← Chapters

ဝူကွေ့၏ မြင်ကွင်းများ

Vol. 27 Ch. 302

ဝူကွေ့၏ မြင်ကွင်းများ

Vol. 27 Ch. 302

မြို့ငယ်လေးထဲတွင် အနီးနားရှိ အဆောက်အအုံနိမ့်များကြား၌ သိသာထင်ရှားစွာ မြင့်တက်နေသော တိုက်မြင့်အချို့ ရှိနေသည်။ ထိုအဆောက်အအုံများပေါ်ရှိ မှန်များသည် ဆယ်စုနှစ်တစ်ခုကျော်ကြာအထိ သန့်ရှင်းရေးမလုပ်ခြင်းကြောင့်လားမသိ မီးခိုးရောင်သန်းကာ ညစ်ပတ်ပေရေနေကြ၏။။

အဆောက်အအုံများအတွင်းရှိ လှေကားလက်ရန်းများသည်လည်း နှစ်ပေါင်းများစွာ ပစ်ပယ်ထားခြင်းကြောင့် ဆီချေးများဖြင့် မည်းနက်နေသည်။

မည်သည့်တပ်ဖွဲ့မှန်း အတိအကျမသိရသော စစ်ဝတ်စုံကို ဝတ်ဆင်ထားသူတစ်ဦးသည် ဝမ်မင်နှင့်ကျိယွမ်တို့ကို ကြည့်ကာ စကားပြောမလိုပြင်ပြီးမှ လေချဥ်တစ်ချက် အေ့ခနဲတက်လိုက်၏။

"အဖိုးကြီးချန်က မင်းတို့ကို တစ်ဖက်ကမ်းကူးပေးဖို့ ငါ့ကို အကူအညီတောင်းထားတယ်။ ဘာပြဿနာမှ မရှိဘူး၊ ဒါပေမဲ့... လမ်းမှာတော့ ငါ့စကားကို နားထောင်ရမယ်။ နားလည်လား"

ထိုသို့ပြောဆိုရင်း စစ်ဝတ်စုံနှင့်လူသည် သူ၏အပေါ်အင်္ကျီကို မတင်လိုက်ရာ ခါးတွင် ထိုးထည့်ထားသော သေနတ်တစ်လက် ပေါ်လာသည် ။

"ပြဿနာမရှိပါဘူး"

ထွားကြိုင်သောဒရိုင်ဘာဝမ်မင်က ချက်ချင်းခေါင်းညိတ်ပြ၏။

ကျိယွမ်ကလည် မည်သည့်စကားမှ မပြောဘဲ နေခြင်းဖြင့် သဘောတူညီမှုကို ဖော်ပြလိုက်သည်။

"ပြီးတော့ စည်းကမ်းအရ... မင်းတို့ရဲ့ လက်နက်တွေကို အပ်ရလိမ့်မယ်"

စစ်ဝတ်စုံနှင့်လူ၏စကားကြောင့်

ဝမ်မင်းသည် ဝေခွဲမနေဘဲ သူ၏ခါးမှ သေနတ်နှစ်လက်ကို ထုတ်ယူကာ သူ့ထံ လွှဲပြောင်းပေးသည်။

ထို့နောက် ထိုလူက ကျိယွမ်ကို ကြည့်၏။

"မင်းကော"

သန့်ရှင်းသပ်ရပ်ပြီး ယဥ်ကျေးသိမ်မွေ့သော ရုပ်ရည်ရှိသည့် လူငယ်လေးကို အကဲခတ်ရင်း ထိုလူမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

ကျိယွမ်သည် ဒေသခံတစ်ဦးနှင့် မတူဘဲ အလိုလိုက်ခံထားရသော သခင်လေးတစ်ဦးနှင့် ပိုတူနေသောကြောင့်ပင်။ ထိုကဲ့သို့သောလူငယ်တစ်ဦးက အဘယ်ကြောင့် မှောင်ခိုကူးမှုတွင် ပါဝင်နေရသနည်းဟု သူ စဥ်းစားမရဖြစ်နေနေသည်။

"မင်းရဲ့ လက်နက်ကော"

ထိုအခါမှ ကျိယွမ်က ခဏမျှ စဥ်းစားပြီးနောက် လေဟာနယ်ထဲကို လက်ဖြင့်ဖမ်းဆုပ်သလိုလုပ်ကာ ထိုသူထံ ကမ်းပေးလိုက်၏။

"ဒါကော အကျုံးဝင်လား"

ထိုမြင်ကွင်းကို ကြည့်ပြီး ဝမ်မင်သည် ကြောင်အမ်းသွားရသည်။

စစ်ဝတ်စုံနှင့်လူလည်း ခဏမျှ မှင်တက်သွား၏။

"မင်းဆီမှာ လက်နက် တစ်ခုမှ မပါဘူးလား"

