← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃) - မုရုံရွှယ် ရှာဖွေတွေ့ရှိသွားခြင်း

ဝူဟောက်သည် သွေးဝိညာဉ်ဂိုဏ်း၏ ကိစ္စရပ်များကို သတိမပြုမိကြောင်း ထင်ရှားသည်။ သို့မဟုတ် ဝူဟောက်၏ လက်ရှိအဆင့်မှာ သွေးဝိညာဉ်ဂိုဏ်း၏ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိသေးခြင်းကြောင့် ဖြစ်နိုင်သည်။

ဝူဟောက်အနေဖြင့် ဤတုံ့ပြန်မှု ကာလအတွင်း သူ၏ ကျင့်ကြံမှုသည် မဟာဧကရာဇ် အထွတ်အထိပ် အဆင့်မှ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးကို ငုံ့ကြည့်နိုင်သော ကြောက်မက်ဖွယ်ရာ ဖြစ်တည်မှုတစ်ခုဖြစ်သည့် လူသားအင်မော်တယ် ဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

“ရွေးချယ်ခံရသူတွေရဲ့ မျိုးဆက်သစ်တွေ ဘယ်တော့ ရောက်လာမလဲ မသိဘူး... အဲလိုသာ ရောက်လာရင် ငါ ပိုပြီး အစွမ်းထက်တဲ့ နယ်ပယ်ကို မြန်မြန်ဆန်ဆန် ချိုးဖျက်နိုင်လိမ့်မယ် “

ဝူဟောက်သည် ဇနီးဖြစ်သူမှ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရှိ ကိစ္စရပ်များကို ဖြေရှင်းပြီးသည်နှင့် ဝူမိသားစုသို့ အမြန်ပြန်ကာ ဝူမိသားစုဝင်များအား ကလေးစတင်ယူဖို့ တိုက်တွန်းရန် ကြံစည်ထားသည်။

အခြားတစ်ဖက်တွင်မူ ၊ မုရုံရွှယ်သည် စုချောင်ရန်၏ နှစ်များစွာကြာ အတွေ့အကြုံများကို စုံစမ်းစစ်ဆေးရန် လက်အောင်ငယ်သားများကို အမိန့်ပေးလိုက်သည်။ စုချောင်ရန်တွင် မည်သည့် အားနည်းချက်မှ မရှိကြောင်း သူမ မယုံကြည်ပေ။

ပန်းတစ်သောင်းမြင့်မြတ်နယ်မြေတွင် ခွန်အားနှင့် ပါရမီ မရှိခြင်းကြောင့် မြင့်မြတ်သော သူတော်စင်မ မဖြစ်နိုင်သည့်အပြင် နောက်ထက် အခြား အကြောင်းအရင်းတစ်ခုလည်း ရှိသေးသည်။ ယင်းမှာ ကိုယ်ကျင့်တရား ပျက်ပြားသော အရာတစ်ခုခု လုပ်ဆောင်ခဲ့ဖူးသူများ သို့မဟုတ် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ အကျိုးစီးပွားကို ထိခိုက်စေခဲ့သူများသည် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ သူတော်စင်မ ဖြစ်ခွင့်မရှိပေ။

မူလက ပန်းတစ်သောင်းမြင့်မြတ်နယ်မြေတွင် ထူးချွန်သော ပါရမီရှိသည့် မြင့်မြတ်သော သူတော်စင်မတစ်ဦး ရှိခဲ့ဖူးသော်လည်း ၊ သူမသည် တစ်စုံတစ်ယောက်ကို ချစ်မိသွားသဖြင့် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေသည် သူမ၏ သူတော်စင်မ အဆင့်အတန်းကို ရုပ်သိမ်းခဲ့ဖူးသည်။

စုချောင်ရန်သည် ဤနှစ်များတစ်လျှောက် ကိုယ်ကျင့်တရားနှင့် ပတ်သက်ပြီး ပြစ်ချက်တစ်စုံတစ်ရာ မရှိသည်ဟု မုရုံရွှယ် လုံးဝ မယုံကြည်ပေ။

နောက်ဆုံးတွင် မုရုံရွှယ်၏ မမောမပန်း ကြိုးစားအားထုတ်မှုကြောင့် ကိုးနှစ်တာ အချိန်ကာလသာ ကြာမြင့်သွားသည်။ ကိုးနှစ်တာ ကာလအတွင်း မုရုံရွှယ်၏ စိတ်နှလုံးမှာ ပြိုလဲလုနီးပါးပင်။ အကယ်၍ သူမသာ စုချောင်ရန်ကို သူတော်စင်မ မဖြစ်စေနိုင်မည့် အရာတစ်ခုခုကို ရှာမတွေ့ခဲ့ပါက ၊ သူမ၏ဖခင်မှာ မုရုံဧကရာဇ်မင်း ဖြစ်နေလျှင်ပင် သူမသည် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ သူတော်စင်မ ဖြစ်မလာနိုင်ပေ။

မုရုံရွှယ် တစ်ယောက် ပြိုလဲလုနီးပါး ဖြစ်နေချိန်တွင် အခြေအနေသည် ပြောင်းလဲသွားခဲ့သည်။

“သခင်မလေး... ကျွန်တော်တို့ တစ်ခုခု တွေ့ထားပါတယ်...”

