အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
အခန်း ၃၉ - ဟောက်တန်လျှို့ဝှက်နယ်မြေ ပိတ်သိမ်းခြင်းနှင့် အာဏာရှင်အဆင့် တိုက်ခိုက်ရေး စွမ်းအား
“ထင်ထားတဲ့ အတိုင်းပဲ... မင်းက ငါ့အမွေအနှစ်ကို ဆက်ခံမယ့်သူပဲ”
ဝူယီဖန်သည် သူ၏ အမွေအနှစ်ကို ဆက်ခံမည့်သူ ဖြစ်ကြောင်း မြင်လိုက်ရသောအခါ ဟောက်တန်ဧကရာဇ်တစ်ပိုင်းသည် အံ့သြသွားခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဝူယီဖန်၏ ပါရမီကို သတိပြုမိပြီးနောက် ဤအမွေအနှစ်ကို စတင်ရန် ဆုံးဖြတ်ခဲ့သောကြောင့် ဖြစ်သည်။
အခြား အမွေအနှစ်များနှင့် မတူဘဲ ဟောက်တန်ဧကရာဇ်တစ်ပိုင်း၏ အမွေအနှစ်သည် တစ်ကြိမ်သာ စတင်နိုင်သည်။ ဆိုလိုသည်မှာ သင့်လျော်သော သူကို ရှာမတွေ့ပါက ဟောက်တန်ဧကရာဇ်တစ်ပိုင်းသည် သူ၏အမွေအနှစ်ကို လက်လွှဲခွင့်မရှိချေ။
ဝူယီဖန်သည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာ အတွင်း သူ မြင်တွေ့ခဲ့ဖူးသမျှထဲမှ ပါရမီ အကောင်းဆုံး လူဖြစ်ပြီး ထို့ကြောင့်ပင် ဝူယီဖန်ကို အမွေအနှစ် ရရှိစေရန် တုံ့ဆိုင်းခြင်း မရှိဘဲ အမွေအနှစ်ကို စတင်ခဲ့ခြင်း ဖြစ်သည်။
ဝူယီဖန်သည် မျှော်လင့်ချက်များနှင့် ကိုက်ညီပြီး အမွေအနှစ်ကို အောင်မြင်စွာ ဆက်ခံနိုင်ခဲ့သည်။
“ကံကောင်းသွားလို့ပါ”
ဝူယီဖန်က နှိမ့်ချစွာ ပြောလိုက်သည်။ အမှန်စင်စစ် သူသည် အခြားသူများထက် ပါရမီ နည်းနည်း ပိုကောင်းရုံ၊ အရင်းအမြစ် နည်းနည်း ပိုများရုံနှင့် ကံနည်းနည်း ပိုကောင်းရုံသာ ဖြစ်သည်။
အခြား တစ်ယောက်ယောက်သာ သူကဲ့သို့ ပိုင်ဆိုင်မှုများရှိပါက ၊ သူ့ထက် ပိုကောင်းအောင် လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မည်ဟု ဝူယီဖန် အမြဲ တွေးလေ့ရှိသည်။ သို့သော် စွမ်းအားကြီးသော ဟောက်တန်ဧကရာဇ်တစ်ပိုင်း အတွက်မူ ထိုကောင်လေးသည် ကြွားဝါနေသည်ဟုသာ ထင်ရသည်။
ဒါပေမဲ့ ဒါကလည်း ငါရွေးချယ်လိုက်တဲ့ ဆက်ခံသူပဲ... လက်ခံရုံကလွဲပြီး ဘာလုပ်နိုင်ဦးမှာလဲ...
