← Chapters

နှာခေါင်းချွန်ရင် တစ်သန်းတန်တယ်

Vol. 27 Ch. 305

နှာခေါင်းချွန်ရင် တစ်သန်းတန်တယ်

Vol. 27 Ch. 305

“မင်းပြောတာနဲ့တင် ကိုယ်ခံပညာပြိုင်ပွဲမှာ ငါနိုင်မယ်ဆိုတာ အပြည့်အဝ ယုံကြည်မှုရှိသွားပြီ”

ကျိယွမ်က ယုံကြည်ချက်များရလာသလို တက်ကြွသွား၏။

သူကအားကောင်းသည်ဆိုသော်လည်း "လူတွေကြားထဲမှာ ဖုံးကွယ်နေတဲ့ ပါရမီရှင်တွေ ရှိတတ်တယ်” ဆိုသော စကားပုံရှိလေသည်။

သိုင်းပညာရှင်တွေထဲမှာ ကျားနဲ့ နဂါးလို ပုဂ္ဂိုလ်တွေ ရှိနေရင် ဘယ်လိုလုပ်မလဲ။

သာမန် ကျားနှင်နဂါးများကို သူ မကြောက်သော်လည်း ယန်နတ်ဘုရား နှင့်ယှဉ်နိုင်သော နဂါးမျိုး ရှိနေလျှင် သူ ဒုက္ခရောက်နိုင်သည် မဟုတ်ပါလား။

မုတ်ဆိတ်ရှည်ကတော့ ကျိယွမ်ကို ကြည့်ပြီး ဘာပြောရမှန်းမသိဖြစ်နေ၏။

ကြောက်မက်ဖွယ် ဇီဝသားရဲကြီးကို သတ်လိုက်သည့် ကျိယွမ်၏ ဓားချက်တစ်ချက်မှာ သူ့အတွက်တော့ နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

နတ်ဘုရားတစ်ပါးက လူသားတို့၏ ကိုယ်ခံပညာပြိုင်ပွဲတွင် ပါဝင်မည်တဲ့လား။

ဒါက... လူ့လောကကြီးကို လာကစားနေသလိုပင် ။ မောက်မာနေသော လူသားပါရမီရှင်များမှာ ဟာသများသာဖြစ်သွားကြပေတော့မည်။

မုတ်ဆိတ်ရှည်သည် အပျက်အစီးများ ဖြစ်နေသည့် အခြေစိုက်စခန်းကို တစ်ဖန်ပြန်ကြည့်ပြီး ထူးဆန်းသည့် အဓိပ္ပာယ်မရှိမှုမျိုးကို ခံစားလိုက်ရသည်။

ယခုစခန်းတွင် ခေတ်မီလက်နက်များတပ်ဆင်ထားသော စစ်သည်သုံးထောင်ကျော် တပ်စွဲထားခြင်း ဖြစ်သည်။

လက်နက်မျိုးစုံ အပြည့်အစုံ တပ်ဆင်ထားသော ယာဥ်များလည်းရှိ၏ ။

နောက်ဆုံးမျိုးဆက် တိုက်လေယာဉ်များပင် ရှိသေးသည်။

သို့သော် ယခုအခါ အားလုံးက သံတိုသံစ အမှိုက်ပုံများသာ ဖြစ်သွားခဲ့လေပြီ။

စစ်သည်တော်တစ်ဦးတည်းက သောင်းနှင့်ချီသော ရန်သူများကို အနိုင်ယူသည့် ဒဏ္ဍာရီလာ ပုံပြင်များကို သူ ဘယ်တော့မှ မယုံခဲ့ပါ ။၄င်းတို့သည် ကလေးကြိုက် ပုံပြင်များသာဖြစ်သည်။ သို့သော် ယခုအခါမှာတော့ လက်တွေ့ဘဝတွင် သူ၏မျက်လုံးများဖြင့် အရှင်လတ်လတ်ကြီး မြင်ခဲ့ရ၏။

ထိုအချိန်တွင် ဖုန်းတစ်လုံး မြည်လာသည်။

တိတ်ဆိတ်နေသော အပျက်အစီးများနှင့်အလောင်းများကြားတွင် ဖုန်းမြည်သံက တော်တော် နားငြီးစရာ ကောင်းနေ၏။

“ဟယ်လို ကျိယွမ်လား။ ကိုယ်ခံပညာပြိုင်ပွဲ စနေပြီ၊ မင်း ဘာလို့ ဒီမှာ မရှိတာလဲ။ အခု မင်း ဘယ်မှာလဲ”

တစ်ဖက်မှ ရွှီထဲ့ဟွာ၏အသံက စိုးရိမ်တကြီး ထွက်ပေါ်လာသည်။

ရွှီထဲ့ဟွာ၏ အသံအပြင် တောင်ပြိုသံ၊ သမုဒ္ဒရာလှိုင်းလုံးကြီးများ ရိုက်ခတ်သံကဲ့သို့ ကျယ်လောင်လှသော ပရိသတ်ဟစ်ကြွေးသံများကြောင့် သူတို့သည် ယခုအခါ မြို့နယ်အဆင့် ပြိုင်ပွဲကွင်းတွင် ရှိနေမှန်း သိသာနေ၏။

ထို့အတူ စိတ်ပျက်လက်ပျက် ဖြစ်နေသော အသံအချို့ကိုလည်း သဲ့သဲ့ကြားရသည်။

“သူက ဘာလို့ ပြိုင်ပွဲကို အခုထိ မလာသေးတာလဲ။ ရွှီက သူ့ကို ဖုန်းဆက်နေရတယ် ၊ ဒီကောင်က အလိုလိုက်ခံထားရတဲ့ သခင်လေးပဲ”

ကျိယွမ်က အကြောင်းပြန်လိုက်သည်။

“ဪ၊ ကျွန်တော် မြို့နယ်အဆင့် ကိုယ်ခံပညာပြိုင်ပွဲမှာ ပါဝင်ဖို့ မလိုတော့ဘူး။ ကျွန်တော် အောင်သွားပြီ၊ နိုင်ငံတော်အဆင့် ပြိုင်ပွဲကိုပဲ တက်ရောက်ဖို့ လိုတော့တယ်”

သူက ယန်ရှန်းထံမှတစ်ဆင့် နောက်ဖေးပေါက်က ဝင်ခဲ့ခြင်းကြောင့် မြို့နယ်အဆင့် ကိုယ်ခံပညာပြိုင်ပွဲတွင် ပါဝင်ရန် မလိုဘဲ နိုင်ငံတော်အဆင့်သို့ တိုက်ရိုက်သွားနိုင်ခြင်းပင်။

ထိုအတွက် သူသည် စမ်းသပ်ချက်တစ်ခုကိုသာ အောင်မြင်ရန် လိုအပ်၏။

“ဟင်”

တစ်ဖက်မှ ရွှီထဲ့ဟွာသည် ဆွံ့အသွားပြီး၊ ဤရလဒ်မျိုးကို မျှော်လင့်မထားပုံရသည်။

“မင်းက... နိုင်ငံတော်အဆင့် ပြိုင်ပွဲကျမှ ဝင်ပြိုင်မှာလား”

