အခန်း (၁-၂)
Vol. 1 Ch. 1-2
ကျင့်ကြံအဆင့်များ
ချီသန့်စင်ခြင်း
အခြေခံအုတ်မြစ် တည်ဆောက်ခြင်း
စိတ်ဝိညာဥ်ပင်လယ်
ရွှေအမြုတေ
အခြေတည်စိတ်ဝိညာဥ်
နတ်ဝိညာဥ်အသွင်ပြောင်းခြင်း
ဟင်းလင်းပြင်သန့်စင်ခြင်း
ကပ်ဘေးခံယူခြင်း
သူတော်စင်(သူတော်စင်/ မဟာသူတော်စင်/သူတော်စင်ဘုရင်) အာဏာရှင်
ခြေလှမ်းတစ်ဝက် ဧကရာဇ်
မဟာဧကရာဇ်
အခန်း (၁) - ဇနီးသည် ထွက်ခွာသွားပြီးနောက် စနစ်ရောက်ရှိလာခြင်း
“ဝူဟောက်… ကျွန်မ တောင်းပန်ပါတယ်… ကျွန်မရဲ့ ပျောက်ဆုံးနေတဲ့ မှတ်ဥာဏ်တွေ ပြန်သတိရလာပြီ… ကျွန်မမှာ မဖြစ်မနေဆပ်ရမဲ့ သွေးကြွေး ရှိနေသေးလို့ ထွက်သွားရတာကို ခွင့်လွှတ်ပေးပါ… ကျွန်မ ရှင့်ကို ကတိပေးတယ်… အတိတ်က အငြိုးအတေးတွေကို အမြန်ဆုံး ဖြေရှင်းပြီးတာနဲ့ ရှင့်ဆီကို ပြန်လာခဲ့မယ်… အဲဒီမတိုင်ခင် ကျွန်မကို ကတိတစ်ခုပေးပါ… ရှင်နဲ့ ကျွန်မတို့သားလေး ကောင်းကောင်းမွန်မွန် နေထိုင်သွားမယ်လို့လေ…”
နှမြောတမ်းတသည့်မျက်ဝန်းတို့ဖြင့် ပြောကြားခဲ့သည့် ဇနီးသည်၏ စကားလုံးများသည် ဝူဟောက် အတွေးထဲသို့ ပြန်လည်ပေါ်ပေါက်လာသည်။
ထို့နောက်တွင်မူ သူမက ပြတ်သားစွာပင် လှည့်ထွက်သွားခဲ့သည်။ ဝူဟောက်၏ မျက်နှာပေါ်၌ မတတ်သာသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
သို့သော်လည်း သူက သူမကို မတားဆီးခဲ့ပေ။ အကြောင်းမှာ သူ၏ကျင့်ကြံမှုအဆင့်ဖြင့် သူမကို လုံးဝ တားဆီးနိုင်မည် မဟုတ်သောကြောင့် ဖြစ်၏။
သူ၏ဇနီးသည် ထွက်ခွာသွားပြီး မကြာမီမှာပင် စက်ရုပ်ဆန်သော အသံတစ်ခုက ဝူဟောက်၏ စိတ်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာသည်။
[ဒင်… သွေးမျိုးဆက်ရင်းနှီးမြှုပ်နှံမှုစနစ်က လက်ခံသူကို ရှာတွေ့ပါပြီ။]
[ဒင်… သွေးမျိုးဆက်ရင်းနှီးမြှုပ်နှံမှုစနစ်က လက်ခံသူနှင့် ချိတ်ဆက်ပြီးပါပြီ။]
“စနစ်လား… ငါ့မှာ ရွှေလက်ချောင်း မရှိတော့ဘူးလို့ ထင်နေတာ… နောက်ဆုံးတော့ ငါလည်း ရလာတာပဲ…”
သူသည် စနစ်နှင့် အမှန်တကယ် ချိတ်ဆက်မိသွားကြောင်း အကြိမ်ကြိမ် အတည်ပြုပြီးနောက် ဝူဟောက်မှာ ငိုချမိမတတ် ဖြစ်သွား၏။ ဝူဟောက်သည် ဤကမ္ဘာမှ မဟုတ်ချေ။ ဝူဟောက်မှာ ကူးပြောင်းလာသူတစ်ယောက် ဖြစ်၏။
မူလဝူဟောက်မှာ ကမ္ဘာမြေဟုခေါ်သော နေရာမှ လာသူဖြစ်ရာ သူက ရွှေလက်ချောင်းများ တည်ရှိနေကြောင်းကို သိရှိနေ၏။ သူ ဤနေရာသို့ ဘာကြောင့် ကူးပြောင်းလာရသလဲဆိုရမူ ဝူဟောက်က မီးနီနေတုန်းလမ်းဖြတ်ကူးနေသော အဘွားအိုတစ်ယောက်ကို စေတနာနှင့် ကူညီပေးလိုက်ရာ အရှိန်မထိန်းနိုင်သော ကုန်တင်ကားတစ်စီး၏ ဝင်တိုက်ခြင်း ခံလိုက်ရသည်။
သို့သော်လည်း အရေးကြီးသည့် ထိုအခိုက်အတန့်၌ ဝူဟောက်က အဘွားအိုကို တွန်းထုတ်လိုက်ပြီးနောက် သူကိုယ်တိုင်မှာမူ အသားစများအဖြစ် ကြေမွသွားခဲ့၏။
ဝူဟောက် မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူသည် ကျင့်ကြံ၍ မသေမျိုးဖြစ်နိုင်သော ဤရွှမ်ထျန်းလောကသို့ ရောက်ရှိနေလေပြီ။ အချိန်အတန်ကြာ နားလည်အောင် ကြိုးစားပြီးနောက် ဤကမ္ဘာကို ရွှမ်ထျန်းတိုက်ဟု ခေါ်ကြောင်း ဝူဟောက် သိရှိသွား၏။
ဤနယ်ပယ်တွင် အင်အားကြီးသူများမှာ ကောင်းကင်နှင့် သက်တမ်းတူအထိ သက်တမ်းရှည်နိုင်ပြီး သူတို့၏အစွမ်းမှာ မြစ်ချောင်းပင်လယ်များကိုပင် ပြောင်းပြန်လှန်နိုင်စွမ်း ရှိလေသည်။
ကမ္ဘာမြေမှ လာသူတစ်ယောက်အနေဖြင့် ဝူဟောက်က စနစ်များအကြောင်း မသိဘဲ နေနိုင်မည် မဟုတ်သကဲ့သို့ ကျင့်ကြံခြင်းကို မတောင့်တဘဲလည်း မနေနိုင်ပေ။ ဝူဟောက်က စနစ်၏ ချိတ်ဆက်မှုကို လက်ခံရန် အသင့်ဖြစ်နေသည့် အချိန်တွင် စနစ်ဟုခေါ်သော အရာတစ်ခုက သူ့ထံ အချိန်အတော်ကြာသည်အထိ ပေါ်မလာခဲ့ပေ။
