← Chapters

သွေးအနှစ်သာရ

Vol. 27 Ch. 304

သွေးအနှစ်သာရ

Vol. 27 Ch. 304

နီရဲသော အလင်းတန်းတစ်ခု ဝုန်းခနဲ ထွက်ပေါ်လာပြီးနောက် ပြန်လည် ပျောက်ကွယ်သွားသည်။

တောင်ကုန်းပေါ်တွင် ဝမ်မင်သည် တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။

လူငယ်လေး အာကျိသည် ညစ်ပေနေသော သူ၏နှမငယ်ကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး သူ၏မျက်သူငယ်အိမ်များမှာ အပ်ဖျားခန့်အထိ ကျုံ့ဝင်သွားသည်။

"ဒါ... ဒါက မစ္စတာကျိ လုပ်လိုက်တာလား"

သူတို့ရှေ့တွင် မြင်တွေ့နေရသော မြင်ကွင်းမှာ အာကျိ၏ အသိအမြင်များထက် အဆမတန်ကျော်လွန်နေ၏။

ခေတ်မီလက်နက်များပင်လျှင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမျိုးကို ဖန်တီးနိုင်ရန် ခဲယဉ်းသည်။

အကယ်၍ တစ်ခုခုနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ရုပ်ရှင်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတစ်ပါး၏ တိုက်ခိုက်မှုပြကွက် အထူးပြုလုပ်ချက်များနှင့်သာ နှိုင်းယှဉ်၍ ရနိုင်ပေလိမ့်မည်။

သို့သော် ထိုအရာများသည် ရုပ်ရှင်များသာ ဖြစ်ပြီး နတ်ဘုရားတစ်ပါး၏ စွမ်းအားကို နည်းမျိုးစုံဖြင့် ပုံကြီးချဲ့ထားခြင်း ဖြစ်သည်။

သို့သော်လည်း ဝန်ခံရလျှင် ထိုအထူးပြုလုပ်ချက်များပင်လျှင် သူတို့ရှေ့မှ အံ့သြမှင်သက်ဖွယ် ကြောက်စရာမြင်ကွင်းကို မယှဉ်နိုင်ပါ။

အာကျိ၏ နုနယ်သော စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ရောထွေးနေသည်။

"အဲဒီလူကြီးက... နတ်ဘုရားတစ်ပါးနဲ့ နှိုင်းယှဉ်လို့ ရတာလား"

ထိုအချိန်တွင် စခန်း၏ သံမဏိအကျဉ်းထောင်အတွင်း၌ ဖြစ်သည်။

ခွမ်းဟွမ်၏ မျက်နှာပေါ်တွင် အံ့သြသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"အသံတွေ... ရပ်သွားပြီ"

ခွမ်းဟွမ်၏ ဘေးတွင်ရှိသော မုတ်ဆိတ်ရှည်နှင့်လူတစ်ယောက်က မျက်လုံးများ ပြူးကျယ်သွားပြီး အော်ဟစ်လိုက်၏။

"နီရဲနေတဲ့ အလင်းတန်းတစ်ခုမြင်လိုက်ရသလိုပဲ... ပြီးတော့ ဘာမှဆက်မဖြစ်တော့ဘူးလား"

သူတို့သည် မြေအောက်ထောင်၏ အနက်ရှိုင်းဆုံးနေရာတွင် အကျဉ်းကျနေကြခြင်း ဖြစ်သည်။

သို့သော်လည်း အစောပိုင်းက သေနတ်သံများနှင့် ပေါက်ကွဲသံများကို သူတို့ သေသေချာချာကြားခဲ့ရ၏။

ပထမတော့ စခန်းကို တစ်စုံတစ်ယောက်က တိုက်ခိုက်နေသည်ဟု သူတို့ ထင်ခဲ့ကြပြီး မည်သို့သော ကံကြမ္မာမျိုးနှင့် ရင်ဆိုင်ရမည်ကို မသိသဖြင့် စိတ်မသက်မသာ ဖြစ်နေကြသည်။

အဘယ်ကြောင့်ဆိုသော် ဤစခန်းကို ဖောက်ထွင်းနိုင်လိမ့်မည်ဟု သူတို့ တစ်ခါမျှ မတွေးခဲ့ဖူးသောကြောင့်ပင်။

ဤနေရာသည် ဝူကွေ့နိုင်ငံ၏ အတွင်းဘက်ထဲရှိနေရာ ဖြစ်သည်။

စစ်သည်သုံးထောင်ခန့် တပ်စွဲထားပြီး ယွဲ့လန်နိုင်ငံ အနေဖြင့် ရန်သူ့နယ်မြေထဲသို့ ဤမျှ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ရန်် အလွန်ခက်ခဲပေလိမ့်မည်။

ယွဲ့လန်၏လက်ရှိအင်အားအရ ဤကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုမျိုးကို စီစဉ်ရန်လည်း အခက်အခဲများစွာရှိ၏။

ထို့ကြောင့် ရောက်လာခဲ့လျှင်ပင် အသေခံစစ်သည်အနည်းငယ်နှင့် သေးငယ်သော စီးနင်းတိုက်ခိုက်မှု တစ်ခုသာ ဖြစ်ရမည်ဟု သူတို့ တွေးဆလိုက်ကြသည်။

သို့သော်လည်း ရုတ်တရက်ဆိုသလို ခဏလေးအတွင်းမှာပင် ကမ္ဘာကြီးတစ်ခုလုံး နီရဲသွားပြီး ဘာတွေဖြစ်ကုန်မှန်မသိဘဲ အလိုလိုကြောက်ရွံ့လာသော ခံစားချက်ကြီးကို သူတို့ရလိုက်ကြ၏။

ထိုမြင်ကွင်းကြောင့် ခွမ်းဟွမ်မှာ လုံးဝ ဆွံ့အသွားရသလို သူနှင့်အတူ အကျဉ်းကျနေသော မုတ်ဆိတ်ရှည်နှင့် လူသည်လည်း ဘာဖြစ်သွားသည်ကို မသိသဖြင့် လုံးဝ ဇဝေဇဝါ ဖြစ်နေသည်။

အထူးသဖြင့် ကြီးမားသော အနီရောင်အလင်းတန်းကြီး ပွင့်ထွက်လာပြီးနောက် မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာပြီး တစ်စခန်းလုံး ရုတ်တရက် တိတ်ဆိတ်သွားခြင်းပင်။