မကြာမီ အစေခံတစ်ဦးရောက်လာပြီး မုရုံရွှယ်အား မှတ်တမ်းတင်ကျောက်တုံး တစ်တုံးကို ရိုသေစွာ ကမ်းပေးလိုက်သည်။

ဤအချိန်တွင် မုရုံရွှယ်မှာ စိတ်ပျက်အားငယ်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။ တစ်စုံတစ်ယောက်က သူမ၏ ခန္ဓာကိုယ်ကို ပေးဆပ်ရုံဖြင့် သူတော်စင်မ ဖြစ်နိုင်သည်ဟု ပြောလာလျှင်ပင် သူမသည် အဝတ်အစားများ ချွတ်၍ ကုတင်ပေါ် လှဲအိပ်ရန် တုံ့ဆိုင်းနေမည် မဟုတ်ပေ။

သို့သော် မှတ်တမ်းတင်ကျောက်တုံးထဲမှ အရာကို မြင်လိုက်ရပြီးနောက် မုရုံရွှယ်၏ မျက်လုံးများမှာ ချက်ချင်း အရောင်တောက်သွားသည်။ အထက်ပါ ပုံရိပ်မှာ ဝူဟောက် နှင့် စုချောင်ရန်တို့၏ မင်္ဂလာဆောင်နေ့မှ မြင်ကွင်းတစ်ခု ဖြစ်နေခဲ့သည်။

“ဟားး... စုချောင်ရန် နင် အိမ်ထောင်ပြုထားမယ်လို့ ငါ မထင်ထားဘူး... မြင့်မြတ်တဲ့ သူတော်စင်မ မဖြစ်ခင် နင် အိမ်ထောင်ပြုထားတာကို လူတွေသာ သိသွားရင် နင့်ကို သူတော်စင်မ အဆင့်အတန်းပေးဖို့ လူဘယ်နှစ်ယောက်လောက်က သဘောတူမယ်လို့ ထင်လဲ”

ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ မြင့်မြတ်သော သူတော်စင်မ ဆိုသည်မှာ ပါရမီနှင့် ခွန်အား၏ သင်္ကေတ တစ်ခုတည်း မဟုတ်ပေ။ အမှန်စင်စစ် သူမသည် မြင့်မြတ်နယ်မြေ တစ်ခုလုံးမှ လေးစားကြည်ညိုကြရသူဆို ပို၍ မှန်ပေမည်။ သူတို့ လေးစားကြည်ညိုရသော အမျိုးသမီးသည် အိမ်ထောင်ပြုထားသည်ကို တွေ့ရှိလိုက်ပါက ၊ လူတိုင်း မည်ကဲ့သို့သော တုံ့ပြန်မှုမျိုးကို ပြုလုပ်ကြမည်နည်း။

ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ အထက်ပိုင်း ခေါင်းဆောင်များက စုချောင်ရန်ကို ကာကွယ်ပေးချင်ရင်တောင် ၊ စုချောင်ရန်အနေဖြင့် ဤကာလအတွင်း သူတော်စင်ဘုရင် အဆင့်သို့ မရောက်ရှိပါက ကာကွယ်ပေးနိုင်မည် မထင်။ သို့ဆိုတောင် ထိုသို့ ဖြစ်နိုင်မည်လော။

ထိုအချိန်မှာပင် ။

ဝုန်း !

“နောက်ဆုံးတော့ မဟာသူတော်စင် အထွတ်အထိပ်နယ်ပယ်ကို ငါ ရောက်လာပြီ... သူတော်စင်ဘုရင်နယ်ပယ်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်”

စုချောင်ရန်သည် မဟာသူတော်စင် နှောင်းပိုင်းအဆင့်မှ မဟာသူတော်စင် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး သူတော်စင်ဘုရင်နယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ဤအခိုက်အတန့်တွင် စုချောင်ရန်သည် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ သမိုင်းတစ်လျှောက်ရှိ မြင့်မြတ်သော သူတော်စင်မတိုင်း၏ ပါရမီထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။

ဧကရာဇ် ဖြစ်လာရန်မှာလည်း မဖြစ်နိုင်သော အရာ မဟုတ်တော့ချေ။ ဤအရာအားလုံးမှာ ဝူဟောက်၏ အကူအညီကြောင့်သာ ဖြစ်သည်။

“ယောက်ျား... ယောက်ျားကို သေလောက်အောင် ချစ်တယ်”

