အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း ၂၁ - ရှေးဟောင်း ကျင့်ကြံသူများအား ခေတ်သစ် တုန်လှုပ်မှု အနည်းငယ် ပေးစွမ်းခြင်း
ဝူရူလုံသည် အမှန်တကယ်ပင် ပါရမီရှင် တစ်ဦးဖြစ်ကြောင်း ဝန်ခံရပေမည်။ ဝူဟောက်ထံမှ ပစ္စည်းကိရိယာများကို ရရှိပြီးနောက် သူသည် မိုဘိုင်းဖုန်းများကို လျင်မြန်ထိရောက်စွာဖြင့် အမြောက်အမြား ထုတ်လုပ်နိုင်ခဲ့လေသည်။
မှန်ပေ၏။ ထုတ်လုပ်ရုံဖြင့် မလုံလောက်သေးပေ။ ဈေးကွက်သို့ မဖြန့်ချိမီ လုပ်ဆောင်ချက် အားလုံးကို ပြီးပြည့်စုံအောင် ဖန်တီးရန်လည်း လိုအပ်ပေသည်။
ကျင့်ကြံသူများ၏ အကူအညီမှာ အလွန်ထိရောက်သော်လည်း ခေတ်မီ ကုမ္ပဏီတစ်ခု တည်ဆောက်ရန်နှင့် ဟာ့ဒ်ဝဲ အစိတ်အပိုင်း အမျိုးမျိုးကို ထုတ်လုပ်ရန်အတွက် အချိန် နှစ်လတိတိ ပေးလိုက်ရ၏။
"သူဌေး ဝူ ဒီပစ္စည်းက တကယ်ကို ကောင်းမွန်လှတယ် ၊ စာအုပ်ထဲက အတိုင်းသာ မှန်မယ်ဆိုရင် ကျွန်တော်တို့ ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းက ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးမှာ အကြီးဆုံး ကုန်သည်အသင်း ဖြစ်လာဖို့ ဘာပြဿနာမှ ရှိမှာ မဟုတ်တော့ဘူး”
အိုယန်ဖုန်းသည် သူ၏လက်ထဲမှ ဖုန်းကို ကိုင်တွယ်ကြည့်ရှုရင်း မျက်နှာတစ်ခုလုံး စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေလေသည်။
တစ်ချိန်တည်းမှာပင် သူဌေးဝူ ဒုက္ခရောက်နေချိန်၌ သူ ထွက်မသွားခဲ့မိသည်ကို အလွန်ပင် ကျေးဇူးတင်မိနေတော့သည်။ သို့မဟုတ်ပါက ဤမျှ များပြားလှသော စည်းစိမ်ချမ်းသာများကို သူတို့ မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။
"ကဲ... စကားများနေတာ တော်လိုက်ကြတော့၊ တာဝါတိုင်စခန်းတွေ ဆောက်လုပ်တာကို အမြန်ဆုံး ပြီးအောင် လုပ်ကြ ၊ လိုင်းမိဖို့က အရေးအကြီးဆုံးပဲ လိုင်းရပြီဆိုတာနဲ့ ငါတို့ဖုန်းတွေကို စတင် ရောင်းချလို့ ရပြီ ပြီးတော့ ပရိုဂရမ်မာတွေ အားလုံးကို အလုပ်ခိုင်းပြီး ဆော့ဖ်ဝဲလ် အမျိုးမျိုး ရေးဆွဲတာကို အပြီးသတ်ဖို့ လိုတယ်”
"ခင်ဗျားတို့ကို ဒီနေရာကနေ ကျွန်တော် အာမခံတယ် ကျွန်တော်တို့ ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းသာ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးမှာ အကြီးဆုံး ကုန်သည်အသင်းကြီး ဖြစ်လာခဲ့ရင် ခင်ဗျားတို့ကို ဧကရာဇ်တပိုင်းအဆင့်ထိ ရောက်အောင် သေချာပေါက် ကူညီပေးမယ် “
ဝူရူလုံသည် ဝူဟောက်ထံမှ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးသည့် နည်းလမ်းအများစုကို သင်ယူထားပြီး ဖြစ်သဖြင့် သူ၏ စကားကို ကြားလိုက်ရသောအခါ အိုယန်ဖုန်းနှင့် အခြားနှစ်ဦးတို့မှာ စိတ်လှုပ်ရှားမှုကို ဖုံးဖိမထားနိုင်တော့ဘဲ ဝူရူလုံအား ဒူးထောက်၍ ကျေးဇူးတင်စကား ဆိုချင်လောက်အောင် ဖြစ်သွားကြသည်။
" သူဌေး ဝူ ကျွန်တော်တို့ သဘောပေါက်ပါပြီ ကျွန်တော်တို့ အသက်ရှင်နေသရွေ့ သူဌေးဝူ ဘာမှမဖြစ်စေရဘူးလို့ အာမခံပါတယ်”
