အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
အခန်း ၄၁ - သွေးဝိညာဉ်တံခါးပေါက်
ဝူယီဖန်၏ မောက်မာသော စကားများကို ကြားလိုက်ရသဖြင့် ထိုသုံးယောက်မှာ တစ်ခဏမျှ ကြောင်အမ်းသွားပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။
“ မင်းကများစိန်ခေါ်ရဲတယ်... သေစမ်း”
စကားဆုံးသည်နှင့် သူတို့သုံးဦးစလုံးသည် တပြိုင်နက်တည်း တိုက်ခိုက်လာခဲ့ကြသည်။ သူတို့သည် ဝူယီဖန်၏ အံ့ဖွယ်ရာအရည်အချင်းကို မြင်တွေ့ပြီး ဖြစ်သည်။ ဤမျှ တိုတောင်းသော အချိန်အတွင်း ဝူယီဖန်သည် သူတော်စင်ဘုရင်အဆင့်နှင့် ယှဉ်ပြိုင်နိုင်သော အဆင့်ထိ ရောက်ရှိလာခဲ့သည်။
အကယ်၍ သူတို့သည် သူတော်စင်ဘုရင် နှောင်းပိုင်းအဆင့်ကိုပင် ယှဉ်ပြိုင်နိုင်သည့် ပူးပေါင်းတိုက်ခိုက်ခြင်း လျှို့ဝှက်အတတ်ကို တတ်မြောက်ထားခြင်း မရှိပါက ၊ ဝူယီဖန်ကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။
ဝူယီဖန်၏ ပါရမီကို ဖိနှိပ်ရန်နှင့် သူတို့အား ကျော်တက်မသွားစေရန် နောက်မှလိုက်၍ ဒုက္ခပေးခြင်း ၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်း တို့ကိုသာ ပြုလုပ်နိုင်ပေတော့မည်။ သို့မဟုတ်ပါက ဤကိစ္စကို သူတို့၏ သားတော် သိသွားခဲ့လျှင်ဖြင့် သူတို့အားလုံး သေဘေးမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
သုံးဦးစလုံး အတူတကွ တိုက်ခိုက်လာသည်ကို မြင်လိုက်ရသဖြင့် ဝူယီဖန်သည် လက်သီးကို ဆုပ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။
“မင်းတို့ကို သုံးပြီး ငါ့ရဲ့ လက်ရှိခွန်အားကို စမ်းသပ်ဖို့ အတော်ပဲ.. ခွန်အား ဆယ်ပုံတစ်ပုံလောက်နဲ့ စလိုက်ကြတာပေါ့”
ထိုသို့ ပြောပြီးနောက် ဝူယီဖန်သည် လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ အစွမ်းထက်ဆုံး အရာမှာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားဖြစ်ပြီး ၎င်းမှာ ဝူယီဖန်၏ လက်ရှိ အားကိုးရာလည်း ဖြစ်၏။
ဝူယီဖန်သည် သာမန်ဟု ထင်ရသော လက်သီးချက်ကို ထုတ်သုံးလိုက်ချိန်တွင် ၊ ၎င်းတို့သုံးဦးသည် မျက်နှာဖုံးများ တပ်ဆင်ထားသော်လည်း ခန္ဓာကိုယ်များ တုန်ယင်သွားပြီး ကြောက်လန့်နေကြသည်မှာ သိသာသည်။
“မဖြစ်ဘူး... အမြန် ခုခံ”
သူတို့သုံးဦးသည် ကမန်းကတန်း ခုခံရန် ကြိုးစားလိုက်သော်လည်း၊ သို့သော် ဝူယီဖန်၏ လက်သီးချက်ကြောင့် အဝေးသို့ လွင့်ထွက်သွားပြီး သွေးများ ပန်းထွက်လာလေ၏။
ဝူယီဖန်သည် သူ၏ လက်ရှိခွန်အားကို အတော်လေး ကျေနပ်နေသည်။ ခွန်အား ဆယ်ပုံတစ်ပုံမျှဖြင့်ပင် သူတော်စင်ဘုရင် ကနဦးအဆင့်ရှိသော ၎င်းတို့သုံးဦးကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်ခဲ့၏။ အကယ်၍ သူသာ အစွမ်းကုန် ထုတ်သုံးလိုက်ပါက အာဏာရှင်အဆင့် ရှိသူများပင် သေချာပေါက် ကျဆုံးသွားပေလိမ့်မည်။
“ကောင်းပြီ... မင်းတို့နဲ့ ကစားနေတာ တော်လောက်ပြီ... အမြန် အဆုံးသတ်ကြစို့”
ဝူယီဖန်သည် တုံ့ဆိုင်းမနေတော့ဘဲ ၎င်းသုံးဦးကို ဖြေရှင်းပြီးသည်နှင့် ၊ သူတို့၏ နောက်ကွယ်ကလူကို ခြေရာခံကာ ဖျက်ဆီးရန် ကြံစည်လိုက်သည်။ သူတော်စင်ဘုရင် သုံးပါးကို မွေးထုတ်ပေးနိုင်သော အင်အားစု ဆိုသည်မှာ အရင်းအမြစ်နှင့် အခြေခံအုတ်မြစ် ခိုင်မာသော အဖွဲ့အစည်းတွင်သာ ရှိနိုင်သည်။
