အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
အခန်း ၁၉: ခွေးမစင် သွားစားစမ်း
“ကိစ္စမရှိပါဘူး၊ ဒီနေ့က ငါကိုယ်တော်က သူဌေးဝူဆီကို ဧည့်သည်အဖြစ်လာတာ၊ ဧည့်သည်ကို ထပြီးကြိုဆိုရတဲ့ ထုံးစံ ဘယ်မှာရှိလို့လဲ၊ ငါကိုယ်တော် ထိုင်လိုက်ရင် ပြီးတာပဲလေ...”
လီရွှီခွင်က အသက်ကိုပြင်းပြင်းရှူ၍ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။
သူ့ကို ခြိမ်းခြောက်နိုင်လောက်သည့် ခံစားချက်မျိုး ပေးစွမ်းနိုင်သည်ဆိုခြင်းက အနည်းဆုံးတော့ ဝူရူလုံ၏ နောက်ကွယ်တွင် ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်တစ်ဦး ရှိနေကြောင်း ပြဆိုနေသည်။
ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်များက သူ့ လီမင်းဆက်အင်ပါယာတွင် မရှိသည်တော့ မဟုတ်၊ သို့သော် ပြဿနာမှာ သူ့ လီမင်းဆက်အင်ပါယာ၏ ဧကရာဇ်တစ်ပိုင်းအဆင့် ဘိုးဘေးများက သက်တမ်းကုန်ခါနီး ဖြစ်နေကြခြင်းပင်။ အကယ်၍သာ သူတို့ ထွက်လာခဲ့ပါက ခေါင်းတလားထဲသို့ ပြန်လှဲချင်လျှင်ပင် ပြန်နိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် မဖြစ်မနေ လိုအပ်သည့် အခြေအနေမျိုး မဟုတ်ပါက လီရွှီခွင်က ဘိုးဘေးများကို လုံးဝ ပင့်ဖိတ်မည် မဟုတ်ချေ။ ထို့ပြင် သူသိထားသည်မှာ ကျန်မင်းဆက်သုံးခုမှာလည်း အခြေအနေ အတူတူပင် ဖြစ်သည်။
“ဟားးဟားး အရှင်မင်းကြီးကတော့ အလိုက်သိတဲ့လူပဲ...”
ဝူရူလုံက လီရွှီခွင်ကိုကြည့်၍ မျက်နှာတွင် အပြုံးတစ်ခုဖြင့် တည်ငြိမ်စွာ ဆိုလိုက်သည်။ သို့သော် ထိုအပြုံးက မည်သို့ကြည့်ကြည့် လှောင်ပြောင်နေသကဲ့သို့ပင်။
ဤအဖြစ်က ချန်ကျယ်တို့ကို ချက်ချင်းပင် သည်းမခံနိုင်တော့အောင် ပြုလုပ်လိုက်သည်။
“မင်း တော်သင့်ပြီ၊ အရှင်မင်းကြီးက မင်းလိုလူ လှောင်ပြောင်စရာလား...”
“မင်းတို့ နေရာမှာပဲနေ၊ မလှုပ်ရှားနဲ့...”
လီရွှီခွင်က အသက်ကိုပြင်းပြင်းရှူကာ တင်းမာသော မျက်နှာဖြင့် ချန်ကျယ်တို့ကို တားလိုက်သည်။
လာနောက်နေတာလား၊ အကယ်၍သာ လှုပ်ရှားခဲ့ပါက သေသွားမည်မှာ သူတို့သာဖြစ်မည်ဟု လီရွှီခွင်က သေချာပေါက် ပြောရဲသည်။
သို့သော် ချန်ကျယ်တို့က မသိကြပေ၊ သူတို့၏ မျက်နှာများတွင် မယုံနိုင်သော အမူအရာများ ပြည့်နှက်နေသည်။
လီရွှီခွင်မှာမူ ဂရုမစိုက်ဘဲ ဝူရူလုံ၏ တစ်ဖက်တစ်ချက်တွင် ဝင်ထိုင်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ပြန်လည်ဆင်မြန်းကာ ဆိုလိုက်သည်။
“ သူဌေးဝူ ငါကိုယ်တော် တော်တော်လေး သိချင်တာတစ်ခု ရှိတယ်၊ မင်းက နှစ်တစ်ရာမပြည့်တဲ့ အချိန်အတွင်းမှာ ဒီလောက်ကြီးမားတဲ့ ဝူမျိုးနွယ်ကုန်သွယ်ရေးကို ထူထောင်နိုင်ခဲ့တာ၊ ဘာလျှို့ဝှက်ချက်များ ရှိနေလို့လဲ၊ ဒါမှမဟုတ် နောက်ကွယ်မှာ ကူညီမယ့်သူ ရှိနေလို့လား...”