ကျိယွမ်၏ နောက်ခံမှာ အာဇာနည်မျိုးဆက် မိဘမဲ့တစ်ဦး ဖြစ်ကြောင်းကိုတော့ ရွှီထဲ့ဟွာ သိသည်။

အတော်အတန် သြဇာရှိပြီး အနုပညာရှင်ရည်းစားတစ်ဦး ရှိသည်မှလွဲ၍ ကျိယွမ်၏ မိသားစုအခြေအနေမှာ အတော်လေး သာမန်သာဖြစ်၏။

သူက နိုင်ငံအဆင့်ကို နောက်ဖေးပေါက်ကနေ ဘယ်လိုများ ဝင်နိုင်ခဲ့တာလဲ။

“မင်း... ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”

ရွှီထဲ့ဟွာမှာ မမေးဘဲ မနေနိုင်ပေ။

“ရိုးရိုးလေးပါပဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော် သန်မာလို့လေ”

ကျိယွမ်က အမှမ်အတိုင်းဖြေကြားလိုက်သည်။

သူ၏ သိုင်းပညာမှာ ကန့်သတ်ချက်သို့ ရောက်နေလောက်အောင် သန်မာသောကြောင့် ယန်ရှန်းက သူ့ကို နောက်ဖေးပေါက်က ဝင်ခွင့်ပြုရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

အကန့်အသတ်သို့ ရောက်နေသော သိုင်းပညာရှင်တစ်ဦးသည် အခြားသော လမ်းကြောင်းများမှတစ်ဆင့် ကိုယ်ခံပညာပြိုင်ပွဲတွင် ပါဝင်နိုင်သော စည်းမျဥ်းမျိုးရှိလေသည်။

“ပြီးတော့ ကျွန်တော့်မှာ စိတ်ကျန်းမာရေးလက်မှတ်လည်း ရှိတယ်လေ။ ကျွန်တော် နိုင်ငံတော်အဆင့် ကိုယ်ခံပညာပြိုင်ပွဲမှာ ပါဝင်တာက သဘာဝမကျဘူးလား”

ကျိယွမ်က နောက်ထပ်သင့်တော်သော အကြောင်းရင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်၏။

အမှန်တော့ သူသည် တရားဥပဒေကို လေးစားသူဖြစ်ပြီး နောက်ဖေးပေါက်များကို ဘယ်တော့မှ မသုံးတတ်ပေ။

သူ၏စွမ်းဆောင်ရည်များက ထိုက်တန်သောကြောင့်သာ ထိုအခွင့်အရေးများရခဲ့ခြင်းဖြစ်သည်ဟု သူအမြဲယုံကြည်၏။

ငါက အဆင့်မမှီလို နောက်ဖေးပေါက်ကနေဝင်ရတာမဟုတ်ဘူး ၊ အလုပ်များနေလို့ ဖြတ်လမ်းက တတ်နေရတာ ။

ရွှီထဲ့ဟွာသည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ စိတ်လျှော့သွား၏။

“အဲဒါဆိုရင်တော့... နိုင်ငံတော်အဆင့် ပြိုင်ပွဲမှာ တွေ့ကြတာပေါ့”

ရွှီထဲ့ဟွာသည် ကျိယွမ်၏စကားကို သံသယရှိနေပြီး ကျိယွမ်အနေဖြင့် မြို့နယ်အဆင့်ကို ကျော်ပြီး နိုင်ငံတော်အဆင့်သို့ တိုက်ရိုက်တက်နိုင်သည်ကို သူ မယုံပါ။

ကျိယွမ်သည် မင်ဝူသင်တန်းကျောင်းတွင် သင်ယူခဲ့သည်မှာ သုံးလသာ ရှိသေးပြီး သိုင်းပညာရှင် လက်မှတ်ပင် မရှိချေ။

ထိုသင်တန်းသားမျိုးက နိုင်ငံတော်အဆင့် ပြိုင်ပွဲကို ဘယ်လိုများ ဝင်ပြိုင်နိုင်မည်နည်း။

ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားခဲ့သည်။

ရွှီထဲ့ဟွာက အခြားသူနှစ်ဦးကို ကြည့်ကာ အကြောင်းပြန်လိုက်သည်။

“ကျိယွမ်က မပြိုင်တော့လို့ ငါတို့ သုံးယောက်ပဲ ကျန်တော့တယ်”

“အံ့သြစရာ မရှိပါဘူး၊ အသင်းလိုက် ပြိုင်ပွဲတုန်းကလည်း သူ ငါတို့နဲ့ လေ့ကျင့်ဖို့ ငြင်းခဲ့တာပဲ။ သူ ကြောက်လို့ မပြိုင်ရဲတာ ဖြစ်မှာပါ”

“ဟုတ်တယ်၊ သူ့မှာ သိုင်းပညာရှင် လက်မှတ်လည်း မရှိဘဲနဲ့ ပြိုင်ဘက်တစ်ယောက်ယောက်နဲ့ ရင်ဆိုင်ရရင် အနည်းဆုံး လဝက်လောက် ဆေးရုံတက်နေရမှာ။ မလာတာက ပိုပြီး အမြော်အမြင်ရှိတဲ့ ရွေးချယ်မှုပဲ”

ကျန်ရှိသောပြိုင်ပွဲဝင်နှစ်ယောက်က ကျိယွမ်အပေါ် အထင်သေးသည့် လေသံဖြင့် မှတ်ချက်ချ၏။

တိုက်ပွဲတွင် ထွက်ပြေးခြင်းမှာ စက်ဆုပ်စရာအကောင်းဆုံး မဟုတ်ပါလား။

ထိုအချိန်မှာပင် ကျိယွမ်၏ဖုန်းထဲသို့ ဝမ်ရှီးချောင်ဆီမှ နောက်ထပ် မက်ဆေ့ချ်တစ်ခု ရောက်လာသည်။

“နင် တော်တော် သတ္တိရှိတာပဲ၊ ရွှီထဲ့ဟွာကိုတောင် လာမတွေ့ဘဲ ထားခဲ့ရဲတယ်နော်။"

"သူက သလင်းနက်မြို့စား ရဲ့ ဈာပနကိုတောင် တက်နိုင်တဲ့သူဆိုတာ နင်သိရဲ့လား။ ပြီးတော့ နင်က... အခု ဘယ်မှာလဲ။"

"ကိုယ်ခံပညာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ တကယ်ပဲ ကြောက်နေတာလို့တော့ မပြောနဲ့နော်”

“ငါ... နိုင်ငံခြားကို ခရီးထွက်နေလို့ပါ”

“နိုင်ငံခြားလား...နင့်ရဲ့ ကားဆရာမ ရည်းစားလေးနဲ့လား။ နင်တို့နှစ်ယောက် ဟန်နီမွန်း ထွက်နေတယ်ပေါ့လေ”

“ပေါက်ကရတွေ ပြောမနေနဲ့၊ ငါ အခု ဝူကွေ့ကို ရောက်နေတာ”

ဝမ်ရှီးချောင်က မယုံပါ။

“ဟားဟား၊ နင်ကတော့ လုပ်ကြံပြောဖို့ ဆို တကယ်တော်တာနော် ။ မပြောချင်လည်း နေပါ၊ ဝူကွေ့မှာလို့တော့ မဖြီးစမ်းပါနဲ့”

