← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း ၂၇ - ဧကရာဇ် ၄ ပါးနှင့် ဂိုဏ်းကြီး ၆ ဂိုဏ်း၏ တုန်လှုပ်မှု

ဤခုနစ်ရက် အတွင်း၌ ဝူရူလုံသည် လာမည့် ထုတ်ကုန်သစ် မိတ်ဆက်ပွဲနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဖြေရှင်းပြီးစီးခဲ့ပြီ ဖြစ်သည်။

ဆော့ဖ်ဝဲလ်ကို အသေးစိတ် ပြင်ဆင်မွမ်းမံပြီး ဖြစ်သလို ၊ ဖုန်းဈေးနှုန်းကိုလည်း သတ်မှတ်ပြီး ဖြစ်သည်။ သာမန်လူများအတွက် သီးခြား ပါဝင်ပစ္စည်း အပြင်အဆင်များ ရှိမည် ဖြစ်ပြီး ကျင့်ကြံသူများအတွက်လည်း သီးခြား အပြင်အဆင်များ ရှိမည် ဖြစ်ရာ ဈေးနှုန်းများမှာ သဘာဝကျစွာပင် ကွာခြားပေလိမ့်မည်။

သာမန်လူသုံး မိုဘိုင်းဖုန်း တစ်လုံးသည် ဝိညာဉ်ကျောက်တုံး အဆင့်နိမ့် ၁၀ တုံးခန့် ကျသင့်ပြီး သာမန်လူများ အသုံးပြုသော ငွေကြေးမှာ ကြေးပြားများ ဖြစ်သည်။ ဝိညာဉ်ကျောက်တုံး အဆင့်နိမ့် တစ်တုံး ရရှိရန် ကြေးပြား တစ်ထောင်ခန့် လဲလှယ်ရ၏။ ဆိုလိုသည်မှာ သာမန်လူတစ်ဦး အနေဖြင့် မိုဘိုင်းဖုန်းတစ်လုံး ဝယ်ယူရန် တစ်နှစ်ခန့် ကြာမြင့်ပေလိမ့်မည်။

ကျင့်ကြံသူများထံ ရောင်းချမည့် ဖုန်းများမှာမူ သဘာဝကျစွာပင် ပိုမို ဈေးကြီးပေသည်။ မန္တာန်အစီအရင် ပါဝင်ခြင်း၊ သို့မဟုတ် အချို့သော အဆင့်ရှိ ကျင့်ကြံသူများ၏ စွမ်းအားပြည့် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခြင်း စသည်ဖြင့် အမျိုးအစား များစွာ ရှိသည်။ ဈေးနှုန်းများမှာလည်း ထိုအချက်များအပေါ် မူတည်၍ ကွာခြားသွားမည် ဖြစ်သည်။

ထို့ပြင် ဝူဟောက်၏ အကြံဉာဏ်များကို လိုက်နာလျက် ဝူရူလုံသည် ဝိညာဉ်ကျောက်တုံး အဆင့်မြင့် ၁ သိန်း တန်ကြေးရှိသော အကန့်အသတ်ရှိ ဖုန်း ၁၀ လုံးကိုလည်း ထုတ်လုပ်ခဲ့သည်။

မကြာမီ သတ္တမမြောက်နေ့သို့ ရောက်ရှိလာ၏။ ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းသည် သတင်းစာရှင်းလင်းပွဲ အတွက် ခန်းမနေရာကို ပြင်ဆင်ပြီးစီးနေပြီ ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲများမှာ ရွှမ်ထျန်းကမ္ဘာတွင် မဆန်းသော်လည်း ထုတ်ပြန်သော သတင်းအချက်အလက်များမှာ များသောအားဖြင့် သာမန်လူများနှင့် ကျင့်ကြံသူများအတွက် သီးခြားစီ ဖြစ်လေ့ရှိသည်။ ထို့ကြောင့် လူအများအပြားထံ ဖိတ်ကြားလွှာ ပေးပို့ထားသော ဝူရူလုံ၏ ပွဲမျိုးမှာ တွေ့ရခဲလှ၏။

ထိုအချိန်တွင် ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်း၏ သတင်းစာရှင်းလင်းပွဲ ခန်းမအပြင်ဘက်၌ အင်အားစု အသီးသီးမှ ခေါင်းဆောင်များ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။

ရွှမ်ထျန်းကမ္ဘာ၏ တောင်ပိုင်းဒေသတွင် အင်အားကြီး နယ်ပယ် ၄ ခုနှင့် ဂိုဏ်းကြီး ၆ ခု ရှိသည်။ အင်အားကြီး နယ်ပယ် ၄ ခုမှာ လီမင်းဆက်၊ နတ်ဘုရားမင်းဆက်၊ အင်မော်တယ်မင်းဆက်နှင့် ကြွယ်ဝခြင်းမင်းဆက်တို့ ဖြစ်ကြသည်။

ဂိုဏ်းကြီး ၆ ခုမှာ မီးတောက်ဂိုဏ်း၊ ဖော်ရှန်းဂိုဏ်း၊ ဖန်ရှီဂိုဏ်း၊ ဝမ်ရစ်ဂိုဏ်း၊ ကျန့်ထျန်းဂိုဏ်းနှင့် ဟွာဝူဂိုဏ်းတို့ ဖြစ်ကြသည်။