လူတိုင်းက ဉာဏ်ကောင်းသူများ ဖြစ်သောကြောင့် လီရွှီခွင်ကလည်း ဝှက်ဖဲမထားတော့ဘဲ တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။
ဝူရူလုံမှာမူ သက်ပြင်းတစ်ချက်ချ၍ မျက်နှာတွင် အလွန်ပင် စိတ်အားငယ်သော အမူအရာဖြင့် ညည်းညူသော လေသံဖြင့် ဆိုလိုက်သည်။
“ကျွန်တော်လည်း မလုပ်ချင်ပါဘူး၊ ဒါပေမဲ့ လုပ်ငန်းဆိုတာက ကျွန်တော် အစက အပျော်သဘောပဲ လုပ်မလို့၊ ဒါပေမဲ့ မထင်မှတ်ဘဲနဲ့ ဒီလောက်ကြီးမားတဲ့ ကုန်သွယ်ရေးတစ်ခု ထူထောင်မိသွားတယ်၊ တကယ်ကို စိတ်ပျက်စရာပဲ...”
ဝူရူလုံ၏ ကြွားဝါသော လေသံကို ကြားသောအခါ လီရွှီခွင်၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် တောင့်တင်းသွားသည်။ ဝူရူလုံ၏ ဤ မောက်မာသော အမူအရာက အဘယ်ကြောင့် ဤမျှ လက်သီးနှင့်ထိုးချင်စရာ ကောင်းနေရသနည်း။
သို့သော် လီရွှီခွင်က ဝူရူလုံကို မထိပါးမိစေရန် အတင်းအကျပ် သည်းခံထားပြီး ဟားတိုက်ရယ်မောလိုက်သည်။
“ သူဌေးဝူက တကယ်ကို ဟာသဉာဏ်ရွှင်တာပဲ၊ ဒါပေမဲ့ ဘယ်လိုပဲကြည့်ကြည့် သူဌေးဝူက အကူအညီရထားပုံပဲ၊ ဒီနေ့ ဒီမှာရှိနေတာလည်း လူစိမ်းမရှိဘူး၊ မင်းရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ ငါကိုယ်တော်ကို ပြောပြပါလား...”
“ ဟင်…မင်းလျှောက်မပြောနဲ့၊ ဘယ်သူက လူစိမ်းမရှိဘူးလို့ ပြောလို့လဲ၊ မင်းက လူစိမ်းမဟုတ်ဘူးလား... ပြီးတော့ ငါက ဘာလို့ မင်းကို ငါ့နောက်ကွယ်က ဘယ်သူလဲဆိုတာ ပြောရမှာလဲ...”
ဝူရူလုံက မျက်မှောင်ကြုတ်၍ လုံးဝ ညှာတာမှုမရှိဘဲ ပြန်လည်တုံ့ပြန်လိုက်သည်။
ဤသို့ မရိုမသေသော စကားကို ကြားသောအခါ လီရွှီခွင် စကားမပြောမီမှာပင် သူ့နောက်မှ ချန်ကျယ်တို့မှာ သည်းမခံနိုင်တော့ပေ။ သူတို့၏ စိတ်ထဲတွင် လီရွှီခွင်မှာ အမြဲတမ်း အထွတ်အထိပ်တွင် ရှိနေသူဖြစ်ရာ ဝူရူလုံ၏ ဤသို့ စော်ကားမှုကို မည်သို့ ခွင့်ပြုနိုင်မည်နည်း။
“ရိုင်းစိုင်းလိုက်တာ၊ အရှင်မင်းကြီးကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့၊ ငါ့အထင် မင်းက သေလမ်းကိုရှာနေတာပဲ၊ သေစမ်း...”
ဒေါသကြီးသော ချန်ကျယ်က ချက်ချင်းပင် ဒေါသတကြီး ဝူရူလုံထံသို့ သတ်ဖြတ်ရန် ပြေးဝင်သွားသည်။ သို့သော် သူ လက်လှုပ်ရှားလိုက်သည့် တစ်ခဏမှာပင် လီရွှီခွင်၏ လက်ဝါးတစ်ချက်ဖြင့် ဝမ်းဗိုက်ကို အရိုက်ခံလိုက်ရပြီး နေရာတွင်ပင် ဒူးထောက်ကျသွားသည်။
“မင်းမှာ သတ္တိတွေ တော်တော်ရှိနေတာလား ငါကိုယ်တော် စကားမပြောရသေးဘူး၊ ဘယ်သူက မင်းကို လှုပ်ရှားခိုင်းလို့လဲ...”
ချန်ကျယ်၏ မျက်နှာတွင် အလွန်ပင် အံ့အားသင့်သော အမူအရာများ ပြည့်နှက်နေသည်။ လီရွှီခွင်က သူ့ကို လက်ပါလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
သူက အရှင်မင်းကြီး၏ ဂုဏ်သိက္ခာအတွက် လက်လှုပ်ရှားခြင်း ဖြစ်သည် မဟုတ်ပါလား၊ အရှင်မင်းကြီးက သူ့ကို ဘာလို့ လက်ပါရတာလဲ။
သို့သော် ဤအချိန်တွင် လီရွှီခွင်မှာ ပြောမထွက်နိုင်သော ဒုက္ခနှင့် ကြုံနေရသည်။ ဝူရူလုံ၏ ကိုယ်ပေါ်မှ ခြိမ်းခြောက်မှု အငွေ့အသက်ကို သူတစ်ဦးတည်းသာ ခံစားမိသောကြောင့် ဖြစ်သည်။ အကယ်၍ ပြောပြလိုက်ပါက ဝူရူလုံ လှုပ်ရှားလာမည်၊ မလာမည်ကို သူ အာမမခံနိုင်ပေ။
“ဟမ့်၊ ဒီလက်ဝါးတစ်ချက်က မင်းကို သင်ခန်းစာပေးတာပဲ မှတ်လိုက်၊ နောက်တစ်ခါ ငါကိုယ်တော်ရဲ့ အမိန့်မရဘဲနဲ့ မစူးစမ်းနဲ့...”