သူသည် ထပ်မံ၍ လုယက်နိုင်ဦးမည်... အဟွတ်... မဟုတ်ပါဘူး... ကောင်းကင်ဘုံ ကိုယ်စား ဆောင်ရွက်ပေးရဦးမည်ဟု တွေးလိုက်မိသဖြင့် ဝူယီဖန်၏ တိုက်ခိုက်ပွဲစိတ်ဓာတ်များသည် ပို၍ပင် ပြင်းထန်လာသည်။
“ကောင်းကင်ဧကရာဇ် လက်သီး”
ဝူယီဖန်သည် လက်သီးဖြင့် ၎င်းတို့သုံးဦးကို ထိုးနှက်ရာတွင် ခွန်အား ၃၀ ရာခိုင်နှုန်းမျှသာ အသုံးပြုထားပြီး အစွမ်းကုန် ထုတ်မသုံးထားချေ။
“မဟန်ဘူး.. ပေါင်းစပ်တိုက်ကွက်ကို သုံးမှ ဖြစ်မယ်”
ထိုလက်သီးချက်မှာ ပုံမှန်အားဖြင့် သူတို့ ပိတ်ဆို့နိုင်သော အရာမဟုတ်ကြောင်း သိလိုက်ရသဖြင့် ၎င်းတို့သုံးဦး၏ မျက်နှာထားများသည် သိသိသာသာ ပြောင်းလဲသွားသည်။
သူတို့သုံးဦးသည် တုံ့ဆိုင်းမနေဘဲ ပေါင်းစပ်တိုက်ကွက်ကို ထုတ်သုံးလိုက်ကြ၏။
သူတို့၏ အရေပြားများသည် ကြက်သွေးရောင် အဖြစ် ပြောင်းလဲသွားပြီး နောက်တစ်စက္ကန့်တွင် သူတို့၏ ခန္ဓာကိုယ်မှ သွေးစက်များစွာ ထွက်ပေါ်လာကာ ရှေ့တွင် စုဝေးသွားကြသည်။
ထိုသွေးစက်များသည် တစ်ခုနှင့်တစ်ခု လျင်မြန်စွာ ပေါင်းစပ်၍ ပုံရိပ်ယောင်တစ်ခု အဖြစ် ပြောင်းလဲသွားသည်။ ထိုအရာသည် သူတို့သုံးဦးမှ လေ့ကျင့်ထားသော သွေးဝိညာဉ် ပေါင်းစပ်တိုက်ကွက် ပင် ဖြစ်သည်။ ၎င်းမှာ သူတို့သုံးဦး၏ သွေးဝိညာဉ်များကို ပေါင်းစပ်စေပြီးနောက် သွေးဝိညာဉ် နတ်ဘုရားကို ဆင့်ခေါ်ကာ သူတို့ကိုယ်ပိုင်စွမ်းအားထက် များစွာ သာလွန်သော စွမ်းအားများကို အသုံးပြုနိုင်သည်။
တဖက်လူသည် ပေါင်းစပ်တိုက်ကွက် ထုတ်သုံးသည်ကို မြင်သည့်တိုင်အောင် ၊ ဝူယီဖန်သည် ကြောက်ရွံ့ခြင်း အလျဉ်းမရှိသည့်အပြင် ရယ်စရာပင် ကောင်းနေသည်ဟု ထင်လိုက်မိ၏။ ယခင်ကဆိုလျှင် သူသည် စိုးရိမ်မိကောင်း စိုးရိမ်မိပေလိမ့်မည်။ သို့မဟုတ် ထိုသုံးဦးသာ အစကတည်းက သွေးဝိညာဉ် ပေါင်းစပ်တိုက်ကွက်ကို အသုံးပြုခဲ့မည်ဆိုပါက ၊ သူသည် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
သို့သော် ယခုအခါတွင်မူ သွေးဝိညာဉ် ပေါင်းစပ်တိုက်ကွက်ကို အသုံးပြုလျှင်ပင် ထိုသုံးဦးမှာ သူ့ပြိုင်ဘက် မဟုတ်တော့ချေ။
သွေးဝိညာဉ် ပေါင်းစပ်တိုက်ကွက် ထွက်ပေါ်လာသည်နှင့် သူတို့သုံးဦး ဆင့်ခေါ်လိုက်သော သွေးဝိညာဉ် နတ်ဘုရားသည် သူ၏ လက်ချောင်းတစ်ချောင်းကို ကွေးညွှတ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သွေးရောင် အလင်းတန်းတစ်ခုက သူ၏ လက်ချောင်းထိပ်မှ ထွက်ပေါ်လာပြီး ဝူယီဖန်၏ ကောင်းကင်ဧကရာဇ် လက်သီးနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။
ကံဆိုးစွာပင် ထိုအလင်းတန်းမှာ ဝူယီဖန်၏ ကောင်းကင်ဧကရာဇ် လက်သီးကြောင့် ခဏအတွင်း လွှမ်းမိုး ချေမှုန်းခံလိုက်ရပြီး ၊ ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်သော ကောင်းကင်ဧကရာဇ် လက်သီးသည် သွေးဝိညာဉ် နတ်ဘုရားဆီသို့ တည့်တည့် ဝင်ရောက်သွားသည်
မပျက်စီးမီတွင် ဆင့်ခေါ်ခံထားရသော သွေးဝိညာဉ် နတ်ဘုရားမှာ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ သူ၏ မျက်လုံးများသည် ရုတ်တရက် လင်းလက်သွား၏။ သို့သော် ပါးစပ်မဟနိုင်မီမှာပင် ကောင်းကင်ဧကရာဇ် လက်သီးဖြင့် အသတ်ခံလိုက်ရသည်။
