စစ်စခန်းကို ထိုးဖောက်ဖျက်ဆီးခြင်း
Vol. 27 Ch. 303
ဝူကွေ့၏ အတွင်းပိုင်းနယ်မြေထဲသို့ ကားလေးက ပို၍နက်ရှိုင်းစွာ မောင်းနှင်ဝင်ရောက်လာသည်။ အာကျိ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုနှင့် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်လာ၏။
"ဆရာကြီး... ကျွန်တော်တို့ သွားနေတဲ့ လမ်းကြောင်းက သေချာရဲ့လား ခင်ဗျာ"
အာကျိသည် ဤငရဲခန်းသဖွယ်နေရာမှ လွတ်မြောက်ရန် မျှော်လင့်ခဲ့သော်လည်း ကားသည် ထိုနေရာ၏ အနက်ရှိုင်းဆုံးဆီသို့ ဦးတည်နေသည် မဟုတ်ပါလား။
ထို့အပြင် သူတို့သွားနေသော အရပ်မျက်နှာသည် အာကျိအတွက် အလွန်ရွံရှာစက်ဆုပ်ဖွယ် ကောင်းသောနေရာဖြစ်နေ၏။ ထိုအရပ်မျက်နှာရှိ စစ်စခန်းမှ ကွေ့ရန်မိစ္ဆာများ၏ လက်ချက်ဖြင့် သူ၏ မိဘများ သေဆုံးခဲ့ရလေသည်။
"မမှားပါဘူး၊ ငါသွားကြိုရမယ့်သူက အရှေ့မှာ ရှိတယ်"
ကျိယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ အာကျိ၏ ခန္ဓာကိုယ်သည် မသိမသာ တုန်ရင်သွားပြီး ညစ်ပတ်ပေရေနေသော မိန်းကလေးသည်လည်း သူမအစ်ကို၏ လက်မောင်ကို တင်းကျပ်စွာ ဖက်ထားသည်။
သူတို့၏ နှလုံးများထဲ၌ ကြောက်ရွံ့မှုများနှင့်အားငယ်စိုးရိမ်ထိတ်လန့်မှုများ ပြင်းထန်စွာခံစားလိုက်ရ၏။
သူတို့ကို ကယ်ထုတ်လာသော လူနှစ်ယောက်သည် ထိုမိစ္ဆာများနှင့် နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေသလားဟုပင် သူတို့ သံသယဝင်လာကြသည်။
သို့မဟုတ်ပါက အဘယ်ကြောင့် လူတစ်ယောက်ကို ကြိုရန် စစ်စခန်းဆီသို့ ဦးတည်မောင်းနှင်နေရသနည်း။
သို့သော်သူတို့မှာ တစ်စုံတစ်ရာမကန့်ကွက်ရဲသဖြင့် ကြောက်ရွံ့စွာဖြင့် လိုက်ပါလာခဲ့ရ၏။
မကြာမီ မြို့ငယ်လေးကို လှမ်းမြင်ရသော ကုန်းမြင့်တစ်ခုပေါ်တွင် ကားက ရပ်တန့်သွားသည်။
ဝမ်မင်သည် ကားပေါ်မှဆင်း၍ အဝေးသို့ လှမ်းကြည့်ကာ ကျိယွမ်အား အသိပေး၏။
"မစ္စတာကျိ.. သူဌေးက အရှေ့က စစ်စခန်းထဲမှာ ရှိနေတာပါ"
သူ၏ လေသံက တိုးညင်းနေပြီး အသံတွင် ကြောက်ရွံ့မှုများက အထင်းသားပင်။ အကယ်၍ ကျိယွမ်သာ အဖမ်းခံရပါက သူတို့လည်း ဧကန်မုချ သေရမည် မဟုတ်ပါလား။
"အင်း... ငါ မြင်ပါတယ်"
ကျိယွမ်က အောက်ဘက်ရှိ မြင်ကွင်းကို ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
သူတို့အရှေ့တွင် ဖုန်မှုန့်များသည် သဲကန္တာရတစ်ခုအလား လွင့်ပျံနေသည်။ သဲကန္တာရအလယ်တွင် မြင့်မားသော သံမဏိအဆောက်အအုံများ မားမားမတ်မတ် ရှိနေပြီး အဝေးတွင် သံမဏိယာဉ်တန်းတစ်ခု ကင်းလှည့်နေသည်ကိုလည်း မြင်ရ၏။
ကင်းမျှော်စင်များပေါ်တွင်လည်း လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သားများက အသင့်အနေအထားဖြင့် ရှိနေကြသည်။
ဤစစ်စခန်းတွင် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော စစ်သား သုံးထောင်ကျော် ရှိ၏။
"မင်းတို့ ဒီမှာပဲ စောင့်နေ၊ ငါ သွားခေါ်လိုက်မယ်"
ထိုသို့ပြောပြီးနောက် ကျိယွမ်သည် ကုန်းအောက်သို့ လမ်းလျှောက်ဆင်းသွားသည်။
စစ်စခန်းတံခါးဝနှင့် သူတို့ကြား အကွာအဝေးမှာ ခုနစ်မိုင် သို့မဟုတ် ရှစ်မိုင်ခန့်သာ ရှိသည်။ ကျိယွမ်၏ ခြေလှမ်းများသည် မြန်လွန်းခြင်း၊ နှေးလွန်းခြင်း မရှိပေ။
အပေါ်ယံတွင် ပျံသန်းနေသော ဒရုန်းများသည် သူ ချဉ်းကပ်လာသည်ကို သတိပြုမိပုံ မရကြ။ လွင့်ပျံနေသော ဖုန်မှုန့်များကြားတွင် လူရိပ်တစ်ခုသည် ဝါညစ်ညစ်သဲပြင်ကို ဖြတ်ကျော်ကာ တည်ငြိမ်စွာ ရွေ့လျားနေ၏။
ကုန်းမြင့်ပေါ်တွင် ဝမ်မင်သည် ကျိယွမ်၏ ကျောပြင်ကို ကြည့်ရင်း စိတ်ရှုပ်ထွေးမှုများဖြင့် ရင်ခုန်နှုန်း မြန်နေသည်။
ကျိယွမ်သည် ရန်သူ၏စစ်စခန်းထဲသို့ လက်ဗလာဖြစ်တစ်ယောက်တည်း သွားနေသည် မဟုတ်ပါလား။
သတ္တိရှိသည်ဟု ပြောရမည်လား ၊ မိုက်မဲသူဟုပဲ ပြောရမည်လား သူမခွဲခြားတတ်တော့ပေ။
သူ ညှိနှိုင်းဖို့သွားတာလည်း ဖြစ်နိုင်တာပဲလေ ။