လီရွှီခွင်က ဟမ့်ခနဲ အသံတစ်ချက်ပြု၍ သူ့နောက်မှ ချန်ကျယ်ကို ဂရုမစိုက်တော့ဘဲ ဝူရူလုံထံသို့ လှည့်ကာ မျက်နှာတွင် ယခင်အပြုံးကို ပြန်လည်ဆင်မြန်းကာ ဆိုလိုက်သည်။
“ သူဌေးဝူ မင်းကို ရယ်စရာဖြစ်သွားစေမိပြီ...”
“ဟားဟားဟား၊ တကယ်ကို ရယ်စရာဖြစ်သွားတာပဲ၊ လက်အောက်ငယ်သားကို ကောင်းကောင်းအုပ်ချုပ်ရမှာပေါ့၊ အမှားလုပ်ရင် ဝန်ခံရမယ်၊ အရိုက်ခံရရင် တည့်တည့်မတ်မတ်နေရမယ်၊ လက်အောက်ငယ်သားတွေက လျှောက်လုပ်နေရင် ငါတို့လို အကြီးအကဲတွေက ဘာလုပ်ဖို့လိုတော့မလဲ...”
ဝူရူလုံကလည်း လိုက်၍ ရယ်မောလိုက်သည်။ သူ၏ မျက်ဝန်းထဲမှ လှောင်ပြောင်သည့် အရိပ်အယောင်များကို လုံးဝ ဖုံးကွယ်မထားပေ။
ဤသည်ကိုမြင်သော လီရွှီခွင်မှာ အနည်းငယ် ဒေါသထွက်သော်လည်း ဟားတိုက်ရယ်မောလိုက်ရုံသာ တတ်နိုင်၏။
လီရွှီခွင်က စကားပြောရန် ကြံရွယ်နေစဉ်မှာပင် ဝူရူလုံက နောက်ဆုံးတွင် စကားစလိုက်သည်။
“အရှင်မင်းကြီး၊ လွန်ခဲ့တဲ့ ရက်ပိုင်းက လူယုတ်မာတစ်ယောက် ကျွန်တော့်ကို လာရှာတယ်၊ အရှင်မင်းကြီးက ကျွန်တော့်ကို သတ်ခိုင်းတယ်လို့ ပြောတယ်၊ ဒါပေမဲ့ ကျွန်တော် သူ့ကို သတ်ပစ်လိုက်တယ်၊ ဒီကိစ္စကို အရှင်မင်းကြီး သိလား... ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က အရှင်မင်းကြီးရဲ့ နာမည်ကိုသုံးပြီး အရှင်မင်းကြီးကို အသရေဖျက်မှာ ကျွန်တော် စိုးရိမ်လို့ပါ...”
ဝူရူလုံက ရုတ်တရက် ဤကိစ္စကို ထုတ်ပြောလိုက်သည်ကို ကြားသောအခါ လီရွှီခွင်၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သို့သော် မကြာမီမှာပင် သတိပြန်ဝင်လာပြီး မျက်နှာတွင် ဒေါသတကြီး အမူအရာဖြင့် ပြန်ပြောသည်။
“ဘာလဲ.. သးဌေးဝူကို လက်ပါရဲတဲ့သူ ရှိတယ်ပေါ့... ငါကိုယ်တော်ရဲ့ နာမည်နဲ့တောင်လာ... တကယ်ကို သတ္တိရှိတာပဲ၊ အသရေဖျက်တာ၊ ဒါက လုံးဝ အသရေဖျက်တာပဲ၊ ငါကိုယ်တော်ရဲ့ နာမည်ကို သုံးပြီး အသရေဖျက်တဲ့သူ ဘယ်သူလဲဆိုတာ ငါကိုယ်တော် သိရင် သူ့ကို ကောင်းကောင်းမွန်မွန် သေခွင့်ပေးမှာ မဟုတ်ဘူး...”
လီရွှီခွင်က ဝူရူလုံက ဤကိစ္စကို ထုတ်ပြောသည်မှာ သူ့ကို ခြိမ်းခြောက်ရန်သာ ဖြစ်သည်ဟု ထင်ခဲ့သည်။ သို့သော် နောက်တစ်ခဏတွင် ဝူရူလုံက ဟမ့်ခနဲ အသံပြု၍ ဆိုလိုက်မည်ဟု သူ မထင်ထားခဲ့ပေ။
“လီရွှီခွင်၊ မင်း ဟန်ဆောင်မနေနဲ့တော့၊ မင်းလုပ်တာ ဟုတ်၊ မဟုတ် လူတိုင်းသိတယ်၊ မင်းက ယောက်ျားတစ်ယောက်ဆိုရင် ဝန်ခံလိုက်၊ ငါက မင်းကို လူတစ်ယောက်အဖြစ် လေးစားနိုင်သေးတယ်...”
