← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅) - မုရုံရွှယ်၏ ဖွင့်ချမှုက ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ တပည့်များကို ဒေါသထွက်စေသည်

မုရုံဟွမ်၏ စကားဆုံးသည်နှင့် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ တစ်ခုလုံးမှ တပည့်များက ရူးသွပ်စွာ မဲပေးကြတော့သည်။

သို့သော် မဲပေးခွင့်သည် တပည့်၏ အဆင့်ပေါ် မူတည်၍ ကွဲပြားခြားနားကြသည်။

အပြင်စည်း တပည့်များသည် တစ်ဦးကို တစ်မဲသာ ပေးခွင့်ရှိပြီး ၊ အတွင်းစည်း တပည့်များသည် တစ်ဦးကို ဆယ်မဲ ၊ တပည့်ရင်းများသည် တစ်ဦးကို မဲတစ်ရာ ၊ အပြင်စည်း အကြီးအကဲများသည် တစ်ဦးကို မဲတစ်ထောင် ၊ အတွင်းစည်း အကြီးအကဲများသည် တစ်ဦးကို မဲတစ်သောင်း ၊ ဂိုဏ်းစောင့် အကြီးအကဲတစ်ဦးသည် မဲငါးသောင်း ဖြစ်ပြီး သခင်မြတ် ဖြစ်သည့် မုရုံဧကရာဇ်သည် မဲတစ်သိန်း ထိ ပေးခွင့်ရှိသည်။

မုရုံဟွမ် တစ်ယောက်တည်းဖြင့် မုရုံရွှယ်သည် သူတော်စင်မ ဖြစ်မလာနိုင်သောကြောင့် ၊ အစပိုင်းတွင် မုရုံဟွမ်သည် သူ၏ဘက်တော်သားများကို မုရုံရွှယ်အား ကူညီရန် အမိန့်ပေးခဲ့သည်။

ထို့ကြောင့် လက်ရှိတွင် မိုချိုက်ဟွမ်နှင့် လင်းယာဟွမ်တို့မှာ လူကြိုက်အနည်းဆုံး ဖြစ်ကြောင်း ထင်ရှားပေသည်။ နာရီဝက် ကြာသွားသော်လည်း မဲအရေအတွက် တစ်သောင်းသာ ပြည့်ခဲ့သည်။ ယင်းမှာလည်း လူအချို့က သူမတို့ကို သနားသောကြောင့်သာ ဖြစ်၏။

မုရုံရွှယ်နှင့် စုချောင်ရန် ကြားက ကွာခြားချက်သည် ထင်ထားသလောက် မကြီးမားခဲ့ချေ။ မဲအရေအတွက် တစ်သိန်းသာ ကွာခြားသည်။ စုချောင်ရန်သညမ မဲနှစ်သိန်း ရရှိထားပြီး မုရုံရွှယ်သည် မဲတစ်သိန်း ရရှိထားသည်။

မုရုံဟွမ်၏ စီစဉ်မှုသာ မရှိခဲ့လျှင်ဖြင့် စုချောင်ရန်သည် မဲ အရေအတွက် သုံးသိန်းထိ ရရှိနိုင်သော်လည်း လက်ရှိ အခြေအနေမှာ အကောင်းဘက်သို့ ဦးတည်မနေပေ။

မုရုံရွှယ် အနေဖြင့် အသာစီးရရန် မဖြစ်နိုင်တော့သည်ကို မြင်လိုက်ရသဖြင့် မုရုံဟွမ်သည် သူ၏ ရည်ရွယ်ချက်များကို ဖုံးကွယ်မထားတော့ဘဲ သူ၏ မဲတစ်သိန်းကို မုရုံရွှယ်ကို မဲပေးလိုက်သည်။

မုရုံဧကရာဇ်၏မျက်လုံးထဲတွင် ၊ မုရုံရွှယ်နှင့် စုချောင်ရန်တို့ ကြားက ပါရမီသည် ကြီးမားစွာ ကွာဟချက်မရှိသည်ဟု ယူဆထားသည်။ သို့မဟုတ်ပါက သူသည် မုရုံရွှယ်ကို ဘယ်တော့မှ မဲပေးမည် မဟုတ်ပေ။

သို့သော် မုရုံဟွမ် လှုပ်ရှားလိုက်ပြီးသည်နှင့် ဂိုဏ်းစောင့် အကြီးအကဲ ငါးဦးကလည်း မဲစတင် ပေးလိုက်ကြသည်။ သူတို့ထဲမှ လေးဦးသည် စုချောင်ရန်ကို မဲပေးပြီး ၊ ကျန်တစ်ဦးသည် မုရုံရွှယ်ကို မဲပေးလိုက်ရာ မဲအရေအတွက်မှာ ပြန်လည် မြင့်တက်လာပြီး မုရုံရွှယ်ကို မဲငါးသောင်းဖြင့်ပင် ကျော်တက်သွားခဲ့သည်။

