကျွန်တော်တို့ သွားနေတဲ့ လမ်းက မှောင်ခိုလမ်းပဲ။ မကြာခင်မှာ ကျွန်တော်တို့က ယွဲ့လန်းက မှောင်ခိုယာဉ်တန်းနဲ့ ပူးပေါင်းပြီး၊ သူတို့ထဲက တစ်ယောက်အဖြစ် ဟန်ဆောင်ပြီး ဝူကွေ့ထဲကို ဝင်ကြမယ်"
ကျိယွမ်မျက်မှောင်ကြုတ်သွား၏။
"အို... နိုင်ငံနှစ်ခုက စစ်ဖြစ်နေတာ မဟုတ်ဘူးလား။ ဘာလို့ မှောင်ခိုတွေ ရှိနေသေးတာလဲ"
သူက စိတ်ဝင်စားသလို မေးသည်။
"ဘာလို့လဲဆိုတော့ မှောင်ခိုပစ္စည်းတွေက နှစ်နိုင်ငံလုံးက လူကုံထံတွေ လိုအပ်တဲ့ အဆင့်မြင့် ပစ္စည်းတွေ ဖြစ်နေလို့ပဲ။
ဥပမာ၊ တီမီဝိုင်ဆိုတာ ယွဲ့လန်းရဲ့ ထွက်ကုန်ဖြစ်ပြီး တီရာတောင်က ထူးခြားတဲ့ စိမ့်စမ်းရေနဲ့ ချက်လုပ်ထားတာလေ"
"ဒီဝိုင်က ဝူကွေ့ရဲ့ အထက်တန်းလွှာတွေနဲ့ မြို့စား၊ နယ်စားတွေကြားမှာ အရမ်းနာမည်ကြီးတယ်။"
"ဒါကြောင့် စစ်ဖြစ်နေပေမဲ့ အထက်လူကြီးတွေနဲ့ လူကုံထံတွေက တခြားပစ္စည်းတွေကို မှောင်ခိုသွင်းတာ ပိတ်ပင်ပေမဲ့ တီမီဝိုင်ကိုတော့ ပိတ်ပင်မှာ မဟုတ်ဘူး။"
ဒါကြောင့် အခု မှောင်ခိုယာဉ်တန်းတွေက တကယ်တော့ နှစ်နိုင်ငံလုံးက အထက်တန်းလွှာတွေနဲ့ လူကုံထံတွေအတွက် အလုပ်လုပ်ပေးနေတာ ဖြစ်တယ်။"
"အောက်ခြေကလူတွေက အသေအလဲ တိုက်ခိုက်နေကြပေမဲ့၊ အထက်တန်းလွှာတွေကတော့... သူတို့ရဲ့ စည်းစိမ်ရှိတဲ့ လူနေမှုပုံစံကို ဆက်ထိန်းထားရမှာပဲ မဟုတ်လား"
ထွားကျိုင်းသော အမျိုးသား၏ စကားထဲတွင် အဓိပ္ပာယ်များစွာ ပါဝင်နေလေသည်။
နောက်ဆုံးတွင် ဤကမ္ဘာ၌ သူသည် အောက်ခြေလူတန်းစား၊ သာမန်လူတစ်ဦးသာ ဖြစ်၏။
"လူတိုင်း ဘာလို့ အထက်တန်းလွှာ ဖြစ်ချင်ကြလဲဆိုတာ မဆန်းတော့ပါဘူး"
ကျိယွမ်က သက်ပြင်းချရင်း ဆိုသည်။
"ဝူကွေ့ရဲ့ အထက်လူကြီးတွေတောင် ဒီလောက် စည်းစိမ်ခံနေတာ၊ ကြယ်ခုနှစ်ပွင့်မိသားစုကြီးတွေရဲ့ ဘဝက ဘယ်လိုရှိမလဲဆိုတာ မှန်းတောင်မမှန်းရဲဘူး"
ထွားကျိုင်းသော အမျိုးသား၏ မျက်လုံးထဲတွင် အားကျရိပ်များဖြင့် ပြည့်နှက်လာသည်။
သူ၏ အထက်လူကြီး ဗစ်ကောင့် ခွမ်းဟွမ်းမှာပင် သူ၏မျက်လုံးထဲတွင် ကြီးကျယ်သော ပုဂ္ဂိုလ် ဖြစ်သည်။
သို့သော် ကြယ်ခုနှစ်ပွင့်မိသားစုများနှင့် နှိုင်းယှဉ်လျှင်မူ ခွမ်းဟွမ်သည် ဘာမှမဟုတ်တော့ပါ။
ကျိယွမ်က ထိုအရာများကို စိတ်ဝင်စားမှု မရှိသဖြင့် ပြုံးရုံသာ ပြုံးပြလိုက်သည်။