စုချောင်ရန်သည် ကုတင်ပေါ်တွင် လှဲနေသော ဝူဟောက်ကို ဖက်၍ နမ်းလိုက်သည်။ ဝူဟောက်သည် ဂရုစိုက်ပုံမရဘဲ သူ၏လက်တစ်ဖက်က တစ်တော့ကို ပွတ်ရင်း ပြောလိုက်သည်။

“ ကိုယ်မဇတ်မိသလောက် နောက် သုံးရက်နေရင် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ နောက်ဆုံး သူတော်စင်မကို ရွေးချယ်တော့မှာမလား.... ဒီက ကိစ္စတွေကို မြန်မြန် ရှင်းပြီးရင် ဝူမိသားစုဆီ ပြန်ကြရအောင်... ရူလုံနဲ့ တခြားသူတွေက မိန်းမကို အများကြီး လွမ်းနေကြတာ”

ဤကိုးနှစ်တာ ကာလအတွင်း ဝူမိသားစု ကုန်သည်အသင်းသည် ရွှမ်ထျန်းကမ္ဘာ၏ နယ်မြေ ငါးခုတွင် အောင်မြင်စွာ အခြေချနိုင်ခဲ့ပြီး ရွှမ်ထျန်းကမ္ဘာ၏ နေရာတိုင်းသို့ မိုဘိုင်းဖုန်းလိုင်းများကို အောင်မြင်စွာ ချိတ်ဆက်ပေးနိုင်ခဲ့သည်။ ထို့ကြောင့်ပင် ဝူဟောက်သည် အလယ်ပိုင်းဒေသတွင် ရှိနေသော်လည်း ရွှမ်ထျန်းကမ္ဘာ အနှံ့အပြားမှ ဗီဒီယိုများကို ကြည့်ရှုနိုင်ခြင်း ဖြစ်သည်။

အမှားရှာကြခြင်း ရှိမရှိနှင့် ပတ်သက်၍မူ ၊ လုံးဝ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဝူဟောက်သည် သခင်မြတ် လေးပါးကို အနိုင်ယူပြီး ဖြစ်ရာ ဝူမိသားစု ကုန်သည်အသင်းကို မည်သူကများ ဆန့်ကျင်ရဲမည်နည်း။

မြင့်မြတ်နယ်မြေ လေးခုသည်ပင် မလှုပ်ရှားရဲဘဲ ငြိမ်သက်နေရာ အခြား အင်အားစုများကလည်း သေချာပေါက် လှုပ်ရှားရဲကြမည် မဟုတ်ပေ။ ထို့ကြောင့် ဝူမိသားစု ကုန်သည်အသင်းသည် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးတွင် ကုန်ပစ္စည်း ဖြန့်ကျက်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

ဤသည်ကို ကြားလိုက်ရသဖြင့် စုချောင်ရန်သည် ဝူရူလုံ၏ ကလေးဘဝက ချစ်စရာကောင်းသော မျက်နှာလေးကို ပြန်လည်အမှတ်ရလိုက်ပြီးနောက် သဘောတူကြောင်း လေးလေးနက်နက် ခေါင်းညိတ်လိုက်၏။

“ယောက်ျား... ကျွန်မ ကတိပေးတယ် သုံးရက်နေရင် ယောက်ျား ရှိကြောင်း ကြေညာပြီးတာနဲ့ တောင်ပိုင်းဒေသကို ယောက်ျားနဲ့အတူ ပြန်လိုက်ခဲ့မယ်”

မည်သို့ပင်ဆိုစေကာမူ ၊ တောင်ပိုင်းဒေသသည် သူတို့ စတင်ခဲ့ရာ နေရာဖြစ်သလို အခြေချခဲ့သော နေရာတစ်ခုလည်း ဖြစ်ပေသည်။ယခုအခါ သူတို့သည် ဖုန်းဖြင့် တိုက်ရိုက် ဆက်သွယ်နိုင်သော်လည်း စုချောင်ရန်သည် ထိုသို့ မလုပ်ဘဲ လူချင်း တွေ့ဆုံသည် အထိ စောင့်ရန် စီစဉ်ထားသည်။ လူချင်း မတွေ့ဘဲ ဖုန်းဖြင့် တွေ့ဆုံပါက အံ့အားသင့်စရာများ ပျောက်ဆုံးသွားနိုင်သည်။

သို့သော် ထိုအချိန်၌ ဝူဟောက်၏ ခန္ဓာကိုယ်သည် တုန်ခါသွားသဖြင့် စုချောင်ရန်သည် သိချင်စိတ် ဖြစ်သွားသည်။

“ယောက်ျား... ဘာဖြစ်လို့လဲ”

“ဘာမှ မဟုတ်ပါဘူး... အဆင့်တက်သွားရုံပါ”

