← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉) - သူ့ကို သခင်မြတ် ပေးလုပ်တာ ကန့်ကွက်စရာ ရှိလို့လား

“ဘာလဲ... ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာ ရှိလို့လား”

ထို့‌သို့ပြောပြီးနောက် ၊ ဝူဟောက်သည် စုချောင်ရန် အနားသို့ တိုးကပ်သွားပြီး သူမကို ပွေ့ဖက်လိုက်သည်။

ထို့နောက် မလှမ်းမကမ်းရှိ ဂိုဏ်းစောင့် အကြီးအကဲ ငါးဦးကို ကြည့်လိုက်ရာ သူတို့၏ မျက်နှာထားများတွင် နာကြည်းမှု အရိပ်အယောင်များ ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရ၏။

ဝူဟောက်သည် မုရုံဟွမ်ကို သတ်လိုက်သော်လည်း ၊ ထိုအရာထက် အရေးကြီးသည်မှာ ဧကရာဇ်လက်နက် တစ်ခုက ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် တစ်ဦးထက် များစွာ တန်ဖိုးရှိသည်။

ဧကရာဇ်လက်နက်သည် ဝူဟောက်၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ အုတ်မြစ်လည်း ပျက်စီးသွားပြီဟု ဆိုရပေတော့မည်။ ထို့ကြောင့် သူတို့သည် မဟာမြင့်မြတ်နယ်မြေ လေးခုကြားတွင် ရပ်တည်နိုင်တော့မည် မဟုတ်ပေ။

သို့ဖြစ်ရာ ၊ ဂိုဏ်းစောင့် အကြီးအကဲ ငါးဦးက မည်သို့ ဒေါသ မထွက်ဘဲ နေမည်နည်း။ သို့သော် ဝူဟောက်၏ ခွန်အားသည် ကြီးမားလွန်းသဖြင့် သူတို့မှာ အတင်းအကျပ် ပြုံးရုံသာ တတ်နိုင်ကြသည်။

“မရှိပါဘူး... မရှိပါဘူး စီနီယာ... စီနီယာ လုပ်တာ ကောင်းပါတယ်... ကျွန်တော်တို့ မုရုံဟွမ်ကို မကြိုက်တာ ကြာပါပြီ... စီနီယာ သူ့ကို သတ်ပေးလို့ ကျေးဇူးတင်ပါတယ် မဟုတ်ရင် ကျွန်တော်တို့လည်း သူ့ကို ရှင်းပစ်ဖို့ လှုပ်ရှားတော့မှာပါ”

“ အဲ့လို ဖြစ်တာ ပိုကောင်းတယ်”

ဝူဟောက်သည် သူတို့ကို မဲ့ပြုံးပြုံးကာ ကြည့်လိုက်ပြီးနောက် လင်းထျန်းရီဘက် လှည့်ကာ အလွန် လေးနက်သော လေသံဖြင့် ပြောလိုက်၏။

“ ဒီနှစ်တွေ တစ်လျှောက်လုံး ချောင်ရန်ကို စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးအများကြီး တင်ပါတယ် ဦးလေးလင်း”

ထိုသို့ ပြောပြီးနောက် ဝူဟောက်သည် လင်းထျန်းရီကို ဦးညွှတ်လိုက်ရာ လင်းထျန်းရီမှာ မြှောက်ပင့်ခံရသလို ခံစားလိုက်ရသည်။ သူသည် ဝူဟောက်ကို ကမန်းကတန်း ထူလိုက်ပြီး ပြောလိုက်၏။

“မိတ်ဆွေ... ဒီလို လုပ်စရာ မလိုပါဘူး... သူမကို စောင့်ရှောက်ပေးလာတဲ့ နှစ်ကာလအတွင်းမှာ ချောင်ရန်ကို ကျုပ်သမီးရင်းတစ်ယောက်လို သဘောထားခဲ့တာပါ... ကျုပ် ရှေ့ထွက်လာတာ မှန်ကန်ပါတယ်”

ထိုစကားကို ကြားလိုက်ရသဖြင့် ဝူဟောက်သည် ခေါင်းခါလိုက်ပြီး အလွန် လေးနက်စွာ ပြောလိုက်၏။

“ဒါက မတူဘူး... ဦးလေးလင်းသာ မရှိရင် ကျွန်တော်အနေနဲ့ ချောင်ရန်ကို တွေ့ဖြစ်လောက်မှာ မဟုတ်ဘူး... ပန်းတစ်သောင်းမြင့်မြတ်နယ်မြေမှာ လောလောဆယ် သခင်မြတ် မရှိတာ ကျွန်တော် တွေ့တယ်... ဦးလေး သခင်မြတ် နေရာ ယူလိုက်ပါလား”

