အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အခန်း (၄၇) - ကျွန်မ ငြင်းတယ်... မုရုံဧကရာဇ်မှ လှုပ်ရှားလာခြင်း
မုရုံဟွမ်၏ စကားကို ကြားလိုက်ရသဖြင့် ရှိနေသော တပည့်များ အားလုံး စိတ်လှုပ်ရှားသွားကြပြီး ၊ ဤသည်မှာ အလွန် ယုတ္တိမရှိသော ဆုံးဖြတ်ချက် ဖြစ်သည်ဟု ယုံကြည်လိုက်ကြ၏။
ပန်းတစ်သောင်းမြင့်မြတ်နယ်မြေသည် သူတို့၏တပည့်များနှင့် ၎င်းတို့၏ လက်တွဲဖော်များအပေါ်တွင် အကဲဖြတ်မှုများ ပြုလုပ်ကြသည်ကို မူလကတည်းက မည်သူမှ နားမလည်နိုင်ကြပေ။
သို့သော်လည်း ပန်းတစ်သောင်းမြင့်မြတ်နယ်မြေအနေဖြင့် ထိုသို့ လုပ်ဆောင်ရသည့် အကြောင်းရင်း ရှိရမည်ဟု ယူဆခဲ့ကြပြီး ၊ ထို့ပြင် မြင့်မြတ်နယ်မြေ၏ အာဏာကို ကြောက်ရွံ့သဖြင့် မည်သူမျှ ဆန့်ကျင်ပြောဆိုခြင်း မရှိကြပေ။
သို့သော် ယခုအခါတွင် ဤဂိုဏ်းစည်းကမ်းသည် သူတော်စင်မလေး စုအပေါ်တွင် ထိခိုက်မှုရှိလာသဖြင့် သူတို့ အနေဖြင့် လက်ပိုက်ကြည့်မနေနိုင်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ၊ သူမသည် သူတို့ အသိအမှတ်ပြုထားသော သူတော်စင်မ ဖြစ်ပေသည်။
မုရုံဧကရာဇ်သည် သူတို့၏ အတွေးများကို လျစ်လျူရှုထားလိုက်သည်။ သူတို့သည် အောက်ခြေတပည့်များသာ ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ လက်ခံရပေမည်။
ယခု အရေးအကြီးဆုံးမှာ စုချောင်ရန်၏ သဘောထား ဖြစ်သည်။ အကယ်၍ စုချောင်ရန်သာ ဆန္ဒရှိပါက ၊ ဂိုဏ်းတွင် ဆက်လက် နေထိုင်နိုင်ပြီး မရှိပါက မည်သို့ပင်ဖြစ်စေ ဖယ်ရှားပစ်ရမည် ဖြစ်၏။
စုချောင်ရန်က ခေါင်းငုံ့၍ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် မုရုံဟွမ်နှင့် အခြားသူများကို အေးစက်သော မျက်လုံးများဖြင့် မော့ကြည့်ကာ မဲ့ပြုံး ပြုံးလိုက်သည်။
“ရှင်တို့ သခင်မြတ်တွေက ဒီလောက် ဟန်ဆောင်ကောင်းမှန်း ကျွန်မ မသိခဲ့ဘူး... ကျွန်မ အိမ်ထောင်ပြုလိုက်ရုံနဲ့ သူတော်စင်မ ဖြစ်ခွင့်ကို ရုပ်သိမ်းလိုက်တယ်... ဒါပေမဲ့ မုရုံရွှယ်က ဘာမှ မဟုတ်တဲ့ လူတစ်ယောက်ပါ... သူ့ပါရမီက ကျွန်မအောက် အများကြီး နိမ့်သလို သူ့ရုပ်ရည်ကလည်း ကျွန်မအောက် အများကြီး နိမ့်တယ်... သူက ဘယ်လိုလုပ်ပြီး သူတော်စင်မ ဖြစ်နိုင်မှာလဲ”
“ဒါသာ မြင့်မြတ်နယ်မြေရဲ့ သဘောထား ဆိုရင် ကျွန်မ လက်မခံနိုင်ဘူး”
ဤအချိန်တွင် စုချောင်ရန်သည် မုရုံဟွမ်နှင့် အခြားသူများကို ပြတ်သားသော မျက်လုံးများဖြင့် ကြည့်ကာ နောက်မဆုတ်ဘဲ ပြောလိုက်သည်။
ထို့ပြင် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေကို သူမ နားလည်ထားသလောက် ဤကိစ္စသည် ဤမျှနှင့် ပြီးဆုံးသွားမည် မဟုတ်ပေ။ သူတို့သည် သူမ၏ ခင်ပွန်းဖြစ်သူကိုပင် သတ်ဖြတ်ကောင်း သတ်ဖြတ်ကြလိမ့်မည်။
ပန်းတစ်သောင်းမြင့်မြတ်နယ်မြေတွင် ဤကဲ့သို့သော လူများ ရှိနေသည်ကို စောစောက သိခဲ့လျှင်ဖြင့် သူမ၏ ခင်ပွန်းနှင့်အတူ တောင်ပိုင်းဒေသတွင် အစကတည်းက နေထိုင်ခဲ့ပေလိမ့်မည်။
စုချောင်ရန်၏ စကားဆုံးသည်နှင့် အပြင်ဘက်မှ တပည့်များက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။
