← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း ၃၇ - မြင့်မြတ်နယ်မြေ သခင်လေးပါး ပို၍ပင် တုန်လှုပ်သွားခြင်း

“လက်မြှောက် အရှုံးပေးပါတယ် စီနီယာ”.

ဒဏ်ရာများ ရရှိထားသော်လည်း လီထိုက်ပိုင်နှင့် အခြားသူများသည် ယိုင်နဲ့နဲ့ဖြင့် မတ်တတ်ထရပ်ကာ ဝူဟောက်ကို အလွန် လေးစားစွာဖြင့် ပြောလိုက်ကြသည်။

ဝူဟောက်သည် လိမ်မပြောခဲ့ကြောင်း သူတို့ အတပ်ပြောနိုင်သည်။ ဆိုလိုသည်မှာ ဝူဟောက်သာ အတည်တကျ တိုက်ခိုက်မည်ဆိုပါက ၊ သူတို့သည် အမှန်တကယ် ဒုက္ခရောက်သွားနိုင်သည်။

“ကောင်းပြီ... ငါ့ကတိအတိုင်း တည်လိုက်မယ်... မင်းတို့က ငါ့ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ခဲ့တာဆို‌တော့ အသက်ချမ်းသာပေးလိုက်မယ်... ဒါပေမဲ့ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်ကို တိုက်ခိုက်ဖို့ နောက်တစ်ကြိမ် စိတ်ကူးမိရင် မင်းတို့ အားလုံးကို ဖျက်ဆီးပစ်မယ့်အပြင် နောက်ကွယ်က မြင့်မြတ်နယ်မြေကိုပါ အမြစ်ဖြတ်ပစ်မယ်”

ဝူဟောက်သည် လီထိုက်ပိုင်နှင့် အခြားသူများကို ကြည့်ကာ ပြောလိုက်သည်။ ဝူဟောက်သည် သူတို့ကို မသတ်နိုင်၍ မဟုတ်ဘဲ သတ်ရမှာ ပျင်းလို့သာ ဖြစ်ပြီး ၊ သတ်လိုက်မည်ဆိုပါက နောက်ဆက်တွဲ ဖြေရှင်းစရာ ကိစ္စများစွာ ရှိလာနိုင်သောကြောင့် ဖြစ်သည်။

ဥပမာအားဖြင့် မြင့်မြတ်နယ်မြေ လေးခုစလုံး ကသောင်းကနင်း ဖြစ်သွားမည် ဖြစ်ပြီး သူတို့သည် လက်စားချေရန် မိုက်မဲစွာ လာရောက်ကြပါက နောက်ဆုံးတွင် သူသည် ၎င်းတို့အားလုံးကို သုတ်သင်ပစ်ရပေလိမ့်မည်။ ထိုအခါ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားနိုင်သည်။

ဝူဟောက်သည် ဝူမိသားစု ဘေးကင်းရန်သာ လိုလားသော်လည်း ထိုအခြေအနေမျိုးကို သူ မမြင်တွေ့လိုပေ။ ထို့ကြောင့် သူတို့ အနေအထိုင် တတ်လျှင် မြင့်မြတ်နယ်မြေ သခင်လေးပါးကို အသက်ချမ်းသာ ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာ”

လီထိုက်ပိုင်နှင့် အခြားသူများက လျင်မြန်စွာ ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။

“စီနီယာ... စီနီယာက ဘယ်အဆင့်ကို ရောက်နေပြီလဲ... ဒဏ္ဍာရီလာ မဟာဧကရာဇ်များ ဖြစ်နေမလား”

လီထိုက်ပိုင်သည် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်လိုက်ပြီး မျက်လုံးများ အရောင်တောက်ကာ မေးလိုက်ရာ လင်းရွှေရိုနှင့် အခြားသူများလည်း စိတ်လှုပ်ရှားသွားကြသည်။

စောစောက သူတို့သည် ဝူဟောက်ကို ရန်လိုနေခဲ့သဖြင့် သိပ်မစဉ်းစားမိခဲ့သော်လည်း ၊ ဝူဟောက်သည် မဟာဧကရာဇ် ဖြစ်ပါက သူတို့လည်း မဟာဧကရာဇ် အဆင့်သို့ တက်လှမ်းနိုင်ပြီ ဟု ဆိုလိုလိုက်ခြင်း မဟုတ်လော။