ဧကရာဇ် ၄ ပါးနှင့် ဂိုဏ်းကြီး ၆ ခုမှ တစ်ခုစီတိုင်းတွင် ဧကရာဇ်တပိုင်း အဆင့်ရှိ ကျွမ်းကျင်ပညာရှင် တစ်ဦးစီ တာဝန်ယူထားပြီး ဤအင်အားစုများ၏ ခေါင်းဆောင်များမှာ အာဏာရှင် အထွတ်အထိပ် အဆင့်များ ဖြစ်ကြသည်။ ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်း အပေါ် သူတို့၏ လေးစားမှုကို ပြသရန် အလို့ငှာ ဤအင်အားစု ခေါင်းဆောင်များ အားလုံးသည် ယနေ့ ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်း၏ သတင်းစာရှင်းလင်းပွဲသို့ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်လာကြခြင်း ဖြစ်သည်။

ပထမဆုံး ရောက်ရှိလာသူမှာ အာဏာရှင် အထွတ်အထိပ် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားသော နတ်ဘုရားမင်းဆက်၏ အရှင်သခင် ရှင်ဝမ်ယွန်းမှလွဲ၍ အခြားသူ မဟုတ်ပေ။

ရှင်ဝမ်ယွန်း အခမ်းအနားသို့ ရောက်ရှိလာသည်နှင့် အပြင်ဘက်ရှိ တောင်ပိုင်းဒေသ သတင်းစာအသီးသီးမှ သတင်းထောက်များသည် ဖြစ်ပျက်နေသမျှကို မှတ်တမ်းတင်ရန် သူတို့၏ မှတ်တမ်းတင်ကျောက်တုံးများကို အသုံးပြုကြတော့သည်။

အဘယ်ကြောင့်ဆိုသော် ထိုသူမှာ ဧကရာဇ် ၄ ပါးထဲမှ တစ်ပါးဖြစ်သည့် ရှင်ဝမ်ယွန်း ဖြစ်ပြီး ပုံမှန်အားဖြင့် သူတို့ မြင်တွေ့ခွင့် ရနိုင်မည့်သူ မဟုတ်သောကြောင့် ဖြစ်သည်။

သို့သော် သူတို့ တုန်လှုပ်၍ မဆုံးခင်မှာပင် အင်မော်တယ်မင်းဆက်၏ အရှင်သခင် ကျန့်ထင်လည်း ရောက်ရှိလာ၏။

အသိမိတ်ဆွေကို မြင်လိုက်ရသည့်အခါ ရှင်ဝမ်ယွန်းက ပြုံး၍ နှုတ်ဆက်လိုက်သည်။

"အစ်ကိုကျန့် မတွေ့တာတောင် ကြာပြီပဲ”

မင်းဆက် ၄ ခုအနက် အခြား ၃ ခုနှင့် ဆက်ဆံရေး မကောင်းသော လီမင်းဆက်မှလွဲ၍ ကျန် မင်းဆက် ၃ ခုမှာ ဆက်ဆံရေး အတော်လေး ကောင်းမွန်ကြသည်။ ထို့ကြောင့် ရှင်ဝမ်ယွန်းက သူ့ကို နှုတ်ဆက်သည်ကို မြင်သောအခါ ကျန့်ထင်က ပြုံး၍ ပြန်ပြောလိုက်၏။

"အစ်ကိုရှင် မတွေ့တာ ကြာပြီပဲ ငါတို့ နောက်ဆုံးတွေ့ခဲ့တာ ငါတို့ မဟာမင်းဆက်ကြီး ၄ ခုရဲ့ ပြိုင်ပွဲတုန်းက ထင်တယ်”

"ဒါပေါ့.. ဒါပေမဲ့ ငါမှတ်မိသလောက် နောက်ထပ် ပြိုင်ပွဲက မကြာခင် ကျင်းပတော့မယ် မဟုတ်လား”

ရှင်ဝမ်ယွန်းက ခေတ္တမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။

ကျန့်ထင်က ခေါင်းညိတ်လိုက်၏။

"မှန်တယ် နောက်ထပ် ဧကရာဇ်လေးပါး ပြိုင်ပွဲက ဆယ်နှစ်လောက်ပဲ လိုတော့တယ်”

ရှင်ဝမ်ယွန်း စကားပြောရန် ပြင်လိုက်စဉ်မှာပင် ကြွယ်ဝခြင်းမင်းဆက်၏ ဧကရာဇ် ကောင်းချီချန်လည်း ထိုနေရာသို့ ရောက်ရှိလာသည်။

"အစ်ကိုရှင် ၊ အစ်ကိုကျန့် မတွေ့တာ ကြာပြီပဲ”

"မတွေ့တာ ကြာပြီပဲ အစ်ကိုကောင်း”

