အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
အခန်း ၂၃ - စုချောင်ရန် အမီလိုက်ခံရခြင်း
အခြားတစ်ဖက်တွင် စုချောင်ရန်သည် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သည်နှင့် သိုလှောင်လက်စွပ်ထဲမှ လက်ရာမြောက်သော သံလိုက်အိမ်မြှောင် တစ်ခုကို ထုတ်လိုက်သည်။ စုချောင်ရန်သည် သံလိုက်အိမ်မြှောင် အတွင်းသို့ သူမ၏ စွမ်းအားကို ပို့လွှတ်လိုက်သောအခါ သူမ ပတ်ဝန်းကျင်ရှိ အစွမ်းထက်သော သားရဲများ၏ ခြေရာများသည် သံလိုက်အိမ်မြှောင်ပေါ်တွင် ပေါ်ထွက်လာ၏။
"လက်ရှိ ငါ့ခွန်အားနဲ့ဆိုရင် သာမန် သူတော်စင် အထွတ်အထိပ်အဆင့်တွေက ပြိုင်ဘက် မဟုတ်ဘူး အခု မဟာသူတော်စင်အဆင့် သားရဲတွေကို ရှာပြီး ဖိအားပေးမှပဲ မဟာသူတော်စင်အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်လိမ့်မယ်”
စုချောင်ရန်သည် ယခုအခါ မဟာသူတော်စင်အဆင့်နှင့် တစ်လှမ်းသာ ကွာဝေးတော့သဖြင့် သူမ၏ အလားအလာကို ထုတ်ဖော်ကာ မဟာသူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ရန် အားကောင်းသော တိုက်ပွဲတစ်ခုကို အရေးတကြီး လိုအပ်နေသည်။
မဟာသူတော်စင်အဆင့်သို့ ရောက်ရှိသည်နှင့် သူတော်စင်မ တစ်ဦး ဖြစ်လာရန် သေချာသွားပေလိမ့်မည်။
မကြာမီပင် စုချောင်ရန်သည် သံလိုက်အိမ်မြှောင်ပေါ်ရှိ သားရဲ ရောင်ဝါအပေါ် အခြေခံ၍ အသင့်တော်ဆုံး ပစ်မှတ်ကို ရှာတွေ့သွားသည်။ ၎င်းမှာ မဟာသူတော်စင် ကနဦးအဆင့်ရှိ သားရဲတစ်ကောင် ဖြစ်ပြီး သူမသည် ထိုသားရဲ ရှိရာသို့ အလျင်အမြန် သွားလိုက်သည်။
အခြားတစ်ဖက်တွင်မူ ၊ ဝင်ရောက်ချိန်၌ လက်ချင်းချိတ်ထားပါက နေရာတစ်ခုတည်းသို့ ရောက်ရှိနိုင်ပေသည်။ ဤသည်မှာ မူရုံရွှယ်၏ စေခိုင်းချက်ဖြင့် စုချောင်ရန်ကို သတ်ဖြတ်ရန် ဝင်ရောက်လာကြသော မဟာသူတော်စင် အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူသုံးဦး ဖြစ်သည်။
ကျယ်ပြောသော လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီးနောက်တွင် မဟာသူတော်စင် အထွတ်အထိပ်အဆင့် သုံးဦး၏ ခေါင်းဆောင်ဖြစ်သူက သူ၏ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပြား တစ်ချပ်ကို ထုတ်လိုက်သည်။ ဤကျောက်စိမ်းပြားသည် သူတို့ ဝင်လာစဉ်က မူရုံရွှယ်မှ ပေးလိုက်ခြင်း ဖြစ်သည်။
ကျောက်စိမ်းပြား အတွင်းသို့ စွမ်းအားများကို ပို့လွှတ်လိုက်သည်နှင့် ကျောက်စိမ်းပြားသည် အရပ်မျက်နှာ တစ်ခုဆီသို့ ဦးတည်ကာ ပျံသန်းသွားသည်။ ၎င်းမှာ စုချောင်ရန် ရှိရာ အရပ်မှလွဲ၍ အခြားမဟုတ်ပေ။
ဤသည်ကို မြင်သောအခါ မဟာသူတော်စင် အထွတ်အထိပ်အဆင့် သုံးဦးသည် တုံ့ဆိုင်းမနေတော့ဘဲ စုချောင်ရန် ရှိရာသို့ အလျင်အမြန် လိုက်သွားကြတော့သည်။
အခြားတစ်ဖက်တွင် စုချောင်ရန်သည် အသင့်တော်ဆုံး ပစ်မှတ်ဖြစ်သော မဟာသူတော်စင် ကနဦးအဆင့်ရှိ မျက်လုံးသုံးလုံး လင်းယုန်ပျံကို လျင်မြန်စွာ တွေ့ရှိသွား၏။