သေနတ်သံများ ပျောက်ကွယ်သွားပြီး သတိပေးသံများလည်း မရှိတော့ပါ။

မြေအောက်ထောင်တွင် တပ်စွဲထားသော စစ်သည်များသည်လည်း သဲလွန်စမရှိ ပျောက်ကွယ်သွားပုံရသည်။

၎င်းသည် ထူးခြားစွာဖြင့် ပို၍ပင်ခြောက်ခြားဖွယ် ကောင်းလာသလိုပင်။

"တကယ်တမ်း ဘာဖြစ်သွားတာလဲ"

"ဘာလို့ ဘာအသံမှ မကြားရတော့တာလဲ"

သူတို့နှစ်ယောက်စလုံးမှာ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေသည်။

သို့သော် သူတို့၏ စိတ်ထဲတွင် နီရဲသော အလင်းတန်းကြီး၏ ပုံရိပ်မှာ ကျန်ရစ်နေဆဲပင်။

ဘာဖြစ်သွားသည်ကိုတော့ သူတို့ လုံးဝ မသိကြပါ။

ဒေါက်..ဒေါက်...ဒေါက်

ရုတ််တရက်မြေအောက်ထောင်အတွင်း၌ ခြေသံများ ပဲ့တင်ထပ်လာသည်။

ပေါ့ပါးသော ခြေသံများသည် တိတ်ဆိတ်နေသောမြေအောက်ထောင်အတွင်း၌ ပို၍ကျယ်လောင်နေသလိုပင်။

သူတို့နှစ်ယောက်စလုံးမှာ အသက်ကို အောင့်ထားကြသော်လည်း အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။

ခြေသံကြားရခြင်းမှာ စခန်းသည် အဆင်ပြေနေသေးသည်ဟု အဓိပ္ပာယ်ရ၏။

တပ်စွဲထားသော စစ်သည်များ ကင်းလှည့်နေခြင်း ဖြစ်နိုင်သည်။

သူတို့သည် ခြေသံထွက်ပေါ်လာရာ ဘက်သို့ ကြည့်လိုက်ကြ၏။

ထိုခြေသံထွက်ပေါ်လာသောနေရာတွင် မြေအောက်ထောင်၏ တစ်ခုတည်းသော အဝင်အထွက်ဖြစ်သည့် သံတံခါးတစ်ခု ရှိနေသည်။

ရုတ်တရက် နီရဲသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြန်၏။

သူတို့နှစ်ယောက် အံ့သြမလိုဖြစ်သွားစဥ်မှာပင် သံတံခါးကြီးသည် တိုဖူးကို လှီးလိုက်သကဲ့သို့ ရုတ်တရက် ပျက်စီးသွားသည်ကို မြင်လိုက်ရသည်။

ယခုအကြိမ်မှာတော့ ခွမ်းဟွမ်နှင့် မုတ်ဆိတ်ရှည်တို့မှာ အမှန်တကယ်ပင် လန့်ဖျန့်သွားကြကုန်၏။

"ဘာ... ဘာတွေ ဖြစ်နေတာလဲ။ ဒါ ဘယ်လို လက်နက်မျိုးလဲ။ ဘယ်သူလဲ"

မုတ်ဆိတ်ရှည်၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်လာသည်။

ထိုအခိုက် ပျက်စီးသွားသော သံတံခါးမှတစ်ဆင့် အရပ်ရှည်ရှည်၊ ကိုယ်ဟန်သွယ်သွယ်နှင့် ခန့်ညားပြီး ကြည့်ကောင်းသော လူငယ်တစ်ယောက်က ပြုံးလျှက် ဝင်လာ၏။

"ခွမ်းဟွမ်.. မင်းကို ခေါ်ထုတ်ဖို့ ငါလာခဲ့တာ"

"မစ္စတာ... ကျိ... ကျိ"

ထိုလူ၏ မျက်နှာကို မြင်လိုက်ရသောအခါ ခွမ်းဟွမ်၏ နှလုံးသားမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။

မုတ်ဆိတ်ရှည်မှာလည်း ခဏမျှ မှင်တက်သွားပြီးနောက် ခွမ်းဟွမ်ကို ပြန်ကြည့်ကာ တုန်ယင်စွာမေး၏။

"မင်းတို့ သိကြတာလား။ ဘာတွေ ဖြစ်နေတာလဲ ပြောပြပါဦးဟ "

ယနေ့အတွက် သူ အပြောအများဆုံး စကားမှာ "ဘာတွေ ဖြစ်နေတာလဲ" ဟူသော စကားလုံးဖြစ်နိုင်သည်။

"ပြီးခဲ့တဲ့ နှစ်ရက်က မင်းမိန်းမဆီက ဖုန်းလာတယ်။ မင်း ဝူကွေ့မှာ အခက်အခဲနဲ့ ကြုံနေရပြီး သူတို့ စစ်တပ်က ဖမ်းဆီးထားတယ်။ ဒါကြောင့် မင်းကို ပြန်ခေါ်ဖို့ ငါ ဒီကို လာခဲ့တာ"

ကျိယွမ်က ထမင်းစားပြီးရေသောက်သည့်ကိစ္စလို ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သော်လည်း ခွမ်းဟွမ်မှာ ကျေးဇူးတင်စိတ်နှင့်အတူ ခံစားချက်များပြင်းထန်သွားပြီး ကတုန်ကယင်ပင်ဖြစ်သွားခဲ့သည်။

မုတ်ဆိတ်မှာ ခဏမျှ မှင်တက်သွား၏။

"ဒါဆို အပေါ်က ဆူညံသံတွေ အားလုံးက ခင်ဗျားလက်ချက်ပေါ့။ ခင်ဗျားရဲ့ အဖွဲ့က တကယ်ကို အထင်ကြီးစရာပဲ။ ပြီးတော့... အဲဒီ နီရဲတဲ့ အလင်းတန်းက ဘယ်လို လက်နက်မျိုးလဲ။ ကျွန်တော် ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ"

သူက စိတ်လှုပ်ရှားစွာမေးလိုက်သည်။

ဝန်ခံရလျှက် မုတ်ဆိတ်ရှည်၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုနှင့်အတူ မေးခွန်းပေါင်း များစွာရှိနေ၏။

ကျိယွမ်က စိတ်လှုပ်ရှားနေသောနှစ်ယောက်ကို အရေးမကြီးသလို ရှင်းပြ၏။

"အဲဒီ နီရဲတဲ့ အလင်းတန်းက ငါ့ရဲ့ ဓားစွမ်းအင်ပဲ။ ငါ့နောက်ကို လိုက်ခဲ့ကြတော့။ ငါတို့ ချင်းယွမ်နိုင်ငံကို ပြန်ကြမယ် ၊ ဒီနေရာက ဖုန်ထူပြီး ခြောက်သွေ့တယ် ငါမပျော်ဘူး "

ကျိယွမ်က စကားပြောနေရင်း သူ၏ လက်ထဲမှ ဓားရှည်ကို တစ်ချက် ထပ်မံ ဝေ့ယမ်းလိုက်သည်။

သူတို့ရှေ့မှ သံမဏိ အကျဉ်းထောင်တံခါးမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားလေ၏။

"သောက်ခွေး...."

