အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
အခန်း ၃၃ - လူလေး... မင်းကို ငါ သဘောကျတယ်
“ဒါက ဟောက်တန်ဧကရာဇ်တစ်ပိုင်းရဲ့ အမွေအနှစ် လက်ဆင့်ကမ်းတဲ့ နေရာလား”
ယခု အချိန်တွင် ဝူယီဖန်သည် မျှော်စင်ကြီး၏ အတွင်းပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်ပြီး မျှော်စင်၏ ပတ်ပတ်လည်တွင် ကမ္ဘာကြီး တစ်ခုလုံး ကျယ်ပြန့်သွားသကဲ့သို့ အဆုံးမဲ့ အမှောင်ထုကြီး ရှိနေ၏။
သူ၏ဝိညာဉ်အာရုံကို ဖြန့်ကျတ်ကြည့်လိုက်ရာ သူ့ရှေ့မှ ကမ္ဘာကြီးသည် သူအဖို့ နားလည်နိုင်စွမ်း မရှိလောက်အောင် ကျယ်ပြောလှသည်ကို တွေ့ရှိလိုက်ရသည်။
ဝူယီဖန်သည် နောက်သို့လှည့်ကြည့်လိုက်ရာ ၊ သူ ဝင်လာခဲ့သော လမ်းမှာ ပျောက်ကွယ်သွားသည်ကို သိလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်မိ၏။
ထိုစဉ် ဝူယီဖန်၏ အနောက်မှ ရယ်သံ တစ်ခု ထွက်ပေါ်လာသည်။
“ဟားဟား... လူလေး... မင်းက ကံတရားရဲ့ လမ်းညွှန်မှုနဲ့ ရောက်လာတာလား”
အသံလားရာသို့ လှည့်ကြည့်လိုက်သောအခါ ကြီးမားသော ပုံရိပ်ယောင်ကြီး တစ်ခုသည် သူ သတိမထားမိလိုက်ဘဲ သူ့ရှေ့တွင် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ ထိုအရာကို မြင်လိုက်ရသောအခါ ဝူယီဖန်၏ မျက်နှာတွင် အနည်းငယ် တုန်လှုပ်သွားသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဤနေရာသို့ မဝင်ရောက်မီ ၊ သူသည် ဟောက်တန်ဧကရာဇ်တစ်ပိုင်းနှင့် ပတ်သတ်သော သတင်းများကို စုံစမ်းခဲ့ပြီး သူ့ရှေ့မှ အဘိုးအိုသည် ဟောက်တန်ဧကရာဇ်တစ်ပိုင်း ဖြစ်ကြောင်း သဘာဝကျကျ ပြောနိုင်ပေသည်။
တစ်ခဏမျှ စဉ်းစားပြီးနောက် ဝူယီဖန်သည် ထိုအဘိုးအိုမှာ ဟောက်တန်ဧကရာဇ်တစ်ပိုင်း ချန်ထားခဲ့သော ဝိညာဉ်အကြွင်းအကျန် ဖြစ်လောက်သည်ဟု သိလိုက်ရသဖြင့် သူ့ရှေ့မှ ဟောက်တန်ဧကရာဇ်တစ်ပိုင်းကို ဦးညွှတ်လိုက်၏။
“ဂျူနီယာ ဝူယီဖန်က စီနီယာ ဟောက်တန်ကို နှုတ်ဆက်ပါတယ်”
“အင်း... ဒီခေတ်မှာ ဒီအဘိုးအိုကြီး အကြောင်းကို သိတဲ့သူတွေ ရှိသေးတာပဲ”
ဟောက်တန်ဧကရာဇ်တစ်ပိုင်းသည် ဝူယီဖန်၏ တုံ့ပြန်မှုကို အလွန် ကျေနပ်သွားပြီး မရှိတော့သော မုတ်ဆိတ်မွေးကို သပ်ကာ ပြုံးလိုက်သည်။
ဟောက်တန်ဧကရာဇ်တစ်ပိုင်းကို ကြည့်ရင်း ဝူယီဖန်သည် မတတ်သာသလို သက်ပြင်းချကာ မေးလိုက်၏။
“စီနီယာ... အခု စီနီယာ ရှိနေပြီ ဆိုတော့ ကျွန်တော် စီနီယာရဲ့ အမွေအနှစ်ကို လက်ခံလို့ ရပြီလား”
“ရတာပေါ့... ဒါက ငါ့အမွေအနှစ် လက်ဆင့်ကမ်းတဲ့ နေရာပဲ မင်း ဝင်လာကတည်းက ငါ မင်းကို စောင့်ကြည့်နေခဲ့တာ... ရိုးရိုးသားသား ပြောရရင် လူလေး... ငါ မင်းကို တော်တော် သဘောကျတယ်”
ဟောက်တန်ဧကရာဇ်တစ်ပိုင်းသည် ချောင်းဟန့်၍ ဝူယီဖန်ကို အလွန် လေးနက်စွာ ကြည့်လိုက်၏။
သို့သော် ဤစကားက ဝူယီဖန်ကို ကျောချမ်းသွားစေသည်။
မဟုတ်မှလွဲရော ဟောက်တန်ဧကရာဇ်တစ်ပိုင်းက အမျိုးသားတွေကို စိတ်ဝင်စားနေတာများလား..