"အဲဒီအကြောင်းတွေ ပြောမနေနဲ့တော့ ၊ သွား... အလုပ်လုပ်ဖို့ သွားတိုက်တွန်းလိုက်ကြဦး “
ဝူရူလုံသည် ဝူဟောက်ထံမှ နည်းပညာများကို သင်ယူပြီးနောက် လျင်မြန်စွာ တတ်မြောက်နိုင်မည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူ အများအပြားကို ရှာဖွေ စုဆောင်းခဲ့သည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ သင်ယူနိုင်စွမ်းမှာ ပြောဖွယ်ရာ မလိုပေ။ သူတို့သည် သဘောတရားများကို ချက်ချင်း နားလည်သဘောပေါက်ကြပြီး ကုဒ်ရေးနည်းကို လျင်မြန်စွာ တတ်မြောက်သွားကြ၏။
နှစ်လတာ အချိန် ကုန်လွန်သွားခဲ့ပြီး ထုတ်ကုန် ဖွံ့ဖြိုးတိုးတက်မှု အပိုင်းအချို့လည်း ပြီးစီးသွားခဲ့လေပြီ။
နောက်တစ်ဆင့်မှာ တာဝါတိုင်စခန်းများ ပြီးစီးရန် ၊ ဖုန်းများ ရောင်းချနိုင်ရန် နှင့် လိုင်းရရှိမည့်အချိန်ကို စောင့်ဆိုင်းရန်သာ ဖြစ်သည်။ ဖုန်းများကို စတင် ဖြန့်ချိလိုက်သည်နှင့် သာမန်လူများသာမက ကျင့်ကြံသူများပါ အလွန် စိတ်ဝင်စားကြလိမ့်မည်ဟု ဝူရူလုံ ယုံကြည်ထားသည်။
ဆိုရလျှင် ရိုးရာ ဆက်သွယ်ရေး ကျောက်တုံးများသည် ဝိညာဉ်စွမ်းအင် လိုအပ်သော်လည်း မိုဘိုင်းဖုန်းများမှာမူ ကွဲပြားခြားနား၏။ ပါဝါနှင့် လိုင်းရှိနေသမျှ ကာလပတ်လုံး အသုံးပြုနိုင်ပေသည်။ အရေးအကြီးဆုံးမှာ ဆက်သွယ်ရေး ကျောက်တုံးများ၏ လုပ်ဆောင်ချက်မှာ အလွန် အကန့်အသတ် ရှိသော်လည်း မိုဘိုင်းဖုန်းများမှာမူ ဘာမဆို နီးပါး လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။
အချိန်တန်လျှင် ဝူရူလုံသည် တုံယင်အက်ပလီကေးရှင်းကို ဖန်တီးမည်ဖြစ်ပြီး ၎င်းသည် ကျင့်ကြံသူ များစွာ၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ နောက်ပိုင်းတွင် မန္တာန်စီရင်တစ်ခု ဖန်တီးပြီး ထည့်သွင်းနိုင်ပါက သူ၏ မိုဘိုင်းဖုန်းကို အသက်ကယ်ရန်အတွက်ပါ အသုံးပြုနိုင်မည်ဟု ယုံကြည်ထားရာ ထိုအချက်က ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းကို အလွန် လူကြိုက်များလာစေလိမ့်မည် ဖြစ်၏။
အခြားတစ်ဖက်တွင်မူ လီမင်းဆက်သည် ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းနှင့် စီးပွားရေးစစ်ပွဲ ဆင်နွှဲရာ၌ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ ဤသည်မှာ ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းက တင်သွင်းလာသော ထူးဆန်းသည့် စီးပွားရေး ပုံစံများကြောင့်သာမက ပို၍ အရေးကြီးသည်မှာ ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်း၏ ကြောက်ခမန်းလိလိ ကြွယ်ဝချမ်းသာမှုကြောင့် ဖြစ်ပေသည်။
ဤစီးပွားရေးစစ်ပွဲတွင် လီမင်းဆက်သည် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးပေါင်း တစ်သိန်းတိတိကို သုံးစွဲခဲ့ကြောင်း သင် သိထားရမည်။ သာမန် မင်းဆက်များ အနေဖြင့် ဤမျှ များပြားသော ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများကို ရှာဖွေရန် ခက်ခဲမည် ဖြစ်ရာ လီရွှီခွင်သည် ဤတစ်ကြိမ်တွင် အမှန်တကယ် အစွမ်းကုန် ကြိုးစားခဲ့ကြောင်း ပေါ်လွင်နေ၏။