မုတ်ဆိတ်ရှည်မှာ မျက်လုံးများ ပြူးကျယ်သွားပြီး ကျိယွမ်အား မမြင်ဖူးသော သတ္တဝါတစ်ကောင်အလားကြည့်လိုက်သည်။ ယခုအခါမှာတော့ သူ၏အကြည့်များတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေလေ၏။

ခမ်းဟွမ်ကမူ မူလလောက် မထိတ်လန့်တော့ပါ။

ကျိယွမ်သည် ဒဏ္ဍာရီလာ မသေမျိုးကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သူသိထားသည် မဟုတ်ပါလား။

ဓားတစ်ချက်တည်းဖြင့် သံတံခါးကို လှီးဖြတ်လိုက်ခြင်းမှာ မသေမျိုးလမ်စဥ်များ ထူးထူးခြားခြား မဟုတ်လောက်ပေ။

"မစ္စတာကျိ... ဒီမုတ်ဆိတ်နဲ့ လူကလည်း ချင်းယွမ် နိုင်ငံကပါပဲ။ သူလည်း ကျွန်တော်တို့နဲ့ အတူ လိုက်လို့ရမလား"

ခွမ်းဟွမ်က သတိထားပြီး မေးလိုက်သည်။

ကျိယွမ်သည် သူ့ကို ကယ်တင်ရန် အသက်စွန့်ပြီး တစ်ယောက်တည်းလာခဲ့ခြင်း ဖြစ်၏။

သူတို့အပေါ်တွင် စစ်သည် သုံးထောင် တပ်စွဲထားသော စစ်စခန်းတစ်ခု ရှိနေသောကြောင့် နောက်ထပ် လူတစ်ယောက်ကို ခေါ်သွားခြင်းမှာ အပိုဆောင်း အန္တရာယ်ကို ယူခြင်းဖြစ်သွားနိုင်သည်။

ကျိယွမ်သည် သူ၏ ညီမဖြစ်သူ ခွမ်းရှီး၏ အကူအညီဖြင့် ဒရုန်းအချို့ကို အသုံးပြုကာ စခန်းကို ဗုံးကြဲတိုက်ခိုက်ပြီး ပရမ်းပတာ ဖြစ်အောင် လုပ်ဆောင်ကာ မြေအောက်ထောင်ထဲသို့ တိတ်တဆိတ် ခိုးဝင်လာခဲ့ခြင်း ဖြစ်ရမည်ဟု သူမှန်းဆထားပြီးသားပင်။

ထို့ကြောင့် ပြန်အထွက်တွင် တပ်ရင်းတစ်ခုလုံးကို တိုက်ရိုက် ရင်ဆိုင်ရန်မှာမူ သူ မတွေးရဲသည့် အရာ ဖြစ်သည်။

စနစ်တကျ တပ်ဆင်ထားသော ခေတ်မီစစ်သည်သုံးထောင်သည် စိတ်ကူးမယဉ်နိုင်သော တိုက်ခိုက်ရေး စွမ်းအားကို ထုတ်ဖော်နိုင်၏။

"ရတာပေါ့"

ကျိယွမ်က ခေါင်းညိတ်ပြသည်။

မုတ်ဆိတ်ရှည်၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ဖြတ်ပြေးသွားပြီး ခေါင်းညိတ်ကာ အရိုအသေပေးလိုက်၏။

"ကျေး..ကျေးဇူးတင်ပါတယ်"

ထို့နောက်မုတ်ဆိတ်နှင့် ခွမ်းဟွမ်

တို့သည် ကျိယွမ်၏ နောက်မှလိုက်၍ မြေအောက်ထောင်ထဲမှ ထွက်လာကြသည်။

သူတို့၏ စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေသော်လည်း စခန်းမှ အမြန်ဆုံး ထွက်ခွာသင့်ပြီး ကယ်တင်ရှင်များနှင့် မကြာခင် ဆုံတွေ့သင့်ကြောင်း သူတို့ သိကြသဖြင့် အပိုစကားများ မမေးမြန်းခဲ့ကြပါ။

အပြင်ရောက်မှ မေးလို့ရတယ်။

ထိုအချိန်တွင် ကျိယွမ်က သူတို့အားလှည့်ကြည့်သည်။

"ငါတို့ အရေးတကြီးထွက်သွားဖို့ မလိုဘူး။ ဒီစခန်းထဲမှာ စိတ်ဝင်စားစရာ တစ်ခုခု ရှိတယ်။ ငါ့နောက်ကို လိုက်ခဲ့ကြ"

ခွမ်းဟွမ်သည် အကြောင်းသိဖြစ်သောကြောင့် ကျိယွမ်၏ ရှေ့တွင် မည်သည့် ထင်မြင်ချက်ကိုမျှ မပြောရဲပါ။

သို့သော် မုတ်ဆိတ်ရှည်ကမူ စိုးရိမ်တကြီးဖြင့် သတိပေး၏။

"ကျွန်တော်တို့ မြန်မြန် ထွက်သွားသင့်တာ မဟုတ်ဘူးလား။ အပေါ်က စစ်သည်တွေ ကျွန်တော်တို့ကို သတိပြုမိသွားရင် ဘယ်လိုလုပ်မလဲ"

"စိတ်မပူပါနဲ့၊ သူတို့ သတိထားမိမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့... သူတို့ အားလုံး သေကုန်ကြပြီ"

ကျိယွမ်၏ အမူအယာက အလွန်အေးဆေးလှသည်။

"သေကုန်ကြပြီ ဟုတ်လား"

မုတ်ဆိတ်ရှည်မှာ နားမလည်နိုင်ဘဲ ကြောင်သွားသည်။

"ငါ သူတို့ကို ဓားတစ်ချက်တည်းနဲ့ အကုန် သတ်လိုက်တာ"

ကျိယွမ်က ဘာမှ ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။ ဖုံးကွယ်ထားရန်လည်း မလိုပါ။

"အားလုံးကို သတ်လိုက်တာလား"

"ဒီဓားနဲ့ပေါ့ ..."