ဤသို့တွေးမိသောအခါ ဝူဟောက်မှာ သူ၏ရွှေလက်ချောင်းက အခြားအရာတစ်ခုခု ဖြစ်နိုင်သည်ဟု သံသယဝင်သွား၏။ ထို့အတွက် သူသည် စမ်းသပ်မှုများစွာ ပြုလုပ်ခဲ့ပြီး သူ၏လက်ညှိုးတွင် ဝတ်ဆင်ထားသော သာမန်လက်စွပ်လေးထဲသို့ သွေးချောင်းစီး ဝင်ရောက်သွားကာ တုံ့ပြန်မှုတစ်ခုခု ရှိမရှိ ကြည့်ရှုခြင်းမျိုးပင် ပါဝင်ခဲ့သည်။ ဟုတ်ပါသည်။ နောက်ဆုံးရလဒ်မှာ ဝူဟောက်က လုပ်ဆောင်မှုမအောင်မြင်ဘဲ သွေးလွန်ကာ မေ့မြောသွားခြင်းပင် ဖြစ်သည်။
နိုးလာပြီးနောက် ဝူဟောက်က ဆက်လက်၍ သေကြောင်းကြံရန် မကြိုးစားတော့ချေ။ သူ့တွင် ရွှေလက်ချောင်း မရှိသောကြောင့် သူ၏ပင်ကိုယ်စွမ်းရည်က အလွန်ကောင်းမွန်ရမည်ဟု သူ တွေးလိုက်မိ၏။
ထိုအတွေးနှင့်အတူ ဝူဟောက်က ဂိုဏ်းတစ်ခုကို ဖြစ်သလိုရှာ၍ သူ၏ပင်ကိုယ်စွမ်းရည်ကို စမ်းသပ်ရန် စီစဉ်လိုက်သည်။ သို့သော် သူ့တွင် သာမန်အဆင့်နိမ့်ဝိညာဉ်အမြစ်မျှသာ ရှိကြောင်း မမျှော်လင့်ထားခဲ့ပေ။
သို့ဖြစ်ရာ အံ့ဩစရာမရှိဘဲ ဝူဟောက်မှာ ထိုဂိုဏ်းတွင် ဆယ်နှစ်တိတိ နေထိုင်ခဲ့ပြီးနောက် သာမန်သေမျိုးအဆင့်မှ ချီသန့်စင်ခြင်းအထွတ်အထိပ်အဆင့်သို့ ကံကောင်းစွာဖြင့် တက်လှမ်းနိုင်ခဲ့သည်။
ထို့နောက် သူက ဂိုဏ်း၏ စစ်ဆေးမှုတွင် ကျရှုံး၍ နှင်ထုတ်ခြင်း ခံလိုက်ရ၏။
ထို့နောက်ပိုင်းတွင် ဝူဟောက်သည် တောင်တန်းများကြား အလွန်ချောမောလှပသော နတ်မိမယ်လေးတစ်ပါးကို တွေ့ရှိခဲ့သည်။ သို့သော်လည်း တစ်ဖက်လူမှာ မှတ်ဉာဏ်များ ပျောက်ဆုံးနေဟန်တူ၏။ သူမ မည်က စုချောင်ရန်ပင်။ ဝူဟောက်က ချိုသာသောစကားများဖြင့် အောင်မြင်စွာ လှည့်ဖြား၍ သူမကို သူ၏ဇနီးအဖြစ် သိမ်းပိုက်နိုင်ခဲ့သည်။
သူတို့၏ လက်ထပ်ပြီး ငါးနှစ်အကြာတွင် တစ်ဖက်လူမှာ သူ၏ရင်သွေးကို နောက်ဆုံး၌ လွယ်ခဲ့ရသည်။ ရလဒ်အနေဖြင့် ဝူဟောက် မမျှော်လင့်ထားသည်မှာ သူ၏ရင်သွေးကို မွေးဖွားပြီးနောက်တွင် သူမ၏ ပျောက်ဆုံးနေသော မှတ်ဉာဏ်များကို ပြန်လည်ရရှိသွားပြီး လက်စားချေရန်ဟူသော စကားကို ပြောကာ လှည့်ထွက်သွားခဲ့ခြင်း ဖြစ်သည်။
သို့သော် ထွက်မသွားမီ သူမက ဝူဟောက်ထံ ကျင့်ကြံခြင်းအရင်းအမြစ်အချို့ကို ပစ်ပေးခဲ့ပြီး ဝူဟောက်ကို ဤနေရာတွင် ကောင်းမွန်စွာ ကျင့်ကြံရန် ပြောကြားခဲ့၏။ သူမသည် သူ့ထံ မုချပြန်လာမည် ဖြစ်သည်။
ပြန်လည်အမှတ်ရခြင်းမှာ ဤတွင် ရပ်တန့်သွား၏။
မကြာမီ ဝူဟောက်သည် စနစ်၏အသုံးပြုပုံကို နားလည်သွားသည်။ အမည်တွင် ဖော်ပြထားသည့်အတိုင်း ဝူဟောက်က သူ၏မျိုးဆက်များတွင် ရင်းနှီးမြှုပ်နှံနိုင်၏။ မျိုးဆက်၏ ဝိညာဉ်အမြစ်က ပို၍ထူးချွန်လေလေ ဝူဟောက်ထံ ပြန်လည်ပေးအပ်မှုက ပို၍ကွဲပြားလေလေ ဖြစ်သည်။
အဆင့်နိမ့်ဝိညာဉ်အမြစ်က ဆယ်ဆ ပြန်လည်ပေးအပ်ပြီး အလယ်အလတ်ဝိညာဉ်အမြစ်က အဆတစ်ရာ ပြန်လည်ပေးအပ်သည်။ အဆင့်မြင့်ဝိညာဉ်အမြစ်က အဆတစ်ထောင်၊ အထွတ်အထိပ်ဝိညာဉ်အမြစ်က အဆတစ်သောင်း ပြန်လည်ပေးအပ်၏။ အကယ်၍ သူ၏မျိုးဆက်တွင် ဒဏ္ဍာရီလာ ကံကြမ္မာ၏ရွေးချယ်ခံကလေး ကံကြမ္မာ ရှိနေပါက ကြောက်မက်ဖွယ်ကောင်းသော အဆတစ်သန်း ပြန်လည်ပေးအပ်မှုအထိ ရရှိနိုင်ပေသည်။
စနစ်၏လုပ်ဆောင်ချက်များကို ဖတ်ရှုပြီးနောက် ဝူဟောက်မှာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။ ဆိုလိုသည်မှာ သူ့တွင် မျိုးဆက်များလေလေ သူ၏ကျင့်ကြံမှုအဆင့်က မြင့်မားလေလေ ဖြစ်သည်။
အကယ်၍ သူ၏မျိုးဆက်တွင် ကံကြမ္မာ၏ရွေးချယ်ခံကလေး ကံကြမ္မာ ရှိနေပါက သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့သာ ကျင့်ကြံရန် လိုအပ်ပြီး အဆတစ်သန်း ပြန်လည်ပေးအပ်မှုအောက်တွင် သူတော်စင်အဆင့်အဖြစ်သို့ပင် တိုက်ရိုက် တက်လှမ်းနိုင်ဖွယ်ရှိသည်။