တစ်နာရီကြာ မဲပေးချိန် ပြီးဆုံးသွားပြီး နောက်တွင် အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်လိုက်သည်။

မိုချိုက်ဟွမ်သည် မဲ ၂၀,၀၀၀ ဖြင့် နောက်ဆုံးမှ လိုက်နေပြီး ၊ လင်းယာဟွမ်သည် မဲ ၅၀,၀၀၀ ဖြင့် တတိယ၊ မုရုံရွှယ်သည် မဲ ၃၅၀,၀၀၀ ဖြင့် ဒုတိယ ၊ စုချောင်ရန်သည် မဲ ၄၅၀,၀၀၀ ဖြင့် ပထမ ရရှိသွားသည်။

ဤသည်ကို မြင်လိုက်ရသဖြင့် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေမှ တပည့်များက ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။

“စီနီယာအစ်မ စုက တကယ်ကို မိုက်တာပဲ... စီနီယာအစ်မ စုက သူတော်စင်မ ဖြစ်မယ်ဆိုတာ ငါ သိနေတယ် “

“ စီနီယာအစ်မ စု အသက်ရှည်ပါစေ “

“ငါ ထင်သားပဲ... စီနီယာအစ်မ စုသာ သူတော်စင်မ မဖြစ်ရင် ငါတို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေမှာ တစ်ခုခု မှားနေပြီလို့ ငါ သံသယဝင်မိမှာ”

တပည့်များ၏ အားပေးသံများကို ကြားလိုက်ရသဖြင့် စုချောင်ရန်ကို မဲပေးခဲ့သော အကြီးအကဲများကလည်း ကျေနပ်သော မျက်နှာထားများဖြင့် ရှိနေကြသည်။

မည်သို့ပင်ဆိုစေကာမူ ၊ သူတို့သည် စုချောင်ရန်ကို ငယ်စဉ်ကတည်းက အထင်ကြီးခဲ့ကြပြီး စုချောင်ရန်သာ သူတော်စင်မတစ်ပါး ဖြစ်လာခဲ့ပါက ၊ သူတို့၏ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေသည် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုအသစ်များကို ဖန်တီးကာ ရှေးဟောင်း ဂုဏ်ကျက်သရေကို ပြန်လည် ရရှိစေမည်ဟု ယုံကြည်ထားသည်။

မုရုံဧကရာဇ်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။ ဤသည်မှာ ဖြစ်နိုင်ခြေ အရှိဆုံး ရလဒ်ဟု ခန့်မှန်းထားသော်လည်း တကယ်တမ်း ဖြစ်လာသောအခါ အနည်းငယ် စိတ်မကောင်း ဖြစ်မိသည်။

သို့သော် သမီးဖြစ်သူ မုရုံရွှယ်ကို ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ သူတော်စင်မ ဖြစ်စေရန်အတွက် သူ့အနေဖြင့် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ တစ်ခုလုံးကို ဆန့်ကျင်ရန် မဖြစ်နိုင်ပေ။

အကယ်၍ ဤကိစ္စကြောင့် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေမှ တပည့်များသည် အခြား မြင့်မြတ်နယ်မြေများသို့ ထွက်ခွာသွားပါက ၊ ပန်းတစ်သောင်း မြင့်မြတ်နယ်မြေအတွက် ဆုံးရှုံးမှု ဖြစ်လာပေလိမ့်မည်။

ဤသည်ကို တွေးမိသဖြင့် မုရုံဧကရာဇ်သည် မတ်တတ်ထရပ်ပြီး စုချောင်ရန်အား ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ သူတော်စင်မ အဖြစ် ကြေညာရန် ဟန်ပြင်လိုက်စဉ် ၊

ထိုအချိန်တွင် မုရုံရွှယ်သည် မတ်တတ်ထရပ်လိုက်ပြီး ပြတ်သားစွာ ပြောဆိုလိုက်သည်။

“ခဏလေး... ကျွန်မ ပြောစရာ ရှိသေးတယ်”

မုရုံရွှယ်သည် မတ်တတ်ထရပ်လိုက်သည်ကို မြင်လိုက်ရသဖြင့် စုချောင်ရန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး တွေးလိုက်မိသည်။

“အဲ့လိုကိုး... အဆိုးဆုံးအတွက် ပြင်ဆင်ထားရမယ့်ပုံပဲ”