သို့သော် ထိုအကြံက အဖမ်းခံရခြင်း သို့မဟုတ် အသတ်ခံရခြင်းနှင့်သာ အဆုံးသတ်သွားမှာလည်း သေချာသလောက်ရှိနေ၏။
အာကျိမှာမူ ပို၍ပင် ဇဝေဇဝါ ဖြစ်နေသည်။ ကျိယွမ်၏ စကားများနှငိ့ လုပ်ရပ်များသည် နားလည်ရခက်ပြီး သူ၏ ရည်ရွယ်ချက်ကို ခန့်မှန်းရန် မဖြစ်နိုင်ပေ။
ထိုအချိန်တွင် စစ်စခန်းကင်းမျှော်စင်ပေါ်ရှိ စစ်သည်များသည် ရုတ်တရက် တင်းမာသွားကြ၏။
"ဘာဖြစ်တာလဲ၊ ဘာလို့ ငါတို့ဆီကို လူတစ်ယောက် လာနေတာလဲ၊ ဒရုန်းတွေက ကင်းလှည့်နေတာ မဟုတ်ဘူးလား၊ ဘာလို့ သူ့ကို မတွေ့တာလဲ"
ယူနီဖောင်းဝတ် စစ်သည်တစ်ဦးက အံ့အားသင့်စွာ ပြောလိုက်သည်။
ဤနေရာသည် ကွေ့ရန်စစ်တပ်က ထိန်းချုပ်ထားသော နယ်မြေဖြစ်ပြီး သာမန်လူများ ခွင့်ပြုချက်မရှိဘဲ မဝင်နိုင်ပေ။
သို့သော် ယခုအခါမှာတော့ လူတစ်ယောက်သည် သူတို့ဆီသို့ တန်းတန်းမတ်မတ် လမ်းလျှောက်လာနေပြီး ဒရုန်းကင်းလှည့်အဖွဲ့သည် မည်သို့ပင်ဖြစ်စေ သူ့ကို မတွေ့ရှိခဲ့ပေ။ သူတို့သည် ထိုလူကို သာမန်မျက်စိဖြင့်သာ သတိပြုမိခဲ့ကြခြင်းပင်။
လမ်းပေါ်ရှိ လူရိပ်သည် နီးကပ်လာသည်နှင့်အမျှ ကင်းမျှော်စင်ပေါ်ရှိ စစ်သည်များသည် သူ၏မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ဤလူသည် လမ်းမှားဝင်လာသော အရူးတစ်ယောက်များလားဟု သူတို့ သိချင်နေကြ၏။
"ရပ်လိုက်စမ်း၊ ရောက်တဲ့နေရာမှာပဲ ရပ်နေ"
စစ်စခန်းတံခါးဝရှိ သေနတ်များအားလုံးသည် ချဉ်းကပ်လာသူထံသို့ ဦးတည်လိုက်ကြသည်။ တံခါးစောင့်စစ်သည်များကတော့ အမှုမဲ့အမှတ်မဲ့ ဂရုမစိုက်ဟန်ရှိကြ၏။
သူတို့၏ တပ်စုမှူးက အော်ဟစ်လိုက်သည်။
"မင်း ဒီကို ဘာလာလုပ်နေတာလဲ၊ မြန်မြန်... သူ့ကို ဒီခေါ်လာခဲ့"
စစ်ဆေးရေးကိရိယာများအရ ထိုလူတွင် မည်သည့်ပေါက်ကွဲစေတတ်သော ပစ္စည်းမှ ပါမလာသဖြင့် အန္တရာယ်မရှိဟု သူတို့ယူဆလိုက်ကြသည်။
ထိုသူသည် ဤနေရာအထိ မည်သို့ရောက်လာသနည်းဟု သူတို့ ဇဝေဇဝါ ဖြစ်နေသော်လည်း သူ့ကို လမ်းမှားလာသော အန္တရာယ်မရှိသည့် သာမန်အရပ်သားတစ်ဦးအဖြစ်သာ သတ်မှတ်လိုက်ကြ၏
သေနတ်ဆယ်လက်လောက်က သူ့ကို ချိန်ထားပြီး စစ်သည်လေးဦးသည် ကျိယွမ်ထံသို့ လျှောက်လာကြသည်။ သူတို့၏ မျက်နှာများတွင် ဟာသတစ်ခုကို မြင်နေရသကဲ့သို့ အပြုံးများ ရှိနေသည်။
အဘယ့်ကြောင့်ဆိုသော် ဤကဲ့သို့ ဖုန်ထူသော သဲကန္တာရထဲတွင် ကျိယွမ်ကဲ့သို့ သပ်ရပ်သန့်ရှင်းသူကို မြင်ရခဲသောကြောင့်ပင်။
သူက ဒီအထိ လမ်းလျှောက်လာတာကို သန့်ပြန့်နေပါလား။
ကျိယွမ်ကတော့ စစ်စခန်းအပြင်ဘက်တွင် ရပ်နေရင်း အရှေ့ဘက်ရှိ သိပ်သည်းသော သံမဏိအဆောက်အအုံများကိုကြည့်ကာ ပြုံးလိုက်သည်။
"ငါ လူတစ်ယောက်ကို လာခေါ်တာ"
သူ၏ အသံသည် ကျယ်လောင်ကြည်လင်ပြီး အနီးနားရှိ စစ်သားအားလုံး၏ နားထဲသို့ ရောက်ရှိသွားသည်။ သူတို့ တုံ့ပြန်မှု မပြုနိုင်ခင်မှာပင် ကုန်တင်ကားကြီးတစ်စီးသည် ချီယွမ်၏ ဘေးတွင် ရုတ်တရက် ထိုးရပ်လာပြီး ကားပေါ်မှ စစ်ဝတ်စုံဝတ် ဆာဗာအုပ်ထားသော စစ်သည်တစ်စု ဆင်းလာကြသည်။
ထိုစစ်သည်များသည် လက်နက်အပြည့်အစုံ ပါရှိပြီး သာမန်စစ်သည်များထက် ပိုမို ထွားကြိုင်း၏။
ကားဖြင့်ပြန်လာသော စစ်သည်များသည် အပြင်ဘက်တွင် "အမဲလိုက်" ရာမှ ပြန်လာသော မျိုးရိုးဗီဇစစ်သည်များ ဖြစ်ကြပြီး သူတို့သည် သေနတ်များကို ကိုင်ဆောင်ထားကာ မျက်နှာသေများဖြင့် အရပ်သားအချို့ကို ဖမ်းဆီးခေါ်ဆောင်လာကြသည်။
ခေါင်းဆောင်ဖြစ်သူက ကျိယွမ်ကို ကြည့်ကာ ကြမ်းတမ်းသော လေသံဖြင့်
ဆုံးဖြတ်၏။
"ငါတို့ စမ်းသပ်ချက်တွေအတွက် သွေးလိုနေတာ၊ ဒီကောင်က ငါတို့အတွက်ပဲ"
သူက ကျိယွမ်ကို သားကောင်တစ်ကောင်ကဲ့သို့ ကြည့်နေသည်။ တံခါးစောင့်စစ်သည်များကလည်း ကျိယွမ်အား သနားစရာကောင်းသည်ဟူသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