ဝူဟောက်သည် အဆင်ပြေကြောင်း လက်ကာပြရင်း ပြောလိုက်၏။ ဤသည်ကို ကြားလိုက်ရသဖြင့် စုချောင်ရန်သည် မိစ္ဆာကောင် တစ်ကောင်ကို ကြည့်နေသည့်အတိုင်း ဝူဟောက်ကို စိုက်ကြည့်လိုက်သည်။

“ယောက်ျား... ရှင်က တကယ့် မိစ္ဆာကောင်ပဲ”

“ချီးကျူးတဲ့အတွက် ကျေးဇူးပါ”

ဝူဟောက်သည် နှိမ့်ချစွာဖြင့် လက်ကာပြရင်း သဘောတူလိုက်၏။

စောစောကပင် တုံ့ပြန်မှု၏ အကူအညီဖြင့် ဝူဟောက်၏ ကျင့်ကြံမှုသည် မဟာဧကရာဇ် အဆင့်၏ ပိတ်ဆို့မှုကို အောင်မြင်စွာ ဖြတ်ကျော်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော လူသားအင်မော်တယ် နယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။ ဤအဆင့်တွင် သူသည် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးကိုပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်ဟု ခံစားလိုက်ရပြီး ဤသည်မှာ ထင်ယောင်ထင်မှား မဟုတ်ဘဲ သူသည် အမှန်တကယ်ပင် လုပ်နိုင်ခဲ့ကြောင်း သိလိုက်ရသည်။

အရေးအကြီးဆုံး အကြောင်းရင်းမှာ ဝူဟောက်၏ ကျင့်စဉ်မှာ အလွန် အစွမ်းထက်သောကြောင့် ဖြစ်သည်။ သူနှင့် တူညီသော အဆင့်တွင်ပင် ပြိုင်ဘက်ကင်း တစ်ယောက် ဖြစ်စေပြီး ၊ လူသားအင်မော်တယ် အဆင့်ဖြင့် အောက်ဘုံ တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည်။

“ကောင်းပြီ... သုံးရက်နေရင် ဖြစ်လာမယ့် ကိစ္စအတွက် ပြင်ဆင်ထားလိုက်... နောက် သုံးရက်နေရင် မင်းကို တောင်ပိုင်းဒေသဆီ ပြန်ခေါ်သွားမယ်”

“ အင်း... ကျွန်မ နားလည်ပြီ”

သုံးရက်တာ အချိန်သည် တိတ်ဆိတ်စွာ ကုန်ဆုံးသွားပြီး ၊ ဤသုံးရက်အတွင်း ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ တစ်ခုလုံး သက်ဝင် လှုပ်ရှားနေသည်။

ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ တပည့်များ အားလုံးသည် ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစူးစိုက်ထားကြပြီး ၊ သူတို့ကို အပြင်ထွက်လာအောင် ဆွဲဆောင်နိုင်သော အရာဟူ၍ အနည်းငယ်မျှသာ ရှိသည်။ ယင်းတို့အနက် သူတော်စင်မ ရွေးချယ်ပွဲလည်း အပါအဝင်ဖြစ်သည်။

“နောက်ထပ် သူတော်စင်မက ဘယ်သူ ဖြစ်မယ်လို့ ထင်လဲ... “

“အင်း... စီနီယာအစ်မ စုက ပိုဖြစ်နိုင်တယ်လို့ ငါထင်တယ်... ဘာပဲပြောပြော စီနီယာအစ်မ စုက လွန်ခဲ့တဲ့ ကိုးနှစ်ကတည်းက မဟာသူတော်စင်နယ်ပယ်ကို ရောက်သွားခဲ့တာ... အခုဆိုရင် ပိုပြီးတော့‌ နက်နက်ရှိုင်းရှိုင်း ရောက်နေလောက်ပြီ... စီနီယာအစ်မ စုသာ အရွေးမခံရရင် တစ်ခုခု မှားနေပြီလို့ ငါ သံသယဝင်မိမှာ “

“ဒါပေါ့... စီနီယာအစ်မ စုက အခွင့်အရေး ပိုရှိတယ်လို့ ငါလည်း ခံစားရတယ်... ကျန်တဲ့သူတွေက သူတော်စင်နယ်ပယ်မှာပဲ ရှိသေးတာ... သူတော်စင်မ နေရာအတွက် စီနီယာအစ်မ စုကို ယှဉ်ပြိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး”

“ငါ ဒီမှာ ပြောထားလိုက်မယ်... စီနီယာအစ်မ စုသာ သူတော်စင်မ မဖြစ်ရင် ငါ့ခေါင်းကို ဖြတ်ပေးမယ်”

သူတို့အားလုံးသည် စုချောင်ရန်အား သူတော်စင်မ ဖြစ်မည်ဟု တညီတညွှတ်တည်း သဘောတူထားကြပြီး ၊ လမ်းတစ်လျှောက် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေမှ တပည့်များ၏ ဆွေးနွေးသံများကို နားထောင်ရင်း ၊ မုရုံရွှယ်၏ နှုတ်ခမ်းသားများပေါ်တွင် အေးစက်သော အပြုးတစ်ခု လှစ်ဟသွားသည်။