“ သူတော်စင်မလေး စု က တကယ်ကို ခမ်းနားတာပဲ... သူမက ကျွန်တော့်ရင်ထဲမှာတော့ အကောင်းဆုံး သူတော်စင်မပဲ”
“ ဘာပဲဖြစ်ဖြစ် သူတော်စင်မ နေရာအတွက်က သူမတစ်ယောက်ပဲ ရှိတယ် .. မုရုံရွှယ်က အမှိုက်ပဲ”
“ဂိုဏ်းတွေက ဒီလိုပုံစံအတိုင်းဆိုရင် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေကနေ ထွက်သွားတာက ပိုကောင်းလိမ့်မယ် “
စောနက စုချောင်ရန်၏ အဖြေကို ကြားလိုက်ရသော မုရုံဟွမ်နှင့် အခြားသူများသည် ဒေါသထွက်သွားကြသည်။
“မင်း ဘယ်လိုတောင် ရဲရတာလဲ စုချောင်ရန်... သခင်မြတ် ဖြစ်တဲ့ ငါက ဂိုဏ်းစည်းကမ်းတွေ အတိုင်း ဆောင်ရွက်နေတာ... မင်းကို ဒုက္ခမပေးတာကိုက ကျေးဇူးကြီးလှပြီ... ကျေးဇူးတင်မယ့်အစား မင်းက ပေါက်ကရတွေ လျှောက်ပြောနေတယ် မင်း သေချင်နေတာလား”
သမိုင်းတစ်လျှောက် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ သူတော်စင်မများကြားတွင် ငြင်းဆန်ခဲ့သူများ ရှိခဲ့သလို ၊ မြင့်မြတ်နယ်မြေ၏ ခွင့်ပြုချက် မရဘဲ တခြားသူ တစ်ဦးတစ်ယောက်နှင့် တိတ်တဆိတ် လက်ထပ်ခဲ့သူများလည်း ရှိခဲ့ဖူးသည်။
သို့သော် ခြွင်းချက် မရှိဘဲ သူမတို့အားလုံးသည် ကိုယ်ပိုင်ကျင့်ကြံမှုများကို ဖျက်ဆီးခံရပြီး သူတော်စင်မ အဆင့်အတန်းလည်း ရုပ်သိမ်းခံရကာ ဝမ်းနည်းဖွယ်ရာ ဇာတ်သိမ်းခဲ့ရသည်။
ဤမြင်ကွင်းကို ကြည့်ရှုနေသော မုရုံရွှယ်ကလည်း စိတ်ထဲတွင် အသည်းအသန် အော်ဟစ်နေလေ၏။
“စုချောင်ရန်... ဆက်လုပ်စမ်းပါ... နင် ဒုက္ခရောက်ပြီး လူတိုင်းအတွက် အရှက်ရစရာ ဖြစ်လာတာကို ငါ စောင့်ကြည့်နေဦးမှာ “
“သေလမ်းရှာတော့ရော ဘာဖြစ်လဲ... သခင်မြတ်နဲ့ တခြားသူတွေက ဒီလို လုပ်ဖို့ တိုက်တွန်းနေရင် ကျွန်မ စုချောင်ရန်က ဒီနေ့ကစပြီး ပန်းတစ်သောင်းမြင့်မြတ်နယ်မြေကနေ နုတ်ထွက်ပြီ”
သူတော်စင်မ ဖြစ်လာရန် ပန်းတိုင်သည် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ အတွင်းစည်း အကြီးအကဲမှ သူမကို မွေးစားလိုက်သည့် အချိန်မှစခဲ့ခြင်း ဖြစ်သည် ။ ဤနှစ်ကာလ တစ်လျှောက်လုံး သူမသည် ထိုပန်းတိုင်အတွက် အသည်းအသန် ကြိုးစားခဲ့သည်။
သူတော်စင်မ ဖြစ်လာရန်မှာ စုချောင်ရန်၏ စွဲလမ်းမှုတစ်ခု ဖြစ်ခဲ့သော်လည်း သူတော်စင်မ ဖြစ်လာခြင်းနှင့် ခင်ပွန်းသည် ရှိခြင်းအကြား ရွေးချယ်ရမည် ဆိုပါက သူတော်စင်မ ရာထူးသည် သူမအတွက် အရေးမပါချေ။
စုချောင်ရန်၏ စကားဆုံးသည်နှင့် လူတိုင်း တုန်လှုပ်သွားကြသည်။ စုချောင်ရန်သည် ဤကဲ့သို့သော ရွေးချယ်မှုမျိုး လုပ်လိမ့်မည်ဟု သူတို့လည်းပဲ မျှော်လင့်မထားကြပေ။ နောက်တစ်စက္ကန့်တွင် အကြီးအကဲ တစ်ဦးက ရှေ့ထွက်လာပြီး စုချောင်ရန်အနားသို့ ရောက်လာကာ သူမအား ဒေါသတကြီးဖြင့် ကြည့်ရင်း ပြောဆိုလိုက်သည်။
“စုချောင်ရန်... ဒီလိုကိစ္စမျိုး လုပ်ဖို့အတွက် ငါ မင်းကို မွေးစားခဲ့တာလား အခု သခင်မြတ်ကို တောင်းပန်ပြီး သူတို့ရဲ့ ခွင့်လွှတ်မှုကို တောင်းခံလိုက် ဒါမှ မင်းအသက် ချမ်းသာရာ ရလိမ့်မယ်...”
