အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း ၃၅ - မြင့်မြတ်နယ်မြေ သခင်လေးပါး စုစည်းခြင်း
“ထူးဆန်းတယ်... ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ သခင်က ပန်းတစ်သောင်းမြင့်မြတ်နယ်မြေကနေ ထွက်ပြီး တောင်ပိုင်းဒေသ ဘက်ကို ဦးတည်သွားနေတယ်... မိုဘိုင်ဖုန်း အတွက် သွားနေတာများလား”
အခြား တစ်ဖက်တွင်မူ ၊
ဝူဟောက်၏ ဝိညာဉ်အာရုံသည် အလယ်ပိုင်းဒေသ၏ အစိတ်အပိုင်းငယ် တစ်ခုလုံးကို လွှမ်းခြုံရန် လုံလောက်ပေသည်။ ပန်းတစ်သောင်း သခင် ဖြတ်သွားသည့် အခိုက်အတန့်တွင် သူသည် လျင်မြန်စွာ ဖမ်းယူမိလိုက်၏။ ပန်းတစ်သောင်း သခင် ဦးတည်သွားနေသော လမ်းကြောင်းနှင့် ပေါင်းစပ်လိုက်သောအခါ ပန်းတစ်သောင်း သခင်သည် တောင်ပိုင်းဒေသသို့ သွားရန် စီစဉ်နေကြောင်း ဝူဟောက်သည် လျင်မြန်စွာ ခန့်မှန်းနိုင်ခဲ့သည်။
ယခု တောင်ပိုင်းဒေသ၌ ပန်းတစ်သောင်း သခင်ကို ဆွဲဆောင်နိုင်သည့် အရာမှာ အဘယ်နည်း... မိုဘိုင်းဖုန်းမှတစ်ပါး အခြား မရှိပေ။
ဤအချက်ကို တွေးမိသောအခါ ဝူဟောက်သည် တုံ့ဆိုင်းမနေဘဲ တိတ်တဆိတ် လိုက်သွားရန် ရွေးချယ်လိုက်၏။ မုရုံဟွမ်သည် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် တစ်ဦး ဖြစ်ပြီး ဧကရာဇ်လက်နက် အစစ်အမှန် တစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။ သူသာ ဝူရူလုံကို တိုက်ခိုက်ခဲ့လာပါက ၊ မိမိချန်ထားခဲ့သော နည်းလမ်းများသည် သူ့ကို တားဆီးနိုင်မည် မဟုတ်ပေ။
သို့သော် ဝူဟောက်သည် မုရုံဟွမ် နောက်သို့ လိုက်နေစဉ် မုရုံဟွမ်နှင့် ဆင်တူသော အခြား အရှိန်အဝါ သုံးခုကို မလှမ်းမကမ်းတွင် အာရုံခံမိလိုက်ပြီး သူတို့ အားလုံးသည်လည်း တောင်ပိုင်းဒေသသို့ ဦးတည်နေပုံရသည်။
“စိတ်ဝင်စားစရာပဲ... ပေါ့ပေါ့ပါးပါး တီထွင်လိုက်တဲ့ ဒီပစ္စည်းလေးကြောင့် မြင့်မြတ်နယ်မြေ လေးခုတောင် တုန်လှုပ်သွားပြီး လာလုချင်ကြတာပဲ”
ဝူဟောက်သည် သူ့ဘာသာ တွေးလိုက်ပြီး မုရုံဟွမ် နောက်သို့ တိတ်တဆိတ် ဆက်လိုက်သွား၏။ မုရုံဟွမ်သည် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် နယ်ပယ်တွင် ရှိသော်လည်း ၊ ဝူယောက်သည် ယခုအခါ မဟာဧကရာဇ်မင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိထားပြီး ဖြစ်သည်။ သို့ဖြစ်ရာ သူသည် မုရုံဟွမ် မတွေ့ရှိအောင် ရှောင်တိမ်းလိုပါက ၊ နှစ်မီတာခွဲ အကွာတွင် ရှိနေလျှင်ပင် တဖက်လူသည် သူ့ကို တွေ့ရှိနိုင်မည် မဟုတ်ချေ။
မြင့်မြတ်နယ်မြေ သခင် လေးပါးသည် လျင်မြန်စွာဖြင့် တောင်ပိုင်းဒေသသို့ ရောက်ရှိလာကာ ၊ သူတို့ စောစောက ရရှိခဲ့သော တည်နေရာ အတိုင်း ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်သို့ သွားရောက်ခဲ့သည်။
မုရုံဟွမ်သည် စကားပြောရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် အဝေးသို့ ရုတ်တရက် လှမ်းကြည့်ကာ လှောင်ပြောင်လိုက်၏။
“လီပိုင်... မင်းလည်း လာတာပဲ”
မုရုံဟွမ် ပြောပြီးသည်နှင့် အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဓားရှည်တစ်လက် လွယ်ထားသော လူလတ်ပိုင်း တစ်ဦးသည် မလှမ်းမကမ်းတွင် ပေါ်ထွက်လာသည်။ ဤလူမှာ ချင်းလျန်မြင့်မြတ်နယ်မြေ၏ သခင် လီထိုက်ပိုင်မှတစ်ပါး အခြားသူ မဟုတ်ပေ။
သို့သော် ဤအခိုက်အတန့်တွင် လီပိုင်၏ မျက်နှာ၌ မိတ်ဟောင်းဆွေဟောင်းနှင့် ပြန်ဆုံတွေ့ရခြင်း အတွက် ဝမ်းသာသည့် အရိပ်အယောင် မပြဘဲ “ငါ ထင်သားပဲ” ဟူသော အမူအရာဖြင့် ပြောလိုက်၏။