သူတို့ ကြီးကြပ်နေသော မျိုးရိုးဗီဇစစ်သည် စမ်းသပ်မှုများသည် အလွန် ရက်စက်ကြမ်းကြုတ်လှ၏။ ဤမျိုးရိုးဗီဇစစ်သည်များသည် စစ်စခန်းအတွင်းရှိ ဝူဂိုဏ်း၏ ဘာသာရေးအစွန်းရောက်များ ဖြစ်ကြသည်။
သူတို့သည် ဘာသာရေးစမ်းသပ်မှုများ ပြုလုပ်ရန် မိစ္ဆာဒိဋ္ဌိများကို ဖမ်းဆီးကြ၏။ ၄င်းတို့၏ စမ်းသပ်မှုများအတွက် ဖမ်းဆီးခံရသူ မည်သူမျှ အသက်ရှင်ခြင်း မရှိဘဲ မသေဆုံးမီအချိန်များတွင်လည်း စိတ်ကူးမယဉ်နိုင်သော ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားရသည်။
မျိုးရိုးဗီဇစစ်သည် ခေါင်းဆောင်၏ အမိန့်အတိုင်း မျိုးရိုးဗီဇစစ်သည် နှစ်ဦးသည် ကျိယွမ်ထံသို့ လျှောက်လာကြသည်။ သူတို့၏ မျက်နှာတွင် လွယ်လွယ်ကူကူ သတ်ဖြတ်ရတော့မည့် အသွင် ရှိနေ၏။
"ဟင်း....မင်းတို့က ငါလိုချင်တဲ့လူကို မပေးချင်ဘူး ထင်တယ်"
ကျိယွမ်က နောင်တရသကဲ့သို့ လေသံဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။
ထို့နောက် သူ၏အရှေ့ရှိ မျိုးရိုးဗီဇပြောင်းစစ်သည် သုံးဆယ်ခန့်ကို ကြည့်ရင်း သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု လှစ်ခနဲပေါ်လာ၏။
"ဒါဆိုရင်တော့ ငါ ရက်စက်တယ်လို့ မဆိုနဲ့တော့"
ကျိယွမ်သည် သူတို့နှင့် အကျိုးအကြောင်း ပြောဆိုရန် ရည်ရွယ်ခဲ့သော်လည်း စခန်းထဲတွင် လူသုံးထောင်ကျော် ရှိနေသဖြင့် တစ်ယောက်ချင်းစီကို အကျိုးအကြောင်း ရှင်းပြနေရလျှင် အလွန် ပင်ပန်းပေလိမ့်မည်။
ထို့အပြင် သူသည် သူတော်စင်တစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် အားလုံးကို သတ်ပစ်လိုက်ခြင်းက ပိုကောင်းသည်။ သေပြီးသားလူများနှင့် အကျိုးအကြောင်း ပြောရသည်က ပို၍ လွယ်ကူသည် မဟုတ်ပါလား။
အလောင်းများက ဘယ်တော့မှ ခေါင်းမခါကြပေ။
"သတ်"
တိုးညှင်းသော အော်ဟစ်သံနှင့်အတူ ကျိယွမ်၏ လက်ထဲတွင် ဘယ်ကမှန်းမသိရသော သွေးရောင်ဓားတစ်လက် ပေါ်လာသည်။
ဓား၏ပုံသဏ္ဍာန်မဗာ အလွန် ထူးဆန်းပြီး ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေ၏။ ဓားပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်၌ ရှိနေသူအားလုံး အလိုလို ကျောချမ်းသွားကြသည်။
ဤဓားသည် လျူဖုန်းနယ်မြေတွင် ကျိယွမ်ကိုင်ဆောင်ခဲ့သော ဓားဖြစ်ပြီး
နှလုံးသားနတ်ဆိုးနိုးထခြင်း မူလစွမ်းအား ထုဆစ်ထား၏။
သွေးရောင်ဓားကို အိမ်မှ ဆွဲထုတ်လိုက်သည်နှင့် ကြက်သွေးရောင် အလင်းတန်းတစ်ခုသည် ဝါညစ်ညစ်သဲပြင်ကျယ်အပေါ် ရဲခနဲ ဖြတ်ကျော်သွားသည်။
ကျိယွမ်၏ ဘေးပတ်လည်ရှိ မျိုးရိုးဗီဇပြောင်းစစ်သည် သုံးဆယ်၏ ခန္ဓာကိုယ်များသည် အေးခဲသွားပြီး သူတို့၏ အမူအရာများမှာ ရပ်တန့်သွားကြ၏။
ထိုအချိန်မှာပင် ကန္တာရလေတစ်ချက် တိုက်ခတ်အလာတွင် သူတို့သည် ကောက်ရိုးရုပ်များကဲ့သို့ မြေပြင်ပေါ်သို့ တဖုတ်ဖုတ် ပြိုလဲကျသွားကြတော့သည်။
ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံ၊ ကြက်သွေးရောင် အလင်းတစ်ချက် လင်းလက်သွားရုံသာ..။
ကျိယွမ်သည် အခြေတညိအဆင့်တွင်သာ ရှိနေသော်လည်း ဤဓားချက်သည် အမြုတေအဆင့် ကျင့်ကြံသူကိုပင် သတ်နိုင်စွမ်း ရှိရာ မျိုးရိုးဗီဇစစ်သည်များကိုမူ ပြောနေစရာပင် မလိုပေ။
ဓားတစ်ချက်တည်းဖြင့် မျိုးရိုးဗီဇစစ်သည်သုံးဆယ်လုံး သေဆုံးသွားသည်။
မျိုးရိုးဗီဇစစ်သည်များ၏ ဖမ်းဆီးခြင်း ခံထားရသော အရပ်သားများသည် ပထမတွင် ဘာတွေဖြစ်ကုန်ပြီလဲဟု ထိတ်လန့်သွားကြသော်လည်း နောက်ပိုင်းတွင် ဝမ်းသာအားရ ဖြစ်ကုန်၏။
သူတို့အားလုံးက ကျိယွမ်အား ရိုသေလေးစားစွာ ကြည့်နေကြသည်။ထို့နောက် အားလုံးက မပြောမဆိုနှင့် ဒူးထောက်ကာ အရိုအသေပြုကြလေ၏။
"နတ်ဘုရား"
"နတ်ဘုရားပဲ"
ကျိယွမ်သည် သူတို့ကို ကယ်တင်ရန် ဆင်းသက်လာသော နတ်ဘုရားတစ်ပါးဟု သူတို့ ယုံကြည်သွားကြပုံရသည်။
စစ်စခန်းအတွင်းရှိ စစ်သည်များကတော့ ရုတ်တရက် မှင်တက်သွားကြပြီး မယုံနိုင်သလိုကြည့်ကာ ခေတ္တငိုင်သွား၏။
"ပစ်.."