မိမိပိုင်နက်ထဲသို့ ကျူးကျော်လာသူကို မြင်သောအခါ မျက်လုံးသုံးလုံး လင်းယုန်ပျံသည် စုချောင်ရန်အား ခြိမ်းခြောက်သံများဖြင့် ဟိန်းဟောက်လိုက်သည်။
ဒေါသတကြီး ဖြစ်နေသော မျက်လုံးသုံးလုံး လင်းယုန်ပျံကို ကြည့်ရင်း စုချောင်ရန်၏ မျက်နှာထားမှာလည်း အလွန် တည်ကြည်လေးနက်နေသည်။ အမည်နှင့် လိုက်ဖက်စွာပင် မျက်လုံးသုံးလုံး လင်းယုန်ပျံ၏ ခေါင်းပေါ်တွင် မျက်လုံး သုံးလုံး ပါရှိပြီး နှစ်လုံးကို ပြိုင်ဘက်အား ကြည့်ရှုရန် အသုံးပြုသည်။
ထိုမျက်လုံးနှစ်လုံး အထက်တွင် တင်းတင်းကျပ်ကျပ် ပိတ်ထားသော မျက်လုံးတစ်လုံး ရှိပြီး ၎င်းတွင် မျက်လုံးသုံးလုံး လင်းယုန်ပျံ မျိုးနွယ်စု၏ မွေးရာပါ ပါရမီဖြစ်သော ဖျက်ဆီးခြင်း အလင်းတန်းများ ပါရှိသည်။ ထိုမျက်လုံးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မည်သည့် အဆင့်တူကမှ ခုခံနိုင်စွမ်း မရှိဟု ဆိုစမှတ် ပြုကြသည်။
သို့သော်လည်း ယခုအချိန်တွင် စုချောင်ရန်၌ အခြားရွေးချယ်စရာ မရှိပေ။ လက်တစ်ဖက် လှုပ်ရှားလိုက်ရုံဖြင့် သူမ၏ လက်ထဲတွင် ရှည်လျားသော ဓားတစ်ချောင်း ပေါ်လာပြီး မျက်လုံးသုံးလုံး လင်းယုန်ပျံဆီသို့ ပြေးဝင်သွားလိုက်သည်။
မျက်လုံးသုံးလုံး လင်းယုန်ပျံ၏ ခန္ဓာကိုယ်အနီးသို့ ကပ်ကာ ဖျက်ဆီးခြင်း အလင်းတန်းကို အသုံးမပြုနိုင်အောင် တားဆီးနိုင်မှသာ အနိုင်ယူရန် အခွင့်အရေး ရှိမည် ဖြစ်သည်။
စုချောင်ရန်သည် သူ့ကို တိုက်ခိုက်လာသည်ကို မြင်သောအခါ မျက်လုံးသုံးလုံး လင်းယုန်ပျံသည် သူ့ထံသို့ လာနေခြင်း ဖြစ်ကြောင်း သိလိုက်ပြီး ၊ ဒေါသတကြီး ဟိန်းဟောက်ကာ စုချောင်ရန်ထံသို့ ပြန်လည် တိုးဝင်လာခဲ့သည်။
"လူသား ငါ့ပိုင်နက်ထဲ ကျူးကျော်ရဲတယ်... သေစမ်း!”
မျက်လုံးသုံးလုံး လင်းယုန်ပျံ၏ ခန္ဓာကိုယ်နှင့် ခြေသည်းများမှာ ထပ်တူထပ်မျှ ထက်မြက်လှသည်။ ထိုအခိုက်အတန့်မှာပင် စုချောင်ရန်၏ ဓားရှည်သည် လင်းယုန်၏ ခြေသည်းများနှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည်။ လင်းယုန်ပျံထံမှ ကြောက်မက်ဖွယ် ကောင်းသော အင်အားတစ်ခု ထွက်ပေါ်လာခဲ့ပြီး စုချောင်ရန်မှာ ခြေလှမ်း အနည်းငယ်မျှ နောက်ဆုတ်သွားရ၏။
သို့သော် စုချောင်ရန်သည် လက်မလျှော့ဘဲ ရှေ့သို့ ထပ်မံ တိုးဝင်သွားသည်။
စုချောင်ရန်၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လှသဖြင့် မျက်လုံးသုံးလုံး လင်းယုန်ပျံမှာ ဖျက်ဆီးခြင်း အလင်းတန်းကို ထုတ်သုံးရန် အခွင့်အရေး မရခဲ့ပေ။ စုချောင်ရန်၏ ဆက်တိုက် တိုက်ခိုက်မှုများအောက်တွင် သူ၏ အလွန်မာကျောသော အမွေးအတောင်များ၌ပင် သွေးရာများဖြင့် ပြည့်နှက်သွားသည်။
"လူသား... မင်း သေချင်နေတာလား”
မျက်လုံးသုံးလုံး လင်းယုန်ပျံသည် ဟိန်းဟောက်လိုက်ပြီး နောက်ဆုံးတွင် အခွင့်အရေး ရသွားသဖြင့် ခေါင်းပေါ်ရှိ တတိယမြောက် မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