“ကောင်လေး... မင်းက ဒဏ္ဍာရီလာ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဖြစ်ရမယ်”
အဓိက အကြောင်းအရာသို့ ပြန်ရောက်သောအခါ ဟောက်တန်ဧကရာဇ်၏ သဘောထားမှာ လေးနက်လာသည်။
ထိုစကားကို ကြားသောအခါ ဝူယီဖန်သည် ဘာမျှ ဖုံးကွယ်မထားဘဲ တိုက်ရိုက် ခေါင်းညိတ်လိုက်၏။ ဟောက်တန်ဧကရာဇ်တစ်ပိုင်း၏ မျက်နှာတွင်လည်း “ငါ သိသားပဲ” ဟူသော အမူအရာ ပေါ်လာပြီး ဆက်ပြောလိုက်သည်။
“ ထင်တဲ့အတိုင်းပဲ... ဒဏ္ဍာရီလာ ရှေးဟောင်းမြင့်မြတ်ခန္ဓာကသာ ဒီလို ကြောက်မက်ဖွယ် ကောင်းတဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို ရရှိနိုင်တာ... ဒဏ္ဍာရီတွေ အရ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို မြင့်မားတဲ့ အဆင့်ထိ ကျင့်ကြံလိုက်ရင် လက်ဗလာနဲ့ ဧကရာဇ်ကိုတောင် ဆွဲဖြဲနိုင်တယ်”
“ဒါပေမဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာမှာ မွေးရာပါ ကန့်သတ်ချက်တွေ ရှိတယ်... ရှားပါးပြီး အဖိုးတန်တဲ့ ပစ္စည်းတချို့ကို စုဆောင်းပြီး အထောက်အကူ အဖြစ် အသုံးပြုမှသာ ဒီမွေးရာပါ ကန့်သတ်ချက်တွေကို ချိုးဖျက်နိုင်မှာ ဖြစ်ပြီး လက်ဗလာနဲ့ ဧကရာဇ်ကို ဆွဲဖြဲနိုင်တဲ့ ဒဏ္ဍာရီလာ အကျိုးသက်ရောက်မှုကို ရရှိနိုင်မှာ ဖြစ်တယ်”
“ပြီးတော့ ရှေးဟောင်းမြင့်မြတ်ခန္ဓာရဲ့ အဋ္ဌမမြောက် ကန့်သတ်ချက်ကို ချိုးဖျက်ဖို့ ကူညီပေးနိုင်တဲ့ ရှားပါးပြီး အဖိုးတန်တဲ့ ပစ္စည်းတစ်ခု ငါ့မှာ ရှိနေတယ်... မင်းက ငါ့အမွေအနှစ်ကို ရရှိပြီးပြီ ဆိုတော့ ငါ မင်းကို ကူညီပေးမယ်”
ထိုသို့ပြောပြီးသည်နှင့် ဟောက်တန်ဧကရာဇ်တစ်ပိုင်းသည် လက်ချောင်း တစ်ချောင်းကို ဆန့်ထုတ်လိုက်ရာ အလင်းလုံး တစ်လုံးသည် ဟောက်တန်ဧကရာဇ်တစ်ပိုင်း၏ လက်ချောင်းမှ ထွက်ပေါ်လာပြီး ဝူယီဖန်၏ စိတ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။ ချက်ချင်းပင် ဝူယီဖန်သည် အလွန် များပြားလှသော မှတ်ဉာဏ်များသည် သူ့ထံသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရ၏။
အမွေအနှစ် ဆိုသည်မှာ အရင်းအမြစ်များ ရှိရုံ သက်သက် မဟုတ်ဘဲ ထိုနယ်ပယ်နှင့် တိုက်ခိုက်ရေး အတွေ့အကြုံများကို နားလည်သဘောပေါက်ခြင်းလည်း ဖြစ်သည်။ ဤသည်မှာ လူများစွာသည် စွမ်းအားကြီးသော ပုဂ္ဂိုလ်၏ အမွေအနှစ်ကို ရရှိပြီးနောက် တိုက်ခိုက်စွမ်းရည် အလွန် တိုးတက်လာရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။
သို့သော် အမွေအနှစ် ဆိုသည်မှာ သေဆုံးပြီးနောက်မှသာ ဖြစ်ပေါ်နိုင်ပေသည်။
“ကျေးဇူးတင်ပါတယ် စီနီယာ”
စွမ်းအားကြီးသော ဧကရာဇ်တစ်ပိုင်းထံမှ အမွေအနှစ်ကို ရရှိပြီးနောက် ဝူယီဖန်သည် ယခု ထိုသူတော်စင်ဘုရင် သုံးဦးနှင့် ပြန်တွေ့ပါက သူတို့ကို လွယ်ကူစွာဖြင့် သတ်ဖြတ်နိုင်မည်ဟု ယုံကြည်မှု ရှိနေသည်။
“ကျေးဇူးတင်စရာ မလိုပါဘူး ဒါက မင်းရဲ့ ကံတရားပဲ... ဒီရွှေခေတ်ကြီးကို ငါ မမြင်တွေ့ရတော့မှာ နှမြောစရာ ကောင်းတာကလွဲရင်ပေါ့... မင်းက ဧကရာဇ် မဖြစ်လာနိုင်အောင် တားဆီးထားတဲ့ ကျိန်စာကိုတောင် ချိုးဖျက်နိုင်ကောင်း ချိုးဖျက်နိုင်လိမ့်မယ်”
စွမ်းအားကြီးသော ဧကရာဇ်တစ်ပိုင်းက လက်ကာပြလိုက်ပြီး ဝူယီဖန်ကို ကြည့်ကာ ပြောလိုက်သည်။
“ကောင်းပြီ... ငါ့မှာ အချိန် သိပ်မကျန်တော့ဘူး... ဒါကြောင့် ငါ မင်းကို နောက်တစ်ကြိမ် ကူညီပေးမယ်”