မုရုံဟွမ်၏ မျက်လုံးများသည် အရောင်တောက်သွားသည်။ သမီးဖြစ်သူတွင် တခြား လှည့်ကွက်များ ရှိနေသေးသလော။

ထိုအတိုင်း တွေးမိသဖြင့် မုရုံဟွမ်သည် ချောင်းဟန့်လိုက်ပြီး တမင်တကာ ပြောလိုက်သည်။

“မုရုံရွှယ်... မတ်တတ်ထရပ်ပြီး ဘာပြောချင်လို့လဲ”

မုရုံရွှယ်သည် ပင်မခန်းမဆောင်၏ အလယ်သို့ ဖြည်းညင်းစွာ လျှောက်သွားပြီးနောက် ၊ လူတိုင်းကို ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။

“ကျွန်မ အခု ပြောမယ့်အရာက ရှင်တို့ရဲ့ သူတော်စင်မလေး စု နဲ့ သက်ဆိုင်ပါတယ်”

မုရုံရွှယ်သည် စုချောင်ရန်ကို တည့်တည့် လက်ညှိုးထိုးပြလိုက်သဖြင့် စုချောင်ရန်၏ နောက်လိုက်များစွာသည် ချက်ချင်းဆိုသလို ဒေါသထွက်သွားကြသည်။

“မုရုံရွှယ်က ဘာဖြစ်နေတာလဲ... ဒေါသထွက်ပြီး ပတ်ရမ်းနေတာလား... ဒါမှမဟုတ် လျှို့ဝှက်ချက်တချို့ကို ဖွင့်ချဖို့ စီစဉ်နေတာလား”

“ဘယ်သူက ဂရုစိုက်လို့လဲ... ငါတို့ သူတော်စင်မလေး စုကသာ အကောင်းဆုံးပဲ... ငါတို့ရဲ့ သူတော်စင်မလေး စုကို ငါတို့က အမြဲ ကာကွယ်ပေးမှာ”

“မုရုံရွှယ်ရဲ့ ခွေးပါးစပ်ထဲက ဘာအစွယ်ထွက်လာမလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်...”

မုရုံရွှယ်သည် မည်သည့် လှည့်ကွက်များ ထုတ်သုံးလာမည်ကို လူတိုင်း သိချင်နေကြပြီး ၊ မလိုမုန်းထားသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

သို့သော် မုရုံရွှယ်သည် သူတို့ကို လျစ်လျူရှုလိုက်ပြီး ၊ မှတ်တမ်းတင်ကျောက်တုံးကို ထုတ်ကာ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ အဆင့်မြင့် အဖွဲ့ဝင်များကို ကြည့်၍ ပြောလိုက်၏။

“လူကြီးမင်းတို့... ဒီမှာ ကျွန်မတို့ သူတော်စင်မလေး စုရဲ့ မင်္ဂလာဆောင် ဗီဒီယို တစ်ခု ရှိပါတယ်... သူမ ကျွန်မတို့ကို ဘာတွေ လိမ်ညာထားသလဲ ဆိုတာ သိရအောင် ရှင်တို့ အားလုံး ကြည့်သင့်တယ်လို့ ကျွန်မ ထင်တယ်”

မည်သူမျှ မတုံ့ပြန်နိုင်မီ ၊ မုရုံရွှယ်သည် မှတ်တမ်းတင်ကျောက်တုံးမှ ပုံရိပ်ကို ထုတ်လွှင့်လိုက်သည်။

မြင်ကွင်းတစ်ခုသည် မှတ်တမ်းတင်ကျောက်တုံးမှ ရုတ်တရက်ပင် ပေါ်ထွက်လာပြီး စုချောင်ရန်နှင့် ဝူဟောက်တို့၏ မင်္ဂလာဆောင်နေ့ကို ပြသနေ၏။ ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေမှ တပည့်များ အားလုံး အံ့အားသင့်သွားကြသည်။

စုချောင်ရန်သည် အိမ်ထောင်ပြုထားသည်ကို သိလိုက်ရသဖြင့် သူတို့အားလုံး တုန်လှုပ်သွားကြသည်။ စုချောင်ရန်သည် သူတို့အတွက် နတ်ဘုရားမ တစ်ပါးပင် ။ ယခုလို မြင်လိုက်ရသည်မှာ သူတို့၏စိတ်နှလုံးသားကို ကြေမွသွားစေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသော်လည်း စုချောင်ရန်၏ မျက်နှာထားမှာ တည်ငြိမ်နေ‌ဆဲပင် ဖြစ်သည်။