သွေးဝိညာဉ် နတ်ဘုရား ကိုယ်ပွားကို သတ်ဖြတ်ပြီးနောက် ကောင်းကင်ဧကရာဇ် လက်သီး၏ စွမ်းအားမှာ လျော့ကျသွားခြင်း မရှိဘဲ ထိုလူသုံးဦးကို ချက်ချင်း ဝင်ရောက် တိုက်ခိုက်လိုက်သည်။ ထိုသုံးဦးမှာ တုံ့ပြန်ရန် အခွင့်အရေးပင် မရလိုက်ဘဲ ကောင်းကင်ဧကရာဇ် လက်သီးကြောင့် လွင့်ထွက်သွားပြီး တောင်တန်းပေါင်း တစ်ဒါဇင်ကျော်ကို ဖြတ်ကျော် ဝင်ဆောင့်မိပြီးနောက်မှသာ ရပ်တန့်သွားကြသည်။
ဝူယီဖန် ရောက်ရှိလာချိန်တွင် ၎င်းတို့၏ ကျင့်ကြံခြင်း အရှိန်အဝါများသည် ပျောက်ဆုံးနေခဲ့ပြီ ဖြစ်သည်။ ဝူယီဖန်၏ လက်သီးအောက်တွင် သူတို့၏ စွမ်းအားများမှာ ပျက်စီးသွားခဲ့လေပြီ။
ကံကောင်းသည်မှာ သူတို့သုံးဦး၏ ရုပ်ခန္ဓာများသည် အတော်လေး သန်မာပေသည်။ သို့မဟုတ်ပါက ဝူယီဖန်၏ လက်ချက်ဖြင့် သေဆုံးသွားနိုင်သည်။
ဝူယီဖန်သည် ဒဏ်ရာပြင်းထန်စွာ ရရှိပြီး သေလုမြောပါး ဖြစ်နေသော လူသုံးဦးကို အကြင်အနာကင်းမဲ့စွာ ကြည့်နေသည်။ အကယ်၍ သူသာ မလွတ်မြောက်နိုင်ခဲ့ပါက ယခုအချိန်တွင် သေဆုံးနေလောက်ပြီ ဖြစ်ပေမည်။
ငါ့ကို လာမထိရင် ငါလည်း မထိဘူး... ငါ့ကို လာထိရင်တော့ သတ်ပစ်မယ်...
ဤသည်က ဝူမိသားစု၏ စည်းကမ်းများမှ ဆင်းသက်လာသော ဝူယီဖန်၏ တစ်သမတ်တည်းသော ခံယူချက် ဖြစ်သည်။
“ကဲ... အခု ငါမေးတာကို ဖြေကြ... ငါ မကျေနပ်ရင် မင်းတို့ကို ဘာလုပ်မယ် ဆိုတာ အာမ မခံနိုင်ဘူး”
ဝူယီဖန်သည် သူတို့သုံးဦး၏ အနားသို့ တိုးကပ်သွားပြီး ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ ထိုသုံးဦးထဲမှ ခေါင်းဆောင်ဖြစ်သူက တုံ့ဆိုင်းခြင်း မရှိဘဲ အော်ဟစ်လိုက်သည်။
“အိမ်မက် မက်နေလိုက်... ငါ မင်းကို ဘာသတင်းမှ ပေးစရာ အကြောင်းမရှိဘူး”
“သြော်... ဟုတ်လား”
ဝူယီဖန်က မဲ့ပြုံး ပြုံးလိုက်ပြီးနောက် လက်သီးတစ်ချက် ပစ်ထည့်လိုက်ရာ ထိုသူမှာ ချက်ချင်း သေဆုံးသွား၏။
သူ့ကို သတ်လိုက်သည့် အချိန်တွင် ဘေးနားမှ လူနှစ်ဦးမှာ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားကြသည်။ ဝူယီဖန်သည် ဤမျှ ပြတ်သားလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပေ။ အရင်ဆုံး မေးမြန်းပြီး ငြင်းဆန်ခံရပါက သွေးဝိညာဉ်ဂိုဏ်း အကြောင်း မပြောမီ အသက်ချမ်းသာပေးမည် ဆိုသည့် အကျိုးအမြတ်အချို့ ပေးမည်ဟု ကတိပေးသင့်သည် မဟုတ်လော။
ဒါပေမဲ့ ဒီကောင်ဝူယီဖန်က ချက်ချင်း သတ်ဖြတ်လိုက်တာ ဒါ ဘာအချိုးလဲ…
“မင်းတို့ နှစ်ယောက်... ဘာပြောမယ်လို့ ဆုံးဖြတ်ပြီးပြီလဲ”
ဝူယီဖန်သည် ကျန်နှစ်ယောက်ကို ကြည့်၍ အဖြေကို ဆက်လက် တောင်းဆိုလိုက်၏။
ကျန်နှစ်ယောက်မှာ ဝူယီဖန်သည် တုံ့ဆိုင်းခြင်းမရှိ သတ်ဖြတ်ရဲကြောင်း သိလိုက်ရသဖြင့် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရဲခြင်း မရှိတော့ပေ။ သူတို့ထဲမှ တစ်ဦးက သွေးဝိညာဉ်ဂိုဏ်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ထုတ်ဖော် ပြောကြားရန် ပြင်လိုက်သည်။