“စောင့်နေလိုက် စုချောင်ရန်... နင့်ရဲ့ ဟန်ဆောင်မှုတွေကို မကြာခင် ငါ ဖွင့်ချပြမယ်”

ယခင်က သူတာ်စင်မ ရွေးချယ်ပွဲများတွင် အလားအလာရှိသော သူတော်စင်မ တစ်ဦး ဖြစ်လာသော်လည်း တစ်စုံတစ်ယောက်ကို ချစ်မိသွားသဖြင့် ရာထူးမှ ဖယ်ရှားခံလိုက်သည့် ဖြစ်ရပ်များ ရှိခဲ့ဖူးသည်။ စုချောင်ရန်သည်လည်း ထိုနည်းအတိုင်း ဖြစ်သွားလိမ့်မည်ဟု မုရုံရွှယ် တစ်ယောက် ယုံကြည်ထားသည်။

အခန်း (၄၄) - သခင် ခေတ်တွေ ပြောင်းသွားပြီ

ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ မြင့်မြတ်သော သူတော်စင်မ ရွေးချယ်ပွဲမှာ ကျော်ကြားသော ပွဲတစ်ခု ဖြစ်သောကြောင့် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ အဆင့်မြင့် အဖွဲ့ဝင်များစွာ စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။

မုရုံဟွမ်သည် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ အဆင့်မြင့် အဖွဲ့ဝင်များကြားတွင် ထိုင်နေသည်။ သူ၏ အမူအရာသည် တည်ကြည် လေးနက်ပုံ ပေါက်သော်လည်း မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ လွန်ခဲ့သော ဆယ်နှစ်က ဝူဟောက်၏ လက်ချက်ကြောင့် ရရှိခဲ့သော ဒဏ်ရာများမှာ ယခုထိတိုင် မသက်သာသေးပေ။

ထိုသို့ ဖြစ်နေသော်လည်း သူသည် မည်သည့်အရာကိုမျှ ထုတ်ဖော်မပြသခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ၊ ယနေ့သည် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေအတွက် နေ့ထူးနေ့မြတ် ဖြစ်သောကြောင့် သူ့အနေဖြင့် အမှားလုပ်မိ၍ မဖြစ်ချေ။

“ရှောင်ရွှယ်ရဲ့ ပြင်ဆင်မှုတွေက ဘယ်လိုနေလဲ မသိဘူး... သူသာ ကောင်းကောင်း မပြင်ဆင်ထားရင် ငါက သူ့အဖေ ဖြစ်နေရင်တောင် သူ့ကို သူတော်စင်မ ဖြစ်အောင် စီစဉ်ပေးဖို့ ခက်လိမ့်မယ်”

မုရုံဟွမ်သည် စိတ်ထဲတွင် တွေးလိုက်မိ၏။

ပန်းတစ်သောင်း မြင့်မြတ်နယ်မြေတွင် သူ၏ အဆင့်အတန်းမှာ အလွန် မြင့်မားသည်ဟု ဆိုနိုင်သည်။ အကယ်၍ သမီးဖြစ်သူ မုရုံရွှယ်ကိုသာ မြင့်မြတ်သော သူတော်စင်မ ဖြစ်အောင် လုပ်ပေးနိုင်ခဲ့လျှင်ဖြင့် သခင်မြတ် အဖြစ် သူ၏ ရာထူးကို ပို၍ ခိုင်မာစေလိမ့်မည်။

ထို့ကြောင့် ပါရမီ ပိုကောင်းသော စုချောင်ရန်နှင့် ယှဉ်လျှင် မုရုံဧကရာဇ်သည် သမီးဖြစ်သူကို မြင့်မြတ်သော သူတော်စင်မ ပိုဖြစ်စေချင်သည်။ သို့သော် မုရုံဧကရာဇ်သည် သခင်မြတ် တစ်ပါးဖြစ်သော်လည်း ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည်အထိ အာဏာမရှိပေ။

အကယ်၍ သူသည် ပါရမီနှင့် ရုပ်ရည်သွင်ပြင်တွင် မုရုံရွှယ်ထက် သာလွန်သော စုချောင်ရန်ကို သူတော်စင်မ အဖြစ် မရွေးချယ်ခဲ့ပါက ၊ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ အထက်ပိုင်း ခေါင်းဆောင်များထံမှ အတည်ပြုချက် ရယူရန် ခက်ခဲပေလိမ့်မည်။

ထိုအရာကို တွေးမိသဖြင့် မုရုံဟွမ်သည် နောက်တစ်ဆင့် ဘာဆက်လုပ်ရမည်ကို စတင် စဉ်းစားလိုက်သည်။

ထိုအချိန်တွင် စုချောင်ရန်၏ အိပ်ခန်းထဲ၌၊

စုချောင်ရန်သည် ဝူဟောက်၏ ရင်ခွင်ထဲတွင် လှဲနေပြီး နောက်ဆုံးအကြိမ်အဖြစ် အနမ်းပေးပြီးနောက် ထလိုက်သည်။

“ယောက်ျား... ဒါဆို ကျွန်မ သွားတော့မယ်... သူတော်စင်မ ဖြစ်ပြီးမှ ယောက်ျား ရှိကြောင်းနဲ့ ဝူမိသားစု အကြောင်း ကြေညာလိုက်မယ်”

“ကောင်းပြီ... ကိုယ် စောင့်နေမယ်...”

