အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အခန်း ၃၁ - ဝူဟောက် လှုပ်ရှားပြီ ၊ ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်ကို လက်တစ်ဖက်တည်းဖြင့် သတ်ဖြတ်ခြင်း
“အဖေ... ဘာလို့ ဘာမှ မလုပ်သေးတာလဲ”
ဝူရူလုံသည် လီထျန်းရန်နှင့် ရှန်ကျီလဲ့တို့ကြားက တိုက်ပွဲကို ကြည့်ရှုရင်း သူ့စိတ်ထဲတွင် တွေးတောလိုက်မိ၏။
“စိတ်မလောနဲ့... အချိန်မတန်သေးဘူး စောင့်ကြည့်ကြတာပေါ့”
ဝူဟောက်သည် လျှို့ဝှက် အသံပေးပို့လိုက်ရာ ဝူရူလုံမှာ စောင့်ဆိုင်းနေရုံမှတစ်ပါး အခြား မတတ်နိုင်တော့ချေ။
အစကတည်းကပင် ဝူရူလုံသည် ဖခင်မှာ ပြန်ရောက်နေပြီ ဖြစ်ကြောင်းနှင့် အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေကြောင်း သိရှိထားပြီး ဖြစ်သည်။
ဖခင်ဖြစ်သူသည် မည်သည့် အဆင့်သို့ ရောက်ရှိနေသည်ကို မသိသော်လည်း ဝူရူလုံသည် သူ့ဖခင်ကို ခြွင်းချက်မရှိ ယုံကြည်ထား၏။ သူသည် လက်ရှိ အဆင့်မြင့်မားလာသည်နှင့်အမျှ ၊ ဖခင်ဖြစ်သူသည် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး တစ်သိန်းကို ပေါ့ပေါ့ပါးပါး ထုတ်ပေးခဲ့စဉ်က မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း ပို၍ ခံစားမိလာသည်။
ဤနှစ်များ အတွင်း သူ ထောက်ပံ့ပေးခဲ့သော အရင်းအမြစ်များမှာ များပြားလှပြီး မည်သည့် မြင့်မြတ်နယ်မြေထက်မဆို သာလွန်ပေသည်။
ထို့ကြောင့် ယခု ဝူမိသားစုဝင် မည်သူမဆိုသည် မြင့်မြတ်နယ်မြေမှ တပည့်များထက် များစွာ သာလွန်သော စွမ်းအားကို ပိုင်ဆိုင်ထားကြ၏။
လီထျန်းရန်သည် ရှန်ကျီလဲ့နှင့် အခြားနှစ်ဦးကို အနိုင်ယူပြီး သူ့ထံသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသည့် တိုင်အောင် ဝူရူလုံမှာ တုန်လှုပ်သွားခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဖခင်သည် ဝင်ရောက် ဖြေရှင်းပေးမည်မှန်း ယုံကြည်ထားသောကြောင့် ဖြစ်သည်။
ထင်ထားသည့် အတိုင်းပင် နောက်တစ်စက္ကန့်၌ ဝူဟောက်သည် ဝူရူလုံ၏ ရှေ့တွင် ပေါ်လာပြီး လီထျန်းရန်ကို အလွန် တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်၏။
“ထွက်သွားမလား... သေမလား”
ဝူဟောက်သည် လီထျန်းရန်ကို မသတ်လျှင်တောင် ၊ ၎င်းသည် နောက်ထပ် ခြောက်လအထိ ခံနိုင်တော့မည် မဟုတ်ကြောင်း ပြောနိုင်ပေသည်။ နာကျင်စွာဖြင့် ဖြည်းဖြည်းချင်း သေဆုံးသွားမည့် အရသာကို သူ့အား ခံစားစေခြင်းက ပိုကောင်းပေလိမ့်မည်။
သို့သော် လီထျန်းရန်မှာ ဝူဟောက်၏ ပေါ်ထွက်လာမှုကြောင့် အနည်းငယ်သာ အံ့အားသင့်သွားပြီး တုံ့ဆိုင်းခြင်း မရှိ စတင် တိုက်ခိုက်လိုက်သည်။
ယခု သူ့တွင် ဆုတ်ခွာရန် လမ်းမရှိတော့ပေ။ ဝူဟောက်ကို သတ်ပြီး ဝူရူလုံကို ဖမ်းခေါ်သွားမည် သို့မဟုတ် အရှက်တကွဲဖြင့် ပြန်ဆုတ်ခွာပြီး သက်တမ်း ကုန်ဆုံးမှု၏ နာကျင်မှုကို ခံစားကာ ခြောက်လအတွင်း သေဆုံးမည်။
လီထျန်းရန်သည် ဒုတိယ အချက်ထက် ပထမ အချက်ကို ပို၍ လိုလားပေသည်။