သို့သော် သတိဝင်လာသောခေါင်းဆောင်၏ အမိန့်သံအဆုံးတွင် ကျိယွမ်ထံသို့ ကျည်ဆန်များက မိုးရွာချသည့်နှယ် တဖွဲဖွဲဝင်ရောက်လာသည်။
"မင်းတို့က အရှုံးမပေးတဲ့အပြင် ပြန်တိုက်ဖို့တောင် သတ္တိရှိသေးတာလား၊ငါသိပြီ မင်းတို့ အားလုံးက သေချင်နေတာကိုး ..."
"ဒါဆိုရင်လည်း ကူညီပေးရမှာပေါ့ "
ကျိယွမ်သည် သူ၏ဓားကို လေထဲတွင် တစ်ချက်ဝှေ့ယမ်းလိုက်ရုံနှင့် သူ၏ အရှေ့တွင် သွေးရောင်အကာအကွယ်တစ်ခု ပေါ်လာပြီး ကျည်ဆန်အားလုံးကို တားဆီးထားလိုက်သည်။
"ဘာ..ဘာကြီးလဲ"
သေနတ်ဖြင့်ပစ်နေသော စစ်သည်များ အံ့အားသင့်သွားကြသော်လည်း သူတို့၏ သေနတ်များကို တော့ မရပ်မနားဆက်တိုက် ပစ်ခတ်နေကြဆဲပင်။
"ဟင့်...အသက်မနှမြောတဲ့ကောင်တွေ"
ကျိယွမ်က နှာခေါင်းရှုံ့လိုက်ပြီး သူ၏လက်ကို အနည်းငယ် လှုပ်ယမ်းလိုက်သည်။ သူ့ထံသို့ ပစ်ခတ်လိုက်သော ကျည်ဆန်များသည် ရုတ်တရက် လမ်းကြောင်းပြောင်းကာ ပြန်လည် ထွက်ခွာသွားသည်။
"အား..."
"မလုပ်ပါနဲ့"
"သရဲ...သရဲ..."
မျက်တောင်ခတ်ချိန်အတွင်းမှာပင် ကျိယွမ်ကို ပစ်ခတ်ခဲ့သော စစ်သည်ဒါဇင်ပေါင်းများစွာ သေဆုံးသွားသည်။
"ငါခေါ်သွားချင်တဲ့လူကို ပေးလိုက်ရင် မင်းတို့လည်း အလကားနေရင်း ဘာမှမရဘဲ မသေရတော့ဘူးကို ၊ မိုက်မဲလိုက်ကြတာ ၊ အခုလို အသေခံတော့ မင်းတို့က ဘာတွေရမှာမို့ အရမ်းတက်ကြွနေကြတာလဲ"
စခန်းမှ ကွေ့ရန်စစ်သည်များသည် အလွန်မိုက်မဲလှသည်ဟု ကျိယွမ်ထင်၏။ခွမ်းဟွမ်အား သူ့ကိုပေးလိုက်လျှင် သူတို့လည်း ဘာဘအန္တရာယ်မှ မတွေ့ရဘဲ သူတို့ဘဝနှင့်သူတို့ အနေမပျက်အစားမပျက် နေနိုင်ကြမည်မဟုတ်ပါလား ။
အချုပ်သားကို လွတ်သွားစေ၍ အပြစ်ပေးခံရလျှင်တောင် သူတို့၏အထက်လူကြီးက တစ်စခန်းလုံးကိုတော့ သေမိန့်ပေးမည်မဟုတ်ပါ။
အဆူခံ အငေါက်ခံရုံနှင့်ပြီးမည့် ကိစ္စလေးအား ၄င်းတို့က ခေါင်းပြတ်ခံချင်နေကြ၏။
"ဒီလိုဆိုတော့လည်း... ခေါင်းဖြတ်ပေးရသေးတာပေါ့"
အရှိန်အဟုန်ပြင်းစွာဖြင့် ကျိယွမ်သည် စစ်စခန်းအတွင်းသို့ အညှာအတာကင်းမဲ့စွာ ကျူးကျော်ဝင်ရောက်သွားတော့သည်။
သူသည် သေမင်းတစ်ပါးကဲ့သို့ ဖြစ်နေပြီး သူ၏ ဓားချက်တိုင်းသည် အသက်ဝိညာဉ်များကို ရိတ်သိမ်းနေ၏။ မြင့်မားသော ကင်းမျှော်စင်များကိုပင် တစ်ချက်သာကြည့်ကာ သူ၏ သွေးရောင်ဓားကို ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုအဆောက်အအုံများသည် တို့ဖူးတုံးများကဲ့သို့ အပိုင်းပိုင်းပြိုကျသွားသည်။
ဤကင်းမျှော်စင်များသည် စံချိန်မီဗုံးများကိုပင် ခံနိုင်ရည်ရှိရန် တည်ဆောက်ထားခြင်း ဖြစ်ပြီး မည်သည့်လူသား၏ အင်အားဖြင့်မျှ မဖျက်ဆီးနိုင်ပေ။ သို့သော် ယနေ့တွင် လူတစ်ယောက်က ဓားတစ်ချက်တည်းဖြင့် တစ်ဝက်စီ ပိုင်းဖြတ်လိုက်သည်။
ကင်းမျှော်စင်ပြိုကျသွားရာမှ ထွက်ပေါ်လာသည့် ကျယ်လောင်သောအသံကြီးသည် စခန်းအတွင်းရှိ အခြားစစ်သည်များကို နိုးကြားသွားစေပြီး စခန်းတစ်ခုလုံးတွင် အရေးပေါ် အချက်ပေးသံများ မြည်ဟည်းလာသည်။
"ရန်သူ တိုက်ခိုက်နေပြီ"
"ဘာဖြစ်တာလဲ"
"ယွဲ့လန်တပ်ဖွဲ့တွေ ဖောက်ဝင်လာတာလား"
ကွေ့ရန်စစ်သည်များစွာသည် အသံကြားရာသို့ စုပြုံရောက်ရှိလာကြ၏။
သို့သော် သေနတ်သံလည်း မကြားရသလို ၊ ဗုံးသံစိန်သံလည်းမကြားရသဖြင့်
အားလုံးမှ ဇဝေဇဝါဖြစ်နေ၏။
ပြေးသာလာရသ်လည်း သူတို့သည် မည်သို့သော ရန်သူကို ရင်ဆိုင်နေရသည်ကို မသိရှိကြပေ။
ကျိယွမ်သည် စခန်းထဲသို့ လမ်းလျှောက်ဝင်လာနေပြီး သူ၏ပုံစံက အလွန်ပင် သက်သောင့်သက်သာ ရှိနေသည်။
ထိုအချိန်တွင် တင့်ကားအချို့သည် သူ့ထံသို့ တအိအိ မောင်းနှင်လာကြ၏။ရန်သူကို မြင်လိုက်ရသောအခါ တင့်ကားမောင်းသူများသည်လည်း ဇဝေဇဝါ ဖြစ်ကုန်ကြသည်။