“ဘာလဲ... မင်းက လာလို့ရပြီး ငါက လာလို့မရဘူးလား... ဟိုမှာ ပုန်းနေတဲ့ နှစ်ယောက်လည်း ထွက်ခဲ့ကြ”
လီထိုက်ပိုင် ပြောပြီးသည်နှင့် နောက်ထပ် ပုံရိပ်နှစ်ခုသည် သူ့ဘေးရှိ ဟင်းလင်းပြင်ထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာကြသည်။
ထိုပုံရိပ်နှစ်ခုကို မြင်လိုက်ရသောအခါ မုရုံဟွမ်၏ မျက်နှာထားမှာ ပို၍ မည်းမှောင်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ဦးမှာ ရေမြင့်မြတ်နယ်မြေ၏ သခင် လင်းရွှေရိုနှင့် မိုးကြိုးမြင့်မြတ်နယ်မြေ၏ သခင် လေဝမ်ယွင်တို့ ဖြစ်နေသောကြောင့်ပင်။
“သူခိုးကြီး မုရုံ... မင်းက ဒီအရာ အားလုံးကို တစ်ယောက်တည်း မောင်ပိုင်စီးဖို့ စီစဉ်နေတာလား... ငါတို့ သုံးယောက် ပေါင်းပြီး မင်းရဲ့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေကို တိုက်ခိုက်မှာ မကြောက်ဘူးလား”
မုရုံဝမ်ကို ကြည့်သော လေဝမ်ယွင်၏ အကြည့်များသည် အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။ မြင့်မြတ်နယ်မြေ လေးခုသည် တစ်ယောက်ချင်း တိုက်ခိုက်လျှင် အနိုင်အရှုံး ဆုံးဖြတ်ရန် မဖြစ်နိုင်သော်လည်း သုံးယောက် တစ်ယောက် တိုက်ခိုက်လျှင် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေသည် သေချာပေါက် ရှုံးနိမ့်ပေမည်။
သို့သော် မြင့်မြတ်နယ်မြေ လေးခုသည် လုံးဝ မဖြစ်မနေ အခြေအနေ မဟုတ်လျှင် စစ်ခင်းကြမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အကယ်၍ စစ်ခင်းခဲ့လျှင် ဖြစ်ပေါ်လာမည့် ကသောင်းကနင်း အခြေအနေများက ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးကို ငြိမ်းချမ်းမှု ကင်းမဲ့သွားစေရန် လုံလောက်သောကြောင့် ဖြစ်၏။
“ဟား... အဘိုးကြီး မုရုံ... မင်းတစ်ယောက်တည်းပဲ သိတယ်လို့ ထင်နေတာလား... ငါတို့ သိရင် ငါတို့လည်း သေချာပေါက် လာမှာပဲ... ဒီက အခြေအနေက ရှုပ်ထွေးလွန်းတယ် မင်း ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး... ငါ့ကိုပဲ လွှဲပေးလိုက်”
လင်းရွှေရိုသည် မုရုံဟွမ်ကို အေးစက်သော အပြုံးဖြင့် ကြည့်လိုက်သော်လည်း မုရုံဟွမ်က တုံ့ဆိုင်းခြင်း မရှိ ငြင်းပယ်လိုက်သည်။
“လူကြီးမင်းတို့... ဒီက အရာတွေကို ကျုပ်ကိုပဲ ပေးလိုက်... အဲ့အစား ကျုပ် ဧကရာဇ်မုရုံက ခင်ဗျားတို့ကို ကျေးဇူးကြွေး တစ်ခု တင်ထားတယ်လို့ သဘောထားလိုက်... ဘယ်လိုလဲ”
လာနောက်နေတာလား...
မြင့်မြတ်နယ်မြေ တစ်ခုတည်းက ဤအရာများကို ထိန်းချုပ်နိုင်မည်ဆိုပါက နှစ်တစ်ရာ အတွင်း ရွှမ်ထျန်းကမ္ဘာကို အုပ်စိုးနိုင်ပြီး သခင်တစ်ဆူ ဖြစ်လာနိုင်ပေသည်။
ဒါတွေအားလုံးကို မုရုံဟွမ်လက်ထဲ ထည့်ပေးလိုက်ရင် ၊ မြင့်မြတ်နယ်မြေက လူတွေရဲ့ ကျိန်ဆဲတာကို ခံရပြီး သေသွားနိုင်တယ်…
ထို့ကြောင့် လီပိုင်နှင့် အခြားသူများက တုံ့ဆိုင်းခြင်း မရှိ ငြင်းပယ်လိုက်ကြသည်။
ဤသည်ကို မြင်သောအခါ အရိပ်ထဲတွင် ပုန်းနေသော ဝူဟောက်သည် စိတ်ဝင်စားလာ၏။ မြင့်မြတ်နယ်မြေ သခင် လေးပါးသည် ဤကိစ္စကို မည်သို့ ဖြေရှင်းကြမည်နည်း။
သို့သော် ထိုအခိုက်အတန့်တွင် ဧကရာဇ်မုရုံက ပြောလိုက်သည်။
“ငါတို့ မရနိုင်မှတော့ ဘာလို့ မဖျက်ဆီးပစ်လိုက်တာလဲ... ဘယ်သူမှ နောက်မဆုတ်ချင်ရင် အကောင်းဆုံး နည်းလမ်းက ဖျက်ဆီးပစ်လိုက်တာပဲ... ဒါဆိုရင် ဘယ်သူမှ ငါတို့ မြင့်မြတ်နယ်မြေ လေးခုရဲ့ အဆင့်အတန်းကို ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ဘူး...”