သို့သော်လည်း သူ အံ့အားသင့်ရလောက်အောင်ပင် ထိုသို့ သုံးစွဲလိုက်ခြင်းက မည်သည့် ဂယက်ရိုက်ခတ်မှုကိုမျှ မဖြစ်စေခဲ့ဘဲ လီဝမင်းဆက်၏ စီးပွားရေးလုပ်ငန်းများသာ ဆက်တိုက် ကျဆင်းလာခဲ့ရသည်။
"တောက်... ဒီပြဿနာကို ဖြေရှင်းဖို့ အင်အားသုံးတဲ့ နည်းလမ်းတစ်ခုပဲ ရှိတော့တာလား”
ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်း၏ နောက်ကွယ်တွင် ဧကရာဇ်တပိုင်းအဆင့် တိုက်ခိုက်ရေး အင်အားစု ရှိနေကြောင်း အတည်ပြုပြီးနောက် လီရွှီခွင်သည် ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းနှင့် ထိပ်တိုက် ဆုံတွေ့ရန် စိတ်ကူးမရှိတော့ပေ။ အကယ်၍ သူသာ ဘိုးဘေးကို အရေးယူခိုင်းမည်ဆိုပါက ၊ ပေးဆပ်ရမည့် တန်ဖိုးမှာ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး တစ်သိန်းထက် များစွာ ကျသင့်မည် ဖြစ်သည်။
ပြန်လည်မွေးဖွားခြင်း ခေါင်းတလားသည် တစ်ကြိမ်သာ အလုပ်လုပ်၏။ ဆိုလိုသည်မှာ ပြန်လည်မွေးဖွားခြင်း ခေါင်းတလားထဲမှ ထွက်လာသည်နှင့် ပိုနေသော သက်တမ်း နှစ်ပေါင်း ခြောက်သိန်းမှာ ပျောက်ကွယ်သွားမည် ဖြစ်သည်။
လီမင်းဆက်၏ ဘိုးဘေးများသည် နှစ်ပေါင်း ခြောက်သိန်းကျော် အလွန်ရှည်ကြာစွာ အသက်ရှင်ခဲ့ကြပြီ ဖြစ်ရာ ခေါင်းတလားထဲမှ ထွက်လာသည်နှင့် သေဆုံးသွားကြမည် ဖြစ်ပြီး ကြာရှည် ခံနိုင်မည် မဟုတ်ချေ။
လုံးဝ မဖြစ်မနေ အခြေအနေမျိုး မဟုတ်လျှင် သူ၏ ဘိုးဘေးကို အသုံးပြုမည့် နည်းလမ်းကို ရွေးချယ်မည် မဟုတ်ပေ။
"ခက်တာပဲ ၊ လောလောဆယ်တော့ သည်းခံထားရုံပဲ ရှိတော့မယ်၊ ငါ့ရဲ့ လီမင်းဆက် အခြေအနေက မကောင်းလှဘူး ဆိုပေမဲ့ ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းကရော ပိုကောင်းနေပါ့မလား စောင့်ကြည့်လိုက်ကြတာပေါ့! ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းကသာ သေချာပေါက် ရှုံးနိမ့်မယ့်သူ ဖြစ်လာလိမ့်မယ်”
လီရွှီခွင် မသိသောအချက်မှာ ဝူဟောက်၏ ယခင် ကူညီပေးမှုများကြောင့် ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းသည် အချိန်တိုင်းတွင် အဆတစ်သောင်းပြန် ရင်းမြစ်များကို ရရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် လီမင်းဆက်ကိုပင် ထည့်မဆိုနှင့် မြင့်မြတ်နယ်မြေ တစ်ခု ရောက်လာလျှင်ပင် ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းကဲ့သို့ ခိုင်မာသော အုတ်မြစ် ရှိချင်မှ ရှိပေလိမ့်မည်။
မကြာမီပင် ကျယ်ပြောသော လျှို့ဝှက်နယ်မြေ ဖွင့်လှစ်မည့်နေ့သို့ ရောက်ရှိလာခဲ့၏။ ဝူဟောက် ရင်ခွင်ထဲတွင် မှီတွယ်ရင်း စုချောင်ရန်က မလိုလားအပ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"မောင်... ကျယ်ပြောသော လျှို့ဝှက်နယ်မြေက ပွင့်တော့မယ် အဲဒီထဲကို မိန်းမ ဝင်သွားတော့မယ်နော် မိန်းမ မရှိတုန်း အပြင်မှာ ဂရုစိုက်နေ ပြီးတော့ တခြားမိန်းမတွေနဲ့ မပတ်သက်မိစေနဲ့”
စကားဆုံးခါနီးတွင် စုချောင်ရန်၏ လေသံ၌ ခြိမ်းခြောက်သံ အနည်းငယ် ပါဝင်နေသည်။