ဝူကွေ့နိုင်ငံသည် ယွဲ့လန်နိုင်ငံနှင့် စစ်ဖြစ်နေသည့် နေရာ ဖြစ်သည်။ ကျိယွမ်ကဲ့သို့ သာမန်လူငယ်လေးတစ်ယောက်က စစ်မက်ဖြစ်ပွားနေသော နေရာကို မည်သို့ သွားနိုင်မည်နည်း။

ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပင် မဟုတ်ပါလား။

ထို့အပြင် ဝူကွေ့သည် ချင်းယွမ်နိုင်ငံအပေါ် ရန်လိုသည့်နေရာလည်းဖြစ်၏။ကျိယွမ်ကဲ့သို့သော ချင်းယွမ် နိုင်ငံသားတစ်ယောက်အနေနှင့် ဝူကွေ့သို့ သွားခြင်းမှာ အသေခံခြင်းသာ ဖြစ်သည်။

နောက်ထပ် စကားစမြည် အနည်းငယ် ပြောပြီးနောက် ကျိယွမ်က သူမအား ပြန်မဖြေတော့ပေ။

သူက ခွမ်းဟွမ်နှင့် မုတ်ဆိတ်ရှည်ကို ကြည့်ကာ အသိပေးလိုက်သည်။

“ရှေ့မှာ ဝမ်မင် စောင့်နေတယ်။ သူ့ကားနဲ့ ထွက်သွားကြမယ်”

ခွမ်းဟွမ်၏ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာပြီး သူ့အားဖမ်းဆီးထားခဲ့နေရာအား တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြသည်။

“ကောင်းပါပြီ”

မုတ်ဆိတ်ရှည်ကတော့ စိုးရိမ်နေပုံရ၏။

“ဒီမှာ ဘာဖြစ်သွားလဲဆိုတာ ဝူကွေ့ရဲ့အထက်အာဏာပိုင်ကလူတွေ သိသွားရင် သူတို့ ဒါကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။"

"အထူးသဖြင့် မြေအောက်ထောင်ထဲက ဓာတ်ခွဲခန်းက သူတို့ရဲ့ လက်ချက်ဆိုတာ သိသာနေတယ်။ အဲဒါက ကန်ရှင်းဂြိုဟ်က တိတ်တဆိတ်ထောက်ပံ့ပေးထားတဲ့ စမ်းသပ်ချက်တစ်ခု ဖြစ်နိုင်တယ်”

ကန်ရှင်းဂြိုဟ်သည် ဝူကွေ့နှင့် နက်နက်ရှိုင်းရှိုင်း ဆက်သွယ်နေသည်မှာ လျှို့ဝှက်ချက်တော့ မဟုတ်ပေ။

သူတို့တွေ့ခဲ့သည့် ကြောက်မက်ဖွယ် ဇီဝသားရဲကြီးနှင့် ၎င်း၏ နည်းပညာနှင့် နည်းလမ်းများသည် ကန်ရှင်း၏ ပုံစံနှင့် တော်တော်လေးတူညီနေလေသည်။

ယခု စခန်းကပျက်စီးသွားပြီဖြစ်သလို သူတို့၏ လျှို့ဝှက်စမ်းသပ်ချက်ကလည်း လူသိရှင်ကြား ဖြစ်သွားဆလပြီ။

ဝူကွေ့က သူတို့ကို သေချာပေါက် လွှတ်ထားမည် မဟုတ်သည်မှာ သေချာ၏။

မုတ်ဆိတ်သည် တွေးရင်းတွေးရင်းမှ နက်နဲလှသောကန်ရှင်းကို ပို၍ပင် ကြောက်ရွံ့လာမိသည်။

“စိတ်မပူပါနဲ့၊ ငါ ရှိနေသရွေ့ သူတို့ မင်းတို့ကို မဖမ်းနိုင်ပါဘူး၊ ဟုတ်တယ်မလား”

ကျိယွမ်ကတော့ ပေါ့ပေါ့ပါးပါးပင်။

“ငါ့မှာသာ လုပ်စရာတွေ အများကြီး မရှိဘူးဆိုရင် ဝူကွေ့ဂိုဏ်းရဲ့ ဌာနချုပ်ကိုတောင် အခု သွားလည်ဖို့ စဉ်းစားမိမှာပဲ”

“မစ္စတာကျိ .. ကျေးဇူးပြုပြီး သတိထားပါ။ ဝူကွေ့ရဲ့ နောက်ကွယ်မှာ ရှေးဟောင်း စုန်းအတတ် နိုင်ငံ(ကုဝူကို ရည်ညွှန်းပုံရ၏) တင်မကဘဲ ကန်ရှင်းဂြိုဟ်ပါ ရှိနေတယ်။ ခင်ဗျား အလျင်စလို မလုပ်သင့်ဘူး”

မုတ်ဆိတ်က အလျင်အမြန်သတိပေးတိုက်တွန်းလိုက်သည်။

ဝူကွေ့၏ စစ်အင်အားက မတောင့်တင်းသော်လည်း သူတို့တွင် အဆင့်မြင့်လက်နက် အချို့ ရှိ၏။

အလင်းအလျင်နီးပါး မြန်သည့် လေဆာသေနတ်များနှင့် တောင်တစ်တောင်လုံးကို ဖျက်ဆီးနိုင်သည့် ဒုံးကျည်များ ကို ပိုင်ဆိုင်ထားသည်။

ဤလက်နက်များသည် မည်သည့် လူသားမျှ ခုခုနိုင်စွမ်းမရှိသည့် ဖျက်အားပြင်းလက်နက်များပင် မဟုတ်ပါလူး။

၎င်းတို့သည် နတ်ဘုရားများကိုပင် သတ်နိုင်သည်ဟု ဆိုကြ၏။

ကျိယွမ်က မုတ်ဆိတ်ကို ဘေးတိုက် တစ်ချက်ကြည့်သည်။

“အင်း..ငါက အမြဲတမ်း သတိကြီးကြီး ထားပါတယ်၊ မသေချာတဲ့ဟာဆို ဘယ်အရာကိုမှ မလုပ်ပါဘူး”

သူက ထိုသိူ့ပြောရင်းမှ ကောင်းကင်ယံရှိ ကြယ်ပွင့်များကို မော့ကြည့်လိုက်သည်။

သူ၏ အမြုတေကို ဖွဲ့စည်းမည့်နေ့သည် နီးကပ်နေပြီ ဖြစ်၏။

သူ၏ အမြုတေကို ဖွဲ့စည်းပြီးသည်နှင့် သူ၏ စွမ်းအားက အဆမတန် တိုးလာမည်ဖြစ်ပြီး သူ့ကိုယ်သူ ကာကွယ်ရန် ပိုမိုများပြားသော စွမ်းရည်များကို ရရှိပေတော့မည်။

“သွားကြစို့”

သူသည် ထိုလူနှစ်ဦးကို ခေါ်ဆောင်ကာ အဝေးမှ ကားဆီ ဦးတည်ထွက်ခွာခဲ့သည်။

.............