ရှင်ဝမ်ယွန်းနှင့် ကျန့်ထင်တို့က ပြုံး၍ ပြောလိုက်ကြသည်။

ထိုသုံးဦး နှုတ်ဆက်စကား ဆိုနေကြစဉ် မလှမ်းမကမ်းမှ မနှစ်မြို့ဖွယ် အသံတစ်သံ ထွက်ပေါ်လာ၏။

"မင်းတို့သုံးယောက် ဘာတွေ ပြောနေကြတာလဲ ငါရော ပါလို့ရမလား"

ထိုအသံကို ကြားလိုက်ရသည့်အခါ သူတို့သုံးဦး မျက်မှောင်ကြုတ်လိုက်ကြပြီး ကောင်းချီချန်က အရင် စတင် ပြောလိုက်သည်။

"လူကြီးမင်းတို့ အချိန်နောက်ကျနေပြီဆိုတော့ ငါ အရင် ဝင်နှင့်တော့မယ်”

"ငါ့ကို စောင့်ဦးလေ အတူတူ ဝင်ကြတာပေါ့”

ရှင်ဝမ်ယွန်းနှင့် အခြားနှစ်ဦးတို့ အတူတကွ ဝင်သွားပြီး သူ့ကို လုံးဝ လျစ်လျူရှုထားသည်ကို မြင်လိုက်ရသည့်အခါ လီရွှီခွင်၏ မူလကတည်းက မကြည်မလင် ဖြစ်နေသော မျက်နှာထားမှာ ပို၍ အရုပ်ဆိုး အကျည်းတန်သွားသည်။

သို့သော်လည်း လီရွှီခွင်က သတင်းစာရှင်းလင်းပွဲ ခန်းမထဲသို့ မဝင်မီ သူ့ကိုယ်သူ တည်ငြိမ်အောင် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ရသည်။

ဘာပဲဖြစ်ဖြစ် ယနေ့အတွက် အရေးကြီးဆုံး အရာမှာ ဝူရူလုံ ဘာကြံစည်နေလဲ ဆိုသည်ကို ဖော်ထုတ်ရန် ဖြစ်သည်။ မင်းဆက် ၃ ခုမှ အရှင်သခင်များ အနေဖြင့်မူ သူတို့၏ ဆက်ဆံရေးမှာ ယခင်ကတည်းက ဆိုးရွားပြီးသား ဖြစ်သည့်အတွက် ယခုမှ သူတို့နှင့် မိတ်ဖွဲ့ရန် ကြိုးစားနေစရာ မလိုတော့ပေ။

ဧကရာဇ် ၄ ပါး ရောက်ရှိလာပြီး မကြာမီမှာပင် ဂိုဏ်းကြီး ၆ ဂိုဏ်းမှ လူများလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။ သို့သော် ကျန့်ထျန်းဂိုဏ်း၊ ဟွာဝူဂိုဏ်းနှင့် ဝမ်ရစ်ဂိုဏ်းတို့မှ ဂိုဏ်းခေါင်းဆောင်များသာ ကိုယ်တိုင်ကိုယ်ကျ ရောက်လာကြခြင်း ဖြစ်သည်။ အခြား ဂိုဏ်းခေါင်းဆောင်များ ဖြစ်ကြသော မီးတောက်ဂိုဏ်း၊ ဖော်ရှန်းဂိုဏ်းနှင့် ဖန်ရှီဂိုဏ်းတို့မှာ သူတို့၏ အကြီးအကဲများနှင့်အတူ ရောက်လာကြသည်။

ဂိုဏ်းကြီး ၆ ဂိုဏ်းသည် အမြဲတစေ လောကီရေးရာများနှင့် ကင်းကွာစွာ နေလေ့ရှိပြီး တပည့်လက်ခံသည့် အချိန်မှလွဲ၍ ပြင်ပကမ္ဘာနှင့် ဆက်ဆံခဲလှသည်။ ဝူရူလုံသာ ဖိတ်ကြားလွှာ မပို့ခဲ့လျှင် သူတို့ ရောက်လာကြလိမ့်မည် မဟုတ်ပေ။

ဧကရာဇ် ၄ ပါးနှင့် ဂိုဏ်းကြီး ၆ ဂိုဏ်းအပြင် ဝူရူလုံသည် အာဏာရှင်အဆင့် ကျွမ်းကျင်ပညာရှင်များ ပါဝင်သော အင်အားစုများနှင့် ကျော်ကြားသော တောင်ပိုင်းဒေသ ကျင့်ကြံခြင်း နေ့စဉ်သတင်းစာကိုလည်း သတင်းစာရှင်းလင်းပွဲသို့ ဖိတ်ကြားထားလေသည်။

ကျင့်ကြံခြင်း လောကတွင်လည်း လူမှုဆက်ဆံရေးနှင့် လူမှုရေး သဘောတရားများ ရှိနေသည်သာ ဖြစ်ရာ နေ့စဉ် ကျင့်ကြံခြင်း သတင်းစာ ရှိနေသည်မှာ အံ့သြစရာ မဟုတ်ပေ။ သို့မဟုတ်ပါက ဖြောင့်မတ်သော လမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်ဟူ၍ ခွဲခြားမှု ရှိလာမည် မဟုတ်ချေ။