သူက နားမလည်သလို မေးသည်။

"သိုင်းပညာရှင်တစ်ယောက်အနေနဲ့ ငါ့ရဲ့ လက်သီးနဲ့ ခြေထောက်တွေက ငါ့ရဲ့ လက်နက်တွေပဲ။ ကံမကောင်းစွာနဲ့ပဲ အဲဒါတွေကိုတော့... မင်းကို ပေးလို့မရဘူး"

ကျိယွမ်က ရိုးသားစွာ ပြန်ဖြေလိုက်၏။

သူတို့က လက်နက်တောင်းသောကြောင့် သူက လေဟာနယ်တစ်ဆုပ်ကို ပေးလိုက်ခြင်း ဖြစ်သည်။ ကျင့်ကြံသူတစ်ဦးအနေဖြင့် ပတ်ဝန်းကျင်ရှိ လေထုကလည်း သူ၏လက်နက် ဖြစ်နိုင်သည် မဟုတ်ပါလား။

သို့သော် သူ့တွင် လေထုလက်နက်က များလွန်းလှသဖြင့် ဤလူက အားလုံးကို မကိုင်တွယ်နိုင်မည် စိုးသောကြောင့် လေအနည်းငယ်ကိုသာ ပေးလိုက်ခြင်းပင်။

"ဘာပဲပြောပြော မပေါ့ဆကြနဲ့ ၊ ငါတို့က ယွဲ့လန်စစ်သည်တွေ မဟုတ်ရင်တောင် သူတို့ရဲ့ဒရုန်းနဲ့အသတ်ခံရရင် ဝူကွေ့စစ်သားတွေက စစ်ရေးအောင်မြင်မှုအဖြစ် မှတ်တမ်းတင်ဦးမှာပဲ"

"မင်းကလည်း ချဲ့ကားလွန်းပါတယ်။ အဲဒီဒရုန်းတွေလား။ ခမေဟာမေဟာ တစ်ချက်တည်းနဲ့ အကုန်ပစ်ချလို့ရတယ်"

ကျိယွမ်က ကောင်းကင်ယံတွင် ဝဲပျံနေသော ဒရုန်းများကို တစ်ချက်မော့ကြည့်ကာ အရေးမကြီးသလို ပြောလိုက်သည်။

သူသည် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိသည်ဟု ယုံကြည်မှု အပြည့်ရှိနေ၏။ အဆင့်မြင့်တာဝေးပစ်ဒုံးကျည်များ သို့မဟုတ် ပိုမိုအဆင့်မြင့်သော လက်နက်များသာလျှင် သူ့အတွက် ခြိမ်းခြောက်မှု ဖြစ်နိုင်သည်။

ဝမ်မင်ကတော့ ကျိယွမ်၏ ပေါ့ပေါ့ပါးပါး စကားပြောဟန်ကို ကျင့်သားရနေပြီ ဖြစ်သောကြောင့် သိပ်မအံ့သြတော့ပါ။

"ကောင်းပါပြီ မစ္စတာကျိ၊ ခင်ဗျားရဲ့ ခမေဟာမေဟာက ကျည်ဆန်တွေထက် ပိုပြင်းဖို့တော့ မျှော်လင့်ရတာပဲ။ ဒီဒရုန်းတွေကို သာမန်ကျည်ဆန်တွေနဲ့တောင် ဖျက်ဆီးလို့ မရဘူးဗျ"

ဤသို့ဖြင့် ကားသည် ဆက်လက်၍ အရှိန်ပြင်းစွာ မောင်းနှင်နေပြီး ရံဖန်ရံခါတွင် အမြောက်သံများကို ကြားနေရသည်။

၎င်းမှာ ယွဲ့လန်နှင့် ဝူကွေ့နယ်စပ်အကြားရှိ တိုက်ပွဲငယ်များမှ ဖြစ်နိုင်ကြောင်း ဝမ်မင်က ရှင်းပြ၏။

နှစ်နာရီခန့်အကြာတွင် သူတို့လိုက်ပါလာသော ယာဉ်တန်းသည် ဝူကွေ့နယ်မြေအတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုသို့ ရောက်ရှိလာသည်။

ထိုနေရာတွင် ဝူကွေ့စစ်သည်တစ်စု စောင့်ကြပ်နေကြ၏။

ထိုစစ်သည်များသည် ကျည်ကာအင်္ကျီများ ဝတ်ဆင်ကာ လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး ယာဉ်တန်းကို အသေအချာ စစ်ဆေးနေကြပြီး မသင်္ကာသည်နှင့် ချက်ချင်းဆွဲထုတ်ကာ ဖမ်းဆီးကြသည်။

ဝမ်မင်းကအနည်းငယ်စိတ်လှုပ်ရှားနေပြီး စိတ်ထဲတွင် မရိုးမရွဖြစ်နေ၏။ ကျိယွမ်ကကတော့ ထူးထူးခြားခြားစိတ်လှုပ်ရှားပုံမရပါ ။ ကျောင်းသားအရွယ်သာရှိသေးပြီး အလွန်နုနယ်ပုံရသည့် လူငယ်လေးတစ်ယောက်က ဤမျှတည်ငြိမ်နေသည်ကိုတော့ သူအနည်းငယ်ချီးကျူးမိလေသည်။