“စနစ်… ကနဦးလက်ဆောင်ထုပ်ကရော…”
ဝူဟောက်က တစ်စုံတစ်ခုကို သတိရသွားပြီး အလျင်အမြန် မေးမြန်းလိုက်၏။ ကမ္ဘာကူးပြောင်းသူများ၏ စနစ်များတွင် ကနဦးလက်ဆောင်ထုပ် ပါဝင်သည်ကို သူ တွေ့ဖူးရာ သူ့တွင်မူ မပါဝင်ဘဲ နေမည်လား။
သို့သော် ဝူဟောက်၏စိုးရိမ်မှုမှာ မလိုအပ်သောအရာ ဖြစ်နေ၏။
[ဒင်… လက်ခံသူက ကနဦးလက်ဆောင်ထုပ်ကို ဖွင့်လှစ်လိုက်သည့်အတွက် ဂုဏ်ယူပါသည်။ အထွတ်အထိပ်ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ နှင့် နတ်အဆင့်ကျင့်စဉ် ‘ကောင်းကင်ဧကရာဇ် လမ်းစဉ်ပေါင်းစုံကျမ်း’ ကို ရရှိပါသည်။]
[အထွတ်အထိပ်ဝိညာဉ်ကျောက်တုံး - အင်မော်တယ်ကောင်းကင်ဘုံသို့တက်လှမ်းခြင်းမတိုင်မီ အကောင်းဆုံး ကျင့်ကြံခြင်းအရင်းအမြစ်။]
[ကောင်းကင်ဧကရာဇ် လမ်းစဉ်ပေါင်းစုံကျမ်း - ကျင့်ကြံပြီးနောက် တူညီသောအဆင့်တွင် ပြိုင်ဘက်ကင်း၏။ အဆင့်ကျော်၍ တိုက်ခိုက်ခြင်းမှာ လွယ်ကူသောအလုပ်ဖြစ်ပြီး ဒဏ္ဍာရီလာအဆင့်အထိ ကျင့်ကြံနိုင်ပါသည်။ မှတ်ချက် - လက်ခံသူတစ်ဦးတည်းသာ ကျင့်ကြံနိုင်သည်။]
ကနဦးလက်ဆောင်ထုပ်ထဲမှ ပစ္စည်းများကို မြင်ပြီးနောက် ဝူဟောက်မှာ အသက်ရှူမှားသွားပြီးနောက် သူ၏လက်မောင်းထဲတွင် လဲလျောင်းနေသော ကလေးငယ်လေးကို ငုံ့ကြည့်လိုက်သည်။ ကလေးငယ်လေးမှာ မျက်လုံးကြီးများ ပုတ်ခတ်ပုတ်ခတ်ဖြင့် ဝူဟောက်ကို အပြစ်ကင်းစင်စွာ ကြည့်နေ၏။ ဝူဟောက်၏မျက်နှာပေါ်၌ မျှော်လင့်ချက်အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာသည်။
“ရူလုံ… မင်းအဖေ့ရဲ့ အားကောင်းလာမှုက မင်းအပေါ်မှာပဲ မူတည်နေပုံပဲနော်”
ဝူရူလုံကမူ အားရပါးရ ရယ်မောနေ၏။
ဝူရူလုံသည် သူနှင့် သူ၏ဇနီး စုချောင်ရန်တို့မှ မွေးဖွားလာသော သားငယ်လေးဖြစ်သော်လည်း ယခုအချိန်တွင်မူ သူက ကျင့်ကြံခြင်းကို မစတင်နိုင်သေးပေ။ သူသည် ရှစ်နှစ်သားအရွယ်သို့ ရောက်ရှိမှသာ သူ၏ခန္ဓာကိုယ်ထဲရှိ သွေးကြောများက ပြုစုပျိုးထောင်ခြင်းခံရပြီး ဝိညာဉ်စွမ်းအင်ချီကို ခံနိုင်ရည်ရှိကာ ကျင့်ကြံခြင်းကို စတင်နိုင်မည်ဖြစ်သည်။
ဆိုလိုသည်မှာ ဝူဟောက်သည် သူ၏ ပြိုင်စံရှားလမ်းစဉ်ကို မစတင်မီ ရှစ်နှစ်တိုင်တိုင် စောင့်ဆိုင်းရမည် ဖြစ်၏။ နောက်ဆုံးတွင် အကယ်၍ သူက သူ၏အဆင့်နိမ့်ဝိညာဉ်အမြစ်ကို အားကိုးနေရပါက သူသည် သေသည်အထိ ကျင့်ကြံနေသော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်ပေ။
အဆင့်နိမ့်ဝိညာဉ်အမြစ်တွင်လည်း မသေမျိုးဖြစ်ရန် ကျင့်ကြံနိုင်သည့် အရည်အချင်းရှိသော်လည်း ၎င်းသည် သာမန်လူနှင့် များစွာမကွာခြားချေ။ ကျင့်ကြံခြင်းအရှိန်မှာ အလွန်ပင် နှေးကွေးလှ၏။ သူ၏သက်တမ်းအတွင်း အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်လျှင်ပင် အလွန်ကောင်းမွန်လှပြီ။
သူ့တွင် နတ်အဆင့်ကျင့်စဉ် ရှိနေသော်လည်း ကောင်းမွန်သော ဆော့ဖ်ဝဲသည် ဆော့ဖ်ဝဲ၏ ပြဿနာသာဖြစ်ပြီး ဟာ့ဒ်ဝဲက ဆွဲထားပါက တိုးတက်မည် မဟုတ်ချေ။ သူသည် နောက်ပိုင်းအဆင့်များတွင် သူ၏ပင်ကိုယ်စွမ်းရည်ကို မြှင့်တင်ရပေမည်။
မကြာမီ ရှစ်နှစ်တာကာလသည် ဝူဟောက်၏ စိတ်လှုပ်ရှားနေသော နှလုံးသားထဲတွင် ကုန်လွန်သွားခဲ့ပြီး အစပိုင်းက သူ၏လက်မောင်းထဲမှ ကလေးငယ်လေးမှာ ယခုအခါ ချစ်စရာကောင်းသော ကောင်လေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သည်။
ဝူဟောက်လောက် မချောမောသော်လည်း သူသည် သာမန်လူများထက်မူ များစွာ ပိုမိုကြည့်ကောင်း၏။