မုတ်ဆိတ်မှာ ဇဝေဇဝါ ဖြစ်နေဆဲရှိကာ ကျိယွမ်၏လက်ထဲမှ ဓားကိုကြောက်ရွံ့စွာကြည့်၏။

သူ့ခမျာ ယုံရမလိုလို မယုံရမလိုလိုနှင့် ခံစားချက်များ ဒွိဟဖြစ်နေပုံပင်။

တိတ်ဆိတ်နေသော ခွမ်းဟွမ်း၏ မျက်လုံးများမှာ ရုတ်တရက် ကျုံ့ဝင်သွားပြီး သူ၏ စိတ်ထဲတွင် ထိတ်လန့်ဖွယ် အတွေးတစ်ခု ပေါ်လာသည်။

ဒါက... ဖြစ်နိုင်မလား...

စကားမဆုံးခင်မှာပင် ကျိယွမ်သည် ထိုနှစ်ယောက်ကို မြေအောက်ထောင်၏ တခြားဘက်အခြမ်းသို့ ခေါ်ဆောင်သွား၏။

လမ်းတစ်လျှောက်တွင် လဲကျနေသောစစ်သည်အလောင်းများစွာကို သူတို့တွေ့လာရသည်။

အလောင်းများသည် ငြိမ်းငြိမ်းချမ်းချမ်းသေဆုံးသွားကြပုံရပြီး သေဆုံးခြင်း မတိုင်မီက ပုံစံအတိုင်း ရှိနေကာ မည်သည့် ဒဏ်ရာမှ မတွေ့ရပါ။

၎င်းမှာ... သူတို့၏ နေ့စဉ် အလုပ်များကို လုပ်ဆောင်နေရင်း ရုတ်တရက် လဲကျသေဆုံးသွားသကဲ့သို့ပင် ။

မုတ်ဆိတ်ရှည်မှာ တိတ်ဆိတ်သွားပြီး ဘာမှ ထပ်မပြောရဲတော့ဘဲ ကျိယွမ်ကိုသာ ခိုးကြည့်နေသည်။

ခွမ်းဟွမ်းမှာလည်း တိတ်ဆိတ်နေပြီး ခြေလှမ်းများကို မြန်အောင် လျှောက်လိုက်၏။

မကြာခင်မှာပင် သူတို့သည် အဆောက်အဦး အချို့ကို ဖြတ်ကျော်လာခဲ့ပြီး သံတံခါးတစ်ခု၏ ရှေ့သို့ ရောက်ရှိလာသည်။

ထိုနေရာရှိ လေထုထဲတွင် ပိုးသတ်ဆေးနံ့များနှင့်အတူ ပြင်းထန်သော သွေးညှီနံ့များ ရောထွေးနေပြီး အနည်းငယ်မသတီစရာဖြစ်နေ၏။

ထို့အခိုက် သွေးရောင်ဓားအလင်းတန်း တစ်ချက် လက်ခနဲ ဖြစ်သွားသည်။

"ဝုန်း...."

သံတံခါးကြီးမှာ သစ်ပင်လဲသလို ဝုန်းခနဲပြိုကျသွား၏။

ခွမ်းဟွမ်သည် ကျိယွမ်၏ လှုပ်ရှားမှုကို ကြည့်ရင်း သူ၏ မျက်လုံးများမှာ အားကျမှုများဖြင့် ပြည့်နှက်လာသည်။

ငါလည်တစ်နေ့ကြရင် ဒီလိုအစွမ်းထက်လာမှာပေါ့ ။

သူ လူရွေးမမှားခဲ့ပေ ။

မုတ်ဆိတ်ရှည်မှာတော့ အံ့သြမှင်တက်နေပြီး ကျိယွမ်ကိုတစ်လှည့် ကြမ်းပြင်ပေါ်မှ သံတံခါးကြီးကိုတစ်လှည့်ကြည့်နေ၏။

ပထမက တံခါးကို လေဆာစက်တစ်ခုခုဖြင့် ဖျက်ဆီးခဲ့ခြင်းဖြစ်မည်ဟု

သူထင်ထားခဲ့သည် မဟုတ်ပါလား။

ယခုတော့.....။

ဒီဓားလေးကိုဝှေ့ယမ်းလိုက်တာ သံတံခါးကြီးက တိုးဟူးချပ်လို ပိုင်းသွားတယ်ပေါ့ ၊ ဓားကစွမ်းတာလား လူကအားကောင်းတာလား ။

သံတံခါး ပျက်စီးသွားသောအခါ သူတို့ရှေ့တွင် ကြီးမားသော ခန်းမကြီးတစ်ခု ပေါ်လာသည်။

ခန်းမအတွင်း၌ ကြီးမားသော ဖန်ကွန်တိန်နာများ သုံးဆယ်ကျော် ရှိနေ၏။

ထိုဖန်ကွန်တိန်နာများသည် ဆလင်ဒါပုံစံ ဖြစ်ပြီး အရည်များဖြင့် ပြည့်နှက်နေသည်။ ထို့အပြင် ကွန်တိန်နာ တစ်ခုစီအတွင်းရှိအမည်မသိအရည်ထဲတွင် လူသုံးယောက်စီကို နှစ်မြှုပ်ထားသည်။

ထိုလူများသည် အားနည်းနေပုံရပြီး သူတို့၏ ခန္ဓာကိုယ်များတွင် ပြွန်များ တပ်ဆင်ထားကာ သွေးများကို ပြွန်များမှတစ်ဆင့် ဖြည်းညှင်းစွာ ထုတ်ယူနေ၏။

သူတို့အားလုံးမှာ ဆေးအရည်များထဲတွင် အစိမ်ခံထားသော အဆိပ်ရှိ သတ္တဝါများ၏အလောင်းများနှင့်ပင် တူနေလေသည်။

"ဒါက ဘာလဲ"

"လူသားတွေအပေါ် စမ်းသပ်တာလား။ ဝူကွေ့လူမျိုးတွေက တကယ်ကို နှလုံးသား မရှိကြဘူး"

မုတ်ဆိတ်ရှည်က သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဒေါသတကြီး အော်လိုက်သည်။

လူများကို စမ်းသပ်ခံ ကြွက်များကဲ့သို့ ဆက်ဆံခံနေရသည်ကို မြင်ရလျှင် ကိုယ်ချင်းစာတရားရှိသူမှန်သမျှ သနားစိတ်နှင့်အတူ ဒေါသစိတ်ကို ပြင်းထန်စွာခံစားရမည်သာဖြစ်သည်။