“တစ်ချိန်တည်းမှာပဲ ငါတို့ မြင့်မြတ်နယ်မြေ လေးခု ကြားက ဆက်ဆံရေးကိုလည်း ဒီအတိုင်း ထိန်းသိမ်းထားနိုင်မယ်...”
မုရုံဟွမ်၏ လေသံမှာ အလွန် လေးနက်နေသည်။ ဤသည်မှာ အချိန်ကြာမြင့်စွာ စဉ်းစားပြီးနောက် သူ ရရှိလာသော အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်သည်။ မြင့်မြတ်နယ်မြေ လေးခုသည် စစ်မက်မဖြစ်ပွားလိုပါက ဖျက်ဆီးခြင်းသည် နောက်ဆုံး နည်းလမ်းပင် ဖြစ်သည်။
သို့မဟုတ်ပါက မြင့်မြတ်နယ်မြေ တစ်ခုက ဤနည်းပညာကို ရရှိသွားလျှင်ဖြင့် အခြား မြင့်မြတ်နယ်မြေ သုံးခုက လက်ပိုက် ကြည့်နေကြမည် မဟုတ်ပေ။ ထို့ကြောင့် အကောင်းဆုံး နည်းလမ်းမှာ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်ကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်ပြီး သို့မှသာ မြင့်မြတ်နယ်မြေ လေးခုသည် စစ်မက်ဖြစ်ပွားမည် မဟုတ်ချေ။
မုရုံဟွမ် ပြောပြီးသည်နှင့် လီထိုက်ပိုင်နှင့် အခြားနှစ်ဦးမှာ တိတ်ဆိတ်သွားကြ၏။ မုရုံဟွမ်သည် ဤကဲ့သို့သော နည်းလမ်းကို တင်ပြလာလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြသည်မှာ ထင်ရှားသည်။
လီပိုင်က ဦးစွာ ပြောလိုက်သည်။
“လုပ်ချင် လုပ်လေ... ငါကတော့ မင်း ဖုန်းရဲ့ နည်းပညာကို မရအောင်ပဲ လုပ်မှာ... မဟုတ်ရင် ငါ့ရဲ့ ချင်းလျန်မြင့်မြတ်နယ်မြေက သူတို့ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်နဲ့ ပူးပေါင်းလိုက်လို့ ရတယ်”
ဂုဏ်သိက္ခာရှိပြီး ဖြောင့်မတ်သော မိသားစုဝင် တစ်ဦး အနေဖြင့် လီပိုင်သည် မိသားစု တစ်စုလုံးကို သတ်ဖြတ်ခြင်း ကဲ့သို့သော အရာမျိုးကို ဘယ်တော့မှ လုပ်မည် မဟုတ်ပေ။
လီထိုက်ပိုင် ပြောလိုက်သောအခါ လင်းရွှေရိုက အားရပါးရ ရယ်မောရင်း တုံ့ပြန်လိုက်၏။
“ကျွန်မက အဲဒီလောက် မကြမ်းတမ်းဘူး... ရှင်တို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေက လှုပ်ရှားချင်ရင် လုပ်လေ... ဒါပေမဲ့ ကျွန်မရဲ့ ရေမြင့်မြတ်နယ်မြေက လက်ပိုက် ကြည့်နေမှာ မဟုတ်ဘဲ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်ကို ကူညီပေးမိလောက်တယ်”
“တကယ်ပဲ မိသားစု တစ်စုလုံးကို သတ်ဖြတ်တာက လွန်လွန်းပါတယ်... ဒါကြောင့် ငါကတော့ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ် ဘက်က ရပ်တည်ဖို့ ရွေးချယ်တယ်”
လေဝမ်ယွင်က ခေါင်းညိတ်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
သူတို့၏ မျက်နှာများကို ကြည့်ရင်း ၊ သူတို့အားလုံးသည် တူညီသော စွမ်းအားများကို မပိုင်ဆိုင်ထားလျှင်ဖြင့် ဧကရာဇ်မုရုံသည် သူတို့အားလုံးကို သတ်ဖြတ်ပြီးလောက်ပြီ ဖြစ်သည်။
စိတ်တည်ငြိမ်အောင် အသက်ပြင်းပြင်း ရှူပြီးနောက် မုရုံဟွမ်က ထပ်မေးလိုက်သည်။
“ဒါဆို ဒီကိစ္စကို ဖြေရှင်းဖို့ ဘာလုပ်သင့်တယ်လို့ ခင်ဗျားတို့ ထင်လဲ... သေးငယ်တဲ့ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်က ငါတို့ မြင့်မြတ်နယ်မြေ လေးခုနဲ့ တန်းတူ အဆင့်ကို တက်လှမ်းလာတာကို ခင်ဗျားတို့ သုံးယောက် တကယ်ကြီး ကြည့်နေကြမှာလား”