အချိန်ကျရောက်လာသောအခါ ဝူရူလုံက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး စင်မြင့်အလယ်သို့ လျှောက်သွားကာ ဖိတ်ကြားထားသော ဧည့်သည်များကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

"ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲကနေ အားလုံးကို ကြိုဆိုပါတယ် စကားပလ္လင် ခံမနေတော့ဘဲ လိုရင်းကိုပဲ သွားလိုက်ကြတာပေါ့ ဒီနေ့ ခင်ဗျားတို့ကို ရွှမ်ထျန်းကမ္ဘာတစ်ခုလုံးကို ပြောင်းလဲပေးနိုင်မယ့် ထုတ်ကုန်တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်”

စကားဆုံးသွားသည့် ခဏ၌ အောက်မှ ဧည့်သည်များလည်း စပ်စုချင်စိတ်များ ဖြစ်ပေါ်လာကြသည်၊ အထူးသဖြင့် ဧကရာဇ် ၄ ပါးနှင့် ဂိုဏ်းကြီး ၆ ဂိုဏ်းမှ လူများပင်။ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးကို ပြောင်းလဲပေးနိုင်လောက်သည့် ထုတ်ကုန်တစ်ခု ယူဆောင်လာသည်ဟု ပြောရအောင် ဝူရူလုံသည် မည်သည့်နေရာမှ ယုံကြည်ချက်များ ရရှိလာသည်ကို သူတို့ သိချင်နေကြသည်။

သို့သော် ဝူရူလုံသည် သူ့ဖုန်းကို ထုတ်ယူလိုက်သည့်အခါ လူတိုင်း၏ မျက်လုံးများတွင် စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာ၏။ ဖုန်း၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ဝူရူလုံ၏ သရုပ်ပြရှင်းလင်းမှုကို မြင်တွေ့ပြီးနောက် ရောက်ရှိနေကြသူ အားလုံးမှာ အသက်ရှူ မြန်လာကြသည်။

ဝူရူလုံ ပြောသည့်အတိုင်းသာ မှန်ပါက မိုဘိုင်းဖုန်းဟု ခေါ်သော ဤပစ္စည်းသည် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးကို ပြောင်းလဲပေးနိုင်မည့် စွမ်းအား တကယ်ရှိနေပေလိမ့်မည်။

"ကဲ... ဒီလောက် အံ့သြစရာကောင်းတဲ့ ထုတ်ကုန်တစ်ခုမှာ ဈေးနှုန်းတစ်ခုတော့ ရှိရမှာပေါ့ ဒါဆို သူ့ဈေးနှုန်းက ဘယ်လောက်လဲ”

"မူလက သူ့ဈေးနှုန်းက အရမ်းမြင့်ပါတယ် ဒါပေမဲ့ ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းရဲ့ အကြီးတန်း စီမံခန့်ခွဲသူတွေကို တစ်ညလုံး စည်းရုံးပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့အားလုံး အလွန် သင့်တော်တယ်လို့ ထင်မြင်တဲ့ ဈေးနှုန်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ် ကျေးဇူးပြုပြီး မျက်နှာပြင်ကို ကြည့်လိုက်ပါ”

အမ်...

ဈေးနှုန်းကို ကြေညာလိုက်သည့်အခါ ရောက်ရှိနေသော တန်ခိုးရှင်များ အားလုံး အံ့သြမှင်သက်ကာ အသက်ရှူမှားသွားကြသည်။ တောင်ပိုင်းဒေသ၏ နေရာတိုင်းရှိ လူများကို ချိတ်ဆက်ပေးနိုင်ပြီး လူများ မည်သို့ နေထိုင်ကြသည်ကို မြင်တွေ့နိုင်မည့် ရတနာတစ်ခုက ဤမျှ ဈေးပေါလေသလော။

ဝိညာဉ်ကျောက်တုံး အဆင့်နိမ့် ၁၀ တုံးတဲ့..

မှန်ပေသည်၊ ဤသည်မှာ သာမန်လူသုံး ဗားရှင်း ဖြစ်သည်။ သာမန်လူသုံး ဗားရှင်းကို ထုတ်ပြန်ပြီးနောက် ဝူရူလုံက ကျင့်ကြံသူ ဗားရှင်းကို ချက်ချင်း ထုတ်ပြန်လိုက်သည်။ ကျင့်ကြံသူ ဗားရှင်းတွင် အသက်ကယ်ခြင်းနှင့် ကျင့်ကြံခြင်း အထောက်အကူပြု လုပ်ဆောင်ချက်များ ပါဝင်ကြောင်း ကြားလိုက်ရသည့်အခါ ရောက်ရှိနေသော အင်အားစု ခေါင်းဆောင်များ အားလုံး ထိုင်ရာမှ မထဘဲ မနေနိုင်ကြတော့ပေ။

အထူးသဖြင့် လီရွှီခွင်သည် ဤနည်းပညာကို ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်း၏ လက်ထဲသို့ မရောက်စေဘဲ သူ့လီမင်းဆက်၏ လက်ထဲ၌သာ ရှိနေစေရန် သန္နိဋ္ဌာန် ချလိုက်သည်။