ရှန်ကျီလဲ့နှင့် အခြားနှစ်ဦးမှာ ဝူဟောက် ပေါ်လာသည်ကို မြင်ပြီး အံ့အားသင့် သွားကြ၏။ အနီးအနားတွင် ပုန်းအောင်းနေသူ ရှိပါက သူတို့သည် သေချာပေါက် သတိထားမိကြမည် ဖြစ်သော်လည်း သို့သော် ဝူဟောက်၏ တည်ရှိမှုကို လုံးဝ အာရုံမခံမိခဲ့ကြချေ။
ဆိုလိုသည်မှာ ဝူဟောက်၏ ကျင့်ကြံမှု အဆင့်သည် သူတို့ထက် သေချာပေါက် မြင့်မားနေပြီး ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤအချက်ကို တွေးမိလိုက်သောအခါ ရှန်ကျီလဲ့နှင့် အခြားသူများမှာ ကြောက်ရွံ့မှုကြောင့် ကျောချမ်းသွားကြ၏။ ကံကောင်းထောက်မစွာဖြင့် သူတို့သည် ဝူရူလုံကို မတိုက်ခိုက်ဘဲ ကာကွယ်ပေးရန် ရွေးချယ်ခဲ့ကြသည်။ သို့မဟုတ်ပါက ဝူဟောက်သာ လှုပ်ရှားခဲ့လျှင်ဖြင့် သူတို့သည် သေချာပေါက် သေဆုံးကြရပေမည်။
သို့သော် လက်ရှိ အခြေအနေမှာ အကောင်းဘက်သို့ ဦးတည်မနေပေ။ လီထျန်းရန်သည် ဧကရာဇ်တစ်ပိုင်း လက်နက်ကို ကိုင်ဆောင်ထားပြီး သူ၏ စွမ်းအားမှာ သာမန် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် အဆင့်ရှိသူများထက် များစွာ သာလွန်နေသည်။ ဝူဟောက်သည် သူ၏ပြိုင်ဘက် ဖြစ်လာနိုင်မည်လော။
လီထျန်းရန်သည်လည်း ထိုနည်းတူစွာ တွေးထားပြီး ဧကရာဇ်တစ်ပိုင်း လက်နက်ကို ထိန်းချုပ်ကာ ဝူဟောက်အား တိုက်ခိုက်လိုက်၏။
သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည့် အရာက သူ့ကို တုန်လှုပ်သွားစေသည်။ ဝူဟောက်သည် လက်ညှိုးနှင့် လက်ခလယ် နှစ်ချောင်းကို ဆန့်ထုတ်လိုက်ရုံဖြင့် လီမင်းဆက် တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် အစွမ်းထက်သော ဧကရာဇ်တစ်ပိုင်း လက်နက်၏ တိုက်ခိုက်မှုကို ဖမ်းယူပြလိုက်သည်။
လီထျန်းရန်၏ မျက်လုံးထဲရှိ တုန်လှုပ်မှုများမှာ ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။ ဝူဟောက်၏ စွမ်းအားသည် သူ၏ ထင်ထားသည်ထက် ကျော်လွန်သွားပြီ ဖြစ်ကြောင်း ထင်ရှားသည်။
“ခင်ဗျားက ဧကရာဇ်တစ်ပိုင်း မဟုတ်ဘူး... ဧကရာဇ်အစစ်အမှန်ပဲ”
လီထျန်းရန်၏ လေသံမှာ အလွန်တရာ တုန်လှုပ်နေပြီး ဟန်ဆောင်ရန်ပင် မေ့လျော့နေတော့သည်။ အကယ်၍ ဝူဟောက်သာ မဟာဧကရာဇ်မင်းဖြစ်ပါက သူ၏ ရုပ်ဖျက်ထားမှုသည် ဝူဟောက်အတွက် အဓိပ္ပာယ် ရှိမည် မဟုတ်ဘဲ သူ၏ အထောက်အထားကို ဖော်ထုတ်နိုင်ပေလိမ့်မည်။
ထို့ပြင် ဝူဟောက်သည် မဟာဧကရာဇ်မင်းဖြစ်သည် ဟူသော အချက်ကို ဖယ်ထားလိုက်လျှင်ဖြင့် ၊ ဝူဟောက်သည် ဧကရာဇ်တစ်ပိုင်း လက်နက်၏ အစွမ်းကုန် တိုက်ခိုက်မှုကို မည်သို့ လွယ်လွယ်ကူကူ ခုခံနိုင်သည်ကို သူ့အနေဖြင့် အဖြေရှာနိုင်မည် မဟုတ်။
မလှမ်းမကမ်းတွင် ရှိနေသော ရှန်ကျီလဲ့နှင့် သူ၏ အပေါင်းအပါ နှစ်ဦးမှာလည်း ကြောင်အမ်းနေကြသည်။ ဝူဟောက်သည် သာမန် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် အဆင့်သာ ရှိသေးဦးမည်ဟု ထင်မှတ်ခဲ့သော်လည်း ၊ အမှန်တွင် တဖက်လူသည် မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်နေခဲ့သည်။