ရှေ့ထွက်လာသူမှာ စုချောင်ရန်ကို ယခင်က မွေးစားခဲ့သော အာဏာရှင် အထွတ်အထိပ် ကျင့်ကြံခြင်း အဆင့်ရှိသည့် အတွင်းစည်း အကြီးအကဲ လင်းထျန်းရီပင် ဖြစ်သည်။
သို့သော် ယခု သူသည် အလွန်အမင်း စိုးရိမ်ပူပန်နေပုံရသည်။ သူသည် စုချောင်ရန်ကို ပြုစုပျိုးထောင်ခဲ့ပြီး ၊ သူတို့ကြားတွင် သွေးသားတော်စပ်မှု မရှိသော်လည်း စုချောင်ရန်ကို သမီးရင်းကဲ့သို့ သဘောထားဆက်ဆံခဲ့သည်။
သို့ဖြစ်ရာ သူ့အနေဖြင့် စုချောင်ရန် သည် သူ့မျက်စိရှေ့တွင် သေဆုံးသွားမည်ကို သူ ဒီတိုင်းကြည့်မနေနိုင်ပေ။ ထိုအရာကို တွေးမိသဖြင့် လင်းထျန်းရီသည် မုရုံဟွမ်နှင့် အခြားသူများဘက် လှည့်၍ ပြောလိုက်၏။
“သခင်မြတ်... ဂိုဏ်းစောင့် အကြီးအကဲများနဲ့ အကြီးအကဲများ... ကျေးဇူးပြုပြီး ကျွန်တော့် မျက်နှာကို ထောက်ထားပေးကြပါ... ချောင်ရန်က ဒေါသထွက်နေလို့ အဲ့လို စကားမျိုး ပြောမိလိုက်တာပါ... သူ့ကို ပြန်ခေါ်သွားပြီး ခဏလောက် စိတ်ငြိမ်အောင် ထားခွင့်ပြုပါ”
ထိုသို့ ပြောပြီးနောက် လင်းထျန်းရီသည် စုချောင်ရန်နှင့်အတူ ထွက်ခွာရန် ပြင်လိုက်သည်။
သူမ၏ မွေးစားဖခင်သည် သူမအတွက် စဉ်းစားပေးသည်ကို စုချောင်ရန်လည်း သိပေသည်။ သို့သော် မုရုံဟွမ်သည် ဤစော်ကားမှုကို မည်သို့ မျိုသိပ်ထားနိုင်မည်နည်း။
မကြာသေးမီက သူသည် ဝူဟောက်၏ လက်ထဲတွင် မတရားမှု ခံစားခဲ့ရပြီးဖြစ်ရာ ၊ နောက်တစ်ကြိမ် မတရားမှု ခံစားရမည်ကို ခွင့်မပြုနိုင်ပေ။
နောက်တစ်စက္ကန့်တွင် မုရုံဟွမ်၏ ဒေါသတကြီး အသံ ထွက်ပေါ်လာ၏။
“အကြီးအကဲ လင်း... ခင်ဗျား မျက်နှာကို ထောက်ထားပေးရမယ် ဟုတ်လား... ဒီသခင်မြတ်ရဲ့ ရှေ့မှာ ခင်ဗျားမှာ ဘာမျက်နှာ ရှိလို့လဲ... ဒီကိစ္စကို ပြီးသွားစေချင်တာလား...ဒါဆို ခင်ဗျား ကျုပ်ရဲ့ တစ်ချက်စာ ခံယူဖို့ သဘောတူရင် စုချောင်ရန်ကို ပန်းတစ်သောင်းမြင့်မြတ်နယ်မြေမှာ ထားဖို့စဉ်းစားပေးမယ်”
ဤသည်ကို ကြားလိုက်ရသဖြင့် လင်းထျန်းရီ၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။ မုရုံဟွမ်သည် ဤကဲ့သို့သော စကားမျိုး ပြောလိမ့်မည်ဟု သူ မမျှော်လင့်ထားသည်မှာ ထင်ရှားသည်။
မည်သို့ပင်ဖြစ်စေကာမူ စုချောင်ရန်၏ ပါရမီအရ ၊ သူမသည် အနည်းဆုံး ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် သို့မဟုတ် မဟာဧကရာဇ် အဆင့်ထိပင် ရောက်ရှိနိုင်သည်။
