← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း ၅၁ - ရွေးချယ်ခံရသူ ဝူရူလုံ

တောင်ပိုင်းဒေသရှိ ဝူမိသားစု ကုန်သည်အသင်း၏ တိုက်အိမ်အတွင်း၌ ဝူရူလုံသည် အသင်း၏ ကိစ္စအဝဝကို ကိုင်တွယ် ဖြေရှင်းနေသည်။ ဆယ်နှစ်တာ ကြာမြင့်ပြီးနောက်တွင် ဝူရူလုံသည် မဟာသူတော်စင် ကနဦးအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

သူသည် အဆင့်မြင့် ဝိညာဉ်အမြစ်ကိုသာ ပိုင်ဆိုင်ထားသူ ဖြစ်သော်လည်း ဆယ်နှစ်အတွင်း မဟာသူတော်စင် ကနဦးအဆင့်သို့ ရောက်ရှိအောင် ဖောက်ထွက်နိုင်ခဲ့ခြင်းက အောင်မြင်မှု တစ်ရပ်ဟု ဆိုရပေမည်။

"အိုင်း... တကယ်ကို ခေါင်းကိုက်စရာပဲ”

ဝူရူလုံသည် ခါးဆန့်လိုက်ပြီး ဆက်လက်၍ အလုပ်လုပ်ရန် ပြင်ဆင်နေစဉ် ၊ ဖခင်ဖြစ်သူ ဝူဟောက်ထံမှ စိတ်ချင်းဆက်သွယ်သော သတင်းစကား တစ်စောင် ရောက်ရှိလာခဲ့သည်။

"အိမ်ပြန်လာခဲ့... မင်းအမေ ပြန်ရောက်နေပြီ”

ထိုသတင်းစကားကို ကြားလိုက်ရသည်နှင့် ဝူရူလုံမှာ တစ်ခဏမျှ ကြောင်အမ်းသွားသော်လည်း ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ထရပ်လိုက်၏။

"ဘာ... အမေ ပြန်ရောက်နေပြီ ဟုတ်လား”

ထိုသတင်းကိုကြားသည်နှင့် ဝူရူလုံသည် အလုပ်များကို ချက်ချင်း ပစ်ထားခဲ့ပြီး အိမ်သို့ ဒုန်းစိုင်း ပြေးတော့သည်။ ဝူမိသားစု ကုန်သည်အသင်း ဆိုသည်မှာ အပျင်းပြေ လုပ်ကိုင်နေခြင်းသာ ဖြစ်၏။ အကယ်၍ ဆက်ခံသူသာ မရှိခဲ့လျှင်ဖြင့် ဝူရူလုံသည် လွန်ခဲ့သော ကာလများကတည်းက ထွက်သွားပြီး ဖြစ်ပေလိမ့်မည်။

ထိုသတင်းကို သိရသည်နှင့် တောင်ပိုင်းဒေသတွင် လေ့ကျင့်နေကြသော ဝူမိသားစုဝင် အားလုံးသည် ဝူမိသားစု အိမ်တော်သို့ အပြေးအလွှား ပြန်လာကြသည်။ အကြောင်းရင်းသည် သူတို့၏ ဘိုးအဘွားဖြစ်သူ စုချောင်ရန်ကြောင့် ဖြစ်သော်လည်း အဓိက အကြောင်းရင်းမှာမူ ဝူမိသားစုကို ဘုန်းမီးနေလ ထွန်းတောက်စေခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ဘိုးဘေး ဝူဟောက်ကို မတွေ့ရသည်မှာ ကြာမြင့်နေပြီ ဖြစ်သဖြင့် မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သည်ကို တွေ့မြင်လိုသောကြောင့် ဖြစ်၏။

ထိုအချိန်တွင် ဝူဟောက်သည် စုချောင်ရန်ကို ခေါ်ဆောင်၍ ဝူမိသားစု အိမ်တော်သို့ ပြန်ရောက်လာခဲ့သည်။ ဝူဟောက် ပြောသော ဝူမိသားစု ဆိုသည်မှာ သူနှင့် စုချောင်ရန်တို့ တောနက်ထဲတွင် နေထိုင်ခဲ့စဉ်က အိမ်ကလေးကို ဆိုလိုခြင်း ဖြစ်သည်။ ဝူရူလုံနှင့် အခြားသူများကလည်း ဤအချက်ကို သိထားကြသဖြင့် ဝူဟောက်နှင့် စုချောင်ရန်တို့ ပြန်ရောက်နေကြောင်း သိလိုက်သည်နှင့် တောနက်ထဲရှိ ဝူမိသားစု အိမ်ဟောင်းလေးဆီသို့ အလျင်အမြန် ထွက်ခွာလာကြသည်။