ထိုအချက်ကို တွေးမိသောအခါ ဝူယီဖန်သည် နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်ပြီး ဟောက်တန်ဧကရာဇ်တစ်ပိုင်းသာ လှုပ်ရှားလာလျှင် မည်သို့ ထွက်ပြေးရမည်ကို တွေးတောနေမိသည်။
သို့သော် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် တစ်ဦး၏ ရှေ့တွင် ထွက်ပြေးရန် အခွင့်အရေး မရှိနိုင်ပေ။
ဒါပေမဲ့ ငါ့ဘိုးဘေးက အပြင်မှာ ရှိနေတာပဲ... ငါ တစ်ခုခု ဖြစ်ရင် သူ ငါ့ကို စွန့်ပစ်မှာ မဟုတ်လောက်ပါဘူး...
ဝူယီဖန်၏ အပြုအမူကို မြင်သောအခါ ဟောက်တန်ဧကရာဇ်တစ်ပိုင်းသည် ရိုက်နှက် ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သူ့စကားများမှာ အမှန်တကယ်ပင် အဓိပ္ပာယ် ဖွင့်ဆိုရ ခက်ခဲနေကြောင်း သတိပြုမိသွား၏။ ထို့နောက် သူသည် ချောင်းဟန့်ပြီး ထပ်မံ ပြောဆိုလိုက်သည်။
“အဟမ်း... ငါ့စကားတွေက နားလည်မှု လွဲစေနိုင်တာပဲ... ငါ ဆိုလိုတာက မင်းရဲ့ ပါရမီက ထူးချွန်တယ်... ဝင်လာတဲ့ သူတွေ အားလုံးထဲမှာ မင်းက အထူးချွန်ဆုံးပဲ”
ထိုစကားကို ကြားပြီး ဝူယီဖန်သည် ဟောက်တန်ဧကရာဇ်တစ်ပိုင်း၏ ဆိုလိုရင်းကို နောက်ဆုံးတွင် နားလည်သွားသော်လည်း ၊ မည်သို့ပင်ဖြစ်စေ သူသည် ဟောက်တန်ဧကရာဇ်တစ်ပိုင်းနှင့် အကွာအဝေး တစ်ခု ခြားထားဆဲပင်။
ဟောက်တန်ဧကရာဇ်တစ်ပိုင်းမှာ ကူကယ်ရာမဲ့စွာဖြင့် ဘာမှ မပြောတော့ချေ။ သို့သော် ဝူယီဖန်သည် တစ်စုံတစ်ခုကို တွေးမိသကဲ့သို့ ဖြစ်သွားပြီး ဟောက်တန်ဧကရာဇ်တစ်ပိုင်းကို ကြည့်ကာ မေးလိုက်၏။
“စီနီယာ ပြောတဲ့ အတိုင်း ဆိုရင် ကျွန်တော်က စီနီယာရဲ့ အမွေအနှစ်ကို တိုက်ရိုက် လက်ခံလို့ ရပြီ ဆိုတဲ့ သဘောလား”
ထို့နောက် ဝူယီဖန်၏ မျှော်လင့်တကြီး အကြည့်အောက်တွင် ဟောက်တန်ဧကရာဇ်တစ်ပိုင်းက ခေါင်းခါလိုက်သည်။
“မဟုတ်ဘူး... မင်းရဲ့ ပါရမီက ထူးချွန်ပေမယ့် အမွေအနှစ်ကို ငါ မသေခင်ကတည်းက ထားခဲ့တာ... အခု ငါက ဝိညာဉ်အကြွင်းအကျန်ပဲ ရှိတော့တာ ဆိုတော့ မင်းရဲ့ ပါရမီကို ငါ ကြိုက်နှစ်သက်ရင်တောင် အမွေအနှစ်ကို တိုက်ရိုက် လက်ဆင့်ကမ်းပေးလို့ မရဘူး”
“ဒါပေမဲ့ မင်းက အထဲကို ဝင်ခွင့်ရပြီးသား ဆိုတော့ တခြားသူတွေထက် အချိန်တစ်ခု စောနေပြီ... ဒါကြောင့် မင်း အမွေအနှစ် ရဖို့ အခွင့်အရေးက တခြားသူတွေထက် နည်းနည်း ပိုများတယ်”
“ကောင်းပါပြီ”
ဝူယီဖန်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီးနောက် အမွေအနှစ် စိန်ခေါ်မှုကို လက်ခံရန် ဟောက်တန်ဧကရာဇ်တစ်ပိုင်း၏ ပို့ဆောင်ခြင်းကို ခံလိုက်ရသည်။
ဝူယီဖန် ထွက်ခွာသွားပြီး ဆယ်မိနစ်ခန့် အကြာတွင် ဒုတိယ လူတစ်ယောက် ဝင်လာ၏။ ထို့နောက် တတိယ၊ ထို့နောက် စတုတ္ထနှင့် မကြာမီ ဟောက်တန်လျှို့ဝှက်နယ်မြေ အတွင်းရှိ လူအများစုသည် အမွေအနှစ် မျှော်စင်ကြီးထဲသို့ ဝင်ရောက်လာကြသည်။
ယခု ဝူယီဖန်သည် သူတို့ထက် များစွာ ရှေ့ရောက်နေပြီ ဖြစ်သည်။
အခြား တစ်ဖက်တွင်မူ... အပြင်လောက၌...