ထို့အပြင် ယနေ့သည် ဝူရူလုံ ကျင့်ကြံခြင်းကို စတင်နိုင်သောနေ့ဖြစ်ပြီး ဝူဟောက် လှည့်စားတော့မည့် အချိန်လည်း ဖြစ်လေသည်။
ခြံဝင်းထဲတွင် ဝူဟောက်က သူ၏ရှေ့၌ မျက်နှာတည်ဖြင့် မတ်မတ်ရပ်နေသော ဝူရူလုံကို ကြည့်၍ လေးနက်သောအမူအရာဖြင့် ပြောလိုက်၏။
“သား… ဒီနေ့က မင်းကျင့်ကြံခြင်း စတင်မယ့်နေ့ပဲ… အဆင်သင့်ဖြစ်ပြီလား…”
“ဖေဖေ… ကျွန်တော် အဆင်သင့်ဖြစ်ပါပြီ…”
ဝူရူလုံက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ဝူဟောက်မှာ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ဆက်လက်ပြောကြားလိုက်၏။
“ဒီလိုဆိုရင်တော့ ငါကိုယ်တိုင် မင်းကို ကျင့်ကြံခြင်း စတင်ဖို့ လမ်းညွှန်ပေးမယ်…”
ဝူဟောက် မူလက ကျင့်ကြံခဲ့သော ကျင့်စဉ်မှာ အဝါရောင်အဆင့်ကျင့်စဉ်ဖြစ်ပြီး အလွန်အမင်း အထက်ကန့်သတ်ချက် နိမ့်သော အမျိုးအစားတွင် ပါဝင်သည်။ ကမ္ဘာပေါ်ရှိ ကျင့်စဉ်ထောင်ပေါင်းများစွာဖြင့် မသေမျိုးဖြစ်အောင် ကျင့်ကြံနိုင်သည်ဟု ဆိုသော်လည်း မတူညီသော အဆင့်များရှိသည့် ကျင့်စဉ်များက သူတို့၏ တိုက်ခိုက်ရေးစွမ်းအားနှင့် ပါဝင်သော ဝိညာဉ်စွမ်းအင်ချီပမာဏကို ကိုယ်စားပြုပေသည်။
စုချောင်ရန်၏ နောက်ခံရာဇဝင်ကို သူ မသိရှိသော်လည်း သူမ ထွက်ခွာသွားစဉ်က ဝူဟောက်ထံ အခြေတည်စဝိညာဉ်အဆင့်သို့ ကျင့်ကြံနိုင်ရန် လုံလောက်သော အရင်းအမြစ်များနှင့် ကောင်းကင်အဆင့်ကျင့်စဉ်တစ်ခုကို ပစ်ပေးခဲ့၏။
ကောင်းကင်ဧကရာဇ် လမ်းစဉ်ပေါင်းစုံကျမ်းကို ရူလုံက ကျင့်ကြံနိုင်မည်မဟုတ်သောကြောင့် ဝူဟောက်မှာ စုချောင်ရန် ထားခဲ့သော ကောင်းကင်အဆင့်ကျင့်စဉ်ကို ဝူရူလုံအား မတတ်သာဘဲ သင်ကြားပေးလိုက်ရသည်။ နောင်တွင် သူ ပိုမိုအားကောင်းလာသောအခါ သူ့အတွက် လုံလောက်အောင် ပြန်လည်ဖြည့်ဆည်းပေးမည်ဖြစ်သည်။
ဝူဟောက်ကိုယ်တိုင်မှာမူ ကောင်းကင်ဧကရာဇ် လမ်းစဉ်ပေါင်းစုံကျမ်းကို ရရှိပြီးနောက် သူ၏မူလကျင့်စဉ်ကို ပြတ်သားစွာ ပြောင်းလဲခဲ့ရာ သူ၏ကျင့်ကြံမှုအခြေခံမှာလည်း ထိုအကျိုးဆက်ကြောင့် ပြယ်လွင့်သွားခဲ့၏။ နောက်ဆုံးတွင် ချီသန့်စင်ခြင်းအဆင့်၏ ကျင့်ကြံမှုအခြေခံမှာ အလွန်လျင်မြန်စွာ ကျင့်ကြံနိုင်ပြီး ဝူဟောက်က သူ၏အခြေခံကို ပိုမိုခိုင်မာစေလိုသည်။ ချီသန့်စင်ခြင်းအဆင့် ဖြစ်နေလျှင်ပင် အဆင်ပြေ၏။
သူ့တွင် ကျင့်ကြံခြင်းအတွေ့အကြုံ ရှိနှင့်ပြီးဖြစ်သောကြောင့် ဝူဟောက်သည် ဤရှစ်နှစ်တာကာလတိုအတွင်း ချီသန့်စင်ခြင်းအထွတ်အထိပ်သို့ ပြန်လည်ကျင့်ကြံနိုင်ခဲ့ပြီး သူ ဂိုဏ်းတွင် ရှိနေစဉ်ကထက် နှစ်နှစ်ပင် ပိုမိုမြန်ဆန်ခဲ့၏။
အခန်း (၂) - အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းခြင်း
ဝူဟောက်သည် ချီသန့်စင်ခြင်းအထွတ်အထိပ်တွင်သာ ရှိနေသော်လည်း ဝူရူလုံကို ကျင့်ကြံမှုတွင် လမ်းညွှန်ပေးခြင်းမှာ အတော်လေး လွယ်ကူလှ၏။ သို့ဖြစ်ရာ ဝူဟောက်၏ လမ်းညွှန်မှုအောက်တွင် ဝူရူလုံသည် ချီကို သူ၏ခန္ဓာကိုယ်ထဲသို့ ချောမွေ့စွာ စုပ်ယူနိုင်ခဲ့ပြီး ချီသန့်စင်ခြင်း၏ ကနဦးအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
ဝူရူလုံတွင် အဆင့်မြင့်ဝိညာဉ်အမြစ် ရှိနေသောကြောင့် ဝူဟောက်သည်လည်း သဘာဝအတိုင်း အဆတစ်ထောင် ပြန်လည်ပေးအပ်မှုကို ရရှိခဲ့၏။
[ဒင်… လက်ခံသူ၏လက်အောက်ရှိ အဆင့်မြင့်ဝိညာဉ်အမြစ် မျိုးဆက်တစ်ဦး တက်လှမ်းသွားကြောင်း ထောက်လှမ်းမိပါသည်။ လက်ခံသူထံ အဆတစ်ထောင် ပြန်လည်ပေးအပ်မှုကို ထောက်ပံ့ပေးလိုက်ပါသည်။]