ဝူရူလုံသည် အိမ်ပြန်ရောက်လာချိန်၌ ဝူဟောက်နှင့် စုချောင်ရန်တို့သည် ခြံဝင်းထဲရှိ သစ်ပင်ကြီးတွင် ချိတ်ဆွဲထားသော ဒန်းပေါ်၌ ထိုင်နေကြသည်ကို တွေ့လိုက်ရ၏။ သူတို့၏ မျက်နှာများတွင် လွမ်းဆွတ်သတိရမှုများဖြင့် ပြည့်နှက်နေပြီး ဤနေရာ၌ နေထိုင်ခဲ့စဉ်က နေ့ရက်များကို တမ်းတနေပုံ ရသည်။

"ယောက်ျား... ရှင် ကျွန်မကို အရင် လိုက်ခဲ့တာ မှတ်မိသေးလား”

"ဒါပေါ့ မှတ်မိတာပေါ့... မူလက ကိုယ် ဒီနားမှာပဲ အခြေချဖို့ စိတ်ကူးထားတာ... ဒါပေမဲ့ မလှမ်းမကမ်းက မြစ်ထဲမှာ မင်း သတိလစ်နေတာကို တွေ့လိုက်ရမယ်လို့ မထင်ထားခဲ့ဘူး... ဒါနဲ့ပဲ မင်းကို အိမ်ခေါ်လာခဲ့တာလေ”

ဝူဟောက်သည်လည်း ထိုစဉ်က ဖြစ်ပျက်ခဲ့သည်များကို ပြန်အမှတ်ရနေပြီး ၊ သူ၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု အလိုအလျောက် ဖြစ်ပေါ်လာသည်။ သူ၏ ပါရမီမှာ သာမန်သာ ရှိသည်ဟု သိလိုက်ရပြီးနောက် အေးချမ်းမှုသည် မင်္ဂလာတစ်ပါးဟု ယုံကြည်ကာ ဤတောင်ပေါ်တွင် အခြေချရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် တစ်နေ့တွင် အပြင်ထွက်ရာမှ မြစ်ထဲတွင် မျောပါလာသော စုချောင်ရန်ကို တွေ့ရှိခဲ့သည်။

ဝူဟောက်သည် တုံ့ဆိုင်းမနေဘဲ စုချောင်ရန်ကို ကယ်ဆယ်ခဲ့ပြီး အိမ်သို့ ခေါ်ဆောင်ကာ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးခဲ့၏။ ထို့အပြင် သူ၏ စကားပြောကောင်းမှုဖြင့် သူမ၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သည်။ စုချောင်ရန်သည်လည်း တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး မျက်နှာ အနည်းငယ် နီမြန်းသွားပြီး ဝူဟောက်၏ လက်မောင်းကို ဖွဖွလေး ထု၍ ပြောလိုက်သည်။

"ရှင်က ပြောတတ်လိုက်တာ... စစချင်းတုန်းက ရှင့်ကို လူကောင်းလို့ ထင်ခဲ့တာ... မသမာတဲ့ ရည်ရွယ်ချက်နဲ့ ကယ်ခဲ့မယ်လို့ မထင်ထားဘူး”

"ဟား... ကိုယ့်မှာသာ မသမာတဲ့ ရည်ရွယ်ချက် မရှိခဲ့ရင် ရွှမ်ထျန်းကမ္ဘာတစ်ခုလုံးမှာ ဒီလိုအကောင်းဆုံး ဇနီးသည်ကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မလဲ”

ဝူဟောက်သည် မျက်နှာပြောင်တိုက်၍ ဝင်ပြောလိုက်ရာ စုချောင်ရန်၏ မျက်နှာမှာ ထပ်မံ နီမြန်းသွားပြန်၏ ။ စုချောင်ရန်သည် အမြဲတမ်း အဘယ့်ကြောင့် မျက်နှာနီမြန်းနေရသည်ကို မည်သူမျှ မသိနိုင်ပေ။ မလှမ်းမကမ်းတွင် ရောက်နေသော ဝူရူလုံမှာမူ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ချောင်းဟန့်၍ ပြောလိုက်ရတော့သည်။

"အဖေ..."

ထိုအခါမှ ဝူဟောက်နှင့် စုချောင်ရန်တို့သည် အခြေအနေကို သတိပြုမိသွားကြ၏။ စုချောင်ရန်၏ မျက်နှာထားသည် အလွန် တည်ကြည် လေးနက်သွားသော်လည်း ဝူဟောက်ကိုမူ "ကလေးရှေ့မှာ ကျွန်မ မျက်နှာပျက်အောင် လုပ်ရသလား" ဟူသော အပြစ်တင်သည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သူတို့နှစ်ဦးသည် ပုံမှန် အနေအထားသို့ ပြန်ရောက်သွားသောအခါ ဝူရူလုံသည် ဝူချန်ခွန်းနှင့် အခြားသူများကို ဦးဆောင်၍ သူတို့ရှေ့သို့ ဝင်ရောက်လာသည်။ ဖခင်ဖြစ်သူဘေးတွင် ထိုင်နေသော စုချောင်ရန်ကို ကြည့်ရင်း ဝူရူလုံ၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောထွေးနေ၏။