အခြား အင်အားစုများ အနေဖြင့်မူ လီရွှီခွင်၏ အတွေးမျိုး မရှိကြပေ။ ဦးနှောက်ရှိသူ မည်သူမဆို ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းက ဤအဆင့်ရှိ နည်းပညာကို ထုတ်ပြန်ရဲသည် ဆိုကတည်းက သူတို့နောက်တွင် ကျောထောက်နောက်ခံ ပေးထားသူ တစ်ဦးဦး၊ ဧကရာဇ်တပိုင်း အဆင့်ရှိသူ တစ်ဦးဦး ရှိနေကြောင်း သိနိုင်ပေသည်။

ဤအခြေအနေတွင် ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းနှင့် ဆက်ဆံရေး ဆိုးရွားခြင်းထက် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ခြင်းက ပိုမို ကောင်းမွန်ကြောင်း သိသာထင်ရှားလှပေသည်။

အခန်း ၂၈ - အင်အားကြီးများ၏ မဟာမိတ်ဖွဲ့ခြင်းနှင့် လီရွှီခွင်၏ တည်ငြိမ်မှု ပျက်ပြားခြင်း

"ဒါက သူဌေးဝူ ဖြစ်ရမယ် တကယ်ပဲ ခန့်ညားတဲ့ လူတစ်ယောက်ပဲ... သူ အိမ်ထောင်ကျပြီးပြီလား မသိဘူး”

"မင်း ဘာတွေ လျှောက်ပြောနေတာလဲ သူဌေးဝူလို လူမျိုးက မင်းတို့ အင်မော်တယ်မင်းဆက်က လူကို စိတ်ဝင်စားပါ့မလား သူဌေးဝူ ခင်ဗျားသာ ကျွန်တော့်ရဲ့ ကြွယ်ဝခြင်းမင်းဆက်ကို အလည်လာမယ်ဆိုရင် ကျွန်တော် ခင်ဗျားအတွက် အလှပဂေး ၁၈၀ လောက် ပြင်ဆင်ပေးထားလိုက်မယ်”

"သွားစမ်းပါကွာ သူဌေးဝူ အချစ်စစ် နတ်ဘုရားတစ်ပါးနဲ့ တူတာကို သူဌေးဝူ ကျွန်တော့်မှာ အလွန် လှပတဲ့ သမီးတစ်ယောက် ရှိတယ် သူဌေးဝူ အနေနဲ့ သူ့ကို တွေ့ဆုံပေးမယ်ဆိုရင် ကျွန်တော် ဂုဏ်ယူမိမှာပါ"

မင်းဆက် ၃ ခုမှ ဧကရာဇ် ၃ ပါးက သူ့ကို ကမ်းလှမ်းမှုများ ပြုလုပ်နေသည်ကို မြင်လိုက်ရသည့်အခါ ဝူရူလုံခမျာ ကြက်သီးမထဘဲ မနေနိုင်တော့ပေ။ သူ့မိန်းမသာ သိသွားပြီး သူ အိမ်ပြန်ရောက်သည့်အခါ အဝတ်လျှော်ပျဉ်ပြားပေါ်သို့ ဒူးထောက်ရပေတော့မည်။

ထိုအရာကို တွေးမိရင်း ဝူရူလုံသည် အလျင်အမြန် ငြင်းပယ်လိုက်သည်။

"အားလုံးပဲ ရပ်လိုက်ကြပါတော့ ကျွန်တော်က အိမ်ထောင်သည်ပါ”

ဝူရူလုံသည် အိမ်ထောင်ကျပြီးကြောင်း ကြားလိုက်ရသည်နှင့် ရှင်ဝမ်ယွန်းနှင့် အခြားသူများမှာ စိတ်ပျက်သွားကြသည်။ သူတို့၏ စိတ်ပျက်နေသော မျက်နှာထားများကို မြင်လိုက်ရသည့်အခါ ဝူရူလုံလည်း သည်းမခံနိုင်တော့ဘဲ သက်ပြင်းချကာ ပြောလိုက်သည်။

"လူကြီးမင်းတို့ ကျွန်တော့် ဝူမိသားစုမှာ အိမ်ထောင်မပြုရသေးတဲ့ လူငယ်လူချောတွေ အများကြီး ရှိပါသေးတယ်... ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့် ဝူမိသားစုက လူငယ်လူချောတွေနဲ့ မိတ်ဆက်ပေးလို့ ရပါတယ်”

ထိုစကားကို ကြားလိုက်ရသည်နှင့် ရှင်ဝမ်ယွန်းနှင့် အခြားသူများ၏ မျက်လုံးများမှာ အရောင်တောက်လာကြသည်။ သူတို့သည် ဝူရူလုံနှင့် လက်မထပ်နိုင်လျှင်ပင် ဝူမိသားစုနှင့် လက်ထပ်ပြီး ဆက်ဆံရေးကောင်း တည်ဆောက်နိုင်သေးသည် မဟုတ်လော။

ထို့ကြောင့် ရှင်ဝမ်ယွန်းနှင့် အခြားသူများက အပြုံးများဖြင့် အလျင်အမြန် သဘောတူလိုက်ကြသည်။