ဝူဟောက်က ကမန်းကတန်း ချောင်းဟန့်လိုက်ပြီး ပြောလိုက်သည်။
"မိန်းမကလည်း ဘာတွေ ပြောနေတာလဲ၊ ကိုယ်က အချစ်စစ် စစ်နတ်ဘုရားပါ ကျင့်ကြံခြင်းလောကမှာ မောင်းမမိဿံတွေ ထားဖို့ စိတ်ကူး လုံးဝမရှိပါဘူး “
အချစ်စစ် စစ်နတ်ဘုရား ဆိုသည်မှာ အဘယ်နည်း။
ဤသည်မှာ ဝူဟောက်ထံမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပြီး သူမ၏ မျက်ဝန်းတစ်စုံတွင် စူးစမ်းလိုစိတ်တို့ဖြင့် ပြည့်နှက်သွားသည်။
ဝူဟောက်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ရှင်းပြလိုက်၏။
"နားထောင် အချစ်စစ် စစ်နတ်ဘုရား ဆိုတာက ကိုယ့်ဘဝမှာ တစ်ယောက်တည်းကိုပဲ ချစ်တဲ့သူကို ခေါ်တာ ဒါကြောင့် ဒီဘဝမှာ ကိုယ့်အတွက် ဇနီးသည်ဆိုလို့ မင်းတစ်ယောက်ပဲ ရှိတယ်”
ဝူဟောက်၏ စကားကို ကြားလိုက်ရသောအခါ စုချောင်ရန်မှာ ကျေနပ်ပီတိ ဖြစ်သွားသော်လည်း သူမ၏ မျက်နှာထားမှာ မာန်တက်နေဆဲပင်။
"အင်း ၊ မောင်က အဲဒီလို ပြောမှတော့လည်း ယုံကြည်ပေးလိုက်ရတာပေါ့”
"ဒါနဲ့ မိန်းမ... အဲဒီထဲမှာ ဘယ်လောက်ကြာကြာ နေမှာလဲ”
ဝူဟောက်သည် တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ လျှို့ဝှက်နယ်မြေများတွင် များသောအားဖြင့် ဖွင့်လှစ်ချိန် အကန့်အသတ် ရှိတတ်ပြီး ကျင့်ကြံခြင်းအဆင့် ကန့်သတ်ချက်များလည်း ရှိတတ်သော်လည်း ထိုအရာများက ဝူဟောက်အတွက် အရေးမပါချေ။
ကျယ်ပြောသော လျှို့ဝှက်နယ်မြေကို ဧကရာဇ်တပိုင်း အထွတ်အထိပ်အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးက သူ မသေဆုံးမီ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ၎င်းနယ်မြေထဲတွင် သူ၏ အမွေအနှစ်များ ပါရှိရာ နှစ်ပေါင်းများစွာတိုင်အောင် ပါရမီရှင်များစွာက ထိုအမွေအနှစ်များကို ရှာဖွေရန် လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်။ အမွေအနှစ်ကို တွေ့ရှိပါက ဧကရာဇ်တပိုင်းအဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေးများစွာ ရရှိမည် ဖြစ်သည်။
မှန်ပေ၏။ ဝူဟောက်သည် ဧကရာဇ် တစ်ပါး ဖြစ်သည့်အတွက် ဧကရာဇ်တပိုင်း အထွတ်အထိပ်အဆင့်က သတ်မှတ်ထားသော ကန့်သတ်ချက်များသည် သူ့အတွက် အတားအဆီး မဟုတ်ချေ။ အကယ်၍ ဝူဟောက် ဝင်ချင်သည် ဆိုပါက စိတ်ကူးတစ်ချက် ဖြစ်ပေါ်ရုံဖြင့် ဝင်ရောက်နိုင်ပေသည်။
"အမ် တစ်နှစ်တည်းပါ မောင်ရဲ့.. တစ်နှစ်နေရင် မိန်းမ ပြန်ထွက်လာမှာ”
စုချောင်ရန်က ဝူဟောက်ကို ကလေးတစ်ယောက်သဖွယ် ချော့မော့ပြောဆိုလိုက်ရာ ဝူဟောက်မှာ သူ့ဇနီးသည်ကို တစ်နှစ်တိတိ မတွေ့ရတော့မည့်အရေး တွေးမိပြီး မလိုလားသော စိတ်များ ဖြစ်ပေါ်ကာ ခေါင်းမာမာဖြင့် ပြောလိုက်၏။
"မရဘူး ကိုယ် အရမ်း စိတ်ဆိုးသွားပြီ ကိုယ်က ချော့ရခက်တယ် ၊ ကိုယ့်ကို အနမ်းပေးရမယ်”
သူတို့ လက်ထပ်ခဲ့သည်မှာ ကြာပြီ ဖြစ်ရာ ဝူဟောက် ဘာကို ဆိုလိုသည်ကို စုချောင်ရန် မည်သို့ နားမလည်ဘဲ နေမည်နည်း။ ဝူဟောက်၏ အကြည့်တစ်ချက်ဖြင့်ပင် အနေအထား ပြောင်းရမည့်အချိန် ဖြစ်ကြောင်း သူမ သိလိုက်သည်။