ကျိယွမ်သည် ဖန်ပြွန်ထဲ၌နှစ်မြှုပ်ခံထားရသော လူများကို ကြည့်ကာ သူ၏ မျက်လုံးများထဲတွင် သနားဂရုဏာ အရိပ်အယောင်များ ဖြတ်ပြေးသွား၏

"သူတို့ရဲ့ ဇီဝစွမ်းအင်တွေ ကုန်ဆုံးသွားပြီ... ကုသလို့ မရတော့ဘူး"

တစ်နည်းအားဖြင့် ပြောရလျှင် ထိုလူများသည် သေဆုံးနေကြပြီ ဖြစ်သည်။

သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာပြီး အေးစက်သွား၏။

"ဝူကွေ့လူမျိုးတွေ... တကယ်ကို သေသင့်တယ်။ ဒါဟာ ဥပဒေကို ဖောက်ဖျက်တာ ဒါမှမဟုတ် လူမှုကျင့်ဝတ် ပျက်ပြားတာတင် မကဘူး... ဒါဟာ လုံးဝ လူမဆန်တဲ့ လုပ်ရပ်ပဲ။ ဒီကလူတွေဟာ ပရမ်းပတာနဲ့ ယုတ်မာတဲ့ လူတွေပဲ ဖြစ်ရမယ်"

ကျိယွမ်သည် စည်းကမ်းရှိပြီး စာရိတ္တကောင်းမွန်သူများ၏ဘက်တော်သား ဖြစ်သဖြင့် ဤကဲ့သို့ ပရမ်းပတာ ယုတ်မာသူများကို အမုန်းဆုံးပင်။

အရပ်သားများကို ဖမ်းဆီးပြီး စစ်စခန်းတစ်ခုတွင် လူသားစမ်းသပ်မှုများ ပြုလုပ်ခြင်းမှာ ကျိယွမ်အတွက် အလွန် ရွံရှာဖွယ်ကောင်းသော လုပ်ရပ်ဖြစ်၏။

သူသည် ရှေ့သို့ စိတ်မချမ်းသာစွာကြည့်ကာ သူ၏လက်ထဲမှ ဓားကို တစ်ချက် ဝေ့ယမ်းလိုက်သည်။

ခွမ်း.....

ပြွန်များအားလုံး ချက်ချင်း ပျက်စီးသွားကြ၏။

ဖန်ကွန်တိန်နာများထဲမှ လူများ၏ သွေးများနှင့် ခန္ဓာကိုယ် အရည်များကို ထပ်မံ ထုတ်ယူခြင်း မရှိတော့ပါ။

သို့သော်လည်း သူတို့သည် သေဆုံးနေကြပြီ ဖြစ်သဖြင့် မည်သည့် တုံ့ပြန်မှုမျှ မရှိကြ။

"ဒါကို ငါ ဓာတ်ပုံရိုက်ထားရမယ်။ ဘယ်သူ့မှာ ဖုန်းရှိလဲ။ သူတို့ကို ဖော်ထုတ်ပြီး ဝူကွေ့လူမျိုးတွေရဲ့ ရာဇဝတ်မှုတွေကို ဖွင့်ချချင်တယ်"

မုတ်ဆိတ်ရှည်က ဒေါသတကြီး အော်လိုက်သည်။

ခွမ်းဟွမ်၏ နှလုံးသားထဲတွင်လည်း စိတ်မသက်မသာ ဖြစ်မှုများကို ခံစားရသည်။

လူသတ်ခြင်းနှင့် ပတ်သက်လျှင် သူ၏ စိတ်ထဲတွင် ဝန်ထုပ်ဝန်ပိုး မရှိပါ။

သို့သော် အရပ်သားများကိုဖမ်းကာ ရက်ရက်စက်စက် ငရဲကျသလို စမ်းသပ်မှုများ ပြုလုပ်ခြင်းမှာမူ သူ မည်သည့်အခါမှ မလုပ်မည့်အရာ ဖြစ်သည်။

"သူတို့က လူတောင် မဟုတ်ကြဘူး"

ခွမ်းဟွမ်က အံကြိတ်ပြီး ပြောလိုက်သည်။

ဤအရပ်သားများသည် မိသားစုပေါင်း မည်မျှမှ လာကြသနည်း။သူတို့ထဲတွင် ဆယ်ကျော်သက် အရွယ်များပင် ပါဝင်နေသည်။

ထိုအချိန်တွင် ကျိယွမ်၏ မျက်လုံးများမှေးသွား၏။

"ထွက်လာခဲ့"

သူက တိုးတိုးလေး ပြောလိုက်သည်။

ဒေါသထွက်နေသောမုတ်ဆိတ်ရှည်သည် ချက်ချင်းပင် ပတ်ဝန်းကျငိအား သတိထားလိုက်သည်။

ခွမ်းဟွမ်းမှာလည်း သဘာဝကျကျပင် ဤနေရာတွင် လူများ ပုန်းအောင်းနေသေးသည်ဟု ထင်သွား၏။

“ဂါး....”

ကြီးမားသော ဟိန်းဟောက်သံတစ်ခု ပဲ့တင်ထပ်လာသည်။

မြေပြင်မှာလည်း ရုတ်တရက် တုန်ခါသွားသည်။

"ဘာ...ဘာကောင်ကြီးလဲ"

ဆင်တစ်ကောင်ထက် ပိုမိုကြီးမားသော ကြောက်မက်ဖွယ် သတ္တဝါကြီးတစ်ကောင် ရုတ်တရက် ဟိန်းဟောက်ကာ ထွက်ပေါ်လာသည်ကို သူတို့ မြင်လိုက်ရ၏။

ဤသတ္တဝါကြီးမှာ တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး ရွံ့ရှာစရာကောင်းသလို အလွန်လည်းကြမ်းတမ်းလှသည်။

၎င်း၏ ကြီးမားသော ခန္ဓာကိုယ်တွင်လည်း ရော်ဘာပြွန်များ တပ်ဆင်ထားပြီး မည်သည့်သတ္တဝါဟု အမည်ပေးရန်ပင် ခက်လှသည်။

ကြောက်မက်ဖွယ် သတ္တဝါကြီးမှာ စစ်ပွဲအတွင်းမှ သားရဲကြီး တစ်ကောင်ကဲ့သို့ ဟိန်းဟောက်ကာ သူတို့ သုံးယောက်ဆီသို့ တရကြမ်းပြေးဝင်လာ၏။