“ဘုန်းတော်ကြီး... ဆိုးရွားတဲ့ အခြေအနေတစ်ခု ဖြစ်နေပြီ။ ကျွန်တော်တို့ရဲ့ စမ်းသပ်နယ်မြေထဲက နတ်ဘုရား အမှတ်စဉ် ၁ က ရုတ်တရက် သောင်းကျန်းသွားပြီးတော့ ချက်ချင်းငြိမ်သက်သွားတယ်”

ဝူကွေ့ဂိုဏ်းတွင် ဂိုဏ်းသားတစ်ဦး၏ မျက်နှာမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

နတ်ဘုရား အမှတ်စဉ် ၁ သည် သူတို့ ဖန်တီးထားသည့် နတ်ဘုရားလက်နက်တစ်ခု ဖြစ်ပြီး စစ်သည်အင်အား ထောင်ပေါင်းများစွာကိုပင် ခုခံနိုင်၏။

ထိုအရာကို အိမ်နီးချင်းနိုင်ငံများ မသိစေရန် သူတို့က အမြဲတမ်း လျှို့ဝှက်ထားခဲ့သည်။

ယခုအချိန်မှာတော့ ၄င်းက ရုတ်တရက် ကြီး သောင်းကျန်းနေ၏။

စစ်စခန်းတစ်ခု၏ဗဟိုတွင် ဖြစ်ပွားသွားသောကြောင့် ကြီးမားသောရှုပ်ထွေးမှုများကိုဖြစ်ပေါ်စေမည်မှာ အသေအချာပင်။

“ကုတန်ရန်ကို အမြန်ဆက်သွယ်ပြီး ဘာဖြစ်နေတာလဲဆိုတာ စုံစမ်းလိုက်။ ‘ခွန်အားနတ်ဘုရားအမှတ်စဉ် ၁’ ကို ငါတို့ အမြန်နှိမ်နင်းရမယ်”

ဆရာတော်၏ မျက်နှာတွင်လည်း ထိတ်လန့်သွားသော အမူအယာများပေါ်လာ၏။

‘ခွန်အားနတ်ဘုရား အမှတ်စဉ် ၁’ က ဘာလို့ ရုတ်တရက်ကြီး သောင်းကျန်နေတာလဲ။

ဂိုဏ်းသားက မျက်နှာပျက်ပျက်နှင့် ပြန်ဖြေသည်။

“သူတို့ကို ဆက်သွယ်လို့ မရတော့ဘူး၊ စခန်းထဲမှာရှိတဲ့ အရာရှိအားလုံးကို... ဘယ်သူ့ကိုမှ ဆက်သွယ်လို့ မရတော့ဘူး။ အခု ကျွန်တော်တို့ အဖွဲ့ အဲဒီစခန်းဆီကို သွားနေပါပြီ”

ဆရာတော်မှာ ဆွံ့အသွားပြီး ပို၍ထိတ်လန့်သွားသည်။

“ဆက်သွယ်လို့ မရဘူးလား။ ဒါဆိုရင်... စွမ်းအားနတ်ဘုရား အမှတ်စဉ် ၁’ က အဲဒီစခန်းကို အပြတ်ရှင်းလိုက်တာလား...”

ကြောက်စရာကောင်းသည့် အတွေးတစ်ခု ဆရာတော်၏ ခေါင်းထဲသို့ ရောက်လာသော်လည်း ချက်ချင်းပင် ပြန်ထုတ်လိုက်၏။

‘ခွန်အားနတ်ဘုရား အမှတ်စဉ် ၁’ က သန်မာသော်လည်း ၎င်းသည် ကနဦးအဆင့်တွင်သာ ရှိသေးသည်။ ၎င်းက စစ်တပ်တစ်ခုလုံးကို မည်သို့ယှဉ်နိုင်မည်နည်း။

“စစ်တပ်ကလည်း အဲဒီကို သွားနေပြီ။ မကြာခင် အဖြေရတော့မှာပါ”

ထိုဂိုဏ်းသားက နှစ်သိမ့်သလို ပြောလိုက်၏။သို့သော် ထိုစကားက သူကိုယ်သူ နှစ်သိမ့်သည့်စကားလား ဆရာတော်အားနှစ်သိမ့်သည် စကားလားဆိုသည်ကိုတာ့ သူကိုယ်တိုင်ပင် မသိတော့ပါ။

“အဲဒါဆိုရင်တော့ ဒါက မတော်တဆမှုတစ်ခုပဲ ဖြစ်မှာပါ”

ဆရာတော် သက်ပြင်းချရင်း စိတ်သက်သာရာ ရသွားသည်။

‘ခွန်အားနတ်ဘုရား အမှတ်စဉ် ၁’ က ရုတ်တရက် နိုးထလာပြီး သောင်းကျန်းသွားခြင်းကြောင့် ဒေသတွင်း ဆက်သွယ်ရေးစနစ်များကို ထိခိုက်သွားသောကြောင့် ဆက်သွယ်မရဖြစ်သွားခြင်းဖြစ်နိုင်၏။ ထို့ကြောင့် ရုတ်တရက် အရာအားလုံးက ထူးဆန်းနေသလို ထင်ရခြင်း ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။

အဖွဲ့က စခန်းကို ရောက်သွားသည်နှင့် အရာအားလုံး ပြေလည်သွားပါလိမ့်မည်။

“ဒါကို အနီးကပ် စောင့်ကြည့်ထားပါ။ သတင်းရတာနဲ့ ငါ့ကို ချက်ချင်း အကြောင်းကြား။ ငါ သူတော်စင်သားတော်ဆီ သွားဦးမယ်”

ဘုန်းတော်ကြီး ဖုန်းချီက ပြောလိုက်သည်။သူတော်စင်သားတော်အကြောင်း ပြောသည့်အခါ သူ့မျက်လုံးထဲတွင် အထင်ကြီး လေးစားမှုများ ထင်ဟပ်လာ၏။

ဝူကွေ့ဂိုဏ်း၏ သူတော်စင်သားတော်မှာ ဂိုဏ်းချုပ်ပြီးလျှင် သြဇာအရှိဆုံးဖြစ်ပြီး ဘုန်းတော်ကြီး ၁၂ ပါးပင်လျှင် သူ့ကို မယှဉ်နိုင်ပေ။

ယခုအခါတွင် သူတော်စင်သားတော်သည် ကန်ရှင်းဂြိုဟ်မှ ဗိုလ်ချုပ်တစ်ဦး၏ သမီးနှင့် လက်ထပ်ထားသဖြင့် ဝူကွေ့ဂိုဏ်းတွင် သူ၏ အဆင့်အတန်းမှာ ပိုမိုမြင့်မားလာပြီး ဂိုဏ်းချုပ်ကိုပင် ကျော်လွန်သွားခဲ့လေပြီ။

ဘုန်းတော်ကြီးသည် ကားဖြင့်စံအိမ်တစ်ခုသို့ရောက်ရှိသွားခဲ့သည်။။ထိုစံအိမ်တွင် သိုင်းပညာ လေ့ကျင့်ရေးကွင်းတစ်ခု ရှိပြီး သူတော်စင်သားတော် လေ့ကျင့်ရာနေရာဖြစ်၏။

ဖုန်းချီ သည် လေ့ကျင့်ရေးကွင်း၏အလယ်တွင်လေ့ကျင့်နေသော သူတော်စင်သားတော်ကို ကြည့်ပြီး ထိတ်လန့်သွားခဲ့သည်။

“သားတော်ရဲ့ စွမ်းအားက... ပိုပြီး ကြောက်စရာကောင်းလာပြီပဲ”

သူ၏ဘေးတွင်ရှိသော အဘိုးအိုတစ်ဦးက ရယ်မောရင်း ချီးမွမ်းလိုက်သည်။

"ကန်ရှင်းက မျိုးရိုးဗီဇဆေးရည်နဲ့ဆိုရင် သားတော်က မကြာခင်မှာ နတ်ဘုရားတစ်ပါးနဲ့တောင် ယှဉ်နိုင်တော့မှာ”

ထိုအချိန်တွင် လေ့ကျင့်ရေးကွင်း၏ အလယ်တွင်လေ့ကျင့်နေသော သူတော်စင်သားတော်က ကျယ်လောင်စွာမာန်သွင်းလိုက်သည်။

"ယား...."