"ကောင်းပြီလေ ကလေးလေးက အနမ်းလိုချင်မှတော့ ဆိုမှတော့ ဖြည့်ဆည်းပေးရမှာပေါ့"
သို့သော် ဇာတ်လမ်းမှာ နောက်ပိုင်းတွင် ပြောင်းလဲသွား၏။ အနမ်း သက်သက် မဟုတ်ဘဲ လူကြီးများ လုပ်ရသည်ကို နှစ်သက်သော အခြားကိစ္စများပါ ပါဝင်လာလေတော့သည်။ (အောက်ပါ အကြောင်းအရာများကို အကျဉ်းချုံးရန် ချန်လှပ်ထားလိုက်သည်)
အခန်း ၂၂ - မောင်... မိန်းမ ဝင်သွားတော့မယ်
မကြာမီ ခွဲခွာရမည့်နေ့သို့ ရောက်ရှိလာခဲ့၏။ ဝူဟောက်သည် စုချောင်ရန် ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ အဝေးရောက်နေမှ ပိုလွမ်းဆွတ်ရသည် ဆိုသော်လည်း ယခုအခါ သူတို့သည် နောက်ထပ် တစ်နှစ်တိတိ ခွဲခွာရတော့မည် ဖြစ်ရာ ဝူဟောက်၏ စိတ်ထဲတွင် အနည်းငယ် စိတ်ဓာတ်ကျသလို ခံစားလိုက်ရသည်။
ဇနီးဖြစ်သူသည် ကျယ်ပြောသော လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်မည်ဟု သိလိုက်ရပြီးနောက် ဝူဟောက်သည် ထိုလျှို့ဝှက်နယ်မြေ အကြောင်းကို အသေအချာ စုံစမ်းခဲ့ပြီး ဖြစ်သည်။
ပထမဆုံး အချက်မှာ ကျယ်ပြောသော လျှို့ဝှက်နယ်မြေ ဖြစ်ပေါ်လာပုံ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းခန့်က ဧကရာဇ်တပိုင်းအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးသည် မတော်တဆမှုတစ်ခုဖြင့် သေဆုံးသွားပြီး ဤလျှို့ဝှက်နယ်မြေကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ၎င်းထဲတွင် သူ၏ အမွေအနှစ်များ ပါရှိသော်လည်း နှစ်ပေါင်းများစွာ ကြာသည်အထိ မည်သူမျှ မတွေ့ရှိခဲ့ကြပေ။
နောက်ထပ် ပြဿနာ တစ်ခုမှာ ကန့်သတ်ချက်များ ဖြစ်သည်။ ကျယ်ပြောသော လျှို့ဝှက်နယ်မြေတွင် သဘာဝအလျောက် ကန့်သတ်ချက်များ ရှိနေပြီး အသက် တစ်သောင်းအောက်နှင့် သူတော်စင်ဘုရင်အဆင့် အောက်ရှိသော ကျင့်ကြံသူများကိုသာ ဝင်ရောက်ခွင့် ပြုထားသည်။ စုချောင်ရန်မှာ ဤအမျိုးအစားထဲတွင် အတိအကျ ပါဝင်နေ၏။
"မဖြစ်သေးပါဘူး ငါ့မိန်းမရဲ့ လုံခြုံရေးအတွက် လုံးဝ စိတ်မချနိုင်သေးဘူး ဒါပေမဲ့ ငါကိုယ်တိုင် ဝင်သွားရင်လည်း ပြဿနာ တက်နိုင်တယ် ၊ ဟုတ်ပြီ ဝူယီဖန်ကို လွှတ်လိုက်မယ် ဝူယီဖန်ရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် ကျယ်ပြောသော လျှို့ဝှက်နယ်မြေ အသေးစားလေးထဲမှာ မွှေနောက်လို့ ရနေပြီ”
"ဒါ့အပြင် ရွေးချယ်ခံရသူ ဆိုတဲ့ ဝူယီဖန်ရဲ့ ကံတရားနဲ့ဆိုရင် ကျယ်ပြောသော ဧကရာဇ်တပိုင်းရဲ့ အမွေအနှစ်ကိုတောင် ရှာတွေ့နိုင်လောက်တယ်"
ဝူဟောက်သည် ဆုံးဖြတ်ချက်ကို လျင်မြန်စွာ ချလိုက်သည်။ သူသည် ဝူယီဖန်ကို ရှာတွေ့သောအခါ ဝူယီဖန်သည် သူတော်စင်ဘုရင် ကနဦးအဆင့်ရှိ ကျင့်ကြံသူသုံးဦးနှင့် ထိပ်တိုက် တွေ့နေပြီး ထွက်ပြေးနေရဆဲ ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အပြည့်အဝ ပြန်မကောင်းသေးသည့်အပြင် ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုယ်မှာလည်း အဆင့်မတက်ဘဲ သတ္တမမြောက် အလွှာတွင် ရပ်တန့်နေသဖြင့် သူတို့ကို ရင်ဆိုင်ရသောအခါ သနားစရာကောင်းလောက်အောင် ထွက်ပြေးနေရခြင်း ဖြစ်သည်။