ယခု ရွှမ်ထျန်းကမ္ဘာတွင် လူသိရှင်ကြား ဖြစ်စေ၊ တိတ်တဆိတ် ဖြစ်စေ မဟာဧကရာဇ်မင်းတစ်ပါးမှ မရှိသည်ကို သင် သိထားရမည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ရွှမ်ထျန်းကမ္ဘာတွင် ကြီးမားသော အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်ခဲ့ပြီး ရွှမ်ထျန်းကမ္ဘာ၏ လမ်းစဉ် ပြတ်တောက်သွားခဲ့ရာ နောက်မျိုးဆက်များမှာ မဟာဧကရာဇ်မင်းအဆင့်သို့ မတက်လှမ်းနိုင်ကြတော့ပေ။ ထို့ကြောင့် လက်ရှိ ရွှမ်ထျန်းကမ္ဘာတွင် အများဆုံး ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် အဆင့်သို့သာ ရောက်ရှိနိုင်ကြ၏။
ထိုအဆင့်ထက် ပို၍ တက်လှမ်းရန်မှာ မဖြစ်နိုင်သလောက်ပင်။
သူတို့သည် ဝူဟောက်ကို မဟာဧကရာဇ်တစ်ပါး ဖြစ်နိုင်သည်ဟု ခန့်မှန်းရုံသာ ရှိသေးသော်လည်း နောက်ဆက်တွဲ ဖြစ်ပျက်လာသည့် အရာများက ဝူဟောက်သည် စစ်မှန်သော မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်ကြောင်း ယုံကြည်သွားစေသည်။
ဝူဟောက်သည် သူ၏ လက်ချောင်း နှစ်ချောင်းကို အားအနည်းငယ် စိုက်ထုတ်လိုက်ရုံဖြင့် ဧကရာဇ်တစ်ပိုင်း လက်နက်ပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲရာများ ဖြစ်ပေါ်လာပြီး နောက်တစ်စက္ကန့်တွင် အစအနများ အဖြစ် ကွဲကြေသွားစေ၏။
“ဟေး... ငါက အတည်တကျတောင် မလုပ်ရသေးဘူး ခင်ဗျားရဲ့ ဧကရာဇ်တစ်ပိုင်း လက်နက်က ဘယ်လိုလုပ် ကွဲသွားရတာလဲ”
ဝူဟောက်သည် လီထျန်းရန်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် လှောင်ပြောင်မှုများ အထင်းသား ပေါ်လွင်နေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လီထျန်းရန်သည် ဒေါသရော ကြောက်ရွံ့မှုကိုပါ ခံစားလိုက်ရ၏။ သူ၏ ဘဝတွင် မဟာဧကရာဇ် တစ်ပါးနှင့် ကြုံတွေ့ရလိမ့်မည်ဟု တစ်ခါမျှ မျှော်လင့်မထားခဲ့ပေ။ ပို၍ ဆိုးရွားသည်မှာ ဤမဟာဧကရာဇ်သည် သူ၏ လီမင်းဆက်နှင့် ရန်သူ ဖြစ်နေခြင်းပင်။
ဤအချက်ကို တွေးမိသောအခါ လီထျန်းရန်သည် လီမင်းဆက်ကို သစ္စာမဖောက်ရန် ဆုံးဖြတ်လိုက်ပြီး ဝူဟောက်၏ ရှေ့တွင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ ဖျက်ဆီးရန် ပြင်လိုက်သည်။ သို့သော် ဝူဟောက်သည် သူ့ကို ထိုသို့ ပြုလုပ်ခွင့် မပေးကြောင်း ထင်ရှားလှပေသည်။
ဝူဟောက်သည် သူ၏ လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရုံဖြင့် လီထျန်းရန်သည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် အခွင့်အရေးပင် မရလိုက်ဘဲ ချက်ချင်း သေဆုံးသွား၏။
လီထျန်းရန်ကို သတ်ဖြတ်ပြီးနောက် ဝူဟောက်သည် မတတ်သာသလို သက်ပြင်းချလိုက်သည်။
“ဟူး... ငါက အတည်တကျတောင် မလုပ်ရသေးဘူး... ဘယ်လိုလုပ် သေသွားရတာလဲ”
အဝေးမှ ရှန်ကျီလဲ့နှင့် အခြားနှစ်ဦးမှာ ဝူဟောက်၏ လုပ်ရပ်များသည် ကြွားဝါနေမှန်း သိသာသော်လည်း ဝူဟောက်ကဲ့သို့ ကြွားဝါရန် အရည်အချင်းမရှိသဖြင့် ပြန်လည် ချေပခြင်း မပြုရဲကြချေ။