သို့သော် ထိုအချိန်တွင် ကျန့်ထင်က စိတ်ပြောင်းသွားပြီး မေးလိုက်၏။

"စကားမစပ်... သူဌေးဝူ ဟို အကန့်အသတ်ရှိ ဖုန်းကို ကျွန်တော့်ဆီ ကြိုရောင်းပေးဖို့ ဖြစ်နိုင်မလား”

ကျန့်ထင်၏ စကားကိုကြားပြီးနောက် ရှင်ဝမ်ယွန်းနှင့် ကောင်းချီချန်တို့ကလည်း အားကျမခံ ပြောလိုက်ကြသည်။

"သူဌေး ဝူ... ကျွန်တော့်ကိုလည်း တစ်လုံးပေးပါ”

"ကျွန်တော့်ကိုရော...”

ဝူရူလုံက သဘာဝကျစွာပင် မငြင်းဆန်ခဲ့ပေ။ အကန့်အသတ်ရှိ ထုတ်လုပ်မှု ဆိုသည်မှာ အင်အားကြီး အဖွဲ့အစည်းများနှင့် မိတ်ဖွဲ့ရန် ရည်ရွယ်ထားခြင်း ဖြစ်ပြီး သူ့ရှေ့မှ ရှင်ဝမ်ယွန်းနှင့် အခြားသူများမှာ ဝူမိသားစု အနေဖြင့် မိတ်ဖွဲ့ရန် လိုအပ်သော အင်အားစုများ ဖြစ်သည်မှာ ထင်ရှားလှသည်။

ဝိညာဉ်ကျောက်တုံး အဆင့်မြင့် ၁ သိန်း ဆိုသည်မှာ ရှင်ဝမ်ယွန်းနှင့် အခြားသူများအတွက် ဘာမှ မဟုတ်ပေ။ ဝူရူလုံနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန် အသုံးပြုရခြင်းထက် အရေးမကြီးပေ။

သူတို့သည် အင်မော်တယ် လမ်းစဉ်ကို လိုက်စားနေကြသူများ ဖြစ်သော်လည်း သူတို့ရှေ့မှ ဖုန်းသာ အမှန်တကယ် ထွက်ရှိလာပါက ထုတ်ဝေသူ ဖြစ်သည့် ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်း အနေဖြင့် အကျိုးအမြတ်များစွာ ရရှိမည်မှာ သေချာကြောင်း သူတို့ မြင်နိုင်သည်။

သူတို့သည် တောင်ပိုင်းဒေသ တစ်ခုလုံးတွင် အာဏာအရှိဆုံး အင်အားစု ဖြစ်လာနိုင်ပြီး မဟာသန့်စင်နယ်မြေ ၄ ခုကိုပင် စိန်ခေါ်နိုင်ကောင်း စိန်ခေါ်နိုင်ပေလိမ့်မည်။

မဟာသန့်စင်နယ်မြေ ၄ ခု အကြောင်း တွေးမိရင်း ရှင်ဝမ်ယွန်းနှင့် အခြားသူများမှာ စိတ်လေးလံသွားရသည်။ သူတို့ အင်အားစုများ အားလုံးတွင် ဧကရာဇ်တပိုင်းများ ရှိကြသော်လည်း လက်တွေ့တွင်မူ သူတို့သည် မဟာသန့်စင်နယ်မြေ ၄ ခုနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။

မဟာသန့်စင်နယ်မြေ ၄ ခု အနေဖြင့် မည်သူ့ကိုမဆို စေလွှတ်လိုက်ရုံဖြင့် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးကို လွယ်ကူစွာ သိမ်းပိုက်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် သန့်စင်နယ်မြေ တိုင်းတွင် ဧကရာဇ်လက်နက် တစ်ခုစီ ရှိသောကြောင့် ဖြစ်သည်။ ဧကရာဇ်လက်နက် ပိုင်ဆိုင်ထားသော ဧကရာဇ်တပိုင်းများနှင့် မပိုင်ဆိုင်ထားသူများမှာ အဆင့်အတန်းချင်း လုံးဝ မတူညီကြပေ။

ဧကရာဇ်လက်နက်ကို ကိုင်ဆောင်ထားသော ဧကရာဇ်တပိုင်း ကနဦးအဆင့် ကျင့်ကြံသူ တစ်ဦးသည် မဟာဧကရာဇ် အဆင့်အောက်တွင် ပြိုင်ဘက်ကင်း ဖြစ်နိုင်ရာ၊ ဤသည်ကို ကြည့်လျှင် ဧကရာဇ်လက်နက်များ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို သိနိုင်သည်။

ဝူရူလုံ၏ အကူအညီဖြင့် ရှင်ဝမ်ယွန်းနှင့် အခြားသူများသည် မိုဘိုင်းဖုန်း အသုံးပြုနည်းကို လျင်မြန်စွာ သင်ယူတတ်မြောက်သွားကြပြီး သူတို့မျက်နှာပေါ်တွင် ဆန်းသစ်မှု အရိပ်အယောင်များ ဖြစ်ပေါ်လာကြသည်။