စနစ်၏အသံ ကျဆင်းသွားသည်နှင့် ကြီးမားကျယ်ပြန့်ပြီး သန့်စင်သော ဝိညာဉ်စွမ်းအင်တစ်ခုက ဝူဟောက်၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်းပင် စီးဝင်လာပြီး သူ၏ကျင့်ကြံခြင်းဆိုင်ရာ အခက်အခဲကို တစ်မဟုတ်ချင်း ဖောက်ထွက်သွားစေသည်။ မကြာမီ ဝူဟောက်သည် ချီသန့်စင်ခြင်းအထွတ်အထိပ်မှ အခြေခံတည်ဆောက်ခြင်း၏ အလယ်အလတ်အဆင့်သို့ တိုက်ရိုက် တက်လှမ်းသွားတော့သည်။
ဝူဟောက်သည် သူ၏လက်ရှိ ကျင့်ကြံမှုအဆင့် တိုးတက်မှုကို အတော်လေး ကျေနပ်မိ၏။ သူသည် ခြေတစ်လှမ်းတညဖြင့် မသေမျိုးတစ်ပါး ဖြစ်လာနိုင်မည် မဟုတ်သည်မှာ သေချာသည်။ နောက်ပိုင်းကိစ္စများကို နောက်မှ စိုးရိမ်ပူပန်မည် ဖြစ်သည်။ ယခုအချိန်တွင် အရေးကြီးဆုံးမှာ သူ၏သားကို ကျင့်ကြံရန် တိုက်တွန်းပြီး မိသားစုကို တိုးချဲ့ရန်အတွက် ဇနီးအနည်းငယ် ယူစေခြင်းပင် ဖြစ်သည်။
ဝူဟောက်သည် ကံကြမ္မာ၏ရွေးချယ်ခံကလေး၏ အဆတစ်သန်း ပြန်လည်ပေးအပ်မှုကို အလွန်ပင် တပ်မက်နေမိသည်။
“ဖေဖေ… ကြည့်ပါဦး… ကျွန်တော် ချီသန့်စင်ခြင်းရဲ့ ကနဦးအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ…”
ဝူရူလုံသည် ဝူဟောက်ရှေ့သို့ ပြေးလာပြီး စိတ်လှုပ်ရှားသော အမူအရာဖြင့် ပြောလိုက်သည်။
ဝူဟောက်မှာမူ သက်ပြင်းချလိုက်ပြီး အနည်းငယ် စိတ်ပျက်သောအမူအရာဖြင့် ဆိုလိုက်၏။
“သား… ဖေဖေ ကျင့်ကြံခဲ့တဲ့ အချိန်တုန်းက ချီသန့်စင်ခြင်းရဲ့ ကနဦးအဆင့်ကို တက်လှမ်းဖို့ တစ်မိနစ်တောင် မကြာဘူးဆိုတာ မင်းသိသင့်တယ်… ဒါပေမဲ့ အခုမင်းကိုကြည့်ဦး… ချီသန့်စင်ခြင်းရဲ့ ကနဦးအဆင့်ကို တက်လှမ်းဖို့ နှစ်နာရီတိတိ အချိန်ယူခဲ့ရတာတောင် အရမ်းပျော်နေတယ်… ငါ့အမြင်မှာတော့ မင်းက အရမ်းမာနကြီးလွန်းနေသေးတယ်…”
ထိုစကားကို ကြားသောအခါ ဝူရူလုံ၏ မျက်နှာပေါ်၌ ရှက်ရွံ့သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ သူသည် နှစ်နာရီမျှဖြင့် မသေမျိုးဖြစ်ခြင်းလမ်းစဉ်ပေါ်သို့ ခြေချနိုင်ခြင်းမှာ အတော်လေး ကောင်းမွန်သည်ဟု မူလက ထင်မှတ်ထားခဲ့သော်လည်း သူ၏ဖခင်မှာ သူ့ထက်ပင် ပိုမို၍ ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် ပိုမို၍ ကြိုးစားလုပ်ဆောင်ရန် လိုအပ်နေပုံရ၏။
သို့သော် ဝူရူလုံ မသိခဲ့သည်မှာ အမှန်တကယ်တွင် ဝူဟောက်သည် ချီသန့်စင်ခြင်းအဆင့်သို့ ခြေချရန်အတွက် တစ်နှစ်တိတိ အချိန်ယူခဲ့ရခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် သူသည် ချီသန့်စင်ခြင်းအထွတ်အထိပ်သို့ တက်လှမ်းရန်အတွက်သာ ဆယ်နှစ်တိတိ အချိန်ဖြုန်းခဲ့ပြီး ဂိုဏ်းမှပင် နှင်ထုတ်ခံခဲ့ရမည် မဟုတ်ပေ။
“ကျွန်တော် နားလည်ပါပြီ ဖေဖေ… ကျွန်တော် သေချာပေါက် အားသွန်ခွန်စိုက် ကျင့်ကြံပါမယ်…”
ဝူရူလုံသည် ဝူဟောက်ကို လေးနက်သော အမူအရာဖြင့် ကြည့်၍ ပြောလိုက်၏။ ဤသည်ကို မြင်သောအခါ ဝူဟောက်သည် ကျေနပ်စွာ ခေါင်းညိတ်ပြီး ဆိုလိုက်သည်။
“မဆိုးဘူး… ဒီလိုဆိုရင်တော့ ဖေဖေ မင်းအတွက် ပန်းတိုင်တစ်ခု သတ်မှတ်ပေးမယ်… သုံးနှစ်အတွင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းရမယ်… မင်းမှာ ယုံကြည်ချက်ရှိလား…”
“သုံးနှစ်လား… ကျွန်တော် နားလည်ပါပြီ ဖေဖေ… ကျွန်တော် သုံးနှစ်အတွင်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို သေချာပေါက် တက်လှမ်းနိုင်အောင် လုပ်ပါ့မယ်…”
ဝူရူလုံသည် မဆိုင်းမတွ သဘောတူလိုက်၏။
ထို့နောက် ဝူဟောက်က သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူပြီး ဝူရူလုံထံ ပေးလိုက်သည်။
သူ၏သား၏ အနည်းငယ် စပ်စုသော မျက်လုံးများကို ကြည့်ရင်း ဝူဟောက်က ရှင်းပြလိုက်၏။
“ဒါက သိုလှောင်လက်စွပ်ပဲ… အတွင်းထဲမှာ ငါမင်းကို ပေးထားတဲ့ အရင်းအမြစ်တွေ ရှိတယ်… မင်း ဒီကာလအတွင်းမှာ ကျင့်ကြံဖို့အတွက် ဒီအထွတ်အထိပ်ဝိညာဉ်ကျောက်တုံးတွေကို သုံးလိုက်ရုံပဲ…”