ဤသည်မှာ လင်းထျန်းရီအတွက် ဝူဟောက် စဉ်းစားပေးနိုင်သော အကောင်းဆုံး ပြန်လည်ပေးဆပ်မှု ဖြစ်သည်။

ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ သခင်မြတ် ဖြစ်လာပြီးနောက် ၊ လင်းထျန်းရီကို ဧကရာဇ်တစ်ပိုင်း သို့မဟုတ် မဟာဧကရာဇ် အဆင့်သို့ ရောက်အောင် ကူညီပေးရန် သူ့အရင်းအမြစ်များကို အသုံးပြုသွားမည် ဖြစ်သည်။

ဤသည်ကို စုချောင်ရန်အား ပြုစုပျိုးထောင်ပေးခဲ့သည့် လင်းထျန်းရီ၏ ကျေးဇူးတရားအတွက် ပြန်လည်ပေးဆပ်ခြင်း ဖြစ်သည်ဟု မှတ်ယူနိုင်သည်။

ထိုအရာကို ကြားလိုက်ရသဖြင့် လင်းထျန်းရီက အလိုအလျောက် ပြန်ပြောလိုက်၏။

“မိတ်ဆွေ”

“ဦးလေးလင်း ဆန္ဒရှိရင် ကျွန်တော့်ကို ဝူဟောက် လို့ ခေါ်လို့ ရပါတယ်”

ဝူဟောက်သည် အလွန် လေးနက်စွာ ပြောလိုက်သည်။ ဤသည်ကို မြင်လိုက်ရသဖြင့် လင်းထျန်းရီမှာ သက်ပြင်းချရုံသာ တတ်နိုင်ပြီး ပြောလိုက်၏။

“ဝူဟောက်... ငါ့ရဲ့ လက်ရှိ ခွန်အားနဲ့ အတွေ့အကြုံအရ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ သခင်မြတ် အဖြစ် တာဝန်ထမ်းဆောင်ဖို့ အရည်အချင်း မပြည့်မီသေးဘူး... မင်းရဲ့ ဒီဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းသင့်တယ်”

ဝူဟောက်က ခေါင်းခါလိုက်၏။ သူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲမည် မဟုတ်ပေ။ ဝူဟောက်၏ စကားကို ကြားလိုက်ရသဖြင့် မလှမ်းမကမ်းရှိ ဂိုဏ်းစောင့် ငါးဦးမှာ အစပိုင်းတွင် ဒေါသထွက်သွားကြသော်လည်း ၊ တစ်စုံတစ်ခုကို လျင်မြန်စွာ သဘောပေါက်လိုက်ပြီး မျက်လုံးများ အရောင်တောက်သွားကြသည်။

မှန်ပေသည်။ လင်းထျန်းရီသည် ယခုအခါ သာမန် အာဏာရှင်နယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူ တစ်ဦး မဟုတ်တော့ပေ။ သူ့နောက်တွင် မဟာဧကရာဇ် ဝူဟောက် ရှိနေပြီပင်။

အကယ်၍ လင်းထျန်းရီသည် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ သခင်မြတ်တစ်ပါး ဖြစ်လာပါက ၊ ဝူဟောက်သည် မြင့်မြတ်နယ်မြေ၏ ကျောထောက်နောက်ခံ ဖြစ်လာတော့မည် မဟုတ်လော။

ဤသည်ကို တွေးမိသဖြင့် ပထမ အကြီးအကဲက အရင်ဆုံး ရှေ့ထွက်လာပြီး လင်းထျန်းရီကို ကြည့်ကာ တုံ့ဆိုင်းခြင်း မရှိ ပြောလိုက်၏။

“အကြီးအကဲ လင်း... ကျုပ်အမြင်အရတော့ ခင်ဗျားက ကျုပ်တို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ သခင်မြတ်သစ် ဖြစ်လာဖို့ အသင့်တော်ဆုံးပဲ... ခင်ဗျား မငြင်းသင့်ဘူး... စီနီယာ ဝူ အနေနဲ့ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းတွေ ရှိမှာပါ”

“ဟုတ်တယ် အကြီးအကဲ လင်း... ကျေးဇူးပြုပြီး သဘောတူလိုက်ပါ.. မဟုတ်ဘူး... ခင်ဗျားကို အခု သခင်မြတ် လင်း လို့ ခေါ်သင့်နေပြီ”

အခြား အကြီးအကဲများကလည်း ရှေ့ထွက်၍ ပြောလာကြသည်။ မည်သို့ပင်ဆိုစေ မုရုံဧကရာဇ် သေဆုံးခြင်းကို မဟာဧကရာဇ်၏ ကျောထောက်နောက်ခံဖြင့် လဲလှယ်လိုက်ခြင်းက ပန်းတစ်သောင်းမြင့်မြတ်နယ်မြေအတွက် ကြီးမားသော အမြတ်အစွန်း တစ်ခု ဖြစ်ပေသည်။