“သားရဲ... သားရဲကြီးပဲ”

မုတ်ဆိတ်ရှည်မှာ ထိတ်လန့်သွားပြီး အလန့်တကြားထအော်တော့သည်။

ကြီးမားသော သတ္တဝါကြီးသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ပေးနေပြီး ၎င်းသည် တင့်ကားများနှင့် သံချပ်ကာ ကားများကိုပင် တိုက်ခိုက်ပြီး လွင့်စင်သွားအောင် လုပ်နိုင်ပုံရ၏။

ထိူသတ္တါကြီးက သူတို့ သုံးယောက်ဆီသို့ ပြေးဝင်လာသည်ကို သူတို့ မည်သို့ ခုခံနိုင်မည်နည်း။

ဤကြောက်မက်ဖွယ် သတ္တဝါကြီးမှာ ဝူကွေ့လူမျိုးများ၏ လူသားစမ်းသပ်မှုမှ ထွက်ပေါ်လာသော ရလဒ်ဖြစ်သည်မှာ သေချာသည်။

သူသည် အလွန်ပင် ကြောက်ရွံ့နေ၏ ။

သို့သော်လည်း ဤကြီးမားသော သတ္တဝါကြီးအားရင်ဆိုင်နေရသော်လည်း ကျိယွမ်မှာ တည်ငြိမ်နေဆဲပင်။

သူသည် ကြောက်မက်ဖွယ် သတ္တဝါကြီးပေါ်ရှိ တံဆိပ်ကို တစ်ချက်ကြည့်ကာ အားရပါးရ ရယ်မောလိုက်ပြီး သူ၏ လက်များကို ခါးတွင် ထောက်လိုက်သည်။

“ဒါကြီးကို... သူတို့က နတ်ဘုရားလို့ ခေါ်ကြတာလား”

သားရဲကြီး၏ တံဆိပ်ပေါ်တွင် "နတ်ဘုရား ဖန်တီးမှု စီမံကိန်း - ဧရာမ စွမ်းအားရှင်နတ်ဘုရားအမှတ် ၁" ဟု ရေးသားထားလေသည်။

ဝူကွေ့လူမျိုးများသည် ဇီဝဗေဒဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်ပြီး ကြောက်မက်ဖွယ် သားရဲကြီးတစ်ကောင်ကို ဖန်တီးကာ ၎င်းကို နတ်ဘုရားဟု ခေါ်ဆိုခဲ့ကြခြင်းပင်။

သူ၏လက်ထဲမှ ဓားမှာ ထပ်မံ တုန်ခါသွားသည်။

"နတ်ဘုရားတဲ့... ကိုယ်ပိုင် အရိုးတောင် မရှိဘဲ သတ္တုနဲ့ လုပ်ထားတာလား"

ကျိယွမ်က ခပ်ဖွဖွ ရယ်လိုက်ပြီး နီရဲသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။

တန်ချိန် တစ်ရာကျော် လေးလံသော ဧရာမ သားရဲကြီးမှာ ရုတ်တရက် အေးခဲသွားပြီး လေထဲတွင် ရပ်တန့်သွားသည်။

ချက်ချင်းလိုလိုပင် ကြောက်မက်ဖွယ် သတ္တဝါကြီးမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး သွေးနှင့် အသားပုံကြီး ဖြစ်သွား၏။

အကောင်းစားသတ္တုများဖြင့်ပြုလုပ်ထားသော အရိုးများမှာလည်း မြေပြင်ပေါ်သို့ တဒေါင်ဒေါင်မည်ကာ ပြုတ်ကျ ပြန့်ကျဲကျသွားသည်။

ထိုမြင်းကွင်းကို မြင်လိုက်ရသောအခါ မုတ်ဆိတ်ရှည်မှာ အသက်ရှုရန်ပင် မေ့သွားကာ ကျိယွမ်အား ငေးကြောင်ကြည့်နေ၏။

ကျိယွမ်အပေါ် ထားရှိသော သူ၏ အမြင်မှာ ထိုအချိန်တွင် လုံးဝပြောင်းလဲသွားခဲ့သည်။

ခွမ်းဟွမ်၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။

သူက မမေးဘဲ မနေနိုင်တော့ပါ။

“မစ္စတာကျိ... ကျွန်တော်ရော တစ်နေ့မှာ အဲဒီလို သားရဲကြီးကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်မှာလား”

ကျိယွမ်က ဇီဝသားရဲကြီးကို ဓားတစ်ချက်တည်းဖြင့် သတ်လိုက်သည်ကို မြင်ရခြင်းက သူ၏အလိုဆန္ဒကို အစွမ်းကုန်နှိုးဆွပေးလိုက်သလိုပင်။

ဒါဟာ ကျင့်ကြံသူတစ်ဦးရဲ့ စွမ်းအားလား။

ဒီလို စွမ်းအားမျိုးဆိုရင် တင့်ကားတစ်စီးကိုတောင် ဓားတစ်ချက်တည်းနဲ့ လွင့်သွားအောင် လုပ်နိုင်တာလေ။

ငါသာ အဲဒီလိုလုပ်နိုင်သွားလို့ကတော့...။

“သေချာပေါက် လုပ်နိုင်တာပေါ့၊ ဒါက မခက်ပါဘူး”

ကျိယွမ်က သူ၏ လက်များကို ပုတ်ကာ ပြန်ပြောလိုက်သည်။

စကားအဆုံး၌ သူ၏လက်ထဲမှ ဓားမှာ ထပ်မံ တုန်ခါသွားပြန်သည်။

ရုတ်တရက်ဆိုသလို ဓားပေါ်တွင် သွေးနီရောင် အလုံးလေးတစ်ခု ဖြစ်ပေါ်လာ၏။

ကျိယွမ်၏ မျက်လုံးများက သတင်းအချက်အလက်များစွာကို ချက်ချင်း သိရှိလိုက်သည်။

ဤသွေးနီရောင် အလုံးလေးမှာ ကြောက်မက်ဖွယ် သားရဲကြီး၏ စွမ်းအားအမြုတေပင်။

စိတ်မကောင်းစရာမှာ ထိုစွမ်းအား အမြုတေမှာ သနားစရာအရပ်သားများထံမှ လာခြင်းမဟုတ်ပါလား။