ဝူရူလုံသည် ငယ်စဉ်ကလေးဘဝက မိခင်မေတ္တာကို ဆုံးရှုံးခဲ့ရသည့်အတွက် စုချောင်ရန်အပေါ် နက်ရှိုင်းသော နာကြည်းချက် ရှိခဲ့ဖူးသည်။ ရန်သူများ၏ လိုက်လံတိုက်ခိုက်မှုကို ရှောင်တိမ်းရန်နှင့် သူတို့သားအဖကို မထိခိုက်စေလိုသောကြောင့် စုချောင်ရန် ထွက်ခွာသွားရခြင်း ဖြစ်ကြောင်း သိလိုက်ရသည့်တိုင်အောင် ထိုနာကြည်းချက်မှာ အနည်းငယ် လျော့ပါးသွားသော်လည်း ကျန်ရှိနေဆဲ ဖြစ်သည်။

မူလက ဝူရူလုံသည် ယခု တွေ့ဆုံပွဲတွင် စုချောင်ရန်ကို ခွင့်မလွှတ်ရန် ပြင်ဆင်ထားသော်လည်း တကယ်တမ်း တွေ့ဆုံလိုက်ရသောအခါ မိခင်ဖြစ်သူကို မမုန်းနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ သူ၏ မျက်လုံးများ နီရဲလာပြီး စုချောင်ရန်ကို ကြည့်ကာ တုန်ရီသော အသံဖြင့် ခေါ်လိုက်မိ၏။

"အမေ”

"ရူလုံ... ဒီနှစ်တွေမှာ သား အရမ်း ပင်ပန်းခဲ့မှာပဲ”

စုချောင်ရန်၏ မျက်လုံးများလည်း နီရဲလာပြီး မတ်တတ်ထရပ်ကာ ဝူရူလုံကို ဖက်ထားလိုက်သည်။ ဝူရူလုံမှာ မထိန်းနိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုကြွေးလေတော့၏။ သူ့ဒုက္ခကို မည်သူကများ နားလည်ပေးနိုင်မည်နည်း။ ဝူဟောက်သည် သူ့ကို ကျင့်ကြံရန်သာ တိုက်တွန်းနေခဲ့သည်။ သူသည်လည်း မိခင်မေတ္တာကို လိုချင်တောင့်တခဲ့သူ ဖြစ်သည်။

မိခင်၏ ရင်ခွင်ထဲတွင် တစ်ခဏမျှ ငိုကြွေးပြီးနောက် ဝူရူလုံသည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး မျက်ရည်များကို သုတ်ကာ မေးလိုက်သည်။

"အမေ ပြန်ရောက်လာပြီဆိုတော့... ပြန်ထွက်သွားဦးမှာလား”

"ဒီတစ်ခါတော့ မသွားတော့ပါဘူး... အားလုံး အခြေကျသွားပြီဆိုတော့ အိမ်မှာနေပြီး သားသမီးတွေကို စောင့်ရှောက်ရမယ့် အချိန်ရောက်ပြီလေ”

စုချောင်ရန်၏ မျက်နှာပေါ်တွင် မေတ္တာရိပ်များ လွှမ်းခြုံနေသဖြင့် ဝူရူလုံ၏ နှလုံးသားမှာ တုန်လှုပ်သွားရသည်။ ဤသည်မှာ ဒဏ္ဍာရီလာ မိခင်မေတ္တာဆိုသည်မှာလော။

သို့သော် ဝူရူလုံ စကားမဆုံးခင်မှာပင် မလှမ်းမကမ်းရှိ နေဝင်မြို့တော်၌ ထူးဆန်းသော ဖြစ်ရပ်ဆန်းတစ်ခု ပေါ်ပေါက်လာ၏။ သို့သော် ဝူဟောက်သည် ချက်ချင်းပင် ဖိနှိပ် ချုပ်တည်းလိုက်သည်။ ထို့ကြောင့် ဝူရူလုံနှင့် လူနည်းစုသာလျှင် ထိုအရာကို မြင်လိုက်ရသည်။

"ယောက်ျား... ဘာဖြစ်တာလဲ”

စုချောင်ရန်၏ မျက်နှာထားမှာလည်း တည်ကြည်သွားပြီး ဝူဟောက်ကို စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။ ဝူဟောက်သည် ပြုံးရွှင်စွာဖြင့် ပြန်ဖြေလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး... မင်းရဲ့မြေး ကလေးမွေးလာလို့ လှုပ်ရှားမှုက နည်းနည်း ကြီးသွားတာပါ”

ထိုအခါမှ ဝူရူလုံလည်း တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်သည်။

"ဟုတ်သားပဲ... ဒီနေ့က ဝမ်ကူရဲ့ မိန်းမ မီးဖွားမယ့်ရက်ပဲ”

ထိုစကားကို ကြားသောအခါ စုချောင်ရန်၏ မျက်နှာမှာ ဝမ်းသာပီတိများဖြင့် လင်းလက်သွား၏။ မြေးကို မထိန်းခဲ့ရလျှင်တောင်မှ မြစ်ကိုတော့ ထိန်းရပေလိမ့်မည်။ ထိုသို့ တွေးလိုက်ပြီးနောက် စုချောင်ရန်သည် ဝူဟောက်ကို ကြည့်၍ ပြောလိုက်သည်။