ဝူဟောက်သည် မဟာဧကရာဇ် တစ်ပါး ဖြစ်ကြောင်း အတည်ပြုပြီးနောက် ရှန်ကျီလဲ့နှင့် အခြားနှစ်ဦးသည် ရရှိထားသော ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လျင်မြန်စွာ ထရပ်ကာ ဝူဟောက်ထံသို့ ပြေးသွားကြ၏။
“အသက်ကို ကယ်တင်ပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ် လူကြီးမင်း”
ဝူဟောက်သည် မဟာဧကရာဇ် အဆင့်သို့ မည်သို့ ရောက်ရှိသွားသည်ကို မသိသော်လည်း ၊ မည်သို့ပင်ဖြစ်စေ ဤသည်မှာ တဖက်လူကို မျက်နှာလိုမျက်နှာရ လုပ်ရန် အခွင့်ကောင်းတစ်ခုပင် ဖြစ်သည်။ တဖက်လူသည် မဟာဧကရာဇ်မင်း တစ်ပါးပင် မဟုတ်လော။
မဟာဧကရာဇ်တစ်ပါး၏ စွမ်းအားသည် ဧကရာဇ်လက်နက် တစ်ခုထက် များစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းလှသည်။ ဧကရာဇ်လက်နက်ကို ကိုင်ဆောင်ထားသော ဧကရာဇ်တစ်ပိုင်း သည် မဟာဧကရာဇ်တစ်ပါးနှင့် တန်းတူ တိုက်ခိုက်နိုင်စွမ်း ရှိသည်ဟု ဆိုသော်လည်း မဟာဧကရာဇ်တစ်ပါးသည် ဧကရာဇ်တစ်ပိုင်း တစ်ဦးကို ဧကရာဇ်လက်နက် အသုံးပြုရန် အခွင့်အရေး ပေးမည် မဟုတ်ပေ။
“ထကြပါ... ခင်ဗျားတို့က ကျုပ်သားအတွက် တိုက်ခိုက်ပေးခဲ့ကြတာမို့... ဒီဆေးလုံး သုံးလုံးကို လက်ခံလိုက်ပါ... ဒါက ခင်ဗျားတို့ရဲ့ ဒဏ်ရာတွေ ပြန်ကောင်းလာဖို့ အထောက်အကူ ပြုပါလိမ့်မယ်”
တစ်ခဏမျှ စဉ်းစားပြီးနောက် ဝူဟောက်သည် ရှန်ကျီလဲ့နှင့် အခြားနှစ်ဦးထံသို့ ဆေးလုံး သုံးလုံး ပစ်ပေးလိုက်၏။
ဝူဟောက်သည် ဆေးလုံးများ ချီးမြှင့်သည်ကို မြင်သောအခါ ရှန်ကျီလဲ့နှင့် အခြားနှစ်ဦးမှာ ကမန်းကတန်း သိမ်းဆည်းလိုက်ကြသည်။ ဆေးလုံးကိုပင် မဆိုထားနှင့် ၊ ဝူဟောက်သည် သူတို့ကို မစင် ပေးလျှင်ပင် သူတို့သည် ပြုံးပြုံးကြီး လက်ခံပြီး “သိပ်မွှေးတာပဲ” ဟု ပြောရမည့် အခြေအနေ ဖြစ်သည်။ ဤသည်မှာ မဟာဧကရာဇ် တစ်ပါး၏ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါပင် ဖြစ်သည်။
ဆေးလုံးများ၏ အရည်အသွေးကို မြင်လိုက်ရချိန်တွင် ရှန်ကျီလဲ့နှင့် အခြားသူများမှာ အံ့အားသင့်လွန်းပြီး အသက်ရှူတောင် မှားရသည်။
“ဒါက... ထိပ်တန်းအဆင့် ဧကရာဇ်ဆေးလုံးပဲ”
ဆေးလုံးများကို အဆင့်နိမ့်မှ အမြင့်ဆုံး အထိ အဝါရောင်၊ နက်နဲ၊ မြေ ၊ ကောင်းကင်၊ ထို့နောက် သူတော်စင်အဆင့် ဆေးလုံးများ၊ အဓိပတိအဆင့် ဆေးလုံးများနှင့် နောက်ဆုံးတွင် ဧကရာဇ်အဆင့် ဆေးလုံးများဟူ၍ ခွဲခြားထားသည်။
ဧကရာဇ်အဆင့် ဆေးလုံးများသည် အမည်နှင့် လိုက်ဖက်စွာပင် ဧကရာဇ်များ အသုံးပြုသော ဆေးလုံးများ ဖြစ်သည်။ သူတို့၏ လက်ရှိ အခြေအနေ အရ ဧကရာဇ်အဆင့် ဆေးလုံးကို စားသုံးလိုက်ပါက ဆေးစွမ်းအားသည် ဒဏ်ရာများကို ကုသပေးရုံ သာမက ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် အဆင့်သို့ တက်လှမ်းနိုင်ရန်ပါ အထောက်အကူ ပြုနိုင်ပေလိမ့်မည်။
အခန်း ၃၂ - လီမင်းဆက်၏ ကြောက်ရွံ့မှု
“ဆေးလုံး ချီးမြှင့်တဲ့ အတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်း...”