ဝူကွေ့လူမျိုးများသည် အရပ်သားများ၏ သွေးများကို ထုတ်ယူပြီး အထူးနည်းပညာအချို့ကို အသုံးပြုကာ ဤရွံရှာစရာ သွေးနီရောင်ဇီဝသားရဲကြီးကို ဖန်တီးခဲ့ကြခြင်း ဖြစ်နိုင်၏။

သူတို့က ထိုရွံစရာဇီဝသားရဲကြီးကိုလ နတ်ဘုရားဟုပင် ရည်ညွှန်းလိုက်ကြသေးသည်။

သို့သော် သာမန်လူများအတွက် ဖြစ်စေ၊ မျိုးရိုးဗီဇ စစ်သည်များအတွက် ဖြစ်စေ ဤကြောက်မက်ဖွယ် သားရဲကြီးကို နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်နိုင်သည်မှာတော့ သေချာသည်။

ရုပ်ပိုင်းဆိုင်ရာ ခွန်အားအရ ပြောရလျှင် ဤသွေးနီရောင် သားရဲကြီးသည် သာမန် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတစ်ဦး၏ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ထို့ကြောင့် သာမန် ကျည်ဆန်များမှာ ၎င်းကို မည်သို့မျှ မထိခိုက်နိုင်ပါ။

သွေး၏ အနှစ်သာရအလုံးလေးကို ကြည့်ရင်း ကျိယွမ်၏ မျက်လုံးထဲတွင် ခံစားချက်ပေါင်းစုံ ပေါ်လာသည်။

"ငါသာ ဒီသွေးကို သောက်လိုက်မယ်ဆိုရင် ငါ့ရဲ့ ကိုယ်ခံပညာ ပါရမီဟာ... သိသိသာသာ တိုးတက်လာလိမ့်မယ်"

ဝူကွေ့လူမျိုးများ ထုတ်ယူထားသော သွေးအနှစ်သာရဖြင့် ဤသွေးနီရောင် သားရဲကြီးကို ဖန်တီးထားခြင်း ဖြစ်သည်။ ကျိယွမ်အတွက် ဤသွေးအနှစ်သာရ၏ အကြီးမားဆုံး အသုံးဝင်ပုံမှာ ကိုယ်ခံပညာ ပါရမီကို မြှင့်တင်ပေးခြင်း ဖြစ်သည်။

"ငါ့ရဲ့ ကိုယ်ခံပညာ ပါရမီက အားကောင်းပြီးသားပဲ၊ ငါ ဒါကို မလိုအပ်ဘူး"

နောက်ဆုံးတော့ သူက ရှီယီမဟုတ်ပါ။

ထို့အပြင် လူသား၏ သွေးကို သောက်ခြင်းမှာ... ။

မတော်တဆ မဟုတ်ကဟုတ်က ဗိုင်းရပ်စ်တွေ ကူးစက်ခံရရင် ဘယ်လိုလုပ်မလဲ။

ပြီးတော့ ဒီသွေးက သတ်မှတ်ထားတဲ့ သွေးမျိုးဆက် တစ်ခုကိုသာ မြှင့်တင်ပေးနိုင်ခြင်း ဖြစ်သည်။

သူ အလိုရှိသည်မှာ သူ၏ ကိုယ်ပိုင်သိုင်းပညာလမ်းစဉ်နှင့် သွေးမျိုးဆက်ကို ထုဆစ်ရန် ဖြစ်၏။

သူ၏ သိုင်းပညာအတွက် သူကိုယ်တိုင်ကသာ ရှေ့ဆောင်လမ်းပြ ဖြစ်ရလိမ့်မည်။

မဟုတ်လျှင် သူ့အပေါ်တွင် လွှမ်းမိုးနေသော ဘိုးဘေးအချို့ ရှိသွားနိုင်၏။

ဘယ်သူ့ရဲ့လွှမ်းမိုးမှုကိုမှ မခံနိုင်ဘူး။

သူသည် ဇီဝစွမ်းအင်များ ဆုံးရှုံးနေသော သက်မဲ့အလောင်းများကို ကြည့်လိုက်သည်။

သူ၏လက်ထဲမှ ဓားမှာ ထပ်မံ တုန်ခါသွားသည်။

“အေးအေးချမ်းချမ်း အနားယူကြပါတော့”

သူ၏ စကားသံ ပဲ့တင်ထပ်သွားသည်နှင့်အမျှ ဖန်ကွန်တိန်နာများမှာ ချက်ချင်းပင် ကွဲအက်သွားသည်။

ထိုအချိန်တွင် သံမဏိ အဆောက်အဦးတစ်ခုလုံးလည်း ပြိုကျသွားပြီး

အရာအားလုံးမှာ ခဏအတွင်း မြေမြှုပ်ခံလိုက်ရ၏။

ကျိယွမ်က ခွမ်းဟွမ်နှင့် မုတ်ဆိတ်ရှည်တို့ကို တစ်ဖက်ဆီမှပွေ့ချီကာ မျက်တောင်တစ်ခတ်အတွင်း မြေပြင်ပေါ်သို့ ရောက်ရှိသွားသည်။

မထင်မှတ်ထားသော လှုပ်ရှားမှုကြောင့် မုတ်ဆိတ်ရှည်မှာ လုံးဝ ဆွံ့အသွားသည်။

ဒီလူငယ်က ဘယ်လိုသတ္တဝါလဲ။

ကျိယွမ်၏စွမ်းဆောင်ရည်များကို သူလိုက်မမှီတော့ပါ ။

အံ့သြရလွန်း၍ ဦးနှောက်များပင် ထုံကျင်နေလေပြီ။

သူသည် ကျိယွမ်ကို နတ်ဘုရားတစ်ပါးကဲ့သို့ ကြည့်ကာ အံ့သြပြီးရင်း အံ့သြနေရသည် မဟုတ်ပါလား။

သို့သော်လည်း သူတို့သုံးယောက် မြေပြင်ပေါ်သို့ ရောက်ရှိသွားပြီး ရစရာမရှိအောင် အပျက်အစီးများ ဖြစ်နေသော စစ်အခြေစိုက်စခန်းကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများမှာ အစွမ်းကုန်ပြူးကျယ်သွားတော့သည်။

သံမဏိဖြင့် အခိုင်အမာပြုလုပ်ထားသော အဆောက်အဦးများအားလုံး အပိုင်းပိုင်းပြတ်ကာ ပြိုကျနေပြီး လေးလံသောတင့်ကားကြီးများနှင့် သံချပ်ကာကားများမှာလည်း တစ်စစီဖြစ်ကာ စစ်သည်များ၏ အလောင်းများမှာ နေရာအနှံ့ ပျံ့နှံ့နေ၏။