ထိုစကားကို ကြားသောအခါ လီရွှီခွင်က ခေါင်းငုံ့လိုက်ပြီးနောက် တစ်ဖန် မော့ကြည့်လာသောအခါ သူ့မျက်ဝန်းထဲတွင် တည်ငြိမ်မှုများ ပြည့်နှက်နေပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။
“ကြည့်ရတာ သူဌေးဝူမှာ ကိုယ်ပိုင်အမြင် ရှိပြီးသားပဲ၊ ဒီလိုဆိုရင်တော့ ငါကိုယ်တော် ဘာမှ ထပ်ပြောစရာ မရှိတော့ဘူး၊ မင်းကြိုက်သလိုသာ လုပ်တော့...”
အရေးတကြီး လုပ်ဆောင်ရမည်မှာ ဤနေရာမှ အရင် ထွက်သွားရန် ဖြစ်သည်။ လီရွှီခွင်က ဝူရူလုံက ဤကိစ္စကို ထုတ်ပြောသည့်အချိန်ကတည်းက သူနှင့် မျက်နှာလွှဲရန် အသင့်ဖြစ်နေပြီး သူ့ရှေ့မှ သူတော်စင်ဘုရင် အထွတ်အထိပ်အဆင့် လေးဦး၏ လက်ထဲမှ လွတ်မြောက်နိုင်ရုံသာမက ပြန်လည်သတ်ဖြတ်နိုင်သည့် ယုံကြည်မှုပင် ရှိနေသည်ကို ခံစားမိသည်။
ဤသို့ဆိုလျှင် မည်သို့ပင်ဖြစ်စေ၊ အရေးအကြီးဆုံးမှာ ဤနေရာမှ အရင် ထွက်သွားရန် ဖြစ်သည်။
လီမင်းဆက်အင်ပါယာသို့ ပြန်ရောက်ပြီးနောက် ဝူရူလုံက လိုက်လာခဲ့ပါက ဧကရာဇ်တစ်ပိုင်းအဆင့် ဘိုးဘေးကို ပင့်ဖိတ်၍ ဝူရူလုံကို ချေမှုန်းရုံသာ ရှိသည်။
“ဟမ့်၊ ငါတို့ ဝူမျိုးနွယ်ကုန်သွယ်ရေးက ဒီနေ့ကစပြီး လီမင်းဆက်အင်ပါယာရဲ့ လုပ်ငန်းတွေကို အလုံးစုံ တိုက်ခိုက်မယ်... မသေမချင်းပဲ...”
ဝူရူလုံက ဆိုပြီးသည်နှင့် ထရပ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် တစ်စုံတစ်ခုကို သတိရသွားပြီး ချန်ကျယ်တို့ကို ကြည့်ကာ အေးစက်စွာ ရယ်မောလိုက်သည်။
“ဒီလို အရှင်မင်းကြီးနောက်ကို လိုက်ပြီး သူတော်စင်ဘုရင်အထွတ်အထိပ်အဆင့်ဖြစ်ရတာ ဂုဏ်ယူစရာလား... နဂါးကိုးကောင်တင် ရထားနဲ့လာတာနဲ့ပဲ မျက်နှာသာရစရာလား...”
ထိုစကားကို ကြားသောအခါ ချန်ကျယ်တို့မှာ ဒေါသထွက်သော်လည်း ပြောမထွက်ရဲပေ။ သို့သော် ဝူရူလုံက ဤမျှနှင့် မကျေနပ်သေးဘဲ လီရွှီခွင်ကို ကြည့်ကာ အေးစက်စွာ ရယ်မောလိုက်သည်။
“ခွေးမစင်သာ သွားစားလိုက်ကြ...”
အခန်း ၂၀: ရှက်ဖွယ်လိလိ ထွက်ခွာခြင်း၊ ရွှမ်ထျန်းတိုက်၏ ပထမဆုံး မိုဘိုင်းဖုန်း
လီရွှီခွင်တို့မှာ အရှက်ကွဲပြီဒ ထွက်ခွာသွားကြရသည်။ အလွန် ဒေါသထွက်နေသော်လည်း သတိထားရသောကြောင့် အတင်းအကျပ် သည်းခံထားလိုက်ရသည်။
“အဖေ တကယ်ပဲ လီမင်းဆက်အင်ပါယာကို တိုက်ခိုက်တတော့မှာလား...”
လီရွှီခွင်တို့ ထွက်သွားပြီးနောက် ဝူချန်းခွင်က ဝူရူလုံ၏ အနားသို့ လာရောက်ပြီး အနည်းငယ် စိုးရိမ်သော လေသံဖြင့် မေးမြန်းလိုက်သည်။
ဝူရူလုံမှာမူ ဟမ့်ခနဲ အသံပြု၍ ဆိုလိုက်သည်။
“သူတို့ လီမင်းဆက်အင်ပါယာက မင်းအဖေကို သတ်ချင်နေတာ၊ ငါက ဒီဒေါသကို မျိုချနိုင်ရင် မင်းအဖေဖြစ်ထိုက်သေးရဲ့လား...”