သူမသည် ရလဒ် တစ်ခုတည်း အတွက်သာ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေတွင် နေခဲ့ခြင်း ဖြစ်ပြီး ယင်းမှာ သူတော်စင်မ ဖြစ်လာရန်ပင် ဖြစ်သည်။ ထို့ပြင် သူမသည် မူလကတည်းက ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရှိ လူများကို ဖုံးကွယ်ထားရန် စိတ်ကူးမရှိဘဲ သူတော်စင်မ ဖြစ်လာပြီးနောက် ကြေညာရန် ဆုံးဖြတ်ထားခဲ့သည်။

မုရုံရွှယ်၏ လက်ရှိ လုပ်ရပ်များသည် စုချောင်ရန်အား အခွင့်အရေးကောင်း တစ်ခု ပေးလိုက်သလိုပင်။ စုချောင်ရန်ဘက်မှ စကားမစမီ ၊ မုရုံရွှယ်က ဆက်၍ ဖိအားပေးလိုက်သည်။

“ရှင်တို့ အားလုံး မြင်တဲ့အတိုင်းပဲ... စုချောင်ရန်က သူတော်သင်မ မဖြစ်ခင်ကတည်းက တစ်ယောက်ယောက်နဲ့ လက်ထပ်ထားတာ.. ဒါက ကျွန်မတို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ စည်းကမ်းတွေကို ချိုးဖောက်နေတာ ထင်ရှားတယ်... အဲ့တော့ စုချောင်ရန်က သူတော်စင်မ ဖြစ်ဖို့ အရည်အချင်း မပြည့်မီဘူးလို့ ကျွန်မ ထင်တယ်”

“ပြီးတော့ ဒီမှာ ပါတဲ့ မြင်ကွင်းတွေ အားလုံး အစစ်အမှန် ဖြစ်ကြောင်း ကျွန်မ အသက်နဲ့ ရင်းပြီး ကျိန်ဆိုပါတယ်... မယုံရင် စစ်ဆေးကြည့်လို့ ရတယ်”

မုရုံရွှယ်၏ စကားဆုံးသည်နှင့် လူတိုင်း တိတ်ဆိတ်သွားကြသည်။ သို့သော် တပည့်များစွာသည် ဤအမှန်တရားကို သိရှိပြီးနောက် စုချောင်ရန်ကို ပြစ်တင်ရှုတ်ချကာ မောင်းထုတ်ကြလိမ့်မည် ဟူသော သူမ စိတ်ကူးထားသည့် မြင်ကွင်းမှာ ဖြစ်မလာခဲ့ပေ။

ယင်းအစား လူတိုင်းက ဝမ်းနည်းပူဆွေးသော မျက်နှာထားများဖြင့် ပြောဆိုကြလေသည်။

“ သူတော်စင်မလေး စု... အိမ်ထောင်ပြုထားရုံနဲ့ ကျွန်တော်တို့ သူတော်စင်ကို မမုန်းပါဘူး.. သူတော်စင်မ ပျော်ရွှင်ရမယ်နော် “

“ဟုတ်တယ်.. သူတော်စင်မလေး စု အနေနဲ့ မတရားရဘူးလို့ ခံစားရတာနဲ့ အဲဒီလူကို ထားခဲ့ပြီး ကျွန်တော်တို့ ပန်းတစ်သောင်း မြင့်မြတ်နယ်မြေဆီ ပြန်လာခဲ့ပါ... ကျွန်တော်တို့က သူတော်စင်မရဲ့ မိသားစု အမြဲ ဖြစ်နေမှာပါ”

“ဟုတ်တယ်... ရင်ကွဲစရာ ကောင်းပေမယ့် ကျွန်တော်တို့ စိတ်ရင်းမှန်နဲ့ ပြောချင်တာက သူတော်စင်အ ပျော်ရွှင်ပါစေ”

“သွားလိုက်ပါ သူတော်စင်မလေး စု ... သူတော်စင်မလေး စု က ကျွန်တော်တို့ ရင်ထဲမှာ အမြဲတမ်း အကောင်းဆုံး သူတော်စင်မတစ်ပါး ဖြစ်နေမှာပါ”

မုရုံရွှယ် - “? ? ?”