တစ်ချိန်တည်းမှာပင် စုချောင်ရန်သည် ကြီးမားသော အန္တရာယ်တစ်ခုကို အာရုံခံလိုက်မိ၏။
"မဟန်ဘူး”
စုချောင်ရန်၏ မျက်နှာထားမှာ ပြောင်းလဲသွားပြီး နောက်တစ်စက္ကန့်တွင် ဖျက်ဆီးခြင်း အလင်းတန်းသည် မျက်လုံးသုံးလုံး လင်းယုန်ပျံ၏ တတိယမြောက် မျက်လုံးမှ ထွက်ပေါ်လာကာ စုချောင်ရန်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေသည်။
တတိယမြောက် မျက်လုံးကို ဖြည်းညင်းစွာ ပိတ်လိုက်ပြီး ဖျက်ဆီးခြင်း အလင်းတန်း ပျောက်ကွယ်သွားသည်နှင့် မျက်လုံးသုံးလုံး လင်းယုန်ပျံသည် သူ့နောက်ကျောဘက်မှ အလွန် ကြောက်မက်ဖွယ် ကောင်းသော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။
နောက်သို့ လှည့်ကြည့်လိုက်သည်နှင့် ဓားရိပ်တစ်ခုက သူ့ခေါင်းကို ဖြတ်သန်းသွားပြီး မျက်လုံးသုံးလုံး လင်းယုန်ပျံမှာ သေဆုံးသွားလေ၏။
"ဟူး... မျက်လုံးသုံးလုံး လင်းယုန်ပျံ ဆိုတဲ့အတိုင်းပဲ ငါတောင် နည်းနည်းလောက် ခံလိုက်ရသေးတယ်”
မျက်လုံးသုံးလုံး လင်းယုန်ပျံကို သတ်ဖြတ်ပြီးနောက် စုချောင်ရန်သည် ပြင်းပြင်းထန်ထန် အသက်ရှူလိုက်၏။ ယခုအချိန်တွင် သူမ၏ ရောင်ဝါမှာ အနည်းငယ် အားနည်းနေသည်။ မျက်လုံးသုံးလုံး လင်းယုန်ပျံသည် ဖျက်ဆီးခြင်း အလင်းတန်းကို ထုတ်လွှတ်လိုက်စဉ်က ၊ စုချောင်ရန်မှာ ကပ်သီးလေးသာ ကာကွယ်နိုင်ခဲ့သဖြင့် ဖျက်ဆီးခြင်း အလင်းတန်းကြောင့် ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။
သို့သော် ဤတိုက်ပွဲမှ ရရှိသော အကျိုးကျေးဇူးများက ဆိုးကျိုးများထက် များစွာ သာလွန်ပေသည်။ ဥပမာအားဖြင့် စုချောင်ရန်၏ တိုက်ခိုက်ရေး အသိဉာဏ်မှာ သိသိသာသာ တိုးတက်လာပြီး သူမ ထွက်ခွာပြီးနောက် မဟာသူတော်စင်အဆင့်သို့ တက်လှမ်းရန် စတင် ပြင်ဆင်နိုင်ပြီ ဖြစ်သည်။
မျက်လုံးသုံးလုံး လင်းယုန်ပျံ၏ အလောင်းကို သိမ်းဆည်းပြီးနောက် စုချောင်ရန်သည် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ ဤနေရာမှ တိုက်ပွဲ အသံများသည် အခြားသူများကို ဆွဲဆောင်နိုင်ဖွယ် ရှိပြီး ၊ စုချောင်ရန်အနေဖြင့် အခြားသူများ၏ စောင့်ကြည့်ခြင်း ခံရမည်ကို မနှစ်သက်ပေ။
သို့သော် စုချောင်ရန်မှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် သူမ၏ ခန္ဓာကိုယ်သည် တစ်စုံတစ်ခုကို သတိထားမိလိုက်သကဲ့သို့ နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။
စုချောင်ရန် ပျောက်ကွယ်သွားပြီး နောက်တစ်စက္ကန့်တွင် ဧရာမ လှံပုံရိပ်တစ်ခုသည် ဆယ်ကီလိုမီတာ အချင်းဝက် အတွင်းရှိ ဧရိယာတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သည်။
သေဘေးမှ သီသီလေး လွတ်မြောက်လာသော စုချောင်ရန်မှာ တုန်လှုပ်နေဆဲ ဖြစ်ပြီး မျက်နှာတစ်ခုလုံး ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေ၏။