“ဒါမှမဟုတ် မင်းကြောက်နေတာလား...”
“ကြောက်တယ်... ဘယ်လိုလုပ် ကြောက်မှာလဲ၊ ဒါပေမဲ့ လီမင်းဆက်အင်ပါယာမှာ ဧကရာဇ်တစ်ပိုင်းအဆင့် ဘိုးဘေးတွေ ရှိတယ်လေ... ဒါကြောင့် ကျွန်တော်တို့ မိသားစုက ပြိုင်ဘက်မဟုတ်မှာ စိုးရိမ်လို့ပါ...”
ဝူချန်းခွင်က စဉ်းစားပြီးနောက် ဆိုလိုက်သည်။ သူ့အဘိုး မည်သည့်အဆင့်တွင် ရှိသည်ကို သူ မသိပေ။ သူတို့ မိသားစုတွင် ယခု အစွမ်းအထက်ဆုံးမှာ သူ့သားဖြစ်ကြောင်းသာ သူသိ၏။ သို့သော် သူ့သားမှာလည်း သူတော်စင်ဘုရင်အဆင့်နှင့်သာ မနည်းမများ ယှဉ်နိုင်သေးရာ လီမင်းဆက်အင်ပါယာ၏ ပြိုင်ဘက် မဟုတ်သည်မှာ ထင်ရှားသည်။
“စိတ်ချပါ၊ မင်းအဘိုးက အားလုံးကို သူကြည့်ထားမယ်လို့ ပြောတယ်၊ ငါတို့ စိတ်ကြိုက်သာ လုပ်လို့ရတယ်...”
ဖခင်၏ စကားကို ကြားသောအခါ ဝူချန်းခွင်မှာ မည်မျှပင် စိုးရိမ်နေစေကာမူ လက်ခံလိုက်ရုံသာ တတ်နိုင်ပြီး ဝူမျိုးနွယ်အိမ်တော်သို့ ပြန်ကာ ကျင့်ကြံခြင်းကို အာရုံစိုက်လိုက်သည်။
တစ်ဖက်တွင်မူ လီရွှီခွင်မှာ မင်းဆက်သို့ ပြန်ရောက်ပြီးနောက် ချန်ကျယ်တို့နှင့် ဆွေးနွေးချိန်မရဘဲ လီမျိုးနွယ်မင်းဆက်၏ တားမြစ်နယ်မြေသို့ တန်းတန်းမတ်မတ် လာရောက်ခဲ့သည်။
“လီမင်းဆက်အင်ပါယာရဲ့ လက်ရှိဧကရာဇ် လီရွှီခွင်က ဘိုးဘေးများကို တွေ့ခွင့်တောင်းပါတယ်...”
လီရွှီခွင်က တားမြစ်နယ်မြေ တံခါးဝတွင် ရိုသေစွာ ဆိုလိုက်သည်။ တားမြစ်နယ်မြေကို အစီအရင်ဖြင့် ကာကွယ်ထားရာ ဘိုးဘေးများက ခွင့်မပြုပါက သူက ဧကရာဇ်ဖြစ်နေလျှင်ပင် ဘိုးဘေးများကို တိုက်ရိုက်တွေ့ခွင့် မရပေ။
လီရွှီခွင် စကားပြောလိုက်သည်နှင့် မကြာမီမှာပင် တားမြစ်နယ်မြေ တံခါးဝမှ အစီအရင် ကန့်သတ်ချက်များ ပွင့်သွားသည်။ ဤသည်ကို မြင်သောအခါ လီရွှီခွင်က တားမြစ်နယ်မြေအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
လီရွှီခွင်နှင့်အတူ တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်သွားသောအခါ တားမြစ်နယ်မြေထဲတွင် ခေါင်းတလား တစ်ဆယ့်ရှစ်လုံး စိုက်ထူထားသည်ကို တွေ့ရသည်။ သို့သော် ၎င်းတို့မှာ သာမန်ခေါင်းတလားများ မဟုတ်ဘဲ ဝိညာဉ်ပြန်လည်မွေးဖွားခြင်း ခေါင်းတလားများ ဖြစ်ကြပြီး ထိုထဲတွင် လှဲလျောင်းနေပါက သက်တမ်းကို အလွန်အမင်း တိုးမြှင့်ပေးနိုင်သည်။
ဧကရာဇ်တစ်ပိုင်းအဆင့်၏ နှစ်ခြောက်သိန်း သက်တမ်းမှာ ဝိညာဉ်ပြန်လည်မွေးဖွားခြင်း ခေါင်းတလားထဲတွင် လှဲလျောင်းနေပါက ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်နိုင်ပြီး သက်တမ်းမှာလည်း နှစ်တစ်သန်းနှစ်သိန်းဟူသော ကြောက်မက်ဖွယ်အဆင့်သို့ တိုးမြင့်သွားသည်။
ယခု ရွှမ်ထျန်းတိုက်တွင် ဧကရာဇ်မဆိုထားနှင့် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ တက်လှမ်းရန်ပင် အခက်အခဲများမှာ အလွန်အမင်း တိုးမြင့်လာခဲ့သည်။ ထို့ကြောင့် အထူးအခြေအနေမရှိပါက ရွှမ်ထျန်းတိုက်၏ ဧကရာဇ်တစ်ပိုင်းများမှာ အများအားဖြင့် အိပ်စက်နေသည့် အခြေအနေတွင်သာ ရှိနေကြသည်။
“ရွှီခွင်၊ မင်းငါတို့ကို ရှာတာ ဘာကိစ္စရှိလို့လဲ...”