ငါလို ကြေးစားစစ်သားတစ်ယောက်တောင် သူလောက်မတည်ငြိမ်နိုင်ဘူး။

နာရီဝက်ခန့် စစ်ဆေးပြီးနောက်တွင်မှ သူတို့ကားတန်းမှာ ဖြတ်သန်းခွင့် ရရှိခဲ့သည်။

ဂိတ်အားဖြတ်သန်းပြီးနောက်တွင် ဝမ်မင်းသည် သက်ပြင်းချလိုက်မိသော်လည်း အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သည်။

"ဒီကနေစပြီး အရာအားလုံးက မစ္စတာကျိအပေါ်မှာပဲ မူတည်တော့တယ်"

ဝူကွေ့ထဲသို့ ဝင်ရောက်ပြီးပါက ပြန်ထွက်ရန် မလွယ်ကူတော့ပါ။

မှောင်ခိုသမားများသည် လမ်းပြပို့ဆောင်ပေးရန်သာ တာဝန်ရှိပြီး ပြန်ခေါ်ထုတ်ရန် တာဝန်မရှိပေ။

"ကောင်းပြီလေ..."

ကျိယွမ်က ထိုမျှသာပြောကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကားပြတင်းပေါက်အပြင်ဘက်သို့ ကြည့်သည်။

"သစ်ပင်တွေမှာ ချိတ်ထားတဲ့ အနီရောင်အဝတ်တွေက ဘာလဲ။ ဒီသစ်ပင်တွေက... ရှေ့ဆောင်လူငယ်အဖွဲ့ဝင်တွေလား"

သူကသိလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

ဝမ်မင်းသည် ခဏမျှ မှင်တက်သွားပြီးမှ ပြန်ဖြေသည်။

"အဲဒါက ကွေ့ရန်လူမျိုးတွေရဲ့ မြင့်မြတ်တဲ့ ထုံးတမ်းစဥ်လာတစ်ခုပဲ။ သစ်ပင်ပေါ်က အနီရောင်အဝတ်တွေက ဒီနယ်မြေဟာ ဝူရှန်း ရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိတယ်ဆိုတာကို ပြတာ"

ဝူကွေ့နိုင်ငံသည် ဘာသာရေးအာဏာက ဘုရင်အာဏာထက် သာလွန်သော ဘာသာရေးအခြေပြုနိုင်ငံတစ်ခု ဖြစ်၏။

ဝူကွေ့နိုင်ငံ၏ နိုင်ငံတော်ဘာသာမှာ ဝူကျောင်းဖြစ်ပြီး ဝူရှန်းဟုခေါ်သော နတ်ဘုရားကို ကိုးကွယ်ကြသည် ။

ဝူကွေ့နိုင်ငံလူဦးရေ၏ ကိုးဆယ်ရာခိုင်နှုန်းကျော်သည် ဝူရှန်းကို ကိုးကွယ်ကြသည်ဟု ဆိုနိုင်၏။

ဝူရှန်း၏ သွန်သင်ချက်တစ်ခုမှာ မိစ္ဆာဒိဋ္ဌိအားလုံးကို သစ်ပင်ပေါ်တွင် ကြိုးပေးသတ်ရမည်ဟူသည်။

သို့သော် ယဥ်ကျေးသော လူ့အဖွဲ့အစည်းတွင် ဝူကျောင်းဘာသာသည် ဟန်ဆောင်မှုတစ်ခုကို ထိန်းသိမ်းထားရသဖြင့် လူများကို ပေါ်တင် နှိပ်စက်ခြင်း မပြုသော်လည်း အစွန်းရောက်အချို့ကမူ ထိုသို့သော နှိပ်စက်မှုများကို ကြုံလျှင်ကြုံသလို အခွင့်အရေးရှာကာ ပြုလုပ်တတ်ကြ၏။

၎င်းတို့သည် မိစ္ဆာဒိဋ္ဌိများကို သတ်ဖြတ်ကာ သွေးများကို ထုတ်ယူပြီး အဝတ်စကို အနီရောင်ဆိုးကာ သစ်ပင်ပေါ်တွင် ချိတ်ဆွဲထားတတ်ကြသည်။

ထို့ကြောင့် သစ်ပင်ပေါ်ရှိ အနီရောင်အဝတ်အချို့မှာ သာမန်ပိတ်စအနီများဖြစ်သော်လည်း အချို့မှာမူ မိစ္ဆာဒိဋ္ဌိများ၏ သွေးများ စွန်းထင်နေနိုင်သည် ။

"ဒီလိုလား.."