ဝူဟောက်သည် စုချောင်ရန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် အတွေးများဖြင့် ပြည့်နှက်နေသည်။ ဤရွေးချယ်မှု လုပ်ငန်းစဉ်မှာ ထင်သလောက် ရိုးရှင်းမည်မဟုတ်ကြောင်း သူ သံသယဖြစ်မိသည်။

မည်သို့ပင် ဖြစ်စေ ၊ မိမိ၏ ဇနီးဖြစ်သူသည် တစ်စုံတစ်ယောက်၏ မတရားပြုကျင့်မှုကို ခံရပါက ၊ ခင်ပွန်းသည် တစ်ယောက် အနေဖြင့် သူသည် ဘယ်တော့မှ လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

အထူးသဖြင့် ယခုအခါ သူသည် မဟာဧကရာဇ်နယ်ပယ်ကို ကျော်လွန်ပြီး လူသားအင်မော်တယ် နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်၏။

အကယ်၍ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေသည် ကိုယ့်သေလမ်းကို ရှာပါက ၊ သူ့အနေဖြင့် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ တစ်ခုလုံးကို ငရဲသို့ ပို့ဆောင်ပေးရန် ဝန်လေးနေမည် မဟုတ်ပော။

မကြာမီ စုချောင်ရန်သည် အဝတ်အစားများ ဝတ်ဆင်ပြီး ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ ပင်မခန်းမဆောင်ဆီသို့ ဦးတည်သွားခဲ့သည်။ ထိုအချိန်တွင် ပင်မခန်းမဆောင်၌ ယခင်က အလားအလာရှိသော သူတော်စင်မ အဖြစ် ရွေးချယ်ခံထားရသည့် မိုချိုက်ဟွမ်နှင့် လင်းယာဟွမ် တို့လည်း ရောက်ရှိလာကြသည်။ သို့သော် သူမတို့၏ လာရောက်မှုမှာ ဟန်ပြသက်သက်သာ ဖြစ်ကြောင်း သူမတို့နှစ်ဦးကိုယ်တိုင်လည်း သိထားကြသည်။

သူမတို့သည် လွန်ခဲ့သော ဆယ်နှစ်အတွင်း အတွေ့အကြုံများစွာကို စုဆောင်းခဲ့ပြီး သူတော်စင်နယ်ပယ်သို့ ရောက်ရှိခဲ့သော်လည်း၊ စုချောင်ရန်၏ ရှေ့မှောက်တွင်မူ ထ နည်းနည်းမှပင် ယှဉ်စရာမရှိချေ။ သို့ဖြစ်ရာ သူမတို့အနေဖြင့် စုချောင်ရန်သည် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ သူတော်စင်မတစ်ပါး ဖြစ်လာမည်ကို လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်သည်။

မုရုံရွှယ်နှင့် ပတ်သက်၍မူ ၊ သူမ၏ မျက်လုံးများသည် မှိတ်လျက် သင့်လျော်သော နေရာတွင် ထိုင်နေပြီး အတွေးထဲတွင် နစ်မြောနေပုံ ရသည်။

ပင်မခန်းမဆောင်၏ အတွင်းနှင့်အပြင်၌ မရေမတွက်နိုင်သော တပည့်များဖြင့် ပြည့်နှက်နေသည်။ အတွင်းစည်း တပည့်များနှင့် ကိုယ်ပိုင် တပည့်များက အတွင်း၌ ရှိနေပြီး အပြင်စည်း တပည့်များက အပြင်၌ ရှိကြသည်။

ခြွင်းချက်မရှိ သူတို့အားလုံးသည်လည်း ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ သူတော်စင်မသည် မည်သူဖြစ်လာမည်ကို မြင်တွေ့ရန် ရောက်ရှိလာခြင်း ဖြစ်ပေသည်။

အမှန်အားဖြင့် သူတို့၏ စိတ်ထဲတွင်လည်း တိကျသော အဖြေတစ်ခု ရှိထားပြီး ဖြစ်သည်။ ထိုသူမှာ စုချောင်ရန်ပင်တည်း။

အကယ်၍ စုချောင်ရန်သည် သူတော်စင်မ တစ်ပါး ဖြစ်မလာပါက ၊ ဤကိစ္စတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူတို့အားလုံး သံသယ ဝင်မိကြပေလိမ့်မည်။

မကြာမီတွင် စုချောင်ရန် ရောက်ရှိလာသည်နှင့် နေရာတွင် ရှိနေကြသော တပည့်များက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။

“သူတော်စင်မလေး စု... သူတော်စင်မ‌လေး စု... သူတော်စင်မလေး စု...”