ထို့ပြင် သူသည် ပန်းတစ်သောင်း မြင့်မြတ်နယ်မြေတွင် နှစ်ပေါင်းများစွာ ကြိုးစားလုပ်ကိုင်ခဲ့သော်လည်း ၊ မုရုံဧကရာဇ်၏ ရှေ့တွင် လုံးဝ မျက်နှာမရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
မုရုံဟွမ်၏ မေးခွန်းကို ဖြေလိုက်ပါက သူသည် သေချာပေါက် သေဆုံးရမည်ကို သိသော်လည်း သို့သော် ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကောင်းရှင်နိုင်သေးသည်။ ထိုသို့ တွေးမိပြီး လင်းထျန်းရီသည် သွားကို ကြိတ်၍ မုရုံဟွမ်ကို ကြည့်လိုက်၏။
“သခင်မြတ်... သခင်မြတ်ရဲ့ တိုက်ခိုက်မှုကို ကျွန်တော် လက်ခံပါတယ်... လှုပ်ရှားလိုက်ပါ”
ထိုစကားကို ကြားလိုက်ရသဖြင့် မုရုံဟွမ်၏ မျက်နှာမှာ ပို၍ မည်းမှောင်သွားသည်။ သူသည် မူလက လင်းထျန်းရီကို စုချောင်ရန် ကိစ္စတွင် ဝင်မပါစေရန် ရည်ရွယ်ခဲ့သော်လည်း ၊ ယခုတွင်မူ လင်းထျန်းရီသည် ဤမျှအထိ လုပ်ဆောင်လာသဖြင့် သူ့အနေဖြင့် အရေးယူမဆောင်ရွက်ပါက မျက်နှာပျက်ရမည့်သူမှာ သူသာလျှင် ဖြစ်ပေတော့မည်။
ဤသည်ကို တွေးမိသဖြင့် မုရုံဟွမ်သည် နောက်ဆုတ်မနေတော့ဘဲ လက်ဝါးရိုက်ချက် တစ်ချက် ထုတ်သုံးလိုက်သည်။ ဤရိုက်ချက်တွင် သူ၏ ခွန်အား ဆယ်ပုံတစ်ပုံသာ အသုံးပြုထားပြီး လင်းထျန်းရီ အသက်ရှင်မရှင် ဆိုသည်မှာ သူ၏ ကံတရားအပေါ် မူတည်သည်။
အခန်း (၄၈) - ဝူဟောက် လှုပ်ရှားပြီ... မုရုံဧကရာဇ် သေဆုံးခြင်း
ခွန်အား ဆယ်ပုံတစ်ပုံသာ ဖြစ်သော်လည်း ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် တစ်ဦး၏ ခွန်အား ဖြစ်သဖြင့် အာဏာရှင် အထွတ်အထိပ် ကျင့်ကြံသူ လင်းထျန်းရီအဖို့ ခံနိုင်ရည်ရှိသော အရာ မဟုတ်ပေ။ ထို့ကြောင့် လင်းထျန်းရီမှာ သေရန်သာ ပြင်ဆင်လိုက်သည်။
သို့သော် စုချောင်ရန်သည် လင်းထျန်းရီကို သေခွင့်ပြုမည်မဟုတ်ဘဲ သက်ပြင်းချရင်း ပြောလိုက်သည်။
“ယောက်ျား... မလုပ်တော့ဘူးလား”
စုချောင်ရန် ဆိုလိုသည်ကို မည်သူမျှ နားမလည်ကြသော်လည်း နောက်တစ်စက္ကန့်တွင် သူတို့ နားလည်သွားကြသည်။ ပုံရိပ်တစ်ခုသည် လင်းထျန်းရီ၏ ရှေ့တွင် ပေါ်ထွက်လာပြီး ၊ သူ့လက်ကို ဆန့်ထုတ်လိုက်ရုံဖြင့် မုရုံဟွမ်၏ တိုက်ခိုက်မှုကို လေထဲတွင် ပျောက်ကွယ်သွားစေသည်။
ဤမြင်ကွင်းသည် လူတိုင်းကို တုန်လှုပ်သွားစေ၏။ မုရုံဧကရာဇ်၏ ရှေ့တွင် လင်းထျန်းရီကို တစ်စုံတစ်ယောက်က ကယ်တင်နိုင်လိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားခဲ့ကြပေ။