ဝူကွေ့နယ်မြေအတွင်းသို့ ပိုမိုဝင်ရောက်လာသည်နှင့်အမျှ သစ်ပင်ပေါ်ရှိ အနီရောင်အဝတ်များကို ပိုမိုတွေ့မြင်လာရသည် ။

သုံးနာရီခန့်အကြာတွင် ကားသည် မြို့ငယ်လေးတစ်ခု၌ နောက်ဆုံးခရီးအဖြစ် ရပ်တန့်သွား၏။

စစ်ဝတ်စုံနှင့်လူသည် ကျိယွမ်၏ ကားဆီသို့ လျှောက်လာပြီး ပြတင်းပေါက်ကို ခေါက်ကာ အချက်ပြသည်။

"ငါ့အလုပ်က မင်းတို့ကို ဒီအထိ ပို့ပေးဖို့ပဲ။ ပြန်ထွက်ချင်ရင် ငါ့ကို ဆက်သွယ်လိုက်။ ဒါပေမဲ့ ဈေးနှုန်းကတော့... ဟိုလူတွေလိုပဲ နည်းနည်းကြီးလိမ့်မယ်"

ထိုသို့ပြောရင်း သူက မလှမ်းမကမ်းတွင် ဆူညံစွာ အော်ဟစ်နေကြသော လူအုပ်ကြီးထံသို့ လက်ညှိုးညွှန်ပြ၏။

ထို့နောက် သူသည် ဆေးလိပ်ဖွာရင်း ထွက်ခွာသွားသည်။

ကျိယွမ်သည် အဝေးမှ ဆူညံနေသော လူအုပ်ကြီးကို လှမ်းကြည့်လိုက်၏။

ထိုအုပ်စုတွင် သက်ကြီးရွယ်အိုများ၊ လူငယ်များနှင့် ကလေးငယ်များ ပါဝင်နေသည် ။ အချို့မှာ စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး အချို့မှာမူ အတန်ငယ် တောက်ပသော အဝတ်အစားများကို ဝတ်ဆင်ထားကြ၏။

ဝမ်မင်က ရှင်းပြရပြန်သည်။

"ဒီလူအများစုက ကွေ့ရန်လူမျိုးတွေ မဟုတ်ကြဘူး။ သူတို့က ဝူကွေ့ကနေ ထွက်ခွာဖို့ ကြိုးစားနေကြတာ။ ဒီမှာ စစ်ပွဲတွေ ဖြစ်နေတော့ သူတို့က အပြင်ကို ထွက်ချင်နေကြတာ။ သူတို့မှာ ရွေးချယ်စရာ သိပ်မရှိဘူး။ မှောင်ခိုယာဉ်တန်းက သူတို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။"

" ဒါပေမဲ့ သူတို့အများစုက ကားခမပေးနိုင်တော့ တခြားတစ်ခုခုနဲ့ လဲလှယ်ကြရတယ်။ အချို့ဆိုရင် လဲလှယ်စရာတောင် ဘာမှမရှိကြဘူး"

ကျိယွမ်သည် စပ်စုလိုသော မျက်လုံးများဖြင့် လူအုပ်ကို ကြည့်ကာ ဆုံးဖြတ်လိုက်သည်။

"ဟိုဘက်ကို သွားကြည့်ရအောင်"

ဝမ်မင်သည် အံ့အားသင့်သွားသော်လည်း ဝေခွဲမနေဘဲ လူအုပ်ရှိရာသို့ ကားကို မောင်းသွား၏။

မှန်းဆထားသည့်အတိုင်း ၎င်းတို့ အနားသို့ ရောက်သွားသောအခါ လူများသည် ကားတံခါးများကို အတင်းဖွင့်ရန် ကြိုးစားသကဲ့သို့ လက်များကို ဆန့်တန်းလာကြပြီး အမျိုးမျိုးအော်ဟစ်ကြကုန်သည်။

အပြင်ဘက်မှ ၎င်းတို့၏ အသံများကို ကားထဲမှပင် ကြားနေရ၏။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို ခေါ်သွားပေးပါ"

"ကျွန်တော့်သမီးလေးက လှပါတယ်။ လမ်းမှာ ခင်ဗျားကို ပြုစုပေးနိုင်ပါတယ်၊ ကျွန်တော်တို့ကို ဒီကနေ ခေါ်ထုတ်ပေးပါ"

"ကျွန်တော့်မှာ ပိုက်ဆံရှိပါတယ် ၊ အကုန်ယူပြီး ခေါ်သွားပေးပါဗျ"

"ရှေးဟောင်းပစ္စည်းတွေ၊ နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိတဲ့ အမွေအနှစ်တွေ ရှိပါတယ်"

ထိုလူများသည် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိတ်အားထက်သန်စွာ အော်ဟစ်နေကြသည်။

၎င်းတို့အနက် အများစုမှာ ကွေ့ရန်လူမျိုးများ မဟုတ်ဘဲ ဝူကွေ့နိုင်ငံသို့ အလုပ်လာလုပ်ကြသူများ သို့မဟုတ် တရားမဝင် ဖြတ်ကျော်လာသူများ ဖြစ်၏။