ငါးနှစ်ခန့် ကျင့်ကြံပြီးနောက် ဝူရိတောက်သည်လည်း အလွန် ကြောက်မက်ဖွယ် ကောင်းသော ပါရမီကို ပြသခဲ့ပြီး ငါးနှစ် အတွင်း ခြေတည်စိတ်ဝိညာဉ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကာ နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ဤအချက်က ဝူဟောက်မှလွဲ၍ ဝူမိသားစု တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့၏။
“အစ်ကို... ရိတောက်ရဲ့ ပါရမီက သိပ်ကြောက်ဖို့ ကောင်းတာပဲ... သူ့အတွက် ဆရာကောင်း တစ်ယောက်လောက် မရှာပေးသင့်ဘူးလား”
ထိုညနေခင်းတွင် ဝူရွှမ်ယွမ်၏ အခန်းထဲ၌ ၊ ဇနီးဖြစ်သူ လီယွီလုံသည် ဝူရွှမ်ယွမ်၏ လက်မောင်းများကို ကိုင်ကာ တုံ့ဆိုင်းစွာဖြင့် မေးလိုက်၏။
ဝူရိတောက် လက်ရှိ ပြသနေသော ပါရမီအရ ၊ သူသည် အနှစ်နှစ်ဆယ် အတွင်း သူတော်စင်နယ်ပယ်သို့ ရောက်ရှိနိုင်လောက်ပြီး လက်ရှိတွင် ဝူမိသားစု၌ ဝူရူလုံနှင့် ဝူချီထျန်းတို့သာ သူတော်စင်နယ်ပယ်သို့ ရောက်ရှိထားကြသည်။
ထိုအချိန်သို့ ရောက်လျှင် ဝူမိသားစုတွင် ဝူရိတောက်ကို လမ်းညွှန်ပေးနိုင်သူ ရှိတော့မည် မဟုတ်ပေ။
ဇနီးဖြစ်သူ၏ စကားကို ကြားလိုက်ရသောအခါ ဝူရွှမ်ယွမ်သည်လည်း မစဉ်းစားဘဲ မနေနိုင်တော့ပေ။ အမှန်စင်စစ် သူတို့လင်မယားနှစ်ယောက်သည် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အထွတ်အထိပ်တွင်သာ ရှိသေးပြီး ကပ်ဘေးဖြတ်ကျော်ခြင်း အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်း လိုနေသေးသည်။
လက်ရှိ အခြေအနေ အရ သူတို့၏ ကျင့်ကြံမှု အဆင့်သည် မကြာမီ သူတို့သားထက် နိမ့်ကျသွားတော့မည် ဖြစ်ရာ သူတို့သား အတွက် ဆရာကောင်း တစ်ယောက် ရှာပေးရန် အချိန်တန်ပြီ ဖြစ်သည်။
“ဟုတ်တယ်... မင်း ပြောတာ အဓိပ္ပာယ် ရှိတယ်... ဒါပေမဲ့ အစ်ကိုကြီးနဲ့ အဖေ့ရဲ့ သဘောထားကို အရင် မေးကြည့်ရအောင်... ဖြစ်နိုင်ရင် ဘိုးဘိုးရဲ့ သဘောထားကိုလည်း မေးသင့်တယ်လို့ ငါ ထင်တယ်”
ဝူရွှမ်ယွမ်က ပြောလိုက်ရာ လီယွီလုံက ခေါင်းညိတ်လိုက်၏။ အထူးသဖြင့် ဝူဟောက်ကို တွေးမိသောအခါ ကြောက်ရွံ့မှု အရိပ်အယောင် တစ်ခုသည် သူမ၏ မျက်လုံးထဲတွင် ပေါ်ထွက်လာသည်။
ဝူဟောက်သည် တစ်ခါမျှ လှုပ်ရှားခြင်း မရှိခဲ့သော်လည်း ဝူမိသားစုထဲတွင် သူ့အကြောင်း ဒဏ္ဍာရီ တစ်ခု အမြဲ ရှိနေခဲ့သည်။ ဝူဟောက်၏ ကျင့်ကြံမှု အဆင့်သည် အာဏာရှင် သို့မဟုတ် ဧကရာဇ်တစ်ပိုင်း အဆင့်တွင် သေချာပေါက် ရှိနေပြီး သို့မဟုတ်ပါက ဤမျှ ကြီးမားသော မိသားစု စီးပွားရေး လုပ်ငန်းကြီးကို ကာကွယ်နိုင်မည် မဟုတ်ဟု ဆိုကြသည်။