မုရုံဧကရာဇ် ဆုံးရှုံးလိုက်ရသဖြင့် ဝမ်းနည်းပူဆွေးခြင်းမှ မဟာဧကရာဇ်၏ ကျောထောက်နောက်ခံကို ရရှိလိုက်သောကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခြင်းသို့ ရောက်ရှိသွားသည်ကို သေဆုံးသွားပြီဖြစ်သော မုရုံဧကရာဇ်ပင်လျှင် မျှော်လင့်ထားလိမ့်မည် မဟုတ်ပေ။

လူတိုင်း၏ ထောက်ခံမှုကို ကြားလိုက်ရပြီးနောက် ၊ လင်းထျန်းရီသည် တုံ့ဆိုင်းစွာဖြင့် စုချောင်ရန်ဘက်သို့ လှည့်ကြည့်လိုက်၏။

“ချောင်ရန်... အဖေ ဘာလုပ်သင့်တယ်လို့ ထင်လဲ”

“ ကျေးဇူးပြုပြီး သဘောတူလိုက်ပါ”

စုချောင်ရန်သည် ဝူဟောက်၏ ရင်ခွင်ထဲတွင် ပြုံး၍ ပြောလိုက်သည်။

သမီးဖြစ်သူက ထိုသို့ ပြောလာသဖြင့် လင်းထျန်းရီတွင် ငြင်းဆန်ရန် အကြောင်းပြချက် မရှိတော့ဘဲ သဘောတူကြောင်း ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။ ဤသို့ဖြင့် လင်းထျန်းရီသည် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ သခင်မြတ်သစ် ဖြစ်လာခဲ့သည်။

ထိုအချိန် ၊ မုရုံရွှယ်၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူမ၏ ဖခင်မှာ ကျဆုံးသွားခဲ့ပြီး သခင်မြတ်သစ် တစ်ပါးကိုတောင် တင်မြှောက်လိုက်သေး၏။

“မဟုတ်ဘူး... ကျွန်မ သဘောမတူဘူး... ရှင်တို့ ကျွန်မအဖေကို ဘယ်လိုလုပ် ဒီလို လုပ်ရက်ကြတာလဲ... သူက ပန်းတစ်သောင်းမြင့်မြတ်နယ်မြေအတွက် သေဆုံးခဲ့တာလေ... သခင်မြတ်သစ်ကို ဘယ်လိုလုပ် ဒီလောက် မြန်မြန် ရွေးချယ်နိုင်ရတာလဲ... ကျွန်မအဖေကို ထောက်ထားပြီး သခင်မြတ်သစ် မရွေးခင် ခဏလောက်တော့ စောင့်သင့်တယ်”

မုရုံရွှယ်သည် ရှေ့ထွက်လာပြီး ငြင်းဆိုလိုက်သည်။သို့သော် အကြီးအကဲချုပ်က သူမကို ကြည့်ပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။

“ဟွန့်... နင့်ကများ ဒီလိုပြောရဲတဲ့ သတ္တိ ရှိသေးတယ်ပေါ့... စီနီယာ ဝူကို ပြစ်မှားမိတာ သူ့အပြစ်ပဲ ...သူ့ကိုယ်သူပဲ အပြစ်တင်ရမှာ”

“ပြီးတော့ နင်... စီနီယာ ဝူ နဲ့ သူတော်စင်မလေး စု တို့က အရမ်း လိုက်ဖက်တဲ့ စုံတွဲလေ ..ဒါကို နင်က ဘာထပြီး ပြဿနာ ရှာနေတာလဲ”

ထိုသို့ ပြောပြီးနောက် အကြီးအကဲချုပ်သည် မုရုံရွှယ်ကို လျစ်လျူရှုလိုက်ပြီး စုချောင်ရန်ဘက်သို့ လှည့်ကာ လေးနက်စွာ ပြောလိုက်၏။

“သူတော်စင်မလေး စု... မင်းကသာ ငါတို့ရဲ့ သူတော်စင်မ ဖြစ်သင့်တာ....ငါတို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ သူတော်စင်မအဖြစ် ပြန်လည် ဆောင်ရွက်ဖို့ ဆန္ဒရှိသလား”

ထိုအချိန်တွင် အကြီးအကဲချုပ်၏ သဘောထားမှာ အလွန်အမင်း မျက်နှာလိုမျက်နှာရ ဖြစ်နေသည်။ မည်သို့ပင်ဆိုစေကာမူ ၊ စုချောင်ရန်က အရေးမကြီးပေ။ အရေးကြီးသည်မှာ စုချောင်ရန်၏ တာအိုလက်တွဲ‌ဖော်သည် မဟာဧကရာဇ် တစ်ပါး ဖြစ်နေခြင်းပင်။