အချို့မှာမူ ပို၍သနားစရာကောင်းစွာဖြင့် အဖမ်းခံရပြီး ဤနေရာသို့ မရောက်ချင်ဘဲ ရောက်ရှိလာကြသူများလည်း ပါ၏။

ဝူကွေ့သည် နိုင်ငံခြားသားများကို အလွန်မုန်းတီးပြီး ဤလူများသည် ဆိုးရွားသော အခြေအနေများအောက်တွင် နေထိုင်နေကြရသည်။

အထူးသဖြင့် ယခုကဲ့သို့ ဝူကွေ့နှင့် ယွဲ့လန်တို့ စစ်ဖြစ်နေချိန်တွင် ဝူကွေ့သည် ၎င်းတို့၏ စစ်ရေးမှတ်တမ်း ကောင်းမွန်စေရန်အတွက် ဤလူအချို့ကို သတ်ဖြတ်လေ့ရှိ၏။

ထို့ကြောင့် ၎င်းတို့အတွက် ဝူကွေ့တွင် ဆက်နေခြင်းသည် အသတ်ခံရမည့်နေ့ကို စောင့်နေသော ခြံထဲမှသိုးများကဲ့သို့ ဖြစ်နေလေသည်။

ဝမ်မင်က စိတ်မသက်သာသလို သက်ပြင်းချ၏။

"အွန်လိုင်းပေါ်မှာ ဒီလိုမြင်ကွင်းမျိုးကို တွေ့ရမှာ မဟုတ်ဘူး။ ချင်းယွမ်က လူတွေလည်း ဒီလူတွေရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို မသိကြဘူး"

ဤလူအချို့အတွက်မူ မွေးဖွားလာခြင်းသည်ပင် အစကတည်းက သတ်မှတ်ထားသော မှားယွင်းသည့် ကံကြမ္မာတစ်ခု ဖြစ်နိုင်သည်။

ဝူကွေ့သည် ဘာသာရေးနိုင်ငံတစ်ခု ဖြစ်သော်လည်း ၎င်းတို့၏ နတ်ဘုရားကို ကိုးကွယ်ရုံမျှဖြင့် သင့်ကို မိမိလူမျိုးအဖြစ် သတ်မှတ်မည် မဟုတ်ပါ ။ကွေ့ရန်သွေး မပါပါက နိမ့်ကျသူအဖြစ်သာ ရှုမြင်ခံရပြီး အစွန်းရောက်တစ်ဦးက မည်သည့်အချိန်တွင် သင့်သွေးကို ဖောက်ကာ သစ်ပင်ပေါ် ချိတ်မည့် အနီရောင်အဝတ်ကို ဆိုးမည်ကို မည်သူမျှ မသိနိုင်ပေ။

ကားသည် လူအုပ်ကြီးထဲတွင် ဖြည်းညှင်းစွာ ရွေ့လျားနေရပြီး အပြင်မှလူများကလည်း ဇွဲမလျှော့တမ်း အော်ဟစ်တောင်းဆိုနေကြသည်။

ကျိယွမ်သည် မြင်တွေ့နေရသည်များကို စိတ်လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်စွာ ကြည့်နေ၏။

"ရပ်လိုက်"

ကားသည် ရုတ်တရပ် ရပ်တန့်သွားသည်။

"ကျွန်တော့်ကိုခေါ်ပါ .."

"ကျွန်မရဲ့ မိသားစုကိုကယ်ပါရှင် . "

"မင်းတို့ဖယ်ကြ ငွေမပေးနိုင်ဘဲ ရမလား "

သူထက်ငါ ရှုပ်ထွေးမှုများနှင့် ဆူညံသံများ ပတ်ဝန်းကျင်အား ဖုံးလွှမ်းနေသည်။

လူအုပ်ထဲမှ ရဲတင်းသူအချို့က အတင်းတိုးလာကာ "ဆရာကြီး" ဟု အော်ခေါ်ကြ၏။

"ဖယ်ကြစမ်း"

ဝမ်မင်က ခက်ထန်သောအသံဖြင့် ဟောက်လိုက်ကာ ရဲတင်းသူများကို ကြမ်းကြမ်းတွန်းပစ်၏။ ။

ချက်ချင်းပင် လူအုပ်သည် ငြိမ်ကျသွားသည်။ ယခုကားသည် မှောင်ခိုယာဉ်တန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း ၎င်းတို့ နားလည်ကြလေသည်။

ထိုသို့သောလူများသည် အာဏာရှိပြီး ၎င်းတို့ကို သတ်ဖြတ်လျှင်ပင် မည်သည့်အကျိုးဆက်မျှ ခံရမည်မဟုတ်ပေ။

ကျိယွမ်သည် လူအုပ်ကို အကဲခတ်လိုက်ရာ အသားညိုညိုနှင့် ကောင်လေးတစ်ဦးထံတွင် အကြည့် ရပ်တန့်သွား၏။