"ဒီစွမ်းအားက မဟာသူတော်စင် အထွတ်အထိပ်အဆင့်ပဲ ဘယ်သူကများ ငါ့ကို တိုက်ခိုက်ချင်ရတာလဲ”
အဖြစ်အပျက်ကို သဘောပေါက်သွားသည်နှင့် စုချောင်ရန်၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူမသည် တခြားသူ၏ ပစ်မှတ်ထား ခံရမည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။
ထို့ပြင် ယခုလေးတင် တိုက်ခိုက်လိုက်သော အရှိန်အဟုန်ကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူသည် သူမကို သတ်ဖြတ်ရန် ရည်ရွယ်ထားကြောင်း ထင်ရှားနေသည်။
"အို... သူတော်စင်မ စု ဆိုတဲ့အတိုင်း တကယ်ကို အရှောင်အတိမ်း ကျွမ်းတာပဲ”
စုချောင်ရန်သည် နေရာမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် လှံရှည်ကို ကိုင်ဆောင်ထားသော လူတစ်ယောက်က အဝေးတစ်နေရာမှ သူမဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။
ထိုသူကို မြင်လိုက်ရသည့် ခဏ၌ စုချောင်ရန်၏ မျက်လုံးအိမ်များသည် ကျဉ်းမြောင်းသွားသည်။
"နဂါးသတ်လှံ ချန်ဖုန်း ရှင်နဲ့ ဒီမှာ တွေ့ရမယ်လို့ လုံးဝ မထင်ထားခဲ့ဘူး ရှင် ဒီမှာ ရောက်နေမှတော့ ဖီးနစ်သတ်ဓား ချင်ပေါ်နဲ့ မှင်ရည်စိတ်ဝိညာဉ်သိုင်းဓား လီယွမ်တို့လည်း အနီးအနားမှာ ရှိနေလောက်တယ်”
စုချောင်ရန် စကားဆုံးသည်နှင့် သူမ၏ ဘေးဘက်မှ လူရိပ်နှစ်ခုသည် ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။
"သူတော်စင်မ စုက ကျွန်တော့်ကို မှတ်မိနေမယ်လို့ လုံးဝ ထင်မထားမိဘူး ကျွန်တော် ချင်ပေါ်အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ”
ဖီးနစ်သတ်ဓားကို ကိုင်ဆောင်ထားသော ချင်ပေါ်သည် စုချောင်ရန်ကို ကြည့်ရင်း ဆွဲဆောင်မှု ရှိသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။
စုချောင်ရန်က အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်၏။
"အလယ်ပိုင်းဒေသ တစ်ခုလုံးမှာ ရှင်တို့ ပန်းခူးညီနောင် သုံးဖော်ကို မသိတဲ့သူ ဘယ်သူရှိလို့လဲ ကျွန်မကို ပစ်မှတ်ထားလာမှတော့ တစ်ယောက်ယောက်ရဲ့ စေခိုင်းချက်နဲ့ ဖြစ်ရမယ် ကျွန်မ ထင်တာမမှားရင် မူရုံရွှယ် မဟုတ်လား”
"ဒါကို သူတော်စင်မ စု သိဖို့ မလိုပါဘူး ကျုပ်တို့က ပိုက်ဆံယူပြီး သူများပြဿနာကို ရှင်းပေးရုံပဲ သူတော်စင်မ စု အနေနဲ့ လိမ်လိမ်မာမာ လိုက်လာခဲ့သင့်တယ်”
ချန်ဖုန်းသည် ခံစားချက်မပါသော လေသံဖြင့် အေးစက်စက် ပြောလိုက်သည်။
သူတို့သည် ဦးနှောက်မဲ့သော လူများ မဟုတ်ပေ။ စုချောင်ရန်ကို မသတ်ခင် မိမိတို့၏ အလုပ်ရှင်မှာ မည်သူဖြစ်ကြောင်း လုံးဝ ထုတ်ပြောမည် မဟုတ်။
အကယ်၍ စုချောင်ရန်သာ ထွက်ပြေး လွတ်မြောက်သွားပါက သူတို့သည် တာဝန်ရှုံးနိမ့်ခြင်း ဖြစ်ပေတော့မည်။
"ဟွန့် ရှင်တို့အားလုံးက သူရဲဘောကြောင်တဲ့ ကောင်တွေပဲ လာစမ်းပါ!”