သူ၏မျက်လုံးများမှာ သွေးကဲ့သို့ နီမြန်းသွားပြီး သံတုတ်တစ်ချောင်းကို ကောက်ယူပြီး လက်မောင်းနှစ်ဖက်ဖြင့် အားစိုက်လိုက်၏။

ဒုန်း...

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး သံတုတ်မှာ နှစ်ပိုင်း ပြတ်သွားခဲ့သည်။

သူက သံတုတ်ကို တစ်ချက်တည်းချိုးပစ်လိုက်ခြင်းပင်။

ဤသို့သော ခွန်အားမျိုးမှာ လူသားတို့ တတ်နိုင်သည့် စွမ်းအား မဟုတ်တော့ပေ။

အဆင့်မြင့် မျိုးရိုးဗီဇဆေးရည်များကို သောက်သုံးထားသည့် စစ်သည်တစ်ဦးပင်လျှင် ဤကဲ့သို့ မလုပ်နိုင်ချေ။

“သားတော်ရဲ့ စွမ်းအားက ပိုပိုပြီး သန်မာလာနေပြီ၊ မကြာခင် ဝူရှန်းနဲ့ တောင်ယှဉ်နိုင်တော့မယ်”

ဘုန်းတော်ကြီးဖုန်းချီက မမြှောက်ပင့်ဘဲ မနေနိုင်တော့ပါ။

ဝူရှန်းဆိုသည်မှာ ဝူကွေ့ဂိုဏ်းက ကိုးကွယ်သည့်နတ်ဘုရား ဖြစ်သည်။

ဒဏ္ဍာရီများအရ ဝူရှန်းသည် တောင်တစ်တောင်ကိုပင် ကျောပေါ်တွင် ထမ်းကာ လမ်းလျှောက်နိုင်သည်ဟု ဆို၏။

သားတော်၏ မျက်လုံးထဲတွင် ဂုဏ်ယူသည့် အရိပ်အယောင်များ ရှိနေသည်။

“ကျွန်တော့်ကို အချိန်အလုံအလောက်သာ ပေးပါ၊ ကျွန်တော် ဝူရှန်းကို ကျိန်းသေပေါက် ကျော်ဖြတ်နိုင်ရမယ်”

သူသည် ရည်မှန်းချက်ကြီးသူ ဖြစ်သော်လည်း သူ၏ မျက်ဝန်းအိမ် အနက်ပိုင်းတွင်မူ စိုးရိမ်မှုအချို့တော့ ရှိနေခဲ့သည်။

“နတ်ဘုရား ဖန်တီးမှု စီမံကိန်းက ဘယ်လို အခြေအနေရှိလဲ”

သားတော်က စိုးရိမ်မှုများဖြင့် မေးလိုက်သည်။

နတ်ဘုရား ဖန်တီးမှု စီမံကိန်းသည် ကြောက်မက်ဖွယ် သားရဲမျိုးစုံကို ဖန်တီးရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

သို့သော် ဤကြောက်မက်ဖွယ် သားရဲများကို စစ်ပွဲလက်နက်များအဖြစ် အသုံးပြုရန် မဟုတ်ဘဲ ၎င်းတို့သည်... အာဟာရ ဖြည့်စွက်စာများ ဖြစ်သည်။

သူ့အတွက် အာဟာရ ဖြည့်စွက်စာများပင်။

၎င်းတို့ကို စားသုံးခြင်းဖြင့် သူ၏ စွမ်းအားကို အဆမတန် တိုးလာစေ၏။

“အားလုံးက တည်ငြိမ်စွာနဲ့ ရှေ့ဆက်နေပါတယ်။ စစ်ပွဲကြောင့် ကျွန်တော်တို့ရဲ့ တိုးတက်မှုက ပိုတောင် မြန်လာသေးတယ်”

အဘိုးအိုက ရယ်မောရင်း အခြေအနေကိုတင်ပြသည်။

ငြိမ်းချမ်းရေး ကာလတွင် ဤကဲ့သို့ လုပ်ဆောင်ရန် သတိထားရသော်လည်း၊ စစ်ပွဲကာလတွင်မူ လူအနည်းငယ် သို့မဟုတ် သောင်းဂဏန်းလောက်အထိ ပျောက်ဆုံးသွားခြင်းက အရေးမကြီးတော့ပါ။

ဘုန်းတော်ကြီးဖုန်းချီကလည်း ပြုံးလျှက် နတ်ဘုရား အမှတ်စဉ် ၁ ၏ ပြဿနာကို ဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်သည်။

“အားလုံး ပုံမှန်ပါပဲ။ အခု စမ်းသပ်ခံရမယ့် သူတွေအားလုံးကိုလည်း ဖမ်းမိထားပြီ၊ ကျွန်တော်တို့ အချိန် နည်းနည်း ထပ်လိုရုံပါပဲ”

သားတော်က ကျေနပ်စွာခေါင်းညိတ်ပြရင်း ကြုံးဝါးလိုက်သည်။

“တိုးတက်မှုကို အရှိန်မြှင့်ပါ။ ကမ္ဘာကြီး ပြန်လည် စတင်ပြီး နောက်ထပ် ဆယ်နှစ်အကြာမှာ စွမ်းအင်တွေ ပြန်လည် နိုးထလာတဲ့အခါ နတ်ဘုရားတွေနဲ့ ယှဉ်နိုင်တဲ့ ကျင့်ကြံသူတွေ ပေါ်လာနိုင်တယ်။ အဲဒီအခါမှာ သူတို့ကို ယှဉ်နိုင်တဲ့ စွမ်းအား ငါ့မှာ ရှိရမယ်”

ထိုသို့ပြောလိုက်မှ သူ၏ စိတ်ထဲတွင် အရေးတကြီး လိုအပ်ချက်တစ်ခုကို ခံစားလိုက်ရသည်။

စွမ်းအင်များ ပြန်လည် နိုးထလာသည်နှင့်အမျှ ကမ္ဘာကြီးသည် ကြီးမားသော အပြောင်းအလဲများကို ကြုံတွေ့ရတော့မည်။။

ဝူရှန်း၏ လမ်းညွှန်ချက်အရ ထိုအချိန်တွင် ကမ္ဘာဂြိုဟ်တစ်ခုလုံးသည် ကြီးမားသော ရတနာသိုက်ကြီးတစ်ခု ဖြစ်လာလိမ့်မည်ဆို၏။

စွမ်းအားကို ပိုင်ဆိုင်ထားသူမှသာလျှင် ဤအံ့သြဖွယ် ရတနာသိုက်ကြီးကို အရယူနိုင်ပေလိမ့်မည်။

“နတ်ဘုရားတွေနဲ့ ယှဉ်နိုင်တဲ့...”