ထိုသို့ပြောပြီးသည်နှင့် ဟောက်တန်ဧကရာဇ်တစ်ပိုင်း၏ စိတ်အာရုံကြောင့် ရှားပါးပြီး အဖိုးတန်သော ရတနာ အများအပြားသည် ၎င်း၏သိုလှောင်လက်စွပ်ထဲမှ ပျံထွက်လာကာ ဝူယီဖန်ထံသို့ တိုးဝင်သွားကြ၏။
မရေမတွက်နိုင်သော ရှားပါးပြီး အဖိုးတန် ပစ္စည်းများသည် ဝူယီဖန်ထံသို့ ရောက်ရှိလာသည်နှင့် ၊ စွမ်းအားကြီးသော ဧကရာဇ်တစ်ပိုင်း၏ ထိန်းချုပ်မှုအောက်တွင် သန့်စင်သော စွမ်းအင်များ အဖြစ် ပြောင်းလဲသွားကာ ဝူယီဖန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြသည်။
တုံ့ဆိုင်းခြင်း မရှိဘဲ ဝူယီဖန်သည် သူ၏ ခန္ဓာကိုယ် အတွင်းရှိ ကျင့်စဉ်ကို ချက်ချင်း လည်ပတ်လိုက်၏။ စွမ်းအားကြီးသော ဧကရာဇ်တစ်ပိုင်း၏ အကူအညီဖြင့် သူ့ခန္ဓာကိုယ် အတွင်းရှိ ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ အဋ္ဌမမြောက် ကန့်သတ်ချက် အလွှာသည် တိတ်တဆိတ် ကွဲကြေနေပြီး သူ၏ ကျင့်ကြံမှု အဆင့်သည် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာကာ မကြာမီ သူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိသွားသည်။
တစ်နာရီခန့် ကုန်ဆုံးသွားသောအခါ ဟောက်တန်ဧကရာဇ်တစ်ပိုင်း၏ ခန္ဓာကိုယ်သည် ပိုမို ဝေဝါးလာသည်။ နောက်ဆုံးတွင် ဟောက်တန်ဧကရာဇ်တစ်ပိုင်း ပျောက်ကွယ်တော့မည့် အချိန်တွင် ဝူယီဖန်၏ ခန္ဓာကိုယ် အတွင်းရှိ အဋ္ဌမမြောက် ကန့်သတ်ချက်မှာ ကွဲကြေသွား၏။
ဤအဆင့်တွင် ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ တိုက်ခိုက်စွမ်းရည်သည် ဧကရာဇ်တစ်ပိုင်း အဆင့်အောက်တွင် ပြိုင်ဘက်ကင်းစေသည့် ကြောက်မက်ဖွယ် အဆင့်သို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်သည်။
ဝူယီဖန်၏ တုံ့ပြန်မှုကြောင့် အပြင်ဘက်ရှိ ဝူဟောက်၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားသည်လည်း မြင့်တက်လာသည်။ မည်သည့် အတိုင်းအတာ အထိ ရောက်ရှိသွားသည်ကို မသိသော်လည်း ဝူဟောက်သည် လက်ရှိ ကျင့်ကြံမှု အဆင့်ထက် သေချာပေါက် ပိုမို သန်မာကြောင်း အာရုံခံစားမိ၏။
ဆိုလိုသည်မှာ ဝူဟောက်သည် ယခု ရုပ်ပိုင်းဆိုင်ရာ စွမ်းအား သက်သက်ဖြင့် မဟာဧကရာဇ်များကို အနိုင်ယူနိုင်ပြီး မဟာဧကရာဇ် အထက်ရှိ ပုဂ္ဂိုလ်များကိုပင် ယှဉ်ပြိုင်နိုင်ပေသည်။
“ကျွတ်... ကျွတ်... ကျွတ်... ရှေးဟောင်းမြင့်မြတ်ခန္ဓာရဲ့ ကန့်သတ်ချက်တွေ အားလုံး ကင်းစင်သွားမယ့် နေ့ကို တကယ်ကို မျှော်လင့်နေမိပြီ... အဲဒီနေ့ ရောက်ရင် ငါ့ခန္ဓာကိုယ်က အင်မော်တယ်ဧကရာဇ်ကိုတောင် လက်ဗလာနဲ့ ဆွဲဖြဲနိုင်မှာ”
ဝူဟောက်သည် သူ့ဘာသာ တွေးလိုက်သည်။
မဟာဧကရာဇ် နယ်ပယ်သို့ ရောက်ရှိပြီးနောက် ဝူဟောက်သည် မဟာဧကရာဇ် အထက်ရှိ နယ်ပယ်များ အကြောင်းကိုလည်း သိရှိခဲ့သည်။ ၎င်းတို့မှာ လူသားအင်မော်တယ်၊ အစစ်အမှန်အင်မော်တယ်၊ ရွှေအင်မော်တယ်၊ လျိုထျန်းရွှေအင်မော်တယ်၊ အင်မော်တယ်ဘုရင်၊ အင်မော်တယ်ဧကရာဇ်၊ အင်မော်တယ်အရှင်မြတ် တို့ ဖြစ်ကြသည်။
ထို့ပြင် ဝူဟောက်၏ နားလည်မှု အရ ရှေးဟောင်းမြင့်မြတ်ခန္ဓာသည် အထွတ်အထိပ်အဆင့်နှင့်ပင် ပြီးဆုံးမသွားချေ။ မှန်ကန်သော သဘာဝ ရတနာများကို စုဆောင်းနိုင်သရွေ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို အဆင့်မြှင့်တင်နိုင်သည်။ သို့သော် အဆင့်မြှင့်တင်ပြီးနောက် ရှေးဟောင်းမြင့်မြတ်ခန္ဓာသည် မည်သည့် ခန္ဓာကိုယ် မျိုးအစား ဖြစ်လာမည်ကို ဝူဟောက် မသိပေ။
(အမှန်တော့ စာရေးသူလည်း မဆုံးဖြတ်ရသေးလို့ပါ...)