ရှန်ကျီလဲ့နှင့် အခြားသူများမှာ ဤတစ်ကြိမ်တွင် အမှန်တကယ် ဒူးထောက်လိုက်ကြပြီး ဝူဟောက်ကို အလွန် ကျေးဇူးတင်စွာဖြင့် ပြောလိုက်ကြသည်။
သူတို့သည် ဧကရာဇ်တစ်ပိုင်း နှောင်းပိုင်းအဆင့်တွင် ရပ်တန့်နေခဲ့သည်မှာ နှစ်ပေါင်း သောင်းချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ နယ်ပယ်ငယ်များ အဆင့်တက်ခြင်းသည် သက်တမ်းကို မတိုးမြင့်နိုင်သော်လည်း မဟာဧကရာဇ် အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်း ပိုနီးစပ်သွားစေသည်။ သူတို့သည် ဤဘဝတွင် မဟာဧကရာဇ်အဆင့်သို့ တတ်လှမ်းနိုင်မည့် အခွင့်အလမ်းများနှင့် ကြုံဆုံကောင်းကြုံဆုံနိုင်ပေလိမ့်မည်။
ထို့ပြင် သူတို့ရှေ့မှ စီနီယာသည်လည်း မဟာဧကရာဇ် အဆင့်သို့ တက်လှမ်းခဲ့သည် မဟုတ်လော... ဆိုလိုသည်မှာ လမ်းစဉ်သည် မပြတ်တောက်သေးဘဲ သူတို့လည်း မဟာဧကရာဇ် အဆင့်သို့ တက်လှမ်းနိုင်ပေသည်။
“ကောင်းပြီ... ပြန်လို့ရပြီ ဒါနဲ့ ဒီနေရာမှာ ဖြစ်ပျက်ခဲ့တာတွေကို လျှောက်မပြောနဲ့ ပြီးတော့ လီမင်းဆက်ကို လက်ပါစရာမလိုဘူး...လီမင်းဆက်က ကျုပ်သားကို လက်ပါလာပြီဆိုတော့ ကျုပ်သားကိုယ်တိုင် လက်စားချေလိမ့်မယ်”
“နောက်တစ်ခုက ကျုပ်ရဲ့ အထောက်အထားကို ဘယ်သူမှ မသိစေနဲ့... နားလည်လား”
ဝူဟောက်သည် ရှန်ကျီလဲ့နှင့် အခြားနှစ်ဦးကို ကြည့်ကာ ညွှန်ကြားလိုက်၏။ လီမင်းဆက် အတွက် သနားမိသည့် အရိပ်အယောင်များသည် သူတို့၏ မျက်လုံးထဲတွင် လျှပ်တပြတ် ဖြတ်ပြေးသွားသည်။ သူတို့သည် သဘောတူကြောင်း ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်သွားကြသည်။
ရှန်ကျီလဲ့နှင့် အခြားနှစ်ဦး လှည့်ထွက်သွားပြီး မကြာမီတွင်ပင် ဝူရူလုံ၏ ညည်းတွားသံသည် ဝူဟောက်၏ နောက်မှ ထွက်ပေါ်လာ၏။
“အဖေ... လီမင်းဆက်ကို ဖျက်ဆီးဖို့ ကျွန်တော့်ကို တောင်းဆိုတာက နည်းနည်း များလွန်းတယ် မထင်ဘူးလား ”
“ရပါတယ်... မင်းက နှစ်တစ်ရာ မပြည့်ခင်မှာပဲ သူတော်စင်နယ်ပယ်ကို ရောက်နေပြီပဲ... ငါ မင်းကို နှစ်တစ်ထောင်လောက် အချိန်ပေးရင် အာဏာရှင်နယ်ပယ်ကို ရောက်နိုင်လောက်တယ်... အဲဒီအချိန်ကျရင် မင်းကို ဧကရာဇ်လက်နက် တစ်ခု ပေးမယ်... ဧကရာဇ်လက်နက်ရဲ့ အထောက်အပံ့နဲ့ ဆိုရင် လီမင်းဆက်ကို ဖျက်ဆီးဖို့က ပြဿနာ မရှိလောက်ဘူး”
ဝူဟောက်သည် ဝူရူလုံကို ကြည့်၍ အလွန် တည်ကြည် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
ဝူဟောက်၏ စကားကို ကြားလိုက်ရချိန်တွင် ဝူရူလုံသည် အစပိုင်းတွင် ကြောင်အမ်းသွားသော်လည်း လျင်မြန်စွာ သတိပြန်ဝင်လာပြီး အလွန်အမင်း အံ့အားသင့်စွာဖြင့် မေးလိုက်၏။
“အဖေ... အဖေ့မှာ ဧကရာဇ်လက်နက် ရှိတာလား”
ရွှမ်ထျန်းကမ္ဘာတွင် ကြာရှည်စွာ နေထိုင်ခဲ့သော ဝူရူလုံသည် ဗဟုသုတများ ပိုမို ကြွယ်ဝလာပြီး ဧကရာဇ်လက်နက်သည် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သဘာဝကျကျ သိရှိထားပေသည်။
ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးတွင် ဧကရာဇ်လက်နက် လေးခုသာ ရှိပြီး ထိုဧကရာဇ်လက်နက် လေးခုကြောင့်သာလျှင် မြင့်မြတ်နယ်မြေ လေးခုသည် ယနေ့တိုင် တည်ရှိနေခြင်း ဖြစ်ရာ ဧကရာဇ်လက်နက်များသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း ပြသနေသည်။