သူတို့၏ အတွေးများကို ခန့်မှန်းမိသော ဝူဟောက်သည် လှောင်ပြောင် ပြောဆိုလိုက်၏။

“အရမ်းကြီး တွေးမနေကြနဲ့... ရွှမ်ထျန်းကမ္ဘာက မဟာဧကရာဇ် အဆင့်ကို မတက်လှမ်းနိုင်သေးဘူး... ငါ့အတွက်ကတော့ ကံကောင်းလို့ မဟာဧကရာဇ် အဆင့်ကို ရောက်သွားတာပဲ... ရွှမ်ထျန်းကမ္ဘာမှာ လောလောဆယ် မဟာဧကရာဇ် အဆင့်ကို တက်လှမ်းဖို့ လိုအပ်တဲ့ တာအိုလမ်းစဉ်တွေ ကင်းမဲ့နေတယ်... ဒါကြောင့် ခင်ဗျားတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား မဟာဧကရာဇ် အဆင့်ကို ရောက်မှာ မဟုတ်ဘူး”

ဝူဟောက်၏ စကားကို ကြားပြီး လီထိုက်ပိုင်နှင့် အခြားသူများ၏ စိတ်လှုပ်ရှားမှုများမှာ လျော့ကျသွားသည်။ သူတို့တွင် သက်တမ်း နှစ်သိန်းခန့်သာ ကျန်ရှိတော့သည်။ မဟာဧကရာဇ် အဆင့်သို့ မတက်လှမ်းနိုင်လျှင် သူတို့သည် ရှောင်လွှဲမရသော သေဆုံးခြင်းနှင့် ရင်ဆိုင်ရပြီး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားကြရပေမည်။

သို့သော် သူတို့ စိတ်ပျက်အားလျော့နေစဉ်မှာပင် ဝူဟောက်က စကားလမ်းကြောင်း လွှဲလိုက်၏။

“ဒါပေမဲ့ တစ်ဖက်က ကြည့်ရင်လည်း... ခင်ဗျားတို့က မဆင်မခြင် ဘာမှ မလုပ်သရွေ့ မဟာဧကရာဇ် အဆင့်ကို တက်လှမ်းနိုင်လောက်ပါတယ်... ရွှမ်ထျန်းကမ္ဘာက မကြာခင် ပြန်လည် နိုးထလာတော့မှာမို့ အဲဒီအချိန်ကျရင် ခင်ဗျားတို့ မဟာဧကရာဇ် အဆင့်ကို တက်လှမ်းနိုင်မှာပါ...”

ထိုစကားကို ကြားလိုက်ရချိန်တွင် လီထိုက်ပိုင်နှင့် အခြားသူများသည် စိတ်လှုပ်ရှားသွားကြပြီး ဝူဟောက်ကို ကျေးဇူးတင်ကြောင်း ပြောလိုက်ကြသည်။

“ကျေးဇူးတင်ပါတယ် စီနီယာ... ကျွန်တော်တို့ နားလည်ပါပြီ”

“ဒါဆိုရင် ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါဦး”

ထိုသို့ပြောပြီးသည်နှင့် လီထိုက်ပိုင်နှင့် အခြားသူများသည် လျင်မြန်စွာ လှည့်ထွက်သွားကြသည်။ သူတို့သည် သက်ဆိုင်ရာ မြင့်မြတ်နယ်မြေသို့ ပြန်ပြီး သူတို့၏ ဘိုးဘေးများကို ဤကိစ္စ အကြောင်း ပြောပြရန် လိုအပ်ပေသည်။

ရွှမ်ထျန်းကမ္ဘာသည် မကြာမီ ပြန်လည် နိုးထလာတော့မည် ဖြစ်ပြီး ထိုအချိန်တွင် သူတို့သည် မဟာဧကရာဇ် အဆင့်သို့ တက်လှမ်းနိုင်ပေတော့မည်။

အလျင်အမြန် ထွက်ခွာသွားသော ၎င်းတို့လေးဦးကို ကြည့်ရင်း ဝူဟောက်သည် ခေါင်းခါနေမိသည်။

အမှန်စင်စစ် ဤကိစ္စသည် အမှန်လား၊ အမှားလား ဆိုသည်ကို သူ့အနေဖြင့် မသေချာသော်လည်း ၊ သူ့မြေးနှစ်ယောက်စလုံးသည် ရွေးချယ်ခံထားရသူများ ဖြစ်ပေသည်။ သူတို့သည် အတားအဆီးများကို ကျော်ဖြတ်ပြီး စွမ်းအားကြီးမားသော မဟာဧကရာဇ်မင်းများ ဖြစ်လာရန် ကံပါလာသူများ ဖြစ်သည်။

သူတို့ထဲမှ တစ်ယောက်သည် မဟာဧကရာဇ်တစ်ပါး ဖြစ်လာပါက ၊ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံး၏ မဟာဧကရာဇ် တာအိုလမ်းစဉ်များသည် ပြန်လည် နိုးထလာပြီး ရွှေခေတ်သစ် တစ်ခုကို ယူဆောင်ပေးလိမ့်မည်။