လီရွှီခွင် တားမြစ်နယ်မြေသို့ ဝင်ရောက်ပြီးနောက် ခေါင်းတလားတစ်လုံးထဲမှ ရှေးကျပြီး ခန့်ညားသော အသံတစ်ခု ထွက်ပေါ်လာသည်။
ဤသည်ကိုမြင်သော လီရွှီခွင်က အလျင်အမြန် ပြန်ဖြေလိုက်သည်။
“ဘိုးဘေး ကျွန်တော်တို့ လီမင်းဆက်အင်ပါယာက အကျပ်အတည်းနဲ့ ကြုံတွေ့နေရလို့ပါ၊ ဒါကြောင့် ဘိုးဘေးတို့ဆီက အကူအညီကို လာတောင်းတာပါ...”
ဆိုပြီးသည်နှင့် လီရွှီခွင်က ဝူမျိုးနွယ်ကုန်သွယ်ရေး၏ ကိစ္စများကို အလျင်အမြန် ပြောပြလိုက်သည်။ ပြီးဆုံးသွားသောအခါ ခေါင်းတလား တစ်ဆယ့်ရှစ်လုံးထဲမှ ဘိုးဘေးများမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။
သူတို့မှာ လီရွှီခွင်က သူတို့ကို လိမ်ညာမည် မဟုတ်ကြောင်းကို သဘာဝအတိုင်း ယုံကြည်ကြသည်။ ထို့ကြောင့် တောင်ပိုင်းနယ်မြေတွင် ဧကရာဇ်တစ်ပိုင်းအဆင့်အသစ် ပေါ်ထွက်လာပြီး သူတို့ လီမင်းဆက်အင်ပါယာကို ပစ်မှတ်ထားနေခြင်း ဖြစ်နိုင်ချေများသည်။
အချိန်အတော်ကြာပြီးနောက် အလယ်ဗဟိုခေါင်းတလားထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။
“မင်းစိတ်ကြိုက်လုပ်ပါ… ကြည့်ရတာ ငါတို့ လှုပ်ရှားတာကြာလို့ ဘယ်သူမဆို ငါတို့ လီမင်းဆက်အင်ပါယာကို အနိုင်ကျင့်လို့ရတယ်လို့ ထင်နေကြပုံပဲ၊ တစ်ဖက်လူက ပြန်တိုက်ခိုက်ရဲရင် ငါကိုယ်တော် ထွက်လာမယ်...”
အလယ်မှ ခေါင်းတလား၏ စကားကို ကြားသောအခါ လီရွှီခွင်၏ မျက်နှာတွင် ဝမ်းသာသော အရိပ်အယောင်များ ပြည့်နှက်သွားသည်။ သူက ထိုခေါင်းတလားကို မှတ်မိသည်။ ထိုထဲတွင် လှဲလျောင်းနေသူမှာ ဧကရာဇ်တစ်ပိုင်းအဆင့် အထွတ်အထိပ် ဘိုးဘေးတစ်ဦးဖြစ်ပြီး အမည်မှာ လီထျန်းရန် ဖြစ်သည်။
“ဟုတ်ကဲ့ပါ၊ ဘိုးဘေး...”