နောက်တစ်စက္ကန့်တွင် တစ်စုံတစ်ခုကို အာရုံခံလိုက်မိသကဲ့သို့ ထိုသူ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲသွားပြီး အတွင်းမှ အညစ်အကြေးများသည် နေရာအနှံ့သို့ လွင့်စဉ်သွား၏။
ဝူယီဖန်မှာ အားကောင်းသော စွမ်းအားဖြင့် ကာကွယ်ထားသဖြင့် အညစ်အကြေးများ ပေကျံခြင်း မရှိပေ။ သို့သော် ဤမြင်ကွင်းကို မြင်လိုက်ရသော အခြားတစ်ဦးမှာ ကြောင်အမ်း၍ စကားမပြောနိုင် ဖြစ်သွားသည်။
ဝူယီဖန်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး အတော်လေး စိတ်ရှုပ်ထွေးသွား၏။ သူသည် မူလက အစီအစဉ်များ မဆွဲမီ ဤသုံးဦး၏ နောက်ကွယ်မှ အင်အားစုများကို စုံစမ်းရန် ရည်ရွယ်ထားသော်လည်း သူတို့၏ နောက်ခံလူများက ဤမျှ သတိကြီးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူတို့၏ ခန္ဓာကိုယ်အတွင်း ကန့်သတ်ချက်များကို ထည့်သွင်းထားပြီး သွေးဝိညာဉ်ဂိုဏ်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ထုတ်ဖော်လိုက်ပါက ပေါက်ကွဲပြီး သေဆုံးသွားစေရန် စီစဉ်ထားခဲ့သည်။
“မင်းနဲ့ ပတ်သက်ပြီးတော့.. ထားလိုက်ပါတော့... မင်းပုံစံက သေမလောက် ကြောက်နေတဲ့ ပုံပဲ သတ်လိုက်တာပဲ ကောင်းပါတယ်”
ဝူယီဖန်သည် ကျန်ရစ်သူ တစ်ဦးကို ကြည့်လိုက်သော်လည်း တစ်ဖက်လူ၏ ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာထားကို မြင်လိုက်ရသဖြင့် သက်ပြင်းချလိုက်ပြီး အမြန်ဆုံး သေဆုံးခွင့် ပေးရန် ရည်ရွယ်လိုက်သည်။ သို့သော် မထင်မှတ်ဘဲ တစ်ဖက်လူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“အိမ်မက်တောင် မမက်နဲ့... သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်ပြီး ငါ ဘာမှ ပြောမှာ မဟုတ်ဘူး... မင်း ငါ့ကို သေအောင် ရိုက်ရင်တောင် သွေးဝိညာဉ်ဂိုဏ်းက နတ်သင်္ချိုင်းတောင်ကြားမှာ ရှိတယ် ဆိုတာ ငါ ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး... မင်း ငါ့ကို ဘယ်လောက်ပဲ နှိပ်စက် နှိပ်စက် သွေးဝိညာဉ်ဂိုဏ်းမှာ မရေမတွက်နိုင်တဲ့ ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် ကျွမ်းကျင်သူတွေနဲ့ မရေမတွက်နိုင်တဲ့ ဧကရာဇ်လက်နက်တွေ ရှိတယ် ဆိုတာ ငါ ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး”
တစ်ဖက်လူ၏ စကားကို ကြားလိုက်ရချိန်တွင် ဝူယီဖန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဤကဲ့သို့သော နည်းဗျူဟာမျိုး ရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
“သေစမ်း... ဒီလို လုပ်လို့ရတာ ငါ မေ့သွားတယ်”
သွေးဝိညာဉ်ဂိုဏ်း၏ ကန့်သတ်ချက်များမှာ ကန့်သတ်ခံထားရသူများကို သွေးဝိညာဉ်ဂိုဏ်းနှင့် ပတ်သက်သော သတင်းအချက်အလက်များအား မထုတ်ဖော်နိုင်စေရန် ပြုလုပ်ထားခြင်း ဖြစ်ပြီး ၊ အတင်းအကျပ် ထုတ်ဖော်ခိုင်းမည်ဆိုပါက ထိုကန့်သတ်ချက်သည် တားဆီးပေးနိုင်မည် မဟုတ်ပေ။
ဤသွေးဝိညာဉ်ဂိုဏ်း၏ တမန်တော်သည် ထိုဟာကွက်ကို တွေ့မြင်ခဲ့ပုံ ရပြီး ထို့ကြောင့်ပင် ဝူယီဖန်၏ လက်မှ အသက်ကို ကယ်တင်နိုင်လိုငြား သွေးဝိညာဉ်ဂိုဏ်း၏ သတင်းအချက်အလက်များကို ထုတ်ဖော်ခဲ့သည်။
အခန်း ၄၂ - ဟယ်လို... ပြန်တွေ့ကြတာပေါ့
“စိတ်ဝင်စားစရာပဲ...”