အခန်း (၄၆ )- မုရုံဧကရာဇ် ဇာတ်သိမ်းသွားပြီလား

မုရုံရွှယ်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး အေးစက်သော အပြုံးတစ်ခုက သူမ၏ နှုတ်ခမ်းသားထက်တွင် ဖြစ်ပေါ်လာသည်။

မှန်၏ ။ ဤတစ်ကြိမ် သူတော်စင်မ ရွေးချယ်ပွဲတွင် ပါဝင်ခဲ့ကြသော တပည့်များ၏ ထင်မြင်ချက်များမှာ တကယ်တမ်းတွင် အရေးမပါချေ။

အရေးကြီးဆုံးမှာ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ အဆင့်မြင့် ပုဂ္ဂိုလ်များ၏လက်ထဲ၌ တည်ရှိသည်။ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေမှ တပည့်များ အားလုံး မဲပေးကြမည်ဆိုတောင် မဲတစ်သိန်းသာ ရှိပေမည်။ ထို့ကြောင့် နောက်ဆုံး ဆုံးဖြတ်ချက်မှာ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ အဆင့်မြင့် ပုဂ္ဂိုလ်များပေါ်တွင် မူတည်သည်။

ဤသည်ကို တွေးမိသဖြင့် မုရုံရွှယ်၏ မျက်လုံးများက ဖခင်ဖြစ်သူ မုရုံဟွမ်အား မျှော်လင့်တကြီး ကြည့်လိုက်သည်။ မုရုံဟွမ်သည် မုရုံရွှယ်၏ အတွေးကို သိလိုက်ပြီး ချောင်းဟန့်လိုက်ကာ တရားသဖြင့် ပြောလိုက်၏။

“တိတ်ကြစမ်း”

မုရုံဟွမ် စကားပြောလိုက်သည်နှင့် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေမှ တပည့်များ အားလုံး ငြိမ်သက်သွားပြီး သူ့ကို ကြည့်လိုက်ကြသည်။

မုရုံဧကရာဇ်က တုံ့ဆိုင်းခြင်းမရှိ ပြောကြားလိုက်သည်။

“အားလုံးပဲ... ကျွန်ုပ်တို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ တပည့်တွေက အိမ်ထောင်မပြုခင် အဆင့်မြင့် ပုဂ္ဂိုလ်တွေရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်... အထူးသဖြင့် သူတော်စင်မပေါ့... ဒါပေမဲ့ အခု စုချောင်ရန်က ထူးဆန်းတဲ့ ယောက်ျားတစ်ယောက်နဲ့ မဆင်မခြင် လက်ထပ်ထားတာက ကျုပ်တို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ စည်းကမ်းတွေကို ချိုးဖောက်လိုက်တာပဲ”

“ဒါကြောင့် စုချောင်ရန်ရဲ့ သူတော်စင် ရာထူးကို ရုပ်သိမ်းလိုက်ကြောင်းနဲ့ မုရုံရွှယ်ကို သူ့အစား ခန့်အပ်လိုက်ကြောင်း ဒီနေရာကနေ ကြေညာလိုက်ပါတယ်”

ဖခင်ဖြစ်သူ၏ စကားကို ကြားလိုက်ရသဖြင့် မုရုံရွှယ်မှာ စိတ်လှုပ်ရှားမှုများ တက်ကြွလာပြီး စုချောင်ရန်ကို လှမ်းကြည့်လိုက်သည်။

သူမ၏ မျက်ဝန်းထဲ၌ ကျေနပ်အားရမှုနှင့် ရန်စမှုများ ပြည့်နှက်နေသည်။ သို့သော် ထိုအချိန်တွင် အကြီးအကဲချုပ်က ဝင်ပြောလိုက်သည်။

“သခင်မြတ်... ဒီလုပ်ရပ်က နည်းနည်း မသင့်တော်ဘူးလို့ ထင်ပါတယ်... ချောင်ရန်က ကျွန်တော်တို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံး ပါရမီရှင်ပါ... သူက အသက် တစ်ရာ မပြည့်ခင်မှာပဲ မဟာသူတော်စင် အထွတ်အထိပ်ကို ရောက်ရှိခဲ့တာ... ချောင်ရန်ကို အခွင့်အရေး ပေးသင့်တယ်လို့ ထင်ပါတယ် “

“ဟုတ်တယ် သခင်မြတ်... ဒါ့အပြင် ချောင်ရန်ရဲ့ တာအိုအဖော်က ဘယ်သူလဲ ဆိုတာ မသိရသေးဘူး... သူကလည်း ပါရမီရှင် တစ်ယောက် ဖြစ်နေရင် ချောင်ရန်ကို ကျွန်တော်တို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ သူတော်စင်မအဖြစ် ဆက်လက် ရှိနေခွင့် ပေးသင့်တယ်လို့ ထင်ပါတယ်”