ထိုကောင်လေးသည် အသက် ၁၁ နှစ် သို့မဟုတ် ၁၂ နှစ်ခန့် ရှိပုံရသည်။ သူသည် လအတော်ကြာ ခေါင်းမလျှော်ထားသဖြင့် ညစ်ပတ်ပေရေနေသော မိန်းကလေးငယ်လေး၏ လက်ကို ကိုင်ထား၏။

ထိုမိန်းကလေးငယ်သည် အသက် ၇ နှစ် သို့မဟုတ် ၈ နှစ်ခန့် ရှိပုံရသည် ။

၎င်းတို့ကို ကြည့်ပြီး ကျိယွမ်၏ မျက်လုံးများတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ ပေါ်လာ၏။

"မင်းတို့နှစ်ယောက် ဝူကွေ့ကနေ ထွက်သွားချင်တာလား"

သူက ကောင်လေးနှင့် မိန်းကလေးကို မေးလိုက်သည်။

ကောင်လေးသည် ကျိယွမ်၏ မေးခွန်းကို ကြားသောအခါ စိတ်လှုပ်ရှားသွားသော်လည်း ကြောက်ရွံ့မှုနှင့် သတိထားမှုကိုလည်း မလျှော့ပေ။

"ဟုတ်ကဲ့... ဆရာကြီး။ ကျွန်တော့်မှာ... ပိုက်ဆံမရှိပါဘူး၊ ဒါပေမဲ့ ကျွန်တော် သန်မာပြီး စကားလည်း နားထောင်ပါတယ်။ ပင်ပန်းတဲ့ အလုပ်မှန်သမျှ လုပ်နိုင်ပါတယ်"

အာကျိဟုအမည်ရှိသော ကောင်လေးက ကျိယွမ်သည် ကာမဂုဏ်လိုက်စားသူ တစ်ဦးဖြစ်မည်ကို စိုးရိမ်သဖြင့် သူ၏ညီမလေးကို နောက်တွင် ဖုံးကွယ်ထားရင်း တုန်တုန်ရင်ရင်နှင့် ဖြေလိုက်သည်။

"မင်းတို့ကို ငါခေါ်သွားပေးလို့ရတယ်၊ ဒါပေမဲ့... မင်းတို့ရဲ့ သွေးအနည်းငယ်တော့ လိုလိမ့်မယ်"

အချိန်မဆွဲတတ်သော ကျိယွမ်က သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောပြလိုက်၏။

ဤကမ္ဘာပေါ်ရှိ လူအများအပြားတွင် ထူးခြားသော သွေးများ ရှိနေသည်ကို သူ ရှာဖွေတွေ့ရှိထားသည်။

ဥပမာအားဖြင့် ဝူချီပင် ။

ယခုလည်း ဤမောင်နှမ နှစ်ဦးတွင် ထိုသို့သောသွေးများရှိနေ၏။

သို့သော် ထူးခြားသော အရည်အသွေးများမှာတော့ မတူညီကြပါ။

ဝူချီ၏ သွေးထဲတွင် မည်သည်က ထူးခြားသည်ကို ကျိယွမ် မလေ့လာရသေးသော်လည်း ဤမောင်နှမနှစ်ဦး၏ သွေးထဲတွင်မူ ကျိယွမ်၏ ကိုယ်ပိုင် သွေးနှင့် ဆက်နွယ်နေသော ထူးခြားမှုတစ်ခု ရှိနေသည်ဟု သူခံစားရ၏။

သိုင်းပညာတွင် အဆင့်တက်ရန်နှင့် သူ၏ သိုင်းပညာပါရမီကို မြှင့်တင်ရန်အတွက် သူတို့၏ သွေးကို သုတေသနပြုကာ အသုံးပြုနိုင်လောက်သည်။

သို့သော် ကျိယွမ်၏စကားက မောင်နှမနှစ်ဦးကိုသာမက ဝမ်မင်းကိုပါ ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။

ကောင်လေးသည် ခဏမျှ ဝေခွဲမရဖြစ်သွား၏။ထို့နောက် အားတက်သရောနှင့် ပြာပြာသလဲ ခေါင်းညိတ်ပြရှာသည်။

"ဟုတ်...ဟုတ်ကဲ့"

မည်သို့ပင်ဖြစ်စေ ဤနေရာမှ ထွက်ခွာရခြင်းသည် ၎င်းတို့အတွက် အလုံခြုံဆုံး ရွေးချယ်မှု ဖြစ်၏။

မကြာသေးမီကပင် သူတို့၏ မိဘများသည် "စစ်ရေးအထောက်အပံ့" အဖြစ် အဖမ်းခံသွားရပြီးလေပြီ။

သူတို့၏အလှည့် မည်သည့်အချိန်တွင် ရောက်လာမည်ကို မသိနိုင်ပေ။သို့သော် ငွေကြေးမရှိ ၊ ခွန်အားမရှိ ၊ အဆက်အသွယ်မရှိသော သူတို့လိုလူမမယ်ကလေးနှစ်ယောက်အတွက် ဝူကွေ့နိုင်ငံထဲမှ လွတ်မြောက်ရန်မှာ မျှော်လင့်ချက်မရှိသလောက်ပင်။