မည်သို့ပင်ဆိုစေကာမူ ၊ မုရုံဧကရာဇ်၏ ဒေါသသည် ငယ်ထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူတို့အနေဖြင့် လင်းထျန်းရီကို မည်သို့ ကယ်တင်ရဲမည်နည်း။ မုရုံဧကရာဇ်၏ ဒေါသကို အကြီးအကျယ် နှိုးဆွမိမည်ကို ကြောက်မိသည်။
မုရုံဟွမ်သည် ဒေါသထွက်နေကြောင်း ထင်ရှားသော်လည်း ဝူဟောက်၏ မျက်နှာကို မြင်လိုက်ရချိန်တွင် လန့်ဖျပ်သွားပြီး ၊ သူ၏ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားသည်။
သူ မည်သို့ မေ့နိုင်မည်နည်း။ လွန်ခဲ့သော ဆယ်နှစ်က ဝူယောက်သည် သူနှင့် တခြား သခင်မြတ် သုံးပါးကို ခွေးတွေလို ရိုက်နှက်ခဲ့သည်။ သူတို့သည် တဖက်လူကို ပြန်လည် တိုက်ခိုက်ဖို့ အင်အားပင် မရှိခဲ့ချေ။
သို့သော် ဘေးပတ်ဝန်းကျင်ရှိ အဆင့်မြင့် အရာရှိများမှာ မုရုံဟွမ်၏ ပုံမှန်မဟုတ်သော အမူအရာကို သတိမပြုမိကြပေ။ တစ်စုံတစ်ယောက်က မုရုံဟွမ်၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်ကို မြင်ပြီးနောက် အထူးသဖြင့် လင်းထျန်းရီနှင့် အဆင်မပြေသော အကြီးအကဲများက ဒေါသတကြီးဖြင့် ပြစ်တင်ဝေဖန်ကြလေ၏။
“ကောင်လေး... မင်းက ဘယ်သူလဲ... ငါတို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ ကိစ္စတွေကို ဘယ်လိုလုပ် ဝင်ပါရဲတာလဲ... သခင်မြတ် ဒေါသထွက်ပြီး မင်းကို ဒီနေရာမှာတင် သတ်ပစ်လိုက်မှာ မကြောက်ဘူးလား”
“ဟုတ်တယ်... သခင်မြတ်ရဲ့ တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်ရုံနဲ့ မင်းကိုယ်မင်း အံ့သြစရာ ကောင်းတယ်လို့ မထင်နဲ့... တကယ်တော့ သခင်မြတ်က ခွန်အား အနည်းငယ်ပဲ သုံးလိုက်တာ... မင်းရဲ့ လက်ရှိ အကောင်းအတိုင်း ရှိနေတဲ့ ပုံစံကြောင့် အရူးမလုပ်ခံနဲ့... မဟုတ်ရင် မင်း ဒဏ်ရာအပြင်းအထန်ရပြီး သေလုနီးပါး ဖြစ်နေလောက်ပြီ”
“သခင်မြတ်... ကျွန်တော်တို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ဒီလူယုတ်မာကို ကွပ်မျက်ပေးဖို့ တောင်းဆိုပါတယ်”
“ကျေးဇူးပြုပြီး သခင်မြတ်... ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ဝင်ရောက် ဆောင်ရွက်ပေးပါ”
အကြီးအကဲများစွာက ပဲ့တင်ထပ်၍ တောင်းဆိုလိုက်ကြသည်။
သို့သော် လက်ရှိတွင် မုရုံဟွမ်၏စိတ်ထဲက သတ်ပစ်ချင်သူမှာ ၎င်းတို့သာ ဖြစ်သည်။
ဝူဟောက်ကို တိုက်ခိုက်ဖို့လား... သူက ဘယ်ကနေ အဲ့လောက်ထိ သတ္တိရှိမှာလဲ..