“လွယ်ပါတယ်... ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်ကို သူတို့ အမြတ်ငွေရဲ့ အစိတ်အပိုင်း တစ်ခုကို ငါတို့ကို ပေးခိုင်းလိုက်... ပြီးရင် ငါတို့က သူတို့ကို ကာကွယ်မှု ပေးမယ်”
ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်ကို မြင့်မြတ်နယ်မြေ လေးခု အဆင့်သို့ မရောက်ရှိအောင် တားဆီးရန်မှာ ရိုးရှင်းကြောင်း လီထိုက်ပိုင်သည် တုံ့ဆိုင်းခြင်း မရှိ ပြောလိုက်သည်။ မြင့်မြတ်နယ်မြေ လေးခုသည် ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်ထံသို့ ကာကွယ်ကြေး လာကောက်ရုံဖြင့် ဖြေရှင်းနိုင်သည်။
ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်အနေဖြင့် သူတို့၏ ကျန်ရှိနေသော အမြတ်ငွေထက် ပိုများသော ကာကွယ်ကြေးကို သူတို့အား ပေးဆောင်ရမည်။ ထိုအတိုင်းသာဆိုလျှင်ဖြင့် ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်သည် အာဏာ ရလာရန် ဘယ်တော့မှ အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
လင်းရွှေရိုနှင့် လေဝမ်ယွင်တို့က သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့တွင် တူညီသော စိတ်ကူး ရှိကြ၏။
သို့သော် ဧကရာဇ်မုရုံက ထိုသို့ မထင်ပေ။ အကယ်၍ အရာအားလုံးကို ဤအတိုင်း လွှတ်ထားမည်ဆိုပါက ၊ သူ၏ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေသည် ထင်ရှားကျော်ကြားလာဖို့ ဘယ်တော့မှ အခွင့်အရေး ရတော့မည် မဟုတ်ချေ။
သို့သော် သူသည် ငြင်းဆန်၍ မဖြစ်နိုင်ချေ။ ငြင်းဆန်ပါက ၊ သူသည် အခြား မြင့်မြတ်နယ်မြေ သုံးခု၏ ရန်သူ ဖြစ်လာနိုင်သည်။
သူ၏ လက်ရှိ စွမ်းအားအရ ၊ စားပွဲဝိုင်းကို မှောက်ချရန် မုရုံဟွမ်တွင် အင်အား မရှိကြောင်း ထင်ရှားနေသဖြင့် သူသည် သက်ပြင်းချပြီး သဘောတူလိုက်ရတော့သည်။
မကြာမီ သူတို့ လေးဦးသည် သဘောတူညီချက် တစ်ခု ရရှိခဲ့ကြသည်။ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်သည် ၎င်း၏ ဝင်ငွေ ၉၀ ရာခိုင်နှုန်း ခန့်ကို မြင့်မြတ်နယ်မြေ လေးခုအား ညီတူညီမျှ ခွဲဝေကာ ပေးအပ်ရမည်။ မြင့်မြတ်နယ်မြေ လေးခုသည် ဝင်ငွေကို လက်ခံယူပြီးနောက်တွင် ၊ သူတို့၏ ဝင်ငွေမှာ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်ထက် မြင့်မားနေဦးမည် ဖြစ်သည်။
ဤနည်းဖြင့် ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်သည် မြင့်မြတ်နယ်မြေ လေးခုကို ဘယ်တော့မှ ကျော်တတ်နိုင်မည် မဟုတ်ပေ။
စိတ်ကူးယဉ်မှုသည် လှပသော်လည်း လက်တွေ့ဘဝသည် ကြမ်းတမ်းလှသည်။ ဝူဟောက်သည် သူတို့၏ စကားများကို နှလုံးသွင်းထားပြီး ဖြစ်ကာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
အဖေတစ်ယောက်အနေနဲ့ သားဖြစ်သူကို စီးပွားရေး ကောင်းကောင်း လုပ်စေချင်ရုံ သသက်သက်ပဲ…ဒါကို လူတွေက ဘာလို့ အမြဲတမ်း ပြဿနာ လာရှာနေကြတာလဲ...
ပထမက လီမင်းဆက်... အခု မြင့်မြတ်နယ်မြေ လေးခုက လူတွေ...