နှစ်နာရီခန့် ကြာပြီးနောက် ကားမှာ မြို့ငယ်လေးတစ်မြို့တွင် ရပ်တန့်သွားသည်။
ထွားကျိုင်းသော အမျိုးသားက ကျိယွမ်ကို တောင်းဆိုလိုက်၏။
"မစ္စတာကျိ ၊ ဒီကနေစပြီး ကျွန်တော့်နောက်ကပဲ လိုက်ခဲ့ပေးပါ"
လာရာလမ်းတွင် ထွားကျိုင်းသော အမျိုးသားက ဖြစ်ပျက်တော့မည့် အရာများကို ရှင်းပြခဲ့ပြီး ဖြစ်သည်။
အရာအားလုံးကို သူက စီစဉ်ထားပြီးသားပင်။
"ကောင်းပြီလေ"
ကျိယွမ်က ခေါင်းငြိမ့်သည်။
ထိုစဉ် ထွားကျိုင်းသော အမျိုးသားက
ကျိယွမ်အား လေးနက်စွာ သတိပေးလိုက်၏။
"မစ္စတာကျိ...အခု ပြန်လှည့်ဖို့ အချိန်ရှိပါသေးတယ်။ ယာဉ်တန်းနဲ့ ပူးပေါင်းမိသွားရင်တော့ တိုက်ရိုက်ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ဘူး"
ထိုစကားမှာ ခမ်းဟွမ်၏ဇနီးက ကျိယွမ်ကို ပြောရန် မှာကြားထားသော စကားလည်း ဖြစ်သည်။
ယခုလမ်းကြောင်းက တစ်ခါ သွားရန် ဆုံးဖြတ်ပြီးလျှင် နောက်ပြန်လှည့်၍ မရတော့ပါ။
နိုင်ငံနှစ်ခုမှာ စစ်ဖြစ်နေဆဲဖြစ်ပြီး၊ ရှေ့တန်းတစ်ဝိုက်တွင် လျှောက်သွားနေခြင်းက ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး အချိန်မရွေး အသတ်ခံရနိုင်ချေ ရှိသည်။
"ခွမ်းဟွမ်းကို ကယ်ပြီးမှ ပြန်ကြတာပေါ့"
ကျိယွမ်က ပြုံးလိုက်သော်လည်း အနည်းငယ်စိတ်မရှည်သလို ဆက်ပြော၏။
"မြန်မြန်လေး လုပ်ကြရအောင်။ ဒီမှာ လေက အရမ်းခြောက်သွေ့လွန်းလို့ အကြာကြီး မနေချင်ဘူး"
အဖြေကို ကြားရသောအခါ ထွားကျိုင်းသော အမျိုးသားမှာ စိတ်သက်သာရာရရမလား၊ စိတ်ပျက်ရမလား မဝေခွဲနိုင် ဖြစ်သွားသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ကျိယွမ်နှင့်အတူ ခရီးစဉ်တစ်လျှောက်လုံး လိုက်ပါရမည် ဖြစ်သောကြောင့်ပင်။
အကယ်၍ မစ္စတာကျိသာ သေကြောင်းကြံစည်နေခြင်းဆိုလျှင် သူသည်လည်း သေရမည်မှာ သေချာသည်။
ထို့ကြောင့် တစ်ဖက်တွင် သူသည် မစ္စတာကျိ မသွားရန် မျှော်လင့်မိနေသည်။
သို့သော် မစ္စတာကျိက သွားရန် ဆုံးဖြတ်ပါက သူကလည်း နေခဲ့မည် မဟုတ်ပါ ။ သေချာပေါက် အဆုံးထိလိုက်ပါမည် ဖြစ်သည်။
သူ၏အသက်မှာ သူ၏ အထက်လူကြီး ပေးထားခြင်း ဖြစ်၏။
သူ၏ အသက်ကို သူ၏ အထက်လူကြီးထံ အချိန်မရွေး ပြန်ပေးနိုင်ရန် ဆုံးဖြတ်ပြီးသားပင်။
သူ့အတွက်မူ ကမ္ဘာကြီးမှာ ထိုမျှပင် ရိုးရှင်းလှပေသည်။
---------------