သူ့ရှေ့မှ သွေးဝိညာဉ်ဂိုဏ်း တမန်တော်၏ လုပ်ဆောင်မှုကို ကြည့်ပြီး ဝူယီဖန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ကျန်ရစ်သော တစ်ဦးတည်းသော သွေးဝိညာဉ်ဂိုဏ်း တမန်တော်က ကမန်းကတန်း မေးမြန်းလိုက်၏။
“သခင်... ကျွန်တော် ပြောပြီးပြီ ဆိုတော့ ကျွန်တော့်အသက်ကို ချမ်းသာပေးလို့ ရမလား”
“ဒါပေါ့... ဒါပေမဲ့ ဒီတစ်ကြိမ်တော့ မင်းကို လွှတ်ပေးလိုက်မယ် နောက်တစ်ကြိမ် ပြန်တွေ့ရင်တော့ မင်းရဲ့ သေနေ့ပဲ”
ဝူယီဖန်သည် တစ်ဖက်လူကို စိတ်ဝင်တစား ကြည့်၍ ပြောလိုက်ရာ ၊ သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။
“စိတ်မပူပါနဲ့ သခင် ကျွန်တော် အခုပဲ အလယ်ပိုင်းဒေသကနေ ထွက်ခွာပြီး ဒီဘဝမှာ သခင်နဲ့ ဘယ်တော့မှ မတွေ့ရတော့မယ့် ဝေးလံခေါင်သီတဲ့ နေရာကို သွားပါ့မယ်”
“ အဲ့လိုပဲ ဖြစ်ပါစေ”
ဝူယီဖန်သည် မတ်တတ်ထရပ်လိုက်ပြီးနောက် သွေးဝိညာဉ်ဂိုဏ်း တမန်တော်၏ မျက်စိရှေ့မှ ပျောက်ကွယ်သွား၏။
သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ ဒဏ်ရာများကို အနည်းငယ် ဖိနှိပ်ကာ မတ်တတ်ထရပ်၍ ထွက်ခွာရန် ပြင်လိုက်သည်။ သူသည် ဤဘဝတွင် ဝူယီဖန်နှင့် ဘယ်တော့မှ မဆုံမိစေရန် ကျိန်ဆိုလိုက်၏။
သူ ယခင်က ပြစ်မှားခဲ့သူမှာ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင် မဟုတ်ပေ။ ထို့ပြင် ဝူယီဖန်သည် နှစ်အနည်းငယ်သာ ရှိသေးပြီး နှစ်တစ်ရာ မပြည့်သေးဘဲ သူတော်စင်နယ်ပယ်ကို ကျော်လွန်သော စွမ်းအားကို ရရှိထားပြီး ဖြစ်သည်။ ဝူယီဖန်ကို အချိန်အတိုင်းအတာတစ်ခုထိ ပေးလိုက်မည်ဆိုပါက သွေးဝိညာဉ်ဂိုဏ်းပင်လျှင် သူ့ကို မည်သို့မျှ လုပ်နိုင်တော့မည် မဟုတ်ပေ။
သို့သော် သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် ထွက်ခွာတော့မည့် ဆဲဆဲတွင် အရိပ်တစ်ခု၏ လွှမ်းမိုးခြင်း ခံလိုက်ရ၏။ မော့ကြည့်လိုက်သောအခါ ဝူယီဖန်သည် ပြုံးရယ်လျက် သူ့ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် သွေးဝိညာဉ်ဂိုဏ်း တမန်တော်မှာ ထိတ်လန့်သွားသည်။
ဟယ်လို... ပြန်တွေ့ရတာ ဝမ်းသာပါတယ်
“ မင်း... မနိုင်ရင် မကစားနဲ့လေ”
ထိုမြင်ကွင်းကို ကြည့်ရုံဖြင့် ဝူယီဖန်သည် သူ့ကို လွတ်လမ်းပေးရန် ဆန္ဒမရှိကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်သည်။
ထို့ကြောင့် သူသည် သွားကို ကြိတ်၍ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ဆုံးဖြတ်လိုက်သည်။ မိမိ၏ ဖောက်ခွဲသေဆုံးမှုဖြင့် ဝူယီဖန်ကို ဒုက္ခရောက်စေရန် ကြံစည်ထားခြင်း ဖြစ်သည်။
ကံဆိုးစွာဖြင့် ခွန်အားကွာခြားချက်သည် လုံးဝ ကြီးမားနေသဖြင့် သူ့ကိုယ်သူ မဖောက်ခွဲနိုင်မီ ဝူယီဖန်၏ လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် သွေးမြူမှုန်အဖြစ် ပေါက်ကွဲသွားလေတော့သည်။
“အမှိုက်ကောင်... ငါက မင်းကို တကယ် လွှတ်ပေးမယ်လို့ ထင်နေတာလား မရိုးအစမ်းပါနဲ့”
ဝူယီဖန်သည် အေးစက်စွာ ပြောလိုက်၏။