လီရွှီခွင်က ထိုစကားကို ကြားသောအခါ အလျင်အမြန် ထွက်ခွာ၍ လုပ်ဆောင်လိုက်သည်။ မကြာမီမှာပင် လီမင်းဆက်အင်ပါယာနှင့် ဝူမျိုးနွယ်ကုန်သွယ်ရေးတို့၏ စစ်ပွဲကြီးမှာ တစ်ခဏအတွင်း ပေါက်ကွဲထွက်တော့မည် ဖြစ်သည်။
ဤနေရာမှ စစ်ပွဲကြီးဆိုသည်မှာ တိုက်ရိုက်တိုက်ခိုက်ခြင်းကို ဆိုလိုခြင်း မဟုတ်ပေ။ ထိုသို့မဟုတ်ပါက တားမြစ်နယ်မြေထဲမှ ဘိုးဘေးများမှာ ခေါင်းတလားမှ ထ၍ တိုက်ခိုက်လိုက်လောက်ပြီ ဖြစ်သည်။
ဤနေရာမှ စစ်ပွဲကြီးဆိုသည်မှာ စီးပွားရေးစစ်ပွဲကို ဆိုလိုသည်။ ဤသည်မှာလည်း ဝူရူလုံ၏ ယအတွေးပင် ဖြစ်သည်။ အကယ်၍ စွမ်းအားဖြင့် ယှဉ်ပြိုင်မည်ဆိုပါက သူ့ဖခင် ဝူဟောက် ပြန်မလာမချင်း သူတို့မှာ လီမင်းဆက်အင်ပါယာ၏ ပြိုင်ဘက် မဟုတ်ပေ။
သို့သော် စီးပွားရေးစစ်ပွဲဖြစ်ပါက သူကြောက်စရာ မလိုတော့ပေ။ ဤနှစ်များအတွင်း သူက ဖခင်ထံမှ ဖခင်၏ စီးပွားရေးဗဟုသုတများကို ခုနစ်ပိုင်းရှစ်ပိုင်းခန့် သင်ယူထားခဲ့ရာ မည်သို့လုပ်ဆောင်ရမည်ကို သဘာဝအတိုင်း သိရှိနေသည်။
အချိန်မှာ လျင်မြန်စွာပင် ခြောက်လကြာမြင့်သွားခဲ့သည်။ လီမင်းဆက်အင်ပါယာနှင့် ဝူမျိုးနွယ်ကုန်သွယ်ရေးတို့၏ စီးပွားရေးစစ်ပွဲမှာ အပြင်းအထန် ဖြစ်ပွားနေသော်လည်း တစ်ဖက်မှ ဝူဟောက်မှာမူ သူ့၏မိုဘိုင်းဖုန်းကို အာရုံစိုက်၍ တီထွင်နေသည်။
နောက်ဆုံးတွင် ခြောက်လကြာမြင့်ပြီးနောက် ပထမဆုံး မိုဘိုင်းဖုန်း၏ မော်ဒယ်ကို ဝူဟောက်က ဖန်တီးနိုင်ခဲ့သည်။
လက်ထဲမှ မိုဘိုင်းဖုန်းကို ကြည့်ရင်း ဝူဟောက်၏ မျက်နှာတွင် စိတ်အားငယ်သော အမူအရာများ ပြည့်နှက်နေသည်။ နောက်ဆုံးအကြိမ် မိုဘိုင်းဖုန်းကို မြင်ခဲ့ရသည်မှာ သူသေခါနီး နောက်ဆုံးအချိန်ကပင် ဖြစ်သည်။
သို့သော် ယခုမှာ စိတ်မကောင်းဖြစ်နေရမည့် အချိန် မဟုတ်ပေ။ မိုဘိုင်းဖုန်းကို ဖွင့်ကြည့်လိုက်ရာ ဖွင့်ခြင်း၊ ပိတ်ခြင်းတို့မှာ ပြဿနာမရှိချေ၊ သို့သော် ဖန်သားပြင်မှာမူ ဟာလာဟင်လင်း ဖြစ်နေဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အခြားဆော့ဖ်ဝဲများမှာ တီထွင်ပြီးမှသာ ရနိုင်မည် ဖြစ်သောကြောင့်ပင်။
“ငါ့သားက လီမင်းဆက်အင်ပါယာနဲ့ စစ်တိုက်နေတာ မဟုတ်လား... ဒီပစ္စည်းကို သူ့ဆီ ပေးရမယ်...”
ဝူဟောက်က ဤသို့တွေးမိသောအခါ အပြည့်အဝအရှိန်ဖြင့် တောင်ပိုင်းနယ်မြေသို့ ပြန်သွားခဲ့သည်။ ယခု ဝူဟောက်မှာ ဧကရာဇ်အဆင့် နောက်ပိုင်းသို့ တက်လှမ်းပြီးပြီ ဖြစ်သည်။
ဝူယီဖန်နှင့် ဝူယီတောက်ဟူသော ကံကြမ္မာ၏ရွေးချယ်ခံကလေး နှစ်ဦးထံမှ ပြန်လည်ရရှိသော အကျိုးကျေးဇူးများကြောင့် သူ့ကျင့်ကြံမှုအဆင့်မှာ တိုးတက်လိုခြင်း မရှိလျှင်ပင် ခက်ခဲပေသည်။
မကြာမီမှာပင် ဝူဟောက်က ဝူမျိုးနွယ်ကုန်သွယ်ရေး၏ ဌာနချုပ်သို့ ရောက်ရှိလာခဲ့သည်။ ယခုအချိန်တွင် ဝူရူလုံ၏ မျက်နှာတွင် အလွန်ပင် တက်ကြွသော အမူအရာများ ပြည့်နှက်နေသည်။
အဘယ်ကြောင့်ဆိုသော် မကြာသေးမီက သူက နောက်ဆုံးတွင် သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သောကြောင့် ဖြစ်သည်။ သူက နှစ်တစ်ရာပင် မပြည့်သေးသည်ကို သတိပြုရမည်။
နှစ်တစ်ရာမပြည့်သေးသော သူတော်စင်အဆင့်မှာ ရွှမ်ထျန်းလောကတစ်ခုလုံးတွင် အလွန်ပင် ရှားပါးလှသည်။
သို့သော် ဝူရူလုံမှာ အလွန်အမင်း စိတ်လှုပ်ရှားမနေဘဲ အလုပ်ဆက်လုပ်ရန် ပြင်ဆင်လိုက်သည်။ သူတော်စင်အဆင့် အစပိုင်းမှာ လီမျိုးနွယ်မင်းဆက်၏ ရှေ့တွင် ဘာမှ မဟုတ်ပေ။ သို့သော် ဝူရူလုံ လှည့်လိုက်သည့် တစ်ခဏမှာပင် ဝူဟောက်က သူ့နေရာတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
“ဖေဖေ၊ ဘယ်လိုလုပ်ပြီး ပြန်လာတာလဲ... ဆယ်နှစ်ကြာမှ ပြန်လာမယ်လို့ ပြောထားတာ မဟုတ်လား...”