ကြောက်မက်ဖွယ်ကောင်းသော အသံသည် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ အပြင်ဘက်တွင်ပင် ရှင်းလင်းစွာ ကြားနိုင်ပြီး ၊ တပည့်အများစုမှာ စုချောင်ရန်ကို မြင်သည်နှင့် အမာခံ ပရိသတ်အုပ်စု တစ်စုကဲ့သို့ စိတ်လှုပ်ရှားနေကြသည်။

သူမသည် လှပသည်။ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်သည်။ ပါရမီတွင်လည်း မယုံနိုင်လောက်အောင်ပင် ထက်မြက်လွန်းသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို မည်သူကများ မကြိုက်ဘဲ နေမည်နည်း။

တပည့်များ၏ အားပေးမှုကို ရင်ဆိုင်ရင်း စုချောင်ရန်သည် ညင်သာစွာ ပြုံးကာ လက်ကာပြလိုက်သည်။

“အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ သူတော်စင်မ ဖြစ်မယ့်ကိစ္စက အပြည့်အဝ မဆုံးဖြတ်ရသေးဘူး... ဒါကြောင့် ကျွန်မ သူတော်စင်မ ဖြစ်ပြီးမှပဲ အားပေးကြပါ”

“ သူတော်စင်မလေး စု က အရမ်း လှတာပဲ... သူ့ကလေးကို လိုချင်လိုက်တာ...”

“ သူတော်စင်မလေး စုက အရမ်း အစွမ်းထက်တာ... သူမသာ သူတော်စင်မ မဖြစ်ရင် ငါ ဇောက်ထိုး ရပ်ပြီး လမ်းလျှောက်ပြလိုက်မယ်”

“ သူတော်စင်မလေး စု အသက်ရာကျော် ရှည်ပါစေ...”

လူအုပ်ကြီး၏ အားပေးသံများကြားတွင် စုချောင်ရန်သည် မြင့်မြတ်နယ်မြေ၏ ပင်မခန်းမဆောင်ထဲသို့ တစ်လှမ်းချင်း လျှောက်သွားပြီး ၊ ခန်းမဆောင်၏ ရှေ့တွင် ထိုင်နေသော ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ အဆင့်မြင့် အဖွဲ့ဝင်များကို လိမ္မာပါးနပ်စွာ ပြုံးပြလိုက်သည်။

“အကြီးအကဲများ အားလုံးကို နှုတ်ခွန်းဆက်သပါတယ်... သခင်မြတ်ကို နှုတ်ခွန်းဆက်သပါတယ်”

“ကောင်းပြီ ချောင်ရန်... ရောက်လာပြီ ဆိုတော့ ဝင်ထိုင်ပါ”

အကြီးအကဲများက စုချောင်ရန်ကို အလေးထားသောကြောင့် သူမ ဝင်ရောက်လာသည်ကို မြင်သည်နှင့် နွေးထွေးစွာ နှုတ်ဆက်ကြသည်။

နေရာထိုင်ခင်းကို ကြိုတင် စီစဉ်ထားပြီး ဖြစ်ရာ စုချောင်ရန်သည် မုရုံရွှယ်၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။ မုရုံရွှယ်သည် ဂရုမစိုက်သော အမူအရာဖြင့် ထိုင်နေသည်ကို မြင်ပြီး သူမသည် အလိုအလျောက် မျက်မှောင်ကြုတ်သွားသည်။

မုရုံရွှယ် အကြောင်း သူမ နားလည်ထားသလောက် ဆိုရလျှင်ဖြင့် ၊ မုရုံရွှယ်သည် ယခုလို တည်ငြိမ်နေမည့်သူ မဟုတ်ပေ။ မုရုံရွှယ်သည် ဤသို့ ပြုမူနေပါက ၊ အခြေအနေ တစ်ခုတည်းသာ ရှိသည်။ သူမကိုယ်သူမ အနိုင်ရမည်ဟု သေချာနေခြင်းပင်။

ခွန်အား၊ ပါရမီနှင့် ရုပ်ရည်သွင်ပြင် အရ ၊ မုရုံရွှယ်သည် သူ့ပြိုင်ဘက် မဟုတ်သည်မှာ ထင်ရှားသည်။ ဤအခြေအနေမျိုးတွင် မုရုံရွှယ် အနေဖြင့် အခြေအနေကို ပြောင်းပြန်လှန်နိုင်ရန် နည်းလမ်းတစ်ခုသာ ရှိသည်။ ဤသည်မှာ သူမသည် သူ့အား ထိခိုက်နစ်နာစေမည့် သက်သေအထောက်အထားကို ရှာတွေ့ထားပြီ ဖြစ်ပေမည်။