"ယောက်ျား... ပြန်ကြစို့... ကျွန်မမြစ်လေးက ဘယ်လိုလူမျိုးလဲဆိုတာ ကြည့်ရအောင် “

"အင်း”

ဝူဟောက်တွင်လည်း ထိုအစီအစဉ် ရှိပြီးသား ဖြစ်သည်။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ဝူရူလုံနှင့် အခြားသူများကို ဦးဆောင်ကာ ဝူမိသားစု အိမ်တော်သို့ ပြန်လာခဲ့ကြသည်။

ထိုအချိန်တွင် ဝူချန်ခွန်းနှင့် အခြားသူများသည် ဝူမိသားစု အိမ်တော်၌ စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။ ဝူဟောက် ပြန်ရောက်နေကြောင်းနှင့် ဝမ်ကူ၏ ဇနီး မီးဖွားတော့မည် ဖြစ်ကြောင်း သိထားကြသဖြင့် သူတို့၏ တူလေးမှာ မည်သို့သောသူ ဖြစ်မည်ကို လာရောက် ကြည့်ရှုလိုကြခြင်း ဖြစ်၏။

"အဖေ... အဘိုး”

ဝူရူလုံနှင့် ဝူဟောက်တို့ ဝင်လာသည်ကို မြင်လိုက်ရသောအခါ ဝူချန်ခွန်းနှင့် အခြားသူများသည် ချက်ချင်း မတ်တတ်ထရပ်လိုက်ကြပြီး လွန်စွာ လေးစားသော လေသံဖြင့် နှုတ်ဆက်ကြသည်။

နှုတ်ဆက်ပြီးသည်နှင့် ဝူချန်ခွန်းနှင့် အခြားသူများသည် ဝူဟောက်ဘေးတွင် ရပ်နေသော စုချောင်ရန်ကို သတိပြုမိသွားကြ၏။ သူတို့သည် စုချောင်ရန်သည် မည်သူဖြစ်သည်ကို လျင်မြန်စွာ ခန့်မှန်းမိလိုက်ကြပြီး အပြေးအလွှား သွားရောက် နှုတ်ဆက်ကြသည်။

"အဘွား..."

ဝူချန်ခွန်းနှင့် အခြားသူများက သူမကို "အဘွား" ဟု ခေါ်သည်ကို ကြားလိုက်ရသောအခါ စုချောင်ရန်မှာ မယုံကြည်နိုင် ဖြစ်နေမိသည်။ သူမ၏ အသက်မှာ ရာဂဏန်းမျှပင် မပြည့်သေးချေ။ အဘယ့်ကြောင့် ဤမျှ လျင်မြန်စွာ အဘွား၊ ဘေး အဆင့်ထိ ရောက်သွားလေသနည်း။

သာမန်လူတစ်ယောက် အတွက်ဆိုလျှင် ဤအသက်အရွယ်က ဖြစ်နိုင်သော်လည်း သူမသည် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး မဟာသူတော်စင် အထွတ်အထိပ် အဆင့်သို့ ရောက်နေသူ ဖြစ်သည်။

သို့သော်လည်း စုချောင်ရန်သည် သူမရှေ့မှ လူများသည် သူမ၏ မြေးများဖြစ်ကြောင်း လျင်မြန်စွာ လက်ခံလိုက်သည်။ သူမ၏ မြစ်ကိုပင် ဟောက်တန်လျှို့ဝှက်နယ်မြေ၌ တွေ့ဆုံခဲ့ဖူးသည် မဟုတ်လော။

"အင်း... မင်းတို့က ချန်ခွန်း၊ ရွှမ်ယွမ်၊ ဝမ်ကူ နဲ့ ချင်လုံ တို့ ဖြစ်မယ်”

အခြားသော ဒေသကြီး လေးခုသို့ ရောက်ရှိနေကြသည့် ဝူဝမ်တောက်၊ ဝူထျန်းကွန်း၊ ဝူချီထျန်း နှင့် ဝူရွှယ်ရင် တို့မှလွဲ၍ ဝူမိသားစု၏ တတိယမျိုးဆက် အားလုံး ဤနေရာသို့ ရောက်ရှိနေကြသည်။ စတုတ္ထမျိုးဆက်များ အနေဖြင့်မူ ဝူယီဖန်သည် ထိုအချိန်က လိုက်လံတိုက်ခိုက်ခြင်း ခံနေရပြီး ထူးခြားသော ပါရမီရှင် ဝူယိတောက်မှာမူ ထိပ်တန်း အင်အားကြီး ဂိုဏ်းတစ်ခုသို့ ဝင်ရောက်၍ တပည့်ခံထားသည်။

အခန်း ၅၂ - ဝူလိ

ဝူဟောက်နှင့် အခြားသူများ စိုးရိမ်တကြီး စောင့်ဆိုင်းနေစဉ် ၊ လက်သည်အဒေါ်ကြီးသည် ချစ်စရာကောင်းသော ကလေးငယ်တစ်ဦးကို ပွေ့ချီ၍ ထွက်လာသည်။