ဒုတိယ အကြီးအကဲကလည်း ဝင်ပြောလိုက်သည်။ ပထမ အကြီးအကဲနှင့် ဒုတိယ အကြီးအကဲတို့ ပြောပြီးနောက် တတိယ အကြီးအကဲနှင့် စတုတ္ထ အကြီးအကဲတို့ကလည်း ဝင်ပြောကြသည်။

“ဟုတ်တယ်... ဒီကိစ္စ တစ်ခုတည်းကြောင့် ချောင်ရန်ကို သူတော်စင်မ ရာထူးကနေ ဖယ်ရှားလိုက်တာက အရမ်း မတရားရာ ကျပါတယ်”

“ ကျွန်တော်လည်း အဲ့လိုခံစားရတယ်... ချောင်ရန်ကို အခွင့်အရေး ပေးသင့်ပါတယ် “

ဂိုဏ်းစောင့် အကြီးအကဲ လေးဦးစလုံး ရှေ့ထွက်လာသည်ကို ကြားလိုက်ရသဖြင့် မုရုံဟွမ်၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ဖြတ်သန်းသွားသည်။

သာမန် စုချောင်ရန် တစ်ယောက်က ဂိုဏ်းစောင့် အကြီးအကဲ လေးဦးစလုံးကို ရှေ့ထွက်လာအောင် လှုံ့ဆော်နိုင်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ ဂိုဏ်းစောင့် အကြီးအကဲ ဖြစ်ရန် ၎င်းတို့သည် ဧကရာဇ်တစ်ပိုင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိရန် လိုအပ်ပေသည်။

ပန်းတစ်သောင်းမြင့်မြတ်နယ်မြေတွင် သို့မဟုတ် မြင့်မြတ်နယ်မြေ အားလုံးတွင် သူတော်စင်ဘုရင်နယ်ပယ်သို့ ရောက်ရှိသူများသာ အပြင်စည်း အကြီးအကဲများ ဖြစ်နိုင်ပြီး၊ အာဏာရှင်နယ်ပယ်သို့ ရောက်ရှိသူများသာ အတွင်းစည်း အကြီးအကဲများ ဖြစ်နိုင်သညမ။ ဧကရာဇ်တစ်ပိုင်း နှောင်းပိုင်းအဆင့် သို့မဟုတ် ထိုနယ်ပယ် အထက်ရှိသူများသာ ဂိုဏ်းစောင့် အကြီးအကဲများ ဖြစ်လာနိုင်သည်။

ပထမ အကြီးအကဲနှင့် ဒုတိယ အကြီးအကဲမှလွဲ၍ ကျန် အကြီးအကဲ သုံးဦးမှာ ဧကရာဇ်တစ်ပိုင်း နှောင်းပိုင်းအဆင့်တွင် ရှိကြပြီး ပထမ အကြီးအကဲနှင့် ဒုတိယ အကြီးအကဲတို့မှာ ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်သို့ ရောက်ရှိထားပြီး ဖြစ်သည်။

ဂိုဏ်းစောင့် အကြီးအကဲ ငါးဦးအနက် ပဉ္စမ အကြီးအကဲ တစ်ဦးတည်းသာ မုရုံဟွမ်၏ လူ ဖြစ်သည်။ ထို့ကြောင့် ပဉ္စမ အကြီးအကဲက ပထမ အကြီးအကဲနှင့် အခြားသူများ ရှေ့ထွက်လာသည်ကို မြင်သောအခါ မုရုံဟွမ်၏ ဘေးနားသို့ တုံ့ဆိုင်းခြင်း မရှိဘဲ ရောက်လာပြီး ပြောလိုက်၏။

“အားလုံးပဲ... ကျုပ်တို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာတာ ကြာပြီ ဆိုတော့ ဂိုဏ်းစည်းကမ်းတွေကို ပြောင်းလဲလို့ မရဘူး ဆိုတာ ခင်ဗျားတို့ အားလုံး သိသင့်ပါတယ်... ကျုပ်တို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေက နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ အကြောင်းရင်းက ဂိုဏ်းစည်းကမ်းတွေကြောင့်ပါ... စုချောင်ရန်ရဲ့ ပါရမီက ကျုပ်တို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ သမိုင်းမှာ အစွမ်းထက်ဆုံး သူတော်စင်မ ဖြစ်တယ် ဆိုတာ ကျုပ် ဝန်ခံပါတယ်... ဒါပေမဲ့ စုချောင်ရန်အတွက်နဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ဖို့က မဖြစ်နိုင်ဘူး”

“ဂိုဏ်းစည်းကမ်းတွေကို ထင်သလို ပြောင်းလဲလိုက်ရင် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ ဂုဏ်သိက္ခာ ဘယ်မှာ ရှိတော့မလဲ”