သို့သော် ဤအရာ အားလုံးသည် ဝူဟောက်၏ ခန့်မှန်းချက်သာ ဖြစ်ပြီး အချိန်တန်မှ လက်တွေ့ အခြေအနေ မည်သို့ ရှိသည်ကို စောင့်ကြည့်ရပေမည်။

လက်ရှိ အခြေအနေ အရ ဝူယီဖန်သည် နှစ်တစ်ထောင် မပြည့်မီ ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်သို့ ရောက်ရှိနိုင်လောက်ပြီး ဝူရိတောက်သည်လည်း ထိုနည်းတူစွာ ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ၊ ထိုအချိန်ကျမှ အခြေအနေများသည် မည်သို့ ဖြစ်ပေါ်လာသည်ကို ကြည့်ရပေတော့မည်။

အခြား နည်းလမ်း မရှိတော့ရင်လည်း.. ငါ့ရဲ့ကျင့်ကြံမှု အဆင့် တစ်နေရာကို ရောက်တဲ့အခါ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးကို တိုက်ရိုက် ပြန်လည် နိုးထစေလို့ ရတာပဲ...

မဖြစ်နိုင်တာမှ မဟုတ်တာ...

ထိုအချိန်တွင် ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ် အတွင်း၌ ဝူရူလုံသည် မြင့်မြတ်နယ်မြေ သခင်လေးပါး တစ်ခေါက် ရောက်လာပြီး သူ့ဖခင်၏ ခေါ်ထုတ်သွားခြင်း ခံလိုက်ရသည်ကို မသိလိုက်ချေ။ ယခု အချိန်တွင် သူသည် ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်၏ ကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းရင်း အလုပ်များနေသည်။

သို့သော် မည်သည့် အချိန်က ရောက်နေမှန်း မသိသော ဖခင်ဖြစ်သူကို မြင်လိုက်ရသဖြင့် ဝူရူလုံမှာ လန့်ဖျပ်သွားသည်။

“ဟာ... အဖေကလည်း... ရုတ်တရက်ကြီး ပေါ်လာတော့ လန့်သွားတာပဲ”

“ကဲပါ... ငါ ဒီတစ်ခေါက် မင်းဆီ လာတာ မင်းလုပ်ရမယ့် ကိစ္စတစ်ခု ရှိတယ်”

ဝူဟောက်၏ စကားကို ကြားသည်နှင့် ဝူရူလုံ၏ မျက်နှာထားတွင် ပဟေဠိဖြစ်နေကယ သူသည် လေးလေးနက်နက် စဉ်းစားလိုက်၏။

“ငါတို့ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်က အခု တောင်ပိုင်းဒေသ တစ်ခုလုံးမှာ အကြီးဆုံး ဖြစ်နေပေမယ့် တခြား ဒေသကြီး လေးခုမှာ ငါတို့ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်ရဲ့ အရိပ်အယောင် မရှိသေးဘူး... ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်ကို ပိုကြီးထွားပြီး ပိုသန်မာလာစေချင်ရင် အဲဒီ ဒေသကြီး လေးခုမှာ ရုံးခွဲတွေ ဖွင့်ဖို့ ပြင်ဆင်ရမယ်”

ဝူဟောက်သည် ထိုနေရာ လေးခုတွင် ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်၏ ရုံးခွဲများ ဖွင့်လှစ်စေချင်သောကြောင့် ယခုလို လာရောက်ခြင်း ဖြစ်သည်။

ဝူရူလုံသည် ထိုကိစ္စကို အမှန်တကယ် လေးလေးနက်နက် စဉ်းစားထားပြီး ဖြစ်ရာ ဝူဟောက်ကို ကြည့်ပြီး မေးလိုက်သည်။

“ဒါဆို အဖေ... ဘယ်သူ့ကို လွှတ်ဖို့ စိတ်ကူးထားလဲ”

“ဒီကိစ္စကို မင်းပဲ ဆုံးဖြတ်... ဒေသကြီး လေးခုထဲက တစ်ခုကို သွားပြီး ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ် ရုံးခွဲရဲ့ သူဌေး အဖြစ် သွားလုပ်မယ် ဆိုရင် နှစ်တိုင်း ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး အပို ၁၀၀ ရမယ်”

ဝူဟောက်သည် ဆုံးဖြတ်ပိုင်ခွင့်ကို ဝူရူလုံထံသို့ လွှဲပြောင်းပေးလိုက်ရာ ဝူရူလုံအနေဖြင့် ချက်ချင်း အကျပ်ရိုက်သွားသော်လည်း ငြင်းပယ်၍ မရပေ။