အကယ်၍ စုချောင်ရန်သာ သူတော်စင်မတစ်ပါး ဖြစ်လာပါက ၊ ယခုမှစ၍ သူတို့၏ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေသည် မဟာမြင့်မြတ်နယ်မြေ လေးခုကို ဦးဆောင်နိုင်မည့်သူ ဖြစ်လာပေတော့မည်။

သို့သော် စုချောင်ရန်က သူတော်စင်မ ဖြစ်ရန် စိတ်ကူးကို စွန့်လွှတ်လိုက်ပြီး ခေါင်းခါလိုက်၏။

“ထားလိုက်ပါတော့... သူတော်စင်မ ဖြစ်မယ့် စိတ်ကူးကို ကျွန်မ စွန့်လွှတ်လိုက်ပြီ”

ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ မျက်နှာဖုံးအောက်မှ အစစ်အမှန်ကို မြင်တွေ့လိုက်ရပြီးနောက် ၊ စုချောင်ရန်သည် သူတော်စင်မ တစ်ပါး ဖြစ်လိုသည့် စိတ်ကူးသည်လည်း ပျောက်ဆုံးသွားခဲ့သည်။

ထို့ပြင် သူမ၏ မူလ အစီအစဉ်မှာ သူတော်စင်မ ဖြစ်လာသည် အထိ စောင့်ဆိုင်းပြီးမှ ဝူဟောက်နှင့် နေထိုင်ရန် ဖြစ်သည်။ သို့သော် ယခု ဝူဟောက်သည် လူတိုင်း၏ ရှေ့သို့ ထွက်လာခဲ့ပြီ ဖြစ်ရာ သူမအနေဖြင့် သူတော်စင်မ ဖြစ်ရန် အကြောင်း မရှိတော့ပေ။

စုချောင်ရန်၏ အဖြေကို ကြားလိုက်ရသဖြင့် အကြီးအကဲချုပ်က တစ်စုံတစ်ခု ထပ်ပြောရန် ပြင်လိုက်စဉ် ဝူဟောက်က သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရပြီး ၊ သူသာ တစ်စုံတစ်ခု ထပ်ပြောရဲပါက ဝူဟောက်၏ အမျက်ဒေါသနှင့် ကြုံတွေ့ရပေတော့မည်။

ထိုအရာကို တွေးမိသဖြင့် အကြီးအကဲချုပ်မှာ သက်ပြင်းချရုံသာ တတ်နိုင်ပြီး သဘောတူလိုက်၏။

“ဒါက သူတော်စင်မလေး စုရဲ့ ဆုံးဖြတ်ချက် ဆိုတော့ ကျွန်တော်တို့ လေးစားပါတယ်... ဒါပေမဲ့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ တံခါးတွေက သူတော်စင်မလေး စုအတွက် အမြဲ ဖွင့်ထားတယ်ဆိုတာ မမေ့ပါနဲ့”

“ပြီးတော့ နင်... မုရုံရွှယ်... နင်က သူတော်စင်မလေး စုကို ကုန်းချောခဲ့တဲ့အတွက် နင့်ရဲ့ သူတော်စင်မ အရည်အချင်းကို ရုပ်သိမ်းလိုက်ပြီး လင်းယာဟွမ်က သူတော်စင်မ အဖြစ် တာဝန်ယူလိမ့်မယ်”

အကြီးအကဲ၏ စကားကို ကြားလိုက်ရချိန်တွင် မုရုံရွှယ်၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားပြီး ဒေါသတကြီး ပြောလိုက်၏။

“ရှင်တို့တွေ လုပ်ရဲလား... ကျွန်မက ဒီတစ်ခေါက်ရွေးချယ်ပွဲရဲ့ သူတော်စင်မပဲ... ကျွန်မက ပါရမီ အရှိဆုံးပဲ... လင်းယာဟွမ်က ဘာမို့လို့လဲ... သူမက ကျွန်မရဲ့ ပြိုင်ဘက်တောင် မဟုတ်ဘူး”

ပြပွဲကို ဘေးကနေ ကြည့်ရှုနေသော လင်းယာဟွမ်မှာ အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။ သို့သော် ကိစ္စများကို သဘောပေါက်လိုက်ပြီးနောက် ၊ သူမသည် စိတ်လှုပ်ရှားစွာဖြင့် အာမေဋိတ် ပြုလိုက်သည်။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲများ... ကျွန်မ လင်းယာဟွမ်က သူတော်စင်မ အဖြစ် တာဝန်ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်လို့ ကျိန်ဆိုပါတယ်... ပြီးတော့ ကျွန်မတို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေကို အရှက်ရအောင် လုပ်မှာ မဟုတ်ပါဘူး”