“မင်းတို့တွေ ငါ့ကို လိုက်ဖမ်းနေတာ ကြာပြီ... ငါ့မှာ သေလုနီးပါးပဲ ..သွေးဝိညာဉ်ဂိုဏ်း အကြောင်း သတင်းပေးရုံနဲ့ မင်းတို့ကို ဘယ်လိုလုပ် လွှတ်ပေးနိုင်မှာလဲ”
ထို့ပြင် ကျင့်ကြံခြင်း လမ်းစဉ်တွင် အဓိက တားမြစ်ထားသည့်အရာမှာ စိတ်ထား နူးညံ့ပျော့ပျောင်းခြင်းပင် ဖြစ်သည်။ ရန်သူသည် ရန်သူသာ ဖြစ်ပြီး မင်းမသေရင် ငါသေမည့် အခြေအနေ ဖြစ်၏။ ထို့ကြောင့် ဝူယီဖန်သည် သူ၏ လုပ်ရပ်များမှာ ယုတ်ညံ့သည်ဟု မခံစားရပေ။ အမှန်အားဖြင့် အောင်နိုင်သူသာလျှင် အရာအားလုံးကို ဆုံးဖြတ်ပိုင်ခွင့် ရှိပေသည်။
“သွေးဝိညာဉ်ဂိုဏ်းက နတ်သင်္ချိုင်းတောင်ကြားမှာ ပုန်းအောင်းနေပြီး ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူတွေလည်း ရှိတဲ့အထိ အဲဒီလောက် အစွမ်းထက်မယ်လို့ မထင်ထားဘူး... ကြည့်ရတာ ရေတိုအတွင်း လက်စားချေလို့ ရဦးမယ်မထင်ဘူး”
ဝူယီဖန်သည် မဆင်မခြင် လုပ်တတ်သူ မဟုတ်သလို ဘယ်တော့မှလည်း လုပ်မည်မဟုတ်ပေ။ ထို့ကြောင့် သွေးဝိညာဉ်ဂိုဏ်း၏ ကြီးမားသော အင်အားကို သိရှိပြီးနောက် ဝူယီဖန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး သွေးဝိညာဉ်ဂိုဏ်းကို လက်စားမချေမီ အနည်းဆုံး ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ကန့်သတ်ချက်များကို ကိုးခုမြောက် အဆင့်ထိ မြှင့်တင်ရန်နှင့် သူ၏ အင်မော်တယ်ကျင့်စဉ်ကို ဧကရာဇ်တစ်ပိုင်း အဆင့်ထိ ရောက်အောင် လုပ်ရန် လိုအပ်သည်ဟု ဆုံးဖြတ်လိုက်၏။ သို့မဟုတ်ပါက မြောင်းထဲတွင်ပင် သင်္ဘောမှောက်သွားနိုင်သည်။
အခြားတစ်ဖက်တွင် နတ်သင်္ချိုင်းတောင်ကြားကို ရွှမ်ထျန်းကမ္ဘာတစ်ခုလုံးတွင် ကြောက်မက်ဖွယ် အကောင်းဆုံး တားမြစ်နယ်မြေအဖြစ် လူသိများသည်။အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ရှေးကာလက ဤနေရာတွင် ကြောက်မက်ဖွယ်ကောင်းပြီး ဝမ်းနည်းဖွယ် ကောင်းသော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး ၊ မရေမတွက်နိုင်သော အာဏာရှင်များ၊ ဧကရာဇ်တစ်ပိုင်းများနှင့် မဟာဧကရာဇ်များစွာ ကျဆုံးခဲ့ကြသောကြောင့် ဖြစ်၏။
ကြောက်မက်ဖွယ် ကောင်းသော သွေးစွမ်းအင်များသည် ဤနေရာတွင် ပျံ့နှံ့နေပြီး ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာဝိညာဉ်များကို ဖြစ်ပေါ်စေသည်။ထို့ကြောင့် အာဏာရှင်များနှင့် ဧကရာဇ်တစ်ပိုင်းများပင်လျှင် နတ်သင်္ချိုင်းတောင်ကြားသို့ နောက်တစ်ကြိမ် ခြေချရဲခြင်း မရှိကြပေ။
လူကို အံ့အားသင့်စေသည်မှာ သွေးဝိညာဉ်ဂိုဏ်းသည် နတ်သင်္ချိုင်းတောင်ကြား အတွင်း၌ တည်ရှိနေခြင်း ဖြစ်သည်။
တောင်ကြား၏ အလယ်ဗဟိုတွင် ကြီးမားသော တံခါးပေါက်တစ်ခု ရှိ၏။ တံခါးပေါက်မှာ သာမန်ဟု ထင်ရသော်လည်း ၎င်းကို ဖြတ်သန်းသွားရုံဖြင့် သွေးဝိညာဉ်ဂိုဏ်း၏ ဌာနချုပ်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