"သခင်ကြီး... မွေးပြီ”

လက်သည် အဒေါ်ကြီးသည် ကလေးငယ်ကို ဝူဝမ်ကူအား ကမ်းပေးလိုက်၏။ ရင်ခွင်ထဲမှ ကလေးငယ်ကို ကြည့်ရင်း ဝူဝမ်ကူမှာ စိတ်လှုပ်ရှားနေသည်။ သူသည် ဤမျှ လျင်မြန်စွာ ဖခင်ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ထိုအချိန်၌ ဘေးတွင် ရပ်နေသော ဝူဟောက်သည် မြစ်ဖြစ်သူအကြောင်း အချက်အလက်များကို စကင်ဖတ်ပြီး ဖြစ်သည်။

【အမည် - ယာယီ】

【ကံတရား - ရွေးချယ်ခံရသူ၊ အင်မော်တယ်ဧကရာဇ် ဝင်စားသူ】

【ပါရမီ - အဆင့်နိမ့် ဝိညာဉ်အမြစ်】

【ခန္ဓာကိုယ် - အာကာသအချိန် နတ်ဘုရားခန္ဓာ 】

【မှတ်ချက် - ဤသူသည် လွန်စွာ သတိကြီးသူ ဖြစ်ပြီး သူ၏ မွေးရာပါ အင်မော်တယ်လက်နက်မှာ လက်ရှိတွင် ပျောက်ဆုံးနေသည်။】

မြစ်ဖြစ်သူ၏ အချက်အလက်များကို ကြည့်ပြီးနောက် ဝူဟောက်၏ မျက်နှာထားမှာ လွန်စွာ လေးနက်သွားသည်။ အမှန်အားဖြင့် ပါရမီဆိုသည်မှာ ရွေးချယ်ခံရသူများအတွက် အရေးမကြီးပေ။ လူအများ လေးစားကြည်ညိုရသော ဟန်ထျန်းကျွင်း ကဲ့သို့ပင်၊ အင်မော်တယ်လမ်းစဉ်ကို စတင် ကျင့်ကြံချိန်၌ မည်သူကမှ အထင်မကြီးခဲ့ကြသော်လည်း သို့သော် နောက်ပိုင်းတွင် သူသည် ပြိုင်ဘက်ကင်း တစ်ယောက် ဖြစ်လာခဲ့သည်။

ထို့အပြင် ရွေးချယ်ခံရသူ ဖြစ်နေသရွေ့ စနစ်သည် သူတို့၏ ပါရမီကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ အဆတစ်သန်း ပြန်လည်ရရှိခြင်းအပေါ် အခြေခံ၍ တိုက်ရိုက် တုံ့ပြန်မှု ပေးမည်သာ ဖြစ်သည်။

“ အဘိုးနဲ့ အဘွား... ကျွန်တော့်သားကို နာမည်လေး ပေးပါလား”

ဝူဝမ်ကူသည် သားဖြစ်သူကို ပွေ့ချီလျက် ဝူဟောက်နှင့် စုချောင်ရန်တို့အနားသို့ တိုးကပ်လာကာ လေးလေးနက်နက် တောင်းဆိုလိုက်သည်။ ဝူဟောက်သည် ဇနီးသည်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အကြံပြုလိုက်၏။

"မိန်းမရေ... မင်းလည်း ပြန်ရောက်နေပြီဆိုတော့... ဒီမြစ်ကလေးကို နာမည်ပေးလိုက်ပါလား”

ထိုစကားကို ကြားသောအခါ စုချောင်ရန်၏ မျက်လုံးများမှာ အရောင်တောက်သွားပြီး သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။ သူမသည် သူမရှေ့မှ မြစ်ကလေးကို ကြည့်ကာ အချိန်ကြာမြင့်စွာ စဉ်းစားနေမိ၏။ ခေတ္တမျှ ကြာပြီးနောက် အကြောင်းရင်း တစ်စုံတစ်ရာ မရှိဘဲ သူမ၏ ခေါင်းထဲ၌ အမည်တစ်ခု ပေါ်လာခဲ့သည်။

"အင်း... သူ့ကို 'ဝူလိ' လို့ ပေးကြတာပေါ့... သစ်ပင်ကြီးတစ်ပင်လို မြင့်မားစွာ တက်လှမ်းနိုင်ပြီး ဘဝခရီး ချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ်”

" ဝူလိ တဲ့လား ခုလို နာမည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဘွား”

ထိုစကားကို ကြားသောအခါ ဝူဝမ်ကူသည် စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး သားဖြစ်သူကို စုချောင်ရန်လက်ထဲမှ ပြန်လည် လွှဲပြောင်းယူလိုက်သည်။ သို့သော် ဝူဝမ်ကူသည် တစ်စုံတစ်ခုကို လျင်မြန်စွာ အာရုံခံမိလိုက်ပြီး ဝူဟောက်ကို လေးနက်သော မျက်နှာထားဖြင့် ကြည့်လိုက်၏။