“ကျေးဇူးတင်ပါတယ် စီနီယာ... တစ်နေ့ကျရင် စီနီယာရဲ့ နာမည်ကို ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံး ပြောစမှတ်တွင်အောင် ကျွန်တော် သေချာပေါက် လုပ်ဆောင်ပါ့မယ်”
စွမ်းအားကြီးမားသော ဧကရာဇ်တစ်ပိုင်း၏ ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်နှင့် ဝူယီဖန်သည် လေးလေးနက်နက် ဦးညွှတ်ကာ ဆိုလိုက်သည်။ သူသည် စွမ်းအားကြီးမားသော ဧကရာဇ်တစ်ပိုင်း၏ ကျေးဇူးကို လက်ခံရရရှိခဲ့သည် မဟုတ်လော။ ထို့ကြောင့် သူသည် ဤကျေးဇူးကြွေးကို ပြန်ဆပ်ရပေမည်။
အခြား တစ်ဖက်တွင်မူ၊
အမွေအနှစ် မျှော်စင်ကြီး၏ အပြင်ဘက်၌ လျှို့ဝှက်နယ်မြေ တစ်ခုလုံးသည် ဟောက်တန်ဧကရာဇ်တစ်ပိုင်း၏ အမွေအနှစ် အပေါ် အခြေခံထားသဖြင့် ယခုတွင် တစ်စုံတစ်ယောက်သည် ဟောက်တန်ဧကရာဇ်တစ်ပိုင်း၏ အမွေအနှစ်ကို ရရှိသွားပြီ ဖြစ်ရာ ဟောက်တန်လျှို့ဝှက်နယ်မြေသည်လည်း သဘာဝကျကျ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။
အမွေအနှစ် မျှော်စင်ကြီး အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ကျင့်ကြံသူများသည် တုံ့ပြန်ချိန်တောင် မရလိုက်ဘဲ တစ်ယောက်ပြီး တစ်ယောက် အပြင်သို့ ပို့ဆောင်ခံလိုက်ရသည်။
အမွေအနှစ် မျှော်စင်ကြီး အတွင်း၌ ရှိနေသော ဝူယီဖန်သည်လည်း လူအုပ်ကြီးထဲ၌ ရောနှောကာ အပြင်သို့ ပို့ဆောင်ခံလိုက်ရ၏။ ဤသည်မှာ သူ့ ဆက်ခံသူ၏ အမွေအနှစ်ကို စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များက လုယူမသွားစေရန် ဟောက်တန်ဧကရာဇ်တစ်ပိုင်းမှ စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဟောက်တန်လျှို့ဝှက်နယ်မြေ အပြင်ဘက်၌ အင်အားစု အသီးသီးမှ လူများသည် သက်ဆိုင်ရာ ပါရမီရှင် တပည့်များ ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းရန် ဟောက်တန်လျှို့ဝှက်နယ်မြေသို့ ရောက်လာကြသည်။
သာမန် အခြေအနေအောက်တွင် နှစ်လခွဲခန့် အကြာမှ ထွက်လာသင့်သော သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းများမှ ပါရမီရှင် တပည့်များသည် အပြင်သို့ ရောက်နေကြသည်ကို မြင်ပြီး လူတိုင်း အံ့အားသင့်သွားကြ၏။
သူတို့ ထပ်မစဉ်းစားနိုင်မီ မြင့်မြတ်နယ်မြေ လေးခုမှ တပည့်များသည် သူတို့၏ မြင့်မြတ်နယ်မြေ အကြီးအကဲများ ရှေ့သို့ ရောက်လာပြီး ဟောက်တန် ဧကရာဇ်တစ်ပိုင်း၏ အမွေအနှစ်ကို အခြားသူ တစ်ဦးက ရရှိသွားကြောင်း ပြောပြလိုက်ကြသည်။
ဤသတင်းကို ကြားသောအခါ မြင့်မြတ်နယ်မြေ လေးခုမှ အကြီးအကဲများသည် လုံးဝ တုံ့ဆိုင်းခြင်း မရှိ ထိုနေရာကို ချက်ချင်း ပိတ်ဆို့လိုက်ကြသည်။ ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပိုင်း တစ်ဦး အနေဖြင့် ဟောက်တန်၏ စွမ်းအားသည် မေးခွန်းထုတ်စရာ မလိုပေ။