သို့မဟုတ်ပါက လီမင်းဆက်၏ ယခင် ဧကရာဇ်သည် အလွယ်တကူ တောင်းပန်ပြီး အပစ်အခတ် ရပ်စဲရန် သဘောတူခဲ့မည် မဟုတ်ပေ။
နောက်တစ်နေ့တွင် ဝူရွှမ်ယွမ်သည် ဝူချန်ကွန်းနှင့် အခြားသူများကို စုစည်းလိုက်သည်။ ဝူရွှမ်ယွမ်၏ စကားကို ကြားပြီးနောက် ၊ ဝူချန်ကွန်းနှင့် အခြားသူများကလည်း ထောက်ခံခဲ့ကြသည်။
“တကယ်ပဲ... ရိတောက်က ငါတို့ ဝူမိသားစုရဲ့ ပါရမီရှင် တစ်ယောက်ပဲ... သူ့အတွက် ဆရာတစ်ယောက် ရှာပေးဖို့က သိပ်လိုအပ်တယ်”
“ဒါပေမဲ့ တစ်ခု ရှိတာက ကမ္ဘာဦးဖရိုဖရဲခန္ဓာပဲ... ဒီလျှို့ဝှက်ချက်ကို ပေါက်ကြားလို့ မဖြစ်ဘူး... မဟုတ်ရင် မြင့်မြတ်နယ်မြေ လေးခုက လူတွေ သေချာပေါက် လာလုကြလိမ့်မယ်... သူတို့ မရနိုင်ရင် သတ်တောင် သတ်ပစ်ကြမှာ”
ဝူဝမ်တောက်၏ စကားကြောင့် ဝူရွှမ်ယွမ်နှင့် အခြားသူများလည်း ဤကိစ္စကို စဉ်းစားမိသွားကြသည်။ အမှန်စင်စစ် မြင့်မြတ်နယ်မြေ လေးခုသည် သူတို့ မရနိုင်သော မည်သည့် ပါရမီရှင်ကိုမဆို ဖျက်ဆီးပစ်လေ့ ရှိကြပြီး ဤအချက်ကြောင့်ပင် သူတို့သည် မြင့်မြတ်နယ်မြေ လေးခု အဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဝူရိတောက်သည် ကမ္ဘာဦးဖရိုဖရဲခန္ဓာ ပိုင်ဆိုင်ကြောင်း သတင်း ပျံ့နှံ့သွားပါက မြင့်မြတ်နယ်မြေ လေးခုသည် ဝူမိသားစုထံသို့ မကြာမီ ရောက်လာကြပေလိမ့်မည်။ ဝူရိတောက်သာ သူတို့နှင့် မပူးပေါင်းလျှင် သူတို့သည် ဝူမိသားစု တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်ကြနိုင်သည်။
ဆွေးနွေးတိုင်ပင်ပြီးနောက် သူတို့သည် ဤကိစ္စကို သူတို့ဖခင် ဝူရူလုံထံသို့ လျင်မြန်စွာ တင်ပြလိုက်ကြသည်။ သတင်းရရှိသည်နှင့် ဝူရူလုံသည် တစ်ခဏမျှ စဉ်းစားပြီးနောက် ၊ ဤမေးခွန်းကို ဖခင်ထံသို့ လွှဲပြောင်းပေးရန် ရွေးချယ်လိုက်၏။
“မင်းတို့ ဘိုးဘိုးကို စီစဉ်ခိုင်းလိုက်”
ဝူရွှမ်ယွမ်နှင့် အခြားသူများက ဝူရိတောက် အတွက် ဆရာရှာပေးတော့မည် သတင်းကို ကြားပြီးနောက် ဝူဟောက်မှာ ချက်ချင်း ဆွံ့အသွားသည်။
မဟုတ်သေးပါဘူး... သူက မဟာဧကရာဇ် တစ်ပါးလေ... သူ့မြေး အတွက် ဆရာလုပ်ဖို့ အသုံးမကျတဲ့ ဧကရာဇ်တစ်ပိုင်း တစ်ယောက်ကို ဘယ်တုန်းက ရှာပေးဖို့ လိုသွားတာလဲ...