သခင်မြတ် လေးပါး ပေါင်းပြီး ဧကရာဇ်စစ်တပ်ကြီး ခေါ်ချပြီး တိုက်ရင်တောင် ဝူဟောက်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး.. သူက ဘယ်လိုလုပ်ပြီး ဝူဟောက်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ
“အားလုံး ပါးစပ်ပိတ်ထားကြစမ်း”
မုရုံဟွမ်၏ ဒေါသတကြီး ပေါက်ကွဲသံကြောင့် စောစောက စကားပြောခဲ့သော အကြီးအကဲများမှာ ကြောင်အမ်း၍ တစ်ယောက်ကို တစ်ယောက် ကြည့်နေမိကြသည်။
ထိုအချိန်တွင် လင်းထျန်းရီက တစ်စုံတစ်ယောက် သူ့ကို လာကယ်သည်ကို မြင်လိုက်ရပြီးနောက် ၊ စောနက စုချောင်ရန်၏ ပြောစကားကို စဉ်းစားမိလိုက်ပြီး စုချောင်ရန်ဘက် လှည့်၍ မေးခွန်းထုတ်လိုက်သည်။
“ချောင်ရန်... ဒါ မင်းရဲ့ တာအိုလက်တွဲဖော်လား”
“ဟုတ်ကဲ့ ဆရာ... ဒါ သမီးရဲ့ တာအိုလက်တွဲဖော်ပါ”
ဝူဟောက်ကို ကြည့်နေသော စုချောင်ရန်၏ မျက်လုံးများတွင် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေသည်။ လင်းထျန်းရီသည် ဝူဟောက်မှာ မည်သည့်အဆင့်တွင် ရှိသည်ကို မသိသော်လည်း ၊ မုရုံဟွမ်၏ တိုက်ခိုက်မှုအား အလွယ်တကူ ခံနိုင်ရည်ရှိသည်ကို ကြည့်ခြင်းအားဖြင့် သူ့ခွန်အားမှာ နိမ့်ကျဖွယ် မရှိကြောင်း မှန်းဆမိလိုက်သည်။
အဲ့တော့ရော ဘာဖြစ်လဲ...
သခင်မြတ်၏ စောနက တိုက်ခိုက်မှုသည် အပြည့်အဝ အားမထည့်ခဲ့သည်ကို သင်သိရမည်။ ထို့အပြင် သခင်မြတ်၏ လက်ထဲတွင် ဧကရာဇ်လက်နက် တစ်ခု ရှိသေးသည်။ ဝူဟောက်သည် မဟာဧကရာဇ် တစ်ပါး မဟုတ်ပါက ၊ သခင်မြတ်၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။
လင်းထျန်းရီသည် မုရုံဟွမ်၏ ကိုယ်စား ဝူဟောက်အတွက် အသနားခံရန် ပြင်လိုက်စဉ် မမျှော်လင့်ဘဲ မုရုံဟွမ်သည် ဝူဟောက်၏ ဘေးနားသို့ ရောက်လာပြီး ၊ ဝူဟောက်ကို ဦးညွှတ်လိုက်သဖြင့် လူတိုင်း ဆွံ့အသွားကြသည်။
“စီနီယာကြီး... သူတော်စင်မရဲ့ တာအိုလက်တွဲဖော်က စီနီယာကြီးမှန်း ကျွန်တော် မသိခဲ့ဘူး... ကျွန်တော် အရမ်း ရိုင်းပျမိပါတယ်... သူတော်စင်မရဲ့ တာအိုလက်တွဲဖော်က စီနီယာမှန်းသာ သိရင် ကျွန်တော် သေချာပေါက် ငြင်းမှာ မဟုတ်ပါဘူး... ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေကို အခွင့်အရေး ပေးပါ”
ခေါင်းငုံ့ထားသော မုရုံဟွမ်သည် ကိုယ့်တံတွေးကို ပြင်းပြင်းထန်ထန် မျိုချမိလိုက်သည်။ ဝူဟောက်သည် မည်မျှ အစွမ်းထက်ကြောင်း သူ သိထားသဖြင့် အလွန်အမင်း ကြောက်ရွံ့နေသည်။
အကယ်၍ စုချောင်ရန်ကြောင့် ဝူဟောက်၏ဒေါသကို နှိုးဆွမိပါက ၊ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ တစ်ခုလုံး မထိုက်တန်သော ကပ်ဘေးနှင့် ကြုံတွေ့ရဖွယ် ရှိသည်။
မုရုံဟွမ်၏ အပြုအမူသည် လူတိုင်းကို တုန်လှုပ်သွားစေသည်။ မုရုံဟွမ်သည် မည်သူမည်ဝါမှန်း မသိရသော သူတစ်ယောက်အား တောင်းပန်ရလောက်အောင် မိုက်ရူးရဲဆန်မည်မဟုတ်။ သေချာပေါက် ဤလူသည် မုရုံဟွမ် မပြစ်မှားရဲလောက်အောင် အစွမ်းထက်မည်ကို လူတိုင်း သိလိုက်ကြသည်။
မလှမ်းမကမ်းရှိ ဂိုဏ်းစောင့် အကြီးအကဲ ငါးဦးမှာလည်း အလွန်လေးနက်စွာဖြင့် ရှိနေကြသည်။ သူတို့သည် ဝူဟောက်၏ ကိုယ်ပေါ်တွင် အရှိန်အဝါ လုံးဝ မရှိကြောင်း အာရုံခံစားမိကြသည်။
ဤသည်မှာ သာမန်လူတစ်ယောက် လုပ်နိုင်သော အရာ မဟုတ်ပေ။ အနည်းဆုံးတော့ မဟာဧကရာဇ် အဆင့်သို့ ရောက်ရှိထားရမည် ဖြစ်၏။ ထိုအရာကို တွေးမိသဖြင့် ဂိုဏ်းစောင့် ငါးဦးမှာ အသက်ရှူမှားမတတ် ဖြစ်သွားကြသည်။
သက်ရှိထင်ရှား ရှိနေတဲ့ မဟာဧကရာဇ်တစ်ပါးလား...