ဖုန်းချီက တိုးတိုးလေး ရေရွတ်လိုက်သည်။

“သားတော်က နတ်ဘုရားတွေကို ကျိန်းသေပေါက် ကျော်ဖြတ်နိုင်မှာပါ”

“ဟွန့်.. ဒီနတ်ဘုရားတွေက ဒဏ္ဍာရီထဲကလို အားနည်းတဲ့သူတွေ မဟုတ်ဘူး။

သာမန် ဒုံးကျည်တွေနဲ့ အလင်းအလျင် လက်နက်တွေက သူတို့ကို မယှဉ်နိုင်ဘူး။"

"ကောင်းကင်မျက်လုံးဒါမှမဟုတ် ကန်ရှင်းက အဆင့်မြင့်ဆုံး လက်နက်တွေနဲ့မှ သူတို့ကို နှိမ်နင်းနိုင်မှာ။"

"ဘာပဲဖြစ်ဖြစ်၊ အဲဒီလူတွေက ကျင့်ကြံသူတွေထဲက စိတ်ဝိညာဉ်အဆင့် စွမ်းအားရှင်

တွေပဲ”

သူတော်စင်သားတော်က ရိုသေလေးစားစွာ ပြောလိုက်သည်။

သူသည် ပြန်လည်မွေးဖွားလာသူ မဟုတ်ပေ။

သို့သော် သူသည် ပြန်လည်မွေးဖွားလာသူ တစ်ဦးကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

ထို့ကြောင့် နောက်ထပ် ဆယ်နှစ်အကြာတွင် ဟင်းလင်းပြင် အက်ကွဲကြောင်းများ ပွင့်လာပြီး ကျင့်ကြံသူ အမြောက်အမြား ဆင်းသက်လာမည်ကို သူသိနေ၏။

ထိုသူများထဲတွင် နတ်ဘုရားများဟု ခေါ်သည့် စိတ်ဝိညာဉ် အဆင့်များ ပါဝင်ပြီး သာမန်ဒုံးကျည်များသည် ထိုစိတ်ဝိညာဉ် အဆင့်တစ်ဦးကို ဘာမှ မလုပ်နိုင်ပေ။

ကောင်းကင်မျက်လုံး အဆင့်ရှိသည့် လက်နက်များကသာ စိတ်ဝိညာဉ် အဆင့် ပညာရှင်ကို တိကျစွာ ချေမှုန်းနိုင်လေသည်။

သူတော်စင်သားတော်သည် ရည်မှန်းချက် ကြီးမား၏။ သူသည် နောက်ထပ် ဆယ်နှစ်အတွင်း နတ်ဘုရားများနှင့် ယှဉ်နိုင်ပြီး ဝူရှန်းကို ကျော်ဖြတ်လိုခြင်း ဖြစ်သည်။

ထိုအချိန်တွင် ဆရာတော် ဖုန်းချီ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

သူ့၏ ဆက်သွယ်ရေး ကိရိယာမှာ အမြင့်ဆုံး အဆင့် သတိပေးချက်ဖြင့် မြည်လာသောကြောင့်ပင်။

သူတော်စင်သားတော်က တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြ၏။

“ဖြေလိုက်ပါ”

ဖုန်းချီသည် အလျင်အမြန်ပင် ဆက်သွယ်ရေး ကိရိယာကို ဖွင့်ပြီး လေးလံသောအသံဖြင့် မေးလိုက်သည်။

“ဘာဖြစ်တာလဲ”

“ဘုန်းတော်ကြီး ၊ သတင်းဆိုးပါပဲ။ နတ်ဘုရား အမှတ်စဉ် ၁... ပျောက်သွားပါပြီ”

“ဘာ”

ဖုန်းချီ၏ မျက်နှာမှာ အလွန်အမင်းပျက်သွားတော့သည်။ သူသည် သားတော်ကို ကြောက်လန့်တကြား တစ်ချက် လှမ်းကြည့်လိုက်ပြီး အသံမှာလည်း စူးရှသွားသည်။

“တကယ်ပဲ ဘာဖြစ်သွားတာလဲ။

ရှောင်ဟွမ်တန်စခန်းက စစ်သားတွေက ခွန်အားနတ်ဘုရား အမှတ်စဉ် ၁ ကို သတ်လိုက်တာလား။"

"ကုတန်ရန် ဘယ်မှာလဲ။ သူ့ကို ငါ့ဆီ လာတွေ့ခိုင်းလိုက်”

ဖုန်းချီ အလွန် ဒေါသထွက်သွားသည်။

နတ်ဘုရား အမှတ်စဉ် ၁ သည် ရတနာတစ်ခု ဖြစ်ပြီး သားတော်အတွက် စစ်သားသုံးထောင်ရှိသည့် စခန်းတစ်ခုလုံးထက်ပင်ပို၍ တန်ဖိုးရှိ၏။

စစ်သားသုံးထောင် သေသွားလျှင်ပင် ထိုနတ်ဘုရား အမှတ်စဉ် ၁ ကို ဘာမှ မဖြစ်စေရပေ။

“ဘုန်းတော်ကြီး... ကုတန်ရန်ရော... ပြီးတော့ ရှောင်ဟွမ်တန် စခန်းထဲမှာ ရှိသမျှလူတွေ... အားလုံး သေကုန်ပါပြီ”

“ဘာ”

ဘုန်းတော်ကြီးဖုန်းချီမှာ လုံးဝ ဆွံ့အသွားသည်။

အားလုံး သေကုန်ပြီတဲ့လား။

အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ချင်းယွမ် နိုင်ငံက ဘာကိုမှ ဂရုမစိုက်တော့ဘဲ ရှောင်ဟွမ်တန် စခန်းကို ကောင်းကင်မျက်လုံးနဲ့ ပစ်လိုက်တာလား။

“ဆရာတော်၊ စစ်တပ်ကလူတွေ ရိုက်ထားတဲ့ ဗီဒီယို တစ်ခုရှိတယ်။ ကျွန်တော် ပို့ပေးလိုက်ပါ့မယ်။

ပြီးတော့ အနီးနားက မြို့ထဲက လူတွေ ရိုက်ထားတဲ့ ဗီဒီယိုလည်း ရှိတယ်... အဲဒါလည်း ပို့ပေးပါ့မယ်”

ဖုန်းချီ၏ ရင်ထဲတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေပြီး ရင်ခုန်သံများ မြန်နေသည်။

သူတော်စင်သားတော်၏ မျက်လုံးများမှာလည်း အံ့သြမှုများဖြင့် နက်မှောင်သွားသည်။

ထိုနေရာမှာ စစ်သည်သုံးထောင်ကျော် တပ်စွဲထားသည့် ရှောင်ဟွမ်တန် စခန်း ဖြစ်သည်။

မြင့်မြတ်လှသော စိတ်ဝိညာဉ် အဆင့်တစ်ဦးပင်လျှင် ဤကဲ့သို့ စခန်းတစ်ခုကို ကြီးမားသော ပေးဆပ်မှု မရှိဘဲ အပြတ်ရှင်းရန် ခဲယဉ်းလိမ့်မည်။