ထို့ကြောင့် ဝူဟောက်သည် တုံ့ဆိုင်းခြင်း မရှိ ငြင်းပယ်လိုက်၏။
“ဝူရိတောက် အတွက် ဆရာရှာပေးဖို့ မလိုဘူး... သူ့ကို အတွေ့အကြုံ ရယူဖို့ အပြင်ထွက်ခိုင်းလိုက်... ငါ ကာကွယ်ပေးထားမှာမို့လို့ သူ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး”
ဝူဟောက်၏ နားလည်မှု အရ ရွေးချယ်ခံရသူများသည် အခြေခံအားဖြင့် လွတ်လပ်စွာ ကြီးပြင်းလာကြသူများ ဖြစ်သည်။ ဥပမာအားဖြင့် ဝူယီဖန် ဆိုလျှင် လွတ်လပ်စွာ ကြီးပြင်းလာခဲ့ပြီး စွမ်းအားကြီးသော အဆင့်သို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သည် မဟုတ်လော။
အခန်း ၃၄ - ဝူရိတောက် လေ့ကျင့်ခန်းဆင်းပြီ ၊ ဖုန်းများ စတင် ရောင်းချပြီ
ဘိုးဘေးဖြစ်သူ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး သံသယ အချို့ ရှိနေကြသော်လည်း ဝူရွှမ်ယွမ်နှင့် အခြားသူများသည် ကန့်ကွက်ခြင်း မပြုကြပေ။ အထူးသဖြင့် ဝူရိတောက်၏ ပါရမီသည် ဝူယီဖန်ထက် မလျော့နည်းကြောင်းနှင့် ဝူမိသားစု အတွင်း နေထိုင်ခြင်းက သူ၏တိုးတက်မှုကို အဟန့်အတား ဖြစ်စေလိမ့်မည်။ ဝူရွှမ်ယွမ်သည် ဝူချန်ကွန်းကို ကျေနပ်သော အမူအရာဖြင့် ကြည့်လိုက်၏။
“ကြည့်စမ်း... ငါ့သားရဲ့ ပါရမီက မင်းသားနဲ့ အတူတူလောက်ပဲ...” ဟု ပြောနေသကဲ့သို့ပင်။
ယခင်က ဝူချန်ကွန်းသည် ဝူရွှမ်ယွမ်နှင့် အခြားသူများ ရှေ့တွင် သူ့သား၏ ပါရမီသည် မည်မျှမြင့်မားကြောင်း အမြဲမပျက် ကြွားဝါခဲ့သည်။
ဝူရွှမ်ယွမ်နှင့် အခြားသူများအဖို့ သည်းမခံနိုင်သည်မှာ ကြာပြီ ဖြစ်သော်လည်း ယခုတွင်မူ ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး ရလာသဖြင့် သူတို့သည် ဤအခွင့်အရေးကို သဘာဝကျကျ လက်လွတ်ခံမည် မဟုတ်ပေ။
ထို့ကြောင့် ဝူရိတောက်မှာ ကြောင်တောင်တောင် ဖြစ်နေစဉ်မှာပင် ဝူရွှမ်ယွမ်၏ ကန်ထုတ်ခြင်းကို ခံလိုက်ရသည်။ ဝူရွှမ်ယွမ်နှင့် လီယွီလုံတို့သည် သားဖြစ်သူကို ဖျောင်းဖျလိုက်သည်။
“သား... အပြင်ရောက်ရင် ဝီရိယရှိရှိ ကျင့်ကြံဖို့ မမေ့နဲ့နော်... ပြီးတော့ ကိုယ့်လုံခြုံရေး ကိုယ်ဂရုစိုက်... ဘာပြဿနာမှ မရှိရင် ငါတို့ကို မဆက်သွယ်နဲ့... ဒါတွေက သားအတွက် အရင်းအမြစ်တွေ”
ထိုသို့ပြောပြီးသည်နှင့် ဝူရွှမ်ယွမ်နှင့် လီယွီလုံတို့မှာ ချက်ချင်း ပျောက်ကွယ်သွားကြသည်။ ယခု သူတို့တွင် လက်ကိုင်ဖုန်းများ ရှိနေပြီ ဖြစ်ရာ အချင်းချင်း ဆက်သွယ်ရန် မခက်ခဲတော့ပေ။
ဝူရူလုံ၏ လမ်းညွှန်မှုအောက်တွင် ဝူမိသားစုဝင် တိုင်း၌ မိုဘိုင်းဖုန်းနှင့် ကိုယ်ပိုင် မိသားစု ဂရုချပ်များ ရှိနေကြပြီ ဖြစ်သည်။ သို့သော် အလယ်ပိုင်းဒေသတွင် တာဝါတိုင်စခန်းများ မဆောက်ရသေးသောကြောင့် ဝူဟောက်မှာ ဂရုချပ်သို့ မဝင်ရသေးပေ။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဖုန်းရောင်းချမည့် နေ့ရက်သို့ ရောက်ရှိလာပြီး တောင်ပိုင်းဒေသရှိ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ် ရုံးခွဲများ၏ ဝင်ပေါက်များတွင် လူများဖြင့် ပြည့်ကျပ်နေ၏။
ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်မှ လူများသည် တံခါးဖွင့်လိုက်သည်နှင့် လူအများအပြားကို တွေ့လိုက်ရသောကြောင့် လန့်သွားကြသော်လည်း အခြေအနေကို သဘောပေါက်သွားပြီးနောက် ပြုံးကာ လှမ်းခေါ်လိုက်ကြသည်။