သို့သော် ဤအတွက် အခြား နည်းလမ်း မရှိပေ။ လက်ရှိအနေအထားအရ သူ လှုပ်ရှားမှ ဖြစ်တော့မည်။ သားဖြစ်သူကို သူ နားလည်သလောက် ဆိုရလျှင် ၊ သားဖြစ်သူသည် ဤကိစ္စကို ဘယ်တော့မှ သဘောတူမည် မဟုတ်မှန်း သူ သိသည်။ ထို့ကြောင့် မြင့်မြတ်နယ်မြေ သခင် လေးပါးကို အနိုင်ယူရန် သူကိုယ်တိုင် လှုပ်ရှားရပေတော့မည်။
အခန်း ၃၆ - မြင့်မြတ်နယ်မြေ သခင်လေးပါး တုန်လှုပ်သွားခြင်း
မြင့်မြတ်နယ်မြေ သခင်လေးပါးသည် ဝူရူလုံကို ဖမ်းဆီးရန် လှုပ်ရှားတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ကြပြီး သူတို့၏ မျက်နှာထားများသည် အနည်းငယ် ပြောင်းလဲသွားကြ၏။
ပတ်ဝန်းကျင် ရှုခင်းများသည် တစ်ခဏချင်း အတွင်း ပြောင်းလဲသွားသည်။ မြင့်မြတ်နယ်မြေ သခင်လေးပါးစလုံး တုံ့ပြန်ခြင်း မပြုနိုင်မီမှာပင် သူတို့သည် ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်နှင့် ဝေးကွာသော လူသူကင်းမဲ့သည့် တောင်တန်းတစ်ခုသို့ ရောက်ရှိနေကြသည်ကို တွေ့လိုက်ရ၏။ ဝူဟောက်သည် သူတို့၏ ပတ်ပတ်လည်တွင် အစီအရင် တစ်ခုကို ကြိုတင် တည်ဆောက်ထားပြီး ဖြစ်ရာ သူတို့ ထွက်ခွာချင်လျှင်ပင် ထွက်ခွာ၍ ရနိုင်မည် မဟုတ်ပေ။
“ဘယ်သူလဲ... ပုန်းမနေနဲ့... အခုချက်ချင်း ထွက်ခဲ့”
မြင့်မြတ်နယ်မြေ သခင်လေးပါး၏ မျက်နှာထားမှာ အလွန် လေးနက်နေပြီး လေဝမ်ယွင်သည် ဒေါသတကြီး အော်ပြောလိုက်သည်။
ရွှမ်ထျန်းကမ္ဘာတွင် သူတို့ကဲ့သို့သော မြင့်မြတ်နယ်မြေ သခင်လေးပါးကို မည်သည့်တုံ့ပြန်ချိန်တောင် မပေးဘဲ ခေါ်ထုတ်သွားနိုင်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြပေ။ သူတို့သည် ဒေါသထွက်နေကြသော်လည်း ပို၍ တုန်လှုပ်ကာ ကြောက်ရွံ့နေကြ၏။
လေဝမ်ယွင် ပြောပြီးသည်နှင့် ဝူဟောက်သည် လက်ခုပ်တီးလျက် ရယ်မောကာ ထွက်လာသည်။
“လူကြီးမင်းတို့ရဲ့ ဂုဏ်သတင်းကို ကြားနေရတာ ကြာပြီ”
ဝူဟောက် ထွက်လာသည်ကို မြင်လိုက်ရသော မြင့်မြတ်နယ်မြေ သခင်လေးပါးမှာ အလွန်အမင်း တုန်လှုပ်သွားကြသည်။ ဝူဟောက် ရှိနေခြင်းကို သူတို့သည် လုံးဝ သတိမထားမိခဲ့ကြပေ။ ယခု ဝူဟောက်သည် သူတို့ ရှေ့မှောက်တွင် ရောက်နေသည့်တိုင် တဖက်လူ၏ ကျင့်ကြံမှုအဆင့်ကို သူတို့ အာရုံမခံနိုင်ကြသေးချေ။
ဤအခြေအနေမျိုးတွင် ဖြစ်နိုင်ချေ နှစ်ခုသာ ရှိသည်။ ဝူဟောက်သည် ဧကရာဇ်တစ်ပိုင်း အဆင့် ကျင့်ကြံသူများ၏ အာရုံခံမှုကို ခုခံကာကွယ်နိုင်လောက်အောင် စွမ်းအားကြီးသော ဧကရာဇ်တစ်ပိုင်း လက်နက်ကို ပိုင်ဆိုင်ထားခြင်း သို့မဟုတ် ဝူဟောက်၏ ကျင့်ကြံမှု အဆင့်သည် သူတို့ထက် မြင့်မားနေခြင်း ဖြစ်သည်။ သူတို့ ကိုယ်တိုင်က ရွှမ်ထျန်းကမ္ဘာ၏ အစွမ်းထက်ဆုံး ဧကရာဇ်တစ်ပိုင်း အဆင့်များ ဖြစ်ကြရာ သူတို့ထက် သာလွန်သူမှာ မဟာဧကရာဇ်သာ ရှိပေတော့မည်။
သို့သော် မည်သည့် အချက်ပင် ဖြစ်ပါစေ၊ မုရုံဟွမ်နှင့် အခြားသူများ အတွက် ယခု အခြေအနေသည် ကောင်းသော ကိစ္စ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဝူဟောက်သည် သူတို့ကို သတိမထားမိစေဘဲ ထွက်ပေါ်လာကာ ဤကဲ့သို့ ခေါ်ထုတ်လာနိုင်သည် ဆိုပါက ၊ သူတို့ကို ရင်ဆိုင်နိုင်မည့် လုံလောက်သော ယုံကြည်မှု ရှိနေခြင်းကြောင့် ဖြစ်သည်။