“ငါ ယောက်ျားနဲ့ လက်ထပ်ထားတာကို သက်သေ ရှာတွေ့သွားတာများလား... ဒါပေမဲ့လည်း မဖြစ်နိုင်ဘူး.. ယောက်ျားနဲ့ ငါက အဲဒီတုန်းက တောင်ပေါ်မှာ သီးခြား နေခဲ့ကြတာ... ငါတို့ လက်ထပ်ထားတာ ဘယ်သူမှ သိစရာ အကြောင်းမရှိဘူး... တစ်ယောက်ယောက်က တိုက်ဆိုင်ပြီး ဖြတ်သွားတာကို ငါ သတိမထားမိတာများလား”

“ထားလိုက်ပါတော့... မုရုံရွှယ်က တကယ်ကြီး ဖွင့်ချလာရင်လည်း သူမကို လက်ဆောင်ကြီး ကြီးမားမားပေးဖို့ ဝန်လေးနေမှာမဟုတ်ဘူး”

ထိုအရာ တွေးရင်း စုချောင်ရန်သည် အေးအေးလူလူ စောင့်ဆိုင်းနေလိုက်သည်။

မွန်းတည့်ချိန် နီးကပ်လာသည်နှင့် မုရုံဟွမ်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး စကားစလိုက်သည်။

“အားလုံးပဲ... မွန်းတည့်ချိန် ရောက်ပြီ... ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ သူတော်စင်မ ရွေးချယ်ပွဲ စတင်ကြောင်း ဒီနေရာကနေ ကြေညာလိုက်ပါတယ်... ပန်းတစ်သောင်းမြင့်မြတ်နယ်မြေက တပည့်တွေ အားလုံး ဖုန်းတွေ ထုတ်ပြီး ကိုယ်ကြိုက်တဲ့ သူတော်စင်မကို မဲပေးနိုငိပါတယ်”

မုရုံဟွမ်၏ စကားဆုံးသည်နှင့် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေမှ တပည့်များ အားလုံးသည် ကိုယ်စီကိုယ်စီ ဖုန်းများ ထုတ်လိုက်ကြပြီး ၊ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ တရားဝင် ဝဘ်ဆိုက်ကို ဖွင့်ကာ အလားအလာရှိသော သူတော်စင်မလေးဦးကို စတင် မဲပေးလိုက်ကြသည်။

မှန်၏။ ဤသည်မှာ မိုဘိုင်းဖုန်းဖြင့် မဲပေးခြင်း ဖြစ်သည်။

ဝူမိသားစု ကုန်သည်အသင်းသည် အလယ်ပိုင်းဒေသတွင် အချိန်ငါးနှစ်‌ကြာ တည်ငြိမ်စွာ နေရာယူထားခဲ့ပြီး ၊ ဝူချီထျန်းသည် သူ၏ မိုဘိုင်းဖုန်းကို မိတ်ဆက်ရန် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့သည်။

ဤငါးနှစ် အတွင်း အလယ်ပိုင်းဒေသ တစ်ခုလုံးတွင် မိုဘိုင်းဖုန်းများကို တွင်ကျယ်လာအောင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ဝူဝမ်တောက်နှင့် အခြားသူများ အနေဖြင့်လည်း ဝူမိသားစု ကုန်သည်အသင်းကို တည်ငြိမ်အောင် ဆောင်ရွက်ခဲ့ပြီး ဒေသအနှံ့အပြားတွင် မိုဘိုင်းဖုန်းများ ပျံ့နှံ့အောင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

မုရုံဟွမ်နှင့် အခြားသူများ အနေဖြင့် ၊ ဤမိုဘိုင်းဖုန်းများသည် သူတို့၏ ဘဝတွင် အမှန်တကယ် အသုံးဝင်ပြီး အဆင်ပြေကြောင်း တွေ့ရှိခဲ့ကြသည်။ ထို့ပြင် ဝူဟောက်၏ ကြောက်မက်ဖွယ် အင်အားကြောင့် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ တစ်ခုလုံးက ယင်း၏ တပည့်များကြားတွင် မိုဘိုင်းဖုန်း အသုံးပြုမှုကို အားတက်သရော စတင် မြှင့်တင်ခဲ့ကြသည်။

ဤတစ်ကြိမ် ကျင်းပသော သူတော်စင်မ ရွေးချယ်ပွဲကိုပင် မိုဘိုင်းဖုန်းများကို အသုံးပြု၍ ပြုလုပ်ခဲ့ခြင်းသည် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေသည် ခေတ်နှင့်အညီ လိုက်ပါ ဆောင်ရွက်နေကြောင်း ပြသနေလေ၏။

All Chapters