သူတို့သည် ကြီးမားသော ရန်သူ့တပ်ဖွဲ့ကို မတွေ့ရဘဲ ဓားတစ်လက် ကိုင်ဆောင်ထားသော လူတစ်ယောက်တည်းကိုသာ တွေ့ရသောကြောင့်ပင်။
သို့သော် နောက်တစ်ခဏတွင် သူတို့၏ ဇဝေဇဝါဖြစ်မှုသည် ထိတ်လန့်မှုအဖြစ် ပြောင်းလဲသွားသည်။
ထိုလူငယ်သည် သူ၏ဓားကို အမှတ်တမဲ့ဝှေ့ယမ်းလိုက်ရာ တန် ၅၀ ရှိသော တင့်ကားကြီးသည် လေထဲသို့ မပြောမဆိုနှင့်မြောက်တက်သွားပြီး အနီးနားရှိ အဆောက်အအုံပေါ်သို့ အုန်းခနဲကျရောက်သွား၏။
"သွားပြီ..."
"ဘာကြီးလဲ"
"ဒီကောင်က လူမဟုတ်ဘူး ..။
တင့်ကားအတွင်းရှိ စစ်သည်များသည် ကြောက်ရွံ့မှုကြောင့် လှုပ်ရှားနိုင်စွမ်းပင် မရှိတော့ပါ။
သူတို့ရှေ့မှ လူသည်မည်သို့မှ လူသားတစ်ယောက် မဖြစ်နိုင်ပေ ။
သာမန်ခန္ဓာကိုယ်သာရှိသောလူတစ်ယောက်က ဓားတစ်ချက်တည်းဖြင့် တန် ၅၀ ကျော်လေးသော တင့်ကားကြီးတစ်စီးကို အရုပ်လေးလို လွှင့်ပစ်နိုင်၏။
"အိမ်မက်လား..."
သို့သော် သူတို့ ဘာဖြစ်နေသည်ကို နားမလည်နိုင်ခင်မှာပင် နောက်ထပ် ကြက်သွေးရောင် အလင်းတစ်ချက် လင်းလက်သွားပြီး သူတို့၏ တင့်ကားမှာလည်း လေထဲသို့ လွင့်စင်သွားသည်။
ဓားကို ကိုင်ဆောင်ထားရင်းမှ ကျိယွမ်သည် လူသူမရှိသောနေရာတွင် ညနေဆည်းဆာ၌ လမ်းလျှောက်နေသကဲ့သို့ စခန်းအတွင်း လျှောက်သွားနေ၏။
ကုန်းမြင့်ပေါ်တွင် ဝမ်မင်မှာတော့ မှန်ပြောင်းဖြင့် ကြည့်ရင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။
အာကျိ၏ မျက်လုံးများမှာလည်း အံ့သြမှုကြောင့် ပြူးကျယ်နေ၏။
သူတို့၏ ရင်ခုန်သံများမှာ ကြောက်ရွံ့မှုနှင့် ရိုသေလေးစားမှုများ ရောယှက်ကာ တဒိန်းဒိန်းမြန်ဆန်နေသည်။
ကျိယွမ်သည် စခန်းသို့ လမ်းလျှောက်သွားပြီးနောက် ကင်းစောင့်များက တားဆီးသည်ကို သူတို့ တွေ့လိုက်ရသည်။ သို့သော် ထိုနောက်ပိုင်းတွင် အရာအားလုံးသည် ဝေဝေဝါးဝါး ဖြစ်သွား၏။
သူတို့ မြင်တွေ့ရသည်မှာ တစ်ချက်တစ်ချက် လင်းလက်နေတတ်သော ကြက်သွေးရောင် အလင်းတန်းများသာ ဖြစ်သည်။ သေနတ်သံများနှင့် ပေါက်ကွဲသံများ လေထဲတွင် ပြည့်နှက်နေ၏။ မြင့်မားသော ကင်းမျှော်စင်များ ရုတ်တရက်ပြိုကျသွားပြီး သံမဏိသတ္တဝါကြီးများဖြစ်သော တင့်ကားများသည်လည်း လေထဲတွင် အရုပ်လေးများလို့ လွင့်စင်သွားသည်။
စခန်းတစ်ခုလုံး မီးဟုန်းဟုန်း တောက်နေပြီး သေချာပေါက် စီးနင်းတိုက်ခိုက်ခံနေရသည့်အတိုင်းပင်။ သို့သော် မှန်ပြောင်းဖြင့် ကြည့်သော်လည်း ကျိယွမ်ကိုမူ သူတို့ မမြင်ရပေ။
တစ်ချိန်တည်းမှာပင် စခန်း၏ အနက်ရှိုင်းဆုံးရှိ ကွပ်ကဲမှုခန်းမတွင် အရာရှိအချို့မှာ မျက်နှာပျက်ကာ ထိတ်လန့်နေကြသည်။
"ဘာဖြစ်တာလဲ၊ ရန်သူ့တိုက်ခိုက်မှုလား"
"ယွဲ့လန်တပ်ဖွဲ့တွေ ဘယ်လိုလုပ် ဖောက်ဝင်လာတာလဲ၊ ငါတို့ ဘာသတင်းမှ မရပါလား"
ဤနေရာမှ အဆင့်မြင့်အရာရှိများသည် စခန်းကို ထိန်းချုပ်ထားသူများ ဖြစ်ကြသည်။ သူတို့သည် စစ်ဗျူဟာကို ဆွေးနွေးရန် လူစုနေစဉ်မှာပင် ရုတ်တရက် သေနတ်သံများနှင့် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ရန်သူ ကျူးကျော်မှုဟု ချက်ချင်းသဘောပေါက်လိုက်ကြ၏။
"ဘာတွေ ဖြစ်နေတာလဲ၊ ငါ့ကို ရှင်းပြချက် ပေးစမ်း"
အဆင့်မြင့်အရာရှိတစ်ဦးက သူ၏ ဆက်သွယ်ရေးစက်ထဲသို့ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"တပ်မှူး၊ ရန်သူ တိုက်ခိုက်နေပြီ၊ ဒီကနေ မြန်မြန်ထွက်သွားပါ"
ဆက်သွယ်ရေးစက်ထဲမှ ပြာပြာသလဲ အသံ ထွက်ပေါ်လာ၏။
အဆင့်မြင့်အရာရှိသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ၏ မျက်နှာတွင် နားမလည်နိုင်သလိုအမူအယာရှိနေသည်။