သူသည် ယခု ဝူမိသားစု၏ ခေါင်းဆောင် ဖြစ်နေပြီ ဖြစ်ရာ ကိစ္စတိုင်း အတွက် ဝူဟောက်ကို မှီခို၍မဖြစ်ချေ။

“မင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ လိုအပ်နေပြီ... ငါ့ကိုချည်း အမြဲ မှီခိုနေလို့ မရဘူး... မင်း အသက်အန္တရာယ် ရှိတဲ့ အချိန်ကျမှ ငါ ကူညီပေးမယ် ကျန်တာတွေ အတွက် မင်းဘာသာ ကြိုးစားရမယ်”

ဝူဟောက်သည် သားဖြစ်သူအား အရာရာကို တောင်းဆိုနေမည့် သူရဲဘောကြောင်သူ တစ်ယောက် မဟုတ်ဘဲ လွတ်လပ်ပြီး ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်သူ တစ်ယောက်ဖြစ်လိုကြောင်း လေးနက်စွာ ပြောလိုက်သည်။

ဝူရူလုံသည် ဤသဘောတရားကို နားလည်ပြီး တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် တည်ငြိမ်သွားကာ ပြောလိုက်၏။

“နားလည်ပါပြီ အဖေ”

“ကောင်းပြီ... ဒါကို အမြန်ဆုံး စီစဉ်လိုက်... ငါ မင်းကို ပိုက်ဆံ ပေးနိုင်ပေမယ့် ကျန်တာက မင်းသဘောပဲ... ငါ အရမ်းကြီး ဝင်မပါတော့ဘူး”

ဝူဟောက်သည် မှာကြားစရာ ရှိသည်များကို မှာကြားပြီးနောက် ထွက်ခွာသွားခဲ့သည်။ မည်သူ့ကို စေလွှတ်သင့်သည်ကို ဆုံးဖြတ်ရန် ဝူရူလုံ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေသည်။

သို့သော် အသေအချာ စဉ်းစားပြီးနောက် ဝူရူလုံသည် ကိုယ်စားလှယ်လောင်းကို လူတိုင်း ရွေးချယ်နိုင်စေရန် မိသားစု အစည်းအဝေး ခေါ်ယူသင့်သည်ဟု ခံစားမိသည်။ အရေးကြီးဆုံးမှာ ရွေးချယ်မှုသည် ဆန္ဒအလျောက် ဖြစ်ရမည်။

ဝူဟောက်သည် ထိုမျှလောက် မစဉ်းစားခဲ့ပေ။ သူ လိုချင်သည်မှာ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးကို လွှမ်းခြုံနိုင်မည့် ဖုန်းလိုင်း အချက်ပြ စနစ်ကို အမြန်ဆုံး ရရှိဖို့သာ ဖြစ်ပြီး သို့မှသာ သူသည် ဂိမ်းဆော့ခြင်းနှင့် တစ်တော့ ဗီဒီယို ကြည့်ရှုခြင်းကို ပြုလုပ်နိုင်မည် မဟုတ်လော။

အခြား တစ်ဖက်တွင်မူ ၊ မဟာမင်းဆက် သုံးခုအကြား၌ ရှန်ဝမ်ယွင်နှင့် အခြားသူများသည် မိမိတို့၏ဘိုးဘေးမှာ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်နှင့် ပတ်သက်၍ နှုတ်ဆိတ်နေကြသဖြင့် အလွန် သိချင်နေကြသည်။

သို့သော် ဘိုးဘေးဖြစ်သူကိုယ်တိုင် ပါးစပ်မဟသရွေ့ သူတို့လည်း ဘာမှ မတတ်နိုင်ချေ။ သို့သော် ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ် အပေါ် ထားရှိသည့် လီမင်းဆက်၏ သဘောထားသည် ပြင်းပြင်းထန်ထန် ပြောင်းလဲသွားသည်ကို ကြည့်လျှင်ဖြင့် ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်တွင် ပညာရှင်များ ရှိနေလောက်ပြီး ထိုပညာရှင်များသည် သူတို့ မဟာမင်းဆက် လေးခုမှ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များထက် မနိမ့်ကျသည်မှာ သေချာသည်။

မဟုတ်လျှင် သူတို့၏ ဘိုးဘေးများသည် ဤကဲ့သို့ ပြုမူကြမည် မဟုတ်ပေ။

သို့သော် ရှန်ကျီလဲ့နှင့် အခြားသူများသည် ဘာကိုမှဂရုစိုက်ရန် မအားသေးချေ။ သူတို့သည် ဧကရာဇ်မင်းဆက်၏ တားမြစ်နယ်မြေသို့ ပြန်ရောက်ပြီးနောက် ဝူဟောက် ပေးလိုက်သော ဆေးလုံးများကို မျိုချကာ ဒဏ်ရာများကို ကုသပြီး ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် အဆင့်သို့ တက်လှမ်းရန် ကျင့်ကြံရင်းဖြင့် အလုပ်ရှုပ်နေကြသည်။