ထို့ကြောင့် လွတ်မြောက်ရန် တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဖြစ်ချင်ရာဖြစ် ဤကားနောက်သို့လိုက်သွားရန်သာရှိသည်။

ကျိယွမ်ကို ကြည့်ကာ အသားညိုညိုနှင့် ကောင်လေး၏ မျက်နှာတွင် ကျေးဇူးတင်မှုများ ပြည့်နှက်နေ၏။

ညစ်ပတ်ပေရေနေသော မိန်းကလေးမှာမူ ကြောက်လန့်နေပုံရပြီး ကျိယွမ်ကို တည့်တည့် မကြည့်ရဲပါ။

"မင်းတို့နဲ့အတူ ပါလာတဲ့ ပစ္စည်းတွေ ရှိလား။ ယူလာခဲ့"

ကျိယွမ်က တစ်ခါတည်းခေါ်လိုက်သည်။

ကျောပေါ်တွင် အထုပ်ကြီးတစ်ထုပ်ကို ထမ်းထားပြီး ညီမဖြစ်သူ၏ လက်ကို ဆွဲထားသည့် အာကျိကခေါင်းယမ်း၏။

"မရှိပါဘူး"

ထိုအထုပ်သည် ၎င်းတို့မိသားစု၏ တစ်ခုတည်းသော ပိုင်ဆိုင်မှုပင်။

"ကောင်းပြီ၊ တက်တော့"

ကျိယွမ်က ညွှန်ကြားလိုက်သည် ။

မည်သည့်တွေဝေမှုမျှမရှိဘဲ ကောင်လေးသည် ညီမဖြစ်သူကို ခေါ်ကာ ကားပေါ်သို့ ကုပ်ကုပ်လေးတက်လာ၏။

ဝမ်မင်း၏ကားတွင် ထိုင်ခုံသုံးတန်း ပါရှိရာ မောင်နှမနှစ်ဦးသည် နောက်ဆုံးတန်းတွင် ရို့ရို့လေးထိုင်လိုက်ကြသည်။ ကောင်လေး၏ မျက်နှာတွင် ရိုသေလေးစားမှုများ ရှိနေပြီး ဝူကွေ့လူမျိုးများ အသုံးများသော ကောင်းချီးစကားများကို ပြောနေ၏။

"ဝူရှန်းက ခင်ဗျားကို ကောင်းချီးပေးပါစေ"

"ခင်ဗျားဟာ အင်မတန် သဘောကောင်းတဲ့သူပါပဲ"

အာကျိသည် ဝူကျောင်းဘာသာကို ယုံကြည်သူ မဟုတ်သော်လည်း ဝူကွေ့တွင် အသက်ရှင်ရန်အတွက် "ဝူရှန်း ကောင်းချီးပေးပါစေ" ဟူသော စကားမျိုးကို ပြောတတ်ရန် သင်ယူထားရသည်။

ကောင်လေး၏ စကားကိုကြားသောအခါ ကျိယွမ်က ပြုံး၍မေးလိုက်သည်။

"ငါက ထိုက်ဟွမ်နန်းတော်ရဲ့ ယန်နတ်ဘုရားကို သတ်ချင်တယ်ဆိုရင် ဝူရှန်းက ငါ့ကို ကောင်းချီးပေးနိုင်မှာလား"

ထိုက်ဟွမ်နန်းတော်၏ ယန်နတ်ဘုရားသည် ကပ်ဘေးဆိုးကြီး၏ နောက်ကွယ်မှလက်မည်းကြီးဖြစ်ပြီး ကန်းလန်နယ်မြေတွင် ကျိယွမ်ရင်ဆိုင်ရသည့် အင်အားအကြီးဆုံး ရန်သူလည်း ဖြစ်သည်။

ကျိယွမ်၏ ထူးဆန်းသောစကားကြောင့် အာကျိသည် ကြောင်အမ်းသွားပြီး မည်သို့ပြန်ပြောရမည်ကို မသိဖြစ်သွားလေ၏။

သို့သော် ညစ်ပတ်ပေရေနေသော မိန်းကလေးက မရဲတရဲလေးဝင်ပြောသည်။

"ဝူရှန်းက တကယ်ကို စွမ်းအားကြီးတယ်လို့ ပြောကြတယ်၊ တောင်တစ်လုံးကို ကျောပိုးပြီး ပြေးနိုင်တယ်တဲ့။ သူက... ဆရာကြီးကို ကာကွယ်ပေးနိုင်မှာပါ"

ဝူကွေ့တွင် နေထိုင်ရသူများသည် ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဝူရှန်း၏ စွမ်းပကားအကြောင်းများကို ကြားဖူးနားဝ ရှိကြ၏။