ဤနေရာမှာ... သုသာန်တစ်စပြင်တစ်ခု ဖြစ်သွားလေပြီ။

ကျိယွမ်၏ လူရင်းဖြစ်သော ခွမ်းဟွမ်ကိုယ်တိုုင်ပင် အံ့သြတုန်လှုပ်မှုများဖြင့် ကြက်သေသေသွားခဲ့သည်။

သူ နားလည်လိုက်လေပြီ။

မစ္စတာကျိသည် သူ့ကို လာရောက် မကယ်တင်မီ စစ်စခန်းတစ်ခုလုံးရှိ လူတိုင်းကို သူတစ်ယောက်တည်းဖြင့် သတ်ဖြတ်ခဲ့ခြင်းပင်။

"ကဲ... ငါတို့ အခု ပြန်သင့်ပြီ။ ငါ သိုင်းပညာပြိုင်ပွဲမှာ ပါဝင်ဖို့ အရေးကြီးနေသေးတယ် ၊ တော်ကြာ မပြိုင်လိုက်ရဘဲ ရှိလိမ့်မယ် "

"ဒီအရူးဝူကွေ့လူမျိုးတွေနဲ့ ပတ်သက်ရင်တော့... ငါ့ရဲ့ အလုပ်တွေ ပြီးသွားတဲ့အခါ သူတို့ကို ရှင်းပစ်ဖို့ တစ်ခေါက်ပြန်လာတာပေါ့။ စည်းကမ်းရှိပြီး ကောင်းကောင်းမွန်မွန်နေတတ်တဲ့ လူသားတစ်ယောက် အနေနဲ့ ဒီလို ပရမ်းပတာယုတ်မာသူတွေ ရှိနေတာကို ငါ သည်းမခံနိုင်ဘူး"

ကျိယွမ်သည် ယနေ့ သူ၏ပုံစံမှာ အလွန် မိုက်သည်ဟု တွေးလိုက်၏။

ကျိယွမ်၏ မိမိကိုယ်ကိုယ် သိရှိနားလည်မှုမှာ အလွန်ကောင်းမွန်လေသည်။

သူ့လို ကြင်နာတတ်သော လူမျိုးကို တီဗီများမှာဆိုလျှင် စိန့်(သူတော်စင်)... မဟုတ်ဘူး၊ စိန့်ကင်း (သူတော်စင်ဘုရင်) ဟု ခေါ်ကြမှာဖြစ်ပြီး ပရိသတ်များကတော့ သိပ်ကြိုက်ကြမည် မဟုတ်ပေ။

သို့သော် ကျိယွမ်ကမူ ဂရုမစိုက်ပါ။

ကျိယွမ်၏ စကားကို ခွမ်းဟွမ်းက ကယောင်ကတမ်းဖြင့် ခေါင်းညိတ် ထောက်ခံသည်။

သို့သော် အကယ်၍ သူသာ ကျိယွမ် ဘာတွေးနေလဲဆိုတာကို သိခဲ့ရင်တော့ သူ သေချာပေါက် ခေါင်းညိတ်မည် မဟုတ်ပေ။

ခင်ဗျားက ဓားတစ်ချက်တည်းနဲ့ လူသုံးထောင်ကို သတ်ခဲ့ပြီးတော့... ကိုယ့်ကိုယ်ကိုယ် သူတော်စင်လို့ ခေါ်ရဲသေးတယ်ပေါ့။

သူ့ဘေးတွင်ရပ်နေသော မုတ်ဆိတ်ရှည်မှာ အံ့အားသင့်နေရာမှ နိုးထလာကြီး ကျိယွမ်းအား မရဲတရဲမေး၏။

"မစ္စတာကျိ.. ခင်ဗျားလည်း ကိုယ်ခံပညာ ပြိုင်ပွဲမှာ ပါဝင်မှာလား"

မုတ်ဆိတ်ရှည်၏ မိသားစုရှိ လူငယ်မျိုးဆက်များထဲတွင်လည်း ကိုယ်ခံပညာ ပြိုင်ပွဲတွင် ပါဝင်မည့်သူများ ရှိလေသည်။

သို့သော် ခေတ်မီတပ်ရင်းကြီးတစ်ခုလုံးကို တစ်ယောက်တည်းနှင့် သတ်ခဲ့သော လူတစ်ယောက်က ကိုယ်ခံပညာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည်ဟု ကြားလိုက်ရသောအခါ သူ၏မျိုးဆက်များကို အလွန်သနားသွားမိလေ၏။

ငါ့ကလေးတွေကို ထွက်ခိုင်းလိုက်ရမလား။

ကြောက်မက်ဖွယ်ကောင်းသော ဇီဝသားရဲကြီးကို အဝေးမှတစ်ချက်ခုတ်ရုံဖြင့် အပိုင်းပိုင်းပြတ်သွားသည့် မြင်ကွင်းကို ပြန်တွေးမိသောအခါ မုတ်ဆိတ်ရှည်ခမျာ ကြက်သီးများထလာသည်။

"ဟုတ်တယ်၊ မင်း ကိုယ်ခံပညာ ပြိုင်ပွဲမှာ ပါဝင်မယ့် ပြိုင်ပွဲဝင်တွေကို သိလို့လား"

"သူတို့ ဘယ်လောက်အထိ အားကောင်းကြလဲ။ သတိထားရမယ့် ပြိုင်ဘက်တွေရော ရှိလား။ ငါ့ရဲ့ ပန်းတိုင်က ချန်ပီယံဆုကို ဆွတ်ခူးဖို့ပဲ။ ဒါပေမဲ့ ပြိုင်ပွဲဆိုတော့ သိပ်မလွယ်ဘူးထင်တယ်"

ကျိယွမ်က သူ့အား စိတ်ဝင်တစား မေးလိုက်သည်။

မုတ်ဆိတ်ရှည်မှာ ဘာပြန်ဖြေရမှန်းမသိဖြစ်သွားရှာ၏။

သူက အပိုင်းအပိုင်း အစစဖြစ်နေသော မီးလောင်ပြင် စစ်စခန်းကို ငေးကြည့်ကာ တီးတိုးရေရွတ်လိုက်မိ၏။

"သိပ်မလွယ်တာမဟုတ်ဘူး ၊ ဖြစ်ကိုမဖြစ်နိုင်တော့တာ ၊ ခင်ဗျားတော့ မဟုတ်ဘူး ၊ ပြိုင်ဘက်တွေအတွက် လေ ..."

-----------------

All Chapters