သူတို့ သည် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်သို့ ရောက်ရှိသည်နှင့် လီမင်းဆက်ကို ကြောက်ရွံ့စရာ မလိုတော့ပေ။

မဟုတ်သေးဘူး...လီထျန်းရန် ကျဆုံးသွားပြီး ဧကရာဇ်တစ်ပိုင်း လက်နက်ပင် ကွဲကြေသွားပြီ ဖြစ်ရာ သူတို့သည် ယခု အချိန်တွင်လည်း လီမင်းဆက်ကို ကြောက်ရွံ့ရန် မလိုတော့ပေ။

အခန်း ၃၈ - အမွေအနှစ် ရရှိခြင်း

“လူတိုင်းပဲ... ခင်ဗျားတို့ကို ဘာလို့ ဒီနေရာ ခေါ်လိုက်တာလဲ ဆိုတာ သိချင်နေကြမှာပဲ... မြင်တဲ့ အတိုင်းပဲ... ငါတို့ ဝူမိသားစု အောက်က ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်က အတိုင်းအတာ တစ်ခုထိ ကြီးထွားလာခဲ့ပြီ... သေးငယ်တဲ့ တောင်ပိုင်းဒေသမှာ ငါတို့ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်ကို ဆက်ပြီး ထိန်းသိမ်းနိုင်စွမ်း မရှိတော့ဘူး”

“မျိုးနွယ်စု ခေါင်းဆောင်ရဲ့ ဆန္ဒအရ ငါတို့ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်ကို ကျန်တဲ့ ဒေသကြီး လေးခုဆီ ချဲ့ထွင်ရမယ့် အချိန် ရောက်ပြီ”

“ခင်ဗျားတို့ကို ဒီမှာ စုစည်းလိုက်တဲ့ ရည်ရွယ်ချက်က တခြား ဒေသကြီး လေးခုကို သွားရောက်မယ့် ရုံးခွဲ သူဌေးတွေကို ရွေးချယ်ဖို့ပဲ... ခင်ဗျားတို့ထဲမှာ ပါဝင်ချင်တဲ့သူ ရှိလား”

ဝူရူလုံ၏ စကားကို ကြားလိုက်ရသည်နှင့် အောက်ဘက်ရှိ ဝူမိသားစုဝင်များသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။

ဝူမိသားစုဝင်များ အနေဖြင့် ၊ ဤတောင်ပိုင်းဒေသ တစ်ခုလုံးတွင် ဝူမိသားစု၏ အဆင့်အတန်းသည် မည်မျှ မြင့်မားသည်ကို သဘာဝကျကျ သိရှိထားကြသည်။ စီးပွားရေး လုပ်ရန် အခက်အခဲနှင့် ကြုံတွေ့တိုင်း ဝူမိသားစု၏ နာမည်ကို ထုတ်ပြောလိုက်ရုံဖြင့် ဖြေရှင်းနိုင်သည်ဟု ဆိုလျှင် ချဲ့ကားရာ မရောက်ပေ။

ငါ့ကို မလေးမစား လုပ်ရဲရင် မင်းရဲ့ဖုန်းလိုင်းကို ဖြတ်ပစ်လိုက်မယ်... ကြောက်ပြီလား...

“မျိုးနွယ်စု ခေါင်းဆောင် ဒါက ဝူမိသားစု နယ်မြေချဲ့ထွင်ဖို့ အတွက် ကောင်းမွန်တဲ့ ကိစ္စပဲ ၊ ကျွန်တော် ဝူဖျင်အန်း ပါဝင်ချင်ပါတယ်”

“မျိုးနွယ်စု ခေါင်းဆောင်... ကျွန်တော် ဝူအန်းလန်က အပြင်ထွက်ပြီး ဝူမိသားစုရဲ့ ဂုဏ်သတင်းကို မြှင့်တင်ပေးချင်ပါတယ်”

“သခင်ကြီး... ကျွန်တော်ရောပဲ”

အောက်ဘက်ရှိ ဝူမိသားစုဝင်များ၏ အလွန် တက်ကြွသော သဘောထားကို မြင်သောအခါ ဝူရူလုံသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

ဝူမိသားစုနှင့် ဝေးရာသို့ သွားရမည် ဖြစ်သဖြင့် တုံ့ပြန်မှုမှာ အေးစက်နေလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ဤမျှလောက် များပြာစွာ ရှေ့ထွက်လာကြလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ မိသားစုကို ဂရုစိုက်သော ဤကဲ့သို့ လူများနှင့် အတူ ဝူမိသားစုကြီးမှာ ကြီးပွားတိုးတက်ရန်မှာ အနှေးနှင့် အမြန်ပင်။