"ဘယ်ကရန်သူက တိုက်ခိုက်နေတာလဲ"
လေယာဉ်များကို မမြင်ရသကဲ့သို့ တာဝေးပစ်ဒုံးကျည်ကျသံများကိုလည်း သူ မကြားရပါ။ လေကြောင်းကာကွယ်ရေးနှင့် စကိုင်းဂတ် စနစ်များကလည်း မည်သည့် အန္တရာယ်ကိုမျှ သတိမပေးခဲ့သဖြင့် ဒုံးကျည်တိုက်ခိုက်မှု သို့မဟုတ် ဒရုန်းတိုက်ခိုက်မှု မဟုတ်သည်မှာ သေချာသည်။
"ဒါ မျိုးရိုးဗီဇစစ်သည်တွေလား၊ သူတို့ ဘယ်နှစ်ယောက် ရှိလဲ"
အရာရှိက ချက်ချင်းမေးလိုက်သည်။
အထူးမျိုးရိုးဗီဇစစ်သည် အဖွဲ့တစ်ဖွဲ့ကသာ ဤကဲ့သို့ ရှုပ်ထွေးမှုကို ဖန်တီးနိုင်သည်။ သို့သော် ထိုကဲ့သို့ အဖွဲ့မျိုးသည် အသေခံစစ်ဆင်ရေးအဖြစ်လာရောက်လျှင်တောင် သူ၏စခန်းအား အနည်းငယ်သော ထိခိုက်ပျက်စီးမှုကိုသာ ဖန်တီးနိုင်ပေလိမ့်မည်။
ဤသို့ တွေးတောရင်း အဆင့်မြင့်အရာရှိသည် တည်ငြိမ်ရန် ကြိုးစားလိုက်သည်။
"တပ်မှူး၊ ဗဇပြောင်းစစ်သည်တွေ မဟုတ်ဘူး၊ လူတစ်ယောက်တည်းပါ..."
"လူတစ်ယောက်တည်း"
အဆင့်မြင့်အရာရှိမှာ မှင်တက်သွားပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"လူတစ်ယောက်တည်းက... ဒီလောက် ရှုပ်ထွေးအောင် လုပ်နိုင်တာလား၊ မင်းတို့အားလုံးက အသုံးမကျတဲ့ကောင်တွေလား"
မျိုးရိုးဗီဇစစ်သည်တစ်ယောက်က မည်မျှပင် သန်မာပါစေ စနိုက်ပါကျည်အချို့က သူ့ကို အဆုံးသတ်နိုင်သည်။ တင့်ကားတစ်စီးက သူ့ကို ကြိတ်ချပစ်နိုင်သည်။ လူသားတစ်ယောက်က ထိုကဲ့သို့ ခေတ်မီအင်အားမျိုးကို မည်သို့ ယှဉ်နိုင်မည်နည်း။
အရာရှိများကလည်း ဇဝေဇဝါ ဖြစ်နေကြသည်။
သို့သော် သူတို့ မယုံကြည်နိုင်ခင်မှာပင် စခန်းအတွင်းရှိ အချက်ပေးသံများသည် အမြင့်ဆုံးအနီရောင်အဆင့်သို့ ရောက်ရှိသွားသည်။
ဤသည်မှာ စခန်း၏ ရှေ့တန်းကာကွယ်ရေးစနစ် တစ်ခုလုံး ပြိုလဲသွားပြီ ဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ရှေ့တန်းကာကွယ်ရေးတွင် စစ်သည် ၈၀ဝ၊ သေနတ်ပေါင်းများစွာ၊ တင့်ကားနှင့် သံချပ်ကာယာဉ် ၈၀ ကျော်၊ ဒရုန်းအမြောက်အမြား ရှိနေသည် မဟုတ်ပါလား။
ဒါပေမဲ့... အားလုံး ပြိုလဲသွားပြီတဲ့လား။
နောက်ဆုံးအနီရောင်အချက်ပေးသံနှင့် ပထမဆုံးအချက်ပေးသံကြားတွင် ကြာမြင့်ချိန်က သုံးမိနစ်တောင် မပြည့်သေးပါ။
သုံးမိနစ်တည်းလေးနဲ့ ၊ သူတို့ ဒီလောက် မြန်မြန်ဆန်ဆန် အနိုင်ယူခံလိုက်ရတာလား။
ရန်သူ့လက်နက်အင်အားက တကယ်ပဲ အဲဒီလောက် တောင့်တင်းတာလား။
အဆင့်မြင့်အရာရှိ ကောတန်ရန်သည် ထိတ်လန့်မှုကို ခံစားလိုက်ရသည်။
ဘာပဲဖြစ်ဖြစ် သူ၏ ရာထူးသည် ယခုအခါ အန္တရာယ်ရှိနေပြီ ဖြစ်သည်။
"အပြင်ထွက်ပြီး ဘာဖြစ်နေလဲ ကြည့်ရအောင်"
သို့သော် သူတို့ အပြင်သို့ ခြေလှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ဆုတ်ခွာပြေးလာသော စစ်သည်လှိုင်းလုံးကြီးနှင့် တိုးမိတော့သည်။
သူ၏စစ်သည်များတွင် တိုက်ခိုက်လိုစိတ် မရှိတော့ပေ။ သူတို့၏ အမူအရာမှာ သရဲတစ်ကောင်ကို မြင်လိုက်ရသည့်အတိုင်း ဖြစ်နေ၏။
သူတို့၏ ပါးစပ်များမှလည်း သရဲများအကြောင်းကို အမှန်တကယ် အော်ဟစ်နေကြကုန်သည်။
"သူက လူမဟုတ်ဘူး"
"အားလုံးပြေးကြတော့၊ သူက သရဲပဲ"
"မလွတ်တော့ဘူး သေမှာပဲ"
ထိုစစ်သည်များသည် တိုက်ပွဲပေါင်း ဒါဇင်ကျော် တိုက်ခဲ့ဖူးပြီး သူတို့၏ တိုက်ခိုက်လိုစိတ်မှာ ပြင်းပြလှသည်။
သူတို့ထက် ဆယ်ဆများသော ရန်သူကိုပင် ရင်ဆိုင်ရဲကြသူများဖြစ်၏။ သို့သော် ယနေ့ သူတို့ ရင်ဆိုင်နေရသည်မှာ လူသားတစ်ယောက် မဟုတ်ဘဲ မိစ္ဆာတစ်ကောင် ဖြစ်နေသည်။
ကျည်ဆန်မှန်၍လည်းဒဏ်ရာမရပါ ၊ ရော့ကတ်များဖြင့် ပစ်သော်လည်း မှန်သလိုလို မမှန်သလိုလိုနှင့် ဘာမှဖြစ်မသွားခဲ့ပေ။ ဗုံးများဖြင့်ဆက်တိုက်ထုသော်လည်း မမှုသော လူတစ်ယောက်ကို မည်သူ မြင်ဖူးပါသနည်း။