အတွင်းတွင် အထွတ်အထိပ်ဝိညာဉ်ကျောက်တုံးများ ပါဝင်သည်ကို ကြားသောအခါ ဝူရူလုံမှာ အသက်ရှူမှားသွား၏။ သူသည် အထွတ်အထိပ်ဝိညာဉ်ကျောက်တုံးများ မည်မျှ အစွမ်းထက်ကြောင်းကို သိရှိပေသည်။ ဧကရာဇ်များပင်လျှင် အထွတ်အထိပ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုနေကြသေးသည်ဟု ဆိုလျှင် ချဲ့ကားရာ မရောက်ချေ။ ထိုအချက်က ၎င်းတို့ မည်မျှ တန်ဖိုးရှိကြောင်း ပြသနေသည်။
ရွှမ်ထျန်းတိုက်အတွင်း၌ ကျင့်ကြံသူများ အသုံးပြုသော ငွေကြေးမှာလည်း ဝိညာဉ်ကျောက်တုံးများ ဖြစ်ပြီး ဝိညာဉ်ကျောက်တုံးများ၏ လဲလှယ်နှုန်းမှာလည်း အဆတစ်ရာ တိုးမြင့်၏။ ဆိုလိုသည်မှာ အထွတ်အထိပ်ဝိညာဉ်ကျောက်တုံးတစ်တုံးသည် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး တစ်ရာ၊ အလယ်အလတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းနှင့် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သန်းဖြင့် လဲလှယ်နိုင်ပေသည်။
သို့သော် အရေးအကြီးဆုံးအချက်မှာ ဝိညာဉ်ကျောက်တုံးများသည် ကျင့်ကြံသူများအတွက် ကျင့်ကြံရာတွင် အသုံးပြုသော အရင်းအမြစ်များလည်း ဖြစ်နေခြင်းပင် ဖြစ်သည်။ အကယ်၍ သူ့တွင် အထွတ်အထိပ်ဝိညာဉ်ကျောက်တုံးများ ရှိနေပါက ဝူရူလုံ၏ ခန့်မှန်းချက်အရ တစ်တုံးမျှသည်ပင်လျှင် သူ့ကို အခြေခံတည်ဆောက်ခြင်းအထွတ်အထိပ် သို့မဟုတ် ဝိညာဉ်ပင်လယ်အဆင့်သို့ပင် တက်လှမ်းနိုင်စေရန် လုံလောက်ပေမည်။
သို့သော်လည်း ဝူဟောက်က သူ့အား သိုလှောင်လက်စွပ်ကို မည်သို့အသုံးပြုရမည်ကို သင်ကြားပေးပြီးနောက် အတွင်းထဲမှ ဝိညာဉ်ကျောက်တုံး အရေအတွက်ကို သူမြင်သောအခါ ဝူရူလုံသည် ဝူဟောက်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ကာ မေးလိုက်၏။
“ဖေဖေ… ဖေဖေ့ရဲ့ ကျင့်ကြံမှုအဆင့်က အတိအကျ ဘယ်လောက်လဲ…”
“ငါလား… သာမန် ကျင့်ကြံသူလေးတစ်ယောက်ပါပဲ…”
ဝူဟောက်က တစ်ခဏမျှ စဉ်းစားပြီးနောက် အနည်းငယ် နှိမ့်ချသောလေသံဖြင့် ပြောလိုက်သည်။ နောက်ဆုံးတွင် သူသည် လူလိမ်တစ်ယောက်မျှသာ ဖြစ်ပြီး သူသည် လက်ရှိ ရှုံးပွဲမရှိသူ မဟုတ်သေးရာ သူသည် မုချ နှိမ့်ချနေရမည် ဖြစ်၏။
ဝူရူလုံသည် ထိုအကျင့်ကို မည်သည့်နေရာမှ သင်ယူလာသည်မသိ ဝူဟောက်ကို မျက်လုံးလှန်ပြလိုက်၏။ အထွတ်အထိပ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကို ထုတ်ယူနိုင်သော ကျင့်ကြံသူတစ်ယောက်က မည်သို့လျှင် သာမန်ကျင့်ကြံသူလေးတစ်ယောက် ဖြစ်နိုင်မည်နည်း။
သို့သော် ဝူရူလုံက မည်သည့်စကားမျှ မပြောဘဲ သူ၏ဖခင်၏ ကျင့်ကြံမှုအဆင့်ကို အလွန်အမင်း စပ်စုနေမိသည်။ အထွတ်အထိပ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကို ထုတ်ယူနိုင်ရာ သူ၏ဖခင်၏ ကျင့်ကြံမှုအဆင့်မှာ အလွန်မြင့်မားရပေမည် မဟုတ်လား။
အမှန်တကယ်တွင်မူ ထိုသို့မဟုတ်ချေ။ သူသည် သာမန် အခြေခံတည်ဆောက်ခြင်းအလယ်အလတ်အဆင့် တစ်ဦးမျှသာ ဖြစ်သည်။
ဝူဟောက်သည် သူ၏သား၏ အတွေးများကို ယခုအချိန်တွင် ဂရုမစိုက်တော့ပေ။ သူက အထွတ်အထိပ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကို ပေးအပ်လိုက်သည်နှင့် စနစ်၏အသံလည်း ထွက်ပေါ်လာ၏။
【ဒင်… လက်ခံသူက အထွတ်အထိပ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကို ပေးအပ်လိုက်ကြောင်း ထောက်လှမ်းမိပါသည်၊ ပစ်မှတ်မှာ အဆင့်မြင့်ဝိညာဉ်အမြစ် ဖြစ်ပြီး အဆတစ်ထောင် ပြန်လည်ပေးအပ်မှုကို ဖြစ်ပေါ်စေခဲ့ရာ အထွတ်အထိပ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာကို လက်ခံသူ၏ စနစ်နေရာလပ်တွင် သိုလှောင်လိုက်ပါသည်။】