“အဟမ်း... ကောင်းပြီ... ဒီကိစ္စကို မျိုးနွယ်စု ခေါင်းဆောင်က ဆုံးဖြတ်ပါလိမ့်မယ် သွားချင်တဲ့သူတွေ ချန်ကွန်းဆီမှာ စာရင်းပေးလို့ ရပါတယ်”

ဝူရူလုံသည် လူတိုင်းကို မှာကြားပြီးနောက် လှည့်ထွက်သွားခဲ့သည်။

မကြာမီ ဝူရူလုံသည် အခြား ဒေသကြီး လေးခုသို့ သွားရောက်ပြီး ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ် ရုံးခွဲများ၏ သူဌေးများ အဖြစ် တာဝန်ထမ်းဆောင်ရန် စီစဉ်နေသော ဝူမိသားစုဝင်များ၏ စာရင်းကို ရရှိခဲ့သည်။

ဝူမိသားစု၏ ထက်ဝက်နီးပါးက သွားရောက်ရန် ဆန္ဒရှိနေကြသည်။ သို့သော် ဤကိစ္စသည် သတိထားရန် လိုအပ်သဖြင့် ဝူရူလုံသည် ပေါ့ပေါ့တန်တန် မရွေးချယ်ဘဲ သေချာ စဉ်းစားပြီးနောက် အခြား ဒေသကြီး လေးခုသို့ သွားမည့် လူစာရင်းကို အတည်ပြုလိုက်သည်။

သွားရောက်မည့် လူလေးဦးမှာ ဝူဝမ်တောက်၊ ဝူထျန်းကွန်း၊ ဝူချီထျန်းနှင့် ဝူရွှယ်ရင် တို့ ဖြစ်ကြသည်။

ဝူချီထျန်းမှလွဲ၍ ကျန်သုံးဦးသည် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေကြပြီး ဝူမိသားစုတွင် အလယ်အလတ် တိုက်ခိုက်ရေး စွမ်းအားရှင်များ အဖြစ် သတ်မှတ်နိုင်သည်။ သူတို့ လေးဦးကို စေလွှတ်ခြင်းသည် အသင့်တော်ဆုံး ဖြစ်သည်။

ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်၏ ရုံးခွဲတစ်ခု တည်ထောင်ရန် အတွက် စွမ်းအား အချို့ ရှိရန် လိုအပ်သလို လုံလောက်သော သတ္တိနှင့် ဉာဏ်ပညာလည်း ရှိရမည် ဖြစ်သည်။ သို့မဟုတ်ပါက အခြား ကုန်သည်အဖွဲ့ချုပ်များနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

မကြာမီ ဝူဝမ်တောက်နှင့် သူ့အပေါင်းအပါ သုံးဦးသည် ဝူရူလုံ၏ ရှေ့သို့ ရောက်လာကြသည်။

“အဖေ”

ဝူဝမ်တောက်နှင့် အခြား သုံးဦးက ဝူရူလုံကို ကြည့်လိုက်ရာ ၊ ဝူရူလုံက ခေါင်းညိတ်ပြီး ထိုင်ရန် လက်ပြလိုက်သည်။

ဝူဝမ်တောက်နှင့် အခြားသူများ ထိုင်လိုက်ပြီးနောက် ဝူရူလုံ က စကားစလိုက်၏။

“ဒီတစ်ခေါက် တခြား ဒေသကြီး လေးခုမှာ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ် ရုံးခွဲတွေ တည်ထောင်နိုင်မယ်လို့ မင်းတို့ လေးယောက် ယုံကြည်မှု ရှိလား”

“စိတ်ချပါ အဖေ... စီးပွားရေး တိုက်ပွဲ သက်သက် ဆိုရင် ကျွန်တော်တို့ လုံးဝ ယုံကြည်မှု ရှိပါတယ်... ဒါပေမဲ့ တစ်ယောက်ယောက်က ကျင့်ဝတ်မဲ့ပြီး ကျွန်တော်တို့ကို တိုက်ရိုက် တိုက်ခိုက်လာမှာပဲ စိုးရိမ်တာ”

ဝူချီထျန်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

ဝူချီထျန်းသည် ရွေးချယ်ခံရသူ မဟုတ်သော်လည်း ထိပ်တန်းအဆင့် ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် သာမန် ဝူမိသားစုဝင်များသည်ပင် မြင့်မြတ်နယ်မြေမှ သားတော်၊ သမီးတော်များထက် ပိုမိုကောင်းမွန်သော အရင်းအမြစ်များကို ရရှိထားသောကြောင့် ဝူထျန်းကွန်းသည် သူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဝူချီထျန်း၏ စကားကို ကြားသောအခါ ဝူရူလုံသည် လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။