ဓားတစ်လက်ဖြင့် တင့်ကားကို မလိုက်နိုင်ပြီး ဓားတစ်ချက်တည်းဖြင့် သံမဏိခံတပ်ကြီးကို တိခနဲဖျက်ဆီးနိုင်သူကို မြင်ဖူးပါသလား။
မည်သူမျှ မမြင်ဖူးကြပါ။
သို့သော် သူတို့ကတော့ အရှင်လတ်လတ်ကြီးကို မြင်ခဲ့ရလေသည်။
ပစ်လို့လည်းမသေသလို ထုလို့လည်းမမှန်ပါ ၊ အဆိုးဆုံးမှာ အဝေးမှနေ၍ ဓားလေးတစ်ချက်ဝှေ့ရုံဖြင့် တင်ကားများ ၊ အဆောက်အဦးများနှင့် လူသားများ အပိုင်းပိုင်းပြတ်ကုန်ခြင်းပင်။
သူတို့သည် ထွက်ပြေးရန်မှတစ်ပါး အခြားမရှိတော့ပါ။
အခုမှ မပြေးရင် ဘယ်တော့ပြေးခွင့်မရှိတော့ပေ။
ထိတ်လန့်မှုများသည် စခန်းတစ်ခုလုံးတောမီးကဲ့သို့ ပျံ့နှက်သွားသည်။
အဆင့်မြင့်အရာရှိ ကောတန်ရန်၏ ရင်ထဲတွင် ဒေါသများ ဟုန်းဟုန်းတောက်နေ၏။
အရှေ့မှ မြင်ကွင်းသည် သူနှင့် အခြားအရာရှိများကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။
"ငါ့ကို ရှင်းပြချက် ပေးစမ်း"
ကောတန်ရန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
သို့သော် မည်သူမျှ ရှင်းပြရန် အချိန်မရှိပေ။ ဆက်သွယ်ရေးစက်ထဲတွင်လည်း အော်ဟစ်ပြေးလွှားဆူညံသံများသာ ထွက်ပေါ်နေပြီး သူ့အားအဖက်မလုပ်ကြတော့ပါ။
ကံကောင်းထောက်မစွာဖြင့် သူ့အတွက် ရှင်းပြချက် မလိုတော့ပေ။ ကျူးကျော်သူကို သူ ကိုယ်တိုင် မြင်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
အဝေးတွင် အဆောက်အအုံများသည် တစ်ခုပြီးတစ်ခု အသံတိတ် ပြိုကျနေ၏။
ဆံပင်ရှည်နှင့် သွေးရောင်ဓားကို ကိုင်ဆောင်ထားသော ရှေးဟောင်းဝတ်စုံနှင့်လူတစ်ယောက်သည် ရှေ့သို့ တိုးလာနေပြီး သူ၏ ခန္ဓာကိုယ်မှ အလင်းရောင်မျိုးစုံ ထွက်ပေါ်နေသည်။
ထိုအလင်းများသည် ရုပ်ရှင်ထဲမှ အထူးပြုလုပ်ချက်များကဲ့သို့ ဖြစ်နေပြီး သိသိသာသာတောက်ပ၏။
သူ၏ ဓားကို ဝှေ့ယမ်းလိုက်တိုင်း သံချပ်ကာယာဉ်တစ်စီး လွင့်စင်သွားပြီး ကြက်သွေးရောင် အလင်းတန်းတစ်ခုက ပုန်းအောင်းနေသော စစ်သည် ဒါဇင်ပေါင်းများစွာကို အပိုင်းပိုင်း ဖြစ်စေသည်။
အဆင့်မြင့်အရာရှိ ကောတန်ရန်၏ မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားတော့သည်။
"ဘုရားသခင်... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"အဲဒါ လူမဟုတ်ဘူး"
အခြားအရာရှိများက သူတို့မြင်နေရသည်ကို မယုံကြည်နိုင်ဘဲ တုန်ရင်စွာ ပြောလိုက်ကြသည်။
ဒီလောက်အထိ ထိတ်လန့်စရာကောင်းတဲ့ အင်အားမျိုး ရှိတဲ့သူ ရှိနိုင်ပါ့မလား။
"ပျော့ညံ့လိုက်တာ၊ သိပ်ပျော့ညံ့တာပဲ"
ကျိယွမ်က စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်၏။
ဤစစ်စခန်းသည် အခြေတည်အဆင့် အကြီးအကဲတစ်ဦးရှိသော ဂိုဏ်းငယ်တစ်ခုလောက်ပင် အန္တရာယ်မရှိပေ။ သူလုပ်ဆောင်ခဲ့သည်မှာ ရှေ့သို့ လမ်းလျှောက်ရင်း သူ၏ ဓားကို ဟိုဟိုဒီဒီ ဝှေ့ယမ်းခဲ့ခြင်းသာ ဖြစ်သည်။
အဆောက်အအုံတိုင်း ပြိုလဲကုန်ပြီး ကာကွယ်ရေးစနစ်တိုင်း ပျက်စီးကုန်သည်။
"ဒီအဆင့်လေးနဲ့များ သူတို့က ငါ့ရဲ့ လက်အောက်ငယ်သားကို ဖမ်းရဲသေးတယ်ပေါ့"
"ပြီးတော့ အွန်လိုင်းမှာ ဒီလောက်တောင် မောက်မာနေကြတယ်တဲ့ "
ပတ်ဝန်းကျင်မှ ရှုပ်ထွေးမှုများကို ကြည့်ရင်း ကျိယွမ်၏ မျက်နှာတွင် မိစ္ဆာတစ်ကောင်ကဲ့သို့ အပြုံးတစ်ခု ပေါ်လာသည်။
"အခုအချိန်မှတော့ ထွက်ပြေးဖို့... ဆိုတာ မဖြစ်နိုင်ဘူး"
"ဓား... လာစမ်း"
ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ကျိယွမ်၏ လက်ထဲမှ သွေးရောင်ဓားသည် ပို၍တောက်ပလာသည်။
"ဘာ.. ဘာကြီးလဲ .."