မိုဘိုင်းဖုန်းနှင့် ပတ်သက်၍ ဖုန်းကဒ်ကို ရောင်းချလိုက်သည်နှင့် အလိုအလျောက် ချိတ်ဆက်ပေးသွားမည် ဖြစ်သည်။ လက်ရှိတွင် တာဝါတိုင်စခန်း ၅ ခုသာ ရှိသေးသော်လည်း တောင်ပိုင်းဒေသ၏ နေရာအများစုကို လွှမ်းခြုံထားနိုင်ပြီ ဖြစ်သည်။ အခြား တာဝါတိုင်စခန်း ၅ ခုသာ ပြီးစီးသွားပါက လိုင်းဆွဲအားသည် တောင်ပိုင်းဒေသ တစ်ခုလုံးကို လွှမ်းခြုံနိုင်ပေလိမ့်မည်။

မကြာမီ ရှင်ဝမ်ယွန်းနှင့် အခြားသူများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ တောင်ပိုင်းဒေသ ကျင့်ကြံခြင်း နေ့စဉ်သတင်းစာမှ သတင်းထောက်များက ဝူရူလုံကို အင်တာဗျူးချင်ကြသော်လည်း ဝူရူလုံက ဝူချန်ခွန်းကိုသာ တွန်းပို့လိုက်သည်။

ဝူရူလုံသည် အနားယူရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်၏ ဖြည်းညင်းစွာ လျှောက်လှမ်းလာသော အသံကို ကြားလိုက်ရသည်။

"ဝူရူလုံ ငါတို့ စကားပြောကြရအောင်”

ဝူရူလုံ လှည့်ကြည့်လိုက်သောအခါ မလှမ်းမကမ်းတွင် ရပ်နေသော လီရွှီခွင်ကို တွေ့လိုက်ရပြီး သူ၏မျက်နှာထားမှာ ခန့်မှန်းရ ခက်နေ၏။

ဝူရူလုံက မဲ့ပြုံး ပြုံးလိုက်ပြီး တဲ့တိုးပင် ငြင်းပယ်လိုက်သည်။

"လီရွှီခွင် ငါတို့ကြားမှာ ပြောစရာ ဘာစကားမှ ရှိမယ်လို့ ငါ မထင်ဘူး ဒါကြောင့် မလိုလောက်ပါဘူး”

ပြောပြီးသည်နှင့် ဝူရူလုံသည် ထွက်ခွာရန် ပြင်လိုက်သော်လည်း လီရွှီခွင်က ဆက်ပြောလိုက်၏။

"ဝူရူလုံ မင်းရဲ့ ဝူမိသားစုက အင်အားနဲ့ ဒီလိုပစ္စည်းမျိုးကို ကာကွယ်နိုင်မယ်လို့ မင်း ထင်နေတာလား ဒါက မင်းတို့ ဝူမိသားစု ထိန်းသိမ်းထားနိုင်တဲ့ အရာ မဟုတ်ဘူး”

ထိုစကားကို ကြားလိုက်ရသည့်အခါ ဝူရူလုံသည် အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း နောက်သို့ လှည့်မကြည့်ဘဲ ရယ်သံများ ပါဝင်နေသော လေသံဖြင့် ပြောဆိုလိုက်သည်။

"ဒါဆို ခင်ဗျား ဆိုလိုချင်တာက ငါ့ရဲ့ ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်း အနေနဲ့ ဒီနည်းပညာကို ခင်ဗျားတို့ လီမင်းဆက်ဆီ လွှဲပြောင်းပေးရမယ် ပေါ့”

"မဟုတ်ဘူး ငါ ဆိုလိုတာ အဲဒါ မဟုတ်ဘူး ငါ ဆိုလိုတာက ငါတို့ လီမင်းဆက်က ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ငါတို့ အမြတ်ကို ၅၀/၅၀ ခွဲယူမယ် ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်း အန္တရာယ် ကြုံလာရင် ငါတို့ လီမင်းဆက်က အစွမ်းကုန် ကူညီပေးမယ်”

သူ့စကားများက လီမင်းဆက်နှင့် ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းကို တန်းတူထားသကဲ့သို့ ထင်ရသော်လည်း ဝူရူလုံ အနေဖြင့် လီရွှီခွင်၏ လေသံထဲရှိ မောက်မာမှုကို ကြားနေရသည်။

ဝူရူလုံသည် ဤလေသံကို မနှစ်သက်ပေ။

ပြီးတော့ လီမင်းဆက်က ဘယ်အဆင့်မို့လို့လဲ..သူတို့က ဝူမိသားစုကို ကာကွယ်ပေးဖို့ တန်လို့လား။

ထို့ကြောင့် ဝူရူလုံသည် တုံ့ဆိုင်းခြင်းမရှိ ငြင်းပယ်လိုက်သည်။

"စိတ်မကောင်းပါဘူး ကျုပ်ရြဲ ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းက ဘယ်သူ့ကိုမှ ရင်းနှီးမြှုပ်နှံခွင့် ပြုဖို့ အစီအစဉ် မရှိဘူး ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်း အန္တရာယ် ကြုံလာရင်လည်း ခင်ဗျားတို့ လီမင်းဆက်ရဲ့ အကူအညီကို မလိုဘူး ဒီမှာတင် ရပ်လိုက်ကြရအောင်”