“မလောကြပါနဲ့... ဖုန်းဝယ်ဖို့ တစ်ယောက်ချင်း လာပါ... တန်းစီကြပါ... မဟုတ်ရင် ခင်ဗျားတို့ကို မရောင်းဘူးနော်”
ဤစကားကို ကြားလိုက်ရသောအခါ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်ကို ဝိုင်းရံထားသော လူများမှာ လျင်မြန်စွာ တန်းစီလိုက်ကြသည်။ ယနေ့သည် ပထမဆုံး ရောင်းချသောနေ့ ဖြစ်ပြီး လာရောက်သူ အများစုမှာ ကျင့်ကြံသူများ ဖြစ်ကြသည်။ သာမန် လူသားများသည် ဖုန်း၏ အကျိုးသက်ရောက်မှုကို မသိဘဲ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်တုံးကို ထုတ်၍ ဝယ်ယူကြမည် မဟုတ်ပေ။
မကြာမီ လူများ တန်းစီနေစဉ် ဖုန်းများကို တစ်လုံးပြီး တစ်လုံး ပေးအပ်လိုက်သည်။ ဆိုင်ဝန်ထမ်းများ၏ လမ်းညွှန်မှုဖြင့် သူတို့သည် ဖုန်းကို မည်သို့ အသုံးပြုရမည်ကို လျင်မြန်စွာ တတ်မြောက်ခဲ့ပြီး အံ့အားသင့်နေကြသည်။
လူတိုင်း၏ မိုဘိုင်းဖုန်းများကို ချိတ်ဆက်နိုင်ပြီး လူတိုင်းကို ဆက်သွယ်ခွင့် ပေးနိုင်မည့် ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်၏ ကြီးမားသော စွမ်းဆောင်ရည်ကို မည်သူမျှ မျှော်လင့်မထားခဲ့ကြသည်မှာ ထင်ရှားသည်။ တစ်စုံတစ်ယောက်သည် တောင်ပိုင်းဒေသ၏ တစ်ဖက်အစွန်းတွင် ရှိနေလျှင်ပင် အခြားတစ်ဖက်ကို ဆက်သွယ်ရန် မိနစ်အနည်းငယ်သာ ကြာမြင့်ပေမည်။
တစ်ရက်တာ လျင်မြန်စွာ ကုန်ဆုံးသွား၏။ ရုံးချုပ်တွင် ထိုင်နေသော ဝူရူလုံ၏ မျက်နှာပေါ်တွင် သက်တောင့်သက်သာ ရှိသော အမူအရာ တစ်ခု ရှိနေပြီး သူ့ဘေးမှ အိုယန်ဖုန်းနှင့် အခြားသူများမှာ သတင်း ရောက်လာသည် အထိ အနည်းငယ် စိုးရိမ်နေခဲ့ကြသည်။
“ သူဌေး ဝူ... ဒီနေ့ ကျွန်တော်တို့ရဲ့ မိုဘိုင်းဖုန်း ရောင်းအားက ၉၅ သန်း အထိ ရောက်ရှိခဲ့ပါတယ်... အဲဒီထဲမှာ သာမန် ကျင့်ကြံသူ ဗားရှင်း သန်း ၅၀၊ လက်ရာမြောက် ကျင့်ကြံသူ ဗားရှင်း ၃၅ သန်းနဲ့ ဇိမ်ခံ ကျင့်ကြံသူ ဗားရှင်း ၁၀ သန်း ပါဝင်ပါတယ်... ရောင်းရငွေ ပမာဏက ကြောက်မက်ဖွယ် ကောင်းလောက်အောင် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၁၀၃,၅၅၀ အထိ ရောက်ရှိခဲ့ပါတယ်”
ဤရင်သပ်ရှုမောဖွယ် ရောင်းအား ကိန်းဂဏန်းကို ကြားလိုက်ရချိန်တွင် လူတိုင်း ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားသွားကြသည်။ ဤသည်မှာ ပထမဆုံးနေ့သာ ရှိသေးကြောင်း သင် သိထားရမည်။ ဆိုလိုသည်မှာ ဖုန်းများ၏ ရောင်းအား ကိန်းဂဏန်းများသည် ဆက်လက် မြင့်တက်နေဦးမည် ဖြစ်သည်။
ဝူရူလုံသည် ဖုန်းကို သက်တမ်း တိုးမြှင့်ရန်နှင့် ဖြိုခွဲမခံရစေရန် အစီအရင် တစ်ခု ထည့်သွင်းထားပြီး ၊ ပုံတူကူးချခြင်းမှ ကာကွယ်ရန် ပြုပြင်မွမ်းမံမှု အချို့ ပြုလုပ်ခဲ့သည်။
သက်တမ်းနှင့် ပတ်သက်၍ သာမန် လူသားများ၏ ဖုန်းသည် ဆယ်နှစ် ကြာပြီးနောက် ခေတ်ကုန်သွားမည် ဖြစ်ပြီး ကျင့်ကြံသူ၏ ဖုန်းသည် နှစ်တစ်ရာ ကြာပြီးနောက် ခေတ်ကုန်သွားမည် ဖြစ်သည်။ ၎င်းမှာ သာမန် ကျင့်ကြံသူ ဗားရှင်း အတွက် ဖြစ်သည်။ လက်ရာမြောက် ဗားရှင်းနှင့် ဇိမ်ခံ ဗားရှင်းများသည် နှစ်ငါးရာနှင့် နှစ်နှစ်ထောင် အသီးသီး ခံမည် ဖြစ်သည်။ သူတို့က ဖုန်းများ အတွက် ငွေပိုပေးထားကြသဖြင့် သေချာပေါက် ပို၍ ကြာရှည်ခံရပေမည်။