စုချောင်ရန်သည် အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ မူရုံရွှယ်သည် သူမကို နောက်ကွယ်မှ ပစ်မှတ်ထားနေကြောင်း သိသော်လည်း သက်သေပြရန် အထောက်အထား မရှိပေ။
ချန်ဖုန်းနှင့် အခြားသူများသည် မူရုံရွှယ်၏ အမည်ကို ထုတ်ဖော်လာလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ၊ သို့သော် ၎င်းတို့သည် ဤမျှ သတိကြီးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ထိုသို့ တွေးမိပြီးနောက် စုချောင်ရန်သည် တွန့်ဆုတ်မနေတော့ဘဲ နေရာရွှေ့ပြောင်းခြင်း အဆောင်ကို ထုတ်ယူကာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
အခန်း ၂၄ - ဝူယီဖန် လှုပ်ရှားပြီ
"တောက်... လိုက်စမ်း”
စုချောင်ရန်သည် ထိုနေရာမှ ပျောက်ကွယ်သွားသည်ကို မြင်သော်လည်း ၊ ချန်ဖုန်းနှင့် အခြားသူများ၏ မျက်နှာထားများသည် အနည်းငယ်သာ ပြောင်းလဲသွားသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် စုချောင်ရန်၏ တည်နေရာကို ခြေရာခံနိုင်ပြီး ကျယ်ပြောသော လျှို့ဝှက်နယ်မြေ တစ်နှစ်မပြည့်မီ ပိတ်သိမ်းရန် အချိန်အကြာကြီး လိုသေးသောကြောင့် ဖြစ်သည်။ သူတို့သည် မဟာသူတော်စင် အထွတ်အထိပ် ကျင့်ကြံခြင်းအဆင့်ရှိသူများ ဖြစ်ပေရာ စုချောင်ရန်ကို အမီလိုက်နိုင်ရန်မှာ အချိန်အတိုင်းအတာ တစ်ခုသာ လိုအပ်သည်။
စုချောင်ရန်လည်း ဤအချက်ကို သဘာဝကျစွာပင် တွေးမိပြီး သူမ၏ မျက်နှာမှာ မှုန်ကုတ်နေသည်။
"တောက်... ကျယ်ပြောသော လျှို့ဝှက်နယ်မြေထဲ ရောက်တာ သိပ်မကြာသေးဘူး ငါ့ကို ရှာတွေ့နေပြီ ဒါဟာ ကံတရား သက်သက်ပဲလို့ ငါ လုံးဝ မယုံဘူး သူတို့ ဘယ်အချိန်ကများ စတင်လှုပ်ရှားလိုက်တာလဲ"
သို့သော် စုချောင်ရန်၌ ထပ်မံ စုံစမ်းရန် အချိန်မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ချန်ဖုန်းနှင့် အခြားသူများသည် အမီလိုက်လာနေပြီ ဖြစ်ကြောင်း အာရုံခံမိသောကြောင့် ဖြစ်သည်။ စဉ်းစားရန် အချိန်မရှိတော့သဖြင့် စုချောင်ရန်မှာ အခြား နေရာရွှေ့ပြောင်းခြင်းအဆောင် တစ်ခုကို အသုံးပြု၍ အဝေးသို့ ထွက်ပြေးရုံသာ ရှိတော့သည်။
အရေးအကြီးဆုံး ပြဿနာမှာ လျှို့ဝှက်နယ်မြေထဲတွင် တစ်နှစ်ကြာအောင် မည်သို့ အသက်ရှင်နေထိုင်ရမည်နည်း။
စုချောင်ရန်၏ စိတ်ထဲတွင် အတွေးမျိုးစုံ ဝင်ရောက်လာပြီး မကြာမီ သူမ၏ စိတ်နှလုံးထဲတွင် မျှော်လင့်ချက်ကင်းမဲ့နေမိသည်။
စုချောင်ရန်သည် မဟာသူတော်စင် ကနဦးအဆင့် ရှိသော မျက်လုံးသုံးလုံး လင်းယုန်ပျံကို အနိုင်ယူနိုင်ခဲ့သည်ကို ကြည့်ပြီး အထင်ကြီးလို့မဖြစ်ချေ။ ၎င်းမှာ ကနဦးအဆင့်သာ ရှိသေးသောကြောင့် သူမအနေဖြင့် အားကုန်ထုတ်၍ သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ချန်ဖုန်းနှင့် အခြားသူများမှာ မဟာသူတော်စင် အထွတ်အထိပ်အဆင့် ဖြစ်ကြပြီး သူမနှင့် ကွာခြားလွန်းလှသည်။ သူမအနေဖြင့် မျက်စိတမှိတ်အတွင်းမှာပင် ရှုံးနိမ့်သွားနိုင်သည်။
မကြာမီပင် စုချောင်ရန်၏ နေရာရွှေ့ပြောင်းခြင်း အဆောင်များသည် ကုန်သွားခဲ့ပြီး ၊ ချန်ဖုန်းနှင့် အခြားသူများသည် သူမရှိရာ နေရာသို့ ထပ်မံ ရောက်ရှိလာကာ စုချောင်ရန်ကို ဝိုင်းရံလိုက်ကြသည်။