ဒါပေမဲ့ အခု ရှောင်ဟွမ်တန် စခန်းတစ်ခုလုံး ချေမှုန်းခံလိုက်ရတယ်တဲ့လား။

ဘုန်းတော်ကြီးဖုန်းချီသည် တုန်လှုပ်စွာဖြင့် ဗီဒီယိုကို ဖွင့်လိုက်သည်။ သူတော်စင်သားတော်သည်လည်း ချက်ချင်းပင် အနားသို့ တိုးလာပြီး အခြားသော အဘိုးအိုသည်လည်း လေးနက်သော အမူအရာဖြင့် ကြည့်နေသည်။

ဗီဒီယို စတင်လိုက်သောအခါ တစ်ချိန်က သံမဏိခံတပ်ကြီး ဖြစ်ခဲ့သော နေရာသည် အပျက်အစီးများ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

စစ်သည်တို့၏အလောင်းများ၊ ပြိုကျနေသော နံရံများ၊ ပျက်စီးနေသော သံချပ်ကာကားများနှင့် အမြောက်များမှာ နေရာအနှံ့ ပျံ့ကျဲနေသည်။

စစ်အခြေစိုက် စခန်းတစ်ခုလုံးသည် လူသူကင်းမဲ့ပြီး စစ်မြေပြင်ပျက်ကြီး ဖြစ်နေခဲ့သည်။

သားတော်၏ မျက်လုံးများမှာ အရောင်ပြောင်းသွား၏။

“ဒါက ဒုံးကျည်နဲ့ ပစ်တာ ဒါမှမဟုတ် ကောင်းကင်မျက်လုံး မဟုတ်ဘူး။ တကယ်ပဲ ဘာဖြစ်သွားတာလဲ”

အဘိုးအိုသည်လည်း ထိတ်လန့်သွားပုံရသည်။

ဗီဒီယိုထဲမှ မြင်ကွင်းမှာ အလွန် ကြောက်စရာကောင်းလွန်းသည် မဟုတ်ပါလား။

စစ်သားသုံးထောင် စောင့်ကြပ်နေသည့် စခန်းတစ်ခုက... ဘာအသံမှ မကြားရဘဲ ပျောက်ကွယ်သွားခဲ့သည်။

“အနီးနားက မြို့က လူတွေ ရိုက်ထားတဲ့ ဗီဒီယိုလည်း ရှိသေးတယ်ဆို။ အဲဒါကို ကြည့်ရအောင်”

အဘိုးအိုက ချက်ချင်း အကြံပြု၏။

ချက်ချင်းပင် သူတို့ သုံးဦးစလုံး ဆက်သွယ်ရေး ကိရိယာကို ကြည့်လိုက်ကြသည်။

မျက်နှာပြင်ပေါ်တွင် နီရဲနေသော အလင်းတစ်ခုကိုသာ သူတို့ မြင်လိုက်ရသည်။

ထို့နောက် တောင်ငယ်တစ်ခုလောက် ကြီးမားသည့် ဓားကြီးတစ်စင်းက ကောင်းကင်တွင်ပေါ်ပြီး ရုတ်တရက် မြေပြင်ပေါ်သို့ စိုက်ဆင်းသွားလေ၏။

စစ်အခြေစိုက် စခန်းတစ်ခုလုံးသည် ချက်ချင်းပင် နီရဲနေသော အလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက်... ပြန်လည် ငြိမ်သက်သွားခဲ့သည်။

သားတော်၏ မျက်လုံးများမှာ ထိတ်လန့်မှုများဖြင့် ပြည့်သွားသည်။

“ဒါက ... နတ်ဘုရားတစ်ပါးပဲ”

ဒါက ကျိန်းသေပေါက် နတ်ဘုရားတစ်ပါး ဖြစ်ရမည်။

ထိုအချိန်တွင် သူတော်စင်သားတော်သည် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခုကို ခံစားလိုက်ရသည်။

နတ်ဘုရား အဆင့်ရှိသော စွမ်းအားရှင်တစ်ဦးက... ဘယ်လိုလုပ်ပြီး လူသားဂြိုဟ်ပေါ်ကို ဆယ်နှစ်စောပြီး ရောက်လာတာလဲ။

ထိုအရာကို တွေးမိသည်နှင့် သားတော်သည် မိမိကိုယ်မိမိ မလုံခြုံတော့ဟု ခံစားရပြီး ကန်ရှင်းသို့ ချက်ချင်းသွားလိုစိတ်များ ဖြစ်ပေါ်လာသည်။

ဘာပဲဖြစ်ဖြစ်.. ကန်ရှင်းကသာ နတ်ဘုရားတွေကို တကယ်တမ်း ရင်ဆိုင်နိုင်ပြီး နတ်ဘုရားတွေရဲ့ စွမ်းအားကိုတောင် နှိမ်နင်းနိုင်လေ၏။

...........

ကားလေးသည် အရှိန်ဖြင့် မောင်းနှင်လာပြီးနောက် ရုတ်တရက် ရပ်တန့်သွားသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် ကျိယွမ်သည် ဖြတ်ထားသောလူခေါင်းတစ်ခုကို အိတ်ထဲသို့ ထည့်ကာ အာကျိဆီသို့ ပစ်ပေးလိုက်၏။

“သေသေချာချာ ထုပ်ထားလိုက်၊ ဒီခေါင်းက တစ်သန်းတန်တယ်”

ကျိယွမ် အလွန် ပျော်ရွှင်နေသည်။

ယခုတစ်ခေါက်တွင် ဤကဲ့သို့သော ဆုလာဘ်မျိုး ရလိမ့်မည်ဟု သူ မျှော်လင့်မထားပေ။

စစ်စခန်းကို အပြတ်ရှင်းပြီးနောက် သူတို့သည် ဝူကွေ့မှ ကားမောင်းပြီး ထွက်ပြေးလာခဲ့ကြသည်။

လောလောဆယ်တွင် လိုက်လံ ဖမ်းဆီးသူများ မရှိသေးပေ။

သို့သော်လည်း လမ်းတွင် ဝူကွေ့စစ်သည်အချို့ စားသောက်နေသည်နှင့် ကြုံတွေ့ခဲ့ရကာ ထိုစစ်သည်များက ကျိယွမ်တို့၏ ကားကို တားလိုက်ကြ၏။

အစပိုင်းတွင်တော့ ငွေအနည်းငယ်ပေးပြီး ထွက်သွားနိုင်မည်ဟု သူတို့ ထင်ခဲ့ကြသည်။

သို့သော် ဝမ်ရှီးချောင်ကို အင်တာနက်ပေါ်တွင် တစ်လလုံးလုံး ဆဲဆိုနေသည့် လူတစ်ယောက်ကို စစ်သည်များထဲတွင် တွေ့လိုက်ရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

တစ်သန်းတန် လူသားပဲ။

အခွင့်အရေးကို လက်လွတ်မခံနိုင်သဖြင့် ကျိယွမ်သည် ထိုလူကို ချက်ချင်းအပြတ်ရှင်းပြီး ခေါင်းဖြတ်လိုက်တော့သည်။