သူတို့ လေးယောက်စလုံး ဝိုင်းဝန်း တိုက်ခိုက်လျှင်ပင် ဝူဟောက်သည် ခုခံနိုင်စွမ်း ရှိသည့် ပြိုင်ဘက်မျိုး ဖြစ်နေနိုင်သည်။ ထို့ပြင် ဝူဟောက်သည် သူတို့၏ ဂုဏ်သတင်းကို ကြားဖူးသည်ဟု ပြောခြင်းမှာ သူတို့၏ အထောက်အထားကို သိရှိထားပြီး သူတို့တွင် ဧကရာဇ်လက်နက်များ ပါလာနိုင်ကြောင်းကိုလည်း သဘာဝကျကျ ခန့်မှန်းမိပြီး ဖြစ်ပေလိမ့်မည်။
ဆိုလိုသည်မှာ ဝူဟောက်သည် အနည်းဆုံး မဟာဧကရာဇ်တစ်ပါး၏ တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ဤအချက်ကို သဘောပေါက်လိုက်သောအခါ မုရုံဟွမ်နှင့် အခြားသူများမှာ အလွန် တည်ကြည် လေးနက်သွားကြပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။
“မိတ်ဆွေ... ဘာကိစ္စများ ရှိလို့ပါလဲ”
လီထိုက်ပိုင်က ပြုံးလိုက်ပြီး ဝူဟောက်ကို ကြည့်ကာ မေးလိုက်သည်။
ယခု အချိန်တွင် အရေးကြီးဆုံး အချက်မှာ သူတို့ရှေ့မှ လူသည် တိုက်ခိုက်ရန် ရည်ရွယ်ချက် ရှိမရှိ သိရှိရန် ဖြစ်သည်။ မတိုက်ခိုက်ဘဲ နေနိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ဤစကားကို ကြားလိုက်ရသောအခါ ဝူဟောက်သည် လီထိုက်ပိုင်ကို ကြည့်ကာ ပြုံးလိုက်၏။
“ဘာမှ မဟုတ်ပါဘူး... ခင်ဗျားတို့ လေးယောက်က ကျုပ်ရဲ့ စီးပွားရေးကို မျက်စောင်းထိုးနေကြလို့ ကျုပ် သိပ်မပျော်ဘူး ဖြစ်နေတာ”
ဝူဟောက်၏ စကားကို ကြားသောအခါ မုရုံဟွမ်နှင့် အခြားသူများမှာ တုန်လှုပ်သွားကြသည်။ သူတို့ရှေ့မှ လူသည် ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်၏ နောက်ကွယ်မှ အစစ်အမှန် သခင် ဖြစ်နေလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြသည်မှာ ထင်ရှားသည်။ သို့သော် စဉ်းစားကြည့်လျှင် အဓိပ္ပာယ် ရှိပေသည်။ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်တွင် အရေးပါသော ပုဂ္ဂိုလ်များ မရှိပါက ၊ တောင်ပိုင်းဒေသရှိ ဒေသခံ အင်အားစုများ၏ လက်ချက်ဖြင့် ပျောက်ကွယ်သွားမည်မှာ ကြာပြီ ဖြစ်ပေလိမ့်မည်။ သူတို့ လေးယောက် လာရှာရသည့် အဆင့်အထိ မည်သို့ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်နည်း။
ဝူဟောက်သည် ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်၏ နောက်ကွယ်မှ ကြိုးကိုင်သူ ဖြစ်ကြောင်း သိလိုက်ရသောအခါ လီထိုက်ပိုင်သည် ချက်ချင်း လေသံလျှော့လိုက်ပြီး ဝူဟောက်ကို ကြည့်ကာ ခြောက်ကပ်ကပ် ပြောလိုက်၏။
“မိတ်ဆွေရယ်... စောစောက မပြောဘူး ငါတို့က မိသားစုတွေပဲဟာ... မိတ်ဆွေရဲ့ ပိုင်ဆိုင်မှုကို ငါက ဘယ်လိုလုပ် မက်မောရမှာလဲ... ဒါက လုံးဝ အခြေအမြစ် မရှိဘူး”
“ဟုတ်တယ် မိတ်ဆွေ... ကျုပ်က ဘယ်လိုလုပ် ခင်ဗျားရဲ့ ပိုင်ဆိုင်မှုကို မက်မောရမှာလဲ... ကျုပ်ရဲ့ ရေမြင့်မြတ်နယ်မြေက သိပ်ဖော်ရွေပြီး အားနည်းသူတွေကို ဘယ်တော့မှ အနိုင်မကျင့်ဘူး ဆိုတာ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးက လူတွေ သိကြတယ်”
လင်းရွှေရိုကလည်း ဖြစ်နိုင်လျှင် တိုက်ခိုက်ခြင်းကို ရှောင်ရှားခြင်းက အကောင်းဆုံး ဖြစ်မည်ကို သိရှိကာ ဝင်ပြောလိုက်သည်။
လေဝမ်ယွင်သည်လည်း ထိုနည်းတူစွာပင်။
မြင့်မြတ်နယ်မြေ သခင် သုံးပါးစလုံး နောက်ဆုတ်သွားကြပြီ ဆိုတော့ ငါလည်း နောက်ဆုတ်လိုက်ရင် ရှက်စရာ မဟုတ်လောက်ပါဘူးနော်...