ဝူရူလုံသည် ဖခင်ဖြစ်သူတွင် ဧကရာဇ်လက်နက် ရှိသည်ဟု ထင်လိုက်စဉ်မှာပင် ဝူဟောက်က ခေါင်းခါလိုက်ပြီး ပြောလိုက်၏။
“ငါ့မှာ ဧကရာဇ်အဆင့် လက်နက် မရှိပေမယ့်... ငါ သွန်းလုပ်နိုင်တယ်”
အမှန်စင်စစ် ဧကရာဇ်လက်နက်များ သွန်းလုပ်ခြင်းသည် မခက်ခဲပေ။ ဝူဟောက်ကို အချိန်အနည်းငယ် ပေးပြီး ထိပ်တန်းအဆင့် ဝိညာဉ်အမြစ် ရှိသော မျိုးဆက်တစ်ဦးအား သွန်းလုပ်ခြင်း အတတ်ပညာများကို သင်ကြားပေးလိုက်ရုံဖြင့် သူ၏ သွန်းလုပ်ခြင်း စွမ်းရည်သည် အချိန်တိုအတွင်း ဧကရာဇ်လက်နက်များ သို့မဟုတ် အင်မော်တယ်လက်နက်များပင် သွန်းလုပ်နိုင်သည့် အဆင့်သို့ တိုးတက်လာနိုင်ပေသည်။
ဖခင်သည် ဧကရာဇ်လက်နက်များ သွန်းလုပ်နိုင်ကြောင်း ကြားလိုက်ရချိန်တွင် ဝူရူလုံ၏ အသက်ရှူသံများမှာ မြန်ဆန်လာသည်။ ဧကရာဇ်လက်နက် သွန်းလုပ်ရန် လိုအပ်သော ပစ္စည်းများကို ဝူဟောက်ထံမှ သိရှိပြီးနောက် သူတို့ကို ရှာဖွေ စုဆောင်းရန် သူ့လူများကို အမိန့်ပေးလိုက်သည်။
ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်နှင့် ပတ်သက်သော ကိစ္စရပ်များကို ဖြေရှင်းပြီးနောက် ဝူဟောက်သည် အချိန်ကြာမြင့်စွာ မနေတော့ဘဲ အလယ်ပိုင်းဒေသသို့ ပြန်ရန် ရွေးချယ်လိုက်သည်။ ဇနီးသည်မှာ ယခုထိ လျှို့ဝှက်နယ်မြေ အတွင်း၌ ရှိနေဆဲ ဖြစ်သည်။ သူ့အနေဖြင့် ဝင်သွားရန် မဖြစ်သော်လည်း အပြင်ဘက်မှ သူမကို စောင့်ကြည့်နိုင်သည်ကိုပင် အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။
ဝူဟောက်သည် ကျေနပ်အားရစွာဖြင့် တွေးတောလိုက်၏။
အခြား တစ်ဖက်တွင်မူ လီရွှီခွင်သည် ဝိညာဉ်မီးအိမ်ခန်းမဆောင် အတွင်း၌ စိုးရိမ်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ ရွှမ်ထျန်းကမ္ဘာတွင် ကျင့်ကြံသူ တစ်ဦးသည် ရွှေအမြုတေအဆင့်သို့ ရောက်ရှိသည်နှင့် တပြိုင်နက် သူ၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ဝိညာဉ်မီးအိမ် အတွင်းသို့ ပေးပို့ထားနိုင်သည်။ ဝိညာဉ်မီးအိမ်ကို ကြည့်ခြင်းအားဖြင့် ကျင့်ကြံသူ၏ အခြေအနေကို သိရှိနိုင်ပေသည်။
“လူသေလျှင် မီးငြိမ်းသည်” ဟူသော စကားပုံက ဤသဘောတရားကို ဖော်ပြနေခြင်း ဖြစ်သည်။
လီရွှီခွင်သည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေစဉ်မှာပင် ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာရာ သူသည် အနည်းငယ် ကြောင်အမ်းသွားသည်။ ထို့နောက် မယုံကြည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်၏။
ရုတ်တရက်ပင် ဝိညာဉ်မီးအိမ်ခန်းမဆောင်၏ အမြင့်ဆုံးနေရာရှိ လီထျန်းရန်၏ အမည်ပါသော ဝိညာဉ်မီးအိမ်သည် ကွဲကြေသွားသည်။
ဤသည်ကို မြင်လိုက်ရသောအခါ လီရွှီခွင်၏ နှလုံးသားသည် ဝိညာဉ်မီးအိမ်နှင့် အတူ ကွဲကြေသွားသည်။ ဘိုးဘေးမှာ မအောင်မြင်ခဲ့ကြောင်း သူ သိလိုက်၏။ ဘိုးဘေး သေဆုံးသွားချိန်တွင် တစ်ဖက်လူသည် သူ၏ဘိုးဘေးမှာ လီမင်းဆက်မှလူဖြစ်ကြောင်း အတည်မပြုနိုင်ပါစေနှင့်ဟုသာ ဆုတောင်းမိတော့သည်။