အခန်း (၅၀) - အိမ်ပြန်ချိန်

မုရုံရွှယ်မှာ စွမ်းအားမဲ့ပြီး ဒေါသထွက်နေသော်လည်း ၊ သူမအနေဖြင့် အကြီးအကဲများ၏ စိတ်ကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စ အားလုံးက သူမကနေ စတင်ခဲ့ခြင်း ဖြစ်ပေသည်။

“မုရုံရွှယ်... နင့်ကြောင့် ဒီလောက် ကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာရတာ... ဒါကြောင့် အခု နင့်ရဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးလိုက်ပြီး ပန်းတစ်သောင်းမြင့်မြတ်နယ်မြေကနေ ထုတ်ပယ်လိုက်တယ်... နင့်မှာ ကန့်ကွက်စရာ ရှိသေးလား”

အကြီးအကဲချုပ်သည် မုရုံရွှယ်ကို အလွန် တည်ငြိမ်သော မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်ပြီး ၊ မုရုံရွှယ်၏ အသက်နှင့် သေခြင်းကို စကားတစ်ခွန်းတည်းဖြင့် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် အခြေအနေမှာ မျှော်လင့်ချက် မရှိတော့ကြောင်း မုရုံရွှယ် သိလိုက်သည်။ မည်သည့်အရာက သူမအတွက် ပိုကောင်းသည်ကို မသိပါက ၊ သူမသည် ဤနေရာတွင် အမှန်တကယ်ပင် အသတ်ခံရပေလိမ့်မည်။

မိမိ၏ကျင့်ကြံမှုကို ဖျက်ဆီးပစ်ပြီး ပန်းတစ်သောင်းမြင့်မြတ်နယ်မြေမှ ထွက်ခွာရန် ဖိအားပေးခံရမည်ဆိုတောင် သူမ၏ အုတ်မြစ်ကြောင့် သူမသည် မကြာမီအချိန်အတွင်း သူတော်စင်နယ်ပယ်သို့ ပြန်လည် ရောက်ရှိနိုင်မည် ဖြစ်သည်။

ထို့ပြင် သူမ၏ ပါရမီအရ ၊ အခြား မြင့်မြတ်နယ်မြေများတွင် ရာထူးကောင်းကောင်း ရနိုင်ပြီး တစ်နေ့တွင် လက်စားချေနိုင်ရန် ဧကရာဇ်တစ်ပိုင်း နယ်ပယ်သို့ပင် ဖောက်ထွက်နိုင်ပေလိမ့်မည်။

ထိုအရာကို တွေးမိသဖြင့် မုရုံရွှယ်မှာ အလွန် ဒေါသထွက်နေသော်လည်း ၊ ဒေါသကို မျိုသိပ်ထားရုံသာ တတ်နိုင်ပြီး သဘောတူကြောင်း ခေါင်းညိတ်လိုက်၏။

နောက်တစ်စက္ကန့်တွင် အကြီးအကဲချုပ်က လှုပ်ရှားလိုက်ပြီး မုရုံရွှယ်အပေါ် ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်တစ်ပိုင်း စွမ်းအားကို ထုတ်လွှတ်လိုက်ရာ သူမ၏ ကျင့်ကြံခြင်းကို လုံးဝ ဖျက်ဆီးပစ်လိုက်သည်။ မုရုံရွှယ်၏ မျက်နှာသည်လည်း တဖြည်းဖြည်း အိုမင်းသွား၏။

သူမသည် အသက် ကိုးဆယ်ကျော်နေပြီ ဖြစ်သည်။ ကျင့်ကြံခြင်း အုတ်မြစ် ခိုင်မာမှု မရှိဘဲ သဘာဝကျကျ နေဝင်ချိန် ရောက်လာသော အဘွားအို တစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် မုရုံရွှယ်သည် ဘာမျှ မပြောပေ။ မည်သို့ပင်ဆိုစေကာမူ ၊ သူမ၏ အုတ်မြစ်နှင့် အမြစ်များ ရှိနေသေးသည်။ သူမကို အချိန်အတိုင်းအတာ တစ်ခုထိ ပေးလိုက်ရင် ၊ သူမသည် သူတော်စင်နယ်ပယ်သို့ လျင်မြန်စွာ ပြန်လည် ရောက်ရှိနိုင်သည်။

ထို့ပြင် ပန်းတစ်သောင်း မြင့်မြတ်နယ်မြေမှလွဲ၍ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးက သူမကို ငြင်းဆန်မည်ဟု သူမ မယုံကြည်ပေ။ အခွင့်အရေး ရလာသည့်တစ်နေ့ ၊ သူမသည် လူတိုင်းကို ပြန်လည် ပေးဆပ်ခိုင်းမည်ဖြစ်သည်။

“အကြီးအကဲတို့.. ကျွန်မ သွားလို့ ရပြီလား”