"သူတော်စင်မ စု မင်းဆီမှာ နေရာရွှေ့ပြောင်းခြင်းအဆောင်တွေ ဒီလောက် အများကြီး ရှိမယ်လို့ တကယ် မထင်ထားခဲ့ဘူး အခု မင်းဆီမှာ မကျန်တော့ဘူး မဟုတ်လား မကျန်တော့ရင်လည်း ငါတို့ လှုပ်ရှားရတော့မှာပေါ့”
ချင်ပေါ်က အေးစက်စက် အပြုံးဖြင့် စုချောင်ရန်ကို ကြည့်လိုက်သည်။ ချင်ပေါ်၏ မျက်လုံးများကို မြင်လိုက်ရချိန်တွင် စုချောင်ရန်မှာ မျှော်လင့်ချက်ကင်းမဲ့သော ခံစားချက်ကို ခံစားလိုက်ရသည်။
ချန်ဖုန်းနှင့် သူ့လူများကို "ပန်းခူးညီနောင်များ" ဟု ခေါ်ဝေါ်ကြခြင်းမှာ "ပန်းခူးခြင်း" ဟူသော စကားလုံးကြောင့် ဖြစ်သည်။ ချန်ဖုန်းနှင့် သူ့လူများသည် လှပသော အမျိုးသမီးများကို အမြဲတမ်း စော်ကားလေ့ရှိပြီး ဂိုဏ်းအသီးသီးမှ လှပသော အမျိုးသမီး တပည့်များစွာသည် သူတို့၏ ရက်စက်မှုအောက်တွင် သားကောင် ဖြစ်ခဲ့ကြရသည်။
"တောက်! ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်တာကပဲ တစ်ခုတည်းသော ရွေးချယ်စရာလား... နေပါဦး ငါ့ယောကျ်ား ပေးထားတဲ့ ဆွဲကြိုး ရှိသေးတယ် မဟုတ်လား သူ့ဆွဲကြိုးက ငါ့ကို ကာကွယ်ပေးသင့်တယ် မဟုတ်လား”
ထိုအချိန်တွင် ဝူဟောက် ပေးထားသော ဆွဲကြိုးကို သူမ ဝတ်ဆင်ထားဆဲ ဖြစ်ကြောင်း နောက်ဆုံးတွင် သတိရသွားသည်။ ခင်ပွန်းသည်၏ ပြောစကားအရ ၎င်းတွင် သူမကို ကာကွယ်ရန် လုံလောက်သော စွမ်းအားများ ပါရှိသည်ဟု ဆိုသည်။
ဝူဟောက်၏ ကျင့်ကြံခြင်းအဆင့်ကို သူမ မသိသော်လည်း အာဏာရှင်အဆင့်အောက် မနိမ့်သင့်ကြောင်း၊ သို့မဟုတ်ပါက ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ အတွင်းသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်မည် မဟုတ်ကြောင်း သူမ တွေးမိသည်။
ခင်ပွန်းဖြစ်သူသည် ချီစုစည်းမှု အထွတ်အထိပ်အဆင့်မှ အာဏာရှင်အဆင့်သို့ နှစ်တစ်ရာအောက် လျော့နည်းသော အချိန်အတွင်း မည်သို့ ချိုးဖျက်ဝင်ရောက်ခဲ့သည်ကို သူမ မသိသော်လည်း ၊ မည်သို့ပင်ဖြစ်စေ သူမ၏ ခင်ပွန်းမှာ သူမကို ထိခိုက်စေမည် မဟုတ်ကြောင်း ကောင်းကောင်းကြီး သိပေသည်။
စုချောင်ရန်သည် သေသည်အထိ ခုခံရန် ဆုံးဖြတ်ထားသည်ကို မြင်ပြီးနောက် ချန်ဖုန်းနှင့် အခြားသူများမှာ ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် မူရုံရွှယ်သည် စုချောင်ရန်ကို အရင် မုဒိမ်းကျင့်ပြီးမှ သတ်ပစ်ရန် ညွှန်ကြားထားသောကြောင့် ဖြစ်သည်။
"အဲဒီလိုမှတော့ မင်းကို ဒုက္ခိတ ဖြစ်အောင် လုပ်ရုံပဲ ရှိတော့မယ် သူတော်စင်မ စု"
ချန်ဖုန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး စုချောင်ရန်ကို ဒုက္ခိတဖြစ်အောင် လုပ်ရန် ပြင်လိုက်စဉ်မှာပင် သရော်သံ တစ်ခုက အဝေးမှ ဖြည်းညင်းစွာ ပျံ့လွင့်လာသည်။
"ဟေး... အစ်ကိုကြီးတို့ ဘာကစားနေကြတာလဲ ကြည့်ရတာ ပျော်စရာကြီး ကျွန်တော်ရော ဝင်ပါလို့ ရမလား”
ချန်ဖုန်းနှင့် အခြားသူများက အသံလားရာ အရပ်သို့ လှည့်ကြည့်လိုက်ကြရာ နောက်ကျမှ ရောက်လာသော ဝူယီဖန်သည် ချန်ဖုန်းနှင့် အခြားသူများကို စိတ်ဝင်တစား ကြည့်ရှုရင်း မေးခွန်းထုတ်နေသည်ကို တွေ့လိုက်ရသည်။