မကြာမီ လီရွှီခွင်သည် တားမြစ်နယ်မြေသို့ ရောက်ရှိလာခဲ့သည်။ လီထျန်းရန် မအောင်မြင်ဘဲ သေဆုံးသွားကြောင်း သိလိုက်ရသောအခါတွင် ကျန်ရှိနေသော ဘိုးဘေး တစ်ဆယ့်ခုနစ်ဦးမှာ တိတ်ဆိတ်သွားကြ၏။ သေမင်းတမန် ခေါင်းတလားထဲတွင် သူတို့နှင့်အတူ ရှိနေခဲ့ဖူးသူမှာ ပျောက်ကွယ်သွားပြီ ဖြစ်လေရာ ၊ သူတို့အားလုံး အံ့အားသင့်နေကြမည်မှာ ထင်ရှားသည်။
သို့သော် ၎င်းတို့အနက် အတုန်လှုပ်ဆုံး လူမှာ လီရွှီချင်း ဖြစ်သည်။ လီမင်းဆက် တစ်ခုလုံးတွင် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် အဆင့်ရှိသူ နှစ်ဦးအနက် တစ်ဦး အနေဖြင့် လီထျန်းရန်သည် ဧကရာဇ်တစ်ပိုင်း လက်နက်ကို ပိုင်ဆိုင်ထားကြောင်း သူ ကောင်းကောင်းကြီး သိရှိထားသည်။ အကယ်၍ တိုက်ခိုက်သူသည် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် အဆင့်တွင်သာ ရှိနေပါက လီထျန်းရန်၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။
ထို့ကြောင့် ဖြစ်နိုင်ချေ နှစ်ခုသာ ရှိသည်။ တဖက်လူသည် ဧကရာဇ်လက်နက် အစစ်အမှန်ကို ပိုင်ဆိုင်ထားခြင်း သို့မဟုတ် ၎င်း၏ခွန်အားသည် လီထျန်းရန်ထက် များစွာ သာလွန်နေခြင်း ဖြစ်သည်။ သို့သော် ဤအချက် နှစ်ချက်စလုံးသည် လက်ရှိ လီမင်းဆက် အတွက် ဘာမျှမတတ်နိုင်ချေ။
ဤအချက်ကို တွေးမိပြီးနောက် လီရွှီချင်း၏ လေသံမှာ အလွန် စိတ်ပျက်အားလျော့သွားပြီး အသံပေးပို့လိုက်၏။
“ရွှီခွင်... ဒီနေ့ကစပြီး ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်ကို မဆန့်ကျင်နဲ့တော့... မဟုတ်ရင် ငါတို့ လီမင်းဆက် အတွက် ကျန်ရှိမယ့် အရာက သေခြင်းတရားပဲ”
လီရွှီချင်း၏ စကားကို ကြားလိုက်ရသောအခါ လီရွှီခွင်သည် ကမန်းကတန်း ထပ်လောင်း ပြောကြားလိုက်သည်။
“နားလည်ပါပြီ ဘိုးဘေး... ကျွန်တော်တို့ လီမင်းဆက်နဲ့ ဝူကုန်သည်အဖွဲ့ချုပ်ကြားက ဆက်ဆံရေး ခိုင်မာအောင် နည်းလမ်းရှာပါ့မယ်... ဝူကုန်သည်အဖွဲ့ချုပ်နဲ့ လုံးဝ စစ်မခင်းပါဘူး”
လီရွှီခွင်သည် အရူး မဟုတ်ပေ။ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်သည် သူ၏ လီမင်းဆက် အနေဖြင့် ပြစ်မှား၍ မရနိုင်သော အဖွဲ့အစည်း ဖြစ်ကြောင်း သိရှိထားသည်။ သူသည် ဧကရာဇ်တစ်ပိုင်း အားလုံးကို စေလွှတ်လိုက်လျှင်ပင် ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်ကို ဘာမှ လုပ်နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ယခု အချိန်တွင် အရူး တစ်ယောက် မဟုတ်လျှင် အကောင်းဆုံး လုပ်ဆောင်ရမည့် အရာမှာ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်နှင့် ငြိမ်းချမ်းရေး ရယူပြီး သူတို့နှင့် လက်ထပ်ထိမ်းမြားခြင်း မဟာမိတ် ဖွဲ့ရန် ကြိုးစားခြင်းသာ ဖြစ်သည်။ ဤနည်းဖြင့်သာ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်က လီမင်းဆက် အပေါ် အရေးယူ ဆောင်ရွက်ခြင်း မပြုဘဲ နေပေလိမ့်မည်။