မုရုံရွှယ်သည် ဤဝမ်းနည်းဖွယ် နေရာတွင် ဆက်လက်မနေလိုတော့ဘဲ လှည့်ထွက်ပြီး တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ အကြီးအကဲများထဲမှ မည်သူမျှ သူမကို မတားဆီးကြပေ။

အဘယ်ကြောင့်ဆိုသော် သူတို့အမြင်တွင် မုရုံရွှယ်၏ ပြစ်မှုမှာ သေဒဏ်နှင့် မထိုက်တန်ဘဲ ဤသည်မှာ အကောင်းဆုံး ပြစ်ဒဏ် ဖြစ်ပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။

သို့သော် မုရုံရွှယ် ထွက်ခွာတော့မည့် ဆဲဆဲတွင် ဝူဟောက်က လှမ်းပြောလိုက်၏။

“အဲ့မှာ ရပ်လိုက်”

ဝူဟောက်၏ စကားသံကို ကြားလိုက်ရသဖြင့် မုရုံရွှယ်၏ ခြေလှမ်းများသည် ရပ်တန့်သွားသည်။ အားလုံးက ဝူဟောက်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြသည်။

မုရုံရွှယ်က ဖြည်းညင်းစွာ လှည့်ကြည့်ပြီး ဝူဟောက်ကို ကြည့်ကာ ရိုသေစွာ မေးလိုက်၏။

“စီနီယာ ဝူ... ပြောစရာ ရှိသေးလို့လား”

မုရုံရွှယ်သည် ယခုတွင် အဘွားအို တစ်ဦး ဖြစ်နေပြီ ဖြစ်သော်လည်း ၊ သူမ၏ သဘာဝ အလှတရားကြောင့် ဆွဲဆောင်မှု ရှိနေသေးသည်ဟု ဆိုရပေမည်။

သူမ၏ စိတ်သဘောထားကို လုံလောက်အောင် နှိမ့်ချနေသရွေ့ ဝူဟောက်သည် သူမကို ခက်ခဲအောင် လုပ်မည် မဟုတ်ဟု မုရုံရွှယ် ယုံကြည်ထားသည်။

သို့သော် မုရုံရွှယ် မှားသွားသည်။ ဝူဟောက်သည် ကိုယ်ကျင့်တရားဆိုင်ရာ ခြိမ်းခြောက်မှုကို လုံးဝ အထင်မကြီးပေ။ သို့မဟုတ်ပါက မီးနီဖြတ်ကူးနေသော အဘွားအို တစ်ဦးကို ကူညီပေးပြီးနောက် ရွှမ်ထျန်းကမ္ဘာသို့ ရောက်လာရလောက်အောင် ကံကောင်းခဲ့မည် မဟုတ်ပေ။

သူ့ရှေ့မှ မုရုံရွှယ်ကို ကြည့်ရင်း ဝူဟောက်က မဲ့ပြုံး ပြုံးလိုက်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်၏။

“ငါတို့က ပန်းတစ်သောင်းမြင့်မြတ်နယ်မြေနဲ့ မင်းကြားက စာရင်းကို ရှင်းပြီးသွားပြီ... အခု မင်းနဲ့ ငါ့မိန်းမကြားက စာရင်းကို ရှင်းကြမယ်... သဘောတူလား မိန်းမ”

ဝူဟောက်က ဇနီးဖြစ်သူဘက် လှည့်ကြည့်လိုက်ရာ စုချောင်ရန်က မော့ကြည့်ပြီး ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“အင်း”

ထို့နောက် စုချောင်ရန်သည် မုရုံရွှယ်ကို ကြည့်လိုက်ပြီး သူမ၏ လေသံထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

“မုရုံရွှယ်... လွန်ခဲ့တဲ့ နှစ် ၇၀ တုန်းက ငါ အပြင်ထွက်ပြီး လေ့ကျင့်တုန်းက နင် ငါ့ကို လိုက်သတ်ဖို့ လူတွေ လွှတ်ခဲ့တယ်... ဒါပေမဲ့ ငါက ကံကောင်းလို့ အသက်ရှင်ခဲ့ပြီး ငါ့ဘဝရဲ့ ချစ်ရသူနဲ့ တွေ့ဆုံခဲ့တယ်”

“ အစက ဒီကိစ္စကို နင့်အပေါ် အငြိုးမထားဖို့ စဉ်းစားခဲ့သေးတယ်... ဘာပဲဖြစ်ဖြစ် နင့်ကြောင့် မဟုတ်ရင် ငါ့ယောက်ျားနဲ့ ငါ တွေ့ဖြစ်ချင်မှ တွေ့ဖြစ်မှာလေ... ဒါပေမဲ့ ငါ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေကို ပြန်ရောက်ပြီးတဲ့နောက် နင်က သေလမ်းရှာပြီး ငါ့ကို ပစ်မှတ်ထားဖို့ လူတွေ အချိန်တိုင်း လွှတ်ခဲ့တယ်”