လက်ရှိ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးတွင် သက်ရှိထင်ရှား မဟာဧကရာဇ် တစ်ပါးမျှ မရှိသည်ကို သင် သိထားရမည်။ မဟာမြင့်မြတ်နယ်မြေ လေးခုပင်လျှင် သူတို့၏ ဧကရာဇ်လက်နက်များ တည်ရှိမှုကို အားကိုးပြီးမှသာ မဟာဧကရာဇ်ကို စိန်ခေါ်နိုင်သည်။
သို့သော် အမှန်တကယ်တွင် မဟာဧကရာဇ် တစ်ပါး ပေါ်လာပါက ၊ မဟာမြင့်မြတ်နယ်မြေ လေးခုသည် သူ့ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။
ဤအချက် တစ်ချက်တည်းကပင် မဟာဧကရာဇ်၏ ကြောက်မက်ဖွယ် စွမ်းအားကို ပြသနေသည်။ အကယ်၍ သူ့ရှေ့မှ လူသည် အမှန်တကယ်ပင် မဟာဧကရာဇ် တစ်ပါး ဖြစ်နေခဲ့လျှင်ဖြင့် ၊ မုရုံဧကရာဇ်၏ သဘောထားမှာ ကျိုးကြောင်းဆီလျော်မှု ရှိပေသည်။
မုရုံဟွမ်သည် ခေါင်းငုံ့၍ တောင်းပန်လိုက်သဖြင့် ပတ်ဝန်းကျင် အခြေအနေမှာ အလွန် တိတ်ဆိတ်သွားပြီး ၊ ကိုယ့်နှလုံးခုန်သံကိုပင် ကြားနေရသည်။
သို့သော် ဝူဟောက်သည် မုရုံဟွမ်ကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်ကြောင်း ထင်ရှားပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“မင်း အမှားလုပ်မိတဲ့ ကိစ္စအတွက် တောင်းပန်လိုက်ရုံနဲ့ ငါက ခွင့်လွှတ်ရမယ်လို့ မင်း ထင်နေတာလား... အလကားရတဲ့ နေ့လယ်စာ ဆိုတာ မရှိဘူး... ဒီလိုလုပ်ကြမယ်... မင်းက စောစောက အကြီးအကဲ လင်း အပေါ် ခွန်အား တစ်စိတ်တစ်ပိုင်း သုံးလိုက်တော့ ပြန်ပေးဆပ်တဲ့ အနေနဲ့ ငါ့ရဲ့ ခွန်အား တစ်စိတ်တစ်ပိုင်းကို ခံယူလိုက်... မင်း အဲဒါကို လုပ်နိုင်ရင် ဒီကိစ္စ ပြီးသွားပြီ... ဘယ်လိုလဲ”
ဝူဟောက်၏ စကားကို ကြားလိုက်ရသဖြင့် မုရုံဟွမ်၏ မျက်နှာထားမှာ အလွန် ကြည့်ရဆိုးသွားသည်။ မည်သို့ပင်ဆိုစေကာမူ ၊ သူသည် အရင်ကတည်းက ဝူဟောက်၏ တချက်စာကို မြည်းစမ်းခဲ့ဖူးပြီး သူနှင့် လီထိုက်ပိုင် အပါအဝင် အခြား နှစ်ယောက်ပင် ခံနိုင်ရည်မရှိခဲ့ပေ။ ယခုတွင် သူတစ်ယောက်တည်း မည်သို့ ခံနိုင်ရည် ရှိမည်နည်း။
သို့သော် ယခုတွင်မူ ၊ သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။ သူသာ မရွေးချယ်ပါက ဝူဟောက်သည် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ တစ်ခုလုံးကို သတ်ဖြတ်ပစ်နိုင်သည်။
ထိုအရာကို တွေးမိသဖြင့် မုရုံဟွမ်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဝူဟောက်ကို ကြည့်ကာ သဘောတူလိုက်၏။
“ကျွန်တော် ကတိပေးပါတယ်... စီနီယာ အနေနဲ့လည်း ကတိတည်မယ်လို့ မျှော်လင့်ပါတယ်”
ဝူဟောက်၏ ခွန်အားမှာ ဆယ်နှစ် အတွင်း မဟာဧကရာဇ် အဆင့်ထက် ကျော်လွန်သွားရန် မဖြစ်နိုင်ကြောင်းနှင့် မည်သည့် ပြောင်းလဲမှုမှ မလုပ်ဆောင်ရသေးကြောင်း တွေးလိုက်ကာ သဘောတူလိုက်သည်။