လီရွှီခွင်၏ စိတ်ကူးသည် လှပလွန်းသော်လည်း လက်တွေ့ဘဝက ကြမ်းတမ်းလွန်းလှသည်။ လီရွှီခွင်သည် သူ၏သူလျှိုများကို စေလွှတ်ကာ ဝူရူလုံကို တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အချိန်မှစ၍ လီမင်းဆက်၏ ကံကြမ္မာသည် ပျက်စီးခြင်းသို့ ဦးတည်သွားခဲ့ပြီ ဖြစ်သည်။
“ဒါက စွမ်းအားကြီးတဲ့ ဧကရာဇ်တစ်ပိုင်းရဲ့ အမွေအနှစ်လား”
ဟောက်တန်လျှို့ဝှက်နယ်မြေတွင် ပေါ်လာသော မျှော်စင်ကြီးကို ကြည့်ရင်း ဝူယီဖန်၏ မျက်လုံးများထဲတွင် အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။
(T/N - ဟောက်တန်လျှို့ဝှက်နယ်မြေ သို့မဟုတ် ကျယ်ပြန့်သော လျို့ဝှက်နယ်မြေ)
ဘေးအဘွား၏ ဘေးမှ ထွက်ခွာလာပြီးနောက် ဝူယီဖန်သည် ဟောက်တန်လျှို့ဝှက်နယ်မြေ အနှံ့ ရှာဖွေခြင်းများ စတင် ပြုလုပ်ခဲ့သည်။ သူသည် ဤလမ်းတစ်လျှောက် တွေ့ကြုံရသော ကြမ်းတမ်းသည့် သားရဲများ သို့မဟုတ် ရှားပါး ရတနာများကို လက်လွတ်မခံခဲ့ပေ။
သို့သော် လွန်ခဲ့သည့် တစ်ရက်က ဝူယီဖန်သည် တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ ဟောက်တန်လျှို့ဝှက်နယ်မြေ၏ အလယ်ဗဟို ဧရိယာသို့ အပြေးအလွှား သွားခဲ့သည်။ မီတာ သန်းချီ မြင့်မားသော မျှော်စင်ကြီး တစ်ခုသည် မည်သည့် အချိန်ကတည်းက ဟောက်တန်လျှို့ဝှက်နယ်မြေ၏ အလယ်ဗဟိုတွင် ပေါ်လာသည်ကို သူ မသိခဲ့ပေ။
ယခု အခိုက်အတန့်တွင် ဝူယီဖန်၏ စိတ်ထဲ၌ ထူးဆန်းသော အတွေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အထဲသို့ ဝင်သွားပါက ၊ သူသည် ကြီးမားသော အခွင့်အရေး တစ်ခုကို ရရှိလိမ့်မည် ဟူသော အတွေးပင်။
ထိုသို့စဉ်းစားပြီးနောက် ဝူယီဖန်သည် မနေနိုင်တော့ဘဲ တည့်တည့် ဝင်သွားလိုက်သည်။ သူသည် ဟောက်တန်ဧကရာဇ်တစ်ပိုင်း၏ အမွေအနှစ် အတွက် လာခဲ့ခြင်း ဖြစ်ပြီး သူရှေ့မှ မျှော်စင်ကြီးသည် ဟောက်တန်ဧကရာဇ်တစ်ပိုင်း၏ အမွေအနှစ်များ ရှိနေနိုင်ဆုံး နေရာ ဖြစ်သည်။
ဝူယီဖန် မမျှော်လင့်ထားသည့် အရာမှာ သူ ရောက်ရှိလာခြင်းကြောင့်ပင် ဟောက်တန်ဧကရာဇ်တစ်ပိုင်း၏ အမွေအနှစ်များသည် နောက်ဆုံးတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။
ဝူယီဖန်သည် မျှော်စင်ကြီးထဲသို့ ဝင်ရောက်သွားသည့် နှင့် တပြိုင်နက် ဟောက်တန်လျှို့ဝှက်နယ်မြေ အတွင်းရှိ လူတိုင်းသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ကြပြီး ဟောက်တန်လျှို့ဝှက်နယ်မြေ၏ အလယ်ဗဟိုသို့ စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ကြ၏။
“ဒီခံစားချက်က စွမ်းအားကြီးတဲ့ ဧကရာဇ်တစ်ပိုင်းရဲ့ အမွေအနှစ်လား”
“ဟာ... သွားကြည့်ရအောင်... မီတာ သန်းချီ မြင့်တဲ့ မျှော်စင်ကြီး တစ်ခု ဟောက်တန်လျှို့ဝှက်နယ်မြေ အလယ်မှာ ပေါ်လာတယ် ..ပြောတာတော့ ဟောက်တန်ဧကရာဇ်တစ်ပိုင်းရဲ့ အမွေအနှစ်တွေ ပါဝင်တယ်ဆိုပဲ”
“ဘာ... ငါ့ကို စောင့်ဦး... ဟောက်တန်ဧကရာဇ်တစ်ပိုင်းရဲ့ အမွေအနှစ်ကို ငါ အရယူရမယ်”
ခဏချင်း အတွင်း ဟောက်တန်လျှို့ဝှက်နယ်မြေ အတွင်းရှိ လူတိုင်းသည် အလယ်ဗဟိုသို့ အပြေးအလွှား သွားရောက်ကြလေသည်။ မျှော်စင်ကြီးထဲသို့ ပထမဆုံး ဝင်ရောက်ခဲ့သော ဝူယီဖန်မှာ ယခုတွင် မျှော်စင်ကြီး၏ အလယ်ဗဟိုသို့ ရောက်ရှိနေပြီ ဖြစ်သည်။