သူသည် ဧကရာဇ်တစ်ပိုင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်ဟု ဆိုကြသည်။ မြင့်မြတ်နယ်မြေ လေးခုမှ သခင်များသည်ပင် ဧကရာဇ်လက်နက်၏ အကူအညီ မပါဘဲ သူ့ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်မည်။ ထို့ကြောင့် မြင့်မြတ်နယ်မြေ လေးခုသည် ဟောက်တန် ဧကရာဇ်တစ်ပိုင်း၏ အမွေအနှစ်ကို မြင့်မြတ်နယ်မြေ လေးခုနှင့် မသက်ဆိုင်သူ တစ်ဦးဦးမှ ရရှိသွားခြင်းကို ဘယ်တော့မှ ခွင့်ပြုမည် မဟုတ်ပေ။
သို့သော် သူတို့သည် ဝူဟောက်ထက် များစွာ နောက်ကျနေခဲ့သည်။ ဝူယီဖန် ထွက်လာသည်နှင့် ဝူဟောက်သည် ခေါ်ထုတ်သွားခဲ့ပြီး ဖြစ်ရာ မည်သူမှ သတိမထားမိလိုက်ကြပေ။
အခန်း ၄၀ - ငါ အသက်ရှင်နေတာကို တွေ့ရတော့ အံ့သြနေပုံရတယ်
အသေအချာ စစ်ဆေးပြီးနောက် မြင့်မြတ်နယ်မြေ လေးခုမှ အကြီးအကဲများသည် ဟောက်တန်ဧကရာဇ်တစ်ပိုင်း၏ အမွေအနှစ်ကို ရရှိခဲ့သူ တစ်ဦးတစ်ယောက်မျှ မရှိသည်ကို တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။
မကြာမီတွင် မြင့်မြတ်နယ်မြေမှ သခင်လေးပါး ရောက်ရှိလာကြ၏။ သို့သော် သူတို့၏ မျက်နှာများမှာမူ သွေးများမရှိတော့သကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေကြလေသည်။
ထိုသို့ ဖြစ်နေသော်လည်း မည်သူမျှ ဘာမှ မပြောရဲကြချေ။
အတွင်းရှိ လူအုပ်ကြီးကို ကြည့်ရှုပြီးနောက် မုရုံဟွမ်နှင့် အခြားသူများသည် သက်ပြင်းချကာ အချိန်အတော်ကြာမှ ပြောလိုက်ကြသည်။
“ကောင်းပြီ... သူတို့ကို ထွက်သွားခိုင်းလိုက်တော့ ဟောက်တန်ဧကရာဇ်တစ်ပိုင်းရဲ့ အမွေအနှစ် ရသွားတဲ့သူက ဒီထဲမှာ မရှိဘူး”
“ဘာ... သခင်ကြီး... ကျွန်တော်တို့ ဒီနေရာကို ချက်ချင်း ဝိုင်းထားတာလေ... သူတို့ ဘယ်လိုလုပ် လွတ်သွားနိုင်မှာလဲ”
အာဏာရှင်နယ်ပယ် အထွတ်အထိပ်ရှိ အကြီးအကဲ တစ်ဦးမှာ တုန်လှုပ်သွားသည်။ အာဏာရှင်နယ်ပယ် ကျွမ်းကျင်သူ တစ်ဦး အနေဖြင့် တစ်စုံတစ်ယောက် ထွက်ခွာသွားပါက သူသည် သေချာပေါက် အာရုံခံနိုင်မည် ဖြစ်သည် ။
လီပိုင်က ခေါင်းခါလိုက်၏။
“ဒါဟာ ဟောက်တန်ဧကရာဇ် ချန်ထားခဲ့တဲ့ နည်းလမ်း ဖြစ်ကောင်း ဖြစ်နိုင်တယ်... အဲဒီခေတ်က ရွှမ်ထျန်းကမ္ဘာရဲ့ အသန်မာဆုံး ပုဂ္ဂိုလ် အနေနဲ့ ဟောက်တန်ဧကရာဇ်ရဲ့ နည်းလမ်းတွေကို ငါတို့တောင် အလွန် သတိထားခဲ့ရတာ... ငါတို့က သူ့ဆက်ခံသူကို နှိပ်စက်မှာ ကြောက်လို့ သူ့ဆက်ခံသူ ထွက်ခွာသွားနိုင်အောင် တခြား နည်းလမ်းတွေ သုံးခဲ့တာ ဖြစ်နိုင်တယ်”
လီပိုင်၏ စကားကို ကြားသောအခါ ရှိနေသော မြင့်မြတ်နယ်မြေ လေးခုမှ လူများသည် အနည်းငယ် မယုံနိုင်စရာ ကောင်းသည်ဟု ထင်ရသော်လည်း ဤအချက်မှလွဲ၍ အခြား ရှင်းပြချက် မရှိပုံရသည်။
ဟောက်တန်ဧကရာဇ်တစ်ပိုင်း၏ အမွေအနှစ်နှင့် ပတ်သက်၍ ၎င်းတို့ထဲမှ တစ်စုံတစ်ယောက်သည် ဟောက်တန်ဧကရာဇ်တစ်ပိုင်း၏ အမွေအနှစ်ကို အမှန်တကယ်ပင် ရရှိသွားပါက ၊ မြင့်မြတ်နယ်မြေ သခင်လေးပါးသည်လည်း အမွေအနှစ်၏ အရှိန်အဝါကို အာရုံခံနိုင်ပြီး ထိုလူကို ရှာတွေ့နိုင်ပေလိမ့်မည်။