ဝမ်ရှီးချောင်က ထိုလူကို သတ်ပေးနိုင်လျှင် တစ်သန်းပေးမည်ဟု ပြောခဲ့ဖူးသည်မဟုတ်ပါလား။

အခုတော့... တစ်သန်းက လက်ထဲ ရောက်နေလေပြီ။

ကျိယွမ်သည် တော်တော်လေး စိတ်ပျော်နေသည်။ လူတစ်ယောက်ကို ကယ်တင်ရင်း အပိုဝင်ငွေ ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အာကျိသည် သွေးစများခြောက်ကပ်ပြီး ဖြူဖပ်ဖြူရော်ဖြစ်နေသော ခေါင်းပြတ်ကြီးကို ကိုင်ထားရင်း ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသော်လည်း အံကြိတ်ကာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။

မုတ်ဆိတ်ရှည်ကတော့ ဘာပြောရမှန်း မသိတော့ပေ။

ဒီနှာခေါင်းချွန်တဲ့ကောင်ရဲ့ခေါင်းက တစ်သန်း တန်ဖိုးရှိတယ်တဲ့လား။

ထိုခေါင်းသည် နှာခေါင်းအနည်းငယ်ချွန်နေသည်မှလွဲ၍ ထူးထူးခြားခြား လက္ခဏာမရှိပါ။

တောက်..ဒီလိုမှန်းသိရင် ၊ စစ်အခြေစိုက်စခန်းမှာ အရာရှိတွေ အများကြီး ရှိတာ။ နာခေါင်းချွန်တဲ့သူတွေရှာပြီး ခေါင်းနည်းနည်းလောက်ဖြတ်လိုက်ရင် တစ်သန်းမက တန်ဖိုးရှိမှာကို။

သို့သော် ကျိယွမ်ကို ပြန်မမေးရဲသောကြောင့် ဒီအတိုင်းပဲ နေလိုက်ရသည်။

“ဒီလူတွေက တကယ်ပဲ သတ္တိရှိတာပဲ၊ မစ္စတာကျိကိုတောင် ဓားပြတိုက်ရဲတယ်”

မုတ်ဆိတ်ရှည်က သက်ပြင်းချရင်း ပြောလိုက်သည်။

တင့်ကားများ ၊ တိုက်လေယာဥ်များရှိပြီး စစ်သည် ၃၀၀၀ ကျော်ရှိသောအခြေစိုက်စခန်းကြီးတစ်ခုလုံးကို ဓားတစ်ချောင်းဖြင့် မညှာမခုတ်ပိုင်းခဲ့သူအား သေနတ်ပေါက်စ လေးငါးခြောက်လက်သာကိုင်ထားသော တပ်စုလေးတစ်စုက ငွေညှစ်ရန်ကြိုးစားခဲ့လေ၏။

ဒီထက်မိုက်မဲ့တဲ့ကောင်တွေ ဒီကမ္ဘာမှာ ရှာလို့တောင်တွေ့မှာ မဟုတ်ဘူး ။

ထိုအချိန်တွင် ကျိယွမ်သည် တစ်ခုခုကို သတိရသွားပြီး စိုးရိမ်တကြီးဖြင့် ရေရွတ်လိုက်သည်။

“သွားပြီ၊ ငါ တော်တော်ကြီးမားတဲ့မှားယွင်းမှုတစ်ခုကို တွေ့လိုက်ပြီ၊ ငါတို့တော့ သေပြီ”

“ဘာဖြစ်လို့လဲ”

မုတ်ဆိတ်ရှည် လန့်သွားသည်။

ခွမ်းဟွမ်လည်း စိုးရိမ်သွားသည်။ မစ္စတာကျိ၏ မျက်နှာပေါ်တွင် ဤကဲ့သို့သော အမူအရာမျိုး သူ တွေ့ရခဲသည် မဟုတ်ပါလား။

ဆရာကျိတောင် မကိုင်တွယ်နိုင်တဲ့ အရာတစ်ခု ရှိနေလို့လား။

ဒါဆိုရင်တော့ အကြီးအကျယ် ဒုက္ခရောက်ပြီ။

“ငါတို့ ဒီခေါင်းကို သယ်လာတယ် မဟုတ်လား။ ဒါဆိုရင် လုံခြုံရေး စစ်ဆေးမှုကို ဖြတ်လို့ မရတော့ဘူးပေါ့။ ငါတို့ နိုင်ငံထဲကို ဘယ်လို ပြန်ကြမလဲ။"

"ငါက ဥပဒေကို လိုက်နာတဲ့ နိုင်ငံသားတစ်ယောက်ပါ၊ ဥပဒေနဲ့ မကင်းတာ ဘာမှ မလုပ်နိုင်ဘူး။"

"ဒါပေမဲ့ ဒါက ငွေတစ်သန်းလေ၊ အဲဒါနဲ့ဆိုရင် အမဲသားခေါက်ဆွဲ ဘယ်လောက်တောင် ဝယ်စားလို့ ရမလဲဆိုတာ စဉ်းစားကြည့်ဦး”

ကျိယွမ်သည် နှာခေါင်းချွန်၏ခေါင်းကို လက်မလွှတ်နိုင် ဖြစ်နေသည်။

သူသည် ကိုယ်ကျင့်တရားနှင့် အကျိုးအမြတ်ကြားတွင် ဝေခွဲမရတော့ပေ။

ခွမ်းဟွမ်မှာ ခဏမျှ ဆွံ့အသွားပြီးနောက်မှ သက်ပြင်းချ၏။

“စိတ်မပူပါနဲ့ မစ္စတာကျိ။ ဒီခေါင်းကို လုံခြုံရေး စစ်ဆေးမှုကနေ ကျော်ဖြတ်နိုင်အောင် ကျွန်တော် စီစဉ်ပေးပါ့မယ်၊ ဘာပြဿနာမှ မရှိစေရဘူး”

“တကယ်လား”

ကျိယွမ်သည် အနည်းငယ် ပျော်သွားပုံရသည်။

“ဒါဆိုရင်တော့ မင်းကိုပဲ အပ်လိုက်တော့မယ်။ သတိထားနော်၊ ဥပဒေကိုတော့ မချိုးဖောက်နဲ့”

“စိတ်ချပါ၊ အရာအားလုံးကို စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်ဆောင်သွားမှာပါ”

ခွမ်းဟွမ်က ခေါင်းညိတ်လိုက်သည်။ ကျိယွမ်နှင့် အချိန်အတော်ကြာ အတူရှိနေခဲ့သဖြင့် သူသည် ကျိယွမ်၏ လုပ်ပုံလုပ်နည်းများကို ကျင့်သားရနေပြီ ဖြစ်သည်။

မုတ်ဆိတ်ရှည်ကတော့ ကြောင်အသွားရသည်။

ဥပဒေ မချိုးဖောက်ဘူးတဲ့လား။

"ခင်ဗျားက လူပေါင်းထောင်နဲ့ချီ သတ်ထားပြီးတော့မှ... အခုထိ ဥပဒေ လိုက်နာတဲ့အကြောင်း ပြောနေသေးတယ်ပေါ့.."

--------------------

All Chapters