“မင်းပြောတာ မှန်တယ်... ဒါပေမဲ့ ကြောက်စရာ မလိုပါဘူး မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေဆီ မင်းတို့နဲ့ အတူ လိုက်သွားဖို့ အိုယန်ဖုန်းနဲ့ တခြားနှစ်ယောက်ကို ငါ စီစဉ်ပေးမယ်... အလယ်ပိုင်းဒေသ အတွက်ကတော့ မင်းတို့ ဘိုးဘိုးက အဲဒီမှာ ရှိနေတော့ လက်တစ်ကမ်း ကူညီပေးနိုင်လောက်ပါတယ် စိတ်ပူစရာ မလိုဘူး”

ထိုစကားကို ကြားလိုက်ရမှသာ ဝူဝမ်တောက်နှင့် အခြားသူများသည် စိတ်သက်သာရာ ရသွားကြသည်။ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်၏ အကူအညီဖြင့် အိုယန်ဖုန်းနှင့် အခြားနှစ်ဦးသည် သူတော်စင်ဘုရင်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့ သုံးဦးသာ တာဝန်ယူထားပါက ၊ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ် ရုံးခွဲသည် သေချာပေါက် ဘေးကင်းပေလိမ့်မည်။

အလယ်ပိုင်းဒေသ အတွက် ဆိုလျှင် ဘိုးဘိုး ရှိနေသဖြင့် မြင့်မြတ်နယ်မြေဆိုတောင် သူတို့ကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

ဝူဝမ်တောက်နှင့် အခြားသူများ မသိသည်မှာ မြင့်မြတ်နယ်မြေ သခင်လေးပါးသည်ပင် သူတို့ အဘိုး၏ ပြင်းထန်စွာ အပြစ်ပေးခြင်းကို ခံခဲ့ရပြီး ဖြစ်သည်။ ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်သည် သူတို့ နယ်မြေတွင် လာရောက်ဖွင့်လှစ်မည်ကို သိလျှင်ဖြင့် ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်၏ လုံခြုံရေးကိုပင် ကာကွယ်ပေးကောင်း ပေးနိုင်သည်။

မျက်စိတစ်မှိတ် အတွင်း နှစ်ဝက် ကုန်ဆုံးသွားသည်။ ဤအချိန် အတွင်း ဝူဝမ်တောက်နှင့် အခြားသူများသည် ပြည့်စုံသော ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ် ရုံးခွဲများ ဖွင့်လှစ်ရန် သက်ဆိုင်ရာ နေရာများသို့ သွားရောက်ခဲ့ကြသည်။

အစပိုင်းတွင် အတော်လေး ခက်ခဲသော်လည်း အချိန်ရလာသည်နှင့် အမျှ သူတို့၏ အခြေခံ အုတ်မြစ် ရှိနေသောကြောင့် ဝူမျိုးနွယ် ကုန်သည်အဖွဲ့ချုပ်ကို လျင်မြန်စွာ ကြီးထွား သန်မာလာအောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။

အခြား တစ်ဖက်တွင်မူ ကျယ်ပြန့်ပြီး ဆန်းကြယ်သော အမွေအနှစ် မျှော်စင်ကြီးထဲ၌ ဝူယီဖန်သည် စမ်းသပ်မှု၏ ပဉ္စမမြောက်နှင့် နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“အော်... ကြေးမုံပြင် စိန်ခေါ်မှုလား...”

ဝူယီဖန်သည် သူ့နှင့် တစ်ထေရာတည်း တူသော ပုံရိပ်တစ်ခုသည် အရှေ့ဘက် အမှောင်ထုထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်ကို ကြည့်ရင်း အံ့သြစွာဖြင့် တွေးလိုက်မိသည်။

သို့သော် မကြာမီ ဝူယီဖန်သည် ခေါင်းခါလိုက်ပြီး သူ့ရှေ့မှ ပုံရိပ်ထံသို့ ပြေးဝင်သွားလိုက်၏။

ကြေးမုံပြင် ပုံရိပ်သည် ဝူယီဖန်၏ မူလခန္ဓာကိုယ်နှင့် ဆင်တူသော်လည်း ဝူယီဖန်၏ မယုံနိုင်လောက်အောင် ကြီးထွားနှုန်းနှင့် ဝေးကွာနေသည်မှာ ထင်ရှားသည်။ ဝူယီဖန်သည် လျင်မြန်စွာ ဖမ်းချုပ်လိုက်ပြီး လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်သည်။