ယခု ရှာမတွေ့ခြင်းသည် ၎င်း၏ဆက်ခံသူ မရှိတော့သည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
စုချောင်ရန်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဝူယီဖန် မရှိသည်ကို သတိပြုမိလိုက်ပြီး ၊ မြေးဖြစ်သူမှာ အမွေအနှစ် ရရှိသွားသည် ဖြစ်လောက်ကြောင်း လျင်မြန်စွာ ခန့်မှန်းလိုက်မိ၏။
တစ်ချိန်တည်းမှာပင် ထွက်ပြေးလွတ်မြောက်သွားသော မြေးအတွက် ဝမ်းသာနေမိသည်။ သို့မဟုတ်ပါက မြင့်မြတ်နယ်မြေ သခင်လေးပါးသည် သူမ၏မြေးကို မြင့်မြတ်နယ်မြေ တစ်ခုခုထဲသို့ မဝင်ရောက်သရွေ့ အလွှတ်ပေးမည် မဟုတ်ပေ။ သို့မဟုတ်ပါက မြင့်မြတ်နယ်မြေ သခင်လေးပါးသည် သူ့ကို တိုက်ရိုက် သတ်ပစ်ကြပေလိမ့်မည်။
နောက်တစ်စက္ကန့်တွင် တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ စုချောင်ရန်သည် အဝေးသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် မုရုံရွှယ်သည် စုချောင်ရန် အသက်ရှင်နေခြင်း အတွက် တုန်လှုပ်နေသကဲ့သို့ မည်းမှောင်သော မျက်နှာထားဖြင့် စိုက်ကြည့်နေ၏။
မုရုံရွှယ်သည် သူမကို ကွယ်ရာတွင် ပစ်မှတ်ထားနေကြောင်း သိထားသည်မှာ ကြာပြီ ဖြစ်သဖြင့် သိပ်အံ့သြခြင်း မရှိပေ။ သူမသည် မုရုံရွှယ် အနားသို့ လျင်မြန်စွာ ချဉ်းကပ်သွားပြီး မျက်ခုံးပင့်ကာ အထင်သေးသော လေသံဖြင့် ပြောလိုက်သည်။
“ငါ အသက်ရှင်နေတာကို တွေ့ရတော့ မင်း တော်တော် အံ့သြနေပုံရတယ်”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါတို့က မြင့်မြတ်နယ်မြေကလေ မင်း အသက်ရှင်လျက် ပြန်ထွက်လာတာကို ငါက ဘယ်လိုလုပ် အံ့သြရမှာလဲ... မင်း မဟာသူတော်စင်နယ်ပယ်ကို တကယ် ရောက်သွားတာကိုပဲ အံ့သြမိတာပါ လျှို့ဝှက်နယ်မြေထဲမှာ အခွင့်အရေးကောင်း တချို့ ရခဲ့ပုံရတယ်”
မုရုံရွှယ်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး အတင်းဟန်ဆောင် ပြုံးကာ ပြောလိုက်သည်။
သို့သော် စုချောင်ရန်၏ အမြင်တွင်မူ ၎င်းကို စကားလုံး နှစ်လုံးတည်းဖြင့် ဖော်ပြနိုင်သည်။ ဟန်ဆောင်လွန်းသည်။
“ဟန်ဆောင်မနေပါနဲ့... ချန်ဖုန်းနဲ့ တခြားနှစ်ယောက်ကို မင်း လွှတ်လိုက်တာ ငါ သိတယ်.. ငါ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ သူတော်စင်မ ဖြစ်လာရင် မင်းကို ဘယ်လို နှိပ်စက်မလဲ ဆိုတာ စောင့်ကြည့်နေလိုက်”
စုချောင်ရန်က မုရုံရွှယ်၏ နားနားသို့ ကပ်၍ အလွန် အထင်သေးသော လေသံဖြင့် ပြောလိုက်၏။
ဝူမိသားစုသည် လက်စားချေတတ်သော အကျင့် ရှိပြီး ဤအကျင့်သည် စုချောင်ရန်ထံမှ သဘာဝကျကျ အမွေရရှိထားခြင်း ဖြစ်သည်။ ဝူဟောက်သည်လည်း လက်စားချေတတ်သော်လည်း စုချောင်ရန်နှင့် ယှဉ်လျှင် အရောင်မှိန်သေး၏။