"တောက်... သူတို့က ငါ့ကို ဘယ်လိုလုပ် အမြဲတမ်း ရှာတွေ့နေရတာလဲ”
ဝူယီဖန်မှာ ဝေခွဲမရ ဖြစ်နေသည်။ သူသည် နေရာသစ် တစ်ခုသို့ ပြောင်းရွှေ့ပြီး မကြာမီမှာပင် ၎င်းတို့သည် အဘယ့်ကြောင့် အိမ်တံခါးကို လာခေါက်နေပြန်သနည်း။
ဝူယီဖန်သည် ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ရုတ်တရက် ပြောင်းလဲသွားသည်။ မျှော်လင့်မထားသော ဤအဖြစ်အပျက်ကြောင့် ဝူယီဖန်မှာ ချက်ချင်း တောင့်တင်းသွားသော်လည်း နောက်မှ ထွက်ပေါ်လာသော အသံကြောင့် သက်ပြင်းချနိုင်သွား၏။
"ယီဖန်"
"ဘိုးဘေး အလယ်ပိုင်းဒေသကို ဘာကိစ္စနဲ့ ရောက်လာတာလဲ “
ဝူယီဖန်သည် သတိကို လျှော့ချလိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ့ကို ခေါ်ဆိုသူမှာ ဝူဟောက်မှလွဲ၍ မည်သူ ဖြစ်နိုင်ဦးမည်နည်း။
"ငါ့ကိစ္စနဲ့ငါ အလယ်ပိုင်းဒေသကို လာတာ ဒါပေမဲ့ အခု မင်းလုပ်ပေးရမယ့် ကိစ္စတစ်ခု ရှိလာပြီ”
ဝူဟောက်သည် ဝူယီဖန်ကို ကြည့်၍ စုချောင်ရန်ကို လျှို့ဝှက်ကာကွယ်ပေးရန် ကျယ်ပြောသော လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခိုင်းမည့် အစီအစဉ်ကို ပြောပြလိုက်သည်။
ကျယ်ပြောသော လျှို့ဝှက်နယ်မြေ အကြောင်း ကြားလိုက်ရသည်နှင့် ဝူယီဖန်၏ မျက်လုံးများမှာ အရောင်တောက်သွား၏။
“ ဘိုးအဘေး ကျွန်တော်လည်း အဲဒီ လျှို့ဝှက်နယ်မြေထဲ ဝင်မလို့ စဉ်းစားနေတာ ဘေးအဘိုးက ဘယ်လိုလုပ် သိတာလဲ”
မည်သူမဆို ဤအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ချေ။
"ကောင်းပြီ ဒါက မင်းဘေးအဖွားရဲ့ ပုံတူပန်းချီကားပဲ မှတ်ထားလိုက်... ကျယ်ပြောသော လျှို့ဝှက်နယ်မြေထဲ ဝင်သွားရင် မင်းဘေးအဖွားကို စောင့်ရှောက်ပေး
လိုအပ်လာရင် မင်းဘယ်သူဆိုတာ ထုတ်ပြောလို့ရတယ် ဒါပေမဲ့ ငါလွှတ်လိုက်တယ် လို့တော့ မပြောနဲ့”
ဝူဟောက်က မှာကြားလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကို ပေါ်တင်လုပ်တာထက်စာရင် တိတ်တဆိတ် လုပ်တာက ပိုကောင်းတယ်"
"သဘောပေါက်ပါပြီ ဘိုးအဘေး တာဝန်ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်လို့ ကတိပေးပါတယ်”
ဝူယီဖန်သည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် သဘောတူလိုက်ပြီးနောက် ဝူဟောက်သည် သူ့အား ကျယ်ပြောသော လျှို့ဝှက်နယ်မြေ၏ ရှေ့သို့ ပို့ဆောင်ပေးလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ မည်သည့် အင်အားစုက ဖြစ်စေ၊ တစ်သီးပုဂ္ဂလ ကျင့်ကြံသူ ဖြစ်စေ သူတော်စင်အဆင့်သို့ ရောက်ရှိရုံဖြင့် ကျယ်ပြောသော လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်နိုင်ပေသည်။ ထို့ကြောင့် ကျယ်ပြောသော လျှို့ဝှက်နယ်မြေ ဖွင့်လှစ်တိုင်း ရွှမ်ထျန်းကမ္ဘာရှိ အင်အားစု အများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
လူအုပ်ကြီးထဲသို့ ရောနှောဝင်ရောက်ရင်း ဝူယီဖန်သည် ဟိုဟိုဒီဒီ ကြည့်ရှုလိုက်ရာ စုချောင်ရန်ကို လျင်မြန်စွာ တွေ့လိုက်ရသည်။