“ဒါ့အပြင် မုရုံရွှယ်ရဲ့ ပါရမီက စုချောင်ရန်လောက် မနိမ့်ပါဘူး... မုရုံရွှယ်ကို သူတော်စင်မအဖြစ် ခန့်အပ်လိုက်တာက ပန်းတစ်သောင်းမြင့်မြတ်နယ်မြေအတွက် အရှက်ရစရာ ဖြစ်မှာ မဟုတ်ပါဘူး... စုချောင်ရန်နဲ့ ပတ်သက်ပြီးတော့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေက သူ့အမှားတွေအတွက် အပြစ်ပေးမှာ မဟုတ်ပေမယ့် သူတော်စင်မအဖြစ် ပေးလုပ်မှာ မဟုတ်ပါဘူး”

“ဒါက လက်ရှိ အကောင်းဆုံး ဖြေရှင်းနည်းလို့ ကျုပ် ယုံကြည်ပါတယ်”

ပဉ္စမ အကြီးအကဲ၏ စကားကို ကြားလိုက်ရသဖြင့် ဒုတိယ အကြီးအကဲက ချက်ချင်း ဆဲဆိုလိုက်သည်။

“ထွက်သွားစမ်း... သူတို့ကို ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ... ချောင်ရန်နဲ့ မုရုံရွှယ်က အသက်ချင်း တူပေမယ့် တစ်ယောက်က မဟာသူတော်စင် အထွတ်အထိပ် အဆင့်မှာ ရှိပြီး နောက်တစ်ယောက်က သူတော်စင် အထွတ်အထိပ် အဆင့်မှာ ရှိနေတာ... လုံးဝ ယှဉ်လို့ မရဘူး... ပုံမှန်ဆို ငါ ဘာမှ ပြောမှာ မဟုတ်ပေမယ့် အခု အလားအလာရှိတဲ့ ပါရမီရှင် တစ်ယောက်ကို ဖိနှိပ်နေတာကို ငါက ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ... ဘာပဲဖြစ်ဖြစ် ဒီနေ့ ငါ ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်... စုချောင်ရန်သာ သူတော်စင်မ မဟုတ်ရင် ဒီပန်းတစ်သောင်း မြင့်မြတ်နယ်မြေကနေ ထွက်သွားတာ ပိုကောင်းလိမ့်မယ် “

ဒုတိယ အကြီးအကဲ စကားဆုံးသည်နှင့် လူတိုင်း တုန်လှုပ်သွားကြသည်။ ဒုတိယ အကြီးအကဲသည် စုချောင်ရန်အတွက် ဤမျှထိ လုပ်ဆောင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ ဤသည်ကို ကြားလိုက်ရသဖြင့် မုရုံဟွမ်၏ မျက်နှာထားသည် အနည်းငယ် ပြောင်းလဲသွားပြီး အုံ့မှိုင်းသော လေသံဖြင့် ပြောလိုက်၏။

“ဒုတိယ အကြီးအကဲ... ခင်ဗျား ပြောလိုက်တာကို အခု ပြန်ရုပ်သိမ်းရင် သခင်မြတ် ဖြစ်တဲ့ ကျုပ်က မကြားလိုက်ဘူးလို့ ဟန်ဆောင်ပေးလို့ ရတယ်... ခင်ဗျားက ကျုပ်တို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေကို ဘာမှတ်နေသလဲ”

ဒုတိယ အကြီးအကဲ စကားမပြောမီ ၊ ပထမ အကြီးအကဲက ဝင်ပြောလိုက်သည်။

“သခင်မြတ်... စုချောင်ရန်အပေါ် ဆက်ဆံပုံက တကယ်ကို မသင့်တော်ပါဘူး... ချောင်ရန်ရဲ့ ပါရမီက သာမန်သာဆိုရင် ကျုပ်တို့ကလည်း ဘာမှ ပြောမှာ မဟုတ်ပါဘူး... ဒါပေမဲ့ သခင်မြတ် ခင်ဗျားတောင်မှ ချောင်ရန်ရဲ့ အသက်အရွယ်တုန်းက သူတော်စင်နယ်ပယ်မှာပဲ ရှိသေးတယ်”