“ဒါပေမဲ့ ငါ ကံကောင်းပြီး လုံလောက်အောင် သန်မာလို့ အသက်ရှင်ခဲ့တယ်... လွန်ခဲ့တဲ့ ကိုးနှစ်က ဟောက်တန်လျှို့ဝှက်နယ်မြေမှာ နင် ငါ့ကို လိုက်သတ်ဖို့ ပန်းခူးညီနောင် သုံးဖော်ကို လွှတ်ခဲ့တယ်”

“ ငါ့မြေးသာ အဲ့မှာ မရှိခဲ့ရင် ငါ သေလောက်ပြီ”

“နင်နဲ့ ငါ့ကြားမှာ ပြန်လည်သင့်မြတ်လို့ မရနိုင်တဲ့ ရန်ငြိုးတစ်ခု ရှိနေတယ်... ဒီနေ့ နင် မသေမချင်း ဒီကိစ္စက ဒီမှာတင် ပြီးဆုံးမှာ မဟုတ်ဘူး”

စုချောင်ရန်၏ စကားကို ကြားလိုက်ရသဖြင့် မုရုံရွှယ်၏ မျက်လုံးအိမ်သည် မှေးကျဉ်းသွားသည်။ စုချောင်ရန်သည် ဤအရာ အားလုံးကို ထုတ်ဖော် ပြောကြားလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။ စုချောင်ရန်၏ စကားကို ကြားလိုက်ရသဖြင့် အပြင်ဘက်မှ တပည့်များက တစ်စုံတစ်ခုကို သတိရသွားပုံရပြီး သူတို့၏ မျက်နှာထားများသည် အနည်းငယ် ပြောင်းလဲသွားကာ ပြောဆိုလိုက်ကြသည်။

“ဟုတ်တယ်... လွန်ခဲ့တဲ့ နှစ် ၇၀ တုန်းက စီနီယာအစ်မ စုက ငါးနှစ်လောက် ပျောက်သွားပြီး ငါးနှစ်ကြာမှ ပြန်ရောက်လာတယ် ဆိုတာ ငါ မှတ်မိတယ်”

“ဟုတ်တယ်... အဲဒီတုန်းက မြင့်မြတ်နယ်မြေထဲက လူအများကြီးက စီနီယာအစ်မ စု အပြင်မှာ သေသွားပြီ... ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ကောလာဟလတွေ ဖြန့်နေကြတာ ငါ မှတ်မိတယ်... စီနီယာအစ်မ စု ပြန်ရောက်လာမှ ကောလာဟလတွေ ပျောက်သွားတာ”

“ရှူး... စီနီယာအစ်မ စု ပြောတာသာ အမှန်ဆိုရင် မုရုံရွှယ်က တကယ့်ကို ယုတ်မာတဲ့ လူပဲ”

“အမေ ပြောတာ မှန်တယ်... မိန်းမတစ်ယောက်က ပိုလှလေလေ လိမ်ပြောဖို့ အလားအလာ ပိုများလေလေ ဆိုတာ အမှန်ပဲ... မုရုံရွှယ်က အရမ်း လှပေမယ့် လိမ်ပြောတုန်းပဲ... တကယ်တော့ မိန်းမတစ်ယောက်ရဲ့ နှလုံးသားက အဆိပ်အပြင်းဆုံးပဲ”

သူမ ပတ်ဝန်းကျင်မှ အသံများကို နားထောင်ရင်း မုရုံရွှယ်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး စုချောင်ရန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ ဝူဟောက် ရှေ့ထွက်လာသည့် အချိန်မှစ၍ ယနေ့တွင် သူမ သေ‌ဆုံးရတော့မည်ဖြစ်ကြောင်း သူမကိုယ်သူမ သိလိုက်သည်။

ဤသည်ကို တွေးမိသဖြင့် မုရုံရွှယ်သည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော လေသံဖြင့် စုချောင်ရန်ကို ကြည့်ကာ ပြောလိုက်သည်။

“စုချောင်ရန်... ဒီနေ့ နင် နိုင်သွားတယ်... ဒါပေမဲ့ ငါ မုရုံရွှယ်က ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး... ငါ့မှာ အခွင့်အရေး ရှိရင် နင့်ကို သေချာပေါက် ပြန်လာရှာမယ်... သေချာပေါက် ပြန်လာခဲ့မယ်”

ထိုသို့ ပြောပြီးနောက် မုရုံရွှယ်သည် တုံ့ဆိုင်းခြင်း မရှိ သူမ၏ ကိုယ်ပိုင် နှလုံးသွေးကြောကို ဖြတ်တောက်လိုက်ပြီး လူတိုင်း၏ ရှေ့မှောက်တွင် သေဆုံးသွားသည်။