"အဲဒါ ဘေးအဖွားလား တကယ်ကို လှတာပဲ ငါ ဒီလောက် ခန့်ညားချောမောနေတာ အံ့သြစရာ မရှိတော့ဘူး”
ဝူယီဖန်သည် ထိုသို့တွေးလိုက်မိပြီး သူ၏ အကြည့်က သဘာဝကျစွာပင် စုချောင်ရန်၏ အာရုံကို ဖမ်းစားမိသွားသည်။ မလှမ်းမကမ်းရှိ ဝူယီဖန်ကို ကြည့်ရင်း စုချောင်ရန်သည် အနည်းငယ် အံ့သြသွား၏။ အကြောင်းရင်းကို မသိနိုင်သော်လည်း သူမရှေ့ရှိ ဝူယီဖန်ကို မြင်လိုက်ရချိန်တွင် ဝူယီဖန်မှာ သူမ၏ မိသားစုဝင် တစ်ယောက်ကဲ့သို့ ရင်းနှီးမှုမျိုးကို ခံစားလိုက်ရသည်။
သို့သော် သူမ ဆက်လက် မတွေးတောနိုင်မီ နောက်တစ်စက္ကန့်တွင် ကျယ်ပြောသော လျှို့ဝှက်နယ်မြေ ပွင့်လာခဲ့၏။ ဤသည်ကို မြင်သောအခါ စုချောင်ရန်မှာ သူမ၏ စူးစမ်းလိုစိတ်ကို မြိုသိပ်ထားလိုက်ရပြီး လူအုပ်ကြီးနှင့်အတူ လျှို့ဝှက်နယ်မြေ အတွင်းသို့ လိုက်ပါသွားတော့သည်။
ထိုအချိန်တွင် စုချောင်ရန်၏ နောက်မှ လိုက်ပါလာသော မူရုံရွှယ်သည် စုချောင်ရန် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားသည်ကို ကြည့်ပြီး နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"စောင့်နေလိုက် စုချောင်ရန် ! ဒီလျှို့ဝှက်နယ်မြေ ပွင့်တာနဲ့ နင် သေရတော့မယ် မဟာသူတော်စင် အထွတ်အထိပ်အဆင့် သုံးယောက်တောင် နင့်ကို စောင့်ကြိုနေမှာ သူတော်စင် အထွတ်အထိပ်အဆင့်လောက်နဲ့ ဘယ်လို အသက်ရှင်မလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်”
ထိုသို့ ပြောပြီးနောက် မူရုံရွှယ်လည်း ကျယ်ပြောသော လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားလေသည်။
ခဏတာ မူးဝေသွားပြီးနောက် ဝူယီဖန်နှင့် အခြားသူများသည် ကျယ်ပြောသော လျှို့ဝှက်နယ်မြေထဲသို့ ရောက်ရှိသွားကြသည်။ ကျယ်ပြောသော လျှို့ဝှက်နယ်မြေသည် ကျပန်း နေရာရွှေ့ပြောင်းသည့် နည်းလမ်းကို အသုံးပြုထားရာ နေရာရွှေ့ပြောင်းခြင်း ပေါ်တယ်ထဲသို့ ခြေချလိုက်သည်နှင့် လျှို့ဝှက်နယ်မြေ အတွင်းရှိ နေရာတစ်ခုခုသို့ ကျပန်း ရောက်ရှိသွားမည် ဖြစ်သည်။
အချိန်တန်၍ သူတို့ မသေသေးလျှင် လျှို့ဝှက်နယ်မြေထဲမှ ထုတ်ပယ်ခံရမည် ဖြစ်ပြီး သေဆုံးသွားလျှင်မူ လျှို့ဝှက်နယ်မြေအတွက် အာဟာရ ဖြစ်သွားပေလိမ့်မည်။
"ကျယ်ပြောသော လျှို့ဝှက်နယ်မြေက တကယ်ကြီးတာပဲ အရင်က ကြုံဖူးတဲ့ လျှို့ဝှက်နယ်မြေတွေထက် ပိုကြီးတယ်”
ဝူယီဖန်က ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း ရေရွတ်လိုက်ရာ သူ့နောက်မှ သူတော်စင်အဆင့် အထွတ်အထိပ်ရှိ သားရဲတစ်ကောင်သည် တိတ်တဆိတ် ချည်းကပ်လာပြီး ကိုက်ဝါးရန် သွေးရောင်လွှမ်းသော ပါးစပ်ကြီးကို ဖွင့်လိုက်သည်ကို လုံးဝမှ သတိမထားမိချေ။
မမျှော်လင့်ဘဲ နောက်တစ်စက္ကန့်တွင် ဝူယီဖန်သည် နောက်သို့ လှည့်ကြည့်လိုက်ပြီး သူတော်စင်အဆင့် အထွတ်အထိပ်ရှိ သားရဲကြီးကို ပြတ်သားသော လက်သီးချက်ဖြင့် ထိုးချလိုက်ရာ၊ သားရဲကြီးမှာ အပိုင်းပိုင်းအစစ ဖြစ်သွားသော်လည်း သူ့ကိုယ်ပေါ်တွင် သွေးတစ်စက်၊ အသားတစ်စက်မျှပင် ပေကျံခြင်း မရှိချေ။