ထိုသို့ပြောပြီးနောက် ဝူရူလုံသည် လီရွှီခွင်ကို တစ်ချက်လေးပင် လှည့်မကြည့်ဘဲ ထွက်ခွာသွားသည်။ လီရွှီခွင်၏ မျက်နှာထားမှာ ပို၍ အရုပ်ဆိုးလာပြီး ဝူရူလုံက သူ့ကို ဤမျှ မလေးမစား လုပ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဤအချက်က ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းကို အရေးယူရန် သူ့ဆုံးဖြတ်ချက်ကို ပိုမို ခိုင်မာသွားစေသည်။ သေချာသည်မှာ ဤတစ်ကြိမ်သည် စီးပွားရေး စစ်ပွဲ မဟုတ်ဘဲ အလုံးစုံ စစ်ပွဲ ဖြစ်ပေလိမ့်မည်။

အကယ်၍ ဤမျှ ကြောက်မက်ဖွယ် ကောင်းသော နည်းပညာသာ သူတို့ လီမင်းဆက်၏ လက်ထဲသို့ ရောက်ရှိလာပါက လီမင်းဆက် တစ်ခုလုံးကို နှစ်ပေါင်း တစ်သောင်း အတွင်း မဟာသန့်စင်နယ်မြေ ၄ ခုနှင့် တန်းတူအဆင့်သို့ မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း လီရွှီခွင် အပြည့်အဝ ယုံကြည်ထားသည်။

အခြားတစ်ဖက်တွင်မူ မိုဘိုင်းဖုန်း ထွက်ရှိလာခြင်းနှင့်အတူ တောင်ပိုင်းဒေသ တစ်ခုလုံးသာမက ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးတွင်ပါ ကြီးမားသော ဂယက်ရိုက်ခတ်မှု ဖြစ်ပေါ်လာမည်ကို ဝူရူလုံ ခန့်မှန်းမိသည်။ အလွန်အမင်း ပျင်းစရာကောင်းသော ရွှမ်ထျန်းကမ္ဘာရှိ လူများအတွက် မိုဘိုင်းဖုန်းသည် ကြီးမားသောပြောင်းလဲမှု တစ်ခု ဖြစ်မည်မှာ ယုံမှားဖွယ် မရှိပေ။

မိုဘိုင်းဖုန်း မပေါ်မီက လူများ၏ အကြီးမားဆုံး ပျော်ရွှင်မှုမှာ ကလေးယူခြင်း ဖြစ်သော်လည်း မိုဘိုင်းဖုန်း ပေါ်လာပြီးနောက် သူတို့၏ အကြီးမားဆုံး ပျော်ရွှင်မှုမှာ တစ်တော့ခ်ပွတ်ခြင်း ဖြစ်လာသည်နှင့် ဆင်တူပေသည်။

တောင်ပိုင်းဒေသ ကျင့်ကြံခြင်း နေ့စဉ်သတင်းစာ၏ ဖြန့်ဝေမှုနှင့်အတူ ၊ သတင်းများက တောင်ပိုင်းဒေသ၏ နေရာအနှံ့အပြားသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး ကြီးမားသော ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ သူတို့အတွက် ထိုအရာသည် ကျင့်ကြံသူများသာ အသုံးပြုနိုင်သော နတ်ဘုရား လက်နက်ကိရိယာ တစ်ခု ဖြစ်လေသည်။ သာမန်လူများလည်း အသုံးပြုနိုင်လေသလော။

ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းသည် လူများကို အုတ်အော်သောင်းတင်း ဖြစ်အောင် လုပ်နေခြင်းသာ ဖြစ်ပြီး သတင်းအချက်အလက်များကို တကယ် ထုတ်ပြန်မည် မဟုတ်ဟု လူအများက ထင်မြင်ကြသည်။

သို့သော် ဝူရူလုံသည် ထွက်ရှင်းပြခြင်း မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ရောင်းချပွဲမှာ နောက်ထပ် ၇ ရက်အကြာတွင် စတင်မည် ဖြစ်ရာ ထိုအချိန်ကျမှ အမှန်၊ အမှားကို လူတိုင်း သိကြရပေလိမ့်မည်။

ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းသည် ယခုအခါ တောင်ပိုင်းဒေသတွင် ထိပ်တန်း ကုန်သည်ကြီးများအသင်း တစ်ခု ဖြစ်နေပြီ ဖြစ်ရာ ဒေသအနှံ့အပြားတွင် ရုံးခွဲများ ရှိလေသည်။ သတ္တမမြောက်နေ့သို့ ရောက်သောအခါ ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်း၏ ဝင်ပေါက်တွင် မိုဘိုင်းဖုန်း ဟူသော အရာအတွက် ရောက်ရှိလာကြသော မရေမတွက်နိုင်သော လူများဖြင့် ပြည့်နှက်နေလေ၏။

All Chapters