ဤသည်ကို မြင်လိုက်ရသဖြင့် စုချောင်ရန်မှာ အတော်လေး နေသာထိုင်သာ ရှိသွားသည်။ သူမ၏လုပ်ရပ်မှာ မှားယွင်းသည်ဟု မထင်ပေ။ အကယ်၍ သူမသာ ထက်မြက်သော ပါရမီရှင်နှင့် အရည်အချင်းမရှိပါက ၊ သေဆုံးရမည့်သူမှာ သူမ ဖြစ်ပေလိမ့်မည်။

ဝူဟောက်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ မုရုံရွှယ်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် ဖုန်မှုန့် အဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။ လူသားအင်မော်တယ် တစ်ဦး အနေဖြင့် သူ၏ အစွမ်းဖြင့် မုရုံရွှယ်သည် အမှန်တကယ် သေဆုံးသွားကြောင်းနှင့် ပြန်လည်ရှင်သန်ရန် မျှော်လင့်ချက် မရှိတော့ကြောင်း မြင်တွေ့နိုင်သည်။

“ကဲ အားလုံးပဲ... ဒီက ကိစ္စတွေ အားလုံး ဖြေရှင်းပြီးပြီ ဆိုတော့ ကျွန်တော်တို့ သွားတော့မယ်”

ဝူဟောက်သည် စုချောင်ရန်ကို ပွေ့ဖက်ထားရင်း ၊ ဂိုဏ်းစောင့် အကြီးအကဲများနှင့် အခြားသူများဘက်သို့ လှည့်ကြည့်လိုက်ပြီးနောက် လင်းထျန်းရီကို ကြည့်ကာ သိုလှောင်လက်စွပ် တစ်ကွင်းကို ထုတ်ယူပေးလိုက်သည်။

“ဦးလေးလင်း... ဒီမှာ အရင်းအမြစ် တချို့ ပါတယ်... ဦးလေးကို ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် အဆင့်ထိ ရောက်အောင် လုပ်ပေးဖို့ လုံလောက်တယ်... ဦးလေး ဖြေရှင်းလို့ မရတဲ့ ပြဿနာ တစ်ခုခု ကြုံရရင် ကျွန်တော့်ကို ဆက်သွယ်လိုက် ..ဒါက ကျွန်တော့် ဝီချက် အိုင်ဒီ ပါ”

ထိုသို့ ပြောပြီးနောက် ဝူဟောက်သည် သိုလှောင်လက်စွပ်ကို လင်းထျန်းရီအား ကမ်းပေးလိုက်ပြီး သူ့ဖုန်းကို ထုတ်ကာ လင်းထျန်းရီကို ဝီချက် သူငယ်ချင်း အဖြစ် ထည့်သွင်းလိုက်သည်။ ဝူဟောက်၏ လုပ်ရပ်များက ဂိုဏ်းစောင့် အကြီးအကဲများထံသို့ ပေးပို့သော သတင်းစကား တစ်ခု ဖြစ်ကြောင်း ထင်ရှားသည် ။

လင်းထျန်းရီသည် သူ၏ ကာကွယ်မှုအောက်တွင် ရှိပြီး ၊ သူတို့ မသေချင်ပါက လင်းထျန်းရီကို သခင်မြတ် ဖြစ်လာအောင် ကူညီပေးရမည်။

ဂိုဏ်းစောင့်များနှင့် အခြားသူများသည် ဝူဟောက်၏ အတွေးများကို သဘာဝကျကျ သိကြပြီး တိုးတိုးတိတ်တိတ် သက်ပြင်းချလိုက်သည်။ သို့သော် အားသာချက်က အားနည်းချက်ထက် များစွာ သာလွန်သည်။ သူတို့သည် ဧကရာဇ်လက်နက် တစ်ခုကို ဆုံးရှုံးလိုက်ရသော်လည်း အစွမ်းထက်သော မဟာဧကရာဇ် တစ်ပါးကို ကျောထောက်နောက်ခံ အဖြစ် ရရှိလိုက်သည်။

ထို့ပြင် ဝူဟောက်ကို ကျေနပ်အောင် လုပ်နိုင်ပါက မဟာဧကရာဇ် အဆင့်သို့ ရောက်ရှိနိုင်မည့် နည်းလမ်းကိုပင် သူ့ထံမှ ရရှိကောင်း ရရှိနိုင်သည်။ အားလုံး ပြီးစီးပြီးနောက် ဝူဟောက်က စုချောင်ရန်ကို ဖက်၍ ပြုံးကာ ပြောလိုက်၏။

“မိန်းမ... ငါတို့ အိမ်ပြန်သင့်ပြီ”

“အင်း ယောက်ျား... အိမ်ပြန်ကြစို့"

All Chapters