မုရုံဟွမ်သည် သူ့ဘာသာသူ တွေးလိုက်ပြီး တုံ့ဆိုင်းခြင်း မရှိ အရှုံးပေးလိုက်သည်။
သူတို့ လေးယောက်စလုံး နောက်ဆုတ်သွားသည်ကို မြင်သောအခါ ဝူဟောက်သည် မနေနိုင်တော့ဘဲ လှောင်ပြောင်သံဖြင့် ပြောလိုက်၏။
“ငါသာ မရှိရင် ခင်ဗျားတို့က ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်ကို တိုက်ခိုက်ပြီးလောက်ပြီ... မသိလို့ပါ ဆိုတဲ့ ဆင်ခြေတွေ လာမပေးနဲ့... ခင်ဗျားတို့က လှုပ်ရှားဖို့ ပြင်ပြီးပြီ ဆိုတော့ ငါ့ရဲ့ ဖြေရှင်းနည်းက ရိုးရှင်းတယ်... ခင်ဗျားတို့ လေးယောက်စလုံး ငါ့ကို ပြိုင်တူ တိုက်ခိုက်ကြ... ငါ့ရဲ့ တိုက်ခိုက်မှု တစ်ချက်ကို ခံနိုင်ရင် ဒီကိစ္စ ပြီးပြီ”
ဝူဟောက်၏ စကားကို ကြားလိုက်ရချိန်တွင် မြင့်မြတ်နယ်မြေ သခင် လေးပါးစလုံး အချင်းချင်း ကြည့်လိုက်ကြပြီး၊ သူတို့၏ မျက်လုံးများထဲတွင် ဒေါသများဖြင့် ပြည့်နှက်နေ၏။
ဝူဟောက်သည် အလွန် မောက်မာလွန်းသည်ဟု သူတို့ ထင်မြင်ကြသည်။ သူတို့ လေးယောက်နှင့် ဧကရာဇ်လက်နက်များ ပေါင်းစပ်လိုက်ပါက ၊ သူတို့သည် မဟာဧကရာဇ်တစ်ပါး၏ တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ စွမ်းအားပိုင်း အရ ပြောရလျှင် သူတို့ လေးဦးသည် မဟာဧကရာဇ်နှင့် ညီမျှသည်ဟု ဆိုနိုင်သည်။
သူတို့ရှေ့မှ စီနီယာသည် စွမ်းအားကြီးမားသော မဟာဧကရာဇ်တစ်ပါး ဖြစ်လျှင်ပင် သူတို့ လေးဦး၏ ပေါင်းစပ် အင်အားကို ခံနိုင်ရည် ရှိချင်မှ ရှိပေမည်။
သို့သော် ဤသည်မှာ အခွင့်အရေး တစ်ခုပင် ဖြစ်သည်။ အကယ်၍ သူတို့သည် ဝူဟောက်ကို လက်လျော့သွားအောင် လုပ်နိုင်မည် သို့မဟုတ် ချေမှုန်းနိုင်မည်ဆိုပါက ၊ မြင့်မြတ်နယ်မြေ လေးခုသည် ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်ကို သိမ်းပိုက်နိုင်ပေလိမ့်မည်။
ဤအချက်ကို တွေးမိသောအခါ လီထိုက်ပိုင်နှင့် အခြားသူများသည် အချင်းချင်း ကြည့်လိုက်ကြပြီး တုံ့ဆိုင်းမနေတော့ဘဲ ဝူဟောက်ကို ကြည့်ကာ ပြောလိုက်ကြ၏။
“စီနီယာ... ငါတို့ သဘောတူတယ်... လာစမ်းပါ”
ထိုသို့ပြောပြီးသည်နှင့် လီထိုက်ပိုင်နှင့် အခြားသုံးဦးသည် သူတို့၏ သက်ဆိုင်ရာ မြင့်မြတ်နယ်မြေမှ ဧကရာဇ်လက်နက်များကို ချက်ချင်း ဆင့်ခေါ်လိုက်ကြသည်။ ချင်းလျန်မြင့်မြတ်နယ်မြေ၏ ဧကရာဇ်လက်နက်မှာ ဓားရှည်တစ်လက် ဖြစ်ပြီး ရေမြင့်မြတ်နယ်မြေ၏ ဧကရာဇ်လက်နက်မှာ ရေနတ်ဘုရားပုလဲ ဖြစ်သည်။
ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ ဧကရာဇ်လက်နက်မှာ ဗုဒ္ဓအမျက်ဒေါသကြာပန်း ဖြစ်ပြီး မိုးကြိုးမြင့်မြတ်နယ်မြေ၏ ဧကရာဇ်လက်နက်မှာ လျှပ်စီးပုဆိန် ဖြစ်သည်။
ဧကရာဇ်လက်နက်များကို ထုတ်ဖော်ပြီးနောက် လီထိုက်ပိုင်နှင့် အခြားသူများသည် အားကုန်ထုတ်၍ ဝူဟောက်ကို တိုက်ခိုက်ရန် ထိန်းချုပ်လိုက်ကြသည်။ ဝူဟောက်သည် မည်သည့် အဆင့်သို့ ရောက်နေသည်ကို မသိသော်လည်း ဤအချိန်တွင် အစွမ်းကုန် ပေါက်ကွဲ၍ မတိုက်ခိုက်ခြင်းသည် အလွန် မိုက်မဲသော လုပ်ရပ် ဖြစ်ပေလိမ့်မည်။
ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် လေးဦးသည် ဧကရာဇ်လက်နက်များကို ကိုင်ဆောင်၍ အစွမ်းကုန် ထုတ်သုံးလိုက်ပါက ၊ အချိန်တိုအတွင်း ဒေသကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ပေသည်။
ဝူဟောက်သည် သူတို့ လေးဦး တိုက်ခိုက်လာသည်ကို ကြည့်ရင်း ကြောင်အမ်းသွား၏။ ဧကရာဇ်လက်နက်များကို ထိန်းချုပ်ထားသော မြင့်မြတ်နယ်မြေ သခင် လေးပါး၏ အစွမ်းကုန် တိုက်ခိုက်မှုသည် သူ့ကို နာကျင်စေရန် လုံလောက်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် လက်တွေ့တွင် ဝူဟောက် အာရုံခံမိသည်မှာ သူ ငြိမ်သက်စွာ ရပ်နေလျှင်ပင် ဧကရာဇ်လက်နက် လေးခုသည် သူ့ကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။