【ဒင်… လက်ခံသူက ကောင်းကင်အဆင့်ကျင့်စဉ်တစ်ခုကို ပေးအပ်လိုက်ကြောင်း ထောက်လှမ်းမိပါသည်၊ ပစ်မှတ်မှာ အဆင့်မြင့်ဝိညာဉ်အမြစ် ဖြစ်ကြောင်း ထောက်လှမ်းမိပြီး အဆတစ်ထောင် ပြန်လည်ပေးအပ်မှုကို ဖြစ်ပေါ်စေခဲ့ရာ ကောင်းကင်အဆင့်ကျင့်စဉ် တစ်ထောင်ကို လက်ခံသူ၏ စနစ်နေရာလပ်တွင် သိုလှောင်လိုက်ပါသည်။】
【ဒင်… လက်ခံသူက အနက်ရောင်အဆင့် သိုလှောင်လက်စွပ်တစ်ကွင်းကို ပေးအပ်လိုက်ကြောင်း ထောက်လှမ်းမိပါသည်၊ ပစ်မှတ်မှာ အဆင့်မြင့်ဝိညာဉ်အမြစ် ဖြစ်ကြောင်း ထောက်လှမ်းမိပြီး အဆတစ်ထောင် ပြန်လည်ပေးအပ်မှုကို ဖြစ်ပေါ်စေခဲ့ရာ အနက်ရောင်အဆင့် သိုလှောင်လက်စွပ် တစ်ထောင်ကို လက်ခံသူ၏ စနစ်နေရာလပ်တွင် သိုလှောင်လိုက်ပါသည်။】
စနစ်၏ သတိပေးသံကို ကြားသောအခါ ဝူဟောက်မှာ ခေါင်းငုံ့၍ တွေးတောမိသည်။ အကယ်၍ သူက စနစ်မှ ပြန်လည်ပေးအပ်သော ဝိညာဉ်ကျောက်တုံးများကို သူ၏သားအား ထပ်မံပေးအပ်မည်ဆိုလျှင် ဤချို့ယွင်းချက်သည် ထပ်မံ၍ ဖြစ်ပေါ်လာမည်လား။
ဤသို့တွေးမိသဖြင့် ဝူဟောက်က လက်တွေ့စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူ စတင်တော့မည်အပြုတွင် စနစ်၏အသံလည်း ထွက်ပေါ်လာ၏။
[ဒင်… လက်ခံသူ၏ အတွေးများကို ထောက်လှမ်းမိပါသည်၊ စနစ်ချို့ယွင်းချက်ကို ပြင်ဆင်ပြီးဖြစ်ပါသည်၊ ကျေးဇူးပြု၍ စနစ်၏ အားနည်းချက်များကို ရှာဖွေရန် မကြိုးစားပါနှင့်။]
“ကောင်းပြီလေ… ငါက အရင်းအမြစ်နည်းနည်း စုဆောင်းမလို့ စဉ်းစားနေတာ…”
ဝူဟောက်က မတတ်သာစွာ တွေးလိုက်သော်လည်း လက်ရှိအရင်းအမြစ်များမှာ သူ၏သားအတွက် အချိန်အတော်ကြာ အသုံးပြုရန် လုံလောက်နေပါပြီ။
အခြားနည်းလမ်းတစ်ခုလည်း ရှိသေး၏။ ၎င်းမှာ ဝူဟောက်က စနစ်မှ ပြန်လည်ပေးအပ်သော အထွတ်အထိပ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာကို အရင်းအမြစ်များဖြင့် လဲလှယ်ပြီးနောက် သူ၏သားအား ပေးအပ်ခြင်း ဖြစ်သည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းက ဝူဟောက်ကို ကြီးမားသော အန္တရာယ်အတွင်းသို့ ကျရောက်စေလိမ့်မည်။
နောက်ဆုံးတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက် အထွတ်အထိပ်ဝိညာဉ်ကျောက်တုံးများသည် အမှန်ပင် အလွန်အဖိုးတန်လှ၏။ အကယ်၍ ဝူဟောက်တွင် အထွတ်အထိပ်ဝိညာဉ်ကျောက်တုံးများ ရှိကြောင်း သိရှိသွားခဲ့လျှင် တစ်တုံးမျှသာ ဖြစ်စေကာမူ ရွှေအမြုတေအဆင့် ကျင့်ကြံသူများပင် လာရောက်လုယူခြင်းကို တွန်းလှန်နိုင်မည်မဟုတ်ပေ။
ဤသည်မှာ လက်ရှိတွင် နှိမ့်ချစွာ ဖွံ့ဖြိုးတိုးတက်လိုသော ဝူဟောက်အတွက် ကောင်းမွန်သောအရာတစ်ခု မဟုတ်သည်မှာ ထင်ရှားလှသည်။
ဟုတ်ပါသည်။ ဝူဟောက်တွင် ယခု အထွတ်အထိပ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာသာမက စုချောင်ရန် ထွက်ခွာသွားစဉ်က ထားခဲ့သော အရင်းအမြစ်များလည်း ရှိနေသေးသည်။ သို့ဖြစ်ရာ သူသည် သူ၏သားအား ပေးအပ်ရန် မဆိုင်းမတွ ဖြစ်နေခဲ့၏။
[ဒင်… လက်ခံသူက အခြေခံတည်ဆောက်ခြင်းဆေးလုံး ဆယ်လုံးကို ပေးအပ်လိုက်သည့်အတွက် ဂုဏ်ယူပါသည်၊ အခြေခံတည်ဆောက်ခြင်းဆေးလုံး တစ်သောင်းကို ရရှိပါသည်။]
[ဒင်… လက်ခံသူက ရွှေအမြုတေဖွဲ့စည်းခြင်းဆေးလုံး ငါးလုံးကို ပေးအပ်လိုက်သည့်အတွက် ဂုဏ်ယူပါသည်၊ ရွှေအမြုတေဖွဲ့စည်းခြင်းဆေးလုံး ငါးထောင်ကို ရရှိပါသည်။]
[ဒင်… လက်ခံသူက ပေးအပ်လိုက်သည့်အတွက် ဂုဏ်ယူပါသည်…]