“ကောင်းပြီ... အားလုံး တိတ်ကြ... ဆော့ဖ်ဝဲလ် အားလုံးကို စတင် အသုံးပြုဖို့ အမိန့်ပေးလိုက်တော့ ပထမဆုံးနေ့မှာပဲ ငါတို့ ဖုန်းတွေက ပြဿနာရှိပြီး အရည်အသွေး ညံ့တယ်လို့ အပြောခံလို့ မဖြစ်ဘူး”
ဝူရူလုံသည် မတ်တတ်ထရပ်လိုက်ပြီး အားလုံးကို ကြည့်ကာ ပြောလိုက်သည်။
အိုယန်ဖုန်းနှင့် အခြားသူများကလည်း အော်ဟစ်လိုက်ကြ၏။
“ဟုတ်ကဲ့”
ထိုအချိန်တွင် တောင်ပိုင်းဒေသမှ ဖုန်းကို ပထမဆုံး ရရှိသော ကျင့်ကြံသူမှာ ချန်ယွီမင် အမည်ရှိသော အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ ဤမိုဘိုင်ဖုန်းသည် ဝိညာဉ်ကျောက်တုံး အများကြီး မလိုအပ်ဘဲ ဖျော်ဖြေရေးနှင့် ကျင့်ကြံမှု အထောက်အကူပြုရန် အသုံးပြုနိုင်သည်ကို တွေ့လိုက်ရသဖြင့် ပျင်းရိရိဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဆိုင်ဝန်ထမ်း၏ အကူအညီဖြင့် ချန်ယွီမင်သည် ဖုန်း၏ လုပ်ဆောင်ချက်ကို သိရှိသွားခဲ့သည်။ အင်တာနက် ချိတ်ဆက်ပြီးနောက် သူသည် ဂိမ်းဆော့နိုင်ပြီး လူမှုရေးများ ပြုလုပ်နိုင်သည်။ ငွေပိုပေးပါက ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း ကဲ့သို့သော ကျင့်ကြံမှု အထောက်အကူပြု လုပ်ဆောင်ချက်များကိုလည်း ရနိုင်သေးသည်။
သို့သော် ချန်ယွီမင်သည် ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း လုပ်ဆောင်ချက်ကို လတ်တလော အသုံးပြုချင်ပုံ မရပေ။ ဝိညာဉ်စွမ်းအင် စုဆောင်းရန် သက်သက် ဆိုလျှင် အစီအရင် တစ်ခု တည်ဆောက်လိုက်ရုံဖြင့် ရနိုင်ပြီး မိုဘိုင်းဖုန်း လုံးဝ မလိုအပ်ပေ။
မကြာမီ ချန်ယွီမင်သည် ဖုန်းထဲတွင် မိုက်ကရိုဝေ့ဖ် ဟု ခေါ်သော ဆော့ဖ်ဝဲလ် တစ်ခုကို တွေ့ရှိခဲ့ပြီး ၊ ထိုအရာကို နှိပ်လိုက်ရာ အခြားသူများ၏ ဘဝများကို မြင်တွေ့ခဲ့ရပြီး သူတို့၏ ကျင့်ကြံမှု အဆင့်ကို ကန့်သတ်ထားခြင်း မရှိကြောင်း ပြောထားသည်။
ချန်ယွီမင်သည် သူ၏ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားသည်နှင့် ၊ သူသည် နတ်ဘုရားမင်းဆက်၏ ဧကရာဇ်နတ်ဘုရား ဝမ်ယွင်ထံမှ မက်ဆေ့ခ်ျ တစ်စောင်ကို လျင်မြန်စွာ တွေ့လိုက်ရ၏။
“အားလုံးပဲ မင်္ဂလာပါ... ကျွန်တော် က နတ်ဘုရားမင်းဆက်ရဲ့ ဧကရာဇ်နတ်ဘုရား ဝမ်ယွင် ပါ... ဒီနေ့ကစပြီး မိုက်ကရိုဝေ့ဖ်မှာ နေထိုင်သွားပါမယ်”
ဖုန်းမျက်နှာပြင် ပေါ်တွင် နတ်ဘုရားမင်းဆက်၏ အဓိပတိ အရှင်သခင် ဝမ်ယွင်၏ ပုံရိပ် ပေါ်လာသည်။
ထို့ပြင် ရှန်ဝမ်ယွင် တစ်ဦးတည်း သာမက အခြား မဟာမင်းဆက် သုံးခုမှ ဧကရာဇ်များသည်လည်း ဗီဒီယိုများကို တစ်ခုပြီး တစ်ခု လွှင့်တင်ခဲ့ကြရာ ချန်ယွီမင်မှာ အကြိမ်ပေါင်းများစွာ အံ့အားသင့်ခဲ့ရ၏။
“ဘာ... ဒီလောက် သေးငယ်တဲ့ လက်ကိုင်ဖုန်းလေးကို မဟာမင်းဆက် လေးခုက ဧကရာဇ်တွေ အသုံးပြုလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး”