စုချောင်ရန်သည် ထိုကိစ္စကို ထုတ်ပြောလာသည်ကို ကြားလိုက်ရသောအခါ မုရုံရွှယ်၏ မျက်လုံးအိမ်များသည် အနည်းငယ် တုန်ယင်သွားသည်။ စုချောင်ရန်သည် ချန်ဖုန်းနှင့် အခြားနှစ်ဦးကို မတွေ့မိဘဲ ကံကောင်းသွားသည်ဟု သူမ ထင်ထားခဲ့သည်။
သို့သော် စုချောင်ရန်၏ စကားများ အရ သူမသည် ချန်ဖုန်းနှင့် သူ့အပေါင်းအပါ နှစ်ဦးကို တွေ့ဆုံခဲ့ပြီး ဖြစ်လောက်ကာ သူတို့အားလုံး ကံဆိုးမိုးမှောင်ကျသွားပုံရသည်။
မုရုံရွှယ်သည် သူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ နောက်ဆုံးတွင် ရောက်ရှိခဲ့ပြီး ၊ စုချောင်ရန်ကို မသတ်နိုင်လျှင်ပင် သူမသည် သူတော်စင်မ နေရာ အတွက် စုချောင်ရန်နှင့် ယှဉ်ပြိုင်နိုင်ဦးမည်ဟု ထင်ထားခဲ့သည်။ သို့သော် စုချောင်ရန်သည် ချန်ဖုန်းနှင့် အခြားနှစ်ဦးကို သတ်ဖြတ်ပြီး မဟာသူတော်စင်နယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်လိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
ဤသည်မှာ မဟာသူတော်စင်နယ်ပယ် ဖြစ်သည်။ သမိုင်းတစ်လျှောက်တွင် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ သမီးတော်များ အနက် အသက်တစ်ရာ မပြည့်မီ မဟာသူတော်စင်နယ်ပယ်သို့ ရောက်ရှိနိုင်သူ အလွန်ပင် ရှားပါးသည်။ ယခု စုချောင်ရန်သည် သူတို့ထဲမှ တစ်ဦး ဖြစ်လာခဲ့ပြီး သူတော်စင်မ နေရာကို မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်တော့မည် ဖြစ်သည်။
ဤအချက်ကို တွေးမိသောအခါ မုရုံရွှယ်သည် သူမ၏ လူသတ်ငွေ့ကို ခေတ္တမျှ မထိန်းချုပ်နိုင်တော့သော်လည်း တစ်စုံတစ်ခုကို လျင်မြန်စွာ သတိရလိုက်ပြီး အသက်ပြင်းပြင်း ရှူကာ ပြောလိုက်သည်။
“ဒါဆိုရင် စောင့်ကြည့်ကြတာပေါ့...”
ထိုကြမ်းတမ်းသော စကားများကို ပြောပြီးနောက် မုရုံရွှယ်သည် လှည့်ထွက်သွား၏။ လာမည့် ကိုးနှစ် အတွင်း စုချောင်ရန်အား ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ သူတော်စင်မ ဖြစ်မလာအောင် သူမ တားဆီးရပေတော့မည်။ သို့မဟုတ်ပါက စုချောင်ရန်သည် သူတော်စင်မတစ်ပါး ဖြစ်လာသည်နှင့် သူမသည် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေတွင် ဆက်နေနိုင်တော့မည် မဟုတ်ပေ။
သူမသည် အပြင်တွင် ရန်သူများစွာ ရှိသည်ကို သင် သိထားရမည်။ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ အာဏာကို ကြောက်ရွံ့လို့သာလျှင် သူတို့သည် မဆင်မခြင် မတိုက်ခိုက်ရဲခြင်း ဖြစ်ပြီး သို့မဟုတ်ပါက မုရုံရွှယ် တစ်ယောက် အကြိမ် ရှစ်ရာလောက် သေနေလောက်ပြီပင်။
မုရုံရွှယ် ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း စုချောင်ရန်သည် တုန်လှုပ်သွားခြင်း မရှိပေ။ သူမအဖို့ မုရုံရွှယ်သည် အရေးမပါသော လူတစ်ယောက်သာ ဖြစ်သည်။ သူမကို လုပ်ကြံရန် မစီစဉ်ခဲ့ပါက ဤဘဝတွင် သူမနှင့် မည်သည့် ပတ်သက်မှုမျှ ရှိလိမ့်မည် မဟုတ်ပေ။