"ရွံစရာကောင်းလိုက်တဲ့ ကောင်! ငါ့ကျင့်ကြံခြင်းအဆင့်သာ အရင်အတိုင်း ပြန်ဖြစ်နေရင် မင်း ငါ့နားကို ဘယ်လိုလုပ် ကပ်နိုင်မှာလဲ”
ဝူယီဖန်သည် လက်ရှိတွင် ဟင်းလင်းပြင်သန့်စင်ခြင်း အထွတ်အထိပ် အဆင့်ထိသာ ပြန်လည်ကောင်းမွန်သေးသည်။ သူတော်စင်အဆင့် အထွတ်အထိပ်ရှိ သားရဲသည် သူ့အား ခြုံခိုတိုက်ခိုက်နိုင်နေသေးကြောင်း တွေးရင်း သက်ပြင်းချလိုက်မိသည်။
မှန်ပေ၏။ တစ်ဖက်လူ လှုပ်ရှားလိုက်သည့် ခဏ၌ပင် ဝူယီဖန်၏ ခန္ဓာကိုယ်သည် တိုက်ခိုက်မှုကို အာရုံခံမိလိုက်သည်။
ကျယ်ပြောသော လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သူများသည် ကျင့်ကြံခြင်းအဆင့်ကိုသာ ကြည့်ပြီး ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ဂရုမစိုက်ပေ။ ထို့ကြောင့် ဝူယီဖန်၏ ခန္ဓာကိုယ်သည် ချွင်းချက် ဖြစ်လာသည်ဟု ယူဆနိုင်သည်။
ထို့ကြောင့်သာ ဟင်းလင်းပြင်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်ဖြင့် မဟာသူတော်စင်များနှင့် သူတော်စင်ဘုရင်များကိုပင် သတ်ဖြတ်နိုင်ခြင်း ဖြစ်သည်။
"ကဲ... ဘေးအဖွားကို အရင်သွားရှာရမယ် ၊ တော်သေးတယ် ဘေးအဘိုး ဝင်လာတုန်းက ရှာလို့ရမယ့် နည်းလမ်းကို ပေးလိုက်လို့သာပေါ့ မဟုတ်ရင် ဘယ်လို ရှာရမလဲ သိမှာ မဟုတ်ဘူး"
ထိုသို့ တွေးလိုက်ပြီးနောက် ဝူယီဖန်သည် ဝူဟောက် ပေးလိုက်သော ပစ္စည်းကို သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်သည်။ ၎င်းမှာ မြောက်ဘက်သို့ ညွှန်ပြနေသော သံလိုက်အိမ်မြှောင် တစ်ခု ဖြစ်သည်။ ထိုအရာကို မြင်သောအခါ ဝူယီဖန်သည် မြောက်ဘက်သို့ ကမန်းကတန်း ဦးတည်သွားလိုက်သည်။
သူသည် ဧကရာဇ်တပိုင်း၏ အမွေအနှစ်များကို သိပ်ဂရုမစိုက်ပေ။ သူ့တွင် ဘေးအဘိုး တစ်ယောက်လုံး ရှိသည်ဖြစ်ရာ ဤအမွေအနှစ်များသည် သူ့အတွက် ဘာအရေးပါမည်နည်း။
သူသည် ဘိုးအဘေး၏ ကျင့်ကြံခြင်းအဆင့် အတိအကျကို မသိရသော်လည်း ၊ သို့သော် ဘိုးအဘေးသည် မည်သည့် ဧကရာဇ်တပိုင်းအဆင့်ထက်မဆို ပိုသန်မာမည်ဟု ဝူယီဖန် ခံစားမိသည်။
သူသည် ဘေးအဖွား၏ လုံခြုံရေးကို ကောင်းကောင်း ကာကွယ်ပေးနိုင်သရွေ့ ဘိုးအဘေးသည် ဆုလာဘ်တစ်ခုခု ပေးသနားမည် ဖြစ်ကာ ၊ ဤအရာသည် ဧကရာဇ်တစ်ပိုင်း၏ အမွေအနှစ်ထက် ပို၍တန်ဖိုးရှိပေမည် မဟုတ်လော။
ထိုအချိန်တွင် စုချောင်ရန်သည် လျှို့ဝှက်နယ်မြေထဲသို့ ရောက်ရှိပြီးနောက် အခွင့်အလမ်းများကို ရှာဖွေရန် စီစဉ်နေသည်။ လူများသည် လေ့ကျင့်ရန်အတွက် သားရဲများနှင့် တိုက်ခိုက်ရန် ဖြစ်စေ၊ ခွန်အား တိုးတက်စေမည့် အခွင့်အလမ်းများကို ရှာဖွေရန် ဖြစ်စေ လျှို့ဝှက်နယ်မြေများထဲသို့ ဝင်ရောက်လာကြသည်။
ယခုအချိန်တွင် စုချောင်ရန် သတိမထားမိသော အချက်မှာ မဟာသူတော်စင် အထွတ်အထိပ်အဆင့် သုံးဦးနှင့် ဟင်းလင်းပြင်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်ရှိ ပုရွက်ဆိတ်လေး တစ်ကောင်တို့သည် သူမဆီသို့ ဦးတည်လာနေပြီ ဆိုသောအချက်ပင် ဖြစ်သည်။