ကလေးမ၏ စကားကြောင့်ကျိယွမ်သဘောကျစွာရယ်မောမိသွားသည်။

"ဒါတွေက လုပ်ကြံဖန်တီးထားတဲ့ ပုံပြင်တွေပဲ၊ သိပ်လည်း အထင်ကြီးစရာ မကောင်းပါဘူး။ တောင်တစ်လုံးကို ကျောပိုးပြီး ပြေးတာက... နည်းနည်းတော့ အားနည်းလွန်းတယ်"

ဤကမ္ဘာပေါ်ရှိ လူများသည် အလွန်လက်တွေ့ကျကြသည်ကို ကျိယွမ် သတိပြုမိသည် ဖြစ်သည်။ ဒဏ္ဍာရီများကို ဖန်တီးပြောဆိုသည့်တိုင် အလွန်အကျွံ ချဲ့ကားခြင်းမျိုး မရှိကြ။

နတ်ဘုရားတစ်ပါးကိုပင် အရာရာကို တတ်နိုင်သူအဖြစ် ဖော်ပြခြင်း မရှိခဲ့ပေ။ ၎င်းမှာ လူများက လက်တွေ့ကျလွန်း၍လား သို့မဟုတ် ပိုမိုနက်ရှိုင်းသော အကြောင်းရင်း ရှိနေ၍လားဟု သူ တွေးတောမိ၏။

အာကျိသည် ကျိယွမ်၏ စကားကို ကောင်းကောင်းနားမလည်သော်လည်း စောဒကမတတ်ခဲ့ပါ။

သူသည် ကားပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို ကြည့်နေပြီးမှ တိုးတိုးလေးမေးသည်။

"ဆရာကြီး... ကျွန်တော်တို့ ဝူကွေ့ကနေ ဘယ်တော့ ထွက်ကြမှာလဲ"

ဝူကွေ့နိုင်ငံမှ ထွက်ခွာနိုင်ရေးသည် သူ၏ အကြီးမားဆုံး ဆန္ဒဖြစ်၏။

ဤတိုင်းတစ်ပါး မြေတွင် ညီမလေးမှလွဲ၍ သူ၌ အခြားဆွေမျိုးလည်း မရှိ

ပါ။

မိဘများအတွက် ကလဲ့စားချေရန်ဆိုသည်မှာမူ သူ၏ စိတ်ကူးထဲတွင်ပင် မရှိခဲ့ချေ။ အသက်ရှင်သန်ရန်အတွက် ခက်ခဲလွန်းစွာ ရုန်းကန်နေရသော သူတို့လို လူများအတွက် ကလဲ့စားချေခြင်းအကြောင်းကို တွေးရန်ပင် မဖြစ်နိုင်ချေ။

သူ၏ရည်မှန်းချက်မှာ ဤနေရာမှအမြန်ဆုံးထွက်ပြေးရန်နှင့် သူ၏ညီမလေးအား သူအစွမ်းရှိသမျှ ကာကွယ်စောင့်ရှောက်ရန်သာဖြစ်သည်။

"ငါ့မိတ်ဆွေတစ်ယောက်ကို ဝင်ခေါ်ပြီးရင် ထွက်ကြမယ်"

ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။

ကားမောင်းနေသော ဝမ်မင်မှာမူ တိတ်ဆိတ်နေလေသည်။

ကျိယွမ်သည် ဤကလေးနှစ်ယောက်ကို အဘယ်ကြောင့် ခေါ်လာချင်ရသည်ကို သူ နားမလည်ပါ။

စစ်စခန်းတစ်ခုအတွင်းမှ သူ၏အထက်လူကြီးကို တစ်ကိုယ်တော် ကယ်ထုတ်ရန် ကြိုးပမ်းရဲလောက်အောင် ကျိယွမ်တွင် မည်သည့် လျှို့ဝှက်ချက်များ ရှိနေသည်ကိုလည်း သူ နားမလည်နိုင် ဖြစ်နေ၏။

ကားသည် အရှိန်ပြင်းစွာ ခရီးနှင်နေပြီး ဝမ်မင်သည် လမ်းတွင် ဆီတစ်ကြိမ် သာဖြည့်ကာ အရှိန်ကို အမြင့်ဆုံးအထိ မြှင့်ထားပြီး မောင်နှင်နေခဲ့သည်။

လမ်းညွှန်စနစ်အတိုင်း ကားသည် စစ်စခန်းတစ်ခုရှိရာ အရပ်သို့ လျင်မြန်စွာ ဦးတည်ပြေးလွှားနေ၏။

ထို့အတူ ကောင်းကင်ယံတွင် ဒရုန်းအရေအတွက်ကလည်း ပိုမိုများပြားလာသည်။

သို့သော် ဤအချိန်တွင် ဒရုန်းများသည် ၎င်းတို့နယ်မြေအတွင်း ရွေ့လျားနေသော သာမန်ယာဉ်လေးတစ်စီးကို ဂရုမစိုက်ကြပါ။

-------------

All Chapters