ဝူယီဖန်သည် သွေးဝိညာဉ်ဂိုဏ်း တမန်တော် သုံးဦးကို သတ်ဖြတ်လိုက်ပြီးနောက် သွေးဝိညာဉ်ဂိုဏ်းရှိ လူတိုင်း၏ အသက်နှင့် သေခြင်းကို ထိန်းချုပ်ထားသော ဝိညာဉ်မီးအိမ်ခန်းမဆောင်ရှိ ဝိညာဉ်မီးအိမ် သုံးလုံးသည် ငြိမ်းသက်သွားသည်။ ဤသည်ကို မြင်လိုက်ရသော သွေးဝိညာဉ်ဂိုဏ်းရှိ အကြီးအကဲသည် ဂရုမစိုက်သော ပုံစံဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ဝိညာဉ်မီးအိမ် သုံးလုံးကို လေပေါ်သို့ ကိုင်မြှောက်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ထိုအကြီးအကဲ၏ လက်ထဲ၌ အစီအရင်ငယ် တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းသည် သွေးဝိညာဉ် လျှို့ဝှက်အတတ်ကို အသုံးပြုလိုက်ရာ သွေးရောင် ကြိုးမျှင်လေးများသည် ဟင်းလင်းပြင်ကို ဖြတ်၍ အဝေးသို့ ပျံသန်းသွားကြ၏။
၎င်းတို့သည် နတ်သင်္ချိုင်းတောင်ကြား၏ အပြင်ဘက်သို့ လျင်မြန်စွာ ရောက်ရှိသွားပြီး သွေးဝိညာဉ်ဂိုဏ်း တမန်တော် သုံးဦး အသတ်ခံလိုက်ရသည့် နေရာသို့ မိနစ်ပိုင်းအတွင်း ရောက်ရှိသွားကြသည်။ ဝူယီဖန်မှာ ဤအချိန်ထိ မထွက်ခွာရသေးပေ။
ဝူယီဖန်သည် လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုကို အာရုံခံလိုက်မိကာ မျက်မှောင်ကြုတ်လိုက်သည်။ သူ မတုံ့ပြန်နိုင်မီမှာပင် အဝေးမှ ပျံသန်းလာသော သွေးရောင် ကြိုးမျှင် သုံးချောင်းကို မြင်လိုက်ရ၏။
ထိုသွေးရောင် ကြိုးမျှင်များက သွေးဝိညာဉ်ဂိုဏ်း တမန်တော် သုံးဦး အသတ်ခံရသည့် နေရာသို့ တိုက်ရိုက် ကျရောက်သွားသည်။ တစ်ခဏချင်းပင် သွေးရောင် ကြိုးမျှင်၏ ဆွဲငင်မှုအောက်၌ ဝူယီဖန်၏ လက်ချက်ဖြင့် သွေးမြူမှုန် ဖြစ်သွားခဲ့ရသော သွေးဝိညာဉ်ဂိုဏ်း တမန်တော် သုံးဦးမှာ ဖြည်းညင်းစွာ ပြန်လည် ရှင်သန်လာကြ၏။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ဝူယီဖန်သည် သူ၏ နဖူးသည် တင်းတင်းကျပ်ကျပ် ကြုတ်သွားသည်။
“ လျှို့ဝှက်အတတ်... ဒါက သွေးဝိညာဉ်ဂိုဏ်းရဲ့ လက်ချက်လာ”
ဝူယီဖန်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် သွေးဝိညာဉ်ဂိုဏ်း တမန်တော် သုံးဦးသည် ပြန်လည် ရှင်သန်လာကြသော်လည်း သူတို့၏ မျက်နှာထားနှင့် အမူအရာများမှာ အလွန်ပင် ထူးဆန်းနေသည်။ သူတို့သည် ရုပ်သေးရုပ်များကဲ့သို့ ဖြစ်နေပြီး မျက်လုံးများမှာ သွေးရောင် လွှမ်းနေကာ ယခင် သူတော်စင်ဘုရင်များထက် ပိုမို အားကောင်းသော အရှိန်အဝါများ ရှိနေ၏။ သူတို့သည် အာဏာရှင်နယ်ပယ်သို့ ရောက်ရှိသွားကြပုံရသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ဝူယီဖန်မှာ အလွန် လေးလံသော ခံစားချက် ဖြစ်သွားသည်။ ဤသည်မှာ ပြန်လည်ရှင်သန်ခြင်း ဖြစ်ကြောင်း သူ သိလိုက်၏။ ဧကရာဇ်တစ်ပါးပင်လျှင် သေသူကို ပြန်လည်ရှင်သန်အောင် မလုပ်နိုင်သော်လည်း သွေးဝိညာဉ်ဂိုဏ်းသည် ထိုသို့ လုပ်ဆောင်နိုင်သည်။
သွေးဝိညာဉ်ဂိုဏ်း၏ နောက်ကွယ်မှ အင်အားစုမှာ သူ တွေးထားသည်ထက် များစွာ ကျော်လွန်နေဖွယ် ရှိ၏။
ဝူယီဖန် စဉ်းစားနေစဉ်မှာပင် သွေးဝိညာဉ်ဂိုဏ်း တမန်တော် သုံးဦးမှာ သူတို့၏ ပစ်မှတ်ကို ရှာတွေ့သွားပုံရပြီး သူ့ထံသို့ ဟိန်းဟောက်၍ ပြေးဝင်လာကြသည်။ ထိုအရာကို မြင်လိုက်ရသဖြင့် ဝူယီဖန်မှာ စဉ်းစားချိန် မရတော့ဘဲ ပြန်လည်တိုက်ခိုက်ရန်သာ ရွေးချယ်လိုက်ရ၏။