"အဘိုး... လိအာရဲ့ ခန္ဓာကိုယ်ထဲမှာ အားကောင်းတဲ့ စွမ်းအင်တစ်ခု ရှိနေတာကို ကျွန်တော် အာရုံခံမိတယ်... ဒါပေမဲ့ အဲဒီစွမ်းအင်က ဘာလဲ”

ဝူဝမ်ကူ၏ စကားကို ကြားပြီးနောက် အားလုံးက ဝူဟောက်ကို ကြည့်လိုက်ကြသည်။

ဝူဟောက်သည် ခေတ္တမျှ စဉ်းစားပြီးမှ ပြောလိုက်၏။

"ဟုတ်တယ်... မင်း အာရုံခံမိတာ မှန်တယ်... ဝူလိမှာ ထူးခြားတဲ့ ခန္ဓာကိုယ်တစ်ခု ရှိနေတယ်... သူ့ရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်က ဒဏ္ဍာရီလာ အာကာသအချိန် နတ်ဘုရားခန္ဓာ ပဲ... အဆင့်မြင့်မြင့် ကျင့်ကြံပြီးသွားရင် အချိန် နဲ့ ဟင်းလင်းပြင် ဆိုတဲ့ မဟာလမ်းစဉ် နှစ်ခုကို ထိန်းချုပ်နိုင်တယ်လို့ ဆိုကြတယ် “

သားဖြစ်သူတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်မျိုး ရှိနေသည်ကို ကြားလိုက်ရသောအခါ ဝူဝမ်ကူသည် ဦးစွာ ကြောင်အမ်းသွားသော်လည်း ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားသည်။ သူ၏ အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့၏ သားသမီးများတွင် ထိုကဲ့သို့ ကြောက်မက်ဖွယ် ခန္ဓာကိုယ်များ ရှိကြသည်။ အကယ်၍ သူ့သားတွင်သာ ထိုကဲ့သို့သော ဖွဲ့စည်းပုံ မပါလာခဲ့လျှင် ရှက်စရာ ဖြစ်မည် မဟုတ်လော။

ပါရမီနှင့် ပတ်သက်၍မူ သူ့သားတွင် အဆင့်နိမ့် ဝိညာဉ်အမြစ်သာ ပါလာကြောင်း သူကိုယ်တိုင်လည်း သိထားသော်လည်း ဝူမိသားစုတွင် အရင်းအမြစ်များ မရှားချေ။ သူ၏စတုတ္ထအစ်ကို ဝူချင်လုံသည်လည်း အဆင့်နိမ့် ဝိညာဉ်အမြစ် ပိုင်ရှင်ပင် မဟုတ်လာ။ သို့သော် ဝူမိသားစု၏ အရင်းအမြစ်များ ပုံအောပေးမှုကြောင့် အဆင့်နိမ့် ဝိညာဉ်အမြစ်မှ အဆင့်မြင့် ဝိညာဉ်အမြစ်သို့ အတင်းအဓမ္မ တိုးမြှင့်ပေးနိုင်ခဲ့သည်။

(မှတ်ချက် - ဝိညာဉ်အမြစ် အရည်အသွေးကို မြှင့်တင်ခြင်းသည် စနစ်၏ တုံ့ပြန်မှုနှုန်းကိုလည်း ပြောင်းလဲစေနိုင်သည်။)

ဝူဟောက်၏ ပြင်းပြင်းထန်ထန် ထောက်ပံ့မှုကြောင့် ယခုအခါ ဝူမိသားစုတွင် အဆင့်နိမ့် ဝိညာဉ်အမြစ် ပိုင်ဆိုင်သူ မရှိသလောက် ဖြစ်ပြီး အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ရှိသူများပင် လွန်စွာ ရှားပါးသွားပြီ ဖြစ်သည်။

"ဝမ်ကူ... သားကို အဘွားဆီမှာ ပေးမထားချင်ဘူးလား”

သူမရှေ့မှ သေးကွေးပြီး ချစ်စရာကောင်းသော ဝူလိကို ကြည့်ရင်း စုချောင်ရန်၏ မျက်နှာပေါ်တွင် နူးညံ့သော ခံစားချက်များ ဖြစ်ပေါ်နေသည်။ သူမသည် အဘွား၊ ဘေး အဆင့်သို့ ရောက်နေပြီ ဖြစ်သော်လည်း ကလေး တစ်ခါမှ မထိန်းဖူးချေ။ ယခု အသင့်တော်ဆုံး ကလေးတစ်ယောက် ရောက်လာပြီ ဖြစ်၏။ ကလေးငယ်များကို ပြုစုစောင့်ရှောက်ရာတွင် အတွေ့အကြုံ မရှိသဖြင့် စုချောင်ရန်သည် ဤအတွေ့အကြုံကို ခံစားလိုသည်မှာ သဘာဝပင်။