ရောက်လာသူမှာ ဟင်းလင်းပြင်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်သို့ ယခုလေးတင်မှ ချိုးဖျက်ဝင်ရောက်ထားသော အမှိုက်ကောင် တစ်ကောင်သာ ဖြစ်ကြောင်း မြင်လိုက်ရသောအခါ ချန်ဖုန်းနှင့် အခြားသူများက ချက်ချင်းပင် လှောင်ရယ်ကာပြုံးလိုက်ကြသည်။
"ကောင်လေး... ငါတို့ ဘာလုပ်နေလဲ ဆိုတာကို မြင်သွားတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်တော့”
ထို့နောက် ချန်ဖုန်းသည် လီယွမ်ကို အကြည့်တစ်ချက် ပေးလိုက်ရာ လီယွမ်သည် ချက်ချင်းလက်ငင်း သဘောပေါက်သွားသည်။
နောက်တစ်စက္ကန့်တွင် သူသည် ဓားရှည်ကို ဆွဲထုတ်ပြီး ဝူယီဖန် ရှေ့သို့ ရောက်သွားကာ ပြင်းထန်စွာ ခုတ်ချလိုက်လေသည်။
ချန်ဖုန်းနှင့် ချင်ပေါ်တို့က နောက်လှည့်ပြီး စုချောင်ရန်ကို စော်ကားရန် ပြင်ဆင်နေစဉ် သူတို့နောက်မှ ကျယ်လောင်သော အသံတစ်သံကို ကြားလိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။
ချန်ဖုန်းနှင့် ချင်ပေါ်တို့၏ မျက်နှာထားများမှာ ထိုအသံကို ကြားလိုက်ရသည့်အတွက် အနည်းငယ် ပြောင်းလဲသွားကြသည် ။ အဘယ်ကြောင့်ဆိုသော် ဓားဖြင့် အခုတ်ခံရသော အသံမှာ ဤကဲ့သို့ မဟုတ်သောကြောင့် ဖြစ်သည်။
ထိုသို့ တွေးမိပြီးနောက် ချန်ဖုန်းနှင့် ချင်ပေါ်တို့သည် အလျင်အမြန် လှည့်ကြည့်လိုက်ကြသည်။ လီယွမ်သည် မူလနေရာတွင် ရပ်နေသော်လည်း သူ့ပခုံးပေါ်တွင် ရှိသင့်သော ခေါင်းမှာ ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရ၏။ လီယွမ်၏ ရှေ့တွင် ရပ်နေသော ဝူယီဖန်မှာမူ သူ့ကိုယ်ပေါ်တွင် သွေးစက်အချို့ ပေကျံနေသည်မှလွဲ၍ ထိခိုက်ဒဏ်ရာ မရှိပေ။
စုချောင်ရန်၏ မျက်လုံးအိမ်များမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ အဘယ်ကြောင့်ဆိုသော် လီယွမ်သည် ဝူယီဖန်ကို သတ်ရန် ပြင်လိုက်စဉ်မှာပင် ဝူယီဖန်က ပြန်လည် တိုက်ခိုက်လိုက်ပြီး လီယွမ်၏ ခေါင်းကို လက်သီးတစ်ချက်တည်းဖြင့် ထိုးခွဲလိုက်သည်ကို သူမ အထင်အရှား မြင်လိုက်ရသောကြောင့် ဖြစ်သည်။
မည်သူမျှ မတုံ့ပြန်နိုင်မီ ဝူယီဖန်သည် ထပ်မံ တိုက်ခိုက်လိုက်သည်။ လီယွမ်၏ ခန္ဓာကိုယ်ကို အားကုန်ထုတ်ထားသော သူ၏ လက်သီးတစ်ချက်ဖြင့် ထိုးခွဲလိုက်ရာ သူ့ဝိညာဉ်တောင် မလွတ်မြောက်နိုင်ခဲ့ချေ။
ယခုအခါတွင်မူ ဝူယီဖန်သည် အခြားသူများကို လှည့်စားရန်အတွက် အ,ချင်ယောင် ဆောင်နေခဲ့ခြင်း ဖြစ်ကြောင်း ရှိနေသူ အားလုံး အထင်အရှား မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
"တောက်! ဒုတိယညီလေး အတူတူ တိုက်မယ်”
ချန်ဖုန်း ဒေါသထွက်သွားသည်။ ဝူယီဖန်သည် ထိုမျှ သန်မာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အမှန်စင်စစ် ကျယ်ပြောသော လျှို့ဝှက်နယ်မြေတွင် ကန့်သတ်ချက်များ ရှိပြီး သူတော်စင်ဘုရင်နှင့် အထက် အဆင့်များ ဝင်ရောက်၍ မရပေ။
ဆိုလိုသည်မှာ ဝူယီဖန်သည် မဟာသူတော်စင် အထွတ်အထိပ်အဆင့် ရှိသော လီယွမ်ကို ခြုံခိုတိုက်ခိုက်သောကြောင့် သတ်နိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် သူတို့သည် မိမိတို့၏ ခွန်အားကို အထင်ကြီးလွန်းပြီး ဝူယီဖန်၏ ခွန်အားကို လျှော့တွက်နေကြောင်း ထင်ရှားပေသည်။