လူတိုင်း မော့ကြည့်လိုက်သောအခါ စခန်းတစ်ခုလုံး၏ အထက်တွင် ကြီးမားလှသော သွေးရောင်ဓားကြီးတစ်လက် ပေါ်လာသည်ကို မြင်လိုက်ရသည်။ ၎င်းသည် တောင်ငယ်တစ်လုံးခန့် ကြီးမားပြီး အဆုံးမဲ့ ထိတ်လန့်စရာများကို ထုတ်လွှတ်ကာ ကြီးစိုးနေ၏။
ထို့နောက် သွေးရောင်အလင်းတန်းတစ်ချက် ရဲခနဲလင်းလက်သွားသည်။
"အုန်း..."
ယခုအခါမှာတော့ ပြင်းထန်သောအသံကြီး ထွက်ပေါ်လာ၏။
မရေမတွက်နိုင်သော တင့်ကားများ၊ သံချပ်ကာယာဉ်များနှင့် ကုန်တင်ကားများမှာ အပိုင်းပိုင်း ပြတ်ထွက်ကုန်သည်။ ဒရုန်းများနှင့် လေယာဉ်များမှာမူ ပျံတက်ရန် အချိန်ပင်မရဘဲ ပြာအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ကျိယွမ်၏ အမူအရာမှာ တည်ငြိမ်နေပြီး သူ၏ အသံမှာလည်း ရေပြင်ကဲ့သို့ ငြိမ်သက်နေ၏။
"စခန်းထဲမှာ ရှိသမျှ အားလုံး... ပျက်စီးကြပေတော့"
ဤဂိမ်းထဲမှ NPC များသည် အလွန်ပင် မောက်မာလွန်းလှသဖြင့် အကုန်လုံးကို သုတ်သင်ရန် လိုအပ်သည်။
သူ၏ အမိန့်နှင့်အတူ ကြီးမားလှသော သွေးရောင်ဓားကြီးသည် စခန်းအတွင်းသို့ ထပ်မံစိုက်ကျလာပြန်သည်။
ဓားသည် စခန်းတစ်ခုလုံးထက်ပင် ပို၍ ကြီးမားနေပြီး မြေပြင်သို့ ရိုက်ခတ်သွားသောအခါ နျူကလီးယားဗုံးတစ်လုံး ကျရောက်သွားသည့်အတိုင်း ဖြစ်သွားသည်။ စခန်းတစ်ခုလုံး သွေးရောင်စက်ဝိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။
လူတိုင်း၏ မြင်ကွင်းတွင် အဆုံးမဲ့သော သွေးရောင်ပင်လယ်ကြီးကိုသာ မြင်တွေ့ရသည်။ သွေးပင်လယ်ကြီးအတွင်း၌ မရေမတွက်နိုင်သော အသက်ဝိညာဉ်များသည် ခဏချင်းမှာပင် အော်ဟစ်ရုန်းကန်ရင်း ပျက်စီးသွားကြ၏။
အဆင့်မြင့်အရာရှိ ကောတန်ရန်နှင့် အခြားအရာရှိများသည်လည်း ဓား၏ သွေးရောင်အလင်းတန်းကြားတွင် ဘာမှန်းပင်မသိလိုက်ရဘဲ ထိတ်လန့်အံ့သြမှုများဖြင့် သေဆုံးလေသည်။
စခန်းတစ်ခုလုံးမှာလည်း အပိုင်းပိုင်းအတစ်တစ် အပြိုအလဲအပျက်အစီးများအဖြစ် ပြောင်းလဲသွား၏။
ရန်သူအားလုံးမှာ ကျိယွမ်၏ ဓားချက်အောက်တွင် သေဆုံးသွားလေပြီ။
သူသည် မျက်မှောင်ကြုတ်ကာ တည်ငြိမ်စွာ ရှိနေပြီး သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းကို ပတ်ဝန်းကျင်သို့ ဖြန့်ကျက်လိုက်သည်။
ကျိယွမ်သည် ရက်စက်တတ်သော်လည်း မည်သူ့ကိုမျှ အကြောင်းမဲ့ မသတ်ဖြတ်ပေ။ သူသည် တရားမျှတမှုကို မြတ်နိုးသူ ဖြစ်သည်။ ထို့ကြောင့် သူသတ်ခဲ့သမျှ လူအားလုံးမှာ... ရန်သူများသာ ဖြစ်သည်။
ဝိညာဉ်အာရုံဖြင့် စစ်ဆေးလိုက်သောအခါ စခန်းအတွင်း၌ ဖမ်းဆီးခံထားရသော အားနည်းသည့် အရပ်သား တစ်ရာကျော်ကို သူ တွေ့ရှိလိုက်သည်။ ထိုအရပ်သားများ၏ ကိုယ်ထဲတွင် ပိုက်များ ထိုးသွင်းထားပြီး သွေးများကို စုပ်ယူနေသည့်အခြေအနေမျိုးပင်။
ကျိယွမ်၏ မျက်လုံးထဲတွင် စူးစမ်းလိုစိတ်များ ပေါ်လာသည်။
"သွေးစုပ်ထုတ်တာလား"
ဝူဂိုဏ်းသည် တစ်စုံတစ်ခုသော စမ်းသပ်မှု ပြုလုပ်နေပုံ ရ၏။
"စိတ်ဝင်စားစရာပဲ"
---------------