ထိုစကားကို ကြားသောအခါ ဝူဝမ်ကူသည် ကနဦးတွင် အံ့အားသင့်သွားသော်လည်း စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း သဘောတူလိုက်သည်။

"အဘွား... သဘောတူပါတယ်ဗျာ”

အဘွားဖြစ်သူသည် မည်သည့်အဆင့်သို့ ရောက်နေသည်ကို မသိရသော်လည်း အဘိုး၏ အစွမ်းအစနှင့် အဘိုးကို သိမ်းပိုက်နိုင်ခဲ့သော အမျိုးသမီး ဖြစ်ခြင်းကို ထောက်ချင့်၍ အဘွား၏ အစွမ်းသည်လည်း သေချာပေါက် ရိုးရှင်းလိမ့်မည် မဟုတ်ပေ။

ထို့အပြင် ပါရမီရှင်များ ဖြစ်ကြသော ဝူယီဖန်နှင့် ဝူယိတောက် တို့ကိုပင် အဘိုးက ပျိုးထောင်ပေးခဲ့ခြင်း မဟုတ်ကြောင်း သင် သိထားရမည်။ သူတို့ ကျင့်ကြံနိုင်မှသာ အဘိုး၏ လမ်းညွှန်ပေးမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။ ယခု သားဖြစ်သူကို အဘွားကိုယ်တိုင် ပျိုးထောင်ပေးမည် ဆိုပါက မည်သူက ပိုသာမည်၊ မည်သူက နိမ့်ကျမည် ဆိုသည်ကို ပြောနေစရာပင် လိုမည် မဟုတ်ပေ။

ဝူဝမ်ကူ၏ ဇနီးသည်မှာ ထိုသတင်းကို ကြားသိရသောအခါ အနည်းငယ် ဝန်လေးနေသော်လည်း ခေါင်းညိတ် သဘောတူခဲ့သည်။ သားဖြစ်သူ အနေဖြင့် စုချောင်ရန်နှင့်အတူ ကြီးပြင်းခွင့် ရပါက ၊ အနာဂတ်တွင် ပိုမို ခရီးပေါက်ပြီး ကြီးကျယ်သော အောင်မြင်မှုများ ရရှိနိုင်မည်ဟု သူမ ယုံကြည်သည်။

ဝူဟောက် အနေဖြင့် ထိုကောင်လေးသည် သူတို့လင်မယားနှစ်ယောက် ကလေးရအောင် ကြိုးစားနေမှုကို မနှောင့်ယှက်သရွေ့ ကန့်ကွက်စရာ မရှိပေ။ သို့သော် ဝူဟောက်၏ လက်ရှိ အခြေအနေအရ၊ သူနှင့် ဇနီးသည်တို့ နှစ်ပေါင်းတစ်ရာ တိုက်ခိုက်လျှင်တောင်မှ ကိုယ်ဝန်ရနိုင်ချေ ရှိမရှိ မသေချာပေ။ ကျင့်ကြံခြင်း နိယာမအရ ၊ ကျင့်ကြံသူတစ်ဦးသည် စွမ်းအားကြီးလေလေ မျိုးဆက်ပွားရန် ခက်ခဲလေလေ ဖြစ်သည်။

ယခု သူသည် လူသားအင်မော်တယ် အဆင့်သို့ ရောက်နေပြီ ဖြစ်ပြီး ဇနီးသည်မှာလည်း သူတော်စင်ဘုရင် အဆင့်သို့ တက်လှမ်းတော့မည် ဖြစ်ရာ သာမန် အခြေအနေမျိုးတွင်... မဟုတ်သေးဘူး ၊ သာမန် အခြေအနေမျိုးတွင် လူသားအင်မော်တယ် တစ်ပါးသည် သူတော်စင်ဘုရင် တစ်ပါးနှင့် အတူရှိနေမည် မဟုတ်ပေ။ အတိုချုပ် ပြောရလျှင် ကိုယ်ဝန် ရနိုင် မရနိုင် ဆိုသည်မှာ ကံတရားအပေါ်၌သာ မူတည်တော့သည်။

ဝူလိ မွေးဖွားပြီးနောက် ဝူဟောက်သည် ဝူမိသားစု၏ လက်ရှိ အခြေအနေကို ကြည့်လိုက်သည်။ ဝူမိသားစုသည် နေဝင်မြို့တော်၌ပင် ရှိနေသေးသော်လည်း နေဝင်မြို့တော်၏ အတိုင်းအတာသည် လက်ရှိ ဝူမိသားစုကို ထိန်းနိုင်စွမ်း မရှိတော့ပေ။

ဝူဟောက်၏ ခမည်းခမက်ဟောင်း ဖြစ်သော ရွှီအန်းပင်လျှင် ဝူမိသားစု၏ ကူညီထောက်ပံ့မှုဖြင့် ခြေတည်စိတ်ဝိညာဉ် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဤအဆင့်မှာ ရွှီအန်း တစ်သက်လုံး အိပ်မက်ပင် မမက်ရဲခဲ့သော အဆင့် ဖြစ်သော်လည်း ၊ ဝူဟောက်၏ ခမည်းခမက် ဖြစ်လာပြီးနောက် အရာအားလုံးသည် အိပ်မက်တစ်ခု အမှန်တကယ် ဖြစ်လာသကဲ့သို့ပင်။

“ကဲ... ဝူမိသားစု တစ်ခုလုံးကို ဒီနေရာကနေ ရွှေ့ကြစို့... နေဝင်မြို့တော်က သေးလွန်းနေပြီ... ငါတို့ ဝူမိသားစု အတွက် မဆံ့တော့ဘူး...”