ဝူဟောက်၏ ခွန်အားတစ်ပုံစာသည် သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သော်လည်း ၊ ဝူဟောက်သည် သိုင်းလောက ကျင့်ဝတ်များကို လျစ်လျူရှုကာ သူ့ကို အစွမ်းကုန် မတိုက်ခိုက်သရွေ့ သူသည် ခံနိုင်ရည်ရှိသေး၏။
ဤသည်ကို တွေးမိသဖြင့် နောက်တစ်စက္ကန့်တွင် ဝူဟောက်နှင့် မုရုံဟွမ်တို့သည် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ ကောင်းကင်ထက်တွင် ပေါ်ထွက်လာကြသည်။ မုရုံဟွမ်သည် ဗုဒ္ဓအမျက်ဒေါသကြာပန်းကို ဆင့်ခေါ်ပြီး ပြင်ဆင်မှု အားလုံး ပြုလုပ်ပြီးနောက်တွင် ဝူဟောက်သည် စတင် လှုပ်ရှားလိုက်၏။
ရိုးရှင်းသော လက်ချောင်းတစ်ချက် လှုပ်လိုက်ရုံဖြင့် ဝူဟောက်သည် မုရုံဟွမ်၏ ပြင်ဆင်မှု အားလုံးကို ဖြိုခွင်းလိုက်သည်။ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ တစ်ခုလုံး ဂုဏ်ယူကြသော ဧကရာဇ်လက်နက် ဗုဒ္ဓအမျက်ဒေါသကြာပန်းပင်လျှင် ဝူဟောက်၏ လက်ချောင်းတစ်ချောင်းတည်းဖြင့် ပျက်စီးသွားခဲ့သည်။
ဒါတင်မက ၊ မုရုံဟွမ်ကိုလည်း ချက်ချင်းပင် သေဆုံးသွားစေခဲ့သည်။ ဤသည်မှာ မုရုံဟွမ်အား နာကျင်မှု မရှိဘဲ သေဆုံးခွင့် ပေးလိုက်သည့် ဝူဟောက်၏ ကျေးဇူးတရားဟု မှတ်ယူနိုင်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် အောက်ဘက်ရှိ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေမှ လူများမှာ အလွန် တုန်လှုပ်သွားကြသည်။ ဧကရာဇ်လက်နက်၏ ကောင်းချီးပေးမှု ရှိနေပါလျက်နဲ့ သခင်မြတ်သည် ဝူဟောက်၏ လက်ချောင်း တစ်ချက်စာအောက်တွင် အသတ်ခံလိုက်ရမည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ဝူဟောက်သည် အမှန်တကယ်ပင် ခွန်အား တစ်ပုံစာ သုံးခဲ့သလား ဆိုသည်ကို မည်သူမျှ မသိကြသော်လည်း ၊ သူတို့ကိုလည်း လက်ချောင်းတစ်ချက်လှုပ်ရုံဖြင့် သတ်လိုက်မည်ကို ကြောက်မိပြီး မည်သူမှမေးခွန်းမထုတ်ရဲပေ။
မုရုံဟွမ်ကို သတ်ဖြတ်ပြီးနောက် ၊ ဝူဟောက်သည် ထိတ်လန့်သော အကြည့်များဖြင့် ကြည့်နေသော စုချောင်ရန်ထံသို့ ပြန်ရောက်လာခဲ့သည်။ သူမ၏ ခင်ပွန်းသည် ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူမသည်လည်း မျှော်လင့်မထားခဲ့ပေ။
ဝူဟောက်သည် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် နယ်ပယ်တွင်သာ ရှိသေးမည်ဟု ထင်ထားခဲ့သော်လည်း ယခုအခါတွင် သူမ၏ ခင်ပွန်းသည် ဒဏ္ဍာရီလာ မဟာဧကရာဇ် နယ်ပယ်သို့ အမှန်တကယ် ရောက်ရှိသွားပုံရသည်။
သူမ၏ ခင်ပွန်းဖြစ်သူသည် မဟာဧကရာဇ် ဖြစ်လာရန် မည်သို့ ကျင့်ကြံခဲ့သည်ကို သူမအနေဖြင့် အလွန် သိချင်သော်လည်း စုချောင်ရန်သည် မေးမြန်းမည့် အကြံကို လက်လွှတ်လိုက်သည်။ ခင်ပွန်းသည်မှ ဆန္ဒရှိသည့်တစ်နေ့ အလိုအလျောက် ထုတ်ပြောလာမည် ဖြစ်သောကြောင့် သူမအနေဖြင့် မေးစရာမလိုခဲ့ချေ။