မကြာမီ စုချောင်ရန် အစောပိုင်းက ထားခဲ့သော အရင်းအမြစ်များသည် ဝူဟောက်၏လက်ထဲတွင် အဆတစ်ထောင် လျင်မြန်စွာ ပွားများလာသည်။ စနစ်သည် တူညီသောအဆင့်ရှိ ပစ္စည်းများကိုသာ ပြန်လည်ပေးအပ်မည်ဖြစ်ပြီး ကောင်းကင်အဆင့်ကျင့်စဉ်တစ်ခုကို ပေးအပ်ပါက တူညီသောအဆင့်ရှိ မူလကောင်းကင်အဆင့်ကျင့်စဉ်ကိုသာ ပြန်လည်ပေးအပ်မည်ဖြစ်ရာ အလွန်ပင် နှမြောစရာကောင်းလှ၏။
သို့သော် ထိုသို့ဖြစ်နေလျှင်ပင် လက်ရှိအရင်းအမြစ်များမှာ ဝူရူလုံကို မသေမျိုးဖြစ်အောင် ကျင့်ကြံရန် လုံလောက်နေပေပြီ။ ဝူရူလုံ မသေမျိုးတစ်ပါး ဖြစ်လာသည့်အချိန်တွင် သူကိုယ်တိုင်မှာမူ မသေမျိုးများအထက်ရှိ ကျင့်ကြံမှုအဆင့်တစ်ခုသို့ တက်လှမ်းနိုင်ဖွယ်ရှိသည်။
စနစ်သိုလှောင်ရာနေရာမှ အရင်းအမြစ်များကို ကြည့်ရင်း ဝူဟောက်သည်လည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ဝူရူလုံကို ကြည့်၍ လေးနက်စွာ ဆိုလိုက်၏။
“ကောင်းပြီ… သွားကျင့်ကြံတော့… အခြေခံတည်ဆောက်ခြင်းအဆင့်ကို အမြန်ဆုံး တက်လှမ်းနိုင်အောင် ကြိုးစား…”
“ဟုတ်ကဲ့ပါ ဖေဖေ…”
မကြာမီ အချိန်သည် ၎င်း၏ အဆက်မပြတ် စီးဆင်းမှုထဲတွင် တိတ်ဆိတ်စွာ ကုန်လွန်သွား၏။ သုံးနှစ်၊ သို့မဟုတ် သုံးနှစ်ပင်မပြည့်ဘဲ တစ်နှစ်မျှသာ ကြာမြင့်ပြီးနောက် ဝူရူလုံသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
ဝူဟောက်မှာလည်း ကြောက်မက်ဖွယ်ကောင်းသော ပြန်လည်ပေးအပ်မှုများကြားတွင် စိတ်ဝိညာဉ်ပင်လယ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားခဲ့၏။
ဝူရူလုံသည် ဆယ့်ငါးနှစ်သားအရွယ်တွင် စိတ်ဝိညာဉ်ပင်လယ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး ဝူဟောက်မှာလည်း သဘာဝအတိုင်း ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဝူရူလုံ ဆယ့်ရှစ်နှစ်သားအရွယ်သို့ ရောက်သောအခါ သူသည် ဝိညာဉ်ပင်လယ်အထွတ်အထိပ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး ဖြစ်သော်လည်း ဝူဟောက်မှာမူ ရွှေအမြုတေအဆင့်၏ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
“အင်း… ငါ့သားရဲ့ ကျင့်ကြံမှုကနေ ငါရတဲ့ ပြန်လည်ပေးအပ်မှုတွေက တစ်ယောက်တည်းဆိုတော့ အရမ်းနည်းနေပုံပဲ… ဒီနှုန်းအတိုင်းဆိုရင် ငါက ဘယ်တော့မှ ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်မှာလဲ…”
ဝူဟောက်က သူ့ဘာသာသူ တွေးလိုက်မိ၏။ သူသည် လက်ရှိတွင် ရွှေအမြုတေအဆင့်၏ နှောင်းပိုင်းအဆင့်၌ ရှိနေပြီး သူ၏သက်တမ်းမှာ ကြောက်မက်ဖွယ်ကောင်းသော နှစ်တစ်ထောင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မသေမျိုးဖြစ်အောင် ကျင့်ကြံခြင်းသည် မူလကတည်းက သဘာဝတရားကို ဆန့်ကျင်သော လုပ်ရပ်တစ်ခု ဖြစ်၏။ သဘာဝတရားကို ဆန့်ကျင်ရာတွင် အောင်မြင်တိုင်း ကြီးမားသောအကျိုးကျေးဇူးများကို ရရှိနိုင်ပြီး ထိုအထဲတွင် သက်တမ်းတိုးခြင်းလည်း သဘာဝအတိုင်း ပါဝင်ပေသည်။
အခြေခံတည်ဆောက်ခြင်းအဆင့်သည် နှစ်နှစ်ရာ၊ စိတ်ဝိညာဉ်ပင်လယ်အဆင့်သည် နှစ်ငါးရာ၊ ရွှေအမြုတေအဆင့်သည် နှစ်တစ်ထောင်၊ အခြေတည်စိတ်ဝိညာဉ်အဆင့်သည် နှစ်သုံးထောင် နှင့် နတ်ဝိဉာဥ်ပြောင်းလဲခြင်းသည် နှစ်တစ်သောင်း သက်တမ်းရှည်နိုင်၏။
သို့သော် ယခု ဝူဟောက်အတွက်မူ ကျင့်ကြံမှုအဆင့် တိုးတက်နှုန်းမှာ အလွန်ပင် နှေးကွေးလွန်းလှ၏။ ရူလုံအတွက် လက်ထပ်ပြီး ကလေးယူရန် အချိန်တန်ပြီဟု ထင်ရပေသည်။ ဤသို့တွေးမိသဖြင့် ဝူဟောက်သည် လက်ရှိတွင် တရားထိုင်ကျင့်ကြံနေသော ဝူရူလုံကို မကြည့်ဘဲ မနေနိုင်တော့ပေ။
သို့သော်လည်း ဝူရူလုံမှာ အနည်းငယ် စပ်စုမိကာ တုန်လှုပ်သွားသည်။
“ထူးဆန်းလိုက်တာ… ငါဘာလို့ နှာချေနေရတာလဲ… အမေက ငါ့ကို သတိရနေလို့များလား…”