ဝူဟောက်သည် ဝူရူလုံနှင့် အခြားသူများကို ကြည့်ကာ ပြောလိုက်သည်။ ဤနှစ်များအတွင်း ဝူချန်ခွန်းနှင့် အခြားသူများတွင်လည်း ကလေးများ ထပ်မံ မွေးဖွားခဲ့သော်လည်း သူတို့၏ ကံတရား ကုန်ဆုံးသွားသကဲ့သို့ ဖြစ်နေသည်။ သို့သော်လည်း ဤသည်မှာ ဖြစ်သင့်ပေသည်။

ကံတရား၏ သားတော်များအဖြစ် ရွေးချယ်ခံရမည့် ကလေးများ၏ မိဘများသည် အလွန် အားကောင်းသော ကံတရား ရှိရန် လိုအပ်သည်။ ဝူချန်ခွန်းနှင့် အခြားသူများ အနေဖြင့် ကံတရား၏ သားတော် တစ်ဦးစီ မွေးဖွားပေးနိုင်ခဲ့ခြင်းကပင် လွန်စွာ ကောင်းမွန်နေပြီ ဖြစ်သည်။

ထို့အပြင် ဝူဟောက် ရှိနေခြင်းကြောင့်သာ ဝူမိသားစုသည် အနာဂတ်တွင် ရွေးချယ်ခံရသူ သုံးဦး သို့မဟုတ် ထို့ထက်မက ပိုင်ဆိုင်နိုင်ခြင်း ဖြစ်သည်။ လိုရင်းကို ပြောရလျှင် ဝူမိသားစု၏ လူဦးရေသည် ဂဏန်းသုံးလုံး အထိ ကျော်လွန်လာပြီ ဖြစ်ရာ နေဝင်မြို့တော်၌ ဆက်နေခြင်းသည် သူတို့၏ တိုးတက်မှုကို ကန့်သတ်ရာ ရောက်ပေလိမ့်မည်။

ဝူဟောက်၏ စကားကို ကြားပြီးနောက် ဝူရူလုံက ဝင်ပြောလိုက်၏။

“ဟုတ်ပါတယ် အဖေ... ကျွန်တော်လည်း ဒါကို ပြောမလို့ပါပဲ... ကျွန်တော်တို့ ဝူမိသားစု နေရာသစ်ကို ရွှေ့သင့်နေပြီ”

ဝူဟောက်သည် အလယ်ပိုင်းဒေသသို့ စုချောင်ရန်ကို သွားမခေါ်မီက ဝူမိသားစုအတွက် ဤနေရာကို စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဝူရူလုံသည် ဝူဟောက်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရင်း ဝူမိသားစုကို နေရာမရွှေ့ဘဲ ဤနှစ်များတစ်လျှောက်လုံး နေလာခဲ့ခြင်း ဖြစ်သည်။

ဝူဟောက် က ခေါင်းညိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ တစ်ခဏချင်းပင် တောင်ပိုင်းဒေသ တစ်ခုလုံး၏ ပထဝီအနေအထားသည် သူ့ခေါင်းထဲ၌ ပေါ်လာသည်။ ဝူဟောက်သည် ယခုအခါ လူသားအင်မော်တယ် အထွတ်အထိပ် အဆင့်သို့ ရောက်နေပြီ ဖြစ်သဖြင့် တောင်ပိုင်းဒေသကို စူးစမ်းရှာဖွေခြင်းမှာ သူ၏ လက်ဖျားခါသလောက်ပင် လွယ်ကူလှသည်။

ဝိညာဉ်စွမ်းအင် နည်းပါးမှုနှင့် ပတ်သက်၍မူ ၊ သူသည် လုံးဝမှ စိတ်မပူပေ။ ဝူဟောက်တွင် အစီအရင်ပညာရပ်၌ ဗဟုသုတ အချို့ ရှိသဖြင့် ဝိညာဉ်စုစည်းမှုအစီအရင်ငယ်တစ်ခု တည်ဆောက်ခြင်းမှာ သူ့အတွက် အထူးအဆန်း မဟုတ်ချေ။

“ကောင်းပြီ... နေရာတွေ့ပြီ... ငါ သွားပြင်ဆင်လိုက်ဦးမယ်”

မည်သူမျှ ဝူဟောက်၏ ဆိုလိုရင်းကို နားမလည်ခင်မှာပင် ၊ သူသည် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သို့သော် မကြာမီ သူတို့ နားလည်သွားကြပေလိမ့်မည်။

All Chapters