သွေးဝိညာဉ်ဂိုဏ်း တမန်တော် သုံးဦးမှာ ပြန်လည်ရှင်သန်လာပြီး အာဏာရှင် ကနဦးအဆင့်ထိ အားကောင်းလာကြသော်လည်း ရုပ်သေးရုပ်များအဖြစ် တည်ရှိနေကြသည် သို့မဟုတ် တိုက်ခိုက်နည်းကိုသာ သိကြသည်။ သူတို့၏ တိုက်ခိုက်ပုံမှာ လုံးဝ ဖရိုဖရဲ ဖြစ်နေသဖြင့် ဝူယီဖန်သည် သူတို့၏ အားနည်းချက်များကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားပြီး တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်လိုက်သည်။
နောက်ဆုံး ကျန်ရစ်သော သွေးဝိညာဉ်ဂိုဏ်း တမန်တော်ကို လက်သီးတစ်ချက်ဖြင့် သတ်ဖြတ်ပြီးနောက် ဝူယီဖန်၏ မျက်နှာထားမှာ အလွန် တည်ကြည် လေးနက်နေသည်။ ဤတမန်တော်များသည် ထပ်မံ၍ ပြန်လည်ရှင်သန်လာမည် မဟုတ်မှန်း ယူဆထားသည်။ သို့မဟုတ်ပါက သူ့အနေဖြင့် ထပ်မံ ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။
အာဏာရှင် တစ်ဦးနှင့် ဧကရာဇ်တစ်ပိုင်း တစ်ဦးကြား ကွာခြားချက်မှာ ကြီးမားလှသည်။ ဝူယီဖန်သည် တိုက်ပွဲ အတွေ့အကြုံများစွာ ရှိလျှင်တောင် ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ကန့်သတ်ချက် ရှစ်လွှာကို ဖွင့်ရုံမျှဖြင့် ဧကရာဇ်တစ်ပိုင်း တစ်ဦးကို အနိုင်ယူရန် မဖြစ်နိုင်ပေ။ ထိုအရာသည် ရုပ်သေးရုပ် တစ်ရုပ်ဖြစ်နေရင်တောင်မှ သူ့အနေဖြင့် ဧကရာဇ်တစ်ပိုင်းကို အနိုင်ယူနိုင်ရန် အင်မော်တယ်ကျင့်စဉ် အထွတ်အထိပ်သို့ ရောက်ရှိရန်နှင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာ ရှိထားရန် လိုအပ်သည်။
ကံကောင်းစွာဖြင့် သွေးဝိညာဉ်ဂိုဏ်း တမန်တော်မှာ နောက်ဆုံးတွင် ပြန်လည်ရှင်သန်မလာခဲ့သဖြင့် ထိုအခါမှသာ ဝူယီဖန်သည် စိတ်သက်သာရာရစွာဖြင့် ထွက်ခွာသွားလေသည်။
ဝူယီဖန်သည် သွေးဝိညာဉ်ဂိုဏ်း တမန်တော်ကို ထပ်မံ သတ်ဖြတ်လိုက်ပြီးနောက် ၊ ဤလှုပ်ရှားမှုကို ပြုလုပ်ခဲ့သော သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲမှာ သူ့ မျက်လုံးများကို ဖွင့်လိုက်ပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
“ပြန်လည်ရှင်သန်လာပြီးတဲ့နောက် ကနဦးအဆင့် သူတော်စင်ဘုရင်ကို သတ်ဖြတ်နိုင်တယ် ဆိုတော့ အနည်းဆုံး အာဏာရှင်နယ်ပယ်က အကောင်းဆုံးတွေထဲက တစ်ယောက် ဖြစ်ရမယ်... ငါတို့ သွေးဝိညာဉ်ဂိုဏ်းက လောလောဆယ် လှုပ်လှုပ်ရှားရှား မဖြစ်သင့်ဘူး..ငါတို့ အရှင်သခင် ပြန်လည်ရှင်သန်လာပြီးမှ ပြိုင်ဘက်ကို သတ်လိုက်ရင်လည်း နောက်မကျသေးပါဘူး”
ဤအချိန်တွင် ထိုအကြီးအကဲ၏ အကြည့်သည် သွေးဝိညာဉ်ဂိုဏ်း၏ နက်ရှိုင်းသော နေရာရှိ ကြီးမားသော တောင်နီကြီး တစ်လုံးဆီသို့ အလိုအလျောက် ရောက်ရှိသွားသည်။ အဝေးမှ ကြည့်လျှင် ကြီးမားသော တောင်နီကြီး တစ်လုံးအဖြစ် ထင်ရသော်လည်း အနီးကပ် ကြည့်လိုက်ပါက မရေမတွက်နိုင်သော အနီရောင် သွေးစွမ်းအင်များ လှိုင်းထနေသည်ကို တွေ့မြင်နိုင်ပြီး အလွန် ထူးဆန်း၍ ကြောက်မက်ဖွယ် ကောင်းပေသည်။