"ငါ သည်းခံနေတာ ကြာလှပြီ နောက်ဆုံးတော့ ပျော်လို့ရပြီဟေ့ မင်းတို့က ငါ့ကို ပျော်အောင် ထားနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ဝူယီဖန်သည် ခန္ဓာကိုယ်ကို အကြောဆန့်လိုက်သည်။ သူ တွေ့ကြုံခဲ့ရသော ရန်သူအားလုံးမှာ အလွန် သန်မာသူများ ဖြစ်ပေသည်။ သို့မဟုတ်ပါက သူသည် မိမိကိုယ်မိမိ အမှန်တကယ်ပင် အနိုင်ကျင့်ခံရလွယ်သူဟု ထင်မှတ်မိတော့မည် ဖြစ်သည်။
သို့သော် ဝူယီဖန်သည် နောက်ဆုံးတွင် ပျော်ရွှင်ရတော့မည်ဟု ထင်မှတ်နေစဉ် ၊ တစ်ကြိမ်သာ အပြန်အလှန် တိုက်ခိုက်လိုက်ရုံဖြင့် ချန်ဖုန်းနှင့် ချင်ပေါ်တို့ နှစ်ယောက်စလုံးမှာ ဝူယီဖန်၏ လက်သီးတစ်ချက်တည်းဖြင့် သေဆုံးသွားခဲ့ရသည်။
ထိုမြင်ကွင်းကြောင့် ဝူယီဖန် ခမျာ အနည်းငယ် အံ့သြသွားသည်။
“ဟာ ငါ အားတောင် သိပ်မစိုက်ရသေးဘူး ခင်ဗျားတို့က ဘယ်လိုလုပ် သေကုန်ကြတာလဲ”
သို့သော် ဝူယီဖန်သည် ဂရုမစိုက်ပေ။ သူသည် ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုယ်၏ သတ္တမမြောက် အလွှာ ကန့်သတ်ချက်ကို ချိုးဖျက်ပြီးပြီ ဖြစ်ရာ ၊ မဟာသူတော်စင် တစ်ယောက်ကို သတ်ရသည်မှာ ရိုးရှင်းသော ကိစ္စတစ်ခုသာ ဖြစ်သည်။
သူတို့ကို မသတ်နိုင်မှသာ အမှန်တကယ် ထူးဆန်းနေပေလိမ့်မည်။
ချန်ဖုန်းနှင့် အခြားသူများကို သတ်ဖြတ်ပြီးနောက် ဝူယီဖန်သည် ရွေးချယ်ခံရသူတိုင်း၏ ကောင်းမွန်သော အစဉ်အလာကို ဆက်ခံလိုက်သည် ။ ဤသည်မှာ အလောင်းကောင်များအား ရှာဖွေသိမ်းဆည်းခြင်း ဖြစ်ပေသည်။
အလောင်းကောင် မရှာဖွေတတ်သော ရွေးချယ်ခံရသူသည် ရွေးချယ်ခံရသူကောင်း တစ်ဦး မဟုတ်ပေ။
မကြာမီ ဝူယီဖန်သည် အလောင်းကောင်များကို အတွင်းခံပင် မကျန်အောင် သေချာစွာ ရှင်းလင်းလိုက်သည်။ ဤသည်ကို မြင်သောအခါ ဝူယီဖန်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး စုချောင်ရန် ရှိရာသို့ လှည့်ထွက်လာခဲ့သည်။
ဝူယီဖန်သည် သူမထံသို့ လျှောက်လာသည်ကို မြင်သောအခါ စုချောင်ရန်သည် နောက်ဆုံးတွင် သူမ၏ တုန်လှုပ်မှုမှ ပြန်လည် သတိဝင်လာပြီး သူ့ကို သတိဖြင့် ကြည့်လိုက်သည်။
ထိုမျှ အစွမ်းထက်သော ဖြစ်တည်မှုမျိုးကို သူမ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ဟင်းလင်းပြင်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်ဖြင့် မဟာသူတော်စင်များကို သတ်ဖြတ်ခဲ့သည်။ ဤလူ၏ ခန္ဓာကိုယ်သည် အတော်ပင် ထူးခြားပေသည်။ ၎င်း၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ ကြောက်မက်ဖွယ် ကောင်းလှ၏။
ဝူယီဖန်၏ ခန္ဓာကိုယ်သည် မည်မျှ ကြောက်စရာ ကောင်းကြောင်း၊ သူတော်စင်ဘုရင် တစ်ပါးနှင့် ယှဉ်နိုင်လောက်ကြောင်း စုချောင်ရန် နောက်ဆုံးတွင် သဘောပေါက်သွားသည်။
သို့သော် ဝူယီဖန်သည် မိတ်ဆွေလား ရန်သူလား ဆိုသည်ကို စုချောင်ရန် မသိပေ။ ဝူယီဖန်က ချန်ဖုန်းနှင့် အခြားသူများကို သတ်လိုက်သော်လည်း ဝူယီဖန်သည် လူကောင်း တစ်ယောက် ဖြစ်ကြောင်း သက်သေမပြနိုင်ပေ။
ဝူယီဖန်သည် အခြားသူများနှင့် ဝေမျှရသည်ကို မကြိုက်ဘဲ တစ်ယောက်တည်း ပိုင်ဆိုင်လိုသူ ဖြစ်နေခဲ့ပါက ၊ မည်သို့ဖြစ်မည်နည်း ။
စုချောင်ရန်၏ အတွေးကို ဝူယီဖန်သာ သိခဲ့လျှင်ဖြင့် ဒူးထောက်၍ လျှောက်မတွေးပါနှင့်ဟု တောင်းပန်မိပေလိမ့်မည်။ သို့မဟုတ်ပါက ဘိုးအဘေး၏လက်ထဲတွင် သူ သေရနိုင်သည်။