ဤအချက်ကို တွေးမိသောအခါ ဝူဟောက်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး လက်သီး တစ်ချက် ပစ်သွင်းလိုက်၏။ ချက်ချင်းပင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားသည် ဧကရာဇ်လက်နက် လေးခုစလုံးကို လွင့်ထွက်သွားစေပြီး တိုက်ခိုက်မှု၏ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများသည် လီထိုက်ပိုင်နှင့် အခြားသူများထံသို့ ဆက်လက် တိုးဝင်သွားသည်။
ဤသည်ကို မြင်လိုက်ရသောအခါ လီထိုက်ပိုင်နှင့် အခြားသူများသည် တုန်လှုပ်ခြင်း ၊ ကြောက်ရွံ့ခြင်းတို့ဖြင့် ပြည့်နှက်သွားကြသည်။ သူတို့ စိတ်ကူးနိုင်သော အဆိုးရွားဆုံး ရလဒ်မှာ ဝူဟောက်သည် လက်ဆန့်ထုတ်၍ ဧကရာဇ်လက်နက် လေးခု၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။ သို့သော် တကယ်တန်းတွင် ဝူဟောက်သည် လက်သီးတစ်ချက်တည်းဖြင့် ဧကရာဇ်လက်နက် လေးခု၏ တိုက်ခိုက်မှုကို ချေမှုန်းပစ်နိုင်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြပေ။ ထို့ပြင် လက်သီး၏ လက်ကျန် စွမ်းအားသည် သူတို့ထံသို့ တိုးဝင်လာနေဆဲ ဖြစ်သည်။
“သတိထား...”
လင်းရွှေရိုက အော်ဟစ်လိုက်ပြီး တိုက်ခိုက်မှုကို ကာကွယ်ရန် သူမ၏ အစွမ်းထက်ဆုံး ဧကရာဇ်အဆင့် နည်းစနစ်ကို ထုတ်သုံးလိုက်သကဲ့သို့ လီထိုက်ပိုင်နှင့် အခြားသူများလည်း ထိုနည်းတူ ပြုလုပ်လိုက်ကြ၏။
သို့သော် လက်ကျန် စွမ်းအားသည် သူတို့ကို လွင့်ထွက်သွားစေခဲ့သည်။ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် အခိုက်အတန့်တွင် သူတို့သည် သွေးတစ်လုပ်ကို ချက်ချင်းပင် အန်ထုတ်လိုက်ကြပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပုံရသည်။
“ဟူး... ငါက အတည်တကျတောင် မလုပ်ရသေးဘူး... ခင်ဗျားတို့ အကုန်လုံးက ဘယ်လိုလုပ် လဲကျကုန်တာလဲ”
ဝူဟောက်သည် သနားစရာ ကောင်းသော အခြေအနေဖြင့် မြေပြင်ပေါ်တွင် လဲကျနေသော လီထိုက်ပိုင်နှင့် အခြားသူများကို ကြည့်လိုက်သည်။ အမှန်စင်စစ် သူသည် တည်တည်တံ့တံ့ မလုပ်ခဲ့ပေ။ ဤသည်မှာ သာမန် လက်သီးတစ်ချက်သာ ဖြစ်သည်။ သူသာ အတည်တကျ လက်သီးတစ်ချက် သို့မဟုတ် အားကုန်ထုတ်ကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်မည်ဆိုပါက တောင်ပိုင်းဒေသ တစ်ခုလုံး ချက်ချင်း ပျက်စီးသွားပေလိမ့်မည်။
ကောင်းကင်ဧကရာဇ်လမ်းစဉ်တစ်သောင်းကျမ်း၏ ကြောက်မက်ဖွယ် ကောင်းလှပုံကို သံသယမရှိနှင့် ။ သာမန် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် တစ်ဦးအတွက် တောင်ပိုင်းဒေသကို ဖျက်ဆီးရန် အချိန်အတိုင်းအတာ တစ်ခု လိုအပ်နိုင်သော်လည်း ဝူဟောက်အတွက်မူ မျက်စိတစ်မှိတ် အတွင်း၌ပင် ပြုလုပ်နိုင်ပေသည်။
ဝူဟောက်၏ စကားကို ကြားပြီး လီထိုက်ပိုင်နှင့် အခြားသူများမှာ နောက်ထပ် သွေးတစ်လုပ် ထပ်အန်လိုက်ကြပြန်သည်။
ဝူဟောက်သည် အားအင် အကုန်ထုတ်သုံး၍ ဧကရာဇ်လက်နက် လေးခုကို လွင့်ထွက်သွားစေပြီး သူတို့ကို ပြင်းထန်စွာ ဒဏ်ရာရစေသည်ဟု ဆိုလျှင် ၊ သူတို့အဖို့ လက်ခံနိုင်သေးသည်။ သို့သော် ဝူဟောက်သည် သူ့စွမ်းအား၏ ဆယ်ပုံတစ်ပုံပင် မထုတ်ရသေးဘဲ သူတို့ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်မှာ လက်ခံနိုင်ရန် ခက်ခဲလွန်းလှသည်။
ဧကရာဇ်တစ်ပိုင်း တစ်ဦး အတွက် ဤအရာက အတော်လေး ထိုးနှက်ချက် ဖြစ်စေသည်။