“ငါ့မိန်းမ ဒေါသထွက်နေတာ... ငါ အဲဒီမိန်းမကို ရှင်းပစ်လိုက်ရမလား”
ဇနီးဖြစ်သူသည် ဤကဲ့သို့ အရှက်ခွဲခံရသည်ကို မြင်သောအခါ အချစ်စစ်နတ်ဘုရား ဝူဟောက်သည် သည်းမခံနိုင်တော့ဘဲ မုရုံရွှယ်ကို နေရာမှာတင် သတ်ပစ်ချင်နေသည်။
သို့သော် စုချောင်ရန်က လှောင်ပြောင်သော အမူအရာဖြင့် တားလိုက်၏။
“ယောက်ျား... ဒါက ကျွန်မရန်သူပါ ကျွန်မဘာသာ ကိုင်တွယ်မယ် ရှင်က ဒီအတိုင်း သတ်လိုက်ရင် သူ့ကို သက်ညှာလွန်းရာ မရောက်ဘူးလား”
ဇနီးသည်၏ အမူအရာကို မြင်ပြီး ဝူဟောက်သည် မုရုံရွှယ် အတွက် တစ်စက္ကန့်မျှ တိတ်တဆိတ် ဝမ်းနည်းပေးလိုက်သည်။
ဇနီးဖြစ်သူကို စော်ကားမိသော မုရုံရွှယ်သည် တကယ့်ကို ခက်ခဲသော ပြဿနာနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
ဟောက်တန်ဧကရာဇ်တစ်ပိုင်း၏ ဆက်ခံသူကို ရှာမတွေ့သောအခါ မြင့်မြတ်နယ်မြေ လေးခုမှ လူများသည် အလွန် ဒေါသထွက်ကြသော်လည်း ရှိနေသူ အားလုံးကို ထွက်ခွာခွင့် ပြုလိုက်ရုံမှတစ်ပါး မတတ်နိုင်ကြချေ။
စုချောင်ရန်သည် မြင့်မြတ်နယ်မြေသို့ ပြန်ရောက်ပြီးနောက် တစ်နှစ်တာလုံး၏ အထီးကျန်မှုနှင့် ဟာတာတာ ဖြစ်မှုများကို ဖြည့်ဆည်းရန် ဝူဟောက်နှင့် အတူ အချိန်အနည်းငယ် ကုန်ဆုံးလိုက်သည်။
ဝူယီဖန်သည် ဝူဟောက်၏ ခေါ်ဆောင်သွားခြင်းကို ခံရပြီးနောက် သူ့ကို လိုက်လံ ဖမ်းဆီးခဲ့သော သူတော်စင်ဘုရင် ကျွမ်းကျင်သူ သုံးဦးကို ရှာဖွေပြီး လက်စားချေရန် ကြံလေတော့သည်။
တစ်ချိန်တည်းမှာပင် ဝူယီဖန်ကို လိုက်လံ ဖမ်းဆီးခဲ့သော သူတော်စင်ဘုရင် အစောပိုင်းအဆင့် ကျွမ်းကျင်သူ သုံးဦးသည် သူ့ကို ရှာဖွေနေစဉ် ၊ သူတို့၏ ရှေ့တည့်တည့်တွင် ရပ်နေသော ဝူယီဖန်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားကြပြီး ရယ်မောလိုက်ကြသည်။
“ဟားး... အားစိုက်ထုတ်စရာ မလိုဘဲ ရလိုက်တာပဲ... ကောင်လေး မင်း ငါတို့နဲ့ လိုက်မလား ဒါမှမဟုတ် မင်းကို မခေါ်သွားခင် ဒုက္ခပေးရမလား”
ခေါင်းဆောင် ဖြစ်သော ဝတ်ရုံနက်ဝတ် ကျင့်ကြံသူ သုံးဦးသည် ရှေ့သို့ တိုးလာကြသည်။ သူတို့သည် ဝူယီဖန်၏ အရှိန်အဝါမှာ အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိနေပြီဖြစ်ကြောင်း ၊ ဒါတင်မက ၎င်းထက် ကျော်လွန်နေသည်ကို လုံးဝ သတိမထားမိကြချေ။
သူတို့၏ စကားကို နားထောင်းရင်း ဝူယီဖန်သည် မျက်ခုံးပင့်လိုက်ပြီး အချိန်အတော်ကြာမှ အလွန် မောက်မာသော လေသံဖြင့် ပြောလိုက်သည်။
“ ကျုပ်မှာ တတိယ ရွေးချယ်စရာ ရှိသေးတယ်... ခင်ဗျားတို့ကို မသေမရှင် ဖြစ်အောင် လုပ်မယ်... ပြီးရင် ခင်ဗျားတို့ရဲ့ စခန်းဆီ လမ်းပြခိုင်းမယ် ပြီးရင် ခင်ဗျားတို့ စခန်းကို ဖျက်ဆီးမယ် နောက်ကြမှ ခင်ဗျားတို့ကို သတ်ပစ်မယ်”