ဝူရူလုံက မျက်နှာတွင် အနည်းငယ် အံ့အားသင့်သော အမူအရာဖြင့် ဆိုလိုက်သည်။ သို့သော် ဝူဟောက်မှာမူ လက်ကို ဝှေ့ယမ်း၍ မိုဘိုင်းဖုန်းကို ထုတ်ယူလိုက်သည်။
“ဒါက အဖေလုပ်ထားတဲ့ ပစ္စည်းသေးသေးလေးပဲ၊ ဒီမှာက ထုတ်လုပ်တဲ့ နည်းစဉ်တွေ၊ ပြီးတော့ တခြား အစီအစဉ်လေးတွေနဲ့ တာဝါတိုင်တွေ တည်ဆောက်တာတွေ၊ ငါမင်းကို ဒီပစ္စည်းတွေကို တောင်ပိုင်းနယ်တစ်ခုလုံးကို အမြန်ဆုံး ဖြန့်ကျက်စေချင်တယ်...”
ဝူဟောက် ထုတ်ယူလိုက်သော ထူထဲသည့် စီမံကိန်းနှင့် အသစ်အဆန်းပုံစံရှိသော မိုဘိုင်းဖုန်းကို မြင်သောအခါ ဝူရူလုံတစ်ယောက်လုံးမှာ နေရာတွင်ပင် ကြက်သေသေသွားသည်။
သို့သော် မကြာမီ သတိပြန်ဝင်လာပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ထိုစီမံကိန်းကို လှန်လှောကြည့်ရှုလိုက်သည်။
ထို့နောက် ထိုမိုဘိုင်းဖုန်းကိုလည်း ကိုင်တွယ်ကြည့်ရှုလိုက်ရာ မျက်နှာအမူအရာမှာ ပိုမို စိတ်လှုပ်ရှားလာသည်။ သူ၏ စီးပွားရေးစွမ်းရည်မှာ ဖခင်ထံမှ သင်ယူခဲ့ခြင်း ဖြစ်သောကြောင့် ဝူရူလုံမှာ အကယ်၍သာ သူက ဤပစ္စည်းကို ဖန်တီးနိုင်ခဲ့ပါက ရွှမ်ထျန်းလောကတစ်ခုလုံးကို အမှန်တကယ် ပြောင်းလဲနိုင်မည်ဟု သိရှိနေသည်။
“ဖေဖေ၊ ကျွန်တော် သိပါပြီ၊ ကျွန်တော် အမြန်ဆုံး လုပ်ဆောင်ပါ့မယ်...”
ဝူရူလုံမှာလည်း ဤကိစ္စ မည်မျှ အရေးကြီးသည်ကို သိရှိနေသည်။ အကယ်၍သာ ဤပစ္စည်းများကို ဖန်တီးနိုင်ခဲ့ပါက သူတို့ ဝူမျိုးနွယ်ကုန်သွယ်ရေးမှာ ရွှမ်ထျန်းလောကတစ်ခုလုံးတွင် အကြီးမားဆုံး အင်အားစု ဖြစ်လာမည်မှာ သေချာသည်။
“အင်း၊ ငါသိပြီ...”
ဝူဟောက်က ထရပ်ကာ ပြောပြီးသည်နှင့် ထွက်ခွာသွားခဲ့သည်။ သားက ဤကိစ္စကို တာဝန်ယူလိုက်ပြီ ဖြစ်သောကြောင့် သူ ဆက်လက်၍ စိတ်ပူစရာ မလိုတော့ပေ။
သူက သားက ရွှမ်ထျန်းလောကတစ်ခုလုံးကို သူမျှော်လင့်ထားသည့် ပုံစံအတိုင်း ပြုပြင်ပြောင်းလဲမည့်အချိန်ကို စောင့်မျှော်နေသည်။ အချိန်သိပ်ကြာမည် မဟုတ်ဟု ထင်ရသည်။
ယခင်ဘဝတွင် ရှေးခေတ်မှ ခေတ်သစ်သို့ ရောက်ရှိရန် နှစ်သုံးရာပင် မကြာမြင့်ခဲ့ရာ ယခု သူ၏ အကူအညီနှင့် ကျင့်ကြံသူများ၏ ကြောက်မက်ဖွယ်ကောင်းသော စဉ်းစားတွေးခေါ်နိုင်စွမ်းတို့ကြောင့် တောင်ပိုင်းနယ်ကို ပြုပြင်ပြောင်းလဲရန် နှစ်တစ်ရာခန့်သာ လိုအပ်ပြီး နှစ်တစ်ထောင်အတွင်း ရွှမ်ထျန်းလောကမှာ မင်းဆက်ပြောင်းလဲသွားမည်။