မဟာမင်းဆက် လေးခုမှ ဧကရာဇ်များသည် သတင်းစာ ရှင်းလင်းပွဲ မတိုင်မီ ခုနစ်ရက် စော၍ အဇိမ်ခံဆုံး မိုဘိုင်းဖုန်းများကို အသုံးပြုနေခဲ့ကြပြီ ဖြစ်ကြောင်း ချန်ယွီမင် တစ်ယောက် မသိခဲ့ပေ။ သူတို့သည် ရွှမ်ထျန်းကမ္ဘာမှ လူများထက် နည်းပညာ ပိုမို ကျွမ်းကျင်ကြသော်လည်း ထိုအချိန်က အင်တာနက် မရှိသေးသောကြောင့် မထုတ်ပြန်နိုင်ခဲ့ကြခြင်း ဖြစ်သည်။
ချန်ယွီမင် တုန်လှုပ်သွားသကဲ့သို့ တောင်ပိုင်းဒေသမှ အခြား သူများနှင့် မဟာမင်းဆက် လေးခုမှ လူများသည်လည်း တုန်လှုပ်သွားကြသည်။
ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ အတွင်း၌ သခင် မုရုံဟွမ်သည် သူ့ရှေ့မှ ကင်းထောက်ထံမှ သတင်းကို နားထောင်ရင်း သူ၏ အမူအရာမှာ အလွန် လေးနက်နေ၏။
မြင့်မြတ်နယ်မြေ လေးခုစီတွင် ဒေသကြီး ငါးခု၌ ရုံးခွဲများ ရှိကြသဖြင့် မိုဘိုင်းဖုန်း ထွက်ရှိပြီး မကြာမီတွင်ပင် သတင်း ရရှိခဲ့ကြသည်။
“စိတ်ဝင်စားစရာပဲ... ဒီလိုပစ္စည်းမျိုးက ငါ့ရဲ့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ လက်ထဲမှာ ရှိရမှာ... ငါ သွားကြည့်လိုက်ဦးမယ်”
ရည်မှန်းချက်ကြီးသော အရိပ်အယောင် တစ်ခုသည် မုရုံဟွမ်၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။ မိုဘိုင်းဖုန်း နည်းပညာကို သူ့၏ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ ထိန်းချုပ်မှု အောက်သို့ ယူဆောင်လာနိုင်ပါက သူ၏ မြင့်မြတ်နယ်မြေသည် အခြား မြင့်မြတ်နယ်မြေ သုံးခုကို ကျော်ဖြတ်ပြီး နံပါတ်တစ် မြင့်မြတ်နယ်မြေ ဖြစ်လာနိုင်ပေမည်။
အခြား မြင့်မြတ်နယ်မြေ သုံးခုမှာ ချင်းလျန်မြင့်မြတ်နယ်မြေ၊ ရေမြင့်မြတ်နယ်မြေနှင့် မိုးကြိုးမြင့်မြတ်နယ်မြေ တို့ ဖြစ်ကြသည်။
ဖုန်း ရှိကြောင်း သိလိုက်ရပြီးနောက် ချင်းလျန်မြင့်မြတ်နယ်မြေ၊ ရေမြင့်မြတ်နယ်မြေနှင့် မိုးကြိုးမြင့်မြတ်နယ်မြေတို့၏ သခင်များသည်လည်း ထိုကိစ္စရပ်၏ အရေးပါမှုကို သဘောပေါက်လိုက်ကြသည်။ ထို့ကြောင့် သူတို့ အားလုံးသည် လက်နက်များကို ယူဆောင်ကာ တောင်ပိုင်းဒေသသို့ ဦးတည်သွားကြပြီ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ဖုန်းကို မိမိတို့၏ ထိန်းချုပ်မှု အောက်သို့ ယူဆောင်လာမည် ဖြစ်သည်။
အဆိုးဆုံး အခြေအနေမှာပင် ထိုအရာကို ရန်ဘက် အင်အားစုများ၏ လက်ထဲသို့ ကျရောက်ခွင့်မပြုနိုင်ပေ။
အခြား တစ်ဖက်တွင်မူ ဝူရူလုံသည် မြင့်မြတ်နယ်မြေ လေးခုမှ သခင်များ လာရောက်နေကြောင်းကို မသိဘဲ သူသည် ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်ကို ပျော်ရွှင်စွာဖြင့် လည်ပတ်နေဆဲ ဖြစ်သည်။ မိုဘိုင်းဖုန်း ထွက်ရှိလာမှုနှင့် အတူ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်၏ နေ့စဉ် အသားတင် အမြတ်ငွေမှာ ကြောက်မက်ဖွယ် ကောင်းသော ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး သောင်းချီ အထိ ရောက်ရှိခဲ့သည်။
ဤသည်မှာ တစ်ရက် အတွက် ဖြစ်ပြီး တစ်နှစ်လျှင် ၃.၆၅ သန်း အထိ ရှိကြောင်း သင် သိထားရမည်။ မြင့်မြတ်နယ်မြေ လေးခု ပေါင်းလျှင်ပင် တစ်နှစ်လျှင် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ထိုမျှ ရှိပေသည်။
ရေရှည် ဆက်သွားမည် ဆိုပါက မြင့်မြတ်နယ်မြေ လေးခုကို ကျော်ဖြတ်နိုင်ရန်အတွက် သေချာပေါက် ပြဿနာ ရှိမည် မဟုတ်ချေ။