ဝူယီဖန်သည် ပဉ္စမမြောက် စမ်းသပ်မှုကို အောင်မြင်သွားသည်နှင့် ၊ အမွေအနှစ် မျှော်စင်ကြီး တစ်ခုလုံး အတွင်းရှိ ကျင့်ကြံသူများသည် တုံ့ပြန်ချိန်တောင် မရလိုက်ဘဲ အပြင်သို့ ပို့ဆောင် ခံလိုက်ရသည်။ ရှိနေသူ အားလုံးသည် ဘာဖြစ်ပျက်သွားသည်ကို ရှင်းရှင်းလင်းလင်း မသိဘဲ အချင်းချင်း ကြောင်တောင်တောင်ဖြင့် ကြည့်နေကြ၏။

“တစ်ယောက်ယောက်က စွမ်းအားကြီးတဲ့ ဧကရာဇ်တစ်ပိုင်းရဲ့ အမွေအနှစ်ကို ရသွားတာလား... မဟုတ်ရင် ငါတို့ ဘယ်လိုလုပ် အပြင်ကို ပို့ဆောင်ခံရမှာလဲ”

“ဖြစ်နိုင်တယ်... သောက်ကျိုးနည်း... ဘယ်သူက ငါ့အခွင့်အရေးကို ခိုးသွားတာလဲ သိတာနဲ့ တစ်မိသားစုလုံးကို သတ်ပစ်မယ်”

“ဒီကောင်လေးက မြင့်မြတ်နယ်မြေက ဖြစ်မှ တော်ကာကျမယ်... မဟုတ်ရင် သူ သေချာပေါက် သေပြီ”

လူအများအပြားသည် အမွေအနှစ် မျှော်စင်ကြီးကို ကြည့်ရင်း သူတို့၏ မျက်နှာထားများသည် အလွန် တည်ကြည် လေးနက်နေကြသည်။

တစ်ချိန်တည်းမှာပင် ဟောက်တန်ဧကရာဇ်တစ်ပိုင်း၏ အမွေအနှစ်ကို မည်သူ ရရှိသွားသည်ကိုလည်း အလွန် သိချင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် တတိယ အဆင့် စစ်ဆေးမှုကိုသာ ခဲယဉ်းစွာ ရောက်ရှိခဲ့ကြပြီး တစ်ဖက်လူမှာ ပဉ္စမ အဆင့် စစ်ဆေးမှုကို အလွန် လျင်မြန်စွာ ကျော်ဖြတ်သွားသောကြောင့် ဖြစ်သည်။ မြင့်မြတ်နယ်မြေ တစ်ခုခုမှ သားတော် သို့မဟုတ် သမီးတော် ဖြစ်နေလိမ့်မလော။

လူအုပ်ထဲတွင် ရှိနေသော မုရုံရွှယ်သည် ဤမြင်ကွင်းကို မြင်ပြီးနောက် အတော်လေး မှုန်ကုတ်နေသည်။

“အဲဒီ အောက်တန်းစားမ စုချောင်ရန်က ဟောက်တန်ဧကရာဇ်တစ်ပိုင်းရဲ့ အမွေအနှစ်ကို ရသွားတာများလား... ချန်ဖုန်းနဲ့ တခြားသူတွေ ဘာလုပ်နေကြတာလဲ ဘာလို့ ငါ့ဆီ သတင်း မပို့ကြသေးတာလဲ”

မုရုံရွှယ်သည် ချန်ဖုန်းနှင့် အခြားသူများကို စုချောင်ရန်ကို သတ်ပြီးနောက် သူမထံ သတင်းပို့ရမည်ဟု ညွှန်ကြားထားခဲ့သော်လည်း လောလောဆယ် ချန်ဖုန်းနှင့် အခြားသူများ၏ သတင်းကို မကြားရသေးပေ။ ထို့ကြောင့် မုရုံရွှယ်သည် အမွေအနှစ် လက်ခံရရှိသွားသူမှာ စုချောင်ရန် ဖြစ်နေမည်ကို စိုးရိမ်လာသည်။

စုချောင်ရန်သာ ဟောက်တန်ဧကရာဇ်တစ်ပိုင်း၏ အမွေအနှစ်ကို အမှန်တကယ် ရရှိသွားခဲ့ပါက ၊ သူမသည် မြင့်မြတ်နယ်မြေ သခင်၏ သမီး ဖြစ်နေလျှင်ပင် သူတော်စင်မ နေရာကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ ရက်စက်ကြမ်းကြုတ်မှုပင် ဖြစ်သည်။ ပါရမီ အကောင်းဆုံး သူများသာ သူတော်စင်မ ဖြစ်လာနိုင်ကြသည်။

စုချောင်ရန်သည် ဤနေရာ၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိပေ။ ဤအချိန်တွင် သူမသည် မဟာသူတော်စင်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

All Chapters