“ဒါ့အပြင် ချောင်ရန်ရဲ့ ပါရမီနဲ့ ဆိုရင် ကျုပ်တို့ ပန်းတစ်သောင်း မြင့်မြတ်နယ်မြေကို အထွတ်အထိပ်ထိ ဦးဆောင်သွားဖို့ ဆိုတာ မဖြစ်နိုင်တဲ့အရာ မဟုတ်ဘူး... ဒါကြောင့် ကျုပ်ရဲ့ အကြံပြုချက်ကတော့ သူ့ကို သက်ညှာစွာ ကိုင်တွယ်ဖို့ပဲ... အဲဒီ တာအိုအဖော်နဲ့ ပတ်သက်ပြီးက သတ်လိုက်ရင်လည်း ရတာပဲ... ဒါပေမဲ့ အရေးအကြီးဆုံးက စုချောင်ရန်ကို ကျုပ်တို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ တပည့်အဖြစ် ဆက်လက် ရှိနေဖို့ပဲ”

ပထမ အကြီးအကဲ၏ စကားများပြီးဆုံးသွားသည့် အခိုက်အတန့်တွင် ၊ သူသည် အကြောင်းရင်း မရှိဘဲ ချမ်းစိမ့်သွားသလို ခံစားလိုက်ရသော်လည်း အလျင်အမြန် ဖယ်ထုတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ ၊ သူသည် အထွတ်အထိပ်အဆင့်ထိ ရောက်ရှိထားသော ဧကရာဇ်တစ်ပိုင်း ဖြစ်သည်။ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးတွင် သခင်မြတ် အဆင့် ပုဂ္ဂိုလ်မှလွဲ၍ အခြား မည်သူကမှ သူ့ကို ဒုက္ခပေးနိုင်မည်မဟုတ်။ ဤသည်မှာ သူ၏ စိတ်ထင်သက်သက် ဖြစ်ပေလိမ့်မည်။

ပထမ အကြီးအကဲနှင့် အခြားသူများ ပြောသည်ကို ကြားပြီးနောက် မုရုံဟွမ်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး နောက်ဆုံးတွင် ပြောလိုက်၏။

“ဒါဆိုရင် စုချောင်ရန်က ကျုပ်ရဲ့ ကိုယ်ပိုင် တပည့် ဖြစ်လာရမယ်... သူတော်စင်မ ရာထူးနဲ့ ပတ်သက်ပြီးတော့ စုချောင်ရန်က ယူလို့ မရတော့ဘူး... ဆိုတော့ မုရုံရွှယ်ကို သူတော်စင်မ အဖြစ် ခန့်အပ်လိုက်မယ်”

ပထမ အကြီးအကဲနှင့် အခြားသူများမှာ မုရုံဟွမ်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အနည်းငယ် တုံ့ဆိုင်းနေကြသော်လည်း ငြင်းဆန်ခြင်း မပြုခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ လိုချင်သည်မှာ စုချောင်ရန်ကို သူတို့၏ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေအတွက် အသုံးဝင်စေရန် ဖြစ်သည်။

ဤအဆင့်အတန်းရှိသော ပါရမီရှင်များ ကြီးပြင်းလာပါက ၊ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေကို အခြား မြင့်မြတ်နယ်မြေ သုံးခုထက် ကျော်လွန်စေပြီး ရွှမ်ထျန်းကမ္ဘာ၏ အသန်မာဆုံး အင်အားစု ဖြစ်လာစေနိုင်သည်။

သေချာသည်မှာ သူတို့သည် ဝူမိသားစု ကုန်သည်အသင်း၏ အင်အားကို မသိကြပေ။ သို့မဟုတ်ပါက ဤကဲ့သို့သော ထူးဆန်းသည့် အကြံအစည်မျိုး တွေးရဲကြမည် မဟုတ်ပေ။

ဆုံးဖြတ်ချက် ချပြီးနောက် မုရုံဧကရာဇ်က ရှိနေသူ အားလုံးကို လှည့်ကြည့်လိုက်ပြီး စုချောင်ရန်ကို စိုက်ကြည့်ကာ ပြောလိုက်၏။

“သခင်မြတ်နဲ့ အကြီးအကဲတွေ ဆွေးနွေးပြီးနောက် စုချောင်ရန်က သူတော်စင်မ အဖြစ် တာဝန်ထမ်းဆောင်ဖို့ မသင့်တော်တော့ကြောင်း တညီတညွတ်တည်း သဘောတူလိုက်ကြပြီး မုရုံရွှယ်ကို သူတော်စင်မ အဖြစ် တာဝန်ထမ်းဆောင်စေဖို့ ဆုံးဖြတ်လိုက်တယ်”

“စုချောင်ရန်နဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက် ချပြီးတဲ့နောက် သခင်မြတ် ဖြစ်တဲ့ ကျုပ်က သူ့ကို ကိုယ်ပိုင် တပည့် အဖြစ် လက်ခံဖို့ ဆုံးဖြတ်လိုက်တယ်... စုချောင်ရန် မင်း ဆန္ဒရှိရဲ့လား”

All Chapters